အခန်း (၇၁-၇၂)
Vol. 6 Ch. 71-72
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၆)
အပိုင်း ၇၁ - သံမဏိရုပ်သေးများ
လုံချန်သည် လျူဖုန်းထံမှ မိုးသောက်ကုန်သည်များအဖွဲ့အစည်းနှင့် ပတ်သက်သော သတင်းအချက်အလက်အချို့ကို ရရှိခဲ့သည်။ အချိန်တော်တော်ကြာသည်အထိ မနားတမ်းရှင်းပြခဲ့ပြီးနောက်တွင် လျူဖုန်းသည် စကားပြောနေခြင်းအား ရပ်ကာ ကျင့်ကြံရန်အတွက် ထွက်ခွာသွားခဲ့သည်။
အမှန်စင်စစ်တော့ လုံချန်သည် လျူဖုန်းကို စိတ်ထဲမှ မနှစ်မြို့သော်လည်း သူ၏အသက်အရွယ်ဖြင့် နဂါးသွေးကြောနယ်ပယ်အဆင့် ၉ သို့ ရောက်ရှိနေကိုတော့ အနည်းငယ် အထင်ကြီးမိသည်။
ခဏအကြာတွင် လုံချန် သည်း ကျင့်ကြံရန်ပြင်ဆင်လိုက်၏။ သူသည် တစ်ညတာလုံး ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး ကို ကျင့်ကြံရင်း အချိန်ကုန်ဆုံးစေလိုက်သည်။ လင်းဝူတော်ဝင်မိသားစု၏ တပည့်အသစ်ရွေးချယ်ပွဲမှာလည်း မကြာမီ စတင်တော့မည် မဟုတ်ပါလား။
နံနက်စောစောတွင်မူ သန်မာသောအရှိန်အဝါများ ထုတ်လွှတ်နေသည့် ပညာရှင်များ ရောက်လာကြသည်။ ၎င်းတို့သည် နဂါးသွေးကြောနယ်ပယ် အဆင့် ၉ ရှိသည့် လူငယ်ပညာရှင်များကို လာရောက် ကြိုဆိုကြခြင်းပင်။ လူငယ်များသည်လည်း အခန်းများထဲမှ ထွက်လာကြစဉ် တစ်ဦးကိုတစ်ဦး အကဲခတ်နေကြသည်။
ဤလူငယ်များကား ယွမ်လင်းမြို့တော်အတွင်းရှိ အလယ်အလတ်အဆင့် အဖွဲ့အစည်းများမှ လာသူများ ဖြစ်ပုံရသည်။ လူငယ်တိုင်းမှာ အလွန်ပင် မောက်မာတတ်ကြသော်လည်း လင်းဝူတော်မိသားစု သို့ ရောက်ရှိနေသည်ဖြစ်ရာ ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနေခဲ့ကြသည်။
လုံချန် သည် လူငယ်များ ဆီသို့ တစ်ချက်ကြည့်လိုက်ရာ ယုံကြည်မှု အပြည့်ရှိနေသည့် ဟွမ်ရှန်းကို ရှာတွေ့လိုက်သည်။ သို့သော် ဟွမ်ရှန်းကတော့ လုံချန်ကို မမြင်တွေ့ခဲ့ပေ။ ၎င်းသည် စစ်ဆေးသူများကြားတွင် လှည့်ပတ်ကြည့်နေကာ တစ်စုံတစ်ဦးကို ရှာဖွေနေပုံရ၏။ မကြာမီ တည်ငြိမ်ရင့်ကျက်ပြီး အေးစက်မျက်နှာထားရှိသောလူငယ်တစ်ဦးကို ရှာတွေ့သွားလေသည်။ ထိုလူငယ်ကို တွေ့လိုက်သည့်အချိန်မှာတော့ ဟွမ်ရှန်း၏ မျက်နှာသည် ဝင်းလက်သွားပြီး ၎င်းထံသို့ ဦးတည်သွားခဲ့သည်။
“အစ်ကိုကြီး...”
ထိုလူငယ်၏ အနားသို့ ရောက်သောအခါ ဟွမ်ရှန်းက တိုးတိုးလေး လှမ်းခေါ်လိုက်သည်။
သို့သော် လူငယ်က သူ့ကို အသာအယာ ခေါင်းညိတ်ပြခဲ့ရုံသာ။ ထို့နောက် လူငယ် အယောက် ၅၀ ခန့်ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် ပြောလိုက်သည် “လင်းဝူမိသားစုရဲ့ တပည့်အသစ် ရွေးချယ်ပွဲမှာ ပါဝင်တဲ့အခါ မင်းတို့ရဲ့ အသက်အန္တရာယ်အတွက် မင်းတို့ကိုယ်တိုင်ပဲ တာဝန်ယူရလိမ့်မယ်။ နောင်တရတဲ့သူရှိရင် အခုနေတုန်း ထွက်သွားလို့ ရသေးတယ်။ ဆက်ပြီး ပါဝင်ချင်တဲ့သူတွေကတော့ ငါ့နောက်ကနေ လေ့ကျင့်ရေးကွင်းဆီ လိုက်ခဲ့ကြ...”
စကားပြောပြီးနောက် လူငယ်သည် လင်းဝူတော်ဝင်မိသားစုမှ အခြားအဖွဲ့ဝင်များကို အကြောင်းကြားလိုက်ပြီး ရှေ့ဆုံးမှ ဦးဆောင်၍ ထွက်ခွာသွားခဲ့သည်။ ဟွမ်ရှန်းသည်လည်း ဝမ်းသာအားရဖြင့် ချက်ချင်း လိုက်သွားခဲ့သည်။
လုံချန်နှင့် အခြားလူငယ်များလည်း နောက်ကနေ လိုက်ပါသွားကြသည်။ ဤနေရာရှိ လူငယ်တိုင်းမှာ ပြိုင်ဖက်များ ဖြစ်ကြသည်၊ သို့ဖြစ်ရာ အချင်းချင်း သင့်မြတ်သူ နည်းပါးလှသည်။ အခြေအနေမှာ အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်လောက်အောင် တင်းမာနေခဲ့၏။
စင်္ကြံလမ်းအတိုင်း လျှောက်လာစဉ် လုံချန်သည် အခြားလူငယ်များနည်းတူ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။
လျူဖုန်းသည် သူ့ဘေးနားတွင် ရှိနေပြီး ရှေ့မှ မြောက်ကြွမြောက်ကြွသွားနေသော ဟွမ်ရှန်းကို ကြည့်ကာ ပြောလိုက်သည် “ငါသာ အဲ့ဒီ ဟွမ်ရှန်း နဲ့ တွေ့ရင်တော့ သွားပြီပဲ။ စစ်ဆေးသူ ဟွမ်ဖေးယန် က သူ့ရဲ့ အစ်ကိုအရင်း ဖြစ်ပုံရတယ်။ ဒီလူ ၅၀ ထဲမှာဆိုရင် သူ့ရဲ့ စွမ်းအားက အမြင့်ဆုံးပဲ... ကောင်းကင်ကြီးက တကယ်ကို မတရားတာပါ...”
“ဟုတ်လို့လား...”
ရှေ့မှ ဂုဏ်ယူစွာ လျှောက်လှမ်းနေသော ဟွမ်ရှန်းကို ကြည့်ကာ လုံချန်၏ မျက်နှာတွင် မည်သည့် အမူအရာမျှ ပေါ်မလာခဲ့ပေ။ ယန်လင်းချင် လက်ဆောင်ပေးလိုက်သော အနက်ရောင်အကြေးခွံမြင်း သေဆုံးသွားပုံကို ပြန်သတိရလိုက်သည့်အခါ သူ၏နှလုံးသားထဲတွင် လူသတ်လိုစိတ်များ ပေါ်ပေါက်လာခဲ့သည်။
"ငါ မင်းကို သင်ခန်းစာ မပေးနိုင်ရင် လင်းချင်ကို မျက်နှာပြရဲတော့မှာ မဟုတ်ဘူး။ မင်းရဲ့အစ်ကိုက ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ငါ မင်းကို တရားမျှတစွာ အနိုင်ယူလိုက်ရင် သူ ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့..."
လျူဖုန်း ကမူ လုံချန်၏ စိတ်ထဲရှိ အတွေးများကို မည်သို့ သိနိုင်မည်နည်း။ ဟွမ်ရှန်း၏ အမည်ကို ကြားလိုက်သည့်အခါ လုံချန်တစ်ယောက်တည်း တိတ်ဆိတ်သွားသဖြင့် ကြောက်လန့်သွားသည်ဟု ထင်မှတ်ကာ ပြောလိုက်သည် “စိတ်မပူပါနဲ့...။ မင်းက ပထမအဆင့်ကိုတောင် အောင်မှာ မဟုတ်တော့ သူနဲ့ တွေ့ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ပါဘူး...”
ပထမအဆင့်အကြောင်း ကြားလိုက်ရသဖြင့် လုံချန်က ခေါင်းမော့ကာ မေးလိုက်သည်။
“အစ်ကိုကြီးလျူ! မင်းက ရွေးချယ်ပွဲ အဆင့်တွေအကြောင်း သိနေတာလား...”
လျူဖုန်းသည် လုံချန်အား လူအတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။
“မင်းကတော့ တကယ်ပါပဲ...။ ယွမ်လင်းမြို့တော်မှာ ရှိတဲ့လူတိုင်းက လင်းဝူမိသားစုရဲ့ တပည့်ရွေးချယ်ပွဲမှာ အဓိက စမ်းသပ်ပွဲ (၂)နှစ်ခု ရှိတယ်ဆိုတာ သိကြတာချည်းပဲ။ ဒါကို မင်းက မသိဘူးလား...”
လုံချန်က ခေါင်းခါပြလိုက်သည်။
လျူဖုန်းက လုံချန်အား သနားစရာ ကောင်းလှသည်ဟူသော မျက်နှာထားဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ ခဏအကြာတွင် သူက သက်ပြင်းချရင်း ပြောလိုက်သည်။
“ဒါဆိုရင်လည်း ထားပါတော့...။ မင်းနဲ့ငါက အခန်းဖော်တွေဆိုတော့ ကံတရားကြောင့်လို့ပဲ သတ်မှတ်ရမှာပေါ့။ အဲ့ဒီ စမ်းသပ်ပွဲ နှစ်ခုအကြောင်း ငါ ပြောပြမယ်။ ပထမတစ်ခုက သံမဏိရုပ်သေးတွေနဲ့ တိုက်ခိုက်ရမှာပဲ...”
“အခြေအနေတွေက ဘာတွေလဲ...”
“ခဏနေရင် ငါတို့အားလုံး လိုဏ်ဂူပေါက်တွေ အများကြီး ရှိတဲ့ နေရာကို ရောက်လိမ့်မယ်။ လိုဏ်ဂူတစ်ခုစီက အမြင့် ၃ မီတာနဲ့ အကျယ် ၂ မီတာပဲ ရှိတယ်။ ဒါပေမဲ့... အောက်ခြေအနက်ကတော့ မီတာ ၅၀၀ ကျော်တယ်။ အဲ့ဒီထဲမှာ သံမဏိရုပ်သေးတွေ အများကြီး ရှိနေပြီးတော့ မင်း လိုဏ်ဂူထဲ ဝင်လိုက်တာနဲ့ စပြီးတိုက်ခိုက်လိမ့်မယ်။ သံမဏိရုပ်သေးက ဘာလဲဆိုတာ မင်း မသိဘူး မဟုတ်လား...”
လုံချန်က ပြန်ဖြေလိုက်သည်။
“ငါ တကယ် မသိပါဘူး... ။ အစ်ကိုကြီးလျူပဲ ရှင်းပြပေးပါဦး...”
ယွမ်လင်းမြို့တော်သို့ ရောက်ရှိလာသည့်အခါ သူ၏ခွန်အားက အနိမ့်ဆုံး အဆင့်တွင်သာ ရှိနေသေးမှန်း သိထားသဖြင့် လုံချန် သည် သူ့ကိုယ်သူ အတတ်နိုင်ဆုံးနှိမ့်ချနေခဲ့သည်။
ဤသည်မှာ သူ၏အမေဖြစ်သူယန်ရွှဲ့ချင်က မှာကြားထားသည့် အတိုင်းပင် ဖြစ်သည်။ ယခုအချိန်တွင် သူသည် သည်းခံနေရန် လိုအပ်နေပေသည်။ သူ၏ စွမ်းဆောင်ရည်များဖြင့် လောကကြီးကို အံ့အားသင့်အောင် လုပ်ဆောင်နိုင်သည့် အချိန်ကျမှသာ သူ၏ စစ်မှန်သော ပုံစံမှာ ပေါ်ထွက်လာပေလိမ့်မည်။
ဘေးနားရှိ လျူဖုန်း ကတော့ လုံချန် ဘာမှမသိသည်ကို မြင်ရသည့်အခါ သိချင်စိတ် ပြင်းပြနေသော အမူအရာဖြင့် ဆက်ပြောလိုက်သည်။
“အဲ့ဒီ သံမဏိရုပ်သေးတွေက တိုက်ခိုက်တတ်ပေမဲ့ အသိဉာဏ်မရှိတဲ့ သတ္တဝါတွေလို့ပဲ မှတ်ထားလိုက်... ။ ညီလေး လုံချန်! ... ငါ မင်းကို အကြံတစ်ခု ပေးမယ်။ တကယ်လို့ မင်း အဲ့ဒီရုပ်သေးတွေကို ရင်မဆိုင်နိုင်ဘူးလို့ ခံစားရရင် အထဲကို အရမ်းကြီး မတိုးသွားနဲ့။ အဲ့ဒီလိုဆိုရင် အပေါက်ဝကို အမြန် ပြန်ပြေးလို့ ရသေးတာပေါ့။ မင်းသာ မီတာ ၁၀၀ လောက်အထိ ရောက်သွားရင်တော့... အထဲမှာ သေသွားရင်တောင် ဘယ်သူမှ သိမှာ မဟုတ်ဘူး...”
လုံချန်က ပြုံးလိုက်ပြီး ဆက်မေးလိုက်သည်။
“ဒါဆိုရင် ဘယ်လိုမျိုးမှ အောင်မြင်တယ်လို့ သတ်မှတ်တာလဲ အစ်ကိုကြီးလျူ...”
လျူဖုန်းက ဂုဏ်ယူစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ငါတို့ အားလုံး လူအရေတွက်က အယောက် ၅၀ ကျော် ရှိပေမဲ့ ပထမစမ်းသပ်ပွဲ ပြီးရင်တော့ ၁၀ ယောက်လောက်ပဲ ကျန်တော့မှာလေ။ ဘာလို့လဲဆိုတာ မင်း သိလား၊ အဲ့ဒါကတော့ ငါတို့ အဲ့ဒီရုပ်သေးတွေကို သတ်ပြီးရင် သူတို့ရဲ့ ရင်ဘတ်ထဲက သံမဏိနှလုံးသားတွေကို ယူရမှာ မို့လို့ပဲ။ အဲ့ဒီ သံမဏိနှလုံးသား အများဆုံး ရတဲ့ ၁၀ ယောက်ပဲ ဒုတိယအဆင့် စမ်းသပ်ပွဲကို တက်ခွင့် ရမှာလေ။ ငါက အရင်ကတည်းက လေ့လာထားတာဆိုတော့ ဒီစမ်းသပ်ပွဲကို သေချာပေါက် အောင်မှာပါ။ ဒါနဲ့ မင်းမှာ သိုလှောင်အိတ် ရှိလို့လား...”
လုံချန် သည် ယွမ်လင်းမြို့တော်က မဟုတ်ကြောင်း သိနေသဖြင့် မေးလိုက်ခြင်းပင်။ မြို့ငယ်လေးမှ ရောက်လာသည့် လူများကတော့ သိုလှောင်အိတ် ဆိုသည်ကို ဘာမှန်းသိမှာမဟုတ်ပေ။ ထို့ကြောင့် လျူဖုန်းက အားနာဟန် ဆောင်ကာ ပြောလိုက်သည်။
“မင်းမှာ သိုလှောင်အိတ် မရှိရင် သံမဏိနှလုံးသားတွေ အများကြီး သယ်လို့ ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒါကပဲ မင်းအတွက် ပိုကောင်းမှာပါ။ အကောင်းဆုံးက မင်း ပြန်သွားပြီးတော့ နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ကို ရောက်တော့မှပဲ ယွမ်ဝူမြို့တော်ကို သွားပါ။ အဲဒါကပဲ မင်းအတွက် အခွင့်အရေး ပိုရှိမှာ...”
ဤအချိန်တွင် လုံချန်သည် သူ သိလိုသမျှကို အလုံးစုံ သိရှိသွားခဲ့ပြီ ဖြစ်သည်။ လူတိုင်းကို အထင်သေးတတ်သော ဤလျူဖုန်း၏ စကားများကို နားထောင်ရင်း သူ့စိတ်ထဲတွင် မကျေနပ်မှုများ ဖြစ်ပေါ်လာပါသည်။ သို့သော်လည်း သူသည် အငြင်းပွားမနေတော့ဘဲ တိတ်ဆိတ်စွာသာ လိုက်ပါလာခဲ့သည်။
လျူဖုန်းကတော့ လုံချန်၏ အမူအရာကို ကြည့်ပြီး ထိုလူငယ်လေး စိတ်ဓာတ်ကျနေသည်ဟု ယူဆလိုက်သည်။ သူသည် ခေါင်းကို ခါယမ်းလိုက်ပြီးနောက် အခြားသောပြိုင်ဖက်များကိုသာ အကဲခတ်နေလိုက်တော့သည်။
“ဒီတစ်ခါ ပြိုင်ဖက်တွေကတော့ အရည်အချင်းရှိတဲ့သူတွေချည်းပဲ။ မင်းကို ဖယ်လိုက်ရင်တော့ အားနည်းတဲ့သူ တစ်ယောက်မှ မပါဘူး...”
လျူဖုန်း တစ်ယောက်တည်း စကားပြောနေစဉ်မှာပင် လူအုပ်ကြီးသည် လှိုဏ်ဂူများစွာရှိနေသော နေရာသို့ ရောက်ရှိလာခဲ့သည်။
လုံချန်၏ ရှေ့ကို လှမ်းကြည့်လိုက်ရာ တောင်ကုန်းငယ်လေး တစ်ခုကို မြင်တွေ့လိုက်ရသည်။ ၎င်း၏ အောက်ခြေတွင် လိုဏ်ဂူပေါက်များစွာ ရှိနေသည်။ လက်ရှိတွင် အဝင်ဝအားလုံးကို သံမဏိတံခါးများဖြင့် ပိတ်ထားခဲ့သည်။ သို့သော်လည်း လူအုပ်ကြီး ရောက်လာသည့်အခါ လိုဏ်ဂူများကို စတင် ဖွင့်လှစ်ပေးလိုက်ကြသည်။
ဤအချိန်တွင် ခပ်လှမ်းလှမ်းရှိ ဧရာမကျောက်တုံးကြီးပေါ်၌ လင်းဝူမိသားစုမှ ကိုယ်စားလှယ် အချို့ ရပ်နေကြသည်။ ၎င်းတို့ထဲတွင် ဟွမ်ရှန်း၏ အစ်ကိုဖြစ်သူ ဟွမ်ဖေးယန် လည်း ပါဝင်ခဲ့သည်။
လုံချန် သည် ဟွမ်ဖေးယန်ကို သေချာစွာ အကဲခတ်ကြည့်လိုက်သည်။ ထိုလူငယ်သည် တည်ကြည်လေးနက်သော မျက်နှာထားရှိပြီး ချဉ်းကပ်ရန် ခက်ခဲသော ပုံစံရှိသည်။ ကြောက်စရာအကောင်းဆုံးအပိုင်းမှာ ဟွမ်ဖေးယန်၏မျက်လုံးများပင်ဖြစ်သည်၊သူ၏ မျက်လုံးများမှာ ဟွမ်ဖေးယန် သည် ရက်စက်ကြမ်းကြုတ်သူ တစ်ဦးဖြစ်ကြောင်း ဖော်ပြနေပေသည်။ တစ်နည်းအားဖြင့်တော့ သူ့ကို ရန်စမိသူများမှာ အဆုံးသတ်မကောင်းနိုင်ပေ။
"ဒါပေမဲ့... ရှောင်ဟေး အတွက်တော့ ငါ သေချာပေါက် လက်စားချေရမယ်..."
ထိုစဉ် လင်းဝူမိသားစုမှ စေလွှတ်ထားသည့် သန်မာထွားကြိုင်းသော လူငယ်တစ်ဦးက လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်သည်။ လုံချန်သည် သူ၏ နှလုံးသားထဲတွင် အေးစက်မှုကို ခံစားလိုက်ရသည်။
“အားလုံးပဲ... လင်းဝူမိသားစုရဲ့ စည်းမျဉ်းတွေကိုတော့ မင်းတို့ အနည်းနဲ့အများ သိထားကြပြီးသား ဖြစ်မှာပါ။ ငါတို့ အစိမ်းရောင်ဂိုဏ်းခွဲ ရဲ့ စမ်းသပ်ပွဲဟာလည်း လင်းဝူမိသားစုရဲ့ စံနှုန်းအတိုင်းပါပဲ ။ ဒီလိုဏ်ဂူတွေထဲမှာ သံမဏိရုပ်သေးတွေ ရှိနေတယ်။မင်းတို့ လုပ်ရမှာက ဒီလိုဏ်ဂူတွေထဲကို ဝင်သွားဖို့ပဲ။ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုဏ်ဂူတွေကို ဖြတ်ကျော်ပြီးတော့ သံမဏိနှလုံးသား အများဆုံး ရရှိတဲ့သူက ဒုတိယအဆင့်ကို တက်လှမ်းခွင့် ရလိမ့်မယ်”
“ဒီမတိုင်ခင်မှာ ငါ တစ်ခု သတိပေးချင်တာကတော့ မင်းတို့ ဒီလိုဏ်ဂူထဲကို ဝင်လိုက်တာနဲ့ မင်းတို့ရဲ့ အသက်က ကိုယ့်ကိုယ်အပေါ်ပေါ်မှာပဲ မူတည်တယ်ဆိုတာပဲ။ လူတိုင်းက သေဖို့အတွက် ပြင်ဆင်ထားကြရမယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့အားလုံး ဒီအထိတောင် ရောက်လာကြပြီဆိုတော့ နောက်ဆုတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အားလုံး အထဲကို ဝင်ကြတော့...။ ငါတို့တွေ တစ်ဖက်မှာ စောင့်နေမယ်”
လုံချန်သည် လင်းဝူမိသားစု၏ စစ်ဆေးသူများကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် သူ့စိတ်ထဲတွင် တွေးလိုက်သည်။
"ဒီလူငယ်တွေက အသက်သိပ်မကြီးသေးပေမဲ့... အားလုံးက မြေကမ္ဘာယွမ်အဆင့် ပညာရှင်တွေ ဖြစ်နေကြပြီပဲ။ ဟွမ်ဖေးယန် က မြေကမ္ဘာယွမ်အဆင့် အစောပိုင်းနယ်ပယ် မှာ ဆိုတော့... တခြားသူတွေလည်း အဲ့ဒီအဆင့်လောက်မှာပဲ ရှိလောက်မယ်။ တကယ်တော့ ဒါက လင်းဝူမိသားစုရဲ့ အစိမ်းရောင်ဂိုဏ်းခွဲက ဌာနခွဲလေး တစ်ခုပဲ ရှိသေးတာလေ။ ဒီလို ပါရမီရှင်တွေကို နေရာတိုင်းမှာ တွေ့နေရတာပဲ..."
“လုံချန်... နင်က သူတို့ထက် အများကြီး ပိုပြီး ပါရမီရှိပါတယ်။ အချိန်တစ်ခု ရရင်တော့ နင် သူတို့ကို အမြန် ကျော်တက်နိုင်မှာပါ။ ဥပမာအနေနဲ့ နင် နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ကို ရောက်တာနဲ့ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး ကို သုံးပြီး သူတို့ကို အမီလိုက်နိုင်မှာလေ...”
လုံချန် အတွေးများနေစဉ်မှာပဲ သူ့နားထဲတွင် လင်းရှီ၏စကားသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် လုံချန်သည် လိုဏ်ဂူများ ရှေ့သို့ ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။ ဤအချိန်တွင် လူတိုင်း၏ရင်ထဲ၌ စိုးရိမ်ပူပန်မှုများမှာ တဖြည်းဖြည်း ပြင်းထန်လာခဲ့သည်။ လိုဏ်ဂူရှေ့တွင် ရပ်နေကြရင်း သံမဏိရုပ်သေးများ ဆီမှ ပွတ်တိုက်သံများကို ကြားရသည့်အခါ ပါဝင်သူအများစုဟာ ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်။
လုံချန် ကတော့ တုန်လှုပ်နေခြင်းမရှိပေ၊ သို့သော်ရုတ်တရက်ဆိုသလို သူ့ပေါ်ကို ပြင်းထန်သော အကြည့်တစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ ခေါင်းကိုမော့ကြည့်လိုက်ရာ ဟွမ်ရှန်းက သူ့အား ရှာတွေ့သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
ဤအချိန်တွင် ဟွမ်ရှန်းသည် သူ့အနားရှိ လုံချန် ကို အမှတ်မထင် မြင်လိုက်ရသည့်အခါ အံ့သြသွားပြီး သူ၏မျက်စိ အမြင်မှားနေသည်ဟုပင် ထင်မှတ်သွားမိသည်။
သို့သော် လုံချန်၏နောက်သို့ လှည့်ကြည့်လိုက်သည့်အခါမှသာ အစစ်အမှန်ဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။ အစပိုင်းတွင် အံ့သြသွားသော်လည်း နောက်ပိုင်းတွင် သူ၏ စိတ်အခြေအနေသည် ပြန်လည် တက်ကြွလာခဲ့ပြီး တွေးလိုက်သည်။
"ဒါ တကယ်ကို အဲ့ဒီကောင်လေးပဲ...။ သူက ယွမ်ယန်မြို့တော်မှာ ငါ့ကို အရှက်ခွဲခဲ့တာ။ အစက လင်းဝူမိသားစုရဲ့ တပည့်အသစ်ရွေးချယ်ပွဲအတွက် အလျင်လိုနေလို့ သူ့ရဲ့ မြင်းကိုပဲ သတ်ခဲ့တာ။ သူက ရွေးချယ်ပွဲမှာ ပါဝင်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး။ အခုတော့ သူ့ကိုပါ တစ်ခါတည်း အပြတ်ရှင်းရတော့မှာပေါ့။ တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်ရင်တော့ မင်းရဲ့ ကံဆိုးမှုကိုပဲ အပြစ်တင်လိုက်... "
ဒုတိယ စမ်းသပ်ပွဲအကြောင်း စဉ်းစားမိသည့်အခါ ဟွမ်ရှန်းသည် လုံချန်အား မည်သူက ပို၍ သန်မာကြောင်း သက်သေပြနိုင်တော့မည် ဖြစ်သဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။
"ဒုတိယ စမ်းသပ်ပွဲအတွက် ပြိုင်ဖက်တွေကို ငါ့အစ်ကိုက တိုက်ရိုက် သတ်မှတ်ပေးမှာဆိုတော့... အဲ့ဒီအချိန်ကျရင် ငါတို့ ထပ်တွေ့ကြတာပေါ့။ မင်း ဘယ်လို သေမလဲဆိုတာ ကြည့်မယ်.."
ထိုသို့ တွေးတောမိသည့်အခါ ဟွမ်ရှန်းသည်စိတ်သက်သာရာ ရသွားခဲ့သည်။ ယခင်က လင်းဝူမိသားစု၏ ရွေးချယ်ပွဲကြောင့် လုံချန်အား လွှတ်ပေးခဲ့ရသဖြင့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းမှာ သူ့အနေဖြင့် စိတ်မအေး ဖြစ်နေခဲ့ရသည်။
လုံချန်အား သင်ခန်းစာကောင်းကောင်း မပေးနိုင်သရွေ့ သူ၏စိတ်ထဲမှ မကျေနပ််ချက်များ ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ယခုအခါ လုံချန် ပေါ်လာပြီဖြစ်သဖြင့် သူ၏စိတ်အခြေအနေကိုအကောင်းဆုံး ဖြေရှင်းနိုင်တော့မည် ဖြစ်သည်။
"ဒါပေမဲ့ အဲ့ဒီကောင်က ပထမ စမ်းသပ်ပွဲကို အောင်ပါ့မလားဆိုတာတော့ မသေချာဘူး။ တကယ်လို့ သူ့ဟာသူ ဒီလိုဏ်ဂူထဲမှာတင် သေသွားမယ်ဆိုရင် ပိုကောင်းတယ်၊ ငါ ဟွမ်ရှန်း က သေလူတစ်ယောက်အပေါ်မှာတော့ အငြိုးအတေး ထားမှာ မဟုတ်ဘူး.."
ဟွမ်ရှန်း၏ မျက်နှာပေါ်ရှိ ရှုပ်ထွေးလှသော အမူအရာများမှတစ်ဆင့် ယုတ်မာကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်ကို မြင်ရသည့်အခါ လုံချန်သည် သတိအပြည့်ရှိနေတော့သည်။
"ဒီကောင် ဘာတွေ ကြံစည်နေတာလဲ..."
ဟွမ်ရှန်း၏ အတွေးများကို မသိနိုင်သဖြင့် လုံချန်သည် ထိုကိစ္စကို ဆက်မတွေးတော့ဘဲ လက်လွှတ်လိုက်သည်။ ယခုအချိန်တွင် အရေးအကြီးဆုံးမှာ ပထမအဆင့် စမ်းသပ်ပွဲကို အောင်မြင်ရန်ပင် ဖြစ်သည်။ ရွေးချယ်ပွဲ၏ နောက်ထပ် အဆင့်များတွင် ဟွမ်ရှန်းနှင့် ထိပ်တိုက် တွေ့ရမည်ဆိုပါက...
"ငါ အဲ့ဒီကောင်ကို သေချာပေါက် ဒုက္ခပေးရမယ်..."
ဤအချိန်တွင် ဟွမ်ဖေးယန်သည် ညီဖြစ်သူ ဟွမ်ရှန်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
“သံမဏိတံခါးတွေကို ဖွင့်လိုက်ကြ။ ပထမအဆင့် စမ်းသပ်ပွဲ စတင်လိုက်ပြီ....”
Translator # အနှောင်အဖွဲ့ကင်းမဲ့သူ
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၆)
အပိုင်း ၇၂ - အရိုင်းဆန်သော သတ်ဖြတ်မှု
လူအုပ်ကြီး၏ စိုးရိမ်တကြီး စောင့်ကြည့်နေမှုအောက်တွင် သံမဏိရုပ်သေးများ ရှိနေသည့် လိုဏ်ဂူအဝင်ဝ တံခါးကြီးများမှာ တဖြည်းဖြည်း ပွင့်လာခဲ့သည်။
သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့် အမှောင်အတိကျနေသော ဂူအဝင်ဝများကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်းသည် ထိတ်လန့်တုန်လှုပ်သွားကြရသည်။
တပည့်သစ်များ၏ ဖြူဖျော့နေသော မျက်နှာများကို ကြည့်ပြီး ဟွမ်ဖေးယန်သည် လှောင်ပြုံး ပြုံးလိုက်ရင်း ကြည်လင်သော အသံဖြင့် ပြောလိုက်သည်။
“ဒါကို သေချာ မှတ်ထားကြ...။ မင်းတို့ အထဲမှာ နာရီဝက်ပဲ နေလို့ရမယ်။ အဲ့ဒီအချိန်ကျော်လို့မှ အပြင်ကို ပြန်မထွက်လာနိုင်ရင်တော့... မင်းတို့ သံမဏိနှလုံးသားတွေ ဘယ်လောက်ပဲ ရထားပါစေ... ထည့်တွက်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မင်းတို့ အပြင်ကို ပြန်ထွက်လာနိုင်မှာ မဟုတ်တော့လို့ပဲ...”
“နာရီဝက်ပြည့်တာနဲ့ သံမဏိတံခါးတွေကို ငါတို့ ပြန်ပိတ်လိုက်မှာ။ အဲ့ဒီအချိန်ကျရင် မင်းတို့ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ... ငါတို့ကတော့ သေသွားပြီလို့ပဲ သတ်မှတ်လိုက်မယ်။ တကယ်လို့ မင်းတို့ အပြင်ပြန်ထွက်ချင်တယ်ဆိုရင်တော့... လင်းဝူမိသားစုရဲ့ နောက်တစ်ကြိမ် ရွေးချယ်ပွဲအထိ စောင့်ရလိမ့်မယ်...”
ဟွမ်ဖေးယန်သည် အေးစက်စွာ ရယ်မောလိုက်ပြီးနောက် အရိပ်အယောင်ပြကာ ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ နောက်တစ်ကြိမ် ရွေးချယ်ပွဲ ရောက်တဲ့အချိန်မှာတော့... မင်းတို့က အရိုးစုတွေပဲ ဖြစ်နေလောက်ပြီ...”
လုံချန်သည် လိုဏ်ဂူအတွင်းသို့ လှမ်းကြည့်လိုက်သည်။ အထဲတွင် အသက်ဓာတ် လက္ခဏာ တစ်ခုမျှ မရှိသော်လည်း သတ်ဖြတ်လိုသော အငွေ့အသက်များသာ ပြည့်နှက်နေခဲ့သည်။ သံချင်း ပွတ်တိုက်နေသည့် တိုးညှင်းသော အသံများကိုလည်း ကြားနေရသည်။ ထိုအသံကို နားထောင်ရုံနှင့်ပင် သံမဏိရုပ်သေးများ မည်မျှ ခိုင်ခံ့သနည်း ဆိုသည်ကို သိရှိလိုက်သည်။
“သာမန် အခြေအနေမှာဆိုရင်တော့ မီတာ ၅၀၀ လောက် ရှိတဲ့ လိုဏ်ဂူကို ဖြတ်ဖို့ နာရီဝက်ဆိုတာ လုံလောက်ပါတယ်။ ဒါပေမဲ့ သံမဏိရုပ်သေးတွေရဲ့ အနှောင့်အယှက်တွေကြားကနေ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ရုပ်သေး အများဆုံးကို သတ်ပြီး သံမဏိနှလုံးသားတွေ အများကြီး ရဖို့ဆိုတာကတော့ မလွယ်ကူလှဘူး ထင်တယ်...”
လုံချန် စဉ်းစားနေစဉ်မှာပင် ဟွမ်ဖေးယန်က ရွေးချယ်ပွဲ စတင်ကြောင်း ကြေညာလိုက်သည်။
လုံချန် အပါအဝင် လူငယ် အယောက် ၅၀ သည်တန်ဖိုးရှိလှသော အချိန်များကို အလဟဿ မဖြစ်စေရန်အတွက် တစ်ဦးထက်တစ်ဦး ဦးအောင် အပြေးအလွှား ဝင်သွားကြတော့သည်။
“ရှီအာ! ဒီသံမဏိရုပ်သေးတွေအကြောင်း မင်း တစ်ခုခု သိထားသေးလား...”
“အဲ့ဒီ သံမဏိရုပ်သေးတွေကို အဆင့်မြင့် အစီအရင်သခင်တွေ၊ လက်နက်ပညာရှင်တွေက အစီအရင်တွေကို သုံးပြီး အသက်သွင်းထားတာ။ သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည် နဲ့ပတ်သက်လို့ကတော့ နတ်ဝိညာဉ်ကျောက်တုံးတွေကို စွမ်းအင်အရင်းအမြစ် အဖြစ် သုံးထားတာလေ။ နင် စိုးရိမ်စရာ မလိုပါဘူး။ဒီရုပ်သေးတွေက အနိမ့်ဆုံး အဆင့်တွေပဲ ရှိသေးတာ။ ဒါကြောင့် ဒီရွေးချယ်ပွဲက နင့်အတွက် အများကြီး အားသာချက် ရှိတယ်...”
လုံချန်သည် သံသယဖြစ်ဖွယ် အကြည့်ဖြင့် မေးလိုက်သည်။
“ဘာလို့လဲ...”
“ဒီလို ရိုးရှင်းတဲ့ သံမဏိရုပ်သေးတွေရဲ့ ခန္ဓာကိုယ်က ကျောက်သားလို မာကျောပေမဲ့ သူတို့မှာ တိုက်ခိုက်ရေး နည်းစနစ်တွေ မရှိဘူး။ ဒါပေမဲ့ အခက်ဆုံး အချက်ကတော့ သူတို့ရဲ့ အရေအတွက်က အရမ်း များနေတာပဲ။ တကယ်လို့ နင် သူတို့ကို တိုက်ခိုက်ဖို့ တိုက်ခိုက်ရေး နည်းစနစ်တွေကိုပဲ သုံးနေမယ်ဆိုရင်တော့ မကြာခင်မှာပဲ နင့်ရဲ့ ချီစွမ်းအင်တွေ အကုန် ကုန်သွားလိမ့်မယ်။ ဒါပေမဲ့ နင့်ရဲ့ ခန္ဓာကိုယ် ခွန်အားကိုပဲ သုံးမယ်ဆိုရင်တော့ စွမ်းအင်တွေကို ပိုပြီး ထိန်းသိမ်းထားနိုင်မှာပေါ့။ နင် အရင်တုန်းက ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်ကျင့်စဉ် ကို လေ့ကျင့်ထားသေးတယ်၊ ပြီးတော့ နတ်နဂါးအသွင်ပြောင်းကျင့်စဉ်ပါ တတ်ထားသေးတယ်ဆိုတော့ နင့်ရဲ့ခန္ဓာကိုယ်က အဝါရောင်အဆင့် ခန္ဓာကိုယ် ကျင့်စဉ်လောက်ကို ရှိနေပြီ။ ဒါမှမဟုတ် အဲ့ဒီထက်တောင် သန်မာရင် သန်မာနေဦးမှာ...”
လုံချန်၏ မျက်လုံးများတွင် အံ့သြမှုများ ပေါ်ပေါက်လာခဲ့သည်။
“ရှီအာ... မင်း ပြောချင်တာက ငါသာ အမွေဆက်ခံထားတဲ့ ရှေးဟောင်းသွေးမျိုးဆက်အဆီအနှစ် တွေကို ပိုပြီး သန့်စင်နိုင်ရင်.... ငါ့ရဲ့ ခန္ဓာကိုယ်ကဆက်တိုက် သန်မာလာမယ်လို့ ပြောတာလား...”
“သီအိုရီအရဆိုရင်တော့ အဲ့ဒီလိုပါပဲ။ နင် အမွေဆက်ခံထားတဲ့ သွေးအဆီအနှစ် တွေ အားလုံးကို နင့်ရဲ့ ဆန္ဒအတိုင်း အသုံးချနိုင်လာတဲ့ အခါကျရင် ခန္ဓာကိုယ်အပြင်အားကလည်း သေချာပေါက် မြင့်တက်လာမှာပါ...”
ဤအချိန်တွင် လုံချန်သည် လိုဏ်ဂူအတွင်းသို့ မီတာ ၃၀ ခန့် အထိပင် ရောက်ရှိနေပြီ ဖြစ်သည်။
ထို့အတူ သူ၏ အမြင်အာရုံမှာလည်း တဖြည်းဖြည်း မှောင်မိုက်လာခဲ့သည်။ သို့သော် လိုဏ်ဂူအတွင်းပိုင်းက ပို၍ ကျယ်လာသဖြင့် တိုက်ခိုက်ရန် ပို၍ အဆင်ပြေလာခဲ့သည်။
တစ်ချိန်တည်းမှာပင် လုံချန်သည် သူ့ထံသို့ ချဉ်းကပ်လာသော သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ချို့ကို ခံစားလိုက်ရသည်။
“နင့်ရှေ့ ၁၀ မီတာ အကွာ လောက်မှာ သံမဏိရုပ်သေး (၄)ကောင် ရှိနေတယ်။ နင့်ခြေသံက သူတို့နားထဲ ရောက်သွားလို့ နိုးထလာတာပဲ။... အခု သူတို့ နင့်ဆီကို လာနေကြပြီ...”
လင်းရှီ၏ သတိပေးချက်နှင့်အတူ မည်းမှောင်နေသော လိုဏ်ဂူအတွင်းပိုင်းဆီမှ ပြင်းထန်သော သတ်ဖြတ်ခြင်းအငွေ့အသက်များမှာ လုံချန်ထံသို့ အရှိန်အဟုန်ဖြင့် ရိုက်ခတ်လာခဲ့သည်။
လုံချန်သည် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် သူသည် နတ်နဂါးအသွင်ပြောင်းလဲခြင်း ကျင့်စဉ်အား အသင့်ထုတ်ဖော်ထားခဲ့ပြီးဖြစ်သည်။ သူ၏တစ်ကိုယ်လုံးမှာ သွေးနီရောင် အကြေးခွံများ ဖုံးလွှမ်းလျက် တံတောင်ဆစ်၊ ဒူးနှစ်ဖက်အပြင် ပခုံးနှင့် နောက်ကျောပေါ်မှာလည်း သွေးနီရောင်ဆူးချွန်များ ပေါ်ထွက်နေခဲ့သည်။ သူ၏လက်ဝါးနှစ်ဖက်ကတော့ ချွန်မြနေသော သွေးဆူးချွန်များသဖွယ်ပင် ဖြစ်လို့နေခဲ့သည်။ လက်ချောင်း တစ်ချောင်းချင်းစီဟာ သွေးနီရောင် ဓားမြှောင်များကဲ့သို့ပင်။ သာမန်လူများကို တိုက်ခိုက်မည်ဆိုပါက ရင်ဘတ်ကို ထုတ်ချင်းပေါက်ထွက်သွားပေလိမ့်မည်။
“ဒီ ပထမအဆင့် စမ်းသပ်ပွဲ ပြီးတာနဲ့ ဒုတိယအဆင့် ရွေးချယ်ပွဲကို ငါ တိုက်ရိုက် တက်နိုင်မယ်ထင်ပါတယ်။ အများစုက သံမဏိရုပ်သေးတွေကို တိုက်ခိုက်ဖို့အတွက် သူတို့ရဲ့ ချီစွမ်းအင် အများစုကို ထုတ်သုံးပစ်ကြလိမ့်မယ်။ အဲ့ဒီလိုဆိုရင် ဒုတိယအဆင့်မှာ သူတို့တွေ အားနည်းသွားမှာပေါ့။ ဒါပေမဲ့ ငါ့မှာ ရှီအာ ရှိနေတာပဲ။ အတတ်နိုင်ဆုံးတော့ ငါ့ရဲ့ ခန္ဓာကိုယ် ခွန်အားကိုပဲ ထုတ်သုံးကြည့်ရတာပေါ့။ အခါလက်ရှိ ငါ့ရဲ့ ခန္ဓာကိုယ်က ဒီသံမဏိတုံးတွေကို ရင်မဆိုင်နိုင်ဘူးဆိုတာ ငါ မယုံဘူး...”
ဤအချိန်ခဏလေးမှာပင် လုံချန်သည် ပထမဆုံးသံမဏိရုပ်သေးတစ်ခုနှင့် စတင် ထိပ်တိုက် တွေ့ဆုံလေတော့သည်။
တိုက်ခိုက်နေစဉ်အတွင်း လုံချန်သည် သံမဏိရုပ်သေး၏ တည်ဆောက်ပုံကို အလျင်အမြန် နားလည်လိုက်သည်။ ၎င်းသည် အလွန်မာကြောသောသံမဏိဖြင့် ပြုလုပ်ထားသော လူသားပုံသဏ္ဍာန် ရုပ်သေးတစ်ခုပင်ဖြစ်သည်။ ၎င်းကို မည်သည့် သံမဏိ အမျိုးအစားဖြင့် ပြုလုပ်ထားသည်ကိုမသိနိုင်သော်လည်း အလွန်ပင် မာကျောလှပေသည်။
သံမဏိရုပ်သေးမှာ အမြင့် ၂ မီတာခန့် ရှိ၏။ ၎င်း၏ လက်မောင်းနှင့် ခြေထောက်နှစ်ဖက်မှာ အလွန် ထွားကြိုင်းကာ ပြင်းထန်သော ခွန်အားများ ထုတ်လွှတ်နေသည်။ ထို့အပြင် သံမဏိရုပ်သေး၏ ခန္ဓာကိုယ်ပေါ်တွင်လည်း အနက်ရောင်သင်္ကေတ အချို့ ရှိနေလေသည်။ သံမဏိရုပ်သေးများ လှုပ်ရှားလိုက်တိုင်း ထိုသင်္ကေတများမှ တလက်လက် လင်းလက်လာခဲ့သည်။ ခဏကြာတိုက်ခိုက်ပြီးနောက်တွင် လုံချန်သည် ထိုသင်္ကေတများ၏ အလယ်ဗဟိုကား သံမဏိရုပ်သေး၏ နှလုံးသား ဖြစ်ကြောင်း ရှာဖွေတွေ့ရှိလိုက်သည်။
ဂလန်း... *
သံချင်း ပွတ်တိုက်သံကြီးမှာ လိုဏ်ဂူအတွင်း ဟိန်းထွက်သွားခဲ့သည်။ ဤအချိန်တွင် လုံချန်သည် သံမဏိရုပ်သေး၏ လက်သီးကို လက်သီးချင်း ပြန်လည် တိုက်ခိုက်လိုက်ပြီး စိတ်ထဲတွင် အံ့သြသွားခဲ့ရသည်။
“ဒီသံမဏိရုပ်သေးရဲ့ ခွန်အားက နဂါးသွေးကြောနယ်ပယ်အဆင့် ၇ ဒါမှမဟုတ် အဆင့် ၈ လောက်မှာ ရှိနေတာပဲ။ ဒါ့အပြင် ဒီလိုဏ်ဂူထဲမှာ ဒီလို ရုပ်သေးတွေ ရာနဲ့ချီ ရှိနေတာဆိုတော့... ထိခိုက်သေဆုံးသူတွေ ရှိမယ်လို့ သူတို့ ပြောတာ မဆန်းပါဘူး...”
လုံချန်သည် မာန်သွင်းကြုံးဝါးလိုက်ပြီးနောက် သံမဏိရုပ်သေးအား လက်သီးဖြင့် အဆက်မပြတ်ထိုးနှက်လိုက်သည်။ သံမဏိရုပ်သေး နောက်သို့ လွင့်ကန်ထွက်သွားစဉ်မှာပဲ လုံချန် သည် သူ၏အရှိန်ကို အသုံးချ၍ အခွင့်အရေးယူပြီး အားကုန်သုံးတိုက်ခိုက်လိုက်သည်။ သူ၏ခန္ဓာကိုယ်အရှိန်ဖြင့် ဝင်တိုက်လိုက်ရာ သံမဏိရုပ်သေးမှာ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
“ငါ ထင်ထားတဲ့အတိုင်းပဲ...။ ဒီသံမဏိရုပ်သေးတွေရဲ့ ခုခံမှုက ကောင်းမွန်ပြီးတော့ စွမ်းအားကြီးပေမယ်လို့ သူတို့ရဲ့ အရှိန်နဲ့ လျင်မြန်မှုကတော့ အားနည်းနေတာပဲ...”
ခန္ဓာကိုယ်အပြင်အားကို လေ့ကျင့်ပြီးနောက် လုံချန်၏ အရှိန်သည် ယခင်ထက် များစွာ တိုးတက်လာခဲ့သည်။ သူ၏ပခုံးဖြင့် သံမဏိရုပ်သေးကို ထပ်မံ၍ တိုက်ချလိုက်သည်။ ထိုအခါ သူ၏ပခုံးပေါ်ရှိ သွေးဆူးချွန်များက ရုပ်သေး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားကာ အပေါက်ကြီးများ ဖြစ်သွားစေခဲ့သည်။ သို့သော် ၎င်းသည် သံမဏိရုပ်သေး၏ လှုပ်ရှားမှုကိုတော့ အနည်းငယ်မျှ ဟန့်တားနိုင်ခြင်း မရှိခဲ့ပေ။ အမှန်စင်စစ် ဤအရာသည် လုံချန်၏ အဓိကရည်ရွယ်ချက် မဟုတ်ခဲ့ပေ။ သံမဏိရုပ်သေး လဲကျသွားသည့်အချိန်တွင် သူ၏ နဂါးလက်သည်းရှည်များဖြင့် အနက်ရောင်သင်္ကေတများ၏ အလယ်ဗဟိုကို တိုက်ရိုက်ထိုးစိုက်ချလိုက်တော့သည်။ ဤအချိန်တွင် သူ၏စွမ်းအားအားလုံးကို အသုံးချ၍ သံမဏိရုပ်သေး၏ နှလုံးသားအတွင်းသို့ အားပါပါ ထိုးစိုက်လိုက်လေသည်။
“ဟုတ်တယ်... ။ ချန်အာ! အပူရှိန် ထွက်နေတဲ့ အရာကို ကိုင်ပြီး ဆွဲထုတ်လိုက်တော့...”
လင်းရှီ၏ ညွှန်ကြားချက်အတိုင်း လုံချန်သည် သူ၏ သွေးနဂါးလက်သည်းရှည်များဖြင့် သံမဏိရုပ်သေး၏ နှလုံးသားကို ထိုးဖောက်လိုက်သည်။ မကြာမီမှာပင် သူ့လက်များက ပူနွေးနေသော ကျောက်တုံးတစ်ခုကို ဆုပ်ကိုင်မိမှန်း ခံစားလိုက်ရသဖြင့် မဆိုင်းမတွဘဲ ဆွဲထုတ်လိုက်လေတော့သည်။
နှလုံးသားကို အထုတ်ခံလိုက်ရသည့်နောက်တွင် ယခင်က ရက်စက်ကြမ်းကြုတ်ဟန်ရှိသော သံမဏိရုပ်သေးသည် လူသားတစ်ယောက်ကဲ့သို့ အော်သံများ ထွက်ပေါ်လာ၏။ ၎င်းက အသနားခံနေသကဲ့သို့ပင် ဖြစ်နေခဲ့သည်။
လုံချန်သည် ၎င်း၏ အားနည်းချက်ကို တိုက်ခိုက်ခဲ့လို့ပင်။ သူ့အနေဖြင့် အစကတည်းက သက်ရှိမဟုတ်သော အရာတစ်ခုအပေါ်တွင် ကရုဏာသက်နေမည် မဟုတ်ပေ။ လုံချန် သည် သံမဏိနှလုံးသားကို တိုက်ရိုက် ဆွဲထုတ်လိုက်ပြီးနောက် နောက်သို့ ဆုတ်လာလိုက်သည်။ ဤအချိန်တွင် သံမဏိရုပ်သေးသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီးနောက် မည်သို့မျှ ထပ်မံ မလှုပ်ရှားနိုင်တော့ပေ။
“ငါ့ရဲ့ ပထမဆုံး သံမဏိနှလုံးသား ကို ရခဲ့ပြီ...”
လုံချန်သည် သူ၏ လက်ထဲရှိ သံမဏိနှလုံးသားကို ငုံ့ကြည့်လိုက်သည်။ ၎င်းက သဘာဝ၏ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် ပူနွေးသော နတ်ဝိညာဉ်ကျောက်တုံးတစ်ခုနှင့် ဆင်တူနေကြောင်း တွေ့ရှိလိုက်ရသည်။
သို့သော် သံမဏိနှလုံးသားအတွင်း၌ သဘာဝ ဝိညာဉ်စွမ်းအင်များအပြင် အခြားသော အမည်မသိအရှိန်အဝါတချို့လည်း ရှိနေသေးသည်။ ထို့နောက် လုံချန် သည် သံမဏိနှလုံးသားကို သူ၏ သိုလှောင်အိတ်ထဲသို့ ချက်ချင်း ထည့်သိမ်းလိုက်သည်။ ကျန်ရှိနေသော သံမဏိရုပ်သေး ၃ ခု သည်လည်း အသံများ ထွက်ပေါ်လာပြီး လုံချန်ထံသို့ ပြေးဝင်လာကြပြီ ဖြစ်သည်။
“မင်းတို့ရဲ့ စွမ်းအားကတော့ ကြီးမားပါတယ်။ ဒါပေမဲ့ လှုပ်ရှားမှုတွေကတော့ အရမ်း တောင့်တင်းလွန်းနေတာပဲ။ ငါ့ရဲ့ ပြိုင်ဖက် ဖြစ်လာနိုင်မယ်လို့ ထင်နေတာလား...”
ပထမဆုံး သံမဏိရုပ်သေး ကို သတ်ဖြတ်ခဲ့ပြီးနောက် လုံချန် သည် အတွေ့အကြုံရသွားခဲ့ပြီမဟုတ်ပါလား။ သူသည် အနည်းငယ်မျှပင် ကြောက်လန့်စိတ်မရှိတော့ဘဲ အခြား သံမဏိရုပ်သေးများထံသို့ တိုက်ရိုက်ပင်ဦးတည်သွားခဲ့သည်။
“သုံးယောက် တစ်ယောက်ဆိုရင် နည်းနည်းတော့အလုပ်ရှုပ်မယ်ထင်တယ်။ ငါ့ရဲ့ စွမ်းအားအားလုံးကို ထုတ်သုံးလို့ ရမှာတော့ မဟုတ်သေးဘူး။ ဒါပေမဲ့...”
လုံချန်သည် ဒုတိယမြောက် သံမဏိရုပ်သေး၏ နောက်ကျောဖက်သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။ သံမဏိရုပ်သေးက ရုတ်တရက် လှည့်ကြည့်လိုက်ပြီး လက်သီးဖြင့် ထိုးလိုက်သော်လည်း လုံချန်သည် ၎င်း၏ နောက်ကျောတွင် တွယ်ကပ်နေသော တောက်တဲ့တစ်ကောင်ကဲ့သို့ လှုပ်ရှားလိုက်သည်။ သူ၏ သွေးနဂါးလက်သည်းများဖြင့် သံမဏိရုပ်သေး၏နှလုံးသားကို နောက်ကျောဖက်မှနေ၍ ထိုးဖောက်လိုက်သည်။ ဒုတိယမြောက် သံမဏိရုပ်သေး၏ နှလုံးသားကို ရရှိသွားသည့်အချိန်မှသာ ကျန်ရှိသော သံမဏိရုပ်သေး နှစ်ခုက သတိပြုမိသွားခဲ့လေသည်။
ထို့နောက် လုံချန် သည် ကျန်နေသော သံမဏိရုပ်သေးနှစ်ခုကိုလည်း ထိုနည်းအတိုင်း ဆက်လက်သတ်ဖြတ်ပစ်ခဲ့သည်။ သံမဏိရုပ်သေးများကိုတိုက်ခိုက်နေရင်း ဟွမ်ရှန်းအကြောင်းကို ရုတ်တရက် စဉ်းစားမိလိုက်သည်။ ထိုအခါ လုံချန်၏ အကြည့်များသည် အေးစက်သွားခဲ့သည်။
“ဟွမ်ရှန်း က အဝါရောင်အလယ်အလတ်အဆင့်ခန္ဓာကိုယ် ကျင့်စဉ်ကို လေ့ကျင့်ထားတာပဲ။ သူ့မှာ ထက်မြက်တဲ့ ဓားတစ်လက်သာ ရှိမယ်ဆိုရင်တော့ သံမဏိရုပ်သေးတွေကို သတ်ဖို့က သူ့အတွက် အရမ်း လွယ်ကူနေမယ်ထင်တယ်။ သူက ဘာလို့ ခန္ဓာကိုယ်ကျင့်စဉ်ကို လေ့ကျင့်ဖို့ အချိန်ပေးခဲ့တာလဲဆိုတာ အခုမှ ငါ နားလည်တော့တယ်။ ဘာလို့လဲဆိုတော့ သူက လင်းဝူမိသားစုထဲမှာ အသိအကျွမ်းတွေ ရှိနေတာပဲ။ ဒီတော့ သူက ရွေးချယ်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အကုန်လုံးသိနေတာကိုး...”
ကျန်ရှိနေသော သံမဏိရုပ်သေး နှစ်ခုမှာလည်း ပထမဆုံးသံမဏိရုပ်သေးကဲ့သို့ပင် လုံချန်၏ ခြေဖဝါးအောက်၌ လဲကျသွားခဲ့ကြသည်။ ဤအချိန်တွင် တိုက်ပွဲအသံများကြောင့် အခြားသော သံမဏိရုပ်သေးများလည်း နိုးထလာကြပြီ ဖြစ်သည်။
“သတိထားဦး...။ ဒီနယ်မြေထဲမှာရှိတဲ့ သံမဏိရုပ်သေးတွေ အားလုံး နင့်ဆီကို ပြေးလာနေကြပြီ...”
လုံချန်က ခေါင်းညိတ်လိုက်သည်။
“ငါ နာရီဝက်အတွင်းမှာ လိုဏ်ဂူရဲ့ တစ်ဖက်ခြမ်းကို ရောက်အောင် သွားရမယ်။ ဟိုဖက်မှာဆိုရင်တော့ သူတို့ကို သတ်ဖြတ်ဖို့ ပိုပြီး အဆင်ပြေလိမ့်မယ် ထင်တယ်။ အဲ့ဒီအချိန်ကျရင် အချိန်ကလည်း ပြည့်တော့မှာဆိုတော့... ငါ ထွက်သွားဖို့အတွက်လည်း အဆင်ပြေတာပေါ့...”
ထိုသို့ ပြောပြီးနောက် လုံချန်သည် လိုဏ်ဂူ၏ အနက်ရှိုင်းဆုံး နေရာဆီသို့ အလျင်အမြန် တိုးဝင်သွားခဲ့သည်။ သံမဏိရုပ်သေး အချို့ကို သတ်ဖြတ်ပြီးနောက် လုံချန်သည် ၎င်းတို့ကို အမြန်ဆုံး သတ်ဖြတ်နိုင်မည့် နည်းလမ်းတစ်ခုကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိသွားခဲ့သည်။ ပထမဆုံးအနေဖြင့် သူသည် သံမဏိရုပ်သေးကို ဝင်တိုက်လိုက်ပြီး နှလုံးသားတည့်တည့်ကို သွေးနဂါးလက်သည်းများဖြင့် ထိုးစိုက်လိုက်သည်။ ထို့နောက် ဒုတိယ တိုက်ကွက်အနေဖြင့် သူသည် သံမဏိရုပ်သေး၏ နောက်ကျောဖက်သို့ ရောက်အောင် သွားပြီး လက်သည်းနှစ်ဖက်ဖြင့် အားကုန်ထိုးစိုက်လိုက်သည်။ ၎င်းကား သံမဏိရုပ်သေးများကို ရင်ဆိုင်ရန်အတွက် အလွန်ပင် ထိရောက်ပေသည်။
အရေအတွက် တိုးပွားလာသော သံမဏိရုပ်သေးများ၏ အဆက်မပြတ် တိုက်ခိုက်မှုများအောက်တွင်ပင် လုံချန်သည် ထိုနည်းလမ်း နှစ်ခုတည်းဖြင့် ၎င်းတို့ကို အသာအယာပင် ကိုင်တွယ်နိုင်ခဲ့သည်။
ကျယ်ပြန့်လှသော စက်ဝိုင်းပုံစံ နယ်မြေအတွင်းသို့ လှမ်းဝင်လိုက်သည့်အခါ လုံချန်သည် ယခင်က မြင်တွေ့ခဲ့ရသော သံမဏိတံခါးကြီးကို ထပ်မံ တွေ့ရှိလိုက်ရသည်။ သို့သော် တံခါးရှေ့တွင်တော့ သံမဏိရုပ်သေးများ အများအပြားပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုနေရာ၌ သံမဏိရုပ်သေး အကောင်ရေ အနည်းဆုံး ရာချီရှိနေကြောင်း မြင်နိုင်လေသည်။
“လင်းဝူမိသားစုကတော့ ဒီအတွက် အရင်းအနှီးတွေ အများကြီး သုံးထားတာပဲ။ လူတစ်ယောက်တည်းကို စမ်းသပ်ဖို့အတွက် ဒီလောက်အထိ များပြားတဲ့ သံမဏိရုပ်သေးတွေကို သုံးထားတာလား။ ငါတို့ အားလုံး လူငါးဆယ် ရှိတာဆိုတော့... စုစုပေါင်း သံမဏိရုပ်သေး အရေအတွက်က ဘယ်လောက်တောင် များလိုက်မလဲ မသိဘူး...’
“၂၈ ခု...”
“ငါ လမ်းတစ်လျှောက်မှာ သံမဏိနှလုံးသား ၂၈ ခု စုဆောင်းမိပြီ။ နာရီဝက်ပြည့်ဖို့အတွက် နောက်ထပ် သုံးမိနစ်ပဲ လိုတော့တာပဲ။ အချိန်ကတော့ လုံလောက်ပါသေးတယ်။ ဒါကြောင့် ဒီသံမဏိရုပ်သေးတွေကို ဖျက်ဆီးရင်းနဲ့ ငါ့ရဲ့ အနီးကပ် တိုက်ခိုက်ရေး စွမ်းရည်တွေကိုပါ လေ့ကျင့်ရတာပေါ့...”
လုံချန် သည် သံမဏိရုပ်သေးများနှင့် တိုက်ခိုက်နေစဉ်အတွင်း သူ၏ အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်ဟာ အနည်းငယ် လိုအပ်နေသေးကြောင်း သတိထားမိခဲ့သည်။ ယခုအချိန်တွင်မူ သံမဏိရုပ်သေးများစွာ ရှိနေသဖြင့် ၎င်းတို့ကို လေ့ကျင့်ရေး ပစ်မှတ်များအဖြစ် အသုံးချရန်အတွက် အလွန်ပင် အဆင်ပြေလှသည်။
ထို့နောက်တွင်တော့ လုံချန်သည် သိုးအုပ် ထဲသို့ ဝင်ရောက်လာသော ဝံပုလွေတစ်ကောင်ကဲ့သို့ ဖြစ်သွားလေ၏။ သူသည် သွေးရောင်ဝိညာဉ်တစ်ကောင်အလား သံမဏိရုပ်သေးများကြား၌ တိုးဝင်ဖြတ်သန်းနေရင်း ရူးသွပ်စွာ သတ်ဖြတ်နေတော့သည်။
လုံချန်သည် သံမဏိရုပ်သေးများကို သတ်ဖြတ်ရန်အတွက်သာ အာရုံစိုက်လွန်းနေသဖြင့် အချိန်ကိုပင် သတိမထားမိတော့ပေ။ လင်းရှီ ထံမှ သတိပေးသံထွက်ပေါ်လာမှသာ သူ သတိဝင်လာခဲ့သည်။
“ဟေး... နာရီဝက်ပြည့်ဖို့ အချိန်သိပ်မကျန်တော့ဘူးနော်။ နင် အပြင်ကို မထွက်တော့ဘူးလား...”
ထိုအခါမှသာ လုံချန်သည် သတ်ဖြတ်နေသည်ကို ရပ်တန့်လိုက်၏။ သူ၏ သိုလှောင်အိတ်ထဲရှိ အရာများကို စစ်ဆေးလိုက်ရင်း မချိပြုံးပြုံးကာ ပြောလိုက်သည်။
“အခု ငါ့မှာ သံမဏိနှလုံးသား စုစုပေါင်း ၁၀၅ ခု ရှိနေပြီဆိုတော့... ဒီလောက်နဲ့ ထိပ်သီး ၁၀ ယောက်စာရင်းထဲကို ဝင်နိုင်ပါ့မလား မသိဘူး...”
Translator # အနှောင်အဖွဲ့ကင်းမဲ့သူ