← Chapters

အခန်း (၈၉-၉၀)

Vol. 7 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 7 Ch. 89-90

...(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၇)

အပိုင်း ၈၉ - မဟာဥက္ကာပျံလက်သီး

လီယန်၏အမြင်အရ ဤအခြေအနေက သူ လုံးဝ မမျှော်လင့်ထားသည့် အရာပင်။

သူ အသတ်ခံရခါနီးမှာပင် လုံချန်က ရုတ်တရက် ရှေ့မှာ ပေါ်လာပြီး ဟွမ်ဖေးယန်ကို တားဆီးလိုက်သည်။ ထို့ကြောင့် လီယန်ကို ထွက်ပြေးဖို့ အခွင့်အရေး ရသွားစေခဲ့သည်။ ထွက်ပြေးနေရင်း သူကြုံတွေ့ရသော အခြေအနေကို နားမလည်နိုင်ဖြစ်နေ၏။

လုံချန်က သူ၏တိုက်ခိုက်မှုကို တားဆီးပြီး လီယန်ကို လွှတ်ပေးလိုက်သည့်အတွက် ဟွမ်ဖေးယန်က ဒေါသတကြီး အော်ငေါက်လိုက်သည်။

“လုံချန်၊ မင်းက ဘယ်လို လူမိုက်လဲ။ မင်းခေါင်းထဲ တစ်ခုခု ချို့ယွင်းနေတာလား”

“ငါ အရင်က ပြောခဲ့ပြီးသားပဲ၊ ငါတို့ သူ့ကို မသတ်ဘူး။ ငါ ကတိပေးထားတာကို ဖြည့်ဆည်းပေးလိုက်ရုံပါ”

လုံချန်က နောက်ဆုတ်မည့် အရိပ်အယောင် လုံးဝမပြပေ။ ဟွမ်ဖေးယန်က ဆက်ပြီးသည်းမခံနိုင်တော့ပါ။ သူတိုက်ခိုက်ခါနီးတွင် အစ်ကိုဝမ် က ရုတ်တရက် တားလိုက်သည်။

သူတို့က လုံချန်ကို သတ်ဖြတ်ရန်အတွက် အချိန်တော်တော်ကြာအောင် သည်းခံလာခဲ့ရသည်။ ယခုအချိန်မှာတော့ အလွန်အမင်း ဒေါသထွက်နေလျှင်ပင် ခဏလောက်ထပ်ပြီးသည်းခံရပေမည်။

ဟွမ်ဖေးယန် က လုံချန်ကို အေးစက်စက် စိုက်ကြည့်ရင်း ပြောလိုက်သည်..

“မင်း သူ့ကို လွှတ်ပေးလိုက်တာဆိုတော့ မင်းကိုယ်တိုင် သူ့ကို ပြန်ဖမ်းရမယ်”

လီယန် သာ သူတို့ထက် အရင်ရောက်သွားပါက သွေးဝိညာဉ်ဂိုဏ်း၏ အဖွဲ့ဝင်တွေက အခြေစိုက်စခန်းကို စွန့်ခွာပြီး ထွက်ပြေးသွားနိုင်သည်။ ထိုအချိန်ရောက်ပါက သူတို့၏မစ်ရှင်လည်း အလိုလိုရှုံးနိမ့်သွားပြီဖြစ်သည်။ ဟွမ်ဖေးယန်က လုံချန်ကို သတ်ချင်နေသည့်တိုင်အောင် နောက်နည်းလမ်းတစ်ခုရှာရန်သာ ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် လုံချန်ကိုပါ သူတို့နှင့်အတူ လိုက်ပါပြီးဖမ်းခိုင်းလိုက်ရတော့သည်။

လုံချန်က ရယ်မောလိုက်၏။ ထို့နောက်တော့ သုံးယောက်သား လီယန် ထွက်ပြေးသွားသည့်လမ်းကြောင်းအတိုင်း အလျင်အမြန်ပြေးလိုက်သွားကြတော့သည်။ လီယန်က အဆင့်နိမ့်ကျင့်ကြံသူ ဖြစ်ရာ အရှိန်မမြန်ပေ။ သိပ်မကြာခင်မှာ လုံချန် တို့သုံးယောက်ကလည်း နောက်ကနေ လိုက်ပါလာရင်း သွေးဝိညာဉ်ဂိုဏ်း၏ အခြေစိုက်စခန်းရှိရာသို့ ရောက်လာကြသည်။

ဟွမ်ဖေးယန်နှင့် အစ်ကိုဝမ် တို့က ရှေ့ဆုံးကနေ လိုက်နေကြသည်။ ပြေးလွှားနေရင်း နောက်ကို ခဏခဏ လှည့်ကြည့်ပြီး လုံချန် လိုက်လာနေခြင်းရှိမရှိ စစ်ဆေးနေကြသည်။

“ဒီကောင်က အရှိန်ကျတော့ မဆိုးဘူး”

အချိန်အနည်းငယ်ကြာပြီးနောက်တွင် ရှေ့မှ လီယန်၏ပုံရိပ်ကို မြင်လိုက်ရသည်။ သေမင်းရှေ့ ရောက်လျှင် လူတစ်ယောက်၏အလားအလာ အကန့်အသတ်မဲ့ ထွက်ပေါ်လာနိုင်သည်။ လီယန်က ကြောက်လန့်တကြား အော်ဟစ်ရင်း တရကြမ်းပြေးနေခဲ့သည်။ ရုတ်တရက် အေးစက်စက်ကြိမ်းမောင်းသံ ထွက်လာ၏။ ထို့နောက် နဖူးအလည်တည့်တည့်၌ သွေးနီရောင်အမှတ်အသားရှိသည့် လူတစ်စုရုတ်တရက် ပါ်လာခဲ့သည်။

အရေအတွက်က ၁၀ ယောက်နီးပါးခန့်ရှိ၏။ ထိုလူစုထံမှ သွေးညှီနံ့များ ပျံ့လွင့်နေလေသည်။ ၎င်းတို့က သွေးဝိညာဉ်ဂိုဏ်းသားများပင်တည်း။

လီယန် က ထိုလူစုကို မြင်သောအခါ ရှေ့ကို အပြေးအလွှား သွားတော့သည်။ လူစုက လီယန်၏ နောက်မှ လိုက်လာနေသည့် ဟွမ်ဖေးယန်နှင့် အစ်ကိုဝမ် ကို သတိပြုမိကြသည်။

“အစောင့်အရှောက်သခင်တို့! ဒီလူသုံးယောက်က လင်းဝူမိသားစုရဲ့ ပညာရှင်တွေပါ”

လင်းဝူမိသားစု ဆိုသည့် စကားကို ကြားလိုက်ချိန်တွင် သွေးဝိညာဉ်ဂိုဏ်း၏ အစောင့်အရှောက်များပင် ဖြစ်လင့်ကစား မျက်နှာပျက်သွားကြသည်။

လူစုထဲမှာ ခေါင်းဆောင်ဖြစ်ပုံရသည့် သတ်လတ်ပိုင်းနှစ်ယောက်ရှိနေသည်။ တစ်ယောက်က မျက်ခုံး မျက်လုံးနှင့် ဆံပင်ကအစ အနီရောင် ဖြစ်နေသည်။ ၎င်း၏အကြည့်က စူးရှလှသည်။ နောက်တစ်ယောက်ကတော့ အရပ်ရှည်ရှည်နှင့် ထိပ်ပြောင်လူတစ်ယောက်ပင်။ အဝေးကနေ ကြည့်ပါက သံလုံးကြီးတစ်လုံး လိုထင်ရလောက်သည်။

“ဒီသက်လတ်ပိုင်းနှစ်ယောက်က သွေးဝိညာဉ်ဂိုဏ်းရဲ့ အစောင့်အရှောက် (၈) ယောက်ထဲက နှစ်ယောက်ပဲ ဖြစ်ရမယ်။ ဒီနှစ်ယောက်ထဲမှာ ခေါင်းဆောင်က ဆံပင်နီလူပဲ”

လုံချန်က ဆံပင်နီသက်လတ်ပိုင်းလူကို ဖြစ်နိုင်ချေအရှိဆုံးဟု ခံစားမိသည်။ ဤအချိန်တွင် ဆံပင်နီလူ၏မျက်နှာက ပြောင်းသွားပြီး အော်လိုက်သည်...

“သူတို့ အားလုံးကို သတ်ပစ်လိုက်။ တစ်ယောက်မှ မလွတ်စေနဲ့”

သွေးဝိညာဉ်ဂိုဏ်းအတွက် လင်းဝူမိသားစုက မော့ကြည့်၍ပင် မဖြစ်နိုင်လောက်သော တည်ရှိမှုဖြစ်ခဲ့သည်။ ထို့ကြောင့် သူတို့ အသက်ရှင်လိုပါက လူငယ် (၃)ယောက်စလုံးကို သတ်ပြီး ခြေရာလက်ရာမကျန်အောင် ပျောက်ကွယ်သွားမှသာ။

“အမိန့်အတိုင်းပါ အစောင့်အရှောက် ချင်! ”

တစ်ဖက်မှာ ဟွမ်ဖေးယန်ကတော့ ရန်သူ့ဖက်ကခေါင်းဆောင်နှစ်ယောက်ရှိနေမှန်း မြင်လိုက်ချိန်တွင် တိတ်တဆိတ် ဝမ်းသာသွား၏။

“ဒီနှစ်ယောက်ထဲမှာ ထိပ်ပြောင်တဲ့ကတုံးက အလယ်အလတ်မြေကမ္ဘာယွမ်အဆင့် မှာရှိတယ်။ အစောင့်အရှောက် ချင် က အစောပိုင်းမြေကမ္ဘာယွမ်အဆင့် ဆိုတော့ ငါနဲ့ နီးစပ်တယ်။ ဒီနှစ်ယောက်ရဲ့ အင်အားက လုံချန်ကို သုတ်သင်ဖို့ လုံလောက်တယ်”

“သွေးဝိညာဉ်ဂိုဏ်း လား။ ငါတို့ လင်းဝူမိသားစုက လူတွေကို တိုက်ခိုက်ရဲတယ်ပေါ့။ ငါတို့ အုပ်ချုပ်တဲ့ နယ်မြေထဲမှာ ဒီလို ရက်စက်တဲ့ လုပ်ရပ်တွေ လုပ်ရဲသလား။ ဒီနေ့ လင်းဝူမိသားစု ကိုယ်စား မင်းတို့ အားလုံးကို သုတ်သင်ပစ်မယ်”

ထို့နောက် ဟွမ်ဖေးယန်က စိတ်ထဲမှာ အစီအစဉ်များ ချနေရင်း အစ်ကိုဝမ် ကို လျှို့ဝှက်စွာ ပြောလိုက်သည်

“ခဏနေရင် ငါက အစောင့်အရှောက် ချင် နဲ့ ရင်ဆိုင်မယ်။ မင်း နောက်ကနေ ကွေ့ပတ်သွားပြီးတော့ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေကို ကယ်ထုတ်လိုက်။ ကတုံးလူက မင်းကို မတိုက်ခိုက်ရဲဘူး။ သူက သေချာပေါက် လုံချန်ဆီကို သွားမှာပဲ”

အစ်ကိုဝမ် က သူ့အဓိပ္ပာယ်ကို နားလည်ပါသည်။ ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်း၏အဖွဲ့ဝင်တွေက ရှေ့တက်လာကြသည်။ အားလုံးက နဂါးသွေးကြောနယ်ပယ် အဆင့်မြင့် ပညာရှင်များချည်းသာ။ မြေကမ္ဘာယွမ်အဆင့် မဟုတ်သည့်တိုင် အရေအတွက်များသဖြင့် အင်အားတောင့်လှသည်။ သုံးယောက်မှာ နှစ်ယောက်က မြေကမ္ဘာယွမ်အဆင့် ဖြစ်ပြီး ကျန်တစ်ယောက်က နဂါးသွေးကြောနယ်ပယ်အဆင့် ၉ သာ။ သို့သော် သူတို့အမြင်အရတော့ လူငယ်များက တိုက်ပွဲအတွေ့အကြုံနုသေးပုံပေါ်သည်။ ပူးပေါင်းတိုက်ခိုက်မည့်အစား လူခွဲတိုက်ခိုက်နေ၏။

“ဒီ လူငယ်သုံးယောက်က တိုက်ပွဲ အတွေ့အကြုံ မရှိလောက်သေးဘူး။ အစွမ်းထက်တာ ပဲ ရှိတယ်။ အစက နည်းနည်း ကြောက်မိပေမယ့် ဒီအမှိုက်လို အမျိုးသမီးတွေကို ကယ်ဖို့ လူခွဲထွက်သွားကြတယ်။ တကယ် အရမ်း မိုက်မဲတာပဲ”

အစောင့်အရှောက် ချင် က သူ့ရှေ့က မြင်ကွင်းကြောင့် အေးစက်စက် ရယ်လိုက်သည်။ ထို့နောက် အော်ဟစ်အမိန့်ပေးလိုက်၏

“မြေကမ္ဘာယွမ်အဆင့် ကို မရောက်သေးတဲ့ တပည့်တွေ အားလုံး သူတို့ကို လိုက်ဖမ်းပြီး ချုပ်ထားလိုက်။ ငါ ဒီနှစ်ယောက်ကို သတ်ပြီးတာနဲ့ ချက်ချင်း လာကူမယ်”

နဂါးသွေးကြောနယ်ပယ် ပညာရှင် (၁၀) ယောက်လောက်ရှိနေသော်လည်း ပြိုင်ဖက်က မြေကမ္ဘာယွမ်အဆင့် ဖြစ်နေလေရာ အနိုင်ယူရန်မဖြစ်နိုင်ပေ။ သို့သော် ယာယီတားဆီးထားရုံတော့ လုံလောက်၏။

ဤအတောအတွင်းမှာ အစောင့်အရှောက် နှစ်ယောက်က ဟွမ်ဖေးယန်နှင့် လုံချန်ကို သတ်နိုင်ပါလိမ့်မည်။

“စကားပြောနည်းနည်းကြမ်းတဲ့ လူငယ်က တော်တော်သန်မာတယ်။ ငါ အပြည့်အ၀ အာရုံစိုက်ရမယ်။ ဒါပေမယ့် အစောင့်အရှောက် ရှီ က အဲဒီ လူငယ်လေးကို သတ်ပြီးတာနဲ့ ငါတို့ နှစ်ယောက်ပေါင်းပြီး ဒီကောင်ကို သတ်လိုက်မယ်”

“ဒီတစ်ခါ အနိုင်အရှုံး ဆုံးဖြတ်မယ်။ အစောင့်အရှောက်ရှီ! ငါတို့မှာ ရှိသမျှအကုန်လုံး ထုတ်သုံးကြမယ်”

ဤအချိန်တွင် ဟွမ်ဖေးယန်က သက်ပြင်းချရင်း အစောင့်အရှောက် ရှီ နှင့် ထိပ်တိုက်တွေ့နေသော လုံချန်ကို ကြည့်ပြီး ရယ်မောလိုက်သည်။

“ဒီ ကတုံးက ညှာတာမဲ့ပုံမပေါ်ဘူး။ လုံချန်! အခု မင်း တကယ် ဒုက္ခရောက်တော့မယ်…”

သူကတော့ အစောင့်အရှောက် ချင် ကို အပြည့်အ၀ အာရုံစိုက်လိုက်သည်။ ၎င်းက သူနှင့် အဆင့်တူဖြစ်နေ၏။

“မင်းနဲ့ အစောင့်အရှောက်ချင် တို့ထဲက တစ်ယောက် သေရင် လုံလောက်ပြီ။ ကျန်တစ်ယောက်ကို သက်သေ အဖြစ် ထားလိုက်မယ်။ လုံချန်က တစ်ဖက်ရန်ရဲ့လက်ထဲမှာ သေသွားတယ်ဆိုတာ သက်သေပြလိုက်တာပေါ့” ဤအတွေးက ဟွမ်ဖေးယန်၏ အကြံအစည်ပင်။

ဤအချိန်တွင် လင်းဝူမိသားစု၏ လှုပ်ရှားမှုက လီယန်ကို အံ့အားသင့် ရှုပ်ထွေးသွားစေသည်။

“အခု ဒီလူငယ်က ငါ့ကို ကယ်ခဲ့တယ်။ ကြည့်ရတာ သူက အဲဒီလူငယ် နှစ်ယောက်နဲ့ ပဋိပက္ခ ရှိနေတယ်ထင်တယ်။ အခုတော် ဒီနှစ်ယောက်က အစောင့်အရှောက် ရှီ ကို လှည့်စားပြီး သူနဲ့ တိုက်ခိုက်ခိုင်းနေတာလား။ တကယ်တော့ သူတို့နှစ်ယောက်က အငှားလက်နဲ့ လူသတ်ချင်နေတာပဲ” အခြေအနေကို ကောင်းကောင်းနားလည်သွားသည့်အခါ လီယန်က အနည်းငယ်ပင် ဒေါသထွက်သွား၏။

“ဒီ ခွေးသူတောင်းစားတွေက ဒီလောက် ရက်စက်ကြမ်းကြုတ်မယ်လို့ မထင်ခဲ့မိဘူး။ လင်းဝူမိသားစု ထဲမှာ အတွင်းရေး ပဋိပက္ခက တကယ် ပြင်းထန်နေတာပဲ။ ဒီနှစ်ယောက်က ဒီလူငယ်ရဲ့ ပါရမီကို မနာလိုဖြစ်ပြီး သတ်ချင်နေကြတာ အသိသာကြီး”

လုံချန်က သူ့ကတိကို တည်ခဲ့၏၊ ဟွမ်ဖေးယန်၏ တိုက်ခိုက်မှုကို ကိုယ်တိုင် ဝင်တားခဲ့သည်။ လီယန်က ထိုအဖြစ်အပျက်ကို ပြန်တွေးမိပြီး စိတ်လှုပ်ရှားသွား၏။ သူက လုံချန်ကို စိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

“ဒီလို တရားမျှတတဲ့ လူငယ်တွေ ရှားပါးလာပြီ။ အစောင့်အရှောက် ရှီ လက်ထဲမှာ သေရတာ တကယ် ဂုဏ်ယူစရာပဲ…”

အစောင့်အရှောက်ရှီ ကလည်း လုံချန်ကို ကြည့်ရင်း နှုတ်ခမ်းသပ်လိုက်သည်။ ထို့နောက် အေးစက်စက် ပြုံးပြီး ပြောလိုက်၏

“မင်းလို ဉာဏ်ရည်ထက်မြက်ပြီး ဆွဲဆောင်မှုရှိတဲ့ လူငယ်လေးကို ရန်သူမဟုတ်ရင် ငါ့ဖက်ကို ဆွဲခေါ်ချင်မှာပဲ။ ဒါပေမဲ့ မင်းက လင်းဝူမိသားစုက ဖြစ်နေတော့ သေရုံပဲ ရှိတယ်”

လုံချန်က လုံးဝ ဂရုမစိုက်ပေ။

အစ်ကိုဝမ် က အမျိုးသမီးများကို ကယ်တင်ရန်ဟူသော အကြောင်းပျချက်ဖြင့် ထွက်သွားခဲ့၏။ ဟွမ်ဖေးယန်အနေဖြင့် ယခု အချိန်က သူ့ကို သတ်ဖို့အကောင်းဆုံး အချိန်မှန်း ယူဆနေလောက်ပေသည်။ထို့အတူ သူ့အတွက်လည်း လက်ရှိအခြေအနေက အခွင့်အရေးကောင်းတစ်ခု ဖြစ်နေ၏။

လုံချန်က မာန်သွင်းကြုံးဝါးလျှက် ချီစွမ်းအင်အားလုံး ထုတ်ဖော်ပြီး နဂါးဝိညာဉ်အသွင်ပြောင်းလဲလိုက်တော့သည်။ အစောင့်အရှောက် ရှီ နှင့် အစောင့်အရှောက် ချင်၊ လီယန် တို့၏မျက်နှာထက်မှာ အံ့သြမှုများ ပေါ်လာကြသည်။ လုံချန်၏တစ်ကိုယ်လုံး သွေးနီရောင်အကြေးခွံများ တန်းစီပေါ်လာပြီး သည်နှင့် ခြေဆစ်လက်ဆစ်အပြင် ကျောရိုးကနေ သွေးဆူးချွန်များ ချက်ချင်း ထွက်လာတော့သည်။

“ဒီ လူငယ်က သားရဲအသွင်ပြောင်းကျင့်ကြံသူ တစ်ယောက်လား” အစောင့်အရှောက် ရှီ က အံ့သြသွားပြီးမှ ရယ်မောလိုက်သည်။

“ဒီပုံစံ… မဆိုးဘူး၊ ဆွဲဆောင်မှု ရှိတယ်၊ ရက်စက်ကြမ်းကြုတ်မှု အားကောင်းတယ်” ထိုစကားပြောပြီးနောက် ထပ်ပြီးအချိန်ဆွဲမနေတော့ဘဲ လုံချန် ထံ ခုန်ဝင်လိုက်သည်။

ဤအချိန်တွင် ဟွမ်ဖေးယန် က အစောင့်အရှောက် ချင် နှင့် တိုက်ခိုက်နေ၏။ သူက လုံချန်ကို တစ်ချက်လှည့်ကြည့်ရင်း အေးစက်စက်ပြုံးကာ

“မြေကမ္ဘာယွမ်အဆင့် ပညာရှင်ရှေ့မှာ မင်း ဘယ်လောက်ပဲ သန်မာနေပါစေ နဂါးသွေးကြောနယ်ပယ်မှာ ရှိနေသရွေ့ မင်းက ဟာသ ပဲ ဖြစ်နေလိမ့်မယ်”

ဤအချက်ကို တွေးရင်း ဟွမ်ဖေးယန်က စိတ်အေးသွားကာ သူ၏တိုက်ပွဲကိုသာ အာရုံစိုက်ထားလိုက်တော့သည်။

“တကယ်ပဲ ... မြေကမ္ဘာယွမ်အဆင့် ပညာရှင်ဆိုတော့ ကျွမ်းကျင်မှုက ထူးခြားတယ်”

ခဏလေးအတွင်းမှာပဲ အစောင့်အရှောက် ရှီ က လုံချန်ရှေ့ ကို ရောက်လာ၏။ မြေကမ္ဘာယွမ်အဆင့် ချီစွမ်းအင်က ချက်ချင်း ပေါက်ကွဲထွက်လာပြီး တောင်ကြီးတစ်လုံး လိုပင် လုံချန်ဆီသို့ ဖိချလာသည်။

“အစောင့်အရှောက် ရှီ ရဲ့ ချီစွမ်းအင်ထဲမှာ နဂါးမျိုးနွယ်ရဲ့သွေးစက် စွမ်းအား မသိမသာလေးပါနေပါလား။ ငါ့ထက် အားနည်းပေမယ့် ဒီလို ရအောင် ဘယ်လို လုပ်ခဲ့လဲ ဆိုတာ တွေးစရာပဲ”

ဤအချိန်တွင် အစောင့်အရှောက် ရှီ ၏ မျက်လုံးများက အေးစက်နေခဲ့သည်။ သူ့ဆီကနေ ပြင်းထန်သော ချီစွမ်းအင်များ ပေါက်ကွဲထွက်လာပြီးနောက်ပတ်ဝန်းကျင်ကို ပြင်းထန်စွာဖိနှိပ်ထားလိုက်သည်။ ထို့နောက် သူ၏လက်သီးက ကျောက်တုံးငယ်တစ်လုံး လို ပြောင်းလဲသွားပြီး ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးရင်း မြေကြီးပေါ် ထိုးချလိုက်သည်။

“မဟာဥက္ကာပျံလက်သီး...”

သို့သော် လုံချန်က စိတ်လှုပ်ရှားမှု အရိပ်အယောင်ပင် မပြပေ။ ဤမြင်ကွင်းကြောင့် ခပ်လှမ်းလှမ်းရှိ လီယန်က မျက်နှာပျက်သွားပြီး စိတ်ပျက်စွာ ပြောလိုက်တယ်။

“ကြည့်ရတာ ဒီလူငယ်က အတွေ့အကြုံ တကယ် နည်းနေသေးတယ်…”

Translator #အနှောင်အဖွဲ့ကင်းမဲ့သူ

...(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၇)

အပိုင်း ၉၀ - အစောင့်အရှောက် ရှီ tayဆုံးခြင်း

“အဆင့်နိမ့် ဆန်းကြယ်အဆင့်တိုက်ခိုက်ရေးနည်းစနစ်ကို ချက်ချင်း ထုတ်သုံးလိုက်တာပဲ။ ကြည့်ရတာ ဒီအစောင့်အရှောက် ရှီ ဆိုတဲ့ လူအိုကြီးက ငါ့ကို အမြန်ဆုံး ပွဲသိမ်းချင်နေတာဖြစ်ရမယ်။ ဒါပေမဲ့ ငါ လုံချန်က လွယ်လွယ်နဲ့ အလျှော့ပေးတတ်တဲ့သူလား”

အစောင့်အရှောက် ရှီ ၏ မဟာဥက္ကာပျံလက်သီးချက် ကျဆင်းလာသည်ကို တည့်တည့်စိုက်ကြည့်ရင်း လုံချန်က စိတ်ထဲကနေ ရယ်မောလိုက်သည်။ လက်သီးချက်က မြေမ္ဘာယွမ်အဆင့်၏ စွမ်းအားအပြည့်ထုတ်လွှတ်နေပြီး ပြင်းထန်လှသည်။ သို့သော် အားနည်းချက်လည်း ရှိနေ၏။ ၎င်းက အရှိန်ပင်။

အရင်က လုံချန်လည်း ကြယ်​ကြွေနတ်လက်သီးကို လေ့ကျင့်ခဲ့ဖူး၏။ ၎င်း၏သဘောတရားက မဟာဥက္ကာပျံလက်သီးနှင့် အတူတူပင်။ သို့ရာတွင် အရှိန်ကတော့ မတူပေ၊ ကြယ်ကြွေနတ်လက်သီးက အရှိန်ပိုမြန်၏။

လုံချန်က နဝမကောင်းကင်နဂါးခြေလှမ်း ကို ထုတ်သုံးလိုက်ရာ သူ့ပုံရိပ်က အရိပ်တစ်ခု လို ဖြစ်သွားတော့သည်။ အစကတော့ အစောင့်အရှောက် ရှီ က လုံချန်ကို တစ်ချက်တည်းအဆုံးသတ်နိုင်မည်ဟု ထင်ခဲ့မိသည်။ သို့သော် လက်တွေ့မှာတော့ သူ၏လက်သီးချက်က လုံချန်၏ပုံရိပ်ယောင်ကိုသာ ထိုးချမိလိုက်သည်။

လုံချန်၏အရှိန်က အစောင့်အရှောက် ရှီ ကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။ ဘေးကနေ ကြည့်နေသော လီယန်က ပို၍ပင်အံ့သြသွားမိသည်။ သူ့စိတ်ထဲ တွေးလိုက်၏။

“ဒီလူငယ်လေး က တကယ် ပါရမီရှိတယ်။ နောက်ဆုံး အချိန်ကျမှ ထူးဆန်းတဲ့လှုပ်ရှားမှု နည်းစနစ်ကို သုံးပြီးတော့ ရှောင်လိုက်တာ။ ဒါပေမဲ့…”

လီယန်က ခေါင်းခါလိုက်ပြီး တွေးလိုက်သည်။

“လှုပ်ရှားမှု နည်းစနစ်ကို ကျွမ်းကျင်ထားရုံနဲ့ အစောင့်အရှောက် ရှီ ရဲ့ အဆင့်မြင့်တိုက်ခိုက်ရေးနည်းစနစ်ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး…”

လီယန်က အတွေးများနေချိန်မှာပဲ လုံချန်က အစောင့်အရှောက် ရှီ ၏နောက်ကျောမှာ ရောက်နေလေပြီ။ သူ့အကြည့်က အေးစက်သွားပြီး ချက်ချင်းလှုပ်ရှားလိုက်၏။

“အရင်က တိုက်ပွဲမှာ တိုက်ခိုက်ရေးနည်းစနစ်တွေပဲ အသုံးဝင်တယ်လို့ ထင်ခဲ့ပေမယ့် အခု မြင်ရပြီ။ လှုပ်ရှားမှု နည်းစနစ်နဲ့ တိုက်ခိုက်ရေးနည်းစနစ်ကို တွဲသုံးလိုက်တော့ တိုက်ပွဲမှာ တကယ့် စွမ်းအားကို ပြသနိုင်တယ်”

ထို့အပြင် လုံချန်က မြေကမ္ဘာယွမ်အဆင့် ကို ယခုမှ တက်လှမ်းထားသည့်တိုင် သူ၏ချီစွမ်းအင်သိပ်သည်းမှုက အစောင့်အရှောက် ရှီ ထက် ဆယ်ဆ လောက်ပင်သာလွန်နေခဲ့သည်။ လက်ရှိသူ့ခွန်အားက အထွတ်အထိပ် မြေကမ္ဘာယွမ်အဆင့် ပညာရှင်များကိုပင် ယှဉ်နိုင်၏။

တစ်ဖက်မှာ ဟွမ်ဖေးယန်က အစောင့်အရှောက် ချင် ကို တိုက်ခိုက်နေရင်း လုံချန်၏အခြေအနေကိုလည်းစောင့်ကြည့်နေသည်။ သူက လုံချန်၏ နဝမကောင်းကင်နဂါးခြေလှမ်းကို မြင်လိုက်ချိန်မှာ အလွန်အမင်း ထိတ်လန့်သွား၏။

ဟွမ်ဖေးယန်က လုံချန်၏ တိုက်ပွဲကို အာရုံံရောက်နေသောကြောင့် အစောင့်အရှောက် ချင် လည်း ဒေါသထွက်သွား၏ “ကောင်လေး၊ မင်းရဲ့ ရန်သူက ငါပဲ။ မင်းရဲ့ ညီလေးက အသက်ရှင်နိုင်မှာ မဟုတ်ဘူး”

အစောင့်အရှောက် ချင် ၏အမြင်မှာ လုံချန်ကို ဟွမ်ဖေးယန်၏ညီငယ်ဟု ထင်နေပုံပါ။ ထို့အပြင် ဟွမ်ဖေးယန်က သူ့ကို ရှိနေသည်ဟုပင် မထင်သောကြောင့် အစောင့်အရှောက် ချင် က ဒေါသထွက်လာခဲ့သည်။ သူ၏တိုက်ခိုက်မှုတိုင်းက မိုးကြိုးမုန်တိုင်းအလားပင် ဖြစ်နေသည်။ အစက အဆင့်တူ ပညာရှင်များ ဖြစ်သော်လည်း ဟွမ်ဖေးယန်က တိုက်ပွဲကို အာရုံမရောက်သည့်အတွက် ချက်ချင်း အားနည်းသွား၏။

အမှန်တော့ ဟွမ်ဖေးယန်က လုံချန်ကို သတ်ချင်နေသော်လည်း သူ့စိတ်ထဲ၌ အကယ်၍ လုံချန် သာ တခြားသူ လက်ထဲမှာ သေသွားခဲ့ပါက လင်းဝူမိသားစုကို အရှက်ရစေနိုင်ကြောင်း တွေးမိသွားလို့ပါ။ ထိုသို့တွေးမိလိုက်သည်နှင့် သူက အစောင့်အရှောက် ချင် ကို အားကုန်ထုတ်ပြီး တိုက်ခိုက်လိုက်ပါတော့သည်။

“သွေးဝိညာဉ်ဂိုဏ်း ဆိုတဲ့ မဖြစ်စလောက် အင်အားစုလေးက ငါတို့ လင်းဝူမိသားစုကို ဆန့်ကျင်ရဲတယ်ပေါ့။ မင်းတို့တစ်ဖွဲ့လုံး မျိုးပြုတ်သွားချင်ပြီထင်တယ်”

“ဘာကွ။ ဒါတွေက အရင်က ဖြစ်ခဲ့တာပဲ၊ အခုတော့ မင်းပါ သေလိုက်။ မင်းတို့လို အတွေ့အကြုံနည်းတဲ့ လူငယ်တွေကများ...။ ဟုတ်ပြီ အဲဒီ ကောင်လေးက မင်းရဲ့ညီလေး မဟုတ်လား။ ဟားဟား...၊ မင်း သေသွားရင် ငါတို့ သူ့တစ်ကိုယ်လုံးကို တစ်စစီချိုးဖဲ့ပစ်မယ်”

ဤအချိန်တွင် လုံချန် က အစောင့်အရှောက် ရှီ နှင့်တိုက်ပွဲကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်၏။ ချက်ချင်းဆိုသလိုပဲ သူ့ဆီကနေ မြေကမ္ဘာယွမ်အဆင့် အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာပဲ သူ့ ပုံရိပ်က အစောင့်အရှောက် ရှီ ၏နောက်မှာ ပေါ်လာခဲ့သည်။ ရုတ်တရက် အဖြစ်အပျက်ကြောင့် လူတိုင်း အံ့သြသွားခဲ့ကြသည်။

လူတိုင်း အံ့သြတုန်လှုပ်နေသည့်အချိန်မှာပဲ လုံချန်က သူ၏တိုက်ခိုက်မှုကို လျှပ်တစ်ပြက်ထုတ်လိုက်သည်။

အစောင့်အရှောက် ရှီ ၏တိုက်ခိုက်မှုကို ရှောင်ရင်း သူ၏လက်နှစ်ဖက်ကို ယှက်၍ စည်းတံဆိပ်တစ်ခု ဖန်တီးလိုက်သည်။ တစ်ဖက်လူ၏ နောက်ဆုံး တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးချိန်မှာပဲ လုံချန်က မာန်သွင်းကြုံးဝါးလိုက်၏။ သူ၏လက်ဝါးနှစ်ဖက်ကနေ သွေးနဂါးပုံရိပ် ၉ ခု ပေါ်လာပြီး အနီးကပ်ရှိနေသော အစောင့်အရှောက် ရှီ ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

“မိုးပြာနဂါး တံဆိပ်...”

ဝေါင်း....

အစောင့်အရှောက် ရှီ က သူ၏တိုက်ခိုက်မှု လွဲသွားချိန်မှာန်မှာ လုံချန် ထံက မြေကမ္ဘာယွမ်အဆင့် ဖိအားကို ချက်ချင်း ခံစားလိုက်ရသည်။ ထို့အတူ အလွန်လျင်မြန်ပြီး ရက်စက်ကြမ်းကြုတ်သော လက်ဝါးတံဆိပ်ကြီးက သူ့အပေါ် တည့်တည့်ရိုက်ချလာကြောင်း မြင်တွေ့လိုက်ရသည်။ အစောင့်အရှောက် ရှီ ၏မျက်နှာက ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လာပြီး တစ်ချိန်တည်းမှာပဲ ရူးသွပ်သည့် အမူအရာတစ်ခု ပြသလာသည်။

အုန်း....

သို့သော် မိုးပြာနဂါးလက်ဝါးက အစောင့်အရှောက်ရှီ ၏ခန္ဓာကိုယ်ကို တည့်တည့် ထိမှန်ခဲ့သည်။ သူ လှည့်ကြည့်လိုက်ချိန်မှာတော့ ခုခံရန်အချိန်မမှီပါတော့ပေ။

အဝါရောင်အဆင့်မြင့် တိုက်ခိုက်မှုသာ ဖြစ်ခဲ့သော်လည်း မြေမ္ဘာယွမ်အဆင့် ချီစွမ်းအင်နှင့် ပေါင်းစပ်ထားသည့်အတွက်ကြောင့် အစောင့်အရှောက်ရှီ က ပါးစပ်ထဲမှ သွေးအန်ထွက်လျက် လွင့်ထွက်သွားရသည်။ သူ၏ခန္ဓာကိုယ်က အနီးအနားရှိ သစ်ပင်နှစ်ပင်ပေါ်သို့ ပြုတ်ကျသွား၏။ ထို့နောက်မှ မြေပြင်ပေါ်ကို ဘုန်းခနဲ ပြုတ်ကျကာ တစ်ခါတည်း အသက်ပါထွက်သွားတော့သည်။ လုံချန်က မြေကမ္ဘာယွမ်အဆင့် စွမ်းအားကို ထုတ်ဖော်ပြီး အစောင့်အရှောက်ရှီ သေဆုံးသွားသည့်အချိန်ဟာ အသက်ရှူချိန် နှစ်ရှိုက်စာလောက်သာကြာခဲ့၏။

ခပ်ဝေးဝေးကနေ စောင့်ကြည့်နေသော လီယန်၏မျက်နှာက တင်းမာသွားပြီး မျက်လုံးထဲမှာ ကြောက်ရွံ့တုန်လှုပ်မှုတို့ ထင်ဟပ်လျက် တစ်ကိုယ်လုံးပင် တုန်ယင်နေလေသည်။

ခဏကြာမှ သူ့ကိုယ်သူ ထိန်းလိုက်ပြီး အသက်ပြင်းပြင်းရှူကာ လုံချန်ကို ချီးကျူးလိုက်သည်...

“ဒီ လူငယ်လေး ...၊ သူက တကယ် ပုံမှန်မဟုတ်တဲ့ တည်ရှိမှုပဲ။ အရင်က သူ့ လုပ်ရပ်ကို ငါ လုံးဝ မမြင်နိုင်ခဲ့ဘူး…”

တစ်ဖက်ရှိ အစောင့်အရှောက်ချင် နှင့် ဟွမ်ဖေးယန် တို့လည်း အစောင့်အရှောက်ရှီ သေဆုံးသွားသည်ကို မြင်လိုက်ရသည်။ အမှန်တော့ လုံချန်က သူတို့နှစ်ယောက်ကြားမှ တိုက်ပွဲ ရလာဒ်ကို အဆုံးအဖြတ်ပေးမည့်သူဖြစ်ခဲ့သည်။ ယခုအချိန်ထိ နှစ်ယောက်စလုံးက လက်ရည်တူနေကြ၏။ တစ်နည်းအားဖြင့်တော့ လုံချန်တို့နှစ်ယောက်၏ တိုက်ပွဲပြီးဆုံးချိန်ကို စောင့်နေကြခြင်းပင်။ ထို့အပြင် နှစ်ယောက်စလုံးက အဆုံးသတ်မှာ သေရမည့်သူက လုံချန်သာဖြစ်ကြောင်း မျှော်လင့်ထားခဲ့ကြသည်။

အစောင့်အရှောက်ချင် အတွက်က လုံချန် သေသွားသည်နှင့်တပြိုင်နက် အစောင့်အရှောက်ရှီ ၏အကူအညီဖြင့် ဟွမ်ဖေးယန်ကို သတ်ဖြတ်ရန်စဉ်းစားထားခဲ့သည်။

ဟွမ်ဖေးယန် အတွက်ကတော့ လုံချန် သေဆုံးတာက သူ၏အဓိက ရည်မှန်းချက်ပါ။ သူ့အတွက် အစောင့်အရှောက် နှစ်ယောက်၏ပူးပေါင်းတိုက်ခိုက်မှုကို ဂရုမစိုက်ပေ။ အခြေအနေ ဆိုးလာပါက အစ်ကိုဝမ် ပြန်ရောက်လာချိန်အထိ အချိန်ဆွဲတိုက်ခိုက်နေရုံသာ။

သို့သော် မထင်ထားသည့်အရာကတော့ လုံချန်က အခြေအနေကို ပြောင်းပြန်လှန်ပြီး အစောင့်အရှောက်ရှီ ကို သတ်ပစ်ခဲ့၏။

ဤ ရုတ်တရက် အလှည့်အပြောင်းက ဟွမ်ဖေးယန်ကို မျက်နှာပျက်သွားစေသည်။ သူ ဂရုတစိုက် စီစဉ်ထားသည့် အစီအစဉ်က မမျှော်လင့်ထားဘဲ ပျက်စီးသွားရ၏။ ဟွမ်ဖေးယန် က ဒေါသကြောင့် သွေးအန်ထွက်လုမတတ်ပင် ခံစားလိုက်ရသည်။

“ငါ အစက တခြားသူတွေကို အသုံးချပြီး မင်းကို ဖယ်ရှားပစ်မယ်လို့ ရည်ရွယ်ထားခဲ့တာ။ ဒါပေမဲ့ မင်း ငါ့ကို အကြိမ်ကြိမ် ဒေါသထွက်အောင်လုပ်နေတယ်။ လုံချန်! ငါ ရက်စက်တာကို အပစ်မတင်နဲ့။မင်း သေချင်လို့ သေလမ်းရှာနေတဲ့ ကိုယ့်ကိုယ်ကိုပဲ အပစ်တင်လိုက်တော့”

“တကယ်လို့ အကြီးအကဲလျူ က စုံစမ်းလာမယ်ဆိုရင်တောင် ငါ့ အကြောင်းပြချက်တွေနဲ့ ဖြေရှင်းလိုက်မယ်။ ငါဟွမ်ဖေးယန်က အစိမ်းရောင်ဌာနခွဲအတွက် နှစ်တွေအကြာကြီး အကျိုးပြုခဲ့တာ မင်းလို လူငယ်တစ်ယောက်ရဲ့ တန်ဖိုးနဲ့ မယှဉ်နိုင်ဘူးလို့ ငါ မယုံဘူး”

ဟွမ်ဖေးယန်၏မျက်လုံးများက သွေးကြောများ ပေါက်ထွက်လုမတတ်ပင်။

အစောင့်အရှောက်ရှီ သေဆုံးသွားသည်ကို မြင်လိုက်သည့်နောက် အစောင့်အရှောက်ချင် ၏မျက်နှာက အံ့သြမှု ပြည့်နှက်သွားသည်။ အစောင့်အရှောက်ရှီ က မူလ အစီအစဉ်၏အရေးပါသော အစိတ်အပိုင်း ဖြစ်နေခဲ့လို့ပင်။ တစ်သက်လုံး အတူ လက်တွဲလာသည့် မိတ်ဆွေဟောင်းကြီးက လူငယ်တစ်ယောက်၏လက်ချက်ဖြင့် အသတ်ခံလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“အစ်ကိုရှီ ...”

လုံချန်ကို စိုက်ကြည့်ရင်း အစောင့်အရှောင်ချင် ၏ မျက်လုံးများက နီရဲလာသည်။ တစ်ချိန်တည်းမှာပင် သူ့အတွက် အခြေအနေမဟန်ကြောင်းလည်း သဘောပေါက်လိုက်၏။ ထို့အတူ ဟွမ်ဖေးယန်ကို အနိုင်တိုက်ခိုက်ပြီး ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ဒေါသတကြီး ကြုံးဝါးကာ ဟွမ်ဖေးယန်ကို ရူးသွပ်စွာ တိုက်ခိုက်လိုက်ပါတော့သည်။

ဟွမ်ဖေးယန် ကလည်း ဒေါသတလိပ်လိပ်ထွက်နေပါပြီ။ လုံချန်ကို ဖယ်ရှားမည့် သူ့အစီအစဉ်က ပျက်သွားသည့်အတွက် ဒေါသ ထပ်ထွက်လာပါတော့သည်။ ယခုတော့ သူ့အတွက် စိတ်အနှောင့်အယှက်ပေးနေသည့် အစောင့်အရှောက်ချင် ကို အမြန်ဆုံး ဖယ်ရှားရန် စီစဉ်လိုက်သည်။

“လူအိုကြီး၊ မင်း သေချင်နေတာပဲ”

ဟွမ်ဖေးယန်၏ အသံက အေးစက်မှုအပြင် လူသတ်လိုစိတ်များ ပြည့်နှက်နေ၏။

အစောင့်အရှောက်ချင် ကလည်း ရူးသွပ်မှုအပြည့်ဖြင့် ဟွမ်ဖေးယန်ကို တရကြမ်းတိုက်ခိုက်လေသည်။

“ကောင်လေး! သေချင်နေတာက မင်းပဲ”

လင်းဝူမိသားစုက ရုတ်တရက် ဝင်ရောက်စွက်ဖက်သာသောကြောင့် သွေးဝိညာဉ်ဂိုဏ်း၏အစီအစဉ်က ပျက်စီးသွားခဲ့ရသည်။ အစောင့်အရှောက်ချင် က ထိတ်လန့်မိသလို ဒေါသအကြီးအကျယ်ထွက်နေသည်။

ဟွမ်ဖေးယန်က သူ့ထက် ပို၍ပင်ဆိုးနေသေးသည်။ လုံချန်က အစောင့်အရှောက်ရှီ ​ကို ခဏလေးအတွင်း သတ်ပစ်လိုက်သည့်မြင်ကွင်းကို မြင်လိုက်ကတည်းက စိတ်ထဲမှာ လူသတလိုစိတ်များ ပိုပြင်းထန်လာ၏။

“ဒီလူအိုကြီး! တော်တော်လေး စိတ်အနှောင့်အယှက်ပေးနေတယ်ပေါ့။ ငါ့ဟွမ်မိသားစု ရဲ့ အနက်ရောင်အဆင့်မြင့်နည်းစနစ် “မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း”ကို ရင်ဆိုင်လိုက်စမ်း”

မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်းက အရင်က ဟွမ်ရှန်းလည်း အသုံးပြုခဲ့ဖူး၏။ သို့သော် ဟွမ်ဖေးယန်က အစောပိုင်း မြေကမ္ဘာယွမ်အဆင့် ပညာရှင်ဖြစ်ရာ ဟွမ်ရှန်း အသုံးပြုခဲ့စဉ်ကထက် ဆယ်ဆလောက် ပိုအားကောင်းလေသည်။

ရုတ်တရက်ဆိုသလို ပြင်းထန်လှသောဖိအားတစ်ခု ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာပဲ ဟွမ်ဖေးယန်၏ပတ်ပတ်လည်ကနေ ရှေးဟောင်းစာလုံးများဖုံးလွှမ်းနေသော အဖြူတစ်ဝက်အနက်တစ်ဝက် အလင်းစက်ဝိုင်းတစ်ခု ပေါ်ထွက်လာသည်။ အလင်းစက်ဝိုင်း ပေါ်လာသည်နှင့် တောအုပ်တစ်ခုလုံး အပြင်းအထန် တုန်ခါလာတော့သည်။

အလင်းစက်ဝိုင်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို မြင်သည့်အခါ အစောင့်အရှောက်ချင် ၏မျက်နှာက ပြောင်းသွားတော့သည်။ လုံချန်ကတော့ အရမ်းကြီး ထူးခြားမနေပေ။ သူ့အမြင်အရတော့ သွေးဝိညာဉ်ဂိုဏ်းက အင်အားစုကြီးဖြစ်သော်လည်း ဟွမ်မိသားစုကိုတော့ ယှဉ်နိုင်မည်မဟုတ်ကြောင်း ကြိုသိနေလို့ပင်။

အစောင့်အရှောက်ချင် က မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်းကို ကြည့်ပြီး ခုခံကာကွယ်ရန် နည်းလမ်း မရှိတော့မှန်း သိသွား၏။

“လင်းဝူမိသားစု ရဲ့ လူငယ်ပါရမီရှင်တွေက ငါတို့လို လူတွေ ယှဉ်နိုင်တဲ့အရာ မဟုတ်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ်ငါ့ကို သတ်ချင်ရင်တော့ ဒီလောက်မလွယ်သေးဘူး”

“သွေးမုန်တိုင်းလက်ဝါး”

ဝေါ...ဝရော....

ဘုန်း....

ပြင်းထန်လှသော တိုက်ခိုက်မှုနှစ်ခုက ထိပ်တိုက်ဆုံတွေ့သွား၏။ သို့သော် အစောင့်အရှောက်ချင်၏ချီစွမ်းအားက ဟွမ်ဖေးယန်ထက် နိမ့်ကျသည့်အတွက်် မုန်တိုင်းလက်ဝါးက ချက်ချင်းချိုးဖျက်ခံလိုက်ရလေသည်။ ထို့အတူ အစောင့်အရှောက်ချင် ကလည်း ခြေကားယား၊လက်ကားယား ဖြင့် မြေပြ​င်ပေါ်သို့ ပြုတ်ကျသွား၏။

ဟွမ်ဖေးယန်က အေးစက်စက်မျက်နှာထားဖြင့် အနားကပ်လာပြီး အစောင့်အရှောက်ချင် ကို အဆုံးသတ်ပေးလိုက်သည်။ ထို့နောက် သူ့အကြည့်ကို လုံချန် ဆီ လှည့်ကြည့်လိုက်သည်။

“သေဖို့ မစောင့်နိုင်တော့ဘူးလား။ အခု မင်းအလှည့်ပဲ”

Translator# အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters