အခန်း (၆၃-၆၄)
Vol. 5 Ch. 63-64
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၅)
အပိုင်း ၆၃ - သွေးဝိညာဉ်ဂိုဏ်း
ဟုံဝူခန်းမတွင် ယန်မိသားစု၏ အဓိကအဖွဲ့ဝင်အားလုံးနီးပါး တက်ရောက်ခဲ့ကြသည်။ ဤအခိုက်အတန့်တွင် သူတို့အားလုံး တိတ်ဆိတ်စွာထိုင်နေကြသည်။
သေခြင်း၊ရှင်ခြင်း တိုက်ပွဲတစ်ခုကို ရင်ဆိုင်ခဲ့ရသည့် ယန်မိသားစု၏အဖွဲ့ဝင်တွေအားလုံး ကျော်ကြားခြင်းမြို့သို့ အသက်ရှင်လျှက်ပြန်လည်ရောက်ရှိလာကြသည်။ နောက်ဆုံးတွင် တိုက်ပွဲပြီးဆုံးသွားပြီးနောက် ယန်မိသားစုဝင်များအားလုံး ကြီးမားလေးလံသောဝန်ထုပ်မှ လွတ်မြောက်သွားသလို ခံစားလိုက်ရသည်။
ဤတစ်ကြိမ်တွင် ယန်မိသားစုသည် ငရဲကမ္ဘာတစ်လျှောက်ဖြတ်သန်းမှုကို ကြုံတွေ့ခဲ့ရသလိုပင်။ ကံကောင်းစွာဖြင့် မည်သူမျှ ထိခိုက်ဒဏ်ရာမရခဲ့ပေ။ သို့သော် ဤအောင်မြင်မှုသည် တစ်ယောက်တည်းသောသူ၏ ကြိုးပမ်းအားထုတ်မှုကြောင့်သာဖြစ်ကြောင်း လူတိုင်းသိကြသည်။ ထို့ကြောင့် လက်ရှိ ဟုံဝူးခန်းမထဲရှိ လူတိုင်းဟာ တစ်ခါတစ်ရံ တိတ်ဆိတ်စွာ ထိုင်နေသည့် လူငယ်ကို တစ်ချက်တစ်ချက် ကြည့်မိကြသည်။
ပိုင်ကလန်နှင့် ပဋိပက္ခသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ယန်မိသားစုသည် အဆုံးသတ်၌ အနိုင်ရခဲ့ပြီး ပိုင် ကလန်၏အဓိကအင်အားစုများကို ဖျက်ဆီးပစ်ခဲ့သည်။ ပိုင် ကလန်၏လက်ကျန်အဖွဲ့ဝင်များအားလုံး ထွက်ပြေးသွားကြပြီဖြစ်သည်။ မြို့ထဲ၌ ကျန်နေခဲ့သော ကလေးသူငယ်များနှင့် အမျိုးသမီးများသည် လက်ရှိယန်မိသားစုအတွက် မည်သည့်ခြိမ်းခြောက်မှုမျှ မဖြစ်စေနိုင်တော့ပေ။ တစ်နည်းအားဖြင့်တော့ ပိုင် ကလန်သည် ဤတစ်ကြိမ်တွင် လုံးဝပျက်သုဉ်းသွားပြီဟု လူတိုင်း သဘောပေါက်ကြသည်။
ကျော်ကြားခြင်းမြို့သည် ဤမျှကြီးမားသော တိုက်ပွဲမုန်တိုင်းကို ကြုံတွေ့ခဲ့ပြီးနောက် အင်အားစုတိုင်းဟာ တိုက်ပွဲနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဟိုတစ်စဒီတစ်စသာ ကြားသိခဲ့ကြသည်။ သို့တိုင်အောင် ရလာဒ်ကို သိရှိပြီးနောက် သူတို့အားလုံး နှလုံးသားထဲတွင် တစ်ဦးတည်းသောသူကို အမှတ်ရသွားကြသည်။ ထိုလူကား လုံချန်ပင်ဖြစ်သည်။
ပိုင် ကလန်သည် အကြံအစည်အမျိုးမျိုးချမှတ်၍ ယန်မိသားစုကို နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သော်လည်း လုံချန်ကြောင့်သာ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။ အကယ်၍ လုံချန်သာမရှိခဲ့ပါက ယခုအချိန်၌ ယန်မိသားစုဝင်များအားလုံး အဝါရောင်စမ်းချောင်းထဲမှ တစ္ဆေများနှင့် ဝိညာဉ်များဖြစ်နေပေလိမ့်မည်။
ယန်မိသားစုသည်လည်း ဤအချက်ကို ကောင်းစွာ သဘောပေါက်ထားကြ၏။ ယခုလက်ရှိ လုံချန်ကို ကြည့်နေသော သူတို့၏အကြည့်တွေမှာ ကြောက်ရွံ့မှုများ၊ လေးစားမှုများ ရောယှက်နေလေသည်။ဤအခြေအနေက လုံချန်၏နှလုံးသားထဲ အလွန်ထိမိသွားစေခဲ့သည်။
ဤအခိုက်အတန့်တွင် အကြီးအကဲထိုင်ခုံပေါ်၌ ထိုင်နေသည့် ဘိုးဘေးကြီးယန်ကန်းချောင်သည် အတွေးနက်နေရာမှ သတိပြန်ဝင်လာသည်။ သူ၏မျက်လုံးများသည် လူတိုင်းကို တစ်ချက်ဝေ့ဝဲကြည့်လိုက်ပြီးနောက် လုံချန်ထံတွင် ရပ်တန့်သွားပြီး ပြောသည် “ငါတို့ ယန်မိသားစုက ပျက်သုဉ်းခါနီးအထိ ကပ်ဘေးနှစ်ကြိမ် ကြုံတွေ့ခဲ့တယ်။ ဒါပေမယ်လို့ အဆုံးသတ်မှာ လူတိုင်း ရှင်သန်နိုင်ခဲ့ကြတယ်။ ပိုပြီးကောင်းတာကတော့ ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာမျိုးမရှိခဲ့ဘူး။ ဒါတွေအားလုံးဟာ လူတစ်ယောက်ရဲ့ကျေးဇူးကြောင့်ပဲ…”
ယန်ကန်းချောင်၏လေသံတွင် စိတ်ခံစားမှုများ အနည်းငယ် တုန်ယင်နေသည်။ သူ၏နှလုံးသားထဲမှ ကျေးဇူးတင်စိတ်နှင့် စိတ်လှုပ်ရှားမှုများကို လူတိုင်း ခံစားမိနိုင်ကြသည်။
“သူက နတ်ဆိုးသားရဲအမဲလိုက်ပြိုင်ပွဲမှာ ပိုင် ကလန်ရဲ့လူငယ်မျိုးဆက်တွေ အကုန်လုံးကို အနိုင်ယူခဲ့တယ်၊ ပြီးတော့ မင်းတို့ငါတို့အပါအဝင် ယန်မိသားစုတစ်ခုလုံးကိုပါ ကယ်တင်ခဲ့သူလည်းဖြစ်တယ်။ ဒီနေ့မှာလည်း သူကပဲ ပိုင်ရှန်းနဲ့ ပိုင်လီကို ထပ်အနိုင်ယူခဲ့တဲ့အပြင် မြေကမ္ဘာအစောပိုင်းအဆင့် ပညာရှင်ကိုပါ အနိုင်ယူခဲ့သေးတယ်၊ ဒါတွေက ငါတို့ယန်မိသားစုတစ်ခုလုံး အသက်ရှင်နိုင်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းပဲ…”
ဟုံဝူခန်းမထဲ၌ စိတ်ခံစားမှုအငွေ့အသက်များ ချက်ချင်းပြန့်နှံ့လာသည်။ လူတိုင်း ခံစားချက်များ ပြင်းထန်လာပုံရပြီး အားလုံး မျက်ရည်များဖြင့် စိုစွတ်လာသည်။ အထူးသဖြင့် ယန်ယွဲ့ချင်ပင်ဖြစ်သည်။ အခြေအနေများစွာကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပြီးနောက် သူမ၏နှလုံးသားဟာ လေပြည်လေညှင်းကဲ့သို့ ညင်သာပျော့ပျောင်းလာပြီဖြစ်သည်။ မည်သည့်အရာမှမဖြစ်သလို တည်ငြိမ်အေးဆေးနေသည့် ထိုလူငယ်ကို ကြည့်ရင်း သူမ၏ စိတ်ခံစားချက်များ အဆုံးအစွန်ထိမြင့်တက်နေသည်။
အတိတ်က သူမ၏အထင်အမြင်သေးရှုံ့ချမှုတွေဟာ လုံချန်အား အကောင်းဆုံးကြိုးစားပြီး သန်မာလာရန် တွန်းအားကြီးတစ်ခုဖြစ်ခဲ့သည်မှာ ငြင်းပယ်၍မရနိုင်ပေ။
ဘိုးဘေးကြီးယန်ကန်းချောင်သည် လုံချန်ကို ခေါင်းညိတ်ပြပြီး ဆက်ပြောသည် “ချန်အာ… မင်းရဲ့စွမ်းဆောင်မှုက ငါ့ကို ဘာလုပ်ရမှန်းမသိအောင်ကို ဖြစ်သွားစေတယ်။ ယန်မိသားစုက မင်းကို ဘယ်လိုပြန်ပေးဆပ်ရမလဲ ငါ မသိတော့ဘူး။ အတိတ်မှာ ဘယ်သူမှ မင်းနဲ့ မင်းရဲ့အဖေကို ကောင်းကောင်းမဆက်ဆံခဲ့ဘူးဆိုတာ ငါတို့အားလုံးသိပါတယ်။ ဒါပေမဲ့ မင်းက ဘာရန်ငြိုးအာဃာတမှမထားဘဲ ငါတို့အတွက် အသက်ကိုတောင် စွန့်စားပေးခဲ့တယ်။ တကယ်ပြောရရင် ဒီလူအိုကြီးလည်း ဘယ်တုန်းကမှ ဒီလောက် စိတ်ခံစားမှု မပြင်းပြခဲ့ဖူးခဲ့ဘူး။ ဒါပေမဲ့ အခု ‘ကျေးဇူးတင်ပါတယ်’လို့ ပြောရုံနဲ့ ငါ့ရဲ့ခံစားချက်တွေကို မဖော်ပြနိုင်ဘူး။ ငါပြောနိုင်တာက ယန်မိသားစုဟာ အခုလက်ရှိမှာရော အနာဂတ်မှာပါ မင်းရဲ့ စစ်မှန်တဲ့မိသားစုဖြစ်တယ်ဆိုတာပါပဲ။ အရင်တုန်းက ငါတို့ မင်းအပေါ်မှာ မမှန်မကန် ဆက်ဆံခဲ့တာတွေအတွက် အစားထိုးပြီး အစစအရာရာပြန်ပေးဆပ်သွားပါ့မယ်…”
ဘိုးဘေးကြီးယန်ကန်းချောင် ပြောလိုက်သည့် စကားလုံးတိုင်းသည် သူ၏နှလုံးသားထဲမှ ထွက်ပေါ်လာသည့် ရင်တွင်းစကားသံများသာဖြစ်သည်။ အခြားယန်မိသားစုဝင်များအားလုံးလည်း စိတ်ခံစားချက်ချင်းတူညီစွာ ထောက်ခံလိုက်ကြသည်။
ဤအခိုက်အတန့်တွင် လုံချန်သည်လည်း ယန်မိသားစု ထံကနေ ရုတ်တရက်ကြီး တန်ဖိုးထားခံရမှုကြောင့် ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့သည်အထိ အံ့…သွားခဲ့သည်။ သူက အလျင်အမြန် ရယ်မောပြီး ပြန်ပြောလိုက်သည် “အားလုံးပဲ… ငါ့ကို ဒီလို မကြည့်ကြပါနဲ့။ ငါလုံချန်ဟာ အရမ်းချောတာမှန်ပေမဲ့ အားလုံးရဲ့ ဒီလို လေးစားတဲ့အကြည့်တွေကိုတော့ ထိုက်တန်တယ်လို့ မထင်ပါဘူး…”
လုံချန်၏ပြောင်တိပြောင်ချော်စကားကြောင့် ယန်မိသားစု၏အမျိုးသမီးအဖွဲ့ဝင်များထံမှ ရယ်မောသံများ ထွက်ပေါ်လာသည်။ ယန်ချင်းရွှမ်နှင့် အခြားအကြီးအကဲများပင်လျှင် ၎င်းတို့၏ ပါးစပ်ထောင့်များ၌ ပြုံးယောင်သမ်းသွားကြသည်။
“ဘာလို့ ဒီလောက်ကြီးကျယ်နေတာလဲ။ ငါသာ အဲဒီကောင်ကို သတ်ဖို့ ကူညီမပေးခဲ့ရင် နင်ဆိုတာ ဒီနေ့ ဒီနေရာမှာ ရှိနေနိုင်မှာလား…”
လင်းရှီနတ်ဓားထဲတွင် ရှိနေသည့် လင်းရှီသည် နိုးထလာပြီးနောက် နှုတ်ခမ်းဆူလျက် ကဲ့ရဲ့ပြောဆိုလေသည်။ သို့သော် သူမ၏လေသံကို နားထောင်ကြည့်လျှင် ပျော်ရွှင်နေမှန်းသိသာလှသည်။
ယန်ကန်းချောင်သည် ခေါင်းခါပြီး ပြုံးလျက် ပြောသည်“ချန်အာ… မင်းက စဉ်းစားတွက်ချက်တတ်တဲ့သူပါ။ ဒီလိုစကားတွေ ပြောလိုက်တာနဲ့ ငါက မဆင်မခြင်ဖြစ်သွားသလိုပဲ။ ကောင်းပြီ… ပိုလက်တွေ့ကျတဲ့ အကြောင်းအရာကိုပဲ ပြောကြရအောင်။ အခု ကျော်ကြားခြင်းမြို့မှာ ပိုင် ကလန် မရှိတော့ဘူး။ ဒါကြောင့် နောင်အနာဂတ်မှာ ငါတို့ယန်မိသားစုက ဒီမြို့ရဲ့ အုပ်ချုပ်သူဖြစ်လာလိမ့်မယ်။ ပြောရရင် ငါတို့တွေ ပိုင် ကလန်ကို ဖယ်ရှားနိုင်ခဲ့တဲ့အတွက် အကျိုးအမြတ် ကြီးကြီးမားမားရလိုက်တာပဲ။ အဲဒီထဲက တစ်ခုကတော့ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး(၃)လုံးကို ရယူနိုင်ခဲ့တာပဲ။ ချန်အာ… ဒီ.. နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးသုံးလုံးဟာ မင်းရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရခဲ့တာတွေပါ။ ဒါတွေကို ဘယ်လိုခွဲဝေမလဲဆိုတာ မင်းရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်…”
ဘိုးဘေးယန်ကန်းချောင်၏အကြည့်နှင့် ပြောလိုက်သည့်စကားတွေဟာ လုံးဝကိုစိတ်ရင်းမှန်ဖြစ်ခဲ့သည်။ လုံချန်လည်း ယန်ဘိုးဘေးကြီး၏ရင်ထဲကနေလာသော အစစ်အမှန်ခံစားချက်များဖြစ်ကြောင်း ခံစားမိပေသည်။ သို့သော် သူသည် အလျင်အမြန် လက်ကာပြလျက် စကားဖြတ်ပြောလိုက်သည် “အဘိုး… အဘိုးကသာ ဒီမိသားစုရဲ့ ခေါင်းဆောင်လေ။ ဒါကို အဘိုးကိုယ်တိုင်ပဲ လုပ်သင့်တယ်…”
“ချန်အာ… မင်း ဒီလိုမပြောသင့်ဘူး။ အခုလိုပြောလိုက်တော့ ဒီလူအိုကြီးရဲ့ မျက်နှာကို ဘယ်နားသွားထားရမှာလဲ။ မင်းက ငါ့ကို အဘိုးအဖြစ် ဆက်ပြီးသတ်မှတ်နေသေးရင် ဒီနတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးတွေကို မင်းယူရမယ်…”
ဤစကားများပြောပြီးသည်နှင့်တစ်ပြိုင်နက် ယန်ဘိုးဘေးကြီးဟာ သိုလှောင်လက်စွပ်ထဲမှ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးများကို ထုတ်ယူလိုက်သည်။ လုံချန်သည် မတတ်သာစွာ ပြောလိုက်သည် “ကောင်းပြီ၊ ဒါဆို ငါကိုယ်တိုင်ပဲ ခွဲဝေပေးလိုက်မယ်။ ဒီမှာ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးသုံးလုံးရှိတယ်။ ငါ့အတွက်က တစ်လုံးနဲ့တင် လုံလောက်တယ်။ ကျန်တစ်လုံးကိုတော့ အဘိုးကိုပဲ ပေးလိုက်တာပေါ့။ လက်ရှိ ငါတို့ ယန်မိသားစုမှာ မြေကမ္ဘာအဆင့် ပညာရှင်တစ်ဦး လိုအပ်နေတယ်။ ဒါကြောင့် ဒီနတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးတစ်လုံးက အဘိုးအတွက်ပဲဖြစ်သင့်တယ်။ မိသားစုရဲ့ ခေါင်းဆောင်အနေနဲ့ အဘိုး ဘယ်လိုမှ ငြင်းလို့မရဘူး…”
လုံချန်၏စကားလုံးတွေထဲမှ ပြတ်သားမှုကို ကြားလိုက်ရသဖြင့် ယန်ဘိုးဘေးကြီးလည်း သူ၏ဆိုလိုရင်းကို နားလည်ပြီး ခေါင်းညိတ်လိုက်သည်။
ယခုလောလောဆယ် ယန်မိသားစုတွင် နဂါးသွေးကြောနယ်ပယ်အထွတ်အထိပ်အဆင့် သို့ရောက်ရှိနေသူဟူ၍ သူတစ်ယောက်တည်းသာ ဖြစ်ခဲ့သည်။ အကယ်၍ သူသာ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးကို စားလိုက်ပါက မကြာခင်အချိန်အတွင်းမှာ မြေကမ္ဘာအဆင့် သို့ သေချာပေါက်တက်လှမ်းနိုင်ပါလိမ့်မည်။
“နောက်ဆုံး ကျန်တဲ့သစ်သီးကတော့…”
လုံချန်သည် သူ၏အကြည့်ကို ယန်ချင်းရွှမ်နှင့် သူ့အမေဖြစ်သူယန်ယွဲ့ချင်ဆီသို့ ရွှေ့လိုက်သည်။ သူ့အကြည့်တွေက ယန်ရွှဲ့ချင်ထံ ရောက်သည့်အခါ ခဏရပ်တန့်သွားသည်။ သူသည် ၎င်းကို ယန်ယွဲ့ချင်ထံ တိုက်ရိုက်ပေးလိုခဲ့သည်။ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး၏အကူအညီဖြင့်ဆိုပါက ယန်ရွှဲ့ချင်သည် ပို၍သန်မာလာပါလိမ့်မည်။
သို့သော် လူတစ်ယောက်ဟာ ပိုပြီးသန်မာလေလေ ၎င်းရင်ဆိုင်ရမည့် ပြိုင်ဖက်များလည်း ပိုမိုသန်မာလာမည်ကို နားလည်ထားသင့်ပါသည်။ ထို့ကြောင့် သူက ပြောလိုက်၏ “အခုလက်ရှိ ယန်မိသားစုဝင်တွေထဲမှာ နဂါးသွေးကြောနယ်ပယ်အဆင့် ၈ ပညာရှင် နှစ်ယောက်ပဲရှိသေးတယ်၊ အမေ နဲ့ ဦးရီးတော်ယန်တို့ပဲ။ ဒါ့ကြောင့် ဒီလိုပဲဆုံးဖြတ်လိုက်မယ်။ နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ကို ဘယ်သူအရင်ချိုးဖျက်နိုင်မလဲကြည့်ရအောင်။ အရင်ဆုံး အဆင့်တက်နိုင်တဲ့ ဘယ်သူမဆို နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးကို ပိုင်ဆိုင်မယ်…”
လုံချန်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်မည့်သူမရှိကြပေ။ အားလုံးက သဘောတူကြသည်။
လူတိုင်းအတွက် ယန်မိသားစု၏ လုံခြုံရေးသည်သာ အရေးအကြီးဆုံးပင်ဖြစ်သည်။ မည်သူသန်မာလာသည်ဖြစ်စေ ၎င်းသည် သူတို့အတွက် အရေးမကြီးပါ။ သေခြင်းရှင်ခြင်းကပ်ဘေးကို အတူတကွရင်ဆိုင်ကျော်ဖြတ်လာကြပြီးနောက်တွင် ယန်မိသားစုဝင်များအားလုံးဟာ အလိုလိုပင် စည်းလုံးညီညွတ်လာခဲ့ကြသည်။
အဘိုးကြီးယန်ကန်းချောင်၏ အကြည့်သည် အိမ်တော်၏အဝင်ဝဆီသို့ ရွှေ့သွားသည်။ အပြင်ဖက်သို့ လှမ်းကြည့်လိုက်သည့်အခါ ကောင်းကင်သည် တဖြည်းဖြည်းနီရဲလာသည်ကိုတွေ့လိုက်ရသည်၊ နေဝင်ချိန်မြင်ရသည့် မြင်ကွင်းသည် တစ်မျိုးတစ်ဖုံ လှပနေသယောင်ပင်။
“မနက်ဖြန်နေထွက်လာတဲ့အခါကျရင် ငါတို့ ယန်မိသားစုဟာ နောက်တစ်ဖန် ပြန်ပြီးမွေးဖွားလာလိမ့်မယ်…”
ယန်ဘိုးဘေးကြီး၏စိတ်ထဲတွင် ကျော်ကြားခြင်းမြို့၌ မကြာမီပေါ်ထွက်လာတော့မည့် အုပ်ချုပ်သူအင်အားစုတစ်ခုကို စိတ်ကူးယဉ်နေမိသည်။ ဤအင်အားစု၌ မြေကမ္ဘာအဆင့် ပညာရှင်များသာမကဘဲ ထူးချွန်ထက်မြက်သည့် ပါရမီရှင်တစ်ဦးလည်း ပါဝင်လာပေမည်။
ယန်မိသားစု၏ ထောက်ပံ့မှု နှင့်အတူ လုံချန်၏မကောင်းဆိုးဝါးဆန်သောစွမ်းရည်ဖြင့်ဆိုပါက ယန်မိသားစု၏အနာဂတ်အလားအလာသည် အဆုံးမရှိနိုင်တော့ပေ။ ဤအကြောင်းကို တွေးမိလိုက်ချိန်တွင် လူတိုင်း အလွန်စိတ်လှုပ်ရှားခဲ့ကြသည်။
သို့သော် လူတိုင်းဟာ ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုထဲမှာသာ နှစ်မြှုပ်နေစဉ် လုံချန်သည် ရုတ်တရက်ဆိုသလိုမျက်ခုံးတွန့်လိုက်သည်။ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးများကို အညီအမျှခွဲဝေပေးပြီးနောက် သူသည် စားပွဲကို တတောက်တောက်ခေါက်လျက် တည်ငြိမ်စွာ ပြောခဲ့သည် “အားလုံးပဲ… ဒီအချိန်မှာ အရေးကြီးတာတစ်ခုပြောရဦးမယ်။ ပျက်သုဉ်းခြင်းတောင်တန်းမှာ သေဆုံးသွားတဲ့ ရွှယ့်ယွမ်ဇီဟာ ယွမ်လင်းမြို့တော်က သွေးဝိညာဉ်ဂိုဏ်းရဲ့ အစောင့်အရှောက်အကြီးအကဲ(၈)ဦးထဲက တစ်ဦးပဲ …”
ဤကိစ္စကို တွေးမိသည့်အခါ ယန်ချင်းရွှမ်၏မျက်နှာအမူအရာလည်း ချက်ချင်းဆိုသလိုပင်ပြောင်းလဲသွားခဲ့တော့သည်။ သူက အနည်းငယ်သိချင်စိတ်ဖြင့် ပြောသည် “ချန်အာ… ဒီရွှယ့်ယွမ်ဇီက နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးတွေကို လုယူဖို့အတွက် ကျော်ကြားခြင်းမြို့ကို တိတ်တဆိတ်ခိုးဝင်လာခဲ့တာပဲ။ ဒါဆိုရင် သွေးဝိညာဉ်ဂိုဏ်းက ငါတို့လုပ်ခဲ့တာမှန်း မသိသင့်ဘူးမဟုတ်လား…”
ယန်ဘိုးဘေးကြီးကလည်း မျက်ခုံးကြောများတွန့်ကွေးလျက် ခေါင်းခါပြီး ပြောလိုက်သည် “သွေးဝိညာဉ်ဂိုဏ်းက သူတို့ရဲ့ အစောင့်အရှောက်အကြီးအကဲတစ်ဦး သေဆုံးသွားတာကို သေချာပေါက် စုံစမ်းစစ်ဆေးလိမ့်မယ်။ ရွှယ့်ယွမ်ဇီနဲ့ ပိုင်ကလန်က ရင်းနှီးကြတယ်ဆိုတာ သူတို့သိထားမှာပဲ။ ဒီအချိန်မှာ သူတို့အတွက် အရာအားလုံးကို စုံစမ်းဖို့ဆိုတာ ကျော်ကြားခြင်းမြို့ဆီ ခြေရာခံလိုက်လာရုံပဲ။ ဒါ့အပြင် ပျက်သုဉ်းခြင်းတောင်တန်းမှာ ဖြစ်ပျက်ခဲ့တာတွေကို လူတိုင်းက သိထားပြီးသားပဲလေ…”
ယန်ဘိုးဘေး၏စကားသံများကို နားထောင်ပြီးနောက် ယန်မိသားစုဝင်များအားလုံး၏ မျက်နှာများ ထပ်မံဖြူဖျော့သွားခဲ့တော့သည်။ ယခင်က ပြေလျော့လာသည့် လေထုသည် နောက်တစ်ကြိမ် ပြန်ပြီးတင်းမာလာပေသည်။
ယန်ချင်းရွှမ်သည် ခါးသီးစွာ ပြုံးလျက် ခေါင်းခါပြီး ပြောလိုက်၏ “ငါတို့ ယန်မိသားစုမှာ အခက်အခဲတွေ အများကြီးရှိနေသလိုပဲ။ အဖေ၊ သွေးဝိညာဉ်ဂိုဏ်းရဲ့ လက်ရှိအခြေအနေကို သိလား…”
ယန်ဘိုးဘေးကြီးလည်း သွေးဝိညာဉ်ဂိုဏ်းအကြောင်း သူသိထားသမျှကို မျက်နှာပျက်ပျက်ဖြင့် ပြောပြခဲ့သည် “သွေးဝိညာဉ်ဂိုဏ်းဟာ ယွမ်လင်းမြို့တော်မှာ ဒီလောက်ကြီးမားတဲ့ ဂုဏ်သတင်းမရှိပေမဲ့ ငါတို့ရဲ့ဒီနယ်မြေမှာတော့ သေချာပေါက် မော်ကြည့်နေရမယ့်အဆင့်အတန်းပဲ။ သွေးဝိညာဉ်ဂိုဏ်းမှာ အစောင့်အရှောက်အကြီးအကဲ(၈)ဦး နဲ့ မဟာအကြီးအကဲ (၄)ဦး ရှိတယ်လို့ ငါသိထားတယ်။ သူတို့ရဲ့စွမါးအားနဲ့ပတ်သက်လို့ကတော့ တစ်ယောက်ချင်းစီက အနည်းဆုံး မြေကမ္ဘာအဆင့်တွေချည်းပဲ။ မဟာအကြီးအကဲလေးဦးကတော့ မြေကမ္ဘာအထွတ်အထိပ်အဆင့် ပညာရှင်တွေလို့သိရတယ်။ ဒါ့အပြင် ငါကြားထားတဲ့ သတင်းအချို့အရဆိုရင် သွေးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းသခင်က နတ်အဆင့် ကိုတက်လှမ်းပြီးသားဖြစ်တဲ့ အဆင့်မြင့်ပညာရှင်လို့ ဆိုကြတယ်…”
ယန်ဘိုးဘေး၏ စကားများသည် ယန်မိသားစုဝင်များအား အေးစက်သော လေကို ရှူသွင်းလိုက်ရသလို ဖြစ်စေခဲ့သည်။ လုံချန်၏ မျက်နှာအမူအရာကပင် အလွန်မသက်မသာဖြစ်လာသည်။
“ပိုင်ကလန်နဲ့ ရွှယ့်ယွမ်ဇီတစ်ယောက်ကို ရင်ဆိုင်ဖို့အတွက်တောင် ငါတို့ယန်မိသားစုအတွက် အတော်လေး ကြိုးစားအားထုတ်ခဲ့ရတယ်။ ဒီသွေးဝိညာဉ်ဂိုဏ်းကို ဆန့်ကျင်ရမယ်ဆိုရင် လက်ရှိယန်မိသားစုအနေနဲ့ ဘယ်လိုမှရှင်သန်နိုင်မှာမဟုတ်ဘူး။ ငါ ဒီနေ့မှာ ယန်မိသားစုကို ကာကွယ်နိုင်ခဲ့ပေမဲ့ နောင်အနာဂတ်မှာ ဘယ်သူသိနိုင်မှာလဲ…”
“တကယ်လို့ ငါ့ရဲ့ခွန်အားက မြေကမ္ဘာအဆင့်ကို ဖြတ်ကျော်သွားရင်တောင်မှ မလုံလောက်သေးဘူး။ သွေးဝညာဉ်ဂိုဏ်းမှာ မြေကမ္ဘာအဆင့်တွေအပြင် နတ်အဆင့် ကျင့်ကြံသူတွေပါ ရှိနေသေးတယ်။ တကယ့်ကို ကြောက်စရာကောင်းတဲ့ကပ်ဘေးပဲ။ ဒီတစ်ကြိမ်မှာ ငါ့ရဲ့ယန်မိသားစုက အဆုံးသတ်ကို ရင်ဆိုင်ရတော့မှာလား…”
လုံချန်သည် ခေါင်းမော့ပြီး ယန်လင်းချင်နှင့် ယန်ယွဲ့ချင်တို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းတို့သည် သူကာကွယ်ပေးရမည့် အဓိကလူများပင်ဖြစ်ခဲ့သည်။
သူအချစ်ရဆုံးအမျိုးသမီးနှစ်ဦးကို ကြည့်နေရင်း လုံချန်သည် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိလာခဲ့သည်။ တစ်ချိန်တည်း၌ သူ့ပုခုံးပေါ်သို့ ကြီးမားလေးလံသော တာဝန်တစ်ခု ကျရောက်လာသလို ခံစားလိုက်ရလေသည်။
“ငါ့မျက်စိရှေ့မှာ သူတို့ သေသွားတာကို မကြည့်နိုင်ဘူး။ အဲဒီလိုဖြစ်မလာခင် ငါ အရင်သေသွားတာက ပိုကောင်းလိမ့်မယ်…”
ဤအချိန်တွင် သူခံစားရသည့် ဖိအားသည် ယခင်ကထက် ပို၍ပင်လေးလံလာပုံရ၏ “မြေကမ္ဘာအဆင့်” ဟူသည့် စကားလုံးသုံးလုံးကို ကြားလိုက်ရသည့်အချိန်မှာ လုံချန်သည် အစပိုင်းတွင် မျှော်လင့်ချက်မဲ့သလိုဖြစ်သွားခဲ့ရသည်။ သို့သော်လည်း သိပ်မကြာလိုက်ပါ၊ သူ့နှလုံးသားထဲ၌ တိုက်ပွဲဝင်လိုစိတ်အပြည့်ဖြစ်လာသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါ အကောင်းဆုံး ကြိုးစားရမယ်။ သူတို့က ယန်မိသားစုကို သုတ်သင်ချင်တယ်ဆိုရင် ငါ့အလောင်းပေါ်ကနေပဲ အရင်ဆုံး ဖြတ်သွားရလိမ့်မယ်…”
လုံချန်လည်း လက်ရှိ ယန်မိသားစု၌ သူသာလျှင် အစွမ်းထက်ဆုံး ကျင့်ကြံသူ ဖြစ်ကြောင်း နားလည်ပေသည်။ သူ့အနေဖြင့် ဤတိုက်ပွဲ(ကပ်ဘေး)ကနေ ခေါင်းရှောင်ထွက်သွား၍မရပေ။
ဤအခိုက်အတန့်တွင် ယန်မိသားစုဝင်တွေအားလုံး မျက်စိမျက်နှာပျက်နေခဲ့ကြသည်။
ယန်ဘိုးဘေးကလည်း နုံအသူမဟုတ်ခဲ့ပေ။ သူသည် သွေးဝိညာဉ်ဂိုဏ်း၏ ဆိုးရွားသည့် ဂုဏ်သတင်းကို ကောင်းကောင်းကြားဖူးထားခဲ့သည်။ အကယ်၍ ရွှယ့်ယွမ်ဇီသာ ယန်မိသားစု၏လက်ချက်ဖြင့် သေဆုံးသွားမှန်း သတင်းရသွားခဲ့သော် ယန်မိသားစုတစ်ခုလုံး ခွေးတစ်ကောင်၊ကြောင်တစ်မြီးမှပင်မကျန်ျအာင် အသတ်ခံရပေမည်။
“ငါ အမြန်ဆုံး မြေကမ္ဘာအဆင့်ကို ချိုးဖျက်ရမယ်ထင်တယ်။ တကယ်လို့ သွေးဝိညာဉ်ဂိုဏ်းက ရွှယ့်ယွမ်ဇီ အသတ်ခံရတဲ့ကိစ္စကို ရှာတွေ့သွားရင်တောင်မှ ငါ အသက်နဲ့ရင်းပြီး တိုက်ခိုက်တာပေါ့။ ဒါဆို ချန်အာနဲ့ ဒီကလေးတွေ ထွက်ပြေးဖို့အတွက် အချိန်ခဏတော့ဆွဲထားနိုင်မှာပဲ။ ချန်အာရဲ့ စွမ်းအားနဲ့ဆိုရင် ယန်မိသားစုဟာ အနာဂတ်မှာ အင်အားပြန်စုပြီး ငါတို့အတွက် လက်စားချေဖို့ မခက်ခဲတော့ဘူး…”
ဤအချက်ကို တွေးမိသည့်အခါ ယန်ဘိုးဘေး၏ မျက်နှာပြင်ပေါ်တွင် ပြတ်သားမှုများ ထင်ဟပ်လာသည်။
ဤအချိန်တွင် အတော်ကြာတိတ်ဆိတ်နေခဲ့သည့် လုံချန်သည် ရုတ်တရက် စကားပြောလိုက်သည်။ လူတိုင်း ခေါင်းမော့ကာ သူဆက်ပြောလာမည့်စကားကို နားစွင့်နေကြသည်။
လုံချန်သည် ကောင်းကင်မီးလျှံတောင်တန်းဒေသ၌ တွေ့ဆုံခဲ့သည့် ချန်ရှုံးကျိုးနှင့် ဖုန့်မင်ယန်တို့ထံမှ ရရှိခဲ့သည့် သတင်းအချက်အလက်များကို ပြန်ပြီး တွေးမိလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “သွေးဝိညာဉ်ဂိုဏ်းက ယွမ်လင်းမြို့တော်မှာ ရှိတယ်။ သူတို့က ငါတို့ လုပ်ခဲ့တာကို ရှာတွေ့သွားလို့ အရေးယူမယ်ဆိုရင် အနည်းဆုံး အချိန်တစ်ခုတော့ယူရလိမ့်မယ်။ ဒါ့အပြင် သူတို့ ပထမဆုံးစေလွှတ်လိုက်မယ့် ပညာရှင်က သိပ်ပြီး အစွမ်းထက်ဦးမှာ မဟုတ်ဘူး။ အဘိုးကသာ မြေကမ္ဘာအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် ငါတို့ ဒါကို ယာယီကိုင်တွယ်နိုင်လိမ့်မယ်လို့တော့ ထင်တယ်”
လုံချန်က ဆက်ပြောခဲ့သည် “အရေးအကြီးဆုံးကတော့ ယွမ်လင်းမြို့တော်ရဲ့ လင်းဝူမိသားစုဟာ အပြင်စည်းတပည့်သစ်တွေ မကြာခဏ စုဆောင်းလေ့ရှိတယ်လို့ သတင်းရခဲ့တယ်။ ငါ့ရဲ့ အလားအလာက သိပ်အဆိုးကြီးမဟုတ်တော့ လင်းဝူမိသားစုရဲ့ အပြင်စည်းတပည့်တစ်ယောက် ဖြစ်ခွင့်ရလိမ့်မယ်လို့ ယုံကြည်နေတယ်။ အဲဒီလိုဖြစ်သွားရင် ငါ့အနေနဲ့ လင်းဝူမိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာမယ်။ ပြီးတော့ သူတို့ရဲ့အဖွဲ့ဝင်တွေကို သေချာပေါက်ကာကွယ်ပေးမှာပဲ။ ထပ်ပြီးပြောရရင် လက်ရှိငါ့ခွန်အားနဲ့ဆို အဲဒီနေရာကို သွားမှပဲ အခုထက်ပိုပြီးသန်မာလာနိုင်တယ်။ ဒါ့ကြောင့် ယွမ်လင်းမြို့တော်ကို ငါ သွားဖို့ ဆုံးဖြတ်လိုက်ပြီ…”
Translator# အနှောင်အဖွဲ့ကင်းမဲ့သူ
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၅)
အပိုင်း ၆၄ - ထွက်ခွာပြီ
“လင်းဝူမိသားစုထဲကို ဝင်ရောက်နိုင်ခဲ့ရင် အဖွဲ့ဝင်သစ်တွေကိုပါ ကာကွယ်ပေးတယ်လို့ အရင်တုန်းကကြားဖူးတယ်။ သွေးဝိညာဉ်ဂိုဏ်းက အင်အားကြီးရင်တောင်မှ လင်းဝူမိသားစုလိုမျိုး မဟာအင်အားစုကြီးရှေ့မှာဆိုရင် ပုရွက်ဆိပ်တစ်ကောင်ထက်မပိုဘူး…”
ယန်မိသားစုဝင်များအားလုံး လုံချန်၏စကားများကို အာရုံစိုက်နားထောင်နေကြသည်။
ဤအချိန်တွင် ယန်ဘိုးဘေးကြီးသည် လုံချန်အား ခေါင်းမော့ကြည့်ပြီး မေးခဲ့သည် “ချန်အာ… မင်းပြောတာသေချာရဲ့လား…”
လုံချန်သည် လေးနက်စွာ ခေါင်းညိတ်ပြပြီး ဆက်ပြောသည် “အခုလက်ရှိ ကျော်ကြားခြင်းမြို့တော်မှာ ငါတို့နဲ့ယှဉ်နိုင်တဲ့လူ ဘယ်သူရှိသေးလို့တုန်း။ တကယ်တော့ ငါ့ဆုံးဖြတ်ချက်က ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်ချင်တာလည်း ပါပါတယ်။ နောက်တစ်ခုက သွေးဝိညာဉ်ဂိုဏ်းကို ရင်ဆိုင်ဖို့ပေါ့။ ဒီတော့ ဘာပဲဖြစ်ဖြစ် ငါဆုံးဖြတ်ပြီးသွားပြီ…”
ယန်ဘိုးဘေးကြီးသည် လုံချန် မည်မျှသန်မာကြောင်း ကောင်းကောင်းသိနေပါသည်။ နည်းဆုံးတော့ မြေကမ္ဘာအဆင့်အောက်မှာ သူ့အတွက် ပြိုင်ဖက်မရှိတော့ပေ။
အရေးကြီးဆုံးမှာ ပါရမီရှင်တစ်ဦးသည် ဖိအားများသော ပတ်ဝန်းကျင်တွင်သာ ကြီးပြင်းနိုင်သည်မဟုတ်ပါလား။ လုံချန်သည် ကျော်ကြားခြင်းမြို့ကဲ့သို့ မြို့ငယ်လေးတွင်သာ ဆက်လက်ရှိနေလျှင် သူ့ဘဝတစ်လျှောက်လုံး တက်လမ်းမရှိနိုင်တော့ပေ၊ သေချာပေါက် လမ်းဆုံးသွားမှာဖြစ်သည်။
ယန်မိသားစုဝင်များကတော့ မျက်နှာမကောင်းကြပါ၊ သူတို့ဟာ လုံချန် ထွက်သွားမည်ကို မလိုလားကြပေ။
သို့သော် ဤအချိန်တွင် လုံချန်၏အဆိုပြုချက်သည် ယန်မိသားစုအတွက် အဓိကဖြစ်နေကြောင်း လူတိုင်း ကောင်းစွာသိရှိခဲ့ကြသည်။ ယန်မိသားစု အန္တရာယ်ကြုံလာတိုင်း သူသည် နည်းလမ်းမျိုးစုံအသုံးပြု၍ ကယ်တင်ခဲ့သည်ချည်းသာ။ လူတိုင်းကို ကယ်တင်ရန် နည်းလမ်းများကို စဉ်းစားခဲ့ပြီး ယခုတစ်ကြိမ်တွင် ဖြေရှင်းချက်ရှာဖွေရန် ခရီးဝေးထွက်သွားရန်ပင် ဆုံးဖြတ်ခဲ့သည်။ လူနိုင်းသည် သူ၏ လုပ်ရပ်များအတွက် နှလုံးသားထဲက ကျေးဇူးတင်မိသလို အလွန်လည်းစိတ်ထိခိုက်သွားခဲ့ကြသည်။
အမှန်တိုင်းပြောရလျှင် အတိတ်၌ သူတို့အားလုံးဟာ လုံချန်ကို ဆိုးရွားစွာ ဆက်ဆံခဲ့ကညသည်မဟုတ်ပါလား၊ သို့သော်လည်း လုံချန်သည် အတိတ်ကိုအတိတ်မှာသာထားခဲ့၏။ ၎င်းကား သူတို့အားလုံးကို စိတ်နှလုံးသားထဲကနေပင် လေးစားမိစေခဲ့သည်။
“ဒီလိုဆိုရင် ချန်အာ… မင်း ဘယ်အချိန်ထွက်သွားဖို့ စီစဉ်ထားသလဲ…”
“သွေးဝိညာဉ်ဂိုဏ်းရဲ့ခြိမ်းခြောက်မှုက နီးကပ်လာနေပြီ။ ဒါ့ကြောင့် ငါတို့က အချိန်ကိုနှောင့်နှေးနေလို့မရဘူး။ မနက်ပဲခရီးထွက်တာပေါ့။ အဘိုး… နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးကို အသုံးပြုပြီးတော့ မြေကမ္ဘာအမြုတအဆင့်ကိုရောက်အောင် အကောင်းဆုံး ကြိုးစားပါ။ တကယ်လို့ သွေးဝိညာဉ်ဂိုဏ်းက စုံစမ်းဖို့ သူတို့ရဲ့ကျွမ်းကျင်သူတချို့ကို စေလွှတ်လိုက်ရင်တောင် ငါတို့ယန်မိသားစုမှာ ယာယီခုခံနိုင်မယ့်အင်အားတစ်ခုရှိလာလိမ့်မယ်။ အဲ့ဒီအချိန်မှာ ငါကိုယ်တိုင်လည်း လင်းဝူမိသားစုရဲ့ အပြင်စည်းတပည့် အမြန်ဆုံးဖြစ်လာဖို့ ကြိုးစားရလိမ့်မယ်…”
“ဒါဆိုမနက်ဖြန်ထွက်သွားတော့မယ်ပေါ့…”
ထိုစကားသံကို ကြားသောအခါ ယန်ယွဲ့ချင်နှင့် ယန်လင်းချင်တို့နှစ်ယောက်စလုံး စိတ်ထဲ၌ မလိုလားသောခံစားချက်များ ဖြစ်ပေါ်လာသည်။
ပိုင်ကလန်နှင့် ယန်မိသားစုကြားမှ အဆုံးသတ်တိုက်ပွဲပြီးဆုံးသွားသည့်နောက်မှာ ယန်ယွဲ့ချင်နှင့်လုံချန်တို့၏ ဆက်ဆံရေးသည် လုံးဝအဆင်ပြေသွားခဲ့ပြီဖြစ်သည်။
“သွေးဝိညာဉ်ဂိုဏ်းက ယွမ်လင်းမြို့တော်ရဲ့ ထိပ်တန်းအင်အားစုတွေထဲကတစ်ခုပဲ။ ငါ ယွမ်လင်းမြို့တော်ကို ဝင်ရောက်ပြီးတာနဲ့ သူတို့ရဲ့အင်အားကို သေချာအောင်စုံစမ်းလို့ရတာပေါ့။ ဒါ့ကြောင့် မနက်ဖြန် နံနက်စောစောမှာ တစ်ခါတည်းထွက်သွားဖို့ ဆုံးဖြတ်လိုက်ပြီ…”
ယန်မိသားစုဝင်များအားလုံး မတတ်သာစွာ ခေါင်းညိတ်၍သဘောတူလိုက်ကြသည်။ လုံချန်သည် ဆုံးဖြတ်ပြီးဖြစ်သည်ဖြစ်ရာ သူတို့အနေဖြင့် သဘာဝအတိုင်း ကန့်ကွက်ခြင်းမရှိခဲ့ကြပေ။ ထို့အပြင် လုံချန်သည် သွေးဝိညာဉ်ဂိုဏ်း၏ ခြိမ်းခြောက်မှုအန္တရာယ်ကို ရှေ့ဆုံးကနေ ရပ်တည်ပြီး ရင်ဆိုင်ပေးနေသည်ဖြစ်ရာ လူတိုင်း အနည်းငယ်စိတ်သက်သာရာရလာသည်။
ယခုလက်ရှိလုံချန်သည် သွေးဝိညာဉ်ဂိုဏ်းနှင့် ထိပ်တိုက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသေးသည့်တိုင်အောင် ၎င်းတို့၏နှလုံးသားထဲတွင် ယုံကြည်မှုများ အလိုလိုဖြစ်ပေါ်လာကြသည်။
………………………..။
လုံချန်သည် သူ၏အိပ်ခန်းထဲရှိပစ္စည်းများကို ထုပ်ပိုးနေစဉ် ရုတ်တရက် တံခါးခေါက်သံကြားလိုက်ရသည်။ တံခါးသွားဖွင့်ပေးလိုက်သောအခါ ယန်ယွဲ့ချင်သည် အခန်းအပြင်တွင် ရပ်နေသည်ကို တွေ့လိုက်သည်။ ယန်ယွဲ့ချင်က လုံချန်ကို တစ်ချက်ကြည့်ရင်း မေးသည် “ငါ ဝင်လာလို့ရမလား…”
လုံချန်သည် မျက်နှာပေါ်တွင်အပြုံးအပြည့်ဖြင့် ပြန်ပြောသည် “ဒါပေါ့…။ ဘယ်မိခင်မဆို သားဖြစ်သူရဲ့အခန်းထဲကို ဘာကြောင့်ဝင်လို့မရရမှာလဲ…”
လုံချန်၏ပြုံးရွှင်နေသော အမူအရာဖြင့် သူတို့နှစ်ဦးပတ်ဝန်းကျင်ရှိ လေထုသည် တက်ကြွလာသည်။ ယန်ယွဲ့ချင်သည် သစ်သားထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီးနောက် စကားပြောရန် ပြင်လိုက်စဉ် လုံချန်က စကားစပြောသည် “တောင်းပန်ဖို့တောင် မတွေးပါနဲ့။ အဲဒါက ငါ(သား)အတွက် ဘာမှမထူးခြားတော့ဘူး။ အခုဆို အဲဒါအတွက် အမေ့ကို အပြစ်မတင်တော့ဘူး။ မနက်ဖြန်ကျ ထွက်သွားတော့မယ်။ ဒါပေမဲ့ အမေ အရမ်းကြီးလွမ်းဆွတ်နေစရာမလိုပါဘူး။ ယွမ်လင်းမြို့ပဲမဟုတ်လား၊ အချိန်မရွေးပြန်လာလ်ု့ရပါတယ်…”
ယန်ယွဲ့ချင်သည် သူမ၏သားဖြစ်သူကို ကြည့်ပြီး မျက်လုံးပင့်လျက် ပြောလိုက်သည် “ဘာကိုအဓိပ္ပါယ်မရှိတဲ့ စကားတွေပြောနေတာလဲ။ လင်းဝူတော်ဝင်မိသားစုက ယွမ်လင်းမြို့တော်တစ်ခုလုံးကို အုပ်ချုပ်တယ်။ ဒီတော့ အဲ့ဒီနေရာရဲ့လုံခြုံရေးက သေချာပေါက်တင်းကျပ်မှာပဲ။ နင် ဘယ်လိုလုပ်ပြီး စိတ်ရှိသလို ဝင်ထွက်သွားလာနိုင်မှာလဲ။ ချန်အာ… ငါဒီကို လာတာက အမေ့ရဲ့သားလေး အဲဒီကို ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ အကောင်းဆုံး ကြိုးစားရမယ်လို့ ပြောဖို့ပါပဲ။ သားရဲ့ ခွန်အားမလုံလောက်သေးတဲ့အတွက် ပြဿနာတစ်စုံတစ်ခု ဖြစ်ခဲ့ရင် အသက်ဘေးကြုံရနိုင်တယ်…”
“လင်းဝူတော်ဝင်မိသားစုက မဟာယွမ်လင်းမြို့တော်ရဲ့ ဘုရင်တစ်ပါးလိုပဲ။ ပြီးတော့ ကောလာဟလတွေအရဆိုရင် သူတို့မှာ နတ်အဆင့်အင်မော်တယ်တွေထက်တောင်မှ ပိုပြီးသန်မာတဲ့ အဆင့်မြင့်စွမ်းအားရှင်တွေ ရှိတယ်လို့ ပြောကြတယ်။ အဲ့ဒီစွမ်းအားရှင်တွေက ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးနိုင်တဲ့ တည်ရှိမှုတွေပဲ။ အခုလက်ရှိမှာ နင်က ကျော်ကြားခြင်းမြို့ရဲ့အရှင်သခင် ဖြစ်နေရင်တောင်မှ လင်းဝူတော်ဝင်မိသားစုထဲကို ဝင်ရောက်ပြီးတာနဲ့ အောက်ခြေကနေပဲ ပြန်စရလိမ့်မယ်။ ဝမ်းနဲ့ လွယ်ပြီးမွေးထားတဲ့အမေ ဖြစ်နေတဲ့အတွက် သားသေဆုံးတာကို ငါမလိုချင်ဘူး။ ဒါ့ကြောင့် အစစအရာရာသတိထားရမယ်…”
အမေဖြစ်သူ၏ မျက်နှာပေါ်ရှိ စိုးရိမ်တကြီးအမူအရာကို မြင်သောအခါ လုံချန်သည် အလွန်ခံစားသွားရသည်။ သို့သော် အမေဖြစ်သူ၏ စကားများကို သူ့စိတ်ထဲတွင် မှတ်သားထားလိုက်သည်။
ထို့နောက် သူ့စိတ်ထဲ၌ တွေးတောနေခဲ့သည် “နတ်အဆင့်အင်မော်တယ်ထက် သာလွန်တဲ့ စွမ်းအားရှင်တွေ… ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးနိုင်တဲ့ တည်ရှိမှုတွေလား… ဘယ်လောက်ထိ ကြောက်စရာကောင်းနိုင်မလဲ… ငါ့ရဲ့ ကျင့်ကြံမှုအရှိန်က မျိုးဆက်တူတွေထက် ပိုပြီးမြန်ဆန်တော့ နည်းနည်းလေးမာန်တက်နေခဲ့တာကိုတော့ ဝန်ခံရမယ်။ ငါ့ကိုယ်ငါ သေချာပေါက်ထိန်းမှရမယ်ထင်တယ်။ ဘယ်နေရာကိုသွားသွား ငါ့ထက်သာလွန်တဲ့သူတွေ အမြဲရှိနေမှာပဲ…”
ထို့ကြောင့် လုံချန်သည် ခေါင်းညိတ်ပြီး ပြောသည် “ကောင်းပါပြီ... အမေပြောတဲ့စကားလုံးတွေတိုင်းကို သေချာမှတ်သားထားပြီးပြီ။ စိတ်ချပါ… အမေ့ရဲ့သား အသက်ရှင်နေသရွေ့ ယန်မိသားစုကို ဘာမှမဖြစ်စေရဘူး…”
လုံချန်၏စကားသံများကို နားထောင်ပြီးနောက် ယန်ယွဲ့ချင်သည် သားဖြစ်သူ၏လေသံမှ ယုံကြည်မှုအပြည့်ရှိနေသည်ကို ခံစားမိသည်။
ဤမျှတိုတောင်းသောအချိန်အတွင်းမှာပဲ လုံချန်သည် ကြီးပြင်းလာခဲ့ပြီဖြစ်သည်။ အရာအားလုံးသည် ယခင်အတိုင်းရှိနေသော်လည်း သူမ၏သားဖြစ်သူဟာ လုံးဝကိုပြောင်းလဲသွားပါပြီ။
“အင်း၊ ငါ ထပ်မပြောတော့ဘူး။ စောစောအိပ်ပါ၊ ငါပြန်တော့မယ်…”
စကားပြောပြီးနောက်မှာတော့ ယန်ယွဲ့ချင်သည် မတ်တတ်ထလိုက်ပြီး ထွက်သွားရန် ပြင်သည်။ အကယ်၍ သူမ ထွက်မသွားသေးဘဲ ဆက်နေပါက လုံချန်အား နောက်တစ်နေ့တွင် ထွက်သွားခွင့်မပြုကြောင်း သေချာပေါက်ပြောမိပေလိမ့်မည်။ နောက်ဆုံးတော့ လုံချန်၏အခန်းထဲကနေ ထထွက်သွားရန်သာ ဆုံးဖြတ်လိုက်သည်။
“အမေ…” လုံချန်သည် ထွက်သွားရန်ပြင်နေသည့် ယန်ယွဲ့ချင်ကို ကည့်ကာ မသိစိတ်ကနေ အလိုလိုခေါ်လိုက်မိသည်။
ယန်ယွဲ့ချင်လည်း လန့်ဖျပ်သွားပြီး နောက်မှချိုသာစွာပြုံးလျက် ချက်ချင်းပြန်ဖြေသည် “တကယ်တော့ ငါဒီကိုလာခဲ့တာ ငါ့ရဲ့သားလေးဆီကနေ အမေလို့ခေါ်သံကို ကြားချင်လို့ပဲ။ ငါ့ကို ဒီလိုမခေါ်တာ အရမ်းကြာခဲ့ပြီ…”
“အနာဂတ်မှာ အခွင့်အရေးတွေ အများကြီးရှိဦးမှာပါ။ မကြာခဏခေါ်နေရင် စိတ်ညစ်လာမလားဆိုတာ ဘယ်သူသိမှာလဲ…”
ယန်ယွဲ့ချင်သည် သူမ၏သားဖြစ်သူကို ချစ်ခင်စွာကြည့်ပြီး ရယ်မောလျက် ပြောသည် “ငါ့သားက ထပ်ကာထပ်ကာခေါ်နေမယ်ဆိုရင်တောင် အမေက ဘာလို့စိတ်ညစ်ရမှာလဲ။ အမေ သေတဲ့အထိ ငါ့သားဆီကနေ အမေလို့ခေါ်တာကို အမြဲတမ်းကြားချင်တယ်…”
ဤစကားများပြောပြီးသောအခါ ဆက်၍မနေတော့ဘဲ အခန်းအပြင်သို့ ထွက်သွားခဲ့တော့သည်။ သို့သော် ရုတ်တရက် နောက်လှည့်ပြီး ပြောလိုက်၏ “လင်းချင်ဆိုတဲ့ ကောင်မလေး… ခုနတုန်းကပဲ အိမ်တော်ကနေ ခိုးထွက်သွားတာ ငါတွေ့လိုက်တယ်။ သူ ဘယ်ကိုသွားလဲမသိပေမယ့် သားအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ဖို့လို့ တော့ပြောသွားတယ်…”
“ယန်လင်းချင် လား…”
“ဒီမိုက်မဲတဲ့ ကောင်မလေး… သူမက ပိုင်ရှီဂျီးကိုတောင် သတ်နိုင်ခဲ့တယ်ဆိုတော့ ကြည့်ရတာ “အိပ်မက်ခုနစ်သွယ်ဓားသိုင်း”ကို လုံးဝကျွမ်းကျင်သွားခဲ့ပြီပဲ…” လုံချန်၏စိတ်ထဲ၌ ယန်လင်းချင်အပေါ် တော်တော်လေးအထင်ကြီးမိသည်။
သူနှင့် ယန်လင်းချင်ကြားက ဆက်ဆံရေးသည် အလွန်ကောင်းမွန်ပါသည်။ သူ ယွမ်လင်းမြို့တော်သို့ ခရီးထွက်ရန် ပြင်ဆင်နေသည်ကို မြင်ခဲ့သဖြင့် ယန်လင်းချင်တစ်ယောက် သေချာပေါက်ဝမ်းနည်းနေပေလိမ့်မည်။
“သူမက ဘယ်လိုလက်ဆောင်မျိုး ပြင်ဆင်နေတာလဲ…”
ယန်ယွဲ့ချင်ထွက်သွားပြီးနောက် ဤအတွေးကို ဆုပ်ကိုင်ထားရင်း လုံချန်သည် သူ၏သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို စစ်ဆေးပြီး ပြန်သိမ်းလိုက်၏။
သူ၏ ငွေရေးကြေးရေးအခြေအနေနှင့်ပတ်သက်ပြီး လောလောဆယ်မှာ နတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်ရှိခဲ့သည်။ ကျော်ကြားခြင်းမြို့မှာဆိုလျှင်တော့ သူသည် ချမ်းသာကြွယ်ဝသူအဖြစ် သတ်မှတ်ခံရပေမည်။ သို့သော်လည်း ယွမ်လင်းမြို့တော်သို့ ရောက်ရှိသွားပါက ဆင်းရဲသားတစ်ဦးအဖြစ်သာ သတ်မှတ်ခံရနိုင်၏
“အခုလက်ရှိ ငါ့ခွန်အားက နဂါးသွေးကြောနယ်ပယ်အဆင့် ၈ မှာပဲ ရှိနေသေးတယ်။ ဒီနတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးကို လောလောဆယ်အသုံးပြုလို့မရသေးသလို သွေးဝိညာဉ်ဂိုဏ်းရဲ့ အဆင့်မြင့်စွမ်းအားရှင်တွေနဲ့လည်း ဘယ်လိုမှရင်မဆိုင်နိုင်သေးဘူး။ ဒါပေမဲ့ ငါသာ နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ကိုရောက်သွားရင်တော့ မရသလို နီမြန်းသောသွေးနတ်စည်းအဖွဲ့၏ ရက်စက်ကြမ်းကြုတ်သူများကို လုံးဝကိုင်တွယ်၍မရပေ�। သို့သော် ကျွန်ုပ်သည် နဂါးသွေးကြောနယ်ပယ် အဆင့်ကိုးသို့ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးကို ချက်ချင်းစားလိုက်ရုံပဲ၊ ပြီးတော့ မြေကမ္ဘာအဆင့်အမြုတေနယ်ပယ်ကို အဲဒီအချိန်ရောက်ရင် သွေးဝိညာဉ်ဂိုဏ်းကို အတော်အသင့် ရင်ဆိုင်နိုင်လောက်ပြီ…”
“သွေးဝိညာဉ်ဂိုဏ်း…”
ယန်ဘိုးဘေးကြီးသည် လုံချန်အား လမ်းတစ်လျှောက်တွင် သုံးစွဲရန်အတွက် နတ်ဝိညာဉ်ကျောက်တုံးအများအပြား ထည့်ယူသွားရန်ပြောခဲ့သည်။ သို့သော်လည်း သူက သူ့ကို ၎င်းတို့ကို ငြင်းပယ်ခဲ့သည်။ သူ့ကို ထည့်ပေးလိုက်မည့်အစား ယန်မိသားစု၏အနာဂတ်အတွက် ချန်ထားခြင်းကသာ ပိုအသုံးဝင်နိုင်သည်ဟု ယူဆခဲ့လို့ပါ။
“ဟေ့… ရှောင်ရှီ… မင်းဝါးမျိုထားတဲ့ အိပ်မက်လင်ဇီးရဲ့စွမ်းအားက အချိန်ဘယ်လောက်ကြာကြာ ခံနိုင်မလဲ…”
လင်းရှီသည် ခဏလောက်တွက်ချက်ပြီး စိုးရိမ်တကြီး ပြန်ပြောသည် “အရင်က အိပ်မက်လင်ဇီး ၆ ပွင့် ရှိတာလေ၊ နောက်ဆုံးတိုက်ပွဲမှာ သုံးပွင့်လောက် သုံးပြီးသွားပြီ။ နောက်ထပ် ဘာမှဖြစ်မလာဘူးဆိုရင်တော့ နောက်ထပ် နှစ်လလောက်ထိ ဆက်ထိန်းထားနိုင်သေးတယ်…”
လုံချန်သည် သူမအတွက် စိုးရိမ်နေကြောင်း လင်းရှီကိုယ်တိုင်လည်း သိထားပါသည်။ နောင်အနာဂတ်၌ သေရေးရှင်ရေးအခြေအနေကို ထပ်မံကြုံတွေ့ခဲ့လျှင်လည်း သူမအနေဖြင့် လုံချန်ကို ထပ်မံကယ်တင်ဦးမည်ဖြစ်သည်။ သို့သော် အိပ်မက်လင်ဇီး (၃)ပွင့်သည် လင်းရှီအတွက် အနည်းငယ်သာ လုံလောက်ခဲ့သည်။ တစ်နည်းပြောရလျှင် အစွမ်းထက်တိုက်ခိုက်မှု နောက်ထပ် တစ်ကြိမ်သာ လုံလောက်တော့သည်။
“လာမယ့်နှစ်လလောက်အတွင်းမှာ အစစအရာရာသတိထားပြီးတော့ အန္တရာယ်ရှိတဲ့အခြေအနေကို အတတ်နိုင်ဆုံးရှောင်ရမယ်။ ပြီးတော့ ဝညာဉ်ကိုအားဖြည့်ပေးနိုင်တဲ့ ဆေးအမယ်တွေ များများထပ်ရှာရဦးမယ်…”
ဤအရာအားလုံးကို တွေးတောရင်း လုံချန်သည် စိတ်မသက်မသာ ဖြစ်လာသည်။
ယန်မိသားစုကို ကာကွယ်ရန်အပြင် လင်းရှီ၏ အသက်ရှင်သန်မှုသည် သူ မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်များပင်။
“ရှောင်ရှီ… သူမရဲ့ လက်ရှိအခြေအနေက အတော်လေးအန္တရာယ်များတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်တော့လိုတယ်။ ဒီမိုက်မဲတဲ့ ကလေးမလေး… သူမကို ငါ့ဆီကနေ ဘယ်လိုနည်းနဲ့မှ ထွက်သွားခွင့်မပြုနိုင်ဘူး …”
“ဟူး…..ပြောရရင် ငါလုံချန်ဟာ အခုထိ အရမ်းဆင်းရဲနေသေးတယ်…”
လုံချန်သည် အကြောင်းအရာများစွာကို အတောမတတ်နိုင်စွာ တွေးတောရင်း အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ လုံချန်သည် အဝတ်အစားများနှင့် ခရီးဆောင်ပစ္စည်းများကို သေချာထုပ်ပိုးလိုက်သည်။ သူ၏အခန်းတံခါးကို ဖွင့်လိုက်သည် နှင့်တစ်ပြိုင်နက် ယန်မိသားစုဝင်များအားလုံး အပြင်ကနေ စောင့်ဆိုင်းနေကြကြောင်း မြင်လိုက်ရလေသည်။
လုံချန်သည် လူအုပ်ကို အမြန်ကြည့်ရှုလိုက်သည်။ ယန်လင်းချင် မရှိကြောင်း သတိပြုမိသောအခါ အလျင်စလိုမေးလိုက်သည် “လင်းချင်… သူမ ဘယ်မှာလဲ…”
ယန်ယွမ်ထျန်းသည် အတင်းအားယူပြုံးလျှက် ခေါင်းယမ်းပြီး ပြန်ဖြေခဲ့သည် “ဒီကောင်မလေးက လက်ဆောင်ပြင်ဆင်နေတယ်လို့ပြောပြီး အခုထိပြန်မလာသေးဘူး။ မင်း အခုချက်ချင်းထွက်သွားမယ်ဆိုရင် သူမက မင်းကို လိုက်ပို့နိုင်မှာမဟုတ်တော့ဘူး…”
“အပြင်မှာ ဆက်ပြီးစကားပြောကြရအောင်…”
ယန်လင်းချင်သည် မည်သည့်အရာမျိုးပြင်ဆင်နေမှန်း မသိနိုင်သော်လည်း ယခုအချိန်ထိ ပြတ်မလာသေးရာ လဒချန်သည် အနည်းငယ်စိုးရိမ်နေမိသည်။ လူတိုင်း စကားပြောရင်း ယန်အိမ်တော်မှ လျင်မြန်စွာ ထွက်ခွာလာကြသည်။ ဤအချိန်တွင် အရှေ့အရပ်မှ နေမင်းကြီးထွက်ပေါ်လာလျှက် ကမ္ဘာမြေပြင်သည် တဖြည်းဖြည်းချင်း လင်းထိန်လာခဲ့လေသည်။
လူအုပ်သည် ခဏကြာသည်ထိ စောင့်ဆိုင်းနေသော်လည်း ယန်လင်းချင်ကို မတွေ့ရပေ။ ယန်ဘိုးဘေးကြီး သည် စိတ်မကောင်းဖြစ်မိသော်လည်း လုံချန်အား ဆက်ပြီးစောင့်ဆိုင်းမနေရန်ပြောခါနီးတွင် အဝေးကနေ မြင်းဟီသံ ထွက်ပေါ်လာသည်။
လုံချန်သည် အဝေးသို့ လှမ်းကြည့်လိုက်ရာ မိုက်မဲသောကလေးမလေး ယန်လင်းချင်သည် နှစ်မီတာခန့်မြင့်သော ခံ့ညားထည်ဝါသည့် မြင်းတစ်ကောင်ပေါ်တွင် အကျအနစီးနင်းလျှက် လူအုပ်ဆီသို့ ဒုန်းဆိုင်းရောက်ရှိလာနေသည်ကို တွေ့လိုက်ရသည်။ မကြာမီမှာပင် မြင်းစီးလျှက် လူအုပ်ရှေ့သို့ ရောက်ရှိလာသည်။
“ဒါ… ဒါက အဝါရောင်အဆင့်(၅) နတ်ဆိုးသားရဲဖြစ်တဲ့ အနက်ရောင်အကြေးခွံမြင်းမဟုတ်လား…”
ယန်လင်းချင် သူ့အား ပေးအပ်မည့် လက်ဆောင်သည် ဤအနက်ရောင်အကြေးခွံမြင်းဖြစ်လိမ့်မည်ဟုတော့ လုံချန်၏စိတ်ထဲ၌ ဘယ်သောအခါမှ မတွေးခဲ့ပေ။
လုံချန်သည် အနက်ရောင်အကြေးခွံမြင်းအား အလွန်နှစ်သက်ခဲ့သည်။ အထူးသဖြင့် ၎င်းမှ သယ်ဆောင်လာသော သတ်ဖြတ်မှုနှင့် သွေးညှီနံ့သည် သူ့ကို အထူးစိတ်ဝင်စားစေသည်။ အမှန်တိုင်းပြောရလျှင် ဤမြင်းသည် လုံချန်၏ စိတ်ကြိုက်ဖြစ်နေသည်။ ယန်လင်းချင်သည် သူၤ၏ စိတ်ကြိုက်ကို ကောင်းကောင်းနားလည်ထား၌ပုံရ၏။
မကြာမီမှာပင် ယန်လင်းချင်သည် လုံချန်၏ရှေ့သို့ လျှောက်လာသည်။ သူမသည် အစ်ကိုကြီးဖြစ်သူကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း ရွှင်မြူးစွာ ပြောလိုက်လေသည် “အစ်ကိုကြီးချန်… ဒါက ငါပြင်ဆင်ထားတဲ့ လက်ဆောင်ပါ။ နင် ကြိုက်လား…”
လုံချန်သည် ကျယ်လောင်စွာ ရယ်မောပြီး ယန်လင်းချင်းကို ပွေ့ဖက်ကာ သူမ၏ပါးနှစ်ဖက်ကို ညင်သာစွာ ဖိ ညှစ်လျက် ပြောလိုက်သည် “ကောင်မလေး၊ မင်းသာ ငါ့ဝမ်းကွဲညီမလေးမဟုတ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ သေချာပေါက် မင်းကို ငါ့အိပ်ရာပေါ်ဆွဲခေါ်သွားမှာ…”
ယန်မိသားစုဝင်များရှေ့တွင် ဖြစ်နေသည့်တိုင် လုံချန်သည် လုံးဝရှက်ရွံ့ခြင်းမရှိပေ။ ယန်လင်းချင်မှာမူ အလွန်ရှက်ရွံ့ပြီး ဒေါသထွက်နေလေသည်။ သူမက လုံချန်ကို တွန်းထုတ်ပြီး အဖေဖြစ်သူရှိရာသို့ အလျင်အမြတ်ပြေးသွားလေသည်။ လူတိုင်းသည် သူမကို ကြည့်နေမှန်း မြင်သောအခါ ယန်လင်းချင်၏မျက်နှာတစ်ခုလုံးသည် ပန်းသီးမှည့်တစ်လုံးလို နီရဲလာသည်။
“အင်း… ချန်အာ… ငါ့သမီးကို နောက်ထပ်မစပါနဲ့တော့။ မဟုတ်ရင် မင်းနဲ့ အသေအကြေတိုက်ခိုက်ရလိမ့်မယ်…” ယန်ယွမ်ထျန်းသည် ကျယ်လောင်စွာ ရယ်မောရင်း ပြောဆိုသည်။
အနက်ရောင်အကြေးခွံမြင်းကို ကြည့်ရင်း လုံချန်သည် လူတိုင်း၏ မျက်လုံးများထဲတွင် မလိုလားမှုကို မြင်လိုက်သည်။ ရှက်ရွံ့ပြီး ဒေါသထွက်နေသော ယန်လင်းချင်နှင့် အမေဖြစ်သူယန်ယွဲ့ချင်တို့ထံမှ နူးညံ့သော အကြည့်များပါဝင်သည်။ လုံချန်သည် ထပ်မံစကားမပြောတော့ဘဲ မြင်းပေါ်ခုန်တက်လိုက်သည်။
အနက်ရောင်အကြေးခွံမြင်းသည် အဝါရောင်အဆင့် ၅ နတ်ဆိုးသားရဲ ဖြစ်သော်လည်း လုံချန် ဆီကနေ ထွက်ပေါ်နေသည့် အစွမ်းထက်အငွေ့အသက်ကြောင့် ထိတ်လန့်ပြီး မငြင်းဆန်ရဲပေ။
လုံချန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ယန်မိသားစုဝင်များဆီသို့ လက်ဝှေ့ယမ်းပြပြီး မြင်းတင်ပါးကိုတစ်ချက်ပုတ်ကာ မဟာယွမ်လင်းမြို့တော်ဆီသို့ ဦးတည်ထွက်ခွာခဲ့လေတော့သည်။
သိပ်မကြာမီမှာပဲ လုံချန်သည် ကျော်ကြားခြင်းမြို့နှင့် တစ်စတစ်စဝေးလာလျှက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
Translator# အနှောင်အဖွဲ့ကင်းမဲ့သူ