သေမင်းနွံတော
Vol. 10 Ch. 948
အထက်ပါအကြောင်းအရာများသည် ယခု ပိုင်ရှောင်ချန်း ကြားသိခဲ့ရသည့် အရာအားလုံးနှင့် မြေရိုင်းဒေသထဲတွင် သိရှိခဲ့ရသောအချက်အလက်များပေါ်တွင် အခြေခံ၍ ကောက်ချက်ချခဲ့သော သုံးသပ်ချက်များသာဖြစ်သည်။
သူ၏ခွဲခြမ်းစိတ်ဖြာချက်များမှာ လုံးဝအတိအကျ မမှန်လျှင်တောင် အတိုင်းအတာတစ်ခုအထိ မှန်ကန်နေလိမ့်မည်ဟု သူက ယုံကြည်ထားသည်။
ထို့နောက် သူသည် သင်္ချိုင်းစောင့်ကြီးအကြောင်းကို မတွေးတောပဲ မနေနိုင်လောက်အောင် ဖြစ်နေရသည်။ အမှန်မှာ မြေရိုင်းဒေသထဲတွင် ဖြစ်ပွားခဲ့သည့် ရင်သပ်ရှုမောဖွယ် တိုက်ပွဲကြီးမှအစပြု၍ အရာအားလုံးက သင်္ချိုင်းစောင့်ကြီး၏ အစီအစဥ်အတိုင်း တသွေမတိမ်း ဖြစ်ပျက်သွားခဲ့သည် မဟုတ်လော။
" သူကတကယ့်ကို အကွက်ကျကျ စီစဥ်ထားတာပါလား "
သင်္ချိုင်းစောင့်ကြီးမှာ ထိုတိုက်ပွဲအတွင်း ကောင်းကင်ဧကရာဇ်အား အသေသတ်နိုင်ရန် မျှော်လင့်ခဲ့သည်ကို ပိုင်ရှောင်ချန်းက သိသည်။ ယခုတွင်မူ ဤအရန်အစီအစဥ်ထဲတွင် သင်္ချိုင်းစောင့်ကြီး၏ သတ်ဖြတ်လိုစိတ်ကို အတိုင်းသားမြင်နေရပြီဖြစ်သည်။
အရိုးသင်္ဘောကြီးနှင့် ပတ်သတ်သည့်အခြေအနေ ပေါ်ထွက်လာရခြင်းမှာ ကောင်းကင်ဧကရာဇ်ကို ဇီဝိန်ချုပ်ရန် ကြံရွယ်ခဲ့သည့် သူ၏မူလအစီအစဥ် ပျက်ပြားသွားခဲ့သောကြောင့်သာ ဖြစ်သည်။
" အဲဒါကြောင့် သူကငါ့ကို သူ့အမိန့်ပေးဆွဲပြား ပေးခဲ့တာပဲ။ သေမင်းနွံတောကို ငါဘေးကင်းကင်းနဲ့ ဖြတ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုထဲအတွက်မဟုတ်ပဲ ကောင်းကင်ဧကရာဇ်အတွက် စီစဥ်ထားတဲ့ အကြံအစည်ရဲ့ နောက်ဆုံးအပိုင်းမှာ ငါ မသေသွားအောင်လို့ပါ အဲဒီဆွဲပြားကို ပေးခဲ့တာပဲ "
ပိုင်ရှောင်ချန်းမှာ တအံ့တဩဖြစ်နေပြီး ထိုမျှ ရှုပ်ထွေးကာ အနုစိတ်လွန်းလှသည့် အကြံအစည်မျိုးကို မည်သို့သော ဉာဏ်မျိုးက စဥ်းစားနိုင်ပါသနည်းဟု မတွေးနိုင်လောက်အောင် ဖြစ်နေတော့သည်။
" ကောင်းကင်ဧကရာဇ်က သေချာပေါက် ထပ်ရှုံးဦးမှာပဲ "
ထိုအချင်းအရာအားလုံးကို သိရှိသွားပြီးနောက် ပိုင်ရှောင်ချန်းမှာ ပို၍ ဂနာမငြိမ်ဖြစ်လာတော့သည်။ သူသည် ကောင်းကင်ဧကရာဇ်ကို ဂရုစိုက်သည်မဟုတ်ပေ။ ထို့အပြင် ထိုလူမှာ တုလင်ဖေးအား ဘေးကင်းအောင်ထားနိုင်လိမ့်မည်ဟုလည်း သူက ယုံကြည်ထားသည်။ ပိုင်ရှောင်ချန် စိုးရိမ်နေသည့်လူမှာ ဟိုရှောင်မေ့ဖြစ်သည်။
" ဟိုရှောင်မေ့ကို ကောင်းကင်တံတားကျွန်းပေါ်မှာ တွေ့ခဲ့တုံးက ဝင်အပူးမခံရသေးဘူးလို့ ငါထင်တယ်။ ဒါပေမဲ့ နောက်နေ့ရောက်တော့ ငါအာရုံခံမိခဲ့တဲ့ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အငွေ့အသက်ကြီးက အတုအယောင် မဟုတ်ဘူးပဲ "
" အခုလေးတင် သူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဥ်အငွေ့အသက်တွေ ရှိသေးတယ်ဆိုတော့ သူ့ကို အပြီးတိုင် မဝါးမျိုရသေးဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ "
သို့သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံမှာ ဤတိုက်ပွဲတွင် ဝင်ပါရလောက်အောင် အဆင့်မမြင့်သေးသည်ကို သိလိုက်ရသဖြင့် နာကျည်းနေတော့သည်။
တိုက်ပွဲမှ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများပင် သူ့အတွက် အားပြင်းလွန်းနေသည်။ သူသည် အမြင်အာရုံများ ဝေဝါးနေလျက် လှေကားပေါ်သို့ ဒယိမ်းဒယိုင်တက်သွားပြီး ကုန်းပတ်နံပါတ်သုံးပေါ်မှ ထွက်ခွာသွားတော့သည်။ လှေကားထိပ်သို့ရောက်သွားချိန်တွင် ဘေးဘီဝဲယာသို့ အကဲခတ်ကြည့်လိုက်သောအခါ ကုန်းပတ်နံပါတ်နှစ်ပေါ်သို့ သူ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
သူက လှေကားအောက်သို့ပြန်ဆင်းရန် လှည့်လိုက်သေးသည်။ သို့သော် ထိုအောက်ရှိ တိုက်ပွဲမှပေါ်ထွက်လာနေသည့် အငွေ့အသက်များကြောင့် သူ ထိုသို့ပြန်၍သွားနိုင်မည်မဟုတ်ကြောင်း သိလိုက်သည်။ သူက မတ်တတ်ရပ်လျက် မည်သို့ဆက်လုပ်ရမည်နည်းဟု တွေးတောကြံဆနေစဥ် လှေကားပေါ်မှ လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက် ဒယိမ်းဒယိုင်ထွက်လာသည်။ သူ၏နောက်တွင် အင်မော်တယ်ဝိညာဥ်သခင် ရှိနေသည်။ တိုက်ပွဲအတွင်း ထိုအိပ်ခန်းအတွင်းသို့ ဝင်ရောက်မိသွားသည့် အခြားယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူအများစုမှာမူ တိုက်ပွဲကြီး၏ ပြင်းထန်လှသော တုန်ခါလှိုင်းများကြောင့် သေဆုံးသွားကြပြီဖြစ်သည်။
ကောင်းကင်ဧကရာဇ်မှာ တုလင်ဖေးနှင့် သူမ၏အဖွဲ့ကို ဘေးကင်းစေရန်အတွက် သူ၏ထည့်စရာအိတ်ထဲသို့ ထည့်ထားသည်။
ကုန်းပတ်နံပါတ်နှစ်မှာ ပိုင်ရှောင်ချန်း၏ မှတ်ဉာဏ်ထဲကအတိုင်း တစ်ပုံစံထဲပင်။ လှုပ်ကုလားထိုင်လေးမှာ ဖြည်းညင်းစွာလှုပ်ယမ်းနေပြီး ၎င်း၏ရှေ့တွင် ထူးဆန်းစွာ တစ်ဝက်တစ်ပျက် ပေါင်းစည်းနေသည့် အရိုးစုနှစ်ခုမှာလည်း ဒူးထောက်နေဆဲပင်။ ပတ်ဝန်းကျင်တစ်ခုလုံးကို ကြောက်မက်ဖွယ် အေးစိမ့်ချီများက လွှမ်းခြုံထားဆဲပင်။
သို့သော် ယခုတစ်ကြိမ်တွင် ကွဲပြားနေသည့် အခြေအနေတစ်ခုရှိသည်။ ပိုင်ရှောင်ချန်းမှာ ယင်ယန်ဝိညာဥ်အဆင့်တွင် မဟုတ်တော့ပေ။ သူသည် သူ့ရှေ့ရှိ မြင်ကွင်းအားတစ်ချက်ကြည့်လိုက်ပြီး လှုပ်ကုလားထိုင်ပေါ်သို့ သူ၏နတ်ဘုရားအာရုံကို စေလွှတ်လိုက်သည်။ ထိုအခါ ၎င်းမှာ ရပ်တန့်သွားတော့သည်။
ထို့နောက် သူသည်ရှေ့သို့တစ်လှမ်း လှမ်းလိုက်၏။
ယခင်အခေါက်က သူသည် ထိုအရိုးစုနှစ်ခုကို အလွန်စိတ်ဝင်စားနေခဲ့သည်ဖြစ်ပြီး ၎င်းတို့အပေါ်တွင် ကျန်ရစ်နေခဲ့သည့် ထာဝရအပိုင်းနှင့် အသက်ရှည်ခြင်းအပိုင်းတို့၏ အငွေ့အသက်များကို အလွန်စွဲလမ်းမိခဲ့သည်။
သို့သော်လည်း ထိုစဥ်က သူ့ထံတွင် နတ်အဆင့်ကျင့်ကြံခြင်းအခြေခံ မရှိခဲ့သဖြင့် အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်နေခဲ့ရသည့်အလား ကြောက်ရွံ့နေခဲ့ရသည်။ ထို့ကြောင့် အဆုံးသတ်တွင် သူက အသက်လု၍ ပြေးခဲ့ရခြင်းဖြစ်သည်။
သို့သော် ယခုတွင်မူ အခြေအနေများမှာ မတူညီတော့ပေ။ ဤမြင်ကွင်းကို တတိယအကြိမ် ထပ်၍မြင်နိုင်မည်မဟုတ်ကြောင်းကို သူက ကောင်းကောင်းသိသဖြင့် အခွင့်အရေးကို အပြည့်အဝအသုံးချရန် ဆုံးဖြတ်လိုက်သည်။
သူသည် လုံးဝတွေဝေမနေဘဲ လှုပ်ကုလားထိုင်ဆီသို့ သွားလိုက်သည်။ လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်နှင့် အင်မော်တယ်ဝိညာဥ်သခင်တို့မှာမူ ပိုင်ရှောင်ချန်းနှင့် မတူပေ။ ဤနေရာသို့ရောက်ဖူးသည်မှာ သူတို့အတွက် ပထမဆုံးအကြိမ်ဖြစ်ရာ ဤအခန်းထဲသို့ရောက်လာသည်နှင့် သူတို့မှာ ဘေးဘီဝဲယာကို တအံ့တသြ လှည့်ပတ်ကြည့်ရှုနေကြသည်။
သူတို့က ပိုင်ရှောင်ချန်းကို သတိထားမိလိုက်သည့်အချိန်တွင် သူသည် အရိုးစုများဆီသို့ ရောက်သွားပြီဖြစ်ပြီး ၎င်းတို့အားဆုပ်ကိုင်ထားပြီဖြစ်သည်။ ထိုအချိန်တွင် သူ၏အမူအရာ ဖျတ်ခနဲ ပြောင်းလဲသွား၏။
ထိုအရိုးစုများကို သူထိလိုက်မိသည်နှင့် သူ၏ခန္ဓာကိုယ်ထဲရှိ ထာဝရသွေးစက်များက သက်ဝင်လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။ တချိန်ထဲမှာပင် ထာဝရအပိုင်းကို ကျင့်ကြံထားသည့် ရွှေရောင်အရိုးစုထဲမှ ချီနှင့်သွေးများ၏ ခမ်းနားကြီးကျယ်လှသော အထိအတွေ့တစ်ခု ပေါ်ထွက်လာသည်။ ထိုအငွေ့အသက်မှာ သူ၏လက်ထဲသို့ ချက်ချင်းစီးဝင်သွားပြီး တစ်ခဏအကြာတွင် သူ၏ခန္ဓာကိုယ်ထဲမှာ နောက်ထပ် ထာဝရသွေးစက်တစ်စက် ထွက်ပေါ်လာတော့သည်။
ထိုဖြစ်ရပ်ကြောင့် အတိုင်းမသိ အံ့အားသင့်သွားတော့သည်။ သို့သော် ယခုအချိန်မှာ ကျင့်ကြံခြင်းအကြောင်း တွေးတောနေရမည့်အချိန် မဟုတ်ပေ။ ထို့ကြောင့် သူသည် သူ၏အံ့အားသင့်မှုများကို ချုပ်တည်းလိုက်ပြီး အရိုးစုနှစ်ခုအား သူ၏အိတ်ထဲသို့ အလျင်အမြန် သိမ်းဆည်းလိုက်တော့သည်။
" မင်းစောစောက ယူလိုက်တာ ဘာတုံးကွ ပိုင်ရှောင်ချန်း "
အင်မော်တယ်ဝိညာဥ်သခင်က တဖိတ်ဖိတ်တောက်ပနေသည့် မျက်ဝန်းများဖြင့် မေးလိုက်သည်။ သူတို့က အသက်အန္တရာယ်နှင့် ကြုံတွေ့နေပါသော်လည်း ထိုအဘိုးကြီးကား သူ၏လောဘကို မချုပ်တည်းနိုင်သေးပေ။
လျှပ်စီးတိမ်တိုက်သခင်မှာ ပိုင်ရှောင်ချန်း၏ နောက်ကြောင်းနှင့်ပတ်သတ်၍ အနည်းငယ်ကြိုမသိထားပါက ထိုအတိုင်း ပြုမူမိမည်သာဖြစ်သည်။ သို့သော် ယခုတွင် ကောင်းကင်ဧကရာဇ်က အောက်ဘက်ရှိ ကုန်းပတ်ပေါ်တွင် ရှိနေသဖြင့် သူ ထိုသို့မပြုမူရဲပေ။
ပိုင်ရှောင်ချန်းက အင်မော်တယ်ဝိညာဥ်သခင်အား လျစ်လျူရှုလိုက်သည်။ အရိုးစုများကို သူ၏ထည့်စရာအိတ်ထဲသို့ သိမ်းဆည်းလိုက်ပြီးနောက် နောက်ထပ်လှေကားတစ်ခုဆီသို့ ဦးတည်သွားလိုက်သည်။ ယခင်အကြိမ်က သူသည် ကုန်းပတ်နံပါတ်တစ်ပေါ်သို့ ပြန်တက်၍မရခဲ့သော်လည်း ယခုတွင်မူ သူ့မှာ နတ်အဆင့်ကျင့်ကြံခြင်းအခြေခံ ရှိနေပြီဖြစ်သဖြင့် ထိုသို့ပြန်တက်နိုင်မည့် နည်းလမ်းကို ရှာဖွေနိုင်ခဲ့သည်။
သို့သော် သူလှုပ်ရှားရန် ပြင်လိုက်စဥ် အင်မော်တယ်ဝိညာဥ်သခင်က သူ၏လမ်းတွင် ပိတ်ရပ်လိုက်သည်။
" ငါတို့အားလုံးက နတ်အဆင့်ကျင့်ကြံသူတွေပဲလေ ပိုင်ရှောင်ချန်း။ ငါတို့အားလုံး တချိန်ထဲ ရောက်လာမှတော့ ရတနာပစ္စည်းတွေကိုလည်း ညီတူညီမျှ ခွဲယူသင့်တာပေါ့။ မင်းတစ်ယောက်ထဲ မောင်ပိုင်စီးလို့ရမယ် ထင်နေတာလားကွ "
" ထွက်သွားစမ်း "
ပိုင်ရှောင်ချန်းမှာ ဟိုရှောင်မေ့အတွက် စိတ်ပူနေသည်ဖြစ်ပြီး အခြားမည်သူမှ မသိထားသည့် လျှို့ဝှက်ချက်များကိုလည်း သိရှိထားသည်။ ထို့ကြောင့် သူသည် ယခုကဲ့သို့စိတ်ရှုပ်စရာကောင်းသော အဘိုးကြီးများနှင့် ပတ်သက်နေရန် စိတ်မရှည်တော့ပေ။
သူသည် တောင်ဖြိုသိုင်းကို ချက်ချင်းထုတ်သုံးလိုက်ပြီး ရှေ့သို့ အံ့သြဖွယ်ကောင်းသောအမြန်နှုန်းမျိုးဖြင့် ပျံသန်းသွားပြီး တချိန်ထဲမှာပင် တုန်လှုပ်ဖွယ်ကောင်းသော ဖိအားများကိုပါထုတ်လွှတ်လိုက်သည်။ အင်မော်တယ်ဝိညာဥ်သခင်ကြီးမှာ မျက်နှာပျက်သွားပြီး ဘေးသို့ အလျင်အမြန် ခုန်ရှောင်လိုက်ရသည်။
ထိုသို့ဖြင့် ပိုင်ရှောင်ချန်းက သူ၏ဘေးမှ ဖြတ်ကျော်သွားပြီး လှေကားပေါ်သို့ တက်သွားတော့သည်။
လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်မှာလည်း သူ၏နောက်မှလိုက်သွားပြီး အင်မော်တယ်ဝိညာဥ်သခင်သည်လည်း အမူအရာမျိုးစုံထင်ဟပ်နေသည့် မျက်နှာဖြင့် လိုက်တက်သွား၏။
ပိုင်ရှောင်ချန်းက ကုန်းပတ်နံပါတ်တစ်ပေါ်သို့ ခြေချလိုက်သည့်အချိန်တွင် ကုန်းပတ်နံပါတ်နှစ်မှာ ပေါက်ကွဲသွားပြီး သစ်သားစ အကျိုးအပဲ့များ အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်ကုန်ကြသည်။ တချိန်ထဲမှာပင် ကောင်းကင်ဧကရာဇ်၊ ကုန်းစွန်းဝမ်အာ နှင့် သရဲမယ်တော်ကြီး တို့ကြားမှ တိုက်ပွဲမှာ ယခင်နေရာမှ ကုန်းပတ်နံပါတ်နှစ်ရှိရာသို့ ရောက်လာတော့သည်။
ကုန်းပတ်နံပါတ်တစ်မှာ ယခင်ကအတိုင်းပင်ဖြစ်ပြီး အနည်းငယ်လေးပင် မပြောင်းလဲသွားပေ။ ရင်သပ်ရှုမောဖွယ်ကောင်းပြီး အသက်ဝင်လှသည့် နံရံဆေးရေးပန်းချီကို သင်္ဘောနံရံများပေါ်တွင် မြင်နိုင်ဆဲပင်။ ပိုင်ရှောင်ချန်းက ထိုနံရံဆေးပန်းချီကို ယခင်က ကြည့်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းအားတစ်ချက်မျှသာကြည့်၍ ပင်မကုန်းပတ်ပေါ်သို့ တက်နိုင်သည့် လှေကားဆီသို့ ပြေးသွားလိုက်တော့သည်။
လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်နှင့် အင်မော်တယ်ဝိညာဥ်သခင်တို့ ကုန်းပတ်နံပါတ်တစ်ပေါ်သို့ ရောက်လာသောအခါတွင်မူ ထိုနံရံဆေးရေးပန်းချီအား ချက်ချင်းပင် စိတ်ဝင်စားသွားကြသည်။
ပိုင်ရှောင်ချန်းမှာမူ သူတို့အား လျစ်လျူရှုလိုက်၏။ မျက်စိတစ်မှိတ်အတွင်း သူသည် ကုန်းပတ်နံပါတ်တစ်အထက်ရှိ အခန်းငယ်လေးထဲသို့ရောက်ရှိသွားပြီးနောက် အရိုးသင်္ဘောကြီး၏ ပင်မကုန်းပတ်ပေါ်သို့ ရောက်သွားတော့သည်။
ကောင်းကင်ကြီးမှာ မည်းမှောင်ကာ မှေးမှိန်နေပြီး သင်္ဘောကြီးကို အရိုးပင်လယ်ကြီးတစ်ခုက ဝန်းရံထားသည်။ ပဟေဠိဆန်သော သရဲမျက်နှာများပါရှိသည့် အလံသုံးခုကို မြင်နေရပြီး လေမတိုက်ခတ်နေပါသော်လည်း ၎င်းအလံများမှာ တလူလူလွင့်နေသည်။ သူမြင်တွေ့နေရသည့် အရာအားလုံးနှင့် သူ့အပေါ်သို့သက်ရောက်နေသည့် ဖိအားများ၊ သူကောင်းကောင်းမှတ်မိနေသည့် သေမင်းနွံတော၏ အငွေ့အသက်များကြောင့် သူ၏နှလုံးသားထဲတွင် ကိန်းအောင်းနေသည့် နောက်ဆုံးသော တွေဝေမှုများမှာ ပျောက်ကွယ်သွားတော့သည်။
" ငါတို့က သေမင်းနွံတောထဲကို တကယ် ပြန်ရောက်နေတာပဲ "
သူရေရွတ်လိုက်သည်။ ထို့နောက် သူက ဘေးဘီဝဲယာသို့ အကဲခတ်နေစဥ် လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်နှင့် အင်မော်တယ်ဝိညာဥ်သခင်တို့မှာ သွေးများအန်၍ ကုန်းပတ်ပေါ်သို့ ဒယိမ်းဒယိုင် တက်လာကြသည်။
အနည်းငယ်ကြာသောအခါ အခြားလူရိပ်သုံးခုမှာလည်း ပင်မကုန်းပတ်ပေါ်သို့ ဝုန်းခနဲ ရောက်ရှိလာကြသည်။
" နင်ထွက်ပြေးလို့ လွတ်မှာမဟုတ်ဘူး သရဲမယ်တော်ကြီး " ကုန်းစွန်းဝမ်အာက အော်ဟစ်လိုက်သည်။
" ငါနင့်ကို ဝါးမျိုမှာ "
သရဲမယ်တော်ကြီးဆီသို့ သူမ ပျံသန်းသွားသောအခါ အသက်မဲ့နေသည့်အမူအရာနှင့် ကောင်းကင်ဧကရာဇ်မှာလည်း ရှေ့သို့တိုးလာတော့သည်။ သူတို့နှစ်ယောက်က သရဲမယ်တော်ကြီးအား တဖြည်းဖြည်းနှင့် နောက်ဘက်သို့ တွန်းထုတ်နေတော့သည်။
အနည်းငယ်ကြာသောအခါ ကံကောင်းထောက်မစွာဖြင့် နတ်မီးလျှံစမ်းသပ်ပွဲတွင် အသက်ရှင်ကျန်ရစ်ခဲ့ကြသည့် လက်တစ်ဆုပ်စာခန့်သာရှိသော ကျင့်ကြံသူများ ထွက်ပေါ်လာကြသည်။ သူတို့က ပင်မကုန်းပတ်ပေါ်သို့ရောက်နေကြောင်း သိလိုက်ရပြီး သူတို့အထက်ရှိ လေပေါ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲကြီးကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်ရီသွားကြကာ အချို့မှာ အလန့်တကြား အော်ဟစ်လိုက်ကြတော့သည်။
" ဘုရားရေ၊ အဲ...အဲဒါ ကောင်းကင်ဧကရာဇ်ပဲ "
" ငါ....ငါတို့က ဘယ်ကိုရောက်နေတာလဲ "
" ထွက်ပေါက်ထဲကိုဝင်ရင် သင်္ဘောပေါ်ရောက်လာတာပါလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါဘယ်လိုနေရာကြီးလဲ။ ငါတို့ ကောင်းကင်တံတားနယ်မြေထဲမှာ ရှိသေးတာဟုတ်ရဲ့လား "
ပိုင်လင်းနှင့် ဇောင်ထျန်ကျောက်တို့လည်း ရှိနေသည်။ သူတို့က အပြင်းအထန် ဒဏ်ရာရထားပါသော်လည်း ဖက်တီးကျန်းကြီးက သူတို့ကို ပွေ့ထားသည်။
အံ့သြမှုလုံးဝရှိမနေသည့် တစ်ဦးထဲသောလူမှာ စုန့်ချွဲပင်ဖြစ်သည်။ သူသည် တုန်တုန်ရီရီဖြင့် ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်လိုက်ပြီး သေချာစေရန် ပိုင်ရှောင်ချန်းအား လှမ်းကြည့်လိုက်တော့သည်။
" ငါတို့က သေမင်းနွံတော ထဲကို ရောက်နေတာ "
ပိုင်ရှောင်ချန်းမှာ အချိန်များကုန်ဆုံးလာသည်နှင့်အမျှ တဖြည်းဖြည်း စိတ်ဓာတ်ကျလာတော့သည်။