← Chapters

အခန်း (၂၈၃)

Vol. 29 Ch. 283

အခန်း (၂၈၃)

Vol. 29 Ch. 283

ကျုံးရှန်၏ မျက်ဝန်းများသည် ချက်ချင်းဆိုသလို တောက်ပသွားသည်။

ရှန့်သားရဲ များသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးပေါ်တွင် နှစ်ပေါင်းများစွာ ကတည်းကပင် မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ယင်းတို့၏ အစိတ်အပိုင်းအားလုံးသည် ဈေးဖြတ်၍မရသော အဖိုးတန်ရတနာများ ဖြစ်နေပြီ ဖြစ်သည်။

ထိုအထဲတွင် အသက်ရှင်နေသော ရှန့်သားရဲများသည် အဖိုးတန်ဆုံးဖြစ်သည်။ ရှန့်သားရဲများသည် ပုံရိပ်ယောင်အတတ်ပညာ၌ မွေးရာပါကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထို့ကြောင့်ပင် သူတို့သည် ဂိုဏ်းတစ်ခုအတွင်း၌ မရှိမဖြစ်လိုအပ်သော တည်ရှိမှုများ ဖြစ်လာကြသည်။

အသက်ရှင်နေသော ရှန့်သားရဲများအပြင် လျို့တင်းရှန့်အခွံ များသည်လည်း အလွန်အဖိုးထိုက်တန်သော ရတနာများ ဖြစ်ကြသည်။ ထိုအခွံများသည် အစီအရင်များ ခင်းကျင်းရန်အတွက် အဆင့်မြင့်ပစ္စည်းများဖြစ်ပြီး ပျောက်ကွယ်နေခဲ့သော ပုံရိပ်ယောင်အစီအရင်အမြောက်အမြားကို ခင်းကျင်းရာတွင် အသုံးပြုနိုင်ကာ လက်တွေ့လောကကိုပင် ပြောင်းပြန်လှန်နိုင်စွမ်း ရှိကြ၏။

သာမန်အစီအရင်တစ်ခုအတွင်း၌ လျို့တင်းရှန့်အခွံကို ထည့်သွင်းလိုက်ပါက ထိုအစီအရင်၏ စွမ်းအားသည် သိသိသာသာ တိုးတက်သွားမည်ဖြစ်သည်။ သို့ဖြစ်ရာ ထိုကဲ့သို့သော ရတနာများကို များများရလေ ပိုကောင်းလေပင်ဖြစ်သည်။ လျို့တင်းရှန့်အခွံများထပ်မံထွက် ပေါ်လာခြင်းသည် ရေကန်၏အောက်ခြေ၌ လျို့တင်းရှန့်ခွံများ သို့မဟုတ် ရှန့်ဥများစွာ ထပ်မံရှိနေနိုင်သည်ဟု ဖော်ပြနေခြင်းဖြစ်သည်။

ကမ္ဘာဦးခေတ်ကတည်းက ပျောက်ကွယ်သွားခဲ့သော ထူးဆန်းသည့် ရှန့်သားရဲများသည် တျန်းယောင်း နတ်ဘုရားရေကန်အတွင်း၌ အုပ်စုလိုက် ရှင်သန်ပေါက်ဖွားခဲ့ကြခြင်း ဖြစ်ဟန်တူသည်။ အထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာများ သည် နှစ်ပေါင်း ဆယ်သန်း ကြာတိုင်း တစ်ကြိမ် ပြန်လည်စတင်လေ့ရှိသည်။ သို့ဖြစ်ရာ ရှန့်သားရဲများသည် သဘာဝအလျောက် ပေါ်ပေါက်လာခြင်းလော သို့မဟုတ် ပြင်ပမှ ရောက်ရှိလာခြင်းဆိုသည်ကို မသိနိုင်တော့ချေ။

မည်သို့ပင်ဆိုစေကာမူ ဤအရာအားလုံးသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၌ ကြီးမားသော ကံကောင်းခြင်းအခွင့်အလမ်းများ ရှိနေသည်ကို သက်သေပြနေခြင်းပင် ဖြစ်သည်။

ကျုံးရှန်သည် ခြေဗလာဖြင့် ရေကန်အောက်ခြေရှိ ရွှံ့နွံများအတွင်း၌ လျို့တင်းရှန့်ခွံများနှင့် ရှန့်ဥများကို တစ်လက်မချင်း လိုက်လံ ရှာဖွေနေသည်။ နာရီဝက်ခန့်အတွင်းပင် သူသည် ဆယ်ခုကျော်ကို ရှာဖွေတွေ့ရှိခဲ့လေသည်။ သို့သော်လည်း ရှန့်ဥအရေအတွက်သည် သိသိသာသာ နည်းပါးလှသည်။

ကျုံးရှန်သည် တစ်ရက်လုံး အချိန်ပေး၍ ရေကန်တစ်ခုလုံးကို ရှာဖွေပြီးသွားသောအခါ လျို့တင်းရှန့်အခွံ တစ်ရာကျော်ကို ရှာဖွေရရှိခဲ့လေသည်။ သို့သော်လည်း ရှန့်ဥများသည် ကန်အလယ်၌ တွေ့ခဲ့သော တစ်လုံး အပါအဝင် အသက်ဓာတ် ကျန်ရှိနေသေးသည့် ဥ စုစုပေါင်း ငါးလုံးခန့်သာ ရရှိခဲ့ကာ သေဆုံးနေသော ဥ အချို့ကိုလည်း တွေ့ရှိခဲ့ရသည်။

ဤသည်ကား အကြီးအကျယ် ရိတ်သိမ်းနိုင်ခဲ့ခြင်းပင်ဖြစ်ကာ ကျုံးရှန်၏ စိတ်အခြေအနေသည်လည်း အလွန်ပင် ကောင်းမွန်နေလေတော့သည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သို့ ဝင်ရောက်လာချင်း၌ပင် သူသည် ပထမဆုံးအနေဖြင့် ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင် ကို ရရှိခဲ့သည်။ ထို့နောက် မျှော်စင်တက်လှမ်းသူအားလုံးနီးပါးကို သတ်ဖြတ်နိုင်ခဲ့ကာ ငရဲကမ္ဘာ၏ ပါရမီရှင်များဖြစ်သည့် ပိုင်ကျင်းကျင်းနှင့်ဂူချီရှာတို့အပါအဝင်ဖြစ်သည်။

သာမန် မျှော်စင်တက်လှမ်းသူများထံမှ အဖိုးတန်ပစ္စည်းများစွာ ရရှိခဲ့သလို ထိုအင်အားကြီးအဖွဲ့အစည်းများမှ ဆင်းသက်လာသည့် ပါရမီရှင်မိစ္ဆာကျင့်ကြံသူများထံမှလည်း အလွန်တရာအဖိုးထိုက်တန်သော အမွေအနှစ်ရတနာများစွာကိုရရှိခဲ့သည်။

"တကယ်ပဲ...ဓားပြတိုက်လုယက်တာနဲ့ စွန့်စားခန်းဖွင့်တာက စနစ်ကနေ လက်ဆောင်ရယူတာထက် အများကြီး ပိုမြန်တာပဲ..."

ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်ကြီးသို့ စတင်ရောက်ရှိလာစဥ်က တိုက်ခိုက်လုယူခဲ့ရသည့် ပျော်ရွှင်မှုကို ပြန်လည် ခံစားလိုက်ရသည်။

သူသည် ရရှိသမျှ အရာအားလုံးကို သိမ်းဆည်းလိုက်ပြီးနောက် ရေကန်ဘောင်ပေါ်သို့ ဖြည်းညှင်းစွာ ပြန်တက်လာခဲ့သည်။

သို့သော်လည်း သူ၏ စိတ်ထဲ၌ ထူးဆန်းမှုတစ်ခုကို ခံစားလိုက်ရသည်။

ရေကန်အောက်ခြေ၌ များပြားလှသော လျို့တင်းရှန့်အခွံများနှင့် ရှန့်ဥများကို တွေ့ရှိခဲ့သော်လည်း အဘယ်ကြောင့် အသက်ရှင်နေသော ရှန့်သားရဲ တစ်ကောင်ကိုမျှ မတွေ့ရသနည်း။

ကျုံးရှန်တစ်ယောက် အတွေးများစွာဖြင့် ရေကန်ကမ်းပါးပေါ်၌ ရပ်နေသည်။ သူသည် သံသယများဖြင့် ခေတ္တမျှ စဉ်းစားနေစဉ်၌ပင် ရုတ်တရက် ခန္ဓာကိုယ် တောင့်တင်းသွားရကာ ခုခံကာကွယ်ရန်အတွက် လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။ထိုအချိန်မှာပင် ကြီးမားလှသော အနက်ရောင် ပုံရိပ်တစ်ခုသည် သူ့ထံသို့ ဦးတည်ပြေးဝင်လာလေသည်။

"ကျိ..."

စူးရှကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာကာ ထိုအနက်ရောင်ပုံရိပ်သည် ကျုံးရှန်၏ လက်သီးချက်ဖြင့်အထိုးခံလိုက်ရပြီး မီတာတစ်ရာခန့်အကွာသို့ လွင့်ထွက်သွားလေသည်။

ထိုအခါမှကျုံးရှန်သည်အနက်ရောင်ပုံရိပ်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

"ဒါက... မျက်လုံးသုံးလုံးဖျံ လား..."

ကျုံးရှန်ကို တိုက်ခိုက်ခဲ့သော ထူးဆန်းသည့် သားရဲ၌ အလွန်ပြင်းထန်သောအသက်ဓာတ် များရှိ နေကာ သူ၏လက်သီးချက်ကို ခံစားလိုက်ရသော်လည်း ခေတ္တမျှ လူးလိမ့်သွားပြီးနောက် ခန္ဓာကိုယ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။

ထိုဖျံ၏ မျက်လုံးသုံးလုံးအတွင်း၌ ဉာဏ်ပညာရှိသော အရိပ်အယောင်များ ပြည့်နှက်နေကာ ကျုံးရှန်ကို သတိကြီးစွာဖြင့် စိုက်ကြည့်နေ၏။

သူ၏ ခန္ဓာကိုယ်သည် တစ်လံခန့် မြင့်မားပြီး တစ်ကိုယ်လုံး၌ ရှည်လျား ချောမွတ်သော အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းနေသည်။ အနှီမျက်လုံးသုံးလုံးဖျံသည် ကမ္ဘာဦးကာလမှ ထူးဆန်းသော သားရဲတစ်ကောင်ပင် ဖြစ်ကာ သူသည် ရှန့်သားရဲများ၏ သဘာဝရန်သူတော် တစ်ဦးလည်း ဖြစ်သည်။

မျက်လုံးသုံးလုံးဖျံသည် မွေးရာပါ မျက်လုံးသုံးလုံး ရှိသဖြင့် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်မြင်နိုင်ကာ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ယင်း၏ မွေးရာပါစွမ်းရည်သည် ရှန့်သားရဲများ၏ ပုံရိပ်ယောင်အတတ်ကို အပြည့်အဝ နှိမ်နင်းနိုင်စွမ်း ရှိခြင်းပင်ဖြစ်သည်။ ထိုဖျံများသည် ပုံမှန်အားဖြင့် ရေထဲတွင် ရှင်သန်နေထိုင်လေ့ရှိကာ ရှန့်သားရဲများကို စားသုံးရသည်ကို အလွန်ပင် နှစ်သက်လေသည်။

ထို့ကြောင့်ပင် ဤနေရာ၌ အသက်ရှင်နေသော ရှန့်သားရဲ တစ်ကောင်မှ မရှိခြင်းကို ရှင်းပြနိုင်ပေသည်။ ထိုသားရဲမျိုးနွယ်စုနှစ်ခုသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ထိန်းကျောင်းနေသော ရန်သူများပင်ဖြစ်ကြသည်။

ယခုအခါ ရှန့်သားရဲအားလုံးသည် အနှီ မျက်လုံးသုံးလုံးဖျံ၏ စားသောက်ခြင်းခံလိုက်ပုံရသည်။ မျက်လုံးသုံးလုံးဖျံသည် မည်မျှကြာအောင် ငတ်မွတ်နေခဲ့သည်ကို မည်သူမျှမသိနိုင်‌ချေ။ ယခုအခါ သူသည်ကျုံးရှန်ကို တွေ့ရှိလိုက်သဖြင့် အစာကို လက်လွှတ်ခံမည် မဟုတ်ချေ။

"ကျိ... ကျိ..."

ယင်းသည် တစ်ဖန် အော်ဟစ်လိုက်ပြီးနောက် ကျုံးရှန်ရှိရာသို့ ထပ်မံ ပြေးဝင်လာပြန်သည်။

"ဒီသားရဲက အသိဉာဏ် သိပ်မရှိသေးပုံပဲ... သူ့ရဲ့ လုပ်ရပ်တွေအားလုံးက မွေးရာပါ ဗီဇအတိုင်းတုံ့ပြန်နေတာပဲဖြစ်ရမယ်..."

ကျုံးရှန်သည် ထိုဖျံကို ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။

ဤအကောင်သည်လည်း ပြင်ပလောက၌ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့သော ကမ္ဘာဦးသက်ရှိများထဲမှ တစ်ကောင် ဖြစ်သည်။ မျက်လုံးသုံးလုံးဖျံသည် ကမ္ဘာဦးကာလ၏ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်မျိုး ဖြစ်သော်လည်း မှတ်တမ်းများ များစွာ မရှိချေ။

သို့ဖြစ်ရာ ထိုသားရဲသည်နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားပါက မည်သည့် ထူးခြားစွမ်းရည်များ ရှိလာမည်ကို ကျုံးရှန်လည်း မသိရှိချေ။ မည်သို့ပင်ဖြစ်စေကာမူ ထိုဖျံသားရဲသည် အလွန်ပင် အစွမ်းထက်လိမ့်မည်မှာ သေချာလှသည်။

ကမ္ဘာဦးကာလတွင် သက်ရှိများသည် ကောင်းကင်နှင့်မြေကြီး၏နိယာမများအလျောက် သဘာဝအတိုင်း ရှင်သန်ကြီးထွားလာကြခြင်းဖြစ်ကာ သူတို့၏ စွမ်းအားသည် ယခုခေတ် မိစ္ဆာမျိုးနွယ်စုများထက် များစွာ ပိုမို ပြင်းထန်လေသည်။

ယခုခေတ် မိစ္ဆာမျိုးနွယ်များ ၏ အစွမ်းထက်မှုသည်ပင် သူတို့၏ ကိုယ်တွင်းရှိ ကမ္ဘာဦး သက်ရှိများ၏သွေးမျိုးဆက် မည်မျှ ပါဝင်သည်ကို ကြည့်၍ ဆုံးဖြတ်ကြရခြင်းဖြစ်သည်။ မျက်လုံးသုံးလုံးဖျံသည် စစ်မှန်သော ကမ္ဘာဦး သွေးမျိုးဆက် ဖြစ်သဖြင့် ယင်း၏ ခွန်အားကို လျှော့တွက်၍ မရနိုင်ချေ။

ထိုသတ္တဝါ တစ်ဖန် ပြေးဝင်လာသည်ကို မြင်သောအခါ ကျုံးရှန်၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာလေသည်။ သူသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ကာ လက်နှစ်ဖက်ကို မြှောက်၍ လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။ ထို့နောက် သူ၏ ရှေ့သို့ မျက်လုံးသုံးလုံးဖျံရောက်ရှိလာချိန်၌ အားကုန်သုံးကာ အရှိန်အဟုန်ဖြင့် ထိုးချလိုက်လေသည်။

"ဝုန်း..."

ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာပြီး သူ၏ ခြေထောက်အောက်ရှိ မြေပြင်ပင်လျှင် တုန်လှုပ်ခါယမ်းသွားလေသည်။ ရေကန်ဘောင်ပေါ်ရှိ မြေသားများသာ အလွန်မာကျောခြင်း မရှိပါက ဤလက်သီးချက်ကြောင့် တွင်းကြီးတစ်ခုပင် ဖြစ်သွားနိုင်လေသည်။

မျက်လုံးသုံးလုံးဖျံသည် အတော်ပင် နာကျင်သွားပုံရကာ ယိမ်းထိုးလျက် မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း ပြန်လည် လဲကျသွားသည်။ ကျုံးရှန်သည် ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ မျက်လုံးသုံးလုံးဖျံ၏ ကိုယ်ပေါ်သို့ ခုန်တက်လိုက်ကာ သဲအိတ်အရွယ်အစားရှိသော ထိုဖျံ၏ဦးခေါင်းကို အဆက်မပြတ် ထိုးနှက်လေတော့သည်။

ရိုးရှင်းပြီး ကြမ်းတမ်းလှသော်လည်း အလွန်ပင် ကျေနပ်စရာ ကောင်းလှသည်။ မျက်လုံးသုံးလုံးဖျံသည် နာကျင်စွာ အော်ဟစ်နေရရှာသည်။ ကံကောင်းသည်မှာ မျက်လုံးသုံးလုံးဖျံသည် ကမ္ဘာဦး သွေးမျိုးဆက် ဖြစ်သဖြင့် အလွန်သန်မာလှသောခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသည်။

ထို့ကြောင့်ပင် ကျုံးရှန်၏ပြင်းထန်ကြမ်းတမ်းသော ထိုးနှက်ချက်များကို ခံနိုင်ရည်ရှိနေကာ အလွယ်တကူ သေဆုံးသွားခြင်း မရှိပေ။

ကျုံးရှန်သည်းလည်း ထိုအခြေအနေအားလုံးကို သိရှိထားသဖြင့် လက်သီးများကို ရပ်နားခြင်းမရှိဘဲ ဆက်တိုက် ထိုးနှက်နေခဲ့သည်။

သူသည် စိတ်ခံစားချက် မရှိသော ထိုးနှက်စက် တစ်ခုကဲ့သို့ပင် ၁၅ မိနစ်ခန့် ကြာသည်အထိ ထိုးနှက်နေလေသည်။ မျက်လုံးသုံးလုံးဖျံသည် အစပိုင်း၌ အပြင်းအထန် ရုန်းကန်နေသော်လည်း နောက်ပိုင်း၌ ရုန်းကန်မှုများ အားနည်းလာကာ သူ၏အသက်ရှူသံသည်ပင် အလွန်တရာအားနည်းသွားတော့သည်။

ထိုအခါမှသာ ကျုံးရှန်သည် သူ၏လက်သီးများကို ရပ်လိုက်လေသည်။ သူသည် ဖျံ၏ လည်ပင်းနောက်ဘက်ရှိ နူးညံ့သော အမွှေးအမျှင်များကို ဆွဲယူကာ ယင်း၏ ခေါင်းကို မြှောက်လိုက်သည်။

"သေချင်ယောင် ဆောင်မနေနဲ့... မင်းရဲ့ ဉာဏ်ရည်က မနိမ့်ဘူးဆိုတာ ငါသိတယ်... အခု မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်... အညံ့ခံမလား .... သေမလား..."

"ကျိ... ကျိ..."

မျက်လုံးသုံးလုံးဖျံသည် တိုးညင်းစွာ အော်ဟစ်လိုက်ပြီးနောက် ပါးစပ်အတွင်းမှ လုံးဝန်းသော အမြုတေစွမ်းအင်လုံး တစ်ခုကို ထွေးထုတ်လိုက်သည်။

"ကျိ... ကျိ..."

ကျုံးရှန်သည် ထိုအမြုတေစွမ်းအင်လုံးကို ကြည့်ကာ ပြုံးလိုက်လေသည်။ ထိုဖျံ၏အပြုအမူများသည် အညံ့ခံလိုက်ပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။

ကမ္ဘာဦးသားရဲများ၏ အမြုတေစွမ်းအင်လုံးသည် သူတို့၏ အသက်သွေးကြော ဖြစ်သည်။ အမြုတေစွမ်းအင်လုံးသည် သူတို့၏ ခွန်အားနှင့် အနှစ်သာရ အားလုံးကို စုစည်းထားသည့် အရာဖြစ်ရာ ထိုအရာကို ထိန်းချုပ်နိုင်ခြင်းသည် ယင်းသားရဲ၏ အသက်ကို လက်ဝါးထဲ၌ ဆုပ်ကိုင်ထားနိုင်ခြင်းကို ဆိုလိုလေသည်။

"မင်းက အခြေအနေ နားလည်တဲ့ကောင်ဆိုတော့... ငါ့ရဲ့ ရှန့်သားရဲတွေကို စားပစ်လိုက်တာကို ခွင့်လွှတ်ပေးလိုက်မယ်..."

ကျုံးရှန်သည် မျက်လုံးသုံးလုံးဖျံပေါ်မှ ဆင်းလိုက်ပြီး အမြုတေစွမ်းအင်လုံးကို ကောက်ယူလိုက်ကာ သူ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းသို့ သိမ်းဆည်းလိုက်‌ လေ‌တော့သည်။

All Chapters