← Chapters

သူကဲ့သို့ မောက်မာသူ

Vol. 10 Ch. 949

သူကဲ့သို့ မောက်မာသူ

Vol. 10 Ch. 949

ပိုင်ရှောင်ချန်း၏ စကားကို ကြားလိုက်ရသောအခါ ဘေးနားရှိကျင့်ကြံသူများမှာ အံ့အားသင့်သွားကြပြီး ပင့်သပ်များရှိုက်ကုန်ကြသည်။

" သေမင်းနွံတော ဟုတ်လား "

" ကောင်းကင်တံတားဒေသနဲ့ မြေရိုင်းဒေသကို ချိတ်ဆက်ပေးထားတဲ့ နယ်မြေမလား။ အဲဒီ သေမင်းနွံတောကို ပြောတာလား "

" ဘုရားရေ။ ဒီကိုရောက်လာတာ ငါ့ဖြင့်မယုံနိုင်ဘူး "

ထိုကျင့်ကြံများမှာ နတ်မီးလျှံစမ်းသပ်ပွဲတွင် အသက်အန္တရာယ်များကြုံခဲ့ရသည့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ယခုတွင်လည်း သူတို့က ကောင်းကင်ဧကရာဇ်ကြီးကိုယ်တိုင် ပါဝင်နေသည့် တိုက်ပွဲကြီးတစ်ခုကို မြင်တွေ့နေရသည်။ ထို့ကြောင့် သူတို့မှာ သေမင်းနွံတောထဲတွင် ရောက်နေသည်ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ သွက်သွက်ခါအောင် ရူးသွပ်လုမတတ်ဖြစ်ကုန်ကြ၏။

သူတို့ရင်ဆိုင်ခဲ့ရသည့် အန္တရာယ်များမှာ ဤပြိုင်ပွဲတွင် ဝင်ရောက် မယှဥ်ပြိုင်ခဲ့စဥ်က သူတို့စိတ်ကူးထားခဲ့ကြသည့် အရာအားလုံးထက် များစွာသာလွန်နေသည်။

ဤ နတ်မီးလျှံစမ်းစပ်ပွဲဟု အမည်တပ်ထားသော ပြိုင်ပွဲကြီးမှာ ဧရာမအရိုးသင်္ဘောကြီးတစ်စင်း၏ အောက်ခြေတွင် ဖြစ်ပျက်နေသည်ကို မည်သူမှ မသိကြပေ။ ကောင်းကင်ဧကရာဇ်၏ တပည့်အသစ်ရွေးချယ်မည်ဟူသော ကြေငြာချက်က အလိမ်အညာတစ်ခု ဖြစ်နေလိမ့်မည်ဟူ၍လည်း လုံးဝ မသိခဲ့ကြပေ။

“ အလိမ်အညာ “ ဟု နာမည်တပ်ရန်မှာမူ အနည်းငယ် ပုံကြီးချဲ့ရာကျသွားမည်ဖြစ်သည်။ ဤအချင်းအရာများပြီးဆုံးသွားလျှင် ကောင်းကင်ဧကရာဇ်က တပည့်တစ်ယောက်ကို အမှန်တကယ် ရွေးချယ်နိုင်သေးသည် မဟုတ်ပါလော။ သို့သော် အမှန်တွင်မူ ဤနေရာသို့ ရောက်ရှိလာကြသည့် ကျင့်ကြံသူအားလုံးမှာ အဆက်မပြတ် အသုံးချခံခဲ့ရသည်။ ထိုခံစားချက်ကြီးကြောင့် သူတို့၏စိတ်ထဲတွင် အလွန်အေးစက် နေရပါသော်လည်း မည်သူကမှ ထိုခံစားချက်များကို ပေါ်ပေါ်ထင်ထင် မထုတ်ဖော်ရဲကြပေ။

ယခုတွင် သူတို့သည် သေမင်းနွံတော အတွင်း ရောက်ရှိနေပြီဖြစ်သဖြင့် သူတို့၏စိတ်နှလုံးများထဲတွင် မျှော်လင့်ချက်များ ကင်းမဲ့ကုန်ကြသည်။ ထိုစဥ် သူတို့၏အထက်တွင်မူ ခမ်းနားကြီးကျယ်လှသော တိုက်ပွဲကြီးတစ်ခုအတွင်း ကောင်းကင်ဧကရာဇ်နှင့် ကုန်းစွန်းဝမ်အာတို့က ပူးပေါင်း၍ သရဲမယ်တော်အား တိုက်ခိုက်နေကြသည်။

တဝုန်းဝုန်းမြည်ဟည်းသံများ အဆက်မပြတ် ပေါ်ထွက်နေသဖြင့် သေမင်းနွံတောထဲတွင်ပြည့်နှက်နေသည့် အရိုးပင်လယ်ကြီးမှာ တွန့်လိမ်တုန်ရီနေတော့သည်။ အရိုးများစွာ ကြေမွသွားကြပြီး အထက် ကောင်းကင်ယံမှာလည်း ထိုနည်းတူပင်။

ကောင်းကင်ဧကရာဇ်၏ တာအိုမှော်အတတ်ကြောင့် ကောင်းကင်တံတားပင်လယ်၏ တုန်လှုပ်ဖွယ် ပုံရိပ်ကြီးတစ်ခု သက်ဝင်လှုပ်ရှားလာပြီး ကုန်းစွမ်းဝမ်အာသည်လည်း သင်္ချိုင်းစောင့်ကြီးနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကထက်ပင် ပိုမိုခက်ထန်တင်းမာစွာ အစွမ်းကုန် တိုက်ခိုက်နေသည်။ သူမသည် သရဲမယ်တော်ကိုဝါးမျိုနိုင်ရန်အတွက် ရေကုန်ရေခန်း ကြိုးစားနေသည်။

ပိုင်ရှောင်ချန်းမှာ စိုးရိမ်ထိတ်လန့်စွာ ခေါင်းမော့၍ အထက်ရှိတိုက်ပွဲကို ကြည့်ရှုနေသည်။ သူသည် သရဲမယ်တော်နှင့် ကောင်းကင်ဧကရာဇ်ကို လုံးဝဂရုမစိုက်ပေ။ ဟိုရှောင်မေ့ တစ်ယောက်သာ သူ၏စိတ်ထဲတွင် ရှိနေသည်။ သို့သော်လည်း သူသည် ဤတိုက်ပွဲတွင် ပါဝင်နိုင်ရန် အရည်အချင်း မပြည့်မှီပေ။

သူတို့အားလုံး ကြည့်နေကြစဥ် ကောင်းကင်ဧကရာဇ်၏ မျက်ဝန်း တောက်ပသွားပြီး သူက အော်ဟစ်လိုက်တော့သည်။

" ငါတို့ရဲ့ သဘောတူညီချက်ကို မမေ့နဲ့နော်။ မင်း ပေါင်းစည်းတာ ပြီးမြောက်နိုင်အောင်လို့ ငါအစွမ်းကုန်ကြိုးစားပေးမှာ "

သူ၏ စကားသံများမှာ မိုးခြိမ်းသံများအလား ပဲ့တင်ထပ်နေစဥ် သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုကိုဖော်လိုက်သောအခါ ကောင်းကင်တံတားပင်လယ်၏ ပုံရိပ်ကြီးက အချုပ်အနှောင်အမှတ်အသား တစ်ခုအသွင် ပြောင်းလဲသွားပြီး သရဲမယ်တော်ဆီသို့ ဦးတည်လာတော့သည်။

၎င်းမှာ ယခုအချိန်တိုင်အောင် ကောင်းကင်ဧကရာဇ် အသုံးပြုခဲ့သည့် တိုက်ကွက်များအနက် စွမ်းအားအကြီးဆုံး ဖြစ်သည်။ အမှန်မှာ သူသည် သင်္ချိုင်းစောင့်ကြီးနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် ဒဏ်ရာများစွာ ရခဲ့ပြီး ထိုဒဏ်ရာများကို ထိန်းချုပ်ထားပါသော်လည်း သူ၏တိုက်ပွဲစွမ်းရည်များမှာ အတော်အတန် ကျဆင်းသွားခဲ့ရသည်သာ ဖြစ်သည်။

သို့သော် ယခုတွင်မူ သူသည် စွမ်းအားအကုန်ထုတ်၍ တိုက်ခိုက်ရန် ကြိုးစားနေပြီဖြစ်သည်။

ကောင်းကင်တံတားဒေသ၏ အလေးချိန်ကြီး အိကျလာသောအခါ လေပြင်းများတိုက်ခတ်လာပြီး သေမင်းနွံတော တုန်ရီသွားတော့သည်။ ထိုစဥ် ကောင်းကင်တံတားပင်လယ်ထဲတွင် ပေါင်းစည်းသွားကြသည့် ရေများမှာ သရဲမယ်တော်ကို ချုပ်နှောင်လိုက်သည့်အလားပင်။ သူမ၏ မျက်နှာပေါ်တွင် မည်သည့် အရာမှမရှိပါသော်လည်း သူမ၏ရင်ထဲတွင် ဒေါသမီးကြောင့် ရှုံ့မဲ့နေသည်။

ကောင်းကင်ဧကရာဇ်မှာ သရဲမယ်တော်အားလက်ညှိုးထိုးလိုက်ပြီး ကြိမ်းဝါးလိုက်သည်။

" မင်းက အခုငါ့ကမ္ဘာထဲမှာ ရှိနေတာဆိုတော့ အားအင်လျော့နည်းနေရမယ် "

ထိုအခါ ကောင်းကင်တံတားနယ်မြေပုံရိပ်ကြီးမှာ တဖျတ်ဖျတ်လက်သွားပြီး သရဲမယ်တော်၏ အငွေ့အသက်က တဖြည်းဖြည်း အင်အားချည့်နဲ့လာတော့သည်။

" နင်က ငါ့အတွက်ပဲ သရဲမယ်တော် "

ကုန်းစွန်းဝမ်အာက ကျယ်လောင်စွာ အော်ဟစ်၍ ရိပ်ခနဲ ရွေ့လျားသွားပြီး လေဟုန်ခွင်း၍ သူမ၏ ပြိုင်ဘက်ရှေ့တည့်တည့်တွင် ပေါ်ထွက်လာသည်။ ထိုနေရာသို့ရောက်သောအခါ သူမသည် အနက်ရောင်မြူခိုးထုကြီးများကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်သောအခါ ထိုမီးခိုးများမှာ ကလေးမလေးတစ်ယောက်၏ မျက်နှာတစ်ခုအသွင် ပြောင်းလဲသွားသည်။ ထိုကလေးမလေးမှာ အလွန်စိတ်လှုပ်ရှားကာ လောဘကြီးနေသည့် အမူအရာဖြင့် ပါးစပ်ဟလိုက်ပြီး သရဲမယ်တော်အား ခုန်အုပ်လိုက်တော့သည်။

ထိုသို့ အသက်တမျှ အရေးကြီးနေသော အချိန်တွင် သရဲမယ်တော်၏ ကောက်ကျစ်စဥ်းလဲပြီး လိမ်လည်လှည့်ဖျားနိုင်စွမ်း အပြည့်ရှိသည့် စကားသံတစ်သံ ပေါ်ထွက်လာသည်။

" ကောင်းကင်တံတားတာအို၊ နင်ကငါ့ကိုပြောနေတာလား။ သူ့ကိုပြောနေတာလား "

ထို့နောက် သူမသည် လက်နှစ်ဖက်သုံး၍ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ သူမ၏လက်ထဲမှ ထွက်ပေါ်လာသည့် အနက်ရောင်မီးခိုးများမှာ မရေမတွက်နိုင်သော သရဲမိစ္ဆာများအသွင်ပြောင်းလဲသွားပြီး ထိုကမ္ဘာပုံရိပ်ကြီးအား ဝင်တိုက်လိုက်ကြသည်။

ထိုအခါ ကုန်းစွန်းဝမ်အာ၏ မျက်ဝန်းများမှာ ဖျတ်ခနဲလက်သွားပြီး ကောင်းကင်ဧကရာဇ် မျက်မှောင်ကြုတ်သွားတော့သည်။

" နောက်ထပ် သုံးစားမရတဲ့ တိုက်ကွက်တစ်ကွက်ပါလား "

ကောင်းကင်ဧကရာဇ်က အေးစက်စက်နှာမှုတ်၍ ဆိုလိုက်သည်။ ထို့နောက် ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်ပြီး ညာလက်ကို သူ၏ရှေ့တွင် ဝှေ့ယမ်းလိုက်သောအခါ လေထုကြီးမှာတွန့်လိမ်သွားပြီး ဧရာမလက်ကြီးတစ်ပေါ်ပေါက်လာကာ တရွှီရွှီမြည်သံများ ထွက်လာတော့သည်။ ထိုလက်ကြီးမှာ တုန်လှုပ်ခြောက်ခြားဖွယ် စွမ်းအားများ ထုတ်လွှတ်၍ သရဲမယ်တော်ဆီသို့ အရှိန်ဖြင့် ဦးတည်သွားတော့သည်။

ကမ္ဘာပုံရိပ်ကြီးမှာ အရွယ်အစားသေးငယ်သွားပြီး ကောင်းကင်ဧကရာဇ်၏ ဖျက်စီးနိုင်စွမ်းအပြည့်ရှိသော လက်ကြီးမှာ အနီးသို့ရောက်လာ၏။ ထိုအချိန်တွင် သရဲမယ်တော်၏ အငွေ့အသက်များမှာ အားအင်လျော့နည်းနေပြီဖြစ်သည်။ ထိုသို့ အန္တရာယ်ကြီးမားလှသော အခိုက်အတန့်အလေးတွင် သရဲမယ်တော်သည် ငြိမ်ကျသွားပြီးနောက် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

" ကမ္ဘာဖျက် ကောင်းကင်သရဲ "

ထိုအခါ သူမ၏ခန္ဓာကိုယ်မှာ ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားပြီး အနက်ရောင်မီးခိုးများအသွင်ပြောင်းလဲသွားသည်။ ထိုမီးခိုးများမှာ အကွင်းတစ်ကွင်းပုံစံ ပျံ့နှံ့သွားပြီးနောက် နှစ်ကွင်း၊ ထို့နောက် သုံးကွင်းအထိ ဖြစ်သွားသည်။ ခဏအကြာတွင် အနက်ရောင် မီးခိုးကွင်း ကိုးကွင်းတိတိ ပေါ်ထွက်လာပြီး ၎င်းတို့၏အလယ်တွင် သရဲမိစ္ဆာတစ်ကောင် ရှိနေသည်။

ထိုသရဲကြီးမှာ အလွန်တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းနေပြီး အော်ဟစ်ဟိန်းဟောက်ကာ ရှေ့သို့ပြေးလာ၏။ တချိန်ထဲမှာပင် အနက်ရောင် မီးခိုးကွင်းများမှာ လျင်မြန်စွာ လည်ပတ်သွားပြီး လေဆင်နှာမောင်းတစ်ခုအသွင် ပြောင်းလဲသွားသည်။

ကိုးလွှာတိတိပါရှိသော ထိုလေဆင်နှာမောင်းကြီးထံမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်အငွေ့အသက်ကြီးကြောင့် ပိုင်ရှောင်ချန်း၏နှလုံးသားထဲတွင် အကြောက်တရားများ ကိန်းအောင်းသွားရတော့သည်။ ထိုလေဆင်နှာမောင်း အမျိုးအစားကြီးမှာ ကောင်းကင်ဧကရာဇ် ထုတ်လွှတ်လိုက်သည့် ကမ္ဘာပုံရိပ်ကြီးအပါအဝင် ကောင်းကင်နှင့်ကမ္ဘာပေါ်ရှိ မှော်ဥပဒေသအားလုံးကို ဖျက်ဆီးပစ်နိုင်သည့်ပုံစံပေါ်နေသည်။

ကောင်းကင်ဧကရာဇ်ကြီး၏ ဧရာမလက်ကြီးနှင့် သရဲမယ်တော်၏နတ်ဘုရားစွမ်းရည်မှ ပေါ်ထွက်လာသည့် လေဆင်နှာမောင်းတို့ တိုက်မိသွားသောအခါ ကောင်းကင်ဧကရာဇ်၏ တိုက်ကွက်မှာ အစိတ်စိတ်အမြွှာမြွှာ ပျက်သုဥ်းသွားရသည်။ ထို့နောက် လေဆင်နှာမောင်းထံမှ အနက်ရောင်မီးခိုးများမှာ လည်ပတ်သွားပြီးနောက် သရဲမယ်တော် အသွင်သို့ ပြန်လည်ပြောင်းလဲသွားသည်။

သို့သော် သူမ၏ခန္ဓာကိုယ်မှာ ယခင်ကထက် ပို၍ မှုန်ဝါးနေပြီး သူမသည် လျင်မြန်စွာ ထွက်ပြေးနေသည်။

" ကောင်းကင်တံတားတာအိုရေ၊ နင်က တကယ်ပဲ ဒီကမ္ဘာရဲ့ စွမ်းအားကို ဆင့်ခေါ်နိုင်တာပဲ။ ငါနင့်ကို လျှော့တွက်မိခဲ့ပြီ "

သရဲမယ်တော် ထွက်ပြေးသွားသောအခါ ကုန်းစွန်းဝမ်အာမှာ အရှိန်တင်လိုက်ပြီး မီးခိုးပါးစပ်ကြီးတစ်ခုအသွင်ဖြင့် သရဲမယ်တော် အနီးသို့ ကပ်သွားတော့သည်။

အနည်းငယ်အကြာတွင် အင်အားချည့်နဲ့နေသည့် သရဲမယ်တော်မှာ ကုန်းစွမ်းဝမ်အာနှင့် စတင်တိုက်ခိုက်လိုက်သဖြင့် ထိုမြင်ကွင်းကြီးမှာ ပိုင်ရှောင်ချန်းနှင့် အခြားလူများ၏ အာရုံကို အပြည့်အဝဖမ်းစားထားတော့သည်။

ပိုင်ရှောင်ချန်းမှာ အခြားလူများကဲ့သို့ အံ့အားသင့်မနေပေ။ ကောင်းကင်ဧကရာဇ်နှင့် ကမ္ဘာပုံရိပ်ကြီးကို သူကိုင်မြှောက်ထားသည့် မြင်ကွင်းအား သူတွေ့ဖူးသည်မှာ ယခုသည် သူ့အတွက် ပထမဆုံးအကြိမ်မဟုတ်သည် မဟုတ်ပါလော။

ကုန်းစွန်းဝမ်အာ အသာစီးရသွားနိုင်ရန်အတွက် သရဲမယ်တော်ကို အားနည်းသွားအောင် ကောင်းကင်ဧကရာဇ်က စွမ်းဆောင်နိုင်ခဲ့သည်။ ကုန်းစွန်ဝမ်အာသည် အချိန်နှင့်အမျှ အငွေ့အသက်များ အားနည်းလာနေသည့် သရဲမယ်တော်အား ဝါးမျိုနိုင်ရန် ဆက်၍ကြိုးစားနေဆဲပင်။

သာမန်အခြေအနေဆိုလျှင် ကုန်းစွန်းဝမ်အာသည် သရဲမယ်တော်အား လုံးဝယှဥ်နိုင်မည်မဟုတ်ပေ။ ဝိညာဥ်အပေါ်ထိန်းချုပ်နိုင်စွမ်းကို ရာခိုင်နှုန်းများဖြင့် ဖော်ပြ၍ရနိုင်မည်ဆိုပါက ကုန်းစွမ်းဝမ်အာသည် နှစ်ဆယ်ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်ပြီး သရဲမယ်တော်မှာ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်သည်။

သို့သော် ယခုတွင်မူ ကုန်းစွန်းဝမ်အာ၏ ထိန်းချုပ်နိုင်စွမ်းမှာ နှစ်ဆယ်မှသုံးဆယ်၊ ထို့နောက်လေးဆယ်၊ အဆုံးတွင် ငါးဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိသွားသဖြင့် သူမသည် သရဲမယ်တော်အား လိုက်၍အနှောင့်အယှက်ပေးနေတော့သည်။

သရဲမယ်တော်မှာ အလွန်စိုးရိမ်ထိတ်လန့်နေပြီး ကမ္ဘာပုံရိပ်ကြီး၏ ဖိအားကြောင့် ထွက်ပြေးရာတွင်လည်း အခက်တွေ့နေရသည်။

ကောင်းကင်ဧကရာဇ်မှာမူ လေပေါ်တွင်ရစ်ဝဲ၍ ထိုမြင်ကွင်းအား အေးစက်သောမျက်ဝန်းများဖြင့် ကြည့်ရှုနေသည်။ သူသည် သူကိုယ်တိုင်ဝင်ပါ၍ အကူအညီတိုက်ရိုက်မပေးပဲ ကမ္ဘာပုံရိပ်ကြီးများမှနေ၍ ဖိအားများကိုသာ ဆက်၍ထုတ်လွှတ်နေသည်။ ဤသိုင်းကွက်က သင်္ချိုင်းစောင့်ကြီးအား မထိန်းချုပ်နိုင်ခဲ့သည့် အကြောင်းအရင်းမှာ ကောင်းကင်ဧကရာဇ်နှင့် သင်္ချိုင်းစောင့်ကြီးတို့ နှစ်ယောက်စလုံးမှာ ဤကမ္ဘာမှ ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့သော် ဤကမ္ဘာမှ မဟုတ်သောလူများကိုမူ ကမ္ဘာကြီး၏စွမ်းအားဖြင့် အသာစီးရယူနိုင်ပေသည်။

ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် ခံစားချက်ပေါင်းစုံ တဖျတ်ဖျတ် ပေါ်ထွက်နေသည်။ အမှန်မှာ သူသည် ဤတိုက်ပွဲတွင် မည်သူ့ကို အားပေးရမည်မှန်း မသိနိုင်လောက်အောင် ဖြစ်နေရသည်။ သူသေချာသိထားသည့် တစ်ခုတည်းသောအရာမှာ ဟိုရှောင်မေ့၏ ဘေးကင်းမှုကို သူ စိတ်ပူနေသည်ဆိုသည့်အချက်သာဖြစ်သည်။

ခဏအကြာတွင် ကုန်းစွန်းဝမ်အာမှာ ထိန်းချုပ်နိုင်စွမ်း ခြောက်ဆယ်ရာခိုင်နှုန်းတိတိ ပိုင်ဆိုင်သွားသဖြင့် အပြတ်အသတ် အသာစီးရသွားတော့သည်။ ထိုအချိန်တွင် ကောင်းကင်ဧကရာဇ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်ပေါက်လာသည်။

" ကြည့်ရတာ သရဲမယ်တော်က တကယ့်ကို အားနည်းနေတဲ့ပုံပဲ " သူက တစ်ကိုယ်ထဲရေရွတ်လိုက်သည်။

" ဒါက လှည့်စားမှုတစ်ခုခု ဆိုရင်တောင် တော်တော်အရဲတင်းတဲ့ လှည့်စားမှုတစ်ခုလို့ ဆိုရမယ်။ အဲဒီလှည့်စားမှုကိုမှ ငါရှုံးတယ်ဆိုရင်လည်း အရှုံးကို လက်ခံရတာပေါ့ကွာ "

အနည်းငယ်ကြာသောအခါ သူ၏မျက်ဝန်းများထဲတွင် ပြတ်သားမှုအရိပ်အယောင်များ တောက်ပလာတော့သည်။ ထို့နောက် ကုန်းစွမ်းဝမ်အာ၏ ထိန်းချုပ်နိုင်စွမ်း ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိသွားသောအချိန်တွင် သူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကမ္ဘာကြီးကို ကိုယ်စားပြုနေသည်ဟုထင်ရသော လေသံကြီးဖြင့် ဆိုလိုက်သည်။

" ကျေးကျွန်အချုပ်အနှောင်၊ ပွင့်စေ "

ထိုအခါ ကမ္ဘာပုံရိပ်ကြီးမှာ တွန့်လိမ်သွားပြီး မျက်စိတစ်မှိတ်အတွင်း ဧရာမအချုပ်အနှောင် အမှတ်အသားတစ်ခုအသွင်ပြောင်းလဲသွားပြီး ကုန်းစွမ်းဝမ်အာအပေါ်သို့ ကျဆင်းသွားတော့သည်။

ထိုချုပ်နှောင်နိုင်စွမ်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး အချိန်၏စွမ်းအားများပင် ပါဝင်နေသည်။ အချိန်ကြာမြင့်စွာ စုစည်းထားခဲ့သည့် စွမ်းအင်တစ်မျိုးမျိုး ပါဝင်နေမည်မှာ အထင်အရှားပင်။

ထိုအခြင်းအရာကို ပိုင်ရှောင်ချန်း အာရုံခံလိုက်မိသဖြင့် အံ့အားသင့်သွားရသည်။ ဤအချုပ်အနှောင် အမှတ်အသားကြီးကို သူ မမြင်ဖူးပါသော်လည်း ၎င်းက ကုန်းစွမ်းဝမ်အာအပေါ်သို့သာ ကျရောက်သွားပါက သူမသည် လုံးဝခုခံနိုင်မည်မဟုတ်ပဲ ကောင်းကင်ဧကရာဇ်၏ ကျေးကျွန်အဖြစ်သို့ သေချာပေါက် ရောက်သွားမည်သာဖြစ်သည်။

၎င်းမှာ ကောင်းကင်ဧကရာဇ်၏ အစီအစဥ် အစစ်အမှန်ဖြစ်သည်။ တစ်ကမ္ဘာလုံး၏ အရှင်သခင်ဖြစ်သည့် သူကဲ့သို့ အထက်စီးဆန်လွန်းလှသူမှာ အဆုံးတွင် အနိုင်ရရှိရန် မသေချာသည့် လူတစ်ယောက်အပေါ်တွင် သူ၏မျှော်လင့်ချက်အားလုံးကို ပုံအောထားမည်မဟုတ်ပေ။ ကုန်းစွန်းဝမ်အာမှာ သူမ ထွက်ခွာသွားသည့်အချိန်တွင် သူ့အားအမှန်တကယ် ခေါ်ဆောင်သွားမည်ဟု မည်သူက တပ်အပ်ပြောနိုင်ပါမည်နည်း။ သို့သော် အကယ်၍ သူသာ သူမအားချုပ်နှောင်လိုက်ပြီး သူ၏ကျေးကျွန်အဖြစ် ပြောင်းလဲလိုက်ပါက အဆုံးသတ်ရလဒ်ကို အပြည့်အဝ ယုံကြည်သွားနိုင်မည်သာဖြစ်သည်။

ထိုအချုပ်အနှောင် အမှတ်အသားမှာ အလွန့်အလွန် စွမ်းအားကြီးမားပြီး အချိန်အမြောက်အမြားပေး၍ ပြင်ဆင်ထားခဲ့ရခြင်း ဖြစ်သည်။ သူတို့နှစ်ယောက် စတင်တွေဆုံခဲ့ကြသော လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ထိုအမှတ်အသားကို သူ စတင်ပြင်ဆင်ခဲ့ပြီး မြေရိုင်းဒေသထဲတွင် ဖြစ်ပွားခဲ့သည့် ခမ်းနားကြီးကျယ်လှသော တိုက်ပွဲကြီးအပြီးတွင် ထိုအမှတ်အသားနှင့် ပတ်သက်သည့် အပြစ်အနာအဆာများကို အချောသတ်ခဲ့ခြင်း ဖြစ်ပေသည်။

All Chapters