အခန်း (၈၇-၈၈)
Vol. 7 Ch. 87-88
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၇)
အပိုင်း ၈၇ - တမင်ဖန်တီးခြင်း
လုံချန်က မြေကမ္ဘာယွမ်အဆင့်ကို ရောက်ရှိသွားပြီဖြစ်သော်လည်း ခွန်အားကို အပြည့်ဝထုတ်ဖော်ပြထားသည့် ဟွမ်ဖေးယန်နဲ့တော့ မတူပေ။ သူ၏ချီစွမ်းအင်ကို မူလဒန်တျန်ထဲမှာ ဖိနှိပ်ထားခဲ့သည်။ အဆင့်ချိုးဖျက်သွားပြီးနောက်မှာ လုံချန်က ယုံကြည်မှုအပြည့်ရှိလာသည်။ သူက အေးဆေးတည်ငြိမ်သောအမူအရာဖြင့် ဟွမ်ဖေးယန်တို့လူစုကို ပြုံးပြရင်း ကြည့်လိုက်သည်။
“လုံချန်၊ ပြင်ဆင်တာ ပြီးပြီလား”
လုံချန်၏မျက်နှာက ကြောက်ရွံ့မှု လုံးဝ မရှိသည့်အမူအရာကို မြင်သောအခါ ဟွမ်ဖေးယန်က စိတ်ထဲမှာသာ လှောင်ပြောင်လိုက်သည်။
သို့ရာတွင် လုံချန်က သူ့ကို လုံးဝ ဂရုမစိုက်ခဲ့ပေ၊ ဘေးနားရှိ ယန်ပိုင်ထျန်း ကို ကြည့်၍ ပြောလိုက်၏ “ယန်လော့မြို့အရှင်! ငါ့မှာ အရေးကြီးတဲ့ ကိစ္စတချို့ ရှိနေလို့ နည်းနည်း နှောင့်နှေးမိပါတယ်။ တကယ်စိတ်ရင်းနဲ့ တောင်းပန်ပါတယ်”
လုံချန်က သူ့ကို လျစ်လျူရှုလိုက်သောကြောင့် ဟွမ်ဖေးယန်၏ စိတ်ထဲ မကျေမနပ် ဖြစ်သွားလေသည်။ သို့သော် သူက အရင်ကလိုမျိုး လွယ်လွယ်နဲ့စိတ်ဆတ်တတ်သူမဟုတ်တော့ပေ။ သူ၏မျက်လုံးကို မှိတ်ချလိုက်ရာ ရွှေရောင် အလင်းတန်း အနည်းငယ် လက်သွားသည်။
“ဒီ ကောင်... တစ်ခုခု ကွဲပြားနေတယ်၊ ဘာက ကွဲပြားနေလဲတော့ မသိနိုင်ဘူး...”
ဟွမ်ဖေးယန်က မျက်မှောင်ကြုတ်ရင်း လုံချန်ကိုကြည့်နေစဉ် သူ၏နှလုံးသားထဲမှာ လူသတ်လိုစိတ်များ ပြည့်နှက်လာသည်။
“ဒီ ကောင်... အရင်က မကျေနပ်မှု အပြည့်နဲ့ ရှိနေခဲ့ပေမယ့် အခု ပြုံးပြီး ရှိနေတယ်။ အတုအယောင်ပဲ ဖြစ်ရမယ်။ ငါ့ကြောင့် ဖိအားရင်ဆိုင်နေရတော့ သူ့နှလုံးသားထဲကနေ ငါ့ကို အဆုံးစွန်ထိ မုန်းတီးနေမှာသေချာတယ်။ တကယ်တော့ ငါ့ကို အပိုင်းပိုင်းတောင် လှီးဖြတ်ချင်နေမှာပဲ။ ဒါပေမဲ့ မင်းမသိနိုင်တာက... ဟွမ်ဖေးယန်! တကယ့် ညှဉ်းပန်းနှိပ်ဆက်မှုက မကြာခင် မင်းဆီ ရောက်လာတော့မယ်ဆိုတာပဲ...”
လုံချန်က ဟွမ်ဖေးယန် ဘာတွေးနေလဲကို အလွယ်တကူ ခန့်မှန်းနိုင်၏။
တစ်ဖက်တွင် လုံချန်က သူ့ကို ဦးစားပေး နှုတ်ဆက်လိုက်သည့်အတွက် ယန်လော့မြို့အရှင်က အနည်းငယ် မကျေမနပ် ဖြစ်သွား၏။ သူက လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်ရာ လုံချန်က ဟွမ်ဖေးယန်ကို တမင်စိတ်ဆွနေမှန်း သိနေပေသည်။ ထို့အတူ လုံချန်၏ ငယ်ရွယ်သောအသွင်အပြင်ကို ကြည့်၍ ယန်ပိုင်ထျန်း က အနည်းငယ် နောင်တရသွားမိသည်။ သို့သော်လည်း သမီးဖြစ်သူ၏အသက်က အရေးကြီးနေချိန်ဖြစ်ရာ ချက်ချင်း ပြောလိုက်သည်...
“သုံးယောက်စလုံး ပြင်ဆင်ပြီးပြီဆိုတော့ အရှေ့ယန်တောင်တန်းဆီ အမြန်သွားကြရအောင်”
“ကောင်းပြီ၊ သွားကြတာပေါ့” လုံချန်က ခေါင်းညိတ်လိုက်၏။
“ငါ့ရှေ့မှာ အေးဆေးတည်ငြိမ်တဲ့ဟန်ဆောင်နေတာလား။ မကြာခင်မှာ မင်း ဘယ်လို အဆုံးသတ်ခံရမလဲ ကြည့်နေလိုက်” မကြာခင်မှာ လုံချန်ကို သတ်နိုင်တော့မည်ဟူသောအခြေအနေကို တွေးရင်း ဟွမ်ဖေးယန်က စိတ်မရှည်စွာ လက်ဟန်ပြလိုက်ပြီး ပြောလိုက်သည်။
“ဒါဆို အရှေ့ယန်တောင်တန်းဆီ ထွက်ကြရအောင်။ လုံချန်! ဒီတစ်ခါ မင်း ကောင်းကောင်း စွမ်းဆောင်နိုင်ပါ့မလား”
လုံချန်က ပြန်ဖြေဖို့ ပင် ဂရုမစိုက်ပေ။ သူ့ပုံစံက အပြင်ပန်းမှာ အေးဆေးနေသော်လည်း စိတ်ထဲမှာကတော့ ဟွမ်ဖေးယန်အပေါ် သတ်ဖြတ်လိုစိတ်က တစ်စက်ကလေးမှ မလျော့ခဲ့ပေ။ သူက အပြုံးတုဖြင့် တမင်ဖုံးကွယ်ထားခဲ့ရုံသာ။
ယန်ပိုင်ထျန်း ကတော့ ဟွမ်ဖေးယန်၏ အမိန့်အရ ယန်လော့မြို့တွင်သာ စောင့်နေခဲ့ရမည်ဖြစ်သည်။ ထို့နောက်တွင် လုံချန် တို့လူစုက ယန်ပိုင်ထျန်း ညွှန်ပြသည့်လမ်းကြောင်းအတိုင်း အရှေ့ယန်တောင်တန်းဆီသို့ ထွက်ခွာလာခဲ့ကြသည်။
အရှေ့ယန်တောင်တန်းက ယန်လော့မြို့နှင့် သိပ်တော့မဝေးခဲ့ပေ။ မကြာခင်မှာ သူတို့သုံးယောက်က တောင်တန်း၏အစွန်အဖျားသို့ ဝင်ရောက်လာခဲ့ပါသည်။
တစ်နေရာအရောက်တွင် ဟွမ်ဖေးယန်က ရုတ်တရက်ရပ်တန့်လိုက်ပြီး ပြောသည် “ငါတို့ သုံးယောက် လူခွဲပြီး လမ်းကြောင်း သုံးခုအတိုင်း ခွဲသွားကြမယ်။ နားလေးတွေတော့ စွင့်ထားကြ။ ဒါမှသာ အင်အားကြီးတဲ့ ရန်သူတစ်ယောက်ယောက်ကို တွေ့ခဲ့ရင် တစ်ယောက်က အော်လိုက်ရုံနဲ့ ကျန်တဲ့သူတွေ ချက်ချင်း ရောက်လာနိုင်လိမ့်မယ်”
ဟွမ်ဖေးယန်၏ပုံစံက အစ်ကိုကြီးတစ်ယောက်လိုမျိုး ဟန်ဆောင်ရင်း ပြောနေလေသည်။
လုံချန်က စကားတစ်ခွန်းပင်မပြောဘဲ နောက်သို့ တစ်ချက်လှည့်ကြည့်ပြီး ရယ်ရင်း ရှေ့ကိုသာ ဆက်လျှောက်သွားခဲ့တော့သည်။
မကြာခင်မှာ လုံချန်က အဝေးကို ရောက်သွားသည့်အခါ အစ်ကိုဝမ် က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည် “ဒီကောင်လေးကို ကြည့်ရတာ တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားရတယ်။ အခု မသတ်ရင် နောက်ပိုင်းမှာ ငါတို့အတွက် အိပ်မပျော်နိုင်တဲ့ ညတွေ ဖြစ်လာမယ်လို့ ငါစိုးရိမ်မိတယ်”
“ဒီလို လှည့်စားတတ်တဲ့အမှိုက်ကောင်က ငါတို့ရှေ့မှာ တည်ငြိမ်သလိုဟန်ဆောင်နေရုံသက်သက်ပဲ။ အခုလို လူသူကင်းမဲ့နေတဲ့ အရှေ့ယန်တောင်တန်းထဲမှာ မြေကမ္ဘာယွမ် အစောပိုင်းအဆင့်ကို ရောက်နေတဲ့ ငါတို့ နှစ်ယောက်ရှေ့မှာ သူက ကြောက်လန့်နေလောက်ပြီ။ ဒီအမှိုက်ကောင် ဘယ်လောက်ထိ ရုန်းကန်နိုင်မှာလဲ”
ဟွမ်ဖေးယန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်၏ “ငါတို့လုပ်ရမှာက ရန်သူတွေကို မျှားခေါ်ပြီးတော့ သူ့ကို သတ်ခိုင်းဖို့ပဲ။ အစ်ကိုဝမ်! အချိန်ကျရင် သူတို့ထဲက နှစ်ယောက်သုံးယောက်လောက် ထွက်ပြေးခွင့်ပေးလိုက်ပါ။ အပြင်ဖက်မှာ သတင်း ပြန့်သွားအောင် လုပ်ရမယ်။ ဒါဆို အကြီးအကဲ လျူက ငါတို့ သတ်တာ မဟုတ်ဘူးလို့ ယုံကြည်သွားလိမ့်မယ်”
အစ်ကိုဝမ် က ခေါင်းညိတ်ပြီး သဘောတူလေသည် “ကောင်းပြီ။ ဒါပေမဲ့ အကြီးအကဲ လျူက သူ့ကို အထင်ကြီးနေတာ။ ဒီလို လုပ်ရင် ငါတို့ အန္တရာယ်များမှာ မဟုတ်ဘူးလား”
“အထင်ကြီးတယ်တဲ့လား...”
ဟွမ်ဖေးယန်က တစ်ချက်ရယ်ရင်း ပြောလိုက်သည်။
“သူ့ကို ငါတို့ရဲ့သခင်လေး ဖုန်းဝူထျန်းထက် ပိုပြီးအထင်ကြီးမှာလား။ ငါတို့နောက်မှာ သခင်လေး ဖုန်းဝူထျန်း ရှိနေတယ်။ အကြီးအကဲ လျူက သူ့ကို မျက်နှာပေးရမှာဆိုတော့ သေသွားတဲ့ လူတစ်ယောက်အတွက်နဲ့ ငါတို့နှစ်ယောက်ကို အပြစ်တင်မယ်မထင်မိဘူး”
လုံချန်က အတော်ဝေးဝေး ရောက်လောက်ပြီမှန်း ယူဆလိုက်ကြသည်နှင့် နှစ်ယောက်သား နောက်ကနေ အလျင်စလို လိုက်ပါသွားကြသည်။
သို့သော် လုံချန် ကတော့ ဟွမ်ဖေးယန်၏အကြံအစည်ကို အစအဆုံးမြင်ခဲ့ရသည်။
“ဒီကောင်က သွေးဝိညာဉ်ဂိုဏ်းကို အသုံးချပြီး ငါ့ကို ဖယ်ရှားချင်နေတာပေါ့လေ။ လက်ရာခြေရာမကျန်အောင် လုပ်ချင်တာပဲ။ ဒါပေမဲ့ ဒီလို အခြေအနေ ဖန်တီးရင် ငါက သူတို့ကိုသတ်ဖို့ ပြန်ပြီးအသုံးချမှာ မကြောက်ကြဘူးလား”
ပထမဆုံး သူလုပ်ရမှာက သွေးဝိညာဉ်ဂိုဏ်း၏အဖွဲ့ဝင်များ ထွက်ပေါ်လာအောင် မျှားခေါ်ရပေမည်။ ၎င်းက လွယ်ကူသည့်အရာတော့မဟုတ်ပေ။ သို့သော် လုံချန်က အတော်လေးလိမ္မာပါးနပ်လှသည်။ အရှေ့ယန်တောင်တန်းထဲ၌ အဝါရောင်အဆင့် နတ်ဆိုးသားရဲများ အမြောက်အများရှိနေခြင်းက သူ့အတွက် လုပ်ဆောင်ရလွယ်ကူသွားခဲ့သည်။ အဝါရောင်အဆင့် သားရဲအသိုက်ကို ရှာဖွေပြီးနောက် အဝါရောင်အဆင့် ၂ နတ်ဆိုးသားရဲ ၁၀ ကောင်လောက် အပြင်ထွက်လာအောင် မောင်းထုတ်လိုက်သည်။
အဝါရောင်အဆင့် ၂ နတ်ဆိုးသားရဲများက ရူးသွပ်သွားသည့်အလား ချက်ချင်းဆိုသလို အရှေ့ယန်တောင်တန်းတစ်ခုလုံး သားရဲဟိန်းသံများ ဆူညံသွား၏။ လုံချန်က ဤမျှလောက်ဖြင့် ရပ်တန့်မနေပါ။ အခြား နတ်ဆိုးသားရဲများကိုပါ ဆက်ပြီးနှောင့်ယှက်လေသည်။ ထို့အတူ အရှေ့ယန်တောင်တန်း တစ်ခုလုံး သားရဲဟိန်းသံများ အဆက်မပြတ်ထွက်ပေါ်လာလျက် ရှုပ်ထွေးသွားတော့သည်။
ဤအခိုက်အတန့်တွင် လုံချန်က တရောသောပေါးပြေးလွှားနေသည့်အတွက် ဟွမ်ဖေးယန်က ပြုံးရင်း ပြောလိုက်သည်။
“အင်အားကြီးတဲ့ ရန်သူတစ်ယောက်ယောက် ရောက်လာရင် အလျင်စလို မလုပ်နဲ့။ သူတို့ ပုန်းအောင်းတဲ့ နေရာကို တိတ်တဆိတ်နောက်ယောင်ခံလိုက်ကြတာပေါ့။ ဒါဆို ငါတို့ အတွက် ပိုလွယ်ကူသွားမယ်၊ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလိုပေါ့”
အစ်ကိုဝမ် က ဟွမ်ဖေးယန်၏ပခုံးကို အသာပုတ်ပြီး သဘောတူခဲ့သည်။
အရှေ့ယန်တောင်တန်းက ကြီးမားသည့် ကန္တာရတောင်တန်း မဟုတ်သော်လည်းပဲ အဝါရောင်အဆင့် နတ်ဆိုးသားရဲများက အရေအတွက် မြောက်များစွာရှိလေသည်။ သူတို့နှစ်ယောက် မသိတာက လုံချန်ဟာ ရာနှင့်ချီသောနတ်ဆိုးသားရဲများစွာကို ရူးသွပ်လာအောင် တမင်ဖန်တီးနေတာကိုပါ။
မကြာခင်မှာ လုံချန်က ဟွမ်ဖေးယန်နှင့် အစ်ကိုဝမ် အပြင် တခြားလူတွေပါ ရှိနေမှန်း ရုတ်တရက် သတိထားမိလာခဲ့သည်။
“သွေးဝိညာဉ်ဂိုဏ်းသားတွေ တကယ်ပဲ ဒီမှာ ရှိနေတယ်”
နေရာအတိအကျကို မသိနိုင်သော်လည်း လုံချန်၏ အာရုံခံနိုင်စွမ်းကတော့ အလွန်အားကောင်းလှသည်။
ဤအချိန်မှာပဲ အနီရောင်ဝတ်ရုံဝတ် သက်လတ်ပိုင်းလူတစ်ယောက်က လုံချန် ပြေးလာသည့် လမ်းရှေ့တည့်တည့်ကနေ သူ့အား စိုက်ကြည့်နေခဲ့လေသည်။တာကို သတိပြုမိသွား၏။ ၎င်းက လုံချန်၏ခွန်အားကို စစ်ဆေးကြည့်လိုက်ရာ နဂါးသွေးကြောနယ်ပယ် အဆင့် ၈ သာ ရှိနေကြောင်း မြင်တွေ့ခဲ့သည်။ သက်လတ်ပိုင်းလူ၏မျက်လုံးများက အရောင်လက်လာသည်။
“ချောမောလိုက်တဲ့ လူငယ်လေးပဲ။ ငါ့ အရသာနဲ့ အတိအကျ ကိုက်ညီတယ်။ ငါ တကယ်ပဲ ဒီလောက် ကံကောင်းနေတာလား။ ကောင်းကင်ဘုံက ငါ့ကို တကယ် ကြင်နာတာပဲ”
“ဘာလို့ ဒီကောင်ရဲ့ မျက်နှာအမူအရာက ဒီလောက် ရွံစရာကောင်းနေတာလဲ”
လုံချန်ကတော့ ဟွမ်ဖေးယန်ကို မကိုင်တွယ်နိုင်သောကြောင့် စိတ်ထဲမှာ ဒေါသထွက်လို့နေခဲ့၏။ ယခု သူ့ရှေ့က သက်လတ်ပိုင်းလူကို မြင်လိုက်ရာ လူသတ်လိုစိတ်များ ပေါက်ကွဲထွက်လာတော့သည်။ ထို့နောက် တစ်ဖက်လူက မစခင်မှာပဲ သူက အရင်ဦးအောင် တိုက်ခိုက်လိုက်တော့သည်။
တစ်ချိန်တည်းမှာပဲ သက်လတ်ပိုင်းလူ၏နဖူးအလည်မှာ သွေးနီရောင်အမှတ်အသားတစ်ခုကို သတိထားမိလိုက်သည်။
“သွေးဝိညာဉ်ဂိုဏ်းကလူလား... ။ ထပ်တွေ့ပြန်ပြီ...”
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၇)
အပိုင်း ၈၈ - လှည့်ကွက်ဖန်တီးခြင်း
သက်လတ်ပိုင်းလူက တဟီးဟီးတဟားဟား ရယ်မောလိုက်သည်။ အသက်ငယ်ငယ်ချောချောလူငယ်လေးတစ်ယောက်က သူ့ဆီကို လာနေကြောင်း မြင်လိုက်သည့်အတွက် သူ့ကိုယ်သူ ကံကောင်းလှသည်ဟု ထင်မိသည်။
လုံချန် ကတော့ အနီရောင်ဝတ်သက်လတ်ပိုင်းလူက ထူးဆန်းပြီး ရွံရှာဖွယ်ကောင်းသော စိတ်ခံစားမှုမျိုး ရှိနေမှန်း တစ်ခါမှ မတွေးဖူးခဲ့ပေ။ ၎င်း၏အမူအရာက အမျိုးသမီးများကို ကြိုက်နှစ်သက်ပုံမရဘဲ အမျိုးသားများကိုသာ သဘောကျနှစ်သက်ပုံရ၏။ တစ်နည်းအားဖြင့်တော့ သက်လတ်ပိုင်းလူက လိင်တူချစ်ကြိုက်သူတစ်ယောက်ဖြစ်ပုံပင်။
တစ်ချိန်တည်းမှာပင် လုံချန်က ၎င်း၏အကြည့်ကြောင့် လူသတ်ချင်စိတ်များ ပေါက်ကွဲထွက်လာသည်။
“ဘာတုန်းဟ...။ ဒီလူက ဘာလိုချင်နေတာလဲ” လုံချန်က အနည်းငယ်စိတ်ရှုပ်ထွေးသွား၏။
ဤအချိန်တွင် သက်လတ်ပိုင်းလူက ရယ်မောလိုက်ပြီး “ချောမောတဲ့ ကောင်လေး! လာပါ...၊ ဒီဦးလေးက မင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါရစေ” ဟူ၍ ပြောလာခဲ့သည်။
ထိုစကားကြောင့် လုံချန်က ချက်ချင်း ပျို့အန်ချင်သွားသည်။ ဤအချိန်တွင်မှ လောကတွင် အမျိုးသမီးများကို စိတ်မဝင်စားဘဲ အမျိုးသားများကိုသာ စိတ်ဝင်စားသော လူထူးဆန်းများရှိနေကြောင်း သတိရမိလိုက်သည်။ သူ့ရှေ့မှ သက်လတ်ပိုင်းလူက လိင်တူချစ်သူဖြစ်ကြောင်း ထင်ရှားလှသည်။
သက်လတ်ပိုင်းလူက လုံချန် တိတ်ဆိတ်နေသောကြောင့် လှုပ်ရှားရန်ပြင်လိုက်၏။ သို့ရာတွင် လုံချန်၏ခန္ဓာကိုယ်က သူ့မျက်စိရှေ့မှာတင် ရုတ်တရက်ဝေဝါးသွားခဲ့သည်။
ဤအခြေအနေကြောင့် သက်လတ်ပိုင်းလူက ထိတ်လန့်မသွားဘဲ မျက်လုံးမှိတ်ထားလိုက်၏ “ဒီကောင်လေးက အရမ်းငယ်ပေမယ့် သိုင်းပညာကျွမ်းကျင်ပြီးသားဖြစ်နေတာပဲ။ ဒေသခံ မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်ရမယ်။ ဒီလိုလူငယ်ချောချောလေးတစ်ယောက်နဲ့ ကစားရတာ ပျော်စရာ သိပ်ကောင်းမှာပဲ”
ဤအချိန်တွင် လုံချန်၏အရိပ်နှင့် အမြန်နှုန်းက ရာနှင့်ချီ တိုးလာသည်ကို သူ သတိမထားမိလိုက်ပေ။ သက်လတ်ပိုင်းလူက မျက်တောင်ခတ်လိုက်ရုံပဲ ရှိသေး၊ လုံချန်က ရုတ်တရက် ပျောက်ကွယ်သွား၏။
ထိုခဏလေးမှာပဲ ပြင်းထန်အားပါသော လက်သီးတစ်လုံးက သက်လတ်ပိုင်းလူ၏ဝမ်းဗိုက်တည့်တည့်ကို ထိုးချလာသည်။ သက်လတ်ပိုင်းလူက ခုခံချိန်ပင်မရလိုက်ဘဲ အော်ဟစ်သံတစ်ချက်ထွက်လာပြီး မြေပြင်ပေါ်သို့ ကွေးကွေးလေးပြုတ်ကျသွား၏။
“ဘာဖြစ်နေတာလဲ။ အဲဒီ လူငယ်ရဲ့ အမြန်နှုန်းက ဘယ်လိုလုပ် ဒီလောက် မြန်ရတာလဲ။ ဒါက လှုပ်ရှားမှုနည်းစနစ်တစ်ခု လား။ ဒီကောင်လေးမှာ နောက်ခံ ကောင်းရှိနေတာလား” သက်လတ်ပိုင်းလူက သွေးချောင်းစီးတိုက်ပွဲများစွာကို ရင်ဆိုင်ဖူးသူဖြစ်ရာ သူ၏ဝမ်းဗိုက်မှ မချိမဆန့် နာကျင်နေသည့်တိုင်အောင် သတိလစ်မသွားခဲ့ပေ။
ထို့အတူ လုံချန်က အင်အားစုကြီးတစ်ခု၏ အမွေခံဖြစ်လိမ့်မည်ဟု တစ်ဆက်တည်းတွေးမိလိုက်သဖြင့်နာကျင်မှုကို အောင့်အီးသည်းခံပြီး မျက်လုံးများကို လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် မျက်ရည်များ၊နှာရည်များ စီးကျလျက် ချက်ချင်းပင် ဒူးထောက်ချကာ အသက်ချမ်းသာပေးရန် တောင်းပန်လိုက်ပါတော့သည်။
“ထူးချွန်ထက်မြက်တဲ့ လူငယ်သခင်လေး! ဒီနိမ့်ကျတဲ့ လီယန်က အသက်ရှင်ခဲ့တဲ့ကာလတစ်ခုလုံးမှာ ဘာအမှားမှ မကျူးလွန်ခဲ့ပါဘူး။ ပြီးတော့ လူငယ်သခင်လေးကို မစော်ကားရဲပါဘူး။ သခင်လေးက ဒီနိမ့်ကျတဲ့လူကို အသက်ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်”
“တကယ်လား။ အခုလေးတင် မင်းရဲ့ အဖေ ငါ့ကို ဂရုစိုက်ပေးမယ်လို့ ပြောနေတာ မဟုတ်ဘူးလား”
လုံချန်၏ဒေါသတကြီး ထွက်လာသော အသံက လီယန်ကို သေးထွက်လုမတတ် ကြောက်လန့်သွားစေသည်။
“ငါ ဘယ်လိုလုပ် ဒီလို ပြောရဲမှာလဲ။ သခင်လေးရဲ့ အရည်အချင်းက ထူးချွန်ပြီး ငါ ဘယ်တော့မှ စော်ကားရဲမှာ မဟုတ်ဘူး” သက်လတ်ပိုင်းလီယန်က သနားစရာ ကောင်းစွာ ပြောလိုက်သည်။
“ဒီကောင်က အခုနေတုန်း သနားစရာ ကောင်းနေပေမယ့် ငါ လုံချန်က ဒီလောက် အယုံလွယ်တဲ့ကောင်လား။ သူ့ဆီက သွေးနံ့တွေ လှိုင်နေမှတော့ ဘယ်လောက်တောင် လူအများကြီးသတ်ခဲ့တာလဲမသိနိုင်ဘူး။ သွေးဝိညာဉ်ဂိုဏ်းရဲ့ အကျင့်အစရိုက်က လူမဆန်အောင်ရက်စက်မှတော့ ဒီလူက ဘယ်လိုလုပ်ပြီး သနားစရာကောင်းမှာလဲ”
အစကတော့ လုံချန်က လီယန်ကို သတ်ချင်ခဲ့၏။ သို့သော်လည်း ၎င်းက အနာဂတ်မှာ သူ့အတွက် အသုံးဝင်လာနိုင်ကြောင်း ထင်မိသည်။ လုံချန်က ရုတ်တရက်ဆိုသလို လီယန်၏မျက်နှာကို တည့်တည့် ကန်လိုက်သည်။ “ဘုန်း” ခနဲ ပေါက်ကွဲသံနှင့်အတူ လီယန်၏ခေါင်းက မြေပြင်ပေါ်စိုက်ကျသွား၏။ ထို့နောက် လုံချန်က ခေါင်းတည့်တည့်ကို နင်းထားလိုက်ပြီး “ကောင်းပြီလေ၊ ဒီဖေဖေက မင်းနဲ့ အချိန်မဖြုန်းချင်ဘူး။ ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်။ ပထမ ရွေးချယ်မှုက သေခြင်းပဲ။ ဒုတိယ ရွေးချယ်မှုကလည်း သေခြင်းပဲ”
လီယန်က ကြောက်လန့်သွားပြီး မျက်နှာကလည်း ဖြူဖျော့သွားပါတော့သည်။ သူသေသွားနိုင်ကြောင်း သိလိုက်သည့်အတွက် မျက်နှာပေါ်မှာ စိတ်ပျက်အားငယ်နေသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
လုံချန်က လီယန်၏အမူအရာကို မြင်သောအခါ ၎င်းက စိတ်ဓာတ်ခိုင်မာသူမဟုတ်မှန်း သိလိုက်ရသည်။ သူ့စိတ်ထဲ အနည်းငယ်စိတ်ပေါ့သွားပြီး “တိတ်စမ်း... ငိုမနေနဲ့။ ဒီဖေဖေက မင်းကို နောက်နေတာ။ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်။ ပထမ ရွေးချယ်မှုက သေခြင်းပဲ၊ ဒုတိယတစ်ခုကတော့ ငါ့ကို မင်းတို့လူတွေ ပုန်းအောင်းနေတဲ့ လျှို့ဝှက်နေရာကို ခေါ်သွားဖို့ပဲ”
လီယန်က အစကတော့ စိတ်ပျက်အားငယ်နေခဲ့၏။လုံချန်၏ နောက်ဆုံးပြောစကားကို ကြားပြီးနောက် စိတ်သက်သာရာရသွားပြီး မှ စိုးရိမ်သွားပြန်သည်။ လုံချန်၏စကားကိုကြားပါက သူ့ရည်ရွယ်ချက်ဟာ သွေးဝိညာဉ်ဂိုဏ်း ဖြစ်မှန်း အရူးတစ်ယောက်ပင် သိနိုင်လေသည်။ ခဏလေးအတွင်းမှာပဲ သူ့ခေါင်းထဲမှာ အတွေးများစွာ ပေါ်လာခဲ့သည်။
“ဒီကောင်လေးက ငါ့ကို ခြိမ်းခြောက်နေတဲ့ အကြောင်းပြချက်က ငါတို့ဂိုဏ်းသားတွေရဲ့ နေရာကို စုံစမ်းဖို့လား။ဒါဆို သူ့ရည်ရွယ်ချက်က ဘာဖြစ်မလဲ။ ဖြစ်နိုင်တာက ယန်လောမြို့ကနေ ငါတို့ဖမ်းခေါ်လာတဲ့ မိန်းကလေးတွေကို ကယ်တင်ဖို့ ကြိုးစားနေတာ ဖြစ်ရမယ်”
“ပြီးတော့ သူက ဒီလောက်အသက်ငယ်ငယ်လေးနဲ့တောင် တစ်ယောက်တည်း ထွက်လာရဲတယ်။ ကောင်းပြီ၊ ငါ မင်းကို အဲဒီကို ခေါ်သွားပေးမယ်။ ဂိုဏ်းရဲ့ ကာကွယ်သူ နှစ်ယောက်ရှေ့မှာ မင်း ဘယ်လို ရင်ဆိုင်မလဲ ဆိုတာ ကြည့်ကြရအောင်။ မင်း ငါ့ကို နှစ်ခါတောင် ရိုက်နှက်ခဲ့တယ်။ ငါ လီယန်က ဒါကို သေချာပေါက်မှတ်ထားလိမ့်မယ်”
လုံချန်က လီယန်၏မျက်လုံးအကြည့်ကို မြင်သောအခါ ၎င်း၏ရည်ရွယ်ချက်ကို သိလိုက်ပါသည်။ မည်သို့ပင်ဖြစ်စေ သူ၏အဓိက ရည်ရွယ်ချက်ကလည်း သွေးဝိညာဉ်ဂိုဏ်း၏ လျှို့ဝှက်စစ်အခြေစိုက်စခန်းကို ရှာဖွေဖို့ပင်မဟုတ်ပါလား။ နောက်ပိုင်း ဖြစ်လာမည့်ကိစ္စကတော့ ဟွမ်ဖေးယန် တို့နှစ်ယောက်ကို ကိုင်တွယ်ခိုင်းမည်ဖြစ်သည်။ ထို့ကြောင့် သူက လီယန်၏အကြံအစည်ကို သိနေသည့်တိုင် ဂရုမစိုက်တော့ပေ။
လုံချန်က တော်တော်ကြာ တိတ်ဆိတ်နေသည့် လီယန်ကို စိုက်ကြည့်၍ အေးစက်စက်ပြောလိုက် “ကောင်းပြီ၊ ဒီလောက်ကြာနေပုံထောက်ရင် မင်း ဆုံးဖြတ်ပြီးပြီလား။ မင်းက သေခြင်းတရားကို ရွေးချယ်နေတာ ဖြစ်ရမယ် မဟုတ်လား”
လီယန်က အသည်းအသန်း ကြောက်လန့်သွားပြီး ချက်ချင်းပင် ပြန်ပြောတော့သည် “အရှင်၊ ဒီနိမ့်ကျတဲ့လူက ဒုတိယ တစ်ခုကို ရွေးချယ်ပါတယ်။ ငါ မင်းကို အဲဒီနေရာကို ချက်ချင်း ခေါ်သွားပေးမယ်”
“အိုး...၊ ဒါ တကယ်ပဲလား...”
လုံချန်က လီယန်ကို အံ့သြတကြီး ကြည့်လိုက်ရင်း “မင်း ဘာကိုမှ မစီစဉ်ထားဘူးလား”ဟု မေးလိုက်၏။
“ဒီနိမ့်ကျတဲ့လူက မလုပ်ရဲပါဘူး”
လုံချန်က အရာရာကိုသိနေသော်လည်း ဂရုမစိုက်ဟန်ဆောင်ကာ ပြုံးပြီး ပြောခဲ့သည် “မင်း ငါ့လက်ထဲမှာ ရှိနေသရွေ့တော့ မင်းဆီကနေ မနာခံတဲ့အရိပ်အယောင် နည်းနည်းလေးပြမိတာနဲ့ ဒီလောကမှာ မွေးဖွားလာရတာကို နောင်တရစေရမယ်။ ဘာပဲဖြစ်ဖြစ် သွေးဝိညာဉ်ဂိုဏ်းမှာ မင်းလို လူမျိုး မရှိဘူးဆိုတာ ငါမယုံဘူး။ အလွန်ဆုံးရှိမှ ငါ နောက်တစ်ယောက်ကို ဖမ်းပြီး မင်းတို့ရဲ့ အခြေစိုက်စခန်းကို ရှာရုံပေါ့”
“ဒါ အမှန်ပါပဲ၊ ငါ သခင်လေးကို အမှန်အတိုင်း ပြောတာပါ” လီယန်က ခေါင်းကို အမြန် ညိတ်ပြီးမှ လုံချန်က သူ့ကို လွှတ်ပေးလိုက်သည်။ ထို့နောက် လီယန်ကမတ်တပ်ထရပ်လာသည်။ လုံချန်က ဘာမှမပြောဘဲစိုက်ကြည့်နေ၏။ ခဏအကြာတွင် လီယန်က နောက်လှည့်ကာ စတင်ထွက်ခွာလေတော့သည်။ လုံချန်က သူ့နောက်ဖက် ခပ်လှမ်းလမ်းကို တစ်ချက်လှမ်းကြည့်ပြီး နောက်ကနေလိုက်ပါသွား၏။ ထိုနေရာတွင် ဟွမ်ဖေးယန် ပုန်းအောင်းနေမှန်း သိနေလို့ပါ။
“ကောင်းလိုက်တဲ့ အစီအစဉ်ပဲ။ လုံချန်! နောက်ဆုံးတော့ မင်း သေရမယ့် အချိန် ရောက်ပြီ”
“ညီအစ်ကိုဟွမ်! လုံချန်က သားရဲအသွင်ပြောင်းကျင့်ကြံသူ မဟုတ်ဘူးလား။ သူက နဂါးသွေးကြောနယ်ပယ် အဆင့် ၈ မှာ ရှိနေပေမယ့် အသွင်မပြောင်းဘဲနဲ့တောင် အဲဒီ အဆင့်တူ ပြိုင်ဖက်ကို ဘယ်လိုလုပ် အလွယ်တကူ အနိုင်ယူနိုင်မှာလဲ”
အစောပိုင်းတုန်းက တိုက်ပွဲမြင်ကွင်းကို ပြန်မြင်ယောင်မိရင်း အစ်ကိုဝမ် က စိတ်ထဲမှာ တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။
ထို့အတူပင်၊ ဟွမ်ဖေးယန်ကလည်း မျက်မှောင်ကြုတ်ပြီး ပြောသည် “ဒီကောင်က မျိုးနွယ်စု ရွေးချယ်ပွဲတုန်းကထက် နည်းနည်း ပိုအားကောင်းလာပုံပဲ။ သူ့ခွန်အားက နည်းနည်းလေး တိုးတက်လာတာထင်တယ်။ ထားလိုက်ပါ....၊ သူက နဂါးသွေးကြောနယ်ပယ် အဆင့် ၉ မှာ ရှိနေရင်တောင် ဘာမှ စိုးရိမ်စရာ မရှိပါဘူး”
“ဒီလုံချန်က တကယ်ကို ပါရမီရှိတယ်။ အစကတည်းက ရေခဲတောင်ထိပ်ဖျားကိုပဲ မြင်ဖူးပေမယ့် အစောပိုင်းက ရွေ့လျားမှု နည်းစနစ်ကို ကြည့်ရတာ အတော်လေး အထင်ကြီးစရာ ကောင်းတယ်။ ဒါပေမဲ့ ဘာလို့ အဲဒီ သိုင်းနည်းစနစ်က ဒီလောက် ရင်းနှီးနေရတာလဲ” အစ်ကိုဝမ် က အံ့သြနေသံဖြင့်ပြော၏။ “အဲဒါက လင်းဝူမိသားစုရဲ့ “နဝမကောင်းကင်နဂါးခြေလှမ်းပဲ” သူ မယုံနိုင်သော်လည်း ဟွမ်ဖေးယန်က ဒေါသတကြီးပြောလိုက်သည် “ဒီသူတောင်းစားလေးက “နဝမကောင်းကင်နဂါးခြေလှမ်း” ကို ယူသွားတာ (၅) ရက်ပဲ ရှိသေးတယ်။ တော်တော် မယုံနိုင်စရာပဲ။ အမှန်တိုင်းပြောရရင် ငါတို့ရဲ့ အစိမ်းရောင်နေမင်းဌာနခွဲမှာ ဒီလို အရည်အချင်းမျိုးနဲ့ ယှဉ်နိုင်တဲ့သူက သခင်လေး ဖုန်းဝူထျန်းပဲ ရှိမယ်ထင်တယ်”
“ဒါပေမဲ့ အစ်ကိုဝမ်…”
ဟွမ်ဖေးယန်က မျက်နှာမည်းမှောင်လျက် ပြောလိုက်သည် “ဒီလိုလူမျိုးကို ငါတို့ အစောကြီးကတည်းက ရှင်းထားသင့်တယ်”
“မဟုတ်ရင် သူ့ကို ကြီးထွားခွင့် ပေးလိုက်ရင် ငါတို့ကို အဆုံးမရှိ ဒုက္ခပေးလိမ့်မယ်”
အစ်ကိုဝမ် က ခဏတိတ်ဆိတ်သွား၏။ သူက လုံချန်နှင့် ရန်သူ ဖြစ်ချင်သည်မဟုတ်သော်လည်း ဟွမ်ဖေးယန်နှင့် မိတ်ဆွေများဖြစ်နေလေရာ ရွေးချယ်စရာ မရှိတော့ပေ။
အစ်ကိုဝမ် က သက်ပြင်းချရင်း ပြောလိုက်၏ “သွားကြစို့။ အခြေအနေကြည့်ပြီး ဒီလုံချန်ကို ရှင်းထုတ်ရတာပေါ့”
ဤအချိန်တွင် လုံချန် က လီယန်၏လမ်းပြမှုဖြင့်အရှေ့ယန်တောင်တန်းထဲရှိ အမည်မသိတောင်ထိပ်နှစ်ခုကို ဖြတ်ကျော်လာပြီး သစ်ပင်များ ညှိုးနွမ်းခြောက်သွေ့နေသော တောအုပ်တစ်ခုထဲသို့ ရောက်လာခဲ့သည်။ ဤနေရာတစ်ခုလုံးက ကျောက်ဆောင်များ ထူထပ်ပြီး လူတစ်ရပ်စာခန့်ရှိသော ကျောက်တုံးကြီးများပြည့်နှက်ကာ အလွန် ဝေးလံခေါင်သီသော နေရာတစ်ခုဖြစ်ပုံရသည်။
ထူးခြားသည်က ဤနေရာရှိ နတ်ဆိုးသားရဲအားလုံးကို သွေးဝိညာဉ်ဂိုဏ်း က ဖယ်ရှားလိုက်ကြပုံရ၏။ ယခင်က နတ်ဆိုးသားရဲအသိုက်များ၊လှိုဏ်ဂူများက ယခုတော့ ဖမ်းဆီးခံမိန်းမပျိုများ၏ အကျဉ်းထောင်ဖြစ်ခဲ့သည်။
“ကြည့်လိုက်ပါ… သခင်လေး! ယန်လော့မြို့က ဖမ်းခေါ်လာတဲ့ အမျိုးသမီးတွေကို ငါနဲ့တခြားဂိုဏ်းတူညီအစ်ကို နေထိုင်တဲ့ဂူရဲ့ အတွင်းပိုင်းထဲမှာ အကျဉ်းချထားတယ်။ ပြီးတော့ သူတို့တွေ ဘာမှ ထိခိုက်မှုမရှိသေးဘူး ဆိုတာ အာမခံပါတယ်…”
ရောက်ရောက်ချင်း လုံချန်က လူရှိနေသောအရိပ်အယောင်ကို ခံစားလိုက်ရသည်။ ၎င်းအပြင် အရက်နှင့်အသားကင်နံ့ကိုလည်း အမှတ်မထင်ရှူရှိုက်မိလိုက်သည်။ အဝေးရှိ ချုံပုတ်တစ်ခုကနေ မီးခိုးငွေ့ အနည်းငယ် လွင့်တက်နေတာကို လှမ်းမြင်လိုက်ရသည်။
ဤအချိန်တွင် လုံချန်အတွက်က လီယန်ကို မလိုအပ်တော့ပေ။ လီယန်က ထိုအချက်ကို စဉ်းစားမိသွားပုံရ၏။ လုံချန်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ ဤအချိန်က သူ့ဘဝကို သေမလား၊ရင်မလား အဆုံးအဖြတ်ပေးမည့် အခိုက်အတန့်ဖြစ်နေလို့ပင်။ တစ်ချိန်တည်းမှာပင် သူက လုံချန်ကို အလစ်တိုက်ခိုက်ပြီးနောက် ထွက်ပြေးရန် အပြည့်အဝ ပြင်ဆင်ထားပြီးသားဖြစ်သည်။
သူ့အနေဖြင့် လုံချန်ကို အနိုင်ယူဖို့ မလိုအပ်ပေ။တိုက်ခိုက်ဟန်ပြပြီး ထွက်ပြေးရန်စဉ်းစားထား၏။ ထို့နောက် သွေးဝိညာဉ်ဂိုဏ်း၏အဖွဲ့ဝင်များကို အကူအညီတောင်းလိုက်ရုံပါ။
ဤအချိန်တွင် လုံချန်က တိုက်ခိုက်ခြင်းမရှိဘဲ လီယန်ကို ပြုံးပြီး ကြည့်လိုက်သည်။
“သခင်လေး! ငါတို့ဂိုဏ်းဝင်တွေ နေတဲ့နေရာကို ရောက်လာပြီလေ။ သခင်လေးက ငါ့ကို လွှတ်ပေးမယ်လို့ ကတိပေးထားတာ။ အခုကျ ကတိကိုပြန်ဖျက်ချင်နေတာလား”
“ဘာမှ မဟုတ်ပါဘူး၊ ငါက တစ်ယောက်ယောက်ကို စောင့်နေတာပါ” လုံချန်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
“တစ်ယောက်ယောက်ကို စောင့်နေတာလား”
လီယန်က နားမလည်ပေ။ သို့သော် မကြာခင်မှာပဲ သူတို့နောက်ကနေ လူငယ်နှစ်ယောက် ရုတ်တရက် ပေါ်လာခဲ့သည်။ ၎င်းတို့ထံမှ အစွမ်းထက်အရှိန်အဝါများပင် ထုတ်လွှတ်နေ၏။ ထိုနှစ်ယောက်က သူ့ရှေ့ရှိ လူငယ်ထက်ပင် ပိုပြီးသန်မာပုံရသည်။
လီယန်က ကြောက်လန့်သွားပြီး နောက်ဆုံးမှာတော့ သူ့အနေဖြင့် လုံချန်ကို လျှော့တွက်မိနေသေးကြောင်း သဘောပေါက်သွား၏။ အစကတော့ လုံချန်က အမျိုးသမီးများကို ကယ်တင်ရန် တစ်ယောက်တည်း ထွက်လာခဲ့သည့် အရူးတစ်ယောက်ဟု ထင်နေခဲ့သည်။ လုံချန် အပြင် နောက်ထပ် လူနှစ်ယောက်ပါ ရှိနေဦးမည်ဟု မထင်ထားခဲ့ပေ။ တစ်ဖက်ရန်သူက စုစုပေါင်း လူ (၃) ယောက်သာ ရှိနေသော်လည်း အားလုံးက လူငယ်ပညာရှင်များ ဖြစ်နေခဲ့၏။ တစ်ချိန်တည်းမှာပဲ သူ့ခေါင်းထဲမှာ ကြောက်စရာကောင်းသည့် အတွေးတစ်ခု ပေါ်လာခဲ့သည်။
“မင်းတို့က… လင်းဝူမိသားစုက လား”
“မင်း ခန့်မှန်းတာ မှန်တယ်”
ဟွမ်ဖေးယန်နှင့် အစ်ကိုဝမ် တို့နှစ်ယောက်က ရုတ်တရက်ဆိုသလို လီယန်ရှေ့မှာ ပေါ်လာကြသည်။ ဟွမ်ဖေးယန်က အေးစက်စွာ ရယ်မောပြီး လီယန်၏ရင်ဘတ်ကို လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ရိုးရှင်းသော လက်သီးချက်တစ်ချက်သာ ဖြစ်သော်လည်းပဲ အစောပိုင်း မြေကမ္ဘာယွမ်အဆင့် ပညာရှင်၏ စွမ်းအားအပြည့်တိုက်ခိုက်မှုဖြစ်နေခဲ့သည်။ လက်သီးချက် သာ လီယန်ကို ထိမှန်ခဲ့ပါက ချက်ချင်း သေသွားပါလိမ့်မည်။
ဟွမ်ဖေးယန်၏မျက်နှာအမူအရာက လုံချန်ထက်ပင်အများကြီး ပိုရက်စက်ကြမ်းကြုတ်နေသည်။ ဟွမ်ဖေးယန် ပေါ်လာသည့်အခါ လီယန်က သူ့ဘဝ အဆုံးသတ်သွားသလို ခံစားလိုက်ရသည်။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ကြားက နယ်နိမိတ်တွင် လီယန်က လွတ်မြောက်လိုသောစိတ်ဖြင့် ချီစွမ်းအင်အားလုံးကို အသုံးပြု၍ တဟုန်ထိုးပေါက်ကွဲထွက်လာခဲ့သည်။
“ငါ့လက်ကနေ လွတ်မြောက်နိုင်မယ်လို့ မင်း ထင်နေတာလား”
ဟွမ်ဖေးယန်က သူ၏ ဒေါသကို ကြာမြင့်စွာ ထိန်းချုပ်ထားခဲ့သော်လည်း လုံချန်ကို ယခုအချိန်တွင် တိုက်ခိုက်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် သူက လီယန်အပေါ်တွင်သာ ဒေါသကို ဖွင့်ဟနိုင်သည်။ ထို့အတူ လီယန်ကို သတ်လိုက်ခြင်းက လုံချန်အား မကြာခင်ကြုံရတော့မည့်အခြေအနေကို ကြိုပြီးပြသနေသလိုပင်မဟုတ်ပါလား။
လီယန်နှင့် ဟွမ်ဖေးယန်တို့နှစ်ယောက်ကြားက စွမ်းအားကွာဟချက်က နယ်ပယ်အဆင့်ကြီးတစ်ဆင့်ထိ ကွာဟနေ၏။ လီယန် အနေဖြင့် လွတ်မြောက်ရန် အခွင့်အရေး လုံးဝ မရှိပေ။
မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားသည်အလား လီယန်၏မျက်နှာတစ်ခုလုံး ဖြူရော်နေခဲ့သည်။သို့သော် ရုတ်တရက်ဆိုသလ သူ့ရှေ့တွင် အရိပ်တစ်ခု ပေါ်လာပြီး ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပနေသော လက်သီးတစ်လုံးက ဟွမ်ဖေးယန်ကို နောက်ဆုတ်သွားအောင် ထိုးနှက်လိုက်သည်။
လီယန်က မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လုံချန် ဖြစ်နေမှန်း မြင်လိုက်ရ၏။
Translator# အနှောင်အဖွဲ့ကင်းမဲ့သူ