အခန်း (၂၈၄)
Vol. 29 Ch. 284
အမြုတေစွမ်းအင်လုံးကို သိမ်းဆည်းလိုက်ပြီးနောက်တွင်မူ မျက်လုံးသုံးလုံးဖျံသည် ထပ်မံလှုပ်ရှားခြင်းမရှိတော့ချေ။
ကျုံးရှန်သည် မြေပြင်ပေါ်၌ သေချင်ယောင်ဆောင်ကာ ငြိမ်သက်နေသော ထိုဖျံကို ကြည့်လိုက်သည်။ ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ မြစိမ်းရောင်ရှိသည့် ဆေးပုလင်းတစ်ပုလင်း ပေါ်ထွက်လာလေသည်။
သူသည် လက်ကောက်ဝတ်ကို အသာအယာ ခါယမ်းလိုက်ပြီး ဆေးလုံးများကို မျက်လုံးသုံးလုံးဖျံ၏ ရှေ့သို့ ဖြန့်ကြဲလိုက်သည်။ ထိုဆေးလုံးများသည် အလွန်ပင် ဆန်းကြယ်လှကာ ဆေးပုလင်းအတွင်းမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် အစိမ်းရောင်ရှိသော သားရဲငယ်လေးများအဖြစ်သို့ အသွင်ပြောင်းသွားကြပြီး ထူးခြားသော ဆေးရနံ့များ လေထုအတွင်းသို့ ပျံ့နှံ့သွားသည်။
ထိုဆေးလုံးများ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သေချင်ယောင်ဆောင်နေသော မျက်လုံးသုံးလုံးဖျံသည် ချက်ချင်းပင် ခုန်ထလာပြီး အစိမ်းရောင် သားရဲပုံစံ ဆေးလုံးများကို မြန်ဆန်လှသော အရှိန်ဖြင့် ဝါးမြိုလိုက်လေသည်။ သူ၏ အရှိန်သည် ကျုံးရှန်ကို တိုက်ခိုက်စဉ်ကထက်ပင် ပိုမို လျင်မြန်နေသေး၏။
မျက်လုံးသုံးလုံးဖျံသည် မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်ချိန်တွင် သူ၏ ပါးစောင်များအတွင်း၌ ဆေးလုံးများဖြင့် ပြည့်နှက်နေလေသည်။
"ဂျွတ်... ဂျွတ်..."
မျက်လုံးသုံးလုံးဖျံသည် ငတ်မွတ်နေသော သရဲတစ်ကောင်ကဲ့သို့ ဆေးလုံးများကို အားရပါးရ ဝါးစားလိုက်သည်။
"ဂလု..."
ဆေးလုံးအားလုံးကို မျိုချလိုက်ပြီးနောက်တွင် သူ၏ မျက်နှာထက်၌ ကျေနပ်အားရသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။
ထို့နောက် သူသည် ကျုံးရှန်၏ ဘေးနားသို့ ကပ်လာကာ ခေါင်းကို ငုံ့၍ ကျုံးရှန်၏ ခြေသလုံးကို ပွတ်သပ်နေတော့သည်။ မျက်လုံးသုံးလုံးဖျံ၏ ပုံစံသည် အိမ်မွေးခွေးလေးတစ်ကောင်ထက်ပင် ပို၍ ယဉ်ပါးနေလေသည်။
"ဒီ သားရဲဝိညာဉ်ဆေးလုံး ရဲ့ အရသာက မဆိုးဘူးမလား..."
"ဒါက ရှန့်သားရဲရဲ့ အသားထက် အများကြီး ပိုစားကောင်းတယ်မလား..."
"ငါ့နောက်ကိုသာ လိုက်ခဲ့စမ်းပါ... ဒီလို စားကောင်းတာတွေ အများကြီး ရှိသေးတယ်..."
ကျုံးရှန်သည် ခြေထောက်နားတွင်ပွတ်သပ်နေသည့် မျက်လုံးသုံးလုံးဖျံကို ကြည့်ကာ မက်လုံးပေးမြူဆွယ်လိုက်သည်။
မျက်လုံးသုံးလုံးဖျံသည် ထိုစကားကို နားလည်ပုံရကာ ကျုံးရှန်၏ခြေသလုံးကိုပိုမိုတက်ကြွစွာ ပွတ်သပ်လာသည်။
"ကဲ... တော်ပြီ... မပွတ်နဲ့တော့..."
"ဒီနေရာမှာ စူးစမ်းရှာဖွေဖို့ တန်တဲ့ တခြားနေရာတွေ ရှိသေးလား ဆိုတာ မင်းသိလား..."
ကျုံးရှန်သည် ခြေထောက်ကို အသာအယာ ခါထုတ်လိုက်ရင်း မေးလိုက်သည်။
မျက်လုံးသုံးလုံးဖျံသည် ခေတ္တမျှ ကြောင်အသွားသည်။
"ကျိ..."
ထို့နောက် ယင်းသည် တစ်ချက် အော်ဟစ်လိုက်ကာ ရေကန်ဘေးရှိ တောအုပ်အတွင်းသို့ ပြေးဝင်သွားလေသည်။
သူသည် ကျုံးရှန်ကို တစ်စုံတစ်ရာသော နေရာသို့ ခေါ်ဆောင်သွားလိုပုံရ၏။ ကျုံးရှန်သည်လည်း နှေးကွေးမနေဘဲ နောက်မှ လိုက်ပါသွားလေသည်။
တောအုပ်အထပ်ထပ်ကို ဖြတ်ကျော်ကာနာရီဝက်ခန့် ခရီးနှင်ပြီးနောက်တွင် သူတို့နှစ်ဦးသည် ကျယ်ဝန်းသော ကွင်းပြင်တစ်ခုသို့ ရောက်ရှိသွားကြသည်။
ထိုကွင်းပြင်၌ ထူးဆန်းစွာပင် ခြံစည်းရိုးခတ်ထားသော ခြံဝင်းငယ်တစ်ခု ရှိနေလေသည်။ခြံဝင်းအတွင်း၌ မြက်ခြောက်များဖြင့်မိုးထားသည့်တဲအိမ်များရှိနေကာ အပြင်ဘက် နံရံများပေါ်၌ နွယ်ပင်များဖြင့် ဖုံးလွှမ်းနေသည်။ ခြံစည်းရိုးဘေး၌မူ စိုက်ပျိုးထားဟန်ရှိသော လယ်ကွင်းအချို့ကို မြင်တွေ့ရသည်။
ဤနေရာလေးသည် ဆိတ်ငြိမ်ပြီး လောကီကို စွန့်ခွာကာ အပန်းဖြေနေထိုင်သည့် နေရာတစ်ခုနှင့်ပင် တူလှသည်။
သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ တဲအိမ်များပတ်ပတ်လည်ရှိအရာအားလုံးသည် ဟောင်းနွမ်းပျက်စီးနေပြီ ဖြစ်ကာ အနည်းဆုံး ဆယ်နှစ်ထက်မနည်း စွန့်ပစ်ခြင်း ခံထားရဟန်တူသည်။ လယ်ကွင်းများအတွင်း၌ ပေါင်းပင်များဖြင့် ပြည့်နှက်နေကာ ထိုအထဲတွင် ကြံ့ကြံ့ခံ ရှင်သန်နေသော တောရိုင်း ဂျုံပင်အချို့ကိုပင် တွေ့မြင်နေရသည်။ တဲအိမ်များသည် အချို့အစိတ်အပိုင်းများ ဆွေးမြည့်နေပြီဖြစ်ကာ နံရံပေါ်ရှိ နွယ်ပင်များသည်လည်း မည်းနက် ခြောက်သွေ့နေလေသည်။
ထို့အပြင် ထိုမြက်ခြောက်တဲအိမ်များ၏ပိုင်ရှင်ကိုမူ အရိပ်အယောင်ပင် မတွေ့ရချေ။ ထိုပိုင်ရှင်မျသည် မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မည်သူမျှ မသိနိုင်တော့ပေ။
"ကျိ... ကျိ... ကျိ..."
မျက်လုံးသုံးလုံးဖျံသည် ကျုံးရှန်၏ ဘောင်းဘီစကို အသာအယာ ကိုက်ဆွဲကာ ခြံဝင်းအတွင်းသို့ ဝင်ရန် အချက်ပြနေလေသည်။
"မင်းက ငါ့ကို အထဲဝင်စေချင်တာလား... ဒီထဲမှာ ရတနာတွေ ရှိလို့လား..."
မျက်လုံးသုံးလုံးဖျံသည် ခေါင်းကို အပြင်းအထန် ငြိမ့်ပြလိုက်သည်။
ကျုံးရှန်သည် ယင်း၏ တုံ့ပြန်မှုကို မြင်သောအခါ ဆက်လက်တုန့်ဆိုင်းနေခြင်းမရှိတော့ဘဲ ခြံဝင်းငယ်အတွင်းသို့ လှမ်းဝင်လိုက်သည်။
သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ တောတောင်အတွင်း၌ အိမ်ဆောက်၍လယ်ယာစိုက်ပျိုးကာ အေးဆေးစွာ နေထိုင်နိုင်သူသည် လူသားမျိုးနွယ် တစ်ဦးသာ ဖြစ်ရန် အခွင့်အလမ်းများသည်။ အထူးသဖြင့် မြက်ခြောက်တဲအိမ်များသည် လူသားမျိုးနွယ်၏ ထူးခြားသော လက်ရာများသာဖြစ်ကြောင်းသက်သေပြနေသည်။
ထိုသူသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ဒုတိယမြောက်အထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာအတွင်းသို့ မည်သို့ ရောက်ရှိလာသနည်း ဆိုသည်မှာ စိတ်ဝင်စားစရာပင်ဖြစ်သည်။
ကျုံးရှန်တစ်ယောက် ဆက်လက်လျှောက်လှမ်းသွားသည်နှင့်အမျှ သူ၏ နောက်၌ ခြေရာများ ကျန်ရစ်ခဲ့သည်။ ဤနေရာသို့ လူမရောက်သည်မှာ ကြာပြီဖြစ်သဖြင့် မြေပြင်ပေါ်၌ ဖုန်မှုန့်များ ထူထပ်စွာ ဖုံးလွှမ်းနေလေသည်။
ကျုံးရှန်သည် ပထမဆုံး မြက်မိုးတဲအိမ်ဆီသို့ လျှောက်သွားလိုက်သည်။ သူသည် အနည်းငယ်စောင်းနေသော သစ်သားတံခါးကို အသာအယာ တွန်းဖွင့်ကာ အထဲသို့ ဝင်လိုက်၏။ အခန်းအတွင်း၌ စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံးနှင့် ခုတင်တစ်လုံးကိုသာ တွေ့ရသည်။ ထိုအရာများမှလွဲ၍ အခြား မည်သည့်အရာမျှ မရှိချေ။
ထိုပရိဘောဂများသည်လည်း သစ်ပင်များကို ခုတ်ထွင်ကာ အကြမ်းထည် ပြုလုပ်ထားခြင်းဖြစ်ပြီး ယခုအခါ ဆွေးမြည့် ပျက်စီးနေလေသည်။ စားပွဲပေါ်၌ သစ်သားလင်ပန်းနှင့် ပန်းကန်အချို့ ရှိနေကာ ပန်းကန်များအတွင်းရှိ အရာများသည် မည်းနက်နေသဖြင့် မည်သည့်အရာမှန်း မသိနိုင်တော့သော အတုံးအခဲများ ဖြစ်နေလေသည်။
နှစ်ပေါင်း မည်မျှကြာအောင် ပုပ်သိုးသွားခဲ့သော အစားအစာများဖြစ်သည်ကိုပင် မသိနိုင်ပါချေ။
ကျုံးရှန်သည် ထိုအခန်းအတွင်းမှ ထွက်လာကာ အခြားအခန်းနှစ်ခုကို လှမ်း၍ကြည့်လိုက်သည်။ အခန်းတစ်ခုသည် မီးဖိုချောင်ခန်းတစ်ခန်းဖြစ်ကာ ဘေးနား၌ ထင်းစည်းအချို့ကို သပ်ရပ်စွာ ပုံထားသည်။ မြေစေးဖြင့် ပြုလုပ်ထားသော မီးဖိုပေါ်၌မူ ကြီးမားလှသော အခွံကြီးတစ်ခုကို အိုးအဖြစ် အသုံးပြုထားသည်ကို တွေ့လိုက်ရသည်။
ထိုအခွံကြီးသည် ကြာရှည်စွာ မီးခိုးမှိုင်း တိုက်ထားခြင်း ခံရသဖြင့် အခွံမျက်နှာပြင်တစ်ခုလုံး မည်းနက်နေပြီဖြစ်သည်။ သို့သော်လည်း ထိုအခွံကိုမြင်လျှင်ကျုံးရှန်၏ မျက်ဝန်းများသည် ဝင်းလက်သွားကာ အနီးသို့အလျင်အမြန် လျှောက်သွားလိုက်ပြီး ဖုန်မှုန့်များ ဖုံးလွှမ်းနေသော ထိုအိုးကြီးကို မယူလိုက်သည်။
သူသည် အင်္ကျီလက်စဖြင့် အိုးမျက်နှာပြင်ကို သေသေချာချာ သုတ်လိုက်သောအခါ ရောင်စုံ အလင်းတန်းများ ဖြာထွက်နေသော မူလအသွင်အပြင် ပြန်လည်ပေါ်ထွက်လာသည်။
အိုးကြီးသည် လျို့တင်းရှန့်အခွံကြီး တစ်ခု ပင်ဖြစ်သည်။
တျန်းယောင်းရေကန်ထဲမှ ကျုံးရှန် ကောက်ရခဲ့သော အခွံများသည် လက်ဝါးခန့်သာ ရှိကာ အနည်းငယ် ကြီးမားသော အခွံများသည်ပင် ပန်းကန်ပြားခန့်သာ ရှိသော်လည်း ယခုတစ်ခုသည်မူ ဟင်းချက်အိုးကြီးတစ်လုံးကဲ့သို့ပင် ကြီးမားလှသည်။
ဤအခွံသည် ရှန့်သားရဲများအနက် အဆင့်အမြင့်ဆုံး သားရဲ၏ လျှို့တင်းရှန့်အခွံ ဖြစ်ရပေမည်။ သက်တမ်းအရဆိုလျှင်ထိုမျှ ကြီးမားသော ရှန့်အခွံသည် ဘိုးဘေးအဆင့်ရှိသော သားရဲကြီး၏ အခွံပင် ဖြစ်နိုင်လေသည်။ ယင်း၏ စွမ်းအားသည် သူကိုယ်တိုင် ကောက်ယူခဲ့သော အခွံများထက် များစွာ ပိုမို သာလွန်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ကျုံးရှန်သည် ရှန့်အခွံကြီးကို သိမ်းဆည်းလိုက်သည်။ သူသည် ခြံဝင်းငယ်ကို တည်ဆောက်ခဲ့သူအပေါ် ပိုမို စိတ်ဝင်စားလာပြီဖြစ်သည်။ သူ၏ အမြင်တွင် ခြံဝင်းပိုင်ရှင်သည် သာမန်လူတစ်ဦး မဖြစ်နိုင်ချေ။
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ဟင်းလင်းပြင်ကမ္ဘာတစ်ခုအတွင်း၌ အေးဆေးစွာ နေထိုင်နိုင်ရုံသာမက ကြီးမားလှသော ရှန့်အခွံကြီးကိုပင် ဟင်းချက်အိုးအဖြစ် အသုံးပြုနိုင်ခြင်းသည် အံ့မခန်းပင်ဖြစ်၏။
ကျုံးရှန်သည် မီးဖိုချောင်ခန်းအတွင်း၌ တစ်ပတ်ပတ်ကြည့်သော်လည်း အခြား ထူးခြားသော မည်သည့်အရာမျှမတွေ့ရတော့သဖြင့် နောက်ဆုံး အခန်းသို့ ဦးတည်လျှောက်သွားလိုက်သည်။ ထိုအခန်းသည် ခြံဝင်း၏ အတွင်းဘက်ဆုံး၌ တည်ရှိကာ အိပ်ခန်းထက်ပင် ပိုမို ခိုင်ခံ့စွာ တည်ဆောက်ထားလေသည်။ နံရံများသည် ကြီးမားသော သစ်တုံးကြီးများ ၊ ကျောက်တုံးများဖြင့် တည်ဆောက်ထားကာ အမိုးပေါ်၌မည်းနက်သော သားရဲအရေခွံများဖြင့် ဖုံးလွှမ်းထားသည်။
ကျုံးရှန်သည် ထိုသားရေများကို ကြည့်လိုက်ပြီးနောက် ခြံဝန်းအပြင်ရှိ မျက်လုံးသုံးလုံးဖျံကို တစ်ချက် ကြည့်လိုက်သည်။ ထိုအခါ အမိုးပေါ်၌ အသုံးပြုထားသော သားရေများသည် မည်သည့်နေရာမှ လာသည်ကို သူ ချက်ချင်း သိလိုက်ရတော့သည်။
မျက်လုံးသုံးလုံးဖျံ၏ သားရေများ။
ထိုအခြင်းအရာကြောင့်ပင် မျက်လုံးသုံးလုံးဖျံသည် ခြံဝင်းအတွင်းသို့ မဝင်လိုခြင်း ဖြစ်ရ ပေမည်။ ယင်းဖျံသည် ခြံဝင်းပိုင်ရှင်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မြင်တွေ့ခဲ့ဖူးပုံရ၏။
မြက်မိုးတဲအိမ်ငယ်သည် ရိုးရှင်းသော်လည်း ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များဖုံးလွှမ်းနေသည်။ အရေးကြီးဆုံးအချက်သည် တဲအိမ်ငယ်သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ ရှိနေခြင်းပင်ဖြစ်သည်။
ကျုံးရှန်သည် မျက်လုံးသုံးလုံးဖျံကို အလွယ်တကူ အနိုင်ရခဲ့သော်လည်း ယင်းသည် မျှော်စင်အတွင်း၌ ဖြစ်နေသောကြောင့်သာ ဖြစ်သည်။ အကယ်၍ ပြင်ပလောက၌သာဆိုလျှင် မျက်လုံးသုံးလုံးဖျံ၏ ခန္ဓာကိုယ် ခိုင်ခံ့မှုသည် နတ်ဘုရားအဆင့် ကျင့်ကြံသူနှင့်ပင် ယှဉ်နိုင်လိမ့်မည်ဖြစ်ကာ အနည်းဆုံး အဆင့် ၂ အထွတ်အထိပ်သို့ ရောက်ရှိနေသော နတ်ဘုရားတစ်ပါးပင် ဖြစ်နိုင်လေသည်။
ကျုံးရှန်သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးအခန်း၏ တံခါးကို တွန်းဖွင့်လိုက်သည်။
"ကျွီ..."
သစ်သားတံခါးသည် ဆွေးမြည့်နေသော ပွတ်တိုက်သံနှင့်အတူ ပွင့်သွားပြီး တံခါးကြားမှ ဖုန်မှုန့်များကျဆင်းလာသည်။
တံခါးပွင့်သွားလျှင် အခန်းအတွင်းရှိ မြင်ကွင်းအပြည့်အစုံသည် ကျုံးရှန်၏ မျက်စိရှေ့မှောက်တွင်ပေါ်ထွက်လာ၏။ အခန်းတွင်း ပြင်ဆင်မှုသည်လည်း အခြားအခန်းများကဲ့သို့ ရိုးရှင်းလှကာ မြက်ဖျာတစ်ချပ်နှင့် အကြမ်းထည် ပြုလုပ်ထားသော သစ်သား စားပွဲတစ်ခုသာ ရှိသည်။
စားပွဲပေါ်တွင် ရောင်စဉ်ခုနစ်ပါးဖြင့်တောက်ပနေသည့် ဘူးသီးခြောက်တစ်ခု ရှိနေသော်လည်း ထိုဘူးသီးခြောက်သည် ဖုန်များ ဖုံးလွှမ်းနေလေသည်။
"ဒါက အရက်ဘူးလား... ဆေးဘူးလား..."
ကျုံးရှန်သည် ဘူးသီးခြောက်ကို ဂရုတစိုက် မယူလိုက်သည်။
သူသည် အပေါ်ယံမှ ဖုန်မှုန့်များကို သုတ်သင်လိုက်ရာ ဘူးသီးခြောက်သည် အလွန်ပင် ပေါ့ပါးနေသည်ကို သတိထားမိလိုက်သည်။
အထဲ၌ ဘာမျှ မရှိဘဲ ဗလာဖြစ်နေပုံရ၏။
သူသည် ဘူးသီးကို အသာအယာ လှုပ်ခါကြည့်လိုက်သောအခါ အတွင်း၌ တစ်စုံတစ်ခု ရှိနေသည်ကို ခံစားလိုက်ရသည်။ သို့နှင့် ဘူးသီးအဝကို အောက်သို့ လှည့်ကာ အကြိမ်အနည်းငယ် ပြင်းထန်စွာ လှုပ်ခါလိုက်သည်။
ထိုအခါ ခုနစ်ရောင်ခြည် အလင်းတန်းများ ဖြာထွက်နေသော လုံးဝန်းသည့် အရာတစ်ခု ဘူးသီးအတွင်းမှ ထွက်ကျလာသည်။
"ဟမ်..."