← Chapters

အခန်း (၈၃၂-၈၃၃)

Vol. 48 Ch. 832-833

အခန်း (၈၃၂-၈၃၃)

Vol. 48 Ch. 832-833

Chapter 832

အကာအကွယ်ချိုးဖျက်ရေးကိရိယာ ၆

လင်းရှန်၏ အမူအရာက ထက်ရှသွားသည်။

“ဒါပေမဲ့ အမှောင်ထုနဲ့ ချိတ်ဆက်ဖို့ဆိုတာ ရည်မှန်းချက်ပဲ၊၊ အဲဒီမှာ လုပ်ငန်းစဉ်တစ်ခု လိုနေသေးတယ်”

“ဘာလုပ်ငန်းစဉ်လဲ” ကီကီက မေးလိုက်သည်။

“S- Class အဆင့် ဦးနှောက်ဆဲလ်ကို ပြန်ရှင်သန်လာအောင် လုပ်ဖို့ပဲ”

လင်းရှန်သည် ကျန်းဟိုင်ဂြိုလ်ပတ်စက်ရုံအောက်ရှိ ဧရာမ ဇီဝမျိုးစပ်သတ္တဝါကြီးကို ရုတ်တရက် သတိရသွားသည်။ ထိုအလောင်းမှာ အနီရောင်ကမ္ဘာက ဘာလို့ ထိန်းချုပ်ကိရိယာတွေ တပ်ထားရလဲဆိုတာ သူ အမြဲသိချင်ခဲ့သည်။ အကြောင်းမှာ အကယ်၍ ထိုသက်ရှိက သူ့အလိုလိုမလှုပ်ရှားနိုင်ဘူးဆိုရင် ၎င်းကိရိယာတွေက အဓိပ္ပာယ်မရှိသလို မှိုမျှင်ချိတ်ဆက်မှုကလည်း အလကားဖြစ်သွားမည်သာ။

“ချူယန်၊၊ မင်း ကျိုးမင်ယွမ်နဲ့ ဝမ်ဟွေ့ဆီက သတင်းရခဲ့တာ မှတ်မိလား၊၊ အာရုဏ်ဦးမြို့တော်ကနေ ဒီလို အကြီးစားယန္တရားကိရိယာတွေကို စေလွှတ်လိုက်တယ် ဆိုတာလေ”

“အင်း”

“အဲဒါက ကြယ်သင်္ဘောသုံးကိရိယာဆိုရင် ဘာထူးခြားမှာလဲ။ ကြယ်သင်္ဘောတွေက နေ့တိုင်း တည်ဆောက်နေတာပဲ။ သူတို့ပြောတဲ့ အကြီးစားယန္တရားကိရိယာဆိုတာက လုံးဝ တခြားအရာတစ်ခုခုဖြစ်ရမယ်”

လင်းရှန်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။

“ငါ ထင်တာတော့ အနီရောင်ကမ္ဘာက မှိုမျှင်ချိတ်ဆက်မှု လုပ်ဖို့အတွက် ပြီးပြည့်စုံတဲ့ S- Class အဆင့် ဦးနှောက်ဆဲလ်တစ်ခုကို မွေးမြူဖို့ ရည်ရွယ်နေတာပဲ။ အမှောင်တိုက်စားဆဲလ်တစ်ခုတည်းက အရေးမကြီးဘူး။ ဒါကြောင့်လည်း ဒီဆဲလ်တွေကို အသက်ရှိတဲ့ ဇီဝတစ်ရှူးတွေပေါ်မှာ မွေးမြူရတာပဲ။ ပြီးတော့ မြူခိုးမီးခိုးမွန်းစတားရဲ့ အလောင်းကို သူတို့ ဘာလို့ ပြန်သိမ်းသွားလဲဆိုတာလည်း ရှင်းသွားပြီ။ သူတို့က အဲဒီအလောင်းပေါ်မှာ ဦးနှောက်ဆဲလ်ကို ပြန်မွေးမြူပြီး မှိုမျှင်ချိတ်ဆက်မှု လုပ်ဖို့ ကြံစည်နေတာ”

“ရှင်ပြောချင်တာက... သူတို့က S- Class အဆင့် တစ်ကောင်ကို ပြန်ရှင်အောင် လုပ်ဖို့ ကြံနေတာလား”

ကီကီက အံ့ဩတကြီး အော်လိုက်သည်။

ချူယန်လည်း ရှုပ်ထွေးသွားသည်။

“အာရုဏ်ဦးမြို့တော်က သူတို့ကို ဘာလို့ အဲဒီလို လုပ်ခွင့်ပေးရတာလဲ”

လင်းရှန် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။

“ကီကီ”

“ဘာဖြစ်လို့လဲ”

“ခုနက ရှေ့တန်းစီမံကိန်းမှတ်တမ်းကို ပြန်ဖွင့်ပြစမ်း၊၊ နေဦး... လွှတ်တင်ရေးအစီအစဉ်..”

ကီကီက လက်ကိုင်တာမီနယ်ကို ချက်ချင်း ထုတ်လိုက်သည်။

“ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောကို အခုလောလောဆယ် အထူးပျံတက်ရေး မစ်ရှင်အဖြစ် သတ်မှတ်ထားတယ်၊ ၁၆ နာရီ ၄၆ မိနစ် ၃၁ စက္ကန့်အကြာမှာ စတင်မယ်၊ လွှတ်တင်မယ့် အစီအစဉ်က နံပါတ် ၂...”

“လွှတ်တင်မယ့် အစီအစဉ်က... ၂ ဟုတ်လား… ဘာလို့ ၂ ဖြစ်နေရတာလဲ။ ငါ တစ်ခုခု မှားနေတယ်လို့ အမြဲခံစားနေရတယ်။ အကယ်၍ ရှေ့တန်းစီမံကိန်းက ပထမဆုံးအစီအစဉ်မဟုတ်ဘူးဆိုရင် ပထမဆုံးက ဘာဖြစ်မလဲ”

ခဏချင်းမှာပင် မရေမတွက်နိုင်သော အတွေးများမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိသွားပြီး ရှင်းလင်းသွားသည်။ သက်ရှိတစ်ရှူးတွေပေါ်မှာပဲ ရှင်သန်နိုင်တဲ့ အမှောင်တိုက်စားဆဲလ်တွေ၊ မြူခိုးမီးခိုးမွန်းစတားကို ထိန်းသိမ်းသွားခြင်း၊ ကျင်းဟိုင်အောက်က A-အဆင့် စမ်းသပ်မှုတွေ၊ မှိုမျှင်ဦးနှောက်စနစ်၊ အမှောင်ချိတ်ဆက်မှု၊ ကောင်းကင်အကာအကွယ်၊ ချိုးဖျက်ရေးကိရိယာ၊ တွင်းနက်လှုပ်ရှားမှု၊ အာရုဏ်ဦးမြို့တော်က စေလွှတ်လိုက်တဲ့ အလွန်ကြီးမားတဲ့ ယန္တရားကိရိယာတွေ...

ထိုအချိန်တွင် လင်းရှန်သည် တဖြည်းဖြည်း မှောင်လာသည့် ကောင်းကင်ကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“အကယ်၍ ရှေ့တန်းစီမံကိန်း သင်္ဘောပေါ်မှာ အမှောင်တိုက်စားဆဲလ် အပိုင်းအစတစ်ခုပဲ ရှိပြီး ဦးနှောက်ဆဲလ်မရှိဘူးဆိုရင်... အဲဒါက တစ်နေရာရာမှာ သွေးသားပေါင်းစပ်မှုနဲ့ ဦးနှောက်ပြန်ရှင်သန်လာတဲ့ ဧရာမ S- Class အဆင့်ကြီး တစ်ကောင်ရှိနေတယ်လို့ အဓိပ္ပာယ်ရတယ်”

“အဲဒီအကောင်ကပဲ... တကယ့် အကာအကွယ်ချိုးဖျက်ရေးကိရိယာပဲ”

…

ဂျိန်းခနဲ မြည်ဟည်းသံနှင့်အတူ မိုးကြိုးများ ပေါက်ကွဲထွက်လာသည်။

အာရုဏ်ဦးမြို့တော်၏ ကောင်းကင်ယံထက်တွင် မှောင်မိုက်သော တိမ်တိုက်များ လိပ်တက်နေပြီး သည်းထန်စွာ ရွာသွန်းနေသော မိုးရေများက တစ်မြို့လုံးကို လိုက်ကာတစ်ခုကဲ့သို့ ဖုံးလွှမ်းထားသည်။

တောင်ဘက် မြို့တံခါးရှိ တံတိုင်းမြင့်ပေါ်မှ အစောင့်တပ်ဖွဲ့ဝင်များသည် အလွန်တင်းမာနေသော အရိပ်အယောင်များရှိနေကြသည်။ ကမ္ဘာပျက်ကပ်အတွင်းရှိ အမှောင်ည၏ ကြောက်မက်ဖွယ်ရာများက လူတိုင်းကို အထူးပင် ထိလွယ်ရှလွယ်ဖြစ်စေခဲ့သည်။ မည်သူမျှ တီးတိုးပြောဆိုခြင်း သို့မဟုတ် ပြုံးရယ်ခြင်းမျိုး မရှိဘဲ မျက်နှာတိုင်းတွင် အမည်မဖော်နိုင်သောကြောက်ရွံ့မှုများဖြင့်သာ ပြည့်နှက်နေသည်။

ကောင်းကင်ကြီးမှာ ကြောက်စရာကောင်းလောက်အောင် မှောင်မိုက်နေပြီး B-2 ကာကွယ်ရေးဇုန်မှ တပ်မှူးသည် အဝေးကြည့်မှန်ပြောင်းဖြင့် မြို့ပြင်ရပ်ကွက်ရှိ လူအုပ်ကြီးကို ကြည့်ရှုနေသည်။ ထို့နောက် အချိန်ကို စစ်ဆေးလိုက်ရာ သူ၏မျက်နှာမှာ ပိုမိုစိုးရိမ်လာပုံရသည်။

“ဒီမှာ လူသောင်းနဲ့ချီကျန်နေသေးတယ် မြန်မြန်လုပ်ကြစမ်း”

“မြို့ထဲမှာ လူတွေ ပြည့်နေပြီ ယာဉ်တန်းတွေက ပေါင်းစပ်ညှိနှိုင်းရမယ် မဟုတ်ရင် လမ်းကြောင်းအားလုံး ပိတ်ဆို့ကုန်လိမ့်မယ်”

တစ်ဦးက ဆက်သွယ်ရေးစက်မှတစ်ဆင့် အော်ဟစ်လိုက်သည်။

“အာရုဏ်ဦးစောင့်ကြည့်သူ မဟာမိတ်အဖွဲ့၊ လေပြင်းမဟာမိတ်အဖွဲ့နဲ့ အများပြည်သူဆိုင်ရာ မဟာမိတ်ယာဉ်တန်းတွေက လူအုပ်ကို ကူညီလမ်းညွှန်ပေးနေပေမဲ့ လူတွေက အရမ်းများလွန်းနေတယ်”

လမ်းကြောင်းထိန်းချုပ်ရေး အရာရှိက အော်ပြောလိုက်သည်။

“ပြဿနာက ကားတွေ အရမ်းများနေတာပဲ ထရပ်ကားကြီးတွေနဲ့ ပြုပြင်မွမ်းမံထားတဲ့ ကားတွေက လမ်းတွေကို ပိတ်ဆို့နေတယ်… ဒီအတိုင်းသာ ဆက်သွားရင် မြို့ရဲ့ အဓိကလမ်းမကြီးတွေအကုန် လည်ပတ်မှု ရပ်ဆိုင်းကုန်လိမ့်မယ်… နောက်က ယာဉ်တန်းတွေက သူတို့ကားအချို့ကို စွန့်လွှတ်ရလိမ့်မယ်”

“ကားတွေကို စွန့်ခဲ့ကြ အသက်ရှင်ကျန်ရစ်သူတွေ ညအိပ်နားဖို့ မြို့ထဲကို ဝင်ခွင့်ပေးလိုက်တော့”

အမိန့်ပေးပြီးသည်နှင့် မြို့တံခါးအားလုံးက စတင်လုပ်ဆောင်ကြတော့သည်။ မြို့ထဲသို့ မဝင်ရသေးသော အသက်ရှင်ကျန်ရစ်သူများမှာ ထိတ်လန့်သွားကြသည်။ ၎င်းတို့အတွက် ယာဉ်များမှာ ရွှေ့လျားခိုလှုံရာများ ဖြစ်သောကြောင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် အလွယ်တကူ မစွန့်လွှတ်လိုကြပေ။

သို့သော် ကောင်းကင်ယံမှာ ပိုမိုမှောင်မိုက်လာပြီး မိုးသက်မုန်တိုင်းများ တလိမ့်လိမ့်တက်လာသည်ကို မြင်သောအခါ ပြတ်သားသည့် အသက်ရှင်ကျန်ရစ်သူအချို့က ၎င်းတို့၏ကားများကို စွန့်လွှတ်ကာ ပိုင်ဆိုင်မှုများ၊ လက်နက်များနှင့် မိသားစုဝင်များကို ခေါ်ဆောင်၍ မြို့ထဲသို့ ခြေကျင်ပြေးဝင်ကြတော့သည်။ ၎င်းတို့ကို မြင်သောအခါ ပိတ်ဆို့နေသည့် အခြားသူများလည်း လိုက်ပါလုပ်ဆောင်ကြရာ စွန့်ပစ်ထားသော ကားများမှာ တစ်စတစ်စ ပိုမိုများပြားလာသည်။

“ညအမှောင်ကျဖို့ ဘယ်လောက်လိုသေးလဲ”

တံတိုင်းပေါ်မှ တပ်မှူးက မှောင်မိုက်သော ကောင်းကင်ကို ကြည့်ကာ မေးလိုက်သည်။ တိမ်တိုက်များနှင့် မိုးရေများကြောင့် နေ့နှင့်ညကို ခွဲခြားရန် ခက်ခဲနေပြီဖြစ်သည်။

“အစီရင်ခံပါတယ် ဆာ.. မိနစ် ၃၀ လောက် လိုပါသေးတယ်”

တပ်မှူးက မျက်မှောင်ကြုတ်လိုက်ပြီး တံတိုင်းအောက်ခြေမှ တစ်ခုခုကို ကြားလိုက်ရသဖြင့် ရှေ့သို့ အမြန်တိုးကြည့်လိုက်သည်။ သို့သော် တံတိုင်းအောက်ခြေမှာ တွင်းနက်ကြီးကဲ့သို့ အမှောင်ထုဖုံးလွှမ်းနေပြီး တစ်ချိန်က မြင်တွေ့ခဲ့ရသော မြို့ပြင်ရပ်ကွက်ရှိ လမ်းများနှင့် အိမ်ခြေများမှာ ဝါးမျိုခံလိုက်ရသကဲ့သို့ ရှိနေသည်။

“မီးမောင်းထိုးစမ်း”

“အေ-၁၊ အေ-၂ မီးမောင်းထိုး”

ထိုအချိန်တွင် လက်နက်ကိုင်ဆောင်ထားသော အစောင့်စစ်သား အချို့ ချဉ်းကပ်လာကာ မီးမောင်းများ ထိုးကြည့်သော်လည်း မည်သည့်အရာမျှ မတွေ့ရပေ။

တပ်မှူးက နောက်ဆုတ်လိုက်ပြီး “တွင်းနက်ရဲ့ အမှောင်ဒီရေက ပုံမှန်မဟုတ်ဘဲ ပြန့်ကားလာနေပြီ ခန့်မှန်းထားတဲ့ အချိန်က မသေချာနိုင်ဘူး...”

ရွှီးခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။

သူ စကားမဆုံးမီမှာပင် အကြေးခွံအမည်းရောင်များ ဖုံးလွှမ်းထားသော ကြီးမားသည့် လက်တံကြီးတစ်ခုက နောက်ဖက်မှ ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်း၏ ရှေ့ဖက်ပိုင်းမှာ အစွယ်များပါသည့် ကြီးမားသော ပါးစပ်ကြီးအဖြစ် ကွဲထွက်သွားပြီး တပ်မှူး၏ ခန္ဓာကိုယ်တစ်ပိုင်းကို တစ်ချက်တည်းဖြင့် ဝါးမျိုလိုက်ကာ စွမ်းအားဝတ်စုံကိုပင် ဆွဲဖြဲပစ်လိုက်သည်။

ဒက် ဒက် ဒက် အုန်း အုန်း

ချက်ချင်းဆိုသလိုပင် တံတိုင်းပေါ်ရှိ အလိုအလျောက် အမြောက်များအားလုံး စတင်ပစ်ခတ်လိုက်ကြသည်။ ကြောက်မက်ဖွယ်မြင်ကွင်းကြောင့် ထိတ်လန့်သွားသော စစ်သားများသည် ချွေးစေးများ ထွက်လာပြီးနောက်မှ သတိပြန်ဝင်လာကြသည်။

“သန္ဓေပြောင်းမွန်းစတား”

“ပစ်ကြ”

ဘန်း ဘန်း ဘန်း

ဝူးး

ရုတ်တရက်ပင် အာရုဏ်ဦးမြို့တော်၏ ကာကွယ်ရေးလက်နက်များမှ မီးတောက်များ ပန်းထွက်လာသည်။ မီးမောင်းများက ထပ်မံစကင်ဖတ်လိုက်သောအခါ ကြောက်မက်ဖွယ်ရာပုံစံများနှင့် သန္ဓေပြောင်းမွန်းစတားများမှာ ဒီရေလှိုင်းကဲ့သို့ တံတိုင်းအောက်ခြေမှ ပေပေါင်းများစွာ မြင့်အောင် တက်လာကြသည်ကို တွေ့ရသည်။ ၎င်းတို့က မြို့ပြင်ရပ်ကွက်ရှိ လမ်းများနှင့် အဆောက်အဦးများကို ဖုံးလွှမ်းထားသည်။ အနက်ရောင်မြူလှိုင်းကြီးမှာ သဘာဝအတားအဆီးကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး အမှောင်ဒီရေမှာ ယခုကဲ့သို့ စောစီးစွာ ရောက်ရှိလာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။

တိုက်ပွဲမှာ ချက်ချင်းဆိုသလို အရှိန်မြင့်တက်လာသည်။ ကောင်းကင်ယံရှိ မှောင်မိုက်သော တိမ်တိုက်များအောက်တွင် ပျံသန်းနိုင်သော မွန်စတားမျိုးစုံက အုပ်စုလိုက် ရောက်ရှိလာကြသည်။ မြို့တံခါးဖက်တွင်လည်း အမြောက်ကြီးများ၏ ဟိန်းဟောက်သံနှင့် မွန်စတာဒီရေလှိုင်းများကြား၌ ရွှေ့ပြောင်းနေသူ အမြောက်အမြားမှာ ကားများကို စွန့်ခွာကာ မြို့ထဲသို့ တိုးဝှေ့ပြေးဝင်နေကြသည်။ စိတ်သောကရောက်နေသော လင်မယားနှစ်ဦးမှာ ကားပေါ်မှ ဆင်းရုံရှိသေးသော်လည်း နောက်ဖက် အမှောင်ထုထဲမှ ကြီးမားသော အနက်ရောင်ကင်းခြေများကြီး ထွက်လာပြီး ၎င်းတို့ကို ဝါးမျိုသွားတော့သည်။

Chapter 833

တောင်ပံ ၈ခု အိန်ဂျယ် ၁

မြေပြင်ပေါ်တွင် တီကောင်များ၊ မွန်စတားပိုးကောင်များ၊ ထိတ်လန့်ဖွယ်လူသားများ၊ တစ်စစီ ပြန်ချုပ်ထားသည့် လူပုံစံ မွန်စတားများနှင့် မြူခိုးပင့်ကူကြီးများ အုပ်စုလိုက် ထွက်ပေါ်လာသည်။ အော်ဟစ်သံများ၊ သေနတ်သံများနှင့် မိုးသက်မုန်တိုင်းသံများမှာ မိနစ်ပိုင်းအတွင်း ရောထွေးကုန်ပြီး မြို့ပြင်တွင် ကျန်ရှိနေသူများမှာ သားကောင်များကဲ့သို့ ဝန်းရံခံလိုက်ရကာ အများအပြားသေဆုံးကုန်ကြသည်။

အမှောင်ထုသည် ဒီရေကဲ့သို့ တိုးဝင်လာပြီး သောင်းနှင့်ချီသော အသက်ရှင်ကျန်ရစ်သူများမှာ အသည်းအသန် ပြေးနေကြရသည်။

“ပြေးကြ မြို့တံတိုင်းဆီကို ပြေး”

အမျိုးသားတစ်ဦးက သူ၏ ဇနီးနှင့် သမီးကို ဆွဲကာ တိမ်းမှောက်နေသော ထရပ်ကားတစ်စီးကို ကျော်ဖြတ်ပြေးလွှားနေသည်။ သမီးဖြစ်သူ၏ ဖိနပ်လေး တစ်ဖက်မှာ ကျွတ်ကျန်ရစ်ပြီး သူမ၏ ခြေထောက်မှာလည်း ကွဲနေသော မှန်စများကြောင့် သွေးချင်းချင်းနီနေသည်။

“ဖေဖေ... သမီး မပြေးနိုင်တော့ဘူး”

ထိုအမျိုးသားက ချက်ချင်း ငုံ့လိုက်ပြီး သမီးကို ပုခုံးပေါ် ထမ်းတင်လိုက်ကာ နောက်ဖက်သို့ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်လိုက်သည်။

“တင်းတင်းဖက်ထား”

နောက်တစ်စက္ကန့်တွင် ဘေးဖက်မှ ကြောက်မက်ဖွယ် အရိပ်တစ်ခု ခုန်ဝင်လာသည်။ ဇနီးဖြစ်သူက ယောကျ်ားနှင့်သမီးကို အတင်းတွန်းထုတ်လိုက်ပြီး သူမကိုယ်တိုင် အမှောင်ထုထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။ “ပြေးတော့—" ဟူသော တိုတောင်းသည့် အော်ဟစ်သံလေးသာ ကျန်ရစ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် မြို့ပြင်ရှိ ကာကွယ်ရေး စခန်းများမှလည်း အစွမ်းကုန် ပြန်လည်ပစ်ခတ်နေကြသည်။ မွန်စတားဒီရေလှိုင်းများကြားရှိ လူအနည်းငယ်မှာ အစောင့်တပ်၏ စခန်းများအနီးသို့ ချဉ်းကပ်ရင်း အသည်းအသန်ခုခံနေကြရသည်။ ၎င်းတို့မှာ အမှောင်ထုထဲမှ ကျွန်းငယ်လေးများကဲ့သို့ ဖြစ်နေသည်။

“မြန်မြန် ဒီဖက်ကို လာကြ”

ကင်းမျှော်စင်ပေါ်မှ စစ်သည်တစ်ဦးက အော်ဟစ်ကာ အသက်ရှင်ကျန်ရစ်သူများကို ကူညီပေးနေသည်။

“လာကြစမ်း ဒီနေ့ ငါတို့ဆီမှာ ကျည်ဆန်တွေ အများကြီး ရှိတယ်”

စစ်သားတစ်ဦးက အံကြိတ်ကာ ဂတ်တလင်သေနတ်ကြီးဖြင့် တရစပ် ပစ်ခတ်ရင်း ဟိန်းဟောက်လိုက်သည်။

မျှော်လင့်မထားဘဲ ရာနှင့်ချီသောလူများ ကာကွယ်ရေးကင်းမျှော်စင်အနီး စုမိနေစဉ်မှာပင် မီတာပေါင်းများစွာ ကျယ်ပြန့်သော အတောင်ပံများပါသည့် ကြီးမားသော အရိပ်ကြီးတစ်ခု ကောင်းကင်မှ ရုတ်တရက် ထိုးဆင်းလာသည်။

ဝုန်း

ကင်းမျှော်စင်တစ်ခုလုံး အမှောင်ထုနှင့် မီးခိုးများကြားတွင် ခဏချင်းအတွင်း ပျောက်ကွယ်သွားခဲ့သည်။

ဝီ ဝီ ဝီ။

အာရုဏ်ဦးမြို့တော်အတွင်းမှ တိုက်ခိုက်ရေးဒရုန်းအုပ်စုများ ပျံတက်လာပြီး မြို့ထဲသို့ ဝင်ရန် ကြိုးစားနေသော မွန်းစတားများကို ဗုံးကြဲတိုက်ခိုက်လိုက်ကြသည်။ လေဆာ ကာကွယ်ရေးစနစ်ကြီးမှာလည်း ကောင်းကင်ကို ဖုံးလွှမ်းထားသော အပြာရောင်ပိုက်ကွန်ကြီးအလား ဖြန့်ကျက်လာသည်၊၊ Great Wall အမြောက်ကြီးများ၏ ၂၁၀ မီလီမီတာ ကျည်ဆန်များက ဘောလုံးကွင်းတစ်ဝက်စာရှိသော မွန်းစတားများကို ချေမှုန်းပစ်နိုင်ပြီး ပိုးကောင်အစိတ်အပိုင်းများကို တစ်စစီလွင့်စင်သွားစေသည်။ လျှပ်စစ်သံလိုက်အမြောက်များကလည်း အမှောင်ထုထဲရှိ ကြီးမားသော သန္ဓေပြောင်းမွန်းစတားများကို အလင်းတန်းများဖြင့် ပစ်ခတ်နှိမ်နင်းနေကြသည်။

“ကာကွယ်ရေးဇုန် စုစုပေါင်း ၁၆ ခုမှာ တိုက်ပွဲတွေ ဖြစ်နေပြီ အခြေအနေက အဆင့် ၄ ထက် ကျော်လွန်နေတယ်”

အစီရင်ခံချက် ထွက်ပေါ်လာသည်။

ရှေ့တန်းစစ်မျက်နှာ တံတိုင်းပေါ်ရှိ ကွပ်ကဲမျှော်စင်တွင် ကာကွယ်ရေးဇုန်အသီးသီးမှ တပ်မှူးများသည် လုထျန်းယဲ့ထံ တိုက်ပွဲအခြေအနေများကို အစီရင်ခံနေကြသည်။

“အထူးအဆင့်နဲ့ S-Class အဆင့် ရန်သူတွေကို ထောက်လှမ်းဖို့ ကြိုတင်သတိပေးလေယာဉ်တွေကို ချက်ချင်းလွှတ်လိုက်။ နောက် ၅ မိနစ်အတွင်းမှာ မြို့တံခါးအားလုံးကို ပိတ်ချလိုက်တော့”

လုထျန်းယဲ့က မှောင်မိုက်နေသော ကောင်းကင်ကို ကြည့်ကာ အေးစက်စွာ အမိန့်ပေးလိုက်သည်။

“သီးသန့်ဇုန်ကနေ အစီရင်ခံစာ ရောက်လာပါတယ်”

အုန်း အုန်း အုန်း

မြို့ပြင်ရပ်ကွက်ရှိ သီးသန့်ဇုန်တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် အစောင့်တပ်ရင်း ၁ သည် အင်အားကြီးမားသော မွန်းစတားဒီရေလှိုင်း၏ တိုက်ခိုက်မှုကို ရှေ့တန်းမှ ရင်ဆိုင်နေရသော်လည်း ကြိုတင်ပြင်ဆင်မှု ကောင်းမွန်သောကြောင့် ထိုးဖောက်ခံရခြင်းမျိုး မရှိပေ။ တပ်ရင်းတစ်ခုလုံးသည် ၎င်းတို့၏ အစွမ်းထက်သော ပစ်ခတ်အားကို အသုံးပြု၍ အမှောင်ဒီရေ၏ ပထမလှိုင်းကို ခုခံထားနိုင်သည်။

“ဗိုလ်ချုပ်ကို အစီရင်ခံပါတယ် ဒီဘက်က သီးသန့်ဇုန်မှာတော့...”

ပထမတပ်ရင်းမှူး ဟွာပင်းသည် စစ်ဆင်ရေးများကို ညွှန်ကြားနေစဉ်မှာပင် ကာကွယ်ရေးစခန်း၏ မြေပြင်မှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။ အဆောက်အဦးများ ပြိုကျပြီး လမ်းများ ကျွံဝင်သွားကာ မြေအောက်မှ အကြေးခွံများ ဖုံးလွှမ်းနေသော ကြီးမားသည့် သန္ဓေပြောင်းကြီး မွန်းစတားကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်း၏ ၁၀မီတာကျော် ရှည်လျားသော ခန္ဓာကိုယ်ဖြင့် ယမ်းခါလိုက်ရာ စစ်သည်များနှင့် အသက်ရှင်ကျန်ရစ်သူအတော်များများ သွေးအိုင်ထဲတွင် ကြိတ်ခြေခံလိုက်ရသည်။

“A-Class လို့ ယူဆရတဲ့ ကြီးမားတဲ့ သန္ဓေပြောင်းမွန်းစတားတစ်ကောင် ပေါ်လာပြီ။ မဟာဗျူဟာမြောက် လက်နက်တွေနဲ့ ကူညီပေးဖို့ တောင်းဆိုပါတယ်”

“တပ်ခွဲ ၃ အဲဒီသားရဲကြီးကို လမ်းထဲကနေ ဆွဲထုတ်သွားကြစမ်း”

“ကိုဩဒိနိတ် အမှတ်တွေ ပြော”

“ကိုဩဒိနိတ်ကတော့...”

ဟွာပင်း စကားမဆုံးမီမှာပင် ကာကွယ်ရေးစခန်းရှိ အမှောင်မြူထုထဲမှ ကြောက်မက်ဖွယ် အရိပ်ကြီးအချို့ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

“ဖာ့ခ်... သေစမ်း” သူက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ရင်း ဆဲလိုက်မိသည်။

“ဂျစ် ဂျစ်...”

နောက်တစ်စက္ကန့်တွင် ဆက်သွယ်ရေးစက်မှ အသံများမှာ လိုင်းမကြည်တော့ဘဲ ဝေဝါးသွားကာ သီးသန့်ဇုန်မှလာသော အချက်ပြအများအပြားမှာ ကွပ်ကဲစင်တာမှ ပျောက်ကွယ်သွားခဲ့သည်။

ဝုန်း ဝုန်း ဝုန်း

အာရုဏ်ဦးမြို့တော်သည် ရှေ့တန်းမျက်နှာစာအများအပြားတွင် ရန်သူနှင့် ရင်ဆိုင်နေရပြီး မီးတောက်များမှာ ကောင်းကင်သို့ လျှံတက်နေသည်။ အမြောက်များ၊ ပလာစမာရောင်ခြည်များနှင့် လျှပ်စစ်သံလိုက်အမြောက်များက မိုးရွာနေသော ညကောင်းကင်ယံကို လင်းထိန်စေသည်။ မြို့တွင်းပိုင်းရှိ စစ်အခြေစိုက်စခန်းများမှ ဒုံးကျည်ကြီးများမှာလည်း ပုံမှန်ပစ်လွှတ်နေပြီး အသံထက်မြန်သော အရှိန်ဖြင့် လေကိုခွင်းသွားကြသည်။

ခဏချင်းအတွင်းမှာပင် ပေါက်ကွဲသံများနှင့် မိုးကြိုးသံများမှာ ရောထွေးကုန်ပြီး လေထုကြီးတစ်ခုလုံး တုန်ခါနေသကဲ့သို့ ခံစားရသည်။

အမွှာကြယ်မျှော်စင်ပေါ်တွင် လင်းရှန်နှင့် ချူယန်၏အဖွဲ့သည် ကမ္ဘာစစ်ကြီးတစ်ခုနှင့် တူနေသော မြင်ကွင်းကို ကြည့်ရင်း မျက်နှာများမှာ အလွန်လေးနက်တည်ကြည်နေကြသည်။

“ညက ဒီလောက်တောင် စောစောရောက်လာတာလား”

လင်းရှန်က အချိန်ကို စစ်ဆေးလိုက်ရာ ၁၈:၀၀ နာရီပင် မရှိသေးပေ။

“တွင်းနက်ရဲ့ လှုပ်ရှားမှုတွေကြောင့် အမှောင်ဒီရေကို ခန့်မှန်းတဲ့ နည်းလမ်းဟောင်းတွေက အလုပ်မဖြစ်တော့ဘူး”

ချူယန်က အေးစက်စွာ ပြောလိုက်သည်။

“အခုတော့ ငါတို့တွေ ခုခံကာကွယ်ရုံပဲ ရှိတော့တယ်”

ကီကီက ‌အဝေးမှ မီးတောက်များကို ကြည့်ရင်း စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်၊၊

“ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ လင်းရှန်၊ အနန္တရထားက ကျင်းဟိုင်မှာ ကျန်နေသေးတယ်”

လင်းရှန်၏ အမူယာက လေးလံနေသည်။

“အဲဒီမှာ ဘာမှမဖြစ်ဖို့ပဲ ဆုတောင်းရတော့မယ်။ စက်မှုဇုန်မှာတော့ အမှောင်အမှတ်အသားမရှိတော့ မွန်းစတားတွေနဲ့ တိုက်ရိုက် ရင်ဆိုင်ရမှာ မဟုတ်ဘူး”

သို့သော်လည်း လင်းရှန်၏ စိုးရိမ်မှုမှာ လျော့ပါးမသွားပေ။ ဝင်ရိုးစွန်း‌ညသည် လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး သူ၏ အဖွဲ့ဝင်အများအပြားမှာ ထိုနေရာတွင် ရှိနေသည်။ နန်ကျင်းနှင့် ချီလီတို့ ဘေးကင်းစွာ ရောက်ရှိသွားဖို့သာ သူ မျှော်လင့်နိုင်တော့သည်။

ထို့နောက် လင်းရှန်က ချူယန်ဘက်သို့ လှည့်ကာ မေးလိုက်သည်၊၊

“အဲဒီ စက်ကိရိယာ အစိတ်အပိုင်းကြီးတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ရှာတွေ့ပြီလား”

လင်းရှန်၏ ခွဲခြမ်းစိတ်ဖြာချက်အရ ဤစက်ကိရိယာများ၏ သဲလွန်စကို ရှာတွေ့ပါက အနီရောင်ကမ္ဘာနှင့် အာရုဏ်ဦးမြို့တော်နှင့် ပူးပေါင်းဆောင်ရွက်မှုအတိုင်းအတာနှင့် အကာကွယ်ချိုးဖျက်ရေးကိရိယာရှိရာ အခြေစိုက်စခန်းသို့ တိုက်ရိုက်ရောက်ရှိနိုင်မည် ဖြစ်သည်။

“စုံစမ်းနေတုန်းပဲ၊ ဒါပေမဲ့ မျှော်လင့်ချက် သိပ်မထားပါနဲ့။ ဝမ်ဟွေ့နဲ့ ကျိုးမင်ယွမ်တို့တောင် မသိဘူးဆိုရင် ဒီစီမံကိန်းက အနီရောင်ကမ္ဘာရဲ့ တိုက်ရိုက်လွှမ်းမိုးမှုကို ခံထားရတာဖြစ်နိုင်တယ်။ အမှောင်မဟာဗျူဟာကွန်ရက်ထဲက အချက်အလက်တွေကို ကျိုးကျင်းနဲ့ ကီနိုတို့ရဲ့ ညလမ်းလျှောက်သူအဖွဲ့က စုံစမ်းခဲ့ပေမဲ့ လုံးဝ ဖျက်ဆီးခံထားရတယ်။ ချူကျောက်နန်နဲ့ အနီရောင်ကမ္ဘာအကြောင်းဆိုရင် ရှေ့တန်းစီမံကိန်းရဲ့ လျှို့ဝှက်ချက်အဆင့်ထက် ပိုမြင့်နေတယ်”

ခရစ် ခရစ်

အသံတစ်ခု ထွက်လာသည်။

“ဘယ်သူလဲ”

ထိုအချိန်တွင် ချူယန်၏အဖွဲ့သားများအားလုံး တစ်ပြိုင်နက်တည်း သေနတ်များဖြင့် ချိန်လိုက်ကြသည်။

လင်းရှန်၊ ချူယန်၊ ကီကီနှင့် အခြားသူများ လှည့်ကြည့်လိုက်သောအခါ အရိပ်ထဲမှ အမျိုးသားတစ်ဦးသည် မည်သူမျှ သတိမထားလိုက်မိဘဲ ခေါင်မိုးပေါ်သို့ တိတ်တဆိတ် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

“လင်းရှန်”

ထိုအမျိုးသားက လင်းရှန်ကို ကြည့်ကာ ယဉ်ကျေးစွာ ပြောလိုက်သည်။

“ဥက္ကဋ္ဌ ချူကျောက်နန်က ခင်ဗျားနဲ့ စကားပြောချင်နေပါတယ်”

ဤစကားကြောင့် လူတိုင်း၏ မျက်နှာအမူအယာများ ပြောင်းလဲသွားကြသည်။

All Chapters