← Chapters

အခန်း (၇၇-၇၈)

Vol. 6 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 6 Ch. 77-78

...(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၆)

အပိုင်း ၇၇ - လင်းဝူမြို့တော်

လုံချန်သည် သူ၏ခေါင်းကို မော့လိုက်ပြီး မိမိရှေ့ရှိ အစွန်းအဖျားကိုပင် မမြင်နိုင်လောက်အောင် ကျယ်ပြန့်လှသော မြို့တော်ကြီးကို စိုက်ကြည့်နေမိသည် ။

ဤမြို့တော်သည် မြင့်မားလှသော မြို့ရိုးများဖြင့် ဝန်းရံထားပြီး ဧရာမကျောက်စိမ်းဖြူကြီးတစ်တုံးကဲ့သို့ ဖြစ်နေလေသည် ။ မြို့ရိုးများအတွင်း၌မူတိမ်တိုက်များကို ထိုးဖောက်တော့မည့်အလား မြင့်မားလှသော အဆောက်အဦးများ ရှိနေပေသည်။ ၎င်းတို့သည်လည်း ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေကြသည် ။ နေရောင်ခြည်အောက်တွင် အဆောက်အဦးများမှ စူးရှတောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေကြသည် ။

ကံကောင်းထောက်မစွာဖြင့် သူသည် ယခင်က ယွမ်လင်းမြို့တော် ကို မြင်ဖူးထားပြီးဖြစ်သည်။ လက်ရှိ လင်းဝူမြို့တော် ၏ ကြီးကျယ်ခမ်းနားမှုကို မြင်ရသည့်အခါ အလွန်အမင်း အံ့သြမသွားတော့ပေ ။

သို့သော်လည်း သူ့ရှေ့မှ မြို့တော်ကြီးသည် ဧရာမတိမ်တိုက်ဖြူကြီးတစ်ခုကဲ့သို့ ဖြစ်နေသဖြင့် လုံချန်သည် ၎င်း၏အရွယ်အစားနှင့် ခန့်ညားထည်ဝါမှုကြောင့် မှင်တက်နေမိဆဲပင်ဖြစ်သည် ။

ကျန်ရှိနေသော လူငယ် ၄ ယောက်မှာမူ လင်းဝူမြို့တော် ကို ယခင်က မြင်ဖူးထားကြသော်လည်း ယနေ့တွင်မူ မြို့ထဲ၌ အမှန်တကယ် နေထိုင်ခွင့်ရတော့မည်ဖြစ်ရာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြသည် ။

ဤအချိန်တွင် စီနီယာအစ်ကိုကန်လင် က လူငယ် ၅ ယောက်၏ အမူအရာများကို ကြည့်ပြီး အသာအယာပြုံးကာ ပြောလိုက်သည် ။

“ကဲ... ငါ့နောက်ကနေ လိုက်ခဲ့ကြတော့။ နေရာတွေချပြီးသွားရင် ငါ မင်းတို့ကို ငါတို့ရဲ့ လင်းဝူမိသားစု အဖွဲ့ဝင်တွေနဲ့ မိတ်ဆက်ပေးမယ်...”

စီနီယာအစ်ကိုကန်လင် ၏ လမ်းပြမှုဖြင့် လုံချန်တို့အုပ်စုသည် နှင့် လင်းဝူမြို့တော် အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည် ။ လုံချန်၏အမြင်တွင် ယွမ်လင်းမြို့တော် သည် ချမ်းသာကြွယ်ဝမှု၏ ပြယုဂ်ဖြစ်သလို လင်းဝူမြို့တော် ကတော့ ၎င်း၏နှလုံးသားပင်ဖြစ်သည် ။ ၎င်းသည် ယွမ်လင်းမြို့တော် ၏ အနှစ်သာရဖြစ်နေခြင်းမှာ မဆန်းလှပေ ။

“လင်းဝူမြို့တော် ကို မြို့အစွန်ပိုင်းနယ်မြေနဲ့ အတွင်းပိုင်းနယ်မြေဆိုပြီး ၂ ပိုင်းခွဲထားတယ်။ ဒါ့အပြင် မြို့အစွန်ပိုင်းနယ်မြေကို နယ်မြေကြီး ၉ ခုထပ်ခွဲထားသေးတယ်။ပြီးတော့ အဲ့ဒီနယ်မြေတွေကို အပြင်စည်းဂိုဏ်း ၉ ခုက သီးခြားစီ အုပ်ချုပ်ကြတယ်။ ငါတို့ အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ က အစိမ်းရောင်နယ်မြေမှာ ရှိတာပေါ့။ မင်းတို့အားလုံးလည်း အခု အစိမ်းရောင်နယ်မြေမှာပဲ နေထိုင်ကြရမယ်။ ငါတို့ အခုဝင်လာတဲ့ မြို့တံခါးက ငါတို့ အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ အတွက်ပဲ သီးသန့်သုံးတဲ့ တံခါးပဲ...”

လမ်းမအတိုင်း လျှောက်လှမ်းလာကြစဉ် လုံချန်သည် ဘေးနားမှ ဖြတ်လျှောက်သွားသော အဆင့်မြင့် သိုင်းပညာရှင်များကို တစ်ခါတစ်ရံ မြင်တွေ့ရသည် ။ ၎င်းတို့ထဲမှ အချို့မှာ နဂါးသွေးကြောနယ်ပယ် အဆင့် ၉ တွင် ရှိနေကြသည်။ သို့သော်လည်း အများစုကတော့ မြေကမ္ဘာယွမ်အဆင့် သို့မဟုတ် ၎င်းထက်ပို၍ မြင့်မားသော အဆင့်များတွင် ရှိနေကြသည် ။

ဤနေရာမှလူအများသည် သူ့ထက် များစွာသန်မာနေသည်ကို မြင်ရသည့်အခါ လုံချန်သည် သူ၏ယခင်က မောက်မာထောင်လွှားစိတ်များကို လုံးဝစွန့်လွှတ်လိုက်ပါတော့သည် ။

သူ၏အမြင်အရ လင်းဝူမိသားစု သည် အပြင်ပန်းတွင် မြင်တွေ့နေရသကဲ့သို့ အေးချမ်းတည်ငြိမ်နေသည် မဟုတ်ပေ ။ ဤတည်ငြိမ်မှုအောက်တွင် များပြားလှသော လျှို့ဝှက်ချက်များနှင့် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေပေသည်။ လုံချန်သည် စိတ်ထဲ၌ အနည်းငယ်ပင် ထိတ်လန့်နေမိသည် ။

“ဒီလိုကြောက်စရာကောင်းတဲ့နေရာမှာတော့ ငါ့အနေနဲ့ ခေါင်းငုံ့ပြီးတော့ပဲ နေထိုင်ရတော့မယ်ထင်တယ်...”

ထိုသို့တွေးတောမိသည့်အခါ လုံချန်သည် ချက်ချင်းပင် စိတ်ဓာတ်ကျသွားပြီး ထွက်ပြေးလိုစိတ်များ ဖြစ်ပေါ်လာသည် ။

သို့သော်လည်း သူသည် လင်းဝူမိသားစု ထဲသို့ ဝင်ရောက်နိုင်ရန် အပြင်းအထန် ကြိုးစားခဲ့ရသည်။ ယခုအခါတွင်မူ သူ့စိတ်ကြိုက်တိုက်ခိုက်နိုင်မည့် အခွင့်အရေးကိုလည်း ရရှိထားပြီဖြစ်သည် ။ အကယ်၍ သူသာ ထွက်ခွာသွားမည်ဆိုပါက နှမြောစရာကောင်းလှပေလိမ့်မည် ။ ထို့အပြင် လုံချန်သည် စိန်ခေါ်မှုကို ကြောက်ရွံ့တတ်သူ မဟုတ်ပေ၊ သူသည် ထွက်ပြေးမည့်အတွေးကို စွန့်လွှတ်၍ ဆက်လက်နေထိုင်ရန် ဆုံးဖြတ်လိုက်သည် ။

“အခုတော့ ငါလည်း လင်းဝူမိသားစု ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပြီပေါ့။ ငါက လင်းဝူမိသားစု က လူတစ်ယောက်ပဲ။ နောင်ကျရင် သွေးဝိညာဉ်ဂိုဏ်း နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို စုံစမ်းရမယ်။ ပြီးတော့ သူတို့ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ စီစဉ်ရတာပေါ့...”

လမ်းတစ်လျှောက်တွင် လူအများက စီနီယာအစ်ကိုကန်လင် ကို မကြာခဏ နှုတ်ဆက်ကြသည် ။ လုံချန် နှင့် အခြား လူငယ် ၄ ယောက်ကို မြင်လိုက်သည့်အခါ ၎င်းတို့က ပြုံးလျက် ပြောဆိုကြသည် ။

“တပည့်သစ်တွေ ထပ်ရောက်လာပြန်ပြီလား။ မင်းတို့ရဲ့ အစိမ်းရောင်နေမင်းဌာနခွဲ ကတော့ အတော့်ကို အလုပ်များနေဦးမှာပဲ။ ဒီလူသစ်လေးတွေက ပြဿနာ သိပ်မရှာကြပါစေနဲ့လို့ပဲ ငါ ဆုတောင်းပေးပါတယ်...”

လုံချန်သည် သိပ်ပြီးနားမလည်သော်လည်း ထိုစကားများကို စိတ်ထဲတွင် မှတ်သားထားလိုက်သည် ။

မကြာမီမှာပင် စီနီယာအစ်ကိုကန်လင် သည် သူတို့အားလုံးကို ခြံဝင်းတစ်ခု ဆီသို့ ခေါ်ဆောင်လာခဲ့သည် ။ ထိုခြံဝင်းသည် အလွန်ကျယ်ဝန်းပြီး အခန်းပေါင်း ရာနှင့်ချီ၍ ရှိပုံရသည် ။

ဤအချိန်တွင် ကန်လင် က လှည့်၍ ပြောလိုက်သည်”ဒီနယ်မြေက ငါတို့ အစိမ်းရောင်နေမင်းဌာနခွဲ ရဲ့ နယ်မြေပဲ။ ဒီဝင်းတစ်ခုလုံးကို အကြီးအကဲ ဧကရီ လျူ က အုပ်ချုပ်တယ်၊ ပြီးတော့ အစိမ်းရောင်မိုးမခခြံဝင်း လို့ ခေါ်ကြတယ်။ ငါတို့အားလုံးက အကြီးအကဲ လျူ ရဲ့ တပည့်တွေပဲ။ အခု ငါ မင်းတို့အတွက် နေထိုင်မယ့်နေရာတွေကို စီစဉ်ပေးမယ်။ ပြီးကျရင်တော့ လင်းဝူမြို့တော် နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ရှင်းပြပေးမယ်...”

ယခုကဲ့သို့ နေ့လည်ပိုင်းအချိန်တွင် ခြံဝင်းအတွင်း၌ လူသူအရိပ်အယောင် အလွန်နည်းပါးသည်ကို မြင်တွေ့ရသည် ။ ကန်လင် သည် ဤနေရာနှင့် အလွန်ရင်းနှီးပုံရသည် ။ သူသည် အခန်းငယ်လေးများ တန်းစီနေသည့် နေရာသို့ လျင်မြန်စွာ လျှောက်လှမ်းသွားပြီး ထိုအခန်းငယ်များကို လက်ညှိုးထိုးပြလျက် ပြောလိုက်သည် ။

“ဒီနေရာက စတုတ္ထအဆင့်တပည့်တွေ နေထိုင်တဲ့ နေရာပဲ။ အခုချိန်ကစပြီး မင်းတို့ ငါးယောက်လုံး ဒီမှာ နေရမယ်။ မင်းတို့အနေနဲ့ ရာထူးတိုးပြီး တတိယအဆင့်တပည့်တွေ ဖြစ်လာမှပဲ ဒီနေရာကနေ ထွက်သွားခွင့်ရမယ်။ ကောင်းပြီ...အခု မင်းတို့ စိတ်ကြိုက် အခန်းတစ်ခန်း ရွေးချယ်ပြီးတော့ တပည့်အသစ် ကဒ်ပြားတွေ ထုတ်လိုက်ကြ။ ငါ သိုင်းပညာခန်းမ မှာ စောင့်နေမယ်...”

စီနီယာအစ်ကိုကန်လင် ၏ စကားကို ကြားလိုက်သည့်အခါ အခြား လူငယ် ၄ ယောက်သည် အခန်းရွေးရန် အလျင်အမြန် ထွက်သွားကြသည် ။

လုံချန်ကတော့ ထိုအခန်းများအားလုံးမှာ မဆိုးလှသဖြင့် အခန်းနံပါတ်တစ်ခုကို ကျပန်းရွေးချယ်လိုက်သည်။ ထို့နောက် စတုတ္ထအဆင့်တပည့်များအတွက် သိုင်းပညာခန်းမ ဆီသို့ ကန်လင် ၏နောက်မှ ချက်ချင်း လိုက်သွားခဲ့သည် ။

ကန်လင် သည် လုံချန် မိမိနောက်မှ လိုက်လာသည်ကို သိရှိထားသည် ။ သူသည် အရှေ့ဆုံးရှိ ထိုင်ခုံတွင် ထိုင်လိုက်ပြီး လုံချန်ကို အကဲခတ်ကြည့်ကာ ပြောလိုက်သည် ။

“မင်း အရင် ထိုင်နှင့်ပါ။ တခြားသူတွေ ရောက်လာမှပဲ ငါ မင်းတို့အားလုံးကို လင်းဝူမိသားစု ရဲ့ ကိစ္စရပ်တွေကို ရှင်းပြပေးမယ်။ သိချင်တာရှိရင်လည်း မေးလို့ရပါတယ်...”

လုံချန်က ခေါင်းညိတ်ပြလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ ။ မကြာမီမှာပင် အခြားလူငယ် ၄ ယောက်မှာ စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် ရောက်ရှိလာကြသည် ။

ထိုလူငယ်များက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်ကို မြင်ရသည့်အခါ ကန်လင် က ခေါင်းကို ခါယမ်းလိုက်သည် ။ သို့သော် လုံချန်၏ တည်ငြိမ်မှုကို မြင်ရသည့်အခါတွင်တော့ သူသည် အလွန်ပင် ကျေနပ်သွားခဲ့သည် ။ လူစုံသွားသည်ကို မြင်သည့်အခါမှ သူက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည် ။

“ပထမဆုံးအနေနဲ့ ငါ မင်းတို့ကို လင်းဝူမိသားစု က အပြင်စည်းဂိုဏ်းတွေရဲ့ သဘောသဘာဝနဲ့ နေ့စဉ် လိုအပ်ချက်တွေအကြောင်း ပြောပြမယ်။ မင်းတို့ သိချင်တာရှိရင် ငါ့ကို မေးနိုင်ပါတယ်...”

လူတိုင်းက အလေးအနက်ထား၍ ခေါင်းညိတ်လိုက်ကြသည် ။

၎င်းတို့ တမင်သက်သက် လုပ်ဆောင်ခြင်း မဟုတ်သော်လည်း ချမ်းသာကြွယ်ဝပြီး အင်အားကြီးမားလှသော လင်းဝူမိသားစု ၏ ဖိအားကို လူတိုင်း မသိစိတ်ကနေ ခံစားနေကြရသည် ။

“လင်းဝူမိသားစု ဟာ ယွမ်လင်းခရိုင် ထဲမှာ ရှိတဲ့ အင်အားကြီး အဖွဲ့အစည်း ၂ ခုထဲက တစ်ခုပဲ။ အဓိက အကြောင်းရင်းကတော့ ယွမ်ဝူမြို့တော် က သားရဲဝိညာဉ်နန်းတော် ထက် အားသာချက်တွေ ရှိနေလို့ပဲ။ အဲ့ဒီအတွက်ကြောင့် လင်းဝူမြို့တော် ဟာ ယွမ်လင်းမြို့တော် ရဲ့ ဗဟိုချက်မ ဖြစ်လာခဲ့တာပေါ့။ အဲ့ဒါက အခုဆိုရင် နှစ်ပေါင်း ၁၀၀ ကျော်တောင် ရှိနေပြီ...”

စီနီယာအစ်ကိုကန်လင် က ရယ်မောလိုက်ပြီးနောက် ဆက်လက် ပြောပြခဲ့သည် ။

“သားရဲဝိညာဉ်နန်းတော် ထဲကို ဝင်ရောက်ဖို့ဆိုတာက ထိပ်တန်း ပါရမီရှင်တွေအတွက်ပဲ ဖြစ်နိုင်တယ်။ ငါတို့ လင်းဝူမိသားစု မှာတော့ သူတို့ထက် လူဦးရေ အနည်းဆုံး ဆယ်ဆလောက် ပိုများတယ်။ ငါ မှတ်မိသလောက်ဆိုရင် ငါတို့မှာ စုစုပေါင်း လူဦးရေ (၂၀၀၀၀) ကျော် ရှိတယ်။ အဲ့ဒီထဲကမှ လူဦးရေ (၂၀၀၀) လောက်ကပဲ လင်းဝူမိသားစု ရဲ့ အတွင်းစည်း အဖွဲ့ဝင်တွေ ဖြစ်နိုင်ကြတာ။ ငါတို့ကတော့ အပြင်စည်းဂိုဏ်းခွဲ ရဲ့ အဖွဲ့ဝင်တွေပေါ့။ အဲ့ဒီဂိုဏ်းခွဲတွေကို အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ မိုးပြာရောင်၊ အပြာရောင်၊ ခရမ်းရောင်၊ ငွေရောင် နဲ့ ရွှေရောင် ဆိုပြီး အရောင်တွေနဲ့ ခွဲခြားထားတာ...”

“ဂိုဏ်းခွဲတစ်ခုစီမှာ အပြင်စည်း အဖွဲ့ဝင် (၂၀၀၀) လောက်စီ ရှိကြတယ်။ ဒါပေမဲ့ မင်းတို့ အရင်ဆုံး သိထားရမှာက အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ နဲ့ အတွင်းစည်းဂိုဏ်း တွေမှာ လူဦးရေ တူညီနေပေမယ်လို့ အတွင်းစည်းဂိုဏ်းဝင်တွေကပဲ လင်းဝူမိသားစု ရဲ့ စစ်မှန်တဲ့ အဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုတာပဲ။ မင်းတို့ကတော့ လင်းဝူမိသားစု ရဲ့ အပြင်စည်းဂိုဏ်းဝင်တွေပဲရှိသေးတယ်။ မင်းတို့ အရင်ဆုံး နားလည်ထားရမယ့် အရေးကြီးဆုံး အချက်က ငါတို့တွေဟာ လင်းဝူမိသားစု ရဲ့ ငှားရမ်းထားတဲ့ လူမိုက်တွေ၊ ဒါမှမဟုတ် သူတို့ရဲ့ လက်အောက်ငယ်သားတွေနဲ့ တူနေတာပဲ။ အဲ့ဒါကြောင့် သူတို့နဲ့ ပဋိပက္ခ မဖြစ်အောင် အထူး သတိထားရမယ်။ မဟုတ်ရင်တော့ မင်းတို့ သေသွားရင်တောင် ဘယ်သူမှ သနားမှာ မဟုတ်ဘူး...”

ထိုသို့ ပြောဆိုပြီးနောက် စီနီယာအစ်ကိုကန်လင် ၏ အကြည့်မှာ အေးစက်ခက်ထန်သွားခဲ့သည် ။ လုံချန် နှင့် အခြားသူများမှာ တုန်လှုပ်သွားကြရသည် ။ “လက်အောက်ငယ်သား” ဟူသော စကားလုံးကို ကြားရသည့်အခါ လုံချန်သည် မျက်မှောင်ကြုတ်လိုက်မိသည် ။ ထို့နောက် သူက မေးမြန်းလိုက်သည် ။

“တစ်နည်းအားဖြင့် ပြောရရင်တော့ သူတို့ ခိုင်းသမျှကို ငါတို့က လုပ်ရမယ်ပေါ့။ တကယ်လို့ သူတို့က ငါတို့ကို သေခိုင်းရင်တောင်မှလား...”

စီနီယာအစ်ကိုကန်လင် က တည်​ငြိမ်စွာ ပြန်ပြောလိုက်သည် ။

“မင်း အရမ်းကြီးလည်း စိတ်ဓာတ်မကျပါနဲ့။ လင်းဝူမိသားစု ရဲ့ အပြင်စည်းဂိုဏ်းတွေဟာ... ပြောရရင် ငါတို့တွေ ပုန်ကန်ခြင်း မရှိဘဲနဲ့ ဒီလောက်အထိ အင်အားကြီးလာနိုင်တယ်ဆိုတာ အတွင်းစည်းဂိုဏ်းသားတွေက အပြင်စည်းဂိုဏ်းသားတွေအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံလို့ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ မင်းတို့တွေ အတွင်းစည်းဂိုဏ်းသားတွေနဲ့တော့ ပဋိပက္ခ မဖြစ်စေနဲ့ပေါ့။ စဉ်းစားကြည့်လေ... သာမန်မိသားစုတစ်ခုမှာတောင် လက်အောက်ငယ်သားတစ်ယောက်က သူ့ရဲ့သခင်ကို ပြန်ပြီး ရန်မစရဲဘူး မဟုတ်လား...”

မှန်သည်၊ အတွင်းစည်းဂိုဏ်းသားများမှာ သခင်များ ဖြစ်ကြသည်၊ အပြင်စည်းဂိုဏ်းသားများကတော့ ၎င်းတို့၏ လက်အောက်ငယ်သားများသာ ဖြစ်ကြောင်း လုံချန် နားလည်သွားခဲ့သည် ။ မူလက လုံချန်သည် သူ၏စိတ်ထဲ၌ အနည်းငယ် မကျေမနပ် ဖြစ်မိသေးသည်။ သို့သော်လည်း လင်းဝူမိသားစု သည် မိမိကိုယ်မိမိ လျင်မြန်စွာ တိုးတက်အောင် လုပ်ဆောင်နိုင်မည့် တစ်ခုတည်းသော နေရာဖြစ်နေခြင်းအပြင် လက်ရှိသူ့ခွန်အားမှာ အနိမ့်ဆုံးအဆင့်ဖြစ်နေသည် ပြန်လည် စဉ်းစားမိလိုက်သည်။

“လင်းဝူမိသားစု လိုမျိုး အင်အားကြီးတဲ့ အဖွဲ့အစည်းက ငါ့ကို သူတို့ရဲ့ လက်အောက်ငယ်သားအဖြစ် ထားရှိတာက ငါ့အတွက်တော့ မျက်နှာရစရာပါပဲ။ ဒါ့အပြင် ကန်လင် ပြောပုံအရဆိုရင် ငါသာ သူတို့စကားကို နားထောင်ပြီး အကျိုးပြုမှုတွေ အများကြီး လုပ်နိုင်မယ်ဆိုရင်... ရလာမယ့် အကျိုးကျေးဇူးတွေကလည်း နည်းမှာ မဟုတ်ဘူး။ ငါက ရယူဖို့ရော ပေးဆပ်ဖို့ရော အဆင်သင့်ဖြစ်နေမှတော့... အတွင်းစည်းဂိုဏ်းသားတွေကို ဘာလို့ ကြောက်နေရမှာလဲ...”

ဤအချိန်တွင် စီနီယာအစ်ကိုကန်လင် သည် ၎င်းတို့ကို ဝေ့ဝဲကြည့်လိုက်ရာ သူ၏မျက်လုံးများထဲ၌ ရိုသေလေးစားသော အမူအရာများ ရှိနေခဲ့သည် ။ သူက ပြောလိုက်သည် “ငါ အခုပြောခဲ့တာတွေက မင်းတို့နဲ့ အတွင်းစည်းဂိုဏ်းဝင်တွေကြားမှာ ရန်လိုမှုတွေ ဖြစ်စေချင်လို့ မဟုတ်ပါဘူး။ အမှန်တိုင်း ပြောရရင် အတွင်းစည်းဂိုဏ်းဝင်တွေနဲ့ အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ က လူဦးရေ တူညီနေပေမဲ့... အတွင်းစည်းဂိုဏ်းရဲ့ အင်အားက အပြင်စည်းဂိုဏ်း ၉ ခုစလုံးရဲ့ စုပေါင်းအင်အားထက်တောင်မှ ပိုပြီး ကြီးမားနေသေးတယ်...”

“တစ်နည်းပြောရင်တော့ အတွင်းစည်းဂိုဏ်းသားတွေကို အပြင်စည်းဂိုဏ်းဝင်တွေရဲ့ အကာအကွယ်ပေးသူတွေလို့ ယူဆနိုင်တာပေါ့။ ငါတို့က သူတို့ကိုယ်စား အလုပ်တွေကို လုပ်ဆောင်ပေးရတယ်။အတွင်းစည်းဂိုဏ်းက ငါတို့ကို လုံလောက်တဲ့ အရင်းအမြစ်တွေနဲ့ ခိုင်မာတဲ့ နောက်ခံအင်အားတွေ ပေးထားတာ။ ငါတို့က နွယ်ပင်တွေနဲ့ တူရင် သူတို့ကတော့ သစ်ပင်ရဲ့ ပင်စည်ကြီးတွေနဲ့ တူတာပေါ့။ သစ်ပင်ပင်စည်ရဲ့ အထောက်အပံ့ မပါတဲ့ နွယ်ပင်တွေဟာ မြေကြီးပေါ်မှာပဲ ညှိိုးနွမ်းခြောက်ကပ်ပြီး သေဆုံးသွားလိမ့်မယ်”

“ဒါပေမဲ့ တစ်စုံတစ်ယောက်က ထူးခြားတဲ့ ပါရမီကို ထုတ်ပြနိုင်မယ်ဆိုရင်တော့... မင်းတို့အနေနဲ့ အတွင်းစည်းဂိုဏ်းထဲကို တိုက်ရိုက် ဝင်ရောက်နိုင်မယ့်အခွင့်အရေးတော့ ရှိနိုင်တယ်။ အရင်ကလည်း အဲ့ဒီလိုမျိုး ဖြစ်ရပ်တွေ ရှိခဲ့ဖူးတယ်...”

နောက်ဆုံးအချက်ကို ပြောလိုက်သည့်အခါ ကန်လင် သည် လုံချန်ထံသို့ အာရုံစိုက်ကြည့်လိုက်သည် ။

သူ၏အမြင်အရ လုံချန် သည် ဤလူငယ် (၅)ယောက်ထဲတွင် ပါရမီအရှိဆုံး လူငယ်တစ်ယောက်ပင် ဖြစ်သည် ။ သို့သော် အတွင်းစည်းဂိုဏ်းသို့ ဝင်ရောက်ရန်အတွက် လိုအပ်ချက်များကား အလွန်ပင် ခက်ခဲလှသည်။ စီနီယာအစ်ကိုကန်လင် သည် မတတ်သာဘဲ ပြုံးလိုက်ရုံသာ ။

လုံချန်၏စိတ်ထဲမှာတော့ အတွင်းစည်းဂိုဏ်းထဲသို့ အဆင့်တက်နိုင်မည့် အခြေအနေကို အလွန်ပင် စိတ်ဝင်စားခဲ့သည် ။ သူက ချက်ချင်းပင် မေးမြန်းလိုက်သည် ။

“စီနီယာအစ်ကို ကန်! ဘယ်လို ပါရမီမျိုးရှိမှ အတွင်းစည်းဂိုဏ်းထဲကို ဝင်နိုင်လောက်တဲ့ အဆင့်လို့ သတ်မှတ်နိုင်တာလဲဆိုတာ သိချင်လို့ပါ...”

ကန်လင် က ခါးသီးစွာ ပြုံးလျက် ပြန်ပြောလိုက်သည် “ငါကိုယ်တိုင်လည်း ဒါကို ရှင်းရှင်းလင်းလင်း မသိပါဘူး။ ဒါပေမဲ့ အပြင်စည်းဂိုဏ်းတွေထဲမှာ လူငယ်တွေ အများကြီး ရှိကြတာလေ။ နှစ်စဉ်နှစ်တိုင်း အတွင်းစည်းဂိုဏ်းထဲကို ဝင်ရောက်ဖို့အတွက် စမ်းသပ်ပွဲ ဝင်တဲ့သူတွေထဲကမှ လက်ချိုးရေတွက်လို့ ရတဲ့ လူအနည်းငယ်လောက်ပဲ ရွေးချယ်ခံရတာ။ မင်းက....မင်းရဲ့ အသက်အရွယ်လောက်နဲ့ မြေကမ္ဘာယွမ် အစောပိုင်းအဆင့်ထိ ရောက်နိုင်လိမ့်မယ်လို့ရော စိတ်ကူးယဉ်ဖူးရဲ့လား...”

ထိုစကားကို ကြားရသည့်အခါ လုံချန်သည် ခေတ္တမျှ စကားမပြောနိုင်ဘဲ ဖြစ်သွားခဲ့ရသည် ။

“ငါ့အသက်အရွယ်နဲ့ မြေကမ္ဘာယွမ်အဆင့် တဲ့လား... လင်းဝူမိသားစု ထဲမှာ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ ပါရမီရှင်တွေ ဘယ်လောက်တောင် ရှိနေတာလဲ။ကျော်ကြားခြင်းမြို့ မှာတုန်းကတော့ ငါ့ကို ထူးချွန်တဲ့ ပါရမီရှင်လို့ ခေါ်ကြပေမဲ့ ဒီမှာတော့ ငါက ဘာမှမဟုတ်တဲ့ အမှိုက်ကောင်တစ်ကောင်ပါပဲလား...”

ဤကြီးမားလှသော ဖိအားများကြောင့် သူသည် စိတ်ပျက်သွားခြင်းတော့ မရှိပေ။ ၎င်းသည် သူ၏တိုးတက်လိုသော စိတ်ဓာတ်နှင့် စိတ်အားထက်သန်မှုများအတွက် တွန်းအားတစ်ခုသာ ဖြစ်လာခဲ့သည် ။ လင်းဝူမိသားစု အတွင်း၌ သူ့ကိုယ်သူ တိုးတက်အောင် လုပ်ဆောင်ပြီး ထိပ်ဆုံးသို့ တက်လှမ်းရန်ဟူသော အတွေးဖြင့် လုံချန်၏စိတ်ထဲမှာ တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်နေခဲ့သည် ။

လုံချန်၏မျက်နှာပေါ်မှ စိတ်အားထက်သန်မှုများကို မြင်ရသည့်အခါ ကန်လင် သည် သူ၏အိပ်မက်များကို ရိုက်ချိုးပစ်ရန် ပြင်လိုက်သော်လည်း ထို့နောက်တွင် ပြန်လည် တွေးတောမိလိုက်သည် ။

“ထားလိုက်ပါတော့... ။ ငါ သူ့ကို အခုချိန်မှာ စိတ်ဓာတ်ကျအောင် မလုပ်တော့ပါဘူး။ နောင်ကျရင် လင်းဝူမိသားစု ထဲမှာ သူ အချိန်အကြာကြီး နေထိုင်ပြီးသွားရင်တော့ တချို့အရာတွေက စိတ်ဆန္ဒတစ်ခုတည်းနဲ့တင် လုပ်လို့မရနိုင်ဘူးဆိုတာကို သူ အလိုလို သိသွားမှာပါ...”

သူလည်း ယခင်က ဤသို့ပင် ဖြစ်ခဲ့ဖူးသည်ကို ပြန်ပြီးသတိရနေမိသည် ။ သူသည် ကောင်းကင်နှင့် မြေကြီး မည်မျှ ကျယ်ပြန့်သည်ကို မသိရှိခဲ့ပေ၊ သူ့အနေဖြင့် အတွင်းစည်းဂိုဏ်းသို့ ဝင်ရောက်နိုင်လိမ့်မည်ဟုသာ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည် ။ သို့သော် အဆုံးသတ်တွင်မူ သူသည် အကြိမ်ကြိမ် အရေးနိမ့်ခဲ့ရသည်။ ထို့နောက် အပြင်းအထန် ဒဏ်ရာရခဲ့ပြီးမှသာ ကျင့်ကြံခြင်းအပေါ်တွင် အာရုံစိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“အာ... လူငယ်ဘဝဆိုတာ တကယ်ကို သာယာလှပတာပဲ...”

ကန်လင် ၏ မျက်နှာပေါ်မှာ နောင်တများဖြင့် ပြည့်နှက်နေခဲ့သည် ။

လုံချန်သည် ကန်လင်၏ ဆိုလိုရင်းကို နားမလည်ခြင်း မဟုတ်၊ ကောင်းကောင်းနားလည်ပေသည်။သို့သော်လည်း သူသည် အခြားသူများ၏ အထင်သေးခြင်းကို ခံမည့်သူ မဟုတ်ဘဲ ကိုယ်တိုင် သန်မာအောင်သာ အမြဲ လုပ်ဆောင်မည့်သူ ဖြစ်သည် ။

စီနီယာအစ်ကိုကန်လင် က ဆက်လက် ပြောပြခဲ့သည် ။

“လောလောဆယ်တော့ ငါ မင်းတို့ကို အတွင်းစည်းဂိုဏ်းရဲ့ စွမ်းအားတွေအကြောင်း မပြောပြသေးဘူး။ အပြင်စည်းဂိုဏ်းကြီး ၉ ခုအကြောင်း ရှင်းပြမယ်။ ဂိုဏ်းတစ်ခုစီတိုင်းမှာ ခေါင်းဆောင်တစ်ဦးစီ ရှိတယ်၊ ငါတို့အားလုံးက သူတို့ကို မဟာအကြီးအကဲ လို့ ခေါ်ကြတယ်။ အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ ရဲ့ မဟာအကြီးအကဲ ရဲ့ လက်အောက်မှာ အကြီးအကဲ ၈ ဦး ရှိသေးတယ်။သူတို့က အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ ရဲ့ ဌာနခွဲ ၈ ခုကို အသီးသီး အုပ်ချုပ်ကြတာပေါ့။ ငါတို့ရဲ့ အစိမ်းရောင်နေမင်းဌာနခွဲ ကိုတော့ အဲ့ဒီလို အကြီးအကဲ တစ်ဦးဖြစ်တဲ့ လျူယွမ် က အုပ်ချုပ်တယ်။ အကြီးအကဲ လျူ ရဲ့ လက်အောက်မှာတော့ ငါတို့ အစိမ်းရောင်နေမင်းဌာနခွဲ ရဲ့ ကြီးကြပ်ရေးမှူး ၅ ဦး ရှိသေးတယ်။ သူတို့ တစ်ဦးစီက လူဦးရေ ၅၀ ခန့်စီကို တာဝန်ယူရတယ်။ ငါတို့က ကြီးကြပ်ရေးမှူးလျူ ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတာပေါ့။ ငါ အခုပြောပြတဲ့ စနစ်ကို မင်းတို့ နားလည်ကြရဲ့လား...”

ကန်လင် သည် အချက်အလက်များကို စနစ်တကျ ရှင်းပြနေသဖြင့် လုံချန် နှင့် အခြားသူများမှာ နားလည်ရန် မခက်ခဲပေ ။

ဤကဲ့သို့ တင်းကျပ်လှသော ရာထူးအဆင့်ဆင့် ခွဲခြားထားမှုများကြောင့် လုံချန်သည် ခေါင်းပင် ကြီးသွားရသည် ။ ဤရှုပ်ထွေးလှသော စနစ်အတွင်း၌ သူ့အား ဖိနှိပ်နိုင်သည့် လူများစွာ ရှိနေသည်ဟူသော ခံစားချက်ကို အမြဲတမ်း ခံစားမိနေခဲ့သည် ။

ဤသို့သော စိတ်ခံစားချက်မျိုးကြောင့် လုံချန်သည် စိတ်အခြေအနေ မကောင်းလှပေ ။ သို့သော် လက်တွေ့အခြေအနေအရ သူသည် ပြန်လည် တိုက်ခိုက်ရန် ခွန်အား မရှိသေးသည်မှာ အမှန်ပင် ဖြစ်သည် ။

လုံချန် နှင့် အခြားသူများမှာ ထိုအချက်အလက်များကို အပြည့်အဝ နားမလည်နိုင်သေးမီမှာပင် ကန်လင် က ဆက်လက် ပြောပြလိုက်သည် ။

“ငါတို့ရဲ့ လက်ရှိ အဆင့်အတန်းတွေကိုတော့ တပည့်အဆင့်တွေလို့ ခေါ်ကြတယ်။ နဂါးသွေးကြောနယ်ပယ် မှာ ရှိတဲ့ သိုင်းပညာရှင်တွေကိုတော့ စတုတ္ထအဆင့်တပည့် လို့ သတ်မှတ်ထားကြတယ်။ မင်း မြေကမ္ဘာယွမ်တစ်ပိုင်းအဆင့် ကို တက်လှမ်းနိုင်မှပဲ တတိယအဆင့်တပည့် ဖြစ်လာလိမ့်မယ်။ တကယ်လို့ မင်းတို့က ကနဦးမြေကမ္ဘာယွမ်အဆင့် ကို ရောက်သွားမယ်ဆိုရင်တော့ ဒုတိယအဆင့်တပည့် ဖြစ်လာမှာပေါ့။ နောက်ဆုံးကတော့ မင်းတို့ အထွတ်အထိပ်မြေကမ္ဘာယွမ်အဆင့် ကို ရောက်တဲ့အခါမှာကျ ပထမအဆင့်တပည့် ဖြစ်လာလိမ့်မယ်။ အဲ့ဒါကတော့ ငါ့ရဲ့ လက်ရှိ ရာထူးပေါ့။ မင်းတို့တွေ ကောင်းကင်နယ်ပယ် ကို ရောက်သွားပြီဆိုရင်တော့ လင်းဝူမိသားစု ရဲ့ တရားဝင် ကြီးကြပ်ရေးမှူးတစ်ဦးအဖြစ် သတ်မှတ်ခံရမှာဖြစ်သလို အပြင်စည်းဂိုဏ်းထဲမှာ ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက်ဖြစ်နိုင်တယ်...”

“ငါတို့ရဲ့ အစိမ်းရောင်နေမင်းဌာနခွဲ ရဲ့ ခွန်အားက အပြင်စဂိုဏ်းထဲက တခြားဌာနခွဲတွေနဲ့ နှိုင်းယှဉ်ရင်တော့ တော်တော်လေး အားနည်းနေသေးတယ်။ ဧကရီ လျူ ရဲ့ လက်အောက်မှာ ပထမအဆင့်တပည့် နဲ့ မြေကမ္ဘာယွမ်အဆင့် စွမ်းအားရှင် အရေအတွက်က ၁၀ ယောက် ထက် မပိုဘူး။ သူမ အပါအဝင်ဆိုရင်တောင်မှ စုစုပေါင်း လေးယောက်ပဲ ရှိတာ...”

လုံချန် က မေးမြန်းလိုက်သည် ။

“စီနီယာအစ်ကိုကန်! တပည့်တွေကို ဘာကြောင့် ဒီလို အဆင့်တွေ ခွဲခြားထားရတာလဲဆိုတာ သိချင်လို့ပါ...”

ကန်လင် က လုံချန်ကို သဘောကျသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည် ။

“ငါ အခုပြောပြမယ့်အချက်က အဲ့ဒီကိစ္စနဲ့ သက်ဆိုင်နေတာပဲ။ အဲ့ဒါကတော့ မင်းတို့တွေ လင်းဝူမိသားစု ထဲမှာ အဓိက လုပ်ဆောင်ကြရမယ့် အလုပ်တွေလို့လည်း ပြောလို့ရတယ်...”

Translator # အနှောင်အဖွဲ့ကင်းမဲ့သူ

...(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၆)

အပိုင်း ၇၈ - ကမ္ဘာငယ်လေး

ဤကိစ္စနှင့် ပတ်သက်၍ လုံချန်သည် အတော်လေး ဇဝေဇဝါ ဖြစ်နေခဲ့သည်။ မူလက လင်းဝူမိသားစုသည် ယွမ်လင်းမြို့တော်တွင် အမြင့်ဆုံးသော အာဏာစက် ရှိသည်ကိုသာ သိရှိထားသဖြင့် တိုက်ရိုက် လာရောက် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ်တွင် ယွမ်လင်းမြို့တော် အတွင်းရှိ လူများပင်လျှင် ဤအချက်ကို ဝေဝါးစွာသာ သိရှိကြပေသည်။ ထို့ကြောင့် ကန်လင်က ထိုအကြောင်းကို စတင် ပြောဆိုသည့်အခါ လုံချန်၏ စိတ်ထဲ၌ ဗလာကျင်းသွားရသည်။

ကန်လင်သည်လည်း လုံချန်ဟာ ယွမ်လင်းမြို့တော်သား မဟုတ်သည်ကို သိနေသဖြင့် အရာအားလုံးကို အသေးစိတ် ရှင်းပြပေးခဲ့သည်။

“ငါတို့ လင်းဝူမိသားစုဟာ ယွမ်လင်းခရိုင်ရဲ့ အုပ်ချုပ်သူ ဖြစ်တယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ငါတို့ဟာ ယွမ်လင်းခရိုင် ထဲမှာရှိတဲ့ မြို့ရွာတွေမှာ မြို့တော်ခန်းမတွေနဲ့ ကျေးရွာခန်းမတွေကို တည်ထောင်ထားတယ်။ အဲ့ဒီအဖွဲ့အစည်းတွေ အားလုံးက လင်းဝူမိသားစုရဲ့ လက်အောက်ခံတွေပဲ။ မင်း လာခဲ့တဲ့ ယန်အိမ်တော် ဆိုရင်လည်း ကျော်ကြားခြင်းမြို့ရဲ့ မြို့တော်ခန်းမ သခင်တွေအဖြစ် ဆက်ခံခဲ့တာ မဟုတ်လား...”

လုံချန်က ခေါင်းညိတ်လိုက်သည် “အစ်ကိုကြီး ပြောသလို အမှန်ပါပဲ...”

ကန်လင်က ဆက်လက်၍ ပြောပြသည် “ယွမ်လင်းခရိုင်တစ်ခုလုံးက အရမ်းကြီးမားတော့ နေ့တိုင်း ဖြစ်ရပ်ပေါင်းစုံ ဖြစ်နေတာပဲ။ လူသတ်မှုတွေ၊ မြင်းသူခိုးတွေရဲ့ တိုက်ခိုက်မှုတွေ စသဖြင့်ပေါ့။ ဒီကိစ္စတွေအားလုံးကို ဒေသခံ အုပ်ချုပ်သူတွေ မဖြေရှင်းနိုင်တဲ့အခါကျတော့ ငါတို့ လင်းဝူမိသားစုရဲ့ အပြင်စည်းဂိုဏ်းခွဲတွေကို အကူအညီကို တောင်းရတာပေါ့...”

ကန်လင်၏ရှင်းပြချက်ကြောင့် လုံချန်သည် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

လင်းဝူမိသားစုသည် အစိုးရအဖွဲ့အစည်းတစ်ခုနှင့် တူလေသည်။ ၎င်း၏ အပြင်စည်းဂိုဏ်းခွဲများသည်နိုင်ငံ၏ လက်နက်ကိုင် အဖွဲ့အစည်းများကဲ့သို့ပင်။ ၎င်းတို့သည် အင်အားသုံး၍ တည်ငြိမ်စွာ အုပ်ချုပ်နိုင်ရန် ကူညီပေးကြသည်မဟုတ်ပါလား။

ကန်လင်သည် တံခါးအပြင်ဖက်သို့ လှမ်းကြည့်ရင်း မျက်လုံးများကို မှေးစင်းကာ ဆက်ပြောခဲ့သည် “ငါတို့ အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲဟာ ယွမ်လင်းမြို့တော်အတွက် နယ်မြေငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် တာဝန်ယူရတယ်။ လင်းဝူမြို့တော်ရဲ့ အစိမ်းရောင်နယ်မြေ ထဲမှာ ကြီးမားတဲ့ အဆောက်အဦးတစ်ခု ရှိတယ်၊ အဲ့ဒါကို အစိမ်းရောင်သိုင်းခန်းမလို့ ခေါ်တယ်။ ငါတို့ လင်းဝူမိသားစုမှာ အားကောင်းတဲ့ သတင်းကွန်ရက် ရှိတော့ နေ့တိုင်း သိုင်းခန်းမမှာ တာဝန်တွေ အများကြီး ရှိနေတာပေါ့။ မင်းဟာ လင်းဝူမိသားစုရဲ့ အပြင်စည်းဂိုဏ်းဝင် တစ်ယောက် ဖြစ်နေသရွေ့ အဲ့ဒီ တာဝန်တွေကို လက်ခံဆောင်ရွက်ရမှာဖြစ်သလို ဆုလာဘ်တွေနဲ့ လဲလှယ်နိုင်တယ်။ သဘာဝအတိုင်း ပင်မမိသားစုကနေ တိုက်ရိုက်ပေးတဲ့ တာဝန်တွေလည်း ရှိတတ်တာပေါ့။ မင်းတို့လို စတုတ္ထအဆင့်တပည့်တွေအတွက်တော့ လင်းဝူမိသားစုကနေ ထုတ်ပယ်မခံရဖို့အတွက် အနည်းဆုံး တစ်လကို စတုတ္ထအဆင့် တာဝန်တစ်ခုတော့ ပြီးမြောက်အောင် လုပ်ရမယ်။ အလားတူပဲ တတိယအဆင့်တပည့်တွေကလည်း တတိယအဆင့် တာဝန်တစ်ခုကို လစဉ် လုပ်ဆောင်ရလိမ့်မယ်...”

“တချို့ တာဝန်တွေက မဖြစ်မနေ လုပ်ဆောင်ရမယ့်အရာတွေ ဖြစ်ပေမဲ့ မင်းတို့အနေနဲ့ မကျေမနပ် မဖြစ်သင့်ဘူး။ လင်းဝူမိသားစုမှာ မင်းရဲ့ ပေးဆပ်မှုနဲ့ အကျိုးပြုမှုတွေအတွက် ဆုလာဘ်တွေ ပြန်ရမှာ ဖြစ်လို့ပဲ။ ငါတို့ဆီမှာ အရင်းအမြစ်တွေ၊ ကျင့်စဉ်တွေ၊ နတ်လက်နက်တွေနဲ့ အဆင့်မြင့်နတ်ဆေးလုံးတွေ အမြောက်အမြား ရှိတယ်။ ဒါပေမဲ့ မိသားစုအတွက် အကျိုးပြုသူတွေပဲ ဒါတွေကို ရနိုင်မှာပါ။ လင်းဝူမိသားစုရဲ့အဖွဲ့ဝင်တွေအတွက် အဲ့ဒီပစ္စည်းတွေရဲ့ တန်ဖိုးကို အပြင်လူတွေလို နတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ မသတ်မှတ်ဘူး။ အဖွဲ့ဝင်တွေက နတ်ဝိညာဉ်ကျောက်တုံးနဲ့ ပစ္စည်းတွေကို ဝယ်လို့ မရဘူး။ မင်း တစ်ခုခု လိုချင်ရင် မင်းရဲ့ အကျိုးပြုရမှတ်တွေနဲ့ လဲလှယ်ရမယ်။ တာဝန်တစ်ခု ပြီးတိုင်း မင်းရဲ့ လုပ်ဆောင်မှုကို တိုင်းတာပြီးတော့ အကျိုးပြုရမှတ်တွေ ပေးမယ့်သူတွေ ရှိတယ်။ လင်းဝူမိသားစု အတွင်းမှာကျတော့ အဲ့ဒီ အကျိုးပြုရမှတ်တွေက အရေးအကြီးဆုံး ငွေကြေးပဲ...”

“ပစ္စည်းတိုင်းကို အကျိုးပြုရမှတ်တွေနဲ့ လဲလှယ်နိုင်တယ်၊ အကျိုးပြုမှတ် များလေလေ အရင်းအမြစ်တွေ ပိုပြီး လဲလှယ်နိုင်လေပေါ့။ ငါတို့ လင်းဝူမိသားစုရဲ့ ကြွယ်ဝမှုဟာ မိုးသောက်ကုန်သွယ်ရေးအဖွဲ့နဲ့တောင် တန်းတူလိုက်နိုင်တယ်။ ဒါပေမဲ့ မိသားစုအတွင်းမှာ လဲလှယ်ရတဲ့ ဈေးနှုန်းက အပြင်မှာ နတ်ဝိညာဉ်ကျောက်တုံးနဲ့ ဝယ်ရတာထက် အများကြီး ပိုပြီး လွယ်ကူသလို သက်သာစေတာပေါ့...”

ထိုစကားကို ကြားရသည့်အခါ လုံချန်၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။ လင်းဝူမိသားစု၏ အင်အားကြီးမားပုံနှင့် ကြွယ်ဝမှုများကို အထင်ကြီးမိသလို တစ်ချိန်တည်းမှာပင် လင်းရှီအတွက် လိုအပ်သော အိပ်မက်လင်ဇီး ကဲ့သို့ ဝိညာဉ်အားဖြည့်ဆေးများကိုလည်း တွေးမိသွားခဲ့သည်။ ဤကဲ့သို့ အင်အားစုကြီးတွင် သေချာပေါက် ရှိနိုင်ပေသည်။

“ဒါဆိုရင် ငါ့အနေနဲ့ လင်းဝူမိသားစုအတွက် အကျိုးပြုရမှတ်တွေ ရှာနိုင်ရင် အဲ့ဒီဆေးအမယ်တွေ၊ နတ်ခက်နက်တွေကို ရနိုင်မှာပေါ့။ ပိုက်ဆံရှာဖို့အတွက် ပြင်ပမှာ အသက်စွန့်နေစရာ မလိုတော့ဘူးပေါ့...”

လင်းဝူမိသားစု သတ်မှတ်ထားသော ဤအကျိုးပြုရမှတ် စနစ်သည် လုံချန်အား အလွန်ပင် အံ့အားသင့်စေခဲ့သည်။

အမှန်တကယ်တော့ ယန်မိသားစုတွင်ပင် ဆုလာဘ် ပေးလေ့ရှိသော်လည်း ၎င်းသည် စနစ်တကျ မရှိဘဲ ယန်ဘိုးဘေး၏ စိတ်ကြိုက်အပေါ်တွင်သာ မူတည်နေခဲ့ခြင်း ဖြစ်သည်။ လင်းဝူမိသားစု တွင်မူ ဤသို့ မဟုတ်ပေ။ ဤမျှ ကြီးမားသော အင်အားစုကြီးက လူတိုင်းကို မိမိတို့ လိုချင်သော အရာအတွက် အကောင်းဆုံး လုပ်ဆောင်ရန် စွဲဆောင်ထားခြင်း ဖြစ်သည်။

လုံချန်သည် စိတ်ထဲ၌ ကျိတ်၍ ချီးကျူးမိသည် “ဒီလင်းဝူမိသားစုက တကယ့်ကို ထူးခြားတာပဲ။ ပုံမှန်ဆိုရင် အပြင်စည်းဂိုဏ်းထဲကို အခုမှ ဝင်လာတဲ့သူတွေက သစ္စာရှိဖို့ ခက်တယ်၊ ဒါ့အပြင် အလုပ်ကိုလည်း အားသွန်ခွန်စိုက် လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီစနစ်ကို သုံးလိုက်တော့ လူတိုင်းက တာဝန်တွေ ပြီးမြောက်ဖို့အတွက် သူတို့ရဲ့ အသက်တွေကိုတောင် ပုံအောပြီး လုပ်ကြတော့မှာပဲ...”

ကန်လင်က မေးလိုက်သည် “မင်းတို့ ငါးယောက်လုံး ငါပြောတာတွေကို အကုန်နားလည်ကြရဲ့လား...”

လုံချန်နှင့် အခြားသူများကလည်း ခေါင်းညိတ်လိုက်ကြသည်။ ထိုစဉ် ၎င်းတို့ထဲမှ တစ်ယောက်က မေးလိုက်သည် “စီနီယာအစ်ကို ကန်! ငါတို့က အကျိုးပြုရမှတ်တွေကို ဘယ်လိုပုံစံနဲ့ ရရှိမှာလဲ...”

ကန်လင်သည် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ရယ်မောလိုက်သည် “အာ... အဲ့ဒါ ပြောဖို့ မေ့သွားတယ်...”

ထို့နောက် သူ၏သိုလှောင်အိတ် ထဲမှ ကျောက်စိမ်းဖြူတံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှချက်ချင်းပင် ချီစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။ သေချာသည်မှာ ဤတံဆိပ်ပြားကို နတ်ဝိညာဉ်ကျောက်တုံးဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပေသည်။

“ဒါက လင်းဝူမိသားစုဝင်တိုင်းမှာ ရှိရမယ့်အသိအမှတ်ပြု တံဆိပ်ပြားပဲ။ နောက်ကျောဖက်က အမှတ်အသားတွေကို မြင်လား။ အဲ့ဒါတွေက မင်းရဲ့ ကိုယ်ရေးအချက်အလက်၊ ခွန်အား၊ ဇာစ်မြစ်နဲ့ တခြား အချက်အလက်တွေကို မှတ်တမ်းတင်ထားတာ။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ မင်းရဲ့ အကျိုးပြုရမှတ်တွေကိုပါ မှတ်တမ်းတင်ထားနိုင်တာပဲ။ ဒါကြောင့် မင်း တာဝန်တွေ လက်ခံတဲ့အခါ ဒါမှမဟုတ် အရင်းအမြစ်တွေ လဲလှယ်ချင်တဲ့အခါ ဒီတံဆိပ်ပြားကို တင်ပြရလိမ့်မယ်။ ပုံမှန်အတိုင်းဆိုရင် စိတ်ကို တံဆိပ်ပြားထဲကို ချီစွမ်းအင် နည်းနည်းလောက်ထည့်သွင်းကြည့်လိုက်၊ ဒါဆိုရင် အချက်အလက်တွေကို ကြည့်လို့ ရတယ်...”

ဤမျှ ဆန်းကြယ်လှသော အရာကို မြင်လိုက်သည့်အခါ လုံချန်သည် သူဟာ ရေတွင်းထဲမှ ဖားသူငယ် တစ်ကောင် ကဲ့သို့ ဖြစ်နေကြောင်း ဝန်ခံလိုက်ရသည်။

သူသည် ကန်လင်၏လက်ထဲမှ ကျောက်စိမ်းဖြူတံဆိပ်ပြားကို အလွန်ပင် စိတ်ဝင်စားသွားသဖြင့် မေးလိုက်သည် “ငါတို့ ဒီတံဆိပ်ပြားကို ဘယ်တော့လောက် ရနိုင်မလဲ...”

ကန်လင်က ပြုံးလျက် ပြန်ပြောသည် “အခု ဖန်တီးနေကြပြီ။ မကြာခင် ရောက်လာလိမ့်မယ်။ အဲ့ဒီတံဆိပ်ပြား ရတာနဲ့ မင်းဟာ လင်းဝူမိသားစုရဲ့ တရားဝင် အဖွဲ့ဝင်တွေ ဖြစ်သွားပြီ။ ကျော်ကြားခြင်းမြို့ က သာမန် ဂိုဏ်းတွေဆိုရင် မင်းကို ပေါ်တင် စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူး...”

မှန်ပါသည်၊ လင်းဝူတော်ဝင်မိသားစုတွင် နိုင်ငံတစ်ခုနှင့် တန်းတူနိုင်လောက်သော အင်အားကြီးနောက်ခံ ရှိသည်မဟုတ်ပါလား။

လုံချန်နှင့် ကျန် လူငယ်လေးယောက်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။

ကန်လင်က ဆက်လက်၍ ပြောပြသည် “အရေးကြီးတဲ့ နေရာတချို့ကိုတော့ မင်းတို့ မှတ်ထားသင့်တယ်။ ပထမတစ်ခုက သိုင်းခန်းမပဲ၊ အဲ့ဒီမှာ တာဝန်တွေ လက်ခံတာနဲ့ တင်ပြတာတွေ လုပ်ရတယ်။ ဒုတိယကတော့ ကျောက်စိမ်းခန်းမပေါ့၊ အဲ့ဒီမှာ အရင်းအမြစ်တွေကို လဲလှယ်ရတယ်။ မင်းတို့ အဲ့ဒီနေရာ နှစ်ခုကို သွားပြီးတော့ လေ့လာထားကြပေါ့။ ဒါပေမဲ့ တတိယနေရာကတော့ လေ့ကျင့်ရေးကွင်းပြင်ပဲ။ အဲ့ဒီနေရာကိုတော့ မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် ကို ရောက်မှပဲ ဝင်ခွင့်ရလိမ့်မယ်...”

“လေ့ကျင့်ရေးကွင်းပြင်လား...”

လုံချန်၏ စူးစမ်းလိုစိတ်သည် နိုးကြားလာခဲ့ပြီး ချက်ချင်း မေးမြန်းလိုက်သည် “စီနီယာအစ်ကို ကန်! အဲ့ဒီ လေ့ကျင့်ရေးကွင်းအကြောင်းကို ပိုပြီး သိချင်လို့ပါ။ ရှင်းပြပေးပါလား”

ကန်လင်သည် ထိုလူငယ်၏ စိတ်အားထက်သန်သော အကြည့်များကို မြင်သည့်အခါ စိတ်ထဲ၌ တွေးမိလေသည် “သူက နဂါးသွေးကြောနယ်ပယ် အဆင့် ၈ မှာပဲ ရှိသေးတာတောင် အနက်ရောင်အဆင့် တိုက်ခိုက်ရေးနည်းစနစ်တွေကို သုံးနိုင်နေပြီ။ အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲထဲမှာတောင် ဒီလိုလူမျိုး မရှိသလောက်ပဲ။ ဟိုအရူးဧကရီ ကတောင် သူ့ကို စိတ်ဝင်စားနေတာဆိုတော့ သူ့ရဲ့ ဒီစိတ်အားထက်သန်မှုကို တစ်နှစ်လောက်အထိ ဆက်ပြီး ထိန်းထားနိုင်ပါစေလို့ပဲ မျှော်လင့်ရမှာပဲ...”

ကန်လင်က ပြုံးလျက် ပြောလိုက်သည် “ကောင်းပြီ။ ငါ နည်းနည်းလောက် ပြောပြပါ့မယ်။ ငါတို့ လင်းဝူမိသားစုမှာ ကိုယ်ပိုင် ဖန်တီးထားတဲ့ ကမ္ဘာငယ်လေး တစ်ခု ရှိတယ်။ အဲ့ဒီနေရာရဲ့ အဝင်ဝတွေက လင်းဝူမြို့တော်ထဲမှာပဲ ရှိတယ်။ အပြင်စည်းဂိုဏ်းကြီး ၉ ခုစလုံးမှာ ကိုယ်ပိုင် အဝင်ဝတွေ ရှိကြတယ်။ အဲ့ဒီ ကမ္ဘာငယ်လေးရဲ့ နာမည်ကတော့ ကောင်းကင်စစ်သည်တော်နယ်မြေလို့ ခေါ်တယ်...”

လူငယ်အားလုံး ကြောင်အမ်းနေသည်ကို မြင်ရသည့်အခါ ကန်လင်က ထပ်မံ ရှင်းပြပေးသည် “မင်းတို့တွေ ကမ္ဘာငယ်လေးအကြောင်းကို မသိကြဘူး ထင်တယ်။ အဲ့ဒါက မင်းတို့ ကိုင်ဆောင်ထားတဲ့ သိုလှောင်အိတ်နဲ့ ဆင်တူတယ်။ အဲ့ဒီကမ္ဘာငယ်လေးထဲက နေရာဟာ ငါတို့ ကမ္ဘာက မဟုတ်ဘူး၊ ဒီတိုက်ကြီးရဲ့ လေဟာနယ်ထဲမှာ ကပ်တွယ်နေတဲ့ ဧရာမ သိုလှောင်အိတ်ကြီး တစ်ခုလိုပေါ့။ ကောင်းကင်စစ်သည်နယ်မြေရဲ့ အကျယ်အဝန်းက ယွမ်လင်းမြို့တော် နီးပါးလောက် ရှိတယ်။ အဲ့ဒီထဲမှာ နတ်ဆိုးသားရဲ မျိုးစုံ ရှိသလို သူတို့ရဲ့ မျိုးပွားနိုင်စွမ်းကလည်း တကယ်ကို ကြောက်စရာ ကောင်းလောက်အောင် မြန်ဆန်တယ်။ မင်းတို့ ပုံဖော်ကြည့်လို့ ရတယ် မဟုတ်လား၊ ငါတို့ လင်းဝူမိသားစုဝင်တွေက တာဝန်တွေ ထမ်းဆောင်တာအပြင် ကျန်တဲ့အချိန်တွေကို ကျင့်ကြံရင်းနဲ့ပဲ ကုန်ဆုံးစေတာပေါ့။ ဒါပေမဲ့ ကျင့်ကြံနေရုံနဲ့တင် ခွန်အားက တိုးတက်လာမှာ မဟုတ်ဘူး။ ဒါကြောင့် နတ်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်ပြီး လေ့ကျင့်ရတယ်။ ပြောရရင် ကောင်းကင်စစ်သည်နယ်မြေက လင်းဝူမိသားစုအတွက်ပဲ သီးသန့်ရှိတဲ့ လေ့ကျင့်ရေး ကောင်းကင်ဘုံ တစ်ခုပဲ။ အရေးကြီးတာ တစ်ခုတော့ ရှိသေးတယ်...”

ကန်လင်က ဆက်လက်၍ ပြောပြသည် “ကောင်းကင်စစ်သည်နယ်မြေထဲမှာ နတ်ဆိုးသားရဲတွေ အမြောက်အမြား ရှိသလို အဆင့် ၉ ရှိတဲ့ နတ်ဆိုးတွေတောင် ရှိနေတယ်။ ဒါ့ကြောင့် မင်းတို့ရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် အဲ့ဒီထဲမှာ နတ်ဆိုးသားရဲတွေကို တတ်နိုင်သလောက် အများကြီး သတ်ရမယ်။ အဲ့ဒီကနေ ရလာမယ့် သားရဲအမြုတေတွေ၊ ဝိညာဉ်ဆေးအမယ်တွေနဲ့ သားရဲခန္ဓာကိုယ်တွေကို ကျောက်စိမ်းခန်းမမှာ အကျိုးပြုရမှတ်တွေနဲ့ လဲလှယ်နိုင်တယ်။ အဲ့ဒီရမှတ်တွေနဲ့ တခြား အရင်းအမြစ်တွေကို ထပ်ပြီး လဲလှယ်လို့ရသေးတယ်။ ဥပမာ ပြောရရင် ငါတောင် လွန်ခဲ့တဲ့ ရက်ပိုင်းက အဆင့်မြင့်အဆင့် ၃ ရှိတဲ့ နတ်ဆိုးသားရဲ တစ်ကောင်ကို သတ်ခဲ့သေးတယ်လေ။ပြီးတော့ အဲ့ဒီကနေ ရလာတဲ့ အမြုတေနဲ့ ဝိညာဉ်သွေးစက်ကို သုံးပြီး အကျိုးပြုရမှတ်တွေနဲ့လဲလှယ်ခဲ့တယ်၊ ဒါ့အပြင် အနက်ရောင်အဆင့် ဆေးလုံးတစ်​လုံးတောင်မှ လဲလှယ်နိုင်ခဲ့တယ်...”

“ဒါ ကျော်ကြားခြင်းမြို့က ဟင်းလင်းပြင်ပျက်သုဉ်းခြင်းတောင်တန်းနဲ့ တူနေတာပဲ မဟုတ်လား...” လုံချန်သည် စိတ်ထဲ၌ တွေးမိသွားသည်။

လုံချန်သည် ကမ္ဘာငယ်လေး အကြောင်းကို ယခင်က တစ်ခါမျှ မကြားဖူးခဲ့ပေ၊ သို့သော်လည်း ကန်လင်၏ ရှင်းပြချက်ကြောင့် အနည်းငယ် နားလည်သွားခဲ့သည်။

“လင်းရှီ ပြောတာတော့ ဒီနဂါးဝိညာဉ်တိုက်ကြီးက အရမ်းကိုကြီးမားကျယ်ပြန့်တယ်ဆိုပဲ...။ ပြီးတော့ ဒီလိုမျိုး ကမ္ဘာငယ်လေးတွေ ရှိနေတာက သဘာဝပါပဲတဲ့...”

ဤအချိန်တွင် လင်းရှီ၏ အသံ ရုတ်တရက်ပျံ့လွင့်လာခဲ့သည် “အိုး... ဒီလို နေရာသေးသေးလေးမှာတောင် ကမ္ဘာငယ်လေး ရှိတာလား။ ထူးဆန်းလိုက်တာ။ လုံချန်! နင် အခွင့်အရေး ရရင် ငါတို့ အဲ့ဒီထဲကို သွားပြီး လှည့်ပတ်ကြည့်ကြရအောင်လေ...”

အမျိုးသမီးတစ်ဦး၏ စူးစမ်းလိုစိတ်က အမျိုးသားများ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသဖြင့် လုံချန်သည် ချက်ချင်းပင် သဘောတူလိုက်ရသည်။

“ရှီအာ! မင်း အရင်တုန်းက ဒီလိုမျိုး ကမ္ဘာငယ်လေးတွေကို အများကြီး မြင်ဖူးလို့လား...”

လင်းရှီက မျက်တောင်ခတ်ရင်း ပြန်ပြောလိုက်သည် “ငါ့နေတဲ့နေရာမှာတော့ ဒီလို အရာမျိုးတွေက နေရာတိုင်းမှာ ရှိတယ်လို့ပြောရမှာပေါ့...”

လုံချန်သည် သူ၏ ယုံကြည်မှုများ အနည်းငယ် လျော့ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ထပ်မံ၍ မမေးဝံ့တော့ပေ။

ယခုအချိန်မှာ လင်းဝူမြို့တော်သည်ပင် လုံချန်၏ အမြင်၌ နတ်ဘုရားများ နေထိုင်သည့် နေရာကဲ့သို့ ကြီးမားလှပေသည်။ ၎င်းအတွင်းရှိ အင်အားစုများမှာလည်း အလွန်ပင် ရှုပ်ထွေးလှပါသည်။ သို့သော် လင်းရှီကတော့ မည်သည့်နေရာကနေ လာခဲ့မှန်းမသိရပေ။

လုံချန်သည် လင်းရှီ၏ ဇာစ်မြစ်ကို တွေးတောနေစဉ် ကန်လင် ကတော့ ထိုလူငယ်ဟာ ကောင်းကင်စစ်သည်နယ်မြေ အကြောင်းကို ကြားပြီးနောက်ကြောက်လန့်နေသည်ဟု ထင်မှတ်သွားခဲ့သည်။ ထို့ကြောင့် သူက လုံချန်၏ ပခုံးကို ပုတ်ကာ ပြုံးလျက် ပြောလိုက်သည်။

“စိတ်မပူပါနဲ့...။ မင်း မြေကမ္ဘာယွမ်အဆင့် ကို ရောက်သွားတဲ့အခါ အဲ့ဒီကနေ သားရဲဝိညာဉ် အသစ်တစ်ခု ရနိုင်မှာပါ။ အဲ့ဒီအချိန်ကျရင် အကြီးအကဲလျူ ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်တဲ့ ငါတို့က မင်းကို ကူညီပေးမှာပေါ့...”

သားရဲအသွင်ပြောင်းကျင့်ကြံသူများသည် နယ်ပယ်အသစ်သို့ ရောက်တိုင်း သားရဲဝိညာဉ် အသစ်တစ်ခုကို သန့်စင်နိုင်ကြလေသည်။ ၎င်းသည် သူ၏ သားရဲဝိညာဉ် ဇစ်မြစ် ဖြစ်လာပေလိမ့်မည်။ လုံချန်သည် ထိုအကြောင်းကို သိရှိထား၏။ သို့သော်လည်း သူသည် စစ်မှန်သော သားရဲအသွင်ပြောင်းကျင့်ကြံသူတစ်ဦး မဟုတ်ပေ၊ ထို့အပြင် သားရဲဝိညာဉ် တစ်ခုကိုလည်း တစ်ခါမျှ မသန့်စင်ဖူးခဲ့ပေ။ ထို့ကြောင့် သူ့အနေဖြင့် မြေကမ္ဘာယွမ်အဆင့် သို့တက်လှမ်းပြီးပါက မည်သို့ရှင်းပြရမှန်း မသိသေးပေ။ သို့သော် ယခုအချိန်တွင်မူ ၎င်းအတွက် အလျင်လိုရန် မလိုအပ်သေးပါ။

“ဒီဂျူနီယာညီငယ်က စီနီယာအစ်ကို ကန်ကို ကြိုတင်ပြီးတော့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ငါ့အနေနဲ့ မြေမ္ဘာယွမ်အဆင့် ကို အမြန်ဆုံး ရောက်အောင် ကြိုးစားပါ့မယ်...”

သူ့တွင် နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး ရှိနေသဖြင့် လုံချန်သည် နဂါးသွေးကြောနယ်ပယ် အဆင့် ၉ သို့ ရောက်ရှိရန်သာ လိုအပ်ပေသည်။

ယခုအချိန်တွင် လုံချန်သည် သွေးဝိညာဉ်ဂိုဏ်းနှင့် လင်းဝူမိသားစု ဟူသော ကြောက်မက်ဖွယ်ဖိအားများကို အဖက်ဖက်မှ ခံစားနေရသည်။ ၎င်းတို့မှာ သူ့အား ခိုင်မာသော ခွန်အား ရှိရန် တွန်းအားပေးနေသည် မဟုတ်ပါလား။

“တကယ်လို့ ကောင်းကင်စစ်သည်နယ်မြေက ကန်လင် ပြောသလို နတ်ဆိုးသားရဲတွေ အကန့်အသတ်မရှိ ရှိနေတယ်ဆိုရင် ငါ့ရဲ့ ခွန်အားတွေက သေချာပေါက် မြန်မြန်ဆန်ဆန်တိုးတက်လာမှာပဲ။ ဒါ့အပြင် သားရဲအစိတ်အပိုင်းတွေကို အကျိုးပြုရမှတ်တွေနဲ့ လဲလှယ်လို့ ရသေးတာဆိုတော့ ဒီလင်းဝူမိသားစုက ငါ့အတွက် အသင့်တော်ဆုံး နေရာပဲ ဖြစ်ရမယ်...”

ဤအချိန်တွင် တံခါးအပြင်ဖက်၌ လူငယ်တစ်ဦး ရုတ်တရက် ပေါ်လာခဲ့သည်။

Translator# အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters