ဒီနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား
Vol. 10 Ch. 945
ပိုင်ရှောင်ချန်းက ထွက်ပြေးရန်ပြင်လိုက်စဥ် အက်ကွဲကြောင်းကြီးထဲမှ အားကောင်းသော ဆွဲငင်အားတစ်ခု ထွက်ပေါ်လာသည်။
၎င်းဆွဲငင်အားမှာ လေထုအပေါ် မသက်ရောက်သလို အောက်ဘက်ရှိ မြေပြင်အပေါ် မသက်ရောက်သည့်အပြင် တစ်ကမ္ဘာလုံးရှိ မည်သည့်အရာပေါ်မှ သက်ရောက်မှုမရှိပေ။ အခြားလူများသတိထားမိသွားနိုင်မည့် အငွေ့အသက်တစ်ခုတစ်လေကိုပင် မထုတ်လွှတ်ပေ။
သို့သော် ၎င်းမှာ ပိုင်ရှောင်ချန်းအပေါ်သို့ ပြင်းထန်စွာ သက်ရောက်သွားသဖြင့် သူ၏ဝိညာဥ်နှင့် ကျင့်ကြံခြင်းအခြေခံများကို ခန္ဓာကိုယ်ထဲအပြင်ဘက်သို့ ဆွဲထုတ်နေသကဲ့သို့ပင် သူ ခံစားနေရတော့သည်။
သူသည် ထိုဆွဲငင်အားကြီးထံမှ ရုန်းကန်ထွက်ပြေးလွတ်မြောက်နိုင်ခြေရှိပါသော်လည်း ထိုသို့ရုန်းကန်ပါက သူ၏ဝိညာဥ်မှာ သူ၏ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံလိုက်ရမည်ဖြစ်ပြီး အက်ကွဲကြောင်းကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရမည်သာဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် သူ၏သွေးစက်များပင် ထိုသို့ဖြစ်ပျက်သွားမည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ ထိတ်လန့်သွား၏။ သူ အနည်းငယ် ရုန်းကန်ကြည့်လိုက်သောအခါ သူ၏ချွေးပေါက်များထဲမှ သွေးများစိမ့်ထွက်လာပြီး လေကိုခွင်း၍ အက်ကွဲကြောင်းကြီးဆီသို့ ပျံသန်းသွားနေကြသည်ကိုပင် မြင်လိုက်ရသည်။
သူသည် အချိန်မရွေး အစိတ်စိတ်အမြွှာမြွှာ ဆုတ်ပြဲသွားနိုင်သည့် ပုံပေါ်နေသည်။ တချိန်ထဲမှာပင် ကြောက်မက်ဖွယ်ကောင်းသည့် အမျိုးသမီးတစ်ယောက်၏ စကားသံတစ်သံကို သူ၏နားထဲတွင် ဆက်၍ကြားနေရပြီး သူမ၏ စိတ်ကူးထဲရှိ အံ့သြဖွယ်ရာအကောင်းဆုံးသော ပုံရိပ်တစ်ခုကို သူ့အား ပုံဖော်ပြနေတော့သည်။
" ရတယ်။ ဆက်သာရုန်းနေ။ အဲဒါဆို မင်းရဲ့ နတ်ဘုရားဝိညာဥ်နဲ့ မင်းရဲ့သွေးတွေကို ငါစုပ်ယူရတာပိုမြန်တယ်။ နောက်ဆုံးကျရင် အရိုးစုတစ်ခုပဲ ကျန်ခဲ့လိမ့်မယ် "
" ငါအလုပ်ရှုပ် သက်သာတာပေါ့။ မင်းကို အရသာအရှိဆုံး စားစရာတစ်ခုအသွင် ပြောင်းလဲပစ်မယ် "
ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် အော်ဟစ်မြည်တမ်းလိုက်ပြီး နတ်ဘုရားဝိညာဥ်၊ ကျင့်ကြံခြင်းအခြေခံ၊ သွေးစက်များ၊ အသားစိုင်များ၊ အတွင်းကလီစာများနှင့် ဦးခေါင်းတို့ပင် မရှိတော့မည့် သူ၏ခန္ဓာကိုယ်ကို ရုတ်တရက် ပုံဖော်မိလိုက်တော့သည်။ ထာဝရအရိုးများဖြင့် ပြုလုပ်ထားသောကြောင့်သာ တည်တံ့ခိုင်မြဲနေမည်ဖြစ်သော သူ၏အရိုးစုတစ်ခုသာ မြေပြင်ပေါ်သို့ ကျသွားမည်ဖြစ်သည်။
ထို့နောက် နှစ်ပေါင်းများစွာ ကြာမြင့်သွားသောအခါတွင် လမ်းသွားလမ်းလာတစ်ယောက်က ထိုမျှ အလွန်တန်ဖိုးကြီးသော ရတနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သဖြင့် အပျော်ကြီးပျော်ရွှင်သွားမည်ဖြစ်ပြီး သူ၏ အရိုးစုအား ဆေးလုံးများဖြစ်စေ၊ မှော်ပစ္စည်းတစ်ခုဖြစ်စေ သို့မဟုတ် အရိုးစုရုပ်သေးရုပ်တစ်ရုပ်ပင်ဖြစ်စေ ပြောင်းလဲလိုက်မည်သာဖြစ်သည်။
" မလုပ်ပါနဲ့ "
အားပြင်းလှသော ဆွဲငင်အားကြီးကြောင့် သူ၏အသိစိတ် တဖြည်းဖြည်း ပျောက်ဆုံးစပြုလာတော့သည်။ ခဏအကြာတွင် ထိုအားကြီးမှာ ဖော်ပြ၍မရနိုင်လောက်သည့် အဆင့်အထိ ရောက်သွားသဖြင့် သူသည် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ရုန်းကန်နေခြင်းအား ရပ်တန့်လိုက်တော့သည်။ ထိုအခါတွင် သူသည် စူးရှတောက်ပသော အလန်းတန်းတစ်တန်းအသွင် ပြောင်းလဲသွားပြီး အက်ကွဲကြောင်းထဲသို့ ပျံသန်းသွားတော့သည်။
ပိုင်ရှောင်ချန်း ပျောက်ကွယ်သွားသောအခါ ထို့အက်ကွဲကြောင်းကြီးမှာလည်း ပိတ်ဆို့ကာ ပျောက်ကွယ်သွား၏။ မည်သူမှ ထိုဖြစ်ရပ်ကို သတိမထားမိလိုက်ကြပေ။ ကန္တာရထဲရှိ အလင်းရောင်ဒိုင်းကာကို ဖောက်ထွင်းရန်ကြိုးစားနေကြသည့် တုလင်ဖေးနှင့် သူမနှင့်အတူပါလာသော လူငယ်လေးသည်လည်း သတိမထားမိလိုက်ပေ။
ထိုဒိုင်းကာ၏အနီးတွင် ဟိုရှောင်မေ့သည်လည်းရှိနေပြီး သူမ၏မျက်ဝန်းများတွင် မျှော်လင့်ချက်များဖြင့် တောက်ပနေပါသော်လည်း နွံအိုင်ရှိရာဘက်သို့ လှည့်ကြည့်မိလိုက်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်။ အနည်းငယ်အကြာတွင် ကန္တာရထဲမှ ဒိုင်းကာကြီးမှာ ပြိုကွဲတော့မည့်အလား တုန်ရီသွားပြီး ဟိုရှောင်မေ့က ၎င်းအားပြန်၍ လှမ်းကြည့်လိုက်သောအခါ သူမ၏မျက်ဝန်းထဲရှိ မျှော်လင့်ချက်များမှာ ပို၍ ပြင်းထန်လာတော့သည်။
" နောက်ဆုံးတော့ ငါပြန်လာလို့ရပြီ။ တခြားရွေးချယ်စရာမရှိလို့ ငါဒီလိုလုပ်နေရတာပါ သရဲမယ်တော်ရေ။ ငါ့ကို ပြန်တွေ့တဲ့အချိန်မှာ နင့်မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေ ထင်ဟပ်နေလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် "
ကန္တာရထဲရှိ ဒိုင်းကာကြီးက အပြင်းအထန်တုန်ရီနေစဥ် ပိုင်ရှောင်ချန်း၏ အမြင်အာရုံမှာ ပို၍ကြည်လင်ပြတ်သားလာပြီး သူ အလွန်ရင်းနှီးနေသည့် မြင်ကွင်းကြီးတစ်ခုအား မြင်လိုက်ရတော့သည်။
အမျိုးသမီးအိပ်ခန်းတစ်ခန်းနှင့် အလွန်တူသော အခန်းတစ်ခန်းထဲသို့ သူရောက်နေသည်။
ဖုန်မှုန့်များ၊ ပင့်ကူအိမ်များ တက်နေသည့် ခုတင်တစ်လုံး၊ အလှပြင်စားပွဲတစ်လုံးနှင့် ကွဲအက်နေသည့် ကြေးမုံပြင်တစ်ချပ်တို့ ရှိနေသည်။
သူ၏နှုတ်မှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး နောက်သို့လှည့်၍ အခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်ပါသော်လည်း ထွက်ပေါက်တစ်ပေါက်ကိုမှ ရှာမတွေ့ပေ။
အလှပြင်စားပွဲရှေ့တွင် အနီရောင်ဝတ်ရုံရှည်တစ်ခုကို ဆင်မြန်းထားသည့် အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ သူမသည် သူ့အားကျောပေးထားပြီး ခေါင်းဖြီးနေလျက် သူ အသေအချာ မှတ်မိနေသည့် ကျောချမ်းဖွယ်သီချင်းကြီးကို ညင်သာစွာ သီဆိုနေ၏။
ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲမှ မျက်ရည်စက်များ ကျဆင်းလုမတတ် ဖြစ်နေတော့သည်။
" ဘာလုပ်ရပါ့၊ ဘာလုပ်ရပါ့မလဲကွာ "
သူ၏ အတွေးထဲတွင် ထိုမေးခွန်းအား အပြန်ပြန်အလှန်လှန် မေးမိနေတော့သည်။ သူ၏ဦးရေခွံမှာ ပေါက်ကွဲတော့မည့်အလား ခံစားနေရပြီး ထွက်ပြေးလွတ်မြောက်နိုင်ရန်မှတစ်ပါး အခြားဆန္ဒရှိမနေတော့ပေ။ သို့သော်လည်း ထိုသို့လွတ်မြောက်နိုင်မည့်လမ်းမှာ လုံးဝမရှိသည့်ပုံပင်။ သူသည် လုံးဝတွေဝေမနေဘဲ သင်္ချိုင်းစောင့်ကြီး၏ အမိန့်ပေးဆွဲပြားကို ဆွဲထုတ်လိုက်ပြီး လက်နှစ်ဖက်နှင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တော့သည်။
" ကျွန်တော့်ကို မစားပါနဲ့ အစ်မကြီးရယ် "
သူသည် သွေးလေခြောက်ခြားကာ တုန်ရီနေသည့်လေသံဖြင့် လွှတ်ခနဲ ဆိုမိလိုက်သည်။ ထို့နောက် မည်သို့ဆက်ပြောရမည်မှန်း မသိသဖြင့် စကားများကို ဗလုံးဗထွေးပြောနေတော့သည်။
" အာ... သင်္ချိုင်းစောင့်ကြီးကို အစ်မသိတယ်မလား။ သူက ကျွန်တော့်ဆရာလေ။ အစ်မနဲ့ ကျွန်တော်က မိတ်ဆွေတွေဖြစ်နေမှာ "
" ဪ ပြီးတော့။ အပြင်ဘက်မှာ အစ်မကို အန္တရာယ်ပြုချင်နေတဲ့ လူတွေရှိတယ်။ အစ်မသွားပြီး အခြေအနေကို အကဲခတ်ကြည့်ပါလား။ ကျွန်တော့်ကို စိတ်ပူစရာမလိုဘူး။ ကျွန်တော်က ဒီကိုလာချင်တာမှ မဟုတ်ပဲဗျာ။ အစ်...အစ်မက ကျွန်တော့်ကို ဆွဲခေါ်လာတာကိုး "
ထိုအချိန်တွင် ထိုအမျိုးသမီး၏ ပခုံးမှာ သူ့အား လှည့်ကြည့်လာတော့မည့်အလား လှုပ်ရှားသွားသည်။
" လှည့်မကြည့်ပါနဲ့ဗျာ "
သူက သနားစဖွယ် အော်ဟစ်လိုက်တော့သည်။
" လှည့်...လှည့်သာမကြည့်ပါနဲ့။ အစ်မပြောစရာစကားရှိရင် ဒီအတိုင်း.... "
သူစကားပြောနေစဥ်မှာပင် ထိုအမျိုးသမီးက သီချင်းဆိုနေသည်ကို ရပ်တန့်လိုက်သည်။ ထို့နောက် ခေါင်းဆက်ဖြီးရင်း တိုးတိုးလေး ပြောလိုက်တော့သည်။
" ဒီနေရာကို မင်းရောက်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ "
" ဗျာ "
သူ၏ နှုတ်မှ လွှတ်ခနဲ ထွက်သွားတော့သည်။ ထို့နောက် သူ၏ခေါင်းကို အဆက်မပြတ် ငြိမ့်လိုက်လေသည်။
" အာ.. ကျွန်တော် ရောက်ဖူးတာ ပထမဆုအကြိမ်လို့ အစ်မကြီးကဆိုမှတော့ ဟုတ်တာပေါ့ဗျာ။ ဒါကျွန်တော့်ရဲ့ ပထမဆုံးအကြိမ်ပါ "
" အခု မင်း ဒီကိုရောက်လာပြီဆိုတော့ "
ထိုအမျိုးသမီးမှာ ထူးခြားဆန်းကြယ်စွာ တုန်ခါနေသည့် လေသံဖြင့် ဆိုလိုက်သည်။
“ မင်း အခုလို မတ်တတ်ရပ်နေရင်း ဘာတွေများတွေးနေလဲဆိုတာ ငါသိချင်တယ် "
ထိုအခါ ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်ကာ အံ့အားသင့်နေသည့် အမူအရာတစ်ခုပေါ်လာတော့သည်။
" ခဏနေပါဦး။ ပထမဆုံးအကြိမ် ဟုတ်လား။ မဟုတ်ပါဘူး ဒုတိယမြောက်အကြိမ်ပါ။ ပြီးတော့ အစ်မကြီးပဲ ကျွန်တော့်ကို ဒီနေရာကိုခေါ်လာတာလေဗျာ "
" ဘယ်သူမှ မင်းကို ဒီနေရာကိုခေါ်မလာဘူး။ မင်းရဲ့မိတ်ဆွေနှစ်ယောက်လည်း ငါတို့အထက်မှာ ရှိနေတုံးပဲ "
သူမသည် ကြေးမုံပြင်ဆီသို့ လက်ကိုဝှေ့ယမ်းလိုက်သောအခါ အရိုးသင်္ဘောကြီး၏ ကုန်းပတ်နံပါတ်နှစ်၏ ပုံရိပ်တစ်ခု ပေါ်ထွက်လာတော့သည်။ ထိုပုံရိပ်ထဲတွင် စုန့်ချွဲနှင့် နတ်ဆရာတို့မှာ လှုပ်ကုလားထိုင်၏ တစ်ဖက်တစ်ချက်ဆီတွင် အသက်မဲ့နေသည့် မျက်နှာအမူအရာများဖြင့် မလှုပ်မယှက် ရပ်နေဆဲပင်။
ထိုပုံရိပ်နှင့် ထိုအမျိုးသမီး၏ စကားလုံးများကြောင့် ပိုင်ရှောင်ချန်းမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ပင့်သပ်ရှိုက်မိသွားတော့သည်။
" မဖြစ်နိုင်ဘူး။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ ဒီနေကနေ ထွက်သွားခဲ့တာလေ။ အဏ္ဏဝါခေါ်သံဂိုဏ်းကို ပြန်သွားခဲ့တယ်လေ။ ငါ...ငါ နတ်မီးလျှံစမ်းသပ်ပွဲတစ်ခုထဲမှာ ရှိနေခဲ့တာလေ။ အဲဒီကနေမှ ဒီကိုရောက်လာတာ "
သူသည် ထိုအမျိုးသမီး၏ စကားများကို မယုံကြည်ရုံသာမက အဏ္ဏဝါခေါ်သံဂိုဏ်းနှင့် ရှင်းကုံကျစ်တာအိုဂိုဏ်းတို့တွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအပါအဝင် သူ အရိုးသင်္ဘောကြီးဆီမှ ထွက်ခွာခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးမှာ စိတ်ကူးယဥ်အိပ်မက်များသာဖြစ်နေသည်ဆိုသော အချက်ကြီးကိုလည်း မယုံကြည်ပေ။
သို့သော်လည်း ထိုအမျိုးသမီး၏ စကားသံမှာ သူ့စိတ်ကိုယ်သူ ထိန်းချုပ်၍ မရနိုင်လောက်အောင်ပြုလုပ်နေပြီး အတိတ်မှအကြောင်းကို အတင်းအကြပ် ပြန်လည်တွေးတောရန် ခိုင်းစေနေသည့်အလားပင်။
ထိုသို့ သူ တွေးတောနေစဥ် အမိန့်ပေးဆွဲပြားကို ကျစ်ကျစ်ပါအောင် ကိုင်ထားသည့် သူ၏ လက်ချောင်းများမှာ မသိစိတ်မှနေ၍ တဖြည်းဖြည်း ပြေလျော့လာတော့သည်။
" မင်း ဘယ်တုံးကမှ ထွက်မသွားခဲ့ဘူး "
ထိုအမျိုးသမီးမှာ ထူးဆန်းသည့်လေသံဖြင့် ဆက်ပြောနေသည်။ သူမ၏ ပခုံးမှာ သိမ့်ခနဲ တုန်ရီသွားပြီး သူမ၏ဦးခေါင်းက ဖြည်းညင်းစွာလှည့်လာတော့သည်။ သို့သော်လည်း သူမက ခေါင်းဖြီးနေခြင်းကိုမူ မရပ်ပေ။ ထို့အပြင် သူမ၏ ခေါင်းဖြီးနေသည့် အမြန်နှုန်းမှာ ပို၍ပင် မြန်ဆန်လာနေသည်။
သူမသည် သူမ၏ဦးခေါင်းပေါ်မှ ဆံပင်များကို ဆွဲနှုတ်ပစ်ချင်နေသည့်အလားပင်။ ထိုမြင်ကွင်းကြီးမှာ ကို့ရို့ကားယားနိုင်လွန်းသဖြင့် ပိုင်ရှောင်ချန်းမှာ အလွန်အမင်းတုန်လှုပ်နေရပြီး တချိန်ထဲမှာပင် အနည်းငယ် အသက်မဲ့နေသည့်ပုံစံ ပေါ်နေတော့သည်။
" ငါ့မျက်နှာကို ကြည့်မိလိုက်တဲ့လူတိုင်း သူတို့စိတ်ထဲမှာရှိတဲ့ စိတ်ကူးယဥ်ကမ္ဘာထဲကို ရောက်သွားကြတာချည်းပဲ။ ဒီနေရာကို မင်း ရောက်ဖူးတာ ဒါတကယ့်ကို ပထမဆုံးအကြိမ်ပဲ။ ဒါပေမဲ့ ငါ့မျက်နှာကိုမြင်ဖူးတာတော့ ပထမဆုံးအကြိမ်မဟုတ်ဘူး "
သူမက စကားပြောနေရင်း သူမ၏ဦးခေါင်းကို ဆက်၍ လှည့်လာနေသည်။ မကြာမီ သူမက သူနှင့် မျက်နှာချင်းဆိုင်မိသွားတော့မည်ဖြစ်သည်။
ပိုင်ရှောင်ချန်း၏ မျက်နှာမှာ လုံးဝအသက်မဲ့နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေ၏။ သူက ရောထွေးနေသော အတွေးပုံရိပ်များထဲသို့ နစ်ဝင်သွားသည်နှင့်အမျှ အမိန့်ပေးဆွဲပြားကို ဆုပ်ကိုင်ထားသည့် သူ၏လက်မှာလည်း တဖြည်ဖြည်း ပြေလျော့လာတော့သည်။
ထို့နောက် ထိုအမိန့်ပေးဆွဲပြားက မြေပြင်ပေါ်သို့ ကျဆင်းသွားသောအချိန်တွင် ထိုအမျိုးသမီးမှာ အပြီးတိုင် သူ့ဘက်သို့ လှည့်လိုက်တော့သည်။ သူမ၏ မျက်နှာမှာ စက္ကူဖြူတစ်ရွက်အလား လုံးဝဗလာကျင်းနေသည်။
သို့သော် သူမ၏မျက်နှာပေါ်တွင် ဟက်တက်ကွဲနေသည့် အက်ကြောင်းကြီးတစ်ခုပေါ်ထွက်လာပြီး ၎င်းမှာ ကို့ရို့ကားယားနိုင်သော ပါးစပ်ပေါက်ကြီးတစ်ပေါက်အသွင် ဟလာတော့သည်။ ထို့နောက် သူမသည် ပိုင်ရှောင်ချန်းအား ဝါးမျိုတော့မည့်အလား သူ့အပေါ်သို့ ခုန်အုပ်လိုက်သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ရုတ်တရက် ခါးကုန်းလိုက်ပြီး အမိန့်ပေးဆွဲပြားကို ကုန်းကောက်လိုက်သည်။ ထို့နောက် သူက မော့ကြည့်လိုက်သောအခါတွင် သူ၏မျက်နှာမှာ အသက်မဲ့မနေတော့ပဲ ထိုအမိန့်ပေးဆွဲပြားကို ပါးစပ်ပေါက်ကြီးထဲသို့ လှမ်းပစ်လိုက်တော့သည်။
" ခင်ဗျားက ဒါကိုဒီလောက်ကြောက်နေမှတော့ စားရဲမလား ကြည့်ကြသေးတာပေါ့ "
စောစောကအချင်းအရာများအားလုံးသည်ကား ဟန်ဆောင်မှုတစ်ခုသာ ဖြစ်သည်။ သူသည် အရဲစွန့်၍ သူ့အတွက် အခွင့်အရေးတစ်ခု ဖန်တီးရန် ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်ပေသည်။