အခန်း (၈၁၈-၈၁၉)
Vol. 48 Ch. 818-819
Chapter 818
ကောင်စီဖျက်သိမ်းခြင်း ၂
“ဒါကြောင့် ကျုပ်အမြင်အရ စိတ်ရင်းမှန်ကို ပြဖို့အတွက် ပထမဆုံးအနေနဲ့ ဖီးနစ်နဲ့ စကားပြောဆိုဆွေးနွေးမှုတွေ ကြိုတင်လုပ်ဆောင်ပြီး ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်ကို ပြသသင့်ပါတယ်”
“ဒုတိယအချက်အနေနဲ့ အနီရောင်ကမ္ဘာပြဿနာနဲ့ ပတ်သက်ပြီးတော့ ပြောရရင် ရှေ့တန်းစီမံကိန်းနဲ့ လူသားမျိုးနွယ်အတွက် ဒီအမှောင်ဂိုဏ်းတွေနဲ့ မလွဲမရှောင်သာ ပူးပေါင်းခဲ့ရတာပါ၊၊ ဒါပေမဲ့ ဒီနောက်ပိုင်းမှာတော့ အနီရောင်ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး သက်ဆိုင်ရာအချက်အလက်တွေကို ဝေမျှပေးရပါမယ်၊၊ ဒါက အရမ်း အရေးကြီးပါတယ်”
ထိုစကားကို ကြားသောအခါ တစ်ဖက်တွင် ထိုင်နေသော လော့မင်၏ မျက်လုံးများမှာ ထက်ရှသွားသည်၊၊
ဒီမြေခွေးအိုကြီးက အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းပြီး လူသားတွေအပေါ် အန္တရာယ်ပြုတဲ့ အလုပ်တွေ အများကြီးလုပ်ခဲ့ပြီးပြီ၊၊ အခုတော့ အကုန်လုံးကို ရှေ့တန်းစီမံကိန်းအပေါ် ပုံချနေတာပဲ၊၊ သူ့ရည်ရွယ်ချက်က ရှင်းနေပေသည်၊၊ ချူကျောက်နန်တွင် အဓိကတာဝန်ရှိသည်ဟု သွယ်ဝိုက်ပြောဆိုနေခြင်းပင်…။
သို့သော် ချူကျောက်နန်က ထိုစကားများကြောင့် တုန်လှုပ်ခြင်းမရှိဘဲ ကျိုးမင်ယွမ်ကို ပြန်ပြောလိုက်သည်၊၊
“ပြည်သူတွေက ငါတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး၊၊ မင်းက အနီရောင်ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်လိုက်ရုံနဲ့ ဖီးနစ်က ငါတို့နဲ့ ပူးပေါင်းလိမ့်မယ်လို့ ဘာကြောင့်ထင်နေတာလဲ”
ကျိုးမင်ယွမ်က အားမလိုအားမရသက်ပြင်းချလိုက်သည်၊၊
“ဒါကြောင့် ကျုပ်တို့က ဆွေးနွေးကြည့်ပြီး သူတို့ရဲ့ သဘောထားကို သိအောင် လုပ်ရမှာပေါ့၊၊ လူသားမျိုးနွယ်ရှင်သန်ရေးနဲ့ ပတ်သက်လာရင် အကောင်းအဆိုးခွဲခြားနေဖို့ မလိုပါဘူး၊၊ အခု ကျုပ်တို့ဘက်က တက်ကြွစွာ ပူးပေါင်းဖို့ ကမ်းလှမ်းနေတာကို သူတို့က လက်မခံဘူးဆိုရင်တော့ အာရုဏ်ဦးမြို့တော်က နေထိုင်သူတွေအားလုံးနဲ့အတူ အတူသေရုံပဲ ရှိတာပေါ့၊၊ ကျုပ်ယုံကြည်တာကတော့ ကျုပ်တို့ရဲ့ ခိုင်မာတဲ့ တံတိုင်းတွေ၊ အမြောက်တွေနဲ့ စစ်သည် ၆ သန်းရဲ့ စုပေါင်းအားနဲ့ဆိုရင် ဒီအမှောင်ထုထဲမှာ အာရုဏ်ဦးအလင်းရောင်လေးတစ်စအတွက် တိုက်ပွဲဝင်နိုင်မှာပါ”
ထိုစကားများပြောပြီးနောက် လူအများ၏ မျက်နှာများ ပြောင်းလဲသွားကြသည်၊၊ ဤနေရာတွင် ထိုင်နေသူများမှာ ငတုံးငအများ မဟုတ်ကြသဖြင့် ကျိုးမင်ယွမ် ပြောလိုသော စကား၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားကြသည်၊၊
ချူကျောက်နန်၏ မျက်နှာသည် ထိုစကားကို ကြားသောအခါ အေးစက်သွားသည်၊၊
“မင်းက မြို့တစ်ခုလုံးရဲ့ အသက်တွေနဲ့ အရင်းအမြစ်တွေကို ဖီးနစ်နဲ့ ဆွေးနွေးဖို့အတွက် အပေါင်ပစ္စည်းအဖြစ် သုံးဖို့ အကြံပြုနေတာလား”
ကျိုးမင်ယွမ်က တုန်လှုပ်သွားခြင်းမရှိပဲ ဖျော့တော့စွာပြုံးလိုက်သည်၊၊
“မြို့တစ်ခုလုံးရဲ့ အသက်တွေ ဟုတ်လား… ဥက္ကဋ္ဌချူ ဒီလောက်ကြီးမားတဲ့ စွပ်စွဲချက်ကြီးကိုတော့ ကျုပ်လက်မခံနိုင်ဘူး၊၊ အခု ကျုပ်တို့က ငြိမ်းချမ်းရေးကို တက်ကြွစွာ ရှာဖွေနေတာပါ၊၊ တကယ်လို့ ဖီးနစ်က ကျုပ်တို့နဲ့ မပူးပေါင်းဘူးဆိုရင် ကျုပ်တို့မှာ တခြားဘယ်နည်းလမ်းရှိဦးမှာလဲ၊၊ မြို့သူမြို့သားတွေနဲ့ ပတ်သက်ရင်တော့ အစိုးရအနေနဲ့ သူတို့ကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ် မဟုတ်လား၊၊ ဒါ့အပြင် တွင်းနက်ရဲ့ လှုပ်ရှားမှုတွေနဲ့ အမှောင်ကျနှုန်းမြန်ဆန်လာတာက ကျုပ်တို့ရဲ့ မူလရည်ရွယ်ချက် မဟုတ်ဘူးလေ၊၊ ဟုတ်တယ်မလား ဥက္ကဋ္ဌချူ”
ထိုတစ်ခဏ၌ ခန်းမအတွင်းရှိ လေထုက ရုတ်ချည်းတင်းမာသွားသည်၊၊ ၎င်းသည် ဖက်ဒရေးရှင်းကောင်စီအတွင်း ပထမဆုံးအကြိမ်ဖြစ်ပေါ်လာသော အခြေအနေပင် ဖြစ်သည်၊၊ ယခင်က ကျိုးမင်ယွမ်သည် ချူကျောက်နန်နှင့် သဘောထားကွဲလွဲမှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ တိုက်ရိုက်ရင်ဆိုင်ခြင်းမျိုး မရှိခဲ့ဖူးပေ၊၊
“မင်းပြောတာ မှန်ပါတယ်”
ချူကျောက်နန်က ကျိုးမင်ယွမ်ကို စိုက်ကြည့်လိုက်ပြီးနောက် အားလုံးကို ပြောလိုက်သည်၊၊
“ဒါဆိုရင် ဒီနေ့ ဖက်ဒရေးရှင်းရဲ့ အရေးပေါ်အစည်းအဝေး ခေါင်းစဉ်က ဘာလဲဆိုတာ ခင်ဗျားတို့အားလုံးကို ကျုပ်ပြောပြပါ့မယ်”
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်၊၊
ချူကျောက်နန်သည် အရှေ့ဘက်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားကာ အက်ကွဲနေသော ဖက်ဒရေးရှင်းအထိမ်းအမှတ်တံဆိပ်ကို နင်းလိုက်ပြီး တင်းမာသောအမူယာဖြင့် ရပ်နေသည်၊၊
“လူကြီးမင်းတို့၊ ဒီအစည်းအဝေးဟာ ကျုပ်တို့ ဖက်ဒရေးရှင်းအစိုးရရဲ့ နောက်ဆုံးတရားဝင်အစည်းအဝေးဖြစ်လာမှာပါ၊၊ ပြီးတော့ ဒါဟာ ဖက်ဒရေးရှင်းဥက္ကဋ္ဌအနေနဲ့ ကျုပ်ရဲ့ နောက်ဆုံးမိန့်ခွန်းပဲ ဖြစ်ပါတယ်”
ထိုစကားကို ကြားသောအခါ တစ်မြို့လုံး တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်၊၊
ကျိုးမင်ယွမ်၏ အကြည့်က တင်းမာသွားပြီး သူ၏ လက်ဖျားများ အနည်းငယ် တုန်ခါသွားသည်၊၊
“ကမ္ဘာပျက်ကပ် ကျရောက်လာတဲ့အချိန်ထဲက ဖက်ဒရေးရှင်းအစိုးရဟာ လူသားမျိုးနွယ်ရဲ့ ဦးဆောင်အစိုးရအနေနဲ့ လူသားတွေရဲ့ အင်အားအားလုံးကို အသုံးချပြီး ရင်ဆိုင်ခဲ့ပါတယ်၊၊ ကံဆိုးတာကတော့ ရလဒ်တွေ အားလုံးက ကျရှုံးမှုနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်၊၊ လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ သဘာဝဘေးအန္တရာယ်ပဲ ဖြစ်ဖြစ်၊ လူက ဖန်တီးတဲ့ ဘေးအန္တရာယ်ပဲ ဖြစ်ဖြစ် ကျုပ်မှာ မလွဲမရှောင်သာ တာဝန်ရှိပါတယ်၊၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျုပ်ရဲ့ မသိစိတ်က ပြောနေတာကတော့ ဒါဟာ လူသားတွေ ရှုံးနိမ့်ဖို့ ကံပါလာတဲ့ စစ်ပွဲပဲ၊၊ ဒါကြောင့် လူသားမျိုးနွယ်ရဲ့ ယဉ်ကျေးမှုမီးတောက်ကို ဆက်လက်ထိန်းသိမ်းဖို့အတွက် ကျုပ်က လောင်းကြေးထပ်ပြီး မချဉ်းကပ်နိုင်ပါဘူး၊၊ ရှေ့တန်းစီမံကိန်းက စတင်နေပြီဖြစ်တဲ့အတွက် ဒီစီမံကိန်း အောင်မြင်ဖို့ ဘယ်လို ပေးဆပ်မှုနဲ့ စတေးမှုတွေကမဆို တန်ပါတယ်၊၊ အပြစ်တင်တာတွေနဲ့ နာမည်ပျက်တာတွေ အားလုံးကို ကျုပ် ချူကျောက်နန်တစ်ယောက်တည်း ခံယူပါ့မယ်”
“အခု တွင်းနက်ရဲ့ လှုပ်ရှားမှုတွေ ရောက်လာပြီ၊၊ အန္တရာယ်က ကျုပ်တို့ဆီ ဆိုက်ရောက်နေပြီ၊၊ အာရုဏ်ဦးမြို့တော်က ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို ဆက်ပြီး အာမမခံနိုင်တော့ဘူးဆိုတာ ကျုပ်တို့ အားလုံးသိကြပါတယ်၊၊ ဒါကြောင့် အခုအချိန်ကစပြီး မြို့တွင်း ဝင်ထွက်သွားလာမှု ကန့်သတ်ချက်တွေနဲ့ ထိန်းချုပ်မှုတွေကို ရုပ်သိမ်းလိုက်ပြီလို့ ကျုပ်ကြေညာလိုက်တယ်၊၊ ထွက်သွားချင်တဲ့သူတွေ ထွက်သွားပါစေ၊၊ ခိုလှုံချင်တဲ့သူတွေလည်း ခိုလှုံပါစေ၊၊ အလင်းတမန်ဌာနနဲ့ ပူးပေါင်းအစောင့်တပ်ဖွဲ့တွေဟာ အာရုဏ်ဦးမြို့တော်ကို နောက်ဆုံးလူ၊ နောက်ဆုံးအချိန်အထိ၊ အားလုံး ဘေးကင်းစွာ ဆုတ်ခွာနိုင်တဲ့အထိ ဒါမှမဟုတ် သေဆုံးသွားတဲ့အထိ ကာကွယ်သွားဖို့ ကတိပြုပါတယ်”
“နောက်ဆုံးအနေနဲ့ ဂြိုလ်ပြာဖက်ဒရေးရှင်းအစိုးရရဲ့ ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ရှေ့တန်းစီမံကိန်း ပြီးဆုံးသွားတာနဲ့ အာရုဏ်ဦးမြို့တော်ကို ဖီးနစ်ရဲ့ စီမံခန့်ခွဲမှုအောက် လွှဲပြောင်းပေးအပ်မှာဖြစ်ပြီး ဖက်ဒရေးရှင်းကောင်စီကိုလည်း ဖျက်သိမ်းမှာ ဖြစ်ကြောင်း ကြေညာပါတယ်”
“လုံးဝ မဖြစ်နိုင်ဘူး”
ချူကျောက်နန် စကားပြောပြီးသည်နှင့် ကျိုးမင်ယွမ်က အော်ဟစ်ကာ ထရပ်လိုက်သည်၊၊ သူ၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် ညိုမည်းနေပြီး မျက်နှာပေါ်ရှိ အရေပြားများ တုန်ခါနေသည်၊၊
“ဖက်ဒရေးရှင်းဥပဒေအရ ဥက္ကဋ္ဌမှာ ကောင်စီကို ဖျက်သိမ်းပိုင်ခွင့် အာဏာမရှိဘူး”
ခဏမျှ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး အားလုံး၏ အကြည့်မှာ ဖက်ဒရေးရှင်းဥက္ကဋ္ဌ နှစ်ဦးထံသို့ စုပြုံရောက်ရှိသွားသည်၊၊
“ဒုဥက္ကဋ္ဌကျိုး၊၊ မင်းမှာ ကန့်ကွက်စရာ ရှိနေရင်တော့... အခုပဲ သေနတ်ထုတ်ပြီး ပစ်လိုက်တဲ့ ရွေးချယ်စရာတစ်ခုပဲ ရှိတော့တယ်”
ချူကျောက်နန်က ကျိုးမင်ယွမ်ကို ထက်ရှသော အကြည့်ဖြင့် ကြည့်လိုက်သည်၊၊
“အော်၊၊ ဒါနဲ့ မင်းရဲ့ ညကင်းလှည့်အဖွဲ့နဲ့ မြို့တော်ကာကွယ်ရေးစခန်းက လူတွေ ဘယ်မှာလဲ”
“အကုန်လုံး ငါသတ်လိုက်ပြီ”
ဒုန်း
ထိုစဉ် အစည်းအဝေးခန်းမ တံခါးပွင့်သွားပြီး စွမ်းအားဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားသော အဆင့်မြင့်အစောင့်တပ်သား အယောက်လေးဆယ်ခန့် အထဲသို့ ဝင်ရောက်လာကာ အခြေအနေကို ချက်ချင်း ထိန်းချုပ်လိုက်သည်၊၊ သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော လုတျန်းယဲ့ ဝင်လာပြီး ကျိုးမင်းယွမ်နှင့် အခြားသူများကို အေးစက်စက်ကြည့်လိုက်သည်၊၊
“မင်း ဘာပြောတယ်”
ကျိုးမင်ယွမ်၏ မျက်နှာသည် ထိုအချိန်တွင် အကြီးအကျယ်ပျက်ယွင်းကာ ထိတ်လန့်သွားသည်၊၊
လုတျန်းယဲ့က ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်၊၊
“စစ်တပ်ရဲ့ ခွင့်ပြုချက်မရှိဘဲ မြို့တော်ကာကွယ်ရေးစခန်းနဲ့ ညကင်းလှည့်အဖွဲ့တွေဟာ အုပ်ချုပ်ရေးနယ်မြေထဲကို ဝင်ရောက်ခွင့်မရှိဘူး၊၊ ကြယ်ဆိပ်ကမ်းကာကွယ်ရေးကို အစောင့်တပ်ဖွဲ့က တာဝန်ယူထားတယ်၊၊ မြို့တော်ကာကွယ်ရေးစခန်း ဗိုလ်ကြီး ဝမ်ချွမ်းနဲ့ ညကင်းလှည့်အဖွဲ့ ဒုခေါင်းဆောင် စုန့်ခီတို့က စစ်တပ်အမိန့်ကို ချိုးဖောက်ပြီး လက်နက်တွေနဲ့ ကန့်သတ်နယ်မြေထဲကို အတင်းအဓမ္မဝင်ရောက်ခဲ့ကြတယ်၊၊ ဒါကြောင့် သူတို့ကို ငါ သတ်လိုက်ပြီ၊၊ ညကင်းလှည့်အဖွဲ့ ခေါင်းဆောင် ကျိခွန်းကတော့ ပျောက်ဆုံးနေတယ်”
ထိုစကားများကို ကြားလိုက်ရချိန်တွင် ကျိုးမင်ယွမ်၏ ဘက်တော်သားများ ထိတ်လန့်တုန်လှုပ်သွားကြသည်၊၊ ဝမ်ဟွေ့လည်း အခြေအနေများ ဤမျှအထိ ရုတ်တရက် ဆိုးရွားသွားလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် လေးနက်သော မျက်နှာအမူယာဖြင့် ထရပ်လိုက်သည်၊၊
“ကောင်းတယ်၊၊ အရမ်းကောင်းတယ်”
ချူကျောက်နန်နှင့် သူ၏ ဆက်ဆံရေးမှာ လုံးဝပြတ်တောက်သွားပြီဖြစ်ကြောင်း ကျိုးမင်ယွမ် သိလိုက်ပြီဖြစ်သည်၊၊ သူက အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ရင်း
“ချူကျောက်နန်၊၊ ခင်ဗျားက အတော်သတ္တိရှိတာပဲ၊၊ ဒီမြေအောက်မြို့တော်ကို တည်ထောင်ကတည်းက ဖက်ဒရေးရှင်းဥက္ကဋ္ဌဆိုတဲ့ ခင်ဗျားက အစိုးရရဲ့ ဘယ်အရေးကိစ္စကိုမှ ပါဝင်ဆောင်ရွက်ခဲ့တာ မဟုတ်ဘူး၊၊ လူဦးရေ ၆ သန်းရဲ့ ရှင်သန်ရေးနဲ့ လိုအပ်ချက်တွေကို ကျုပ်တို့ကပဲ စီမံပေးခဲ့တယ်၊၊ အခု ခင်ဗျားရဲ့ ရှေ့တန်းစီမံကိန်းက မြို့တစ်ခုလုံးကိုတင်မကဘူး လူသားမျိုးနွယ်တစ်ခုလုံးကိုပါ ပျက်စီးအောင် လုပ်နေတာပဲ၊၊ ခင်ဗျားကမှ ရာဇဝတ်ကောင်အစစ်ပဲ၊၊ အာရုဏ်ဦးမြို့တော်ကို ဖီးနစ်လက်ထဲ အပ်ဖို့ ခင်ဗျားမှာ ဘာအခွင့်အရေးရှိလို့လဲ”
Chapter 819
ကောင်စီဖျက်သိမ်းခြင်း ၃
“ငါ့မှာ အဲဒီလို အခွင့်အရေးမရှိတာတော့ အမှန်ပဲ”
ချူကျောက်နန်၏ မျက်နှာသည် တည်ငြိမ်နေဆဲပင် ဖြစ်သည်၊၊
“ဒါပေမဲ့ မင်းမှာလည်း အဆင့်မြင့် အခွင့်ထူးခံအနေအထားကို ဆက်ပြီး ခံစားနိုင်ဖို့အတွက် မြို့တစ်ခုလုံးကို ဓားစာခံလုပ်ပြီး ဖီးနစ်နဲ့ ဈေးညှိိဖို့ အခွင့်အရေး မရှိဘူး၊၊ ကျိုးမင်ယွမ်… လက်တွေ့ဘဝကို ရင်ဆိုင်လိုက်စမ်းပါ၊၊ မြို့တံခါးတွေ ပွင့်သွားတာနဲ့ ပြည်သူတွေက မင်းကိုရော… ငါ့ကိုပါ စွန့်ခွာသွားကြပြီဆိုတာ သိလာပါလိမ့်မယ်”
“အခုကစပြီး ငါတို့က ကောင်စီဝင်တွေ မဟုတ်တော့သလို ငါလည်း ဥက္ကဋ္ဌမဟုတ်တော့ဘူး၊၊ ဒီကပ်ဘေးကြီးက ငါတို့ကို ဘယ်လိုအသက်ရှင်ရမလဲဆိုတာ ရွေးချယ်ခွင့်မပေးနိုင်ခဲ့ရင်တောင် အနည်းဆုံးတော့ ဘယ်လိုသေရမလဲဆိုတာကိုတော့ ရွေးချယ်ခွင့်ပေးထားပါတယ်”
သူက ကောင်စီခန်းမအတွင်းရှိ လူအားလုံးကို ဝေ့ကြည့်လိုက်သည်၊၊
“နှုတ်ဆက်ပါတယ် မိတ်ဆွေတို့”
ထို့နောက် ချူကျောက်နန်က လှည့်ထွက်သွားလေသည်၊၊
ဝေါ၊၊
ရုတ်တရက် ကောင်စီခန်းမကြီးမှာ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး မေးခွန်းထုတ်သံများ၊ရေရွတ်သံများနှင့် ဆဲဆိုသံများ ပျံ့လွင့်လာသည်၊၊ စာရွက်စာတမ်းများကို ပစ်ပေါက်နေကြသဖြင့် အဖြူရောင်စာရွက်များသည် နေရာအနှံ့ ပျံဝဲနေလေသည်၊၊
အစောင့်တပ်ဖွဲ့နှင့် လုတျန်းယဲ့တို့ ရှိနေခြင်းကြောင့် ပဋိပက္ခသည် ထိုထက်ပို၍ မကြီးထွားလာခဲ့ပေ၊၊
မြေအောက်မြို့တော်အတွင်းရှိ နိုင်ငံရေးအခြေအနေသည် ကသောင်းကနင်းဖြစ်ကုန်သည်၊၊ မူလက ချမ်းသာကြွယ်ဝသော မြေအောက်မြို့တော် နေထိုင်သူများအားလုံး ၄၈ နာရီအတွင်း ထွက်ခွာကြရန် အရေးပေါ် အမိန့်ကို ရုတ်တရက် လက်ခံရရှိလိုက်သဖြင့် ချက်ချင်းပင် ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်၊၊
စင်္ကြံလမ်းတစ်လျှောက်တွင် ချူကျောက်နန်နှင့် သူ၏ အဖွဲ့များသည် လုတျန်းယဲ့၊ လော့မင်၊ ရှုယန်၊ စုကျင်းနှင့် အခြားသူများ ခြံရံကာ အလျင်အမြန် လျှောက်လှမ်းသွားကြသည်၊၊
“ဗိုလ်ချုပ်လု၊၊ ညကင်းလှည့်အဖွဲ့နဲ့ မြို့တော်ကာကွယ်ရေးစခန်းက လူဘယ်လောက်တောင် လာတာလဲ၊၊ အကုန်လုံးကို သတ်လိုက်တာလား”
ရှုယန်က မေးလိုက်သည်၊၊
“လူနှစ်ရာလောက်ပါပဲ၊၊ ကျိုးမင်ယွမ် မွေးထားတဲ့ ဒီလူတွေက တကယ့်တိုက်ပွဲကို မကြုံဖူးကြသေးဘူး၊၊ ခေါင်းဆောင်တွေ အပစ်ခံလိုက်ရတာနဲ့ သူတို့တွေ ချက်ချင်း အပိုးကျိုးသွားကြတာပဲ”
လုတျန်းယဲ့က လမ်းလျှောက်ရင်း ပြန်ဖြေသည်၊၊
“သူတို့က လူနှစ်ရာနဲ့ ငါတို့ကို ဖြုတ်ချနိုင်မယ်လို့ ထင်နေတာလား”
လော့မင်က မျက်မှောင်ကြုတ်လိုက်သည်၊၊
“သူတို့က အကုန်လုံးဖြုတ်ချဖို့အထိတော့ မလုပ်ရဲပါဘူး၊၊ အစောင့်တပ်ဖွဲ့ ရှိနေသရွေ့တော့ ညကင်းလှည့်အဖွဲ့နဲ့ မြို့တော်ကာကွယ်ရေးစခန်းက သောင်းနဲ့ချီတဲ့ လူတွေလည်း ပြဿနာ သိပ်ရှာလို့မရပါဘူး၊၊ ကျိုးမင်ယွမ်က ဒါကို အသုံးချပြီး အသေးစားအစိုးရတစ်ရပ် ပြန်တည်ဆောက်ဖို့အတွက် ဆွေးနွေးချင်တာပဲ၊၊ ဒါပေမဲ့ ကျုပ်က ကောင်စီကို တိုက်ရိုက်ဖျက်သိမ်းပြီး ဖီးနစ်ကို လွှဲပေးလိုက်မယ်လို့ သူ မထင်ထားခဲ့ဘူး၊၊ တပ်သား ၂၀၀ဆိုတာကလည်း သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် စီစဉ်ထားတာတွေပဲ”
ချူကျောက်နန်က ပြောလိုက်သည်၊၊
“ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်”
လုတျန်းယဲ့က ခေါင်းငြိမ့်ပြသည်၊၊
“ဒါပေမဲ့ မြို့တစ်ခုလုံးကို ဓားစာခံလုပ်ပြီး ဖီးနစ်နဲ့ ဈေးညှိချင်တဲ့ ကျိုးမင်ယွမ်လို လူစားမျိုးကို ဘာလို့ တိုက်ရိုက်မသတ်ပစ်တာလဲ၊၊ ဘာလို့ လွှတ်ပေးလိုက်တာလဲ”
ဒေါက်၊၊
ချူကျောက်နန်က လမ်းလျှောက်နေရာမှ ရပ်လိုက်သည်၊၊
“အဘိုးကြီးလု”
သူက လုတျန်းယဲ့ကို လေးနက်စွာ ကြည့်လိုက်သည်၊၊
“အကယ်၍ ငါတို့သာ ဒါကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် ကိုင်တွယ်မယ်ဆိုရင် အဲဒီကောင်စီခန်းမထဲက လူတိုင်းကို ကွပ်မျက်ရလိမ့်မယ်”
“ကျုပ်အပါအဝင်ပေါ့”
လုတျန်းယဲ့၏ မျက်လုံးများ ပြောင်းလဲသွားပြီး မျက်နှာက ဖြည်းဖြည်းချင်း မည်းမှောင်သွားသည်၊၊
“ငါတို့ရဲ့ လက်ရှိတာဝန်က ရှေ့တန်းစီမံကိန်းကို လွှတ်တင်နိုင်ဖို့ပဲ၊၊ ဘယ်လို အတွင်းပိုင်းပဋိပက္ခဖြစ်ဖြစ် အဓိပ္ပာယ်မရှိဘူး၊၊ အစိုးရဖျက်သိမ်းကြောင်း ကြေညာချက်သာ လူသိရှင်ကြားထွက်သွားရင် ကျိုးမင်ယွမ်ရဲ့ အာဏာက ပျောက်ကွယ်သွားလိမ့်မယ်”
ချူးကျောက်နန်က ဆက်ပြောသည်၊၊
“အဲဒီနောက်မှာတော့ အရာအားလုံးကို ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ထားလိုက်ကြတာပေါ့”
…
အာရုဏ်ဦး မြေအောက်မြို့တော်၊၊ ဗဟိုအုပ်ချုပ်ရေးခန်းမ၊၊
ခွမ်း၊၊
လက်ရာမြောက်လှသော ကြွေထည်လက်ဖက်ရည်ခွက် တစ်ခွက်သည် ကြမ်းပြင်ပေါ်တွင် အပိုင်းပိုင်းအစစဖြစ်ကာ ကြေမွသွားသည်၊၊ ကျိုးမင်ယွမ် ဦးဆောင်သော အာရုဏ်ဦးမြို့တော်၏ အဆင့်မြင့်အရာရှိကြီးများ ဂဏှာမငြိမ်ဖြစ်နေကြပြီး ကျိုးမင်းယွမ်၏ ဒေါသပေါက်ကွဲနေမှုကို ကြည့်နေကြသည်၊၊
“ချူကျောက်နန်က ကောင်စီဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီဆိုတာနဲ့ တစ်မြို့လုံးက မင်းမဲ့စရိုက်အခြေအနေဖြစ်သွားတော့မယ်၊၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ ဥက္ကဋ္ဌကျိုး”
အဆင့်မြင့်ကောင်စီဝင်တစ်ယောက်၏ မျက်နှာသည် ပြာနှမ်းနေပြီး အခြားသူများလည်း ထိတ်လန့်နေကြသည်၊၊
“ဘာလုပ်ရမလဲ ဟုတ်လား၊၊ လုတျန်းယဲ့က ဒီမှာ ရှိနေတာလေ၊၊ ငါက မြို့တော်ကာကွယ်ရေးစခန်းနဲ့ ညကင်းလှည့်အဖွဲ့တွေကို ဝင်ခိုင်းရမှာလား”
ကျိုးမင်ယွမ် ဒေါသထွက်နေသည်၊၊
“အဲဒီ ချူဆိုတဲ့ကောင်က ဒီလို အရေးကြီးတဲ့ အချိန်မှာ ငါတို့ကို ရောင်းစားသွားတာပဲ၊၊ သူ့အသက်နဲ့ တောင်းပန်သင့်တယ်၊၊ အာရုဏ်ဦးမြို့တော်ရဲ့ အရင်းအမြစ်တွေ၊ ချမ်းသာကြွယ်ဝမှုတွေနဲ့ လူဦးရေတွေ အားလုံးကို ငါကပဲ စုစည်းခဲ့ရတာ… ဒါတွေကို လွှဲပေးဖို့ ချူကျောက်နန်မှာ ဘာအခွင့်အရေး ရှိလို့လဲ”
ခွမ်း၊၊
နောက်ထပ် ကြွေထည်ပစ္စည်းတစ်ခု ထပ်မံ ကြေမွသွားပြန်သည်၊၊
ဝမ်ဟွေ့၏ မျက်နှာသည် အလွန်ရှုပ်ထွေးနေသည်၊၊ သူမအတွက်တော့ ကျိုးမင်ယွမ်၏ စကားများက အဓိပ္ပာယ်မရှိသော်လည်း အာရုဏ်ဦးမြို့တော်သည် ဖက်ဒရေးရှင်း၏ အမွေအနှစ်ကို ဆက်ခံထားပြီး အစောင့်တပ်ဖွဲ့နှင့် အတွင်းမြို့တော်၏ နောက်ခံကြောင့် ခိုလှုံနေရာ ရှာဖွေသူများစွာကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်၊၊ အရင်းအမြစ်များနှင့် ချမ်းသာကြွယ်ဝမှုဟု ခေါ်ဆိုသော အရာများမှာ သူမ၏ လင်းလုံအုပ်စုအပါအဝင် နေထိုင်သူများကို ခေါင်းပုံဖြတ်ခြင်းမှ ရရှိလာခြင်းပင် ဖြစ်သည်၊၊
ထို့ပြင် ဝမ်ဟွေ့သည် ကျိုးမင်ယွမ်ကိုသာ တွယ်ကပ်ထားရမည်ကို သိနေသည်၊၊ သေမင်းချောက်ကမ်းပါးအစွန်းတွင် ရောက်နေသကဲ့သို့ အခြားရွေးချယ်စရာ မရှိတော့ပေ၊၊
ထို့ကြောင့် သူမက တည်ငြိမ်စွာ ဝေဖန်ဆန်းစစ်ပြီး ပြောလိုက်သည်၊၊
“အခု လမ်းနှစ်ခုရှိတယ်၊၊ ပထမတစ်ခုကတော့ ကျွန်မတို့ စုဆောင်းထားတဲ့ အရင်းအမြစ်တွေ၊ မြို့တော်ကာကွယ်ရေးစခန်း၊ ညကင်းလှည့်အဖွဲ့နဲ့ ကောင်စီအမတ်အားလုံးရဲ့ လက်နက်ကိုင်အင်အားတွေ ပေါင်းလိုက်ရင် အနည်းဆုံး လူနှစ်သိန်းလောက်ရှိတဲ့ အင်အားကြီးတစ်ခု ဖြစ်လာမယ်၊၊ ဖီးနစ်က လူသားချင်းစာနာထောက်ထားမှုကို ရှေ့တန်းတင်တာမို့ လူသားချင်း အတူတူဆိုရင် ကျွန်မတို့အားလုံးကို အမြစ်ဖြတ်သတ်ပစ်မှာ မဟုတ်ပါဘူး၊၊ ဒီလောက် အင်အားစုကြီးအနေနဲ့ ပူးပေါင်းဖို့ ကမ်းလှမ်းတာက ဝင်ရိုးစွန်းဒေသဘက်မှာလည်း အသာစီးရတဲ့ အခြေအနေတချို့ ရနိုင်ပါတယ်”
ကျိုးမင်ယွမ်၏ ဒေါသများ ဖြည်းဖြည်းချင်း ငြိမ်ကျသွားပြီး ဝမ်ဟွေ့ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်၊၊
“ဒုတိယတစ်ခုကကော”
“ခရီးသွားသူ ၁ ဆိုတဲ့ Constant Star အဆင့် ကြယ်သင်္ဘောက အစီအစဉ်အတိုင်း အဆင်သင့်ဖြစ်နေပါပြီ၊၊ ကျွန်မတို့ လူတွေရဲ့ သုံးသပ်ချက်အရ ရှေ့တန်းစီမံကိန်းမှာ ကြယ်သင်္ဘော ၇ စင်း ပါဝင်ပြီး မိုးကုတ်စက်ဝိုင်းလွန်အဆင့် တစ်စင်းနဲ့ Constant Star အဆင့် ၆ စင်းနဲ့ ဖွဲ့စည်းထားတာပါ၊၊ ချူကျင်းရဲ့ ယဥ်ကျေးမှုလမ်းပြသူကတော့ ကောင်းကင်အကာကွယ်ထိုးဖောက်ရေးစီမံကိန်းမှာ ဦးဆောင်သင်္ဘော ဖြစ်လာမှာပါ၊၊ ပြီးတော့ Natural Selection၊ Deep Blue၊ Shepherd Star၊ Sars၊ Ocean နဲ့ Ark တို့က အဆင့်လိုက် သွားကြမှာပါ၊၊ အကယ်၍ ကျွန်မတို့သာ ခရီးသွားသူ ၁ ပေါ် တက်ပြီး လွှတ်တင်ပြီးတဲ့နောက် ယာဉ်တန်းနောက်က လိုက်သွားမယ်ဆိုရင် ထိုးဖောက်ရေးစီမံကိန်းသာ အောင်မြင်ခဲ့ရင် ကောင်းကင်အကာအကွယ်ထဲကနေ အတူတူလွတ်မြောက်နိုင်ဖို့ အခွင့်အရေး ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်၊၊ ချူကျောက်နန်က ဒီလိုအခြေအနေမျိုးမှာ ကျွန်မတို့ကို ပစ်ခတ်မှာ မဟုတ်သလို စီမံကိန်းကိုလည်း ထိခိုက်ခံမှာ မဟုတ်ပါဘူး”
“လွတ်မြောက်ဖို့ ဟုတ်လား”
ကျိုးမင်ယွမ်၏ အကြည့်များ အနည်းငယ် လှုပ်ခတ်သွားသည်၊၊
“ဘယ်သူမှ မအောင်မြင်ဖူးသေးဘူး၊၊ ချင်းလွမ်မြို့တော်ရဲ့ အချက်အလက်အပြည့်အစုံကိုလည်း အခုထိ မရသေးဘူး၊၊ အကယ်၍ ကျရှုံးခဲ့ရင် ငါတို့အားလုံး သေကြရမှာပဲ”
“အနီရောင်ကမ္ဘာက စမ်းသပ်မှု လုပ်ခဲ့ပြီးပါပြီ၊၊ သီအိုရီအရတော့...”
“သီအိုရီအရ အဲဒီစမ်းသပ်မှုက တွင်းနက်သုံးခုလုံးကို ပိုမြန်စေခဲ့တာလေ၊၊ မဟုတ်ရင် ငါတို့ နည်းလမ်းရှာဖို့ နောက်ထပ် လအနည်းငယ်လောက် အချိန်ရဦးမှာပဲ”
ကျိုးမင်ယွမ်က စားပွဲကို ရိုက်လိုက်ရင်း ဝမ်ဟွေ့၏ စကားကို ဖြတ်ပြောလိုက်သည်၊၊
ကျိုးမင်ယွမ်သည် ဒေါသကို ထိန်းကာ လူစုကို စိုက်ကြည့်လိုက်သည်၊၊ထို့နောက် သူ တစ်စုံတစ်ခုကို သတိရသွားပြီး အသံနှိမ့်ကာ မေးလိုက်သည်၊၊
“လူသစ်စုဆောင်းပွဲကရော အခြေအနေ ဘယ်လိုရှိလဲ”
ထိုအခါ ဝမ်ဟွေ့က ထိန်းချုပ်စက်တစ်ခုကို ထုတ်ယူကာ ခလုတ်ကို နှိပ်လိုက်ရာ မြည်သံတစ်ချက် ထွက်ပေါ်လာသည်၊၊
ချက်ချင်းပင် ရုံးခန်းအတွင်းရှိ ဟိုလိုဂရမ် ဖန်သားပြင်ကြီးပေါ်တွင် ဂါလက်ဂါ မှောင်ခိုဈေး၌ ကျင်းပနေသည့် အနန္တမဟာမိတ်အဖွဲ့၏ လူသစ်စုဆောင်းပွဲ မြင်ကွင်းပေါ်လာသည်၊၊