← Chapters

အခန်း (၂၈၂)

Vol. 29 Ch. 282

အခန်း (၂၈၂)

Vol. 29 Ch. 282

မိမိ၏ ရှေ့မှောက်၌ အဖိုးတန် ရတနာများ ရှိနေပါလျက်နှင့် သိမ်းဆည်းနိုင်စွမ်း မရှိခြင်းဟူသည်မှာ ကျုံးရှန်၏ စရိုက်မဟုတ်ပေ။ သို့သော်လည်း မျှော်စင်၏ စည်းမျဉ်းနိယာမများကန့်သတ်ချက်အောက်တွင် သူသည် အခက်တွေ့နေရလေသည်။ သူသည် မိမိ၏ ကိုယ်တွင်းဟင်းလင်းပြင်ကို ဖွင့်ဟနိုင်စွမ်း ရှိသော်လည်း အတိုင်းအတာမှာ အလွန်အမင်း ကျယ်ပြန့်ခြင်း မရှိချေ။

သူသည် မီတာအနည်းငယ်ခန့် အကွာအဝေးအတွင်း၌သာ သိုလှောင်ခြင်း ဟင်းလင်းပြင်ကို အသက်သွင်းနိုင်ပြီး ပစ္စည်းများကို သိမ်းဆည်းနိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း ရေကန်၏ အကျယ်အဝန်းသည် သေးငယ်လှသည် မဟုတ်ပေ။ တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် အဆုံးသတ်ကို မမြင်နိုင်သကဲ့သို့ ရေကန်၏ ဗဟိုချက်သည် မည်မျှအထိ နက်ရှိုင်းမည်ကိုလည်း မည်သူမျှ မသိရှိနိုင်ချေ။

မီတာအနည်းငယ် အကွာအဝေးဖြင့်သာ တဖြည်းဖြည်းချင်း သိမ်းဆည်းမည် ဆိုပါက အချိန်များစွာ ကုန်ဆုံးသွားလိမ့်မည် ဖြစ်သည်။ ဤမျှ များပြားလှသော တျန်းယောင်း နတ်ဘုရားရေစင်များကို သိမ်းဆည်းရန်သည် အလွန်ပင် ခက်ခဲလှသော အလုပ်တစ်ခု ဖြစ်နေလေသည်။ ကျုံးရှန်သည် မျက်မှောင်ကြုတ်လျက် ခေတ္တမျှ စဉ်းစားနေလိုက်သည်။

ထို့နောက် သူ၏ မျက်ဝန်းများသည် ရုတ်တရက် တောက်ပသွားကာ တစ်စုံတစ်ခုကို စဉ်းစားမိသွားလေသည်။ သူသည် ချက်ချင်းပင် ရေကန်အတွင်းသို့ ခုန်ဆင်းလိုက်ကာ ခြေထောက်နှစ်ချောင်းသည် လျင်မြန်စွာ လှုပ်ရှားသွားပြီး ရေကန်၏ ဗဟိုချက်ရှိရာ ရေကန်ကြမ်းပြင်ဆီသို့ လျင်မြန်စွာ ကူးခတ်သွားသည်။

ရေကန်၏ အတွင်းပိုင်းသည်လည်း အပြင်ဘက်ကဲ့သို့ပင် ကြည်လင်နေလေသည်။ သို့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ရေအောက်၌လည်း မည်သည့် သက်ရှိတို့၏ လှုပ်ရှားမှုကိုမျှ တွေ့ရှိရခြင်းမရှိပေ။ ကူးခတ်နေသော ငါးများ၊ ပုစွန်များ သို့မဟုတ် ရေနေအင်းဆက်ငယ်လေးများ တစ်ကောင်မျှပင် မမြင်တွေ့ရခြင်းဖြစ်သည်။

ကျုံးရှန်သည် ထိုသို့ဖြင့်ပင် ရေအောက်ကြမ်းပြင်ရှိရာသို့ဆက်လက် ကူးခတ်နေခဲ့သည်။ ရေအောက်၌ ရှိနေသဖြင့် သူ၏အကြားအာရုံသည် ပိတ်ဆို့နေခဲ့ကာ အချိန်မည်မျှကုန်ဆုံးသွားသည်ကိုပင် သတိမပြုမိတော့ပေ။ ရှည်လျားသောအချိန်ကာလတစ်ခုကြာအောင်ရေကူးပြီးနောက်တွင် မှောင်မည်းနေသော ကန်အောက်ခြေ၌ ရုတ်တရက် အလင်းရောင် အချို့ ထွက်ပေါ်လာသည်။

မလှမ်းမကမ်း နေရာတစ်ခု၌ ရောင်စုံ အလင်းတန်းများ ဝင်းလက်နေကာ ပတ်ဝန်းကျင် မီတာအနည်းငယ်ခန့်ကို လင်းထိန်စေသဖြင့် မြင်ကွင်းအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။

''ဟမ်... ဒါက ဘာလဲ...''

ကျုံးရှန်၏ မျက်ဝန်းအတွင်း၌ သံသယများ ဖြစ်ပေါ်လာကာ အလင်းရောင် ထွက်ပေါ်ရာ နေရာသို့ ပိုမို လျင်မြန်စွာ ကူးခတ်သွားလိုက် သည်။ ထို့နောက်သူသည် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ကာ ကန်အောက်ခြေမှ လိပ်ခွံနှင့် တူသည့် အရာတစ်ခုကို ကောက်ယူလိုက်သည်။

ထိုအရာသည် လိပ်ခွံနှင့် ပုံစံတူသော်လည်း အပေါ်ယံရှိ အမှတ်အသားမျဉ်းကြောင်းများမှာမူ များစွာ ကွဲပြားနေသည်။ ယင်း၏ အခွံတစ်ပြင်လုံး၌ မင်္ဂလာရှိသော တိမ်တိုက်ပုံစံ အစင်းကြောင်းများဖြင့် ပြည့်နှက်နေကာ ချောမွေ့တောက်ပြောင်နေပြီး ရောင်စုံ အလင်းတန်းများပင် ထွက်ပေါ်နေလေသည်။

ကျုံးရှန်သည် ထိုအရာကို မျက်စိရှေ့သို့ ယူဆောင်ကာ အနီးကပ် ကြည့်ရှုလိုက်သည်။ ထိုအချိန်၌ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ရုတ်တရက် ပုံစံပျက်ယွင်းသွားလေသည်။ ရေများ ပျောက်ကွယ်သွားကာ မှောင်မည်းနေသော ကန်အောက်ခြေ၌ မဟုတ်တော့ချေ။

ယင်းအစား သူသည် အသစ်စက်စက် ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်၌ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသကဲ့သို့ မြင့်မားလှသော ထူးဆန်းသည့် အပင်ကြီးများကို မြင်တွေ့နေရသည်။ ထိုအပင်များသည် ကမ္ဘာဦးကာလ၏ သိပ်သည်းပြင်းထန်သော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။

ကောင်းကင်ယံ၌မူ ကြီးမားလှသော ငါးမန်းကြီးတစ်ကောင် ပျံသန်းနေကာ ထိုငါးမန်းကြီး၌ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည့် အတောင်တစ်စုံ ရှိနေသည်။ ပတ်ဝန်းကျင် အရပ်လေးမျက်နှာလုံး၌ ကြမ်းတမ်းသော သားရဲကောင်ကြီးများ၏ အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်။ ဤအခိုက်အတန့်၌ ကျုံးရှန်သည်ကမ္ဘာဦးခေတ်၏ အစောပိုင်း ကာလသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

''ဝူး...''

ကျုံးရှန်၏ အနောက်ဘက်ဆီမှ ရုတ်တရက် ကျယ်လောင်သောဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ကြီးမားလှသော အနက်ရောင်နှင့် အဖြူရောင် ရောယှက်နေသည့် သံစားသားရဲကြီးတစ်ကောင်သည် သစ်ပင်ကြီးများကို နင်းခြေလျက် ကျုံးရှန်ရှိရာသို့ ပြေးဝင်လာလေသည်။

ဤသံစားသားရဲမျိုးနွယ်သည် ရှေးဟောင်းခေတ်ကပင် မျိုးသုဉ်း ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ကမ္ဘာပေါ်ရှိ ထူးခြားသော ကျောက်မျက်ရတနာများကို စားသုံးနိုင်ကြကာ အရွယ်ရောက်လာသော သံစားသားရဲကြီးများသည် စစ်မှန်သော နတ်ဘုရားများကိုပင် ဝါးမြိုနိုင်သည့် အစွမ်း ရှိကြလေသည်။

ကျုံးရှန်သည် ပြင်းထန်သော အဟုန်ဖြင့် ပြေးဝင်လာသည့် သံစားသားရဲကြီးကို ကြည့်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း နောက်တစ်စက္ကန့်၌ ထိုသားရဲကြီး၏ ပုံရိပ်သည် လေထဲမှ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ကျုံးရှန်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားလေသည်။

ထို့နောက် မြင်ကွင်း ထပ်မံ ပြောင်းလဲသွားပြန်သည်။

ကမ္ဘာဦး၏ အခြားသော ထူးဆန်းသည့် သားရဲကြီးတစ်ကောင် ပေါ်ထွက်လာသော်လည်း ထိုအရာသည် ပုံရိပ်ယောင်သာ ဖြစ်သဖြင့် ကျုံးရှန်ကို အနည်းငယ်မျှပင် ထိခိုက်စေခြင်း မရှိချေ။

ကျုံးရှန်သည် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ မျက်မှောင်ကို ကြုတ်လိုက်သည်။ ထိုအခါ မြင်ကွင်းများသည် တစ်ဖန် ပြန်လည် ပုံပျက်သွားကာ ကန်အောက်ခြေသို့ ရောက်ရှိသွားလေသည်။

''ဒါက လျို့တင်းရှန့်အခွံ တစ်ခုပဲ...''

''ပုံရိပ်ယောင် အစီအရင်တွေ ခင်းကျင်းဖို့အတွက် အကောင်းဆုံး ရတနာပဲ...''

ဤလျို့တင်းရှန့်အခွံသည် နှစ်ပေါင်းများစွာကြာအောင် ပျောက်ကွယ်နေခဲ့သည့်ရတနာတစ်ခု ဖြစ်သည်။

ရှန့် ဟူသည်မှာ ကမ္ဘာဦး ကာလ၌ တည်ရှိခဲ့သော ပုံရိပ်ယောင် သားရဲတစ်မျိုး ဖြစ်ပြီး သူတို့သည် မြူခိုးများကို မှုတ်ထုတ်နိုင်ကာ ထိုမြူခိုးများမှတစ်ဆင့် ပုံရိပ်ယောင် ကမ္ဘာများကို ဖန်တီးနိုင်ကြလေသည်။ ထိုသားရဲများသည် နတ်ဘုရားများကိုပင် လှည့်ဖြားနိုင်စွမ်း ရှိကြ၏။

လျို့တင်းရှန့်အခွံသည် ရှန့်သားရဲကြီးများ သေဆုံးသွားပြီးနောက် ကျန်ရစ်ခဲ့သော အခွံများ ဖြစ်သည်။ ပုံရိပ်ယောင် အတတ်ပညာကို ကျင့်ကြံသူများအတွက်မူ ဤသည်မှာ ရှာဖွေရ ခက်ခဲလှသော အဖိုးတန် ရတနာတစ်ခုပင် ဖြစ်ကာ ယင်းကို အသုံးပြု၍ ကြောက်မက်ဖွယ်ကောင်းလှသော ပုံရိပ်ယောင် အစီအရင်များကို ခင်းကျင်းနိုင်လေသည်။

ပုံရိပ်ယောင် အတတ်ပညာသည် အထွတ်အထိပ်သို့ ရောက်ရှိပါက လျှော့တွက်၍ မရနိုင်ချေ။ အတိတ်ကာလတစ်ခုတွင် ကံတရား သမီးတော် ချန်ချန်ဆင့် ခေါ်ခဲ့သည့် ကျွမ်းကျင်သူများသည် အင်မော်တယ် ဂူသင်္ချိုင်းကို ဖွင့်လှစ်စဉ်က ကျုံးရှန်ကို ပုံရိပ်ယောင် အတတ်ပညာ ကျင့်ကြံသူတစ်ဦးအဖြစ် ထင်မြင်ခဲ့ဖူးသည်။

ပုံရိပ်ယောင် သူတော်စင်၏ အတတ်ပညာသည် လက်တွေ့လောကကိုပင် လွှမ်းမိုးနိုင်စွမ်းရှိကာ ပုံရိပ်ယောင်ကမ္ဘာကို စစ်မှန်သော ကမ္ဘာငယ်တစ်ခုအဖြစ် ပြောင်းလဲနိုင်လေသည်။

ရှန့်သားရဲ၏ အစွမ်းသည်လည်း ပုံရိပ်ယောင် သူတော်စင်ထက် နိမ့်ပါးခြင်း မရှိချေ။ ကောင်းမွန်စွာ အသုံးချနိုင်ပါက လက်တွေ့လောကကို လွှမ်းမိုးနိုင်သည့်အပြင် ပျောက်ကွယ်သွားခဲ့သော သားရဲကြီးများကိုပင် ပြန်လည် ပေါ်ပေါက်လာစေနိုင်သည့် စွမ်းရည် ရှိလေသည်။

''ဒီနေရာမှာ ရှန့်သားရဲတွေ ရှင်သန်ခဲ့ဖူးတာလား...''

ကျုံးရှန်သည် လျို့တင်းရှန့်အခွံကို သိမ်းဆည်းလိုက်သည်။

ဤရတနာသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ ပျောက်ကွယ်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ လျှို့တင်းရှန့်အခွံသာ သူ၏လက်ထဲ၌ ရှိနေပါက ပျောက်ဆုံးနေသော ပုံရိပ်ယောင် အစီအရင်များစွာကို ပြန်လည် အသက်သွင်းနိုင်တော့မည်ဖြစ်သည်။

'ငါသာ ရှန့်သားရဲအရှင်တစ်ကောင် ဖမ်းမိမယ်ဆိုရင် တကယ်ကို အမြတ်ထွက်မှာပဲ...'

ကျုံးရှန်သည် စိတ်ထဲမှ ရေရွတ်လိုက်ကာ လျှို့တင်းရှန့်အခွံ ရှိခဲ့သည့် ရေကန်၏ အောက်ဘက်သို့ ကြည့်လိုက်သည်။

ကန်အောက်ခြေရှိ ရွှံ့နွံများအတွင်း၌ ဖြူစင်သော အရာတစ်ခုကို မြင်တွေ့လိုက်လျှင် ကျုံးရှန်သည် ရွှံ့နွံများကို လက်ဖြင့် အသာအယာ ဖယ်ရှားလိုက်သည်။ ထို့နောက် လိမ္မော်သီးခန့် အရွယ်အစား ရှိသော ဖြူစင်သည့် ဥတစ်လုံး ပေါ်ထွက်လာလေသည်။

ထိုဥသည် မည်သည့် အက်ကြောင်းမျှဖြစ်ပေါ်နေခြင်း မရှိဘဲအကောင်းအတိုင်းရှိနေဆဲဖြစ်ကာ ဥခွံ၏မျက်နှာပြင်ပေါ်ရှိ အမှတ်အသားမျဉ်းကြောင်းများသည် လျို့တင်းရှန့်အခွံပေါ်ရှိ အမှတ်အသားမျဉ်းကြောင်းများနှင့် ထပ်တူကျနေပြီး ရောင်စုံ အလင်းတန်းများဖြင့် တဖျက်ဖျက် လင်းလက်နေသည်။

''ရှန့်ဥ ပဲ...''

ကျုံးရှန်သည် သူ၏လက်ကို ရှန့်ဥပေါ်သို့ အသာအယာ တင်လိုက်သောအခါ အတွင်းပိုင်း၌ အားနည်းလှသည့်ပြတ်တောင်း‌ပြတ်တောင်းဖြစ်နေသော သက်ရှိ အငွေ့အသက် အချို့ ကျန်ရှိနေသေးသည်ကို ခံစားလိုက်ရသည်။

ဤရှန့်ဥသည် အားနည်းနေသော်လည်း ပေါက်ဖွားလာနိုင်သည့် အခွင့်အလမ်း ရှိနေသေးသည်။ သို့သော်လည်း ဤမျှော်စင်အတွင်း၌ ပေါက်ဖွားရန်မူ မည်သို့မျှဖြစ်နိုင်မည် မဟုတ်ပေ။

ကျုံးရှန်သည် ရတနာတစ်ပါးကို ရရှိလိုက်သကဲ့သို့ ရှန့်ဥကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ မျှော်စင်အတွင်းမှ ထွက်ခွာပြီးနောက်တွင် အသက်ဓာတ် ပြည့်ဝသော ဆေးဖက်ဝင် ပစ္စည်းများကို အသုံးပြု၍ ရှန့်ဥကို ပေါက်ဖွားလာအောင် ပြုလုပ်နိုင်မည် ဖြစ်၏။

သူသည် ပတ်ဝန်းကျင်ကို ထပ်မံ ရှာဖွေကြည့်သော်လည်း အခြားသော ရတနာများကို မတွေ့ရတော့သဖြင့် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ဟင်းလင်းပြင်ကို ဆွဲဖွင့်လိုက်သည်။ တျန်းယောင်း နတ်ဘုရားရေစင် အမြောက်အမြားသည် ဟင်းလင်းပြင်အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရကာ ရေကန်၏အောက်ခြေ၌ မီတာအနည်းငယ်ခန့် ကျယ်ဝန်းသော ရေဝဲကြီး နှစ်ခု ဖြစ်ပေါ်လာသည်။

ကျုံးရှန်သည် ရေကန်တစ်ခုလုံးကို ခန်းခြောက်သွားသည်အထိ သိမ်းဆည်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ဤနတ်ဘုရားရေစင်များသည် သူ၏ မိစ္ဆာသားရဲ တပ်ကို လေ့ကျင့်ပျိုးထောင်ရန်အတွက် အလွန်ပင် အရေးပါသော အရင်းအမြစ်များ ဖြစ်လာ ပေလိမ့်မည်။

.....

တစ်လခန့် ကြာသောအခါ။

ကျုံးရှန်၏ မရပ်မနား ကြိုးစားမှုကြောင့် ရေကန်သည် နောက်ဆုံးတွင် စတင်ခန်းခြောက်လာခဲ့သည်။ များပြားလှသော နတ်ဘုရားရေစင်များကို သူ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်း၌ ရေလုံးကြီးတစ်ခုကဲ့သို့ သိမ်းဆည်းထားလိုက်ခြင်းဖြစ်၏။ ယခုအခါ ရေကန်ထဲမှရေမျက်နှာပြင်သည် ကျုံးရှန်၏ ဒူးဆစ်ခန့်အထိသာ ရှိတော့သဖြင့် မကြာမီအတွင်း ကျန်ရှိနေသည့် ရေများအားလုံးကို သိမ်းဆည်းနိုင်တော့မည် ဖြစ်သည်။

ဤမျှ ကြီးမားလှသော ရေကန်အတွင်း၌ လျှို့တင်းရှန့်အခွံ သို့မဟုတ် ရှန့်ဥ တစ်လုံးတည်းသာ ရှိလိမ့်မည်ဟု ကျုံးရှန်သည် ယုံကြည်ခြင်းမရှိချေ။ ထို့အပြင် ရေကန်သည် ရှေးဦးဝင်္ကပါပုံစံနယ်မြေ၏ အချက်အခြာနေရာ ဖြစ်နိုင်သည်။ ကျောက်တုံးကြီးများ၏ နေရာချထားမှုအစီအရင်သည်လည်း ရှန့်သားရဲ၏ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာခြင်းပင်ဖြစ်နိုင်ပေသည်။

နောက်ဆုံးတွင် တျန်းယောင်း နတ်ဘုရားရေစင် အားလုံးကို သိမ်းဆည်းပြီးသွားခဲ့လေသည်။ မူလရေကန် ရှိခဲ့သော နေရာသည် ကြီးမားလှသော ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်သွားလေ၏။ ကန်အောက်ခြေရှိ ရွှံ့နွံများအတွင်း၌ ကျုံးရှန်သည် လျှို့တင်းရှန့်အခွံ ခြောက်ခုခန့်ကို ထပ်မံ တွေ့ရှိလိုက်ရပြန်သည်။

All Chapters