အခန်း (၈၅-၈၆)
Vol. 7 Ch. 85-86
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၇)
အပိုင်း ၈၅ - အဆင့်မြင့် နဂါးသားတစ်ပိုင်းရဲ အလောင်း
“မင်း ဘာလိုချင်တာလဲ” လုံချန်က ဝင်ဟန့်လိုက်သည့်အတွက် ဟွမ်ဖေးယန်၏မျက်နှာသည် မကျေမနပ်ဖြစ်သွားသည်။ သူ့ပုံစံက ပါးစပ်ထဲထည့်ခါနီး ထမင်းလုပ်ကို လက်ဖြင့်ပုတ်ချခံလိုက်ရသလိုပင်။
“ဒီတာဝန်ကို ငါတို့ သုံးယောက်လုံး အတူတူဆောင်ရွက်နေတာပဲ။ ဒီအဝါရောင်အဆင့်မြင့်သားရဲ အလောင်းရဲ့ အစိတ်အပိုင်း တစ်ခုကို ငါလည်း ရပိုင်ခွင့်ရှိရမယ်မဟုတ်လား” လုံချန်သည် ဟွမ်ဖေးယန်ကို တည့်တည့်ကြည့်ရင်း နှိမ့်ချမှုလည်း မရှိ၊ မာန်တက်မှုလည်း မရှိသည့် အမူအရာဖြင့် ပြောလိုက်သည်။
“မင်း ဟာသလုပ်နေတာလား” ဟွမ်ဖေးယန်၏မျက်နှာ မည်းမှောင်သွားပြီး အေးစက်စက် အော်ငေါက်လိုက်သည်။
“ဒီတာဝန်က မင်းကို စမ်းသပ်ဖို့ပဲ။ ဆုလာဘ်တောင်း ချင်နေတာလား... လုံချန်! မင်း အဲ့လောက် အဆင့်မရောက်သေးဘူး။ ဒါ့အပြင် ဒါက အဆင့်မြင့် နဂါးတစ်ပိုင်းသားရဲရဲ့ အမြုတေပဲ။ မင်းလို လူငယ်လေးတစ်ယောက်က ဒီလို ကံကောင်းမှု ရှိနိုင်မလား”
“ငါ့ကို မပေးချင်တာလား။ ဟားဟား... ဟွမ်ဖေးယန်! မင်းတို့နှစ်ယောက်ပဲ ယန်တောင်တန်းကို သွားတော့။ အကျိုးအမြတ် မရှိရင် ဒီအဖေက အရှေ့ယန်တောင်တန်းထဲ မဝင်ဘူး”
လုံချန်၏ ရန်လိုသောစကားကြောင့် ယန်ပိုင်ထျန်း လည်း အံ့သြမှင်သက်သွားသည်။ သူ့အမြင်တွင် လုံချန်သည် သခင်ငယ်နှစ်ယောက်၏နောက်ကနေ အဖော်လိုက်လာသူတစ်ယောက်ဟု ထင်နေခဲ့သည်။သို့သော် လုံချန် သည် ဟွမ်ဖေးယန်ကို ဆန့်ကျင်ပြီးပြောနေလိမ့်မည်ဟု
“ဒါ...”
ယန်ပိုင်ထျန်းက ဟွမ်ဖေးယန်ကို ကြည့်လိုက်သည်။ ဤအချိန်တွင် ဟွမ်ဖေးယန်သည် ထိုင်ခုံပေါ်ကနေ ထလာပြီး လုံချန်ကို စူးစူးရဲရဲစိုက်ကြည့်နေလေသည်။ တစ်ချိန်တည်းမှာပဲ သူ့ဆီကနေ ပြင်းထန်သောဖိအားတစ်ခု ပျံ့လွင့်လာပြီး လုံချန်ကို ဖိနှိပ်လိုက်သည်။ ဟွမ်ဖေးယန် တိုက်ခိုက်ခါနီးမှာပဲ အစ်ကိုဝမ် က အလျင်စလိုတားလိုက်သည်။
အစ်ကိုဝမ် က ဟွမ်ဖေးယန်ကို အဓိပ္ပါယ်ရှိရှိ တစ်ချက်ကြည့်ပြီး လုံချန်ကို အေးစက်စက် ကြည့်ရင်း ပြောလိုက်လေသည်.
“လုံချန်! ဒီတစ်ခါ ငါတို့နှစ်ယောက်က မင်းရဲ့ စစ်ဆေးသူတွေအဖြစ် လိုက်လာတာပဲ။ ငါတို့ စကားကို နားထောင်ရမယ်။ အရှေ့ယန်တောင်တန်းထဲကို မဝင်ရင် ငါတို့ မင်းကို အမှတ်နည်းနည်းပဲ ပေးမယ်။ အဲ့အခါ အကြီးအကဲ လျူက ရှင်းပြချက် တောင်းလာရင် မင်း ဘယ်လိုရှင်းပြမလဲ”
အမှန်တော့ လုံချန် သာ အရှေ့ယန်တောင်တန်းထဲသို့ ဝင်ရောက်ခြင်းမပြုလျှင် သူ့အား လုပ်ကြံနိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့အနေဖြင့် လုံချန်ကို အရှေ့ယန်တောင်တန်းထဲသို့ ဝင်ရောက်ရန်အတွက် တွန်းအားပေးခဲ့သည်။ လုံချန် သည် ဆုလာဘ်ကိုခွဲဝေယူရန် အခွင့်အရေးမရှိသည့်တိုင်အောင် သူတို့အနေဖြင့်လည်း ဤနေရာတွင် တိုက်ခိုက်ရန်မဖြစ်နိုင်ပေ။ ဤအခြေအနေကို တွေးမိလိုက်သဖြင့် ဟွမ်ဖေးယန် သည် မျက်မှောင်ကြုတ်လိုက်သည်။
“ငါ့ကို ခြိမ်းခြောက်နေတာလား” လုံချန် သည် အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်၏။
“မင်းတို့ သဘောမတူရင် ဒီတာဝန်ကို ငါ မလုပ်ဆောင်တော့ဘူး”
လုံချန်၏ခေါင်းမာမှုကို မြင်သောအခါ အစ်ကိုဝမ် ပင်လျှင် ဒေါသထွက်လာခဲ့သည်။ ဟွမ်ဖေးယန်ဆိုလျှင်တော့ မျက်လုံးထဲက မီးတောက်မတတ်ပင်ဖြစ်နေလေသည်။
လုံချန်၏မောက်မာထောင်လွှားသောအမူအရာကို မြင်သောအခါ ၎င်း၏လက်ချက်ကြောင့် မသန်စွမ်းဖြစ်သွားသည့် သူ၏ညီငယ်လေးကို ပြန်တွေးမိသွားပြန်သည်။ သူ၏ညီဖြစ်သူက ယခုအချိန်ထိ ပြန်မကောင်းသေးပါ။ သူ့စိတ်ထဲမှာ တွေးမိလေလေ ဟွမ်ဖေးယန်၏ လူသတ်လိုစိတ်က အနည်းငယ် ပေါက်ကွဲထွက်လာလေသည်။
“မဖြစ်သေးဘူး...ငါ ကိုယ့်ကိုယ်ကို ထိန်းရမယ်။ လူအများရှေ့မှာ သတ်လို့ မရဘူး။ အရှေ့ယန်တောင်တန်းကို ရောက်မှ လူသူကင်းတဲ့ နေရာမှာ သတ်ရမယ်။ ဒီသူတောင်းစားကို အလောင်းတောင် မကျန်အောင် လုပ်ပစ်မယ်။ အား.... လုံချန်! မင်း ဆိုးဆိုးဝါးဝါး သေစေရမယ်” ဤအစီအစဉ်ကို တွေးပြီးနောက ဟွမ်ဖေးယန်က စိတ်ခံစားချက်ကို ခက်ခက်ခဲခဲ ထိန်းချုပ်လိုက်သည်။
ဘေးနားရှိ ယန်ပိုင်ထျန်း ကတော့ ဟွမ်ဖေးယန်အနေဖြင့် လုံချန်ကို မတိုက်ခိုက်ရဲကြောင်း မြင်သောအခါ အမြင်တစ်မျိုးပြောင်းသွားခဲ့သည်။ သူ့စိတ်ထဲမှာလည်း တွေးနေ၏
“ဒီ လူငယ်လေးက တကယ် ဉာဏ်ရည်ထက်မြတ်တယ်။ သခင်ဟွမ်က အရမ်း ဒေါသထွက်နေတာတောင် သူ့ကို သတ်ဖို့မလုပ်ရဲဘူး။ သူ့နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိနေပုံရတယ်။ ငါ့သမီးကို ကယ်ချင်ရင် ဒီနှစ်ယောက်ကြား ဝင်ဖြေဖို့ လိုမယ်...”
ဤအကြောင်းကို တွေးမိသည်နှင့် ယန်ပိုင်ထျန်း က အလျင်စလို ပြောလိုက်သည်။
“ဒီက သခင်ငယ်လေး! ယန်လော့မြို့ရဲ့ အသက်ပေါင်းများစွာက မင်းလက်ထဲမှာ ရှိနေတယ်။ ကရုဏာ ထားပါ။ အဆင့်မြင့်နဂါးတစ်ပိုင်းသားရဲ အလောင်းကလွဲလို့ တခြား ဘာပဲ လိုချင်လိုချင် ငါလက်ဆောင်ပေးပါ့မယ်”
“ငါ လိုချင်တာ အဆင့်မြင့် နဂါးတစ်ပိုင်းသားရဲ အလောင်းပဲ”
လုံချန်၏မျက်နှာထက်မှာ ပျော်ရွှင်မှု ပေါ်လာသည်။ ထိုစကားပြောပြီး မျက်နှာဖြူဖျော့နေသည့် ဟွမ်ဖေးယန်ကို အကြောက်အလန့်မရှိပဲ စိုက်ကြည့်နေလေသည်။
“မင်း အိပ်မက်မက်နေတာပဲ”
ဟွမ်ဖေးယန်က အေးစက်စက် ရယ်ပြီး ယန်ပိုင်ထျန်းကို ကြည့်ရင်း ပြောလိုက်သည်။
“ယန်လော့မြို့အရှင်! နောက်ထပ် မပြောပါနဲ့။ အဲ့ဒီ ကောင်လေးက လင်းဝူမိသားစုထဲကို အခုမှ ဝင်လာတဲ့လူသစ်ပဲ။ ငါ သူ့ကို နည်းနည်းပါးပါး သင်ခန်းစာ ပေးလိုက်မယ်။ သူ့နေရာ သိအောင် လုပ်ပေးရတာပေါ့။ လင်းဝူမိသားစုက စုံစမ်းလာရင် ယန်လော့မြို့သခင်က ငါ့အတွက် စကားကောင်းကောင်း ပြောပေးပါ”
ယန်ပိုင်ထျန်းက စိတ်ရှုပ်ထွေးနေပြီး ပြန်ပြောသည်။
“သခင်လေးတို့၊ ဒါ မဖြစ်နိုင်ပါဘူး။ မင်းတို့နှစ်ယောက်စလုံးက လင်းဝူမိသားစုရဲ့ သခင်လေးတွေပဲလေ။ အတွင်းရေး ရန်ပွဲ မဖန်တီးပါနဲ့”
ဤအချိန်တွင် လုံချန်က ဝင်ပြောလိုက်သည်။
“ဟွမ်ဖေးယန်၊ ငါ ဘာလှည့်ကွက်မှမသုံးဘူး၊ တည့်တည့်ပဲ ပြောမယ်။ ငါ လိုချင်တာ အဆင့်မြင့် နဂါးတစ်ပိုင်းသားရဲ ရဲ့ အလောင်းပဲ၊ အမြုတေ မဟုတ်ဘူး။ သားရဲအလောင်းကို ငါ့ကို ပေး ။ ဒီကိစ္စကို အပြီးသတ် ဖြေရှင်းပေးမယ်လို့ ကတိပေးတယ်။ ဘယ်လိုလဲ”
“အဆင့်မြင့်နဂါးတစ်ပိုင်းသားရဲ အလောင်းရဲ့ အဖိုးတန်ဆုံး အစိတ်အပိုင်းက သားရဲအမြုတေ နဲ့ စိတ်ဝိညာဉ်သလင်းကျောက်လေ။ ကျန်တာက အမှိုက်ပဲ” ဟွမ်ဖေးယန် သည် လုံချန်၏စကားကြောင့် မျက်မှောင်ကြုတ်ပြီး သံသယဖြင့် တွေးနေလေသည် “ဒီကောင်က သားရဲအလောင်းကောင်ကိုယူပြီးဘာလုပ်မှာလဲ။ ဘယ်လို လျှို့ဝှက်ချက် ရှိနေတာလဲ”
အစ်ကိုဝမ် သည်လည်း ဤအခြေအနေကို နားမလည်ခဲ့ပေ။ ယန်ပိုင်ထျန်း ကိုယ်တိုင်ကလည်း အခွံသာကျန်တော့သည့် သားရဲအလောင်းက မည်သည့်တန်ဖိုးမှမရှိကြောင်း သိထားလေရာ နားမလည်နိုင်တော့ပါ။
“ငါသာ နဂါးတစ်ပိုင်းသားရဲ အလောင်း ရသွားရင် ငါ့ ကျင့်ကြံမှု မြင့်တက်လာပြီးတော့ မင်းကို လုံးဝ ကျော်သွားမှာ စိုးရိမ်နေတာလား”
တစ်ဖက်က တုံ့ဆိုင်းနေသည်ကို မြင်သောအခါ လုံချန်က မခံချိမခံသာဖြစ်အောင် ပြောရင်း ရယ်မောလိုက်သည်။
သူ ထင်ထားသည်အတိုင်းပင်၊ ဟွမ်ဖေးယန်က ဒေါသထောင်းခနဲထွက်သွားခဲ့သည်။ သူက လုံချန်ကို စိုက်ကြည့်ပြီး အေးစက်စက် ပြောလိုက်သည်
“မင်းရဲ့ နဂါးသွေးကြောနယ်ပယ် အဆင့် ၈ လောက်နဲ့ နဂါးတစ်ပိုင်းသားရဲ အလောင်းတစ်ကောင်နဲ့ မြေကမ္ဘာယွမ်အဆင့်ကို ရောက်နိုင်မယ်ဆိုရင် ငါ ဟွမ်ဖေးယန်က မင်းဘာလုပ်လုပ် ပြုံးပြုံးကြီးတာဝန်ယူပေးမယ်။ ဒါပေမဲ့ ဒါ ဖြစ်နိုင်ပါ့မလား”
အစ်ကိုဝမ်နှင့် ဟွမ်ဖေးယန်တို့နှစ်ယောက်စလုံးသည်ရယ်မောလိုက်ကြသည်။ အကြောင်းမှာ လုံချန်အနေဖြင့် သူတို့ကို ကျော်တက်ရန် မဖြစ်နိုင်လို့ပါ။
“ယန်လော့မြို့အရှင်! ငါ့ကို အဆင့်မြင့် နဂါးတစ်ပိုင်းသားရဲ အလောင်း ပေးလိုက်ပါ။ ငါက သားရဲအမြုတေ နဲ့ သားရဲဝိညာဉ်သလင်းကျောက်ကို အရင်ဆုံးထုတ်ယူထားလိုက်မယ်။ တာဝန် မပြီးနိုင်ရင် သားရဲအမြုတေနဲ့ ဝိညာဉ်သလင်းကျောက်ကို ပြန်ပေးမယ်”
ယန်ပိုင်ထျန်းက ခဏ တုံ့ဆိုင်းသွားသော်လည်း သဘောတူလိုက်သည်။ သူ့အနေဖြင့် လင်းဝူမိသားစု၏ ဂုဏ်သတင်းကို လုံးဝ ယုံကြည်ပါသည်။
ဤသို့ဖြင့်...
ဟွမ်ဖေးယန်က အခြားလူများကို ခေါ်လျက် သားရဲအမြုတေနှင့် ဝိညာဉ်သလင်းကျောက်ကို ထုတ်ယူရန် ခန်းမထဲမှ ထွက်သွားတော့သည်။ လုံချန် ကတော့ တွေ ခန်းမထဲမှာပင် စောင့်နေလိုက်သည်။ သိပ်မကြာလိုက်ပေ၊ ပြန်ရောက်လာသံကို ကြားလိုက်ရသည်။
“သူတို့က လွယ်လွယ်နဲ့ လှည့်စားခံလိုက်ရတာပဲ။ နည်းနည်းလောက် စိတ်ဆွပေးလိုက်ရုံနဲ့ အဆင့်မြင့် နဂါးတစ်ပိုင်းသားရဲ အလောင်းကို ဒီအတိုင်း ပေးပစ်လိုက်တယ်။ တကယ် အရူးတွေပဲ... ဟီး...” ဤလှောင်ပြောင်သံက လင်းရှီ ပင်။
“အမှန်ပဲ။ အခု ငါက နဂါးသွေးကြောနယ်ပယ် အဆင့် ၈ ရဲ့ အထွတ်အထိပ်မှာ ရှိနေပြီ။ နဂါးတစ်ပိုင်းသားရဲ သွေးအဆီအနှစ်ကို စုပ်ယူလိုက်ရင် အဆင့် ၉ ကို သေချာပေါက်ချိုးဖျက်နိုင်လိမ့်မယ်”
ဤအခိုက်အတန့်မှာပဲ ဟွမ်ဖေးယန် တို့လူစု ပြန်ရောက်လာကြသည်။ လုံချန် သည် မတ်တပ်ထကာ ဟွမ်ဖေးယန်၏လူသတ်ချင်စိတ်အကြည့်အောက်မှာပင် သားရဲအလောင်းကို ယူ၍ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်တော့သည်။
“ထိပ်တန်း အဆင့်မြင့် နဂါးတစ်ပိုင်းသားရဲ ဖြစ်တဲ့ အပြာရောင်နှင်းကျား။ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာကို ကြည့်ရင် တခြား အဆင့်မြင့်တဲ့ သားရဲတစ်ကောင်က ကိုက်သတ်ခဲ့တာဖြစ်ရမယ်...”
အဆင့်မြင့် နဂါးတစ်ပိုင်းသားရဲ အလောင်းကို ရပြီးနောက် လုံချန်က ယန်ပိုင်ထျန်းကို ပြောလိုက်၏
“ငါ့ကို မိနစ်သုံးဆယ်လောက် အချိန်ပေးပါ။ စီစဉ်ရမယ့် အရာ တစ်ခု ရှိတယ်”
အချိန်က အလျင်လိုနေပြီဖြစ်သော်လည်း လုံချန်က အချိန်ဆွဲနေပုံရ၏။ ယန်ပိုင်ထျန်း သည် ကိုယ်တိုင်မပြောရဲသဖြင့် ဘေးနားရှိ ဟွမ်ဖေးယန်ကို တောင်းပန်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဤအချိန်တွင် ဟွမ်ဖေးယန်၏လူသတ်လိုစိတ်က အထွတ်အထိပ်ကိုရောက်နေလေပြီ။ သို့သော် အရှေ့ယန်တောင်တန်းထဲသို့ ရောက်သည်နှင့် လုံချန်အား သတ်နိုင်တော့မည်ဟူသောအတွေးကို တွေးရင်း ဒေါသကို ထပ်မံ ထိန်းချုပ်လိုက်သည်။
သူ့အတွက် အရေးကြီးသည်မှာ လုံချန်ကို သတ်ဖြတ်ရန်ပင်။
“အခုတော့ မင်း ကျေနပ်နေဦးပေါ့။ နေ့လည်ပိုင်းမှာ မင်းကို မသတ်နိုင်ပေမယ့် ညရောက်ရင်တော့ မင်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
ဟွမ်ဖေးယန်၏မျက်နှာပေါ်မှာ စိတ်မရှည်မှု ပေါ်လာရင်း လက်ဟန်ပြလိုက်သည်။
ခွင့်ပြုချက် ရပြီးနောက် လုံချန်သည် အနည်းငယ် ပြုံးပြီး စိတ်ဖိစီးမှုကြောင့် မျက်နှာဖြူဖျော့နေသောယန်ပိုင်ထျန်းကို သီးသန့် အခန်းတစ်ခု တောင်းလိုက်သည်။
အခန်းထဲ ရောက်သည်နှင့် လုံချန် သည် တုန့်ဆိုင်းမနေခဲ့ပေ။ အချိန်က အရေးအကြီးဆုံး ဖြစ်နေသည့်အတွက် လင်းရှီကို ချက်ချင်း မေးလိုက်၏။
“ရှီအာ! နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးက အလွယ်တကူ စုပ်ယူနိုင်တယ်ဆိုတာ သေချာလားယ အဲ့ဒါက ငါ့ကို မြေကမ္ဘာယွမ်အဆင့် ကို ရောက်အောင် ကူညီနိုင်မှာလား”
“သေချာပါတယ်။ မြေကမ္ဘာယွမ်အဆင့် ရောက်နေတဲ့ လူတွေ အများကြီးကို ငါ မြင်ဖူးတယ်။ နင့်လို ကျေးတောသားတစ်ယောက်က နားမလည်နိုင်ဘူး”
လုံချန် သည် အပိုစကားမပြောတော့ပဲ သိုလှောင်အိတ်ထဲမှ သားရဲအလောင်းကို ထုတ်လိုက်သည်။ အပြာနုရောင်အမွှေးများကို ကြည့်ရင်း ခဏတိတ်ဆိတ်သွားလျက် “နဂါးဝိညာဉ်အသွင်ပြောင်းလဲခြင်းကျင့်စဉ်”ကို ထုတ်ဖော်လိုက်၏။
သူ၏ခန္ဓာကိုယ် အရေပြားပေါ်ကနေ သွေးနီရောင်အကြေးခွံများ တဖြည်းဖြည်း ပေါ်လာပါသည်။ ခြေဆစ်လက်ဆစ်နှင့် ကျောရိုးတစ်လျှောက်ကနေလည်း သွေးဆူးချွန်များ တဖြည်းဖြည်း ထွက်လာသည်။ ဤခဏလေးအတွင်း လုံချန်၏ ပုံစံ က ထူးထူးခြားခြားပြောင်းလဲသွားပုံရသည်။ တစ်ကိုယ်လုံး သွေးနီရောင်အကြေးခွံများ ဖုံးလွှမ်းလျှက် လုံချန်၏ခန္ဓာကိုယ်ဟာ ရက်စက်သောအငွေ့အသက်များ ထုတ်လွှတ်နေသော်လည်းပဲ ကမ္ဘာခေတ်ဦး မူလဘိုးဘေးနဂါး၏အသွင်အပြင်ကို ပြသနေသလိုပင်။
ထို့နောက် လုံချန် သည် သွေးချီဝါးမြိုခြင်းစွမ်းအင်ကို ထုတ်သုံးလိုက်တော့သည်။
“ငါ အမွေဆက်ခံထားတဲ့ သွေးစက်က တကယ်ပဲ ရှေးဟောင်းခေတ်ဦးရဲ့ ဘိုးဘေးသွေးဝိညာဉ်နဂါးက လာတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ လင်းရှီက ဒီကိစ္စနဲ့ ပတ်သက်ပြီး အကုန် သိနေတာတောင် ငါ့ကို မပြောပြဘူး...”
ဤအချိန်တွင် အပြာရောင်နှင်းကျား၏အလောင်းကောင်ခန္ဓာကိုယ်ကနေ စိတ်ဓာတ် သွေးစက်များ စိမ့်ထွက်လာသည်။ ထို့နောက် လေထဲသို့ ပျံ့လွင့်လျှက် လုံချန်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။ လုံချန်သည် သွေးချီဝါးမျိုခြင်းစွမ်းအားကို အသုံးပြု၍ သွေးအဆီအနှစ်ကို ဖြည်းညှင်းစွာ စုပ်ယူနေသည်။ သွေးအဆီအနှစ်က လုံချန်၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီးသည်နှင့် ချီစွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ စွမ်းအင်ပမာဏက မြေအောက်သွေးမိကျောင်းဘုရင်ထက် မများပေ၊ သို့ရာတွင် စွမ်းအားသိပ်သည်းမှုကတော့ များစွာ သာလွန်ပေသည်။ အဝါရောင်အဆင့် ၇ နတ်ဆိုးသားရဲ ဖြစ်သည့်အတွက် ၎င်း၏စွမ်းအားက မြေအောက်သွေးမိကျောင်းဘုရင်ထက် အဆပေါင်းများစွာ သိပ်သည်းပါသည်။
ဤအခိုက်အတန့်တွင် လုံချန်၏ခန္ဓာကိုယ်ထဲမှ သွေးချီစွမ်းအင်သည် ပေါက်ကွဲခါနီးဖြစ်သည့်အလား ဆူပွက်နေလေသည်။ သူ၏မူလချီပင်လယ်ထဲသို့ ချီစွမ်းအင်များ အဆက်မပြတ်ပို့လွှတ်နေလို့ပင်။ ၎င်းက နဂါးသွေးကြောနယ်ပယ် အဆင့် ၈ သွေးကြော၏အတားအဆီးကို အဆက်မပြတ်ရိုက်ခတ်နေသည်။ သို့သော် နဝမကောင်းကင် နဂါးသွေးကြောတစ်ဖြစ်လည်း အဆင့် ၉ နဂါးသွေးကြောသည် သံမဏိကြိုးတန်းကြီးအလား ခိုင်မာနေဆဲဖြစ်သည်။
လုံချန်သည် အဆင့် ၉ ကောင်းကင်နဂါးသွေးကြောအား ချိုးဖျက်ရခက်ခဲမှန်း သိထားလေသည်။ ၎င်းက ယန်ချင်းရွှမ် နှင့် အခြားသူများ နဂါးသွေးကြောနယ်ပယ် အဆင့် ၈ မှာသာ ရပ်တန့်နေရသည့်အကြောင်းရင်း ဖြစ်ခဲ့သည်။
သွေးချီစွမ်းအင်က အရှိန်ပြင်းပြင်း စီးဝင်လာပြီး လုံချန်၏ခန္ဓာကိုယ်အတွင်း၌ သွေးလှိုင်းကြီး တဟုန်ထိုး ရိုက်ခတ်နေပုံရသည်။ ဤအခြေအနေကြောင့် လုံချန်သည် နဂါးသွေးကြောနယ်ပယ် အဆင့် ၉ အတားအဆီး ကို ချိုးဖျက်နိုင်တော့မည်မှန်း သိလိုက်သည်။
Translator #အနှောင်အဖွဲ့ကင်းမဲ့သူ
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၇)
အပိုင်း ၈၆ - မြေကမ္ဘာယွမ်အဆင့် သို့တက်လှမ်းခြင်း
ဤအချိန်တွင်တော့ လုံချန်သည် အဆင့် ၉ ကောင်းကင်နဂါးသွေးကြောကို ချိုးဖျက်၍ နဂါးသွေးကြောနယ်ပယ် အဆင့် ၉ သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။ တစ်နည်းအားဖြင့်တော့ နဂါးသွေးကြောနယ်ပယ်၏ အထွတ်အထိပ်အဆင့်ပင်။
အဆင့် ၉ သို့ ရောက်ရှိသွားပြီးနောက် လုံချန်၏ခန္ဓာကိုယ်ထဲရှိ နဂါးသွေးကြောအားလုံး ပိတ်ဆို့နေခြင်းများမရှိတော့ပေ။ သူ၏ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်ဟာ အဟန့်အတားမရှိ လွတ်လပ်စွာ လည်ပတ်နေလေတော့သည်။
အပြာရောင်နှင်းကျား၏သွေးအဆီအနှစ်ကို အပြည့်အဝစုပ်ယူပြီးနောက်တွင် လုံချန်၏ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင် ပမာဏက အဆမတန် တိုးပွားလာပုံရသည်။ ယခုလက်ရှိ ချီစွမ်းအင်ပမာဏက သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်အတိုင်းဖြစ်နေ၏။ ၎င်းက နဂါးသွေးကြောနယ်ပယ် အဆင့် ၉ အတားအဆီးကို ထပ်မံ၍ ချိုးဖျက်ရန် အရိပ်အယောင်ပြနေသလိုပင်။
“ကောင်းကင်နဂါးသွေးကြော...”
သိပ်သည်းလှသော ချီစွမ်းအင်တွေက ရုတ်တရက် ဆိုသလို သွေးနီရောင်နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် စူးရှကျယ်လောင်သော နဂါးဟိန်းသံများ ဆက်တိုက်ဆိုသလိုပင် ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နဂါးသွေးကြောက ကျိုးပဲ့ပျက်စီးသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် အဆုံးအစမဲ့သော ချီစွမ်းအင်လှိုင်းများ အဆက်မပြတ် စီးဝင်လာတော့သည်။
ကောင်းကင်နဂါးသွေးကြောက အရှည်ဆုံးနှင့် သိပ်သည်းစအကြီးမားဆုံး နဂါးသွေးကြောဖြစ်၏။၎င်းက အခြားသော နဂါးသွေးကြော ၈ ခု ပေါင်းစပ်လိုက်သည့်အခြေအနေနှင့် ညီမျှပေလိမ့်မည်။ သို့သော် လုံချန် က အဝါရောင်အဆင့် ၇ နတ်ဆိုးသားရဲ တစ်ဖြစ်လဲ မြေကမ္ဘာယွမ်အဆင့် နတ်ဆိုးသားရဲ၏ သွေးအဆီအနှစ်ကို စုပ်ယူခဲ့သည့်အတွက် ချီစွမ်းအင်၏ အရည်အသွေးနှင့် သိပ်သည်းဆ ကပြောင်းလဲသွားပြီး အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ဤမျှပြင်းထန်လှသော ချီစွမ်းအင်ကို ကောင်းကင်နဂါးသွေးကြောက တွန်းလှန်နိုင်စရာ မရှိတော့ပေ။ သိပ်သည်းပြီးသန့်စင်သော ချီစွမ်းအင်တွေဟာ ကောင်းကင်နဂါးသွေးကြောထဲ ဆက်တိုက် စီးဝင်လာနေသည်။
“လုပ်ထားစမ်း...”
နတ်ဓားထဲရှိ လင်းရှီပင် လုံချန်ကို စိုးရိမ်စွာ ကြည့်နေခဲ့၏။ သူမ၏မျက်လုံးထဲမှာ အတော်လေးကို စိတ်လှုပ်ရှားနေပြီး လက်သီးသေးသေးလေးနှစ်ဖက်ကို တင်းတင်း ဆုပ်ထားမိသည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေပါသည်။ ကောင်းကင်နဂါးသွေးကြောက ခိုင်ခံ့ပြီးရှည်လျားပုံရသော်လည်း လုံချန်၏ချီစွမ်းအင်လှည့်ပတ်နှုန်းက အစပိုင်းကထက် အဆများစွာ ပိုမြန်လာခဲ့သည်။ နဂါးသွေးကြောနယ်ပယ် အဆင့် ၉ အတားအဆီးကို ချိုးဖျက်ရန် လုံလောက်၏။ ရလာဒ်ကတော့ အချိန် နာရီဝက်ကျော်ကြာပြီးနောက်တွင် လုံချန်က နဂါးသွေးကြောနယ်ပယ် အဆင့် ၉ အတားအဆီးကို လုံးလုံးလျားလျား ချိုးဖျက်နိုင်ခဲ့ပါသည်။
နဂါးဟိန်းသံ သဲ့သဲ့ ထွက်ပေါ်လာပြီးနောက်မှာတော့ လုံချန်၏ခန္ဓာကိုယ်ထဲမှာ သွေးနဂါးမြောက်များစွာ ပျံဝဲနေသလို ခံစားရသည်။ သူ၏ ခွန်အားမြင့်တက်လာသည့်အတွက် နဂါးအပေါင်းက ဂုဏ်ပြုနေသလိုပင်ဖြစ်သည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောများ၊ ကိုယ်တွင်းအင်္ဂါများ၊ အရိုးများပင်မကျန် သွေးနဂါးပုံရိပ်များ ပေါ်နေလေသည်။
“ရှေးခတ်ဦးရဲ့ ဘိုးဘေးနဂါးတွေက တကယ် နက်နဲလွန်းတယ်။ နဂါးတစ်ပိုင်းသားရဲတွေနဲ့ တူတဲ့ အချက်တစ်ခုခု ရှိနိုင်မလား”
လုံချန်က အတွေးများနေစဉ်မှာပဲ သူ၏ခန္ဓာကိုယ်အရိုးအဆစ်များနှင့် ကိုယ်တွင်းအင်္ဂါများက တစ်ချက်ပြီး တစ်ချက် ပေါက်ကွဲသံ ထွက်လာခဲ့သည်။ ထို့အတူ သန့်စင်လှသော ချီစွမ်းအင်အရှိန်အဝါက ပတ်ဝန်းကျင်ကို ပျံ့လွင်လာပေသည်။ ခဏအကြာတွင် လုံချန်သည် မျက်လုံးမှိတ်ထားရာက ပြန်ဖွင့်ကာ မတ်တပ်ထရပ်တည်လိုက်သည်။ ထိုအခါ သူ၏မျက်လုံးနှစ်လုံးကနေ လျှို့ဝှက်ဆန်းကြယ်သော သွေးနီရောင်အလင်းတန်း နှစ်ခု လင်းလက်သွားသည်။ ဤအချိန်မှာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ခွန်အားပြည့်နေသည်ကို ခံစားရသည်။ လုံချန်က ရုတ်တရက်ပြောလိုက်၏။
“ရှီအာလေး၊ ငါ အခု နဂါးသွေးကြောနယ်ပယ် အဆင့် ၉ ကို ရောက်ပြီ။ ချီစွမ်းအင်က အများကြီး တိုးလာတယ်။ ပြောရရင် လက်ရှိ ငါက မြေမ္ဘာယွမ်အဆင့် နဲ့ နီးစပ်လာပြီပေါ့”
လုံချန်၏စိတ်လှုပ်ရှားနေသည့်မျက်နှာကြောင့် လင်းရှီ၏နှလုံးသားလေးလည်း လှုပ်ရှားသွားပြီး အလျင်စလို ပြောပါသည်။
“ဒါဆို နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးကို မြန်မြန် သုံးလိုက်။ အချိန်က နာရီဝက်နီးပါးရှိသွားပြီ။ နောက်ထပ် အချိန်ဆွဲနေရင် ဟိုသူတောင်းစားနှစ်ယောက်က ပြဿနာ ရှာလာနိုင်တယ်”
လုံချန်က ရယ်ရင်း ပြောလိုက်၏ “ငါ ကျင့်ကြံနေတာကို မြင်ရဲ့သားနဲ့ သူတို့ ဝင်လာရဲမှာလား။ လင်းဝူမိသားစုက အဖွဲ့ဝင်တွေရဲ့ တစ်ဦးချင်း ခွန်အားကို အဓိက တန်ဖိုးထားတယ်။ တစ်စုံတစ်ယောက် အဆင့်တက်တဲ့ အချိန်က ခွန်အားမြင့်တက်လာဖို့အရေးအကြီးဆုံး အချိန်ပဲ။ အခု ငါ့ကို နှောင့်ယှက်ရင် သတင်း ပြန်ရောက်သွားရင် သူတို့အတွက် သေချာပေါက် ဒုက္ခရောက်လိမ့်မယ်”
ထိုစကားများ ပြောနေသော်လည်းပဲ လုံချန်က တုံ့ဆိုင်းနေခြင်းမရှိပါ။ သူက မြေကမ္ဘာယွမ်အဆင့်ကို ဆက်ပြီးချိုးဖျက်ရန် ပြင်လိုက်၏။ ထိုမှသာ ကနဦး မြေကမ္ဘာယွမ်အဆင့် ပညာရှင်များဖြစ်သည့် ဟွမ်ဖေးယန်နှင့် အစ်ကိုဝမ် တို့အား ရင်ဆိုင်ရန် အခွင့်အရေးရှိပါလိမ့်မည်။
“ငါသာ မြေကမ္ဘာယွမ်အဆင့်ကို ရောက်သွားရင် မင်းတို့နှစ်ယောက်ကို ကြောက်စရာလိုပါဦးမလား”
လုံချန်က စိတ်ထဲ၌ ကြိတ်ပြီးရယ်ရင်း နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးကို ထုတ်လိုက်သည်။ ထို့နောက် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း မျိုချလိုက်၏။
၎င်းက အဝါရောင်အဆင့်မြင့် ဝိညာဉ်ဆေးအမယ်သာဖြစ်သည့်တိုင်အောင် လုံချန် တွေ့ခဲ့ဖူးသမျှ ဝိညာဉ်ဆေးအမယ်များထဲ အကောင်းဆုံးဖြစ်ခဲ့၏။ လင်းရှီ၏အဆိုအရ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး၏ တန်ဖိုးက အနက်ရောင်အလယ်အလတ် အဆင့် ဝိညာဉ်ဆေးအမယ်နှင့် ညီမျှလေသည်။ နတ်ဝိညာဉ်ကျောက်တုံး ထောင်ချီ မရှိပါက ဝယ်ယူဖို့ရာ မဖြစ်နိုင်သလောက်ပင်။ အကြောင်းကတော့ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး၏ အကျိုးသက်ရောက်မှုက အလွန် အံ့ဩစရာကောင်းလို့ပင်။ ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုပါက လူတစ်ယောက်အား နဂါးသွေးကြောနယ်ပယ် အဆင့် ၉ ကနေ မြေကမ္ဘာယွမ်အဆင့်ကို တိုက်ရိုက် တက်လှမ်းနိုင်စေသည့် ဝိညာဉ်ဆေးအမယ်ပင်မဟုတ်ပါလား။
နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး ကို မျိုချလိုက်ပြီးနောက် လုံချန်၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ဒွါရကိုးပေါက်မှ အေးမြလှသော လေညင်းတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။ နွေရာသီ၏ အပူဆုံး နေ့ရောက်နေသည့်အတွက် ရေခဲကန်ထဲ ခုန်ဆင်းလိုက်သလိုပင်။ သို့သော်လည်း ခဏအကြာတွင်အေးမြသည့်အခြေအနေ ကျော်သွားပြီးနောက်မှာ နွေးထွေးမှု အနည်းငယ် ပေါ်လာတော့သည်။ လုံချန်က သူ့ကိုယ်သူ ရေပူစမ်းထဲ နှစ်မြှုပ်နေသလို အလွန် သာယာသော ခံစားချက်တစ်ခု ရလာလေသည်။
“အရူး၊ ဒီဆေးကို မြန်မြန် ချေဖျက်လိုက်။ အဲ့ဒီ အကူအညီနဲ့ ချီစွမ်းအင်ကို မူလဒန်တျန်ထဲမှာ စုပြီး မြေမ္ဘာယွမ်နယ်ပယ်ကို ဖန်တီးလိုက်တော့”
လင်းရှီက လုံချန်ကို သာယာနေသော အခြေအနေကနေ နှိုးဆွလိုက်၏။ သူက လင်းရှီ၏ညွှန်ကြားချက်အတိုင်း ချီစွမ်းအင်ကို ချက်ချင်းလှည့်ပတ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ဖြန့်ကျက်နေသော ဝိညာဉ် စွမ်းအားကို စတင်ချေဖျက်လိုက်တော့သည်။
“နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးရဲ့ အကျိုးသက်ရောက်မှုက ပင်လယ်လိုပဲ ကျယ်ပြန့်နေတယ်”
အစပိုင်းမှာ ငြိမ်သက်နေသည့် ဝိညာဉ်ဆေးစွမ်းအင်က ရုတ်တရက် ကျယ်ပြန့်လာပြီး ပင်လယ်ကြီးတစ်စင်းလိုပင် လုံချန်၏ ခန္ဓာကိုယ်ထဲကို အဆက်မပြတ် ဖြန့်ကျက်နေတော့သည်။
လုံချန်က ချီစွမ်းအင်ကို ခန္ဓာကိုယ်တစ်ခုလုံးသို့လှည့်ပတ်ပြီး စွမ်းအင်ကို စုစည်း၍ မူလဒန်တျန်ထဲ၌ ပေါင်းစပ်လိုက်သည်။ ဝိညာဉ်စွမ်းအားက သူ၏သွေးချီစွမ်းအင်ကို အရင်ကထက်ပိုပြီးသိပ်သည်းလာစေသည်။ အချိန်အနည်းငယ်ကြာပြီးနောက်တော့ ဝိညာဉ်ဆေးစွမ်းအား ဖြန့်ကျက်နေသည့် အကျိုးသက်ရောက်မှုက တဖြည်းဖြည်း လျော့နည်းလာသည်။ ဤအချိန်တွင် သိပ်သည်းသောသွေးချီစွမ်းအင်များက နဂါးသွေးကြော ၉ ခုထဲသို့ ပြန်စီးဝင်လာ၏။ ထို့နောက် မူလဒန်တျန်ထဲတွင် စုစည်းသွားသည်။ ယခုအခါ လုံချန်၏ချီစွမ်းအင်သိပ်သည်းဆက နဂိုထက် ဆယ်ဆ ကျော်သွားပုံရ၏။
“နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးရဲ့ အကျိုးသက်ရောက်မှုက ချီစွမ်းအင်ကို သိပ်သည်းစေတဲ့ စွမ်းအားသတ္တိ ပါနေတယ်။ လင်းရှီရဲ့ပြောစကားအရဆို ဒါက မြေကမ္ဘာယွမ်အဆင့် ကို ချိုးဖျက်နိုင်တယ်ဆိုတာ အံ့ဩစရာ မရှိတော့ဘူး။ ဒီလိုအကူအညီမပါပဲနဲ့ ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ချီစွမ်းအင်ကို သိပ်သည်းအောင် လုပ်နေရင် ဘယ်လောက်ကြာမှန်းမသိနိုင်ဘူး”
ဤအချိန်တွင် နဂါးသွေးကြော ၉ ခုမှ ချီစွမ်းအင်အားလုံး သွေးနဂါး ၉ ကောင်အဖြစ် ပြောင်းလဲ၍ မူလဒန်တျန်ထဲသို့ တပြိုင်နက် စီးဝင်လာတော့သည်။လုံချန်၏ခန္ဓာကိုယ် တစ်ခုလုံးကလည်း အဆက်မပြတ် တုန်ခါနေ၏။ ပြင်းထန်လှသော ချီစွမ်းအင်လှိုင်းကြီး တစ်ခုက ခန္ဓာကိုယ်ကို ဖုံးလွှမ်းရိုက်ခတ်သွားသည်။ သို့သော် လက်ရှိမှာ လုံချန်က နဂါးဝိညာဉ်အသွင်ပြောင်းလဲထားသောကြောင့် မည်သည့် တန်ပြန်ရိုက်ခတ်မှုမျှ မခံရတော့ပေ။ ပုံမှန်အတိုင်းဆိုပါက သူ၏ခန္ဓာကိုယ်က ဤမျှသိပ်သည်းသောချီစွမ်းအင်ကို ခုခံနိုင်မည်မဟုတ်ပေ။
“ချီစွမ်းအင်တွေအားလုံးက မူလဒန်တျန်ထဲ စီးဝင်တဲ့ အခြေအနေကို မူလဒန်တျန်အသွင်ပြောင်းလဲခြင်း လို့ ခေါ်တယ်။ အောင်မြင်ရင် ချီစွမ်းအင်တွေက မူလထက် ဆယ်ဆ ပိုသိပ်သည်းသွားမယ်၊ ပြီးတော့ မြေကမ္ဘာယွမ်အဆင့် မူလဒန်တျန် ဖြစ်လာမယ်”
ဤအခြေအနေမှာ လုံချန်က ဘာကိုမှ ဂရုမစိုက်တော့ပေ။ နဂါးသွေးကြော ၉ ခုမှ သိပ်သည်းသော ချီစွမ်းအင်အားလုံးကို မူလဒန်တျန်ထဲသို့ စီးဝင်စေလိုက်သည်။
မူလဒန်တျန်က နဂါးသွေးကြော ၉ ခုနှင့် သဘာဝအရဆက်စပ်နေ၏။ ယခုချိန်တွင် နဂါးသွေးကြောတစ်ခုချင်းစီမှ သွေးချီစွမ်းအင်နဂါးကောင်တစ်ကောင်စီ ရှိနေသည်။ ထို့နောက် နဂါးသွေးကြော ၉ ခုကနေ တပြိုင်နက် စီးဝင်လာပါတော့သည်။ တစ်ချိန်တည်းမှာပဲ မူလဒန်တျန်ထဲကို စုစည်းလာပြီး ပြင်းထန်သောစွမ်းအင်လှိုင်းများ ရိုက်ခတ်လာ၏။
လုံချန်အတွက်က ဤကဲ့သို့ဖြစ်စဉ်မျိုးကို တစ်ခါမှမကြုံဖူးလေရာ အနည်းငယ် ကြောက်ရွံ့သွားမိသည်။သူ၏ခန့်မှန်းချက်အရဆိုပါက ဤမျှသိပ်သည်းသော ချီစွမ်းအင်လှိုင်းများသာ အဆက်မပြတ်ရိုက်ခတ်နေလျှင် မူလဒန်တျန်က ပေါက်ကွဲထွက်သွားနိုင်၏။
သို့ရာတွင် မထင်မှတ်ပဲ သွေးနီရောင် ချီစွမ်းအင်က ရုတ်တရက် သွေးမြူလုံးအဖြစ် အရည်ပျော်သွားခဲ့ရသည်။ ထို့နောက်မှာ လုံချန်၏မူလဒန်တျန်တစ်ခုလုံးက သွေးမြူများ ပြည့်နှက်သွားလေ၏။
“ဒီ သွေးမြူလုံးက တဖြည်းဖြည်း သေးလာနေသလိုပဲ။ ဒါပေမဲ့ ချီစွမ်းအင်သိပ်သည်းဆကတော့ အရင်ထက်ပိုပြီးကြီးမားနေသလိုပဲ ”
သွေးမြူလုံးထဲမှာ သွေးနဂါးများ သန်းနှင့်ချီ၍ ရှိနေသလို ခံစားရသည်။ လုံချန်က နားထဲမှာ နဂါးဟိန်းသံများ ဆက်တိုက်ဆိုသလိုတွေ ကြားနေရလေသည်။ သွေးနဂါးများ အဆက်မပြတ်ဟိန်းဟောက်သံက အခြားသူများအတွက် မည်သို့ဖြစ်မှန်းမသိနိုင်သော်လည်း လုံချန်အတွက်က သွေးများဆူပွက်လာသလိုပင်။ လက်ရှိ သူ့အခြေအနေက နဂါးမျိုးနွယ်များ အုပ်စိုးခဲ့သည့် စကြာဝဠခေတ်ဦးကို ပြန်ရောက်သွားသလိုပါ။
သွေးမြူလုံးကြီးထဲ နဂါးပုံရိပ်များ အဆက်မပြတ်ဖြစ်ပေါ်နေ၏။ ပုံရိပ်ယောင်များ ဖြစ်နေသော်လည်းပဲ လုံချန်ကို အံ့ဩစရာ ခံစားချက်တစ်ခု ပေးစွမ်းနေသည်။
ခဏအကြာတွင်တော့ သွေးမြူလုံးက တဖြည်းဖြည်း သေးလာကာ နဂါးပုံရိပ်များလည်း တစ်စတစ်စ မှုန်ဝါးလာတော့သည်။
ဤအခိုက်အတန့်တွင် လုံချန် ကျင့်ကြံနေသည့်အချိန်က တစ်နာရီနီးပါးဖြစ်လာသောကြောင့် ဟွမ်ဖေးယန်တို့လူစုလည်း အခန်းဆီသို့ လျှောက်လာကြတော့သည်။
ဤအချိန်တွင် လုံချန်၏မူလဒန်တျန်ထဲက သွေးနီရောင်အလင်းတန်းတစ်ချက် လက်သွားပြီး သွေးမြူလုံးကလည်း တဖြည်းဖြည်းသေးငယ်သွား၏။ နောက်ဆုံးတော့ ကြက်ဥအရွယ်ထက် မကြီးသော သွေးနီရောင်မူလဒန်တျန်အဖြစ် သိပ်သည်းသွားခဲ့သည်။
“ဒါက မြေကမ္ဘာယွမ်အဆင့် ကျင့်ကြံသူရဲ့ မူလဒန်တျန်လား” လုံချန်က တိုးတိုးလေးရေရွတ်လိုက်သည်။ သူ အရင်တုန်းက မြေကမ္ဘာယွမ်အဆင့် အကြောင်းကို လေ့လာဖူး၏။ သို့သော် သူ၏မူလဒန်တျန်က အခြားမြေကမ္ဘာယွမ်အဆင့်များနှင့် မတူကြောင်း သတိထားမိသည်။ အထင်ရှားဆုံးက သူ၏မူလဒန်တျန်က သွေးနီရောင် ဖြစ်နေပြီး သွေးနဂါးပုံသဏ္ဍာန်အမှတ်အသားတစ်ခုပါ ရှိနေခြင်းပင်။ ၎င်းက တောက်ပသော သွေးနီရောင်အလင်းများ ဖြာထွက်နေ၏။ မူလဒန်တျန်က သိပ်သည်းသွားပြီဖြစ်သော်လည်း လုံချန်၏နှလုံးသားက အမျိုးအမည်မသိသောတုန်လှုပ်မှုကို ခံစားမိနေသည်။ သို့သော် နဂါးဝိညာဉ်အသွင်ပြောင်းလဲထားသည့်အတွက်ကြောင့် သူ့စိတ်ထဲ ထူးဆန်းသလိုခံစားမိသော်လည်း အရမ်းကြီးတော့ ကြောက်ရွံ့စိတ်မဖြစ်တော့ပေ။ ယခုအခါ သူက မြေကမ္ဘာယွမ်အဆင့်သို့ လုံးလုံးလျားလျား တက်လှမ်းသွားသည့်အတွက် ထိုခံစားမှုက သဘာဝပင်။ မြေကမ္ဘာယွမ်အဆင့် ကို ရောက်ရှိသွားသည့်နောက် သွေးချီစွမ်းအင်က သိပ်သည်းသွားပြီး မူလသွေးဒန်တျန်အဖြစ်ပြောင်းလဲသွား၏။ ခန္ဓာကိုယ်ကလည်း အစပိုင်းကလိုမျိုး တုန်ခါနေခြင်းများမရှိတော့သလို သိမ်မွေ့သော ခံစားချက်တစ်ခု ပေးစွမ်းနေပါသည်။ သို့ရာတွင် ခွန်အားကို ထုတ်ဖော်လိုက်သည်နှင့် လုံချန်က အဆုံးမဲ့သတ်ဖြတ်ခြင်းဧကရာဇ် ကဲ့သို့ပြောင်းလဲသွားပါလိမ့်မည်။
“အရင်ကလို ရက်စက်ကြမ်းကြုတ်တဲ့ ခံစားချက်တွေ မရှိတော့ပေမယ့် အခု ငါ့ ခွန်အားက နဂါးသွေးကြောနယ်ပယ် အဆင့် ၈ မှာ ရှိတုန်းကထက် အဆ တစ်ရာကျော်လောက် မြင့်တက်လာပြီ” မြေကမ္ဘာယွမ်အဆင့် ချီစွမ်းအင်ကို အနည်းငယ်ထုတ်လွှတ်လိုက်ရုံဖြင့် လုံချန်က ပြင်းထန်လှသောအင်အားကို ခံစားမိလေသည် သူ၏အစစ်အမှန်ခွန်အားကို အကြမ်းဖျင်း ခန့်မှန်းနိုင်လိုက်သလိုပင် ။
“အခုလက်ရှိ ငါ့ခွန်အားနဲ့ နဂါးဝိညာဉ်အသွင်ပြောင်းလိုက်ရင် ဟွမ်ဖေးယန်...”
သကောင့်သားကို တွေးမိလိုက်ရာ လုံချန်၏မျက်လုံးထဲက အေးစက်စက် အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားသည်။
“မင်းတို့နှစ်ယောက်က အရှေ့ယန်တောင်တန်းကို ရောက်တာနဲ့ ငါ့ကို တိုက်ခိုက်ဖို့ စောင့်နေတာပဲ။ ကောင်းပြီ၊ အချိန်ကျလာရင် ငါလုံချန်က မင်းတို့နှစ်ယောက်ကို သေချာပေါက် အံ့ဩစရာ တစ်ခု လက်ဆောင်ပေးရတာပေါ့။ အခုလောလောဆယ်တော့ မသိချင်ယောင်ဆောင်ပြီး မင်းတို့ပြောတဲ့အတိုင်း ခဏလောက် လုပ်ပေးလိုက်ဦးမယ်...”
လုံချန်က မြေကမ္ဘာယွမ်အဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းသွားခြင်းကြောင့် လင်းရှီ မှာလည်း သက်ပြင်းချလိုက်သည်။ ရှေ့က လူငယ်လေးကို စိုးရိမ်စွာ ကြည့်ရင်း ပြောလိုက်၏
“တကယ် ကံကောင်းပါတယ်၊ နင် ဉာဏ်ကောင်းလို့ အဆင့်မြင့် နဂါးတစ်ပိုင်းသားရဲ အလောင်းကို ရခဲ့တာ။ မဟုတ်ရင် ဒီတစ်ခါတော့ နင် သေချာပေါက်အသတ်ခံရနိုင်တယ်။ ဒီကောင်က အကျင့်စရိုက်ဆိုးပေမယ့် ကံက အမြဲ ကောင်းနေတယ်။ ကောင်းကင်ဘုံက မျက်စိကန်းနေတာ သေချာတယ်”
လင်းရှီက လုံချန်နှင့်အချိန်အတော်ကြာ အတူနေလာခဲ့ပြီးဖြစ်ရာ စကားပြောရာတွင် အကျင့်စရိုက်ချင်းတူလာခဲ့သည်။ လုံချန်က သူမ၏စကားကို ကြားပြီး ပြောစရာစကားမဲ့သွားသည်။
လင်းရှီကို စနောက်ရန်ပြင်လိုက်သော်လည်း လုံချန်၏အမူအရာက ရုတ်တရက် ပြောင်းသွားသည်။ ပါးစပ်ထောင့်မှာ အပြုံးတစ်ခု ပေါ်လာပြီး အခန်းတံခါးအပြင်ဖက်ကို လှမ်းကြည့်လိုက်သည်။
ဤအချိန်တွင် ဟွမ်ဖေးယန်၏မျက်နှာက ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်နေပြီး လူတိုင်းနှင့်အတူ အခန်းထဲသို့ ဝင်လာခဲ့ကြသည်။
Translator #အနှောင်အဖွဲ့ကင်းမဲ့သူ