← Chapters

အခန်း (၉၁-၉၂)

Vol. 8 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 8 Ch. 91-92

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၈)

အပိုင်း ၉၁ - ဟွမ်ဖေးယန်နဲ့ တိုက်ခိုက်ခြင်း

တိုက်ပွဲက သိပ်မကြာခဲ့ပေ။ လုံချန်က မမျှော်လင့်ဘဲ အစောင့်အရှောက် ရှီ ကို အနိုင်ယူပစ်လိုက်သည့်အခြေအနေဟာ လီယန်အတွက် လုံးဝ မထင်မှတ်ထားသည့် အရာပါပင်။

ထို့နောက် ဟွမ်ဖေးယန်ကလည်း မယုံနိုင်လောက်အောင် အင်အားပြပြီး အစောင့်အရှောက်ချင် ကို သတ်ပစ်လိုက်ပြန်သည်။ လီယန် က အံ့အားသင့်ကာ အသိစိတ်လွတ်ထွက်သွားမတတ်ပင်။

သူတို့ဖက်က အသန်မာဆုံး အစောင့်အရှောက်နှစ်ယောက်ပင် လင်းဝူမိသားစု၏လက်ချက်ဖြင့် အသတ်ခံလိုက်ရသည်။ သေချာသည်မှာ လက်ရှိသူတို့အားလုံးလည်း အဆုံးသတ်သွားပြီဖြစ်သည်။

လီယန်က ကြောက်ရွံ့မှုကြောင့် ထိုင်းမှိုင်းနေရာကနေ ရုတ်တရက် သတိပြန်ဝင်လာ၏။ ယခုအချိန်က သူ့အတွက် ထွက်ပြေးရန် အချိန်ကောင်းပင်။

သို့သော် လုံချန်က သူ့အတွေးကို ခန့်မှန်းမိနေသလိုပင်၊ ဟွမ်ဖေးယန်ကို ရင်ဆိုင်နေရင်း ခေါင်းလှည့်ပြီး လီယန် ကို ကြည့်ရင်း အေးစက်စက် ပြုံးပြလိုက်သည်။

“မင်း ခြေတစ်လှမ်းထွက်လိုက်ရင်တောင် ဒီနေ့ မင်း အသက်မရှင်နိုင်ဘူးဆိုတာ ငါ ကတိပေးနိုင်တယ်။ တိတ်တိတ်နေရင် မင်းကို ဘာမှ မဖြစ်စေရဘူး”

လုံချန်၏အသံက ညင်သာသယောင်ထင်ရ၏။ သို့ရာတွင် စကားသံထဲမှာ ဆန့်ကျင်၍မရနိုင်လောက်သော အင်အားတစ်ခု ပါနေသည်။ လီယန်က ထွက်ပြေးချင်ခဲ့သော်လည်း လုံချန်ပြောသည့်စကားကြောင့် ခြေထောက်နှစ်ဖက်စလုံး မြေကြီးပေါ်မှာ သံကြိုးဖြင့် ချည်နှောင်ခံထားရသည့်အလား မလှုပ်ရှားနိုင်တော့ပေ။

“သူတို့ စကားကနေ ခန့်မှန်းရသလောက်ဆို ဒီနှစ်ယောက်က သေခြင်း၊ရှင်ခြင်း တိုက်ခိုက်တော့မယ်ထင်တယ်။ အခုနေတုန်း ငါ ထွက်ပြေးရင် တစ်ယောက်က ငါ့ကို လိုက်သတ်မှာသေချာတယ်။ ဒီမှာ တိတ်တိတ်နေပြီး သူတို့ နှစ်ယောက်စလုံး ဒဏ်ရာရသွားရင် ငါ့အတွက် အခွင့်အရေး ရှိနိုင်သေးတယ်”

သို့သော်လည်း ဟွမ်ဖေးယန်၏ခွန်အင်အားကို မြင်တွေ့ပြီးနောက်မှာ လီယန်၏အတွေးက မသေချာတော့ပေ။

“ဒီ လူငယ်ရဲ့ ပါရမီက မဆိုးပေမယ့် အရမ်းငယ်သေးတယ်။ အဲဒီ တစ်ဖက်က လူငယ်နဲ့ ယှဉ်ရင် အများကြီး အားနည်းနေသေးတယ်။ ငါ့အသက်ကို သူ့အပေါ် လောင်းကြေးထပ်ထားတာ တကယ် မိုက်မဲတာပဲ မဟုတ်လား”

ထိုနှစ်ယောက် တိုက်ပွဲ စတော့မည့် အချိန်မှာ လီယန်က စိတ်ထဲ လွန်ဆွဲနေသော်လည်း နောက်ဆုံးတော့ထွက်မပြေးသေးဘဲ အခြေအနေကို စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်၏။

ဤအချိန်တွင် ဟွမ်ဖေးယန် က အစောင့်အရှောက်ချင် ကို သတ်ပြီးသည်နှင့် သွေးညှီနံ့များပျံလွင့်လျက် လုံချန် ဆီသို့ ချဉ်းကပ်လာသည်။

“အိုး...။ နောက်ဆုံးတော့ မင်းရဲ့ တကယ့်ရည်ရွယ်ချက် ပေါ်လာပြီပဲ။ ဒီကိစ္စကို ကိုယ်တိုင် ကိုင်တွယ်ချင်နေတာပေါ့”

လုံချန်၏မျက်နှာက ဂရုမစိုက်သောအမူအရာ ရှိနေပြီး ပြုံးနေသလို မပြုံးသလို လုပ်နေသည်။ သူက ကြိုသိထားသည့်အတိုင်းပင်။

“မင်း ကံကောင်းပြီးတော့ မြေကမ္ဘာယွမ်အဆင့် ပညာရှင်တစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တာ။ ဒါကို ငါ့ရှေ့မှာ မာန်တက်နေချင်တာလား”

ဟွမ်ဖေးယန်၏အေးစက်စက် အကြည့်က မပြောင်းလဲပေ။ သူ့အတွေးထဲမှာ လီယန်က သာမန်အဆင့်နိမ့်ကျင့်ကြံသူလေးတစ်ယောက်ပင်။ ပတ်ဝန်းကျင်မှာ အခြားဘယ်သူမှ ရှိမနေသောကြောင့် အေးစက်စက် ပြုံးရင်း ပြောလိုက်သည်။

“လုံချန်! ဒီမစ်ရှင်မှာ မင်းကို သွေးဝိညာဉ်ဂိုဏ်း ရဲ့ အစောင့်အရှောက်ရှီ က သတ်ခဲ့တယ်။ ငါက အစောင့်အရှောက်ချင် နဲ့ အစောင့်အရှောက်ရှီ တို့နှစ်ယောက်လုံးကို သတ်ပြီး မင်းအတွက် လက်စားချေပေးခဲ့တယ်။ ဒီရှင်းပြချက်ကို မင်း ဘယ်လို ထင်လဲ”

“တော်တော်ဆိုးတယ်။ လူမိုက်ဖြစ်နေမှပဲ ဒီလို ရှင်းပြချက် ထုတ်လာမှာ”

“ဘာကွ...”

ဟွမ်ဖေးယန်က ဒေါသထွက်သွားပြီး အံတကြိတ်ကြိတ်ဖြစ်နေတော့သည်။ သူ့ဆီကနေ ပြင်းထန်လှသော ဖိအားများပေါက်ကွဲလာသည်။

“ဒီနှစ်တွေမှာ ငါ့ကို ဒီလောက်ထိ ဒေါသထွက်စေနိုင်တဲ့ လူ ဆိုလို့ မင်းတစ်ယောက်ပဲ ရှိခဲ့တယ်။ လုံချန်! ငါ့လက်ထဲမှာ သေရတာ မင်းအတွက် ဂုဏ်ယူစရာပဲ”

တစ်ချိန်တည်းမှာပဲ ဟွမ်ဖေးယန်က လုံချန် ထံ ပြေးဝင်လာခဲ့သည်။

“မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း... လာစမ်း..”

ဟွမ်ရှန်း နှင့် ယှဉ်ပါက ဟွမ်ဖေးယန်၏ တိုက်ခိုက်မှုက အဆင့်ပိုမြင့်ပြီး ပို၍အားကောင်းခဲ့သည်။

ရုတ်တရက် တောအုပ်တစ်ခုလုံး အပျက်အစီးများ ဖြစ်ပေါ်လာတော့သည်။ သဲမှုန့်များ၊ သစ်ရွက်မျာယ လေပေါ် ဝဲပျံလျက် လုံချန် ဆီသို့ အရှိန်ဖြင့် တိုးဝင်လာကြသည်။ ဟွမ်ဖေးယန်၏ထိန်းချုပ်မှုအောက်မှာ အဖြူတစ်ဝက်အနက်တစ်ဝက် အလင်းစက်ဝိုင်း ကြီးက လုံချန် ထံ အရှိန်ပြင်းပြင်း ပြေးဝင်လာတော့သည်။ လမ်းကြောင်းတစ်လျှောက်က သစ်ပင်များ အားလုံး အမှုန့်အဖြစ်ပြောင်းလဲသွားရသည်။

“လာပြန်ပြီ... ဒီလို တိုက်ခိုက်မှုပဲလား။ စိတ်ပျက်စရာပဲ… ”

လုံချန်က ရယ်မောလိုက်၏။ ဟွမ်ဖေးယန်က အစောင့်အရှောက်ရှီ ထက် အဆပေါင်းများစွာ မြန်နေသည့်တိုင်အောင် လုံချန်နှင့် ယှဉ်လိုက်လျှင် မွေးကင်းစကလေးတစ်ယောက်ဟု ပြောရပေမည်။

သူက နဝမကောင်းကင်နဂါးခြေလှမ်း ကို ထုတ်သုံးလိုက်သည်နှင့်တပြိုင်နက် သွေးနဂါးပုံရိပ်ယောင်အသွင် ပြောင်းသွား၏။ ထို့နောက် သွေးနီရောင်လျှပ်စီးတန်းတစ်ခုအလား လျင်မြန်စွာ ရွေ့လျားသွားပြီး အလင်းစက်ဝိုင်းကို ဖြတ်ကျော်၍ ဟွမ်ဖေးယန်၏နောက်ကျောဖက်ကို ရောက်ရှိသွားသည်။

လုံချန်က အစောင့်အရှောက်ရှီ ၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သည့်အချိန်ကတည်းက ဟွမ်ဖေးယန် တစ်ယောက် အံ့သြနေခဲ့တာဖြစ်သည်။ ယခုအခါ လက်တွေ့မြင်လိုက်ချိန်မှာတော့ လုံချန်က နဝမကောင်းကင်နဂါးခြေလှမ်းကို ပြီးပြည့်စုံသောအဆင့်ထိ လေ့ကျင့်ထားခဲ့မှန်း သိလိုက်ရတော့သည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီနည်းစနစ်ကို လေ့ကျင့်တာက ၅ ရက်လောက်ပဲရှိသေးတာလေ...”

ဟွမ်ဖေးယန်၏မျက်နှာမှာ အံ့သြမှုအပြင် တုန်လှုပ်မှုပါ ပေါ်လာသည်။ သူ့ရှေ့က မာန်တက်နေသော လူငယ်လေးကြောင့် သူ့စိတ်ထဲမှာ ကြောက်ရွံ့မှုပင် ပေါ်လာခဲ့သည်။

သို့သော် လုံချန်က ပြန်ပြီးတိုက်ခိုက်မလာဘဲ ရှောင်ရုံပဲရှောင်နေသောကြောင့် ဟွမ်ဖေးယန်က စိတ်ထဲမှာအနည်းငယ် သက်သာရာရသွား၏။

တစ်ဖက်ရှိ လီယန် ကတော့ အတွေးများနေ၏ “သူက ရှောင်ရုံပဲ တတ်နိုင်တာလား။ အဲဒီဟွမ်ဖေးယန်ရဲ့ မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း ကို ရင်ဆိုင်ဖို့နည်းလမ်းမရှိဘူးထင်တယ်။ ဒီတိုက်ခိုက်မှုကို သူမရှောင်နိုင်ရင် ငါ အခု ထွက်ပြေးလို့ ရလောက်ပါသေးတယ်”

လီယန်က အတော်လေးစိုးရိမ်နေ၏။ မီးခဲပေါ် ဖင်ခုထိုင်ထားသလိုပင်။

“အခုနေတုန်း ငါ ထွက်ပြေးရင် သူတို့ ငါ့ကို လိုက်ဖမ်းပြီးသတ်နိုင်မှာလား။ ဒီ လူငယ်က ငါ့ကို အသက်ရှင်ခွင့် မပေးနိုင်ဘူး ထင်တယ်။ ဒါပေမဲ့ အဲဒီ တစ်ဖက်က ကောင်လေးကတော့ ပေးနိုင်မယ်ထင်ရတာပဲ”

လုံချန်က ဟွမ်ဖေးယန်၏တိုက်ခိုက်မှုကို ရှောင်တိမ်းနေရင်း အချိန်ကို တွက်ဆနေသည်။ သူ့ တွက်ချက်မှုအရ လက်ရှိအချိန်မှာ အစ်ကိုဝမ် ပြန်ရောက်လာသင့်ပြီဖြစ်သည်။ ထိုသို့တွက်ဆပြီးနောက် ဟွမ်ဖေးယန်ကို စိုက်ကြည့်ပြီး ရက်စက်သော အပြုံးနှင့်အတူ တိုက်ခိုက်လိုက်တော့သည်။

“လေပြင်းလက်ဝါး... ကောင်းကင်ဘုံနတ်ဆိုးလက်...”

“မိုးပြာနဂါးတံဆိပ်...... ​

သေလိုက်စမ်း”

ဝေါ....ဝရော....

ဝေါင်း...

လုံချန်၏ရုတ်တရက် တန်ပြန်တိုက်ခိုက်လာမှုက ဟွမ်ဖေးယန်ကို လက်ရည်တူသွားစေခဲ့သည်။ အရင်ကတော့ ဟွမ်ဖေးယန်က လုံချန်ဟာ ရှောင်ရုံသာရှောင်တတ်သည်ဟု ထင်နေခဲ့၏။ ယခုတော့ သူ့အနေဖြင့် လုံချန်ကို အလေးအနက်ထားရပြီဖြစ်သည်။

“ဒီသူတောင်းစားက အစတန်းက နဂါးသွေးကြောနယ်ပယ် အဆင့် ၈ မှာပဲ ရှိနေတာမဟုတ်ဘူးလား။ ဘာလို့ အခုမှ မြေကမ္ဘာယွမ်အဆင့် ဖြစ်နေရတာလဲ။ အဝါရောင်အဆင့်မြင့် နတ်ဆိုးသားရဲအလောင်းတစ်ခုကိုပဲ အားကိုးရင်တောင် ဒီလောက် သန်မာဖို့ မဖြစ်နိုင်ဘူး။ ရွေးချယ်ပွဲမှာတုန်းက သူ့ရဲ့ခွန်အားကို တမင် ဖုံးကွယ်ထားခဲ့တာလား”

“ဘာပဲဖြစ်ဖြစ် ဒီနေ့ မင်း သေရမယ်”

လုံချန်ကို အေးစက်စက်စိုက်ကြည့်ရင်း ဟွမ်ဖေးယန်က သူ့မှာ အချိန်သိပ်မရှိတော့မှန်း သိလိုက်သည်။ သူက “မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း” ကို ထိန်းချုပ်ရင်း စိတ်ထဲမှာ တွေးနေသည်...

“သူက မြေကမ္ဘာယွမ်အဆင့် ဖြစ်နေပေမယ့် အဲဒီအဝါရောင်အဆင့် သားရဲရဲ့ ဝိညာဉ်ကို ပေါင်းစပ်ထားတာမှ မဟုတ်တာ။ ငါ့အတွက် အန္တရာယ် မဖြစ်နိုင်လောက်ဘူးမဟုတ်လား”

နှစ်ယောက်စလုံးက အချင်းချင်း သတ်ဖြတ်ချင်နေကြသည်ဖြစ်ရာ ရလာဒ်က သိသာပါသည်။ ဟွမ်ဖေးယန်က “မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း” ကို ထပ်မံထုတ်ဖော်လိုက်ချိန်တွင် လုံချန်ကလည်း အစွမ်းထက်တိုက်ခိုက်မှုကို ထုတ်ဖော်ရန်ပြင်ဆင်နေ၏။

ရုတ်တရက်ဆိုသလို လုံချန်၏ခန္ဓာကိုယ်ကနေ မီးလျှံများထွက်ပေါ်လာပြီးနောက် မျက်လုံးအစုံက မီးလုံးနှစ်လုံး လို ပြောင်းလဲသွားတော့သည်။ ဤမြင်ကွင်းက ဟွမ်ဖေးယန်ကို အနည်းငယ်အံ့သြသွားစေ၏။

“ညီလေးဟွမ်ရှန်းကို အနိုင်ယူခဲ့တဲ့ တိုက်ခိုက်မှုကို ငါ့အပေါ် သုံးချင်နေတာလား။ ဟမ်.... ငါက သူ့အတွက် ဒီသွေးကြွေးကို အခု ရှင်းပေးမယ်။ မင်းရဲ့ တိုက်ခိုက်မှုက ပိုအားကောင်းသလား၊ ငါတို့ ဟွမ်မိသားစု ရဲ့ “မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း” က ပိုရက်စက်လားဆိုတာ ကြည့်ကြရအောင်”

လုံချန်က ကောင်းကင်ဘုံလောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး ကို ဒုတိယအကြိမ် ထုတ်သုံးလိုက်သည့်အခါ သူ၏ချီစွမ်းအင်က ပတ်ဝန်းကျင်တစ်ခုလုံး မီးလောင်တိုက်သွင်း​​နေသလို ခံစားရသည်။ မူလဒန်တျန်ကနေ ပေါက်ကွဲထွက်လာသည့် မီးချီစွမ်းအင်အပူချိန်မြင့်မားစွာ ထွက်လာသည်။

“ဒါက မီးလျှံထဲက အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့လူအိုကြီး ချန်ထားခဲ့တဲ့ အစွမ်းထက်ဆုံးတိုက်ခိုက်မှုလား။ကြည့်ရတာ ဆန်းကြယ်အလယ်အလတ်အဆင့် နည်းစနစ်ပဲ ဖြစ်ပေမယ့် ထူးခြားမှုတော့ ရှိရမယ်”

ယခုချိန်မှာ လုံချန်က မီးလူသားတစ်ယောက်လိုပင်။ ပတ်ဝန်းကျင် အပူချိန်က တဟုန်ထိုး မြင့်တက်လာ၏။ တစ်ဖက်မှာ ဟွမ်ဖေးယန်က သူ၏လက်နှစ်ဖက်ကို ရှေ့သို့ဆန့်၍ အလင်းစက်ဝိုင်းထဲသို့ ထိုးသွင်းလိုက်သည်။ မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း”၏ မျက်နှာပြင်ပေါ်၌ မှော်စာလုံးများ ပြည့်သိပ်လျက် အရင်ထက်ပိုပြီး အားပြင်းစွာလည်ပတ်လာတော့သည်။

ဟွမ်ဖေးယန်၏စိတ်ထဲမှာ သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသည်။ ပါးစပ်ထောင့်မှ အေးစက်စက်အပြုံးတစ်ခု ပေါ်လာ၏။ ရုတ်တရက် သူ့ ပုံရိပ်က မြှားတစ်စင်းအလား လုံချန်ဆီသို့ ခုန်ဝင်လာခဲ့လေသည်။

“လုံချန်! သေလိုက်တော့... “မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း...”

“တကယ်လား...”

လုံချန်က အေးစက်စွာ ရယ်လိုက်သည်။ သူ့ ခန္ဓာကိုယ်ထဲက ချီစွမ်းအင်အားလုံးကို အမြင့်ဆုံးထိထုတ်ဖော်လိုက်၏။ မျက်လုံးကို မှိတ်ထားလိုင်ရင်း အင်အားအားလုံးကို တစ်နေရာထဲ စုစည်းလိုက်သည်။ ထို့နောက် မျက်လုံးပြန်ဖွင့်ကာ အော်ဟစ်ကြုံးဝါးပြီး လက်သီးတစ်ချက် ထိုးလိုက်သည်။

“ကောင်းကင်ဘုံလောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး... သွေးမီးလျှံ ကောင်းကင်ကိုလောင်ကျွမ်းစေ...”

မီးလျှံများဖုံးလွှမ်းနေသောလက်သီးတစ်လုံးက အဖြူတစ်ဝက်အနက်တစ်ဝက်အလင်းစက်ဝိုင်းကြီးကို ထိုးချလိုက်သည်။ ယခုတစ်ကြိမ် လုံချန် ထုတ်ဖော်လိုက်သည့်စွမ်းအားက ယခင်ထက် အဆပေါင်းများစွာ အားကောင်းလှသည်။ တစ်နည်းအားဖြင့်တော့ လက်ရှိသူ့ခွန်အားက ဟွမ်ဖေးယန်နှင့်အဆင့်တူပင်။

သွေးမီးလျှံလက်သီးထဲမှာ မှုန်ဝါးဝါး မျက်နှာတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုခဏလေးအတွင်းမှာပဲ သွေးမျက်နှာပုံရိပ်ကြီးက ပါးစပ်ဟလျက် အဖြူအနက်အလင်းစက်ဝိုင်းကြီးကို မျိုချလိုက်လေသည်။ ထို့နောက် ရက်စက်ကြမ်းကြုတ်လှသော လက်သီးစွမ်းအားက ဟွမ်ဖေးယန်ဆီ ပြင်းထန်စွာထိုးချလိုက်သည်။

အဖြူအနက်အလင်းစက်ဝိုင်းကြီး ဖျက်ဆီးခံလိုက်ရသည့်အတွက် ဟွမ်ဖေးယန်၏မျက်လုံးအစုံက ပြူးကျယ်ထွက်လာသည်။

“မဖြစ်နိုင်ဘူး။ သူ့ရဲ့ တိုက်ခိုက်မှုက ဘယ်လိုလုပ်ပြီး ဒီလောက် အားကောင်းနိုင်မှာလဲ။ ဆန်းကြယ်အလယ်အလတ်အဆင့် နည်းစနစ်က ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး”

ဟွမ်ဖေးယန်က သူ့မျက်လုံးကိုပင် မယုံနိုင်ဖြစ်နေလေသည်။ ဤအခိုက်အတန့်မှာ ရှောင်တိမ်းချင်သော်လည်း လုံချန်၏ လက်သီးချက်က အားပါပြင်းထန်လှသည့်အပြင် အရှိန်က ကြောက်စရာကောင်းလောက်အောင် မြန်ဆန်နေသည်။ ဟွမ်ဖေးယန်က အံ့သြတုန်လှုပ်နေသည့်အချိန်မှာပဲ ခုခံနိုင်စွမ်းကင်းမဲ့ကာ မီးလျှံလက်သီးကြီးက သူ့ကို ထိုးချလာပြီး မီးထဲမှာ ဝါးမျိုခံလိုက်ရသည်။

ပေမယ့် [ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး] က အရမ်း ကြောက်မက်ဖွယ်ကောင်းလွန်းတယ်။ ဟွမ်ဖေးယန် အံ့သြလွန်းလို့ ထိတ်လန့်နေတဲ့ ခဏမှာ တိုက်ခိုက်မှုက သူ့ကို မျိုချပြီး မီးလောင်ကျွမ်းပစ်လိုက်တယ်။

“မဖြစ်နိုင်ဘူး…”

ထိုစကားက ဟွမ်ဖေးယန် သေဆုံးခါနီး တွေးခဲ့သည့် တစ်ခုတည်းသော အတွေးပင်ဖြစ်သည်။

သူတို့နှစ်ယောက်ရဲ့ သေခြင်း၊ရှင်ခြင်း တိုက်ပွဲမှာ လုံချန် ဆိုတဲ့ လူငယ်က လုံးလုံးဒဏ်ရာ မရခဲ့ဘူး။ ပိုသန်မာတယ်လို့ထင်ရတဲ့ လူငယ်လေးက တစ်ခါတည်း အသတ်ခံလိုက်ရတာလား”

လီယန်က သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း အိပ်မက်မက်နေသလို ခံစားရသည်။ သူ့မျက်စိကိုပင် မယုံနိုင်လောက်အောင်ပါ။

“ကောင်းကင်ဘုံ...… ဒီကောင်လေးက တကယ် ကောင်းကင်ဘုံကို ဆန့်ကျင်နေတာပဲ…”

လီယန်က အော်ဟစ်လုမတတ်ဖြစ်သွားသော်လည်း ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ပြီး နောက်ထပ် စကားတစ်ခွန်းမှ မပြောရဲတော့ပေ။

ဤအချိန်တွင် လုံချန်က လှည့်ကြည့်လာလေရာ လီယန်က ခေါင်းကျိန်းသွားသည်။ သို့သော် လုံချန်က ရိုးရိုးရှင်းရှင်း စကားတစ်ခွန်းသာပြောခဲ့သည်။

“မင်းက တော်တော်လေး ဉာဏ်ရှိတာပဲ…”

ထိုစကားပြောပြီးနောက် လီယန်ကို ဂရုမစိုက်တော့ဘဲ ဟွမ်ဖေးယန်၊ အစောင့်အရှောက်ချင် နှင့်အစောင့်အရှောက် ရှီ တို့၏ အလောင်းများကို သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်သည်။ ဟွမ်ဖေးယန်၏အလောင်းကို မထည့်ခင် တံတွေးတစ်ချက် ထွေးချလိုက်သည်။

“ငါ့ကို သတ်ချင်ခဲ့တာလား။ မင်း ဒီလို အဆုံးသတ်ရတာ ထိုက်တန်တယ်”

ဤအချိန်တွင် အေးစက်စက်အသံတစ်သံက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။ လုံချန်က ထိုအသံကို ကြားသည့်အခါ အစ်ကိုဝမ် ပြန်ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။

Translator# အနှောင်အဖွဲ့ကင်းမဲ့သူ

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၈)

အပိုင်း ၉၂ - မစ်ရှင်ပြီးဆုံးခြင်း

လုံချန်က ဟွမ်ဖေးယန်နှင့် အစောင့်အရှောက် ၂ ပါး၏အလောင်းများကို ဝှက်ထားပြီး ခဏအကြာတွင် အစ်ကိုဝမ် က မျက်နှာရှုံ့မဲ့လျှက် ပြန်ရောက်လာခဲ့သည်။

နေတစ်ခုလုံးက ရှုပ်ပွနေပြီး လုံချန်တစ်ယောက်တည်းသာ ကျန်နေသည်ကို မြင်သောအခါ အစ်ကိုဝမ် က စိတ်ထဲမှာ မကောင်းသော ခံစားချက်တစ်ခု ရလိုက်သည်။ သူက လုံချန်ကို စိုက်ကြည့်ရင်း အေးစက်စက်လေသံဖြင့် မေးလိုက်၏...

“ဟွမ်ဖေးယန် ဘယ်မှာလဲ”

လုံချန်က အပြစ်ကင်းသည့် မျက်နှာ​ဖြင့် ပြန်ဖြေပါသည်

“အဲဒီ လူအိုကြီးနှစ်ယောက်က စီနီယာအစ်ကိုဟွမ် ကို မနိုင်တော့ တရောသောပါးထွက်ပြေးသွားကြတယ်။ စီနီယာအစ်ကိုဟွမ် က သူတို့ကို လိုက်ဖမ်းအောင်လို့ ထွက်သွားပြီ။ စီနီယာအစ်ကိုဝမ် နည်းနည်းလေးနောက်ကျသွားတာပါ”

အစ်ကိုဝမ် က မျက်မှောင်ကြုတ်ရင်း လုံချန်ကို စိုက်ကြည့်နေသည်။

“သူက လုံချန်ကို ဖယ်ရှားဖို့အတွက် အငှားလက်နဲ့လူသတ်ဖို့ စီစဉ်ထားတာ မဟုတ်လား။ အဲဒါ မအောင်မြင်ခဲ့ဘူးလား။ ဟွမ်ဖေးယန်ရဲ့ စရိုက်အရဆို ပစ်မှတ်က လုံချန်ဆိုရင် မမျှော်လင့်ထားတဲ့ တစ်စုံတစ်ခု ဖြစ်မလာရင် တစ်ယောက်တည်း လိုက်ဖမ်းမှာ မဟုတ်ဘူး”

အစ်ကိုဝမ် က ပတ်ဝန်းကျင်ကို သံသယဖြင့် လှည့်ပတ်ကြည့်ရင်း အေးတိအေးစက်မေးလိုက်သည်

“ဒီနေရာ က ဘာလို့ ဒီလောက် ရှုပ်ပွနေရတာလဲ။ မီးလောင်နံ့ပါ ရသေးတယ်။ အခုလေးတင် ဒီနားမှာ ဆူညံသံကြီး ကြားခဲ့ပေမယ့် မင်းတစ်ယောက်တည်းပဲ ကျန်နေတယ်။ တကယ် ဘာဖြစ်ခဲ့တာလဲ”

အစ်ကိုဝမ် က တစ်နေ့လုံး ထိုင်ပြီးခန့်မှန်းနေလျှင်ပင် ဟွမ်ဖေးယန် အပါအဝင် အစောင့်အရှောက်နှစ်ယောက်စလုံး လုံချန်၏သိုလှောင်အိတ်ထဲမှာ ရှိနေမှန်း ထင်လိမ့်မည်မဟုတ်ပေ။

ဤအချိန်တွင် အစ်ကိုဝမ် က ဘေးနားရှိ လီယန်ကို သတိပြုမိလိုက်၏။ သူ့အကြည့်က ရေခဲကမ္ဘာထဲ ကျရောက်သွားသကဲ့သို့ အေးစက်လာပြီး တစ်လှမ်းချင်း ကပ်သွားပြီး အေးစက်စက်လေသံဖြင့် မေးလိုက်သည်..

“ပြောစမ်း...။ ဒီနေရာမှာ တကယ် ဘာဖြစ်ခဲ့တာလဲ။ မင်း အသက်ကို တန်ဖိုးထားတယ်ဆိုရင် အမှန်အတိုင်း ပြောလိုက်”

လုံချန်ကလည်း လီယန် ကို လှမ်းကြည့်ရင်း အနည်းငယ် ပြုံးနေသည်။ သူ့ မျက်လုံးထဲမှာ ခြိမ်းခြောက်မှု မပါသော်လည်း လီယန်က ထိုလူငယ်သာ ဒေါသထွက်လာပါက အစုလိုက်အပြုံလိုက် သတ်ဖြတ်သော နတ်ဆိုးဖြစ်မှန်း အလိုလိုသိနေပေသည်။ ထို့နောက် သူက ချက်ချင်းပင် ကြောက်ရွံ့နေသော အမူအရာ ပြရင်း ပြောလိုက်သည်..

“အစီရင်ခံပါတယ် သခင်ကြီး။ အရင်က အဲဒီ သခင်ကြီးက အရမ်းအားကောင်းလွန်းလို့ ငါတို့ ဂိုဏ်းရဲ့အစောင့်အရှောက် နှစ်ယောက်စလုံး ပေါင်းတိုက်တာတောင် မနိုင်ခဲ့ဘူး။ ဒီတော့ သူတို့နှစ်ယောက်လုံးထွက်ပြေးသွားကြတာပဲ။ အဲဒီအချိန်မှာ ဟွမ်သခင်ကြီးက သူတို့နောက်ကို ပြေးလိုက်သွားတော့တာပဲ”

လီယန်ပြောသည့်စကားကလည်း လုံချန်နှင့် အတူတူပင်။ အစ်ကိုဝမ် က မျက်မှောင် ပိုကြုတ်သွား၏။

မတတ်သာသည့်အဆုံး သူတို့စကားကို ယုံခဲ့သော်လည်း ရလာဒ်က သူ့ကို အတော်လေးသံသယ ဖြစ်စေသည်။

“ဒိဟွမ်ဖေးယန်က ဘာလုပ်နေတာလဲ မသိဘူး။ သူ့အစီအစဉ်က လုံချန်ကို သတ်ဖို့ မဟုတ်ဘူးလား။ ဒါပေမဲ့ တစ်ယောက်တည်း လိုက်ဖမ်းနေပြန်ပြီ။ဒီကောင် ဘာလုပ်နေသလဲ...တကယ် နားမလည်နိုင်ဘူး…”

“စီနီယာအစ်ကိုဝမ်! ငါတို့လည်း လိုက်သွားကြမလား”

လုံချန်က ရုတ်တရက် မေးလိုက်၏။

အစ်ကိုဝမ်က လုံချန်ကို အနီးကပ် စူးစိုက်ကြည့်ပြန်သည်။ မည်သို့ပင်ဆိုစေ လုံချန် ဆီက လိမ်ညာသည့် အရိပ်အယောင် တစ်ခုမှ မတွေ့ရပေ။

“ဟွမ်ဖေးယန်ရဲ့ အဓိကရည်ရွယ်ချက်က လုံချန်ကိုသတ်ဖို့ပဲ။ အခုလောလောဆယ် ငါ သူ့ကို စောင့်ကြပ်ထားရုံပဲ။ သူ့မှာ ဟွမ်မိသားစု ရဲ့ “မရဏကောင်းကင်ဘုံအလင်းစက်ဝိုင်း” လို အားကောင်းတဲ့ တိုက်ခိုက်ရေးနည်းစနစ် ရှိနေတော့ ဘာမှ မဖြစ်နိုင်လောက်ပါဘူးလေ” ထိုအချက်ကို စဉ်းစားမိပြီး အစ်ကိုဝမ်က ခေါင်းခါရင်း ပြောလိုက်သည်။

“လိုက်စရာ မလိုဘူး။ မင်း ငါ့ကို ကူပြီး အမျိုးသမီးတွေကို ကယ်ထုတ်ပါ။ ကျန်တဲ့ လူတွေကို သတ်ပစ်လိုက်…”

အစ်ကိုဝမ် ဆီက “သတ်ပစ်လိုက်” ဟူသော စကားကြောင့် လီယန်က ချက်ချင်း လုံချန် ကို ကြည့်လိုက်သည်။ လုံချန်က သူ့အား ဟွမ်ဖေးယန်ဆီကနေ ကယ်တင်ခဲ့သေးသည်မဟုတ်ပါလား။ အမှန်ပင်၊ လုံချန် က ကြောက်ရွံ့မှု မရှိဘဲ ပြောလိုက်၏။

“အစ်ကိုဝမ်၊ ဒီလူကက သွေးဝိညာဉ်ဂိုဏ်း ရဲ့ အဆင့်နိမ့်အဖွဲ့ဝင်တစ်ယောက်ပဲ။ ငါနဲ့ သူတို့က ရန်ငြိုးရှိထားတယ်။ တစ်ယောက်လောက် အသက်ရှင်ခွင့်ပေးထားရင် သွေးဝိညာဉ်ဂိုဏ်း အကြောင်း ငါသိချင်တာမေးလို့ရတယ်။ အစ်ကိုဝမ်က ငါ့ကို ဒီအခွင့်အရလေးတော့ ပေးပါလို့တောင်းဆိုပါရစေ ”

“သွေးဝိညာဉ်ဂိုဏ်း လား”

အစ်ကိုဝမ် က ဤဂိုဏ်းအကြောင်းကို တစ်ခါမှ မကြားဖူးသော်လည်း လုံချန်က တောင်းဆိုလာသည့်အတွက် သာမန် လူတစ်ယောက်ကြောင့် ပြဿနာမဖြစ်လိုတော့ပေ။

လုံချန်ကို အဓိက သတ်ချင်ခဲ့သူက သူကိုယ်တိုင်မဟုတ်ဘဲ ဟွမ်ဖေးယန်ပင်။ လက်ရှိ ဟွမ်ဖေးယန် ရှိမနေသောကြောင့် အစ်ကိုဝမ်က အခြေအနေကို စောင့်ကြည့်ထားပေးရုံသာ။ သူ့အနေဖြင့် ဝင်ရောက်စွက်ဖက်လိုခြင်းမရှိပေ။

“ငါ့နောက်ကိုလိုက်လာခဲ့...”

အစ်ကိုဝမ် က အေးစက်စက်အသံဖြင့် ပြောရင်း ဂူအတွင်းပိုင်းသို့ ပြန်လှည့်ဝင်သွားခဲ့သည်။ သူက သွေးဝိညာဉ်ဂိုဏ်း၏ အဆင့်နိမ့်အဖွဲ့သားများကို တိုက်ခိုက်နေရသောကြောင့် အမျိုးသမီးများကို မကယ်တင်ရသေးပါ။ ဟွမ်ဖေးယန် ကလည်း ယခုထိ ပြန်မလာသေးသည်ဖြစ်ရာ ဖမ်းဆီးခံ အမျိုးသမီးများကို ကယ်ထုတ်ပြီး မစ်ရှင်ကို ပြီးဆုံးအောင် လုပ်ရန်သာရှိတော့၏။

လုံချန်က အစ်ကိုဝမ်၏နောက်မှ လိုက်သွားကြောင်း မြင်လိုက်သည့်အခါ လီယန် လည်း အလျင်စလို ထရပ်လိုက်သည်။ သူက လုံချန်ကို စိတ်ပျက်စွာ လှမ်းကြည့်ရင်း နာခံစွာပဲ နောက်ကနေ လိုက်သွားသည်။

“လူအိုကြီး! ငါ မင်းကို မေးခွန်းတချို့ မေးမယ်။ ရိုးရိုးသားသား ဖြေရင်အသက်ရှင်လိမ့်မယ်”

လီယန်က ချက်ချင်း ပြန်ဖြေသည်။

“ဒီနိမ့်ကျတဲ့အစေခံက နားလည်ပါပြီ”

လီယန်၏ နာခံမှုကို မြင်လိုက်သောအခါ လုံချန် ကစိတ်သက်သာရာရသွားသည်။ အရင်က လျူလန် ဆီကနေ သွေးဝိညာဉ်ဂိုဏ်း အကြောင်း အချက်အလက် အချို့ ရခဲ့သည်သော်လည်း မစ်ရှင်ထွက်ပေါ်လာပြီးနောက် လုံချန်က လျူလန်ကို မယုံကြည်တော့ပေ။

လီယန်က တွန့်ဆုတ်တတ်သော လူစားမျိုးဖြစ်မှန်း ချက်ချင်း သိနိုင်လေသည်။ ထို့ကြောင့် လုံချန်က အစမ်းသဘောမေးကြည့်လိုက်ခြင်းပင်။

“ငါ မင်းတို့ သွေးဝိညာဉ်ဂိုဏ်း ရဲ့ အစောင့်အရှောက်ရွှယ့်ယွမ်ဇီ ဆိုတဲ့ လူကို ရှာချင်တယ်။ သူ့ နေရာကို မင်း သိသလား”

လုံချန်၏ဤမေးခွန်းက အတော်လေး ဉာဏ်ကောင်းခဲ့သည်။ သွေးဝိညာဉ်ဂိုဏ်း၏ အစောင့်အရှောက် ရွှယ့်ယွမ်ဇီကို ကျော်ကြားခြင်းမြို့၏ ယန်မိသားစုက သတ်ခဲ့ကြောင်း သတင်းပေါက်ကြားသွားလျှင်ပင် သူနှင့် ဆက်စပ်နေမှန်း ရှာတွေ့နိုင်မည်မဟုတ်ပေ။

သူထင်သည့်အတိုင်းပင်၊ လီယန်က အမြန်ဆုံး ပြန်ဖြေခဲ့သည်..

“အစောင့်အရှောက်ရွှယ့်ယွမ်ဇီ က သူ ပျောက်နေတာတစ်လကျော်လောက်ရှိနေပါပြီ။ အခု ဘယ်မှာ ရှိလဲ ငါတို့ မသိပါဘူး။ သခင်ကြီး ဘာကြောင့် မေးတာလဲ ခင်ဗျာ...”

လုံချန်က အေးစက်စက်ရယ်မောလိုက်ပြီး ပြောသည်..

“ဟုတ်တယ်။ ဘာလုပ်ဖို့လဲဆိုတော့ သူ့ကို သတ်ဖို့လေ...”

သူက ဆက်ပြီး မေးလိုက်၏...

“နောက်တစ်ခု ထပ်မေးမယ်။ သွေးဝိညာဉ်ဂိုဏ်း က ဘာလို့ အမျိုးသမီးငယ်တွေ ဒီလောက်များများ ဖမ်းထားတာလဲ။ ရည်ရွယ်ချက်က ဘာလဲ”

သွေးဝိညာဉ်ဂိုဏ်းက ရာချီသော အပျိုစင်အမျိုးသမီးငယ်များကို ဖမ်းဆီးနေသောကြောင့် လှုပ်ရှားမှုကြီးကြီးမားမား ရှိနိုင်သည်မဟုတ်ပါလား။ ထို့အပြင် ထိုဂဏ်းသားများ၏ ချီစွမ်းအင်ထဲကနေ သွေးညှီနံ့ အနည်းငယ် ပါနေသည်ကိုပါ ခံစားမိသဖြင့် တစ်ခုခု ထူးဆန်းနေကြောင်း ထင်ခဲ့သည်။

လီယန် က ဤမေးခွန်းကို ကြားလိုက်သည့်အခါ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ လုံချန်ကို အဆင်မပြေသော မျက်နှာထားဖြင့် ကြည့်ရင်း ဖြေဖို့ ရှောင်နေပုံပါ။

“သေချင်နေတာလား”

လုံချန်၏အသံက လူသတ်ချင်စိတ်အပြည့်ထွက်ပေါ်လာသည်။ လီယန်က တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာပြီး ချက်ချင်း ဖြေလိုက်ပါတော့သည်...

“ပြောပါ့မယ်.... ငါ ပြောပါ့မယ်။ ဒါပေမဲ့ ငါ့ကို လွှတ်ပေးရမယ်လို့ အရင်တောင်းဆိုပါရစေ”

လုံချန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်...

“စိတ်ချ...။ မင်းလို အမှိုက်တစ်စကို ကတိဖျက်မှာ မဟုတ်ဘူး”

လုံချန်၏ကတိစကားကို ရရှိပြီးနောက် လီယန်က ဆက်ပြောပါသည်...

“ငါတို့ ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံတဲ့နည်းလမ်းက ထူးဆန်းတယ်။ အမျိုးသမီး အတော်များများရဲ့ မူလသွေး (အပျိုစင်သွေး) (မူလယင်သွေး) ကို ထုတ်ပြီး သွေးကန်တစ်ခု ဖန်တီးတာပါ…။ ပြီးတော့ ငါတို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ တပည့်တွေက ဒီသွေးကန်ထဲမှာ ကျင့်ကြံကြရတယ်။ အဲဒီမှာ စုပ်ယူရတဲ့ သွေးအဆီအနှစ်စွမ်းအင်က သာမန် စွမ်းအင်ထက် နှစ်ဆ ပိုအားကောင်းတယ်။ အရမ်း အားကောင်းတဲ့ နည်းလမ်းတစ်ခုလို့ ပြောလို့ရပါတယ်။ အရင် သွေးကန် က စွမ်းအင်တွေ ကုန်ဆုံးသွားတော့ ဂိုဏ်းချုပ်က သွေးယဇ်ပူဇော်ပွဲ ကျင်းပပြီး သွေးကန်ကို ပြန်ဖြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် ငါတို့ဂိုဏ်းက အပျိုစင်အမျိုးသမီးတွေကို ဖမ်းဆီးနေတာပဲ…”

လီယန်၏ရှင်းပြချက်များကို ကြားပြီးနောက် လုံချန်က အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။

……

မူလယင်သွေး ဆိုသည်ကား အပျိုစင်အမျိုးသမီးများ၏သွေး ပါ။ သွေးဝိညာဉ်ဂိုဏ်း၏တပည့်များ ကျင့်ကြံနိုင်လောက်သည့် သွေးကန်ကြီး တစ်ခု ဖန်တီးလိုပါက သတ်ပစ်ရမည့် အပျိုစင်အမျိုးသမီးအရေအတွက်က ထောင်ချီ ကျော်သွားပေလိမ့်မည်။

လုံချန်က လူသတ်လိုစိတ်ကို ထိန်းထားရင်း ကျောက်စိမ်းအိမ်တော်မှ အစေခံအမျိုးသမီးငယ်များအကြောင်းကို တွေးမိ၏။

အရင်က သူ၏မိတ်ဆွေတချို့ရှိခဲ့လို့ပင်။ နောက်ခံက ဆင်းရဲသဖြင့် အလုပ်ရှာရန်ရောက်လာကြသူများ၊ စာပေနှင့်အနုပညာကိုအသုံးချပြီး ဘဝကို ရုန်းကန်နေကြသူများပင်။ သို့သော် သူတို့အားလုံးက ဆိုးဆိုးရွားရွား သေဆုံးရလိမ့်မည်ဟု သူ့စိတ်ထဲမှာ တစ်ခါမှ မထင်ထားခဲ့ပေ။ သူတို့သာမကပေ၊ ထိုကဲသို့အဖြစ်မျိုးဖြင့် သေဆုံးခဲ့ရသူ အရေအတွက်ကမရေမတွက်နိုင်အောင်ပါ။

အချိန်ခဏကြာတွေးနေပြီးနောက် လုံချန်၏ အသက်ရှူသံ ပြင်းထန်လာခဲ့သည်။

လုံချန်၏အခြေအနေကို မြင်သောအခါ လီယန်က ကြောက်လန့်တကြား မေးလိုက်သည်...

“သခင်ကြီး၊ မေးစရာကုန်ပြီလား။ ဒီနိမ့်ကျတဲ့လူက တာ ထွက်သွားလို့ ရပြီလား”

နောက်ဆုံးတော့ လုံချန်က တုံ့ပြန်လိုက်သည်။ သူခေါင်းမော့ကြည့်လိုက်သည့်အခါ လီယန်က လုံချန်၏ မျက်လုံးထဲမှ လူသတ်လိုစိတ်အပြည့်အကြည့်များသာ မြင်တွေ့ရလေသည်။

“မင်းလည်း သွေးကန်ထဲမှာ ကျင့်ကြံခဲ့ဖူးတယ်မဟုတ်လား”

လုံချန်၏အေးစက်လှသော အကြည့်က လီယန်ကို မျက်နှာတစ်ခုလုံး ဖြူဖျော့သွားစေသည်။ သူ အပြစ်ကင်းကြောင်း ငြင်းဆိုရန် ပြင်လိုက်သော်လည်း လုံချန်၏လက်သီးက သူ့ နဖူးကို ထိုးချလိုက်လေပြီ။ ခေါင်းက ချက်ချင်းပေါက်ကွဲထွက်သွားပြီး ခန္ဓာကိုယ်ကတော့ လေထဲ လွင့်ပျံသွားလေသည်။ ထို့နောက်မှ မြေပြင်ပေါ်ပြုတ်ကျသွား၏။

“သူက သေသင့်တယ်။ လုံချန်! ကောင်းကောင်း သတ်ခဲ့တာပဲ။ ဒီလို ရက်စက်တဲ့ လူဆိုးတွေက နှလုံးသားမဲ့တဲ့ အရူးတွေပဲ။ ကောင်းကင်ဘုံက သူတို့ကို အပြစ်ပေးလိမ့်မယ်။ ကောင်းကင်နဲ့မြေကြီး နှစ်ခုစလုံးက သူတို့ကို အပြစ်ပေးရမှာ။ သူတို့အထဲက တစ်ယောက်မှ ပြန်လည်မွေးဖွားသံသရာစက်ဝန်းထဲကို မဝင်နိုင်တော့အောင် အပြစ်ပေးစေချင်တယ်”

သွေးယဇ်ပူဇော်ပွဲ အကြောင်း ကြားလိုက်သည့်အတွက် လင်းရှီ ကဲ့သို့ မိန်းမငယ်လေးတစ်ယောက်ပင် လုံချန်ထက် ပိုပြီး ဒေါသထွက်သွားရသည်။

လုံချန် လည်း ချစ်စရာကောင်းသော မိန်းမငယ်လေးက ရက်စက်ကြမ်းကြုတ်သောစကားများ ထုတ်ပြောလာမည်ဟု တစ်ခါမှမထင်ထားခဲ့ ။

“ဒီလောကမှာ ဒီလို စက်ဆုပ်စရာကောင်းပြီး ရက်စက်ကြမ်းကြုတ်တဲ့ နေရာ ရှိနေလိမ့်မယ်လို့ ဘယ်တော့မှ မထင်ခဲ့မိဘူး။ တခြားသူတွေရဲ့ အသက်ကို စွန့်လွှတ်ပြီး အင်အားရယူတယ်။ ဒီ သွေးဝိညာဉ်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ်နဲ့ သူ့လက်အောက်ငယ်သားတွေ အကုန်လုံး သေရမယ်”

နောက်ဆုံးတော့ လင်းရှီ က မျက်ရည် မထိန်းနိုင်တော့ပေ၊ ငိုကြွေးပါတော့သည်။ ဘဝတစ်လျှောက်လုံးမှာ ပြီးပြည့်စုံသောပျော်ရွှင်မှုတွေသာ ပိုင်ဆိုင်လာခဲ့သော မိန်းမငယ်လေးအတွက် ယခုလို ရက်စက်ကြမ်းကြုတ်လှသောအခြေအနေတစ်ခုကို ကြုံတွေ့ရမည်ဟု မမျှော်လင့်ထားခဲ့ပုံပါ။

လုံချန် က ကတိဖျက်ပြိနး လီယန်ကို သတ်လိုက်သော်လည်း နောင်တတစ်စက်မှ မရှိခဲ့ပေ။ သူ၏လင်းရှီလေး စိတ်ဆိုးဒေါသထွက်နေလေရာ သူ့ နှလုံးသားကလည်း နာကျင်ခဲ့ရသည်။

“ငါ သိပါတယ်။ တစ်နေ့မှာ အစွမ်းထက်လာရင် ဒီလို လူတွေ၊ ဂိုဏ်းတွေ၊ အင်အားစုတွေကို ဒီလောကမှာ ရှိနေခွင့် မပေးတော့ဘူး…”

လုံချန်၏ကတိစကားကြောင့် လင်းရှီ လည်း စိတ်သက်သာရာရသွား၏။ သူမက လုံချန်ကိုအားပေးစကားပင် ပြောလိုက်ပါသေးသည်...

“ငါ နင့်ကို အားပေးနေမယ်။ သွေးယဇ်ပူဇော်ပွဲ မစခင် သူတို့ကို တားသင့်တယ်။ အပျိုစင်အမျိုးသမီးငယ်တွေ အများကြီး သေဆုံးခွင့်ပေးလိုက်ရင် ငါ သူတို့ကို ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး”

“ဒီ ဖေဖေ က ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။ ငါ သူတို့ဂိုဏ်းရဲ့ အစောင့်အရှောက် နှစ်ယောက်ကို သတ်ခဲ့မှန်း သိသွားရင် ငါ မရှာရင်တောင် သူတို့ ငါ့ကို လာရှာမှာသေချာတယ်။ လင်းရှီ! ငါနဲ့ သွေးဝိညာဉ်ဂိုဏ်းကြားက ရန်ငြိုးက ပြန်ပြီးသင့်မြတ်လို့ မရတော့ဘူး”

“ကောင်းပြီ...”

လုံချန်က လီယန်ကို မေးခွန်းတချို့ မေးနေချိန်မှာ အစ်ကိုဝမ်က ဂူအပြင်ကို ခဏပြန်ထွက်လာသည့်အတွက် တစ်စွန်းတစ်စသာ ကြားခဲ့ရသည်။ သို့သော် သူက ဂရုမစိုက်ခဲ့ပေ။ နောက်ပိုင်း လုံချန်က အသက်ရှူချိန် နှစ်ရှိုက်စာအတွင်း လီယန်၏ ခေါင်းကို ထိုးခွဲလိုက်လိမ့်မည်ဟုတော့ မထင်လိုက်ပေ။

သူလှည့်ကြည့်လိုက်သည့်အခါ လီယန်၏ဆိုးရွားလှသော သေခြင်းကိုမြင်ပြီး အစ်ကိုဝမ် က မျက်မှောင်ကြုတ်သွားခဲ့သည်။

“သိချင် မေးပြီးတာနဲ့ ဒီကောင့်ရဲ့ တန်ဖိုး ကုန်သွားတော့ လုံချန်က ချက်ချင်း သတ်ပစ်လိုက်တာလား။ ဒီလိုရက်စက်မှုက ဟွမ်ဖေးယန်က မသတ်ရင်တောင် လုံချန်ရဲ့ ပါရမီနဲ့ဆို ဟွမ်ဖေးယန်က သေချာပေါက် အသတ်ခံရမှာ။ ဒါပေမဲ့ ဒီလိုအရေးကြီးချိန်မှာ သူက ဘယ်ထွက်သွားတာလဲ”

ဤအတောအတွင်း အစ်ကိုဝမ် က ဂူအတွင်းပိုင်း၌ ဖမ်းဆီးခံ ထဲ အပျိုစင်မိန်းကလေး ၁၀ ယောက်နီးပါးကို ကယ်ထုတ်ခဲ့သည်။ သွေးဝိညာဉ်ဂိုဏ်း က အပျိုစင်သွေးကိုသာ လိုအပ်သည့်အတွက် အမျိုးသမီးငယ်များကို ဖျက်ဆီးခဲ့ခြင်းတော့မရှိပေ။

အချိန်ခဏကြာပြီးနောက်တွင် ဖမ်းဆီးခံထားရသည့် အမျိုးသမီးအားလုံးကို ကယ်ထုတ်နိုင်ခဲ့သည်။ ထို့အတူ ယန်လော့မြို့၏ မစ်ရှင်ကလည်း ပြီးဆုံးခဲ့ပြီဖြစ်သည်။ ထူးဆန်းသည့်အခြေအနေက ဟွမ်ဖေးယန် ပြန်ရောက်မလာသေးတာပင်။ အစ်ကိုဝမ်က ကောင်းကင်ကြီး အရောင်မှိန်ဖျော့လာသည်အထိ စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ဟွမ်ဖေးယန်၏ အရိပ်အယောင်ကို မမြင်ရသေးပေ။ နောက်ဆုံးတော့ အစ်ကိုဝမ် လည်း အရှေ့ယန်တောင်တန်းထဲ၌ ဆက်ပြီးမစောင့်နိုင်တော့ပါ။ ယန်လော့မြို့သို့ အရင်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

“သူ ပြန်လာရင် ယန်လော့မြို့ကို လိုက်လာမှာပဲ။ ဒီကောင် .... တကယ်ပဲ ဘာဖြစ်နေတာလဲ မသိတော့ဘူး…”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters