← Chapters

အခန်း (၇၉-၈၀)

Vol. 6 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 6 Ch. 79-80

...(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၆)

အပိုင်း ၇၉ - နဝမကောင်းကင်နဂါးခြေလှမ်း

ထိုလူငယ်ကို မြင်လိုက်သည့်အခိုက် ကန်လင်၏ မျက်လုံးသူငယ်အိမ်မှာပင် ကျုံ့သွားခဲ့ပြီး သူက အေးစက်စွာ ပြောလိုက်သည်။

“ဖုန်းဝူထျန်း! အသိအမှတ်ပြု ကျောက်စိမ်းတံဆိပ်ပြားတွေ ယူလာပြီလား...”

လုံချန် သည်လည်း ရုတ်တရက် ရောက်ရှိလာသော လူငယ်ကို လှမ်းကြည့်လိုက်သည်။ ထိုလူငယ်ကအသက် ၂၀ ဝန်းကျင်ခန့် ရှိပုံရသည်။ ကန်လင် ထက် များစွာ ငယ်ရွယ်ပုံရသော်လည်း သူ၏ ခွန်အားကတော့ ပို၍ နက်နဲပုံရပေသည်။

ဖုန်းဝူထျန်း ဟု အမည်ရသော လူငယ်သည် လုံချန် နှင့် အခြားသူများ၏ ရှေ့မှနေ၍ သိုင်းပညာခန်းမ အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူသည် စကားတစ်ခွန်းမျှ မပြောဘဲ အသိအမှတ်ပြု တံဆိပ်ပြား ၅ ခုကို ထုတ်ပေးလိုက်ပြီးနောက် ပြန်လှည့်ထွက်သွားခဲ့သည်။ သို့သော် သူ ထွက်ခွာသွားစဉ် လုံချန် ကို အေးစက်စွာ စိုက်ကြည့်သွားခဲ့သည်။ ထိုခဏလေးအတွင်း လုံချန်၏နှလုံးသားထဲ၌ အေးစိမ့်သော ခံစားချက်တစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ သူသည် ဘာမှန်းမသိရသော ခံစားချက်ကြောင့် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

ဖုန်းဝူထျန်း ထွက်ခွာသွားပြီးနောက် ကန်လင် က စိုးရိမ်တကြီး မေးလိုက်သည်။

“လုံချန်!. မင်း အဆင်ပြေရဲ့လား...”

လုံချန် က ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။

“စီနီယာအစ်ကို ကန် ! ငါ့အနေနဲ့ ဖုန်းဝူထျန်း ကို တစ်ခါမှ မတွေ့ဖူးပါဘူး။ ဒါပေမဲ့ သူက ဘာလို့ ငါ့အပေါ် ရန်လိုနေရတာလဲ...”

ကန်လင် က ခါးသီးစွာ ရယ်မောပြီး ခေါင်းကို ခါယမ်းလျက် ပြောလိုက်သည်။

“ဖုန်းဝူထျန်း က အကြီးအကဲ ဧကရီလျူ ရဲ့ လက်အောက်မှာ ပါရမီအရှိဆုံး တပည့်ပဲ။ သူက အခုမှ အသက် (၁၉) နှစ်ပဲ ရှိသေးပေမဲ့ အလယ်အလတ် မြေကမ္ဘာယွမ်အဆင့်ကို ရောက်နေပြီ။ မကြာခင်မှာ သူက မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် ကို တက်လှမ်းနိုင်လိမ့်မယ်။ မင်း အဲ့ဒီလို လူမျိုးတွေနဲ့ ရန်မဖြစ်သင့်ဘူး။ ဒါပေမဲ့ မင်းကို တစ်ခုတော့ ပြောပြထားရမယ်။ ဟွမ်ဖေးယန် က ဖုန်းဝူထျန်း ရဲ့ နောက်လိုက်တစ်ယောက်လို့ ပြောလို့ ရတယ်။ ဒီနေ့ အကြီးအကဲ လျူ က မင်းအတွက်နဲ့ ဟွမ်ဖေးယန် ကို အပြစ်ပေးခဲ့တာဆိုတော့... မင်းအပေါ်မှာ သူက...”

ထိုစကားကြောင့် လုံချန်သည် ချက်ချင်းပင် ပြောစရာ စကားလုံးများ ပျောက်ရှသွားခဲ့ရသည်။

ယန်လင်ချင်း လက်ဆောင်ပေးလိုက်သော နတ်ဆိုးမြင်းကြောင့် ဟွမ်ရှန်း နှင့် ရန်ငြိုးဖြစ်ခဲ့ရသည်။ ဟွမ်ရှန်း ကို လက်စားချေခဲ့သဖြင့် ၎င်း၏အစ်ကိုဖြစ်သူ ဟွမ်ဖေးယန် က သူ့အား သတ်ရန် ကြိုးစားခဲ့သည်။ ယခုအခါမှာတော့ ဟွမ်ဖေးယန် အပြစ်ပေးခံရသဖြင့် ထိပ်သီးပါရမီရှင် ဖုန်းဝူထျန်း ကို ထပ်မံ ရန်စမိပြန်လေသည်။..

လုံချန် သည် ဤကိစ္စနှင့် ပတ်သက်၍ အတော်လေးကို စိတ်ပျက်သွားခဲ့ရသည်။

“သောက်ပြဿနာပဲ...။ အခုလက်ရှိ ငါက ဟွမ်ဖေးယန် ကိုတောင် မကိုင်တွယ်နိုင်သေးဘူး။ ထပ်ပြီးတော့ ဖုန်းဝူထျန်း ဆိုတဲ့တစ်ယောက်နဲ့ ရန်ငြိုးဖွဲ့မိပြန်ပြီလား...”

ဖုန်းဝူထျန်း မထွက်ခွာခင် သူ့အား ကြည့်သွားခဲ့သော အေးစက်စက်သတ်ဖြတ်လိုစိတ် အကြည့်များကြောင့် လုံချန် ၏ စိတ်အခြေအနေက ဆိုးရွားသွားခဲ့သည်။ သို့ပါသော်လည်း သူ၏ လက်ရှိခွန်အားက ထိုလူငယ်ကို ယှဉ်နိုင်မည့် အခြေအနေ မဟုတ်သေးမှန်း သိရှိနေခဲ့သည်။ တစ်နည်းအားဖြင့်တော့ သူ၏ အသက်က မြက်ပင်တစ်ပင်ထက် မပိုလှပေ။ လက်ရှိတွင် သူ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ အရာရာကို အောင့်အီးသည်းခံရန်ပင် ဖြစ်သည်။

“ငါ့ခွန်အားတွေ သန်မာလာတဲ့အထိ စောင့်နေလိုက်စမ်း။ ငါ့ကို စော်ကားခဲ့တဲ့သူမှန်သမျှ ဘယ်သူမဆို သေချာပေါက် ပြန်ပေးဆပ်စေရမယ်...”

ထိုသို့ တွေးတောရင်း လုံချန်၏မျက်လုံးများအတွင်းမှ ကြောက်မက်ဖွယ်ရာ အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ လုံချန်၏ အမူအရာကို မြင်ရသည့်အခါ ကန်လင် က ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

“ဂျူနီယာညီလေး! မင်းအနေနဲ့ အရမ်းကြီး စိတ်မမြန်ပါနဲ့။ အခုလက်ရှိ မင်းက ဟွမ်ဖေးယန် ကိုတောင် မယှဉ်နိုင်သေးတာ၊ ဖုန်းဝူထျန်း ဆိုရင် ပိုတောင် ဝေးသေးတယ်။ သူတို့ အားလုံးက အကြီးအကဲ လျူ ရဲ့ လူတွေပဲ ဆိုတော့ သူတို့နဲ့ မပတ်သက်တာ အကောင်းဆုံးပဲ။ ဖုန်းဝူထျန်း ရဲ့ ပါရမီက မင်းထက် သာသလို အကြီးအကဲ လျူ ကလည်း သူ့ကို အတော်လေး သဘောကျတာ။ အဲ့ဒီတော့ အကြီးအကဲ လျူ ကိုယ်တိုင် မင်းကို နှိပ်ကွပ်တာမျိုး ဖြစ်လာနိုင်တယ်။ ဒါကြောင့် မင်းကို သတိပေးချင်တာကလိမ္မာပါးနပ်စွာ နေထိုင်ပြီးတော့ သူတို့ကို တောင်းပန်လိုက်ဖို့ပဲ။ အဲ့ဒါက လုပ်လို့ ရပါသေးတယ်။ ယောက်ျားကောင်း ဆိုတာ ဘယ်အချိန်မှာ မားမားမတ်မတ် ရပ်ရမလဲ၊ ဘယ်အချိန်မှာ အလျှော့ပေးရမလဲ ဆိုတာကို သိရမယ်လေ...”

လုံချန်အတွက်တော့ ကန်လင်၏စကားလုံးများသည် သူ၏ခေါင်းကို တူနှင့် ထုနှက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ အောက်နှုတ်ခမ်းကို ဖိကိုက်လျက် သူ၏ယန်မျိုးနွယ်အတွက် ခဏတာ သည်းခံရမည်ဖြစ်ကြောင်း သိရှိနေခဲ့သည်။

လုံချန်သည် အဆင်ပြေသွားပုံရသည်ကို မြင်လိုက်မှ ကန်လင် သည် ၎င်းကို ဆက်လက်၍ ပြောဆိုခြင်း မပြုတော့ပေ။ သူသည် လူတိုင်းအား အသိအမှတ်ပြု ကျောက်စိမ်းတံဆိပ်ပြားများကို တစ်ယောက်ချင်းစီအား ဝေငှပေးလိုက်ပြီးနောက် ပြောလိုက်သည်။

“လူတိုင်း ငါပြောတဲ့ နည်းလမ်းအတိုင်း အသိအမှတ်ပြု တံဆိပ်ပြားကို စမ်းကြည့်လိုက်ကြဦး...”

လုံချန် သည် လက်ဝါးသာသာခန့် ရှိသော ကျောက်စိမ်းတံဆိပ်ပြားကို လက်ခံရရှိလိုက်သည်။ ကျောက်စိမ်းတံဆိပ်ပြား၏ အရှေ့ဖက်ခြမ်းတွင် ထူးဆန်းသော အစီအရင်စာလုံးများ ရှိနေလေသည်။ အနောက်ဖက်ခြမ်းတွင်တော့ လုံချန် ဟူသော စာလုံးနှစ်လုံးကို ထွင်းထုထားသည်။ ၎င်းသည် အလွန်ပင် လက်ရာမြောက်လှပေသည်။ လုံချန် သည် ကျောက်စိမ်းတံဆိပ်ပြားကို ဆုပ်ကိုင်လျက် သူ၏ချီစွမ်းအင် ဖြင့် စစ်ဆေးကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် များပြားလှသော အချက်အလက်များစွာ သူ၏အသိစိတ်ထဲသို့ စီးဝင်လာခဲ့သည်။

“အမည် - လုံချန်။ အဖွဲ့အစည်း - အပြင်စည်းဂိုဏ်း၊ အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ၊ အစိမ်းရောင်နေမင်းဌာနခွဲ။ ခွန်အား - နဂါးသွေးကြောနယ်ပယ် အဆင့် ၉။ အမျိုးအစား - သားရဲအသွင်ပြောင်းကျင့်ကြံသူ။ နဂါးသွေးကြောနယ်ပယ်ရှိ သားရဲဝိညာဉ် ဇစ်မြစ် - အဝါရောင်အဆင့် ၅ နတ်ဆိုးသားရဲ၊ မြေအောက် သွေးမိကျောင်း။ နောက်ခံ ဇာစ်မြစ် - ယွမ်လင်းခရိုင်၊ ကျော်ကြားခြင်းမြို့၊ ယန်အိမ်တော်။ အကျိုးပြုမှတ် - ၀”

“ဒီအချက်အလက်တွေက မင်းရဲ့ ခန္ဓာကိုယ် တိုးတက်မှုအပေါ် မူတည်ပြီး ပြောင်းလဲသွားလိမ့်မယ်...” ကန်လင် က ဘေးမှနေ၍ ရှင်းပြပေးသည်။

ထို့နောက် လုံချန် သည် အသိအမှတ်ပြုတံဆိပ်ပြားကို သူ၏သိုလှောင်အိတ် ထဲသို့ သိမ်းဆည်းလိုက်သည်။

အသိအမှတ်ပြုတံဆိပ်ပြား ရရှိသွားပြီဖြစ်ရာ သူသည် လင်းဝူမိသားစု၏ အပြင်စည်းဂိုဏ်းဝင် တစ်ယောက် တရားဝင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ယခုတော့ စီနီယာအစ်ကို ကန်လင်သည် တပည့်အသစ်များအား ၎င်းတို့ သိသင့်သည်များကို အကုန်အစင် ရှင်းပြခဲ့ပြီးပြီဟု ဆိုနိုင်လေသည်။ သူသည် အနည်းငယ် ပြုံးလျက် ထိုလူငယ်များကို ကြည့်ကာ ပြောလိုက်သည်။

“နောက်ငါးရက်နေရင် မင်းတို့ရဲ့ ပထမဆုံး တာဝန်တွေကို ရရှိလိမ့်မယ်။ ဒီတာဝန်က မင်းတို့ အားလုံးအတွက် အရမ်းအရေးကြီးတယ်။ အဲ့ဒီအချိန် ရောက်ရင်တော့ မင်းတို့ရဲ့ ရှိသမျှ စွမ်းအားတွေကို အကုန် ထုတ်သုံးရလိမ့်မယ်...”

“ဒီလောက်တောင် အလျင်လိုနေတာလား...”

လုံချန် သည် ၎င်းတို့အနေဖြင့် အနားယူရန် အချိန်အနည်းငယ် ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် သူတို့အားလုံးက တပည့်အသစ်ရွေးချယ်ပွဲကို ပြီးဆုံးကာစပင်ရှိသေး၏။ ထို့သို့ဖြစ်ရာ လူတိုင်းက ဒဏ်ရာကိုယ်စီ ရထားကြသည်မဟုတ်ပါလား။ လုံချန် အနေဖြင့် ဆိုရလျှင် ဟွမ်ဖေးယန် ၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရကာ တိုက်ခိုက်ရေးစွမ်းရည်များ ဆုံးရှုံးထားရသည်။ ယခုလို မတ်တပ်ရပ်နေနိုင်သည်ကား သူ၏ စိတ်ဓာတ်ခွန်အားကို အတင်းအကြပ်တောင့်ခံနေလို့သာ။

ကန်လင် က ခေါင်းညိတ်လိုက်ပြီး ပြောခဲ့သည်။

“ဒါက မင်းတို့ရဲ့ ပထမဆုံး တာဝန်ပဲ။ ပြီးတော့ လင်းဝူမိသားစု အပေါ် မင်းတို့ရဲ့ သစ္စာရှိမှုကို ပြသရမယ့် အချိန်လည်း ဖြစ်တယ်။ မင်းတို့တွေ ခက်ခဲနေမယ်ဆိုတာ ငါ သိပါတယ်၊ ဒါကြောင့် ငါ ကြိုတင်ပြီးတော့ ပြင်ဆင်လာခဲ့တယ်...”

စကားပြောပြီးနောက် ကန်လင် သည် သူ၏ သိုလှောင်အိတ် အတွင်းမှ ဆေးပင်အချို့ကို ထုတ်ယူရင်း ပြောလိုက်သည်။

“ဒါက အဝါရောင်အဆင့်မြင့် ဆေးပင်စွမ်းတစ်မျိုးပဲ။ ဒီဆေးပင်မှာ အတွင်းဒဏ်ရာနဲ့ အပြင်ဒဏ်ရာ နှစ်မျိုးစလုံးကို ကုသပေးနိုင်တဲ့ စွမ်းရည် ရှိတယ်။ ဒါက မင်းတို့ကို ငါးရက်အတွင်းမှာ အကောင်းဆုံး တိုက်ခိုက်ရေးစွမ်းရည်တွေ ပြန်ရလာအောင် လုပ်ပေးဖို့ လုံလောက်ပါတယ်။ ပြီးတော့ ဒီအဝါရောင်အဆင့်ဆေးပင်က မင်းတို့တွေ ဂိုဏ်းဝင်ဖြစ်သွားလို့ ပထမဆုံးရရှိတဲ့ ဆုလာဘ်လို့ပဲ မှတ်ယူနိုင်တယ်...”

ဤအစွမ်းထက်ဆေးပင် ရှိနေပြီဖြစ်ရာ လုံချန် သည် များစွာ စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။ သူလည်း အခြားသူများကဲ့သို့ပင် အဝါရောင်အဆင့်မြင့်ဆေးပင်ကို လက်ခံရရှိလိုက်သည်။ တစ်ချိန်တည်းမှာပင် ကန်လင် သည် သူ၏ သိုလှောင်အိတ် အတွင်းသို့ လက်နှိုက်လိုက်ပြီး သိုးသားရေ ကျမ်းစာလိပ်တစ်လိပ်ကိုထုတ်ယူကာ ပြုံးလျက် ပြောလိုက်သည်။

“ဂိုဏ်းဝင်အသစ်တိုင်းက လက်ဆောင်တစ်ခုစီ ရကြလိမ့်မယ်။ တစ်ယောက်ချင်းစီက အခြေခံ အဆင့်မြင့်တိုက်ခိုက်ရေးနည်းစနစ် တစ်ခုနဲ့ နတ်ဝိညာဉ်ကျောက်တုံး ၁၀ လုံး စီ ရမယ်။ နတ်ကျောက်စိမ်း တွေကိုတော့ ခဏနေရင် ငါ ပေးမယ်၊ ဒါပေမဲ့ အရင်ဆုံး ဒီစာရင်းကို ကြည့်ပြီးတော့ တိုက်ခိုက်ရေးနည်းစနစ် တစ်ခုကို ရွေးချယ်လိုက်ကြ။ နည်းစနစ်တစ်ခုချင်းစီရဲ့ အသေးစိတ်ကိုတော့ ငါ့ကို မေးလို့ ရပါတယ်...”

ကန်လင်သည် သိုးသားရေ ကျမ်းစာလိပ်ကို ၎င်းတို့ထဲမှ တစ်ယောက်အား ပေးလိုက်ပြီးနောက် သူ၏ သိုလှောင်အိတ် ထဲမှ နတ်ဝိညာဉ်ကျောက်တုံး အလုံး ၅၀ ကို ထုတ်ယူကာ လူ ၅ ယောက်ကို ခွဲဝေပေးလိုက်သည်။

ယခုတော့ လုံချန်၏ စုစုပေါင်း နတ်ဝိညာဉ်ကျောက်တုံးပမာဏဟာ နောက်ဆုံးတွင် ၁၁ တုံး ခန့်ရှိသွားခဲ့လေပြီ။

သာမန်အားဖြင့် မြေကမ္ဘာယွမ်အစောပိုင်းအဆင့် သို့တက်လှမ်းကာစ ကျင့်ကြံသူများပင်လျှင် နတ်ဝိညာဉ်ကျောက်တုံး ၁၀၀ ထက် ပို၍ မပိုင်ဆိုင်ကြပေ။

“လင်းဝူမိသားစု က တကယ်ကို ရက်ရောတာပဲ။ အဆင့်မြင့် အဝါရောင်အဆင့် ဆေးပင်၊ နတ်ဝိညာဉ်ကျောက်တုံး ၁၀ လုံး၊ ပြီးတော့ အရေးကြီးဆုံးက အခြေခံ အဆင့်မြင့်တိုက်ခိုက်ရေးနည်းစနစ် တစ်ခုတောင်မှပဲ...”

လုံချန် သည် အလွန်ပင် အံ့အားသင့်သွားခဲ့ရသည်။

မကြာမီမှာပင် ကန်လင်၏ရှင်းပြချက်များဖြင့် အခြား လူငယ် ၄ ယောက်မှာ တိုက်ခိုက်ရေးနည်းစနစ် တစ်ခုစီကို ရွေးချယ်လိုက်ကြသည်။ နောက်ဆုံးတွင် လုံချန် ၏ အလှည့် ရောက်ရှိလာခဲ့သည်။ လုံချန် သည် စာအုပ်စင်ပေါ်ရှိ စာလိပ်စာရင်းများကို ဝေ့ဝဲကြည့်လိုက်သည်။ တိုက်ခိုက်ရေးနည်းစနစ်တိုင်း၏ အမည်များကား အလွန်ပြီးပြည့်စုံသော အမျိုးစုံလှသည်ကို တွေ့ရှိလိုက်ရသည်။ လက်သီးသိုင်း၊ လက်ညှိုးသိုင်း၊ စည်းတံဆိပ်ဖန်တီးခြင်း၊ လက်သည်းသိုင်း၊ ခြေထောက်သိုင်း စသဖြင့် အရာအားလုံး ပြည့်စုံအောင် ပါဝင်နေခဲ့သည်။ ၎င်းတို့အပြင် ဓားသိုင်းကျမ်းများပင် ရှိနေသေး၏။

“တိုက်ခိုက်ရေး နည်းစနစ်တွေနဲ့ပတ်သက်ရင်တော့ ငါ့မှာ အလယ်အလတ် အဆင့်မြင့်တိုက်ခိုက်ရေးနည်းစနစ် ဖြစ်တဲ့ ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး ရှိပြီးသားပဲ။ ငါ တခြား အဆင့်မြင့်တိုက်ခိုက်ရေးနည်းစနစ် တစ်ခုကို ထပ်ပြီး ယူလိုက်ရင်လည်း ငါ့အတွက် ပိုထူးပြီးတော့ အကျိုးရှိမှာ မဟုတ်ဘူး...”

ထိုသို့ တွေးတောရင်း လုံချန် သည် သိုင်းကျမ်းအမည်များကို ဆက်လက်၍ ရှာဖွေနေခဲ့သည်။ သူသည် စာရင်းအားလုံးကို ကုန်လုနီးပါး ကြည့်ရှုပြီးမှ နောက်ဆုံးတွင် “နဝမကောင်းကင်နဂါးခြေလှမ်း” ဟု အမည်ရသော လှုပ်ရှားမှု သိုင်းနည်းစနစ် တစ်ခုကို တွေ့ရှိလိုက်ရသည်။

လုံချန် က နောက်လှည့်၍မေးလိုက်သည် “စီနီယာအစ်ကိုကန်! ဒီ နဝမကောင်းကင်နဂါးခြေလှမ်း က ဘယ်လိုအသုံးပြုရသလဲဆိုတာ သိချင်လို့ပါ...”

ကန်လင် သည် လုံချန်၏ ရွေးချယ်မှု နှင့်ပတ်သက်၍ အံ့အားသင့်သွားခြင်းမရှိပေ။ သူလည်း လုံချန် တွင် အဆင့်မြင့် တိုက်ခိုက်ရေးနည်းစနစ် တစ်ခု ပိုင်ဆိုင်ထားပြီးသားမှန်း သိနေလို့ပင်။ အစကတည်းက သူ့စိတ်ထဲ၌ လုံချန် သည် လှုပ်ရှားမှုနည်းစနစ်သာ ရွေးချယ်လိမ့်မည်ဟု သိနေသည့်အလား ကလန်လင် က ရှင်းပြလိုက်သည်။

“နဝမကောင်းကင်နဂါးခြေလှမ်း က အဆင့်မြင့် လှုပ်ရှားမှု သိုင်းနည်းစနစ်တွေထဲမှာ အကျော်ကြားဆုံး တစ်ခုပဲ။ တိုက်ပွဲမှာ နဝမကောင်းကင်နဂါးခြေလှမ်း ကို သုံးလိုက်ရင် မင်းရဲ့ ခန္ဓာကိုယ်က ရေထဲက မြွေတစ်ကောင်လိုပဲ ဖြစ်နေလိမ့်မယ်။ မင်းရဲ့ အရှိန်နဲ့ ခန့်မှန်းရခက်တဲ့ လှုပ်ရှားမှုတွေက ပြိုင်ဖက်ကို မင်းရှိတဲ့နေရာကို လိုက်မမီအောင် လုပ်ပေးလိမ့်မယ်။ တကယ်လို့ အစွမ်းထက်တဲ့ တိုက်ခိုက်ရေးနည်းစနစ် တစ်ခုနဲ့သာ တွဲသုံးလိုက်ရင်တော့ သေချာပေါက် အကျိုးကျေးဇူးတွေ အများကြီး ရလိမ့်မယ်။ ပြီးတော့ မင်း သားရဲအသွင်ပြောင်း ပြီးတဲ့အခါကျရင် မင်းရဲ့ ခန္ဓာကိုယ်ခွန်အားက နဝမကောင်းကင်နဂါးခြေလှမ်း ကို သုံးဖို့အတွက် အသင့်တော်ဆုံးပဲ...”

ကန်လင် က နဝမကောင်းကင်နဂါးခြေလှမ်း ကို အထူတလည်ချီးကျူးနေလေရာ လုံချန် သည် ၎င်းကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ သူက ပြောလိုက်၏ “ဒါဆိုရင် ငါ ဒါကိုပဲ ရွေးလိုက်တော့မယ်...”

လုံချန် အနေဖြင့် သင့်တော်မည့် နည်းစနစ်ကို ရွေးချယ်နိုင်ခဲ့သဖြင့် ကန်လင် သည်လည်း သူ့အတွက် ဝမ်းသာသွားခဲ့သည်။ ထို့နောက် ကန်လင်သည် ဂိုဏ်းဝင်အသစ်များအား လိုအပ်သော အချက်အလက်များနှင့် အထောက်အပံ့ပစ္စည်းများအားလုံးကို ပေးအပ်ပြီးသွားပြီ ဖြစ်သည်။ သူသည် မတ်တပ်ရပ်ကာ ခါးပတ်ကို ပြင်ဝတ်လိုက်ပြီး ပြောလိုက်သည်။

“ငါ မင်းတို့ရဲ့ အချိန်တွေကို အများကြီး ယူထားမိပြီပဲ။ မင်းတို့ရဲ့ ကိုယ်ပိုင်အခန်းတွေကို မြန်မြန် ပြန်ပြီးတော့ ဒဏ်ရာတွေကို ကုသလိုက်ကြဦး။ အဲ့ဒီအချိန်မှာ မင်းတို့ ရထားတဲ့ သိုင်းပညာနည်းစနစ်အသစ်တွေကိုလည်း လေ့လာထားကြပေါ့။ အခုလောလောဆယ် ငါက အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ ရဲ့ ပထမအဆင့်တပည့်တွေ နေတဲ့ နယ်မြေမှာ ရှိနေမယ်။ မင်းတို့ သိချင်တာ ရှိရင် ငါ့ဆီကို လာရှာလို့ ရတယ်...”

ထိုစကား ပြောဆိုပြီးနောက် ကန်လင် သည် ထွက်ခွာသွားလေတော့သည်။

ကျန်ရှိနေသော လူတိုင်းသည်လည်း ကိုယ်ပိုင်အခန်းများ ဆီသို့ ပြန်ရန် အလျင်လိုနေကြသည်။ ၎င်းတို့အချင်းချင်း ခဏကြာ ပြောဆိုမိတ်ဆက်ပြီးနောက်တွင်တော့ အသီးသီး အခန်းများသို့ ပြန်သွားခဲ့ကြသည်။

“ပိုင်ရှင်ရဲ့ အသိအမှတ်ပြု တံဆိပ်ပြား မပါရင် ဘယ်သူမှ လင်းဝူမိသားစု တပည့်တွေရဲ့ အခန်းထဲကို ဝင်လို့ မရဘူးပဲ...”

အခန်းတံခါးကို ဖွင့်လိုက်ပြီးနောက် လုံချန် သည် အခန်းအတွင်းမှ လှပသော အပြင်အဆင်များကို မြင်ရသည့်အခါ အလွန်ပင် အံ့အားသင့်သွားခဲ့ရသည်။ မျှော်လင့်ထားသည့်အတိုင်းပင် လင်းဝူမြို့တော် သည် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားခဲ့၏။ စတုတ္ထအဆင့်တပည့်များ နေထိုင်သည့် နေရာကပင် ဤမျှအထိ ခမ်းနားနေလိမ့်မည်ဟု သူ့စိတ်ထဲမှာ မထင်မှတ်ထားခဲ့ပေ။

အခန်းတံခါးကို ပိတ်လိုက်ပြီးနောက် လင်းရှီ သည် နတ်ဓား ထဲမှ ချက်ချင်း ထွက်လာခဲ့သည်။ ကျောက်စိမ်းဖြူရောင် လွှမ်းနေသော အခန်းကို မြင်ရသည့်အခါ ပျော်ရွှင်မှုကြောင့် သူမ၏မျက်နှာသေးသေးလေးဟာ ဝင်းပလို့နေခဲ့သည်။ အခန်းပတ်ပတ်လည်သို့ ပျံဝဲကြည့်လိုက်ပြီးနောက် လင်းရှီသည် ခုတင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းလိုက်သည်။ ထို့နောက် အသံသေးသေးဖြင့် အော်ဟစ်လိုက်လေသည်။

“နောက်ဆုံးတော့ ငါ့အတွက် နည်းနည်းလောက်စိတ်ကျေနပ်စရာကောင်းတဲ့ နေရာတစ်ခု ရခဲ့ပြီပေါ့။ အခုချိန်ကစပြီးတော့ ဒီနေရာက ငါ့ရဲ့ အိမ်ပဲ...”

လုံချန် က စနောက်လိုက်သည် “ရှီအာ!... မင်း ပြောတာက ငါ့ရဲ့ နေရာကို ပြောတာ မဟုတ်ဘူးလား။ လူပျို တစ်ယောက်နဲ့ အပျို တစ်ယောက်က ခုတင် တစ်လုံးတည်းမှာ အတူတူ ရှိနေတာက သိပ်ပြီးတော့ မသင့်တော်ဘူး ထင်တယ်နော်...”

ထိုစကားကိုကြားသောအခါ လင်းရှီ သည် ချက်ချင်းပင် ခုတင်ပေါ်မှ ခုန်ထလိုက်ပြီး လုံချန် ကို ဒေါသတကြီး စိုက်ကြည့်ကာ ကျိန်ဆဲလိုက်သည်။

“နင်က တကယ်ပဲ အိပ်မက်မက်နေတာပဲ။ အရှက်မရှိတဲ့ လူယုတ်မာကောင်။ ငါ နင်နဲ့ တစ်နေရာတည်းမှာ အတူတူ မအိပ်ဘူး။ အခုချိန်ကစပြီး ဒီခုတင်က ငါ့ဟာ၊ ကြမ်းပြင်ကတော့ နင့်ဟာပဲ...”

လုံချန် သည် ခဏတာ ရယ်မောလိုက်ပြီးနောက် သူမကို လျစ်လျူရှုထားလိုက်တော့သည်။ အချိန်အနည်းငယ် လှည့်ပတ်ကြည့်ပြီးနောက်တွင် သူ၏အခန်းထဲ၌ မြေအောက်ခန်း တစ်ခု ရှိနေသည်ကို သတိပြုမိလိုက်လေသည်။ မြေအောက်ခန်း၏ အပြင်အဆင်က လေ့ကျင့်ရေးအခန်း တစ်ခုပုံစံ ဖြစ်နေခဲ့သည်။ လုံချန် သည် အခန်းထဲသို့ ဝင်ရောက်လိုက်ပြီးနောက် ကျောက်ဖျာ တစ်ချပ်ပေါ်တွင် ထိုင်ချလိုက်သည်။ ထို့နောက်တွင် သူသည် အပေါ်ထပ်တွင် ပျော်ရွှင်နေသော လင်းရှီ ကို လှမ်းအော်ပြောလိုက်၏ “ဟေး... မင်း အပေါ်မှာပဲ ဆော့နေတော့။ ငါ ဒဏ်ရာတွေကို ကုသတော့မယ်...”

အမှန်တိုင်းပြောရလျှင် ဟွမ်ဖေးယန်၏ လက်သီးချက်က သူ၏ကိုယ်တွင်းကလီစာများကို ပြင်းထန်စွာ ထိခိုက်သွားစေခဲ့သည်။ အကယ်၍ လုံချန် တွင်သာ ထူးခြားသော စိတ်ဓာတ်ခွန်အား မရှိခဲ့ပါက သူ့အနေဖြင့် ယခုအချိန်အထိ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။ သူ၏ထူးခြားလှသော စိတ်ဓာတ်ခွန်အားကြောင့်လည်း စီနီယာအစ်ကိုကန်လင် က သူ့ကို အထင်ကြီးလေးစားသွားခြင်း ဖြစ်သည်။

သူသည် အ​ဝါရောင်အဆင့်မြင့်ဝိညာဉ်ဆေးပင်ကို ထုတ်ယူလိုက်ပြီး သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ ဝိညာဉ်ဆေးပင်မှ ထွက်ပေါ်နေသော ဆေးရနံ့က သားရဲအသွင်ပြောင်းဂျင်ဆင်း ထက်ပင် ပို၍ ပြင်းထန်နေသည်ကို တွေ့ရှိလိုက်ရသည်။

“တကယ်ကိုပဲ.... အဝါရောင်အဆင့်မြင့် ဝိညာဉ်ဆေးပင်လို့ ခေါ်ထိုက်ပါပေတယ်...”

လုံချန် သည် ဝိညာဉ်ဆေးပင်ကို ကြိတ်ဝါးလိုက်သည့်အခါ သူ၏ခန္ဓာကိုယ်အတွင်း၌ အေးမြသော စွမ်းအားများ စီးဝင်လာလေသည်။ တစ်ချိန်တည်းမှာပင် ၎င်းက သူ၏ ခန္ဓာကိုယ်အား သန့်စင် ပေးနေသည်ကို ခံစားလိုက်ရသည်။

အချိန် ၁၅ မိနစ် မပြည့်မီမှာပင် လုံချန် သည် သူ၏ လက်ရှိ ပြန်လည်ကုသနှုန်းက အံ့အားသင့်စရာကောင်းလောက်အောင် မြန်ဆန်နေကြောင်း တွေ့ရှိလိုက်သည်။ သာမန်လူများဆိုလျှင် ဤကဲ့သို့ဒဏ်ရာအခြေအနေကို ကုသရန်အတွက် ၅ ခန့် ကြာမြင့်ပေမည်။ သို့သော်လည်း လုံချန်ကတော့ တစ်ရက်တည်းနှင့်ပင် လုံလောက်နေခဲ့သည်။

သူ့မျက်လုံးများကို ဖွင့်လိုက်သည့်အခါ လုံချန် ၏ မျက်လုံးထဲမှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေခဲ့သည်။

“ဟွမ်ဖေးယန်!... ဒီနေ့က လက်သီးချက်အတွက် ငါ မင်းကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်...”

သူတို့နှစ်ယောက်ကြားတွင် ခွန်အားချင်း ကွာဟမှု ရှိနေသေးသော်လည်း လုံချန်အတွက်တော့ ထိုကွာဟမှုကို လိုက်မီရန်ကား မဖြစ်နိုင်သည့် အရာ မဟုတ်ပေ။

“ငါ မြေကမ္ဘာယွမ်အဆင့် ကို ရောက်သွားတဲ့အခါကျရင် ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး နဲ့ နတ်နဂါးအသွင်ပြောင်းလဲခြင်း ကျင့်စဉ်ကို ပေါင်းစပ်ပြီး တိုက်ခိုက်လိုက်ရင်တော့...’

လုံချန် လည်း ဟွမ်ဖေးယန် သည် သူ့ကို အသေမုန်းတီးနေကြောင်း သိနေပေသည်။ သူတို့နှစ်ယောက်စလုံး အစိမ်းရောင်မိုးမခခြံဝန်း တွင် ယှဉ်တွဲ နေထိုင်နေသရွေ့တော့....၊ အကယ်၍ လုံချန် က သူ့ကို အရင်မသတ်ခဲ့လျှင် တစ်နေ့တွင် ဟွမ်ဖေးယန် က သူ့ကို လာသတ်မည်မှာ သေချာပေ၏။

လုံချန်သည် မြေအောက်ခန်းထဲ၌ ကျင့်ကြံနေရင်းဖြင့် ညအချိန်ပင် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ရုတ်တရက်ဆိုသလို တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။ လင်းရှီ ၏ မျက်လုံးများက မနှစ်မြို့မှုများဖြင့် ပြည့်နှက်သွားခဲ့ပြီး သူမက လှမ်းပြောလိုက်သည်။

“အဲ့ဒီ အနံ့အသက်မကောင်းတဲ့ အမျိုးသမီးက နင့်ကို လာရှာနေတာပဲ...”

“ဘယ်သူလဲ...” လုံချန် သည် လင်းရှီတစ်ယောက် မျက်စိမျက်နှာပျက်နေသည်ကို မြင်ပြီး မေးလိုက်သည်။

“နေ့လယ်က အရူးဧကရီ လျူ ဆိုတဲ့ အဲ့ဒီအမျိုးသမီးပေါ့။ ညကြီးမင်းကြီးမှ ဘာလို့ လာရတာလဲ။ သူမ တကယ်ပဲ အရှက်မရှိတဲ့သူပဲ...”

Translator# အနှောင်အဖွဲ့ကင်းမဲ့သူ

...(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၆)

အပိုင်း ၈၀ - လက်ချောင်းလေးတစ်ချောင်း၏အထိအတွေ့

လင်းရှီ ပြောလိုက်သည့် စကားကို ကြားသောအခါမှသာ လုံချန် သည် ရောက်ရှိလာသူက မည်သူဖြစ်ကြောင်း သတိရမိလိုက်သည်။

ဤအချိန်တွင် လင်းရှီ သည် ကိုယ်ယောင်ဖျောက်၍ လင်းရှီနတ်ဓား အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့တော့သည်။ ထို့နောက် လုံချန် သည် တံခါးကို ဖွင့်ပေးလိုက်ရာ အခြားတစ်ဖက်မှ စွဲမက်ဖွယ်ကောင်းသော မျက်နှာလှလှလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။

လရောင်အောက်တွင် လျူလန် သည် သူမ၏ သွယ်လျလှပသော ကိုယ်လုံးကိုယ်ပေါက်ကို ဝေဝါးစွာ မြင်တွေ့နိုင်သည့် အနက်ရောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမ၏ စူးရှလှသော မျက်လုံးများက လုံချန် ကို စိုက်ကြည့်နေလေသည်။ ဆွဲဆောင်မှုရှိလှသော အကြည့်များထဲမှာ ဖားယားလိုသော အမူအရာများ ပြည့်နှက်နေသဖြင့် လုံချန် သည်လည်း ရင်ခုန်သံများ မြန်လာခဲ့ရသည်။

သို့သော် သူသည် အပြစ်ကင်းစင်သော လူငယ်တစ်ဦးအသွင်ဖြင့် တစ်ဖက်လူကို ရင်ဆိုင်ရန် ကြိုတင် ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။ သူက အိပ်ချင်မူးတူး ဖြစ်နေသော ပုံစံဖြင့် မေးလိုက်သည်။

“အကြီးအကဲ... ဧကရီ...”

လုံချန်၏ ထုံအအပုံစံကို မြင်ရသည့်အခါ လျူလန် သည် တဟားဟား ရယ်မောလိုက်သည်။ သူမက ဆွဲဆောင်မှုရှိသော လေသံဖြင့် ပြောလိုက်သည်။

“လုံချန်... ငါ့ကို ဒီမှာ မကြိုဆိုဘူးလား...”

“ဒါက သိပ်တော့ မသင့်တော်ဘူး ထင်တယ်...အကြီးအကဲ...” လုံချန် ၏ နှုတ်မှ ထိုသို့ ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ထိုသို့ မဟုတ်ပေ။

လျူလန် သည် ပြန်လည်ဖြေကြားခြင်း မပြုဘဲ သူမ၏ ဖြူဖွေးလှသော လက်တံများကို ဆန့်ထုတ်ကာ တံခါးကို တွန်းဖွင့်လိုက်ပြီး လုံချန် ကိုပါ အခန်းအတွင်းသို့ တွန်းပို့လိုက်လေသည်။ ထို့နောက် တံခါးပိတ်သံ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမ၏ လှပသော မျက်လုံးများဖြင့် လုံချန် ကို ချိုသာစွာ စိုက်ကြည့်နေခဲ့သည်။

လုံချန်၏ ကြောင်အမ်းအမ်းပုံစံကို မြင်တွေ့သည့်အခါ လျူလန် သည် သဘောကျသွားခဲ့ရသည်။ သူမက ခုတင်ပေါ်တွင် ထိုင်ချလိုက်ပြီး လုံချန် ကို မော့ကြည့်လျက် ပြုံးနေခဲ့သည်။ သူမ၏ ပေါ်လွင်နေသော ကိုယ်လုံးကိုယ်ပေါက်များကြောင့် လုံချန်ဟာ မျက်လုံးအပြူးသား ဖြစ်နေခဲ့သည်။

“ကဲပါ... ငါ နင့်ကို မစတော့ပါဘူး။ ဒီနေ့ ငါလာရတဲ့ အဓိက အကြောင်းရင်းက နင်နဲ့ ရင်းနှီးအောင် လုပ်ဖို့ပဲ။ အဓိပ္ပါယ်မရှိတာတွေ လျှောက်မတွေးနဲ့ဦး။ ငါ တခြား လေးယောက်ရဲ့ အခန်းတွေကိုလည်း သွားခဲ့ပြီးပြီ။ အခုကတော့ နင့်ရဲ့ အလှည့်ပေါ့...”

လုံချန် သည် တစ်ဖက်တွင် အပြစ်ကင်းစင်သော ပုံစံ ဖမ်းနေသော်လည်း အခြားတစ်ဖက်တွင်မူ သူ့ရှေ့မှ လှသော အမျိုးသမီးကို စိတ်ထဲမှနေ၍ ကြိတ်ပြီးအကဲခတ်နေခဲ့သည်။

“အကြီးအကဲ တစ်ဦး ဖြစ်နေတဲ့အတွက် ဒီအမျိုးသမီးရဲ့ ခွန်အားက အထွတ်အထိပ်မြေကမ္ဘာယွမ်အဆင့် မှာ ရှိမှာ သေချာတယ်။ သူမက တကယ်ပဲ အစွမ်းထက်ပညာရှင် တစ်ယောက်ပေါ့။ ဒါ့အပြင် ဟွမ်ဖေးယန် က သူမကို ဒီလောက်အထိ ကြောက်နေတာဆိုတော့ သူမရဲ့ နည်းလမ်းတွေက တကယ့်ကို ကိုင်တွယ်ရ ခက်ခဲလို့ ဖြစ်ရမယ်။ ငါ သူမရဲ့ အသွင်အပြင်ကြောင့်တော့ အရူးလုပ်မခံနိုင်ဘူး...”

လုံချန် သည် စိတ်ထဲ၌ ထိုသို့တွေးတောနေသော်လည်း သူ၏ ပါးစပ်ကတော့ မမှန်ပေ။

“အကြီးအကဲ က ငါ့ကို ဘာကိစ္စများ လာရှာတာလဲဆိုတာ သိချင်လို့ပါ...”

“နင်နဲ့ သိကျွမ်းအောင် လုပ်ချင်ရုံတင်ပါ။ ဒါနဲ့... နင့်မှာ ရှင်းပစ်ရမယ့် ရန်သူတွေ ဘာတွေ ရှိလား...”

လုံချန်၏ အကြည့်များသည်ပင် တုန်လှုပ်သွားခဲ့ရသည်။

၎င်းသည် သူ့အနေဖြင့် လင်းဝူမိသားစု ထဲသို့ ဝင်ရောက်ခဲ့သည့် ရည်ရွယ်ချက်ဖြစ်နေသည် မဟုတ်ပါလား။ နေ့လည်ပိုင်းအချိန်က စီနီယာအစ်ကိုကန်လင် ရှင်းပြခဲ့သည့်အကြောင်းအရာများတွင် ဤအချက်ကို ထည့်မပြောခဲ့သဖြင့် လုံချန် လည်း အလျင်စလို မမေးမြန်းခဲ့ပေ။ ချန်ရှုံးကျိုး နှင့် ဖုန့်မင်ယန် တို့ ပြောခဲ့သည့်အတိုင်း လင်းဝူမိသားစု သည် အမှန်တကယ်ကို အရှိန်အဝါ ကြီးမားပုံရပေသည်။ ၎င်းတို့သည် အပြင်စည်းဂိုဏ်းဝင်များ၏ ရန်သူများကိုပင် ရှင်းလင်းပေးနိုင်သည် မဟုတ်ပါလား။

လုံချန် သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လျူလန် ၏ ဆွဲဆောင်မှုရှိလှသော မျက်လုံးများအောက်တွင် မလွန်ဆန်နိုင်တော့သည့်အလား ဖွင့်ဟလိုက်သည်။

“ဟုတ်ကဲ့... ရှိပါတယ် အကြီးအကဲ၊... သွေးဝိညာဉ်ဂိုဏ်း ပါပဲ...”

သွေးဝိညာဉ်ဂိုဏ်း ဟူသော အမည်ကို ကြားလိုက်သည့်အချိန်မှာ လျူလန် သည် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းကို ခါယမ်းလျက် ထပ်မေးလိုက်သည်။

“နင်နဲ့ သွေးဝိညာဉ်ဂိုဏ်း က ဘယ်လိုဖြစ်ပြီး ရန်သူတွေ ဖြစ်သွားရတာလဲ...”

လျူလန် သည် သွေးဝိညာဉ်ဂိုဏ်းအကြောင်းကို သိရှိနေကြောင်း မြင်သည့်အခါ လုံချန် သည် စိတ်ထဲ၌ ဝမ်းသာသွားသော်လည်း အထူး သတိထားလျက် ပြောလိုက်သည်။

“သွေးဝိညာဉ်ဂိုဏ်းရဲ့ အစောင့်အရှောက် တစ်ယောက်က ကျော်ကြားခြင်းမြို့ ကို အမှတ်မထင်ရောက်လာခဲ့တယ်၊ သူက ပိုင်ကလန် နဲ့ ပူးပေါင်းပြီးတော့ မြို့သခင်အိမ်တော်ဖြစ်တဲ့ ငါတို့ယန်မိသားစုကို သုတ်သင်ဖို့ ကြိုးစားခဲ့တယ်။ အဲ့ဒါကြောင့် ဒီဂျူနီယာက အဲ့ဒီ အစောင့်အရှောက်ကို သတ်ပစ်ခဲ့တယ်။ တကယ်လို့ သွေးဝိညာဉ်ဂိုဏ်း ကသာ ငါ သတ်ခဲ့တာကို သိသွားရင် ယန်မိသားစုတစ်ခုလုံး ဖျက်ဆီးခံရမှာသေချာတယ်...”

“ဒါကြောင့် နင်က လင်းဝူမိသားစု ထဲကို လာခဲ့တာပေါ့...” လျူလန် က ချက်ချင်းပင် လုံချန်၏ ရည်ရွယ်ချက်ကို သိမြင်သွားခဲ့သည်။

လုံချန် က ခေါင်းညိတ်ပြလိုက်သည်။

“လင်းဝူမိသားစု အနေနဲ့ ဒီကိစ္စမှာ ငါ့ကို ကူညီပေးနိုင်မလားဆိုတာ သိချင်လို့ပါ...”

လုံချန် သည် မျှော်လင့်ချက်များဖြင့် လျူလန် ကို စိုက်ကြည့်နေမိသည်။ ရုတ်တရက် သူမက တဟားဟား ရယ်မော၍ ခေါင်းကို ခါယမ်းလျက် ပြောလိုက်သည်။

“အခုမှ နင်က စတုတ္ထအဆင့်တပည့် တစ်ယောက်ပဲ ရှိသေးတယ်။ နင့်ရဲ့ ရန်သူကို ရှင်းလင်းပေးဖို့ဆိုတာ မြေကမ္ဘာယွမ်အဆင့်က စွမ်းအားရှင်တွေရဲ့ အကူအညီ လိုအပ်တယ်။ အဲ့ဒါက နင် ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေထက် ကျော်လွန်နေတယ်။ ဒါ့အပြင် နင့်ရဲ့ အကျိုးပြုရမှတ်တွေနဲ့ ငါ သတ်မှတ်ထားတဲ့ နင့်ရဲ့ ပါရမီတန်ဖိုးက လင်းဝူမိသားစု အနေနဲ့ သွေးဝိညာဉ်ဂိုဏ်း ကို ရှင်းလင်းပေးဖို့အတွက် မလုံလောက်သေးဘူး။ အဲ့ဒါကြောင့်...”

လုံချန်၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားခဲ့ရသည်။ ဤအလှပဂေး၏ ဆွဲဆောင်မှုရှိသော အမူအရာများကို ကြည့်ရင်း သူမ ပြောလိုက်သော စကားများကြောင့် လုံချန် ဟာ စိတ်မချမ်းမြေ့ ဖြစ်သွားခဲ့ရသည်။

“ငါ့ရဲ့ အခွင့်အရေးထက် ကျော်လွန်နေတယ် ဟုတ်လား။ လင်းဝူမိသားစု မှာ ပါရမီတန်ဖိုး ဆိုတာမျိုးတောင် ရှိနေတာလား။ ငါ သူတို့ရှေ့မှာ အနက်ရောင်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးနည်းစနစ်ကို သုံးပြခဲ့တာတောင်မှ ငါ့ရဲ့ ပါရမီတန်ဖိုးက သွေးဝိညာဉ်ဂိုဏ်း ကို ရင်ဆိုင်ပေးဖို့ မလုံလောက်သေးဘူးလား...” လုံချန်၏အတွေးများက ရှုပ်ယှက်ခတ်နေလေသည်။ ယန်မိသားစု ၏ ရှင်သန်မှုသည် လုံချန်အတွက် အရေးကြီးဆုံး ကိစ္စ ဖြစ်နေလို့ပင်။ ယခုအချိန်တွင် သူ့ခွန်အားက သွေးဝိညာဉ်ဂိုဏ်း ကို ကိုင်တွယ်ရန် မလုံလောက်သေးပေ။ သူ့အနေဖြင့် လင်းဝူမိသားစု ထံမှ အကူအညီ တောင်းခံရန်သာ တတ်နိုင်လေသည်။ သို့သော် လျူလန်၏ပြောစကားအရဆိုလျှင် လက်ရှိ လုံချန်၏အနေအထားက လင်းဝူမိသားစု ထံမှ မည်သည့်အရာကိုမျှ တောင်းဆိုရန် အရည်အချင်း မပြည့်မီသေးပါ။

ဤအချိန်တွင် လျူလန် သည် ခုတင်ပေါ်မှ ထလာလိုက်ပြီး လုံချန် ထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။ ဆွဲဆောင်မှုရှိလှသော ကိုယ်သင်းရနံ့လေး သူ့ထံသို့ ရုတ်တရက်ပျံလွင့်လာခဲ့သည်။ ခေါင်းကို မော့ကြည့်လိုက်သည့်အခါ လျူလန် မှာ သူ့မျက်နှာနှင့် မီတာအနည်းငယ်သာ ကွာဝေးတော့သည်။ သူမ၏ ဖြူဖွေးတောင့်တင်းလှသော ခန္ဓာကိုယ်လေးက လုံချန်၏ ရှေ့တည့်တည့်မှာ ရှိနေလေသည်။ သူမ၏ပုံစံက မည်သည့် အမျိုးသားမဆို လက်လှမ်း၍ ထိတွေ့ချင်စရာ ကောင်းလှပေသည်။

လုံချန်၏မျက်လုံးများအတွင်း၌ ရာဂမီးများ တောက်လောင်လာသော်လည်း သူ့နားထဲမှ နာကျင်မှုကြောင့် တစ်ကိုယ်လုံး အေးစိမ့်သွားခဲ့သည်။ လုံချန် သည် လင်းရှီလေး ဒေါသထွက်နေပြီဖြစ်ကြောင်းနှင့် အကျိုးဆက်က ဆိုးရွားလိမ့်မည်မှန်း သိရှိနေသည်။ထို့နောက် သူ၏အကြည့်ကို ချက်ချင်းပင် အခြားတစ်ဖက်သို့ လွှဲလိုက်ပြီး လျူလန် ကို ဆက်၍ မကြည့်ဝံ့တော့ပေ။

လုံချန်၏ အမူအရာကို မြင်တွေ့သည့်အခါ လျူလန် သည် တဟားဟား ရယ်မောလိုက်သည်။

“ဒါကြောင့်... ဒီလူသစ်လေးက တကယ့်ကို ယောက်ျားကောင်း တစ်ယောက်ပဲ။ ခ်ခ်... တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒါပေမဲ့ ဒီလို ရက်စက်ကြမ်းတမ်းတဲ့ လင်းဝူမိသားစု ဆိုတာ မိုက်မဲတဲ့ ကလေးတွေ ဝင်လာလို့ ရတဲ့ နေရာ မဟုတ်ဘူး။ အခုတော့ ငါ့အနေနဲ့ နင့်ကို ရက်စက်မှုဆိုတာ ဘာလဲဆိုတာ သင်ပေးရဦးမှာပေါ့...”

ထိုသို့ တွေးတောရင်း သူမက အေးစက်စွာ ပြောလိုက်သည်။

“လုံချန်!... နင် လင်းဝူမိသားစု ရဲ့ အကူအညီကို လိုချင်တယ်ပေါ့။ ကောင်းပြီ၊... ငါ နင့်ကို အကြံတစ်ခု ပေးမယ်။ တပည့်အဆင့်၊ အကျိုးပြုရမှတ် နဲ့ ပါရမီတန်ဖိုး...၊ ဒီသုံးခုက အရမ်း အရေးကြီးတယ်။ လက်ရှိ နင့်ဆီမှာတော့ ပါရမီတန်ဖိုးက ဘယ်မှာလဲဆိုတာ ငါ မမြင်ရသေးဘူး။ ဒါကြောင့် ငါ သတိပေးချင်တာကတော့ နင် သန်မာချင်တယ်ဆိုရင် အမြဲတမ်း အားသွန်ခွန်စိုက် ကြိုးစားနေရမယ်။ လင်းဝူတော်ဝင်မိသားစု မှာ အမှိုက်တွေအတွက် နေရာ မရှိဘူး...”

လျူလန်၏ လေသံက အေးစက်နေပေသည်၊ သို့သော်လည်း လုံချန် နားလည်လိုက်သည်မှာ လင်းဝူမိသားစု သည် ပြတ်သားလှသော အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်းပင်။ ၎င်းတို့သည် ပြတ်သားသည့်နေရာတွင် သွေးအေးလှသည်။ ဤနေရာတွင် အရာအားလုံးက အပေးအယူများသာ ဖြစ်သည်။ ... အကယ်၍ သင်သည် လင်းဝူမိသားစု ထံမှ တစ်စုံတစ်ခုကို ရယူလိုလျှင် လွယ်ကူပါသည်၊ သင်၏ အကျိုးပြုရမှတ်များဖြင့် လဲလှယ်ပါ သို့မဟုတ် သင်၏ ပါရမီတန်ဖိုးကို သက်သေပြရန်ပင်။

“ငါ့ရဲ့ ပါရမီက မလုံလောက်ဘူး ဟုတ်လား။ ငါ မင်းတို့ကို ငါ့ရဲ့ ပါရမီက ဘယ်လောက်အထိ ရှိတယ်ဆိုတာ သေသေချာချာ မြင်ရအောင် ပြပေးမှာပါ...”

လောကတွင် ဤမျှ ကောင်းမွန်လှသော အရာမျိုး မရှိနိုင်ကြောင်းနှင့် ဤကိစ္စမှာလည်း လွယ်ကူလှသည် မဟုတ်ပေ၊ လုံချန်လည်း ဤသဘောတရားကိုကောင်းစွာ သိရှိထားသည်။ ဤအချိန်တွင် သူသည် သွေးဝိညာဉ်ဂိုဏ်း နှင့်ပတ်သက်၍ လင်းဝူမိသားစု ထံမှ အကူအညီ မတောင်းနိုင်သေးသော်လည်း သူ့ခွန်အားက သန်မာနေသ၍တော့ သေချာပေါက်အဆင်ပြေပါလိမ့်မည်။

ဤအခိုက်အတန့်တွင် လျူလန်သည် လုံချန်၏ ပခုံးကို ပုတ်လျက် သူ့မျက်လုံးများကို တည့်တည့် စိုက်ကြည့်နေရင်း ငြင်သာသောအသံလေးက သူ၏ နားထဲ တိုးဝင်သွားသကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

“လုံချန်!... လင်းဝူမိသားစု ရဲ့ အဖွဲ့ဝင် တစ်ယောက်အနေနဲ့ နင်က ဒီစကားလုံးကို မှတ်ထားရမယ်... အဓိက ပါရမီရှင်။ တကယ်လို့ နင်သာ အဓိက ပါရမီရှင် တစ်ယောက် ဖြစ်လာမယ်ဆိုရင်တော့ ချမ်းသာကြွယ်ဝမှု၊ ကျင့်စဉ်တွေ၊ နတ်ဆေးလုံးတွေ၊ နတ်လက်နက်တွေ၊ နောက်ဆုံးပြောရရင် အမျိုးသမီးတွေတောင်မှ နင့်ရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်လာလိမ့်မယ်...”

အမျိုးသမီးများ အကြောင်းကို ပြောလိုက်သည့်အခါ လျူလန် သည် လုံချန်၏ မျက်နှာပေါ်သို့ မွှေးပျံ့လှသော အသက်ရှူသံများကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် လုံချန် ၏ စိတ်အာရုံများ လှုပ်ခတ်သွားသော်လည်း သူ့နားထဲမှနာကျင်မှုကြောင့် သတိပြန်ဝင်လာခဲ့ပါသည်။

လင်းရှီ သည် ယခုအချိန်အထိ ဒေါသကိုအတင်းထိန်းချုပ်ထားနေရမှန်း သိသာပါသည်။

သို့သော်လည်း လုံချန် သည် “အဓိကပါရမီရှင်” ဟူသော စကားလုံးကိုမူ စိတ်ထဲတွင် မှတ်သားထားလိုက်သည်။

“စိတ်ချပါ...”

ဤလူသစ်တပည့်လေးက သတ္တိကြောင်နေသည်ကို မြင်သည့်အခါ လျူလန် ဟာ လုံချန်ကို ဆက်လက်၍ စနောက်မနေတော့ပေ။ သူမက နောက်ပြန်ဆုတ်လိုက်ပြီး သူမ၏ဆံပင်ရှည်များကို သပ်ရပ်စွာ ပြင်ဆင်ရင်း ပြောလိုက်သည်။

“လင်းဝူမိသားစု မှာ အားကောင်းတဲ့ သတင်းကွန်ရက် ရှိတယ်။ ငါ နင့်အတွက် သွေးဝိညာဉ်ဂိုဏ်း ရဲ့ လှုပ်ရှားမှုတွေကို အထူး ဂရုစိုက်ပြီးတော့ စောင့်ကြည့်ပေးထားမယ်။ သတင်းထူး ရှိရင်တော့ ငါ နင့်ကို အသိပေးမှာပါ...”

လျူလန်အား သွေးဝိညာဉ်ဂိုဏ်း ကို ဖျက်ဆီးခိုင်းရန် မဖြစ်နိုင်သေးသော်လည်း ယခုအခြေအနေမှာ မဆိုးလှပေ။ မည်သို့ပင်ဖြစ်စေ လုံချန် သည် သူမကိုအနည်းငယ် ကျေးဇူးတင်မိသဖြင့် ပြောလိုက်သည်။

“ဒီတပည့် က အကြီးအကဲလျူ ကို ကျေးဇူးတင်ပါတယ်...”

လျူလန် က ခေါင်းညိတ်ပြလိုက်ပြီးနောက် အခန်းအပြင်သို့ ထွက်ခွာရန် ပြင်လိုက်သည်။ သူမ တံခါးအပြင်သို့ မထွက်မီ နောက်သို့ လှည့်ကြည့်ကာ ချိုသာစွာ ပြုံးလျက် ပြောလိုက်သည်။

“ချန်အာလေး... နောက်ငါးရက်နေရင် နင့်ရဲ့ ပထမဆုံး တာဝန် ရှိမယ်နော်။ အစွမ်းကုန် ကြိုးစားပါ။ နင့်ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီးတော့မှ မိသားစုက နင့်ရဲ့ပါရမီကို ဆုံးဖြတ်ပေးမှာမို့လို့ပဲ...”

လျူလန် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် လင်းရှီ သည် နတ်ဓား အတွင်းမှ ဒေါသတကြီး ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လုံချန် ကို စိုက်ကြည့်လျက် ဒေါသကြောင့် နှုတ်ခမ်းများကို ကိုက်ထားခဲ့သည်။ သူမ၏ဒေါသထွက်နေပုံက လုံချန် ကို ဝါးစားပစ်တော့မတတ်ပင်။

လုံချန် သည် အားနာဟန်ဖြင့် ပြုံးပြလိုက်ပြီး ပြောလိုက်သည် “ငါ... နဝမကောင်းကင်နဂါးခြေလှမ်း ကို သွားပြီး လေ့ကျင့်တော့မယ်နော်...”

လင်းရှီ ကတော့ ဘာမှမပြောသော်လည်း သူ့ကို ဒေါသတကြီး စိုက်ကြည့်နေ၏။

လုံချန် သည် မြေအောက်ခန်း ထဲသို့ အပြေးအလွှား ဝင်ရောက်သွားလေတော့သည်။ အထဲရောက်သွားမှ သူ၏ ရင်ဘတ်ကို ပုတ်လျက် စိတ်ထဲမှ ပြောလိုက်သည်။

“ငါ သူမကို ခဏလေးပဲ ကြည့်မိတာပါ။... ဒီကောင်မလေးက တကယ် ဒေါသထွက်နေတာပဲ။. ကြောက်စရာကောင်းလိုက်တာ...”

လုံချန် အလျင်အမြန် ထွက်ပြေးသွားသည်ကို မြင်ရသည့်အခါ လင်းရှီ သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ခုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။ သူမ၏ ဒေါသများ ပြည့်နှက်နေသော မျက်လုံးများမှာ ရုတ်တရက် အလွန်ပင် ဝမ်းနည်းရိပ်များ လွှမ်းမိုးသွားခဲ့သည်။ ခြုံထားသော စောင်ကို ကိုင်ကြည့်လိုက်သည့်အခါ ယခင်က ခံစားခဲ့ရသော ခံစားချက်မျိုး မရှိတော့ပေ။

စိတ်ဝိညာဉ် တစ်ခုအနေဖြင့် ထိတွေ့ရသော အာရုံသည် စစ်မှန်သော ခန္ဓာကိုယ်ဖြင့် ထိတွေ့ရသည့် ခံစားချက်နှင့် များစွာ ကွဲပြားခြားနားလှသည်။

သူမ၏ နှလုံးသားတစ်ခုလုံးဟာ ရုတ်တရက် ပေါက်ကွဲထွက်တော့မည့်အလား ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။ လင်းရှီ သည် အမှန်တကယ်ပင် ငိုကြွေးချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ သူမလေးက လုံချန် ရှိရာသို့ လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

“ငါ ထင်ထားတဲ့အတိုင်းပဲ။ သူက ခန္ဓာကိုယ်အစစ်ရှိတဲ့ အမျိုးသမီးတွေကိုပဲ ပိုပြီး သဘောကျတာပေါ့လေ။ ဒါပေမဲ့လည်း ရပါတယ်၊ ငါက ဒီလို ဖြစ်နေတော့ ငါ့ကို လူတစ်ယောက်လို့တောင် မသတ်မှတ်နိုင်တာပဲ။ ငါက သူ့ကို ဘာမှ မပေးနိုင်ဘူး မဟုတ်လား...” လင်းရှီလေး ဟာ အံကြိတ်လျက် အချိန်အတော်ကြာအောင် စိတ်ပျက်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက်တွင်မှ လင်းရှီသည် သက်ပြင်းချလိုက်သည်။ သူမ ကြုံတွေ့ခဲ့ရသည်များကို အသေးစိတ် ပြန်လည် တွေးတောနေမိသည်။

“ငါက ဝိညာဉ်ခန္ဓာကိုယ် ဖြစ်နေပြီပဲလေ။ ငါ သေတာပဲဖြစ်ဖြစ် ရှင်တာပဲဖြစ်ဖြစ် သူနဲ့ ငါနဲ့ကြားမှာ ဘာရလာဒ်မှ ရှိလာမှာ မဟုတ်ဘူး။ ငါ့ရဲ့ စိတ်ကူးယဉ်မှုတွေကို ရပ်တန့်သင့်ပြီ။ သူက သူ့ဘဝနဲ့သူ ရှိတာပဲ။ သူ့ရဲ့ ဘေးနားမှာ နေပြီးတော့ သူ့ကို အကြိမ်နည်းနည်းလောက် ထပ်ပြီး ကာကွယ်ပေးနိုင်ရင်ပဲ မဆိုးပါဘူးလေ...”

ထို့နောက် လင်းရှီ သည် ခေါင်းကို မော့ကြည့်လျက် အပေါ် မျက်နှာကြက်ကို စိုက်ကြည့်နေမိသည်။

“အဖေ... အမေ... မိုက်မဲတဲ့သမီးကို ကာကွယ်ပေးကြပါဦးနော်။ သမီးက အဖေတို့နဲ့ ပြန်ပြီး ဆုံချင်သေးတယ်...”

သူမလေး၏ မိဘများကို သတိရနေစဉ်အတွင်း လင်းရှီသာ ငိုကြွေးနိုင်မည်ဆိုပါက ယခုအချိန်တွင် မျက်ရည်များ ကျဆင်းနေမည်မှာ သေချာပေသည်။

“ရှီအာလေး... မင်းရဲ့ပုံစံက မရင့်ကျက်သေးတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ တူနေတာပဲ။ တစ်ခုခုကိုတွေးပြီးတော့ စိတ်ညစ်နေတာလား။ ငါ့ကို ပြောပြလို့ ရတယ်နော်...”

လုံချန် သည် ခုတင်ဘေးတွင် ရုတ်တရက် ပေါ်လာခဲ့ပြီး နံရံကို မှီလျက် ရယ်မောနေလေသည်။

လုံချန်၏ လှောင်ပြောင်သော ပုံစံကို မြင်သည့်အခါ လင်းရှီ၏ရင်ထဲမှ ဝမ်းနည်းမှုများ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရသည်။ သူမလေးက ကိုယ့်ကိုယ်ကို အရှက်ရဖွယ် ကောင်းသော အရာတစ်ခုအား လုပ်မိသွားသည့်အလားပင်၊ သူမ၏ မျက်နှာထားကို အလျင်အမြန် ပြောင်းလဲလိုက်သည်။ ထို့နောက် လုံချန် ကို ဒေါသတကြီး စိုက်ကြည့်လျက် အော်ဟစ်လိုက်သည်။

“ထွက်သွားစမ်း။ နင်က လူဆိုးပဲ။ ငါ နင်နဲ့ စကားမပြောချင်ဘူး...”

လုံချန် သည် ခုတင်ပေါ်တွင် ထိုင်လိုက်သည်။ ဤအချိန်တွင် သူသည် ရုတ်တရက် ရင့်ကျက်သွားသည့် ပုံစံ ပေါက်နေခဲ့သည်။ ထို့နောက်မှာတော့ ခံစားချက်များ ပြည့်နှက်နေသော မျက်နှာထားဖြင့် သူ၏ လက်ချောင်းကို ဆန့်ထုတ်လိုက်ပြီး လင်းရှီ၏ ရှေ့တွင် လက်ဝါး ဖြန့်ထားလိုက်သည်။ လုံချန် က တည်ကြည်စွာ ပြောလိုက်ပါသည်။

“မင်းရဲ့ လက်ချောင်းလေးနဲ့ ငါ့ရဲ့ လက်ချောင်းကို ထိကြည့်စမ်းပါ...”

“ဘာလုပ်ဖို့လဲ...”

လင်းရှီ သည် သူ ဘာလုပ်ချင်နေမှန်း မသိသဖြင့်သံသယအကြည့်များဖြင့် လုံချန်ကို ကြည့်နေမိသည်။

“ထိကြည့်စမ်းပါ...”

လုံချန်၏မျက်နှာက လုံးဝ တည်ကြည်နေသည်ကို မြင်သည့်အခါမှာတော့ လင်းရှီ သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် သူမ၏ သေးငယ်သော လက်ချောင်းလေးဖြင့် လုံချန်၏ လက်ညှိုးကို အသာအယာ ထိတွေ့လိုက်သည်။ သို့သော် ချက်ချင်းပင် သူမ၏ လက်ကို ပြန်ရုပ်လိုက်ပြီး လုံချန် ကို မျက်လုံးအပြူးသားဖြင့် သတိထားကာ စိုက်ကြည့်နေတော့သည်။

သူမ၏ ချစ်စဖွယ် ပုံစံကို မြင်ရသည့်အခါ လုံချန် သည် ရယ်မောခြင်း မရှိပေ။ သူက ချက်ချင်းပင် မေးလိုက်သည် “ဘယ်လိုလဲ...။ ငါ့ခန္ဓာကိုယ်ရဲ့ နွေးထွေးမှုကို မင်း ခံစားရလား...”

လုံချန် က ရုတ်တရက် ထိုသို့ မေးလိုက်သည့်အခါ လင်းရှီ သည် အံ့အားသင့်သွားခဲ့ပြီးနောက်ကြောင်အမ်းအမ်းဖြင့် ခေါင်းညိတ်ပြလိုက်သည်။

လုံချန် သည် တဟားဟားရယ်မောလိုက်ပြီး သူ၏ လက်ချောင်းကို ပြန်ရုပ်လိုက်ကာ ပြောလိုက်သည်။

“ငါ့မှာ ဆန္ဒတစ်ခု ရှိတယ်၊ အဲ့ဒါကတော့ မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်ပြီးဖန်တီးနိုင်အောင် လုပ်ပေးဖို့ပဲ။ အဲ့ဒါကို ဘယ်လို လုပ်ရမလဲဆိုတာ မင်း ငါ့ကို ပြောပြနိုင်မလား။ မင်းဆီမှာလည်း ဒီလိုမျိုး နွေးထွေးမှု ရှိနေတာကို ငါ မြင်ချင်တယ်...”

လုံချန် ထံမှ ယခုကဲ့သို့ တည်ကြည်သည့် အမူအရာနှင့် စကားလုံးများကို ကြားလိုက်သောအခါ လင်းရှီ ၏ရင်ထဲမှာ နင့်ခနဲ ခံစားသွားရသည်။ လုံချန် သည် သူမ၏ ဝမ်းနည်းနေသော အမူအရာကို မြင်တွေ့သွားခဲ့ပုံရသည်။ အကယ်၍ မဟုတ်ပါက သူသည် ဤစကားလုံးများကို ရုတ်တရက် ပြောဆိုလိမ့်မည် မဟုတ်ပေ။

လင်းရှီ သည် ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင် ကျမတတ် ဖြစ်သွားခဲ့ရသည်။

“မြန်မြန် ပြောစမ်းပါ။ အချိန်ဖြုန်းမနေနဲ့တော့...”

လုံချန်၏ ပြတ်သားသော အမူအရာကို မြင်တွေ့ရသည့်အခါ လင်းရှီ က အလျင်အမြန် ပြန်ဖြေလိုက်သည်။

“ငါ့မှာ နဝမကောင်းကင်ဘုံဝိညာဉ်သစ်သီး သာ ရှိမယ်ဆိုရင် ငါ့ခန္ဓာကိုယ်ကို ပြန်ပြီးဖန်တီးနိုင်လိမ့်မယ်...”

လင်းရှီးခန္ဓာကိုယ်ကို ပြန်ပြီးဖန်တီးနိုင်ကြောင်း ကြားသည့်အခါ လုံချန် သည် အလွန်ပင် ဝမ်းသာသွားခဲ့ရသည်။ သူက အလျင်အမြန် မေးလိုက်တော့၏ “ဒီ နဝမကောင်းကင်ဘုံဝိညာဉ်သစ်သီး ကို ဘယ်မှာ ရှာလို့ ရမလဲ...”

သို့သော် လင်းရှီ သည် စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ ခေါင်းကို ခါယမ်းလျက် ပြန်ဖြေလိုက်သည်။

“အခုလောလောဆယ်မှာ အဲ့ဒါကို တွေးမနေပါနဲ့တော့။ နင် ယွမ်လင်းမြို့တော် ရဲ့ ထိပ်တန်း စွမ်းအားရှင် ဖြစ်လာရင်တောင်မှ အဲ့ဒီအရာကို ရှာတွေ့နိုင်ဖို့ မလွယ်ဘူး...”

လုံချန် သည်လည်း လင်းရှီ၏ လျှို့ဝှက်ဆန်းကြယ်လှသော နောက်ခံကြောင့် သူမ၏ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ရန် လိုအပ်သောအရာများက ထိပ်တန်းအဆင့်ရတနာများဖြစ်နိုင်ကြောင်း အစကတည်းက ခန့်မှန်းထားခဲ့ပြီးသားပင် ဖြစ်သည်။ သူသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

“လင်းရှီ!... ငါ မနက်ဖြန်ကျရင် မိုးသောက်ကုန်သွယ်ရေးအဖွဲ့ ကို သွားပြီးတော့ မင်းအတွက် ဝိညာဉ်အားဖြည့်ဆေးတွေ ရှာပြီးဝယ်ပေးမယ်...”

Translator# အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters