အခန်း (၅၈-၆၀)
Vol. 4 Ch. 58-60
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
(စာစဉ် ၄ )အခန်း ၅၈
လင်းရှီ၏မှုန်ဝါးဝါးပုံရိပ် ရုတ်တရက်ထွက်ပေါ်လာချိန်၌ အဘိုးကြီးပိုင်ရှန်းနှင့် ယန်ဘိုးဘေးကြီးတို့နှစ်ယောက်ကြားက တိုက်ပွဲသည်လည်း ရပ်တန့်သွားခဲ့သည်။
ထိုမှတစ်ဖန် လင်းရှီ ပြန်ပျောက်ကွယ်သွားသည့်အခါတွင်လည်း သူတို့နှစ်ယောက်စလုံးဟာ အံ့အားသင့်နေကြလျက် လုံချန်ကို စိုက်ကြည့်နေကြသည်။
ယခင်က သူတို့၏စိတ်ထဲ၌ လုံချန်၏ အရည်အချင်းကိုသာ အသိအမှတ်ပြုခဲ့သည်ဆိုလျှင် ယခုအခါမှာတော့ သူ၏လျှို့ဝှက်ဆန်းကြယ်မှုများကို ပို၍သိချင်လာမိကြသည်၊ ထို့အပြင် လုံချန်အား အနည်းငယ်ပင် အံ့သြလေးစားသွားကြသည်။
လင်းရှီသည် ယန် အိမ်တော်၏လူငယ်မျိုးဆက်ပြိုင်ပွဲတုန်းက တစ်ကြိမ်သာထွက်ပေါ်လာခဲ့ဖူးသည်၊ သို့သော်လည်း အဘိုးကြီးယန်ကန်းချောင်၏စိတ်ထဲ၌ ဤလျှို့ဝှက်ဆန်းကြယ်သောတည်ရှိမှုဟာ အလွန်အစွမ်းထက်ပြီး ကြောက်စရာကောင်းနေမည်ဟု မထင်မှတ်ခဲ့ပေ။ သူသည် မလှမ်းမကမ်းရှိ လုံချန်ကို အံ့သြစွာငေးကြည့်ရင်း အလွန်အမင်း ဂုဏ်ယူဝမ်းမြောက်မှုကို ခံစားလိုက်ရသည်။
“ဒီလိုမြေးတစ်ယောက် ရထားတဲ့အတွက် ငါ့ဘဝတစ်လျှောက်လုံး လုံလောက်သွားပြီ။ ငါ ယန်ကန်းချောင် ဒီနေ့သေခဲ့ရင်တောင်မှ နောင်တရစရာမရှိတော့ဘူး။ ဒါပေမယ်လို့ ယွဲ့ချင် နဲ့ တခြားသူတွေက သေဖို့မထိုက်တန်သေးဘူး ……”
အဘိုးကြီးပိုင်ရှန်းအတွက်မူ ဖြစ်ပျက်ခဲ့သည့်အရာတွေဟာ မကောင်းသောအရာများချည်းသာ ဖြစ်ခဲ့သည်။
ဤအချိန်တွင် သူ့ကိုယ်သူပင် ယုံကြည်မှုမရှိတော့ပေ၊ အဘိုးကြီးရွှယ့်ယွမ်ဇီကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည် “အစ်ကိုရွှယ့်ယွမ်ဇီ……”
အဘိုးကြီးရွှယ့်ယွမ်ဇီသည် ဘာစကားမှပြန်မပြောဘဲ မလှုပ်မယှက်သာရပ်နေ၏။ စကားပြန်မရသောကြောင့် အဘိုးကြီးပိုင်ရှန်းဟာ အနည်းငယ်ထူးဆန်းသလိုခံစားမိလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်မှာ ဘာဒဏ်ရာဒဏ်ချက်မှ မရှိပေ။
ထို့ကြောင့် အဘိုးကြီးပိုင်ရှန်းက ဆက်ပြောလိုက်သည် “အစ်ကိုရွှယ့်ယွမ်ဇီ …ဒီကိစ္စနဲ့ပတ်သက်ရင် ငါတို့တွေသေချာလေးဆွေးနွေးလို့ရပါတယ်။ ငါပိုင်ရှန်းက အရင်က မင်းကိုကတိပေးထားတဲ့အတိုင်း နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးတစ်လုံးပေးဖို့ဆိုတဲ့စကားက တကယ်အတည်ပါ။ မင်းက အလှအပတွေကို စိတ်ဝင်စားတယ်ဆိုရင် ငါတို့ ပိုင် ကလန်ရဲ့ မိန်းမပျိုတွေက ယန်မိသားစုထက် မညံ့ပါဘူး။ အကြီးအကဲရွှယ့်၊ မင်းက ဒီညှိုးနွမ်းနေတဲ့ ယန်ယွဲ့ချင်ကို ဂရုစိုက်စရာမလိုဘူး။ ထူးထူးဆန်းဆန်း လုံချန်ကတော့ မင်းကို အသည်းအသန်မုန်းတီးနေတာအသိသာကြီးပဲ။ မင်းသူ့ကို ဘယ်လိုပဲပျိုးထောင်ပေးပေး နောက်ဆုံးမှာ သူက မင်းရဲ့နောက်ကျောကို ဓားနဲ့ထိုးသွားမှာပဲ……”
ဤအချိန်တွင် ယန်ကန်းချောင်သည် မျက်မှောင်ကြီးရှုံ့လိုက်သည်။ အဘိုးကြီးရွှယ့်ယွမ်ဇီက ပိုင်ရှန်း၏ကမ်းလှမ်းချက်အပေါ် ငြင်းဆန်ခြင်းမရှိလို့ပင်။ အဘိုးကြီးပိုင်ရှန်းလည်း ယန်ဘိုးဘေးကြီးအား လှောင်ပြောင်လိုသောအကြည့်ဖြင့် လှည့်ကြည့်လိုက်လေသည်။
“ကောင်းကင်ဘုံက ငါ့ယန်မိသားစုကို ဖျက်ဆီးပစ်ချင်နေတဲ့ပုံပဲ။ ငါ့ရဲ့မြေး လုံချန်ကိုပဲသနားမိတယ်၊ သူက အခုမှ အသက် ၁၆ နှစ်ပြည့်တာလေ ……” ယန်ဘိုးဘေးကြီးဟာ စိတ်ပျက်အားလျော့စွာ သက်ပြင်းမောကြီးချလိုက်သည်။ ထို့နောက် မလှုပ်မယှက်ရပ်နေသော ရွှယ့်ယွမ်ဇီကို လှမ်းကြည့်ပြီး လုံချန်ကို ပြန်ကြည့်လိုက်သည်။ သူတို့နှစ်ဦးကြားမှ ခွန်အားကွာခြားမှုကို တွေးမိသောအခါ မျှော်လင့်ချက်မရှိတော့မှန်း သေချာသွားခဲ့ပြီဖြစ်သည်။
“အစောပိုင်းတုန်းက ချန်အာ့ရှေ့မှာ အမှတ်မထင်ပေါ်လာတဲ့ မိန်းမပျိုက ထူးဆန်းပြီးသန်မာပုံတော့ပေါက်သား။ ပြီးတော့ သူမက အရမ်းစွမ်းအားကြီးတဲ့ဓားသိုင်းတစ်ခုကိုတောင် အသုံးပြုခဲ့သေးတယ်။ ဒါပေမဲ့ အဲဒီလူအိုကြီးရွှယ့်ယွမ်ဇီအပေါ်မှာ ဘာမှထိရောက်မှုမှမရှိခဲ့ဘူး……”
အဘိုးကြီးယန်ကန်းချောင်သည် အလိုလို စိတ်ပျက်အားလျော့နေခဲ့သည်။ အမှန်တော့ သူသည် လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်းမသိသေးဘဲဖြစ်နေလို့သာ။
ဤအခိုက်အတန့်တွင် ရွှယ့်ယွမ်ဇီသည် ဘာမှမဖြစ်ထားသလိုပင်၊ အဘိုးကြီးပိုင်ရှန်း၏ ကမ်းလှမ်းချက်အပေါ် စိတ်ယိမ်းယိုင်သွားသယောင် ထင်ရသည်။ ထို့ကြောင့် အဘိုးကြီးပိုင်လည်း အားတက်လာပြီး မလှမ်းမကမ်းရှိ လုံချန်နှင့် ယန်ကန်းချောင်တို့နှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။ “အစ်ကိုရွှယ့်ယွမ်ဇီက ငါ့အဆိုကို သဘောတူရင် ဒီကောင်လေးကို သတ်ပေးဖို့ ငါတောင်းဆိုချင်တယ်……ဟမ်…”
ဤအချိန်တွင် ပိုင်ရှန်းသည် လူအိုကြီးရွှယ့်ယွမ်ဇီ၏ငယ်ထိပ်တည့်တည့်ကနေ သွေးစက်တစ်စက် စီးကျလာသည်ကို ရုတ်တရက်မြင်လိုက်ရသည်။ သူ အနီးကပ်သွားကြည့်လိုက်သောအခါ နဖူးကြားမှာ အလွန်သေးငယ်သော ဒဏ်ရာတစ်ခု နှင့်အတူ ဦးခေါင်းနောက်ဖက်မှ သွေးစက်တစ်စက်ထွက်လာသည်ကို တွေ့လိုက်သည်။
အဆိုပါ ရုတ်တရက်အခြေအနေကြောင့် အဘိုးကြီးပိုင်ရှန်းလည်း အံ့အားသင့်တုန်လှုပ်လျက် ခဏတာ စကားမပြောနိုင်ဖြစ်သွားသည်။
ယခုအချိန်မှာတော့ အခြေအနေကား သိသာနေလေပြီ။ အဘိုးကြီးရွှယ့်ယွမ်ဇီအနေဖြင့် စကားမပြန်သည်မှာ ဆွေးနွေးလိုသောကြောင့်မဟုတ်ဘဲ လူသေဖြစ်သွားလို့ပါ။ အစောပိုင်းက လင်းရှီ၏ဂါးတစ်ချက်ဟာ သူ့အသက်ကို တစ်ခါတည်းနှုတ်ယူသွားခဲ့ခြင်းဖြစ်ပေမည်။
ရွှယ့်ယွမ်ဇီ သေသွားပြီလား…..
အဘိုးကြီးပိုင်ရှန်း၏စိတ်ထဲတွင် မယုံနိုင်စရာအတွေးတစ်ခုပေါ်လာသည့်အချိန်မှာပဲ မြေကမ္ဘာအဆင့်ပညာရှင် ဖြစ်သည့် ရွှယ့်ယွမ်ဇီ၏အလောင်းသည် မြေပြင်ပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
လုံချန်ကတော့ အစောပိုင်းကတည်းက ရွှယ့်ယွမ်ဇီ၏ခန္ဓာကိုယ် အသက်မဲ့နေပြီမှန်း သိထားခဲ့သည်။ ၎င်း၏အသက်မဲ့ခန္ဓာကိုယ်ကြီး ပြိုလဲကျသွားသည့်အချိန်မှာတော့ သူ့စိတ်ထဲ၌ လင်းရှီ၏ စွမ်းအားနှင့် လျှို့ဝှက်ဆန်းကြယ်သောနောက်ခံကို အံ့ဪတုန်လှုပ်သွားရသည်။
“လင်းရှီ၏ နောက်ကွယ်မှ နောက်ခံအင်အားစုနှင့် စွမ်းအားသည် ခန့်မှန်းမရလောက်အောင်ပင် နက်ရှိုင်းလှသည်မဟုတ်ပါလား……”
လုံချန်သည် ပိုင်ကလန်၏ခေါင်းဆောင် ပိုင်ရှန်းကို ကြည့်လိုက်ရာ သူသည် မြေကမ္ဘာအဆင့်ပညာရှင် ရွှယ့်ယွမ်ဇီ၏သေဆုံးမှုကြောင့် အံ့သြထိတ်လန့်နေဆဲဖြစ်သည်။ ထို့နောက် ဘာမှမဖြစ်ဘဲ အကောင်းတိုင်းကျန်နေသည့် လုံချန်ကို မြင်သောအခါ သူက ခေါင်းခါလိုက်ပြီး ပြောလေသည် “ဒီလိုဖြစ်လို့မရဘူး။ ရွှယ့်ယွမ်ဇီက မြေကမ္ဘာအဆင့်ပညာရှင်ပဲ။ မင်းတို့က သူ့ကို ဘယ်လိုသတ်နိုင်မှာလဲ၊ အဲ့ဒီထူးဆန်းတဲ့မိန်းမပျိုဆိုရင်တောင်မှ မဖြစ်နိုင်သေးဘူး ……”
သို့သော် အဘိုးကြီးရွှယ့်ယွမ်ဇီ၏အလောင်းကို ကြည့်နေရင်း သူသည် ရုတ်တရက် တစ်ခုခုကို တွေးမိပြီး ခဲ့လေသည်။ ပိုင်ရှန်းက တဟားဟားရယ်လျက် လုံချန်နှင့် ယန်ကန်းချောင်တို့နှစ်ယောက်ကို စိုက်ကြည့်ကာပြောသည် “အခု ရွှယ့်ယွမ်ဇီက သေသွားပြီ၊ မင်းတို့ ယန်မိသားစုတစ်ခုလုံး သေချာပေါက်ပျက်စီးရလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ သူက သွေးဝိညာဉ်ဂိုဏ်းရဲ့ အစောင့်အရှောက် ( ၈)ပါးထဲက တစ်ပါးဖြစ်နေလို့ပဲ”
လုံချန်သည်လည်း ရွှယ့်ယွမ်ဇီဟာ သွေးဝိညာဉ်ဂိုဏ်း၌ ဤမျှမြင့်မားသောရာထူးမျိုးရှိလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ သို့သော် အခြေအနေများသည် ဖြစ်ပြီးသွားပြီဖြစ်သဖြင့် ကံကြမ္မာကို လက်ခံရုံသာရှိတော့၏။
“သွေးဝိညာဉ်ဂိုဏ်းက အနာဂတ်မှာ ဖြစ်လာမယ့်ကိစ္စပဲ၊ အခုချိန်မှာ ပိုအရေးကြီးတဲ့အလုပ်က ပိုင် ကလန်ရဲ့ ခွေးအိုကြီးနှစ်ကောင်ကို အရင်ဆုံးသတ်ဖြတ်ဖို့ပဲ…”
ယခုအချိန်တွင် ယန်ကန်းချောင်သည်လည်း ရွှယ့်ယွမ်ဇီ၏သေဆုံးမှုကြောင့် ထိတ်လန့်နေရာမှ သတိပြန်ဝင်လာသည်။ သွေးဝိညာဉ်ဂိုဏ်းမှ အကြီးအကဲတစ်ဦးကို သတ်ဖြတ်လိုက်တာကနေ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်များ မည်မျှပြင်းထန်နိုင်သည်ကို သူလည်း ကောင်းကောင်းသိနေပေသည်။ သို့သော် အခြေအနေက လက်လွန်သွားပြီဖြစ်ရာ ဘာမှမတတ်နိုင်တော့ပေ။ လောလောဆယ် သူတို့ရှေ့မှ အရှုပ်ထုပ်ကို အပြတ်ရှင်းဖို့ကသာ ပို၍အရေးကြီးပေသည်။ အမှုပြီးသွားပြီဖြစ်သဖြင့် လက်ရှိအလုပ်သည် ပိုအရေးကြီးသည်။ ယန်ယွဲ့ချင်ကို ကယ်တင်ရန် အပါအဝင် ပိုင်ညီအစ်ကိုနှစ်ဦးကို တစ်ခါတည်း အပြတ်ရှင်းပစ်မှ ကောင်းပါလိမ့်မည်၊ ထို့နောက် နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး အားလုံးကို အပိုင်သိမ်းရန်ပင်။
တစ်ဆက်တည်း သူ့ရှေ့က လူငယ်လေးကို ကြည့်ရင်း ယန်ဘိုးဘေးကြီးဟာ လွန်ခဲ့သောတစ်လခန့်က အချိန်ကို ပြန်ပြီးတွေးတောနေမိသည်။ လုံချန်၏ လျင်လျင်မြန်မြန်တိုးတက်လာသည့်အခြေအနေသည် အလွန်ထိတ်လန့်စရာကောင်းသော်လည်း သူ့ကိုယ်သူ အဆင်သင့်ဖြစ်မနေစေခဲ့ပေ။
“ချန်အာ၊ မင်းယူလာတဲ့ ပျော်ရွှင်မှုက ‘ကောင်းတယ်’ ဆိုတာထက် ပိုပါတယ်။ အကျပ်အတည်းတိုင်းမှာ မင်းက အကောင်းဆုံးကြိုးစားခဲ့တယ်။ တကယ်တော့ မင်းဟာ ငါတို့ယန်မိသားစုရဲ့ ကယ်တင်ရှင်ပဲ။ ဒီကျေးဇူးတရားကို ဒီအဘိုးကြီးက ဘယ်လိုပြန်ဆပ်နိုင်ပါတော့မလဲ”
သွေးဝိညာဉ်ဂိုဏ်း၏မြေကမ္ဘာအဆင့်ပညာရှင် ရွှယ့်ယွမ်ဇီ သေဆုံးပြီးနောက်…….
Translated By Nyi Nyi Soe
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
(စာစဉ် ၄ ) အခန်း ၅၉ - နဂါးသွေးကြောနယ်ပယ်အဆင့် ၈ သို့တက်လှမ်းခြင်း
ယန်ဘိုးဘေးကြီးသည်လည ယန်ယွဲ့ချင်၏ပြောလိုက်သော စကားထဲမှ အဓိပ္ပါယ်ကို ကောင်းကောင်းကြီး နားလည်ခဲ့သည်။
သူသည် ပိုင် ကလန်နှင့် အပေးအယူတစ်ခုလုပ်ရန် ကြံရွယ်ခဲ့၏၊ သို့သော်လည်း ယခုအချိန်မှတော့ နှစ်ဖက်စလုံး ညှိနှိုင်းရအဆင်ပြေတော့မည်မဟုတ်မှန်း သိသာပါသည်။ယန်ယွဲ့ချင်ဖက်မှကြည့်လျှင်တော့ လက်ရှိအခြေအနေဟာ သူမ၏မိသားစုကို အန္တရာယ်တောထဲ ထပ်မံပို့ဆောင်မိသလိုဖြစ်ခဲ့သည်။ ထို့အပြင် အရင့်အရင်တုန်းက သားဖြစ်သူ လုံချန်အပေါ် သူမ၏ဆက်ဆံပုံကြောင့် နောင်တများ နှင့်အတူ နှလုံးသားတစ်ခုလုံး နာကျင်နေလေသည်။ အရာအားလုံးကို တွေးတောမိပြီးနောက် ယန်ယွဲ့ချင်ဟာ သူ့ကိုယ်သူ သတ်သေရန် ကြိုးစားလိုက်သည်။
“ယွဲ့ချင်… ရပ်လိုက်စမ်း။ သူတို့ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ငါသိတယ်၊ အလျင်စလိုမလုပ်နဲ့…”
ယန်ကန်းချောင်၏စိုးရိမ်တကြီးအော်သံက ယန်ယွဲ့ချင်ကို ကိုယ့်ကိုယ်ကိုသတ်သေရန်ကိုးစားနေရာမှ ရပ်တန့်သွားစေသည်။
ဤအခြေအနေသည် ချင်ယန်ယွဲ့ကို အသက်ရှင်လျက်ထိန်းသိမ်းထားလိုသည့် ပိုင်ညီအစ်ကိုနှစ်ယောက်အား စိတ်သက်သာရာရစွာ သက်ပြင်းချစေသည်။ ဤအချိန်တွင် ယန်ယွဲ့ချင်သည် ဖျော့တော့စွာ ပြုံးလိုက်သည်။
“အဖေ၊ ကျွန်မကို လိမ်ဖို့မကြံနဲ့။ အခုလက်ရှိ ယန်အိမ်တော်ရဲ့စွမ်းရည်ကို ကျွန်မ ရှင်းရှင်းလင်းလင်းသိပါတယ်။ အခု ပိုင် ကလန်ရဲ့ ခွေးအိုကြီးကြီးနှစ်ကောင်က ကျွန်မကို ဓားစာခံအဖြစ်ဖမ်းထားတာလေ။ ကျွန်မသေမှပဲ သူတို့ရဲ့အစီအစဉ်တွေ အကုန်ပျက်စီးမှာ……”
သူမ၏မျက်နှာပေါ်တွင် ဝမ်းနည်းဖွယ်အမူအရာဖြင့် လုံချန်ကို နောက်ဆုံးအကြိမ်တစ်ခါ ကြည့်လိုက်သည်။ မသေခင် သူမ၏သားဖြစ်သူကို အနီးကပ်ကြည့်လိုခဲ့သော်လည်း လုံချန်၏ ထူးဆန်းသောလှုပ်ရှားမှုများကြောင့် ရုတ်တရက်အံ့သြကာ ဘာမှမလုပ်သေးဘဲ ခဏတာြငိမ်နေလိုက်သည်။
ဤအချိန်တွင် အဘိုးကြီးပိုင်ရှန်း၊ ပိုင်လီ နှင့် ယန်ဘိုးဘေးကြီးတို့လည်း လုံချန်ကို တစ်ပြိုင်နက်လှည့်ကြည့်လိုက်ကြသည်။
လုံချန်သည် မြေပြင်ပေါ်၌ လဲကျနေသော ရွှယ့်ယွမ်ဇီ၏အလောင်းဆီသို့ ရုတ်တရက်လျှောက်သွားသည်။
ယခုလက်ရှိအခြေအနေကို မပြောင်းလဲနိုင်လျှင် ယန် အိမ်တော်အနေဖြင့် သေချာပေါက်ကို ဆိုးရွားသောအဆုံးသတ်နှင့်ရင်ဆိုင်ရပေမည်။ ထို့ကြောင့် သူ့တွင် အခွင့်အရေးတစ်ခုသာရှိခဲ့၏။
“ရွှယ့်ယွမ်ဇီရဲ့အလောင်းက…… လင်းရှီက တကယ်လို့ ရွေးချယ်စရာတွေရှိနေရင် သွေးဝါးမျိုခြင်းနည်းစနစ်]ကို လွယ်လွယ်နဲ့ထုတ်မသုံးဖို့ ပြောထားတယ်။ ကြည့်ရသလောက်တော့ ဒီတစ်ကြိမ်မှာ ငါ့အနေနဲ့ ဒါကိုထုတ်သုံးဖို့ကလွဲလို့ တခြားရွေးချယ်စရာမရှိတော့ဘူး။ ပြီးတော့ ဒီအဘိုးကြီးကလည်း လူကောင်းမှမဟုတ်တာ၊ ဒါဆို ငါလည်း ထိန်းမထားတော့ဘူး”
လုံးချန်၏မျက်လုံးတွေထဲ၌ အလင်းတစ်ခုဖြတ်သန်းသွားလေသည်၊ သူ့ရှေ့မှ ရွှယ့်ယွမ်ဇီ၏အလောင်းကို ကြည့်ရင်း ဗိုက်ထဲကနေ ဆာလောင်မှုတစ်ခုကို ရုတ်တရက်ခံစားလာရသည်။
သူသည် အခြေအနေကို ရှင်းရှင်းလင်းလင်းနားလည်ထားသည်။ ပိုင်ညီအစ်ကိုများကို ချက်ချင်းမတိုက်ခိုက်သရွေ့ ယန်ယွဲ့ချင်ကို ထိခိုက်အောင်လုပ်မည်မဟုတ်ပေ။ အကြောင်းမှာ ယန်ယွဲ့ချင်သည် သူတို့အသက်ရှင်သန်နိုင်သည့်တစ်ခုတည်းသော အခွင့်အလမ်းဖြစ်နေလို့ပင်။ အကယ်၍ ယန်ယွဲ့ချင်သာ ဒဏ်ရာရသွားပါက သူတို့နှစ်ယောက်စလုံး အသက်ရှင်လျှက်လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။
ဤအချိန်အတောအတွင်း လုံချန်သည် ရွှယ့်ယွမ်ဇီ၏အလောင်းမှသွေးအဆီအနှစ်ကို စုပ်ယူပြီး ကျင့်ကြံခြင်းအဆင့်တက်ရန် ကြိုးစားလိုက်သည်။ ထို့နောက် သွေးချီဝါးမျိုခြင်း နည်းစနစ်ကို အသက်သွင်းကာ စတင်စုပ်ယူပါတော့သည်။ တစ်ချိန်တည်းမှာပဲ လုံချန် ဆီကနေ ပြင်းထန်သောသတ်ဖြတ်ခြင်းအငွေ့အသက်တို့ ပျံ့လွင့်လာသည်။ ပိုင်ညီအစ်ကိုနှစ်ယောက်လည်း ချက်ချင်းမျက်မှောင်ကြုတ်သွားကြသည်။
မကြာမီတွင် သူတို့လည်း ရွှယ့်ယွမ်ဇီ၏အရေပြားပေါ်၌ သွေးစက်များစွာပေါ်လာသည်ကို သတိပြုမိလိုက်ကြသည်။ သွေးစက်တွေဟာ ကိုယ်ပိုင်အသိစိတ်ရှိနေသကဲ့သို့ပင် ရွှယ့်ယွမ်ဇီ၏ခန္ဓာကိုယ်မှ လျင်မြန်စွာပဲထွက်ပေါ်လာကြသည်။ သို့သော် ချက်ချင်းဆိုသလိုပဲ လုံချန်၏ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်အကြေးခွံများထဲသို့ စုပ်ယူခံလိုက်ရတော့သည်။
လုံချန်သည် သွေးချီဝါးမျိုခြင်း နည်းစနစ်ကို အမြင့်ဆုံးထိထုတ်ဖော်လျှက် [သွေးအသွင်ပြောင်းချိ]ဖြင့် ရွှယ့်ယွမ်ဇီ၏သွေးအဆီအနှစ်တွေကို တဖြည်းဖြည်းစုပ်ယူလိုက်သည်။ အမှန်တကယ်တော့ ရွှယ့်ယွမ်ဇီ သည် လက်ရှိလုံချန်ပင်မယှဉ်နိုင်သော တည်ရှိမှုတစ်ခုဖြစ်လေသည်။၎င်းသည် သူယှဉ်ပြိုင်ဖူးသမျှ ပြိုင်ဖက်များအနက် အသန်မာဆုံးပြိုင်ဖက်တစ်ယောက်လည်းဖြစ်ခဲ့၏။ သူ၏ကျင့်ကြံမှုသည် မြေကမ္ဘာအစောပိုင်းအဆင့် ပင်၊ အစောပိုင်းအဆင့်ဟု ဆိုသော်ငြားလည်း ၎င်းသည် နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ထက် များစွာသာလွန်ပေသည်။ သဘာဝအတိုင်းပင် ရွှယ့်ယွမ်ဇီ၏ခန္ဓာကိုယ်ထဲရှိ သွေးချီစွမ်းအင်(သွေးအဆီအနှစ်)တွေဟာ သူ့ကိုယ်တိုင်ထက် (၁၀)ဆလောက်ပိုများခဲ့သည်။
သွေးချီဝါးမျိုခြင်း နည်းစနစ်ကို အသုံးပြု၍ မြေကမ္ဘာအဆင့်ကျင့်ကြံသူ၏သွေးချီစွမ်းအင်များကို ဝါးမျိုနေစဉ် လုံချန်၏ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများစွာကို အလိုအလျောက် ဖယ်ထုတ်လိုက်သည်။ သန့်စင်သော သွေးအဆီအနှစ်များကို အဆက်မပြတ် စုပ်ယူဝါးမျိုနေသောကြောင့် လုံချန်၏မူလဒန်တျန်ထဲမှနေ၍ အဆုံးမဲ့ပြင်းထန်သော စွမ်းအားအရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။ ဤထိတ်လန့်ဖွယ်စွမ်းအားအရှိန်အဝါကြောင့် လုံချန်၏ခန္ဒာကိုယ်တစ်ခုလုံးဟာ ပေါက်ကွဲထွက်တော့မည်ဟု ခံစားရစေသည်။
“မြေကမ္ဘာအစောပိုင်းအဆင့်ပညာရှင်ရဲ့ ချီစွမ်းအင်နဲ့ သွေးအဆီအနှစ်စွမ်းအားက တကယ်ကို ပေါ့သေးသေးမဟုတ်ဘူးပဲ”
ဤအခိုက်အတန့်၌ သိပ်သည်းသောသွေးချီစွမ်းအင်တွေဟာ လုံချန်၏ နဂါးသွေးကြော(၇)ခုထဲသို့ အဆုံးမရှိဖြန့်ကျက်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲကနေ နဂါးဟိန်းသံ သဲ့သဲ့ထွက်ပေါ်လာ၏။
ရွှယ့်ယွမ်ဇီ၏သွေးအဆီအနှစ်ကို အပြည့်အဝစုပ်ယူပြီးသောအခါ သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်းအသွင်ပြောင်းလာခဲ့တော့သည်။ ဤအချိန်တွင် လုံချန်မှထုတ်လွှတ်နေသော သွေးချီအရှိန်အဝါသည် မူလထက် (၁၀)ဆလောက် ပို၍သိပ်သည်းနေခဲ့သည်။ ယခုအခါ သူ၏ခန္ဓာကိုယ်ထဲရှိ မူလဒန်တျန် (ချီစွမ်းအင်ပင်လယ်)သည် အကန့်အသတ်မဲ့ပင်လယ်ကြီးတစ်ခုနှင့်တူနေလေသည်။ လက်ရီ လုံချန်ပင်လျှင် ၎င်းကို အနည်းငယ်သာ ထိန်းချုပ်နိုင်၏။
“ဒီလောက်သိပ်သည်းတဲ့ ချီစွမ်းအင်ပမာဏ….. အခုဆို ငါ့အနေနဲ့ နဂါးသွေးကြောနယ်ပယ်အဆင့် ၈ ကို ချိုးဖျက်ဖို့ အချိန်ကျပြီထင်တယ်” ဤအချက်ကိုတွေးမိသည် နှင့်တစ်ပြိုင်နက် လုံချန်သည် ချီစွမ်းအင်ကို ချက်ချင်းစတင်လည်ပတ်လိုက်တော့သည်။
ပိုင်ညီအစ်ကိုများ၏အမြင်တွင်တော့ လုံချန်၏လုပ်ရပ်များသည် ရူးသွပ်ပြီးမိုက်မဲပုံပေါက်သော်လည်း တစ်ချိန်တည်းတွင် အလွန်ရဲရင့်သည်ဟု ထင်ရလောက်ပေသည်။
ဤအချိန်တွင် အဘိုးကြီးပိုင်လီသည် အစောပိုင်းတုန်းက လုံချန်၏လက်ချက်ကြောင့် ဒဏ်ရာရထားပြီးဖြစ်သည်။ အကယ်၍ သူသာဒဏ်ရာမရခဲ့လျှင် ပိုင်ရှန်းနှင့် ယန်ဘိုးဘေးကြီးတို့ တိုက်ခိုက်နေတုန်း လုံချန်အဆင့်တက်နေသည့်အခြေအနေကို တားဆီးနိုင်ပေလိမ့်မည်။ သို့သော် ကံမကောင်းစွာဖြင့် လက်ရှိသူ့ကိုယ်သူပင် အသတ်မခံရလေအောင် သတိထားနေရသည်ဖြစ်ရာ နှစ်ယောက်စလုံး မလှုပ်ရှားရဲကြပေ။ အဓိကကတော့ လုံချန်၌ တိုက်ခိုက်နိုင်စွမ်းကျန်ရှိမရှိကို သေသေချာချာမသိနိုင်လို့ပါ။ ထို့ကြောင့် နှစ်ယောက်သား တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်ရုံသာတတ်နိုင်ကြသည်။
“ဒုတိယအစ်ကို၊ ဒီကောင်စုတ်လေးက အခုတောင် ဒီလောက်သန်မာနေပြီ၊ တကယ်လို့ သူသာ နဂါးသွေးကြောနယ်ပယ်အဆင့် ၈ ကိုတက်လှမ်းသွားခဲ့ရင် ……”
“မကြောက်နဲ့… အစ်ကိုကြီး…..၊ ဒီမိန်းမကို ငါတို့လက်ထဲမှာ ဖမ်းဆီးထားသရွေ့တော့ သူဘယ်လောက်ပဲသန်မာနေပါစေ အရေးမကြီးဘူး။ နောက်ပြီးတော့ အကြီးအကဲရွှယ့်ယွမ်ဇီ သေဆုံးတဲ့သတင်းသာ သွေးဝိညာဉ်ဂိုဏ်းဆီ ပြန်ရောက်သွားရင် ယန်မိသားစုက သေချာပေါက် ဒုက္ခရောက်မှာပဲ။ အခုလောလောဆယ်တော့ ငါတို့အတွက် နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးကို အရယူဖို့က အဓိကကျတယ်” ထိုအခါမှသာ အဘိုးကြီးပိုင်ရှန်းလည်း စိတ်သက်သာရာရသွားပြီးခေါင်းညိတ်လိုက်သည်။
အခြားတစ်ဖက်တွင် ယန်ဘိုးဘေးကြီးယန်ကန်းချောင်ကတော့ လုံချန်သည် ဤအခိုက်အတန့်မျိုးတွင် နဂါးသွေးကြောနယ်ပယ်အဆင့် ၈ သို့တက်လှမ်းရန်ကြိုးစားလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ ကံကောင်းထောက်မစွာပဲ ပိုင်ညီအစ်ကိုနှစ်ယောက်စလုံးဟာ လုံချန်ကို မတိုက်ခိုက်မရဲကြပေ။ ထိုမှသာ ယန်ဘိုးဘေးကြီးလည်း စိတ်ထဲရှိ တင်းမာမှုများ အနည်းငယ်လျော့ပါးသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် လုံချန်သည် ပို၍သန်မာလာတော့မည်ဖြစ်လေရာ သူ့စိတ်ထဲ၌ အနည်းငယ်စိတ်လှုပ်ရှားလာသည်။
ရုတ်တရက်ဆိုသလို အသံနှစ်သံထွက်ပေါ်လာပြီး ငြိမ်သက်နေသောအခြေအနေကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။ အားလုံးသည် လှည့်ကြည့်လိုက်ရာ ယန်မိသားစု၏အကြီးအကဲနှစ်ဦးဖြစ်သော ယန်ချင်းရွှမ်နှင့် ယန်ယွန်ထျန်းတို့မှန်’ မြင်တွေ့လိုက်ကြသည်။
သူတို့နှစ်ယောက်သည် ယန်မိသားစု၏လူငယ်မျိုးဆက်များကို ဘေးလွတ်ရာပို့ဆောင်ပြီးနောက် အရှိန်တင်ကာ ပျက်သုန်းခြင်းတောင်တန်းသို့ တရကြမ်းလိုက်လာခဲ့ကြသည်။ သို့သော် နာရီဝက်ပင်မရှိသေးသောအချိန်ကာလအတွင်း ပျက်သုဉ်းခြင်းတောင်တန်း၏အခြေအနေဟာ ယခုလျိုမျိုး ဆိုးဆိုးရွားရွားပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ထို့အပြင် ပိုင်ညီအစ်ကိုနှစ်ယောက်က သူတို့၏ညီမဖြစ်သူ ယန်ယွဲ့ချင်အား ဓားစာခံအဖြစ် ဖမ်းထားသည်ကို မြင်လိုက်ကြရသည်။
၎င်းတို့အနီးအနားမှာလည်း သက်တံ့ရောင်စုံအလင်းများ တလက်လက်တောက်ပနေသည့် နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးများကို မြင်နေရသည်။ ဤအချိန်တွင် နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်ပင်၏အရွက်များသည် အလိုလိုညှိုးနွမ်းခြောက်သွေ့လာသည်၊ သေချာသည်မှာ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးများ ရင့်မှည့်ချိန်နီးကပ်လာပြီဖြစ်ကြောင်း ညွှန်ပြနေသလိုပင်။ ဤအရေးကြီးသောအခိုက်အတန့်၌ ယန်ကန်းချောင်သည် ပိုင်ညီအစ်ကိုနှစ်ဦးကို ရင်ဆိုင်နေရသည်၊ အခြားတစ်ဖက်မှာတော့ လုံချန်သည် မလှမ်းမကမ်း၌ ထိုင်လျှက်ကျင့်ကြံနေပုံရ၏။
လုံချန်၏ဘေးနားတွင်တော့ လူရုပ်ပင်မပေါ်တော့သော အလောင်းတစ်လောင်းရှိနေသည်ကို လှမ်းမြင်ရလေသည်။ ယန်ချင်းရွှမ်နှင့် ယန်ယွန်ထျန်းတို့နှစ်ယောက်လည်း အဆိုပါအလောင်းက မည်သူမည်ဝါဖြစ်မှန်း မခွဲခြားနိုင်ခဲ့ကြပေ။ လက်ရှိအခြေအနေသည် သူတို့စိတ်ကူးထားသည်နှင့် လုံးဝကွဲပြားနေခဲ့၏။
“တိုက်ပွဲရပ်တန့်သွားပြီလား။ လူအိုကြီးပိုင်လီကလည်း ဒဏ်ရာရထားတယ်။ ချန်အာက သူ့ကို ဒဏ်ရာရအောင်လုပ်ပြီးတော့ နဂါးသွေးကြောနယ်ပယ်အဆင့် ၈ ကို ဖြတ်ကျော်ဖို့ ကြိုးစားနေတာလား”
ယန်ချင်းရွှမ်နှင့် ယန်ယွန်ထျန်းတို့သည် အခြေအနေကို အကြမ်းဖျင်းတွေးမိလိုက်ကြသည်၊ သို့သော်လည်း သူတို့သည် သေဆုံးသည်အထိတိုက်ခိုက်ရန်ပင်သန္နိဋ္ဌာန်ချထားခဲ့ကြ၏။ သူတို့၏စိတ်ထဲ၌ နောက်ဆုံးအကြိမ်အသက်စွန့်တိုက်ခိုက်ရန် ရည်ရွယ်ထားခဲ့တာဖြစ်သည်၊ သို့ပါသော်လည်း သူတို့ရောက်လာချိန်၌ တိုက်ပွဲရပ်တန့်သွားခဲ့ပြီမှန်း မမျှော်လင့်ထားခဲ့ကြပေ။ သူတို့နှစ်ယောက်စလုံး မလှမ်းမကမ်းရှိ လုံချန်ကို ကြည့်ရင်း ခေါင်းခါလိုက်ကြသည်။
“ပိုင်လီရဲ့ဒဏ်ရာတွေက အဖေ့ကြောင့်ရခဲ့တာနေမှာ။ ဒါပေမဲ့ ချန်အာက ဘာမှမဖြစ်ဘူးဆိုတော့ အခုအချိန်မှာ ငါတို့နှစ်ယောက်က ပိုင် ကလန်ကို တားဆီးထားလိုက်မယ်။ ပြီးတော့မှ ချန်အာကို ထွက်ပြေးခိုင်းပြီး တခြားသူတွေနဲ့ပြန်ပေါင်းစည်းဖို့ လုပ်ရမယ်”
နှစ်ယောက်သား သူတို့၏အတွေးများကို စုစည်းပြီး ယန်ဘိုးဘေးကြီး ဆီသို့ အလျင်စလိုလျှောက်သွားးကြသည်။ တစ်ချိန်တည်းမှာပဲ ယန်ဘိုးဘေးကြီးက သူ၏သားနှစ်ယောက်ကို အေးစက်စက်အကြည့်ဖြင့်ကြည့်လျှက် မေးလိုက်သည် “မင်းတို့နှစ်ယောက် ဘာလို့ရောက်လာကြတာလဲ။ကျန်တဲ့သူတွေ ဘယ်မှာလဲ”
ယန်ချင်းရွှမ်သည် ထိတ်လန့်သွားပြီး တိုးညှင်းစွာ ပြောလိုက်သည် “ဝူအာနဲ့ တခြားလူငယ်လေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ကျော်ကြားခြင်းမြို့တော်ကနေ ခေါ်ထုတ်သွားခိုင်းပြီးပါပြီ။ ဒီကိုလာတာက ချန်အာ ထွက်ပြေးနိုင်ဖို့ အမြန်ဆုံးလိုက်လာခဲ့တာပဲ။ တခြားသူတွေထက်စာရင် သူလွတ်မြောက်မှပဲ ယန် မိသားစုအတွက် အနာဂတ်မှာ လက်စားချေနိုင်လိမ့်မယ်”
ထိုစကားများကြားသည့်အခါ ယန်ဘိုးဘေးကြီးလည်း ခေါင်းညိတ်လိုက်သည်၊ သို့သော် ချက်ချင်းဆိုသလို ခေါင်းခါလိုက်ကာ သက်ပြင်းချရင်းပြောသည် “ငါသာ မင်းတို့နေရာမှာဖြစ်ခဲ့ရင် ငါလည်း ဒီလိုပဲလုပ်မှာ။ ဒါပေမဲ့ မင်းတို့ငါတို့ အားလုံးက ချန်အာကို လျှော့တွက်ခဲ့ကြတယ်……”
ယန်ချင်းရွှမ်နှင့် ယန်ယွန်ထျန်းတို့နှစ်ယောက်လည်း အံ့သြသွားကြသည်။ မလှမ်းမကမ်း၌ ကျင့်ကြံနေသော လုံချန်ကို လှည့်ကြည့်ရင်း သံသယဖြင့် မေးလိုက်သည် “အဖေ…၊ ဆိုလိုတာက ချန်အာက ခွေးအိုကြီးပိုင်လီကို ဒဏ်ရာရအောင် လုပ်ခဲ့တာလို့ ပြောလိုက်တာလား”
အဘိုးကြီးယန်ကန်းချောင်သည် ခေါင်းညိတ်ပြီး ပြန်ဖြေသည် “လောလောဆယ် မင်းတို့တွေ အကြံတစ်ခုလောက်စဉ်းစားကြဦး။ ယွဲ့ချင်က အခုထိ သူတို့လက်ထဲမှာပဲ ရှိနေသေးတယ်။ ပြောရရင် ငါတို့အတွက် နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးတွေကို အလွယ်တကူ ရယူနိုင်ဖို့ဆိုတာ သိပ်ပြီးမလွယ်လှဘူး”
လုံချန်က အဘိုးကြီးပိုင်လီအား အနိုင်ယူခဲ့သည်ဟူသော စကားကိုကြားပြီးနောက် အံ့သြနေဆဲဖြစ်သည့် ယန်ညီအစ်ကိုနှစ်ယောက်ဟာ ယခုမှ သတိပြန်ဝင်လာသည်။ နှစ်ယောက်သား ညီမဖြစ်သူ၏ ဖြူဖျော့နေသောမျက်နှာကို မြင်သောအခါ ချက်ချင်းဆိုသလိုဒေါသထွက်လာသည်။
“ပိုင် ကလန်ရဲ့ခွေးအိုကြီးနှစ်ကောင်... ငါ့ညီမကို မြန်မြန်ပြန်လွှတ်ပေးစမ်း။ မင်းတို့ ဘာလိုချင်တာလဲ ပြောလိုက်”
သို့သော် ပိုင်ကလန်ခေါင်းဆောင်ပိုင်ရှန်းက တဟားဟားယန်ချင်းရွှမ်က အော်ရယ်လိုက်ပြီး ပြန်ပြောသည် “မင်းတို့ ယန် မိသားစုရဲ့မေတ္တာတရားက တကယ်ပဲရွှေထက်ခိုင်မာတယ်။ တော်တော်ကို ရင်ထဲထိစရာပဲ။ ဒါပေမဲ့ ငါပြောသလို မလုပ်ဘူးဆိုရင် ငါခံစားခဲ့ရတဲ့ နာကျင်မှုမျိုး မင်းတို့လည်း ခံစားရလိမ့်မယ်”
ယန်ချင်းရွှမ်၏မျက်နှာသည် မည်းမှောင်သွားပြီး ပြောသည် “မင်းရဲ့အခြေအနေက ဘာလဲ”
အဘိုးကြီးပိုင်ရှန်းက ရက်စက်စွာ ရယ်မောပြီး ထပ်ပြောသည်“ငါ မင်းတို့အဖေကို အစောကတည်းကပြောခဲ့ပြီးပြီ။ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးနှစ်လုံး ငါတို့ယူမယ်၊ ငါတို့ညီအစ်ကိုနှစ်ယောက် မြေကမ္ဘာအဆင့် ကိုချိုးဖျက်ပြီးတာနဲ့ ယန်ယွဲ့ချင်ကို မင်းတို့ဆီ ပြန်လွှတ်ပေးမယ်”
သူတို့သာ မြေကမ္ဘာအဆင့် သို့တက်လှမ်းသွားပါက ယန် မိသားစုတစ်ခုလုံး သေချာပေါက် ပျက်စီးသွားပါလိမ့်မည်။ ပိုင်ရှန်း၏တောင်းဆိုချက်ကို ကြားသောအခါ၊ ယန်ချင်းရွှမ်၏မျက်နှာသည် ပို၍ပင်မည်းမှောင်သွားသည်။
“မင်းတို့ မဆုံးဖြတ်ရသေးဘူးလား။ ယန်ကန်းချောင်… မင်းမှာ အချိန်ရှိရင်ရှိမယ်။ ဒါပေမဲ့ ငါကတော့ ဒီမှာ အချိန်ဖြုန်းပြီး မနေချင်တော့ဘူး။ မင်းသဘောမတူရင် ဒီမှာပဲ အားလုံးအတူတူသေကြတာပေါ့။ ငါ့ရဲ့သားနှစ်ယောက်ကို ဆုံးရှုံးထားပြီးပြီ၊ ဒီနေ့မှာ ငါ အရာအားလုံးကို စွန့်လွှတ်ပြီး တိုက်ခိုက်ကြတာပေါ့”
အဘိုးကြီးပိုင်ရှန်းသည် ရက်စက်စွာ ပြောဆိုနေသော်လည်း ယန် မိသားစု၏အကြီးအကဲ (၃)ဦးစလုံး ဘာမှမတတ်နိုင်ကြပေ။ ဘေးနား၌ ကျင့်ကြံနေသော လုံချန်ကိုမူ လူတိုင်း မေ့လျော့ထားခဲ့ကြသည်။
သို့သော် ယန်ယွဲ့ချင်၏အကြည့်သာ သူ့သားဖြစ်သူ ထံတွင် ဆက်လက်ရှိနေခဲ့သည်။
အစောပိုင်းတုန်းက ကိုယ့်ကိုကိုယ် သတ်သေရန် ဆုံးဖြတ်ထားသော်လည်း လုံချန်သည် အဆင့်ချိုးဖျက်ရန် ကြိုးစားနေသည်ကို မြင်သောအခါ ယန်ယွဲ့ချင်သည် မျှော်လင့်ချက်တစ်ခုကို ရေးတေးတေးလေးခံစားမိခဲ့သည်။
ယန်ချင်းရွှမ်သည် နံဘေးရှိ သူ့အဖေဖြစ်သူအနား သို့ တိုးကပ်ကာ ပြောလိုက်သည် “အဖေ၊ ဒီလိုဆက်သွားနေတာက အကျိုးမရှိဘူး။ ပိုင်လီက အခု ဒဏ်ရာရထားပြီ၊ ဒီထက်အချိန်ပိုဆွဲထားလိုက်ရင် သူ ပြန်ပြီးသက်သာလာတာနဲ့ ဘယ်သူမှ သူ့ကို တားနိုင်တော့မှာမဟုတ်ဘူး။ အဲဒီအခါကျရင်……”
ဤသို့ဖြင့် လူတိုင်း စိတ်ပျက်လာချိန်တွင် ရုတ်တရက်ဆိုသလိုပဲ မြေကြီးတုန်ခါစေသော နဂါးဟိန်းသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ထို့အတူ တစ်ချိန်တည်းမှာပဲ ခမ်းနားထည်ဝါသောအငွေ့အသက်တစ်ခု ပျံ့လွင့်လာကာ လူတိုင်း မတ်တပ်ရပ်ရန်ပင် ခက်ခဲလာလေသည်။ အားလုံးသည် အံ့သြထိတ်လန့်သောမျက်နှာအမူအရာများဖြင့် လှည့်ကြည့်လိုက်ကြသည်။ ဤအချိန်တွင် လုံချန်သည် နဂါးသွေးကြောနယ်ပယ်အဆင့် ၈ သို့တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်၌ လုံချန်သည် ဖြည်းညင်းစွာထရပ်လိုက်သည်။
တစ်ကိုယ်လုံး သွေးနီရောင်အကြေးခွံများ ဖုံးအုပ်လျှက် လုံချန်၏အသွင်အပြင်သည်အလွန်ကြောက်မက်ဖွယ်ကောင်းပုံပေါက်နေသည်။ သို့သော် ထိတ်လန့်စရာအကောင်းဆုံးမှာ သူ၏အငွေ့အသက်ဖြစ်သည်။ လုံချန်သည် မျက်လုံးဖွင့်လိုက်သည့်အခါသူ၏အနီရောင်မျက်ဆံများသည် လူတိုင်းကို အဆုံးအစမဲ့ တုန်လှုပ်သွားစေသည်။
ဤမျှလွှမ်းမိုးနိုင်စွမ်းသော စွမ်းအားကို ခံစားရင်း လုံချန်သည် စိတ်ထဲတွင် ပြုံးလိုက်သည်။
“အခုလက်ရှိ ငါ့ရဲ့ နဂါးသွေးကြောနယ်ပယ်အဆင့် ၈ စွမ်းအားနဲ့ နဂါးဝိညာဉ်အသွင်ပြောင်းလဲခြင်းကျင့်စဉ်ကို ပေါင်းစပ်လိုက်မယ်ဆိုရင် မြေကမ္ဘာအဆင့်အောက်မှာ ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာမလိုတော့ဘူး ……”
အမှန်တော့ လုံးချန်၏အသန်မာဆုံးတိုက်ခိုက်မှုသည် မိုးပြာနဂါးတံဆိပ် မဟုတ်တော့ဘဲ သွေးချီဝါးမျိုခြင်းနည်းစနစ် နှင့် နဂါးဝိညာဉ်အသွင်ပြောင်းလဲခြင်းတို့ ပေါင်းစပ်စွမ်းအားဖြစ်ခဲ့သည်။
ဤအချိန်တွင် လုံချန်၏အကြည့်သည် ယန်ယွဲ့ချင်ကို ဓားစာခံအဖြစ်ဖမ်းထားသော အဘိုးကြီးပိုင်လီထံသို့ ကျရောက်သွားသည်။
လုံချန်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်အငွေ့အသက်ကို မြင်သောအခါ ပိုင်ရှန်းနှင့် ပိုင်လီတို့လူအိုကြီးနှစ်ယောက်၏ ဦးရေပြားများပင် ထုံကျဉ်လာသည်။
“ကောင်စုတ်လေး၊ မင်းပိုသန်မာလာတာကို ငါသိတယ်၊ ဒါပေမဲ့ မလှုပ်ရှားနဲ့ဦး။ မဟုတ်ရင် ယန်ယွဲ့ချင်ရဲ့အသက်ကို ငါအာမမခံနိုင်ဘူး……”
တဖြည်းဖြည်းချဉ်းကပ်လာသော လုံချန်ကို မြင်သောအခါ ပိုင်လီ၏အသံသည် အနည်းငယ်စူးရှလာသည်။
ပိုင်ရှန်းအတွက်မူ နဂါးဝိညာဉ်အသွင်ပြောင်းလဲခြင်းကို မြင်သောအခါ သူ၏မျက်လုံးများထဲ၌အနည်းငယ်တုန်လှုပ်သွားသည်။ လက်ရှိလုံချန်သည် သူတို့နှစ်ယောက်စလုံးကို အသာလေးသတ်ပစ်နိုင်ကြောင်း အလိုလိုခံစားမိနေသည်။
“မင်းတို့ ခွေးအိုကြီးနှစ်ကောင်……”
လုံချန်သည် ရက်စက်ကြမ်းကြုတ်သောသားရဲကြီးတစ်ကောင်အလား သူ၏ခန္ဓာကိုယ်ကနေ နက်ရှိုင်းသောအငွေ့အသက်များ ထုတ်လွှတ်လျှက် ၎င်းတို့ဆီသို့ တစ်လှမ်းချင်းလျှောက်လာသည်။ ရုတ်တရက်ဆိုသလိုပင် လုံချန်၏ပုံရိပ်သည် ဖျတ်ခနဲပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် ယန်ယွဲ့ချင်ကိုဖမ်းဆီးထားသည့် ပိုင်လီဟာ နောက်ကျောကနေ အေးစက်မှုကို ခံစားရပြီး အကြီးအကျယ်ထိတ်လန့်သွားခဲ့သည်……
ဇွပ်…….
နီရဲတောက်ပနေသော နဂါးဆူးချွန်တစ်ချောင်းဟာ ပိုင်လီ၏နောက်ကျောကနေ ရင်ဘတ်ရှေ့ထိ ထုတ်ချင်းဖောက်ထွက်လာသည်။
Translated By Nyi Nyi Soe
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
(စာစဉ် ၄ ) အခန်း ၆၀ - မင်းတို့အားလုံး သေရမယ်။
နှလုံးသားထဲမှ အရိုးထိတိုင် ထိုးဖောက်နာကျင်မှုက လူအိုကြီးပိုင်လီကို တဆတ်ဆတ်တုန်ယင်စေသည်။ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည့်အခါ ချွန်ထက်နေသော သွေးနီရောင်ဆူးချွန်တစ်ခု ပြန်ဆွဲထုတ်သွားသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းတွင် သူ၏မျက်နှာသည် ပို၍ဖြူဖျော့လာသည်။
“ဒါ… ငါ… မဖြစ်နိုင်ဘူး…”
အဘိုးကြီးပိုင်လီ၏မျက်နှာပေါ်၌ မယုံကြည်နိုင်စွာဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်တွင် ထိုးဖောက်ထားသည့် ဒဏ်ရာမှ ပြင်းထန်သောနာကျင်မှုက သူ့အသတ်ကို အဆုံးသတ်သွားပြီဖြစ်ကြောင်း သဘောပေါက်သွားစေသည်။ ထို့အတူ သူ၏အသိစိတ်သည် ဖြည်းညှင်းစွာ မှေးမှိန်လာပြီး အမြင်အာရုံတစ်ခုလုံးလည်း မှောင်မိုက်လာသည်။
ရုတ်တရက် သူသည် ယန်ကန်းချောင်နှင့် အခြားသူတိုင်း သူ့နောက်ကျောဖက်သို့ ထိတ်လန့်တုန်လှုပ်နေသည့် မျက်နှာအမူအရာများဖြင့် ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ တစ်ချိန်တည်းမှာပင် အဘိုးကြီးပိုင်လီလည်း သူ့နောက်တွင် မည်သူရှိနေမှန်း သိချင်စိတ်ဖြစ်သွားမိသည်။ နောက်ကို လှည့်ကြည့်လိုသော်လည်း အချိန်မမှီတော့သည့်အလား တဖြည်းဖြည်းမှုန်ဝါးလာသည့် အသိစိတ်က သူ့ကို အလွန်အမင်း ပင်ပန်းလာစေသည်။
သို့သော် သူ့နောက်တွင် မည်သူရှိမည်ကို တွေးမိသည့်အခါ အဘိုးကြီးပိုင်၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာသည်။ သူ့ကို သတ်လိုက်သူသည် အစကတည်းက သူကိုယ်တိုင် လုံးဝဂရုမစိုက်ခဲ့သော သေးသိမ်လှသည့် လုံချန်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သို့သော် နောက်ကျသွားပြီဖြစ်သည်။
ဤအချက်ကို သူ ပြန်လည်အမှတ်ရလိုက်သည့်အခါ သူ၏အသိစိတ်သည် နောက်ထပ်တစ်ကြိမ်ထုနှက်ခံလိုက်ရသလိုပင်။ အဘိုးကြီးပိုင်လီတစ်ယောက် စိတ်နှလုံးသားထဲ၌ အဆုံးမရှိသည့် မုန်းတီးမှုနှင့် မလိုလားအပ်သောခံစားချက်များနှင့်သာ သေဆုံးသွားရတော့သည်။
ဤအချိန်တွင် လုံချန်သည် သူ့ရှေ့မှ ရုပ်အလောင်းကို ပစ်ထုတ်လိုက်သည်။ ဤအခိုက်အတန့်တွင် လူတိုင်း သတိပြန်ဝင်လာကြသည်။ ယန်ကန်းချောင်နှင့် အခြားအကြီးအကဲနှစ်ဦးတို့လည်း မျက်လုံးပြူးကျယ်နေသည့် အလောင်းကို ထိတ်လန့်စွာကြည့်နေ လေသည်။ ထို့နောက် လုံချန်ကို ပြန်ကြည့်သည့်အခါ ပိုင်လီ၏အလောင်းပေါ်သို့ တံတွေးတစ်ချက် ထွေးချလိုက်သည်။ သူတို့လည်း အလွန်အမင်း ထိတ်လန့်သွားပြီး စကားတစ်ခွန်းမှ မပြောနိုင်ကြချေ။
လုံချန်သည် ပိုင်လီကို သတ်လိုက်သည့် အခိုက်အတန့်တွင် ပိုင်ကလန်၏ခေါင်းဆောင်ပိုင်ရှန်းလည်း အလွန်အမင်း ထိတ်လန့်သွားသည်။ သူ့ညီဖြစ်သူ၏အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည့်မြင်ကွင်းအား မြင်လိုက်ရသည့်အခါ နဂိုဒေါသထွက်နေရာမှ အဆုံးမရှိသည့် ကြောက်ရွံ့မှုများအဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် ချက်ချင်းလှည့်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။ တစ်ချိန်တည်း၌ ယန်ရွဲ့ချင်သာလျှင် သူ့အသက်ရှင်ဖို့တစ်ခုတည်းသော လမ်းဖြစ်ကြောင်း သိလိုက်သည်။ သို့သော် အဘိုးကြီးပိုင်ရှန်းသည် နောက်လှည့်လိုက်သည်နှင့် အေးစက်စက် လက်တစ်ဖက်က သူ၏လည်ပင်းကို ဖမ်းဆုပ်ထားပြီဖြစ်သည်။ လက်မှစွမ်းအားသည် သူ့ထက်ပင်အားမနည်းသည့် သန်မာသောခွန်အားအပြည့်ဖြင့် ဆုပ်ကိုင်ထား၏။ ၎င်းက အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့်ပင် သူ၏လည်ပင်းအား ချက်ချင်းလိမ်ချိုးပစ်မည်မှန်း သိနေလေသည်။
ဤအချိန်တွင် လုံချန်သည် အဘိုးကြီးပိုင်ရှန်းအား ဖြည်းညှင်းစွာမြှောက်လိုက်သည်။ အဘိုးကြီးပိုင်ရှန်း သည်တော့ သွေးနီရောင်မျက်လုံးများကို ငုံ့ကြည့်ရင်း သူ၏ညီဖြစ်သူပိုင်လီ သေဆုံးပုံကို တွေးမိသွားလေသည်။ တစ်ချိန်တည်းတွင် သူကဲ့သို့ နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့သူသည် နောက်ဆုံးတွင် နှလုံးသားထဲ၌ ကြောက်ရွံ့စိတ်များ ပေါ်လာတော့သည်။ အကြောင်းမူကား သူ့ခေါင်းထက်၌ သေမင်းအရိပ်ကြီး ဖုံးလွှမ်းနေလို့ပင်။
သူသည် မျက်နှာဖြူဖျော့လျက် ကြောက်လန့်နေပြီး အလျင်အမြန် အသနားခံပြောဆိုလိုက်သည်။ “ကျေးဇူးပြုပြီး.....ငါ့ကို လွှတ်ပေးပါ။ ငါ ကတိပေးပါတယ်၊ ပိုင်ကလန်တစ်ခုလုံးကို ကျော်ကြားခြင်းမြို့ကနေ ထွက်သွားခိုင်းလိုက်မယ်။ ပြီးတော့ ပိုင်ကလန်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ယန်အိမ်တော်ရဲ့လက်ထဲ လွှဲပြောင်းပေးပါ့မယ်…”
လုံချန်သည် အေးစက်စွာ ရယ်မောလိုက်သည်။ သူ့အမူအရာက သဘောတူသည်လည်း မဟုတ်၊ ငြင်းဆိုသည်လည်း မဟုတ်ပေ။ ဤအခိုက်အတန့်တွင် ယန်ကန်းချောင်သည် လုံချန်က ပိုင်လီကို သတ်လိုက်သည်ဟူသော အမှန်တရားကို လက်ခံလိုက်ပြီဖြစ်သည်။ လူတိုင်း လုံချန်ထံသို့ အလျင်အမြန် ပြေးကပ်လာကြသည်။ ထို့နောက် ပိုင်ကလန်ခေါင်းဆောင်ဖြစ်သူ ပိုင်ရှန်း၏ ဆိုးရွားသည့် အခြေအနေကို မြင်လိုက်ရသည့်အခါ ယန်အိမ်တော်၏ အကြီးအကဲသုံးဦးစလုံး အလွန်အမင်း ကျေနပ်မိကြသည်။
အထူးသဖြင့် ယန်ကန်းချောင်ပင်ဖြစ်သည်။ သူ၏ သစ္စာဖောက်ညီအစ်ကို၊ တစ်သက်တာလုံး ညီအစ်ကိုရင်းသဖွယ် ဆက်ဆံခဲ့ပြီးမှ သစ္စာဖောက်သွားသူ။ နောက်ဆုံးတွင် သူ၏လက်ထဲသို့ ရောက်လာရပြီမဟုတ်ပါလား။ သို့သော် ဤအချိန်တွင် သူ၏စိတ်ခံစားချက်များ လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာသည်။
“ချန်အာ… ဘာလုပ်ရမလဲ မင်းသိတယ်မဟုတ်လား…”
ပိုင်ရှန်းက အသနားခံပြောဆိုနေစဉ် ယန်ကန်းချောင်သည် ၎င်းကို အေးစက်စွာ ကြည့်ပြီး တည်တည်ငြိမ်ငြိမ်မေးလိုက်သည်။ ယန်ကန်းချောင်၏ ရည်ရွယ်ချက်သည် အလွန်ထင်ရှားသည်။ ပိုင်ရှန်းအား ဤလောကတွင် ဆက်လက်ရှင်သန်ခွင့်မပေးလိုတော့ပေ။
ဤအချိန်တွင် လူအိုကြီးပိုင်ရှန်းသည် ယန်ကန်းချောင်ကို ဒေါသတကြီး စိုက်ကြည့်ပြီး ပြောလိုက်သည်။ “ယန်ညီအစ်ကို၊ ငါတို့ တစ်သက်လုံး ညီအစ်ကိုတွေဖြစ်ခဲ့ကြတယ်။ အခု မင်း ဒီလောက် ရက်စက်တော့မလို့လား။ မင်းကို ငါ အကြိမ်ပေါင်းများစွာ ကူညီခဲ့တာကို ထည့်စဉ်းစားပြီး ဒီတစ်ကြိမ်လောက် ငါ့ကို လွှတ်ပေးလိုက်ပါလား…”
ယန်ဘိုးဘေးလည်း အေးစက်စွာ ရယ်မောလိုက်ပြီး ပြောသည် “မင်း ငါ့ပါးစပ်ထဲ အိပ်မက်ဝိညာဉ်ပန်းကို ထည့်လိုက်တဲ့ညကတည်းက ငါတို့ဟာ ညီအစ်ကိုတွေ မဟုတ်တော့ဘူး။ ချန်အာ၊ အချိန် ဆက်မဆွဲထားနဲ့တော့၊ အခု လုပ်လိုက်တော့…”
ယန်ကန်းချောင်၏ နောက်ဆုံးစကားသုံးခွန်းနှင့်အတူ ပိုင်ရှန်း၏ မျက်ရည်များ စီးကျလာသည်။ သူ့လည်ပင်းကို ဖမ်းဆုပ်ထားသည့်ဖိအားများ တိုးလာသည်ကို ခံစားလိုက်ရသည့်နှင့်အတူ လုံချန်နှင့် ယန်မိသားစုဝင်များက သူ့အသက်ကို လွှတ်ပေးရန် အစီအစဉ်မရှိကြောင်း သိသွားခဲ့လေပြီ။ ထို့အတူသူ၏ဘဝသည်လည်း ဆုံးရှုံးသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူသည် ယန်အိမ်တော်ကို သုတ်သင်ရန် နှစ်ကြိမ်တိုင်တိုင် စေ့စပ်သေချာစွာ စီစဉ်ခဲ့၏။ သို့သော်လည်း နောက်ဆုံးတွင် ယန်အိမ်တော်အား ရှုံးနိမ့်ခဲ့ရသည်။ လုံချန်၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ဤလူငယ်သည် ကောင်းကင်ဘုံကချီးမြှောက်ထားသည့် ကြီးကျယ်ခမ်းနားသည့် အနာဂတ်ကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ထို့အတူသူ၏ နှလုံးသားထဲတွင် အလွန်အမင်း မလိုလားအပ်သည့် ခံစားချက်များ ပြည့်နှက်လာသည်။ သူ့နှလုံးသားထဲ၌ အလွန်နောင်တရမိသည်မှာ လုံချန်တစ်ယောက် အစွမ်းထက်ကျင့်ကြံသူ ဖြစ်မလာခင် လုပ်ကြံသတ်ဖြတ်ခြင်းမပြုမိခဲ့တာပင်။
“ရှောင်အာ... အရင်တုန်းက မင်းရဲ့နည်းလမ်းတွေသာ ပိုရက်စက်ခဲ့ရင် ငါတို့ ပိုင်ကလန်က ဒီလို အဆုံးသတ်မျိုးနဲ့ မကြုံရလောက်ဘူး။ အစကတည်းက အဲဒီလုံချင်းလန်ဟာ ငါတို့အတွက် လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါဆို သူ့သားက သာမန် အသုံးမကျတဲ့ အမှိုက်ကောင်မဖြစ်နိုင်ဘူးဆိုတာ ငါတို့ ကြိုပြီးသဘောပေါက်ခဲ့သင့်တယ်…” အဘိုးကြီးပိုင်ရှန်းသည် အတိတ်ကအရာများကို တွေးမိရင်း စိတ်ဓာတ်ကျလာသည်။
သို့သော် သူသည် ယန်ရွဲ့ချင်၊ ယန်ချင်းရွှမ်နှင့် ယန်ယွန်ထျန်းတို့ကို ကြည့်ရင်း ရုတ်တရက် ရယ်မောလိုက်ပြီး ပြောပါသည် “ငါ့ကို သတ်ချင်ရင်လည်း သတ်လိုက်တော့။ ဒါပေမဲ့ ယန်ရွဲ့ချင်ရဲ့ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားတဲ့ အပြာရောင်ပင်လယ်ဝိညာဉ်သံကြိုးက ဖွင့်ဖို့ သော့မရှိဘဲမရဘူး၊ ဒါမှမဟုတ် အဆင့်မြင့်စိတ်ဝိညာဉ်ဓားမရှိရင်လဲ ဖြတ်တောက်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး…” ဟူ၍ပင်
အဘိုးကြီးပိုင်ရှန်း၏စိတ်ထဲ၌ ဤစကားတစ်ခွန်းက ယန်အိမ်တော်ကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု ထင်နေခဲ့၏။ အကယ်၍ ယန်ရွဲ့ချင်သာ ထာဝရချုပ်နှောင်ခံထားရပါက သူမသည် သေလူနှင့်မခြား ဖြစ်သွားပေလိမ့်မည်။
သို့သော် အခြေအနေသည် ထင်ထားသလိုမဟုတ်ခဲ့ပေ။ ယန်အိမ်တော်၏ အကြီးအကဲများသည် ပိုင်ရှန်း၏စကားကို မကြားလိုက်သလိုပင်။ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။ ဤမြင်ကွင်းအဘိုးကြီးပိုင်ရှန်းကို လုံးဝ စိတ်ဓာတ်ကျသွားစေသည်မှာ ယန်မိသားစုဝင်များအားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။ ထို့နောက် ယန်ချင်းရွှမ်က တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ “လင်းဝူမိသားစုက ပေးအပ်တဲ့ဆုလာဘ်တွေထဲမှာ အဆင့်မြင့်စိတ်ဝိညာဉ်ဓားတစ်လက်ပါတယ်ဆိုတာ ဒီပိုင်ခွေးအိုကြီး မသိလောက်သေးဘူးထင်တယ်…”
ယခုအခါ အဘိုးကြီးပိုင်ရှန်းသည် မျှော်လင့်ချက်အားလုံးကို လုံးဝစွန့်လွှတ်လိုက်ပြီဖြစ်သည်။ သူသည် ဤနေရာမှ ထွက်ခွာရန် အခွင့်အရေးမရှိတော့ကြောင်း သိလိုက်ရပြီမဟုတ်ပါလား။
သို့သော် တစ်စုံတစ်ခုကို တွေးမိသည့်အခါ အဘိုးကြီးပိုင်ရှန်းသည် ရုတ်တရက် အလွန်အမင်း စိတ်သက်သာရာရသွားသည်။ သူသည် ယန်မိသားစုဝင်များကို ရူးသွပ်သည့်အမူအရာဖြင့် ကြည့်ပြီး အော်ဟစ်လိုက်သည်။ “ငါ့ကို သတ်ချင်ရင်လည်း သတ်လိုက်ပါ။ ငါ ပိုင်ရှန်းက ဆက်မနေချင်တော့ဘူး။ ဒါပေမဲ့ ယန်မိသားစုမှာ ကျန်ရှိနေတဲ့အဖွဲ့ဝင်တွေဆိုလို့ လက်ရှိမင်းတို့အဖွဲ့လောက်ပဲဖြစ်လိမ့်မယ်။ ဟားဟား… ယန်ကန်းချောင်၊ ငါတို့ ပိုင်မိသားစုမှာ ဆက်ခံသူတွေ ရှိနေသေးတယ်။ ဒါပေမဲ့ မင်းတို့ ယန်မိသားစုကတော့ သွေးမျိုးဆက်ပြတ်တော့မယ်ထင်တယ်။ ဒီတစ်ကြိမ်မှာ ငါ မင်းကို မရှုံးခဲ့ဘူး…”
ပိုင်ရှန်းက ဤစကားများကို ပြောလိုက်သည်နှင့် လုံချန်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားသည်။ ဤအခိုက်အတန့်တွင် လူတိုင်း ပထမအကြီးအကဲယန်ချင်းရွှမ်က ကျန်အဖွဲ့ဝင်များအား ကျော်ကြားခြင်းမြို့မှ ထွက်ခွာရန် ညွှန်ကြားခဲ့ကြောင်း ပြန်ပြီးအမှတ်ရသွားကြသည်။ ထို့အပြင် ပိုင်ကျန်းလုံနှင့် ပိုင်ကျန်းဖုန်းတို့ နှစ်ယောက်စလုံးလည်း ဤနေရာတွင် ရှိမနေကြောင်း ဆက်စပ်တွေးမိလိုက်သည့်အခါ ယန်အိမ်တော်၏အကြီးအကဲအားလုံး မျက်စိမျက်နှာပျက်သွားကြတော့သည်။
ပထမအကြီးအကဲယန်ချင်းရွှမ်သည် သေလုဆဲဆဲအဘိုးကြီးပိုင်ရှန်းကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် ဘိုးဘေးကြီးယန်ကန်းချောင်ကို ကြည့်ကာ ဝမ်းနည်းစွာ ပြောလိုက်ပါသည် “အဖေ… ဝူအာတို့…”
လုံချန်သည်လည်း အခြေအနေတွေဟာ ဤသို့အဆုံးသတ်သွားလိမ့်မည်ဟု ဘယ်သောအခါမှ မထင်ခဲ့ပေ။ သူ၏ နှလုံးသားထဲတွင် ဒေါသမီးလျှံများ တောက်လောင်လာသည်။ ဤလူအိုကြီးသည် သေခါနီးဖြစ်နေသည့်တိုင်အောင် မာန်တက်နေဆဲပင်။ တစ်ချိန်တည်းမှာပင် လုံချန်သည် အားအကုန်ထုတ်ကာ သူ၏လက်ကိုဖြစ်ညှစ်ပြီး အဘိုးကြီးပိုင်ရှန်း၏လည်ပင်းကို လိမ်ချိုးပစ်လိုက်တော့သည်။ဤသို့ဖြင့် ကျော်ကြားခြင်းမြို့၏ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးသည် အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး၏ လက်ထဲတွင် သေဆုံးသွားခဲ့ရပြီဖြစ်သည်။
“အဘိုး၊ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးတွေနဲ့ အမေ့ကို အဘိုးဆီ အပ်ထားခဲ့လိုက်မယ်။ အခုအချိန်မှာ လင်းချင်တို့ ဒုက္ခရောက်နေနိုင်တယ်၊ ဒါကြောင့် မြန်မြန်လေးထွက်သွားမှရမယ် …”
၁၆ နှစ်အရွယ် မြေးဖြစ်သူကို ကြည့်ရင်း ဘိုးဘေးကြီးယန်ကန်းချောင်သည် တည်ကြည်စွာ ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် သူတို့အားလုံးသည် လုံချန်ကို မျက်စိဆုံမှိတ်ပြီး ယုံကြည်ခဲ့ကြသည်။ အကြောင်းမူကား လုံချန် လုပ်ဆောင်ခဲ့သမျှအရာတိုင်းကား ဘိုးဘေးကြီးယန်ကန်းချောင်နှင့်တန်းတူ ယန်အိမ်တော်၏ အဓိကမဏ္ဍိုင်ဖြစ်လာစေသောကြောင့်ပင်။
......
ဤအခိုက်အတန့် အခြားတစ်နေရာတွင်တော့....
ယန်လင်းချင်၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲလျက်ရှိသည်။
ဤနေရာတွင် ယန်အိမ်တော်၏ သက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ အမျိုးသမီယများနှင့် ကလေးသူငယ်များသည် အားလုံး တစ်စုတစ်ဝေးတည်း စုဝေးနေကြပြီး တဆတ်ဆတ်တုန်ယင်နေကြသည်။ ဤအချိန်တွင် တစ်ဖက်ရန်သူအား ထိပ်တိုက်ရင်ဆိုင်နိုင်သူဟူ၍ လူသုံးဦးသာရှိနေခဲ့သည်။ ၎င်းတို့ကား ယန်လင်းချင်၊ ယန်လင်ယွဲ့နှင့် ယန်ဝူတို့ လူငယ်လေးသုံးယောက်သာ။
သို့သော် သူတို့၏ ပြိုင်ဖက်များမှာတော့ ပိုင်မိသားစု၏ သားအကြီးဆုံး ပိုင်ကျန်းလုံ၊ စတုတ္ထသား ပိုင်ကျန်းဖုန်တို့အပြင် မကြာသေးမီမှ ဒဏ်ရာပြန်သက်သာလာသည့် ပိုင်ရှီးချန်နှင့် ပိုင်ရှီဂျီးတို့ပင်ဖြစ်သည်။
ဤအခိုက်အတန့်တွင် ပိုင်ကလန်၏ကျွမ်းကျင် ၄ ဦးသည် ယန်လင်ချင်းနှင့် အခြားလူငယ်နှစ်ဦးကို ကြည့်ပြီး ရယ်မောနေကြသည်။ ပိုင်ရှီဂျီးက ရုတ်တရက်ပြုံးပြီး ပြောလိုက်သည်။ “ဘယ်လိုလဲ၊ လင်းချင် နဲ့ လင်ယွဲ့၊ မင်းတို့နှစ်ယောက် ဆုံးဖြတ်ပြီးပြီလား။ အခု မင်းတို့ ယန်မိသားစုက လုံးဝပြီးဆုံးသွားပြီ။ ငါနဲ့ ငါ့အစ်ကိုနောက်ကို လိုက်မှပဲ မင်းတို့ အသက်ရှင်ဖို့ အခွင့်အရေးရှိမယ်…”
လက်ရှိ လူအုပ်စု၏ ခေါင်းဆောင်ဖြစ်သူ ယန်ဝူ သည် ပိုင်ကလန်၏ ကျွမ်းကျင်သူ ၄ ဦးကို မယှဉ်နိုင်ခဲ့ဘဲ ရှုံးနိမ့်သွားပြီဖြစ်သည်။ ဤအခိုက်အတန့်တွင် သူသည် ယန်လင်ယွဲ့၏ ရင်ခွင်ထဲတွင် လဲလျောင်းနေပြီး မျက်နှာတစ်ခုလုံးလည်း အလွန်ဖြူဖျော့နေခဲ့သည်။ သူ၏ ပါးစပ်ထောင့်မှ သွေးများ အဆက်မပြတ်စီးကျနေခဲ့သည်။
ယန်လင်ယွဲ့၏မျက်နှာပေါ်၌ မျက်ရည်တွေဟာ ပန်းပွင့်ကဲ့သို့ စီးကျလျက် ငိုကြွေးနေသည်။ သူမသည် ပိုင်ရှီဂျီးကို မုန်းတီးစွာ ကြည့်ပြီး ပြောလိုက်သည်။ “နင်တို့ ညီအစ်ကိုနှစ်ယောက်ပေါင်းပြီးမှ ငါ့အစ်ကိုကို အနိုင်ယူခဲ့တာလေ၊ ဘာစွမ်းရည်ရှိလို့လဲ။ နင်တို့ ပိုင်မိသားစုတစ်ခုလုံးက အမှိုက်တွေချည်းပဲ။ စက်ဆုပ်ဖို့ကောင်းတဲ့နည်းလမ်းတွေကို သုံးပြီးအားနည်းသူတွေနဲ့ အမျိုးသမီးတွေကို အနိုင်ကျင့်ဖို့လောက်ပဲသိတယ်…”
တစ်ဖက်ရှိ ပိုင်ရှီဂျီးကတော့ ယန်လင်ယွဲ့၏ စကားကို မကြားသလိုပင်။ သူက ပြုံးလျက် ပြန်ပြောသည်။ “မင်းရဲ့ မိုက်မဲမှုက သာမန်မဟုတ်ဘူးထင်တယ်။ ဒီလောကမှာ အလုပ်တစ်ခုကို ဘယ်လိုစလုပ်သင့်လဲဆိုတာက အရေးမကြီးဘူး၊ ရလဒ်ကပဲ အရေးကြီးတယ်။ အခု မင်းတို့ရဲ့ အဘိုးနဲ့ အဲဒီလုံချန်က ငါ့အဘိုးနဲ့ သွေးဝိညာဉ်ဂိုဏ်းက ပညာရှင်ရဲ့လက်ထဲမှာ သေဖို့သေချာနေသလောက်ပဲ။ ငါတို့အတွက်ကတော့ ယန်မိသားစုရဲ့ ကျန်ရှိတဲ့ အမှိုက်တွေကို သုတ်သင်ပြီးမှပဲ အောင်ပွဲခံဖို့ ပြန်ရမယ်။ အချိန်ကုန်နေပြီမို့ ငါ ဆက်ပြီး အချိန်မဖြုန်းတော့ဘူး। မင်းတို့ မိန်းကလေးနှစ်ယောက်ကိုတော့ အင်အားသုံးပြီး ခေါ်သွားလိုက်မယ်။ ကျန်တဲ့သူတွေကတော့ အားလုံး သေရမယ်…”
ယန်လင်းချင်တို့အားလုံးလည်း ပိုင်ကလန်သည် သွေးဝိညာဉ်ဂိုဏ်း၏အကူအညီနှင့် ယန်ရွဲ့ချင်ကို ဓားစာခံအဖြစ် ဖမ်းထားသည့်ကိစ္စနှင့်ပတ်သက်၍ အစောပိုင်းကပင် ကြားသိထားပြီးဖြစ်သည်။ ယခုအချိန်တွင် သူတို့အားလုံး သေဆုံးရတော့မည်ဖြစ်သည်။ ထို့အတူ ဂုဏ်သိက္ခာရှိသည့် ယန်အိမ်တော်သည် အဆုံးသတ်ကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း တွေးမိသည့်အခါ သူတို့၏ နှလုံးသားများ ကွဲအက်သွားကြသလိုပင်။
အကယ်၍ ယန်ချင်းရွှမ်ကသာ သူထွက်ခွာမသွားမီ ညွှန်ကြားခဲ့ခြင်းမရှိလျှင် ဤလူငယ်လေး သုံးယောက်စလုံး ယခုအချိန်ထိ တောင့်ခံနိုင်မည်မဟုတ်ပေ။
ဤအခိုက်အတန့်တွင် ပိုင်ရှီးချန်နှင့် ပိုင်ရှီဂျီးတို့သည် ယန်အိမ်တော်၏အဖွဲ့ဝင်များဆီသို့ လျှောက်လှမ်းလာကြသည်။ ဤမြင်ကွင်းကို မြင်သောအခါ အမျိုးသမီးများနှင့် ကလေးငယ်များသည် ကြောက်လန့်ပြီး အော်ဟစ်ငိုယိုကြတော့သည်။ ယန်လင်းချင်သည် နောက်ကွယ်ရှိ အော်ဟစ်ငိုယိုနေသော လူအုပ်ကို ပြန်လှည့်ကြည့်ရင်း အံကြိတ်လျှက် ပြောလိုက်သည်။ “အစ်ကိုကြီးယန်ဝူ၊ လေပြင်းဓားကို ခဏပေးသုံးပါ…”
Translated By Nyi Nyi Soe