အခန်း (၈၃၄-၈၃၅)
Vol. 48 Ch. 834-835
Chapter 834
တောင်ပံ ၈ခု အိန်ဂျယ် ၂
ကြယ်မြို့တော် မြေအောက်ခန်းသို့ သွားရာလမ်းတွင် လမ်းပြပေးနေသည့် စွမ်းအားရှင်မှလွဲ၍ လင်းရှန်မှာ အခြားသူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရပေ။ ကျယ်ပြောလှသော မြေအောက်ခန်းမှာ အချိန်တိုအတွင်း လူသူကင်းမဲ့သွားပုံရသည်။ ဖက်ဒရေးရှင်းကောင်စီဖျက်သိမ်းပြီးနောက် အဆင့်မြင့်နေထိုင်သူ အများစုမှာ သာမန်လူတန်းစားများ ဖြစ်သွားကြပြီး ယခုအခါ မြို့တွင်းပိုင်းရှိ လူစည်ကားသော နေရာများတွင် ပုန်းအောင်းနေကြရသည်။
လင်းရှန်သည် တစ်နေ့၌ ဖက်ဒရေးရှင်းဥက္ကဋ္ဌနှင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် ဆုံတွေ့ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ဥက္ကဋ္ဌ၏ ရုံးခန်းမှာ ကျယ်ဝန်းလှပြီး စားပွဲတစ်လုံးနှင့် ခပ်လှမ်းလှမ်းထောင့်တစ်နေရာရှိ လက်ဖက်ရည်ဝိုင်းသာ ရှိသည်။
ပြင်ပတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ဤနေရာမှာမူ တိတ်ဆိတ်ခြောက်ကပ်နေပြီး စစ်ပွဲအငွေ့အသက်များလည်း မရှိပေ။ လင်းရှန် ဝင်သွားသောအခါ ယူနီဖောင်းဝတ်ထားသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦး ပြတင်းပေါက်နားတွင် တိတ်ဆိတ်စွာ ရပ်နေသည်ကို တွေ့ရသည်။ အပြင်ဘက်တွင်မူ သူ ယခင်က သွားခဲ့ဖူးသော မြေအောက်မြို့တော် အမှတ် ၉ ထက် ပိုမိုကျယ်ဝန်းသည့် မြေအောက်မြို့တော်ကြီး ရှိနေသည်။ ၎င်းမှာ ကောင်းမွန်စွာ တိုးတတ်ပုံရသော်လည်း ယခုအချိန်တွင် မီးအနည်းငယ်သာ လင်းနေပြီး နေထိုင်သူ အများအပြားမှာ ရွှေ့ပြောင်းနေကြဆဲ ဖြစ်သည်။
“မင်းအကြောင်း ငါကြားဖူးပါတယ်၊၊ လူအချို့က ငါ့ကိုပြောပြဖူးတယ်”
ချူကျောက်နန်၏ အသံမှာ နွေးထွေးပြီး ခိုင်မာလှသည်။ အာဏာရှိသူတစ်ဦး၏ ဟန်ပန်မျိုးမရှိဘဲ တည်ငြိမ်စွာဖြင့် လင်းရှန်ကို ပြောလိုက်သည်။
“မင်းနဲ့ ခဏလောက် စကားပြောလို့ ရမလား”
လင်းရှန်က ပတ်ဝန်းကျင်ကို ကြည့်ကာ သတိထားနေရင်း ပြောလိုက်သည်၊၊
“ဘာအကြောင်းလဲ”
ချူကျောက်နန်က လင်းရှန်ဘက်သို့ လှည့်ကြည့်ကာ “အများကြီးပါပဲ၊ အိပ်မက်တွေအကြောင်း ဒါမှမဟုတ် တာဝန်ယူမှုအကြောင်းပေါ့”
“ဥက္ကဋ္ဌချူ”
လင်းရှန် ပဟေဠိဖြစ်သွားသည်။
“အခု နံပါတ် ၁ မြို့တံတိုင်း အပြင်ဘက်မှာ လူပေါင်းထောင်နဲ့ချီ သေဆုံးနေကြတယ်၊၊ ခင်ဗျားက ဒီမှာ ကျုပ်နဲ့ အိပ်မက်တွေ၊ တာဝန်ယူမှုတွေအကြောင်း ဆွေးနွေးချင်နေတာ သေချာလား”
“တစ်ဦးချင်း အမြင်အရ ပြောရရင် ရှင်သန်ခြင်းဆိုတာ အိပ်မက်တစ်ခုပဲ၊၊ အခြားသူတွေအတွက် ရှင်သန်မှုကို ရယူပေးတာကတော့ တာဝန်ယူမှုပဲ”
ချူကျောက်နန်က လေးနက်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ ရှေ့ပြေးစီမံကိန်းက အိပ်မက်တွေနဲ့ ဘာမှမဆိုင်ဘူး။ အဲဒါက မင်းတို့ အခွင့်အရေး အနည်းငယ်အတွက် ကံကြမ္မာကို ထပ်ခါတလဲလဲ ပေါင်းစည်းချိတ်ဆက်ပြီး ကြိုးစားခဲ့တာတွေနဲ့ အနှစ်သာရချင်းတူတူပါပဲ”
“ခင်ဗျား ပြောချင်တာက ရှေ့တန်းစီမံကိန်းကနေတစ်ဆင့် ထွက်ပြေးသွားတဲ့ လူသားတွေကပဲ ယဉ်ကျေးမှုကို ထိန်းသိမ်းရမယ့် တာဝန်ရှိပြီး အခု ကျုပ်တို့ ကြိုးစားနေတာတွေအားလုံးက အဓိပ္ပာယ်မရှိဘူးလို့ ပြောချင်တာလား”
လင်းရှန်က ပြန်မေးလိုက်သည်။
ချူကျောက်နန်က ခေါင်းခါယမ်းကာ “ကြိုးစားမှုတိုင်းမှာ အဓိပ္ပာယ်ရှိပါတယ်။ ခုနတင်ပဲ အစောင့်တပ်ရင်းတစ်ခုလုံး အနစ်နာခံသွားခဲ့ပြီ။ ဒါပေမဲ့ သူတို့သာ သီးသန့်ဇုန်မှာ အသည်းအသန် ခုခံပြီး ရန်သူ့အာရုံကို မလွှဲခဲ့ရင် ကာကွယ်ရေးစနစ်တွေ ပြိုလဲသွားပြီး တောင်ဘက်မြို့ရဲ့ ကာကွယ်ရေးဇုန်အတော်များများ ပျက်စီးသွားနိုင်တယ်။ ဒီကြိုးစားမှုကြောင့် လူပေါင်းသောင်းနဲ့ချီတဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့သလို အာရုဏ်ဦးမြို့တော်အတွက် အချိန်နဲ့ ကြားခံနယ်မြေ ပိုရလာစေတယ်။ အဲဒီထဲမှာ အခု ငါတို့ စကားပြောနေတာတွေ၊ ရှေ့တန်းစီမံကိန်း အကောင်အထည်ဖော်တာတွေနဲ့ မနက်ဖြန်ရဲ့ အာရုဏ်ဦးကို မြင်တွေ့နိုင်ဖို့ အခွင့်အလမ်းတွေပါ ပါဝင်နေတာပဲ”
“ဒါဟာ ယဉ်ကျေးမှုရဲ့ အဓိပ္ပာယ်ပဲ။ တစ်ဦးနဲ့တစ်ဦး ဆက်ဆံတာ၊ ပူးပေါင်းတာနဲ့ အတူတကွဖန်တီးတာတွေကနေတစ်ဆင့် ယဉ်ကျေးမှုက တောက်ပလာတာပဲ။ ကျောက်ခေတ်ကနေ ဒီနေ့အထိ လူသားယဉ်ကျေးမှုဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တယ်။ ဂြိုဟ်ရဲ့ စွမ်းအင်တွေနဲ့ ကြယ်တာရာစွမ်းအင်တွေကို ငါတို့ အတော်အတန် အသုံးချနိုင်နေပြီ။ ဒါပေမဲ့ နှစ်ပေါင်း ထောင်ချီတည်ဆောက်ခဲ့တဲ့ ဒီယဉ်ကျေးမှုက တစ်နှစ်မပြည့်ခင်မှာတင် ပျက်သုဉ်းလုနီးပါးဖြစ်နေပြီ။ ဒါက ဘာကို ဆိုလိုတာလဲ…. နှမြောဖို့ကောင်းတယ် မဟုတ်လား။ ဒါပေမဲ့ လူ့ခန္ဓာကိုယ်ထဲမှာ စက္ကန့်တိုင်း ဆဲလ်ပေါင်း ၃ သန်းကနေ ၉ သန်းအထိ သေဆုံးနေတယ်လို့ ငါပြောရင်ရော…. လူသားယဉ်ကျေးမှုကို စကြဝဠာအဆင့်အထိ ချဲ့ကြည့်လိုက်ရင် ငါတို့ရဲ့ ပြောင်မြောက်လှတဲ့ ယဉ်ကျေးမှုထက် အဆပေါင်းများစွာ သာလွန်တဲ့အရာတွေ ရှိနေတယ်။ ငါတို့က သေဆုံးသွားတဲ့ အဲဒီဆဲလ် ၉ သန်းထဲက တစ်ခုလိုပါပဲ”
ချူကျောက်နန်က လင်းရှန်ကို ကြည့်ကာ တည်ငြိမ်သော်လည်း အကူညီမဲ့သည့် လေသံဖြင့် ပြောလိုက်သည်။
“ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ ယဉ်ကျေးမှုဆိုတာ အပေါဆုံးအရာဖြစ်နိုင်ပါတယ်”
လင်းရှန် တိတ်ဆိတ်သွားသည်။
“ယဲ့လန်နဲ့ ဟီပင်းတို့ရဲ့ စံနှုန်းတွေကို ငါအသိအမှတ်ပြုပါတယ်၊၊ ဖီးနစ်ရဲ့ မူလရည်ရွယ်ချက်ကိုလည်း ငါနားလည်တယ်၊၊ မင်းအပါအဝင် အနစ်နာခံသွားတဲ့သူတိုင်းရဲ့ ရွေးချယ်မှုကိုလည်း လေးစားချီးကျူးပါတယ်…လင်းရှန်”
ချူကျောက်နန်က သူ့ကိုကြည့်ကာ “ဒီကြိုးစားမှုတွေထဲမှာ မင်းရဲ့ ရွေးချယ်မှုတွေက အခုကမ္ဘာမှာ အသက်ရှင်ကျန်နေသေးတဲ့ လူသားတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ သက်ရောက်မှုရှိခဲ့တယ်။ ယူပေလေဆိပ်မှာ မင်းရွေးချယ်ခဲ့တယ်၊ ကျန်းတင်းကျုံး ရွေးချယ်ခဲ့တယ်၊ ဖေးရွှမ် ရွေးချယ်ခဲ့တယ်၊ ကျန်းရှု့ဝေလည်း ရွေးချယ်ခဲ့တယ်။ စီလန်မြို့၊ ကျိုးယု၊ ဟီကျန်း၊ ဝေ့ကီရှု၊ စွန်းကိုင်၊ ဖီးနစ်နဲ့ လူသားမဟာမိတ်အဖွဲ့တွေ၊ လူပေါင်း ၇ သောင်းလုံးက ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ရှိခဲ့ကြတယ်။ အလားတူပဲ ဥရောပ မုန်တိုင်းမဟာမိတ်၊ မြောက်အမေရိကပေါင်းစည်းတပ်ဦး၊ အာရုဏ်ဦးဗဟိုစင်တာ၊ ချင်းလွမ် ကောင်းကင်မြို့တော်၊ ဒီလောက်များပြားတဲ့ အနစ်နာခံမှုတွေနဲ့ စိတ်အားထက်သန်မှုတွေကြောင့် အာရုဏ်ဦးမြို့တော်ဟာ ဒီနေ့အထိ ရှင်သန်နေနိုင်တာပဲ။ အမှောင်ထုထဲမှာ ငါတို့တွေ ပိုပြီး ဖြစ်နိုင်ခြေရှိတဲ့ အခွင့်အလမ်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြတယ်”
“ဒါပေမဲ့ အဲဒီဖြစ်နိုင်ခြေတွေကို ငါလေးစားပေမဲ့ လူသားယဉ်ကျေးမှုကို အဲဒီဖြစ်နိုင်ချေတွေပေါ်မှာပဲ ပုံအပ်ထားဖို့ ငါ မရွေးချယ်နိုင်ဘူး။ လူသားတွေအတွက် ပြတ်သားတဲ့ ရွေးချယ်မှုတစ်ခုလိုအပ်တယ်”
ချူကျောက်နန်က ဤသို့ပြောရာတွင် လင်းရှန်ကို ပြောနေခြင်း ဖြစ်သကဲ့သို့ မိမိကိုယ်ကိုယ် ပြောနေခြင်းလည်း ဖြစ်ပုံရသည်။
လင်းရှန်က နားမလည်ဟန်ဆောင်ကာ မေးလိုက်သည်။
“ဒါဆို ကျုပ် ကြယ်ဆိပ်ကမ်းကို ခိုးဝင်လာတာကို သိနေလျက်နဲ့ ဘာလို့ မတားခဲ့တာလဲ၊၊ အခု ကျုပ်ကို သီးသန့်ခေါ်တွေ့တာက ခင်ဗျားအတွက် တစ်ခုခုလုပ်ပေးစေချင်လို့လား”
“ရှေ့တန်းစီမံကိန်းမှာ ပါဝင်ပါ” ချူကျောက်နန်က တိုက်ရိုက်ပင် ပြောလိုက်သည်။
“မင်းရဲ့ စွမ်းရည်တွေကို မင်းနားလည်သင့်တယ်။ ယန္တရားစွမ်းအားရဲ့ ဖန်တီးနိုင်စွမ်းက ကြယ်စင်စုအခြေချနေထိုင်မှုမှာ စက်မှုလုပ်ငန်းတွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ ကူညီပေးလိမ့်မယ်။ ဒါမှ ကမ္ဘာမြေကနေ ထွက်ပြေးပြီးနောက်မှာ လူသားမျိုးနွယ်သစ်တွေအဖြစ် ရှင်သန်နိုင်မှာ”
“ဘာဖြစ်လို့လဲ” လင်းရှန် အံ့အားသင့်သွားသည်။
“အမှောင်ထုကနေ လွတ်မြောက်ဖို့ ကောင်းကင်ထဲကို ပျံတက်သွားချင်တာ မင်းရဲ့ မျှော်လင့်ချက် မဟုတ်ဘူးလား”
ချူကျောက်နန်က ပြန်မေးသည်။
လင်းရှန် ဆွံ့အသွားသည်။ အကြောင်းရင်းမရှိဘဲ ချူကျောက်နန်၏ စကားကို ကြားရသောအခါ သူ အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားမိသည်။ သူ အလွန်ပင်ပန်းနေခဲ့ပြီ။ အကယ်၍ နည်းလမ်းတစ်ခုခုဖြင့် ဤကျိန်စာသင့်နေသော အမှောင်ထုထဲမှ လွတ်မြောက်သွားနိုင်မည်ဆိုလျှင် သူ ဤမျှ ပင်ပန်းနေတော့မည် မဟုတ်ပေ။
သူ၏ စိတ်ထဲတွင် ရုန်းကန်နေရပြီး ခဏချင်းအတွင်းမှာပင် ရင်းနှီးပြီးသား မျက်နှာများစွာက သူ၏အာရုံထဲသို့ ဖျတ်ခနဲ ဝင်လာသည်။
ချန်ဆီရွှမ်၊ ကီကီ၊ တာလို့၊ ရှားရှား၊ မီးတောက်၊ ရှုချင်း၊ လုချန်၊ မြောင်လု၊ ရှောင်ယွမ်၊ လူအိုကြီးမို၊ လီယီ၊ လော့ယန်၊ လျန်လေး၊ ရှီတိယွမ်၊ နန်ကျင်း...
သေဆုံးသွားခဲ့သူများနှင့် မေ့လျော့ခံရတော့မည့်သူများလည်း ပါဝင်သည်။ ကျန်းတင်းကျုံး၊ ဇန်ဝေ့၊ ဖေးရွှမ်၊ ဝေ့ကီရှု၊ စွန်းကိုင်၊ ကျိုးဝူအာ၊ ဖုန်းဖုန်း၊ ချန်ဝေ၊ ရှောင်ဟယ်၊ ချန်ရှောင်၊ ကျန်းချန်ဇီ၊ ဝူကျန်းဟိုင်၊ လျောင်မင်၊ လုယောင်...
လင်းရှန် ထိုနေရာတွင် ရပ်နေရင်း သူ၏ မျက်ဝန်းများမှာ အကြောင်းပြချက်မရှိဘဲ နီမြန်းလာသည်။ ဤအခိုက်အတန့်တွင် ထိုလူများသာ ဘယ်တုန်းကမှ ပေါ်မလာခဲ့ရင်၊ ဘယ်တုန်းကမှ သေဆုံးမသွားခဲ့ရင်၊ သွေးနဲ့ မျက်ရည်တွေကို မမြင်ခဲ့ရရင်၊ သံမဏိအစောင့်တပ်ရဲ့ သူရဲကောင်းတေးသံတွေကို မကြားခဲ့ရရင် ကောင်းမှာပဲဟု သူတွေးမိသည်။ ကမ္ဘာပျက်ကပ်နေ့က ကျိအန်းမြို့ရဲ့ တိုက်ခန်းထဲမှာတင် သူ တိတ်တဆိတ် သေဆုံးသွားစေခဲ့သင့်သည်။
သို့သော် သူသည် ထိုအရာအားလုံးကို မမြင်ခဲ့ဖူးသလို၊ မတိုက်ခိုက်ခဲ့ဖူးသလို၊ အာရုဏ်ဦးကို မမျှော်လင့်ခဲ့ဖူးသလိုမျိုး မည်သို့ ဟန်ဆောင်နိုင်ပါမည်နည်း။
သူတို့အားလုံး သေဆုံးသွားခဲ့ကြသော်လည်း သူတို့အားလုံးသည် သူ၏ရင်ထဲတွင် ရှင်သန်နေဆဲပင် ဖြစ်သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် လင်းရှန်က မိမိကိုယ်ကိုယ် လှောင်ပြောင်သကဲ့သို့ ရယ်မောလိုက်သည်။
“အဟက်… နှစ်ပေါင်း ၁၅၀၀လား... ကျုပ်က အဲဒီလောက်အထိ အသက်မရှည်နိုင်ပါဘူး”
သူက ချူကျောက်နန်ကို လေးနက်စွာ ပြောလိုက်သည်။
“ကျုပ်ဒီကို ဘာလို့ လာခဲ့သလဲဆိုတာ ခင်ဗျား သိမှာပါ”
“ငါသိလို့လည်း မင်းကို မတားခဲ့တာပေါ့။ မင်းက ရှေ့တန်းစီမံကိန်းကို ဖျက်ဆီးမှာ မဟုတ်သလို လူသားတွေကိုလည်း ဒုက္ခပေးမှာ မဟုတ်ဘူး။ မင်းလုပ်ရမှာက အမှောင်ထုနဲ့ ချိတ်ဆက်နေတဲ့ အချက်အလက်တွေကို ရယူဖို့နဲ့ အမှောင်ကျူးကျော်မှုကို ခုခံနိုင်ဖို့အတွက် အမှောင်ဆဲလ် စွမ်းအင်ကူးပြောင်းမှု အချက်အလက်တွေကို ရယူဖို့ပဲ။ အဲဒါကို ငါလည်းထောက်ခံပါတယ်”
“အဲ့ဒါဆို နံပါတ် ၁ အကာကွယ်ချိုးဖျက်ကိရိယာရှိတဲ့နေရာကို ကျုပ်ကိုပြောပြနိုင်မလား”
လင်းရှန်က မေးလိုက်သော်လည်း သူ၏ အတွေးမှာ အလွန်ပင် ရိုးအလွန်းသည်ဟု ခံစားလိုက်ရသည်။
ချူကျောက်နန်သည် အနီရောင်ကမ္ဘာနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့သူ ဖြစ်သဖြင့် ရှေ့တန်းစီမံကိန်း အောင်မြင်ဖို့အတွက် ဘာမဆိုလုပ်ရန် အသင့်ရှိနေမည်မှာ သေချာသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဖီးနစ်က လာရောက်ဖျက်ဆီးနိုင်မည့် သတင်းအချက်အလက်မျိုးကို သူ အဘယ်ကြောင့် ထုတ်ဖော်ပြောဆိုပါမည်နည်း။
Chapter 835
တောင်ပံ ၈ခု အိန်ဂျယ် ၂
လင်းရှန်ကိုယ်တိုင်က မဖျက်ဆီးလိုသော်လည်း အနီရောင်ကမ္ဘာကဲ့သို့သော အရာများသည် ချူကျောက်နန် သို့မဟုတ် ဖီးနစ်၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိမနေပေ။
ထို့ကြောင့် လင်းရှန်သာ ချူကျောက်နန်ဖြစ်ခဲ့ပါက ရှေ့တန်းစီမံကိန်း အဆင်ပြေချောမွေ့စေရန်အတွက် မည်သည့်သတင်းအချက်အလက်ကိုမျှ ထုတ်ဖော်ပြောမည် မဟုတ်ပေ။
ချူကျောက်နန်က ဘာမှပြန်မပြောခြင်းက လင်းရှန်၏ အတွေးကို အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်နေသည်။
သို့သော် ထိုအခိုက်အတန့်တွင် လင်းရှန်၏ ရင်ထဲတွင် သွေးများ ဆူပွက်လာသကဲ့သို့ ခံစားရပြီး ရုတ်တရက်ပြောလိုက်မိသည်။
“ခင်ဗျားအနေနဲ့ ဒီဖြစ်နိုင်ခြေကို မျှော်လင့်မထားဘူးဆိုရင်တောင် လူသားခေါင်းဆောင်တစ်ယောက်အနေနဲ့ စွန့်ပစ်ခံထားရတဲ့ ကျုပ်တို့လို လူတွေအတွက် မျှော်လင့်ချက်တစ်ခုလောက်တောင် ပေးလို့ မရဘူးလား”
ချူကျောက်နန်သည် လင်းရှန်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ သူ၏ ရင့်ကျက်တည်ငြိမ်လှသော မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုအရိပ်အယောင် အနည်းငယ်ဖြတ်ပြေးသွားပုံရသည်။ ၎င်းမှာ လင်းရှန်က ရှေ့တန်းစီမံကိန်းတွင် ပါဝင်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့်လော သို့မဟုတ် လင်းရှန် ပြောသွားသည့် “စွန့်ပစ်ခံထားရတဲ့ လူသားတွေ” ဆိုသည့် စကားထဲမှ ဝမ်းနည်းရိပ်များကြောင့်လော မသိနိုင်သော်လည်း ချူကျောက်နန်၏ အကြည့်များမှာ အနည်းငယ် တုန်လှုပ်သွားသည်။
ထို့နောက် သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သူ၏ အတွင်းအိတ်ထဲမှ ဖိုတွန်သိုလှောင်ပစ္စည်း အသေးစားလေးတစ်ခုကို ထုတ်ယူကာ လင်းရှန်ကို ကမ်းပေးလိုက်သည်။
“ဒါက ဘာလဲ” လင်းရှန်က မေးလိုက်သည်။
“ဒါက အာရုဏ်ဦးမြို့တော်ရဲ့ ‘ဂလက်ဆီနှလုံးသား’ AI ကို ထိန်းချုပ်နိုင်မယ့်သော့ပဲ”
ချူကျောက်နန်က ဆက်ရှင်းပြသည်။
“ရှေ့တန်းစီမံကိန်းကို စတင်လိုက်တဲ့အခါ အလုံးစုံထိန်းချုပ်နိုင်ဖို့ ဂလက်ဆီနှလုံးသားနဲ့ ပေါင်းစပ်သွားလိမ့်မယ်။ အဲဒီလို အခြေအနေမျိုးမှာ အနီရောင်ကမ္ဘာက အခွင့်ကောင်းယူလာနိုင်တယ်လို့ ငါ ကြိုတင်တွက်ဆထားပြီးသားပါ။ ဒါကြောင့် အဆက်အသွယ်ဖြတ်တောက်မယ့် ပရိုဂရမ်တစ်ခုကို ကြိုတင်ထည့်သွင်းထားတယ်။ ရှေ့တန်းစီမံကိန်း ပစ်လွှတ်မှုစတင်တာနဲ့ မြို့ရဲ့ နူရယ်ကွန်ရက်ဗဟိုနဲ့ လက်နက်စနစ်တွေဟာ ၁၀ စက္ကန့်လောက် လိုင်းကျသွားလိမ့်မယ်။ အဲဒီအချိန်မှာ မင်းအနေနဲ့ ဒီသော့ကို သုံးပြီး ဂလက်ဆီနှလုံးသားကို ပြန်ပြီး ထိန်းချုပ်နိုင်လိမ့်မယ်။ ဒါဆိုရင်...”
“ဒါဆိုရင် အဲဒီအချိန်မှာ အနီရောင်ကမ္ဘာက ဉာဏ်ရည်တုဦးနှောက်ကို သုံးပြီး ဂလက်ဆီနှလုံးသားကို ကျူးကျော်ဖို့ ကြိုးစားလာရင် သူတို့ကို တိုက်ရိုက်အားနည်းစေပြီး ဖမ်းဆီးနိုင်တာပေါ့”
လင်းရှန်က အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
“၁၀ စက္ကန့်ဆိုတာ မင်းအတွက်လုံလောက်ပါတယ်”
ချူကျောက်နန်က လင်းရှန်ကို ကြည့်လိုက်သည်။
“မင်းရဲ့တာဝန် ပြီးဆုံးသွားပြီ လင်းရှန်။ ကံကောင်းပါစေ”
ချူကျောက်နန်၏ စကားကို ကြားလိုက်ရသည့်အခါ သူတို့၏ စကားဝိုင်းမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း လင်းရှန် သိလိုက်သည်။
လင်းရှန်သည် ထိုသော့ကို သူ၏ လက်ဖဝါးထဲတွင် ဖြည်းညှင်းစွာ ဆုပ်ကိုင်ထားပြီး ထွက်ခွာရန် ပြင်လိုက်ပြီး ရုတ်တရက် မေးခွန်းတစ်ခု မေးလိုက်သည်။
“ဥက္ကဋ္ဌချူ... လူသားတွေအတွက် အာရုဏ်ဦးဆိုတာ တကယ်ပဲ ရှိနေဦးမယ်လို့ ခင်ဗျားထင်လား”
“ငါ ငယ်ငယ်တုန်းက ယန္တရားအင်ဂျင်နီယာ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်”
ချူကျောက်နန်က ဤတစ်ကြိမ်တွင် အခြားအကြောင်းအရာ တစ်ခုကို ပြောလိုက်သည်။ သူက မြေပြင်အထက်ရှိ ကောင်းကင်ယံကို ကြည့်နေသကဲ့သို့ နောက်သို့ လှည့်လိုက်ပြီး
“ကြယ်မြို့တော်ကို ပထမဆုံး စဝင်လာတုန်းက မြို့ပတ်ကွင်းကြီးကို မြင်ပြီး ဒီလောက် ခမ်းနားတဲ့ ယန္တရားတည်ဆောက်ပုံကြီးကို ဖန်တီးနိုင်တဲ့ လူသားတွေဟာ တကယ်ကို ကြီးမြတ်တာပဲလို့ ငါတွေးခဲ့မိတယ်။ လှပတဲ့ အမှတ်အသားတစ်ခုအနေနဲ့တင် မဟုတ်ဘဲ အဲဒါက ကားတွေကို လေထဲမှာ သွားလာခွင့်ပေးသလို အာကာသပတ်လမ်းကြောင်း တည်နေရာသိရှိဖို့အတွက် ဂြိုဟ်ကိရိယာဆီကို အချက်ပြမှုတွေလည်း ပေးပို့နိုင်တယ်။ နှမြောစရာကောင်းတာက အဲဒီလို အင်ဂျင်နီယာလုပ်ငန်းမျိုးတွေကို အခုတော့ မမြင်ရတော့တာပဲ”
“တကယ်ပါပဲ၊ လူသားယဉ်ကျေးမှုက အင်မတန်ကို ပြောင်မြောက်ခဲ့တယ်”
လင်းရှန်သည် ချူကျောက်နန်၏ နောက်ကျောကို တစ်ချက်ကြည့်ကာ ဥက္ကဋ္ဌရုံးခန်းအတွင်းမှ ထွက်ခွာလာခဲ့သည်။
ယခုအချိန်တွင် မည်သည့် အစောင့်တပ် သို့မဟုတ် အခြားအဖွဲ့ဝင်များကမျှ လင်းရှန်ကို မတားဆီးကြတော့ပေ။ သူသည် အမွှာမျှော်စင်သို့ ပြန်လာခဲ့ပြီး ချူယန်ကို ထိုသော့အကြောင်း ပြောပြလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျိုးကျင်းနှင့် ကီနိုတို့၏ လူများမှာလည်း ဤနေရာတွင် စုမိနေကြပြီ ဖြစ်သည်။ နံပါတ် ၁ တံတိုင်းမှာ မီးဟုန်းဟုန်းတောက်နေပြီး အသက်ရှင်ကျန်ရစ်သူ အမြောက်အမြား သေဆုံးနေကြရသည်။ ရှေ့တန်းစီမံကိန်း ပျံတက်ရန်အတွက် ရေတွက်နေသော အချိန်မှာလည်း ပိုမို နီးကပ်လာနေပြီ ဖြစ်သည်။
“ချူကျောက်နန်က လူသားတွေအတွက် အခွင့်အရေးအချို့ ချန်ထားပေးခဲ့သေးတာပဲ”
ကီနိုက မိုးရွာနေသော ညဉ့်ဦးယံတွင် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ သူ၏ နောက်ဖက်တွင် ညလမ်းလျှောက်သူအဖွဲ့ငယ် လေးဖွဲ့၊ စုစုပေါင်း လူ ၂၀ ကျော်မှာ ငါးနာရီကြာအောင် ရှာဖွေခဲ့ကြပြီး ဖြစ်သည်။
“ဒါပေမဲ့ ကျုပ်တို့ရဲ့ အဓိကပစ်မှတ်ကိုတော့ ရှာမတွေ့သေးဘူး”
ကျိုးကျင်းက တရစပ် ပစ်ခတ်နေသော အမြောက်သံများကို ကြည့်ရင်း ပြောလိုက်သည်။ မြို့ပြင်ရပ်ကွက်အချို့တွင်ပင် တိုက်ပွဲသံများ ကြားနေရပြီ ဖြစ်ရာ ပျံသန်းနိုင်သော မွန်းစတားများမှာ ကာကွယ်ရေးစနစ်ကို ဖောက်ထွက်ပြီး မြို့ထဲသို့ ဝင်လာပြီဖြစ်ကြောင်း သို့မဟုတ် အမှောင်ကျူးကျော်မှုကြောင့် ဖြစ်ပေါ်လာသော ကြောက်ရွံ့မှုများက သန္ဓေပြောင်းလဲမှုများကို ဖြစ်ပေါ်စေပြီဖြစ်ကြောင်း သိသာနေသည်။ သူက တံတွေးတစ်ချက် ထွေးလိုက်ပြီး
“သေစမ်း... ဒီလောက် ရှုပ်ထွေးနေတာပဲ။ တွင်းနက်သုံးခုရဲ့ လှုပ်ရှားမှုတွေအရဆိုရင် အာရုဏ်ဦးမြို့တော်မှာ ရက်အများကြီး မကျန်တော့ဘူး”
ချူယန်က လင်းရှန်ကို ကြည့်လိုက်သည်။
“ချူကျောက်နန်က ကြယ်ဆိပ်ကမ်းအခြေစိုက်စခန်းထဲ နင်ခိုးဝင်တာကို သိနေတာတောင် နင့်ကို ဒီအတိုင်းပဲ စကားတွေ ပြောနေတာလား”
လင်းရှန်သည် ရှေ့ပြေးစီမံကိန်းတွင် ပါဝင်ရန် ချူကျောက်နန်က သူ့ကို ဖိတ်ခေါ်ခဲ့သည့် အကြောင်းကို ထည့်မပြောပေ၊၊
“သူက အိပ်မက်တွေ၊ တာဝန်ယူမှုတွေ၊ ယဉ်ကျေးမှုတွေအကြောင်း ပြောနေတာ၊ ကျုပ်လည်း ဒီလောက်နားမလည်ပါဘူး”
စကားအဆုံးတွင် သူက ချူယန်ကို မေးလိုက်သည်၊၊
“ဒါနဲ့ မင်းရဲ့ စိတ်စွမ်းအားက အရမ်းအစွမ်းထက်တယ် မဟုတ်လား။ ဒီမြို့ထဲမှာ ဘယ်သူတွေက အနီရောင်ကမ္ဘာကလူတွေလဲဆိုတာ တိုက်ရိုက်ရှာကြည့်လို့ မရဘူးလား”
ချူယန်က သက်ပြင်းချလိုက်သည်။
“အဲဒါသာ လုပ်လို့ရရင် ငါတို့ ဒီလောက်ဒုက္ခခံနေစရာမလိုပါဘူး။ သူတစ်ပါးရဲ့ အတွေးတွေကို ခိုးကြည့်တယ်ဆိုတာ အင်မတန် အန္တရာယ်များတဲ့ အလုပ်ပဲ။ ပစ်မှတ်ကို မိထားရင်တောင် အဲဒီလူ သတိလစ်နေချိန်မှ လုပ်လို့ရတယ်။ သတိရှိနေတဲ့ လူတစ်ယောက်ရဲ့ စိတ်စွမ်းအားက အရမ်းကို ခိုင်မာတယ်။ အခုဆိုရင် လူသားတွေရဲ့ စိတ်စွမ်းအားက တဖြည်းဖြည်းမြင့်တက်လာနေတာဆိုတော့ နင့်ကို ခေါင်းကိုက်အောင် လုပ်နိုင်တာကလွဲလို့ အိမ်မက်ထဲမှာပဲ ငါက ဆရာကျတာ”
ချူယန်က ပြောပြီးနောက် လင်းရှန်ကို ပြန်မေးလိုက်သည်။
“ဒါနဲ့ နင့်ရဲ့ယန္တရားစွမ်းအားက စကင်ဖတ်ပြီး ရှာဖွေနိုင်တယ် မဟုတ်လား။ အကယ်၍ S-Class အဆင့်ရှိတဲ့ ကြီးမားတဲ့ အခြေခံပုံကြမ်းဆိုရင်တော့ ကြီးမားတဲ့ ပစ်လွှတ်ကွင်းတစ်ခု သေချာပေါက် လိုအပ်မှာပဲ။ နင်က အဲဒါကို စကင်ဖတ်လို့ မရဘူးလား”
ထိုစကားကို ကြားသောအခါ လင်းရှန်က ခေါင်းကိုက်ဟန်ဖြင့် ရယ်မောလိုက်သည်။
“နေပါဦး… ဒါက စွမ်းအားလေ၊ မှော်ပညာမဟုတ်ဘူး။ ဒီအဆောက်အဦးတစ်ခုတည်းကို စကင်ဖတ်ဖို့တောင် ငါက နာရီပေါင်းများစွာ ကြာမှာဖြစ်သလို အသက်တစ်ဝက်လောက် ပေးရလိမ့်မယ်။ အာရုဏ်ဦးမြို့တော်ကြီးက ဒီလောက် ကြီးတာ၊ မင်းက ငါ့ကို ရေဒါလို့ ထင်နေတာလား...”
စကားအဆုံးတွင် လင်းရှန်၏ အပြုံးမှာ တန့်သွားသည်။ သူသည် မိုးရွာနေသော ညဉ့်မှောင်ထဲ၌ အမွှာကြယ်မျှော်စင်ကို ဝန်းရံထားသည့် မြင့်မားလှသော မြို့ပတ်ကွင်းကြီးကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။ အမှောင်ထဲတွင် ထိုကြီးမားသော အဆောက်အဦး၏ ပုံကြမ်းမှာ လေထဲတွင် ဝဲပျံနေသော ကိရိယာကြီးတစ်ခုနှင့် တူနေသည်။
“ခဏလေး”
“ဘာဖြစ်လို့လဲ”
လင်းရှန်က ပျက်စီးနေသော မြို့ပတ်ကွင်းကြီးကို လက်ညှိုးထိုးပြလိုက်သည်။
“ဒါက မူလတုန်းက ဝမ်ယွဲ့ ဂြိုဟ်ပတ်ကွင်းနဲ့ တောင်ဘက်ကောင်းကင်ဂိတ်တွေအတွက် ပတ်လမ်းကြောင်း တည်နေရာပြကိရိယာ မဟုတ်ဘူးလား”
“ဟုတ်တယ်”
ထိုအချိန်တွင် ကီကီက လေးနက်စွာ ပြောလိုက်သည်။
“လူအများကြီး သိကြတာပဲ။ ဝမ်ယွဲ့ ဂြိုဟ်ပတ်ကွင်းကို စတင်တည်ဆောက်တုန်းက ပတ်လမ်းကြောင်း မြေပြင်တည်နေရာ သတ်မှတ်ချက်ဟာ ကြယ်မြို့တော်ဗဟိုကို ဦးတည်ခဲ့တာလေ”
“ဒါဆိုရင် ဒါက သူ့ဘာသာသူ S-band ကနေ စွမ်းအင်မြင့် လှိုင်းတွေအထိ ထုတ်လွှတ်နိုင်တဲ့ စူပါရေဒါကြီးတစ်ခုပဲ မဟုတ်လား”
“အဲဒီလို ပြောလို့ရတယ်” ကီနိုက ဝင်ပြောသည်။
“ဒါပေမဲ့ အနီရောင်ကမ္ဘာက လူတွေက မြေအောက်အနက်ကြီးမှာ ရှိနေရင်တော့ ရေဒါနဲ့ ရှာလို့မရနိုင်ဘူး”
“အဲဒါက မသေချာဘူး”
လင်းရှန်က လူတိုင်းကို ချက်ချင်း ပြောလိုက်သည်။
“ကျုပ်က အဲဒီရေဒါကို ထိန်းချုပ်လို့ရတယ်။ ဒီကြီးမားတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကို သုံးပြီး ကျုပ်ရဲ့ယန္တရားစကင်ဖတ်မှုကို မြှင့်တင်လို့ရတယ်”
ထိုစကားကို ကြားသောအခါ ကီကီက မျက်မှောင်ကြုတ်လိုက်သည်။
“ရှင်က တစ်မြို့လုံးကို စကင်ဖတ်မလို့လား”
“ချူယန်ပြောတာ မှန်တယ်။ ဒီလောက်ကြီးတဲ့ S-Class အခြေခံပုံကြမ်းဆိုရင် ကြီးမားတဲ့ ပစ်လွှတ်ကွင်းတစ်ခု သေချာပေါက်လိုအပ်တယ်”
လင်းရှန်က ပြောလိုက်သည်။
“မြေအောက်မှာ ရှိနေရင်တောင် ကျုပ်က အသေးစိတ် စကင်ဖတ်ဖို့ မလိုဘူး။ ယန္တရားတည်ဆောက်ပုံတွေကိုပဲ အကြမ်းဖျင်း စစ်ထုတ်ကြည့်လိုက်ရင် ရပြီ။ ဒါဆိုရင် ‘အကာကွယ်ချိုးဖျက်ရေးကိရိယာ’ ရဲ့ ပစ်လွှတ်ကွင်းကို ကျုပ်က ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်လိမ့်မယ်”