← Chapters

အခန်း (၆၅-၆၆)

Vol. 5 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 5 Ch. 65-66

...(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၅)

အပိုင်း ၆၅ - မဟာခံတပ်ကြီး (၁၀)ခု

အနက်ရောင်အကြေးခွံမြင်း၏ အမြန်နှုန်းဖြင့်ပင် လုံချန်သည် ကျော်ကြားခြင်းမြို့မှ မဟာယွမ်လင်းမြို့တော်သို့ ရောက်ရှိရန် အချိန် (၁၀) ရက်ခန့် ကြာမြင့်မည်ဖြစ်သည်။

လုံချန်သည် လမ်းတွင် မြို့ငယ်များစွာကို ဖြတ်သန်းလာခဲ့သော်လည်း ခရီးလမ်းတစ်လျှောက် ရပ်နားခဲ့ခြင်းမရှိပေ။

အချိန်(၈) ရက်ခန့်ကြာပြီးနောက် ရှေ့တွင် ကြီးမားလှသော အုတ်ရိုးများဖြင့် တည်ဆောက်ထားသည့် မြို့ကြီးတစ်မြို့ ဘွားခနဲ ပေါ်ထွက်လာသည်။ အစပိုင်းတွင် လုံချန်သည် သူ့ရှေ့ကမြို့ကို မဟာယွမ်လင်းမြို့တော်ဟု ထင်မှတ်သွားမိသေး၏။ သို့သော်လည်း အနီးကပ်မြင်တွေ့လိုက်မှသာ ၎င်းသည် ဧရာမခံတပ်ကြီးတစ်ခုဖြစ်ကြောင်းသိလိုက်ရတော့သည်။ ၎င်းသည် မဟာယွမ်လင်းမြို့တော်၏ပတ်ပတ်လည်အား စောင့်ကြပ်ရသော မဟာခံတပ်ကြီး(၁၀)ခုထဲမှ တစ်ခုဖြစ်သည့် ယွမ်ယန်ခံတပ်သာဖြစ်ကြောင်း သိရှိလိုက်သည်။

ယွမ်ယန်ခံတပ်၏ လမ်းမများပေါ်တွင် လူပေါင်းများစွာ သွားလာနေလေသည်။ ထို့အပြင် ၎င်းတို့ထံမှ ထူးခြားသောအငွေ့အသက်များလည်း ထွက်ပေါ်နေခဲ့သည်။ အချို့က လမ်းမဘေးရှိဆိုင်ခန်းများကို လှည့်ပတ်ကြည့်ရှုနေသလို တချို့ကလည်းစကားပြောဆိုရင်းသွားလာနေကြသည်။ အတိုချုပ်ပြောရလျှင်တော့ ဤနေရာတွင် အစွမ်းထက်ကျင့်ကြံသူများစွာ ရှိနေသည်မှာ ထင်ရှားလှသည်။

“ပစ္စည်းပစ္စယတွေပဲဖြစ်ဖြစ်၊ ကျင့်စဉ်တွေပဲဖြစ်ဖြစ် ယွမ်ယန်ခံတပ်က ငါနေထိုင်ခဲ့တဲ့ ကျော်ကြားခြင်းမြို့ထက် အဆပေါင်းများစွာ သာလွန်တယ်။ ဒါတောင်မှ မဟာယွမ်လင်းမြို့တော်ရဲ့ အစောင့်အကြပ် ခံတပ်တစ်ခုလောက်ပဲရှိသေးတယ်။ သေချာ တွေးကြည့်ရင်…”

လုံချန်သည် မထိန်းနိုင်တော့ဘဲ စိတ်ထဲတွင် ကျယ်လောင်စွာ အော်ဟစ်ခဲ့သည်။

လုံချန်၏တောသားသဖွယ်လုပ်ရပ်ကို မြင်သောအခါ လင်းရှီသည် အမြင်ကပ်သည့်လေသံဖြင့် ပြောလိုက်သည် “လောကကြီးကို မမြင်ဖူးတဲ့ တောသားလေးပဲ… တော်ဝင်နယ်မြေကို မြင်တဲ့အခါမှ တကယ့်ကြီးမားမှုက ဘာလဲဆိုတာ နင်သိလိမ့်မယ်…”

“တော်ဝင်နယ်မြေဆိုတာ ဘာလဲ…”

“ငါ မပြောဘူး…”

“…”

မကြာခင်မှာပဲ ရှေ့ခပ်လှမ်းလှမ်း၌ လူစည်ကားနေသော တည်းခိုခန်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ ၎င်းသည် ကျော်ကြားခြင်းမြို့ရှိ နာမည်ကျော် “နေအလင်းတည်းခိုခန်း” ထက် အဆပေါင်းများစွာ မြင့်မားလှသည်။ ဤအဆောက်အအုံ၏ လှပသောဗိသုကာပညာကို မြင်သောအခါ လုံချန်သည် အံ့ဩမှင်တက်ရင်း တည်းခိုခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

“ဒီကောင်စုတ်နဲ့အတူ ခရီးသွားရတာ တော်တော်ရှက်စရာကောင်းတာပဲ…” လင်းရှီသည် စိတ်ထဲ၌ မှတ်ချက်ပြုလိုက်သည်။

ဤအချိန်တွင် စားပွဲထိုးတစ်ဦးသည် အလျင်အမြန် လာရောက်ကြိုဆိုခဲ့သည်။ စားပွဲထိုး၏ မျက်လုံးများသည် အလွန်ထက်မြက်ပုံရသည်။ လုံချန်၏ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး သူ့ရှေ့မှလူငယ်သည် မြို့ငယ်လေးတစ်ခုမှ ချမ်းသာသော သခင်လေးတစ်ဦးဖြစ်မည်ဟု ယူဆလိုက်သည်။ သို့သော် ယွမ်ယန်ခံတပ်မှာတော့ နံဘေး၌ အစေခံ သို့မဟုတ် အစောင့်အရှောက် မပါသရွေ့ သာမန်လူထက်မပိုပေ။ ထို့ကြောင့် စားပွဲခိုးက လုံချန်အား ပုံမှန်အတိုင်းသာ ဆက်ဆံလိုက်သည်။

“ဧည့်သည်တော်… ခဏတာအနားယူဖို့လား… အချိန်တစ်ခုကြာတဲ့အထိတည်းခိုဖို့လား…”

ကျော်ကြားခြင်းမြို့တွင် လုံချန်သည် မည်သည့်တည်းခိုခန်းကိုမဆို သွားသည်ဖြစ်စေ ယဉ်ကျေးစွာ ကြိုဆိုခံရပြီး ပြုံးရွှင်သောအမူအရာများဖြင့် ဧည့်ခံခံရလေ့ရှိသည်။ ဤကဲ့သို့ စားပွဲထိုး၏ မာမာထန်ထန်လေသံမျိုး ကြားရခြင်းကား သူ့အတွက် မမျှော်လင့်ထားသလို ပထမဆုံးအကြိမ်လည်းဖြစ်ခဲ့သည်။

သို့သော် လုံချန်၏စိတ်ထဲ၌ လက်ရှိတွင် သူ့ကိုယ်သူ တန်ဖိုးမရှိသည့် လူတစ်ယောက်လို ဟန်ဆောင်ရမည်ဖြစ်ကြောင်း နားလည်ထားသည်။ ဤနေရာတွင် ကိုယ့်ကိုကိုယ်နှိမ့်ချနေခြင်းသည် သူ့အတွက်အကောင်းဆုံးရွေးချယ်မှုပင်။ ထို့ကြောင့် လုံချန်သည် သူ့ရှေ့ရှစားပွဲထိုးနှင့် စကားများရန် စဉ်းစားမနေတော့ဘဲ လိုရင်းသာ တိုက်ရိုက်ပြောလိုက်တော့သည် “ငါ့ရဲ့မြင်းကို အစာကျွေးဖို့ ခေါ်သွားပေးပါဦး၊ ပြီးတော့ အကောင်းဆုံးအအသီးအနှံတွေပဲ ကျွေးပါ။ ပြီးရင် ငါစားဖို့အတွက် ဟင်းပွဲကောင်းကောင်းတွေ လာချပေး…. နောက်တစ်ခုက ငါတည်းခိုဖို့ အကောင်းဆုံးအခန်းတစ်ခန်းပါ ပြင်ဆင်ထားပေး…”

လုံချန်၏အနက်ရောင်အကြေးခွံမြင်းကို မြင်သောအခါ စားပွဲထိုးသည် ချက်ချင်း အံ့ဩသွားခဲ့သည်။ သူ့စိတ်ထဲတွင် တွေးမိသွား၏ “ဒီတောသားလေးက ဒီလိုသန်မာတဲ့ မြင်းကိုတောင် ယဉ်ပါးစေနိုင်တယ်။ သူ့မှာ တော်တော်စွမ်းရည်ရှိပုံပဲ။ ငါ့အနေနဲ့ တည်းခိုခန်းလာတဲ့လူတိုင်းကို သတိထားရမယ်။ ပြီးတော့ ငါ့ရှေ့က ဒီလူငယ်ကို မရိုမသေမလုပ်မိအောင် ရှောင်ရမယ်။ သူ့ကို ကောင်းကောင်းမွန်မွန် ဝန်ဆောင်မှုပေးတာက ပိုပြီးပညာရှိတယ်…”

စားပွဲထိုးသည် အခြေအနေကို အချိန်တော်တော်ကြာအောင် ချင့်ချိန်တွေးတောပြီးနောက် ချက်ချင်းဆိုသလိုပင် ဖော်ရွေသောအပြုံးတစ်ခုဖြင့်ပြုံးပြလျှက် တည်းခိုခန်း၏မြင်းထိန်းတစ်ယောက်ကိုလှမ်းခေါ်လိုက်သည်။ မြင်းထိန်း ရောက်သည် နှင့်တစ်ပြိုင်နက် လုံချန်၏မြင်းကို အထူးဂရုစိုက်၍အစာကျွေးရန် ညွှန်ကြားခဲ့သည်။ ထို့နောက် လုံချန်ကို ဒုတိယထပ်သို့ ဦးဆောင်ခေါ်ဆောင်သွားပြီး ပြတင်းပေါက်တစ်ခုနားရှိ စားပွဲ၌ နေရာချပေးလိုက်လေသည်။

လုံချန်သည် ပြတင်းပေါက်မှ အပြင်သို့ တစ်ချက်ကြည့်လိုက်ရာ တည်းခိုခန်း၏ မြင်းထိန်းသည် အနက်ရောင်အကြေးခွံမြင်းကို ကြိုးဖြင့် ကောင်းစွာချည်နှောင်ပြီး အစာကျွေးရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။

ဤမြင်းသည် သူ၏ဝမ်းကွဲညီမလေး ယန်လင်းချင်၏နှုတ်ဆက်လက်ဆောင်ဖြစ်သည်။

ဤအနက်ရောင်အကြေးခွံမြင်းကို မြင်တိုင်း သူ၏နှလုံးသားထဲတွင် ချိုမြသော ခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။ ဤအချိန်တွင် သူသည် စားပွဲထိုးအား အနက်ရောင်အကြေးခွံမြင်းကို အထူးဂရုစိုက်၍ ကျွေးမွေးရန် ထပ်ပြောလိုက်သည်။

“ဧည့်သည်တော်…စိတ်ချပါ၊ ငါတို့ရဲ့ မြင်းထိန်းတွေဟာ သာမန်အလုပ်သမားတွေမဟုတ်သလို မြင်းမွေးမြူတဲ့နေရာမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိကြတယ်။ မနက်ဖြန်ကျရင် ဧည့်သည်တော်ရဲ့ အနက်ရောင်အကြေးခွံမြင်းက သေချာပေါက် ပိုမိုသန်မာလာမယ်ဆိုတာ သေချာပေါက်အာမခံပါတယ်…”

စားပွဲထိုးက ထွက်သွားရန် ပြင်နေစဉ် လုံချန်သည် ခဏတားလိုက်သည်။

“ဧည့်သည်တော်… တခြားကိစ္စရှိသေးလား…”

လုံချန်သည် ထမင်းတစ်လုပ် အရင်စားလိုက်ရင်း ရိုးရှင်းစွာ မေးခဲ့သည် “မင်းက ဒီမှာစားပွဲထိုးလုပ်နေတာဆိုတော့ ယွမ်ယန်ခံတပ်ရဲ့အကြောင်းကို သေချာသိသလား။ ငါမေးချင်တာက ဒီအနီးနားမှာ ဝိညာဉ်ကို ပြန်ပြီးအားဖြည့်ပေးတဲ့ ဆေးအမယ်တွေရှိသလား…”

စားပွဲထိုးသည် လုံချန်မေးလိုက်သောစကားကြောင့် အံ့ဩသွားပြီး ပြန်ဖြေပါသည် “ငါ အသက်ငယ်ငယ်လေးကတည်းက ယွမ်ယန်ခံတပ်မှာ နေထိုင်လာခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ ဧည့်သည်တော် မေးတဲ့ ဝိညာဉ်အားဖြည့်ဆေး ဒါမှမဟုတ် ဝိညာဉ်ဆေးအမယ်တွေကို သေချာမသိဘူး။ ဧည့်သည်တော်… မင်းက ဘာမှနားမလည်တဲ့သူကို မေးလိုက်တာနဲ့အတူတူပဲ…”

လုံချန်သည် မျက်မှောင်ကြုတ်လိုက်သည်။

လင်းရှီနတ်ဓားထဲမှ လင်းရှီသည် လုံချန်၏စိုးရိမ်သံကို ကြားနေမြင်နေရသဖြင့် နှလုံးသားထဲ၌ နွေးထွးမှုကို ခံစားလိုက်ရသည်။

“ဒါဆိုရင် ဒီလိုမျိုးဆေးအမယ်တွေကို ဘယ်မှာ ရှာလို့ရနိုင်မယ်ထင်လဲ…”

စားပွဲထိုးက ခဏစဉ်းစားပြီးနောက် ပြောသည် “ယွမ်ယန်ခံတပ်မှာ ဝိညာဉ်ဆေးအမယ်စျေးကွက်မရှိပေမယ့် “နေ့သစ်ကုန်သွယ်ရေးအဖွဲ့”မှာတော့ ကျင့်ကြံသူတိုင်း လိုအပ်တဲ့အရာအားလုံး ရှိတယ်လို့ ငါကြားဖူးထားပါတယ်။ ကျင့်စဉ်တွေ၊ နည်းစနစ်တွေကစလို့ ဝိညာဉ်ဆေးအမယ်တွေအဆုံး လက်နက်တွေနဲ့ တခြားစိတ်ဝင်စားစရာကောင်းတဲ့အရာတွေပါ ရှိသေးတယ်။ တစ်ယောက်ယောက်က ငွေရှိရင် လိုချင်တာအားလုံးကို ဝယ်ယူနိုင်တယ်။ ဝိညာဉ်ဆေးအမယ်တွေနဲ့ပတ်သက်ရင်တော့ ဧည့်သည်တော် လိုသလောက် အများကြီးရှိမယ်လို့ ငါထင်ပါတယ်၊ ဒါပေမဲ့…”

စားပွဲထိုးသည် လုံချန်ကို တစ်ချက်ကြည့်လိုက်ပြီး အလေးအနက်ထား၍ ဆက်ပြောသည် “အရေးကြီးတာက ငွေပဲ။ နေ့သစ်ကုန်သွယ်ရေးအဖွဲ့မှာ တစ်ခုခုဝယ်ချင်ရင် အနည်းဆုံး နတ်ဝိညာဉ်ကျောက်တုံး(၁၀)ခုလောက် ပိုင်ဆိုင်မှရလိမ့်မယ်။ မဟုတ်ရင် ဘာတစ်ခုမှ ဝယ်နိုင်မှာမဟုတ်ဘူး …”

သူ့အမြင်အရ လုံချန်သည် ဆင်းရဲချောင်ကျသောနေရာမှ လာသူဖြစ်သဖြင့် ငွေကြေးအနည်းငယ်သာ ပိုင်ဆိုင်သည့် တောသားဟု ထင်နေသည်။

“နေ့သစ်ကုန်သွယ်ရေးအဖွဲ့လား…”

လုံချန်သည် လူအများကို အထင်အမြင်သေးဆက်ဆံတတ်သော ဤစားပွဲထိုးကို စိတ်ထဲ၌ ဂရုမထားဘဲ ၎င်းကို ထွက်သွားခိုင်းလိုက်တော့သည်။

“ဘာပဲဖြစ်ဖြစ် ငါတို့က မဟာယွမ်လင်းမြို့တော်ကို ဦးတည်သွားနေတာပဲမဟုတ်လား။ အနာဂတ်မှာ နေ့သစ်ကုန်သွယ်ရေးအဖွဲ့ကို ရောက်အောင်သွားကြည့်ရသေးတာပေါ့။ ဒါပေမဲ့ ငါ့မှာ လောလောဆယ် အဆင့်မြင့်နတ်ဝိညာဉ်ကျောက်တုံး(၁) လုံးပဲရှိတယ်။ အဘိုးက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတွေ ထည့်ပေးလိုက်ပေမယ်လို့ များများစားစားမဟုတ်ဘူး…”

ဤအချိန်တွင် လင်းရှီထံမှ ရှားရှားပါးပါး နူးညံ့သောလေသံ ထွက်လာသည် “ဟေ့… ဘာကြောင့် ဒီလောက်အလျင်စလိုလုပ်နေတာလဲ။ ငါတို့မှာ အချိန်နှစ်လလောက်ရှိသေးတယ်။ ပြီးတော့ ငါ ဒီလိုအခြေအနေတွေမှာ အမြဲရှင်သန်နိုင်ခဲ့တယ်၊ အခုတော့ နင်လည်းရှိနေပြီလေ…”

လုံချန်သည် ရယ်မောလျက် ပြောလိုက်၏ “ရှီလေး…မင်း ဒီလိုမရေရာတဲ့စကားတွေပြောနေတာပဲ။ ဘာလဲ… မင်း ငါ့အပေါ် တစ်ခုခုကြံစည်နေတာလား။ ရိုးရိုးသားသားပြောပါ်… ငါ့ရဲ့ချောမောတဲ့ရုပ်ရည်က မင်းကို ဖမ်းစားမိလိုက်လို့ ငါနဲ့လက်ထပ်ဖို့ အခွင့်အရေးရှာနေတာလား…”

“အဓိပ္ပါယ်မရှိတာတွေ… နင့်လို ရုပ်ဆိုးတဲ့လူကို ကြိုက်စရာလား… နင်က အရမ်းစက်ဆုပ်စရာကောင်းတဲ့ကောင်စုတ်…”

လုံချန်နှင့် လင်းရှီတို့ ပျော်ရွှင်စွာ စကားပြောနေစဉ် မြင်းစီးလာသောလူတစ်စုသည် စားသောက်ဆိုင်ရှေ့ရှိ လမ်းမထက်၌ ရပ်တန့်နေကြသည်။

ခေါင်းဆောင်သည် ခမ်းနားထည်ဝါသော အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အတော်လေးကြည့်ကောင်းသော လူငယ်တစ်ဦးဖြစ်ခဲ့သည်။

လူငယ်သည် အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိသော်လည်း သူ၏အမူအရာသည် အလွန်အေးဆေးတည်ငြိမ်ကာ သူ၏အကြည့်များကတော့ လျှပ်စီးလက်ကဲ့သို့ တဖြက်ဖြက်ခတ်နေသည်။ သူ၏ဟန်ပန်အမူအရာကို ကြည့်ခြင်းအာ’ဖြင့် အဆိုပါလူငယ်လေးသည် အင်အားစုကြီးတစ်ခုမှ သခင်ငယ်လေးဖြစ်ကြောင်း ခန့်မှန်းနိုင်ပေသည်။

ဤအချိန်တွင် လုံချန်ကို သာမန်လိုသာဆက်ဆံခဲ့သော စားပွဲထိုးသည် ချက်ချင်းဆိုသလိုပင် ရှေ့သို့တက်လာပြီး သူ့မျက်နှာကို အစွမ်းကုန်ပြုံးထားလျှက် ဧည့်သည်လူငယ်လေးကို စိတ်အားထက်သန်စွာ ကြိုဆိုလေတော့သည်။ လူငယ်၏မျက်နှာသည် သူ့ကို ဂရုပင်မစိုက်သော်လည်း စားပွဲထိုးကတော့ ဆက်လက်ပြုံးနေလေသည်။

“အစေခံ… ငါတို့ရဲ့မြင်းတွေကို ဆွဲသွားပြီးတော့ အစာကျွေးထားလိုက်…မင်းတို့ဆိုင်ရဲ့အတွေ့အကြုံအရှိဆုံးနဲ့ အကျွမ်းကျင်ဆုံး မြင်းထိန်းကို သုံးရမယ်… ပြီးတော့ မင်းတို့မှာ ရှိသမျှ အကောင်းဆုံး အသီးအနှံတွေကျွေးပါ... နောက်တစ်ခုက ငါတို့ စားသောက်ဖို့အတွက် ဒီဆိုင်ရဲ့အကောင်းဆုံးဟင်းလျာတွေ ယူလာခဲ့လိုက်… ဝန်ဆောင်မှုကောင်းရင် မင်းလို နိမ့်ကျတဲ့အစေခံကအကျိုးအမြတ်ရလိမ့်မယ်….”

လူငယ်၏နံဘေးတွင် ပိန်လှီသောအဘိုးအိုတစ်ယောက်သာ ပါလာပုံရသည်။ ဤအခိုက်အတန့်တွင် စားပွဲထိုးက လူငယ်လေးအတွက် တည်းခိုရန်နေရာ ပြင်ဆင်မှုများဖြင့် အလုပ်များသွားတော့ည်။ အရာရာတိုင်းကို ကျကျနနဖြစ်အောင် စီမံပြီးမှသာ သူသည် ထိုလူငယ်ကို တည်းခိုခန်းထဲသို့ ဦးဆောင်ခေါ်သွားခဲ့သည်။ သို့သော် ဤအချိန်တွင် လူငယ်က ပျော်ရွှင်သော အမူအရာဖြင့် ရုတ်တရက်ပြောလိုက်သည် “စားပွဲထိုး… ငါ့ကို မြင်းဇောင်းဆီ ခေါ်သွားစမ်း…”

မကြာမီတွင် သူတို့ဟာ လုံချန် ထိုင်နေသော ပြတင်းပေါက်နှင့် မဝေးလှသည့် မြင်းဇောင်းသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။

လူငယ်သည် မြင်းဇောင်းထဲကို တစ်ချက်ကြည့်လိုက်ရာ အနက်ရောင်အကြေးခွံများနှင့် သန်မာသောမြင်းတစ်ကောင်ကို မြင်တွေ့သွား၏။ ၎င်းသည် လုံချန်၏ အနက်ရောင်အကြေးခွံမြင်းဖြစ်သည်။

အနက်ရောင်အကြေးခွံမြင်းကို မြင်သောအခါ ထိုလူငယ်၏မျက်လုံးများသည် လင်းလက်သွားပြီး ပြောသည် “အမဲလိုက်ကွင်းပြင်မှာ ငါ့ရဲ့သံမဏိမြင်းလေး သေဆုံးသွားတဲ့နောက်တော့ ဒီလိုမြင်းကောင်းတစ်ကောင်ကို အလွယ်တကူ ရှာတွေ့မယ်လို့ ဘယ်သူထင်မှာလဲ… ကောင်းကင်ဘုံက ငါဟွမ်ရှန်းကို ကောင်းချီးပေးနေတာပဲဖြစ်ရမယ်… လူအိုကြီးလျူ… ဒါက ရှားပါးတဲ့ ဟွမ်(အဝါရောင်)အဆင့် ၅ နတ်ဆိုးသားရဲဖြစ်တဲ့ အနက်ရောင်အကြေးခွံမြင်းမဟုတ်လား…”

သက်တော်စောင့်လျူသည်လည်း ထိုမြင်းကို တစ်ချက်ကြည့်ပြီး အော်ဟစ်ထောက်ခံဘိုက်သည် “တကယ်ပဲ… ဒီမြင်းက အရမ်းသန်မာပြီးတော့ အမွေးအရောင်ကလည်း သန့်စင်တယ်၊ အကြေးခွံတွေလည်း စီစီရီရီရှိတယ်။ ဒါဟာ အနက်ရောင်အကြေးခွံမြင်းတွေထဲမှာမှ အကောင်းဆုံးပဲ။ လူငယ်သခင်လေး…ယွမ်ယန်မြို့တော်မှာ ဒီလိုမြင်းကောင်းတစ်ကောင်ကို ပထမဆုံးစီးနင်းနိုင်ခဲ့တာ ဂုဏ်ယူပါတယ်…”

ဘေးနားရှိ တခြားအစေခံများလည်း ဝိုင်းဝန်း၍ ချီးကျုးထောပနာပြုကြသည်။

ယခုအချိန်တွင် ဟွမ်ရှန်းသည် အလွန်ပျော်ရွှင်နေပေသည်။ သူ့စိတ်ကို ခေတ္တချုပ်တည်းထားလိုက်ပြီး အနက်ရောင်အကြေးခွံမြင်းကို ယဉ်ပါးအောင်လုပ်ရန် ရှေ့သို့လျှောက်လာခဲ့သည်။

ဤအချိန်တွင် အနက်ရောင်အကြေးခွံမြင်းသည် သူစိမ်းလူအုပ်ကြီးကို သတိပြုမိဟန်တူသည်။ ၎င်း၏မျက်လုံးတွေဟာ တဖြည်းဖြည်း သွေးရောင်သန်းလာကာ လူအုပ်ကို အေးစက်စွာ ကြည့်နေလေသည်။

“မြင်းလေးရေ… ငါနဲ့တွေ့တာက မင်းရဲ့ကံကြမ္မာပဲ… ငါ့စကားကို နာနာခံခံနဲ့နားထောင်လိုက်စမ်း… ဒီသခင်လေးဟွမ်က မင်းကို သေချာပေါက် ကောင်းကောင်းဆက်ဆံမှာပါ…”

စကားများပြောနေရင်း ဟွမ်ရှန်းတစ်ယောက် စိတ်လှုပ်ရှားမှုအပြည့်နှင့် အနက်ရောင်အကြေးခွံမြင်းဆီသို့ ဖြည်းဖြည်းချဉ်းကပ်လာသည်။

သို့သော် ဘေးနားရှိ စားပွဲထိုးသည် ရုတ်တရက်ထိတ်လန့်သွားခဲ့၏။

ဤအနက်ရောင်အကြေးခွံမြင်း၏ ပိုင်ရှင်သည် လုံချန်ဖြစ်ကြောင်း သိနေသည်မဟုတ်ပါလား။ သို့သော် သူ့ရှေ့ရှိ ဟွမ်ရှနမ်းသည် သာမန်လူတစ်ယောက်မဟုတ်ခဲ့ပေ။ ၎င်း၏နောက်ခံသည် အမည်မသိလူငယ်ထက် များစွာမြင့်မားပုံရသည်။ မည်သို့ပင်ဆိုစေကာမူ သူ့စိတ်ထဲ၌ ဟွမ်ရှန်းသည် ရန်မစသင့်သူဖြစ်ကြောင်း အလိုလိုခံစားမိခဲ့သည်။

ထို့နောက် သူသည် စိတ်အားထက်သန်စွာဖြင့် ဟွမ်ရှန်းရှေ့သို့ အပြေးသွားပြီး ချီးကျူးသံအပြည့်ဖြင့် ပြောလိုက်တော့သည် “သခင်လေးဟွမ်က ဒီမြင်းကို အရမ်းသဘောကျနေပုံပဲ၊ ဒါပေမဲ့ ဒါက တခြားဧည့်သည်တစ်ဦးရဲ့ပိုင်ဆိုင်မှု ဖြစ်နေတာခက်တယ်။ ငါ သူ့ဆီသွားပြီးတော့ သခင်လေးဟွမ်က သူ့ရဲ့မြင်းကို လိုချင်နေတယ်လို့ အကြောင်းကားပေးရမလား…”

ဟွမ်ရှန်းသည် စားကွဲထိုး၏စကားကြောင့် ရုတ်တရက်အံ့ဩသွားပြီးနောက် အနည်းငယ် စိတ်ဆိုးသွားခဲ့သည် “ဒီလောက်ကောင်းတဲ့ မြင်းကို ပိုင်ရှင်ရှိပြီးသားလား… သာမန်လူတွေက ဒီလိုရှားပါးတဲ့မြင်းကောင်းတစ်ကောင်ကို ပိုင်ဆိုင်ဖို့မထိုက်တန်ဘူး… ဒါပေမဲ့ ငါ့အဖေက လူအများရှေ့မှာ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေဖို့ သတိပေးခဲ့တယ်။ လူအိုကြီးလျူ.. နတ်ဝိညာဉ်ကျောက်တုံး(၂)တုံး ယူသွားပြီးတော့ မြင်းပိုင်ရှင်ဆီ ပေးလိုက်ပါ…”

“နတ်ဝိညာဉ်ကျောက်တုံး ၂ လုံးလား…” … နတ်ဝိညာဉ်ကျောက်တုံး ဟူသော စကားသံကို ကြားလိုက်ရသောအခါ စားပွဲထိုးဟာ စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများ အရောင်လက်သွား၏။ သေချာသည်မှာ ဤလူငယ်ဟွမ်ရှမ်းသည် နောက်ခံအင်အားရှိသော လူငယ်သခင်လေးတစ်ဦးဖြစ်ကြောင်း သိသာပေသည်။

ဟွမ်ရှန်း၏နံဘေးမှ သက်တော်စောင့်အဘိုးကြီးလည်း ချက်ချင်း သဘောတူလိုက်ပြီး စားပွဲထိုး၏နောက်သို့ လိုက်သွားရန် ပြင်သည်။ သို့သော်လည်း ဤအချိန်တွင် လုံချန်သည် ပြတင်းပေါက်မှ ခုန်ဆင်းလာခဲ့သည်။ ဟွမ်ရှန်းက သူ၏အနက်ရောင်အကြေးခွံမြင်းကို လိုချင်တပ်မက်နေကြောင်း သူကိုယ်တိုင် မြင်တွေ့ခဲ့သည်မဟုတ်ပါလား။

“ဒီကောင်ဟွမ်ရှန်းက ငါ့ထက် နည်းနည်းလေးပဲ အသက်ကြီးပေမယ်လို့ သူ့ခွန်အားကျတော့ ငါ့အဘိုးထက်တောင် အများကြီးသန်မာနေသေးတယ်…”

သူ့စိတ်ထဲ၌ အံ့ဩသွားမိသော်လည်း လုံချန်သည် ဟွမ်ရှန်းကို မကြောက်ရွံ့ခဲ့ပေ။

သူဘဝတစ်လျှောက်လုံး ကျော်ကြားခြင်းမြို့ကဲ့သို့ နေရာငယ်လေးတွင်သာ နေထိုင်ခဲ့ဖူးပြီးကြီးမားကျယ်ပြန့်သော လောကကြီးကို မမြင်ဖူးခဲ့ပေ။ သူ့ရှေ့မှ လူငယ်ဟွမ်ရှန်းကို ကြည့်ရင်း လောကတွင် သူ့ထက် သာလွန်သူများ အမြဲရှိနေမည်ကို ပို၍သိရှိလာရသည်။

လုံချန်ရောက်ရှိလာသည်ကို မြင်သောအခါ စားပွဲထိုးသည် ချက်ချင်း လာရောက်ကြိုဆိုပြီး ဟွမ်ရှန်းအား ဖားလျားလိုသော အသံဖြင့် လုံချန်ကိုကြည့်၍ ပြောလေသည်။ “ဒီကဧည့်သည်တော်… ငါတို့ရဲ့ လူငယ်သခင်လေး ဟွမ်က နတ်ဝိညာဉ်ကျောက်တုံး ၂တုံးနဲ့ မင်းရဲ့မြင်းကို ဝယ်ချင်နေတယ်။ ဧည့်သည်တော်သိထားဖို့က ဒီအနက်ရောင်အကြေးခွံမြင်းက ဟွမ်အဆင့် ၅ ပဲရှိတယ်။ နတ်ဝိညာဉ်ကျောက်တုံး ၁တုံးတောင် မတန်ဘူး၊ ဒါပေမဲ့ ငါတို့ရဲ့လူငယ်သခင်လေး ဟွမ်က…”

စားပွဲထိုး၏ စကားအသွားအလာအရ လုံချန်သည် အမြတ်အစွန်းရလိမ့်မည်ဟု ထင်ရသည်။

ထိုဟွမ်ရှန်းသည် လုံချန်ကို လုံးဝမကြည့်ဘဲ မြင်းကိုသာ သဘောကျစွာ ဆက်လက်ကြည့်ရှုနေသည်။ သို့သော် ၎င်း၏ဘေးနားမှအိမ်တော်ထိန်းလျူသည် လုံချန်ကို တစ်ချက်ကြည့်ပြီး သိုလှောင်အိတ်ထဲမှ နတ်ဝိညာဉ်ကျောက်တုံး ၂ တုံး ထုတ်ယူကာ သူ့ဆီသို့ ပစ်ပေးလိုက်သည်။ထို့နောက်တွင် သူသည် စကားတစ်ခွန်းထပ်ဖြည့်ပြောလိုက်သည်။ “နတ်ဝိညာဉ်ကျောက်တုံးတွေကို မြန်မြန်ယူပြီး ထွက်သွားစမ်း။ ငါတို့ရဲ့လူငယ်သခင်လေးက မင်း ဒီလိုမြင်းကောင်းကို စီးနေတာ တွေးမိရင် မင်းရဲ့ခြေထောက်တွေကို ရိုက်ချိုးပစ်လိမ့်မယ်…”

ထိုစကားပြောပြီးနောက် သူသည် လုံချန်ကို ထပ်မံအာရုံစိုက်မနေတော့ပေ။

‘ဒေါက်… ဒေါက်…. ’ အဘိုးကြီးလျူ ပေးခဲ့သော နတ်ဝိညာဉ်ကျောက် ၂ လုံးသည် မြေပေါ်သို့ ပြုတ်ကျသွားသည်။ သို့သော် လုံချန်သည် ကောက်ယူရန်ပင် စိတ်မဝင်စားပေ။

ဘေးနားကနေ အခြေအနေကို စောင့်ကြည့်နေသောစားပွဲထိုးသည် ရုတ်တရက်အံ့ဩသွားသည်။ ထို့နောက် သူသည် လုံချန်ကို အော်ငေါက်ရန်ပင် တွေးမိသွားပြီး ရေရွတ်လိုက်သည်။ “သူက တကယ်အသုံးမကျဘူး။ နတ်ဝိညာဉ်ကျောက်တုံး ၂ လုံးကိုတောင် မထိန်းထားနိုင်ဘူး…”

အဘိုးကြီးလျူလည်း နတ်ဝိညာဉ်ကျောက်တုံး ၂ လုံး ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသံကို ကြားသောအခါမှသာ လှည့်ကြည့်ပြီး လုံချန်ကို စူးစိုက် ကြည့်နေလေသည်။ လုံချန်၏ မျက်လုံးထဲမှ လှောင်ပြောင်လိုသည့် အမူအရာကို မြင်သောအခါ သူသည် အနည်းငယ်အံ့ဩသွားပြီးနောက် ရယ်မောလိုက်သည်။ “တစ်ခါတစ်လေမှာ စိတ်ထင်ရာတွေ လျှောက်လုပ်ရင် ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်ဆိုတာ မင်းမသိဘူးလား … ကောင်လေး၊ ဒီသဘောတရားကို မင်းနားမလည်ဘူးလား…”

Translator# အနှောင်အဖွဲ့ကင်းမဲ့သူ

...(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၅)

အပိုင်း ၆၆ - ပိုင်ဆိုင်မှုအတွက် ရုန်းကန်ခြင်း

အကယ်၍ လုံချန်သည် အခြားရွေးချယ်စရာများရှိခဲ့ပါက ဟွမ်ရှန်းနှင့် ထိပ်တိုက်တွေ့မည်မဟုတ်ပေ။

သို့သော် ယန်လင်းချင်သည် သူ့အား လက်ဆောင်ပေးရန် တစ်ညလုံး ပျက်သုဉ်းခြင်းတောင်တန်းထဲသို့ တစ်ဦးတည်းဒုက္ခခံဝင်ရောက်ခဲ့ရသည်။ ထို့ကြောင့် ညီမဖြစ်သူပေးလိုက်သောလက်ဆောင်အား အခြားသူတစ်ဦးမှ အတင်းအကြပ် ဝယ်ယူသွားခွင့်ပြုရန်ကား လုံးဝမဖြစ်နိုင်ပေ။

နောက်တစ်ခုမှာ သူ့အမေယန်ယွဲ့ချင်က သူ့အား အကြံပေးခဲ့သည့်စကားမှာ အကယ်၍ သူ၏စွမ်းအား အလုံအလောက် မသန်မာသေးခင် ခရီးသွားနေစဉ်အတွင်း ကိုယ့်ကိုယ်ကို နှိမ့်ချ၍နေရပေမည်။

လုံချန်သည် အနှီဟွမ်ရှန်းနှင့် ပဋိပက္ခဖြစ်လိုခြင်းမရှိသော်လည်း သူသည် အလွယ်တကူ အနိုင်ကျင့်ခံမည့်သူမျိုးတော့မဟုတ်ပေ။ ထိုအချိန်တွင် အိမ်တော်ထိန်းလျူသည် သူ့ကို ရက်စက်ကြမ်းတမ်းသော အကြည့်များဖြင့် ကြည့်နေပြီဖြစ်သည်။

လုံချန်သည် ၎င်းကို စိတ်ထဲမထားပေ၊ ရိုးရှင်းစွာ ပြုံးလိုက်ပြီး စိတ်ရင်းမှန်ဖြင့် ပြန်ပြောလိုက်သည်။ “အမှန်တိုင်းပြောရရင် ဒီမြင်းက ငါ့အတွက် အရမ်းအရေးကြီးပါတယ်၊ ဒါကြောင့် ရောင်းလို့မရပါဘူး။ ဒီကသခင်လေးသာ တကယ်လိုချင်တယ်ဆိုရင် နောက်တစ်ကောင်ထပ်ဖမ်းလို့ရပါတယ်။ ဒါက သူ့အတွက် ခက်ခဲမယ်လို့ မထင်ပါဘူး…”

အကယ်၍ သူသည် ကျော်ကြားခြင်းမြို့တွင်သာရှိနေပါက တစ်စုံတစ်ယောက်သည် သူပိုင်ဆိုင်သည့်ပစ္စည်းများကို အတင်းအကြပ်လုယူသွားခဲ့လျှင် လုံချန်သည် ထိုလူကို မဆိုင်းမတွဘဲ ထိုးကြိတ်ကန်ကျောက်ပစ်မိပါလိမ့်မည်။

သို့သော် ယခုအခါ မွေးရပ်မြေမဟုတ်သည့် အခြားပြင်ပနေရာ၌ သူတစ်ကိုယ်တည်း ရောက်ရှိနေသည့်အပြင် ယန်အိမ်တော်၏တာဝန်များကိုပါ ပခုံးပေါ်တွင် ထမ်းပိုးထားရသည်။ ထို့ကြောင့် သူ၏လုပ်ရပ်များမှာ ယခင်ကထက် ပို၍ ရင့်ကျက်လာခဲ့သည်ဟုဆိုရပေမည်။ သို့သော် သူသာ ဆက်လက်၍အလျှော့ပေးနေမည်ဆိုလျှင်လည်း လူအများက သူ့ကို အနိုင်ကျင့်ရန် လွယ်ကူသည်ဟု ထင်မြင်သွားနိုင်သည်။

အိမ်တော်ထိန်းလျူမှာလည်း ၎င်း၏သခင်လေးဟွမ်အား စိတ်ဆိုးဒေါသထွက်ခြင်းမပြုစေရန်အတွက် လုံချန်ကို အလွယ်တကူ မောင်းထုတ်နိုင်လိမ့်မည်ဟု အစပိုင်းတွင် ထင်မှတ်ခဲ့သည်။ လက်တွေ့မှာတော့ လုံချန်သည် တိုက်ရိုက်ပင်ငြင်းဆိုခဲ့သည်။

သူ့စိတ်ထဲ၌ လုံချန်အား သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ဤအချိန်တွင် သူသည် နောက်ရှိ အစောင့်အချို့ကို အချက်ပြလိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည် “မင်းရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရုံနဲ့တင် နိမ့်ကျတဲ့ အဆင့်အတန်းကဆိုတာ သိသာပါတယ်။ ဒါတောင် မင်းက အခြေအနေကို နားမလည်သေးဘူးပဲ။ ငါ့ရဲ့ သခင်လေးက ယွမ်လင်းမြို့တော်ရဲ့ မဟာခံတပ်ကြီး (၁၀)ခုထဲက တစ်ခုဖြစ်တဲ့ ဟွမ်ယွန်ခံတပ်ကိုဦးစီးတဲ့ ဟွမ်မိသားစုရဲ့ တိုက်ရိုက် အမွေဆက်ခံသူပဲ။ ကောင်လေး! မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးလိုင်မယ်။ အခုချက်ချင်းထွက်သွားတော့။ အဲ့ဒီလိုမှမဟုတ်ရင် မင်းတင်မကဘူး... မင်းနဲ့ ပတ်သက်တဲ့သူတွေ အားလုံး ဆိုးဆိုးရွားရွားသေရလိမ့်မယ်”

လုံချန်သည် အခြားသူများ၏ခြိမ်းခြောက်မှုကို လွယ်လွယ်ဖြင့်ကြောက်ရွံ့တတ်သူ မဟုတ်ပေ။ သူသည် အိမ်တော်ထိန်းလျူကို အကဲခတ်ကြည့်လိုက်ပြီးနောက် စိတ်ထဲတွင် အစီအစဉ်တစ်ခု ဆွဲလိုက်သည်။

“အိမ်တော်ထိန်းနဲ့ အစောင့်တွေရဲ့ ခွန်အားက နဂါးသွေးကြောနယ်ပယ်အဆင့် ၇ မှာပဲ ရှိတာဆိုတော့ ငါ့ရဲ့ ပြိုင်ဖက် မဟုတ်ဘူး။ ဒါပေမဲ့ သူတို့အားလုံးက ဟွမ်ယွန်ခံတပ်ရဲ့အဖွဲ့ဝင်တွေ ဆိုတာတော့ အမှန်ပဲ ဖြစ်ရမယ်။ လက်ရှိမှာ ငါ့အနေနဲ့ အဲ့ဒီလိုအဖွဲ့အစည်းတွေကို မရည်ရွယ်ဘဲ မရန်စသင့်ဘူး။ ဒါ့အပြင် ဒီဟွမ်ရှန်းက နဂါးသွေးကြောနယ်ပယ်အဆင့် ၉ မှာ ရှိနေပုံရတယ်။ ဒါပေမဲ့ ဒီအနက်ရောင်အကြေးခွံမြင်းက လင်းချင် ပေးထားတဲ့ လက်ဆောင် ဖြစ်နေတော့ ဘယ်သူပဲ ဖြစ်ဖြစ် လုယူသွားခွင့် မပေးနိုင်ဘူး...”

ထို့ကြောင့် လုံချန်၏မျက်နှာထားမှာ ခက်ထန်သွားပြီး အိမ်တော်ထိန်းလျူကို အေးစက်စွာ ကြည့်၍ ပြောလိုက်တော့သည် “အားလုံးပဲ... ဒီအနက်ရောင်အကြေးခွံမြင်းက ငါ့အတွက် အရမ်းအရေးကြီးတယ်လို့ ထပ်ပြီးပြောပါရစေ။ ဒါတောင်မှ ဒီယွမ်ယန်ခံတပ်မှာ ငါ့ရဲ့ ပိုင်ဆိုင်မှုကို အတင်းအဓမ္မလုယူချင်တဲ့သူ ရှိနေသေးတာလား...”

ဤအချိန်တွင် လူများစွာသည် လုံချန်နှင့် ထိုလူအုပ်စုတို့ အငြင်းပွားနေကြသည်ကို တွေ့ရှိသွားကြသဖြင့် ဝိုင်းအုံကြည့်ရှုနေကြပြီ ဖြစ်သည်။

စားသောက်ဆိုင်မှ အစေခံသည်လည်း အခြေအနေကို မြင်ကာ ဤမိုက်မဲသော လုံချန်က တစ်ဖက်လူနှင့် တိုက်ခိုက်တော့မည်ကို သတိထားမိလိုက်သဖြင့် အဝေးဆုံးသို့ အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။

ထိုစဉ် လူအချို့က ဘာဖြစ်နေသနည်းဟု သူ့ကို မေးမြန်းကြသည်။ အစေခံက နှာခေါင်းရှုံ့လိုက်ပြီး လုံချန်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည် “ဒီကောင်လေးက တောသားလေးပါ။ ဟို ခန့်ညားတဲ့ သခင်လေးက ချမ်းသာကြွယ်ဝတဲ့မိသားစုက လာတာ သိသာတယ်။ သူက ဒီမြင်းကို ဝယ်ချင်တယ်လို့ကမ်းလှမ်းနေတာကို ဒီကောင်က ငြင်းနေတာလေ။ နတ်ဝိညာဉ်ကျောက်တုံး နှစ်ခုဆိုတာ ​တခြားအဝါရောင်အဆင့် ၅ နတ်ဆိုးသားရဲ အကောင် ၁၀၀ လောက်တောင် ဝယ်လို့ ရတာပဲလေ။... ပြောကြည့်စမ်းပါ... သူက တကယ့်ကို လူအ မဟုတ်ဘူးလား...”

ဘေးနားရှိ လူအချို့သည် လုံချန်၏စိတ်အလိုမကျသော မျက်နှာထားကို ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။

ဆိုင်ပိုင်ရှင်သည် မုတ်ဆိတ်ရှည်ရှည် သက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏ မုတ်ဆိတ်ရှည်များကို သပ်ရင်း ပြောလိုက်သည် “ဒီလူငယ်က အပြင်လောကကို အခုမှ ပထမဆုံးအကြိမ် ထွက်ဖူးတာ ဖြစ်ရမယ်။ သူက ကိုယ့်အတိုင်းအတာကို မသိသေးဘူးပဲ။ ဒီတစ်ခါတော့ သူ လက်တွေ့ဒုက္ခရောက်မှပဲ လောကကြီးအကြောင်းကို နားလည်သွားလိမ့်မယ်။ ဒါပေမဲ့ တစ်ဖက်လူက သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်ရင်တော့ သူ့တစ်ဘဝလုံး ဒုက္ခရောက်သွားနိုင်တယ်...”

ဆိုင်အတွင်းရှိ အခြားသော ဧည့်သည်များကလည်း ခေါင်းညိတ်လိုက်ကြသည်။

“သူ့ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရင်တော့ မြို့ငယ်လေးက ကလေးတစ်ယောက်ပဲ ဖြစ်ရမယ်။ မြို့ကြီးကို ရောက်လာတာတောင် မဆင်ခြင်တတ်သေးဘူးပဲ။ သူ သေသွားခဲ့ရင်လည်း အပြင်လောကကြီးက ဘယ်လောက် ကြီးမားတယ်ဆိုတာကို မပြောပြခဲ့တဲ့ သူ့မိဘတွေကိုပဲ အပြစ်တင်ရမှာပဲ...”

လုံချန်သည် အလွန် ငယ်ရွယ်ပုံရပြီး ပါရမီရှိသူ တစ်ဦးဟု ထင်ရသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ သူသည် စိတ်တိုလွယ်လွန်းခြင်းပင် ဖြစ်သည်။ အခြေအနေကို စောင့်ကြည့်နေကြသော လူများမှာ သနားကြင်နာစွာဖြင့် ခေါင်းကို ခါယမ်းနေကြသည်။

သို့သော် သခင်လေးဟွမ်သည် အဓိကအင်အားစုကြီးမှအမွေဆက်ခံသူ တစ်ဦးဖြစ်နေသဖြင့် မည်သူမျှ ထိုတိုက်ပွဲကို မတားဝံ့ကြပေ။

ဤအခိုက်အတန့်တွင် အိမ်ထိန်းလျူသည် လုံချန်၏စကားကို ကြားရသည့်အခါ အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။

သူသည် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် သခင်လေး ဟွမ်ရှန်း ဟူသောလူငယ်သည် သူ၏အကြည့်ကို အနက်ရောင်အကြေးခွံမြင်းထံမှ လုံချန်ထံသို့ လွှဲပြောင်းလိုက်သည်။ သူ၏ ဝမ်းသာအားရဖြစ်နေသော မျက်နှာထားမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။ ထို့နောက် သူ၏အစောင့်များကြားမှ ထွက်လာပြီး လုံချန်၏ရှေ့တွင် ရပ်လိုက်သည်။

ဤအချိန်တွင် အိမ်ထိန်းလျူက အလျင်အမြန် ပြောလိုက်သည် “သခင်လေး... သခင်လေးက မြင်းကိုပဲ ဆက်ကြည့်နေပါ။ ဒီလို ကောင်လေးမျိုးကို သခင်လေးကိုယ်တိုင် ကိုင်တွယ်စရာ မလိုပါဘူး။ ဒီတောသားအမှိုက်ကောင်ကို ကိုင်တွယ်ဖို့က အသေးအမွှားကိစ္စပါ။ ဒီနိမ့်ကျတဲ့အစေခံက သခင်လေး စိတ်အနှောင့်အယှက်ဖြစ်သွားမှာကိုပဲ စိုးရိမ်နေတာ...”

ဟွမ်ရှန်းသည် လုံချန်ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့ အားလုံး ဖယ်လိုက်စမ်း... ဒီကောင်က မြို့ငယ်လေးကလာတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်။ သူ မောက်မာနေတာက သဘာဝပါပဲ။ ငါလည်း အဲ့ဒီအချိန်တုန်းက ဒီလိုပဲ မဟုတ်လား။ ဒါပေမဲ့ သူက မင်းအပါအဝင်ကျန်တဲ့ငါ့လက်အောက်ငယ်သားတွေရဲ့ ပြိုင်ဖက်တော့ မဟုတ်ဘူး။ ငါလည်း မကြာခင်မှာ လင်းဝူမိသားစုထဲကို ဝင်တော့မှာပဲ။ ဆိုတော့... သူ့ကို ငါ့ရဲ့ အရည်အချင်းတွေကို လေ့ကျင့်ဖို့အတွက် အသုံးချရမှာပေါ့”

“ဒါပေမဲ့... သခင်လေး... ဒီလိုလူမျိုးကို သခင်လေး ကိုယ်တိုင် ကိုင်တွယ်ဖို့ ဆိုတာက... ငါ...”

“ဘာမှ မဖြစ်ပါဘူး... အဘိုးလျူ၊ မင်း ဘေးမှာပဲ သွားနေလိုက်ပါ... ငါ မင်းကို အပြစ်မတင်ပါဘူး”

သခင်နှင့် အစေခံနှစ်ယောက်စလုံးသည် အချင်းချင်းသာ စကားနိုင်လုပြောနေကြသည်။ လုံချန်သည် သူ့အား လစ်လျူရှုခံထားရသလိုဖြစ်နေသည့်အတွက် အလွန်ပင် ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။

ဤအနက်ရောင် အကြေးခွံမြင်းမှာ မိမိ၏ ပိုင်ဆိုင်မှု ဖြစ်သည်။ တစ်ဖက်လူက ၎င်းကို လုယူရန် ကြိုးစားလာခြင်းကား အတိုင်းအထက်အလွန် ဖြစ်နေခဲ့ပြီမဟုတ်ပါလား။ ထို့အပြင် ယခုအခါ ၎င်းတို့က သူ့ကိုပင် အထင်အမြင်သေးနှိမ့်ချနေပြန်သည်။

လုံချန်သည် သူ၏အဖေဖြစ်သူထံမှ နဂါးကျောက်စိမ်းဆွဲပြားကို အမွေဆက်ခံပြီးကတည်းကတဖြည်းဖြည်း သန်မာလာခဲ့သည်။ သူသည် ယခုကဲ့သို့သော အခြေအနေအထိ တစ်ခါမျှ ဒေါသ မထွက်ဖူးခဲ့ပေ။ ထို့ကြောင့် သူသည် အေးစက်စွာ ရယ်မောလိုက်သည်။

လုံချန်၏ ရယ်သံကို ကြားရသည့်အခါ ဟွမ်ရှန်းသည် သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ ၌အချိန်တွင် သူ၏ခန္ဓာကိုယ်ကနေ ပြင်းထန်လှသော စွမ်းအားအငွေ့အသက်များ တဖြည်းဖြည်း ပျံ့လွင့်လာခဲ့ပြီ ဖြစ်သည်။

အစပိုင်းတွင် လုံချန်သည် အနှီဟွမ်ရှန်းကို အလိုလိုက်ခံထားရသော သခင်လေးတစ်ဦးဟုသာ ထင်မှတ်ထားခဲ့သည်။ သို့သော် ၎င်းသည် အားနည်းဟန် ဆောင်နေခဲ့လိမ့်မည်ဟုတော့ တစ်ခါမှ မတွေးဖူးခဲ့ပေ။

ဤအခိုက်အတန့်တွင် ဟွမ်ရှန်းသည် ရက်စက်ကြမ်းကြုတ်သောအကြည့်များဖြင့် လုံချန်ကို စူးစိုက်ကြည့်နေသည်။ တစ်ချိန်တည်းမှာပဲ လုံချန်၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်သော ဖိအားတစ်ခု ကျရောက်လာခဲ့သည်။

“နဂါးသွေးကြောနယ်ပယ် အဆင့် ၈ မှာရှိတဲ့ သာမန်လူတစ်ယောက်က ငါ့ရဲ့ စိတ်ကို အနှောင့်အယှက် ပေးရဲတယ်ပေါ့။ မင်းရဲ့ သတ္တိက မသေးဘူးပဲ...”

ဟွမ်ရှန်း ဆီမှ ပြင်းထန်သော ဖိအားကို ရင်ဆိုင်နေရသည့်တိုင် လုံချန်သည် အနည်းငယ်မျှ ကြောက်ရွံ့သွားခြင်း မရှိပေ။ သူလည်း ပြန်လည် တုံ့ပြန်လိုက်သည်။

“ငါ့ရဲ့ သတ္တိက တကယ် မသေးပါဘူး... အနည်းဆုံးတော့ မင်းထက် ဆယ်ဆလောက်ပိုကြီးလိမ့်မယ်”

လုံချန်၏ သရော်တော်တော်စကားကို ကြားသောအခါ လူတိုင်း ခပ်တိုးတိုး ရယ်မောမိကြ၏။သို့သော်လည်း ဟွမ်ရှန်း၏ ဒေါသက သူတို့အပေါ် ကျရောက်လာမည်ကို စိုးရိမ်သဖြင့် ဆက်၍ မရယ်ဝံ့ကြပေ။ ထို့နောက် လူတိုင်းက ခေါင်းကို ခါယမ်းလိုက်ကြသည်။

“ဒီကလေးကတော့... ဒီလို စိတ်ဓာတ်နဲ့ဆိုရင် အသက်ရှည်ရှည် နေရမှာ မဟုတ်ဘူး”

လုံချန်က မိမိ၏ စိတ်အခြေအနေကို များစွာ ပျက်စီးစေခဲ့သဖြင့် ဟွမ်ရှန်းသည် သူ့ကို အစကတည်းက သတ်ပစ်လိုစိတ် ရှိနေခဲ့သည်။ သို့သော် လုံချန်က မထင်မှတ်ဘဲ မိမိကို ပြန်လည် ပြောဆိုရုံတင်မကဘဲ သရော်လိုက်သဖြင့် သူသည် အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။

“ကောင်လေး... မင်း သေလမ်းရှာနေတာပဲ...”

အစပိုင်းတွင် သူသည် လူပုံအလယ်၌ လူသတ်ရန် အစီအစဉ် မရှိသော်လည်း လုံချန်၏ စကားကြောင့် ဟွမ်ရှန်း၏ သတ်ဖြတ်လိုသော စိတ်မှာ အလွန်ပင် သိသာထင်ရှားလာခဲ့သည်။ နဂါးသွေးကြောနယ်ပယ် အဆင့် ၉ ၏ စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုစွမ်းအားကြောင့် လူအုပ်ကြီးမှာ နောက်သို့ ဆုတ်ခွာသွားကြရသည်။

“သခင်လေးဟွမ်ရဲ့ အသက်က နှစ်ဆယ်တောင် မပြည့်သေးဘူး... ဒါပေမဲ့ ဒီလို ကျင့်ကြံခြင်း အဆင့်ကို ရောက်နေပြီဆိုတော့... သူက တကယ့် ပါရမီရှင်ပဲ...”

“သူ့ရဲ့ မိသားစု နောက်ခံနဲ့ဆိုရင်... အဲ့ဒီကောင်လေးက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ...”

စားပွဲထိုးသည် ဟွမ်ရှန်း၏ စွမ်းအားအောက်တွင် တည်ညိမ်ချင်ဟန်ဆောင်နေသော လုံချန်ကို ကြည့်ကာ အထင်သေးရှုံ့ချနေလေသည်။

ဤအချိန်တွင် လုံချန်သည်တော့ ဟွမ်ရှန်းကို ကြည့်လိုက်သည့်အခါ သူ့စိတ်ထဲတွင် အနည်းငယ်အံ့အားသင့်မိသည်။ သူသည် နဂါးသွေးကြောနယ်ပယ် အဆင့် ၉ ပညာရှင် နှစ်ယောက်အားသတ်ဖြတ်ခဲ့ဖူး၏။ အမှန်တော့ ၎င်းတို့ကို အလွယ်တကူအနိုင်ယူခဲ့ခြင်းသာ။ သို့သော် နဂါးသွေးကြောနယ်ပယ် အဆင့် ၉ တွင် ရှိနေသော ဟွမ်ရှန်းမှာမူ ၎င်းတို့ထက် များစွာ သန်မာနေခဲ့သည်။

“ဒီလူရဲ့ မိသားစုနောက်ခံက နင့်ထက် အများကြီး သာတယ်။ ပိုင်ကလန်နဲ့ ယန်အိမ်တော်ကို သူတို့နဲ့ နှိုင်းယှဉ်ရင်တော့ သူတောင်းစားတွေလိုပဲ။ ဒီလို မိသားစုကဆိုမှတော့ သူ့မှာ အကန့်အသတ်မဲ့တဲ့ ပညာရပ်တွေ ရှိမှာသေချာတယ်။ ကြည့်ရတာ သူက အဆင့်မြင့် အဝါရောင်အဆင့် ခန္ဓာကိုယ်နည်းစနစ်ကို လေ့ကျင့်ထားပုံပဲ။ အဲဒီအရာက နင့်ရဲ့ ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်ထက် အများကြီး သန်မာတယ်။ တိုက်ခိုက်တဲ့အခါမှာ သတိထားပါ။ တကယ်လို့ နင်သတ်ခဲ့တဲ့ ပိုင်ရှန်းနဲ့ ပိုင်လီတို့သာ သူ့လက်ထဲ ရောက်ရင်တော့ တစ်ချက်တောင် ပြန်မတိုက်နိုင်လောက်ဘူး...”

လင်းရှီ၏တည်ကြည်သော စကားများကို ကြားရသည့်အခါ လုံချန်သည် ပို၍ သတိထားလိုက်သည်။

လူတိုင်းသည် လမ်းဖယ်ပေးလိုက်ပြီး အခြေအနေကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသည်။အိမ်ထိန်းအဘိုးကြီးလျူနှင့် အခြား အစောင့်များမှာလည်း ဟွမ်ရှန်း၏ တိုက်ကွက်များကို မြင်တွေ့ရတော့မည် ဖြစ်သဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။

“မြို့ငယ်လေးက လာတဲ့ သူတောင်းစားသာသာ အမှိုက်ကောင်က အင်အားစုကြီးတွေရဲ့ စွမ်းအားက ဘယ်လောက်အထိ ရှိတယ်ဆိုတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ...”

ထိုသို့ ပြောဆိုပြီးနောက် ဟွမ်ရှန်း၏ပုံရိပ်က ဖျတ်ခနဲဖြစ်သွားပြီး လုံချန်ထံသို့ အရှိန်ဖြင့် ပြေးဝင်လာခဲ့သည်။

လုံချန်သည် ဟွမ်ရှန်း၏ပုံရိပ်ကို မမြင်နိုင်လေရာသူ၏မျက်လုံးများ မှေးစဉ်းသွားသည်။

“ဒါက လှုပ်ရှားမှုသိုင်းပညာရပ်တစ်မျိုးပဲ။ နင်တို့ ကျော်ကြားခြင်းမြို့မှာတော့ ဒီလို ပညာရပ်မျိုး မရှိဘူး ထင်တယ်။ ဒါပေမဲ့ သူ့ရဲ့ လှုပ်ရှားမှု သိုင်းပညာရပ်က အရမ်းကြီးထူးခြားနေတာတော့မဟုတ်ဘူး။ အဝါရောင် အလယ်အလတ်အဆင့်ပဲ ရှိသေးတယ်...”

လင်းရှီ၏ ရှင်းပြချက်ကို ကြားရသည့်အခါ လုံချန်မှာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

အစပိုင်းမှာတော့ ဟွမ်ရှန်းကို ပိုင်ရှန်းနှင့် ပိုင်လီတို့ကဲ့သို့ အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ယခု ပြန်စဉ်းစားကြည့်သည့်အခါ သူ့စိတ်ထဲ၌ အတော်လေးမှားယွင်းတွက်ချက်ခဲ့မိခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ဤအချိန်တွင် ဟွမ်ရှန်းသည် သူ၏လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြု၍ လုံချန်ထံသို့ ဦးတည်လာခဲ့သည်။ သူ၏ခြေလှမ်းတိုင်းကား အရှိန်ကိုခန့်မှန်းရ ခက်ခဲစေသည်။ ထို့ကြောင့် လုံချန်အနေဖြင့် ဟွမ်ရှန်း၏ တည်နေရာကို အတိအကျ မသိနိုင်တော့ပေ။ သူ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ နောက်ကို အလျင်အမြန်ပြန်ဆုတ်သွားရန်ပင်။ တစ်ချိန်တည်းမှာပင် လုံချန်သည် နဂါးအသွင်ပြောင်းကျင့်စဉ်ကိုပါ တစ်ခါတည်း ထုတ်သုံးလိုက်လေတော့သည်။ ထို့နောက် လုံချန်၏ခန္ဓာကိုယ်ပေါ်၌ သွေးရောင် အကြေးခွံများ ပေါ်ထွက်လာလေသည်။ ထို့အပြင် သူ၏အရှိန်အဝါသည် ယခင်ထက်အဆပေါင်းများစွာ မြင့်တက်လာသည့်အတွက် တိုက်ပွဲကို စောင့်ကြည့်နေသော လူအုပ်ကြီးမှာလည်း အံ့အားသင့်သွားကြသည်။

ဤအချိန်တွင် စားပွဲထိုးသည် ဘယ်ညာ ဝေ့ဝဲကြည့်လိုက်ပြီးနောက် အားနာဟန်ဖြင့် ပြောလိုက်သည် “ဒါက အသွင်ပြောင်းလဲနိုင်တဲ့ စွမ်းရည်တစ်ခုပါပဲ။ အဲ့ဒီလောက်အထိ အံ့သြစရာ မကောင်းပါဘူး။ ဟားဟား... အံ့သြစရာ မဟုတ်ပါဘူးကွာ...”

အိမ်ထိန်းလျူ လည်း အံ့သြသွားသည့်တိုင်အောင်ချက်ချင်းပင် သက်ပြင်းချလိုက်ရင်း တွေးလိုက်သည်။

“နဂါးသွေးကြောနယ်ပယ် အဆင့် ၉ မှာရှိတဲ့ ပညာရှင်တွေတောင် သခင်လေးရဲ့ လက်ချက်နဲ့ အမြဲ ရှုံးနိမ့်ခဲ့ရသေးတာပဲ။ ဒါ့အပြင် ဒီလူငယ်က အဆင့် ၈ မှာပဲ ရှိနေသေးတာဆိုတော့... အဆင်ပြေမှာပါ... သေချာပေါက် အဆင်ပြေမှာပါ...”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters