← Chapters

အခန်း (၈၂၂-၈၂၃)

Vol. 48 Ch. 822-823

အခန်း (၈၂၂-၈၂၃)

Vol. 48 Ch. 822-823

Chapter 822

မြို့တစ်ခုလုံး အုံကြွလာခြင်း ၁

အိန်ဂျယ်အဆင့်နီးပါးတိုက်ပွဲတစ်ခုကြောင့် လူများစုဝေးနေသော ရင်ပြင်သည် ရုတ်ချည်းပင် ချစ်ချစ်တောက် ပူလောင်သွားသည်။ လုရှင်းချန်၏ မီးစွမ်းအား ထုတ်ဖော်ပြသမှုနှင့် အကြီးစားတိုက်ခိုက်မှုများသည် ယာဉ်တန်းခေါင်းဆောင်အများအပြားကို စိတ်ဝင်စားသွားစေခဲ့သည်။ ဤသို့သော အဖွဲ့သားမျိုးသာရှိလျှင် အမှောင်ညတိုက်ပွဲများနှင့် မွန်းစတားများကို ရင်ဆိုင်ရာတွင် အားကိုးရမည့် အမာခံဖြစ်လာနိုင်သည်မှာ သေချာသည်။

ကောင်းကင်အမြင့်တွင် လုရှင်းချန်က လက်ကို ပြန်ရုပ်သိမ်းလိုက်သည်ကို မြင်သောအခါ ချင်ဖုန်းက အနည်းငယ်ပြုံးလိုက်သည်။

“မိတ်ဆွေ... မင်းရဲ့ စွမ်းအားက တကယ်ကို အထင်ကြီးစရာပဲ၊၊ မင်းရဲ့ ခွန်အားနဲ့ဆိုရင် ငါ့ယာဉ်တန်းရဲ့ ကောင်းကင်ဘုရင် ၄ ပါးနေရာက မေးခွန်းထုတ်စရာမရှိဘူး”

လုရှင်းချန်က ပြန်မဖြေဘဲ မျက်နှာက ပုံမှန်ထက် ပို၍ တည်ကြည်နေသည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ရင်ပြင်အကျယ်အဝန်းနှင့် လူအုပ်ကို စောင်းကြည့်ကာ ကောင်းကင်အမြင့်သို့ ရုတ်တရက် ပျံတက်သွားသည်။ ချင်ဖုန်းလည်း လုရှင်းချန်၏ လှုပ်ရှားမှုကို သတိပြုမိသွားပြီး မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး နောက်ကနေ အမြန်လိုက်ပါသွားသည်။

အကယ်၍ တစ်ဖက်လူက လူအုပ်ရှိနေသည်ကို ထည့်တွက်နေလျှင် အနန္တမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်အနေဖြင့် သူက စံပြဖြစ်အောင် ပြသရပေမည်။ ထို့ပြင် သူက ပြင်းထန်စွာ ဖိနှိမ်ပြရမည်ဖြစ်ပြီး အခြေအနေကို လိုက်ကြည့်နေ၍ မဖြစ်ပေ။

သို့သော် ပို၍ မြင့်လေလေ ချင်ဖုန်းသည် မီးပင်လယ်ထဲရောက်နေသကဲ့သို့ လောင်မြိုက်သော အရှိန်အဝါကို ပို၍ ခံစားလာရလေဖြစ်သည်။ သူ အပေါ်သို့ မော့ကြည့်လိုက်သောအခါ ကောင်းကင်တွင် မီးတောက်တိမ်တိုက်ကြီးများ ထူးဆန်းစွာ ပေါ်လာပြီး ကီလိုမီတာ အတော်များများအထိ ပျံ့နှံ့နေသည်ကို တွေ့လိုက်ရသည်။ ကြက်သွေးရောင် တိမ်တိုက်ကြီးများမှ အပူလှိုင်းများက ဒလဟောစီးဆင်းနေသည်။

ရင်ပြင်ရှိ လူအုပ်ကြီးက မော့ကြည့်လိုက်သောအခါ မူလတိမ်တိုက်လွှာများသည် ဖီးနစ်ငှက်၏ တောင်ပံများကဲ့သို့ လောင်ကျွမ်းနေပြီး ကောင်းကင်တွင် ပျံသန်းနေသကဲ့သို့ ထင်မှတ်ရသည်။ မီးတောက်ကြီးများက ကောင်းကင်ကို လောင်ကျွမ်းနေပြီး ပူပြင်းသော လေထုကြောင့် ဂါလက်ဂါမှောင်ခိုဈေးကွက် နယ်မြေတစ်ခုလုံးတွင် လေပြင်းများ တိုက်ခတ်လာသည်။

ချင်ဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး သံလိုက်စွမ်းအား အမြောက်အမြားကို တိတ်တဆိတ် စုစည်းလိုက်ရာ သံမှုန့်များသည် အနက်ရောင်မီးခိုးငွေ့များကဲ့သို့ သူ့ပတ်ဝန်းကျင်တွင် ဝေ့ဝဲနေသည်။

“ဒီကောင်က အတော်လေး ကိုင်တွယ်ရခက်တာပဲ၊၊ အိန်ဂျယ်အဆင့်မဟုတ်ရင်တောင် အမှတ် ၉၀၀၀ ကျော်မှာတော့ သေချာတယ်၊၊ သူ့ကို ပြတ်ပြတ်သားသား ကိုင်တွယ်မှဖြစ်မယ်”

ချင်ဖုန်းက ကောင်းကင်ကို ကြည့်ရင်း ဆက်သွယ်ရေးစက်မှတစ်ဆင့်ပြောလိုက်သည်။

“မိုးကြိုးအကျဉ်းထောင် ဒရုန်း ၂၀၀ ကို ငါ့ကို ကူညီဖို့ လွှတ်လိုက်၊၊ သူ့ရဲ့ တိုက်ကွက်ကို ငါပိတ်ဆို့ပြီးတာနဲ့ သူ့ကို ချက်ချင်း မေ့သွားအောင် လုပ်လိုက်”

မြေအောက်အဆောက်အအုံအတွင်းရှိ ဝမ်တုံ၏ ရှေ့တွင် နည်းပညာရှင်ဒါဇင်ပေါင်းများစွာသည် aiစနစ်မြင်ကွင်းကို အသုံးပြုကာ လက်နက်များနှင့် ဒရုန်းများကို ထိန်းချုပ်စောင့်ကြည့်နေကြသည်။ ကိရိယာအစိတ်အပိုင်းများကို ပြင်ဆင်နေကြသည်။ ဤအရာအားလုံးသည် ချင်ဖုန်း၏ ယန္တရားထုတ်လုပ်မှုစွမ်းရည်ကို ပြသရန်အတွက် အထောက်အကူပြုပစ္စည်းများသာ ဖြစ်သည်။

မထင်မှတ်ဘဲ လူသစ်စုဆောင်းရေးအစီအစဉ်က ချောချောမွေ့မွေ့ဖြစ်နေပြီး အခြားတစ်ယောက်ကပါ ယန္တရားစွမ်းအားကို ထုတ်ပြနေသည်။ ယခု သူတို့လုပ်ရမည်မှာ ချင်ဖုန်းကို လုရှင်းချန်အား အမြန်အနိုင်ယူနိုင်ရန် ကူညီပေးဖို့သာ ဖြစ်သည်။ အခြားမည်သူမှ လာစိန်မခေါ်သရွေ့ လူသစ်စုဆောင်းပွဲက အောင်မြင်သည်ဟု သတ်မှတ်၍ ရသည်။ ထို့နောက်တွင်တော့ မဟာမိတ်အဖွဲ့သည် ဖက်ဒရေးရှင်း၏ ကြွယ်ဝသော အရင်းအမြစ်များ၊ လက်နက်များနှင့် ငွေကြယ်ရထားကို အသုံးပြုကာ အကန့်အသတ်မရှိ တိုးချဲ့သွားနိုင်မည် ဖြစ်သည်။

“မိုးကြိုးအကျဉ်းထောင် ဒရုန်း ၂၀၀ ရဲ့ စွမ်းအားနဲ့ဆိုရင် ပြဿနာတစ်ခုခုဖြစ်နိုင်မလား”

ဝမ်တုံက မေးလိုက်သည်။

“စိတ်မပူပါနဲ့၊၊ ဖျက်စီးခြင်းအဆင့် စွမ်းအားရှင်တွေရဲ့ ခန္ဓာကိုယ် မာကျောမှုက အရမ်းမြင့်မားပါတယ်၊၊ ဒါ့အပြင် ငါက ဒီနေရာမှာ အရှက်ကွဲလို့ မဖြစ်ဘူး၊၊ သူသေသွားတာ ကိုယ်လက်အင်္ဂါ ပျက်စီးတာမရှိသရွေ့ ငါသူ့ကို ဖမ်းထားမှာပါ၊၊ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်အောင်တော့ ကြိုးစားရမှာပေါ့”

ချင်ဖုန်းက သေချာစဉ်းစားထားပုံရသည်။ မကြာမီ တုံ့ပြန်မှု ရရှိပြီးနောက် အရပ်မျက်နှာအသီးသီးမှ မိုးကြိုးအကျဉ်းထောင် ဒရုန်းများစွာ ပျံသန်းလာကြသည်။ ဤဒရုန်းများကို လေသင်္ဘောပေါ်မှ လွှတ်တင်လိုက်ခြင်းဖြစ်ပြီး ချင်ဖုန်းကိုယ်တိုင်ဖန်တီးထားသည့်အလား ဖုံးကွယ်ထားခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်ရှိ တိမ်တိုက်များထဲမှ မီးတောက်ကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အရှိန်ပြင်းစွာ လည်ပတ်နေသည့် မီးနဂါးလေဆင်နှာမောင်းကြီးအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက ကောင်းကင်မှ ဆင်းသက်လာသည့် အနီရောင်ဂျင်ကြီးတစ်ခုနှင့် တူနေသည်။ ဤဂျင်သည် ကောင်းကင်ကို ဖုံးလွှမ်းနိုင်လောက်အောင် ကြီးမားပြီး အချင်းမီတာ ရာနှင့်ချီ ရှိသည်။ ပြင်းထန်သော လည်ပတ်မှုကြောင့် လေပြင်းများဖြစ်ပေါ်လာပြီး မီးလောင်နေသော လေထု၏ မိုးခြိမ်းသံကဲ့သို့ အသံများထွက်ပေါ်နေသည်။ အောက်ကလူများအတွက်တော့ ဥက္ကာခဲကြီးတစ်ခုပြုတ်ကျလာသကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် လုရှင်းချန်သည် မီးနဂါးလေဆင်နှာမောင်းကြီး၏ အပေါ်တွင် လက်နှစ်ဖက်ကို ဖြန့်ကာ ရှိနေသည်။ သူ့လက်ကောက်ဝတ်တွင် အနန္တလက်စွပ်က တဝီဝီမြည်နေပြီး ပြင်းထန်သော အပူလှိုင်းကြောင့် ဆံပင်များ အပေါ်သို့ ထောင်တက်နေသည်။ သူ့စွမ်းအားဖြင့် ဖန်တီးထားသည့် ဤတိုက်ကွက်ကို ကြည့်ရင်း လုရှင်းချန် အားရပါးရအော်ဟစ်လိုက်သည်။

“မြင့်မြတ်သော... ကောင်းကင်မီးလျှံ”

ဝုန်း။

ပြင်းထန်သော လေဆင်နှာမောင်း ပေါက်ကွဲမှုက ရင်ပြင်ရှိ လူထောင်ပေါင်းများစွာကို တုန်လှုပ်သွားစေပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် လူတစ်သန်းကျော်သည်လည်း ရူးသွပ်သွားမတတ် ဖြစ်သွားကြသည်။ ထိုမြင်ကွင်းကြောင့် ချင်ဖုန်း၏ မျက်နှာပြာနှမ်းသွားပြီး ဒရုန်း ၂၀၀ သာ ခေါ်ခဲ့မိသည်ကို နောင်တရနေသည်။

ငါ၂၀၀၀ လောက် ခေါ်ခဲ့သင့်တာ...

သို့သော် ရွေးချယ်စရာမရှိတော့ပေ။ ချင်ဖုန်းသည် သူ၏ ခွန်အားက အိန်ဂျယ်အဆင့်ထက် မနိမ့်ဟု ယုံကြည်ထားသောကြောင့် နောက်မဆုတ်နိုင်ပေ။ မဟုတ်လျှင် ယခင်က ကြွားဝါခဲ့သမျှ အလဟဿဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ချင်ဖုန်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး လှိုင်းထနေသော အနက်ရောင် သံလိုက်မှုန့်မီးခိုးငွေ့များကို မြှင့်တင်ကာ ကြီးမားသော ဓားကြီးတစ်လက်အဖြစ် ပုံဖော်လိုက်သည်။ ထိုဓားကြီးသည် ကျယ်လောင်သောသံနှင့်အတူ လုရှင်းချန်၏ မီးနဂါးလေဆင်နှာမောင်းဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။

အုန်း၊၊

မိုးခြိမ်းသံတစ်ခု ပေါက်ကွဲသွားသကဲ့သို့ပင် အနက်ရောင် ထက်မြက်သော ဓားကြီးသည် မီးနဂါးလေဆင်နှာမောင်းအတွင်းသို့ စိုက်ဝင်သွားပြီး အရည်ပျော်နေသော သံရည်ပူများ၏ အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာသည်။ ကောင်းကင်တစ်ခုလုံးတွင် အန္တရာယ်ရှိသော်လည်း လှပသည့် သံမှုန့်များပေါက်ကွဲထွက်လာရာ လူပေါင်းများစွာကို အံ့အားသင့်သွားစေသည်။

ခဏအတွင်းမှာပင် ချင်ဖုန်းသည် အပူချိန်မြင့်မားသော မီးနဂါးလေဆင်နှာမောင်း၏ ပြင်းထန်သော ဖိနှိပ်မှုကို ခံစားလိုက်ရသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် အသက်ရှူကျပ်လာပြီး ဓားကြီး၏ သုံးပုံတစ်ပုံသည် အရည်ပျော်သွားပြီဖြစ်သည်။ သံလိုက်စွမ်းအားကို ထိန်းချုပ်နေရသော ချင်ဖုန်းသည် ပြင်းထန်သော ခေါင်းကိုက်မှုကို ခံစားရပြီး ချွေးအေးများ စီးကျလာသည်။

ထိုအချိန်တွင် ချင်ဖုန်းက သူ့ခွန်အားရှိသမျှ ထုတ်သုံးကာ ဓားကြီးကို အပေါ်သို့ မြှင့်တင်လိုက်ရင်း တစ်ဖက်ကလည်း နားကြပ်မှတစ်ဆင့် အော်ပြောလိုက်သည်။

“ဒရုန်းတွေအားလုံး... သူ့ကို ဝိုင်းပြီး အလဲထိုးလိုက်ကြ”

ဝီ ဝီ။

ချက်ချင်းပင် နောက်ကွယ်မှ ထိန်းချုပ်မှုဖြင့် မိုးကြိုးအကျဉ်းထောင် ဒရုန်း ၂၀၀ နှင့် ယခင် တိုက်ခိုက်ရေးဒရုန်း ၂၀၀ သည် အုပ်စုလိုက် ကောင်းကင်သို့ ပျံတက်သွားကြသည်။ ၎င်းတို့သည် မီးနဂါးလေဆင်နှာမောင်းကို ကျွမ်းကျင်စွာ ရှောင်တိမ်းပြီး လုရှင်းချန်ကို နောက်ကျောမှ တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

ယန္တရားစွမ်းအားရဲ့ ကျယ်ပြန့်မှုနဲ့ နည်းဗျူဟာက ဘာလဲဆိုတာကို ငါပြပေးမယ်…

ချင်ဖုန်းက ထိုမြင်ကွင်းကို ကြည့်ရင်း လှောင်ပြုံးပြုံးကာ စိတ်ထဲကနေ ကြိတ်တွေးနေသည်၊၊ သူက ဤစွမ်းအားရှင်ခန္ဓာကိုယ်နှင့် အသားမကျသေးသဖြင့် နောက်ဆက်တွဲဆိုးကျိုးနှင့် ထိခိုက်မှုများက ကြီးမားလှသည်၊၊ သူ၏ အတွေ့အကြုံနှင့် စွမ်းအားအမျိုးအစား ကွဲပြားမှုများအရ သူ၏ ၁၀၁၅၀ အိန်ဂျယ်အဆင့် တိုက်ခိုက်ရေးစွမ်းရည်မှာ ဤလူကို လုံးဝအနိုင်မရနိုင်သော်လည်း ကံကောင်းသည်မှာ ဤနေရာသည် သူ့နယ်မြေဖြစ်သည်၊၊ ယန္တရားစွမ်းအားရှင်တစ်ယောက်အနေဖြင့် ဒရုန်းများကို စနစ်တကျသုံးပြီး တိုက်ခိုက်ခြင်းကို ဘယ်သူမှ ဘာမှပြောနိုင်မည်မဟုတ်ပေ၊၊

ထိုသို့တွေးနေစဉ်မှာပင် အထက်ရှိ မီးလျှံတိမ်တိုက်များကြားမှ မိုးကြိုးတိမ်တိုက်တစ်ခု ပေါက်ကွဲထွက်လာသည်၊၊ ချင်ဖုန်း အပေါ်သို့မော့ကြည့်လိုက်ရာ ထိုမီးနဂါးလေဆင်နှာမောင်း၏ အပေါ်တည့်တည့်တွင် ဟင်းလင်းပြင်က တဖြည်းဖြည်းပုံပျက်လာသည်ကို တွေ့လိုက်ရသည်၊၊ မိုးကြိုးတိမ်တိုက်များကြားတွင် ကြီးမားသော ယန္တရားတံခါးကြီးတစ်ခု ထူးဆန်းစွာပေါ်လာပြီး ဖြည်းညင်းစွာ ပွင့်လာသည်၊၊ ထိုယန္တရားတံခါး၏ အခြားတစ်ဖက်တွင်တော့ အဝေးမှ ကြယ်များဆီသို့ ပို့ဆောင်ပေးမည့် လျှပ်စစ်စွမ်းအင်များ ‌လှိုင်းထနေသော တွင်းနက်ကြီးတစ်ခု ရှိနေသည်၊၊ ချင်ဖုန်း၏ ဒရုန်းများသည် ထိုအချိန်တွင် ထိန်းချုပ်မရတော့ဘဲ အသံမျိုးစုံနှင့်အတူ တံခါးအတွင်းသို့ ဝါးမျိုခံလိုက်ရပြီးနောက် ဟင်းလင်းပြင်နေရာလွတ်နှင့်တူသော ထိုယန္တရားတံခါးသည် မျက်စိတစ်မှိတ်အတွင်း ပြန်ပိတ်ပြီး ပျောက်ကွယ်သွားသည်၊၊

Chapter 823

မြို့တစ်ခုလုံး အုံကြွလာခြင်း ၂

တီ... တီ...

မြေအောက်အဆောက်အအုံအတွင်းရှိ ဒရုန်းထိန်းချုပ်ရေး နည်းပညာရှင်များသည် ထိန်းချုပ်မျက်နှာပြင်ပေါ်တွင် ဒရုန်းအစင်း ၄၀၀ လုံး၏ အချက်ပြမှုများ တစ်ပြိုင်နက် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ မျက်နှာပျက်သွားပြီး တစ်ကိုယ်လုံးတောင့်တင်းသွားကြသည်။

“ဆက်သွယ်ရေး ပြတ်တောက်သွားပြီ” ဝန်ထမ်းတစ်ယောက်က ချက်ချင်းအော်ပြောလိုက်သည်၊၊

“ဘာပြောတယ်” ဝမ်တုံ၏ မျက်နှာမည်းမှောင်သွားသည်။

“ဘာဆက်သွယ်ရေးပြတ်တာလဲ”

“ကျွန်တော်တို့ ဒရုန်းတွေ... သူတို့... သူတို့ ပျောက်ကုန်ပြီ”

နောက်ထပ်ဝန်ထမ်းတစ်ယောက်က တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား အော်ဟစ်လိုက်သည်၊၊

ဝမ်တုံလည်း မကောင်းသောနိမိတ်ကို ခံစားလိုက်ရပြီး မျက်နှာပြင်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

“မြန်မြန်... ဒရုန်းတွေအားလုံးကို ထပ်လွှတ်လိုက်”

“နောက်ကျသွားပြီ...”

စောင့်ကြည့်နေသော ဝန်ထမ်းတစ်ယောက်က မျက်နှာပြင်ပေါ်တွင် မီးနဂါးလေဆင်နှာမောင်းကြီးသည် ချင်ဖုန်း၏ အနက်ရောင်ဓားကို တဖြည်းဖြည်း ဝါးမျိုနေသည်ကို ကြည့်ကာ စိုးရိမ်တကြီးပြောလိုက်သည်၊၊

ရင်ပြင်ထက်ကောင်းကင်ပေါ်တွင် ချင်ဖုန်းသည် သူ၏ဒရုန်းများ ချက်ချင်းပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ဦးနှောက်ထဲ ဗလာကျင်းသွားသည်၊၊

“ငါ့ပစ္စည်းတွေ ဘယ်ရောက်ကုန်တာလဲ”

“မဟုတ်ဘူး... တစ်ခုခုမှားနေပြီ”

ဝုန်း။

တောက်လောင်နေသော မီးနဂါးလေဆင်နှာမောင်းကြီးသည် နတ်ဘုရာပြစ်ဒဏ်အလား ကောင်းကင်မှနေ၍ ရုတ်တရက် ဆင်းသက်လာသည်၊၊

ထိုအချိန်တွင် ချင်ဖုန်းသည် လုံးဝထိတ်လန့်သွားပြီး သူ၏စိတ်စွမ်းအားများမှာ ထိန်းချုပ်မရတော့ဘဲ ရှုပ်ထွေးကုန်သည်၊၊ သံမှုန့်အမြောက်အမြားမှာ နေရာအနှံ့လွင့်စင်ကုန်ပြီး သူ၏စွမ်းအားဖြင့် စုစည်းထားသော ဓားကြီးသည်လည်း တဖြည်းဖြည်း ပျော့ခွေလာကာ ချွန်ထက်သောဓားအဖြစ်မှ သဲပုံတစ်ပုံအဖြစ်သို့ ပြောင်းလဲသွားပြီး မီးနဂါးလေဆင်နှာမောင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်၊၊

ထိုအခိုက်တွင် ထိတ်လန့်နေသော ချင်ဖုန်းသည် ဤမြင်ကွင်းကို မြင်လိုက်ရကာ သေမင်းနှင့် ရင်ဆိုင်နေရသည်ဟု ခံစားလိုက်ရသည်၊၊ သူ့ကို ဝါးမျိုတော့မည့် မီးနဂါးလေဆင်နှာမောင်းကို ကြည့်ရင်း ကာကွယ်ရန် သို့မဟုတ် ထွက်ပြေးရန်ပင် မေ့သွားကာ အရူးအမူးအော်ဟစ်လိုက်သည်၊၊

“ရပ်လိုက်... ရပ်လိုက်... ငါ့ကိုမသတ်ပါနဲ့”

ဝူး။

မီးနဂါးလေဆင်နှာမောင်းသည် ချက်ချင်းပင် မီးပွားများအဖြစ် ပြိုကွဲသွားသည်၊၊ လုရှင်းချန်သည် ဝင့်ကြွားသောအမူအရာဖြင့် နတ်ဘုရားတစ်ပါးကဲ့သို့ လေပေါ်တွင် ရပ်နေသည်၊၊ ချင်ဖုန်း၏ အသနားခံသံကို ကြားသောအခါ သူ ချက်ချင်းရပ်လိုက်သော်လည်း မီးနဂါးလေဆင်နှာမောင်းကြောင့် ဖြစ်ပေါ်လာသော ပေါက်ကွဲမှုလှိုင်းက ဘာမှတုံ့ပြန်နိုင်ခြင်းမရှိသည့် ချင်ဖုန်းကို တိုက်ရိုက်လွင့်စင်သွားစေသည်၊၊ အနက်ရောင်မီးခိုးများ ထွက်နေသော လူရိပ်တစ်ခုသည် ကောင်းကင်မှ ပြုတ်ကျလာပြီး ရင်ပြင်ပန်းခြံအတွင်းရှိ မြက်ခြောက်ပုံထဲသို့ ဝုန်းခနဲ ကျသွားကာ ဖုန်များ ထသွားပြီး လူပုံသဏ္ဌာန်ကျင်းကြီးတစ်ခု ဖြစ်သွားသည်ကို လူအများမြင်လိုက်ရသည်၊၊

တိတ်ဆိတ်သွားသည်၊၊

မြင်ကွင်းတစ်ခုလုံး ရုတ်တရက် သေလောက်အောင် တိတ်ဆိတ်သွားခဲ့သည်၊၊

လူတိုင်း၏ မျက်လုံးများက မြက်ခြောက်ပုံထဲတွင် သေလားရှင်လား မသိရသော ချင်ဖုန်းကို ကြည့်လိုက်၊ မီးတောက်တိမ်တိုက်များကြား လေပေါ်တွင် ရပ်နေသော လုရှင်းချန်ကို ကြည့်လိုက်နှင့် ဖြစ်နေကြသည်၊၊ ဤမမျှော်လင့်ဘဲ ပြောင်းလဲသွားသော အခြေအနေကြောင့် အားလုံးမှာ တောင့်တင်းနေကြသည်၊၊

စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင်တော့ ရင်ပြင်တစ်ခုလုံး ဆူညံသံများဖြင့် ဖုံးလွှမ်းသွားသည်၊၊

“အဲဒီပြုတ်ကျသွားတဲ့လူက ချင်ဖုန်းလား”

“သူသေသွားပြီလား”

“မဖြစ်နိုင်ပါဘူး...”

“သောက်ကျိုးနည်း...” လူအုပ်ကြီးမှ ဆူညံသံများ ပေါက်ကွဲထွက်လာသည်၊၊

“ချင်ဖုန်းက အိန်ဂျယ်အဆင့်မဟုတ်ဘူးလား၊၊ ဘာလို့ နှစ်မိနစ်အတွင်းမှာပဲ ရှုံးသွားတာလဲ”

“ဖာ့ခ်... မီးစွမ်းအားက တကယ့်ကို လန်းတာပဲ”

“ယန္တရားစွမ်းအားက အဲဒီလောက်တောင် အားနည်းတာလား”

“လခွမ်း... ခုနကတော့ ၁၆ ယောက်လုံးကို စိန်ခေါ်ချင်ပြီး အခုတော့ ကောင်းကင်ဘုရင် ၄ပါးထဲက တစ်ယောက်ကိုတောင် မနိုင်ဘူး၊၊ ဒီပုံစံနဲ့ ဘယ်လိုလုပ် လူစုဆောင်းပွဲဆက်လုပ်မလဲ”

“ဒါကတော့ တကယ်ကို သောက်ရှက်ကွဲတာပဲ...”

ယာဉ်တန်းစခန်းကြီးဘက်တွင်တော့ လင်းချင်းယွီ၊ လဲ့ကျန်း၊ လောင်ဟန်၊ ဟန်တိုင်ဂီနှင့် အခြားယာဉ်တန်းခေါင်းဆောင်များမှာ တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်ကုန်ကြသည်၊၊

ကောင်းကင်ဘုရင် ၄ပါး တန်းစီရပ်နေသည့်နေရာမှ ရှုယွီဖေးလည်း မယုံနိုင်သလို ကြည့်နေသည်၊၊

“ဒီလောက်မြန်မြန် ရှုံးသွားတာလား” လဲ့ကျန်းက ပြူးကျယ်သောမျက်လုံးများဖြင့် အော်လိုက်သည်၊၊ သူ အံ့သြနေသော်လည်း ပေါင်ကိုပုတ်ကာ လှောင်ရယ်လိုက်သည်။

“အိုးမိုင်ဂေါ့... ဒါကတော့ တကယ်ကို အရှက်ကွဲတာပဲ… ဟားဟားဟား”

“ယုတ္တိဗေဒနည်းအရဆိုရင် ၁၀၁၅၀ အိန်ဂျယ်အဆင့် တိုက်ခိုက်ရေးစွမ်းအားက ဒီလောက်လွယ်လွယ်နဲ့ မရှုံးသင့်ဘူး”

လောင်ဟန်က ဇဝေဇဝါဖြစ်နေရင်း ကစဉ်ကလျားဖြစ်နေသော လူစုဆောင်းပွဲမြင်ကွင်းကို ကြည့်ကာ ရေရွတ်လိုက်သည်၊၊

“စွမ်းအားအညွှန်းကိန်းက ကိုးကားဖို့သက်သက်ပဲဆိုရင်တောင် ယန္တရားစွမ်းအားက တကယ်ပဲ မကာကွယ်နိုင်၊ မရှောင်နိုင်တာလား”

“ဒီကောင်က ရန်သူကို အထင်သေးတာ ဒါမှမဟုတ် သူ့ရဲ့ အိန်ဂျယ်အဆင့်က အပိုတွေဖြစ်နေတာ တစ်ခုခုပဲ” လူဝကြီး ဟန်တိုင်ဂီက ပြောလိုက်သည်၊၊

လင်းချင်းယွီက ခေါင်းခါလိုက်ပြီး “လူသားဆင့်ကဲပြောင်းလဲမှုအလင်းတန်း အဆင့်သတ်မှတ်ချက်ကို အိန်ဂျယ်ဌာနက စစ်ဆေးတာဆိုတော့ အပိုတွေတော့ မဖြစ်နိုင်ဘူး၊၊ ဒါပေမဲ့ စွမ်းအားရှင်အချင်းချင်း တိုက်ခိုက်တဲ့အခါမှာ စွမ်းအားအညွှန်းကိန်းတစ်ခုတည်း ကြည့်လို့မရဘူး၊၊ စွမ်းအားအမျိုးအစား ကွဲပြားမှုကလည်း အရေးကြီးတယ်၊ စွမ်းအားအညွှန်းကိန်းတူရင်တောင် သားရဲအသွင်ပြောင်းတာတို့၊ သွေးစွမ်းအင်အမျိုးအစားတို့က မီးစွမ်းအားတို့ လျှပ်စစ်ဓာတ်တို့လို သဘာဝစွမ်းအားစုတွေကို ယှဉ်ဖို့ခက်တယ်၊၊ ဒါပေမဲ့ ချင်ဖုန်းကတော့ တကယ်ကို မြန်မြန်ရှုံးသွားတာပဲ၊၊ ပထမနှစ်ကွက်မှာတော့ အတော်လေး တည်ငြိမ်နေသလိုပဲကို”

ထိုသို့ပြောပြီးနောက် သူက ဘေးတွင် အေးအေးဆေးဆေးရှိနေသော ကျန်းယွမ်ကို ကြည့်လိုက်သည်၊၊ ဤလူသည် သူတို့လောက် အံ့သြနေပုံမရသဖြင့် သူက မေးလိုက်သည်၊၊

“ကပ္ပတိန်ကျန်း... ခင်ဗျားရော ဘယ်လိုထင်လဲ”

“ငါထင်တာကတော့ အခုချိန်မှာ ချင်ဖုန်း စိုးရိမ်ရမှာက တိုက်ပွဲရှုံးတာ မဟုတ်ဘူး...”

ကျန်းယွမ်က မော့ကြည့်လိုက်သည်၊၊

“ဒီလူစုဆောင်းပွဲကို ဘယ်လို အဆုံးသတ်ရမလဲဆိုတာပဲ”

“ဟုတ်တယ်” လင်းချင်းယွီ၏ မျက်လုံးများ မှေးစင်းသွားသည်၊၊

“ကသောင်းကနင်းတွေ ဖြစ်လာတော့မယ် ထင်တယ်”

ရှေ့က လူစုဆောင်းရေးရင်ပြင်တွင်တော့ ရုတ်ရုတ်သဲသဲဖြစ်နေပြီ ဖြစ်သည်၊၊ လီကျန်းသည် နောက်လိုက်တစ်စုကို ဦးဆောင်ကာ အပြေးအလွှား ရောက်လာပြီး မီးလောင်ထားသော ချင်ဖုန်းကို ကျင်းထဲကနေ မုန်လာဥနုတ်သလို ဆွဲထုတ်လိုက်လေသည်၊၊

ကံကောင်းထောက်မစွာပင် ချင်ဖုန်းသည် ကြယ်တာရာအဆင့် နာနိုစွမ်းအားဝတ်စုံကို ဝတ်ဆင်ထားပြီး လုရှင်းချန်ကလည်း နောက်ဆုံးအချိန်တွင် လက်ရှောင်ပေးခဲ့သောကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့ပေ၊၊ သို့သော်လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြောင့် မျက်ဖြူလန်ကာ ပါးစပ်မှ အမြှုပ်များထွက်ပြီး တက်နေလေသည်၊၊ ဤသနားစဖွယ်ပုံစံမှာ ယခင်က လူစုဆောင်းပွဲတွင် ကြယ်အရှင်သခင် ၁၂ ယောက်နှင့် ကောင်းကင်ဘုရင် ၄ ပါးကို စိန်ခေါ်မည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ကြွေးကြော်ခဲ့သူနှင့် တခြားစီပင်ဖြစ်သည်၊၊

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လီကျန်း၏မျက်နှာ ပြာနှမ်းသွားပြီး လေပေါ်မှ ဆင်းသက်လာသော လုရှင်းချန်ထံသို့ ဒေါသတကြီး ပြေးသွားလိုက်သည်၊၊

“မင်း… မတရားလုပ်တာပဲ၊၊ ကပ္ပတိန်ချင်ရဲ့ ဒရုန်းတွေ ဘယ်ရောက်ကုန်တာလဲ”

“ဟေ့... ရှင်က လူစကားရောပြောတတ်ရဲ့လား”

ထိုအချိန်တွင် ကောင်းကင်ဘုရင်လေးပါးထဲမှ တစ်ဦးဖြစ်သော ကီကီက မထီမဲ့မြင်အမူအရာဖြင့် ရှေ့ထွက်လာသည်၊၊

“တခြားလူတွေက စွမ်းအားဝတ်စုံတောင် မသုံးရဘူး၊။ ရှင်တို့ကတော့ ကြိုတင်စီစဉ်ထားတဲ့ ဒရုန်းတွေကို လက်နက်အနေနဲ့ သုံးနေတာကိုတောင် ကျွန်မတို့ ဘာမှမပြောခဲ့ဘူး၊၊ အခု ရှုံးသွားတော့မှ မတရားလုပ်တယ်လို့ ပြောရသလား၊၊ ဒီတိုက်ပွဲကို အားလုံးလည်း မြင်တာပဲ၊၊ ရှုံးရင် ရှုံးတာပဲပေါ့၊၊ နည်းနည်းလောက် သိက္ခာရှိရှိမနေနိုင်ဘူးလား”

ကီကီ၏ စကားများသည် ဝေဖန်မှုသာမက ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ထိုးနှက်ချက်လည်း ဖြစ်နေသည်၊၊ လူစုဆောင်းပွဲ စည်းမျဉ်းများအရ တိုက်ခိုက်ရာတွင် လက်နက်မသုံးရန် သတ်မှတ်ထားသော်လည်း ချင်ဖုန်းက ယန္တရားစွမ်းအားရှင်ဖြစ်နေသောကြောင့် ဒရုန်းများနှင့် ဝတ်စုံကို သူ၏ နည်းဗျူဟာအဖြစ် အားလုံးက အသာတကြည်လက်ခံပေးခဲ့ခြင်း ဖြစ်သည်၊၊ သို့သော် အဆိုပါတိုက်ပွဲအတွင်း မည်သူမျှ တရားမျှတမှုကို ထည့်မတွက်ခဲ့ကြပေ၊၊

အကယ်၍ ဒရုန်းအစင်းတစ်သောင်း သို့မဟုတ် စက်ရုပ်စစ်တပ်ကြီးကို ကြိုတင်ပြင်ဆင်လာလျှင် စွမ်းအားရှင်တစ်ယောက်၏ ခွန်အားကို ဘယ်လိုစမ်းသပ်နိုင်တော့မည်နည်း၊၊

ကီကီ၏ ထောက်ပြချက်ကြောင့် လူအများ သဘောပေါက်သွားကြသည်၊၊ ချင်ဖုန်းက ကြိုတင်ပြင်ဆင်ထားသော ဒရုန်းများနှင့် တိုက်ခိုက်သည်ကို လက်ခံပေးထားပါလျက်နှင့် ယခု ရှုံးသွားသောအခါ မခံချင်ဖြစ်နေသည်မှာ မဟုတ်သေးပေ၊၊

လီကျန်းလည်း ထိုစကားကို ကြားသောအခါ ဒေါသတကြီးဖြင့် ကီကီကို စိုက်ကြည့်ရင်း သတိဝင်သွားသည်၊၊

“ဪ... ငါသိပြီ၊၊ မင်းကိုး… မင်းက ယန္တရားစွမ်းအားရှင်ပဲ၊၊ ငါတို့ ဒရုန်းတွေကို ပြန်ပေးစမ်း”

“ဟွန့်... ရှင့်ဒရုန်းတွေကို ဘယ်သူက လိုချင်နေလို့လဲ”

ပြဿနာအိုး ကီကီက ခါးထောက်ကာ ပြန်ကျိန်ဆဲလိုက်သည်၊၊

“ရှုံးရင် ရှုံးတာပဲ၊၊ ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ခေါင်းဆောင်ဆိုတာ တိုက်ခိုက်ရေးမှာ အတော်ဆုံးဖြစ်ဖို့ မလိုဘူး၊၊ အဖွဲ့သားတွေ အသက်ရှင်အောင် ဦးဆောင်နိုင်ဖို့ပဲ အရေးကြီးတာ…ယန္တရားစွမ်းအားရှင်တွေ လုပ်နိုင်တာတွေ အများကြီးရှိတယ်၊၊ လက်နက်ခဲယမ်း ထုတ်တာ၊ ယာဉ်တန်း ကာကွယ်ရေးကို ပြင်ဆင်တာ၊ ဖန်တီးမှုနယ်ပယ်ကို ချဲ့ထွင်တာ၊ စိုက်ပျိုးမွေးမြူရေးကိရိယာတွေ လုပ်တာ၊ ခိုလှုံနေရာတွေ၊ ယာဉ်တွေ၊ ပျံသန်းရေးယဉ်တွေနဲ့ ကြယ်သင်္ဘောတွေ တည်ဆောက်တာအထိ အလားအလာတွေ အများကြီးရှိတယ်၊၊ ရှင်တို့က မီးစွမ်းအားရှင်လောက်တောင် မတိုက်နိုင်ရင်တောင် အဖွဲ့ဝင်တွေအပေါ်ကို အနည်းဆုံး လေးစားမှုပြသင့်တယ်၊၊ အဖွဲ့ဝင်သစ်တွေကို ဒီလိုပဲ ဆက်ဆံတာလား”

All Chapters