ကြေးနီဒင်္ဂါးပြား
Vol. 10 Ch. 943
သဲကန္တာရ၊ နွံအိုင်၊ လွင်ပြင်နှင့် တောအုပ်တို့အပါအဝင် နတ်မီးလျှံစမ်းသပ်ပွဲတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။
ယခုအချိန်ထိ အန္တရာယ်ခပ်သိမ်းအား အသက်ရှင်လျက်ကျော်လွှားနိုင်ခဲ့သည့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူရာပေါင်းများစွာအနက် အများစုက ကံကောင်း၍ဖြစ်စေ၊ သာမန်ထက်ထူးကဲသောကျင့်ကြံခြင်းအခြေခံရှိ၍ဖြစ်စေ သို့မဟုတ် အသိဉာဏ်များ ရှိ၍ဖြစ်စေ အန္တရာယ်ကိုကျော်ဖြတ်နိုင်ခဲ့ကြသည်။
သို့သော် သူတို့အားလုံးမှာ ဖြစ်ပျက်နေသောအခြင်းအရာကြောင့် လုံးလုံးလျားလျား တုန်လှုပ်သွားတော့သည်။ သူတို့သာ ထိုသို့ဖြစ်ပျက်နေသည် မဟုတ်ဘဲ နတ်မီးလျှံစမ်းသပ်ပွဲအတွင်း တည်ရှိသော အခြားသက်ရှိများအားလုံး ကပ်ဘေးကြီးကျရောက်တော့မည်ကို သဘောပေါက်လိုက်ကြသည့်အတွက် တဆတ်ဆတ်တုန်ယင်သွားကြလေသည်။ မကြာမီ နတ်မီးလျှံစမ်းသပ်ပွဲ၏ကုန်းမြေများတစ်လျှောက် အော်ဟစ်သံများ ပွက်ပွက်ညံလာတော့သည်။
" ဘာတွေဖြစ်နေတာလဲ "
" ငလျင်တွေလှုပ်ပြီး ကောင်းကင်ကြီးတောင် တလိပ်လိပ်ထနေပါလား။ ဘာတွေဖြစ်နေတာတုန်း "
ယခု ကျင့်ကြံသူများသည် သုံး၊ လေး၊ ငါးယောက်အဖွဲ့များ စုထားပြီးဖြစ်သည်။ ထို့ပြင် ထိုအဖွဲ့များစွာသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်သွယ်ရန် နည်းလမ်းများ ရှာကြသည်။။ ယခုကဲ့သို့ မည်သို့ဖြစ်မည်ကို တစ်ယောက်မှ သေချာမသိသည့် နေရာမျိုးတွင် အခြားနေရာများမှ အဖြစ်အပျက်များအား သိရှိရန် ယခင်ကထက်ပို၍ အရေးကြီးသည် မဟုတ်ပါလော။
ထို့ကြောင့် လူများစွာက သတင်းပို့ကျောက်စိမ်းပေလွှာများထုတ်လိုက်ပြီး စာများအား ဟိုဟိုသည်သည် ပို့လိုက်ကြသည်။
မကြာမီ အံ့သြတုန်လှုပ်ဖွယ် သတင်းပျံ့နှံ့လာတော့သည်။
" နတ်မီးလျှံစမ်းသပ်ပွဲထွက်ပေါက်ကို လူတစ်ယောက် တွေ့သွားပြီ။ အဲဒါက သဲကန္တာရထဲမှာတဲ့။ ဒါပေမဲ့ ထွက်လမ်းကို တံတိုင်းကြီးတစ်ခုက ပိတ်ထားလို့ ငါတို့ အကုန်ပေါင်းပြီး အဲဒါကို ဖောက်ထွက်ဖို့လိုတယ်"
၄င်းသည်ကား အံ့ဩတုန်လှုပ်ဖွယ်သတင်း ဖြစ်ပေသည်။ ဤနတ်မီးလျှံစမ်းသပ်ပွဲက မည်မျှအန္တရာယ်များကြောင်း သက်သေပြနေသည့်အတွက် လူများစွာ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ကြသည်။
ယခုအခါ ထွက်ပေါက်အား ရှာတွေ့ပြီဖြစ်၍ မရေမတွက်နိုင်သော မျက်လုံးများ ရဲရဲနီသွားတော့သည်။ လူအချို့က ဆုလာဘ်များအကြောင်း တွေးနေကြသော်လည်း အချို့မှာ လွတ်မြောက်ချင်ကြသည်။ မည်သို့ပင်ဆိုစေ သူတို့အားလုံးပ သဲကန္တာရထံ ဦးတည်လိုက်ကြတော့သည်။
ပိုင်လင်း၊ ဇောင်ထျန်ကျောက်နှင့် အခြားမြစ်ဝဂိုဏ်းများမှ အမျိုးမျိုးသော စွမ်းအားကြီးပညာရှင်များအားလုံး တူညီသောအရပ်မျက်နှာထံ ဦးတည်လိုက်ကြသည်။
နှစ်တစ်ထောင်သရဲသခင်မှာ သတင်းရသောအချိန်တွင် နွံအိုင်ထဲမှာ ရှိနေသည်။ သူ၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားပြီး သူက စွန်းဝူ၊ ဖက်တီးကျန်းကြီးနှင့် စုန့်ချွဲတို့ကို အတူခေါ်၍ သရဲမြူတိမ်တစ်ခုအသွင်ပြောင်းကာ သဲကန္တာရထံ ဦးတည်လိုက်သည်။
တောအုပ်ထဲတွင် ရာသီခွင်ဆယ့်နှစ်ပါး ငွေစန္ဒာဂိုဏ်းမှ အင်မော်တယ်ဝိညာဥ် သခင်ကြီးသည် ကြယ်ကြွေသည့်အလား လေဟုန်ခွင်း၍ သဲကန္တာရရှိရာဘက်သို့ သွားလေသည်။
လွင်ပြင်ကြီးပေါ်တွင် တုလင်ဖေးနှင့် သူမ၏အဖွဲ့က သဲကန္တာရရှိရာဘက် လှည့်ကြည့်လိုက်ကြသည်။ အဖွဲ့ထဲမှ လူငယ်လေးသည် သိသိသာသာ စိတ်လှုပ်ရှားနေပြီး သူ၏မျက်လုံးများက တောက်ပစွာလင်းလက်လာတော့သည်။
" အဲဒီမှာပဲ။ နောက်ဆုံးတော့ တွေ့ပြီ "
သူက ခေါင်းနောက်လှန်၍ အားပါးတရရယ်မောလိုက်သည်။ ထို့နောက် သူက အင်္ကျီလက်ကို ခါယမ်းကာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ထက်များစွာ သာလွန်သော စွမ်းအားဖြင့် ကျန်ရှိသောအဖွဲ့ကို ဆွဲယူလိုက်ပြီး လေပေါ်ပျံတက်လိုက်သည်။
ထိုအခိုက်အတန့်တွင် သဲကန္တာရထဲ၌ နှစ်လိုဖွယ်ပြုံး၍ ဧရာမသဲတီကောင်ကြီး၏ထိပ်မှာ ထိုင်နေသည့် မိန်းမပျိုလေးတစ်ယောက်ကို မြင်နိုင်သည်။ သူမက သဲတီကောင်ကြီးထံသို့ လက်ကိုဝှေ့ယမ်းလိုက်ရာ ၄င်းမှာ ချက်ချင်းခြောက်ကပ်သွားပြီး အနက်ရောင်မီးခိုးအသွင်ပြောင်းလဲကာ သူမ၏လက်ညှိုးထဲသို့ ဝင်ရောက်သွားသည်။ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည်မှာ သူမကို သဲတီကောင်တစ်သောင်းက ခြံရံထားသော်လည်း ၎င်းတို့မှာ ရက်စက်ကြမ်းကြုတ်သည့်အသွင်အပြင်များ ရှိမနေကြဘဲ သူမ၏အရှိန်အဝါကြောင့် ကြောက်လန့်တုန်ရီနေကြတော့သည်။
" မင်းတို့ သဲတီကောင်လေးတွေကို ငါ့သရဲသုံးကောက်ကို ကျွေးဖို့ မွေးထားရတာ။ မင်းတို့က ဒီလောက်ကြီးလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာတုံး "
မိန်းမပျိုလေး၏ ဖြူနုသော မျက်နှာလေးတွင် အပြုံးတစ်စ ပေါ်ပေါက်လာ၏။
သူမသည်ကား ဟိုရှောင်မေ့ကလွဲ၍ တခြားမဟုတ်ပေ။
သို့သော် ပိုင်ရှောင်ချန်းသာ သူမကို မြင်လျှင် သူမ၏အရှိန်အဝါအရ ဟိုရှောင့်မေ မဟုတ်ကြောင်း ချက်ချင်း ပြောနိုင်မည်ဖြစ်သည်။
" ကဲပါလေ ငါ ပြန်လာဖြစ်ရင် ဒါက အရေးမကြီးပါဘူး "
သူမက သူမ၏အပြုံးအား လက်ကလေးဖြင့်အုပ်လိုက်သော်လည်း သူမ၏ ထူးခြားသော သူငယ်အိမ်နှစ်ခုကိုတော့ မဖုံးကွယ်နိုင်ပေ။ သူမက ခပ်တိုးတိုးရယ်မော၍ လှစ်ခနဲလှုပ်ရှားကာ သဲကန္တာရထဲတွင် ရှာတွေ့ခဲ့သည့် ထွက်ပေါက်ရှိရာထံ ဦးတည်လိုက်သည်။
နတ်မီးလျှံစမ်းသပ်ပွဲထဲရှိ လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်နေစဥ် ပိုင်ရှောင်ချန်းနှင့် လျှပ်စီးတိမ်တိုက်သခင်တို့နှစ်ယောက်လုံး ကျောက်စိမ်းပေလွှာများမှ တစ်ဆင့် စာများရလိုက်ကြသည်။
" တစ်ယောက်ယောက် ထွက်ပေါက်တွေ့သွားပြီ "
လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်၏ မျက်လုံးများ ပြူးကျယ်သွား၏။ သူတို့နှစ်ယောက်လုံးက ပိုင်ရှောင်ချန်းကို ဥပေက္ခာပြုကာ လှည့်၍ အဝေးသို့ တဟုန်ထိုးထွက်သွားတော့သည်။
ပိုင်ရှောင်ချန်းဆီသို့ သတင်းပို့လိုက်သူကား ယခုအခါ နှစ်တစ်ထောင်သရဲသခင်၏ကျေးဇူးဖြင့် နယ်ပယ်ကျယ်ကျယ်သတင်းပေးပို့လာနိုင်ပြီဖြစ်သော ဖက်တီးကျန်းကြီး ဖြစ်သည်။ ပိုင်ရှောင်ချန်းက သတင်းကိုကြည့်လိုက်ပြီး ရင်တဒိန်းဒိန်းခုန်လာတော့သည်။
" ထွက်ပေါက်က သဲကန္တာရထဲမှလား။ ငါ သဲကန္တာရတစ်ခုလုံး လျှောက်သွားခဲ့တာတောင်မှ ဘာတစ်ခုမှ မတွေ့ခဲ့ဘူး"
သူသည် သဲကန္တာရအား နှံ့နှံ့စပ်စပ်ရှာဖွေရန် အချိန်အနည်းငယ် မယူခဲ့မိသည်ကို ရုတ်ချည်း နောင်တရလာသည်။
" ထားလိုက်တော့၊ အခုချိန်က အဲဒါကို စိတ်ပူဖို့ နောက်ကျလွန်းနေပြီ "
သူက သက်ပြင်းချ၍ တွေးလိုက်သည်။ အမှန်ဆိုရလျှင် ထိုအချိန်တွင် နတ်မီးလျှံစမ်းသပ်ပွဲရှိ လူတိုင်းက တူညီသောအရပ်မျက်နှာထံ အပြေးအလွှားသွားနေကြသည်။
ယခု သူက မည်မျှဝေးသောအရပ်သို့ ရောက်နေသည်ကို စဥ်းစားကြည့်လျှင် အနိုင်ရသူအဖြစ်ထွက်ရန် အခွင့်အရေးရှိမည့်ဟန်မတူပေ။ ထွက်ပေါက်ပေါ်လာနိုင်သည့်နေရာအားလုံးအနက် မည်သည့်အတွက် သဲကန္တာရမှာ ပေါ်လာရသနည်း။
" နေဦး မဟုတ်သေးဘူး။ အချိန်ရှိလောက်သေးတယ်။ အနည်းဆုံးတော့ သွားကြည့်တာပေါ့ "
သူက အံတင်းတင်းကြိတ်၍ သဲကန္တာရထံ တဟုန်ထိုးဦးတည်လိုက်တော့သည်။
သူက ရှေ့ဆက်သွားနေစဥ် သဲကန္တာရအနီးသို့ သူ မရောက်သေးခင်မှာပင် ထူးဆန်းသောအခြင်းအရာများ စတင်ဖြစ်ပျက်လာလေသည်။ ထစ်ခြုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်လာပြီး အံ့သြတုန်လှုပ်ဖွယ်အရှိန်အဝါတစ်ခု လေထဲတွင် ပြည့်နှက်လာတော့သည်။
သဲကန္တာရထဲတွင် မိုးကောင်းကင်သည် အဝါရောင်ပြောင်းလာသည်သာမက အကာအကွယ်ဒိုင်းကာတစ်ခုအသွင် စူးရှတောက်ပသောအလင်းတန်းတစ်ခု ပေါ်ပေါက်လာတော့သည်။
မိုးကောင်းကင်၏အရောင်နှင့် အကာအကွယ်ဒိုင်းက တစ်နည်းနည်းဖြင့် ဆက်သွယ်နေဟန်တူ၏။
" ဒီထွက်ပေါက်က ဘယ်လိုနေရာမျိုးလဲ။ ဘာလို့ ဒိုင်းကာ ရှိနေတာလဲ "
ဒိုင်းကာ ပေါ်လာသည့်အခိုက်အတန့်မှာပင် နွံအိုင်၊ လွင်ပြင်နှင့် တောအုပ်များအားလုံး ပျက်စီးခြောက်ကပ်လာတော့သည်။
ယခု ပိုင်ရှောင်ချန်း ပျံသန်းနေသည့် လွင်ပြင်ထဲရှိ မြက်ပင်များမှာ ခြောက်ကပ်ပြီး သေသွားကြရာ အနက်ရောင်မြေကြီးများ ပေါ်လာတော့သည်။ လွင်ပြင်ထဲတွင် ကျန်ရစ်သည့် သက်ရှိများအားလုံး တဆတ်ဆတ်တုန်လာကြပြီး သေဆုံးသွားကြ၏။ လွင်ပြင်တစ်ခုလုံးကား သေမင်းနယ်မြေတစ်ခုအသွင် ပြောင်းလဲနေလေပြီ။
အနက်ရောင်မြေကြီးများပင် ၄င်းအတွင်းရှိ အသက်ဓာတ်မှန်သမျှ ဆုံးရှုံးသွားဟန်တူသည်။ ၄င်းသည် ခြောက်ကပ်ကာ ပက်ကြားအက်လာတော့သည်။
ပိုင်ရှောင်ချန်းမှာ သူမြင်နေရသောအခြင်းအရာကြောင့် လုံးလုံးလျားလျား တုန်လှုပ်သွားတော့သည်။
လွင်ပြင်သာ မဟုတ်။ နွံအိုင်ထဲတွင် ကျန်ရှိသည့် သက်ရှိအရာမှန်သမျှ သေအံ့ဆဲဆဲဖြစ်လာပြီး နွံအိုင်ကြီး ခြောက်ကပ်လာတော့သည်။ နေရာတိုင်း၌ အက်ကြောင်းများ ပွင့်ထွက်လာသည့်အတွက် အက်ကွဲသံများ ကြားလာရသည်။
တောအုပ်ထဲမှာလည်း ထိုနည်းတူပင်။
အသက်ရှူကြိမ်အနည်းငယ်အတွင်း သဲကန္တာရမှလွဲ၍ နတ်မီးလျှံစမ်းသပ်ပွဲတစ်ခုလုံး သေမင်းနယ်မြေအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုသို့ဖြစ်ပျက်နေသည်များကြောင့် ပိုင်ရှောင်ချန်းတစ်ယောက်သာ အံ့သြနေသူမဟုတ်ပေ။ သဲကန္တာရထံ အပြေးအလွှားသွားနေသည့် ကျင့်ကြံသူများအားလုံးသည်လည်း သူတို့ပတ်လည်က ခြောက်ကပ်ပြီး ပျက်စီးနေသော မြေပြင်များကြောင့် မကောင်းသော နိမိတ်များကို ခံစားလိုက်ရ၏။
" ဒါက ဘယ်လို ငရဲမျိုးတုန်း "
သေခြင်းတရား၏ စွမ်းအားကြီးသော အရှိန်အဝါတစ်ခု လေထဲတွင် ပြည့်နှက်လာသည့်အတွက် သူတို့ရောက်ရှိနေသည့် ကမ္ဘာကြီးတစ်ခုလုံး သရဲများ၏ပိုင်နက်တစ်ခုအလား မှောင်မည်းပြီး အေးစက်လာတော့သည်။
အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်နေ၏။ တခဏလေးအတွင်း မိုးကောင်းကင်တွင် တိမ်တိုက်များ မရှိတော့ဘဲ လောဘတကြီးဆာဆာလောင်လောင်ဖြင့် မြေပြင်ကို ငုံ့ကြည့်နေကြသော မကောင်းဆိုးဝါးသရဲများ၏ မှိန်ဖျော့ဖျော့ပုံရိပ်များ ပြည့်နှက်နေသော အမှောင်ထုကြီးသာ ရှိနေသည်။
အခြားနယ်မြေသုံးခု ခြောက်ကပ်ပျက်စီးလာခြင်းကြောင်း တောက်ပလင်းလက်နေသော သဲကန္တာရသည်ကား ခါတိုင်းထက်ပို၍ အမြင်အာရုံကိုဖမ်းစားနေတော့သည်။
ယခုအခါ သဲကန္တာရထံ ပျံသန်းနေကြသော ကျင့်ကြံသူများသည် ကောင်းကင်ဧကရာဇ်၏ တပည့်ဖြစ်ရန် အတွေးများကို စွန့်လွှတ်လိုက်ကြလေပြီ။ သူတို့၏ရင်ထဲတွင် အသက်ရှင်လျက် လွတ်မြောက်လိုသည့်စိတ်သာ ကိန်းအောင်းနေတော့သည်။
ပိုင်ရှောင်ချန်းမှာ လွန်စွာစိတ်လှုပ်ရှားနေသဖြင့် ရင်တဒိန်းဒိန်းခုန်နေသည်။ ထို့ပြင် အမှန်တွင် ထိုအေးစက်သောအရှိန်အဝါနှင့် သူက ရင်းနှီးနေသော်လည်း ယခုအချိန်တွင် ပျာယာခတ်နေ၏။ အချိန်အနည်းငယ်ကျော်လွန်ပြီးနောက် သူက နွံအိုင်ထဲမှနေ၍ သဲကန္တာရထံဆက်သွားနေစဥ် အတန်ငယ်ဝေးသောနေရာတွင် မူမမှန်သောအရာတစ်ခုအား သတိထားမိလိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိ အမှောင်ထုကြောင့် အမြင်အာရုံကို ဖမ်းစားနေသော အဖြူရောင်အလင်းတစ်ကွက်ကို မြေကြီးပေါ်တွင် တွေ့လိုက်ရ၏။ ယခင်က နွံအိုင်သည် ညစ်ပတ်နောက်ကျိနေသော အရည်များ၊ ပုပ်သိုးဆွေးမြည့်နေသည့် မြေကြီးများဖြင့် ပြည့်နေခဲ့သည်။ သို့သော် ယခုတွင် မြေပြင်မှာ ခြောက်ကပ်သွားပြီး နေရာတိုင်း ပက်ကြားအက်နေသည့်အတွက် ထိုအဖြူရောင်အလင်းမှာ သိသာထင်ရှားနေတော့သည်။
" ဘာလဲဟ "
ပိုင်ရှောင်ချန်းမှာ တအံ့တသြဖြစ်လျက် တွေးလိုက်သည်။ သူက ဦးတည်ချက်ပြောင်း၍ ထိုအလင်းနေရာသို့လရောက်သည်အထိ ပျံသန်းသွားလိုက်သည်။ ထိုအချိန်တွင် ငလျင်လှုပ်ခတ်လာကာ မြေနေရာရွေ့သွားပြီး မှော်ပစ္စည်းတစ်ခုပေါ်လာတော့သည်။
ကြေးနီဒင်္ဂါးတစ်ပြား။
၎င်းကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ပိုင်ရှောင်ချန်း၏မျက်လုံးများက လက်ဖက်ရည်ပန်းကန်ပြားတမျှ ဝိုင်းစက်ပြူးကျယ်သွားပြီး သူ၏ခေါင်းတစ်ခုလုံး ချာချာလည်လာတော့သည်။
" မဖြစ်နိုင်ဘူး "