← Chapters

အခန်း (၇၅-၇၆)

Vol. 6 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 6 Ch. 75-76

...(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၆)

အပိုင်း ၇၅ - မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း

ပုံရိပ်နှစ်ခုသည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။ သို့သော် လုံချန်သည် အဆင့်နိမ့်အဝါရောင်အဆင့် တိုက်ခိုက်ရေးနည်းစနစ်ဖြင့်သာ ဟွမ်ရှန်း၏ အဆင့်မြင့် အနက်ရောင်အဆင့် တိုက်ခိုက်ရေးနည်းစနစ်ကို အောင်မြင်စွာ ခုခံနိုင်ခဲ့လေသည်။ လူတိုင်း ဤမြင်ကွင်းကို မြင်သည့်အခါ အံ့အားသင့်သွားကြလေသည်။

ကွင်းပြင်တစ်ခုလုံးတွင် ရုတ်တရက် ဆူညံသံများဖြင့် ပြည့်နှက်သွားခဲ့သည်။

ဤအချိန်တွင် လုံချန်နှင့် ဟွမ်ရှန်းတို့ နှစ်ဦးစလုံးလည်း နောက်သို့ အလျင်အမြန် ဆုတ်လိုက်ကြရသည်။ နှစ်ဦးစလုံးမှာ ခြေလှမ်းများကို ခဲယဉ်းစွာ ထိန်းချုပ်လိုက်ရသည်။ ယခင်တစ်ကြိမ်နှင့် နှိုင်းယှဉ်လျှင် လက်ရှိ လုံချန်၏ခွန်အားက ဟွမ်ရှန်းနှင့် တန်းတူဖြစ်နေပေသည်။ တစ်နည်းအားဖြင့်ဆိုရသော် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လုံချန်သည် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ခြင်းပင် ဖြစ်သည်။

ဟွမ်ရှန်းအတွက်မူ ဤတောသားလူငယ်က သူ၏ ရန်သူဖြစ်လာသောကြောင့် အလွန်ပင် စိတ်မသက်မသာ ဖြစ်ရသည်။ ချက်ချင်းဆိုသလို သူ၏မျက်နှာပေါ်တွင် ယုတ်မာကောက်ကျစ်ဟန်များပေါ်လာခဲ့သည်။ သူက လုံချန်ကို အော်ဟစ်ပြောဆိုလိုက်သည်။

“မင်း ဒီတစ်ခါတော့ ငါ့ကို တကယ်ပဲ ဒေါသထွက်အောင် လုပ်လိုက်ပြီ။ ဒီတစ်ခါတော့ မင်း သေချာပေါက် သေရမယ်လို့ ငါ ကျိန်ဆိုတယ်...”

သို့သော် လုံချန်က ပြန်လည် တုံ့ပြန်ခြင်း မရှိခဲ့ပေ။ ဟွမ်ရှန်း သည် သူ၏ အနက်ရောင်အကြေးခွံမြင်း ကို သတ်လိုက်ပြီးကတည်းက ၎င်းကို သေမိန့်ပေးပြီးသား ဖြစ်နေလို့ပင်။

ကွင်းပြင်အပြင်ဖက်မှာတော့ အစ်ကိုဝမ်နှင့် ဟွမ်ဖေးယန်တို့နှစ်ယောက်သည်လည်း ခဏတာကြောင်အမ်းနေကြသည်။ လုံချန်သည် မထင်မှတ်ဘဲ ဟွမ်ရှန်း၏ ယင်ယန်မရဏအလင်းစက်ဝိုင်းကို တန်းတူ ခုခံနိုင်ခဲ့သည်လား။ အဆိုပါမြင်ကွင်းကို မြင်ရသည့်အခါ နှစ်ယောက်သား အပြန်အလှန် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

“အစ်ကိုဟွမ်!... အဲ့ဒီလူငယ်လေးက မရိုးရှင်းဘူးပဲ”

ဟွမ်ဖေးယန်က အေးစက်စွာ ရယ်မောလိုက်ပြီး ပြန်ပြောလိုက်သည် “မရိုးရှင်းတော့ရော ဘာဖြစ်လဲ။ငါ့ရဲ့ ဟွမ်မိသားစုကို ရန်စရဲရင်တော့ သူ သေရမှာပဲ။ ဟွမ်ရှန်း ပြောတာတော့ သူ အဲ့ဒီနည်းစနစ်ကို ကျွမ်းကျင်နေပြီတဲ့။ အခုကြည့်ရသလောက်တော့ တမင်ထုတ်မသုံးသေးတာထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ခွန်အားက ဒီလုံချန်ကို ကိုင်တွယ်ဖို့အတွက်တော့ လုံလောက်ပါတယ်...”

“အဲ့ဒီနည်းစနစ်လား...”

အစ်ကိုဝမ်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဟွမ်ဖေးယန် ဆိုလိုသည်ကို နားလည်သွားခဲ့သည်။ သူသည် မချိပြုံးပြုံးလိုက်ရင်း ပြောလိုက်သည်။

“အမှန်ပဲ...။ မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း အောက်မှာဆိုရင်တော့ ဒီကောင်လေး ဘယ်လိုမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ မင်းကိုယ်တိုင်တောင်မြေကမ္ဘာယွမ် အစောပိုင်း အဆင့်ရောက်မှ အဲ့ဒီနည်းစနစ်ကို သုံးနိုင်တာလေ။ နဂါးသွေးကြောနယ်ပယ် အဆင့် ၉ မှာ ရှိနေတဲ့ ဟွမ်ရှန်း က ဒါကို သုံးနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး...”

ဟွမ်ဖေးယန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“လွန်ခဲ့တဲ့နှစ်တွေမှာ ငါ့ကို အမီလိုက်နိုင်ဖို့အတွက် သူ တိတ်တဆိတ် အများကြီး ကြိုးစားခဲ့တာပဲ။ သူ့အတွက် ငါ တကယ် ဝမ်းသာမိပါတယ်...”

တိုက်ပွဲစင်မြင့်ထက်၌မူ ဟွမ်ရှန်း၏ အပြင်းထန်ဆုံးတိုက်ခိုက်မှုသည် လုံချန်အပေါ် နောက်တစ်ကြိမ် အလုပ်မဖြစ်ခဲ့ပေ။ ဟွမ်ရှန်းသည် အစပိုင်းတွင် ဒေါသထွက်သွားသော်လည်း မကြာမီမှာပင် ရက်စက်သော အပြုံးဖြင့် မတ်တပ်ရပ်လိုက်သည်။ သူသည် လုံချန်ကို တိုက်ခိုက်ရန် ပြင်ဆင်ရင်း ကဲ့ရဲ့လိုက်သည်။

“မင်းက ယင်ယန်အလင်းစက်ဝိုင်း ကို ခုခံနိုင်တာပဲ။ ဒါပေမဲ့ ငါ့ရဲ့ ဒီတစ်ကြိမ်တိုက်ကွက်အောက်မှာတော့ မင်းရဲ့ အလောင်းတောင် ကျန်မှာ မဟုတ်ဘူး။ စေ့ကောင်!... မင်း သေသွားရင် ငါ့ကို အပြစ်မတင်နဲ့။ အပြစ်တင်ချင်ရင်တော့ ငါနဲ့ တွေ့ရတဲ့ မင်းရဲ့ ကံဆိုးမှုကိုပဲ အပြစ်တင်လိုက်တော့...”

ထိုစကားပြောပြီးနောက်တွင် ဟွမ်ရှန်း၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ ရုတ်ချည်းပြောင်းလဲသွားခဲ့တော့သည်။ လုံချန်သည် သူ့စိတ်ထဲတွင် အနည်းငယ်ထိတ်လန့်သွားခဲ့သည်။

“ဒီကောင်က ယင်ယန်အလင်းစက်ဝိုင်း ထက် ပိုပြီး ပြင်းထန်တဲ့ တိုက်ကွက်ကို ထုတ်သုံးတော့မှာလား...”

နောက်ဆုံးတွင် ယင်ယန်အလင်းစက်ဝိုင်းကပင် လုံချန်အတွက် အလွန်ပြင်းထန်သောတိုက်ခိုက်မှု ဖြစ်နေပေသည်။ သို့သော် လုံချန်သည် အရမ်းကြီးစိုးရိမ်လှသည်တော့မဟုတ်ပေ။ သူ့မှာလည်း အဆင့်မြင့် အနက်ရောင်အဆင့် တိုက်ခိုက်ရေးနည်းစနစ် ဖြစ်သော ကောင်းကင်ဘုံလောင်နတ်ဆိုးလက်သီး ကို ရရှိထားပြီ မဟုတ်ပါလား။

“မင်းမှာ ပိုပြီး အစွမ်းထက်တဲ့ တိုက်ခိုက်ရေးနည်းစနစ် ရှိနေပေမဲ့... ငါ့မှာလည်း ပိုပြီး ပြင်းထန်တဲ့ တိုက်ကွက်တွေ ရှိနေပြီ။ ဒီတစ်ခါတော့ ဘယ်သူက ပိုပြီး သန်မာလဲဆိုတာ ကြည့်ကြသေးတာပေါ့။ မင်းလား... ဒါမှမဟုတ် ငါလုံချန်လား ဆိုတာပေါ့...”

ဤအချိန်တွင် တိုက်ပွဲစင်မြင့်အပြင်ဖက်၌ ဟွမ်ဖေးယန်၏အကြည့်များသည် တည်ငြိမ်သွားခဲ့ပြီး သူက ပြုံးလျက် ပြောလိုက်သည်။

“ဟွမ်ရှန်း က မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း ကို တကယ်ပဲ သုံးတော့မှာပဲ...”

ဟွမ်ဖေးယန်၏ စကားသံအဆုံးတွင် တိုက်ပွဲစင်မြင့်ထက်ရှိ ဟွမ်ရှန်းက လှောင်ပြုံး ပြုံးလိုက်သည်။ ရုတ်တရက်ဆိုသလို သူ၏ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်များ ရူးသွပ်စွာ ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းတို့သည် သူ၏ ပတ်ဝန်းကျင်၌ လေပွေများအသွင် ပြောင်းလဲသွားကြပုံရသည်။

ထိုခဏလေးအတွင်းမှာပင် အဖြူနှင့် အနက်ရောင် ရောယှက်နေသော ထူးဆန်းသည့် သင်္ကေတများမှာ ဟွမ်ရှန်း၏ ခန္ဓာကိုယ်ပတ်လည်တွင် အလင်းစက်ဝိုင်းတစ်ခုအသွင်အဖြစ် ပေါ်ထွက်လာခဲ့သည်။

ထို့နောက် သူသည် လုံချန်ထံသို့ တိုက်ရိုက်ပြေးဝင်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့ထံကနေ အသက်ပင်မရှူနိုင်လောက်အောင် ဖိနှိပ်နိုင်သည့် ပြင်းထန်လှသော စွမ်းအားတစ်ခုပါ ပျံ့လွင့်နေခဲ့လေသည်။ တစ်ဖက်လူ၏ အလွန်အားကောင်းလှသော အရှိန်အဝါကို ခံစားရသော်လည်း လုံချန်ကတော့စိတ်ဓာတ်ကျခြင်း သို့မဟုတ် တုန်လှုပ်သွားခဲ့ခြင်းမရှိပေ။

“ဒီတိုက်ကွက်က ယင်ယန်အလင်းစက်ဝိုင်း ထက် အနည်းဆုံး ဆယ်ဆလောက် ပိုပြီး ပြင်းထန်မှာ သေချာတယ်...”

ဟွမ်ရှန်း၏ နဂိုတည်ငြိမ်နေသော မျက်နှာသည်ချက်ချင်းပြောင်းလဲသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ဟာလည်း ကောင်းကင်နှင့် မြေကြီးကို အုပ်စိုးထားသော အရှင်သခင် တစ်ဦးကဲ့သို့ ဖြစ်နေခဲ့သည်။ အဖြူတစ်ဝက်အနက်တစ်ဝက်ပေါင်းစပ်ထားသည့် အလင်းစက်ဝိုင်းမှာ လုံချန်ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာလေလေ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားရန်ပင် ခက်ခဲနေကြောင်း ခံစားလိုက်ရသည်။

“ထူးဆန်းတယ်... အဲ့ဒီ အလင်းစက်ဝိုင်းက တကယ်ကို ပြင်းထန်တာပဲ။ ဒါပေမဲ့ မင်းမှာ အဆင့်မြင့် အနက်ရောင်အဆင့် တိုက်ခိုက်ရေးနည်းစနစ် ရှိနေမှတော့... ငါ့မှာရော ဘာလို့ မရှိနိုင်ရမှာလဲ...”

ထိုသို့တွေးတောပြီးနောက် လုံချန်၏ ခန္ဓာကိုယ်အတွင်းမှ သွေးနီရောင် ချီစွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းသည် သူကိုယ်တိုင် မီးတောက်များလောင်ကျွမ်းနေသကဲ့သို့ပင် ဖြစ်နေခဲ့သည်။

ထို့အတူ လုံချန်၏ ခန္ဓာကိုယ်ပေါ်တွင် ပုံသဏ္ဌာန်မဲ့သော ချီလှိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ မမြင်ရသော မီးတောက်များက သူ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းနေသကဲ့သို့ပင်။

ဤနေရာရှိ လူအားလုံးမှာ အဖြူတစ်ဝက်အနက်တစ်ဝက်အလင်းစက်ဝိုင်း၏ အပူရှိန် သိသိသာသာ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ ယခုအခါ ဆောင်းဦးရာသီ ရောက်နေပြီ ဖြစ်သော်လည်း လုံချန်၏ ထူးဆန်းသောတိုက်ခိုက်မှုက ပတ်ဝန်းကျင်အပူရှိန်အား နွေရာသီထက်ပင် များစွာ ပို၍ ပူပြင်းလာစေခဲ့သည်။

“ဒါက...” အစ်ကိုဝမ် အပါအဝင် လူတိုင်းမှာ အံ့အားသင့်သွားကြသည်။

ဤအချိန်တွင် လုံချန်၏မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့ပြီးနောက် သွေးရောင်သမ်းနေသည့်မျက်စိသူငယ်အိမ်များဟာ အဆက်မပြတ်လောင်ကျွမ်းနေသော မီးတောက်များနှင့် ဆင်တူလှပေသည်။ သူ၏ခန္ဓာကိုယ်မှ အလွန်တရာပြင်းထန်လှသော အရှိန်အဝါများ နှင့်အတူ ပူပြင်းလှသော အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။

လူတိုင်း၏ အမြင်တွင်မူ လုံချန်သည် အကန့်အသတ် ယန်စွမ်းအင်များ ပေါင်းစပ်ထားသည့် နေလုံးကြီးကဲ့သို့ပင်။

မမြင်နိုင်သော်လည်း အပူလှိုင်းတစ်ခုသည် လူတိုင်းထံသို့ ရောထွေး၍ စီးဝင်သွားခဲ့သည်။ ဤအချိန်တွင် သူ၏ညာလက်သီးပေါ်၌ သွေးရောင် မီးတောက်တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာသည်ကို မြင်ရသဖြင့် လူတိုင်း အံ့အားသင့်သွားကြရသည်။

ထိုသွေးရောင် မီးတောက်သည် ယိမ်းနွဲ့နေကာ လုံချန်၏ ခန္ဓာကိုယ်ကို ယန်စွမ်းအင်များ ဖြည့်တင်းပေးနေသည့်အလား သူ၏ခန္ဓာကိုယ်သည်လည်း အနည်းငယ် တုန်ခါနေခဲ့သည်။ ဤအချက်အရ လုံချန်သည် ဤတိုက်ကွက်ကို ထိန်းချုပ်ရာတွင် သိပ် မကျွမ်းကျင်သေးကြောင်း သိသာလှပေသည်။ သို့သော် ဟွမ်ရှန်းနှင့် နှိုင်းယှဉ်လျှင်မူ သူက ပို၍ ကောင်းမွန်နေသေးသည်။ ဟွမ်ရှန်း၏ အဖြူအနက်အလင်းစက်ဝိုင်းမှာတော့ အလွန်အမင်း တုန်ခါနေသဖြင့် ၎င်းကိုယ်တိုင်ပင် မထိန်းချုပ်နိုင်တော့ပေ။

“သေစမ်း...။ မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း...”

ဟွမ်ရှန်းသည် မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း ကို အပြည့်အဝ မထိန်းချုပ်နိုင်သည့်တိုင်အောင် အတင်းအကြပ်ထုတ်ဖော်လျက် လုံချန်၏ လက်သီးချက် တည့်တည့်သို့ ပစ်လွှတ်လိုက်လေသည်။ သို့သော် လုံချန်၏ အရှိန်အဝါသည် ဟွမ်ရှန်းထက် အနည်းငယ်မျှ လျော့ပါးခြင်း မရှိပေ။

ဤအချိန်တွင် သူ၏လက်သီးတစ်ခုလုံးဟာ သွေးရောင် မီးတောက်ဖြင့် ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် အဆက်မပြတ် လည်ပတ်နေသော အဖြူအနက်အလင်းစက်ဝိုင်းကို ကြည့်ပြီး လုံချန်သည် မျက်မှောင်ကြုတ်လိုက်ကာ အော်ဟစ်​ကြုံးဝါးပြီး ရှေ့သို့ အရှိန်ဖြင့် တိုးလာကာ လက်သီးဖြင့် တည့်တည့်ထိုးချလိုက်သည်။

ဘုန်း...

ချက်ချင်းဆိုသလိုပင် သွေးရောင် မီးတောက်မှာ ကျယ်လောင်သော အသံကြီးနှင့်အတူ ပေါက်ကွဲထွက်သွားခဲ့သည်။ ထို့နောက်တွင် သွေးမီးလျှံများဟာ မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း ကို ချိုးဖျက်၍ ဝါးမျိုသွားလေတော့သည်။

“လောင်ကျွမ်းနေသော ကောင်းကင်ယံ နတ်ဆိုးနေမင်း လက်သီး... ကောင်းကင်ယံကို လောင်ကျွမ်းစေတဲ့ သွေးရောင် မီးတောက်တွေ...”

ဤအချိန်တွင် လုံချန်၏ တိုက်ခိုက်မှုသည်အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီဟုဆိုနိုင်သည်။ မူလက မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း ကို ခုခံနိုင်ရုံသာ ရှိခဲ့၏။ သို့သော်လည်း အမှန်တကယ် ပေါက်ကွဲထွက်လာသည့် အချိန်တွင်မူ အလွန်တရာပြင်းထန်လှသော မီးချီချီစွမ်းအင်များဟာ ယခင်ထက် အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။

အစပိုင်းတွင် အလွန် တောက်ပနေခဲ့သော မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း သည် မှေးမှိန်သွားခဲ့ပြီး ဖိအားများပင် ပျောက်ကွယ်လုနီးပါးဖြစ်သွားတော့သည်။ ထို့နောက်တွင်မူ လုံချန်၏ ပြင်းထန်လှသော လက်သီးချက်က အဖြူအနက်အလင်းစက်ဝိုင်းကို တစ်စစီ ထိုးခွဲပစ်လိုက်လေသည်။ ဤမြင်ကွင်းမှာ ဟွမ်ရှန်းကို ချက်ချင်းပင် တုန်လှုပ်သွားစေခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် လုံချန်၏လက်သီးချက်ကြောင့် ဟွမ်ရှန်းသည် လွင့်ထွက်သွားခဲ့ရသည်။ အဖြူအနက်အလင်းစက်ဝိုင်းကို အတင်းအကြပ်ထိန်းချုပ်ထားသည့်အပြင် လုံချန်၏လက်သီးချက် ကလည်း သူ၏ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ ဟွမ်ရှန်း သည် သွေးတစ်လုပ်ကို ပြင်းပြင်းထန်ထန် အန်ထုတ်လိုက်ပြီးနောက် မျက်နှာတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းလျက် မြေပြင်ပေါ်သို့ သနားစရာကောင်းအောင် လဲကျသွားခဲ့လေတော့သည်။

လုံချန်၏ တိုက်ကွက်ကြောင့် သူ၏ဝတ်ရုံမှာလည်း လောင်ကျွမ်းသွားခဲ့သည်။ ယခုအခါ ဟွမ်ရှန်း၏ တစ်ကိုယ်လုံး တွန့်လိမ်နေလျက် အသားကင်နံ့ပင် ထွက်နေလေသည်။

ဟွမ်ရှန်းသည် နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် ကွေးကွေးလေးဖြစ်နေခဲ့သည်။ သူ၏အကြည့်များသည် လုံချန်ကို လှမ်းကြည့်နေသော်လည်း ကောင်းစွာမမြင်ရဘဲ ဝေဝါးနေခဲ့သည်။ လုံချန်ကတော့ အနည်းငယ်မျှ ထိခိုက်ဒဏ်ရာ မရှိဘဲ သူကိုယ်တိုင်သာ ခွေးတစ်ကောင်အလား ဖြစ်နေခဲ့ရသည်မဟုတ်ပါလား။ သူသည် အိပ်မက်မက်နေသကဲ့သို့ပင် ခံစားလိုက်ရသည်၊ သူ့ကိုယ်သူ ဘာဖြစ်သွားမှန်း မသိလောက်အောင်ပင်။

ထို့အပြင် သူ့ခန္ဓာကိုယ်မှ ပြင်းထန်လှသော နာကျင်မှုများကြောင့် ဟွမ်ရှန်းသည် ပါးစပ်မှ အမြှုပ်များ တစီစီထွက်လာပြီး မေ့မျောသွားလေတော့သည်။

သူ အယုံကြည်ထားဆုံး တိုက်ကွက်မှာ လုံချန်၏ လက်ထဲ၌ ဤမျှအထိ ရှုံးနိမ့်သွားလိမ့်မည်ဟု လုံးဝ မယုံကြည်နိုင်ခဲ့ပေ။ ထို့အပြင် သူသည်အပြတ်အသတ် ရှုံးနိမ့်ခဲ့ခြင်း မဟုတ်ပါလား။

အဆိုးဆုံးကတော့ လုံချန် သည် မြို့ငယ်လေးမှ လာသူဖြစ်၍ အဆင့်မြင့်သဖြင့်တိုက်ခိုက်ရေးနည်းစနစ်များ မရှိဟု သူကိုယ်တိုင်ကဲ့ရဲ့ခဲ့ဖူးသည်။ သို့သော် ယခုလေးတင် လုံချန် အသုံးပြုခဲ့သောတိုက်ကွက်ဟာ သူ၏ မျက်နှာကို အားပါပါ ရိုက်နှက်လိုက်သည့် လက်သီးချက် တစ်ခုကဲ့သို့ပင်။

ဤအခိုက်အတန့်တွင် ဟွမ်ရှန်း၏ လက်ရှိ အခြေအနေကို မြင်ရသည့်အခါ ကျန်ရှိနေသော ပြိုင်ဖက် ၈ ယောက်စလုံးမှာ အသက်ပင် မရှူဝံ့ကြဘဲ ကြောက်လန့်တကြား တိတ်ဆိတ်သွားကြတော့သည်။

၎င်းတို့အားလုံးသည် လုံချန်နှင့် ထိပ်တိုက် မတွေ့ခဲ့ရသည်ကို ဝမ်းသာနေကြသည်။ ထိုသို့မဟုတ်လျှင် ယခုအချိန်မှာ မြေပြင်ပေါ်၌ ခွေးသေတစ်ကောင်လို လဲကျနေမည့်သူဟာ သူတို့ကိုယ်တိုင် ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် လုံချန် ထုတ်သုံးလိုက်သော တိုက်ကွက်ကြောင့် အသက်ရှင်နိုင်၊ မရှင်နိုင်ပင် မသေချာလှပေ။

အစ်ကိုဝမ် သည်လည်း ထိုမြင်ကွင်းကို မြင်သည့်အခါ နှုတ်ခမ်းထောင့်များ တဆတ်ဆတ်တုန်ရင်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် လုံချန် သည် ထိခိုက်ဒဏ်ရာမရှိဘဲ မတ်တပ်ရပ်နေသည်ကို မြင်လိုက်သောအခါ သူ့စိတ်ထဲ တော်တော်လေးအံ့အားသင့်သွားခဲ့ရသည်။ သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်လောက်အောင် ဖြစ်နေလေသည်။

“သူ... သူက ဟွမ်ရှန်း ရဲ့ မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း ကို အနိုင်ယူလိုက်တာလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက နဂါးသွေးကြောနယ်ပယ် အဆင့် ၈ မှာပဲ ရှိသေးတာလေ။ ဒီလုံချန် က အဲ့ဒီလောက်တောင် ပါရမီရှိတာလား...”

ဤအချိန်တွင် လုံချန် သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ချီစွမ်းအင်များ ကုန်ဆုံးနေကြောင်း ခံစားလိုက်ရသည်။ သူ၏တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေခဲ့သည်။

ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး က အနက်ရောင်အလယ်အလတ် အဆင့်တိုက်ခိုက်ရေးနည်းစနစ် တစ်ခု ဖြစ်သည်။ လက်ရှိ သူ့ခွန်အားက နဂါးသွေးကြောနယ်ပယ် အဆင့် ၈ သာ ရှိလေရာ မြေကမ္ဘာယွမ်အဆင့် ပညာရှင်များ အသုံးပြုသည့် တိုက်ခိုက်ရေးနည်းစနစ်ကို အသုံးပြုခဲ့သဖြင့် ချီစွမ်းအင်များ ခန်းခြောက်သွားခဲ့ရသည်။ ယခုအချိန်တွင် လုံချန် သည် လုံးဝ အင်အားကုန်ခမ်းနေပြီ ဖြစ်သည်။ ထို့ကြောင့် ဟွမ်ရှန်းကို အနိုင်ယူပြီးပြီးချင်းမှာပင် သူ၏ချီစွမ်းအင်ကို အချိန်မှီပြန်မဖြည့်နိုင်ပါက ဒုက္ခရောက်တော့မည်ဖြစ်ကြောင်း အလိုလိုခံစားမိနေခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူ ဟွမ်ရှန်းကို အနိုင်ယူလိုက်သည်နှင့် မလှမ်းမကမ်းကနေ ပြက်းထန်လှသော အရှိန်အဝါတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ဤအချိန်တွင် လုံချန်သည် ထိုအရှိန်အဝါကို မည်သို့မျှ မခုခံနိုင်ပေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် လုံချန်၏ အနားသို့ ရောက်ရှိလာခဲ့သည်။ လက်ရှိအချိန်တွင် လုံချန်၏ခန္ဓာကိုယ်အတွင်း၌ ချီစွမ်းအင် အနည်းငယ်မျှသာ ကျန်ရှိတော့သဖြင့် ဤတိုက်ကွက်ကို ခုခံရန်အတွက် မည်သို့မျှ မလုံလောက်ပေ။

သူသည် အကောင်းဆုံး အခြေအနေတွင် ရှိနေလျှင်ပင် အဆိုပါတိုက်ခိုက်မှုကို လုံးဝ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။ သူ့အား တိုက်ခိုက်လာသူမှာ မြေကမ္ဘာယွမ်အဆင့် ပညာရှင် ဖြစ်သည့် ဟွမ်ဖေးယန် ဖြစ်နေသောကြောင့်ပင်။

သူ၏ ညီဖြစ်သူဟာ ဤမျှ သနားစရာကောင်းအောင် ရှုံးနိမ့်သွားသည်ကို မြင်လိုက်သည့်အခါ ဟွမ်ဖေးယန်၏ မျက်လုံးများသည် ချက်ချင်းပင် နီရဲလာခဲ့သည်။ သူသည် လက်စားချေရန်အတွက် ချက်ချင်းပင် လှုပ်ရှားလိုက်သည်၊ အစ်ကိုဝမ်ပင်လျှင် အချိန်မှီမတားဆီးနိုင်ခဲ့ပေ။

ဤအချိန်တွင် ဟွမ်ဖေးယန်၏ တိုက်ခိုက်မှုသည် လုံချန် ထံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

နတ်ဓားထဲမှ လင်းရှီသည် အလွန်အမင်း စိုးရိမ်လွန်းသဖြင့် မျက်ရည်များပင် ကျလာခဲ့ရသည်။

“ကောင်စုတ်! နင့်လက်ကို ဖယ်လိုက်စမ်း။ ဖယ်လိုက်လို့ ပြောနေတယ်လေ...”

လုံချန်သည် သူမ၏ ဝမ်းနည်းနာကျင်နေသော အော်ဟစ်သံများကို ကြားရသော်လည်း မည်သို့မျှ တုံ့ပြန်ခြင်း မရှိခဲ့ပေ။ သို့မဟုတ် သူ့တွင် တန်ပြန်တိုက်ခိုက်ရန် ချီစွမ်းအင် အနည်းငယ်မျှပင် မထုတ်ဖော်နိုင်တော့လို့ပါ။ လုံချန်သည် သူ၏မျက်စိကိုသာ မှိတ်ထားလိုက်တော့သည်။ ဤအချိန်တွင် လုံချန်သည် ဟွမ်ဖေးယန်၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားခဲ့လေသည်။

လုံချန်သည် နတ်နဂါးအသွင်ပြောင်းလဲခြင်း ကျင့်စဉ်အား ထုတ်ဖော်ထားသည့်တိုင် ဟွမ်ဖေးယန်၏ ခွန်အားကြောင့် တစ်ကိုယ်လုံးနာကျင်နေပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်လိုပင် လွင့်စင်သွားခဲ့သည်။ သို့သော် ဆိုးဆိုးဝါးဝါး ဒဏ်ရာတော့မရလိုက်ပေ။

“ဒီနဂါးအကြေးခွံတွေရဲ့ ခုခံမှုက တကယ်ကို ပြင်းထန်တာပဲလား...”

မမျှော်လင့်ထားသော ရလာဒ်ကြောင့် လုံချန်သည် ဝမ်းသာသွားခဲ့ရသည်။ သို့သော် ဟွမ်ဖေးယန်၏ လက်သီးချက်ကြောင့် သူ့ပါးစပ်ထဲမှ သွေးတစ်လုပ်ကို တိုက်ရိုက် အန်ထုတ်လိုက်ရသည်။ သေလုမျောပါး မဟုတ်သော်လည်း ကိုယ်တွင်းအင်္ဂါများ ဒဏ်ရာရရှိသွားမှန်း သိသာပါသည်။

ထို့နောက်တွင် ကျယ်လောင်သော အသံကြီးနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ လုံချန်သည် သူ၏လက်နှင့် ခြေထောက်များမှာ တောင့်တင်းနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်သည်။ ဟွမ်ဖေးယန်သည် ထိုတိုက်ကွက်ဖြင့် သူ့ကို မသတ်နိုင်ခဲ့သော်လည်း အနည်းဆုံးတော့ သူ၏ တိုက်ခိုက်ရေး စွမ်းအားအားလုံးကို ဆုံးရှုံးသွားစေခဲ့သည်။

နောက်ထပ် တိုက်ကွက်တစ်ခုသာ ထပ်မံ ခံယူရမည်ဆိုလျှင် သူ့အနေဖြင့် သေချာပေါက် အဆုံးသတ်ရပေလိမ့်မည်။

ဤအချိန်တွင် ဟွမ်ဖေးယန်သည် လေပွေတစ်ခုကဲ့သို့ အရှိန်ဖြင့် သူ့ထံသို့ ပြေးဝင်လာခဲ့လေတော့သည်။

Translator# အနှောင်အဖွဲ့ကင်းမဲ့သူ

...(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၆)

အပိုင်း ၇၆ - အရူးဧကရီ

“လုံချန် ဟာ ဒီပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်။ ဒါကြောင့် သူဟာ လင်းဝူမိသားစုထဲကို ဝင်ခွင့်ရမယ့် အခွင့်အရေး ဆုံးရှုံးသွားပြီဆိုတဲ့အကြောင်း ငါ ကြေညာတယ်...”

ဟွမ်ဖေးယန်၏ အသံသည် ဟိန်းထွက်လာခဲ့သည်။

လုံချန်သည် ဟွမ်ဖေးယန်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ပြီးနောက် အသက်ရှင်နေသည့်တိုင်အောင် ပြီးဆုံးသေးမည်မဟုတ်ကြောင်း သိနေပေသည်။

ယခုအချိန်တွင် ဟွမ်ဖေးယန်သည် သူ့ကို လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ပေ။ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ဖိအားကြောင့် လုံချန်၏ လက်ဝါးများသည် နားအုပ်ထားရာမှ ကွာထွက်သွားလေရာ လင်းရှီသည် အပြင်ထွက်လာရန်ပြင်လေတော့သည်။

လုံချန်သည် ရုတ်တရက် အားကုန်သုံး၍ အော်ဟစ်လိုက်သည်။

“လင်းရှီ... အထဲမှာပဲ နေစမ်း။ မဟုတ်ရင်တော့ ငါ မင်းကို သေတဲ့အထိ မုန်းသွားလိမ့်မယ်...”

ဤအချိန်တွင် လင်းရှီသည် လှုပ်ရှားရန် ပြင်ဆင်နေပြီ ဖြစ်သည်။ သူမသည် လုံချန်၏ စိုးရိမ်တကြီး ပြောဆိုသံများကို ကြားရသော်လည်း နားမထောင်ခဲ့ပေ။

လင်းရှီ အတွက်တော့ လုံချန် သေလုမျောပါး ဖြစ်နေခြင်းသည်သာ သူမ၏ စိတ်ထဲတွင် အရေးကြီးဆုံး ကိစ္စ ဖြစ်နေခဲ့သည်။

“လင်းရှီ... ငါ တောင်းပန်ပါတယ်။ ငါ့စကားကို နားထောင်ပေးပါဦး... ဟုတ်ပြီလား...”

လုံချန်၏ နာကျင်နေသောအသံသည် လင်းရှီကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

ဤအခိုက်အတန့်တွင် ဟွမ်ဖေးယန်သည် လုံချန်၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူသည် ဒေါသများ ပြည့်နှက်နေသော မျက်လုံးများဖြင့် လုံချန်ကို ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

လင်းရှီသည်လည်း လုံချန်ကို ကာကွယ်ရန်အတွက် နတ်ဓားထဲမှ ထွက်ခွာရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဤအခိုက်အတန့်လေးမှာပင် အလွန်တရာ အေးစက်လှသော အမျိုးသမီး အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထို့အတူ လုံချန်အား တိုက်ခိုက်ရန်ပြင်နေသော ဟွမ်ဖေးယန်သည် မမြင်ရသောအားတစ်ခုကြောင့် ရုတ်တရက် လွင့်ထွက်သွားခဲ့ရသည်။ သူသည် ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်လိုက်ရပြီးနောက် မျက်စိမျက်နှာပျက်ကာ ရောက်ရှိလာသူကို မော့ကြည့်လိုက်သည်။

အစပိုင်းတွင် ဟွမ်ဖေးယန်၏မျက်နှာပေါ်၌ ဒေါသများ ပြည့်နှက်နေလေသည်။ သို့သော်လည်း ရောက်ရှိလာသူမှာ မည်သူဖြစ်ကြောင်း သိရှိသွားသည့်အခါ သူသည် ကြောက်လန့်တကြား တုန်ရင်သွားခဲ့ပြီး အလျင်အမြန် ပြောလိုက်သည်။

“တပည့် ဟွမ်ဖေးယန် က အာဏာရှင်ဧကရီ ကို ဂါရဝပြုပါတယ်...”

ဘေးနားတွင် ရပ်နေသော အစ်ကိုဝမ်သည်လည်း ရောက်ရှိလာသူကို ထပ်တူ ဦးညွှတ် ဂါရဝပြုလိုက်သည်။

လုံချန်သည် ရောက်ရှိလာသူ၏ အဆင့်အတန်းကို မသိရှိပေ။ သို့သော် သူသည် အနည်းငယ် ပြန်လည် နိုးကြားလာခဲ့ပြီး ခဲယဉ်းစွာ မတ်တပ်ရပ်လိုက်သည်။ ကြားဝင် ကူညီရန် ပြင်ဆင်နေသော လင်းရှီသည်လည်း လုံချန်တစ်ယောက် အကူအညီ ရရှိသွားသည်ကို မြင်သည့်အခါမှသာ သက်ပြင်းချနိုင်ခဲ့သည်။ ဆက်၍ လှုပ်ရှားရန်​မကြိုးစားတော့ပေ။

“ငါတို့ ပြန်ရောက်တဲ့အခါကျရင် မင်းကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်လိုက်စမ်း...”

လုံချန်သည် လင်းရှီကို အကြီးအကျယ် မာန်မဲလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်လှသော နာကျင်မှုများကို အံကြိတ် ခံစားရင်း မတ်တပ်ရပ်ရန် ကြိုးစားလိုက်သည်။

သူ၏ခန္ဓာကိုယ်သည် ခဲယဉ်းစွာ တောင့်ခံထားရသော်လည်း လုံချန်သည် ရောက်ရှိလာသူကို လှမ်းကြည့်လိုက်သည်။

ဤအခိုက်အတန့်တွင် လူတစ်စု လျှောက်လှမ်းလာကြသည်။

လူတိုင်းထံမှ ထူးခြားလှသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။ ၎င်းတို့၏ ခွန်အားသည် ဟွမ်ဖေးယန် နှင့် အစ်ကိုဝမ် တို့ထက် များစွာ သာလွန်ပေသည်။ အထူးသဖြင့် ထိုလူများကြားမှ အမျိုးသမီးငယ်ပင်၊ ၎င်းသည် လုံချန်အား မျက်လုံးများပင် မှေးစင်းသွားစေလောက်အောင် ထူးခြားနေခဲ့သည်။

လူငယ်များကြားတွင် ရှိနေသော ထိုအမျိုးသမီး တစ်ယောက်တည်းသာ အာရုံအစိုက်ခံရဆုံး ဖြစ်ပုံရသည်။ သူမ၏ တောင့်တင်းလှသော ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေသည့် ကြက်သွေးရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်၊နှင်းကဲ့သို့ ဖြူဖွေးလှသော အသားအရေ၊ စွဲမက်ဖွယ်ကောင်းလှသော အပြုံးနှင့် သူမ၏ လှပသော ခန္ဓာကိုယ် အချိုးအစားများကြောင့် အမျိုးသားတိုင်း၏ အာရုံကို ဖမ်းစားထားနိုင်ခဲ့သည်။

ကျန်ရှိနေသော ပြိုင်ပွဲဝင် ၈ ယောက်သည်လည်း ထိုသို့သော အလှနတ်သမီး တစ်ဦးကို ရုတ်တရက် မြင်တွေ့လိုက်သည့်အခါ တံတွေးများကို မျိုချမိကြပြီး မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြတော့သည်။

လုံချန် မြင်တွေ့ခဲ့ဖူးသမျှသော အလှပဂေးများထဲတွင် လင်းရှီ နှင့် ယန်လင်ချင်း တို့မှာပင် သူ့ရှေ့မှ အမျိုးသမီးနှင့် ယှဉ်ပါက ကလေးသူငယ်များကဲ့သို့ပင် ဖြစ်နေခဲ့သည်။ ဤအမျိုးသမီးမှာမူ လုံးဝကို ကွဲပြားခြားနားလှသော ဆွဲဆောင်မှုမျိုး ရှိနေခဲ့၏။ သူမ၏ လှုပ်ရှားမှုတိုင်းနှင့် နှုတ်ခမ်းအလှုပ်တိုင်းမှာ ရင့်ကျက်မှု၊ အသိဉာဏ် မြင့်မားမှုနှင့် ခန့်ညားထည်ဝါမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သာမန် အမျိုးသား တစ်ဦးအနေဖြင့် သူမ၏ ဆွဲဆောင်မှုကို တွန်းလှန်ရန်မှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။

“နှိုင်းယှဉ်လို့မရတဲ့ အလှပိုင်ရှင်” ဟူသော စကားလုံးမှာ လုံချန်၏ စိတ်ထဲတွင် အလိုလို ပေါ်ပေါက်လာခဲ့သည်။

သို့သော် ယခုအချိန်တွင် သူ၏ တစ်ကိုယ်လုံးမှာ နာကျင်နေသဖြင့် ထိုအမျိုးသမီးကို ဖားယားရန် စိတ်ကူးမရှိပေ။ ထို့အပြင် သူမ၏ ထူးခြားလှသော ခွန်အားများကြောင့် သူ လိုချင်သည့်တိုင်အောင် သူမကို ကစားရန်မှာလည်း မဖြစ်နိုင်ပေ။

ထို့ကြောင့် လုံချန်သည် ဒဏ်ရာရနေသော အပြစ်ကင်းစင်သည့် လူငယ်တစ်ဦးအသွင် ဆောင်လိုက်သည်။ ထို့နောက် သူ၏ အောက်နှုတ်ခမ်းကို ကိုက်လျက် ဟွမ်ဖေးယန်ကို အေးစက်စွာ စိုက်ကြည့်နေလိုက်သည်။

လုံချန်သည် ကြည့်ကောင်းသော လူငယ်တစ်ဦး ဖြစ်သည့်အပြင် ရက်စက်ကြမ်းကြုတ်သည့် အသွင်အပြင်ပါ ရှိနေသဖြင့် ထိုအလှပဂေးလေး၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်နိုင်ခဲ့သည်။

လုံချန်သည် အသက် (၁၆) နှစ်သာ ရှိသေးသဖြင့် လူငယ်တစ်ဦး၏ အသွင်အပြင် ရှိနေဆဲ ဖြစ်သည်။သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျနေခဲ့သည်။ အမျိုးသမီးသည် လုံချန်ကို မြင်လိုက်သည့်အခိုက်သူမ၏ နှလုံးသားထဲမှာ အနည်းငယ် နာကျင်သွားခဲ့ရသည်။

သို့သော် သူမ၏ အကြည့်ကို ဟွမ်ဖေးယန်ထံသို့ ချက်ချင်း အကြည့်လွှဲလိုက်သည်။ ပြစ်မျိုးမှဲ့မထင်လှသော မျက်နှာပေါ်တွင် အပြုံးကို ထိန်းထားသည့် အမူအရာဖြင့် မေးလိုက်သည်။

“ဟွမ်ဖေးယန်... နင်ကိုယ်တိုင်ပဲ ငါ့ကိုရှင်းပြစမ်း...”

ထိုအမျိုးသမီး၏ အသံသည် ကြမ်းတမ်းသော်လည်း ဆွဲဆောင်မှု ရှိလှပေသည်။ လုံချန်သည် သူ၏နှလုံးသား လှုပ်ခတ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ လင်းရှီသည် သူ၏ နားထဲမှာပင် ရှိနေသေးသည်ကို သတိရမိလိုက်သည့်အခါမှာတော့ သူဟာ လေထွက်သွားသော ပူဖောင်းတစ်ခုကဲ့သို့ပင်၊ ထိုအမျိုးသမီးကို ဆက်၍ မကြည့်တော့ပေ။

သူမ၏ လေသံက ဂရုမစိုက်သည့် အသွင်ဆောင်နေသော်လည်း ဟွမ်ဖေးယန်ကတော့ ဤအချိန်သည် အာဏရှင်ဧကရီ၏ အကြောက်ရွံ့ရဆုံးသော အခြေအနေ ဖြစ်ကြောင်း သိရှိနေခဲ့သည်။ သူသည် ချက်ချင်းပင် ရိုးသားစွာ ပြန်ဖြေလိုက်သည်။

“ဧကရီ!... ဒါက ဒီလိုပါ...။ မူလက ဒီလူငယ်နှစ်ယောက်က ငါတို့ လင်းဝူမိသားစုထဲကို ဘယ်သူဝင်ခွင့်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ နောက်ဆုံး တိုက်ပွဲကို စတင်တော့မှာပါ။ လုံချန် လို့ခေါ်တဲ့ အဲ့ဒီလူငယ်က တကယ်ကို ရက်စက်လွန်းပါတယ်။ သူက အနိုင်ရနေပြီ ဖြစ်ပေမယ်လို့ သူ့ရဲ့ပြိုင်ဖက်ကို ထပ်ပြီးတိုက်ခိုက်နေသေးတဲ့အပြင် သတ်ပစ်ဖို့တောင် ကြိုးစားခဲ့တယ်။ ဒါဟာ စည်းမျဉ်းတွေကို ချိုးဖောက်တာ ဖြစ်လို့ သူက အရည်အချင်း မပြည့်မီဘူးလို့ ငါ ထင်ပါတယ်...”

“ဟုတ်လို့လား...”

အမျိုးသမီးသည် သူမ၏ လှပသော မျက်လုံးများဖြင့် လုံချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ် ပြုံးလျက် အေးစက်စွာ ပြောလိုက်သည်။

“ဟွမ်ဖေးယန်! မင်း ငါ့ကို ဒီတစ်ချက်လေး ပြောပြစမ်း။ ငါတို့ လင်းဝူမိသားစုမှာ ပြိုင်ဖက်ကို မသတ်ရဘူးဆိုတဲ့ စည်းမျဉ်း ဘယ်တုန်းက ရှိခဲ့လို့လဲ။ အဲ့ဒီအစား ငါတို့က သတ်ဖြတ်ခြင်းကို ပိုပြီး အားပေးတာ မဟုတ်ဘူးလား...”

သူမ၏ စကားများကို ကြားလိုက်သည့်အချိန်တွင် ဟွမ်ဖေးယန်၏ မျက်နှာသည် ပြောင်းလဲသွားခဲ့ပြီး သူသည် ပြန်လည် ငြင်းခုံရန် ပြင်လိုက်သည်။ သို့သော် အမျိုးသမီး၏ အကြည့်များသည် ရုတ်တရက် ပြင်းထန်လာခဲ့ပြီး သူ့ကို စူးစိုက်ကြည့်လိုက်လေသည်။ ဟွမ်ဖေးယန် သည် ချက်ချင်းပင်အသက်ရှူကြပ်မတတ်ဖြစ်လာပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားကာ စကားတစ်လုံးမျှပင် မပြောနိုင်တော့ပေ။

လုံချန် သည်လည်း အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ ဤအမျိုးသမီးသည် အလွန်ဆုံးရှိမှ အသက် ၂၇ သို့မဟုတ် ၂၈ နှစ်ခန့်သာ ရှိဦးမည် ဖြစ်သည်။ သို့သော်လည်း သူမ၏ ကျင့်ကြံမှုအဆင့်ကတော့ ဟွမ်ဖေးယန် မမီနိုင်လောက်သော နယ်ပယ်သို့ ရောက်ရှိနေပုံရ၏။ အစပိုင်းမှာတော့ လုံချန်သည် သူမ၏ ဆွဲဆောင်မှုနှင့် အလှအပများကြောင့် အံ့အားသင့်နေခဲ့ရသည်။ ယခုအခါမှာတော့ထိုအမျိုးသမီး၏ ကျင့်ကြံမှုအဆင့်ကြောင့် ပို၍ပင် အထင်ကြီးသွားခဲ့ရသည်။

“အဲ့ဒီလူက နင့်ရဲ့ ညီ မဟုတ်လား...”

အမျိုးသမီး၏ အသံမှာ မြွေဆိုးတစ်ကောင်ကဲ့သို့ ဟွမ်ဖေးယန်၏ နားထဲသို့ စီးဝင်သွားခဲ့သည်။ ဟွမ်ဖေးယန်၏ နဖူးပေါ်တွင် ချက်ချင်းဆိုသလို ချွေးအေးများ စီးကျလာခဲ့သည်။ သူသည် စကားတစ်လုံးမျှပင် မပြောဝံ့တော့ပေ။ သူ၏ မျက်နှာက ပို၍ ဖြူဖျော့လာခဲ့သည်၊ သူ၏ ခန္ဓာကိုယ်မှာလည်း တုန်ရင်လာတော့သည်။

ထိုအမျိုးသမီး၏ အပြုံးမှာ ဖိတ်ခေါ်နေဟန် ရှိသော်လည်း ဟွမ်ဖေးယန်အတွက်မူ ၎င်းသည် အိပ်က်ဆိုးတစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့သည်။

“ငါ လျူလန် ရဲ့ အုပ်ချုပ်မှုအောက်မှာ နင်က စည်းမျဉ်းတွေကို လျစ်လျူရှုရဲတယ်ပေါ့။ နင်က ကြယ်တာယာနတ်ဆိုးအကျဉ်းထောင် ကို အပို့ခံရမှာ မကြောက်ဘူးလား...”

မကြားတကြား ပြောလိုက်သော စကတစ်ခွန်းက ဟွမ်ဖေးယန်ကို အကြီးအကျယ် ကြောက်လန့်သွားစေခဲ့သည်။ ဟွမ်ဖေးယန် တုန်လှုပ်နေသည်ကို မြင်ရသည့်အခါ လျူလန် သည် သူမ၏ခါးကို ဆန့်လိုက်ပြီး ဆွဲဆောင်မှုရှိသော အမူအရာဖြင့် တဟားဟား ရယ်မောလိုက်သည်။ ထို့နောက် သူမ၏ လက်များကို ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။

“ငါက နောက်နေတာပါ။ နင့်ကို ကြောက်အောင် လုပ်ချင်ရုံတင်ပါ။ နောက်တစ်ခါ ထပ်မလုပ်နဲ့တော့၊ ဟုတ်ပြီလား...။ ကဲ... နင်တို့ အကုန်လုံး ထွက်သွားကြတော့...”

အစ်ကိုဝမ်သည်လည်း အလားတူဒေါသထွက်နေသော်လည်း သူ၏ အမြင်ကို ထုတ်ဖော်ပြောဆိုရန် ကြောက်ရွံ့နေခဲ့သည်။ လျူလန် ၏ စကားများကို ကြားရသည့်အခါမှာတော့ စိတ်သက်သာရာရသွားခဲ့သည်။ ထို့နောက် ကြောင်အမ်းနေသော ဟွမ်ဖေးယန်ကို ဆွဲခေါ်လျက် ပြောလိုက်သည်။

“အာဏာရှင်ဧကရီ ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ငါတို့ အခုချက်ချင်း ထွက်သွားပါ့မယ်...”

လျူလန် သည် ၎င်းတို့ကို ထပ်မံ အရေးမစိုက်တော့ဘဲ ဘေးနားရှိ လူငယ်တစ်ဦးကို ပြောလိုက်သည်။

“ဟွမ်ဖေးယန် ကတော့ အသုံးမကျတဲ့သူပဲ။ အခုတော့ နင်က ဒီဂိုဏ်းခွဲရဲ့ အဖွဲ့ဝင်သစ် (၅) ယောက်ကို ခေါ်သွားပြီး အရာအားလုံးကို စီစဉ်ပေးလိုက်ပါ။ ပြီးတော့ သူတို့ကို အခြေခံ ဗဟုသုတတွေလည်း သင်ပေးလိုက်ဦး။ အရေးကြီးဆုံးကတော့ လင်းဝူမိသားစုရဲ့ စည်းမျဉ်းတွေပဲ... နားလည်လား...”

ထိုလူငယ်က ချက်ချင်းပင် ခေါင်းညိတ်ပြီး ပြောလိုက်သည်

“ဟုတ်ကဲ့ပါ... ဧကရီ လျူ...”

လျူလန် က ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ စွဲမက်ဖွယ်ကောင်းသော အကြည့်များကို လုံချန်ထံသို့ ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် ချိုသာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“အဲ့ဒီလူငယ်လေးကို ငါ့အတွက် အထူး ဂရုစိုက်ပေးလိုက်ပါ။ ဒီနေ့ည ညဉ့်နက်ချိန်ကျရင် သူ့ဆီကို ငါ တစ်ယောက်တည်း လာခဲ့မယ်...”

အမျိုးသမီးသည် ညွှန်ကြားချက်များ ဆက်တိုက်ပေးပြီးနောက် သူမ၏ နောက်လိုက်များနှင့်အတူ ပြန်လည်ထွက်ခွာသွားလေတော့သည်။

သူမ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း လုံချန်သည် တင်းမာနေသော သူ၏ နှလုံးသားကို လျှော့ချလိုက်သည်။ သို့သော် ဟွမ်ဖေးယန် မထွက်ခွာမီ သူ့အား ကြည့်သွားခဲ့သော အမုန်းတရားများ ပြည့်နှက်နေသည့် အကြည့်များကိုတော့ သူ့စိတ်ထဲမှာ မေ့ပျောက်နိုင်ခြင်း မရှိခဲ့ပေ။

“ငါ ယွမ်လင်းမြို့တော်ကို ခုပဲ ရောက်ရုံရှိသေးတာ၊ ဒီလောက်အထိ ရန်သူတွေ များနေပြီလား။ ငါ တကယ်ပဲ ပျင်းရိနေလို့ ဖြစ်ရမယ်။ နောင်ကျရင် လင်းဝူမိသားစုထဲမှာ ရှိနေတဲ့အခါကျရင် ငါ ပိုပြီး ကြိုးစားရမယ်...”

ဤအချိန်တွင် ခဏကျန်နေခဲ့သော လူငယ်က လုံချန် နှင့် အခြားလူငယ် ၄ ယောက်ကို လှမ်းကြည့်လိုက်သည်။ လူငယ်၏အကြည့်များသည် လုံချန်ထံတွင် ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီးနောက် သူက ပြောလိုက်သည်။

“ငါ့နာမည်က ကန်လင် ပါ။ လင်းဝူမိသားစု က အင်အားကြီးဂိုဏ်းတစ်ခုနဲ့ တန်းတူပါပဲ။ ငါတို့ အားလုံးက အာဏာရှင်ဧကရီ လျူ ရဲ့ လက်အောက်မှာ အလုပ်လုပ်ကြတယ်။ နောင်ကျရင်တော့ မင်းတို့ ငါ့ကို စီနီယာအစ်ကို ကန် လို့ ခေါ်နိုင်ပါတယ်။ နားလည်ကြလား...”

လုံချန် နှင့် အခြားလူငယ်များသည်လည်း ခေါင်းညိတ်လိုက်ကြသည်။

လူငယ် ကန်လင် သည် အဖွဲ့ဝင်အသစ် ၅ ယောက်က နာခံမှုရှိသည်ကို မြင်သည့်အခါ အလွန်ပင် ကျေနပ်သွားခဲ့ပြီး ပြောလိုက်သည်။

“မင်းတို့တွေ... ဘာလို့ ကိုယ့်ကိုယ်ကို မိတ်မဆက်ကြသေးတာလဲ...”

ထို့နောက် လူငယ် ၅ ယောက်စလုံးသည် ၎င်းတို့၏ အမည်များနှင့် မိသားစု နောက်ခံများကို ချက်ချင်းပင် တင်ပြလိုက်ကြသည်။ လုံချန် ကတော့ လင်းဝူမိသားစု၏ ရွေးချယ်ပွဲအတွက် မှတ်ပုံတင်စဉ်က ပေးခဲ့သော အချက်အလက်များကိုသာ ထပ်မံ ပြောပြလိုက်သည်။

လုံချန်သည် ယွမ်လင်းခရိုင်အတွင်းရှိ မြို့ငယ်လေးတစ်ခုမှ လာသူဖြစ်ကြောင်း ကြားလိုက်သည့်အခါ ကန်လင်၏မျက်လုံးများသည် အံ့အားသင့်မှုကြောင့် အရောင်လက်သွားခဲ့ပြီး ချီးကျူးလိုက်သည်။

“ငါ မင်းတို့ရဲ့ တိုက်ပွဲကို အဝေးကနေ မြင်ခဲ့ပါတယ်။ ဒီလောက် အသက်ငယ်ငယ်နဲ့ နေရာငယ်လေးကနေ လာပြီးတော့ ဒီလောက်အထိ စွမ်းဆောင်နိုင်တာကို ငါ တကယ်ပဲ လေးစားမိပါတယ်...”

ရွှေရောင်စည်းမျဉ်းမှာ အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကို နှိမ့်ချနေရန်ပင် ဖြစ်သည်။ စီနီယာအစ်ကို ကန် သည် ချဉ်းကပ်ရ လွယ်ကူပုံရသည်။ နောင်အနာဂတ်တွင် ပြဿနာအချို့ကို ဖြေရှင်းရန်အတွက် စီနီယာအစ်ကိုကန်၏ အကူအညီ လိုအပ်လာနိုင်သည်။ သို့ဖြစ်ရာ လုံချန်သည် သူနှင့် ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။

“တကယ်တော့ ဒီဂျူနီယာ ကံကောင်းသွားလို့ပါ။ ဒါပေမဲ့ အဓိကကတော့ ငါ ငယ်ငယ်ကတည်းက ကြိုးစားပမ်းစား လေ့ကျင့်ခဲ့လို့ပါ...”

လုံချန်၏ အဖြေက နှိမ့်ချလွန်းခြင်း သို့မဟုတ် ကြွားဝါလွန်းခြင်း မရှိပေ။ ကန်လင် သည် သူ့အပေါ်တွင် များစွာ သဘောကျသွားခဲ့သည်။ သူသည် လုံချန်၏ပခုံးကို ပုတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

“မင်း လင်းဝူမိသားစုထဲကို ရောက်လာပြီဆိုမှတော့ ပိုပြီး ကြိုးစားရလိမ့်မယ်။ ဒီနေရာက တကယ့် တိုက်ပွဲမြေပြင်ပဲ။ ပါရမီရှိပြီး ပြတ်သားတဲ့ စိတ်ဓာတ်ရှိတဲ့သူတွေပဲ တောက်ပလာလိမ့်မယ်။ ပျင်းရိတဲ့သူတွေနဲ့ မိဘ ဒါမှမဟုတ် မိသားစု နောက်ခံကို အားကိုးနေတဲ့သူတွေကတော့ အဆုံးသတ်မှာ မင်း အနိုင်ယူခဲ့တဲ့ အဲ့ဒီကောင်လေးလိုပဲ သနားစရာကောင်းအောင် သေရမှာပဲ...”

ထို့နောက် သူသည် အခြားလူငယ်များကို ကြည့်ပြီး ပြောလိုက်သည်။

“ငါ အခု မင်းတို့ကို လင်းဝူမြို့တော် ဆီကို ခေါ်သွားပေးမယ်။ အဲ့ဒီမှာ မင်းတို့ကို အသိအမှတ်ပြု တံဆိပ်ပြားတွေ ပေးမယ်၊ ပြီးတော့ မင်းတို့ကို သိသင့်သိထိုက်တဲ့ အချက်အလက်တွေ အများကြီး ပြောပြမယ်။ မင်းတို့ နားမလည်တာ ရှိရင်လည်း ငါ အကုန်လုံး ရှင်းပြပေးမယ်။ ဒါမှ နောင်ကျရင် အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ အမှားမျိုးတွေကို ရှောင်ရှားနိုင်မှာပေါ့...”

လုံချန် သည်လည်း အခြားလူငယ်များကဲ့သို့ပင် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်တွင်တော့ စီနီယာအစ်ကိုကန်လင် ၏ ဦးဆောင်မှုဖြင့် ၎င်းတို့သည် လင်းဝူမြို့တော် ဆီသို့ ဦးတည် ထွက်ခွာခဲ့ကြသည်။ ထိုနေရာသည် လင်းဝူမိသားစု၏ စစ်မှန်သော ဌာနချုပ် ဖြစ်ပေသည်။

ရှေ့ကနေ ဦးဆောင်သွားနေသော စီနီယာအစ်ကိုကန်လင်၏ သန်မာလှသော ပုံရိပ်ကို ကြည့်ရင်း လုံချန်သည် မိုရှောင်းလန် နှင့် ဆုံတွေ့ခဲ့ရပုံကို ပြန်လည် တွေးတောနေမိသည်။

ဤလင်းဝူမိသားစု သည် သူ့အတွက် လေ့ကျင့်ရာနေရာကောင်းတစ်ခုပင် ဖြစ်ပေသည်။ လျူလန် နှင့် ကန်လင် တို့ ပြောဆိုခဲ့ပုံအရ လင်းဝူမိသားစုအတွင်း ပြိုင်ဆိုင်မှုများမှာ မည်မျှ ပြင်းထန်သည်ကို သိရှိနိုင်ပေသည်။ ယခု သူဝင်ရောက်ခဲ့သော ဂိုဏ်းခွဲမှာ အစိမ်းရောင်နေမင်းဌာနခွဲ ဖြစ်၏။ အာဏာရှင်ဧကရီ လျူ သည် အစိမ်းရောင်နေမင်းဌာနခွဲ မှ အကြီးအကဲတစ်ဦး ဖြစ်ပုံရသည်။ သူမ၏ ခွန်အားက အမှန်တကယ်ကို ကြောက်စရာ ကောင်းလှပေသည်။ သို့သော် အစိမ်းရောင်နေမင်းဌာနခွဲ မှာ အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်နေခဲ့ပြန်သည်။ အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ အပြင် အခြားသော အပြင်စည်းဂိုဏ်းခွဲ ၈ ခု၊ လင်းဝူမိသားစု၏ ပင်မမိသားစုကြီးနှင့် အတွင်းစည်းဂိုဏ်း ၄ ခု တို့လည်း ရှိနေသေး၏။

လုံချန်သည် ခဏမျှ ကြောင်အမ်းသွားခဲ့ရသည်။

“ငါ ယွမ်ယန်ခံတပ် မှာတုန်းက လင်းဝူမိသားစု ရဲ့ နာမည်ကိုပဲ ကြားဖူးခဲ့တာ။ ဒါပေမဲ့ သူတို့က ဒီလောက်အထိ ကြောက်စရာကောင်းမယ်လို့ မသိခဲ့ဘူး။ သွေးဝိညာဉ်ဂိုဏ်း ဆိုတာ သူတို့နဲ့ နှိုင်းယှဉ်ရင်တော့ ဘာမှမဟုတ်တဲ့ အဖွဲ့အစည်းငယ်လေး တစ်ခုဖြစ်သွားပြီပဲ။ သွေးဝိညာဉ်ဂိုဏ်း နဲ့ ပတ်သက်တဲ့ ကိစ္စက ယန်အိမ်တော် ရဲ့ ရှင်သန်မှုနဲ့ သက်ဆိုင်နေတာလေ။ တကယ်လို့ ငါသာ အခုထက်ပိုပြီး သန်မာမလာဘူးဆိုရင်တော့ ယန်အိမ်တော်က သေချာပေါက် အဆုံးသတ်သွားလိမ့်မယ်...”

လုံချန်သည် ကြီးမားလှသော ဖိအားကို ခံစားလိုက်ရသည်။

အချိန် ၁ နာရီခန့်ကြာပြီးနောက်တွင် စီနီယာအစ်ကိုကန်လင် က ရုတ်တရက် နောက်လှည့်၍ ပြောလိုက်သည်။

“ငါတို့ လင်းဝူမြို့တော် ကို ရောက်ပြီ...”

Translator #အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters