အခန်း (၆၇-၆၈)
Vol. 5 Ch. 67-68
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၅)
အပိုင်း ၆၇ - အဆင့်မြင့် တိုက်ခိုက်ရေးနည်းစနစ်လား
လုံချန်၏အရှိန်အဝါများ မြင့်တက်လာသည်ကို မြင်သောအခါ ဟွမ်ရှန်းသည် အနည်းငယ်ခြိမ်းခြောက်နေမှုကို ခံစားမိလိုက်၏။ တစ်ချိန်တည်းမှာပင် ယခင်က တည်ငြိမ်နေသော မျက်နှာထားမှာလည်းလေးနက်တည်ကြည်သွားခဲ့သည်။ သူ့ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး လုံချန်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“အစတုန်းကတော့ ငါက မင်းကို အလွယ်တကူ အနိုင်ယူနိုင်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ အခုတော့ မင်းက ငါအသစ်ရထားတဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေကို စမ်းသပ်ဖို့အတွက် အရည်အချင်း ရှိလာပြီပဲ...”
ဟွမ်ရှန်းက ထိုသို့ ပြောဆိုလိုက်သည့်အခါ စားသောက်ဆိုင်အတွင်းရှိ လူများမှာ သူ၏ဆိုလိုရင်းကို မသိခဲ့ကြပေ။ သို့သော် အနှီတောသားလုံချန်သည် သခင်လေး ဟွမ်ရှန်းနှင့် တိုက်ခိုက်ရန်အရည်အချင်းရှိနေကြောင်း နားလည်လိုက်ကြသည်။ ထို့အပြင် ဟွမ်ရှန်း၏စကားအရ အသုံးမပြုရသေးသောနည်းစနစ်ဖြင့် လုံချန်အား အသာလေးအနိုင်ယူနိုင်ကြောင်း သိသာနေပေသည်။
လူအိုကြီးလျူနှင့် အစောင့်အချို့လည်း ထိုစကားကို ကြားရသည့်အခါ ၎င်းတို့၏ စိတ်အခြေအနေသည် ချက်ချင်းပင် တက်ကြွလာပြီး အံ့သြတကြီး ပြောလိုက်ကြသည်။
“သခင်လေးက အဲ့ဒီနည်းစနစ်ကို တကယ်ပဲ သုံးတော့မှာလား။ ဟုတ်တာပေါ့... အဲ့ဒီနည်းစနစ်က ဘယ်အရာနဲ့မှ မယှဉ်နိုင်အောင် အစွမ်းထက်တာပဲ။ သခင်လေး အဲ့ဒီနည်းစနစ်ကို အကုန်လုံး ကျွမ်းကျင်သွားပြီးကတည်းက လက်တွေ့တိုက်ပွဲမှာ မသုံးရသေးဘူးလေ။ ဒီကောင်လေးက အချိန်ကိုက် ရောက်လာတာပဲ။ သခင်လေးအတွက်လည်း လက်ရည်စမ်းဖို့ အခွင့်အရေးကောင်းပဲပေါ့။ အဲ့ဒီလိုဆိုရင် လင်းဝူတော်ဝင်မိသားစုထဲကို ဝင်ဖို့က ပိုပြီး လွယ်ကူသွားမှာ သေချာတယ်...”
အခြားလူတိုင်းလည်း အလျင်အမြန်ပင် ခေါင်းညိတ်လိုက်ကြသည်။
လူအိုကြီးလျူက တိုးတိုးလေး ပြောလိုက်ခြင်း ဖြစ်သော်လည်း လုံချန်သည် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
အစပိုင်းကတည်းက ဟွမ်ရှန်း သည် လင်းဝူတော်ဝင်မိသားစုထဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေကြောင်း မသဲမကွဲကြားမိခဲ့သည်။ ယခုတော့ အတည်ပြုလိုက်နိုင်ပြီဖြစ်သည်။
“မင်းလည်း လင်းဝူမိသားစုထဲကို ဝင်ချင်တာလား။ ဒါဆို နောင်ကျရင် ငါတို့နှစ်ယောက်က ပြိုင်ဖက်တွေ ဖြစ်လာမလားဆိုတာ ဘယ်သူ သိနိုင်မလဲ။ အဲ့ဒါကြောင့် အခုကတည်းက မင်းကို အပြတ်ရှင်းထားတာကမှ ပိုကောင်းဦးမယ်...”
သို့သော် ဟွမ်ရှန်း ပြောဆိုခဲ့သော စကားကို ပြန်လည် စဉ်းစားမိသည့်အခါ လုံချန် သည် သူ့ရင်ထဲမှာ စိုးရိမ်စိတ် အနည်းငယ်ဖြစ်ပေါ်လာသည်။
“သူ သင်ယူထားတဲ့ နည်းစနစ်တွေက အဝါရောင်အဆင့်မြင့်တိုက်ခိုက်ရေးနည်းစနစ် ဖြစ်ရင်တော့ ပြောနေစရာ မလိုဘူး... ဒါပေမဲ့...”
မည်သို့ပင်ဆိုစေ ယခုတိုက်ပွဲကိုတော့ တားဆီး၍ မရနိုင်တော့ပေ။
လုံချန်၏ တည်ကြည်နေသောမျက်နှာထားကို မြင်သောအခါ ဟွမ်ရှန်းသည် ဆိုးယုတ်စွာ ပြုံးလိုက်သည်။
သူက ပြောလိုက်၏ “မင်း ခန့်မှန်းတာ မှန်ပါတယ်။ ဒါဟာ အဆင့်မြင့်တိုက်ခိုက်ရေးနည်းစနစ် တစ်ခုပဲ။ မြို့ငယ်လေးက လာတဲ့ သူတောင်းစားတစ်ယောက်ဖြစ်တဲ့ မင်းကတော့ အဆင့်မြင့် တိုက်ခိုက်ရေးနည်းစနစ်ဆိုတာ ဘာလဲဆိုတာတောင် သိမှာ မဟုတ်သလို မြင်လည်း မြင်ဖူးမှာ မဟုတ်ဘူး...”
သူ၏ စကားလုံးများသည် လုံချန်၏ဦးခေါင်းကို သံမဏိတူကြီးဖြင့် အားပါပါ ထုနှက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ လုံချန် အစိုးရိမ်ဆုံးကိစ္စကတော့ ဖြစ်ပေါ်လာခဲ့ပြီမဟုတ်ပါလား။
“အင်အားစုကြီးတွေရဲ့ အမွေခံတွေကတော့ လျှို့ဝှက်ကျမ်းစာတွေနဲ့ နည်းစနစ်တွေ အများကြီး ရှိမှာပဲလေ။ ငါ့မှာတော့ အစွမ်းထက်ဆုံးဆိုလို့ မိုးပြာနဂါးတံဆိပ် ပဲ ရှိတယ်။... ငါ့မှာ ဘယ်လိုလုပ် အဆင့်မြင့် တိုက်ခိုက်ရေးနည်းစနစ် ရှိနိုင်မှာလဲ...”
တစ်နည်းအားဖြင့် ဆိုရသော် နဂါးအသွင်ပြောင်းလဲခြင်း ကျင့်စဉ်ကို အသုံးပြုထားသည့်တိုင်အောင် သူ၏ခန္ဓာကိုယ်အား သည် တစ်ဖက်လူရှေ့တွင် အားသာချက် မရှိနိုင်တော့ကြောင်း သိရှိလိုက်သည်။
မူလထက် ၁၀ ဆ ပိုမြှင့်တင်နိုင်သည့် သူ၏ ချီစွမ်းအင် သည်လည်း တစ်ဖက်လူနှင့် များစွာ ကွာခြားမှု မရှိပေ။ ထို့ထက် ပို၍ ဆိုးရွားသည်မှာ လုံချန်တွင် အဆင့်မြင့် တိုက်ခိုက်ရေးနည်းစနစ် တစ်ခုတစ်လေမျှပင် မရှိခဲ့ပေ။ ထိုအချက်ကို စဉ်းစားမိသည့်အခါ လုံချန်၏မျက်ခုံးကြောများ သိသိသာသာ တွန့်ကွေးသွားခဲ့သည်။
ဤအချိန်တွင် ဟွမ်ရှန်း၏ ခန္ဓာကိုယ်ထဲကနေ သိပ်သည်းသောချီစွမ်းအင်များ ပြင်းထန်စွာ လည်ပတ်လာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူ၏ လက်နှစ်ဖက်ကနေ ထူးဆန်းသော အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ အလင်းတန်းသည် အဆက်မပြတ်လည်ပတ်နေကာ သူ၏လက်ဝါးနှစ်ဖက်ကို ရှေ့သို့ဖြန့်လိုက်သည်နှင့်တပြိုင်နက် လုံချန်ထံသို့ အလင်းလှိုင်းတစ်ခု တိုးဝင်လာတော့သည်။
လုံချန်သည် ချက်ချင်းပင် ဟန်ချက်ပျက်သွားခဲ့သည်။ သို့သော် သူသည် အားနည်းဟန် မပြခဲ့ပေ။ တစ်ဖက်လူမှာ မိမိထက် အားသာချက်များ ရှိနေသော်လည်း တိုက်ပွဲဆိုသည်မှာ စူးရှသောအမြင်အာရုံ၊ ထက်မြက်သောဉာဏ်စွမ်းတို့လည်း ပါဝင်နေသည် မဟုတ်ပါလား။
ဤအခိုက်အတန့်တွင် လုံချန် သည် အလင်းစက်ဝိုင်းမှ ပြင်းထန်သော ဖိအားများကို ရင်ဆိုင်ရင်း လုံချန်သည် နောက်မဆုတ်ဘဲ ရှေ့သို့သာ ဆက်၍တိုးသွားခဲ့သည်။ ထို့အတူပဲ သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအားအရှိန်အဝါများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့သည်။ ထို့နောက်မှာတော့ သွေးနီရောင် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ဟွမ်ရှန်းထံသို့ တိုက်ရိုက် ပြေးဝင်သွားပါတော့သည်။
လုံချန်၏ အရှိန်သည် ဟွမ်ရှန်း နှင့် များစွာ မကွာခြားတော့ပေ။ ဤမြင်ကွင်းကြောင့် ဟွမ်ရှန်း သည် များစွာ ထိတ်လန့်သွားခဲ့သည်။
“ဒီကောင်ရဲ့အရှိန်က ငါနဲ့သိပ်မထူးဘူးပဲ။ ပြီးတော့ ချီစွမ်းအင် ပိုင်းမှာလည်း ငါနဲ့ သိပ်မကွာဘူး ထင်တယ်။ သားရဲအသွင်ပြောင်းကျင့်ကြံသူ တစ်ယောက်မှာတော့ ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေတာပဲ။ တကယ်လို့ ငါ့မှာသာ ဒီအဆင့်မြင့် တိုက်ခိုက်ရေးနည်းစနစ် မရှိရင်... သူက ငါ့ကို လက်ရည်တူပြန်တိုက်နိုင်မှာ သေချာတယ်...”
ထို့အတူ လုံချန်အပေါ် ထားရှိသော သူ၏ အမြင်မှာလည်း များစွာ ပြောင်းလဲသွားခဲ့သည်။ လုံချန်၏ အသွင်အပြင်သည် ထူးခြားလှသည် မဟုတ်သော်လည်း သူ့တွင် အရည်အချင်းအချို့ ရှိနေကြောင်း သိသာနေသည်မဟုတ်ပါလား။ နောက်ဆုံးတွင် မည်သူမဆို သားရဲအသွင်ပြောင်းကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်သည် မဟုတ်ချေ။
“မင်းမှာ အရည်အချင်းအချို့ ရှိနေတော့ မင်း သေသွားခဲ့ရင် ပြဿနာတချို့ ဖြစ်လာနိုင်တာပေါ့... ဒါပေမဲ့ မင်းက ငါ့ကို ဒေါသထွက်အောင် လုပ်ခဲ့တယ်။ ငါ ဟွမ်ရှန်း မင်းကို သင်ခန်းစာ မပေးလိုက်ရင် ငါ့ရဲ့ ပုံစံနဲ့ မကိုက်ညီဘူး ဖြစ်သွားမှာပေါ့။ နောက် တိုက်ကွက်ကျရင်တော့ မင်းကိုယ်မင်း မသေဖို့သာ ဆုတောင်းထားလိုက်တော့...”
ထိုသို့ စဉ်းစားလိုက်ပြီးနောက် ဟွမ်ရှန်းသည် ကရုဏာသက်ဟန် မပြတော့ဘဲ သူ၏လက်ဝါးနှစ်ဖက်ကြားကနေ တောက်ပသော အလင်းစက်ဝိုင်းတစ်ခု ထပ်မံ ပေါ်လာခဲ့သည်။ တစ်ချိန်နည်းမှာပဲ သူသည် လုံချန်ထံသို့ ပြေးဝင်သွားခဲ့သည်။ သူ၏ လက်ထဲမှ အလင်းစက်ဝိုင်းမှာ ပြင်းထန်သောအရှိန်အဝါများ ထုတ်လွှတ်နေလေရာ လူအုပ်ကြီး၏ မျက်နှာများမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ကြသည်။
စားသောက်ဆိုင် စားပွဲထိုးလည်း ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်သွားခဲ့သည်။ ထို့နောက် သူသည် ကြောက်လန့်တကြားဖြင့် ပြောလိုက်၏ “ဒီဟွမ်ရှန်းက တကယ်ကို ကြောက်စရာကောင်းတာပဲ။တကယ်လို့ ဒီတိုက်ကွက်သာ ဆိုင်ကို ထိမှန်သွားရင် ဆိုင်တစ်ခုလုံး ပြိုကျသွားနိုင်တယ်။ ဒီတစ်ခါတော့ အဲ့ဒီကောင်လေး သေချာပေါက် သေရတော့မှာပဲ...”
သူသည် လုံချန်ကို ချက်ချင်း လှမ်းကြည့်လိုက်သည့်အခါ လုံချန်၏ခန္ဓာကိုယ်မှ သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်နေသည်ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။
လုံချန်သည် သူ၏လက်နှစ်ဖက်ကို ယှက်၍ စည်းတံဆိပ် တစ်ခုကို အလျင်အမြန် ဖန်တီးလိုက်သည်။ နဂါးတစ်ကောင်၏အသွင်သဏ္ဌာန် သွေးနီရောင် ချီစွမ်းအင်များ ပေါ်ထွက်လာပြီးနောက် သွေးနီရောင်နဂါး ၉ ကောင် အဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ပုံရိပ်ထဲရှိ သွေးနဂါး ၉ ကောင်ထံမှ နဂါးဟိန်းသံများ ထုတ်လွှတ်လျက် ဟွမ်ရှန်းထံသို့ ပြေးဝင်သွားလေတော့သည်။
ဤအချိန်တွင် ဟွမ်ရှန်း သည် လုံချန်ကို တစ်ခိက်ကြည့်လိုက်ပြီးနောက် သူ၏ ချီစွမ်းအင်အားလုံးကို ထုတ်သုံး၍ တိုက်ခိုက်လိုက်သည်။
“ယင်ယန်အလင်းဘီး... ထွက်ပေါ်လာစမ်း...”
အလင်းစက်ဝိုင်း သည် သူ၏လက်ဝါးထဲမှ မြင့်တက်လာပြီး လုံချန်ထံသို့ ဦးတည်သွားခဲ့သည်။
ဤအချိန်တွင် သွေးနဂါး ၉ ကောင် ထံမှ ဟိန်းဟောက်သံ ၉ သံ ထုတ်လွှတ်လျက် ယင်ယန်အလင်းစက်ဝိုင်းကို တိုက်ခိုက်လိုက်လေသည်။
“အဆင့်မြင့် နဂါးစည်းတံဆိပ် ပဲ...”
နှစ်ဖက်စလုံးမှ ထွက်ပေါ်လာသော စွမ်းအားသည်အလွန်တရာပြင်းထန်လှသည်ဖြစ်ရာ ပတ်ဝန်းကျင် လေထုသည်လည်း အဆက်မပြတ်တုန်ခါလာလေတော့သည်။ ထို့ထက် ပို၍ ဆိုးရွားသည်မှာ မြင်းဇောင်းအတွင်းရှိ မြင်းများ ကြောက်လန့်တကြား ဟီအော်ကုန်ကြလေသည်။ ဟွမ်မိသားစုမှ အိမ်တော်ထိန်းလူအိုကြီးနှင့် အစောင့်များသည်လည်း မျက်နှာများ ဖြူဖျော့လျက် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြရသည်။
အနီးအနားတွင် ရှိနေသော လူတချို့မှာမူ အားလှိုင်းရိုက်ခတ်မှုကြောင့် လွင့်စင်သွားခဲ့ပြီး လူတိုင်းတုန်လှုပ်ကုန်ကြသည်။ စားပွဲထိုး ကတော့ ကိုယ်ပေါ်မှာဝတ်ဆင်ထားသော အဝတ်အစားများမှာ အပိုင်းပိုင်း ပြတ်တောက်သွားသဖြင့် သူ၏ အမွေးအမျှင်များရှိသော အရေပြားများ ပေါ်ထွက်လာခဲ့သည်။ သို့သော် သူသည် ထိုအချက်ကို သတိမထားမိဘဲ ထိုမြင်ကွင်းကိုသာ စိုက်ကြည့်နေခဲ့သည်။
“ဘာတွေ ဖြစ်နေတာလဲ... ခုနက ဘာဖြစ်သွားတာလဲ... အဲ့ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက် ပြင်းထန်တဲ့ တိုက်ကွက်ကို ထုတ်သုံးနိုင်တာလဲ...”
အစပိုင်းတွင် ထိုလူငယ်သည် ယခုတစ်ကြိမ်မှာတော့ သေချာပေါက်အဆုံးသတ်သွားပြီဟု လူတိုင်း ယုံကြည်ထားကြသည်။ နောက်ဆုံးတွင် ဟွမ်ရှန်း၏ ယင်ယန်အလင်းစက်ဝိုင်း မှ ပြင်းထန်လှသော အဖျက်စွမ်းအားသည် စားသောက်ဆိုင်ကိုပင် ဖျက်ဆီးပစ်နိုင်သည် မဟုတ်ပါလား။ သို့သော် လက်တွေ့မှာတော့ လုံချန်၏ အဆင့်မြင့်လက်ဝါးတံဆိပ် သည် ဟွမ်ရှန်း၏ တိုက်ကွက်ကို ခုခံနိုင်ခဲ့သည်။
ဟွမ်ရှန်း သည်တော့ ကောင်းကင်ကြီးက သူ့အား နောက်ပြောင်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။
သူ့စိတ်ထဲမှာ “ဒီကောင်... သူ ခုခံနိုင်ရင်တောင်မှ မကြာခင်မှာ သေရတော့မှာပဲ။ ဒီတောသားက အခု လောက်အထိကို စွမ်းဆောင်နိုင်လိမ့်မယ်လို့ ငါ မယုံနိုင်ဘူး...”
ဤအချိန်တွင် လုံချန် နှင့် ဟွမ်ရှန်း တို့နှစ်ယောက်စလုံးသည် နောက်သို့လွင့်ထွက်သွားကြသည်။ အောက်ခံကျောက်ပြားပေါ်၌ပင် ခြေရာများစွာ ထင်ကျန်ရစ်ခဲ့သည်။
လုံချန်သည် နောက်သို့ ၁၀ မီတာခန့် ဆုတ်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲရှိ ဆူပွက်နေသော သွေးများကို ခဲယဉ်းစွာ ထိန်းချုပ်လိုက်ရသည်။ သူ၏ လက်မောင်းတစ်ဖက်လည်းအနည်းငယ် ထုံကျင်သွား၏။
ဤအခိုက်အတန့်တွင် လူအုပ်ကြီးအတွက် မယုံနိုင်စရာ ဖြစ်နေသည်မှာ ဟွမ်ရှန်းသည်လည်း နောက်ကို ၅ တာခန့် ပြန်ဆုတ်လိုက်ရသောမြင်ကွင်းကိုပင်။ ထို့နောက် မလှမ်းမကမ်းရှိ လုံချန်ကို အံ့သြတကြီး ကြည့်၍ ခဏကြာသည်အထိ စကားမပြောနိုင်ဘဲ ဖြစ်နေခဲ့သည်။
“ငါ အဆင့်မြင့်နည်းစနစ်ကို သုံးလိုက်တာတောင် သူ့ကို မသတ်နိုင်ဘူးလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ့အနေနဲ့ ယင်ယန်အလင်းစက်ဝိုင်းရဲ့ စွမ်းအားကို အပြည့်အဝ မထုတ်နိုင်သေးလို့လား...”
ထိုအချက်ကို စဉ်းစားမိသည့်အခါ ဟွမ်ရှန်း သည်အနည်းငယ် မယုံကြည်နိုင်အောင် ဖြစ်နေမိသည်။
“မဟုတ်သေးဘူးထင်တယ်...အဖေ ပြောတာတော့ ငါက ဒီယင်ယန်အလင်းစက်ဝိုင်းကို ၈၀ရာခိုင်နှုန်းလောက် ကျွမ်းကျင်နေပြီတဲ့...။ ပြီးပြည့်စုံတဲ့အဆင့်ထိ ကျွမ်းကျင်ဖို့ဆိုရင်တော့ မြေကမ္ဘာယွမ်အဆင့်ရောက်မှပဲဖြစ်နိုင်လိမ့်မယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ ယင်ယန်အလင်းစက်ဝိုင်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်စွမ်းအားက ဘာလို့ ဒီတောသားကို မသတ်နိုင်ရတာလဲ။ သူ့နောက်ခံက ငါနဲ့ တန်းတူဖြစ်နေတာများလား...”
ထို့နောက် သူသည် လုံချန်၏ဒဏ်ရာများတဖြည်းဖြည်း သက်သာလာသည်ကို ကြည့်ပြီး အတွေးနက်နေလေတော့သည်။
“အဖေက လက်တလောမှာ ပြဿနာတွေ မရှာဖို့ ငါ့ကို သတိပေးထားတယ်။ ပြီးတော့ ယင်ယန်အလင်းစက်ဝိုင်းကလဲ သူ့ကို မသတ်နိုင်ဘူး။ ငါသာ အဲ့ဒီတိုက်ကွက်ကို အတင်းအကြပ် ထပ်သုံးမယ်ဆိုရင်... မဖြစ်သေးပါဘူး... လင်းဝူမိသားစုထဲကို ဝင်ဖို့အတွက် ငါ့ရဲ့ အခွင့်အရေးတွေကို ထိခိုက်သွားနိုင်တယ်။ ဒါဆို... ထားလိုက်ပါတော့... ဒီနေ့တော့ သူ့ကို လွှတ်ပေးလိုက်မယ်။ သူ့အနေနဲ့ ကံကောင်းသွားတယ်လို့ပဲ မှတ်ယူလိုက်တော့။ ဘာပဲဖြစ်ဖြစ် နောင်တစ်ချိန်မှာ ငါနဲ့ ထပ်တွေ့ရင်တော့ ဒီတောသားကို အသေသတ်မယ်...”
ဤအခိုက်အတန့်တွင် လုံချန် သည် ထိခိုက်ဒဏ်ရာ မရှိဘဲ မတ်တပ်ရပ်နေသည်ကို တွေ့ရသည့်အခါ စားပွဲထိုးသည် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။ သူ၏ပါးစပ်မှာတော့ လက်သီးတစ်လုံးစာလောက်ပင် ဝင်နိုင်လောက်အောင် ပြူးကျယ်နေခဲ့သည်။ ထို့အပြင် သူ၏အဝတ်အစားများ စုတ်ပြတ်သတ်နေသဖြင့် အလွန်ပင် ကြည့်ရဆိုးနေလေသည်။ သူ့ကိုယ်သူတော့ ထိုအချက်ကို သတိမထားမိပေ။
“ငါ ဒီလောက်အထိ အမြင်ကျဉ်းခဲ့လိမ့်မယ်လို့ မယုံနိုင်ဘူးယ ဒီတောသားက တကယ်ပဲ ပြင်ဆင်လာတာလား...”
စားသောက်ဆိုင်မှ စားပွဲထိုးလေးသာမကဘဲ တိုက်ပွဲကိုစောင့်ကြည့်နေသော လူအုပ်ကြီးသည်ပင် အံ့အားသင့်ကုန်ကြသည်။
အထူးသဖြင့် လူအိုကြီးလျူ ပင် ဖြစ်သည်။ ဤအချိန်တွင် သူ၏မေးစေ့မှာ မြေပြင်သို့ ထိလုမတတ် ဖြစ်သွားခဲ့သည်။ သူ့မျက်စိကိုပင် မယုံကြည်နိုင်သဖြင့် မျက်လုံးများကို အကြိမ်ကြိမ် ပွတ်သပ်ကြည့်နေမိသည်။ သူသည် လုံချန်ကို မယုံနိုင်စရာ အကြည့်များဖြင့် အံ့သြတကြီး ကြည့်နေခဲ့သည်။
“ဒါ မဖြစ်နိုင်ဘူးလေ၊ သခင်လေးက နဂါးသွေးကြောနယ်ပယ် အဆင့် ၉ ကျင့်ကြံသူလေ။ အဘိုးကြီးကတောင်မှ သခင်လေးဟာ နဂါးသွေးကြောနယ်ပယ်မှာ ပြိုင်ဖက်ကင်းတယ်လို့ ပြောခဲ့တာ။ သူက ဘာလို့ အဆင့် ၈ မှာပဲ ရှိသေးတဲ့ လူတစ်ယောက်ကို မသတ်နိုင်ရတာလဲ...”
လုံချန်၏ စွမ်းဆောင်ရည်ကြောင့် လူတိုင်း၏ အမြင်မှာ ယခင်ထက် များစွာ ပြောင်းလဲသွားခဲ့သည်။
လုံချန်သည် ဟွမ်ရှန်း၏ အပြင်းထန်ဆုံး တိုက်ကွက်ကို အတင်းအကြပ်ခုခံနိုင်ခဲ့သည်။ ထို့အပြင် ဘာထိခိုက်မှုမှ မရှိဘဲ အကောင်းတိုင်းရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ လူများကို ထိတ်လန့်သွားစေခဲ့သည်။ တစ်ချိန်တည်းတွင် လူတိုင်း၏နှလုံးသားထဲမှာ လုံချန်အား ဟွမ်ရှန်းနှင့် အဆင့်တူအဖြစ် သတ်မှတ်လိုက်ကြသည်။ ယခုအချိန်တွင် မည်သူမျှ ထပ်မံ၍ စကားမပြောဝံ့ကြတော့ပေ။
တစ်ဖက်ရှိ ဟွမ်ရှန်း ကတော့ လုံချန်ကို အေးစက်စက်အကြည့်ဖြင့် တစ်ချက်စိုက်ကြည့်လိုက်သည်။ သူ၏ ယခင်တိုက်ကွက်သည် လုံချန်ကို မသတ်နိုင်ခဲ့သဖြင့် ဆက်လက် တိုက်ခိုက်နေလျှင်ပင် အကျိုးမရှိတော့ပေ။ ထို့အပြင် လုံချန် သည် သူ၏ စိတ်အခြေအနေကို ပျက်စီးစေခဲ့သဖြင့် အနက်ရောင် အကြေးခွံမြင်းအပေါ်မှာလည်း စိတ်ဝင်စားမှု မရှိတော့ပေ။ သူသည် လုံချန်ကိုနောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီးနောက် ပခုံးတွန့်လိုက်ကာ လူအုပ်ကြီးကြားမှ ထွက်ခွာ၍ ဆိုင်အတွင်းသို့ ပြန်ဝင်သွားလေတော့သည်။
လူအိုကြီးလျူနှင့် အစောင့်အကြပ်များသည်လည်း သူ့နောက်ကနေ သဘာဝအတိုင်း လိုက်ပါသွားကြသည်။ သို့သော်လည်း လုံချန်ကို ကြည့်လိုက်သည့် သူတို့အကြည့်များကတော့ သေလူတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင် ဖြစ်သည်။
“သခင်လေး စကားမပြောတော့ဘူးဆိုတာ သူ တကယ် ဒေါသထွက်နေတာပဲ။ ဒါပေမဲ့ သခင်လေးက ဘာလို့ ထပ်ပြီးမတိုက်ခိုက်ရတာလဲ...”
“ငါလည်း သေသေချာချာ မသိဘူး။ ဒါပေမဲ့ ဒီကောင်လေးကတော့ သေချာပေါက် ဒုက္ခရောက်တော့မှာပဲ...”
လုံချန် လည်း ဟွမ်ရှန်း၏အတွေးများကို မသိနိုင်သောကြောင့် စဉ်းစားမနေတော့ပေ။ ဤအချိန်တွင် လင်းရှီ က ရုတ်တရက်ပြောခဲ့သည် “နင်က သူ့ရဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို အနိုင်ယူလိုက်တော့... သူ ဒီမှာ ဆက်နေဖို့ အရှက်ရသွားတာ ဖြစ်ရမယ်...”
သို့သော် လုံချန်ကတော့ ထိုသို့ မထင်ခဲ့ပေ။
“ငါ့အထင်တော့ သူက မကြာခင်မှာ ကျင်းပမယ့် လင်းဝူမိသားစုရဲ့ အပြင်စည်းတပည့် ရွေးချယ်ပွဲမှာ ပါဝင်မှာဆိုတော့... သူ ဝင်ခွင့်ရဖို့အတွက် ထိခိုက်မှာကို စိုးရိမ်နေတာ ဖြစ်ရမယ်။ ဒီလူက ဉာဏ်ကောင်းတဲ့အပြင် ဒီလောက်အထိ တောင့်ခံနိုင်တာပဲ။ ဒါပေမဲ့ ငါလုံချန်က သူ့ကို ဒီလိုမျိုး အခွင့်အရေး ပေးမယ်လို့ ထင်နေတာလား...”
“နင့်မှာ ရွေးချယ်စရာ မရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နင်လည်း သူ့ထက် နိမ့်ကျနေတာမှ မဟုတ်တာ။ ပြောရရင် နင် သူ့ကို ရှုံးရတဲ့ တစ်ခုတည်းသော အချက်က တိုက်ခိုက်ရေးနည်းစနစ် မရှိလို့ပဲ။ တကယ်လို့ နင့်မှာသာ အဆင့်မြင့်တိုက်ခိုက်ရေးနည်းစနစ် တစ်ခု ပိုင်ဆိုင်ခဲ့ရင်တော့... သူက နင့်ရဲ့ပြိုင်ဖက် ဖြစ်လာမှာ မဟုတ်ဘူး...”
“အဆင့်မြင့် တိုက်ခိုက်ရေးနည်းစနစ်လား...”
လုံချန်၏ မျက်လုံးများသည် ချက်ချင်းပဲ မှေးစင်းသွားခဲ့သည်။
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၅)
အပိုင်း ၆၈ - ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး
ညဉ့်နက်လာသည့်အချိန်တွင် ဟွမ်ရှန်း သည် စားသောက်ဆိုင်ကနေ ရုတ်တရက် ထွက်ခွာသွား၏။သို့ဖြစ်ရာ အနက်ရောင်အကြေးခွံမြင်း နှင့်ပတ်သက်၍ ဖြစ်ခဲ့သည့် ပဋိပက္ခမှာသဖြင့် မပြေလည်ခဲ့ပေ။
လုံချန် သည် စားသောက်ဆိုင်ရှိ အခန်းတစ်ခုအတွင်း၌ ရှိနေ၏။ ဤအချိန်တွင် သူ့ရှေ့မှ စားပွဲပေါ်၌ သံမဏိပြားတစ်ခု ရှိနေလေသည်။ သူ ထိုင်နေရင်း ထူးဆန်းသော သံပြားတစ်ပြားကို ကိုင်မြှောက်ကာ သေချာစွာ စစ်ဆေးကြည့်ရှုနေလေသည်။ ၎င်းသည် ပျက်သုဉ်းခြင်းတောင်တန်းကနေ မမျှော်လင့်ဘဲ သူရရှိလာသောအရာပင် ဖြစ်သည်။
“ငါ ဒီသံပြားကို ရထားတာ ရက်အနည်းငယ်တောင် ရှိနေပြီ။ ဒါပေမဲ့ အခုထိ သေချာ မစစ်ဆေးရသေးဘူး။ ရှီလေး... ပြောပါဦး၊ ဒီအရာကို ငါ ဘယ်လို သုံးရမလဲဆိုတာ...”
သူသည် ဟွမ်ရှန်း နှင့် အဆင့်တူပညာရှင် ဖြစ်သည့်တိုင်အောင် အနည်းငယ်အရေးနိမ့်ခဲ့ရသဖြင့် သူ့စိတ်ထဲမှာ အတော်လေး မခံချိမခံသာ ဖြစ်နေလေသည်။
အတိတ်ကဆိုလျှင်တော့ သူ၏ တိုက်ခိုက်ရေးသိုင်းပညာသည် တစ်ဖက်လူထက် အမြဲတမ်း သာလွန်ခဲ့သည်ချည်းသာ။ ယခုကဲ့သို့ အခြားသူတစ်ဦးက သူ့ထက် သာလွန်ခဲ့လိမ့်မည်ဟု တစ်ခါမျှ မတွေးဖူးပေ။အထူးသဖြင့် တစ်ဖက်လူက အစပြု၍ ရန်စတိုက်ခိုက်ခဲ့ခြင်း မဟုတ်ပါလား။ ဘာမှ ထုတ်မပြောသော်လည်း လုံချန်၏စိတ်အခြေအနေမှာ သိသိသာသာကို ဆိုးရွားနေခဲ့သည်။
ဤအခိုက်အတန့်တွင် လင်းရှီသည် ရုတ်တရက် အပြင်ထွက်လာ၏။ ထိုလျှို့ဝှက်ဆန်းကြယ်သော သံပြားကို အမြဲတမ်း စိတ်ဝင်စားခဲ့သော်လည်း သူမအနေဖြင့် စစ်ဆေးရန် အချိန်မရခဲ့ပေ။ ယခုအခါမှာတော့ လင်းရှီနတ်ဓားထဲမှ ထွက်လာခဲ့၏။ ထို့နောက် လေထဲ၌ လွင့်မျောလျက် စားပွဲပေါ်ရှိ သံပြားကို လှည့်ပတ်ကြည့်နေသည်။ နောက်ဆုံးတွင် စားပွဲပေါ်၌ ထိုင်ချလိုက်သည်။ သူမ၏ သေးငယ်သောလက်နှစ်ဖက်ဖြင့် မေးထောက်ကာ မျက်မှောင်ကြုတ်၍ စဉ်းစားနေလေတော့သည်။
“ဘာဖြစ်လို့လဲ...”
“ဒါက သေချာပေါက် အမွေအနှစ်တစ်ခုအတွက် သော့တစ်ချောင်းပဲ။ နင် အဲ့ဒီ အမွေအနှစ်ကို ရှာမတွေ့မချင်း ဒါကို သုံးလို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သံမဏိပြားအပေါ်မှာ အစီအရင်တစ်ခု ရှိနေသေးတယ်... အဲ့ဒါက...”
လင်းရှီသည် သူမ၏မေးစေ့လေးကို ကိုင်ကာ စဉ်းစားနေပါသည်၊ လုံချန်သည် ဘာမှ မပြောဘဲ စောင့်နေလိုက်သည်။ ခဏအကြာတွင် လင်းရှီသည် ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး အော်လိုက်သည်။
“ငါ သိပြီ ။ ဒါက သေချာပေါက် ဖုံးကွယ်ထားတဲ့ အစီအရင်ပဲ...”
“ဖုံးကွယ်ထားတဲ့ အစီအရင်ဆိုတာ ဘာလဲ...”
“ဒါက ရှာရခက်အောင် တမင် ဖုံးကွယ်ထားတဲ့ အစီအရင် အမျိုးအစားပဲ။ သူတို့ ဒီအစီအရင်ကို ဖန်တီးခဲ့တုန်းက ချီစွမ်းအင် အနည်းငယ်ပဲ သုံးထားတာ။ သာမန်လူတွေဆိုရင် ဒါကို သိဖို့ ခက်လိမ့်မယ်။ဒါပေမဲ့ ငါကတော့ တကယ့်ကို တော်တဲ့သူလေ...”
လင်းရှီသည် လုံချန်ကို မျက်လုံးလေး လှန်ပြလိုက်သည်။
လုံချန်သည် သူမအား ဖားယားသော အမူအရာဖြင့် ပြောလိုက်သည်။
“ရှီလေး... မင်း သိတဲ့အတိုင်းပဲ...”
“နင် ငါ့ကို ဒီအစီအရင်ကို ဖျက်ခိုင်းချင်တာ မဟုတ်လား။ လွယ်ပါတယ် ၊ နင် ငါ့အတွက် ဝိညာဉ်အာယဖြည့်ဆေးတချို့ ရှာပေးရမယ်...”
လုံချန်သည် ချက်ချင်းပင် သဘောတူလိုက်သည်။
“ကောင်းပြီ... ကောင်းပြီ၊ ငါ ယွမ်လင်းမြို့တော်ကို ရောက်တာနဲ့ မိုးတိမ်ကုန်သည်များအဖွဲ့အစည်း ကို သွားပြီးတော့ မင်းအတွက် စိတ်ဝိညာဉ်အားဖြည့်ဆေးတွေ ဝယ်ပေးပါ့မယ်...”
လုံချန် ထံမှ ကတိကို ရရှိပြီးနောက် လင်းရှီသည် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သံပြားပေါ်ရှိ အစီအရင်ကို ချိုးဖျက်ရန်အတွက် အာရုံစိုက်လိုက်တော့သည်။
အချိန် တစ်နာရီနီးပါးခန့် ကြာပြီးနောက်တွင် သံပြားပေါ်၌ သေးငယ်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ လုံချန် သည် ထိုအလင်းတန်းကို မြင်ရသည့်အခါ သံပြားပေါ်ရှိ အစီအရင်က မကြာခင် ကျိုးပျက်သွားတော့မည်ဖြစ်ကြောင်း သိရှိလိုက်သည်။
“ဒါက ဖုံးကွယ်ထားတဲ့ အစီအရင်ဖြစ်လို့ ချီစွမ်းအင် နည်းနည်းလောက်ပဲ သုံးထားတာ။ အဲ့ဒါကြောင့် ဖျက်ရတာ လွယ်တာပေါ့။ ငါ ခဏနေရင် အကုန်ပြီးတော့မှာပါ...”
လင်းရှီ သည် အစီအရင်ကို ဆက်လက်၍ချိုးဖျက်နေစဉ်မှာပင် သူမ၏နှုတ်ခမ်းပါးလေးကို ကွေးလိုက်ပြီး လုံချန်ကို ကြည့်ကာ ဂုဏ်ယူစွာ ပြန်ပြောလေသည်။
ခဏကြာပြီးနောက်မှာတော့ အစီအရင်သည် လုံးဝကျိုးပျက်သွားတော့သည်။ ထို့နောက် လင်းရှီ သည် နတ်ဓားထဲသို့ အလျင်အမြန် ပြန်ဝင်သွား၏။
“အစီအရင်က လုံးလုံးပျက်ပြယ်သွားတဲ့အခါကျရင် ဘာတွေ ဖြစ်လာမလဲဆိုတာ ငါလည်း မသိဘူး။ အဲ့ဒီအချိန်မှာ တစ်ခုခု ပေါက်ကွဲထွက်လာရင် ငါ့ရဲ့ စိတ်ဝိညာဉ်ကို ထိခိုက်နိုင်လို့ ငါ အခုနေတုန်း ပြန်ဝင်တော့မယ်...”
လုံချန်သည် ခေါင်းကို အသာညိတ်ကာ စားပွဲပေါ်ရှိ သံပြားကိုသာ အာရုံစိုက်၍ ကြည့်နေလိုက်သည်။ ရုတ်တရက်ဆိုသလိုပဲ သံပြားအတွင်းထဲမှ မီးတောက်များ ထွက်ပေါ်လာခဲ့၏၊ ထို့နောက် စန္ဒကူးသား စားပွဲကို အပေါက်ကြီး ဖြစ်သွားစေသည်။ ထို့အပြင် မီးတောက်များသည် အပြင်ဖက်သို့ပင် ဆက်လက်၍ ပြန့်နှံ့လာခဲ့တော့သည်။
လုံချန်၏ခန္ဓာကိုယ်သည် ချက်ချင်း တင်းမာသွားခဲ့သည်။ အကယ်၍ ဤသံပြားမှ မီးတောက်များသည် ပျက်သုဉ်းခြင်းတောင်တန်းမှာကဲ့သို့ ပေါက်ကွဲထွက်လာမည်ဆိုလျှင် ယွမ်ယန်ခံတပ်မြို့တော်တစ်ခုလုံးသည် သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် မီးတောက်များသည် မီတာဝက်ခန့်အထိသာ ပြန့်ထွက်လာပြီးနောက် ရပ်တန့်သွား၏။ ဤအချိန်တွင် သံပြားသည် မီးတောက်များ ဝန်းရံလျက် မီတာဝက်ခန့် ရှိသော မီးလုံးကြီးအတွင်း၌ လွင့်မျောနေခဲ့သည်။
လုံချန် သည် အခြေအနေကို ဆက်၍စောင့်ကြည့်နေခဲ့သည်။ ထိုစဉ် မီးလုံးကြီးကနေ လူတစ်ယောက်၏ မျက်နှာပုံသဏ္ဌာန်အဖြစ် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ မီးတောက်လူသားမျက်နှာကနေ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုပါ ထွက်ပေါ်လာလျက် လုံချန်၏ ခန္ဓာကိုယ်ပေါ်သို့ ရုတ်တရက် ကျရောက်လာခဲ့သည်။
ထို့နောက် မီးတောက်အတွင်းမှ လူပုံရိပ်သည် လုံချန်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ရုတ်တရက်ဆိုသလို လုံချန်၏နားထဲသို့ ဆန်းကြယ်သောစကားသံများ အဆက်မပြတ် ပျံလွင့်လာခဲ့သည်။
“လူငယ်လေး! မင်းက ငါဖုံးကွယ်ထားတဲ့ အစီအရင်ကို ရှာတွေ့နိုင်ခဲ့တာပဲ။ မင်းရဲ့ ကံတရားက မဆိုးဘူးလို့ ငါ ထင်ပါတယ်။ ငါ့ရဲ့ အမွေအနှစ်ကို ရယူပြီးတော့ မင်း အလဟဿ မဖြစ်စေဖို့ ငါ မျှော်လင့်ပါတယ်...”
အသံသည် လျှို့ဝှက်ဆန်းကြယ်သောအငွေ့အသက်များ ပြည့်နှက်နေပုံရ၏။ ထို ရှေးဟောင်းအငွေ့အသက်များပြည့်နေသောအသံကြောင့် လုံချန်သည် မသိစိတ်ထဲ၌ တုန်လှုပ်သွားရသည်။ ကံကောင်းထောက်မစွာဖြင့် အသံသည် ချက်ချင်းဆိုသလိုပဲ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။ ထို့အတူ လုံချန်၏စိတ်ထဲမှာ သံသယများ ပြည့်နှက်နေခဲ့သည်။
“ဘာလို့.... မီးတောက်ထဲမှာ လူတစ်ယောက်ရဲ့ မျက်နှာ ပေါ်လာတာလဲ...”
“အဲ့ဒါက အဲ့ဒီလူရဲ့ ကျန်ရှိနေတဲ့ အသိစိတ် ဖြစ်လိမ့်မယ်။ သူ သေဆုံးသွားတာ ကြာလောက်ပြီ။ ဒါပေမဲ့ သူက ဒီသံပြားပေါ်မှာ စိတ်ဝိညာဉ်အမှတ်အသားကို ချန်ထားနိုင်ခဲ့တယ်ဆိုရင်တော့... သူ အသက်ရှင်တဲ့အချိန်တုန်းက တော်တော်လေး အစွမ်းထက်တဲ့သူ ဖြစ်ရမယ်...”
လင်းရှီက တည်ကြည်စွာ ပြောလိုက်သည်။
လင်းရှီ စကားပြောပြီးသည်နှင့် မီးတောက်အတွင်း၌ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ လူသားမျက်နှာ ပုံရိပ် ပျောက်ကွယ်သွားပြီးသည့်နောက်မှာ မီးတောက်များသည် အရှိန် တဖြည်းဖြည်း လျော့ကျသွား၏။ ပြင်းထန်လှသော မီးအပူရှိန်မှာလည်း မီးစများအဖြစ် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
လုံချန် သည် အံ့သြသွား၏၊ အကြောင်းမူကား ထိုမီးစများသည် သံပြားပေါ်၌ အလွန်တရာသေးငယ်လှသော စာလုံးများအဖြစ် ပြောင်းလဲသွားခြင်းကြောင့်ပါ။
ထိုစာလုံးများသည် ပုရွက်ဆိတ်လေးများကဲ့သို့ သံပြားပေါ်တွင် ပြည့်နှက်နေခဲ့သည်။ အနည်းဆုံးတော့ စာလုံးရေ ထောင်ဂဏန်းခန့် ရှိနေပေလိမ့်မည်။ ထူးဆန်းသည်မှာ လုံချန်သည် ထိုစာလုံး တစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခြင်းပင် ဖြစ်သည်။
“ဒါ... ဒါက တကယ့်ကို အဆင့်မြင့်ကျင့်ကြံခြင်း နည်းစနစ်တစ်ခုပဲ...”
လင်းရှီ၏ အသံသာ် အလွန်အမင်းကို ဝမ်းသာအားရ ဖြစ်နေခဲ့သည်။ လုံချန်သည် အဆင့်မြင့်ကျင့်ကြံခြင်း နည်းစနစ်များနှင့် အရင်းအမြစ်များကို အမြဲ တောင့်တနေခဲ့သူပါ၊ သို့သော်လည်း ထူးဆန်းသောအခြေအနေဖြင့် ရရှလိမ့်မည်ဟုတော့ မထင်မှတ်ထားခဲ့ပေ။
စာလုံးများစွာသည် သံပြားပေါ်တွင် တလက်လက် ဖြစ်နေသည်၊ လုံချန်သည် ထောင်ချီသော စာလုံးများကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကာ စိတ်ထဲ၌ အလျင်အမြန်ပင် မှတ်သားထားလိုက်သည်။
“ဒါက အဆင့်မြင့်အနက်ရောင်အဆင့် တိုက်ခိုက်ရေးနည်းစနစ် ဖြစ်တဲ့ ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး ပဲ...”
နည်းစနစ်၏ အမည်ကို ဖတ်ရှုပြီးနောက်မှာတော့ လုံချန်၏ရင်ထဲမှာ ရုတ်တရက် အံ့အားသင့်သွားပြီးနောက် သူ၏မျက်နှာတွင် ပျော်ရွှင်မှုများ ပေါ်ပေါက်လာခဲ့သည်။
ဤအချိန်တွင် သံပြားပေါ်ရှိ မီးတောက်များသည် တဖြည်းဖြည်း ငြိမ်းသတ်သွားခဲ့၏၊ ထို့နောက် သံပြား သည် မူလ ပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ လုံချန်သည် ၎င်းကို သူ၏သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများကို ခဏကြာအောင် မှိတ်ထားပြီးမှ ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ရယ်မောလေသည်။
“ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး တဲ့လား... အချိန်ကိုက် ရောက်လာတာပဲ...”
“သက်ရှိအားလုံးမှာ ယင် နဲ့ ယန် ဆိုတဲ့ စွမ်းအင်တွေ ရှိကြတယ်။ ယန် က မီးစွမ်းအင်(အပူစွမ်းအင်) ဖြစ်ပြီးတော့ ယင် က ရေစွမ်းအင်(အေးခဲချီစွမ်းအင်) ပဲ။ ကောင်းကင်ယံကို လောင်ကျွမ်းစေနိုင်တဲ့ သွေးရောင် မီးတောက်မီးလျှံတွေ... ယန်စွမ်းအင် က မြေကြီးကို ဖောက်ခွဲပစ်နိုင်တယ်..”
“ကောင်းကင်လောင်ကျွမ်းခြင်းလက်သီး က မိုးပြာနဂါးတံဆိပ် ထက် အဆပေါင်းများစွာ ပိုပြီး အစွမ်းထက်ပုံပဲ၊ ပြီးတော့ အဲဒီဟွမ်ရှန်း ကျင့်ကြံထားတဲ့ ယင်ယန်အလင်းစက်ဝိုင်း ထက်လည်း ပိုပြီး အားကောင်းလိမ့်မယ်။ ငါ ခန့်မှန်းတာမှန်ရင်တော့ ယင်ယန်အလင်းစက်ဝိုင်း က အနက်ရောင်အဆင့်နိမ့် တိုက်ခိုက်ရေးနည်းစနစ် တစ်ခုပဲ။ အဲ့ဒါက အနက်ရောင်အလယ်အလတ်အဆင့်တိုက်ခိုက်ရေးနည်းစနစ် ဖြစ်တဲ့ ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး နဲ့တော့ ယှဉ်လို့ ရမှာ မဟုတ်ဘူး...”
လုံချန်သည် ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး အကြောင်းကို သေချာစွာ စဉ်းစားနေရင်းမှာပဲ တိုးညှင်းသော လေသံဖြင့် မေးလိုက်သည် “ရှီအာလေး! ... ဒီအမွေအနှစ်ကို ချန်ထားခဲ့တဲ့လူက ဘယ်သူလဲ။ ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး က သူ့ရဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေထဲမှာ အားအနည်းဆုံး ဖြစ်ပုံရပေမဲ့... ဒါတောင်မှ တကယ်ကို ထူးခြားနေပြီ...”
လင်းရှီက နှုတ်ခမ်းလေးစူကာ ပြန်ပြောလေသည် “ငါက ဘယ်လိုလုပ် သိမှာလဲ။ ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး က တကယ်ကို မဆိုးပါဘူး။ နင်က ကျန်ရှိနေတဲ့ ဒီလိုပုံစံတူသော့တွေကို ထပ်ပြီးရှာတွေ့နိုင်မယ်ဆိုရင်တော့ ရနိုင်မယ့် အရာတွေက ပိုပြီး များပြားလာမှာပါ...”
“တကယ်လား...”
လုံချန်သည် ဟွမ်ရှန်း အသုံးပြုခဲ့သော တိုက်ခိုက်ရေးနည်းစနစ်ကို ပြန်တွေးမိလိုက်သည့်အခါ သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်လိုသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“ငါ ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး ကို သင်ယူပြီးသွားတဲ့အထိ စောင့်ကြည့်လိုက်စမ်း၊ ပြီးကျရင် ငါ့ရဲ့ အနက်ရောင်အကြေးခွံမြင်းကို လုယူချင်တဲ့သူက ဘယ်လိုလူလဲဆိုတာ ငါ သိရတော့မှာပေါ့...”
ယခုအချိန်မှာတော့ လုံချန်သည် သူ၏ခွန်အား နှင့်ပတ်သက်၍ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်ထားပါသည်။ သူသည် နဂါးသွေးကြောနယ်ပယ် အဆင့် ၈ တွင်သာ ရှိနေသေး၏။ သို့သော် သူ့လက်ထဲမှာ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး ၁ လုံး ကျန်နေပါသေးသည်။ ၎င်းကို သူ၏ကျင့်ကြံမှုအဆင့် နဂါးသွေးကြောနယ်ပယ် အဆင့် ၉ သို့ ရောက်ရှိပြီးနောက်မှသာ အသုံးပြုရန် စီစဉ်ထားခဲ့သည်။ ထို့နောက်တွင် သူသည် မြေကမ္ဘာယွမ်အဆင့် သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ ထိုအချိန်ကျလျှင် သူ၏ခွန်အားက နဂိုမူလထက အဆပေါင်း ရာနှင့်ချီ၍ တိုးတက်လာပေလိမ့်မည်။
“ဒီ အနက်ရောင်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးနည်းစနစ် ဖြစ်တဲ့ ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး နဲ့သာ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့...”
ဤအချိန်တွင် သူသည် ယွမ်လင်းမြို့တော်သို့ ရောက်လာခဲ့ရသည့် ရည်ရွယ်ချက်ကို ပြန်လည် သတိရမိလိုက်သည်။ ယန်အိမ်တော်သည် ယခုအချိန်တွင် သွေးဝိညာဉ်ဂိုဏ်း၏ ခြိမ်းခြောက်မှုအန္တရာယ်ကို ရင်ဆိုင်နေခဲ့ရသည်မဟုတ်ပါလား။ ထို့အပြင် သွေးဝိညာဉ်ဂိုဏ်း၌ မြေကမ္ဘာယွမ်အဆင့် ပညာရှင်များ ရှိနေ၏။ အကယ်၍ ၎င်းတို့အထဲမှ တစ်ယောက်သာ ရောက်ရှိလာခဲ့လျှင် ယန်အိမ်တော်တစ်ခုလုံး ပျက်စီးကိန်းစိုက်ပြီဖြစ်သည်။
“ငါ့ရဲ့ လက်ရှိခွန်အားက မလုံလောက်သေးဘူး။ အခုချိန်ကစပြီး ပိုသန်မာလာဖို့က ငါ့ရဲ့ တစ်ခုတည်းသော တာဝန်ပဲ။ သွေးဝိညာဉ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေက အင်အားကြီးသလို ရက်စက်ကြမ်းကြုတ်တယ်လို့ပါ နာမည်ကြီးနေတယ်၊ ဒီတော့ သူတို့တွေက ငါ့ယန်အိမ်တော်ကို ကရုဏာထားနေမှာ မဟုတ်ဘူး...”
သွေးဝိညာဉ်ဂိုဏ်းအကြောင်း စဉ်းစားမိသည့်အခါ လုံချန်သည် သူ၏ နှလုံးသားပေါ်တွင် ကြီးမားလှသော တောင်တန်းကြီးတစ်ခု ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ရသည်။ အသက်ပင် မရှူနိုင်လောက်အောင် ဖြစ်သွားရသည်။ ထို့အတူ သူ၏စိတ်ထဲမှာ အမြန်ဆုံး သန်မာလိုသော စိတ်ဆန္ဒကား အမြစ်တွယ်လာခဲ့ပြီပဲ ဖြစ်သည်။
“လင်းဝူမိသားစုရဲ့ တပည့်ရွေးချယ်ပွဲမှာ ပါဝင်ပြီးတော့ အောင်မြင်အောင် လုပ်ရမယ်။ ငါက နဂါးသွေးကြောနယ်ပယ် အဆင့် ၈ မှာ ရှိနေပေမဲ့ အဆင့် ၉ ပညာရှင် တစ်ယောက်ရဲ့ စွမ်းအားကို ပြနိုင်မယ်ဆိုရင်တော့ လင်းဝူမိသားစုထဲကို ဝင်နိုင်မှာပါ။ လင်းဝူမိသားစုထဲကို ဝင်ချင်နေတဲ့ ဟွမ်ရှန်း !... မင်း ငါနဲ့ မတွေ့ဖို့သာ ဆုတောင်းထားလိုက်တော့...”
စိတ်ထဲမှာ ကြိမ်းဝါးပြီးနောက် လုံချန် သည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဖက်ကို လှမ်းကြည့်လိုက်ရာ နံနက်မိုးလင်းရန် အချိန်များစွာ လိုသေးကြောင်း တွေ့ရှိလိုက်သည်။ ထို့ကြောင့် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး ကို စတင် လေ့လာတော့သည်။
ထိုအချိန်တွင် သူ၏စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ နဂါးကျောက်စိမ်းဆွဲပြားမှ မှိန်ဖျော့ဖျော့အလင်းတန်းများ ထွက်ပေါ်နေခဲ့သည်။ ထို့အတူ လုံချန်၏ နားလည်နိုင်စွမ်းသည်လည်း အလွန်ပင် အားကောင်းလာပုံရလေသည်။ များပြားလှသော ရှေးဟောင်းစာလုံးများကို မှတ်သားထားသည့်တိုင်အောင် မေ့လျော့ခြင်းမရှိဘဲ တစ်ခုမကျန် မှတ်မိနေ၏။ ထို့အပြင် မည်သည့် အတားအဆီးမှ မရှိဘဲ အကုန်လုံးကိုနားလည်နိုင်ခဲ့သည်။
“ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ နဂါးကျောက်စိမ်းဆွဲပြား ရှိနေသရွေ့တော့ လောကမှာ ငါ နားမလည်နိုင်တဲ့ တိုက်ခိုက်ရေးနည်းစနစ်ဆိုတာ ရှိနိုင်ပါဦးမလား...”
လုံချန်သည် အိပ်ရေးပျက်၊ အစားပျက်ခံ၍ ကျင့်ကြံနေစဉ်မှာပင် ညအချိန်ကား လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ မကြာမီမှာပင် အရှေ့ဖက်ကောင်းကင်ယံကနေ နေမင်းကြီး ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်တစ်ခွင်လုံးသည် လင်းထိန်လာခဲ့သည်။ ထိုအခါမှသာ လုံချန်သည် ရှေးဟောင်းသံမဏိပြားကို ပြန်သိမ်းလိုက်ပါတော့သည်။
“ကောင်းကင်လောင်ကျွမ်းခြင်း သွေးမီးလျှံကို ဒီလိုမျိုးဖန်တီးရတာကိုး...”
ပြီးပြည့်စုံသောအဆင့်ထိ ကျင့်ကြံပြီးနောက်တွင်ပင် လုံချန် သည် ဆက်လက်၍ ကျင့်ကြံနေလေသည်။
“ယွမ်လင်းမြို့တော်ကို ရောက်ဖို့က နောက်ထပ် နှစ်ရက် လိုသေးတယ်။ နင် မြန်မြန် သွားသင့်တယ်လို့ ငါ ထင်တယ်။ ပြီးတော့ နင် ငါ့ကို ဝိညာဉ်အားဖြည့်ဆေးတွေ ဝယ်ပေးမယ်လို့ ကတိပေးထားတာလဲ မရသေးဘူးလေ... ဟမ့်...” လင်းရှီ သည် ပြောရင်း စိတ်ဆိုးနေဟန်ဖြင့် နှုတ်ခမ်းလေးကိုချစ်စဖွယ်စူထားလေသည်။
“ကောင်းပါပြီ... အမေကြီးရယ်... ငါ အခုပဲ သွားပါတော့မယ်...”
စားသောက်ဆိုင်အောက်ထပ်သို့ ဆင်းလာသည့်အခါ လင်းရှီ သည် ရုတ်တရက် ပြောလိုက်သည်။
“ဟင်... ဟိုလူတွေက နင့်ကို ထူးထူးဆန်းဆန်းတွေ ကြည့်နေကြတာပဲ...”
လင်းရှီ ပြောလိုက်သည့်အခါမှသာ လုံချန်သည် ဆိုင်အတွင်းရှိ လူများ၏အကြည့်ကို သတိထားကြည့်လိုက်မိသည်။ လူတိုင်းသည် သူ၏အကြည့်ကို ရှောင်လွှဲနေကြပုံပေါ်သည်။ အထူးသဖြင့် စားပွဲထိုးပင်၊ သူ၏အဖေအမေကို တရင်း ထွက်ပြေးလေတော့သည်။
လုံချန်သည် ရှေ့သို့ ခုန်ထွက်လိုက်ပြီး စားပွဲထိုး၏ ဝတ်ရုံစကို ဆွဲမြှောက်၍မေးမြန်းရန် ပြင်လိုက်သည်။ သူ မမေးခင်မှာပဲ စားပွဲထိုးက ငိုယိုရင်း ပြောပါတော့သည်။
“သခင်... သခင်ကြီး... ဒါ ငါနဲ့ ဘာမှ မဆိုင်ပါဘူး။သခင်လေးဟွမ်က မင်းရဲ့ မြင်းကို သတ်လိုက်တာပါ။ ငါနဲ့ ဘာမှ မဆိုင်ပါဘူး...”
“ဘာ...”
လုံချန်၏ မျက်နှာထားသည် ချက်ချင်းပင် လူသတ်လိုစိတ်များ ပေါ်လာခဲ့လေတော့သည်။
Translator# အနှောင်အဖွဲ့ကင်းမဲ့သူ