အခန်း (၉၅-၉၆)
Vol. 8 Ch. 95-96
.(သွေးနဂါးလုံချန်)
ဘာသာပြန်သူ -
အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၈)
အပိုင်း ၉၅ - မူလစိတ်ဝိညာဉ်သစ်သီး
“ကံဆိုးလိုက်တာ ... ဒီနေ့က ငါ့ဘဝမှာ ကံအဆိုးဆုံးပါပဲ။ ရတနာခန်းမကို ပထမဆုံး ရောက်လာတဲ့အခေါက်မှာတင် ပထမဆုံး မြင်ရတာက အနံ့ဆိုးဆိုးနဲ့ မျက်နှာတစ်ခုဖြစ်နေခဲ့တယ်…”
ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့အားသင့်နေသောအကြည့်များအောက်မှာပဲ လုံချန်က နှာခေါင်းကို လက်နဲ့ပိတ်ထားရင်း ဖုန်းဝူထျန်း ကို ကျောပေးလိုက်ပြီး သူ့ကို ရှောင်ကွင်းကာ ထွက်ပေါက်ဆီ တည့်တည့် လျှောက်ထွက်သွားသည်။
“ရပ်နေစမ်း... ဟဲ့.!... သူခိုးလေး...”
ဖုန်းဝူထျန်း မလှုပ်ရှားခင်မှာပဲ သူ့နောက်ရှိ မိန်းမငယ်လေးက ဒေါသတကြီးဖြစ်နေလေသည်။ သူမက လုံချန်၏ လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။ သူမက လုံချန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ရင်း အသံအေးစက်စက်ဖြင့် ပြောလိုက်၏...
“နင် အခု ဘာပြောလိုက်တာလဲ”
ဤမိန်းမငယ်လေး ဒေါသထွက်နေသည်ကို မြင်လိုက်ကြသောအခါ အစိမ်းရောင်နေမင်းဌာနခွဲ၏ တပည့်နှစ်ယောက်လည်း ကြောက်လန့်စွာ နောက်ဆုတ်သွားကြသည်။
“ဒီ လုံချန်က လျူလင်း ကို စိတ်ဆိုးအောင်လုပ်မိရင် အေးအေးဆေးဆေးနေနိုင်မှာမဟုတ်တော့ဘူး။ ငါတို့ အစိမ်းရောင်နေမင်းဌာနခွဲရဲ့ အကြီးအကဲက လျူယွမ် လို့ခေါ်တယ်၊ အဲဒီလျူလင်း ရဲ့ အဖေပဲ။ ပြီးတော့ သူ့မှာ အစ်မ တစ်ယောက်လည်းရှိသေးတယ်၊ အဲဒါက စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲချုပ်ပဲ”
သို့သော်လည်း လုံချန်ကတော့ မိန်းမငယ်လေး၏ အထောက်အထားကို လုံးဝ မသိခဲ့ပါ။ သူ့အမြင်အရ ဖုန်းဝူထျန်း၏ကောင်မလေး တစ်ယောက်ပင်။ အတော်လေး လှပသော်လည်း သူ၏လင်းရှီ နှင့်တော့ မယှဉ်နိုင်ပ။
လုံချန်က သူမကို စိတ်မဝင်စားဘဲ လှောင်ပြောင်ကာ ပြန်ပြောလိုက်သည်..
“ငါ ပြောတာက မင်းတို့ နှစ်ယောက်လုံး အနံ့ဆိုးနေတယ်လို့လေ။ ဘာဖြစ်လဲ... ငါ့ကို ကိုက်ချင်တာလား”
“နင်...”
လျူလင်း က ဒေါသထွက်လွန်းသောကြောင့် မျက်ရည်ဝဲတက်လာသည်။ ဤလုံချန် ကဲ့သို့ အဆင့်နိမ့်တပည့်တစ်ယောက်က သူမကို စော်ကားပြောဆိုခြင်းက ပထမဆုံး အကြိမ်ပင်။ ဒေါသထွက်လွန်းသဖြင့် တိုက်ခိုက်ရန် ပြင်လိုက်၏
သို့ရာတွင် ဖုန်းဝူထျန်း က လက်တစ်ဖက်နဲ့ ဖမ်းဆွဲထားလိုက်ပြီး မိန်းမငယ်လေးနှင့် လုံချန်တို့ကြားမှာ ဝင်ရပ်လိုက်သည်။
လုံချန်က သူ့ကို အရှက်ရစေခဲ့သော်လည်း ဖုန်းဝူထျန်း၏ မျက်နှာအမူအရာက ပြောင်းလဲမသွားပေ။ သူက လုံချန်ကို အေးစက်စက် တစ်ချက်ကြည့်ရင်း ခေါင်းခါလိုက်သည်..
“အစက မင်းကို အတိုင်းအတာတစ်ခုထိ လေးစားခဲ့တယ်။ ဒါပေမဲ့ တွေ့ဆုံပြီးမှ သိလိုက်ရတာ... မင်းက စကားနဲ့ပဲ ကြွားဝါတတ်တဲ့ လူပျက်သာသာပဲ ဆိုတာ အံ့သြစရာပဲ”
လုံချန်က တဟားဟား ရယ်မောလိုက်၏...
“ဟုတ်တယ်၊ ငါက စကားပဲ ကြွားဝါတတ်တဲ့ လူလေ။ အဲဒါ ဘာဖြစ်လဲ။ ဒီ ရတနာခန်းမထဲမှာ ငါ့ကို တိုက်ခိုက်ချင်တာလား”
လုံချန်၏ အကြိမ်ကြိမ်ရန်စစကားကြောင့် လျူလင်း၏ နှလုံးသားထဲမှာ လုံချန်ကို သတ်ပစ်ချင်စိတ် တောက်လောင်နေလေသည်။ လင်းဝူမိသားစု၏တရားဝင်တပည့်များဖြစ်နေသောကြောင့်သာ။ မဟုတ်ပါက လုံချန်ကို တစ်ခါတည်း သတ်ပစ်နေလောက်ပါပြီ။
လုံချန်ကလည်း ဤအချက်ကို ကောင်းကောင်း သိထားသောကြောင့်သာ ရန်စနေခြင်းဖြစ်သည်။ ၎င်းက သူ့ ပုံစံပင်မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင် လျူလန်ကို တွေးမိပြီး လုံချန်၏ရင်ထဲမှာ ကြပ်တတ်လာသလို ခံစားရသည်။ ထိုအမျိုးသမီးက သူ့အား အိမ်မွေးသားရဲတစ်ကောင်လို ပုံစံချမွေးမြူလေ့ကျင့်နေသလို ခံစားနေရသည်။
“ဘာလဲ..”
ဖုန်းဝူထျန်း က မခံမရပ်နိုင် ဖြစ်သွားပြီး လုံချန်ကို စိုက်ကြည့်ကာ အေးစက်စက်ပြောတော့၏...
“မင်း စကားကောင်းကောင်း ပြောတတ်တယ်ဆိုရင် အဲဒီ ပါးစပ်ပေါက်ကို ပိတ်ပြီး သေခြင်း၊ရှင်ခြင်း စင်မြင့်ကို သွားကြမလား။ မင်း တိုက်ခိုက်ရဲသလား”
“သေခြင်း၊ရှင်ခြင်း စင်မြင့်” ဆိုသော စကားကို ကြားလိုက်သည့်အချိန်မှာတော့ ပတ်ဝန်းကျင်က လူတိုင်း ချက်ချင်း အံ့သြတုန်လှုပ်ကုန်ကြသည်။
လင်းဝူမိသားစုအတွင်း၌ ကိုယ်ရေးကိုယ်တာပြဿနာများကို လူမြင်ကွင်းမှာ ဖြေရှင်းခွင့်မပြုထားပေ။ သို့ရာတွင် နှစ်ဖက်စလုံး သဘောတူပါက သေခြင်း၊ရှင်ခြင်း စင်မြင့်ထက်၌ ရင်ဆိုင်တိုက်ခိုက်နိုင်သည်။
“ဒီ ဖုန်းဝူထျန်း က လုံချန်ကို ဖယ်ရှားဖို့ ပြင်ဆင်နေတဲ့ပုံပဲ။ သူ သဘောတူပါ့မလား”
“သဘောမတူလောက်ဘူး။ သူက စိတ်ဆက်လွယ်တဲ့ လူမိုက်မဟုတ်ရင် မဖြစ်နိုင်ဘူး။ သေခြင်း၊ရှင်ခြင်းစင်မြင့်မှာ ဖုန်းဝူထျန်း နဲ့ တိုက်ခိုက်တာက သေလမ်းရှာတာပဲ”
လုံချန်ကလည်း လင်းဝူမိသားစု၏ သေခြင်း၊ရှင်ခြင်းစင်မြင့် အကြောင်းကို ကြားဖူးထား၏။
ဖုန်းဝူထျန်း၏ လက်ရှိ အကြည့်က ဓားသွားလို စူးရှနေလေသည်။
လုံချန်က ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီး ဖုန်းဝူထျန်း ကို ရှောင်ကွင်းရင်း လျူလင်း ကို မျက်နှာပြောင်ပြလိုက်ကာ တစ်လှမ်းချင်း လျှောက်၍ ထွက်သွားလေတော့သည်။
“သူ တိတ်ဆိတ်နေတာ ဆိုတော့ သဘောတူတာလား”
လူအများက အတွေးပေါက်နေကြသည်။
လုံချန်၏စကားများက ဘောင်ကျော်သွားပါပြီ။ လျူလင်းအတွက် ချစ်ရသူကို အရှက်ရစေခဲ့သည်။ ထိုလုံချန်က ခွင့်မလွှတ်နိုင်သော အပြစ်တစ်ခုကို ကျူးလွန်လိုက်ပြီ ဖြစ်သည်။။ လုံချန် ထွက်သွားချိန်မှာပဲ သူမက အေးစက်စက် အော်လိုက်သည်။
“မှတ်ထားလိုက်စမ်း။ မနက်ဖြန် နေထွက်ချိန်မှာ သေခြင်း၊ရှင်ခြင်းစင်မြင့် ဆီကို အရောက်လာခဲ့။ မလာရဲရင် နက် လုံချန်က သူရဲဘောင်ကြောင်တဲ့ လူပဲ။ နင်က ယောက်ျားမဟုတ်ဘူး”
လျူလင်း၏ နောက်ဆုံး စကားကို ကြားလိုက်သည့်အခါ လုံချန်က ပြန်လှည့်ပြီး ရယ်ကာပြောလိုက်သည်...
“ငါ ယောက်ျားမဟုတ်ရင် မင်း ကိုယ်တိုင် ငါ ဘာလဲ ဆိုတာ အတည်ပြုချင်နေတာလား။ မင်းဘေးက အဲဒီ လူက ခွင့်ပြုမလားလို့ ငါ တွေးမိတယ်”
လုံချန်၏စကားကြောင့် လျူလင်းက မျက်နှာ ချက်ချင်း နီရဲလာတော့သည်။ ဤခဏလေးအတွင်းမှာ လုံချန် ကတော့ ထွက်ခွာသွားပြီဖြစ်သည်။ လျူလင်း အတွက် ဒေါသကို ဖွင့်ထုတ်ဖို့ နေရာ မရှိတော့ပေ။
“လင်းအာ၊ ဒီလို လူမျိုးနဲ့ ရန်ငြိုးထားတာ မင်း ခွန်အားကို အလဟဿ ဖြစ်စေရုံပဲ။ သူ့လို အမှိုက်ကောင်ကို ဒေါသထွက်နေစရာ မလိုဘူး။ ငါ မင်းအစား ဖုန်းလင်း ယဲ့ ကို ပြောပေးမယ်”
လုံချန် ဆီက အရှက်ရစေသော စကားကြောင့် လျူလင်း၏ မျက်နှာသေးသေးလေးက နီရဲနေပြီး အံကြိတ်ရင်း လုံချန်ကို သတ်ချင်နေပေသည်။ ဖုန်းဝူထျန်း ကတော့ ဘာမှ မတုံ့ပြန်ဘဲ လုံချန်ကို အာရုံထဲပင်ထည့်မထားပေ။
“ကောင်းပြီ။ ဝူထျန်း အစ်ကို၊ မနက်ဖြန် အဲဒီ လူယုတ်မာ လာမယ်လို့ နင် ထင်လား”
ဖုန်းဝူထျန်း က ခဏ စဉ်းစားပြီးမှ ပြန်ဖြေသည်
“သူ့ မာနနဲ့ ဂုဏ်သိက္ခာ အရ လာနိုင်တယ်။ အဲဒီအခါ မင်းရှေ့မှာ သူ့ လျှာ ကို ဆွဲဖြတ်ထပေးမယ်”
“အား၊ မလိုပါဘူး။ အရမ်း စက်ဆုပ်စရာကောင်းတာပဲ။ ဖုန်းလင်း ယဲ့ ဆီ သွားကြစို့”
ဒေါသတကြီးဖြစ်နေသော်လည်း ချစ်ရသူက နှစ်သိမ့်ပေးနေသဖြင့် လေသံက ပြန်ချိုသာလာပါသည်။ ထို့နောက် ဖုန်းဝူထျန်း၏လက်မောင်းကို ဆုပ်ကိုင်ရင်း ရတနာခန်းမထဲ သို့ ဝင်သွားကြသည်။ လူတိုင်းလည်း ပြပွဲ ပြီးဆုံးသွားပြီမှန်း သဘောပေါက်သွားကြသည်။ တီးတိုးဆွေးနွေးရင်း တဖြည်းဖြည်း လူကွဲသွားကြ၏။
“မနက်ဖြန် နေထွက်ချိန်မှာလား။ မနက်ဖြန် ပြပွဲကောင်းတစ်ခု ရှိလာတော့မယ်”
“လုံချန် တကယ် သွားမယ်လို့ ထင်လား။ ဘယ်လို ဖြစ်နိုင်မလဲ။ သူက အရူးလား။ သူ့ကြည့်ရတာ ရဲရင့်တဲ့ လူ မဟုတ်နိုင်ဘူး။ မနက်ဖြန် သွားရင် အချိန်ဖြုန်းရုံသက်သက်ပဲ”
“ငါလည်း အဲဒီလိုပဲ ထင်တယ်။ သူ့ လက်ရှိ အင်အားနဲ့ ဆို ဖုန်းဝူထျန်း ရဲ့ ဆယ်ပုံတစ်ပုံ တောင် မရှိဘူး။ အရှက်ခံပြီး ရှင်သန်နေတာ ပိုကောင်းတယ်မဟုတ်လား”
ဖုန်းဝူထျန်း နှင့် ပြဿနာတက်ခဲ့ခြင်းက လုံချန်အတွက် မျှော်လင့်မထားသော အခေအနေဟု ဆိုရပေမည်။ သို့သော် သူက စိတ်ထဲတော့ မှတ်ထား၏...
“ဒီ ဖုန်းဝူထျန်း ကို ငါ လူရှေ့သူရှေ့မှာ ရန်စစော်ကားခဲ့တယ်။ ဒါပေမဲ့ သူ့ပုံစံက မျက်တောင်တစ်ချက်မှ မခတ်ဘူး။ ဒီကောင်က တော်တော်လေး စိတ်ထိန်းနိုင်တာပဲ၊ ပြီးတော့ သူ့ခွန်အားကလည်း ငါ့ထက် အများကြီး သာနေတယ်။ ကြည့်ရသလောက်တော့ ကောင်းကင်နယ်မြေပြိုင်ပွဲ က ခက်ခဲတော့မယ်…”
လင်းဝူမိသားစု၏ ကောင်းကင်နယ်မြေပြိုင်ပွဲက တဖြည်းဖြည်း နီးကပ်လာနေပြီဖြစ်သည်။ လုံချန်က သူ့အင်အား မလုံလောက်သေးမှန်း သိထားခဲ့သည်။ ထို့ကြောင့် စိတ်ကို ငြိမ်အောင်ထားပြီး သူ၏ခွန်အား တိုးတက်အောင် လေ့ကျင့်ရန်သာ ပြင်လိုက်ပါသည်။ ဖုန်းဝူထျန်း အကြောင်းကို အာရုံထဲမထားတော့ပေ။ သူက တစ်ခါတလေ မောက်မာထောင်လွှားသော်လည်း အသိဉာဏ်မဲ့သူ မဟုတ်ပါ။ သူ့ကိုယ်သူ အားနည်းသလို ဟန်ဆောင်ပြီးမှ အားကောင်းသူကို ဝါးမျိုရပေမည်။ တစ်နည်းအားဖြင့်တော့ လက်ရှိသူ့ပုံစံက ဝက်ယောင်ဆောင်သော ကျားတစ်ကောင်လိုပင်။
“ဟေ့၊ နက် တကယ် သွားဖို့ စဉ်းစားနေတာလား”
“ခေါင်းမာတဲ့ လူမိုက်တွေမှပဲ သွားမှာ”
“ဒါပေမဲ့…”
လင်းရှီ က လုံချန်ရှေ့ ပျံဝဲနေရင်း မျက်မှောင်ကြုတ်ပြီး ကြည့်နေလေသည်...
“နင်.... လူတွေက နင့်ကို အထင်သေးပြီး ယောက်ျားမဟုတ်ဘူးလို့ မြင်သွားမှာ မကြောက်ဘူးလား”
“မင်း ဘာသိလို့လဲ။ ကုတင်ပေါ်မှာ လုပ်ငန်းစလုပ်ရင် ငါ ယောက်ျား ဟုတ်လားမဟုတ်ဘူးလားဆိုတာ သိသွားကြမှာလေ”
လုံချန်၏စကားက အရမ်းကို တိုက်ရိုက်ဆန်လွန်းနေသောကြောင့် လင်းရှီ ပါ ခံနိုင်ရည် မရှိသလောက်ပင်။ သူမက လုံချန်ကို မျက်လုံးပြူးပြူးဖြင့် ကြည့်ရင်း ပြော၏...
“မြန်မြန် လုပ်စမ်း အရူးကောင်။ အဲဒီ ဝိညာဉ်ဖန်တီးခြင်းသစ်သီး ကို ငါ့ကို ပေးတော့။ ငါ ဗိုက်ဆာနေပြီ”
လုံချန်က ဝိညာဉ်ဖန်တီးခြင်းသစ်သီး အပြင် အမှတ် ၂၀၀ ဖြင့် ဝယ်ယူလာသည့် မူလစိတ်ဝိညာဉ်သစ်သီး ကို ထုတ်လိုက်သည်။ မူလစိတ်ဝိညာဉ်သစ်သီးကို ကြည့်ရင်း သူ့နှလုံးသားထဲမှာ နာကျင်လာပါသည်။
သူ့အနေဖြင့် အပြင်းအထန် အားကုန်ထုတ်ကြိုးစားပြီးမှ အစောင့်အရှောက်ရှီ နှင့် ဟွမ်ဖေးယန် တို့ကို သတ်နိုင်ခဲ့၏။ ၎င်းတို့ထံမှ စုစုပေါင်း နတ်ဝိညာဉ်ကျောက်တုံး ၁၀၀ ကျော်သာ ရခဲ့၏။ ဤမူလစိတ်ဝိညာဉ်သစ်သီးတစ်လုံးတည်းကပင် နတ်ဝိညာဉ်ကျောက်တုံး ၂၀၀ တန်လေသည်။
လင်းရှီ က စိတ်လှုပ်ရှားစွာဖြင့် ဝိညာဉ်အားဖြည့်သစ်သီးကို အပြည့်အဝ စုပ်ယူနေလေသည်။ အချိန်ခဏကြာကြီးနောက် လင်းရှီ ပြီးစီးသွားမှ လုံချန်က မူလစိတ်ဝိညာဉ်သစ်သီး ကို လက်ဝါးပေါ်တင်ထားရင်း စိတ်မရှည်စွာ မေးလိုက်၏..
“အခု ပြောလို့ရပြီလား။ ဒီ သောက်ကျိုးနည်းသစ်သီး က ဘာအသုံးဝင်တာလဲ”
“နင်က အရူးပဲ”
လင်းရှီ က မကျေမနပ်ပြန်ပြောရင်း ဝိညာဉ်ခန္ဓာကိုယ်လေးက သစ်သီးပေါ်မှာ ဆင်းထိုင်လိုက်သည်။ ထို့နောက် ထိပ်တန်းအဆင့် ဆေးပညာရှင်တစ်ဦး ကဲ့သို့ ဟန်ဆောင်ရင်း ရှင်းပြပါတော့သည်...
“မူလစိတ်ဝိညာဉ်သစ်သီး က ဒဏ်ရာ ကုသတဲ့ သစ်သီး မဟုတ်ဘူး။ ကောင်းကင်နဲ့ မြေကြီးက မွေးဖွားလာတဲ့ ရှားပါးရတနာပစ္စည်း တစ်ခုပဲ။ အခြေခံအားဖြင့် ဈေးနှုန်း သတ်မှတ်လို့ မရဘူး”
“အဲဒီလောက်တောင် အံ့သြစရာ ကောင်းနေသလား” သူ့ရှေ့က အနက်ရောင်သစ်သီး ကို ကြည့်ရင်း လုံချန်လည်း အံ့သြသွား၏။ သူ မျှော်လင့်ထားသည်နှင့် လုံးဝ ကွာခြားနေသည်မဟုတ်ပါလား။
“ဘာလဲ ဆိုတာ အခု ပြောပြတော့။ ငါ မစောင့်နိုင်တော့ဘူး”
“ဘာလို့ ဒီလောက်တောင် စိတ်မရှည်ဖြစ်နေရတာလဲ။ စိတ်မရှည်ရင် ပူနွေးတဲ့ တိုဟူးကို မစားရဘူး” လင်းရှီက လုံချန်၏ အလျင်စလိုပုံစံကိုမြင်သောအခါ ကျေနပ်နေဟန်ဖြင့် စကားတစ်လုံးချင်းပြောနေ၏။
လုံချန်က ခဏ အံ့သြသွားပြီးမှ တစ်စုံတစ်ခုကို တွေးမိပြီး လင်းရှီကို ကြည့်ရင်း လှောင်ပြုံးပြုံးလိုက်ပါသည်..
“ပူနွေးတဲ့ တိုဟူးကို မစားရရင် မင်းရဲ့ နူးညံ့တဲ့ တိုဟူး ကို ငါ စားမှာနော်…”
သူပြောလိုက်သော စကားကြောင့် လင်းရှီ၏ မျက်နှာသေးသေးလေးက နီရဲလာပြီး ပြုံးရင်း ဆူပုတ်ပုတ်လုပ်နေလေသည်။ ခဏကြာမှ မူလစိတ်ဝိညာဉ်သစ်သီး ကို လှုပ်ပြရင်း ဆက်ပြောပါသည်...
“ဒီ သစ်သီး ရဲ့ အဆီအနှစ်က ဒဏ်ရာ ကုသတဲ့နေရာမှာ အသုံးဝင်တာ မှန်ပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက အူတိုင်ပဲ။ မူလစိတ်ဝိညာဉ်သစ်သီး က အပြင်လောကမှာတောင် ရှားပါးလွန်းလို့ အထူးရတနာတစ်ခုလို့ သတ်မှတ်လို့ရတယ်။ အရေးကြီးဆုံးကတော့ သစ်သီးရဲ့ အူတိုင်ထဲမှာ တိုက်ခိုက်ရေးနည်းစနစ် တစ်ခု ဖုံးကွယ်ထားတယ်”
“တိုက်ခိုက်ရေးနည်းစနစ်လား။ အူတိုင်ထဲမှာ ဖုံးကွယ်ထားတာလား။ ကောင်းကင်ဘုံက အံ့သြစရာကောင်းလိုက်တာ။ ရှီအာ! မင်း စိတ်ကူးဉာဏ် ဘယ်လောက် ကြီးမားလိုက်သလဲ”
လုံချန်က လျှာထုတ်ပြရင်း မျက်လုံး ပြူးကာ ကြည့်နေလေသည်။
လုံချန်၏ မယုံကြည်သောပုံစံကြောင့် လင်းရှီ က စိတ်ထဲမှာ ကျိန်ဆဲနေလိုက်သည် “စောင့်ကြည့်နေစမ်း၊ မကြာခင်မှာ ငါ ဘယ်လောက် အံ့သြစရာ ကောင်းလဲ သိသွားလိမ့်မယ်” ထိုသို့တွေးမိသည်နှင့် သူမက သဘောထားကြီးသောလေသံဖြင့် ပြောလိုက်သည်။
“မယုံရင်လည်း မယုံနဲ့ပေါ့။ ငါ့ကိုယ်ငါတော့ ယုံတယ်။ ပထမဆုံး သစ်သီးရဲ့ အပေါ်ယံအလွှာကို နည်းနည်းချင်းလှီးထုတ်လိုက်”
“လှီးထုတ်ပစ်ရမှာလား”
လုံချန်၏ နှလုံးသားက ရုတ်တရက် အောင့်တက်သွားသလိုပင်။ သစ်သီး၏ အပေါ်ယံအသားက ရမှတ် အမှတ် ၂၀ တန်လေသည်။ အကယ်၍ လင်းရှီ သာ တွက်ဆချက်မှားပြီး အူတိုင်ထဲ ဘာမှ မရှိပါက…
“မြန်မြန်လုပ်စမ်း”
“ကောင်းပါပြီ၊ ငါ ချက်ချင်း လုပ်လိုက်ပါ့မယ်…”
မူလစိတ်ဝိညာဉ်သစ်သီး ကို ခွဲလိုက်သည့်အခါမှာတော့ အံ့သြစရာကောင်းလောက်အောင်ပဲ နူးညံ့ဖြူဖွေးနေသော အတွင်းအသားနှင့် ချိုမြသည့် ရနံ့ သင်းပျံ့လာသည်။ လုံချန်က လင်းရှီ ညွှန်ကြားသည့်အတိုင်း အသားကို တစ်ရစ်ချင်းစီခွဲထုတ်လိုက်ရာ အနက်ရောင် အူတိုင် တစ်ခုသာ ကျန်ပါတော့သည်။ သစ်သီးအူတိုင်က လက်မောင်းလုံးခန့် အရွယ်အစားသာ ရှိ၏။ ဘာမှ ထူးခြားတာ ရှိမနေပေ။ လုံချန်က အသုံးဝင်ပုံကို မေးရန်ပြင်လိုက်စဉ်မှာပဲ လင်းရှီ က အရင်ဖြေလာခဲ့သည်...
“အူတိုင်ကို မျိုချလိုက်။ ပြီးရင် နင့်ရဲ့ အစစ်အမှန်ချီ ကို သုံးပြီးချေဖျက်လိုက်။ တစ်ညနဲ့တစ်ရက်လောက် ချေဖျက်ပြီးရင် အမှုန့်တွေလို ကြေမွသွားလိမ့်မယ်။ အဲဒီအခါကျ နင့်ရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲကို တိုက်ခိုက်ရေးနည်းစနစ် နဲ့ပတ်သက်တဲ့ အချက်အလက်တွေ သဘာဝအတိုင်း စီးဝင်လာလိမ့်မယ်”
“အော်... ဒါပဲလား”
လုံချန်က သူ့လက်ဝါးပေါ်ရှိ သစ်သီးအူတိုင်ကို ဖိညှစ်ကြည့်ရာ သံမဏိလို မာကြောနေပေသည်။ သူ့စိတ်ထဲမှာတော့ ဤသတ္တုလိုအူတိုင် ကို ဝါးစားသူက လူမိုက်သာ ဖြစ်နိုင်လေ၏။
“ရှီအာ! မင်း သေချာလား”
လင်းရှီ က မျက်မှောင်ကြုတ်ပြီး လုံချန် မယုံကြည်သေးကြောင်း သိလိုက်ပုံပါ။ သူမက အေးစက်စက်ပြော၏ ...
“ကောင်းကင်နယ်မြေမှာ မသေချင်ရင် မျိုချလိုက်။ ငါ့အတွက် ဘာမှ မဖြစ်ဘူး။ နင် ပံ့ပိုးမှု အမှတ် ၂၀ က အလဟဿ ဖြစ်သွားပြီ မဟုတ်လား”
လုံချန်က ဘာမှ မတတ်နိုင်တော့ဘဲ သူ့လက်ထဲမှ အနက်ရောင်သတ္တုတုံး ကို မျိုချလိုက်ပါတော့သည်။ အူတိုင်က မာကြောနေသဖြင့် သူ့ဗိုက်ထဲ မသက်မသာ ဖြစ်သွားရသည်။ ချက်ချင်းဆိုသလို အစစ်အမှန်ချီ ကို လှည့်ပတ်ပြီး အူတိုင်ကို ချေဖျက်ရန် ကြိုးစားရပါတော့သည်။
“ဒါပေမဲ့ လွယ်လွယ်ကူကူ ဆိုရင် လူတိုင်း လိုချင်ကြမှာပဲ။ မူလစိတ်ဝိညာဉ်သစ်သီး က အံ့သြစရာ ကောင်းတယ်ဆိုတာ သိနိုင်ကြပါ့မလား။ လူတိုင်း သိနေရင်တော့ ငါ ရဖို့ အခွင့်အရေး မရှိတော့ဘူး”
ဆုံးဖြတ်ချက် ချပြီးသည့်နောက်တော့ လုံချန်က စိတ်ကို လွှတ်ချပြီး သစ်သီးအူတိုင်ကို ဖြည်းဖြည်းချင်း ချေဖျက်လိုက်သည်။
သစ်သီးအူတိုင်က အလွန် မာကျောလှသည်။ လုံချန်၏ လက်ရှိ အစစ်အမှန်ချီ ကို အသုံးပြုထားသည့်တိုင် အနည်းဆုံး အချိန်တစ်ရက်လုံးလုံး လိုအပ်ပေမည်။
လုံချန်က အဆက်မပြတ်ချေဖျက်ရင်း အချိန် တစ်ရက်လုံးလုံး ကုန်ဆုံးသွား၏။ နောက်တစ်နေ့ နံနက်မှာတော့ အူတိုင်က လက်ချောင်းလေး အရွယ်အစားလောက်အထိ သေးလာခဲ့သည်။ မျက်နှာပြင်မှာလည်း အက်ကွဲရာများ ရှိနေ၏။ ရုတ်တရက်ပင် အက်ကွဲကြောင်းတွေကနေ ကျယ်လောင်သောကွဲအက်သံ ထွက်ပေါ်လာလေသည်။
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
.(သွေးနဂါးလုံချန်)
ဘာသာပြန်သူ -
အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၈)
အပိုင်း ၉၆ - မူလအစသို့ပြန်သွားခြင်းကျင့်စဉ်
တစ်နေ့နှင့်ညတစ်ညလုံး အဆက်မပြတ်ချေဖျက်ပြီးနောက် လုံချန်က သံမဏိကဲ့သို့မာကျောလှသော သစ်သီးအူတိုင်ကို သန့်စင်နိုင်ခဲ့၏။ အူတိုင်က အနီရောင်ဖျော့ဖျော့ အလင်းများ ထုတ်လွှတ်နေသည်။အစစ်အမှန်ချီဖြင့် အဆက်မပြတ် ချေဖျက်နေသောကြောင့် အူတိုင်ပေါ်ရှိ အက်ကွဲကြောင်းများသည် ကွဲထွက်သွားသည်အထိ တဖြည်းဖြည်းတိုးလာသည်။ ဆေးဝါးများကဲ့သို့ပင်၊ အူတိုင်မှ အစွမ်းထက်သောစွမ်းအင်စီးကြောင်းသည် သိပ်သည်းသောဖိအားကြောင့် လုံချန်၏သွေးကြောများမှတစ်ဆင့် အဆက်မပြတ် စီးဝင်နေလေသည်။
“အဲဒီဖြတ်သန်းသွားတဲ့ လမ်းကြောင်းတွေကို သေချာလေးမှတ်ထား” လင်းရှီက ရုတ်တရက်သတိပေးခဲ့သည်။ လုံချန် လည်း သတိပေးစကားကြောင့် အစစ်အမှန်ချီဖြတ်သန်းသွားသော သွေးကြောလမ်းကြောင်းများကို သတိအပြည့်ဖြင့် မှတ်သားနေသည်။ မကြာမီတွင် ဤစွမ်းအားသည် တဖြည်းဖြည်းနှင့် လုံးဝပျောက်ကွယ်သွားတော့သည်။ လုံချန်က ခန္ဓာကိုယ်တစ်ခုလုံး အကြောအချင်များ ပြေလျော့ကာ သာယာသွားသလို ခံစားရသည်။ ၎င်းသည် မူလစိတ်ဝိညာဉ်သစ်သီးအူတိုင်မှဝိညာဉ်စွမ်းအားကြောင့်လည်း ပါပေမည်။
သို့သော် လင်းရှီ ပြောခဲ့သည့် တိုက်ခိုက်ရေးနည်းစနစ် ဆိုသည်ကား...
ဤအချိန်တွင် လင်းရှီက လုံချန်ကို အကဲခတ်ရင်း ကျေနပ်အားရဟန်ဖြင့် ပြော၏ “ငါ့ကို ဘယ်လိုကျေးဇူးတင်မှာလဲ။ ဒီတိုက်ခိုက်ရေးနည်းစနစ်ကို မူလခန္ဓာဖန်တီးခြင်းကျင့်စဉ်လို့ လူသိများတယ်။ ဒီလိုအရာမျိုးက အရမ်းရှားပါးပြီး လက်ရှိ နင်တို့ကမ္ဘာမှာ မရှိလောက်ဘူးလို့ ငါထင်တယ်”
“မူလခန္ဓာဖန်တီးခြင်းကျင့်စဉ်လား” လုံချန်က အံ့သြသံနှင့် ရေရွတ်လိုက်သည်။ သူ တစ်ခါမှ မကြားဖူးပေ။
လုံချန် မှင်သက်နေသည်ကိုမြင်သောအခါ လင်းရှီက ရယ်မောလိုက်သည်။ “မူလခန္ဓာကိုယ်တိုက်ခိုက်ရေးနည်းစနစ်၊ ဒါမှမဟုတ် အဆင့်မြင့်ကုသရေးစွမ်းရည် လို့လည်း ခေါ်တယ်။ ဒါက ကျင့်ကြံခြင်းလောကမှာတောင် အရမ်းရှားပါးတယ်။ တိုက်ခိုက်ရေးနည်းစနစ် (၁၀၀၀) လောက် ရှိတဲ့အထဲမှာ ကုသခြင်းနဲ့ပတ်သက်တဲ့ စွမ်းရည်က တစ်ခုပဲရှိနိုင်တယ်။နင်မြင်ပြီလား၊ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ...”
ထိုစကားကိုကြားသောအခါ လုံချန်က စိတ်လှုပ်ရှားသွား၏ “ရှောင်ရှီ! ဒီကုသခြင်းနည်းစနစ်က ငါ့ကိုယ်ငါ ကုသနိုင်တဲ့ ဝိညာဉ်ဆေးအမယ်တွေကို အစားထိုးနိုင်ပါ့မလား။ တိုက်ပွဲမှာတောင်... အဲဒါက လုံးဝမမှန်နိုင်ဘူး”
“ဒီလိုတိုက်ခိုက်ရေးနည်းစနစ်မျိုးကိုသုံးတဲ့အခါကျရင် ခန္ဓာကိုယ်ကို မလှုပ်ရှားပဲ ခဏလောက်ငြိမ်နေလိုက်တာ အကောင်းဆုံးပဲ။ အရမ်းထိရောက်တဲ့ကုသမှုလို့တောင် ပြောလို့ရတယ်။ ပြီးတော့ ဘယ်နေရာ၊ ဘယ်အချိန်ဖြစ်ဖြစ် ထုတ်သုံးနိုင်တယ်။ အဆင့်မြင့်နည်းစနစ်မဟုတ်ရင်တောင်မှ ဒီလိုအရာသာ အပြင်လူတွေ လက်ထဲရောက်သွားရင် အချင်းချင်းတိုက်ခိုက်သတ်ဖြတ်ကြမယ့် အခြေအနေထိ ရောက်သွားနိုင်တယ်”
“ငါနားလည်ပြီ…” ဤအဆင့်မြင့်နည်းစနစ်ကိုရပြီးနောက် သေရေးရှင်ရေး အခြေအနေတွင် သူ့အသက်ကို အရမ်းကြီးစိုးရိမ်နေစရာမလိုတော့ပေ။
လုံချန်က လင်းရှီအပေါ် နှလုံးသားထဲကနေပင် ကျေးဇူးတင်မိသည်။
“ရှောင်ရှီ! မင်းက အရမ်းတော်တာပဲ။ ဟားဟား၊ မြန်မြန်ပြောပါ။ ဒီမသိနားမလည်တဲ့လူကို ဒီနည်းစနစ်ရဲ့နာမည်နဲ့ အဆင့်ဘယ်လောက်လဲဆိုတာ ပြောပြပါဦး”
“ဒါကို မူလအစသို့ ပြန်သွားခြင်း”လို့ခေါ်တယ်။ အလယ်အလတ်နက်နဲအဆင့် နည်းစနစ်ဖြစ်နိုင်ချေများတယ်။ တစ်နည်းပြောရင်တော့ ကောင်းကင်ယွမ်အဆင့် ပညာရှင် ဆိုရင်တောင် ဒီနည်းစနစ်ကိုသုံးပြီး ကိုယ့်ကိုယ်ကိုယ် ကုသနိုင်တယ်” လင်းရှီက မျက်လုံးလှန်ကြည့်ပြီး မနှစ်မြို့ဖွယ်လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ဒီ နက်နဲအဆင့် နည်းစနစ်အတွက် ပံ့ပိုးမှုအမှတ် ၂၀ နဲ့ လဲလှယ်ခဲ့တာပဲ။ ဒါက လုံးဝတန်တယ်။ ရှောင်ရှီ! မင်းက ငါ့ရဲ့ အချစ်ဆုံးလေးပဲ…”
“နင့်ပါးစပ်ပေါက်ကို ပိတ်ပြီး မြန်မြန် ပိုသန်မာလာအောင်လုပ်စမ်း။ နင် ငါ့ကို ကတိပေးထားတဲ့ ဝိညာဉ်အားဖြည့်ဆေးကို အမြန်ဆုံး ဝယ်ပေးဖို့သာ ကြိုးစား” လင်းရှီက လုံချန်၏ ဖားယားမြှောက်ပင့်သောစကားကို ဂရုမစိုက်သလို နေနေသော်လည်း သူ့ကို ကူညီပေးနိုင်ခဲ့သဖြင့် စိတ်ထဲမှာတော့ ဝမ်းသာနေခဲ့၏။
သူမက ဆက်ပြောလိုက်သည် “အခု ဒီနည်းစနစ်ကို စမ်းသုံးကြည့်လိုက်။ နင် အရင်တုန်းက ဒဏ်ရာတွေ အများကြီး ရခဲ့ဖူးတယ်မဟုတ်လား၊ နင့်ရဲ့ခန္ဓာကိုယ်ထဲမှာ သတိမပြုမိနိုင်တဲ့ အတွင်းဒဏ်ရာတစ်ခုခု ရှိနေရင် အဲဒါတွေအားလုံးကို ကုသပေးလိုက်တာ ပိုကောင်းတယ်”
“ငါနားလည်ပြီ” လုံချန်က မျက်လုံးကို တင်းတင်းမှိတ်ထားပြီး တင်ပြင်ခွေထိုင်လျက် “မူလအစသို့ ပြန်သွားခြင်းနည်းစနစ်”ကို အသက်သွင်းလိုက်သည်။ အဖြူရောင်အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ဖြန့်ကျက်သွား၏။ တစ်ကိုယ်လုံး အဖြူရောင်အလင်းလှိုင်းများ ပင့်ကူအိမ်သဖွယ် ပတ်နေလေသည်။ တစ်ချိန်တည်းမှာပင် အမျိုးအမည်မသိနိုင်သော စွမ်းအားတစ်ခုက လုံချန်၏ခန္ဓာကိုယ်ကို အကြိမ်ကြိမ်သန့်စင်နေလေသည်။ ဤအတောအတွင်း အနည်းငယ်သော နာကျင်မှုကအစ အတွင်းဒဏ်ရာအားလုံးကို မူလအတိုင်း ပြန်လည်ကောင်းမွန်သွားစေခဲ့သည်။
“ဒီ မူလအစသို့ ပြန်သွားခြင်းနည်းစနစ်က တကယ်ကို ထိရောက်တယ်”လုံချန် က ရင်ထဲမှာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။ သူ အရင်က တိတိကျကျမသိခဲ့ပေ။ ယခုလက်ရှိ ထပ်မံစမ်းသပ်ကြည့်လိုက်သည့်အခါမှာတော့ ခန္ဓာကိုယ်ထဲမှ အမည်မသိစွမ်းအားက တစ်ဖန်ပြန်လည်ပေါ်လာလေသည်။ ထို့နောက် မူလ သတ်မှတ်ထားပြီးသား လမ်းကြောင်းအတိုင်း ခန္ဓာကိုယ်ထဲ၌ ဖြည်းညှင်းစွာလည်ပတ်နေပါသည်။ ၎င်းက ခန္ဓာကိုယ်တစ်ခုလုံးအဆက်မပြတ် လှည့်ပတ်နေသဖြင့် အသေးအမွှားဒဏ်ရာကအစ လျင်လျင်မြန်မြန်ပဲ ပျောက်ကင်းသွားလေသည်။
“မူလအစ ပြန်သွားခြင်းနဲ့ဆိုရင် ငါမသေမချင်း ငါ့ပြိုင်ဖက်ကို အနိုင်ယူဖို့ အခွင့်အရေးရှိနေသေးတာပေါ့” ဤကဲ့သို့အတွေးမျိုး တွေးမိပြီးနောက် လုံချန်က မကြာခင်ရောက်လာတော့မည့် ကောင်းကင်တိုက်ပွဲနယ်မြေပြိုင်ပွဲ အကြောင်းကို သတိရသွားလေ၏။ မည်သို့ပင်ဖြစ်စေ ယခုအခါ သူ့စိတ်ထဲ၌ ယုံကြည်မှုအပြည့်ပင်။
“ဟားဟား...၊ အရူးကောင် ဖုန်းဝူထျန်း! ဒီအချိန်မှာ ငါလုံချန်က သေခြင်းရှင်ခြင်းစင်မြင့်မှာ မင်းနဲ့တိုက်ခိုက်ဖို့ စိတ်ဝင်စားမယ်လို့ ထင်နေတာလား။ ငါတို့နှစ်ယောက်ကြားက တကယ့်ပြိုင်ပွဲက ကောင်းကင်နယ်မြေထဲမှာပဲ ဖြစ်ရမယ်။ အဲဒီအချိန်ကျရင်တော့ တကယ်စိတ်လှုပ်ရှားစရာပဲ”
လုံချန်က မူလအစ ပြန်သွားခြင်းကျင့်စဉ်ကို အကြိမ်ကြိမ် ပြန်လည်လေ့ကျင့်နေရင်းဖြင့် အချိန်ကုန်ဆုံးစေလိုက်သည်။ လက်ရှိမှာတော့ သူက ကျင့်စဉ်အပေါ်မှာ တဖြည်းဖြည်း ရင်းနှီးလာခဲ့ပါသည်။ နေ့တစ်ဝက်လောက်ကြာပြီးနောက်မှာတော့ တစ်စုံတစ်ယောက်က အခန်းတံခါးလာခေါက်သံကို ကြားလိုက်ရသည်။
လုံချန်က ထရပ်၍ အခန်းတံခါး သွားဖွင့်လိုက်၏။ထိုအခါ စီနီယာအစ်ကိုကန်လင် ဖြစ်နေမှန်း မြင်လိုက်ရသည်။ ထို့နောက် ကန်လင် က လာခေါ်ကြောင်း သိသွား၏။ လုံချန်က နောက်ကနေ လိုက်လာခဲ့သည်။ လမ်းမှာတော့ ကန်လင်က လုံချန်ကို ထူးဆန်းသလိုအကြည့်မျိုးဖြင့် စိုက်ကြည့်ပြီး သက်ပြင်းချလိုက်သည်... “မင်း တကယ်ပဲ မြေကမ္ဘာယွမ်အဆင့် ကို ရောက်သွားပြီလား။ ဒီလောက်တိုတောင်းတဲ့အချိန်ခဏလေးမှာကိုပဲ မင်းက နယ်ပယ်နှစ်ခုကို ဆက်တိုက် ဖြတ်ကျော်နိုင်ခဲ့တယ်။ မင်း ဘယ်လိုလုပ်ပြီး အဲဒါကို လုပ်နိုင်ခဲ့တာလဲဆိုတာ ငါနားမလည်ဘူး”
လုံချန်က ခေါင်းကို ခါယမ်းပြီး ပြုံးလိုက်၏... “ဒါက ငါကံကောင်းသွားတာပါပဲ။ နောက်တစ်ကြိမ် ဒီလိုအခြေအနေမျိုး ထပ်ဖြစ်လာရင် ငါ ပြန်မလာနိုင်လောက်တော့ဘူး”
ကန်လင် ကလည်း လုံချန်၏ အရိပ်အမြွက်ပြနေသောစကားကို နားလည်ပုံရသည်။ လျူလန်က ဤဂျူနီယာညီလေးကို ကောင်းကင်နယ်မြေပြိုင်ပွဲဝင်ရန် ဖိအားပေးခဲ့သည့်အပြင် ဖုန်းဝူထျန်းနှင့်ပါ ရန်တိုက်ပေးနေ၏။
“ဒါနဲ့ လုံချန်! မင်းက ဖုန်းဝူထျန်းနဲ့ သေခြင်းရှင်ခြင်းစင်မြင့်မှာ တိုက်ခိုက်ဖို့ ကတိပေးထားပေမယ့် သူ့ကို လှည့်စားခဲ့တယ်လို့ ငါကြားမိတယ်”
“မင်းဘာပြောနေတာလဲ။ ငါဘာတစ်ခုမှနားမလည်ဘူး”လုံချန်က ပုံမှန်လေသံဖြင့် ပြန်မေး၏။
ကန်လင် က ဘာမှမပြောဘဲ ခါးသက်သက်ပြုံးမိသည်... “ကောလာဟလတွေအကုန်လုံးက မင်းသဘောတူထားပေမယ့် မင်းရဲ့ကတိကို တည်ဖို့သတ္တိမရှိဘူးလို့ ပြောနေကြတယ်။ အစိမ်းရောင်ဂိုဏ်းခွဲထဲမှာ မင်းရဲ့ဂုဏ်သတင်းက တကယ်မကောင်းဘူး။အထူးသဖြင့်တော့ အကြီးအကဲချုပ်လျူလန် ရဲ့ညီမဖြစ်တဲ့ အဲဒီလျူလင်း ပဲ။ သူမပြောတာက မင်းဟာ ကြောက်တတ်တဲ့လူတစ်ယောက်လို့ ပြန့်နှံ့နေတယ်”
လုံချန်၏နဖူးပေါ်၌ အနက်ရောင်လှိုင်းတွန့်များပေါ်လာသော်လည်း သူက တိတ်ဆိတ်နေခဲ့သည်။
ကန်လင် က ရုတ်တရက်မေးလိုက်၏ “ဂျူနီယာညီလေး လုံ! မင်း အဲဒီကိုသွားပြီး ကောလာဟလတွေကို ငြင်းဆိုမှာမဟုတ်ဘူးလား”
“ငြင်းဆိုရမလား။ ဘာအဓိပ္ပာယ်လဲ။ ငါ့ရဲ့အစွမ်းသတ္တိကို ငါအကောင်းဆုံးသိတယ်၊ ဒါကြောင့် အရေးမကြီးတဲ့လူတွေကို ဘာလို့သက်သေပြရမှာလဲ” လုံချန်က စိတ်မဝင်စားပေ။
ကန်လင်၏အကြည့်ထဲတွင် လေးစားမှုအရိပ်အယောင်တစ်ခုပေါ်လာသည်။ သူက ခေါင်းညိတ်ပြီးနောက် ဆက်ပြော၏ “ဒီနေ့ဒီကိုလာရတဲ့ ငါ့ရည်ရွယ်ချက်က နောက်တစ်ပါတ်ကျရင် ကျင်းပမယ့် အစိမ်းရောင်ဂိုဏ်းခွဲရဲ့ မြေကမ္ဘာယွမ်အဆင့် တပည့်တွေကြားက ကောင်းကင်တိုက်ပွဲနယ်မြေပြိုင်ပွဲအကြောင်း မင်းကိုပြောပြဖို့ပဲ”
“ခုနစ်ရက်ကြာပြီးရင်လား။ ပါဝင်တဲ့သူတွေက အစိမ်းရောင်ဂိုဏ်းခွဲရဲ့ မြေကမ္ဘာယွမ်အဆင့်က ပါရမီရှင်တွေချည်းပဲလား”
ကန်လင်က ခေါင်းညိတ်ပြီး ပြုံးလိုက်သည် “ဒါက အနည်းဆုံး ကြယ်သုံးပွင့်အဆင့်ရှိတဲ့ ပါရမီရှင် ကျင့်ကြံသူတွေ ပါဝင်ကြမှာလေ။ ငါ့အတွက်တော့ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် မှာ ရှိနေပေမယ်လို့ အသက်အရွယ်အရ မဖြစ်နိုင်တော့သလို အလားအလာလည်း သိပ်မရှိလို့။ ဒါကြောင့် ပါဝင်ဖို့ အခွင့်အရေးမရှိဘူး...” ဤစကားများကို ပြောနေချိန်မှာ ကန်လင်၏အမူအရာက အနည်းငယ်ခါးသီးနေပုံရသည်။ မည်သို့ပင်ဖြစ်စေ သူ့ကံကြမ္မာက သတ်မှတ်ပြီးသားဖြစ်နေခဲ့၏။ သူ့အနေဖြင့် ဆက်သွားချင်သည့်တိုင်အောင် မဖြစ်နိုင်တော့ပေ။
“အစိမ်းရောင်ဂိုဏ်းခွဲမှာ ဌာနခွဲ ( အကိုင်းရှစ်ခုရှိတယ်၊ သေချာရှင်းပြရရင် ဒီတစ်ကြိမ်ပြိုင်ပွဲက ဌာနခွဲ( ) ရဲ့ ယှဉ်ပြိုင်မှုလို့ ဆိုနိုင်တယ်။ အစိမ်းရောင်နေမင်းဌာနခွဲက တပည့်အားလုံးနဲ့ ပတ်သက်ရင်တော့ အဖွဲ့တစ်ဖွဲ့ဖြစ်လိမ့်မယ်။ အားလုံးကို ဖုန်းဝူထျန်းက ဦးဆောင်လိမ့်မယ်။ အကြီးအကဲချုပ် ( ) ယောက်ရဲ့ လက်အောက်မှာ စုစုပေါင်း လူဆယ်ယောက်ရှိမယ်။ အစိမ်းရောင်နေမင်းဌာနခွဲက ဒီတစ်ကြိမ်မှာမှာ သုံးယောက်ဝင်ပြိုင်ဖို့ရှိတယ်။ တစ်ယောက်က မင်း၊ နောက်တစ်ယောက်က ဖုန်းဝူထျန်းနဲ့ လျူလင်း တို့ပဲ”
“သူက ခေါင်းဆောင်လား။ ဒီလိုဆို ငါသူ့အမိန့်ကို နားထောင်ရမယ်လို့ မဆိုလိုဘူးလား” ဖုန်းဝူထျန်းအကြောင်းကို တွေးမိသည်နှင့် လုံချန်က အတော်လေး စိတ်မသက်မသာဖြစ်လာသည်။ သူ့ပြိုင်ဖက်က အလွန်သန်မာနေသည့်အပြင် တစ်ယောက်နှင့်တစ်ယောက် ရန်သူဟု သတ်မှတ်ထားကြသည်မဟုတ်ပါလား။ ထို့အပြင် လုံချန်အတွက်က ဖုန်းဝူထျန်း၏အမိန့်ကို နားထောင်ရမည်ဆိုပါက အခြေအနေဟာ သေချာပေါက်ဆိုးရွားသွားနိုင်လေသည်။
ကန်လင်က ရေခဲကဲ့သို့ အေးစက်လှသော လုံချန်၏အကြည့်ကို မြင်သောအခါ အနည်းငယ် ပြုံးလိုက်ပြီး ပြောသည် “တခြားသူတွေအတွက်တော့ သူတို့က ဖုန်းဝူထျန်းရဲ့စကားကို နားထောင်ရမယ်လို့ ထင်တယ်။ မင်းအတွက်တော့... တကယ်တော့ ဒီနေ့ ငါလာရတဲ့ အကြောင်းရင်းက မင်းကို အကြံပြုချက်တချို့ပေးဖို့ပါ။ အချိန်တန်ရင် အမိန့်တွေကို ဂရုမစိုက်မနေပါနဲ့။ ကောင်းကင်တိုက်ပွဲနယ်မြေထဲကို ဝင်ပြီးတာနဲ့ တစ်နေရာကို အမြန်ထွက်သွားပြီး ပုန်းအောင်းဖို့ နည်းလမ်းရှာလိုက်။ ဖုန်းဝူထျန်းက နိဗ္ဗာနသလင်းကျောက်ဓားအတွက် ယှဉ်ပြိုင်ဖို့ အလုပ်များနေမှာဆိုတော့ မင်းကို ဒုက္ခပေးဖို့ အချိန်မရှိနိုင်ဘူး”
လုံချန်က ကန်လင်၏အကြံပြုချက်ကို လက်ခံသော်လည်း သူသိချင်နေသည့်အရာကတော့ ဖုန်းဝူထျန်းက သူ့ကို အလွတ်ပေးနိုင်ပါ့မလားဆိုသောအချက်ပင်။ မည်သိုပြင်ဖြစ်စေ လုံချန်အတွက်က ကန်လင် ပြောသည့်နည်းလမ်းအတိုင်း လုပ်ဆောင်ရုံသာ။ လက်ရှိတွင် သူ့ခွန်အားက ဖုန်းဝူထျန်းနှင့်ထိပ်တိုက်တွေ့လို့မရသေးပေ။ သူ့အနေဖြင့် ဖုန်းဝူထျန်းကို ရင်ဆိုင်ချင်ပါက အရင်ဦးဆုံး အလယ်အလတ်မြေကမ္ဘာယွမ်အဆင့်သို့ ရောက်နေမှသာ ဖြစ်ကောင်းဖြစ်နိုင်ပေမည်။
“အစ်ကိုကြီး ကန်၊ နိဗ္ဗာနသလင်းကျောက်ဓား (Zenith Crystal Sword) က ဒီပြိုင်ပွဲအတွက် အဓိကဆုလာဘ်လား” ကန်လင်က ခေါင်းညိတ်ပြီး မျက်လုံးထဲ၌ လိုချက်တပ်မက်စိတ်အကြည့်ပင်ပြသနေလေသည် ... “ဒီ နိဗ္ဗာနသလင်းဓား က အလယ်အလတ်နက်နဲအဆင့် စိတ်ဝိညာဉ်ဓားတစ်လက်ပဲ။ ဓားလက်ကိုင်ရိုးထဲမှာ “နိဗ္ဗာနသလင်းဓားကျင့်စဉ်” လို့လူသိများတဲ့ ဓားနည်းစနစ်တစ်ခုလည်း ရှိသေးတယ်။ အလယ်အလတ်နက်နဲအဆင့် ရတနာတွေထဲမှာတောင် နိဗ္ဗာနသလင်းဓား နဲ့ နိဗ္ဗာနဓားကျင့်စဉ် က တော်တော်လေးထူးခြားတယ်လို့ပြောနိုင်တယ်။ ရရင် ငါတောင် လိုချင်မိတယ်”
လုံချန်က လင်းဝူမိသားစု၏ရက်ရောမှုကို အံ့သြတကြီးဖြစ်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်ပါတော့သည်။ အထက်အာဏာပိုင်များက ဆုလာဘ်အဖြစ် စိတ်ဝိညာဉ်ဓားတစ်ချောင်းပေးရုံသာမကဘဲ တိုက်ပွဲနည်းစနစ်ပါသော ရတနာဓားတစ်ချောင်းကိုပါ ပေးအပ်ခဲ့၏။
“ဒီ နိဗ္ဗာနဓား ကို ဘယ်လိုရနိုင်မလဲ”လုံချန်က စိတ်ဝင်တစားမေးလိုက်ပါသည်။
ကန်လင်က စိတ်ပျက်အားလျော့သော လေသံဖြင့်ပြန်ဖြေပါသည် “ပြိုင်ပွဲမတိုင်ခင်မှာ အစိမ်းရောင်ဂိုဏ်းခွဲရဲ့ အကြီးအကဲတွေက နိဗ္ဗာနဓား ကို သိုလှောင်အိတ်ထဲမှာထည့်ပြီးတော့ ကောင်းကင်တိုက်ပွဲနယ်မြေထဲမှာ ဝှက်ထားလိမ့်မယ်။ အဲဒါက တိတိကျကျပြောရရင် မြေကမ္ဘာယွမ်နယ်ပယ် စတုတ္ထအဆင့်... ဆန်းကြယ်အဆင့် ၄ နှလုံးဖောက်နတ်ဆိုးသားရဲရဲ့ အစာအိမ်ထဲမှာ ရှိနေလိမ့်မယ်။ မင်းရဲ့တာဝန်က နှလုံးဖောက်နတ်ဆိုးသားရဲကို ရှာပြီးတာနဲ့ သတ်ပြီးတော့ အထဲက နိဗ္ဗာနဓား ကို ယူနိုင်ဖို့ပဲ။ တစ်ခုတော့ ကြိုပြီးသတိပေးထားမယ်နော်၊ ဆန်းကြယ်အဆင့် ၄ နတ်ဆိုးသားရဲတစ်ကောင်က မြေကမ္ဘာယွမ်အစောပိုင်းအဆင့် မှာရှိတဲ့ လူသားကျင့်ကြံသူတစ်ယောက်လောက်နီးနီး အစွမ်းထက်တယ်”
“ဒါပေမဲ့ ဌာနခွဲ ၈ ခုက တပည့်တွေ ဝိုင်းရံပြီးတိုက်ခိုက်မှာဆိုတော့ ဒါက မဖြစ်နိုင်ဘူးလို့ မထင်ရဘူး” လုံချန်က သူ့ခေါင်းထဲမှာ အခြေအနေကို တွက်ဆနေသည်။ လုံချန်က ဟွမ်ဖေးယန်ကို အဆင့်ကြီးတစ်ခုကျော်ပြီး သတ်လိုက်သည့်နောက်တွင် ထိပ်ပိုင်းအာဏာပိုင်များက သူ့အား ကြယ်သုံးပွင့်အဆင့် ပါရမီရှင် အဖြစ် သတ်မှတ်ခဲ့ကြသည်။ တစ်နည်းအားဖြင့် အစိမ်းရောင်ဌာနခွဲမှာပင် သူနှင့်အဆင့်တူ လူ ၁၀၀ ကျော်လောက်ရှိနေနိုင်သည်။ တွေးလေလေ လုံချန်အတွက် စိတ်ဖိစီးမှု များလာလေပင်ဖြစ်သည်။
…“လုံချန်! မင်း ဒီရက်ပိုင်း အပြင်မထွက်တာ အကောင်းဆုံးပဲ။ မင်းရဲ့အိမ်မှာနေပြီး ကောင်းကောင်းလေ့ကျင့်ပါ။ ကောင်းကင်တိုက်ပွဲနယ်မြေထဲကို ဝင်ရင် တခြားသူတွေနဲ့ ပြဿနာဖြစ်တာ၊ ထိတွေ့တာကို အနည်းဆုံးဖြစ်အောင် ကြိုးစားပါ။ အဲဒီ သေခြင်းရှင်ခြင်းတိုက်ပွဲကို ကတိဖျက်လိုက်တဲ့အတွက် မင်းကိုမြင်တဲ့သူတိုင်းက သေချာပေါက် လှောင်ပြောင်ကြလိမ့်မယ်။ မင်းရဲ့ စရိုက်နဲ့ဆိုရင် မင်းရဲ့ စိတ်လိုက်မာန်ပါ လှုပ်ရှားမှုတစ်ခုက ဘာကောင်းကျိုးမှမရှိနိုင်ဘူး။ မင်းရဲ့ အစ်ကိုကြီး ကန် ကို ယုံကြည်ရင် ငါ့စကားကို နားထောင်ပါ၊ ဟုတ်ပြီလား”
လုံချန်က စီနီယာအစ်ကိုကန်လင်ကို အတော်လေးသဘောကျပေသည်။ သူက ဖော်ရွေပြီး မောက်မာခြင်းမရှိသလို လုံချန် မေးသမျှ အရာရာတိုင်းကိုလည်း ရှင်းရှင်းလင်းလင်း ဖြေတတ်သေးသည်။ ယခုလိုအချိန်မျိုးမှာပင် လုံချန်အတွက် စိတ်ပူနေသေး၏။ လုံချန် ကိုယ်တိုင်ကလည်း အိမ်ခန်းထဲကနေ ထွက်သွားရန် ပျင်းရိနေပုံဖြင့် ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည် “ကောင်းပြီ၊ ငါ ဒီရက်တွေထဲမှာ အပြင်မထွက်ဘူး”
သို့သော်လည်း သေခြင်း၊ရှင်ခြင်း တိုက်ပွဲအကြောင်း ပြောစကားကို ကြားလိုက်စဉ် လုံချန်က တစ်ခုခုတော့ မှားနေသလို ခံစားရသည်။ အကြောင်းမှာ သူက ဖုန်းဝူထျန်း၏အမေးကို ပြန်မဖြေခဲ့သည့်အပြင် လက်ခံကြောင်း ခေါင်းညိတ်ပြခဲ့ခြင်းပင် မရှိလို့ပါ။ သို့ရာတွင် လူတိုင်း သူ့အား စိန်ခေါ်မှုကို လက်ခံဖို့တောင် ကြောက်ရွနေသူဟု ပြောနေကြ၏။
“အဲဒီဉာဏ်များတဲ့ မိန်းမငယ်လေးရဲ့ လက်ချက်ပဲ။ သူမက ငယ်ရွယ်ပေမယ့် လှည့်ကွက်တွေ အများကြီးရှိနေတယ်။ ကောင်းကင်တိုက်ပွဲနယ်မြေ ရောက်ရင် သူ့ကို အလေးအနက်ထားမှရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့နောက်မှာ အာဏာပိုင်တချို့ရှိနေလို့ပဲ” ကန်လင် က နောက်ထပ် အနည်းငယ်ကြာအောင် သတိပေးစကားများပြောပြီးနောက် ပြန်ထွက်သွား၏။ သူ ထွက်သွားပြီး ခဏအကြာတွင် အခန်းတံခါးခေါက်သံ နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။
လုံချန်က တံခါးဖွင့်ပြီး တစ်ချက်ကြည့်လိုက်ရာ မိုးသောက်ကုန်သည်အဖွဲ့ခွဲမှ မိန်းမလှလေးအိုရွှဲ့ ဖြစ်နေမှန်းတော့ သိလိုက်ရသည် “မိုးသောက်ကုန်သည်အဖွဲ့က ငါ့ကိုရှာနေတယ်ဆိုရင် ဝိညာဉ်ဖန်တီးခြင်းသစ်သီးနဲ့ ပတ်သက်တဲ့သတင်းဖြစ်ရမယ်” လုံချန်အတွက် ဝိညာဉ်ဖန်တီးခြင်းသစ်သီးကို များများစားစားဝယ်ထားလေလေ ပိုကောင်းပါသည်။
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ