← Chapters

အဘယ်ကြောင့်ဆိုသော်

Vol. 10 Ch. 947

အဘယ်ကြောင့်ဆိုသော်

Vol. 10 Ch. 947

ပိုင်ရှောင်ချန်းသည် သူ့ကို အဖက်ဖက်မှ စုတ်ဖြဲနေကြသည့်အလား ခံစားနေရသည်။ တစ်ဖက်တွင် ဟိုရှောင်မေ့ကို စိတ်ပူသည်။ အခြားတစ်ဖက်တွင် ကောင်းကင်ဧကရာဇ်အား မြင်လိုက်ရုံနှင့် လက်ဖဝါးယားလာသည်။

သူ စိုးရိမ်သောကရောက်နေပြီး မည်သို့ပြုလုပ်ရမည်ကို ဝေခွဲရ ခက်နေတော့သည်။

ကောင်းကင်ဧကရာဇ်၏ စွမ်းအားက မြင့်မားစွာ ထွက်ပေါ်လာနေ၏။ ထို့နောက် သူက မျက်နှာမရှိသည့်အမျိုးသမီးဆီသို့ ရိပ်ခနဲ ပြေးဝင်သွားပြီး အေးစက်စက်နှာမှုတ်၍ ပြောလိုက်သည်။

" သေမင်းနွံတောထဲ ပုန်းနေတာက ဘေးကင်းမယ်လို့ ထင်နေတာလား သရဲမယ်တော်ကြီး။ မင်းဆီကို ငါ မလာနိုင်ဘူးထင်နေတာလား "

ကောင်းကင်ဧကရာဇ်က ကောင်းကင်တံတားဒေသတစ်ခုလုံး၏ စိတ်အာရုံမြင်ကွင်းကို ဆင့်ခေါ်ပြီး သရဲမယ်တော်ကြီးထံ ပစ်လွှတ်ကာ တိုက်ခိုက်လိုက်သည်။

ကုန်းစွန်းဝမ်အာသည်လည်း ထိုနည်းတူပင်။ ကောင်းကင်ဧကရာဇ်နှင့်အတူ ပူးပေါင်း၍ သရဲမယ်တော်ကြီးကို အစွမ်းကုန် တိုက်ခိုက်လိုက်၏။

အဖြစ်အပျက်အပြောင်းအလဲက မြန်ဆန်လွန်းသည်။ အလှပြင်စားပွဲသည် ချက်ချင်းပင် အပိုင်းပိုင်းအစစကျိုးကြေသွားပြီး ထွက်ပေါ်လာသော တုန်ခါလှိုင်းကြီးက တွေဝေတွန့်ဆုတ်နေကြသည့် ကျင့်ကြံသူများအားလုံးကို ဝင်ဆောင့်သွားတော့သည်။ မချိတင်ကဲအော်သံများမြည်ဟည်းသွားပြီး သူတို့အားလုံး အပိုင်းပိုင်းပြတ်ထွက်သွားလေသည်။

သို့သော် သရဲမယ်တော်ကြီးက တိုက်ကွက်ကို ရှောင်တိမ်းနိုင်လိုက်၏။ သူမက ပျောက်ကွယ်သွားပြီး ဘေးတွင် ပြန်ပေါ်လာကာ သူမ၏မျက်နှာက ပြောင်ချောကြီးဖြစ်နေသည့်တိုင် ဒေါသများကြောင့် လိမ်ဖယ်ရှုံ့တွနေတော့သည်။

" နင်က ကောင်းကင်ဧကရာဇ်တစ်ပိုင်းအဆင့်ပဲ ရှိပါသေးတယ်။ ကောင်းကင်တံတားတာအိုကျင့်ကြံသူလေး တစ်ယောက်ထက် မပိုပါဘူး။ စစ်မှန်တဲ့ကောင်းကင်ဧကရာဇ်တွေက ဘယ်လိုဆိုတာ နင့်လိုလူက စိတ်ကူးကြည့်နိုင်မှာတောင် မဟုတ်ဘူး။ ကိုယ့်လူတွေကို စတေးပြီး ဒီနေရာကို ရုပ်ဖျက်ပြီး လာကတည်းက နင်က စစ်မှန်တဲ့ကောင်းကင်ဧကရာဇ်ဖြစ်ဖို့တောင် မထိုက်တန်မှန်း သက်သေပြနေတာပဲ။ စစ်မှန်တဲ့ ကောင်းကင်ဧကရာဇ်က သူတို့လူတွေကို ကာကွယ်ပေးတယ်ဟဲ့။ အဲဒီတစ်ချက်လေးနဲ့တင် သချိုင်းစောင့်ကြီး နင့်ကို ငြင်းလိုက်တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုတာ သိသာတယ် “

" ဒါပေမဲ့ ဒီကိုယ်ပွားကို ငါ့ဆီ ပြန်ခေါ်လာပေးတဲ့အတွက် နင့်ကိုကျေးဇူးတင်ရဦးမယ်။ ဒီကိုယ်ပွားက ဂူထျန်ကျွင်းက သူ့ဓားနဲ့ ခုတ်ပစ်လိုက်တဲ့ ငါ့လက်မောင်းကနေ ဖြစ်လာခဲ့တာပဲ

" ငါ အစထဲက ဒီနေရာကို ဝင်ရောက်လာရတဲ့ အကြောင်းပြချက်တစ်ခုလုံးက ဒီကိုယ်ပွားကြောင့်ပဲ။ ဒီကမ္ဘာရဲ့စိတ်ဆန္ဒနဲ့ သချိုင်းစောင့်ကြီးရဲ့ ဖိနှိပ်ကန့်သတ်တာကို ငါ ခံနေရတဲ့ အကြောင်းရင်းက သူ့ကြောင့်ပဲ။ ဒီသေမင်းနွံတောထဲကနေ ကမ္ဘာကြီးရဲ့အလွန်ကို ငါ ဆက်သွယ်လို့လဲ မရခဲ့သလို ထွက်သွားလို့လဲ မရခဲ့ဘူး။ ဒါပေမဲ့ အခုတော့ အားလုံးရဲ့အဆုံးသတ်ကို ရောက်လာပြီ။ နင်တို့တွေက ငါ့ကို စောင့်နေခဲ့ကြသလို ငါကလဲ နင်တို့ကို စောင့်နေခဲ့တာပဲ "

သရဲမယ်တော်ကြီးထံမှ နားကွဲလုမတတ် ရယ်မောသံကြီး ဟိန်းထွက်လာပြီး သူမက ကောင်းကင်ဧကရာဇ်ကို ရှောင်ကွင်း၍ ကုန်းစွန်းဝမ်အာထံ ဦးတည်လိုက်သည်။ သူမ၏ မျက်နှာကို မမြင်နိုင်ပါသော်လည်း သူမ၏ခန္ဓာကိုယ်မှ စိတ်လှုပ်ရှားကာ မျှော်လင့်ခြင်းအငွေ့အသက်များ ထွက်ပေါ်နေဟန်တူသည်။

" နင်ကသာ ငါ့ကိုယ်ပွားဖြစ်ရမှာ၊ တခြားဘာမှဖြစ်စရာအကြောင်းမရှိဘူး "

ကုန်းစွန်းဝမ်အာက စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။

" ငါတို့နှစ်ယောက်လုံး ဒီကမ္ဘာက ထွက်ချင်တယ်။ ငါတို့နှစ်ယောက်လုံး အိမ်ပြန်ချင်တယ်။ ဒီတစ်ကြိမ်တော့။ ငါ နင့်ကို စားမယ်။ ငါက သရဲမယ်တော်ကြီးအသစ် ဖြစ်လာတော့မှာ "

သူမက ရှောင်တိမ်းမည့်အစား သရဲမယ်တော်ကြီးထံ တဟုန်ထိုး ပြေးဝင်လိုက်သည်။

သူတို့နှစ်ယောက်လုံး သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်နေကြချိန် ကောင်းကင်ဧကရာဇ်က နှာခေါင်းရှုံ့လိုက်၏။ စောစောက သရဲမယ်တော်ကြီး၏ မထိတထိစကားလုံးများကြောင့် သူ့အသွင်က နည်းနည်းလေးပင် ထိခိုက်သွားဟန်မတူပေ။ သူက ဂရုပင်မစိုက်ဘဲ တိုက်ပွဲတွင် ဝင်ရောက်ပူးပေါင်းလိုက်ရာ စစ်သင်္ဘောတစ်ခုလုံး တဝုန်းဝုန်း မြည်ဟည်းလျက် လူးလွန်နေတော့သည်။ အိပ်ခန်းသည် ဖျက်စီးခံလိုက်ရပြီး ၄င်းထဲသို့ ဝင်ရောက်ရန် ကြိုးစားလိုက်ကြသည့် မည်သည့်ကျင့်ကြံသူမဆို အခိုးအငွေ့များနှင့် ထိမှန်ခံလိုက်ကြရပြီး ရုတ်ခြည်း သေဆုံးသွားကြတော့သည်။

သူတို့သုံးဦးကြားက တိုက်ပွဲမှာ ရှိသမျှလူတိုင်းအတွက် အန္တရာယ်များလွန်းလှသည်။ လက်ဖျားခါရလောက်အောင် မာကြောသန်မာသော အပြင်ခန္ဓာကိုယ်နှင့် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော ပိုင်ရှောင်ချန်းပင် သွေးများအန်နေရပြီး လှေကားအား ကုတ်ကတ်တက်နေလေသည်။

ထိုသည်က တစ်ခုတည်းသော ထွက်ပေါက် ဖြစ်ဟန်တူ၏။ ၄င်းအား မြင်လိုက်သည့် အသက်ရှင်ကျန်သေးသော ကျင့်ကြံသူအားလုံးက ၄င်းထံရောက်ရန် အသည်းအသန်ကြိုးစားနေကြရသည်။

ထိုလူများအနက် လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်လည်း ပါဝင်သည်။ ရာသီခွင်ဆယ့်နှစ်ပါး ငွေစန္ဒာဂိုဏ်းမှ အင်မော်တယ်ဝိညာဥ်သခင်ကြီးသည်လည်း ပါဝင်၏။ သူတို့နှစ်ယောက်ကိုကြည့်ရသည်မှာ ပုံပျက်ဆင်းပျက် ဖြစ်နေသည်။

ကောင်းကင်ဧကရာဇ်၊ ကုန်းစွန်းဝမ်အာနှင့် သရဲမယ်တော်ကြီးအကြား တိုက်ပွဲသည် ဆက်လက်ပြင်းထန်လာတော့သည်။ ထိုစဥ် ကောင်းကင်တံတားပင်လယ်ရေက လက်သီးအရွယ်အလုံးကြီးတစ်လုံးဖြစ်တည်လာပြီးနောက် သရဲမယ်တော်ကြီးထံ တဟုန်ထိုး ပြေးဝင်သွား၏။

ထိုတိုက်ပွဲမှာ အလွန်တရာအရေးပါသော ကုန်းစွန်းဝမ်အာက ရုတ်တရက် ပါးစပ်ဟလိုက်ပြီး သံချေးတက်နေသော ဓားတစ်ချောင်းကို ထွေးထုတ်လိုက်သည်။ ဓားထံမှ ပြင်းထန်သော ဖိအားများ ထွက်ပေါ်လာပြီး သရဲမယ်တော်ကြီးထံ ပြေးဝင်သွားတော့သည်။

ဤသည်က ပိုင်ရှောင်ချန်းအနေဖြင့် ထိုဓားအား တတိယအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ဒုတိယအကြိမ်က ကုန်းစွန်းဝမ်အာနှင့် သချိုင်းစောင့်ကြီး၏တိုက်ပွဲတွင် ဖြစ်ပြီး ပထမဆုံးအကြိမ်မှာ သူ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာခဲ့စဥ်က ဖြစ်သည်။ ၄င်းသည်ကား ကောင်းကင်ဘုံ၏အလွန်မှ ကျရောက်လာသော ဓားတစ်ချောင်းပင်။

၄င်းသည်ကား မြေခဓားကမ္ဘာချောက် ပါဝင်သည့် ဧရာမဓားကြီး ဖြစ်ပေသည်။

" ဒီတော့ နင်က ဂူထျန်ကျွင်းရဲ့ ဓားကို ယူပြီး နင့်ဟာ လုပ်လိုက်တာပေါ့။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်တုန်း "

သရဲမယ်တော်ကြီးက တဟီးဟီးရယ်မော၍ လက်ကို ဝှေ့ယမ်းလိုက်ရာ သရဲချီများက ဧရာမတွင်းနက်ကြီးအသွင်ပေါ်ထွက်လာပြီး ကောင်းကင်ဧကရာဇ်နှင့် ကုန်းစွန်းဝမ်အာထံ ပြန့်ကားသွားလေသည်။

တဝုန်းဝုန်း ပေါက်ကွဲနေကြချိန် နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက လှေကားအပေါ် ကုပ်တက်နိုင်သွားပြီး တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ အပေါ်ပြေးတက်လေတော့သည်။

သူကြားနေရသော စကားများအပေါ် အခြေခံ၍ ယခုတွင် မည်သို့ဖြစ်ပျက်နေသည်ကို ပိုင်ရှောင်ချန်း အတော်အသင့် သိသွားလေပြီ။

" ကောင်းကင်ဧကရာဇ်က ဘယ်တုန်းကမှ တပည့်အသစ်လက်ခံဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။ ပြီးတော့ ဒါက သူ့ကျင့်ကြံခြင်းအခြေခံပြန်သက်သာဖို့နဲ့လဲ ဘာမှမဆိုင်ဘူး။ တကယ်ဆိုရင် မြစ်ဝဂိုဏ်းလေးဂိုဏ်းနဲ့လဲ မသက်ဆိုင်ပြန်ဘူး။ ဒါက အရိုးသင်္ဘောကြီးပေါ် ရောက်ဖို့ လျှို့ဝှက်အကြံအစည်တစ်ခုပဲ “

" သင်္ဘောက သေမင်းနွံအိုင်ထဲမှာ ရှိနေတော့ ပုံမှန်ဆို ကောင်းကင်ဧကရာဇ်က မရောက်နိုင်ဘူး။ အဲဒီတော့ သူက သင်္ဘောရဲ့ အဓိကအပိုင်းပေါ်ရောက်အောင် လမ်းရှာဖို့အပြင် တချိန်တည်းမှာပဲ သတိထားမခံရအောင် မြစ်ဝဂိုဏ်းလေးဂိုဏ်းရဲ့ ကျင့်ကြံသူတွေကို စေလွှတ်ခဲ့တာကိုး။ “

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် အရိုးသင်္ဘော၏အစတည်ရာကိုလည်း အတော်အတန် သေချာသိရှိသွားလေရာ ပြင်းပြင်းထန်ထန်တုန်လှုပ်သွားတော့သည်။ မြေရိုင်းဒေသမှာရှိစဥ်က သူနေထိုင်သည့် ကောင်းကင်နှင့်မြေကြီး၏အလွန်တွင် နောက်ထပ်ကမ္ဘာတစ်ခုရှိသေးကြောင်း သိခဲ့ရသည် မဟုတ်ပါလော။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ယခုထက်ပို၍ကျယ်ပြောသော အပြင်ဘက်ကမ္ဘာကြီးထဲတွင် သရဲမယ်တော်ကြီးသည် ထိုအရိုးသင်္ဘောကြီးကို ကောင်းကင်တံတားဒေသနယ်စပ်ဆီသို့ ရွက်လွှင့်နေခဲ့စဥ် ဂူထျန်ကျွင်းဟုခေါ်သော လူတစ်ယောက်၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။ အဆုံးသတ်တွင် သူမက သူ၏ဓားကို ယူခဲ့သော်လည်း သူမ၏လက်တစ်ဖက်ကို ဆုံးရှုံးသွားခဲ့ရသည်။

ထူးဆန်းသော အခြေအနေအချိန်အခါများကြောင့် သူမ၏လက်ပြတ်သည် ကောင်းကင်တံတားဒေသပေါ်သို့ တစ်နည်းနည်းဖြင့် ကျရောက်ခဲ့သည်။ ထိုသည်က မြေခဓားကမ္ဘာချောက် ဖြစ်လာဟန်တူသည်။

သရဲမယ်တော်ကြီးသည် လက်ပြတ်သွားပြီး ကျင့်ကြံခြင်းအခြေခံ အနည်းငယ် လျော့ကျသွားသည့်တိုင် ထွက်ပြေးနိုင်လိုက်၏။ သို့သော် သူမက လက်ပြတ်အား မထားခဲ့နိုင်၍ ကောင်းကင်တံတားဒေသကို ပြန်ဝင်ရန် အဖိုးအခများစွာပေးဆပ်ပြီး စတင်ရှာတော့သည်။

သို့သော် သူမ၏ဝင်ရောက်စွက်ဖက်ခြင်းကို ကောင်းကင်နှင့်မြေကြီး၏ စိတ်ဆန္ဒအား အကောင်အထည်ပေါ်စေသည့် သချိုင်းစောင့်ကြီးက ချက်ချင်း သတိထားမိလိုက်သည်။ သူက သူ၏နက်ရှိုင်းသော စွမ်းအားများကို ဆင့်ခေါ်၍ ကောက်ကျစ်စဥ်းလဲသော သရဲမယ်တော်ကြီးကို သေမင်းနွံတောထဲတွင် ချုပ်နှောင်ခဲ့သည်။

ထိုနေရာတွင် သူမမှာ အပြင်လောကနှင့် မဆက်သွယ်နိုင်ခဲ့သည့်အပြင် သူမ၏လက်ပြတ်ကိုလည်း မရှာနိုင်ခဲ့ပေ။ ထိုနည်းအားဖြင့် သူမက သေမင်းနွံတောထဲတွင် နှစ်ပေါင်းများစွာ ချုပ်နှောင်ခံေနခဲ့ရသည်။ သချိုင်းစောင့်ကြီးက သူမကို အကျဥ်းချစေသည့် အချုပ်အနှောင်ကို ဖန်တီးခဲ့စဥ်က စွမ်းအားအထွတ်အထိပ်သို့ ရောက်ရှိနေဟန်တူသည်။

ကောင်းကင်ဘုံမှ ကျဆင်းလာခဲ့သည့် ဧရာမဓားကြီးမှာမူ ၄င်းတွင်ပါဝင်သည့်ကောင်းကင်တာအိုအရှိန်အဝါကြောင့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအတွက် လေ့ကျင့်ရေးကွင်းတစ်ကွင်း ဖြစ်လာခဲ့သည်။

ရှေးယခင်က ဓား၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် မရေမတွက်နိုင်သော ဝိညာဥ်များမှာ မြေခဓားကမ္ဘာတွင် နေထိုင်သည့် အဆိပ်ဝိညာဥ်များဖြစ်လာသည်။ သူတို့ထဲက တစ်ကောင်သည်ကား သရဲမယ်တော်ကြီး၏လက်မိစ္ဆာကြီး ဖြစ်နေတော့သည်။

ထိုလက်မိစ္ဆာကြီးသည်ကား ကုန်းစွန်းဝမ်အာကို ပိုင်ဆိုင်ခဲ့သည့် ကလေးမလေးပင် ဖြစ်ပေသည်။

သရဲမယ်တော်ကြီး၏ လက်ပြတ်ကြီးဖြစ်သော ဝိညာဥ်သည် ဓားအတွင်း အချိန်အတော်ကြာတည်ရှိနေခဲ့ပြီး မနိုးထသည့်အပြင် ယခင်မှတ်ဉာဏ်များကို မမှတ်မိခဲ့ပေ။ သို့သော် ပိုင်ရှောင်ချန်း၏ဆေးလုံးကျေးဇူးကြောင့် ထိုကလေးမလေး နိုးထလာသည်။

သူမက မှတ်ဉာဏ်များ ပြန်ရသွားပြီးနောက် ထွက်သွားချင်သည့်တိုင် သေမင်းနွံတောထဲက သူမ၏ခန္ဓာကိုယ်အစစ်ထံ ပြန်မသွားလိုပေ။ ထိုအစား သူမက ကောင်းကင်ဧကရာဇ်နှင့် မဟာမိတ်ဖွဲ့လိုက်သည်။

မြေရိုင်းဒေသတွင် တိုက်ခိုက်ခဲ့သည် တိုက်ပွဲကြီးက သူမ၏ခန္ဓာကိုယ်အစစ် ချုပ်နှောင်ခံထားရစဥ် အပြင်ဘက်ကမ္ဘာရှိ သူမ၏အိမ်သို့ ပြန်သွားလိုသော မျှော်လင့်ချက်အလုံးစုံ ဖြစ်ခဲ့၏။

၎င်းက အစီအစဥ်ကောင်းဖြစ်ပါသော်လည်း သချိုင်းစောင့်ကြီးက ယင်အင်္ဂါငါးခုကို ဆင့်ခေါ်ပြီးနောက် ကိုယ်ပွားကလေးမလေးမှာ အပြင်းအထန်ထိခိုက်သွားပြီး တိုက်ပွဲမြင်ကွင်းမှ ထွက်ပြေးသွားေတာ့သည်။

သချိုင်းစောင့်ကြီးက သရဲမယ်တော်ကြီးနှင့် သဘောတူညီချက်တစ်ခု ရှိနေခဲ့ခြင်းကြောင့် သူမကို အသာတကြည်လွှတ်ပေးခဲ့သည်။ သူတို့နှစ်ယောက်လုံးက ထိုကိုယ်ပွားကလေးမလေးအား ဒုတိယလမ်းစဥ်ကို ရွေးချယ်ရုံမှလွဲ၍ အခြားအခွင့်အရေးပေးမည် မဟုတ်ပေ။

ထိုဒုတိယလမ်းစဥ်ကား သူမနှင့် ကောင်းကင်ဧကရာဇ်တို့က သေမင်းနွံတောဆီသို့ တစ်နည်းနည်းဖြင့် ခိုးဝင်လာပြီး အရိုးသင်္ဘောအတွင်းထဲ ဝင်ရောက်ရန် လမ်းတစ်လမ်းဖွင့်မည့် နောက်ထပ်အစီအစဥ်တစ်ခု ဖြစ်သည်။

ထို့နောက် သူတို့က ကုန်းပတ် ၃ ကို ဦးတည်နေသည့်အပေါက်အား ရှာဖွေမည်ဖြစ်သည်။ သူတို့၏ နောက်ဆုံးပန်းတိုင်သည် ကိုယ်ပွားအား သူမ၏ခန္ဓာကိုယ်အစစ်ကို ဝါးမျိုစေ၍ သရဲမယ်တော်ကြီးအသစ်ဖြစ်လာပြီး ကောင်းကင်ဧကရာဇ်ကို သူမ တတ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြင့် ပြန်ပေးဆပ်ရန် ဖြစ်သည်။ ထိုနည်းလမ်းကား သူမက ရှိရင်းစွဲ ကျင့်ကြံခြင်းအခြေခံအထွတ်အထိပ်သို့ ပြန်ရောက်သွားပြီးနောက် သူမ၏ရွက်သင်္ဘောနှင့် ကောင်းကင်ဧကရာဇ်အား ခေါ်သွားရန် ဖြစ်သည်။

သိသာထင်ရှားစွာပင် ကောင်းကင်ဧကရာဇ်သည် ကိုယ်ပွားနှင့်ပတ်သက်၍ သံသယများရှိခဲ့ပြီး သူမမှာ လျှို့ဝှက်အကြံအစည်များရှိနေမည်ကို စိုးရိမ်သည်။ ထို့ကြောင့် သူက နတ်မီးလျှံစမ်းသပ်ပွဲဟူ၍ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ပို့လွှတ်ခဲ့ခြင်း ဖြစ်သည်။ လမ်းပေါက်များအား ရှာဖွေရာတွင် လူပိုများလာမည်သာမက ကောင်းကင်ဧကရာဇ်သည်လည်း သူတို့အကြား ပုန်းနေနိုင်မည် ဖြစ်သည်။ မည်သည့်ရှုထောင့်ကမဆို ထိုနည်းလမ်းသည် သူ့အတွက် များစွာပို၍ အန္တရာယ်ကင်းသည်။

ထို့အပြင် သူက ဟိုရှောင်မေ့အား ကောင်းကင်တံတားဒေသဆီသို့ ခေါ်ခဲ့ရသည့်အကြောင်းရင်းမှာ ကုန်းစွန်းဝမ်အာက အရှိန်အဝါကို ဖုံးကွယ်ပြီး သရဲမယ်တော်ကြီး၏ သတိထားခြင်းမခံရဘဲ ရောက်ရှိသွားစေရန်အတွက် သူမက အသင့်တော်ဆုံးဖြစ်နေသည့်အတွက်ကြောင့် ဖြစ်သည်။

သို့ဖြစ်၍ ကိစ္စရပ်ကြီးတစ်ခုလုံးက အသေးစိတ်စီစဥ်ထားသော ထောင်ချောက်ကြီးတစ်ခုဖြစ်ကြောင်း ကောင်းကင်ဧကရာဇ်နှင့် ကိုယ်ပွားတို့က သိထားခဲ့ကြသည်။

All Chapters