မင်းက ဟိုရှောင်မေ့ မဟုတ်ဘူး
Vol. 10 Ch. 946
ထိုအရာအားလုံးကား မီးတစ်ခတ်အချိန်အတွင်း ဖြစ်ပျက်သွား၏။ ထို့ပြင် ဆံပင်ရှည်ရှည်အမျိုးသမီးသည် သူမ၏ အစွမ်းထက် နတ်ဘုရားစွမ်းရည်က ပိုင်ရှောင်ချန်းအပေါ် မထိရောက်လိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ပေ။
သို့သော် သူမက ထူးခြားသောလူတစ်ဦးဖြစ်သည့်အတွက် ပိုင်ရှောင်ချန်းက သူ၏ထိုးနှက်ချက်ကို သူမ ရှောင်တိမ်းနိုင်လိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သည့်တိုင် သူမက ခပ်တိုးတိုးလေးရယ်မောလိုက်ပြီးနောက် ပျောက်ချင်းမလှ ပျောက်သွားတော့သည်။
တခဏကြာသော် သူမက ခေါင်းဖြီးရင်း အလှပြင်စားပွဲရှေ့တွင် ပြန်ပေါ်လာသည်။ စောစောကဖြစ်ပျက်ခဲ့သမျှအရာအားလုံးမှာ ထင်ယောင်ထင်မှားဖြစ်ခဲ့သည့်အလားပင်။ ပိုင်ရှောင်ချန်းမှာမူ သွေးဆုတ်ဖြူရော်နေကာ ရင်တဒိန်းဒိန်းခုန်လျက် ရပ်နေသည်။
အမှန်ဆိုရလျှင် သူမ၏ နတ်ဘုရားစွမ်းရည်က လုံးဝမထိရောက်ခြင်းမဟုတ်ချေ။ ပိုင်ရှောင်ချန်းက ထူးထူးဆန်းဆန်းအတွေးတစ်ခုထဲ နစ်မွန်းလာခဲ့သည်။ သို့သော် ၎င်းက တခဏသာ ကြာလိုက်သည်။ ကောင်းကင်တာအိုယင်ယန်ဝိညာဥ်ကို သူ ဖန်တီးခဲ့စဥ်က ဆုံးရှုံးရမည်ကို ရူးမတတ် ကြောက်ရွံ့ခဲ့ရသော သူ၏ခန္ဓာကိုယ်တွင်းရှိ စိတ်ဆန္ဒအပိုင်းအစက ရုတ်တရက် ထကြွသွား၏။
ထိုအခိုက်အတန့်က သူ သတိပြန်ဝင်လာသည့်အချိန်ဖြစ်သည်။ သူက အခွင့်အရေးတစ်ခု ဖန်တီးရန် အကြံရလိုက်ပြီး အလစ်တိုက်ခိုက်လိုက်ခြင်းသာ ဖြစ်သည်။
သို့သော် ထိုကဲ့သို့ ပြင်ဆင်မှုများပင် ထိုအမျိုးသမီးအား ထိရောက်မှုမရှိပေ။ သူမက ပျောက်ကွယ်သွားပြီးနောက် အလှပြင်စားပွဲတွင် ပြန်ပေါ်လာသဖြင့် ပိုင်ရှောင်ချန်းမှာ တုန်လှုပ်ချောက်ချားသွားတော့သည်။
" သူက အမြန်နှုန်းကြောင့် ပျောက်ကွယ်သွားတာမဟုတ်ဘူး။ မဟုတ်သေးဘူး။ သူက စောစောက အခိုက်အတန့်ကို တကယ်ပြန်သွားလိုက်သလိုပဲ "
ထိုအမျိုးသမီး၌ ယခုကဲ့သို့ နားမလည်နိုင်သော မှော်အတတ်တစ်ခုရှိကြောင်း တွေးမိလိုက်သည်နှင့် သူ ပို၍ သတိထားလာတော့သည်။ သူသည် မျက်ရည်များဝဲတက်လာကာ အတတ်နိုင်ဆုံး သူမနှင့်အဆင်ပြေအောင် ကြိုးစားရမည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။
သို့သော် သူ ပါးစပ်ဟလိုက်စဥ် ထိုအမျိုးသမီးက ရယ်လိုက်သည်။
" စိတ်ဝင်စားစရာပဲ။ ဒီကမ္ဘာရဲ့ သချိုင်းစောင့်ကြီးက မင်းကို ရွေးခဲ့တာ အံ့သြစရာမရှိပါဘူး။ မင်းရဲ့စိတ်ဆန္ဒက ဒီမှာ ငါမြင်ခဲ့ဖူးတဲ့ လူတိုင်းနဲ့ မတူဘူး။ မင်းအပါအဝင် ဒီသင်္ဘောပေါ်မှာ ငါတော်တော်လေးစိတ်ဝင်စားတဲ့လူနှစ်ယောက်ရှိတယ် "
ပိုင်ရှောင်ချန်းသည် ထိုအမျိုးသမီး ပြောလိုက်သည့်စကားကြောင့် ကြောင်တောင်တောင်ဖြစ်လျက် ရပ်နေလေသည်။ ရုတ်တရက် သူမက ခေါင်းထပ်လှည့်လိုက်ပြန်ပြီး သူ့ကို မဟုတ်ဘဲ သူတို့နှစ်ယောက်ကြားရှိ မြေကြီးပေါ်က နေရာတစ်နေရာကို ကြည့်လိုက်သည်။
ကုန်းပတ်၏ သစ်သားများသည် ပုံမှန်အတိုင်းဖြစ်ပုံရသော်လည်း သူမ ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ၄င်းတို့က ဝေဝါးလာတော့သည်။
" နောက်ဆုံးတော့ ရောက်လာပြီပဲ "
သူမက ပြောလိုက်၏။ သူမ၏ပြောင်ချောချောမျက်နှာကြီးက စုတ်ချေခံလိုက်ရသည့် စက္ကူတစ်ရွက်အလား ရုတ်တရက် ပုံပျက်ရှုံ့တွသွားသည်။ ပိုင်ရှောင်ချန်းမှာ ပင့်သပ်ရှိုက်လျက် မြေကြီးကို ငုံ့ကြည့်လိုက်သည်။
ဝုန်းးးးး
မြေကြီးအောက်မှ တစ်စုံတယောက်က တိုက်ခိုက်နေသည့်အလား ဖြစ်နေသည်။ ဧရာမအားကြီးက ထုနှက်လိုက်ရာ အိပ်ခန်းကြမ်းပြင်မှာ အကြမ်းပတမ်းလှုပ်ခတ်သွားကာ ပြင်းထန်သော ထစ်ခြုန်းသံများ ပဲ့တင်ထပ်နေတော့သည်။ ထို့နောက် နောက်ထပ် ပေါက်ကွဲသံတစ်သံကြားလိုက်ရပြီး အိပ်ခန်းကြမ်းပြင် ကြေမွသွားတော့သည်။
ထိုအမျိုးသမီးက ကြောက်မက်ဖွယ် ရယ်မောလိုက်ရာ ပိုင်ရှောင်ချန်းမှာ တုန်လှုပ်နေတော့သည်။ တချိန်တည်းမှာပင် အလင်းတန်းပေါင်းများစွာက ကြမ်းပြင်ကိုဖြတ်၍ ထွက်ပေါ်လာသည်။
၎င်းတို့က အလင်းတန်းကြီးများနှင့်ဆင်တူပါသော်လည်း အမှန်တွင် ကျင့်ကြံသူများ ပါဝင်သော အမျှင်ပါးလေးများဖြစ်သည်။ အစက သူတို့သည် လူပုလေးများအလား အလွန်သေးငယ်သော်လည်း အချိန်အနည်းငယ်ကြာသော် ပုံမှန်အရွယ်အစားပြန်ဖြစ်သွား၏။
ထိုလူများမှာ အရေအတွက်အားဖြင့် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ရှိပြီး အားလုံး၏မျက်နှာများထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ လွှမ်းခြုံထားသည်။
" ငါပထမဆုံးကွ "
" ဟားဟားဟား ငါ နှစ်တစ်ထောင်သက်ရှည်ဆေးလုံးရတော့မယ် "
သို့သော် သူတို့၏အသံနှင့်ရယ်မောသံများ ပဲ့တင်ထပ်နေစဥ် သူတို့က ဘေးပတ်လည်ကို ကြည့်လိုက်ရာ မည်သည့်နေရာသို့ ရောက်နေကြောင်း သိလိုက်သည်။ သူတို့က အလှပြင်စားပွဲနှင့် အမျိုးသမီးအပြင် ကွဲနေသော ကြေးမုံပြင်အား မြင်လိုက်သည်။ ထိုအမျိုးသမီးက လှည့်လိုက်ပြီး သူမ၏ပါးစပ်ကြီးအား ဟကာ တစ်ဖွဲ့လုံးထံ ဦးတည်လိုက်သည်။
သူမသည် မျက်စိတစ်မှိတ်အတွင်း သူတို့ အပေါ်သို့ရောက်သွားပြီး အထိတ်တလန့်မအော်ဟစ်နိုင်ကြခင်မှာပင် သူတို့အားလုံးကို ဝါးမျိုလိုက်တော့သည်။
ထို့နောက် ဂျိုးဂျိုးဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာရာ ပိုင်ရှောင်ချန်းမှာ ကျောချမ်းသွားပြီး သူ၏မျက်နှာတစ်ခုလုံး သွေးဆုပ်ဖြူရော်သွားတော့သည်။
သို့သော် ထိုမျှနှင့်မပြီးသေးပေ။ တဒင်္ဂကြာသော် ဒုတိယအသုတ်ကျင့်ကြံသူများဖြစ်သော လူဒါဇင်အနည်းငယ်ထပ်မံရောက်ရှိလာ၏။
" ဒီနေရာက အန္တရာယ်များတယ်"
ပိုင်ရှောင်ချန်းက ဒုတိယအဖွဲ့ထံ လှမ်းကြည့်ကာ အော်ဟစ်လိုက်သည်။ ထို့နောက် မျက်နှာတစ်ခုအား သူ သတိထားမိလိုက်သည့်အတွက် သူ၏စိုးရိမ်မှုများ မြင့်တက်သွားလေသည်။
“ ရှောင်မေ့၊ ဒီကိုလာခဲ့ "
သူက သူမထံအပြေးအလွှားသွားရန် ပြင်လိုက်စဥ်မှာပင် သူမ၏အရှိန်အဝါနှင့်ပတ်သက်၍ တစ်ခုခု ထူးဆန်းနေသည်။ ထို့ပြင် သူက သူမ၏မျက်လုံးများအား ကြည့်လိုက်သောအခါ သူငယ်အိမ်နှစ်ခုကို တွေ့လိုက်ရသည့်အတွက် ထိတ်လန့်တုန်လှုပ်သွားတော့သည်။
ထို့နောက် သူ ယဥ်ပါးနေပြီဖြစ်သော ကြက်သီးထဖွယ် ရယ်သံကြီး ထွက်ပေါ်လာသည်။
" အဲဒီအသံ။ ဟုတ်တယ် အဲဒီရယ်တဲ့အသံ၊ မင်း.... မင်းက ဟိုရှောင်မေ့မဟုတ်ဘူး။ မင်းက ကုန်းစွန်းဝမ်အာ။ မင်း ဟိုရှောင်မေ့ကို ဘာလုပ်လိုက်တာတုန်း "
" နောက်ဆုံးတော့ ပြန်ရောက်လာပြီ "
ဟိုရှောင်မေ့က ပြောလိုက်၏။ သူမ၏အသံကိုကြားသောအခါ မယုံကြည်နိုင်မှုများဖြင့် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏နဖူးတွင် ချွေးများစိုရွှဲလာကာ သူ တုံ့ခနဲ ရပ်သွားသည်။
ဟိုရှောင်မေ့၏ခန္ဓာကိုယ်ထဲတွင် ရှိနေသူကား ရက်စက်သောအလင်းများ တောက်ပနေသည့် ကုန်းစွန်းဝမ်အာမှလွဲ၍ တခြားမဟုတ်ပေ။ သူမက ပြုံးကာ ပြောသည်။
" ငါ့ကို မှတ်မိသေးလား၊ အချစ်လေး။ စိတ်မပူပါနဲ့။ ငါ မင်းရဲ့ရှောင်မေ့ကို ဘယ်လိုလုပ်ထိခိုက်အောင်လုပ်နိုင်မှာလဲ။ မင်းနဲ့ နည်းနည်းပါးပါးကစားဖို့ သူ့ကိုယ်ထဲ ခဏဝင်နေတာပါ "
ထိုအချိန်တွင် ကုန်းစွန်းဝမ်အာက အလှပြင်စားပွဲတွင် ထိုင်နေသည့် ခေါင်းဖြီးနေသော အမျိုးသမီးကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။ သူမက မဆိုစလောက်လေး မျက်မှောင်ကြုတ်သွားကာ ပြောလိုက်သည်။
" ငါ့အလှပြင်စားပွဲကို တခြားလူ ယူသုံးရင် တကယ် မုန်းတယ်နော် "
" အဲဒီအလှပြင်စားပွဲက ငါ့ဟာ "
ထိုအမျိုးသမီးက လည်ချောင်းသံကြီးဖြင့် ပြန်ဖြေသည်။
" ပြီးတော့ နင်ကလဲ.... ငါ့ဟာပဲ။ နင် အဲဒီခန္ဓာကိုယ်ထဲဝင်ပုန်းတာနဲ့ နင့်အရှိန်အဝါကို ဖုံးထားနိုင်မယ် ထင်နေတာလား။ နင် လာတာ ငါမသိဘူးများထင်နေလား "
ရုတ်တရက် ဟောင်းလောင်းပွင့်နေသော ပါးစပ်ကြီး ထပ်မံပေါ်လာပြန်၏။ ဤတစ်ကြိမ်တွင် ကုန်းစွန်းဝမ်အာထံ တဟုန်ထိုးပြေးဝင်သွားသည်။
သို့သော် ပါးစပ်ပေါ်ကြီးပေါ်လာသည့်အခိုက်အတန့်၌ ကုန်းစွန်းဝမ်အာက ခပ်တိုးတိုးရယ်လိုက်ပြီး အနီရောင်အခိုးငွေ့စီးကြောင်းတစ်ခု ပို့လွှတ်လိုက်ရာ ဟောင်းလောင်းပွင့်နေသော ပါးစပ်ကြီးဖြစ်သွားသည်။
ထို့နောက် သူတို့နှစ်ယောက်ကား အိပ်ခန်းထဲတွင် သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ကြတော့သည်။
တဝုန်းဝုန်းပေါက်ကွဲသံများမြည်ဟည်းနေပြီး အိပ်ခန်းကား ဟိုဟိုသည်သည် လှုပ်ရမ်းလာတော့သည်။ တိုက်ပွဲ၏ တုန်ခါလှိုင်းများကြောင့် အသစ်ရောက်ရှိလာသော ကျင့်ကြံသူများမှာ သွေးများပွက်ခနဲ အန်သွားရပြီး အံ့သြထိတ်လန့်ခြင်းများ ပြည့်နှက်နေသော အမူအရာများဖြင့် နောက်သို့ယိမ်းယိုင်သွားကြ၏။
နတ်မီးလျှံစမ်းသပ်ပွဲ၏ ထွက်ပေါက်ကို ရှာတွေ့ပြီးနောက် မည်သည့်အတွက်ကြောင့် အန္တရာယ်များလှသည့် အမျိုးသမီးအိပ်ခန်းတစ်ခန်းထဲသို့ ရုတ်တရက် ရောက်သွားရသည်ကို တစ်ယောက်မှ နားမလည်နိုင်ကြပေ။
ပိုင်ရှောင်ချန်း၏ စိတ်အစဥ်မှာ ပရမ်းပတာဖြစ်နေတော့သည်။ အဖြစ်အပျက်များကား လျင်မြန်စွာ အကောင်အထည်ပေါ်သွားခဲ့သည်။ သူ စိတ်ရှုပ်နေပါသော်လည်း ဟိုရှောင်မေ့၏ခန္ဓာကိုယ်ထဲတွင် ဝိညာဥ်နှစ်ခုရှိကြောင်း အာရုံရလိုက်သည်။ တစ်ခုက ထူးခြားဆန်းကြယ်သောကလေးမလေးနှင့် သက်ဆိုင်ပြီး အခြားတစ်ခုသည်ကား ယခုအခါ ဖိနှိပ်ခြင်းခံထားရသည့် ဟိုရှောင်မေ့၏ ဝိညာဥ်အစစ်ပင် ဖြစ်သည်။
" ရှောင်မေ့... "
သူ အလွန်တရာ စိုးရိမ်ကြောင့်ကြနေပါသော်လည်း ယခုအချိန်တွင် မည်သို့မျှ လုပ်နိုင်မည် မဟုတ်ကြောင်း သူ သိသည်။ တိုက်ပွဲမှထုတ်လွှတ်လိုက်သည့်အားကြောင့် သူ နောက်သို့ လွင့်ထွက်သွားကာ နံရံနှင့် ဝင်ဆောင့်မိလိုက်သည်။ ထို့နောက် အက်ကွဲသံများ ပြည့်နှက်သွားပြီး နံရံကြီးကြေမွသွားတော့သည်။
ထိုနံရံ၏ နောက်ကွယ်တွင်ကား အပေါ်ကုန်းပတ်သို့ ဦးတည်နေသည့် ဆိုးဆိုးရွားရွားပျက်စီးနေသော လှေကားတစ်စင်းရှိသည်။
ထိုအခိုက်အတန့်တွင် ကျင့်ကြံသူ တတိယအသုတ်က အိပ်ခန်းထဲရှိ အပေါက်ကိုဖြတ်၍ ရောက်လာ၏။ ထိုအဖွဲ့ထဲတွင် တုလင်ဖေးနှင့် လူငယ်လေးပါလာသည်။
သူတို့ မြင်ကွင်းထဲပေါ်လာသည့်အခိုက်အတန့်တွင် စစ်သင်္ဘောကြီးတစ်စင်းအား တုန်လှုပ်သွားစေနိုင်သော စွမ်းအားကြီးတစ်ခုထွက်ပေါ်လာပြီး ၄င်းက ထိုလူငယ်လေးဆီမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လူငယ်လေး၏ အရေပြားမှာ အပြင်လွှာတစ်လွှာဝတ်ထားခဲ့သည့်အလား စုတ်ပြဲကွာကျလာ၏။ မိုးကောင်းကင်နှင့် ပထဝီမြေပြင်တလွှား ပြိုင်ဘက်ကင်း ဖြစ်တည်မှုများအားလုံးထက် ကျော်လွန်နေသော အရှိန်အဝါတစ်ခု၊ နက္ခတ်တာရာများပါဝင်နေသော မျက်လုံးများနှင့် ဒေါသမထွက်သည့်တိုင် ကြောက်စရာကောင်းနေသည့် မျက်နှာကြီး တစ်ခု ပေါ်လာတော့သည်။ သူသည်ကား....
" ကောင်းကင်ဧကရာဇ် "
ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်သွားတော့သည်။ ထိုသို့ဖြစ်ပျက်လာလိမ့်မည်ဟု သူ ခန့်မှန်းထားခဲ့ပါသော်လည်း သူ၏ေရှ့မှောက်တွင် သူ၏သံသယများ အမှန်တကယ် ဖြစ်ပျက်လာသည်ကို မြင်ရခြင်းကြောင့် သူ လောလောလတ်လတ် လုပ်ခဲ့မိသောအဖြစ်အပျက်တစ်ခုကို ရုတ်တရက် အမှတ်ရသွားတော့သည်။
" ငါ.... ငါ ကောင်းကင်ဧကရာဇ်ကို တကယ်ကြီး ခေါင်းပိတ်ရိုက်ခဲ့တာပဲ "