နတ်ဘုရားစွမ်းရည်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခြင်း
Vol. 10 Ch. 950
အချုပ်အနှောင် စွမ်းအားများ ပေါ်ထွက်လာသောအခါ ကမ္ဘာပုံရိပ်ကြီးမှာ အမိုးခုံးအဆောက်အဦကြီးတစ်ခုအလား ပြောင်းလဲသွားပြီး ကုန်းစွန်းဝမ်အာကို ဖုံးလွှမ်းသွားကာ သူမ၏ပတ်ပတ်လည်တွင် လျင်မြန်စွာ ကျုံ့ဝင်လာတော့သည်။
၎င်းက အသေးငယ်ဆုံးအခြေအနေအထိ ကျုံ့ဝင်သွားသည့်အခါတွင် ကုန်းစွန်းဝမ်အာမှာ ကောင်းကင်ဧကရာဇ်၏ ကျေးကျွန်ဘဝသို့ ရောက်သွားမည်ဖြစ်ကြောင်း သိနိုင်သည်။
ထူးဆန်းသည်မှာ ထိုသို့ဖြစ်ပျက်နေသည်နှင့်ပတ်သက်၍ ကုန်းစွန်းဝမ်အာက အံ့အားသင့်နေသည့် အမူအရာ မပြခြင်းပင်ဖြစ်သည်။ သူမသည် ထူးဆန်းသောအလင်းရောင်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် ဆိုလိုက်သည်။
“ အချိန်တော်တော်ပေးပြီးတော့ကို ပြင်ဆင်ခဲ့တာပါလား မျိုးမစစ် တာအိုကောင်းကင်တံတား။ ငါ့ မူလခန္ဓာကိုယ်ကို ဝါးမျိုမဲ့အချိန်အထိ နင်ကစောင့်နေခဲ့တာပဲ "
" ဒါပေမဲ့ ဒီလိုဖြစ်ရပ်မျိုးအတွက် ငါက မပြင်ဆင်ထားဘူးလို့ နင် တကယ်ထင်နေတာလား။ နင်က တကယ့်ကို ရယ်စရာကောင်းတာပဲ။ မှတ်ထား။ နင်ရှုံးနိမ့်ရတဲ့ အကြောင်းအရင်းက နင်နေထိုင်နေတဲ့ကမ္ဘာကြီးရဲ အကြောင်းကို နင်ကိုယ်တိုင်နားမလည်လို့ရယ်၊ ပြီးတော့... ဒီအရိုးသင်္ဘောကြီးက ဘယ်လောက်အစွမ်းထက်လဲဆိုတာကို နင်လုံးဝမသိတဲ့အတွက်ကြောင့်ရယ်ပဲ "
ကုန်းစွန်းဝမ်အာ၏ ပါးစပ်မှ စူးရှသောရယ်မောသံကြီးတစ်သံပေါ်ထွက်လာပြီးနောက် ပိုင်ရှောင်ချန်းနှင့် အခြားကျင့်ကြံသူများ၏ ခြေထောက်အောက်ရှိ အရိုးသင်္ဘောကြီးမှာ ရုတ်တရက် တုန်ရီသွားတော့သည်။
သင်္ဘောကြီးကိုတည်ဆောက်ထားသည့် အရိုးတစ်ချောင်းချင်းစီတိုင်းမှ အနက်ရောက်အလင်းတန်းများ ထွက်ပေါ်လာပြီး ရစ်ပတ်သွားကာ အလင်းတန်းတစ်တန်းအသွင် စုစည်းသွားပြီးနောက် အခန်းတံခါးအပေါ်ဘက်ရှိ အမှတ်အသားရှစ်ခုပါသော ကြေးမုံဆီသို့ ဦးတည်သွားတော့သည်။
" ဒီအခိုက်အတန့်အတွက် ငါ ပြင်ဆင်ထားစရာတောင် မလိုဘူး မျိုးမစစ်ကောင်၊ တာအိုကောင်းကင်တံတား။ သင်္ချိုင်းစောင့်ကြီးကို ငါတို့တိုက်ခိုက်ခဲ့တုံးက နင်က ငါ့ကို မချုပ်နှောင်ရဲခဲ့ပေမဲ့ အခုတော့ ယုံကြည်မှုရှိနေပြီပေါ့။ ဒါပေမဲ့ နင့်အတွက် ကံမကောင်းတာက ငါလိုအပ်တဲ့အရာက ဒီအရိုးသင်္ဘောကြီးဖြစ်နေတာကို နင် မသိလိုက်တာပဲ။ ငါက သရဲမယ်တော်ရဲ့ ပြတ်နေတဲ့ ဘယ်ဖက်လက်လေ။ အဲဒီလက်က ဒီစစ်သင်္ဘောကြီးထဲမှာရှိတဲ့ အချုပ်အနှောင်မှော်အတတ်တွေကို ထိန်းချုပ်နိုင်တယ်။ အမှန်အတိုင်းပြောရရင် ငါက နင် ငါ့ကိုတိုက်ခိုက်လာမှာကို စောင့်ဆိုင်းနေခဲ့တာ "
" မိစ္ဆာခွင်း ကြေးမုံ။ အကျွန်ုပ် သင့်ကို ဆင့်ခေါ်လိုက်တယ် "
ထို့နောက် ကုန်းစွန်းဝမ်အာ၏နှုတ်မှ ရယ်မောသံများထပ်မံ ထွက်ပေါ်လာပြီး သင်္ဘောကြီးဆီမှ အနက်ရောင်အလင်းတန်းများက အမှတ်အသားရှစ်ခုပါသော ကြေးမုံထဲသို့ စုပ်ယူခြင်းခံလိုက်ရတော့သည်။ ထို့နောက် ထိုကြေးမုံမှာ တုန်ရီစပြုလာပြီးနောက် အနက်ရောင်အလင်းတန်းတစ်တန်းအသွင် လေပေါ်သို့ပျံတက်သွားပြီး ကောင်းကင်ဧကရာဇ်ဆီသို့ ဦးတည်သွားတော့သည်။
ထိုအခါ ကောင်းကင်ဧကရာဇ်၏ မျက်နှာက တင်းမာသွားပြီး ညာလက်ကို ဝှေ့ယမ်းလိုက်တော့သည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားပါသော်လည်း ထိုစူးရှပြင်းထန်လှသည့် အနက်ရောင်အလင်းတန်းကြီးမှာ ပျောက်ပျက်မသွားပေ။ သို့သော်လည်း ၎င်းမှာ နောက်သို့ အတွန်းခံလိုက်ရပြီးနောက် ဧရာမလူရိပ်ကြီးတစ်ခုအသွင် ပြောင်းလဲသွား၏။
ထိုလူရိပ်ကြီးမှာ အနက်ရောင်ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားပြီး အစိမ်းရောင်မီးတောက်များ တောက်လောင်နေသည့် မျက်ဝန်းများပိုင်ဆိုင်ထားသော ဧရာမ စစ်သည်တော်ကြီးတစ်ယောက်ဖြစ်သည်။ သူ့ထံမှ ထွက်ပေါ်နေသည့် အငွေ့အသက်များအရ ၎င်း၏ဇာတိမှာ ကောင်းကင်တံတားနယ်မြေ မဟုတ်ကြောင်း သိနိုင်သည်။
ထိုစစ်သည်တော်ကြီးမှာ ပေါ်ထွက်လာသည်နှင့် ကောင်းကင်ဧကရာဇ်ထံသို့ ထပ်မံ ချဥ်းကပ်သွားပြန်သည်။
" ယင်၊ ဟို ၊ တျို ၊ ရှ "
ထိုစကားလုံးများကို ရေရွတ်လိုက်ပြီးနောက် ထိုအနက်ရောင်ချပ်ဝတ်တန်ဆာဆင်မြန်းထားသည့် စစ်သည်တော်ကြီး၏ စွမ်းအင်မှာ အလျင်အမြန် မြင့်တက်သွားသည်။ တချိန်ထဲမှာပင် သူသည် အချုပ်အနှောင် အမှတ်အသားဖြစ်သော ကမ္ဘာပုံရိပ်ကြီးဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။
ကောင်းကင်ကြီးအား နိဂုံးချုပ်သွားစေနိုင်ပြီး မြေပြင်ကြီးအား ချေမွပစ်နိုင်သည့် စွမ်းအင်များ ပျံ့နှံ့ထွက်ပေါ်လာပြီးနောက် ကမ္ဘာကြီး၏ အချုပ်အနှောင်စွမ်းအားမှာ လျော့နည်းစပြုလာသဖြင့် ပိုင်ရှောင်ချန်းနှင့် အခြားလူများအားလုံး အံ့အားသင့်သွားကြရသည်။
ကောင်းကင်ဧကရာဇ်၏ မျက်နှာအမူအရာမှာ အလွန် အရုပ်ဆိုးနေတော့သည်။ သူက ကုန်းစွမ်းဝမ်အာကို မကောင်းကြံစည်နေခဲ့စဥ် ကုန်းစွန်းဝမ်အာကလည်း သူ့အား အလားတူပြန်၍ ကြံစည်နေခဲ့မည်ဖြစ်ကြောင်း သူ သိထားပါသော်လည်း သူမ၏အကြံအစည်က အရိုးသင်္ဘောကြီးအားအသုံးချ၍ သူ့အား တိုက်ခိုက်ရန်ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပေ။
အကယ်၍ သူသာ မြေရိုင်းဒေသထဲတွင် အပြင်းအထန်ဒဏ်ရာမရခဲ့ပါက ယခုအချိန်တွင် သူ၏လက်ဝယ်၌ ရွေးချယ်စရာ နည်းလမ်းအများအပြားရှိနေမည်သာ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူ၏ကျင့်ကြံခြင်းအခြေခံက မတည်မငြိမ်ဖြစ်နေပြီး သူ၏အတိုက်အခိုက်စွမ်းရည်မှာလည်း အလွန်အမင်းလျော့နည်းနေသည်။ ထို့ကြောင့် သူ ပို၍ ဒေါသထွက်လာတော့သည်။
" ဒီလိုဆိုရင်တောင် ဘာမှတော့ မဖြစ်ပါဘူး။ ငါ့ဆီမှာ ဒီတစ်ကွက်ပဲ ရှိတာမှမဟုတ်ပဲ "
သူ၏မျက်ဝန်းများမှာ ဖျတ်ခနဲလက်သွားပြီးနောက် ညာလက်ညှိုးကို ဝှေ့ယမ်းလိုက်သောအခါ ၎င်းမှာ သူ၏လက်မှပြုတ်ထွက်သွားပြီး ဧရာမကျောက်ဆောင်ကြီးတစ်ခုအသွင် လျင်မြန်စွာပြောင်းလဲသွားသည်။
ထိုကျောင်ဆောင်ကြီးမှာ ခရမ်းရင့်ရောင်ရှိပြီး ကောင်းကင်ဧကရာဇ်၏ လက်ချောင်းအစစ်တစ်ချောင်းဖြစ်နေရုံမှလွဲ၍ အခြားတမူထူးခြားသည့်အချင်းအရာမရှိပေ။ သို့သော် ၎င်းဆီမှ ပေါ်ထွက်နေသည့် အငွေ့အသက်ကို အာရုံခံမိလိုက်သူတိုင်းမှာ ပင့်သပ်ရှိုက်သွားရတော့သည်။
ထိုအငွေ့အသက်မှာ မိစ္ဆာ၊ မကောင်းဆိုးဝါးအားလုံးကို အမှုန့်ချေပစ်နိုင်စွမ်းရှိသည့် အငွေ့အသက်မျိုးဖြစ်သည်။
ထိုကျောင်ဆောင်ကြီးမှာ ကမ္ဘာပုံရိပ်အချုပ်အနှောင်ဆီသို့ ပျံတက်သွားပြီး ၎င်း၏စွမ်းအားကိုမြှင့်တင်ပေးရန်အတွက် ၎င်းနှင့်အတူပေါင်းစည်းသွားတော့သည်။ ထို့နောက် ထိုအံ့သြဖွယ်ကောင်းလှသော အချုပ်အနှောင်စွမ်းအားကြီးမှာ အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် စစ်သည်တော်ကြီးထံသို့ ဦးတည်သွားသောအခါ ထိုစစ်သည်တော်ကြီးမှာ ၎င်းစွမ်းအားကို မခုခံနိုင်သဖြင့် နောက်ဘက်သို့ အတွန်းခံလိုက်ရတော့သည်။
" ကောင်းကင်မိစ္ဆာကျောက်တုံးပါလား "
ကုန်းစွန်းဝမ်အာ၏ နှုတ်မှ လွှတ်ခနဲထွက်သွားပြီး အကြီးအကျယ် မျက်နှာပျက်သွားတော့သည်။
" သောက်ကျိုးနည်း။ ဒီကမ္ဘာကြီးရဲ့ အပြင်ဘက်မှာတောင် ကောင်းကင်မိစ္ဆာကျောက်တုံးတွေက အရမ်းရှားတာ။ နင်က ဘယ်လိုများ တစ်တုံးရှာတွေ့ခဲ့တာတုံး "
သူမ လာခဲ့သည့် နေရာမှာပင် ကောင်းကင်မိစ္ဆာကျောက်တုံးများက မြင်တွေ့ရခဲသော ပစ္စည်းများဖြစ်ပြီး ၎င်းတို့ကိုအသုံးချရန် ရင်းမြစ်ပစ္စည်း အမြောက်အမြားသုံးစွဲရသည်။
ထိုသို့သော ပစ္စည်းများကို မိမိနှင့် တစ်ကမ္ဘာထဲတွင်ရှိနေသော လူများအပေါ်သုံးလျှင် အသုံးမဝင်ပေ။ သို့သော် အခြားကမ္ဘာမှ ကျင့်ကြံသူများအပေါ်တွင် အသုံးပြုလျှင်မူ အလွန်အကျိုးသက်ရောက်မှုရှိပြီး သူတို့အား အလွယ်တကူ ချုပ်နှောင်နိုင်ပေသည်။
ကုန်းစွန်းဝမ်အာမှာ သေရေးရှင်ရေး အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်၍ သရဲမယ်တော်အား ဝါးမျိုမည့် သူမ၏အစီအစဥ်ကို စွန့်လွှတ်လိုက်ရသည်။ သူမက အော်ဟစ်လိုက်ပြီး ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်၍ လေထဲတွင် သူမ၏လက်ချောင်းကို ဝှေ့ယမ်းကာ ကောင်းကင်ဘုံအလွန်မှ ဖြစ်သော ဂူထျန်ကျွင်း၏ ရှေးဟောင်းဓားကြီးကို ဆင့်ခေါ်လိုက်သည်။ ထိုဓားကြီးကို သူမ၏လက်ထဲတွင် ဆုပ်ကိုင်၍ သူမထံသို့ ဦးတည်လာနေသည့် အချုပ်အနှောင်အမှတ်အသားကြီးအား ခုတ်ထစ်လိုက်တော့သည်။
တချိန်ထဲမှာပင် အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် စစ်သည်တော်ကြီး၏ခန္ဓာကိုယ်မှ မီးများ တဟုန်းဟုန်းတောက်လောင်လာပြီး သူ၏ မျက်ဝန်းထဲမှ အစိမ်းရောင်မီးတောက်များသည်လည်း ပို၍ပူပြင်းစွာ တောက်လောင်လာတော့သည်။
" ကီ ၊ ကျင်း ၊ ယဲ့စု ၊ ကျိုက် ၊ ကျိမ် "
အနက်ရောင်ချပ်ဝတ်တန်ဆာ စစ်သည်တော်ကြီး၏ခန္ဓာကိုယ်အနှံ့တွင် အက်ကွဲကြောင်းများထွက်ပေါ်လာကာ ထိုအက်ကွဲကြောင်းများမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများပေါ်ထွက်လာသည်။ ထိုအခါ ကမ္ဘာကြီး၏ပြင်ပရှိ စွမ်းအားများမှာ သူ၏ခန္ဓာကိုယ်ထဲမှ ဖိတ်စင်ထွက်ပေါ်လာသည်။
၎င်းမှာ သူ့ကိုယ်သူမီးမြှိုက်၍ အပြင်းအထန် တိုက်ခိုက်ရန်အတွက် စွမ်းအားများစုဆောင်းနေသည့်ပုံပေါ်သည်။
ထိုစစ်သည်တော်ကြီးမှာ တဖြည်းဖြည်း မှုန်ဝါးသွားပြီး သူ၏စွမ်းအင်က ကောင်းကင်ယံအထိမြင့်တက်သွားသောအခါ ဧရာမလေပွေကြီးတစ်ခု ပေါ်ထွက်လာတော့သည်။ ထိုလေပွေကြီးကိုကြည့်လိုက်ပါက ဤကောင်းကင်နှင့်ကမ္ဘာကြီး၏ အလွန်ရှိ ကမ္ဘာတစ်ခုသာဖြစ်နိုင်သော နေရာတစ်ခုကို မြင်ရသည်။ ထိုအနက်ရောင်ချပ်ဝတ်တန်ဆာနှင့် စစ်သည်တော်ကြီးက သူ့ကိုယ်သူ ဖျက်ဆီးလိုက်သဖြင့် ကောင်းကင်တံတားနယ်မြေနှင့် အပ်စပ်မှုမရှိသော မှော်ဥပဒေသများကို အသုံးချနိုင်စွမ်းရှိသွားတော့သည်။
ထိုမှော်ဥပဒေသ ရောက်ရှိလာပြီး ကောင်းကင်တံတားနယ်မြေ၏ မှော်ဥပဒေသများ၊ သဘာဝဥပဒေသများနှင့် အနည်းငယ်မျှပင် ထိပ်တိုက်တွေ့ဆုံသွားပါက ထွက်ပေါ်လာမည့် ပေါက်ကွဲမှုကြီးမှာ ထိုကမ္ဘာပုံရိပ်အချုပ်အနှောင်အား ချိုးဖျက်နိုင်လောက်အောင် စွမ်းအားကြီးမားနိုင်ပေသည်။
စစ်သင်္ဘောပေါ်တွင် ဖြစ်ပွားနေသည့် မြင်ကွင်းကြီးမှာ ပိုင်ရှောင်ချန်းနှင့် အခြားလူများအတွက် လက်ခံနိုင်စရာ မရှိလောက်အောင်ဖြစ်နေသည်။ လွန်ခဲ့သော အခိုက်အတန့်က ကောင်းကင်ဧကရာဇ်ကြီးနှင့် ကုန်းစွန်းဝမ်အာတို့သည် တစ်ဖက်ထဲ ဖြစ်ခဲ့ကြပါသော်လည်း ယခုတွင်မူ ထိုအခြေအနေကား ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သရဲမယ်တော်မှာ မည်သို့မျှ မလုပ်နိုင်လောက်အောင် အားအင်ချည့်နဲ့နေပြီး သရဲမယ်တော်၏ ဘယ်ဖက်လက်ဖြစ်သော အရိုးသင်္ဘောကြီး၏ အချုပ်အနှောင်စွမ်းအားကို ထိန်းချုပ်နိုင်သည့် ကုန်းစွန်းဝမ်အာမှာမူ ရတနာတစ်ပါးဖြစ်သည့် အမှတ်အသားရှစ်ခုပါသော ကြေးမုံကိုပင် ဖျက်ဆီးလိုက်သည်အထိ အစွမ်းကုန် တိုက်ခိုက်နေပြီဖြစ်သည်။ ကောင်းကင်ဘုံအလွန်မှ ကျဆင်းလာသော စွမ်းအားများနှင့် သူမ၏လက်ထဲတွင် ကိုင်ဆောင်ထားသော ဓားကိုပေါင်းစည်း၍ သူမအပေါ်သို့ ဆက်လက်ဆင်းသက်လာနေသည့် အချုပ်အနှောင်အမှတ်အသားကြီးအား ဖျက်ဆီးရန် ပြင်ဆင်နေတော့သည်။
ကောင်းကင်ဧကရာဇ်ကြီးက မြေရိုင်းဒေသထဲတွင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါသော်လည်း ဤတိုက်ပွဲအတွက် အပြည့်အဝပြင်ဆင်လာခဲ့သည်။ သူသည် ကမ္ဘာပုံရိပ်ကြီးတစ်ဖြစ်လဲ အချုပ်အနှောင်အမှတ်အသားကို ထုတ်လွှတ်ခဲ့ရုံသာမက ကောင်းကင်မိစ္ဆာကျောက်တုံးတစ်တုံးကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထိုလက်နက်နှစ်ခုစလုံးမှာ ကုန်းစွန်းဝမ်အာအတွက် အဓိက ရည်ရွယ်ထားခဲ့ပြီး သူမက သရဲမယ်တော်အားစုပ်ယူနေစဥ်အတွင်း ထိုအရာများကို ရှောင်တိမ်းနိုင်လိမ့်မည်မဟုတ်ဟု သူက အပြည့်အဝ ယုံကြည်ထားသည်။
ထိုအခိုက်အတန့်တွင် မည်သူက အသာစီးရနေသည်ဖြစ်ကြောင်း အတိအကျပြောရန် မဖြစ်နိုင်ပေ။ အနက်ရောင်ချပ်ဝတ်တန်ဆာ စစ်သည်တော်ကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး ပြင်ပကမ္ဘာမှ သဘာဝဥပဒေသများနှင့် မှော်ဥပဒေသများ ကျဆင်းလာသောအခါ ကုန်းစွန်းဝမ်အာမှာ ၎င်းဥပဒေသများကို သူမ၏ဓားထဲသို့ ဆွဲယူသိမ်းသွင်းလိုက်ပြီး အချုပ်အနှောင်အမှတ်အသားကြီးကို ခုတ်ထစ်ရန် ပြင်လိုက်တော့သည်။
ထိုအချိန်တွင် အရာအားလုံးမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
ကောင်းကင်ဧကရာဇ်၏ မျက်နှာပေါ်တွင် အထင်သေးသည့် အပြုံးတစ်စ ပေါ်ထွက်လာပြီး တည်ကြည်စွာဆိုလိုက်တော့သည်။
" အဲဒီဓားက ငါ့ကမ္ဘာထဲမှာ ရောက်နေတာကြာလှပြီ။ နင်က လွယ်လွယ်လေးနဲ့ထိန်းချုပ်နိုင်မယ်လို့ တကယ် ထင်နေတာလား။ နင်အဲဒီလိုထင်အောင်လို့ ငါက အကွက်ချခဲ့တာကွ "
သူ၏မျက်ဝန်းများမှာ ရုတ်တရက် တောက်ပစွာလင်းလက်သွားပြီး ထိုဓားမှ ထွက်ပေါ်နေသည့်အလင်းရောင်နှင့် တစ်သားထဲကျသွားသည်ဟုပင် ထင်လိုက်ရသည်။ ထို့နောက် သူသည် သူ၏ဘယ်ဖက်လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏လက်ချောင်းကို ထိုဓားရှိရာဘက်သို့ဝှေ့ယမ်းလိုက်သည်။
ကုန်းစွန်းဝမ်အာ၏ မျက်နှာအမူအရာမှာ ဖျတ်ခနဲ ပြောင်းလဲသွားပြီး မည်သို့မျှ မလုပ်နိုင်ခင်မှာပင် ထိုဓားက သူမ၏ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားတော့သည်။ ဓားထိပ်က ရုတ်တရက် ချာကနဲလှည့်သွားပြီး သူမဆီသို့မဟုတ်ပဲ ကောင်းကင်ယံရှိ ဧရာမလေပွေကြီးဆီသို့ ပျံတက်သွားတော့သည်။
ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ပန်းကန်ပြားများကဲ့သို့ ပြူးကျယ်နေ၏။ ဤအခိုက်အတန့်မှာ အလွန်တင်းမာလွန်းနေသဖြင့် သူက အသက်ရှူရန်ပင် မေ့နေရတော့သည်။ ဤတိုက်ပွဲ၏ အလှည့်အပြောင်းများမှာ သူလိုက်၍မတွေးတောနိုင်လောက်အောင် အဆင့်မြင့်လွန်းနေသည်။ လူတိုင်းမှာ လျှို့ဝှက်အကြံအစည် အများအပြားပိုင်ဆိုင်ထားကြသဖြင့် နားမလည်နိုင်လောက်အောင်ဖြစ်နေရသည်။ ကောင်းကင်ဧကရာဇ်က ထိုမြေခဓားကို လွန်ခဲ့သောနှစ်များစွာကတည်းက ထိန်းချုပ်နိုင်ခဲ့ပါသော်လည်း ကုန်းစွန်းဝမ်အာကိုနှိုးထခွင့်ပေးခဲ့ပြီး သူမအား ၎င်းနှင့် ပူးပေါင်းနိုင်စေရန် ထိုဓားကို တမင်ထားရစ်ခဲ့သည်ဆိုသော အချက်မှာ အလွန်အံ့အားသင့်စရာ ကောင်းနေတော့သည်။
ကောင်းကင်ဧကရာဇ်မှာ ရှုပ်ထွေးလွန်းလှသော အစီအစဥ်များကို ကြံစည်ရာတွင် အလွန်ကျွမ်းကျင်လွန်းနေသဖြင့် ပိုင်ရှောင်ချန်းမှာ အသားများပင် တုန်ရီနေတော့သည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အကွက်ချခြင်းပင်ဖြစ်သည်။
" ဒါတွေအားလုံးကို သူနှစ်ပေါင်းဘယ်လောက်ထိ ကြိုတင်စီစဥ်ထားခဲ့တာပါလိမ့်။ မဟုတ်မှလွဲရော ကုန်းစွန်းဝမ်အာနိုးထလာမှာကို သူ အစထဲကများ ကြိုသိနေခဲ့တာလား "
" မဖြစ်ဘူး "
ကုန်းစွန်းဝမ်အာမှာ မျှော်လင့်ချက်ကင်းမဲ့စွာ အော်ဟစ်မြည်တမ်းလိုက်သည်။ ဓား၏အရှိန်မှာ ကောင်းကင်ကိုခွင်းမည့် မြားတစ်ချောင်းကဲ့သို့ အံ့သြဖွယ်ကောင်းလောက်အောင် မြန်ဆန်လွန်းနေသည်။ ၎င်းမှာ လေပွေကြီးဆီသို့ ရောက်ရှိသွားသည်နှင့် ပေါက်ကွဲသွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားများ ပေါ်ထွက်လာပြီး ကောင်းကင်ဘုံအလွန်မှ ဆင်းသက်လာနေသည့် မှော်ဥပဒေသများနှင့် သဘာဝဥပဒေသများအားလုံးကို ဖျက်ဆီးပစ်လိုက်တော့သည်။
ထိုလေပွေကြီးမှာ ပျောက်ကွယ်သွားရန်ဆန္ဒမရှိသည့်ပုံစံပေါ်နေပါသော်လည်း ပျောက်ကွယ်သွားရသည်။ အနက်ရောင်ချပ်ဝတ်တန်ဆာ စစ်သည်တော်၏မျက်လုံးများမှာ မည်းမှောင်သွားပြီး ၎င်းမှာသက်ပြင်းတစ်ချက်ချကာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားတော့သည်။
တုန်လှုပ်ဖွယ် အပြောင်းအလဲကြီးတစ်ခု ထပ်၍ဖြစ်သွားပြန်ပြီဖြစ်သည်။ ကောင်းကင်ဧကရာဇ်မှာ ကုန်းစွန်းဝမ်အာ၏ တိုက်ကွက်တိုင်းကို အကောင်းမွန်ဆုံး တုံ့ပြန်နိုင်ခဲ့သည်။ ယခုတွင်မူ ကမ္ဘာပုံရိပ်ကြီး အချုပ်အနှောင်အမှတ်အသားမှာ သူမ၏အထက်တွင် တစ်ဖန်ပြန်၍ ကျုံ့ဝင်လာတော့သည်။
" ဒီသင်္ဘောကြီးကို ငါ မောင်းနှင်တဲ့နေရာမှာသုံးဖို့အတွက် မင်းက ငါ့ရဲ့ ဓမ္မကျေးကျွန်ဖြစ်သွားရမယ်။ ပြင်ပကမ္ဘာက မှော်နဲ့သဘာဝ ဥပဒေသတွေကိုအသုံးချပြီး တံခါးကို ဖွင့်ပြီးရင် ဒီနေရာကနေထွက်သွားမယ်။ အခု ငရဲဧကရာဇ်က အသစ်တစ်ယောက်ဖြစ်နေပြီ။ သူက ငါ့ကိုတားဆီးနိုင်လောက်အောင် အစွမ်းမထက်ဘူး။ သင်္ချိုင်းစောင့်ကြီးကတော့ နေ့စဥ်နဲ့အမျှ အင်အားယုတ်လျော့နေတာ။ ဘယ်သူက ငါ့ကိုတားဆီးနိုင်တော့မှာလဲ "
ကောင်းကင်ဧကရာဇ်၏ အသံထဲတွင် စိတ်လှုပ်ရှားမှုများ စီးဝင်နေသည်ကို အထင်အရှားသိနိုင်သည်။ အချုပ်အနှောင် အမှတ်အသားကြီး တဖြည်းဖြည်း ကျုံ့ဝင်လာသည်နှင့်အမျှ အောင်မြင်မှုမှာ သူ၏လက်ဝယ်သို့ ရောက်လာနေပေသည်။
သို့သော်....
ကုန်းစွန်းဝမ်အာ၏ အသိစိတ်ထဲတွင် ထူးဆန်းသော အသံတစ်သံပေါ်ထွက်လာသည်။
" ငါ့ဘယ်ဖက်လက်။ နင်အခု ဆုံးဖြတ်ချက်ချရတော့မယ်။ တာအိုကောင်းကင်တံတားရဲ့ ဓမ္မကျေးကျွန်လုပ်မလား။ ဒါမှမဟုတ် ငါ့ဆီကိုပြန်လာပြီး အိမ်ကိုပြန်ကြမလား "