အခန်း (၆၉-၇၀)
Vol. 5 Ch. 69-70
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၅)
အပိုင်း ၆၉ - အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ
လုံချန်သည် မြင်းဇောင်းဆီသို့ အပြေးအလွှား သွားကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် အနက်ရောင် အကြေးခွံမြင်းသည် မြေပြင်ပေါ်တွင် လဲကျနေခဲ့ပြီ ဖြစ်သည်။ ၎င်း၏မျက်လုံးများပိတ်ကာ ပါးစပ်မှ သွေးများ စီးကျလျက် သေဆုံးနေခဲ့ပြီဖြစ်သည်။
မိမိ ချစ်မြတ်နိုးရသော မြင်း သေဆုံးသွားသည်ကို မြင်ရသည့်အခါ လုံချန်၏ မျက်လုံးများသည်တဖြည်းဖြည်း နီရဲလာခဲ့သည်။
“ဟွမ်ရှန်း...”
သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသဖြင့် လက်မောင်းပေါ်ရှိ သွေးကြောများပင်ဖောင်းတက်နေခဲ့သည်။ စားသောက်ဆိုင်အတွင်းမှ လိုက်ထွက်လာကြသော လူအုပ်ကြီးမှာလည်း လုံချန်၏ အခြေအနေကို မြင်ရသည့်အခါ ကြောက်လန့်တကြားဖြင့် တိတ်ဆိတ်သွားကြသည်။
လုံချန် သည် သေဆုံးနေသော အနက်ရောင် အကြေးခွံမြင်းကို ကြည့်နေရင်းဖြင့် ယန်လင်းချင်တစ်ယောက် အန္တရာယ်မျိုးစုံကိုကျော်ဖြတ်၍ ပျက်သုဉ်းခြင်းတောင်တန်းထဲသို့ မြင်းသွားဖမ်းစဉ်အချိန်ကို ပြန်လည် မြင်ယောင်နေမိသည်။
ထိုမိန်းမငယ်လေးသည် အနက်ရောင်အကြေးခွံမြင်းယဉ်ပါးလာအောင် လုပ်ရန်အတွက် ပျက်သုဉ်းခြင်းတောင်တန်းထဲ၌ တစ်ညတာလုံး အသက်စွန့်၍ နေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူမ၏တစ်ကိုယ်လုံး ဖုန်မှုန့်များ ပေကျံနေသည်ကိုပင် ဂရုမထားဘဲ သူ့အား အမှတ်တရလက်ဆောင်ပေးခဲ့သည်မဟုတ်ပါလား။ လုံချန် ပင်လျှင် ခရီးနှင်လာသည့်လမ်းတစ်လျှောက်တွင် မြင်း ခရီးပန်းမည်စိုးသဖြင့် အထူးဂရုစိုက်ပြီး စီးနင်းခဲ့ရသည်။ ယခုမူကား...
ဟွမ်ရှန်း၏ လှောင်ပြောင်နေသော မျက်နှာကို ပြန်လည် မြင်ယောင်မိသည့်အခါ လုံချန်၏ စိတ်ထဲတွင် သတ်ဖြတ်လိုသော စိတ်များ ပြည့်နှက်လာခဲ့သည်။
“ဒီမြင်းက လင်းချင် ငါ့ကို ပေးခဲ့တဲ့ ပထမဆုံး လက်ဆောင်ပဲ။ အဖေ အမွေပေးခဲ့တဲ့ နဂါးကျောက်စိမ်းဆွဲပြား ကို ဖယ်လိုက်ရင် ငါ့ဘဝမှာ အရေးအကြီးဆုံး လက်ဆောင်တစ်ခုပဲ။ ဒါပေမဲ့...”
မိုက်မဲသော ကောင်မလေး ယန်လင်းချင်အကြောင်းကို စဉ်းစားမိသည့်အခါ လုံချန်၏ရင်ထဲမှာ နောင်တများဖြင့် ပြည့်နှက်နေခဲ့သည်။
“လင်းချင်... ကိုကို မင်းရဲ့ လက်ဆောင်ကို သေချာ မကာကွယ်နိုင်ခဲ့ဘူး။ ကိုကို အလေးမထားသလိုဖြစ်သွားတယ်။ ဒါပေမဲ့ ကိုကိုက သေချာပေါက် လက်စားချေပေးပါ့မယ်...”
ထို့နောက် ခေါင်းကိုမော့ကာ ယွမ်လင်းမြို့တော်ဖက်သို့ လှည့်ကြည့်လိုက်သည်။ ဤအချိန်တွင် သူ၏ အကြည့်များသည် ထက်မြိနေသော ဓားသွားကဲ့သို့ အေးစက်နေခဲ့သည်။
“ဟွမ်ရှန်း... အစကတော့ ငါ မင်းကို သတ်ဖို့ အစီအစဉ် မရှိဘူး။ ဒါပေမဲ့ မင်းကိုယ်တိုင်က သေလမ်းရှာနေတာပဲ။ အဲ့ဒီအတွက် ငါ့ကို အပြစ်မတင်နဲ့တော့...”
လုံချန်သည် မြေပြင်ပေါ်တွင် လဲကျကာသေဆုံးနေပြီဖြစ်သော အနက်ရောင် အကြေးခွံမြင်းထံသို့ လျှောက်သွားလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မိမိနှင့်အတူ ရှိနေခဲ့သော အနက်ရောင်အကြေးခွံမြင်းကို ကြည့်၍ သူ့ခေါင်းကို ခါယမ်းရင်း သက်ပြင်းချမိသည်။ ထို့နောက် နောက်ပြန်လှည့်ကာ စားပွဲထိုး၏ ဝတ်ရုံစကို ဆွဲမြှောက်ပြီး အေးစက်စွာ ပြောလိုက်သည် “ငါ့မြင်းကို မြို့ပြင်မှာ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးလိုက်စမ်း။ ဒီကိစ္စအတွက် မင်းကို ဝိညာဉ်ကျောက်တုံး ၃၀၀ ပေးလိုက်မယ်။ ငါ ဒီမြို့ကို ပြန်လာတဲ့အချိန်မှာ ငါ့မြင်းကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်မထားဘူးဆိုတာ သိရင်တော့... မင်းရဲ့ ခွေးအသက်ကို ငါကိုယ်တိုင် အဆုံးသတ်ပစ်မယ်...”
လုံချန်၏ ရက်စက်ကြမ်းကြုတ်သော အကြည့်ကို မြင်တွေ့ရသည့်အခါ စားပွဲထိုးလည်း ခြေထောက်များ တုန်ရင်လာသည်အထိ ကြောက်လန့်သွားခဲ့တော့သည်။ သူသည် အလျင်အမြန်ပင် သဘောတူလိုက်ပါတော့သည်။
“ဟုတ်... ဟုတ်ကဲ့ပါ... ဒီနိမ့်ကျတဲ့အစေခံက သေချာပေါက် ခမ်းခမ်းနားနား သင်္ဂြိုဟ်ပေးပါ့မယ်...”
အမှန်စင်စစ် လုံချန် ပေးသော ဝိညာဉ်ကျောက်တုံး ၃၀၀ သည် အနက်ရောင်အကြေးခွံမြင်းကို အကြိမ်ပေါင်းများစွာ သင်္ဂြိုဟ်ရန် လုံလောက်ပေသည်။
ထို့နောက်တွင်တော့ လုံချန်သည် ယွမ်ယန်ခံတပ်(မြို့တော်)၌ ဆက်၍ မနေလိုတော့ပေ၊ ဟွမ်ရှန်း ထွက်ခွာသွားသော လမ်းအတိုင်း သူလည်း လိုက်သွားခဲ့သည်။ ၎င်းတို့ ဦးတည်နေသော နေရာကား ယွမ်လင်းမြို့တော်ပင် မဟုတ်ပါလား။
“ဟေး... နင် လမ်းမှာတင် သူတို့ကို သတ်ပစ်ဖို့ စဉ်းစားနေတာလား...”
လုံချန်သည် အေးစက်စွာ ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည် “ရှီအာ! စိတ်မပူပါနဲ့။ ငါ ကမူးရှူးထိုး မလုပ်ပါဘူး။ သူ့ကို အနိုင်ယူနိုင်မယ်ဆိုတဲ့ ယုံကြည်ချက် မရှိမချင်း ငါ မလှုပ်ရှားသေးဘူး။ အခုချိန်မှာ လင်းဝူမိသားစု ဘယ်မှာရှိလဲဆိုတာ ငါ မသိသေးဘူးလေ။ ဟွမ်ရှန်းတို့ နောက်ကို လိုက်သွားရင်တော့ လမ်းမှားမှာ မဟုတ်ဘူးပေါ့...”
လုံချန်သည် အမုန်းတရားများကြောင့် ဆင်ခြင်တုံတရား ပျောက်ကွယ်သွားခြင်း မရှိသည်ကို မြင်တွေ့မှသာ လင်းရှီ သည်လည် သက်ပြင်းချနိုင်ခဲ့သည်။ သူမက ဆက်ပြောလိုက်၏ “အဲ့ဒီလူက တကယ့်ကို ယုတ်မာတဲ့သူပဲ။ သူ လိုချင်တာကို မရရင် ဖျက်ဆီးပစ်တာလား။ ငါ့ရဲ့ အရင်ခွန်အားသာ ပြန်ရလာရင်တော့..... ရှောင်ဟေး (အနက်ရောင် အကြေးခွံမြင်း) အတွက် လက်စားချေဖို့ သူ့ကို အပိုင်းပိုင်း ဖြတ်တောက်ပစ်မယ်။ ငါ့အမြင်မှာတော့ သူက ဟွမ်ရှန်း ဆိုတဲ့ နာမည်နဲ့ မတန်ဘူး။ အဲ့ဒီအစား လူယုတ်မာလို့ပဲ ခေါ်သင့်တယ်...”
လင်းရှီသည်လည်း ဤတိုတောင်းလှသော အချိန်အတွင်းမှာပင် အနက်ရောင်အကြေးခွံမြင်းကို တော်တော်လေး သံယောဇဉ်တွယ်နေခဲ့ပြီဖြစ်သည်။၎င်း ရက်ရက်စက်စက် အသတ်ခံရသည်ကို မြင်လိုက်သည့်အခါမှာတော့ သူမ၏စိတ်ထဲ၌ အလွန်အမင်းကို ဒေါသထွက်သွားခဲ့ပါသည်။
......
လုံချန်သည် ဟွမ်ယန်ခံတပ်ကနေ သူထွက်ခွာလာသည့် အချိန်မှာ နေမွန်းတည့်ခါနီး ဖြစ်ကြောင်း သိလိုက်သည်။ တစ်ဖက်ရှိ ဟွမ်ရှန်းတို့အဖွဲ့ကတော့ မည်သည့်အချိန်ကတည်းက ထွက်ခွာသွားမှန်း မသိရှိခဲ့ပေ။ သို့သော် ၎င်းတို့အုပ်စုသည် မြင်းများဖြင့် စီးနင်းသွားကြခြင်းပင်။ လက်ရှိ သူကတော့ အရှိန်ကိုအားပြု၍သာ သွားလာနေရပေသည်။ သို့သော် သူ့အရှိန်က ဟွမ်ရှန်းတို့အုပ်စုအား အမှီလိုက်နိုင်လိမ့်မည်ဟု ယုံကြည်နေ၏။
ဤသို့ဖြင့်....
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့လေသည်။ လုံချန် သည် (၂)ရက်ခန့် ကြာမြင့်မည့် ခရီးကို အချိန် (၁) ရက်ခွဲအတွင်းမှာပင် အပြီးသတ်ခဲ့သည်။ သူ့ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်ရာတွင် ဟွမ်ရှန်း ဦးဆောင်သော လူအုပ်စုကို လှမ်းမြင်လိုက်ရသည်။
ထို့ထက် ပို၍ထူးခြားသည်မှာ အလွန်တရာ ခန့်ညားထည်ဝါလှသော ဒဏ္ဍာရီလာ မဟာယွမ်လင်းမြို့တော်ကြီးကို စတင် မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
မဟာမြို့တော်ကြီးကို မြင်လိုက်ရသည့်အခါမှာတော့ လုံချန် သည် အံ့အားသင့်ကာ ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။
သူ့ခေါင်းကို မော့ကာ မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်သည်။ သူ မြင်နေရသည်မှာ တောင်တန်းကြီးတစ်ခု မဟုတ်ခဲ့ပေ၊ အစွန်းအဖျားကိုပင် မမြင်နိုင်လောက်အောင် ကြီးမားကျယ်ပြန့်လှသော မြို့ကြီးတစ်မြို့ ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်ခဲ့သည်။
မဟာယွမ်လင်းမြို့တော်သည် အစဉ်အမြဲ တိမ်တိုက်များဖြင့်သာ ဖုံးလွှမ်းနေခဲ့၏။ အစွန်းအဖျားကိုသာ ဝေဝါးစွာသာ မြင်နိုင်သော်လည်း လုံချန်ကတော့ မဟာယွမ်လင်းမြို့၏ ကြီးမားလှပုံကို ကြည့်ကာ အံ့သြတုန်လှုပ်နေမိသည်။
ယွမ်လင်းမြို့တော်၏ အရှေ့ဖက်မှ အနောက်ဖက်သို့ အကွာအဝေးမှာ မိုင်ပေါင်း (၁၀၀၀)ခန့် ရှိလေသည်။ ထိုအချက်အရ ယွမ်လင်းမြို့တော်သည် မည်မျှ ကျယ်ပြန့်သည်ကို သိရှိနိုင်၏။
“လူဦးရေ သန်း ၁၀၀ လောက် နေထိုင်နိုင်တယ်ဆိုတာ မဆန်းပါဘူး။ ဒီယွမ်လင်းမြို့တော်က တကယ်ကို ကြီးမားတာပဲ...”
ဤအခိုက်အတန့်တွင် မြို့အတွင်းသို့ ဝင်ထွက်နေသော လူအုပ်ကြီးမှာ အလွန်တရာများပြားလှပေသည်။ လုံချန်သည် အဝေးမှနေ၍ များပြားလှသော လူအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။ ၎င်းတို့ထဲမှ အများစုသည် သူ့ထက် အဆပေါင်းများစွာ သန်မာသော ကျင့်ကြံသူများပင်။ ၎င်းတို့ ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည်ပင် လုံချန်အား အသက်မရှူနိုင်လောက်အောင် ဖြစ်နေခဲ့သည်။ သို့သော်လည်း ဤအစွမ်းထက်ကျင့်ကြံသူများကို နေရာအနှံ့မှာ မြင်တွေ့နေရလေသည်။ တစ်ချိန်တည်းမှာပင် လုံချန်သည် ကျားရဲဂူအတွင်းသို့ အမှတ်မထင်ဝင်ရောက်လာမိသော သိုးငယ်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။
“ယွမ်လင်းမြို့တော်က ဒီလောက်အထိ ကြောက်စရာကောင်းတာလား။ ငါ့ရဲ့ လက်ရှိခွန်အားက ကျော်ကြားခြင်းမြို့မှာဆိုရင် ထိပ်တန်းအဆင့်မှာ ရှိပေမဲ့... ဒီမြို့ကို ရောက်လာတော့မှပဲ ငါ့ရဲ့ အရည်အချင်းတွေက အောက်ဆုံးအဆင့်မှာပဲ ရှိနေတယ်ဆိုတာကို သိရတော့တယ်...”
“အမေက ငါ့ကို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနေထိုင်ဖို့ ပြောခဲ့တာ အကြောင်းမဲ့ မဟုတ်ဘူးပဲ...”
လုံချန်သည် ထိုအစွမ်းထက်ပညာရှင်များ၏ အရှိန်အဝါကြောင့် စိတ်ဓာတ်ကျသွားခြင်း မရှိပေ။ အကြောင်းမှာ သူကိုယ်တိုင်လည်း တစ်နေ့တွင် ထိုအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ယုံကြည်ထားလို့ပင်။ ထို့အပြင် အစွမ်းထက်ပညာရှင်များသည် စွမ်းအားကြီးလေလေ အသက်ကြီးလေလေ ဖြစ်ပုံရ၏။ လုံချန်သည် သူ့နံဘေးမှ ဖြတ်လျှောက်သွားသော အဘိုးအိုတစ်ဦးကို မြင်လိုက်ရသည့်အခါ ကြောက်မက်ဖွယ် ကောင်းလှသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ ထိုခံစားချက်မှာ မိုရှောင်းလန်နှင့် တွေ့ဆုံစဉ်ကထက်ပင် ပို၍ ကြောက်စရာ ကောင်းနေခဲ့လေသည်။
“နင့်ရဲ့ အသက်အရွယ်နဲ့ လက်ရှိခွန်အားကို နှိုင်းယှဉ်ရင်တော့ နင်က ယွမ်လင်းမြို့တော်မှာ ပျမ်းမျှအဆင့်ထက် သာလွန်တယ်လို့ ပြောလို့ရပါတယ်။ မိုရှောင်းလန် ရဲ့ ခွန်အားကတော့ သူ့အသက်အရွယ်နဲ့ ယှဉ်ရင် ထိပ်တန်းပါရမီရှင်အဆင့်မှာ ရှိနေတာလေ။ နင်က အဲ့ဒီအဆင့်ကို ရောက်ဖို့ နည်းနည်းတော့ လိုသေးတယ်...”
“ထပ်ပြီးပြောရရင် နင်က ကျော်ကြားခြင်းမြို့လို မြို့ငယ်လေးမှာတောင် အချိန်တိုတိုလေးပဲ ကျင့်ကြံခဲ့တာလေ၊ ဒါဟာ ဘာလဲဆိုတော့... ပျမ်းမျှအဆင့်ထက် သာလွန်တဲ့ အခြေအနေကို ရောက်နေတာလို့ ယူဆနိုင်တယ်၊ တကယ်တော့ နင့်ရဲ့အရည်အချင်းက သိပ်မဆိုးလှပါဘူး...”
လုံချန်သည်လည်း ကျင့်ကြံခြင်း နှင့်ပတ်သက်၍ အလျင်စလို လုပ်ဆောင်ခြင်းကား သူ၏ ရှေ့ဆက်တက်လမ်းကို ပျက်စီးစေနိုင်ကြောင်း သိရှိထားသဖြင့် စိုးရိမ်ပူပန်နေခြင်း မရှိပေ။
“ငါ ယွမ်လင်းမြို့တော်ကို လာရတဲ့ အဓိက အကြောင်းရင်းက သွေးဝိညာဉ်ဂိုဏ်းကို ရင်ဆိုင်ဖို့ပဲ။ နောင်ကျရင် ယန်အိမ်တော် ဘေးကင်းသွားပြီဆိုရင်တော့... ငါ့ကိုယ်ငါ ပိုပြီး တိုးတက်အောင် လုပ်ဖို့ ဒီကို ပြန်လာဦးမှာပါ။ ဒီနေရာက ငါ့ရဲ့ ကမ္ဘာ ဖြစ်လာရလိမ့်မယ်...”
ထိုသို့ တွေးတောပြီးနောက် လုံချန် သည် ခပ်လှမ်းလှမ်းကနေ၍ ဟွမ်ရှန်းတို့လူစု နောက်ကို လိုက်ပါလာခဲ့သည်။ လမ်းတစ်လျှောက်၌ သူသည် ပတ်ဝန်းကျင်ရှိ လူအများနှင့် အဆောက်အဦးများကို လေ့လာနေမိသည်။ လုံချန်သည် ယွမ်လင်းမြို့တော်အတွင်းသို့ ဝင်ရောက်လာသည့်အချိန်တွင်သူရောက်နေသောနေရာသည် မြို့အစွန်သာသာလောက်ပဲ ရှိနေသေးကြောင်း သိလိုက်ရသည်။ သို့သော်လည်း ဤနေရာမှ အဆောက်အဦးများသည်အလွန်ပင် ခန့်ညားထည်ဝါလှသည်။ ခန့်ညားထည်ဝါမှုနှင့် ပတ်ဝန်းကျင်အနေအထားသည် သူ ဖြတ်သန်းလာခဲ့သည့် ယွမ်ယန်ခံတပ်မြို့တော်ထက်ပင် များစွာ သာလွန်နေပေသည်။
“ယွမ်လင်းမြို့တော်ဆိုတာ ထိပ်တန်း စွမ်းအားရှင်တွေ စုဝေးရာ နေရာဆိုတော့... ပတ်ဝန်းကျင်အနေအထားနဲ့ လူနေထိုင်မှု အဆင့်အတန်းတွေ မြင့်မားနေတာ မဆန်းပါဘူးလေ...”
ဤမြို့တော်ကြီးတစ်ခုလုံး၌ လူဦးရေ သန်း(၁၀၀)ခန့် နေထိုင်နေကြသော်လည်း ကျပ်ညပ်နေသည်ဟု မခံစားရပေ။ ၎င်းကား ယွမ်လင်းမြို့တော် မည်မျှကြီးမားကြောင်းကို အလွယ်တကူ သိရှိနိုင်ပေသည်။
လုံချန်အတွက်တော့ ယွမ်လင်းမြို့တော်သည် နိုင်ငံငယ်လေးတစ်ခု ကဲ့သို့ပင် ဖြစ်နေခဲ့၏။
တစ်ချိန်တည်းမှာပင် လင်းဝူတော်ဝင်မိသားစုသည် ဤမျှ ကြီးမားကျယ်ပြန့်လှသော နယ်မြေကြီးကို မည်သည့် ပြဿနာမျှ မရှိဘဲ အုပ်ချုပ်ထားနိုင်ခြင်းကား ၎င်းတို့၏စွမ်းအားကို ဖော်ပြနေခြင်းပင် ဖြစ်သည်။
သူ့စိတ်ထဲမှာ တွေးမိသည်ကား “ငါ့အတွက်ကတော့ လင်းဝူတော်ဝင်မိသားစုထဲကို ဝင်နိုင်ရင် သေချာပေါက် အကျိုးကျေးဇူးတွေရလာမှာပဲ...” ဟူ၍ပင်။
လုံချန်သည် ဟွမ်ရှန်းတို့နောက်ကနေ လိုက်ပါနေရင်း ယွမ်လင်းမြို့တော်နှင့် ရင်းနှီးအောင် လုပ်နေခဲ့သည်။
ဤအချိန်တွင် ဟွမ်ရှန်းသည် ယွမ်ယန်ခံတပ်မြို့တော်မှ စားသောက်ဆိုင်ထက် များစွာ ကြီးမားသည့် စားသောက်ဆိုင် တစ်ခုထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။ ထိုဆိုင်မှာ ယွမ်ယန်ခံတပ်မြို့တော်ရှိ ဆိုင်ထက် ပို၍ကြီးမားသော်လည်း ယွမ်လင်းမြို့တော်တွင်မူ နိမ့်ကျသော အဆင့်အတန်းရှိသည့် ဆိုင်တစ်ခုသာ ဖြစ်ခဲ့သည်။
“အဘိုးလျူ... အဲ့ဒီကောင်လေး အခု ဘာတွေ ဖြစ်နေမယ်လို့ ထင်လဲ...”
ဟွမ်ရှန်းသည် ယွမ်လင်းမြို့တော်၏ အရသာရှိလှသော ဟင်းလျာများကို စားသောက်ရင်း သူ၏ဘေးတွင် ရိုသေစွာ ရပ်နေသော လူအိုကြီးလျူကို လှည့်မေးလိုက်သည်။
လူအိုကြီးလျူက ချက်ချင်းပင် ပြန်ဖြေလိုက်သည် “သူ ဘာလုပ်နိုင်မှာလဲ သခင်လေး... အဲ့ဒီကောင်လေးမှာ ပိုက်ဆံလည်း အများကြီး မရှိနိုင်သလို အခု မြင်းလည်း ဆုံးရှုံးသွားပြီဆိုတော့... သေချာပေါက် ငိုနေရမှာပေါ့။ ဟဲဟဲ... အခြေအနေကို မသိတတ်တာက သူကိုယ်တိုင်ပဲလေ။ သခင်လေးက စေတနာနဲ့ နတ်ဝိညာဉ်ကျောက်တုံး (၂)လုံး ပေးတာကို သူက မသိတတ်ဘဲ ငြင်းခဲ့တာကိုး...။ သခင်လေး သူ့ကို သင်ခန်းစာ ပေးလိုက်တာက အမှန်ဆုံးပါပဲ...”
ဟွမ်ရှန်းသည် ထိုစကားကို ကြားရသည့်အခါ အလွန်ပင် ကျေနပ်သွားခဲ့ပြီး ခေါင်းညိတ်လိုက်ရင်း ထပ်ပြောလိုက်သည် “ငါ လင်းဝူမိသားစုထဲကို ဝင်ပြီးရင်တော့... မင်း ယွမ်ယန်မြို့တော်ကို ပြန်လို့ ရပါပြီ။ လွန်ခဲ့တဲ့ ဆယ်ရက်အတွင်းမှာ မင်း ငါ့ဆီမှာကောင်းကောင်း အမှုထမ်းခဲ့တာပဲ။ မင်း ပြန်ရောက်ရင် ငါ့အဖေက မင်းကို ဆုလာဘ်တွေ အများကြီး ပေးမှာပါ...”
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ...” ဆုလာဘ်များ ရရှိမည်ဟူသော စကားကြောင့် လူအိုကြီးလျူ၏ မျက်လုံးများသည် အရောင်တောက်သွားခဲ့သည်။ ထို့နောက် သူသည် စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလိုက်၏ “သခင်လေး လင်းဝူမိသားစုထဲကို ဝင်ပြီးသွားရင် ပထမသခင်လေး ဖေးယန် ရှိနေတာဆိုတော့ ဒီလူအိုကြီးအနေနဲ့ တကယ်ပဲ စိတ်အေးရပါတယ်။ ဟုတ်သားပဲ... သခင်ကြီး ပြောတာတော့ ပထမသခင်လေး ဖေးယန်က လင်းဝူတော်မိသားစုထဲမှာ အဆင့်မြင့် ရာထူးတစ်ခု ရထားသလို ကျင့်ကြံခြင်းမှာလည်း အများကြီး တိုးတက်နေပြီတဲ့။ သူက ကနဦးမြေကမ္ဘာယွမ်အဆင့် ကို ရောက်နေပြီလို့တောင်ကြားမိတယ်...”
ဟွမ်ရှန်း သည် ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်သည် “ငါ့အစ်ကိုရဲ့ ပါရမီက ငါနဲ့ သိပ်အများကြီးမကွာပါဘူယ။ အဲ့ဒါကြောင့် ငါလည်း သူ့အသက်အရွယ်လောက် ရောက်ရင်တော့ ကနဦးမြေကမ္ဘာယွမ်အဆင့် ကို ရောက်နိုင်မှာပါ ... ဒါ့အပြင် ငါ့စိတ်ထဲမှာ အထွတ်အထိပ်မြေကမ္ဘာယွမ်အဆင့် ကိုတောင်မှ တက်လှမ်းနိုင်လိမ့်မယ်လို့ အလိုလိုခံစားမိနေတယ်...”
“ဒီနိမ့်ကျတဲ့အစေခံက သခင်လေးရဲ့ ပါရမီကို တကယ်ပဲ လေးစားမိပါတယ်...”
လုံချန် သည် အပြင်ဖက်ကနေ စောင့်ကြည့်နေရင်း ဖားယားသော စကားများကို ကျေနပ်အားရစွာ နားထောင်နေသည့် ဟွမ်ရှန်းကို အေးစက်စွာ ပြုံးလိုက်သည်။
“မင်း အခုချိန်မှာတော့ စိတ်ကြိုက် ပြုံးထားလိုက်ဦးပေါ့။ လင်းဝူတော်ဝင်မိသားစုရဲ့ တပည့်ရွေးချယ်ပွဲ စတာနဲ့ မင်းကို ငါ သေချာပေါက် ဒုက္ခပေးပါ့မယ်...”
ဤအချိန်တွင် ဟွမ်ရှန်းက ထပ်ပြောလိုက်သည်
“ငါ့အစ်ကိုက အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ ရဲ့ အပြင်စည်း အဖွဲ့ဝင် တစ်ယောက်ပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ... အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ ရဲ့ အစိမ်းရောင်နေမင်းဌာနခွဲ က အဖွဲ့ဝင်သစ်တွေကို ရွေးချယ်တော့မှာလေ။ ဆိုတော့... ငါ့အဖေက ငါ့ကို စေလွှတ်လိုက်တာပဲ။ ငါ့အစ်ကိုကလည်း အစိမ်းရောင်နေမင်းဌာနခွဲ မှာ ရှိနေတာဆိုတော့... ငါ လင်းဝူမိသားစုထဲကို ဝင်နိုင်ဖို့ကတော့ သေချာနေပြီလို့ဆိုရမှာပဲ...”
“အစိမ်းရောင်နေမင်းဌာနခွဲ အတွက် တပည့်အသစ် ရွေးချယ်ပွဲ လုပ်တိုင်းမှာ ပါဝင်တဲ့သူက အယောက် ၅၀ လောက် ရှိတာလေ။ တစ်ဆယ်ပုံ တစ်ပုံလောက်ပဲ အရွေးခံရတာဆိုပေမယ်လို့... သခင်လေးအတွက်ကတော့ လွယ်ကူမှာပါ...”
“တစ်ဆယ်ယောက်မှာ တစ်ယောက်ပဲလား...”
လုံချန်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း မကြာမီမှာပင် စိတ်အေးသွားခဲ့သည်။
“ဆယ်ယောက်မှာ တစ်ယောက်ပဲ အခွင့်အရေး ရှိတာလား။ ဒီဟွမ်ရှန်းကတော့ အဲ့ဒီအတွက် စိုးရိမ်ပုံမရဘူးပဲ။ ပြီးတော့ ငါလည်း သေချာပေါက်ဝင်နိုင်မှာပဲကို ။ ဒါပေမဲ့ အစောပိုင်းမြေကမ္ဘာယွမ်အဆင့် မှာ ရှိနေတဲ့ ဟွမ်ရှန်းရဲ့ အစ်ကိုက အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ ရဲ့ အစိမ်းရောင်နေမင်းဌာနခွဲ မှာ ရှိနေတယ်ဆိုတော့... ငါ မြေကမ္ဘာယွမ်အဆင့် ကို မရောက်မချင်း ဒီခွေးကောင်ကို ကမူးရှူးထိုး သွားသတ်လို့ မဖြစ်သေးဘူးပဲ...”
မည်သို့ပင်ဖြစ်စေကာမူ ယောက်ျားကောင်းတစ်ယောက်အတွက် လက်စားချေရန်မှာ အချိန် ဆယ်စုနှစ်တစ်ခု ကြာသွားလျှင်ပင် နောက်မကျသေးပါ၊ လုံချန်သည်လည်း ထိုအချက်ကို ကောင်းကောင်း နားလည်ထား၏။
အချိန်သိပ်မကြာမီမှာပင် ဟွမ်ရှန်းသည် စားသောက်နေခြင်းကို လက်စသတ်လိုက်ပြီး ပြောလိုက်သည် “ယွမ်လင်းမြို့တော်မှာ အဓိက အတွင်းပိုင်း နယ်မြေ ကြီး (၂)ခု ရှိတယ်။ လင်းဝူတော်ဝင်မြို့တော် နဲ့ မဟာယွမ်လင်းမြို့တော် ပေါ့။ တပည့်အသစ်ရွေးချယ်ပွဲက နီးနေပြီဆိုတော့ ငါတို့တွေ လင်းဝူမြို့တော်ဖက်ကို သွားကြရအောင်။ ငါတို့ မြန်မြန် သွားဖို့ လိုအပ်တယ်၊ အဲ့ဒီလိုမှ မဟုတ်ရင် ငါ့အစ်ကိုက ငါ့ကို ဆူပူနေလိမ့်မယ်။ ငါတို့ မတွေ့ရတာ ကြာပြီဆိုတော့... ငါ့အစ်ကိုက အရင်ကထက် ပိုပြီး စိတ်တိုတတ်လာတယ်လို့ ကြားမိတယ်...”
ထိုစကားများ ပြောဆိုပြီးနောက် ဟွမ်ရှန်း သည် မတ်တတ်ထရပ်ကာ လူစုကို ဦးဆောင်၍ ဒဏ္ဍာရီလာ လင်းဝူမြို့တော် ဆီသို့ ချက်ချင်း ဦးတည်သွားကြတော့သည်။
လုံချန်သည်လည်း ၎င်းတို့နောက်ကနေ အလျင်အမြန် လိုက်သွားခဲ့သည်။
“ရွေးချယ်ပွဲ လုပ်မယ့်နေရာက လင်းဝူတော်ဝင်မြို့တော်မှာ မဟုတ်ဘူး ထင်တယ်။ ငါ့အနေနဲ့ ရွေးချယ်ပွဲမှာ အောင်မြင်ပြီးတော့ လင်းဝူတော်ဝင်မိသားစုရဲ့ အဖွဲ့ဝင် ဖြစ်လာမှပဲ လင်းဝူမြို့တော်မှာ နေထိုင်ခွင့် ရမှာလေ။ အဲ့ဒါက ဘယ်လောက်တောင် ဂုဏ်ယူစရာ ကောင်းလိုက်မလဲ၊ ဒါပေမဲ့ ငါ ဟွမ်ရှန်း က ဒီလိုအခွင့်အရေးမျိုး ရသွားပြီ။ အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ ရဲ့ ကျေးဇူးကြောင့်ပေါ့...”
“အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲလား...။ လင်းဝူတော်ဝင်မိသားစုမှာ အဓိက အတွင်းစည်းဂိုဏ်း ၄ ခုနဲ့ အဓိက အပြင်စည်းဂိုဏ်းခွဲ ၉ ခု ရှိတယ်လို့ ငါ ကြားဖူးတယ်။ အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ က အဲ့ဒီ အပြင်စည်းဂိုဏ်း ၉ ခုထဲက တစ်ခု ဖြစ်ရမယ်...”
Translator # အနှောင်အဖွဲ့ကင်းမဲ့သူ
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၅)
အပိုင်း ၇၀ - မိုးသောက်ကုန်သည်များအဖွဲ့အစည်း
“ငါတို့ရှေ့မှာ ရှိနေတာက မြို့ပြင်မှာရှိတဲ့ လင်းဝူမိသားစုရဲ့ အစိမ်းရောင်နေမင်းဌာနခွဲ အခြေစိုက်စခန်းပဲ။ နောက်ဆုံးတော့ ရောက်လာပြီပေါ့...”
သူ၏ရှေ့တွင်ရှိသော ခန့်ညားထည်ဝါလှသည့် အစိမ်းရောင်အဆောက်အဦးကြီးကို မြင်လိုက်ရသည့်အခါ ဟွမ်ရှန်းသည် စိတ်လက်ပေါ့ပါးစွာ ပြုံးလိုက်သည်။ မကြာမီမှာပင် လူတစ်ဦးသည် သူ့ကို လာရောက်ကြိုဆိုပြီးနောက် အဆောက်အဦးအတွင်းသို့ ခေါ်ဆောင်သွားလေတော့သည်။
သူ၏အစောင့်အကြပ်များကတော့ နှုတ်ဆက်ပြီးနောက် ဝမ်းသာအားရဖြင့် ထွက်ခွာသွားကြသည်။
လုံချန်သည် ထည်ဝါလှသော ထိုအဆောက်အဦးကြီးကို ကြည့်နေသော်လည်း အထဲသို့ ချက်ချင်း မဝင်သေးပေ။ ဟွမ်ရှန်း သည် ယခုလေးတင် ဝင်ရောက်သွားသည်မဟုတ်ပါလား။ သူ့အနေဖြင့် လက်တလောမှာ ဟွမ်ရှန်း နှင့် ထိပ်တိုက် မတွေ့လိုသေးပေ။
“တပည့်ရွေးချယ်ပွဲ စတာနဲ့ ငါလုံချန်က မင်းကို အံ့သြသွားအောင် လုပ်ပေးပါ့မယ်။ မင်းက ငါ့ရဲ့မြင်းကို သတ်ခဲ့တာဆိုတော့... မင်းကို ဘာမှမလုပ်ပဲနဲ့ ဒီအတိုင်း လွှတ်ပေးထားမယ်လို့ ထင်နေတာလား...”
လုံချန်သည် အဆောက်အဦး အပြင်ဖက်၌ ခဏမျှ ရပ်နေလေသည်။ ဤအချိန်တွင် လူအချို့ ထပ်မံ ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့အားလုံးသည် လူငယ်လူရွယ်များပင်၊ ထို့အပြင် နဂါးသွေးကြောနယ်ပယ်အဆင့် ၉ တွင် ရှိနေကြသည်။ ၎င်းတို့ထဲမှ အငယ်ဆုံးမှာ လုံချန်နှင့် အသက်အရွယ်ချင်း ဆင်တူလှပေသည်။
မိမိနှင့် ပါရမီချင်း များစွာ မကွာခြားလှသော ဤလူငယ်များကို ကြည့်နေရင်းဖြင့် ၎င်းတို့သည် လင်းဝူမိသားစုထဲသို့ ဝင်ရောက်နိုင်ခဲ့လျှင်ပင် သာမန် အပြင်စည်းတပည့်များသာ ဖြစ်လာမည်ကို သိရှိလိုက်သည်။ ဤအချက်ကပင် လင်းဝူမိသားစု မည်မျှ အင်အားကြီးမားသည်ကို သက်သေပြနေခြင်း ဖြစ်သည်။
လုံချန်သည် အဆောက်အဦးကြီးထဲသို့ ဝင်ထွက်နေကြသော ပုံရိပ်များကို ကြည့်ပြီး အနည်းငယ် စိတ်ဓာတ်ကျသကဲ့သို့ ခံစားလိုက်ရသည်။
“လင်းဝူမိသားစုလိုမျိုး အဖွဲ့အစည်းကြီးရဲ့ ရှေ့မှာတော့ ငါ့ကိုယ်ငါ ပုရွက်ဆိတ်တစ်ကောင်လိုပဲ ခံစားနေရတယ်...”
သို့သော် လုံချန်၏ တိုက်ခိုက်လိုသော စိတ်ဓာတ်များကတော့ လျော့ပါးသွားခြင်း မရှိပေ။ ယခုလိုမျိုးပြင်းထန်ကြမ်းတမ်းသော ပတ်ဝန်းကျင်ကပင် သူ၏ တိုက်ခိုက်လိုစိတ်ကို ပို၍ လှုံ့ဆော်ပေးနေခဲ့သည်မဟုတ်ပါလား။
အစပိုင်းမှာတော့ လုံချန် သည် နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ပညာရှင်များ ဖြစ်မှသာ အတောင်အဦးထဲသို့ ဝင်ရောက်နိုင်မည်ဟု ထင်နေခဲ့၏။ သို့သော်လည်း ဤအချိန်တွင် သူ့ရှေ့ကနေ ဝင်ရောက်သွားသော လူငယ်ကို လှမ်းကြည့်လိုက်ရာ နဂါးသွေးကြောနယ်ပယ် အဆင့် ၈ ပညာရှင်တစ်ဦးဖြစ်နေလေသည်။ ထို့အပြင် ၎င်းသည် သားရဲအသွင်ပြောင်းကျင့်ကြံသူတစ်ဦးလည်းဖြစ်နေသေး၏။
“သားရဲအသွင်ပြောင်းကျင့်ကြံသူတွေ ဆိုရင် နဂါးသွေးကြောနယ်ပယ် အဆင့် ၈ မှာတင် အထဲကို ဝင်လို့ရတာထင်တယ်။ ကောင်းကင်ဘုံက ငါ့ကို ကူညီနေတာပဲ...”
ခဏအကြာတွင် လုံချန်သည်လည်း အထဲသို့ ဝင်သွားလိုက်သည်။ အဝင်ဝတွင် ရှိနေသော အဘိုးအိုသည် လုံချန် ချဉ်းကပ်လာသည်ကို မြင်သောအခါ ၎င်း၏မျက်လုံးများကို မှေးကျဉ်း၍ အသက်အရွယ်ကို စစ်ဆေးကြည့်နေလေသည်။
“ဒီပုံစံအတိုင်း မင်းရဲ့ အချက်အလက်တွေကို အရင် ပြောပြပါဦး...” ဆံပင်ဖြူဖြူနှင့် အဘိုးအိုသည် ရိုးရှင်းသော စာကြောင်းအချို့ ရေးသားထားသည့် သစ်သားဘုတ်ပြားတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
လုံချန်သည် ၎င်းကို ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည် “ငါ့နာမည်က လုံချန် ပါ။ အသက်က (၁၆) နှစ်ပါ။ ယွမ်လင်းခရိုင်၊ ကျော်ကြားခြင်းမြို့က လာတာပါ။ ငါ့ရဲ့ ခွန်အားကတော့ နဂါးသွေးကြောနယ်ပယ် အဆင့် ၈ မှာပဲ ရှိသေးတယ်။ ဒါပေမဲ့ ငါက သားရဲအသွင်ပြောင်းကျင့်ကြံသူတစ်ယောက်ပဲ...”
လုံချန် သည် လင်းရှီ နှင့်တိုင်ပင်၍ သူ့ကိုယ်သူ သားရဲအသွင်ပြောင်းကျင့်ကြံသူဖြစ်ကြောင်း ဖွင့်ဟပြရန် ကြိုတင် ဆွေးနွေးထားခဲ့ကြသည်။ အဓိကကတော့ ဤနေရာမှ လူများသည် နဂါး ဟူသော တည်ရှိမှုအား လုံးဝမသိကြလို့ပင်။ ထို့အပြင် လုံချန်သည် သားရဲအသွင်ပြောင်းကျင့်ကြံသူဟု မကြာခဏအထင်မှားခံနေရသည်ဖြစ်ရာ အကြောင့းပြရန် အဆင်ပြေသွားလေသည်။
“အိုး...”
အဘိုးအိုလည်း လုံချန် သည် သားရဲအသွင်ပြောင်းကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ကြားလိုက်သည့်အခါ သူ့ကို သေချာစွာ အကဲခတ်ကြည့်နေပြီးနောက် မေးလိုက်သည် “မင်းရဲ့ နဂါးသွေးကြောနယ်ပယ်ထဲက သားရဲဝိညာဉ်က ဘာလဲ...”
“မြေအောက် သွေးမိကျောင်း(ပုတ်သင်ညို) ပါ...”
အဘိုးအိုက ခေါင်းညိတ်လိုက်သည်။
“အဆင့် ၅ သားရဲဝိညာဉ်ဆိုတော့ မဆိုးလှပါဘူး။ကဲ... မင်းရဲ့ အသွင်ပြောင်းပုံစံကို ငါ့ကို တစ်ချက်လောက် ပြပါဦး...”
လုံချန်သည် ဘာမှ ထပ်မပြောတော့ဘဲ သူ၏နတ်နဂါးအသွင်ပြောင်းလဲခြင်းကျင့်စဉ်ကို ထုတ်သုံးလိုက်သည်။ ချက်ချင်းပင် ထူထပ်သိပ်သည်းလှသော သွေးနီရောင်အကြေးခွံများနှင့် ထက်မြိသောသွေးဆူးချွန်များ တဖြည်းဖြည်း ပေါ်ထွက်လာပြီး သူ၏အသွင်အပြင်ဟာ လုံးဝ ပြောင်းလဲသွားခဲ့လေတော့သည်။
ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော အသွင်ပြောင်းလဲမှုကို မြင်ရသည့်အခါ အဘိုးအို သည်အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူသည် သံသယဖြစ်ဖွယ် မျက်နှာထားဖြင့် ပြောလိုက်သည် “(သွေးမိကျောင်း...(ပုတ်သင်ညို) သွေးမျိုးဆက်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ပြင်းထန်တဲ့ အရှိန်အဝါတွေ ရှိနေရတာလဲ။ မင်း ရရှိထားတဲ့ သားရဲဝိညာဉ် သွေးမျိုးဆက်က မကြာခင်မှာ မြေအောက်သွေးမိကျောင်းဘုရင် ဖြစ်တော့မယ့် အကောင်ဆီက ဖြစ်ရမယ်။ မင်းရဲ့ ကံတရားက တကယ်ကို ကောင်းတာပဲ...”
လုံချန် သည် ခေါင်းညိတ်ရုံသာ တုံ့ပြန်လိုက်ပြီးနောက် သိချင်သည့်အရာကို တိုက်ရိုက်မေးလိုက်သည် “ဒါဆို ငါ အရွေးခံရပြီလားဆိုတာ သိချင်လို့ပါ...”
အဘိုးအိုသည် လုံချန်ကို ခဏမျှ ကြည့်ကာ ဖော်ဖော်ရွေရွေ ပြုံးလိုက်ပြီးနောက် အစိမ်းရောင် သစ်သားကတ်ပြားတစ်ခုကို သူ့အား ပေးလိုက်ရင်း ပြန်ပြောပါသည် “ဒီ အစိမ်းရောင် သစ်သားကတ်ပြားကို ယူထားလိုက်။ မင်းသာ တပည့်အသစ်ရွေးချယ်ပွဲမှာ အောင်မြင်ရင် ငါတို့ အစိမ်းရောင်ဂိုဏ်းခွဲ ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာလိမ့်မယ်။ အစိမ်းရောင်နေမင်းဌာနခွဲ က အခုတစ်ခေါက်မှာ (၅) ယောက်ပဲ ရွေးမှာဆိုတော့... ငါ ကြည့်ရသလောက်တော့ မင်းအတွက် အခွင့်အရေးက အရမ်းကြီးမများလောက်ဘူး...”
လုံချန် အံ့အားသင့်သွားသည်ကို မြင်ရသည့်အခါ အဘိုးအိုသည် အားရပါးရ ရယ်မောလိုက်ပြီး ဆက်ပြောခဲ့သည် “အဲ့ဒါကြောင့် မင်း ပိုပြီး ကြိုးစားရလိမ့်မယ်...”
လုံချန် သည် ခေါင်းညိတ်လိုက်သည်။ ထို့နောက် အဘိုးအို၏ နောက်ကွယ်မှ လူငယ်တစ်ဦး၏ ဦးဆောင်မလမ်းပြမှုဖြင့် အဆောက်အဦးအတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့သည်။ လုံချန် သည် အခန်းများစွာကို မြင်တွေ့နေရသည့်တိုင် သိပ်ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ သူ့ရှေ့မှ အခန်းတစ်ခုကို ရွေးချယ်လိုက်ပါသည်။ ဤအချိန်တွင် လူငယ်က လုံချန်အား ပြောလိုက်သည် “ဒီနေ့က နောက်ကျနေပြီဆိုတော့ ဒီမှာပဲ တစ်ည တည်းခိုလိုက်ပါ။ မနက်ဖြန် မိုးလင်းရင်တော့ တစ်စုံတစ်ယောက်က မင်းကို တပည့်အသစ်ရွေးချယ်ပွဲကျင်းပမယ့် နေရာကို လိုက်ပို့ပေးပါလိမ့်မယ်...”
လုံချန်သည် ထိုလူငယ်ကို ကျေးဇူးတင်စကား ပြောဆိုလိုက်ပြီးနောက် တံခါးဖွင့်၍ အခန်းထဲသို့ လှမ်းဝင်လိုက်သည်။ သူဝင်လိုက်သည့်အချိန်တွင် အခန်းထဲ၌ လူငယ်တစ်ဦး ကြိုရောက်နေသည်ကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း နောက်တော့မှ တစ်စုံတစ်ခုကို နားလည်လိုက်သည်။
“ကြည့်ရတာတော့ အခန်းတစ်ခန်းမှာ လူနှစ်ယောက် နေထိုင်ဖို့ စီစဉ်ထားတာပဲ...”
လုံချန် အခန်းထဲသို့ ဝင်လာသည်နှင့် အခန်းဖော်လူငယ်က ခေါင်းမော့၍ သူ့အား ကြည့်နေသည်။ ၎င်းသည် အသက် နှစ်ဆယ်ခန့် ရှိပုံရပြီး အလွန်ပင် ပိန်လှီလှသည်။ သို့သော် သူ၏ မီးခိုးရောင်မျက်လုံးများမှာ အရောင်တလဲ့လဲ့လှုပ်ရှားနေပြီး မျက်နှာပေါ်မှာလည်း တောက်ပသော အပြုံးတစ်ခု ရှိနေခဲ့သည်။
သူသည် လုံချန်ကို ခဏမျှကြည့်လိုက်ပြီးနောက် ရှေ့သို့ တက်လာကာ ဝမ်းသာအားရ ပြောလိုက်သည် “မင်းလည်း လင်းဝူမိသားစုရဲ့ တပည့်အသစ်ရွေးချယ်ပွဲမှာ ပါဝင်ဖို့ လာတာလား ။ ဟဲဟဲ... ငါလည်း ပါဝင်မှာပဲ၊... ငါ့နာမည်က လျူဖုန်း ပါ။ ဒါနဲ့ မင်းရဲ့နာမည်က ဘယ်သူလဲ...”
ထိုလူငယ်သည် ရင်းရင်းနှီးနှီး ပြောဆိုနေသော်လည်း လုံချန် ကတော့ ၎င်း၏မျက်လုံးထဲ၌ အရာရာကို သူတစ်ဦးတည်းသာ ရယူလိုသူဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သို့သော် လုံချန်သည် နယ်မြေအသစ်သို့ ရောက်ရောက်ချင်းပဋိပက္ခ မဖြစ်လိုသဖြင့် ပြုံးလျက်သာ ပြန်ဖြေလိုက်သည်။
“ငါ့နာမည်က လုံချန် ပါ...”
“လုံချန်လား...။ မင်းက အသက်အရမ်း ငယ်သေးတာပဲ။ ဒါနဲ့ မင်းရဲ့ခွန်အားက နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ကို ရောက်နေပြီလား...”
လုံချန် က ခေါင်းခါလျက် ပြန်ဖြေပေးလိုက်သည်. “ငါက သားရဲအသွင်ပြောင်းကျင့်ကြံသူ ပါ။ ဒါပေမဲ့ အဆင့် ၈ မှာပဲ ရှိပါသေးတယ်...”
လျူဖုန်း အတွက်တော့ လုံချန်၏စကားကို ကြားလိုက်ချိန်တွင် သူ၏ပြိုင်ဖက် မဟုတ်ကြောင်း သိရှိသွားသဖြင့် စိတ်ထဲမှာ ချက်ချင်းပင် ပျော်ရွှင်သွားလေသည်။
လုံချန် သည်လည်း သူ့ရှေ့ရှိ လူငယ်သည် တစ်ခုခုကို ကြံစည်နေကြောင်း သိရှိထားသဖြင့် စကားအနည်းငယ်သာ ပြောဆိုပြီးနောက် ရပ်တန့်လိုက်သည်။
“ညီလေး လုံချန်! ငါက မင်းကို အထင်သေးလို့ ပြောတာ မဟုတ်ပါဘူး၊ ငါသာ သားရဲအသွင်ပြောင်းကျင့်ကြံသူ တစ်ယောက်ဆိုရင်တော့ နဂါးသွေးကြောနယ်ပယ် အဆင့် ၉ ရောက်မှပဲ ဒီကို လာခဲ့မှာပါ။ အဲ့ဒီအချိန်ကျရင် အားသာချက်တွေက ပိုပြီး အများကြီး ရှိနိုင်တာပေါ့။ အခု မင်းရဲ့ အဆင့်နဲ့ဆိုရင်တော့... ဒီစမ်းသပ်ပွဲမှာ ဟန်ပြလောက်ပဲ လုပ်နိုင်မှာပါ။ ဒီတစ်ခါ လင်းဝူမိသားစုရဲ့ တပည့်အသစ်ရွေးချယ်ပွဲက တကယ်ကို အန္တရာယ်များတယ်။ မင်းအနေနဲ့ အသက်ပါ ဆုံးရှုံးသွားနိုင်တာဆိုတော့... မထိုက်တန်ဘူးလို့ ငါ ထင်တယ်...” လျူဖုန်းသည် သူ့ကိုယ်သူ အစ်ကိုကြီးတစ်ယောက်လိုမျိုး အမူအရာဖြင့် လုံချန်အား တရားဟောသကဲ့သို့ ပြောဆိုနေတော့သည်။
လုံချန် သည် ဘာမှပြန်မပြောလိုသဖြင့် အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။
လုံချန် က သူ၏စကားကို အာရုံမစိုက်သဖြင့် လျူဖုန်း သည် အနည်းငယ်ဒေါသထွက်သွားခဲ့သည်။ ယခုအချိန်၌ လုံချန်အား တိုက်ခိုက်ရန်မှာလည်း အကြံကောင်း မဟုတ်သဖြင့် သူ၏လေသံမှာ အေးစက်သွားပြီး ပြောလိုက်သည် “မင်းကတော့ ဘာမှ မသိသေးဘူး ထင်တယ်။ လင်းဝူမိသားစုရဲ့ တပည့်အသစ်ရွေးချယ်ပွဲမှာ မင်း သေမလား ရှင်မလားဆိုတာကို ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။ စုံစမ်းကြည့်လို့ သိရသလောက်ကတော့... ပါဝင်တဲ့သူတွေထဲက ငါးယောက်မှာ တစ်ယောက်က သေဆုံးတတ်တယ်၊ ဒါ့အပြင် ငါးယောက်မှာ နှစ်ယောက်ကတော့ သေလုမျောပါး ဒဏ်ရာတွေ ရတတ်တယ်တဲ့။ ငါ့အမြင်မှာတော့ မင်းက... ဟူး...”
ထိုလူငယ်၏ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်နေသော အမူအရာကို ကြည့်ပြီး လုံချန်သည် သူ၏ စကားများကို လက်မခံသော်လည်း သတင်းအချက်အလက်များ ရရှိနေသည့်အတွက် ကြောက်လန့်ဟန် ဆောင်လိုက်သည်။ သူ၏ စိတ်ထဲတွင်တော့ “ငါ ပါဝင်တာ မပါဝင်တာက မင်းနဲ့ ဘာဆိုင်လို့လဲ”ဟူ၍ ကျိန်ဆဲနေခဲ့သည်။
သို့သော် လက်ရှိသူရောက်နေသည့်နေရာကား ကျော်ကြားခြင်းမြို့မဟုတ်ခဲ့ပေ၊ အစွမ်းထက်ပညာရှင်များစွာ ရှိနေသည့် မဟာယွမ်လင်းမြို့တော်တွင် ဖြစ်နေလေရာ လုံချန်သည် ဆဲဆိုခြင်းက စိတ် သက်သာရာ ရနိုင်မည် မဟုတ်မှန်း သိလိုက်သည်။ ထို့အပြင် ကျိန်ဆဲရုံသာကျိန်ဆဲခြင်းကား သူ၏ပုံစံ မဟုတ်ပေ...
“အစ်ကိုကြီးလျူ! အစ်ကိုကြီးက ဒီရွေးချယ်ပွဲအကြောင်း တော်တော်လေးကိုသိနေတယ်ဆိုတော့... ယွမ်လင်းမြို့တော်ကပဲလား...”
ဤအချိန်တွင် လျူဖုန်းက ချက်ချင်းပင် ဂုဏ်ယူစွာ ပြန်ဖြေလေသည် “ငါက ယွမ်လင်းမြို့တော်မှာ ကြီးပြင်းလာတာလေ။ ဒီမှာ နေလာတာ အနှစ် (၂၀) ရှိပြီဆိုတော့... ဒီမှာ ဖြစ်သမျှ အရာအားလုံးကို ငါ အကုန် သိတယ်။ မင်းရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရင်တော့ မြို့ငယ်လေးတစ်မြို့က လာတာမှန်း သိသာပါတယ်။ အဲ့ဒီလို နေရာတွေက တကယ်ကို ချောင်ကျပြီး ဆင်းရဲတာလေ။ အဲ့ဒီမှာ နေတဲ့သူတွေက ရေတွင်းထဲက ဖားသူငယ်တွေလိုပဲ။ ငါ တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့ကို ဖြတ်သွားတော့ အဲဒီမှာ အသန်မာဆုံးလူက နဂါးသွေးကြောနယ်ပယ် အဆင့် ၉ ပဲရှိတယ်၊ ဒါပေမဲ့ သူ့ကိုယ်သူ အစွမ်းထက်ဆုံးလို့ ထင်နေတာက တကယ်ကို ရယ်စရာ ကောင်းတာပဲ...”
လျူဖုန်းသည် စိတ်လှုပ်ရှားစွာ စကားပြောနေသဖြင့် သူ၏ပါးစပ်ကနေ တံတွေးများ နေရာအနှံ့ လွင့်စင်သွားသည်။ သူ့ရှေ့မှ လုံချန်သည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသည်ကို မြင်ရသည့်အခါ စိတ်ထဲတွင် ကျိတ်၍ ရယ်မောလိုက်ပြီး တွေးလိုက်သည်။
“ဒီကောင်လေးက တောသားလေးဆိုတာ သိသာပါတယ်။ ဒါတောင် သူ့အကြည့်တွေက မောက်မာနေတုန်းပဲ။ မနက်ဖြန်ကျရင်တော့ မင်း ဒုက္ခရောက်တာကို သိရမှာပါ။ တောင်တစ်တောင်ထက် မြင့်တဲ့ တောင်တွေ ရှိသလို ကောင်းကင်ထက် မြင့်တဲ့ ကောင်းကင်တွေလည်း ရှိသေးတယ်ဆိုတာကိုပေါ့...”
“အစ်ကိုကြီး... ငါက အဝေးက လာတာဆိုတော့... ဒီမြို့ခံလူ တစ်ယောက်အနေနဲ့ လင်းဝူမြို့တော် အကြောင်း ငါ့ကို ပြောပြပေးပါဦး...”
လျူဖုန်း၏ လေသံတွင် စိတ်ပျက်မှု အနည်းငယ် ပါဝင်နေခဲ့သည်။ သူသည် သူ၏ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များကို သေသပ်စွာပြင်ဆင်လိုက်ပြီးနောက် ကြေးမုံမှန်တစ်ချပ်ကို ထုတ်ယူ၍ ကြည့်လိုက်သည်။ သူ၏အနေအထားကို ပြန်လည် စစ်ဆေးပြီးနောက် ခန့်ညားလှကြောင်း အတည်ပြုလိုက်ပြီးမှ အေးဆေးစွာ ပြန်ဖြေလေသည် “ယွမ်လင်းမြို့တော်အကြောင်းလား ။ တွေ့တဲ့အတိုင်းပါပဲ၊ပြောစရာ ထွေထွေထူးထူးတော့ မရှိပါဘူး။ လူတိုင်းကတော့ ဒါကို ကြီးမားတယ်လို့ ထင်ကြပေမဲ့... ငါ့အတွက်တော့ သာမန်ပါပဲ...”
“ယွမ်လင်းမြို့တော်ကို ဘယ်လို ခွဲခြားထားလဲ၊ ပြီးတော့ ဘယ်လို အဖွဲ့အစည်းတွေ ရှိလဲဆိုတာ သိချင်လို့ပါ...” လုံချန်သည် ထပြီး ရိုက်နှက်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားရင်း မေးလိုက်သည်။
သူ့စိတ်ထဲမှာတော့ လျူဖုန်း၏ အကျင့်စရိုက်ကို အမှန်တကယ်ပင် မနှစ်မြို့ပေ။ ၎င်းသည် သူ့ကိုယ်သူ အမွှန်းတင်လွန်းနေသည် မဟုတ်ပါလား။
“အင်း... ယွမ်လင်းမြို့တော်ကို အရှေ့ပိုင်းနယ်မြေ၊ အနောက်ပိုင်းနယ်မြေ၊ တောင်ပိုင်းနယ်မြေ နဲ့ မြောက်ပိုင်းနယ်မြေ ဆိုပြီး နယ်မြေကြီး (၄)ခု ခွဲထားတယ်။လင်းဝူတော်ဝင်မိသားစုက ယွမ်လင်းမြို့တော်ရဲ့ အရှေ့ပိုင်းနယ်မြေမှာ ရှိတာပေါ့။ ငါတို့ အခု ရောက်နေတာလည်း အရှေ့ပိုင်းနယ်မြေမှာပဲ။ ကျန်တဲ့ နယ်မြေ (၃) ခုကတော့ အနောက်ပိုင်းနယ်မြေ၊ တောင်ပိုင်းနယ်မြေနဲ့ မြောက်ပိုင်းနယ်မြေတွေပေါ့...”
“ယွမ်လင်းမြို့တော်ရဲ့ အင်အားကြီး အဖွဲ့အစည်းတွေအကြောင်း ပြောရရင်တော့... လင်းဝူတော်ဝင်မိသားစုက ယွမ်လင်းမြို့တော်ကို အုပ်ချုပ်တယ်ဆိုတာ လူတိုင်း သိကြတာပဲ။ ဒါပေမဲ့ အနောက်ပိုင်းနယ်မြေကိုတော့ သားရဲဝိညာဉ်နန်းတော် က အုပ်ချုပ်တယ်၊ သူတို့ရဲ့ အင်အားက လင်းဝူတော်ဝင်မိသားစုနဲ့ တန်းတူပဲလို့ ပြောလို့ ရတယ်။ ငါသာ မင်းလို သားရဲကျင့်ကြံသူတစ်ယောက်ဆိုရင်တော့ ယွမ်ဝူမြို့တော် ကိုပဲ သွားမှာ။ မင်းက ဘာလို့ လင်းဝူမြို့တော်ကို လာတာလဲ၊ ယွမ်ဝူမြို့တော် ဆိုတာ သားရဲစစ်သည်တော်တွေအတွက်တော့ ကောင်းကင်ဘုံပဲလေ...”
အစပိုင်းတွင် လုံချန်၏စိတ်ထဲ၌ လင်းဝူတော်ဝင်မိသားစု သည်သာ ယွမ်လင်းမြို့တော်၏ ထိပ်တန်းအင်အားစု ဟု သိရှိထားခဲ့သည်။ ယခုအခါမှာတော့ ၎င်းနှင့် တန်းတူ အခြားအင်အားစုကြီးတစ်ခုလည်း ရှိနေသေးကြောင်း ကြားလိုက်ရသည်။ သူ့စိတ်ထဲတွင် အတော်လေး အံ့အားသင့်သွားခဲ့သည်။
လျူဖုန်း၏ စကားအရဆိုလျှင် ယွမ်လင်းမြို့တော်၌ လင်းဝူအဖွဲ့အစည်းနှင့် ယွမ်ဝူအဖွဲ့အစည်းတို့မှာ ဆန့်ကျင်ဖက် အင်အားစုများ ဖြစ်နေပုံရသည်။ မြို့၏ အမည်မှာပင် “လင်းဝူ” နှင့် “ယွမ်ဝူ” ဟူသော အမည်နှစ်ခုကို ပေါင်းစပ်၍ “ယွမ်လင်းမြို့တော်” ဟု ခေါ်ဆိုခြင်း ဖြစ်ရပေမည်။ ဤအချက်ကို ကြည့်လျှင် ယွမ်ဝူမြို့တော်ရှိ သားရဲဝိညာဉ်နန်းတော်သည် လင်းဝူမြို့တော်ကဲ့သို့ပင် လျှို့ဝှက်ဆန်းကြယ်သော အင်အားများကို ပိုင်ဆိုင်ထားခြင်း ဖြစ်ကြောင်း သိသာပေသည်။
“ငါ အရင်တုန်းက လင်းဝူတော်ဝင်မိသားစုအကြောင်းပဲ သိခဲ့တာ၊ သားရဲဝိညာဉ်နန်းတော်အကြောင်းတော့ မသိခဲ့ဘူး။ ဒါပေမဲ့ ငါ ဒီကို ရောက်နေပြီဆိုမှတော့... နောက်ဆုတ်မှာ မဟုတ်ဘူး...”
လုံချန်၏ပုံစံမှာ သေရမည်ကို မကြောက်သေးကြောင်း မြင်ရသည့်အခါ လျူဖုန်းက အေးစက်စွာ ပြောလိုက်သည် “ဒါဆိုရင်လည်း ထားလိုက်ပါတော့။ ငါ မင်းကို ထပ်ပြီး မပြောတော့ဘူး။ ဒီရွေးချယ်ပွဲမှာ မင်း သတိထားရမယ်၊ ပြောချင်တာက နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ကို မရောက်မချင်းတော့ အသက်ရှင်အောင် နေရမယ်လေ။ ငါ့အမြင်ကတော့ မင်းက သားရဲအသွင်ပြောင်းကျင့်ကြံသူ တစ်ယောက် ဖြစ်တဲ့အတွက် သားရဲဝိညာဉ်နန်းတော်ကို သွားဖို့ပဲ ငါ အကြံပေးချင်တယ်...”
လုံချန်က လျူဖုန်း အား မျက်နှာသာပေးလိုသဖြင့် ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်သည် “တကယ်လို့ ငါ့အနေနဲ့ လင်းဝူမိသားစုထဲကို ဝင်ခွင့် မရခဲ့ရင်တော့ နောင်မှာ သားရဲဝိညာဉ်နန်းတော်ကို သွားဖို့ စဉ်းစားပါ့မယ်...”
လျူဖုန်းက ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်သည် “မင်းက အရမ်း ငယ်သေးတာဆိုတော့... လမ်းမှားမရောက်စေချင်လို့ ပြောတာပါ။ ငါ့ရဲ့ စေတနာကို မင်း နားလည်နိုင်ရင်ပဲ တော်ပါပြီ...”
လုံချန်၏စိတ်ထဲမှာတော့ ထိုလူငယ်တွင် မည်သည့် စေတနာမျှ မရှိဘဲ တမင်သက်သက် ကြွားဝါနေခြင်း ဖြစ်မှန်း သိရှိနေခဲ့သည်။
“ဟုတ်သားပဲ... အစ်ကိုကြီးလျူ! ... သွေးဝိညာဉ်ဂိုဏ်း နဲ့ပတ်သက်ပြီးတော့ အစ်ကိုကြီး ဘာများ သိထားသေးလဲ...”
လုံချန်သည် သွေးဝိညာဉ်ဂိုဏ်း နှင့် ပတ်သက်သော သတင်းအချက်အလက်အချို့ကို ရရှိရန် ကြိုးစားလိုက်သော်လည်း လျူဖုန်း ကတော့ ရုတ်တရက်အံ့အားသင့်သွားခဲ့သည်။
“အဲ့ဒါက ဘာဂိုဏ်းလဲ၊ အဖွဲ့အစည်းအငယ်လေး တစ်ခုခု ဖြစ်မှာပေါ့။ မြို့ငယ်လေးက လာတဲ့လူတွေကမှ အဲ့ဒီလို အဖွဲ့အစည်းအသေးလေးတွေကို ကြောက်ကြတာလေ။ ငါ မင်းကို ပြောပြမယ်၊ ယွမ်လင်းမြို့တော်မှာ အင်အားကြီးအဖွဲ့အစည်း (၃) ခု ရှိတယ်။ အဲ့ဒါတွေက လင်းဝူမြို့တော်၊ သားရဲဝိညာဉ်နန်းတော် နဲ့ မိုးသောက်ကုန်သည်များအဖွဲ့ အစည်းတွေပဲ။ မိုးသောက်ကုန်သည်များအဖွဲ့အစည်း က တောင်ပိုင်းနဲ့ မြောက်ပိုင်းနယ်မြေတွေကို အုပ်ချုပ်ထားသလို သူတို့က အရှေ့ပိုင်းနယ်မြေမှာတောင် သြဇာလွှမ်းမိုးမှုတွေ ရှိသေးတယ်။ မိုးသောက်ကုန်သည်များအဖွဲ့ အစည်းရဲ့ အလုံးစုံစစ်အင်အားက လင်းဝူမြို့တော်နဲ့ ယွမ်ဝူမြို့တော် ကို မယှဉ်နိုင်ပေမဲ့... အရင်းအမြစ်တွေနဲ့ ပိုင်ဆိုင်မှုတွေမှာတော့ လုံးဝ လျှော့တွက်လို့ မရတဲ့ အဖွဲ့အစည်းပဲ...”
“မိုးသောက်ကုန်သည်များအဖွဲ့အစည်းလား...”
လုံချန်၏စိတ်ထဲ၌ မိုးသောက်ကုန်သည်များအဖွဲ့အစည်း သည် ဤမျှအထိ အရှိန်အဝါ ကြီးမားလိမ့်မည်ဟု တစ်ခါမှ မတွေးထားဖူးခဲ့ပေ။
Translator #အနှောင်အဖွဲ့ကင်းမဲ့သူ