အခန်း (၈၁၆-၈၁၇)
Vol. 48 Ch. 816-817
Chapter 816
အဇူရာနဂါး
ထိုစကားအဆုံးတွင် လူအုပ်ကြီး ရုတ်တရက် တိတ်ဆိတ်သွားပြီး ရင်ပြင်တစ်ခုလုံးတွင် အံ့ဩတုန်လှုပ်စွာ သက်ပြင်းချသံများ ပျံ့လွင့်သွားလေသည်၊၊ အာရုဏ်ဦးမြို့တော်၏ ပြည်တွင်းကွန်ရက် တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်တွင်လည်း မှတ်ချက်များဖြင့် ရှုပ်ထွေးသွားသည်၊၊
ယာဉ်တန်းစခန်းကြီးဘက်တွင် လင်းချင်ယွီနှင့် အခြားသူများသည် ဤစကားကို ကြားလိုက်ရသောအခါ အနည်းငယ် တည်ငြိမ်သွားကြသည်၊၊
“ချီးကျူးစရာက… ဒီကောင်က လူတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ တကယ် သိတာပဲ”
လင်းချင်ယွီက လက်ပိုက်ပြီး ပြောလိုက်သည်၊၊
“ဒီလှုပ်ရှားမှုက သူ့ရဲ့ မောက်မာမူကို တကယ်ပဲ မြှင့်တင်ပေးလိုက်တာပဲ”
ကင်းထောက်တစ်ဦးဖြစ်ခဲ့ဖူးသော လောင်ဟန်ကလည်း ခါးသီးစွာ ပြုံးလိုက်သည်၊၊
“သိသာပါတယ်၊၊ လူတိုင်းက သူ့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မှာ မဟုတ်ဘူးဆိုတာကို သူ သိနေတယ်၊၊ သူက တခြားသူတွေကို ဖိအားပေးဖို့ သူရဲ့ စွမ်းအားကို အသုံးချချင်နေတာပဲ၊၊ တကယ်လို့ သန်မာတဲ့ ပြိုင်ဘက် တစ်ယောက်နှစ်ယောက်လောက် ထွက်လာပြီး သူက အိန်ဂျယ်အဆင့်စွမ်းရည်တွေနဲ့ ပြင်းပြင်းထန်ထန် ဖိနှိမ်ပြလိုက်ရင် ကမ္ဘာပျက်ကပ်ခေါင်းဆောင်အဖြစ် သူ့ရဲ့ ရပ်တည်ချက်က ခိုင်မာသွားမှာပဲ”
“သေစမ်း... အဲဒီခွေးကောင်က မင်းပြောသလိုဆိုရင် တော်တော်ပါးနပ်တာပဲ”
လဲ့ကျန်း ကျိန်ဆဲလိုက်သည်၊၊
“တကယ်လို့ လူအုပ်ကြီးက တကယ်ပဲ သူ့ကို ဝိုင်းတိုက်ကြရင်တော့ ငရဲပွက်သလို ဖြစ်သွားမှာပဲ”
လူဝကြီး ဟန်တိုင်ဂီက ဘာကိုဆိုလိုမှန်းမသိဘဲ ပြောလိုက်သည်၊၊
“အဲဒါကလည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး...”
ပွဲကြည့်နေသော ကျန်းယွမ်၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်၊၊
တစ်နေရာလုံး ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြန်၍ ဆူညံလာပြန်သည်၊၊
ချင်ဖုန်းသည် သူ၏ ရှေ့ရှိ လူတိုင်းကိုအထက်စီးဆန်သော မထီမဲ့မြင်အကြည့်ဖြင့် ကြည့်လိုက်သည်၊၊
“ကဲ... ဘယ်ပါတနာက ကျုပ်နဲ့ တိုက်ရိုက် လက်ရည်စမ်းချင်လဲ”
သူ၏ စကားထဲတွင် ယခုအခါ ပါတနာဟု သုံးနှုန်းလာသည်၊၊ သူသည် လူတိုင်းကို ဖိတ်ခေါ်ပြီးကာမှ ယခုအခါ မည်သူက စတင်ချင်သနည်းဟု ပြန်မေးနေခြင်းဖြစ်သည်၊၊ သူ၏ စကားပြောပုံမှာ အလွန်ပင် ဝါရင့်ပြီး ဟာကွက်မရှိပေ၊၊
သို့သော် ချင်ဖုန်းက လူတိုင်းကို အထက်စီးမှ ကြည့်နေစဉ်မှာပင် အဆင့် ၁ နေရာတွင် ရှိနေသော လုရှင်းချန်က ရှေ့သို့ တက်လာသည်၊၊
“ကပ္ပတိန်ချင်... ကျုပ်က လုရှင်းချန်ပါ၊၊ ဒီနေ့ ခင်ဗျားဆီကနေ သင်ယူချင်ပါတယ်”
“ကောင်းပြီ”
လုရှင်းချန် ထွက်လာသည်ကို မြင်သောအခါ ချင်ဖုန်းက ကျေနပ်စွာ ပြောလိုက်သည်၊၊ သူ့အတွက် ထိပ်ဆုံးအဆင့်ရှိသူကို အနိုင်ယူပြခြင်းက လူတိုင်းကို ခြောက်လှန့်ရန် အမြန်ဆုံးနည်းလမ်းဖြစ်ပြီး အားစိုက်ထုတ်ရခြင်းကို များစွာကို သက်သာစေမည် ဖြစ်သည်၊၊
သို့သော် သူသည် ဤမီးစွမ်းအားရှင်ကို မည်သို့ အမြန်ဖိနှိမ်ရမည်နည်းဟု စဉ်းစားနေစဉ်မှာပင် ခရမ်းရောင်ဆံပင်နှင့် မိန်းကလေးက ချက်ချင်း ရှေ့သို့ တစ်ဖက် တိုးလာပြန်သည်၊၊
“ကျွန်မလည်း ပါမယ်”
“အမ်”
ချင်ဖုန်း၏ မျက်နှာအမူယာပြောင်းလဲသွားပြီး သူ မတုံ့ပြန်နိုင်မှီ ခရမ်းရောင်ဆံပင်နှင့် မိန်းကလေးက ပျော်ရွှင်စွာဖြင့် လူအုပ်ထဲမှ လူအချို့ကို တတ်ကြွစွာ လက်ညှိုးထိုးပြလိုက်သည်၊၊
“ရှင်... ရှင်... ပြီးတော့ ဟိုဘက်က ကျန်း... ဟုတ်တယ်၊၊ ရှင်တို့လည်း ကပ္ပတိန်ချင်နဲ့ လက်ရည်စမ်းချင်တယ်လို့ ပြောခဲ့ကြတယ် မဟုတ်လား၊၊ လာကြ... အားလုံး အတူတူတိုက်ကြမယ်”
သူမ၏ စကားကြောင့် လူအုပ်ကြီးသည် ချက်ချင်းပင် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး သူမ၏ ဘေးတွင် ရပ်နေသော ရှုယွီဖေးပင် မှင်တက်သွားရသည်၊၊ သူကိုယ်တိုင်လည်း ချင်ဖုန်းကို စိန်ခေါ်ရန် ယုံကြည်မှု အချို့ရှိသော်လည်း ဤမိန်းကလေးက ထုံးစံများကို လုံးဝ ဆန့်ကျင်ပြီး လူအုပ်ကြီးကို ချက်ချင်း စုစည်းလိုက်လိမ့်မည်ဟု မထင်ထားမိပေ၊၊
ဒါက ဘာသဘောလဲ… ဝိုင်းပြီး ထိုးကြိတ်မလို့လား…
လီကျန်းနှင့် ချင်ဖုန်းတို့သည် ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်း မျက်နှာပျက်သွားကြသည်၊၊ ကီကီ၏ ပြဿနာရှာလိုသော အမူအရာမှ မကောင်းသော အငွေ့အသက်များကို ခံစားနေရသည်၊၊ လီကျန်းသည် ဤယန္တရားစွမ်းအားရှင် မိန်းကလေးကို အစကတည်းက သတိထားနေမိခြင်းဖြစ်ပြီး သူမသည်လည်း ရှီကျန်းကဲ့သို့ နောက်တစ်ယောက် ဖြစ်လာနိုင်သည်ဟု တွေးနေခဲ့မိသည်၊၊
လီကျန်းသည် လှုံ့ဆော်ခံလိုက်ရသော လူအုပ်ကြီးကို မြင်သောအခါ မသိစိတ်က ဘာလုပ်ရမှန်းမသိဖြစ်သွားရသည်၊၊ အဘယ်ကြောင့်ဆိုသော် ချင်ဖုန်း၏ မောက်မာမှုကို သူ လုံးဝနားမလည်နိုင်သောကြောင့် ဖြစ်သည်၊၊
သို့သော် ချင်ဖုန်း၏ မျက်နှာတွင်မူ ထိတ်လန့်ခြင်းမရှိဘဲ သူသည် လေထဲသို့ ပျံတက်လိုက်ကာ လက်နှစ်ဖက်ကို မြှောက်လိုက်သည်၊၊ စင်မြင့်ကြီးမှာ သူ၏ ယန္တရားစွမ်းအား ထိန်းချုပ်မှုအောက်တွင် ပို၍ မြင့်တက်လာပုံရသည်၊၊ သူက အားရပါးရပြုံးလိုက်ပြီး ပြောလိုက်သည်၊၊
“ကောင်းပြီ... လုရှင်းချန်ကနေ စရအောင်၊၊ အခုကစပြီး ခဗျားက ကျုပ်ရဲ့ ကောင်းကင်ဘုရင် အဇူရာနဂါးပဲ၊၊ ဒီနေ့ လူတိုင်းက ကျုပ်နဲ့ လက်ရည်စမ်းနိုင်ပါတယ်၊၊ ဘယ်သူ့ကိုမှ ငြင်းမှာ မဟုတ်ဘူး”
ထိုသို့ ပြောပြီးနောက် သူက လုရှင်းချန်ကို လက်ညှိုးထိုးပြလိုက်သည်၊၊
“လုရှင်းချန်... ကြွပါ”
“ဟမ့်...”
ချင်ဖုန်းက လုရှင်းချန်ကို တစ်ဦးချင်း တိုက်ခိုက်ရန် ဖိတ်ခေါ်သည်ကို မြင်သောအခါ ကီကီလည်း ထိုသူ၏ အရှက်မရှိသော ရဲတင်းမှုကြောင့် ဆွံ့အသွားရသည်၊၊ သူမက ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် တိုးတိုးလေး ပြောလိုက်သည်၊၊
“ဒီကောင်က တကယ်အရှက်မရှိဘူး၊၊ လူတွေ အများကြီးထွက်လာတာနဲ့ သူက စကားလမ်းကြောင်းပြောင်းလိုက်တယ်၊၊ သူ့ကိုယ်သူ ရဲရင့်တဲ့ သူရဲကောင်းကြီးတစ်ယောက်လိုဖြစ်အောင် လုပ်နေတာပဲ”
ထိုအချိန်တွင် ရင်ပြင်၌ လူအုပ်ကြီးသည် ချင်ဖုန်း၏ လုပ်ရပ်ကြောင့် ပိုအုံကြွလာပြီး အားပေးသံများ ဆူညံလာသည်၊၊ လင်းရှန်က ကီကီကို တည်ငြိမ်သော အမူယာဖြင့် ပြောလိုက်သည်၊၊
“ဒီကောင်က မရိုးရှင်းဘူး၊၊ အခြေအနေကို ထိန်းချုပ်နိုင်စွမ်းက အရမ်းကောင်းတယ်၊၊ ပွဲကြီးပွဲကောင်းတွေနဲ့ အတွေ့အကြုံ ရှိပုံရတယ်၊၊ ကြည့်ရတာ သူ ဘာကောင်လဲဆိုတာ သိရအောင် တိုက်ရိုက်ရင်ဆိုင်ကြည့်ရုံပဲ ရှိတော့တယ်”
လင်းရှန်သည် ချင်ဖုန်းက လူတိုင်းကို တိုက်ခိုက်မည်ဟု ပြောသော်လည်း သူက အဆင့် ၁ သို့မဟုတ် ၂ နေရာတွင် ရှိနေသူများကို အစွမ်းထက်သော လှုပ်ရှားမှုများဖြင့် လျင်မြန်စွာ အနိုင်ယူပြလိုက်နိုင်ပါက အခြေအနေကို သူ ထိန်းချုပ်နိုင်သွားလိမ့်မည် ဖြစ်သည်၊၊ သူက နှစ်ယောက် သုံးယောက်တောင် မလိုအပ်ပေ၊၊ မီးတောက်က ကမ္ဘာပျက်မတတ် လှုပ်ရှားမှုတစ်ခု လုပ်ပြပြီးမှ ချင်ဖုန်းက သူ့ကို အနိုင်ယူနိုင်သွားပါက အခြားမည်သူမျှ ဘာမှပြောရဲကြတော့မည် မဟုတ်ပေ၊၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် တွင်းနက်အန္တရာယ်မှ ထွက်ပြေးရန် ယာဉ်တန်းဖွဲ့နေခြင်းသာ ဖြစ်ပြီး သိုင်းလောကခေါင်းဆောင်ရှာနေခြင်း မဟုတ်သောကြောင့် ဖြစ်သည်၊၊ လူတိုင်းက ကိုယ့်စွမ်းရည် ကိုယ်သိကြလေသည်၊၊
“အစ်ကိုလင်း... ဒီလူက အတော်လေး အောက်ခြေလွတ်နေတယ်၊၊ ငါ သူ့ကို ဖြုတ်ချပြီး ငါတို့ အနန္တရထားအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို မြှင့်ပေးလိုက်မယ်”
ထိုအချိန်တွင် လုရှင်းချန်၏ အသံက ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်၊၊ လေထဲတွင် ဂုဏ်ယူစွာ ရပ်နေသော ချင်ဖုန်းကို ကြည့်ကာ သူသည်လည်း တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်၊၊
“သွားတော့... မီးက ဖန်တီးခြင်းရဲ့ မြစ်ဖျားခံရာပဲ၊၊ မင်းကို ကောင်းကင်ဘုရင်လို့ ခေါ်တာဟာ စော်ကားတာပဲ၊၊ မင်းရဲ့ စွမ်းအားနည်းနည်းလောက် ပြလိုက်… တစ်မြို့လုံးက မင်းရဲ့ မီးနတ်ဘုရား အရှိန်အဝါကို မြင်ရအောင်လုပ်လိုက်စမ်းပါ”
လင်းရှန်က လေးနက်စွာ ပြောလိုက်သည်၊၊
“ဒါပေါ့ ဒါပေါ့”
ထိုစကားနှင့်အတူ လုရှင်းချန်၏ မျက်စိသူငယ်အိမ်များ ကျယ်လာပြီး သူသည် ပို၍တောက်ပလာပုံရသည်၊၊ သူက ခိုင်မာသော အပြုံးဖြင့် ပြုံးလိုက်ရာ သူ၏ မျက်လုံးများထဲတွင် အနီရောင်မီးတောက်များ တောက်လောင်လာပြီး အပေါ်သို့ ပေါက်ကွဲထွက်သွားသည်၊၊ ကောင်းကင်ယံတွင် ကြီးမားလှသော မီးလျှံနဂါး လေဆင်နှာမောင်းကြီးတစ်ခု ဆင်းသက်လာပြီး လမ်းမများစွာကို လင်းထိန်သွားစေကာ ကြွေကျလာသော ကြယ်တံခွန်ကြီးတစ်ခုအလားပင်၊၊
ထို့နောက် လွှမ်းမိုးထားသော နီရဲနေသော မီးတောက်များထဲမှ လုရှင်းချန်သည် ဆင်းသက်လာသော မီးနတ်ဘုရားတစ်ပါးကဲ့သို့ ဖြည်းညှင်းစွာ ပျံထွက်လာပြီး တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသော အပြုံးဖြင့် ချင်ဖုန်းထံသို့ လက်တစ်ဖက် ဆန့်လိုက်သည်၊၊
“ကပ္ပတိန်ချင်... ကြွပါ”
လင်းရှန်နှင့် ကီကီတို့သည် ဤမြင်ကွင်းကို မြင်သောအခါ စကားပင် မပြောနိုင်တော့ပေ၊၊ မစတင်ခင်မှာပင် သူသည် ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုကို ချက်ချင်း ဖန်တီးလိုက်ရာ သူ၏ ထွက်ပေါ်လာပုံမှာ ငကြွားမီးတောက် ပီသလွန်းလှသည်၊၊
“လုရှင်းချန်က ချင်ဖုန်းကို အနိုင်ယူနိုင်မယ် ထင်လား”
လင်းရှန်၏ ဘေးတွင် ရပ်နေသော နန်ကျင်းက စိုးရိမ်သော မျက်နှာဖြင့် မေးလိုက်သည်၊၊
“သူက ဖျက်စီးခြင်းအဆင့် ၉၀၀၀ ကျော် ရှိပေမဲ့ ချင်ဖုန်းကတော့ အစစ်အမှန် အိန်ဂျယ်အဆင့်လေ၊၊ သူတို့ကြားမှာ ကွာဟချက်က အများကြီးရှိနေသေးတယ်”
“စိတ်မပူပါနဲ့”
လင်းရှန်က အေးစက်စွာ ပြန်ဖြေလိုက်သည်၊၊ ချင်ဖုန်း၏ စင်မြင့်သို့ နီးကပ်လာသောအခါ သူ၏ ယန္တရားစကင်ဖတ်မှုမှာ နောက်ဆုံးတွင် ပြီးဆုံးသွားပြီး ပြန်လည်ရုတ်သိမ်းလိုက်သည်၊၊
“ငါတို့ရဲ့ မီးတောက်က... တိုက်ခိုက်ရေးစွမ်းအား ၉၀၀၀ ထဲတင် မဟုတ်ဘူးဆိုတာ မင်းသိလာမှာပါ...”
Chapter 817
ကောင်စီဖျက်သိမ်းခြင်း ၁
အာရုဏ်ဦးမြို့တော်ရှိ မြေအောက်မြို့တော် ဖက်ဒရေးရှင်းကောင်စီခန်းမကြီးအတွင်း၌ အဆင့်မြင့်အဖွဲ့ဝင် အယောက်လေးဆယ်ခန့် အစည်းအဝေး တက်ရောက်နေကြသည်၊၊ ခန်းမအတွင်းရှိ လေထုသညိ တင်းမာနေပြီး ခန်းမအထက်ကောင်းကင်၌လည်း တိမ်တိုက်မည်းများ ဖုံးလွှမ်းနေသကဲ့သို့ တက်ရောက်လာသူများကို အသက်ရှူကျပ်နေစေသည်၊၊
“စောင့်ကြည့်ရေး အစီရင်ခံစာအရ အာရုဏ်ဦးမြို့တော်ဘက်ခြမ်းရှိ နံပါတ် ၅၊ ၇ နှင့် ၈ တွင်းနက် အစွန်းနားတွေမှာ ပုံမှန်မဟုတ်တဲ့ နယ်မြေချဲ့ထွင်မှုတွေက ပိုမိုပြင်းထန်လာနေပါတယ်၊၊ ဒီညရဲ့ အမှောင်ထုဟာ ခန့်မှန်းထားတာထက် ၂၅ မိနစ်လောက် စောပြီး ရောက်လာလိမ့်မယ်လို့ တွက်ချက်ရရှိထားပြီး ရှေ့တန်းကင်းစခန်း ၂၂၇ ခုထက်မကက အနီရောင်အဆင့် သတိပေးချက်တွေ ပို့ထားပါတယ်၊၊ အချို့သော မြို့ပြဧရိယာတွေမှာ အကြီးစား သန္ဓေပြောင်းမွန်းစတားတွေရဲ့ လှုပ်ရှားမှုတွေကို အစီရင်ခံထားပါတယ်”
“ကောင်းကင်စောင့်ကြည့်ရေးအရ ပြီးခဲ့တဲ့ အပတ်အတွင်း ယန်ကျန်းလွင်ပြင် အရှေ့ပိုင်းနဲ့ ကျင်းဟိုင်၊ အာရုဏ်ဦးမြို့တော် ဧရိယာတွေမှာ အကြီးစား မိုးကြိုးမုန်တိုင်းသတိပေးချက် ရှိနေပါတယ်”
“အရှေ့မြို့တော် တိုက်ပွဲဇုန် ရှေ့တန်းစောင့်ကြည့်ရေး အစီရင်ခံစာအရ ဖီးနစ်ရဲ့ သံမဏိအစောင့်တပ်ရင်း ၈၃ရဲ့ ပင်မယာဉ်တန်းဟာ လွန်ခဲ့တဲ့ မိနစ် ၂၀ က ပင်းမြို့ကို ရောက်ရှိနေပြီဖြစ်ပြီး အာရုဏ်ဦးမြို့တော်နဲ့ဆိုရင် မျဉ်းဖြောင့်အတိုင်း ကီလိုမီတာ ၂၀၀ ခန့်ပဲ ကွာဝေးပါတော့တယ်၊၊ မြေပြင်တပ်ဖွဲ့တွေက ခန်းချန်မြို့မှာ အခြေချနေပြီး မနက်ဖြန်ညနေပိုင်းမှာ ယာဉ်တန်းနဲ့ ပူးပေါင်းဖို့ မျှော်လင့်ရပါတယ်၊၊ ကျွန်တော်တို့နဲ့ အနီးဆုံး အမှတ် ၁၃၄၁ ကင်းစခန်းကနေ သံမဏိအစောင့်တပ်ရင်း ယာဉ်တန်းကို မျက်စိရှေ့တွေ့နေရပြီ ဖြစ်ပေမယ့် တစ်ဖက်ခြမ်းက ဆက်သွယ်ရေးလိုင်းတွေ ဖွင့်မလာသေးပါဘူး”
ဖက်ဒရေးရှင်းအရာရှိတစ်ဦးက ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူဦးရေထိန်းချုပ်ရေးဗျူရို၊ အရင်းအမြစ်ဌာန၊ မြေအောက်မြို့တော် စီမံခန့်ခွဲရေးကော်မတီ၊ ကင်းစောင့်တပ်ဖွဲ့နှင့် အလင်းတမန်ဌာနတို့မှ ခေါင်းဆောင်များအပါအဝင် တက်ရောက်လာသည့် အဆင့်မြင့်အရာရှိကြီးများအားလုံးကို အရေးပေါ်အခြေအနေအား ဆက်တိုက်အစီရင်ခံနေသည်၊၊
ဖက်ဒရေးရှင်းဥက္ကဋ္ဌ ချူကျောက်နန်သည် ပြတင်းပေါက်နားတွင် တစ်ယောက်တည်း ရပ်နေရင်း အပြင်ဘက်ရှိ မြေအောက်မြို့တော်၏ ကြီးမားသော အဆောက်အအုံများကို တိတ်ဆိတ်စွာ ငေးကြည့်နေသည်၊၊
ကျိုးမင်ယွမ်သည် သူ၏ ထိုင်ခုံမှနေ၍ လက်နှစ်ဖက်ကို ပိုက်ကာ တည်ကြည်သော မျက်နှာထားဖြင့် အခန်းတွင်းရှိ လူများကို ဝေ့ဝဲကြည့်လိုက်ပြီး တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သည်၊၊
“ဖီးနစ်ရဲ့ တပ်ဖွဲ့တွေက ကျုပ်တို့ တံခါးဝကို ရောက်နေပြီ၊၊ ကျုပ်တို့ ဘယ်လို တုံ့ပြန်သင့်သလဲ၊၊ ဒီလိုအရေးကြီးတဲ့ အချိန်မျိုးမှာ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရတာက လူသားမျိုးနွယ်တွေအတွက် ကပ်ဘေးတစ်ခုဖြစ်သွားနိုင်တယ်”
“ဒါပေမဲ့ ဘယ်လိုတုံ့ပြန်မလဲ၊၊ သူတို့ရဲ့ ရည်ရွယ်ချက်ကိုတောင် ကျုပ်တို့ မသိရသေးဘူးလေ”
ကောင်စီဝင်တစ်ဦးက ထိုအချိန်တွင် ပြောလိုက်သည်၊၊
“ဒါက သိသာနေတာပဲ မဟုတ်ဘူးလား၊၊ အနီရောင်ကမ္ဘာကို အကြောင်းပြပြီး အာရုဏ်ဦးမြို့တော်တစ်ခုလုံးကို ဝါးမျိုချင်နေတာပဲ မဟုတ်လား”
တစ်စုံတစ်ယောက်က ပြောသည်၊၊
“ဖီးနစ် ဘာကြောင့် ဒီကိုရောက်လာသလဲဆိုတာ ကျုပ်တို့ အားလုံး သိကြပါတယ်”
ကောင်စီခေါင်းဆောင် ရှုယန်က သူ၏ မျက်မှန်ကို ပြင်လိုက်ရင်း စူးရှသော အကြည့်ဖြင့် ပြောလိုက်သည်၊၊
“အခု အရေးကြီးတဲ့ ပြဿနာက တွင်းနက်ထဲမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်ပျက်နေတယ်၊၊ ကျုပ်တို့ ဘာလုပ်နိုင်သေးသလဲ ဆိုတာပဲ”
“အကြီးအကဲရှု ပြောတာ မှန်တယ်”
ကျိုးမင်ယွမ်သည် အရေးကြီးသော အချက်ကို ဖမ်းဆုပ်လိုက်ပြီး အလင်းတမန်ဝန်ကြီး လော့မင်ကို မေးမြန်းလိုက်သည်၊၊
“ဝန်ကြီးလော့၊၊ ဒီထူးဆန်းတဲ့ ဖြစ်စဉ်က ဘယ်လောက်အထိ မြန်ဆန်လာပြီလဲ၊၊ တွက်ချက်ထားတာ ရှိသလား၊၊ ကျုပ်တို့အပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ”
လော့မင်က လေးနက်စွာ ပြန်ဖြေသည်၊၊
“အခြေအနေမကောင်းဘူး၊၊ အရင်ကထက် ပိုမြန်လာတယ်၊၊ အခုအချိန်မှာတော့ ၁၅ ရက် ဒါမှမဟုတ် ရက် ၂၀ လောက် အချိန်ရနိုင်သေးပေမဲ့ ဒီည ကျော်သွားရင်တော့ အချိန်က သိသိသာသာတိုတောင်းသွားနိုင်တယ်”
“၁၅ ရက်ကနေ ရက် ၂၀ ဟုတ်လား”
သက်ကြီးပိုင်း ကောင်စီဝင်အမျိုးသမီးတစ်ဦးက ထိတ်လန့်သွားပြီး အလျင်အမြန် မေးသည်၊၊
“ဒါဆို ဘယ်လိုလုပ်ကြမလဲ၊၊ မြေအောက်မြို့တော်ထဲမှာပဲ ပုန်းနေကြမလား”
“ပြီးခဲ့တဲ့ အပတ်က ရရှိတဲ့ အချက်အလက်တွေအရ ညဘက်မှာ မြေအောက်မြို့တော်ရဲ့ အမှောင်ကျူးကျော်မှုနှုန်းက မြေပြင်ထက် ၁၀ ရာခိုင်နှုန်း ပိုများနေတယ်၊၊ အကယ်၍ ကျွန်မတို့သာ ဝင်ရိုးစွန်းညထဲကို ဒီလောက်အမြန် ရောက်သွားမယ်ဆိုရင် မြေအောက်မြို့တော်က တစ်လထက် ပိုခံမှာ မဟုတ်ဘူး”
အားလုံးက အသံလာရာ အစည်းအဝေးခန်းမထောင့်တွင် ထိုင်နေသော ဝမ်ဟွေ့ထံသို့ လှည့်ကြည့်လိုက်ကြသည်၊၊
သူမကို အဓိပ္ပာယ်အပြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ဝန်ကြီးလော့မင်က ကျိုးမင်ယွမ်ဘက်သို့ လှည့်လိုက်သည်၊၊
“ဒုဥက္ကဋ္ဌကျိုး၊၊ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း အရင်းအမြစ်ဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနတို့နဲ့အတူ မြို့တော်ကာကွယ်ရေးစခန်းနဲ့ ညကင်းလှည့်အဖွဲ့တွေပါ လှုပ်ရှားမှုတချို့ ရှိနေတယ်လို့ ကြားရတယ်၊၊ ခင်ဗျားမှာ ဘယ်လိုတုံ့ပြန်မယ့် မဟာဗျူဟာတွေ ရှိထားသလဲ”
ထိုစကားကို ကြားသောအခါ ခန်းမအတွင်းရှိ လူများ မျက်နှာပျက်သွားကြသော်လည်း ကျိုးမင်ယွမ်ကမူ မတုန်လှုပ်ဘဲ အလေးအနက် ပြောလိုက်သည်၊၊
“ပြီးခဲ့တဲ့ သုံးရက်အတွင်းမှာ ကျုပ်တို့က အရင်ကထက် ပိုပြီး တိုက်ခိုက်ခံခဲ့ရတယ်၊၊ တွင်းနက်ရဲ့ ထူးဆန်းတဲ့ အခြေအနေတွေနဲ့ မြို့ထဲက ကောလာဟာလတွေကြောင့် မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ မဖြစ်အောင် ဌာနအားလုံးရဲ့ လုပ်ထုံးလုပ်နည်းတွေကို တင်းကျပ်ထားဖို့ ကျုပ်ညွှန်ကြားထားပါတယ်၊၊ အခုအချိန်မှာ အရင်းအမြစ်တွေက ရှားပါးနေတာမို့ အမှားအယွင်း အဖြစ်မခံနိုင်ပါဘူး”
ရှုယန်က ထိုအချိန်တွင် သက်ပြင်းချလိုက်ပြီး တစ်ခုခုပြောဟန်လုပ်ပြီးမှ မပြောတော့ပေ၊၊
အစည်းအဝေးခန်းမကြီး တိတ်ဆိတ်သွားသည်၊၊ အဆင့်မြင့်အရာရှိကြီးများသည် စိုးရိမ်ပူပန်မှု၊ ဂနာမငြိမ်မှု၊ ထိတ်လန့်မှုနှင့် မျှော်လင့်ချက်မဲ့မှုစသည့် အတွေးမျိုးစုံရှိနေကြပြီး ထိုခံစားချက်များမှာ သူတို့၏ အသက်ရှူသံများမှတစ်ဆင့် အလိုအလျောက် ပေါ်လွင်နေသည်၊၊
ထိုစဉ် ကျိုးမင်ယွမ်၏ မျက်နှာမှာ မည်းမှောင်သွားသည်၊၊ သူက ချူကျောက်နန်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် အသံမြှင့်ကာ ပြောလိုက်သည်၊၊
“ဥက္ကဋ္ဌချူနဲ့ ပါတနာတွေအားလုံး ဒီအကျပ်အတည်းကို ရင်ဆိုင်ဖို့ ကျုပ်တို့ တုံ့ပြန်ရပါမယ်၊၊ ကမ္ဘာပျက်ကပ်စတင်ကတည်းက ကျုပ်တို့ နည်းလမ်းမျိုးစုံ သုံးခဲ့ကြတယ်၊၊ နျူကလီးယားဗုံး၊ အာကာသအခြေချမှု၊ မြေအောက်မြို့တော် စီမံကိန်း၊ တံတိုင်းကြီးတွေ၊၊ ဒါတွေ တစ်ခုမှ လူသားတွေရဲ့ ရှင်သန်မှုပြဿနာကို အပြီးတိုင် မဖြေရှင်းနိုင်ခဲ့ဘူး၊၊ ဥက္ကဋ္ဌချူရဲ့ ရှေ့တန်းစီမံကိန်းဟာ လူသားမျိုးနွယ်ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ လိုအပ်တဲ့ ကြိုးပမ်းမှုတစ်ခုဆိုတာ ကျုပ်တို့ သိပါတယ်၊၊ ဒါပေမဲ့ ကျန်ရစ်ခဲ့တဲ့ ကျုပ်တို့ကတော့ သေဖို့စောင့်နေလို့ မရဘူး၊၊ ကျုပ်တို့မှာ လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိတဲ့ ကိုယ်တိုင်ကယ်ဆယ်ရေး အစီအစဉ်တွေ ရှိရမယ်”
သူ၏ စကားများကို ကြားသောအခါ အခြေအနေကို မရင်ဆိုင်လိုသူအချို့သည် ဝမ်းနည်းပူဆွေးသော မျက်နှာများဖြစ်သွားကြပြီး အချို့က စိုးရိမ်တကြီးဖြင့် တံတွေးမြိုချလိုက်မိကြသည်၊၊
၎င်းမှာ သေခြင်းတရား၏ စစ်မှန်သော မျှော်လင့်ချက်မဲ့မှုထဲ မကျရောက်မီ ခံစားရသော ဖိအားမျိုးဖြစ်သည်၊၊
“ဒုဥက္ကဋ္ဌကျိုးမှာ အကြံဉာဏ်တချို့ ရှိနေပုံရတယ်”
ချူကျောက်နန်က နောက်ဆုံးတွင် လှည့်လာပြီး လေးနက်စွာ တုံ့ပြန်လိုက်သည်၊၊
ကျိုးမင်းယွမ်သည် ဖုံးကွယ်မထားတော့ဘဲ ခေါင်းငြိမ့်ပြလိုက်ပြီး ပြောသည်၊၊
“လက်ရှိမှာ အကောင်းဆုံးနဲ့ အလိုအပ်ဆုံး မဟာဗျူဟာကတော့ ဖီးနစ်နဲ့ မဟာမိတ်ဖွဲ့ဖို့ ကျုပ်တို့ဘက်က ကြိုတင်ရွေးချယ်လိုက်ဖို့ပဲလို့ ကျုပ်တော့ယုံကြည်တယ်”
သူ၏ စကားကြောင့် လူအများ အံ့အားသင့်ကာ အသက်ရှူမှားသွားကြသည်၊၊ အမှန်တကယ်တော့ လူအများစုလည်း ထိုသို့တွေးထားကြသော်လည်း မည်သူမျှ အရင် စမပြောရဲကြခြင်း ဖြစ်သည်၊၊
“ဖီးနစ်နဲ့ ပူးပေါင်းပြီး အာရုဏ်ဦးမြို့တော်ကို လက်လွှတ်ရမှာလား”
တစ်စုံတစ်ယောက်က တုန်ခါနေသောအသံဖြင့် မေးလိုက်သည်၊၊
“ဟုတ်တယ်”
“ဒါပေမဲ့ ဖီးနစ်က သဘောတူပါ့မလား”
သက်လတ်ပိုင်း အမျိုးသားတစ်ဦးက တင်းမာစွာ မေးလိုက်သည်၊၊
“ကျုပ်တို့ရဲ့ အရင်းအမြစ် ခွဲဝေမှုတွေ၊ စစ်တပ်နဲ့ အဆင့်မြင့်လူတန်းစားတွေအတွက် အခြေခံ အာမခံချက်တွေ၊၊ အကယ်၍ ဖီးနစ်နဲ့ ပူးပေါင်းလိုက်ရင် ကျုပ်တို့မှာ ပြောရေးဆိုခွင့် ရှိပါဦးမလား”
“ဒီအချိန်အထိ အဆင့်မြင့်လူတန်းစားတွေအကြောင်း စဉ်းစားနေတုန်းလား”
ရှုယန်က အေးစက်စွာ တုံ့ပြန်လိုက်သည်၊၊
“ဝန်ကြီးဝမ်၊၊ ခင်ဗျားက အတွေးလွန်နေတာပဲ၊၊ အခု လက်ရှိပြဿနာက ဒီနေထိုင်သူ ၆ သန်းကို ဘယ်လို ပြောင်းရွှေ့ပေးမလဲနဲ့ ဘယ်လိုအသက်ရှင်အောင် လုပ်မှာလဲဆိုတာပဲ”
ဝမ်ဟု အမည်ရသော ဝန်ကြီးသည် ထိုစကားကို ကြားသောအခါ မကျေမနပ်ဖြစ်သွားသော်လည်း ဘာမှဆက်မပြောတော့ပေ၊၊
ကျိုးမင်ယွမ်က ထိုအချိန်တွင် တိုက်ရိုက်ပင် ပြောလိုက်သည်၊၊
“အားလုံးပဲ ကျုပ်ဆိုလိုရင်းကို နားလည်မှုမှားနေကြပုံရပါတယ်၊၊ ကျုပ်တို့က ဖီးနစ်ထဲ ဝင်မှာ မဟုတ်ပါဘူး၊၊ ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေမှာပါ၊၊ အရင်းအမြစ်စီမံခန့်ခွဲမှုတွေကို တစ်ဦးနဲ့တစ်ဦး မထိခိုက်စေဘဲ သီးခြားစီ လွတ်လပ်စွာထားရှိရပါမယ်၊၊ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်တဲ့အတွက် အပြန်အလှန် အကျိုးရှိဖို့ တချို့အရာတွေကို လျှော့ပေးလို့ ရပါတယ်၊၊ နောက်ဆုံးတော့ ဒါက လူသားချင်း စည်းလုံးညီညွတ်မှုအတွက်ပဲ မဟုတ်လား”