← Chapters

အခန်း (၂၈၅)

Vol. 29 Ch. 285

အခန်း (၂၈၅)

Vol. 29 Ch. 285

ခုနစ်ရောင်ခြည် အလင်းတန်းများ ဝင်းလက်တောက်ပနေသော လုံးဝန်းသည့် အစေ့ငယ်တစ်ခု ဘူးသီးခြောက်အတွင်းမှ ထွက်ပေါ်လာသည့်အခါ ဖန်ဆင်းခြင်း ကမ္ဘာဦး အငွေ့အသက်များ လေထုအတွင်းသို့ ပျံ့နှံ့သွားသည်။ ထိုအငွေ့အသက်များကြောင့် ကျုံးရှန်၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားရ၏။

ဤဖန်ဆင်းခြင်း ကမ္ဘာဦးအငွေ့အသက်များသည် သူ၏ ချင်းတျန်းတောင်ထိပ်ပေါ်၌ ရှိနေသော ဖန်ဆင်းခြင်းသန္ဓေသားလောင်းကျောက်ဖျာနှင့်လည်းကောင်း၊ ကျောက်လေလံပွဲ၌ တွေ့ရှိခဲ့ရသော ပျက်စီးနေသည့် ဖန်ဆင်းခြင်း မိစ္ဆာဥနှင့်လည်းကောင်း အလွန်ပင် ဆင်တူနေလေသည်။

သို့ဖြစ်ရာ သူ၏လက်ထဲရှိ အစေ့ငယ်သည်လည်း ဖန်ဆင်းခြင်းအဆင့်ရှိ ရတနာတစ်ခု ဖြစ်နိုင်ချေ ရှိသည်။ သို့သော်လည်း ယင်းသည် ဥတစ်လုံးနှင့်လည်း မတူသကဲ့သို့ ကျောက်တုံးတစ်ခုနှင့်လည်း မတူဘဲ မျိုးစေ့တစ်စေ့နှင့်သာ ပိုမို ဆင်တူနေသည်။

''ဒါက နောက်ထပ် ဖန်ဆင်းခြင်း ရတနာပစ္စည်းတစ်ခုပဲ''

ကျုံးရှန်သည် တန်ခိုးကြီးလှသော ဖန်ဆင်းခြင်းအဆင့် ရတနာပစ္စည်းများကို တစ်ကြိမ်ထက်မက တွေ့မြင်ခဲ့ဖူးပြီးဖြစ်သည်။

သူသည် စနစ်မှတစ်ဆင့် လက်ဆောင်ရရှိခဲ့သော ဖန်ဆင်းခြင်းသန္ဓေသားလောင်းကျောက်ဖျာကိုပင် အဖိုးတန် ရတနာများစွာဖြင့် ပြုစုပျိုးထောင်ခဲ့ဖူးလေသည်။ သူ၏ လက်ထဲရှိ အဆင့်မြင့် ရတနာများကို အသုံးပြုခဲ့သော်လည်း ထိုဖန်ဆင်းခြင်းသန္ဓေသားလောင်းကျောက်ဖျာသည် ဝိညာဉ်စွမ်းအား ပြည့်ဝလှသော ချင်းတျန်းတောင်ထိပ်ပေါ်၌ နှစ်ပေါင်း သောင်းချီကြာအောင် တည်ရှိနေခဲ့လင့်ကစား ယနေ့ထိတိုင် အကောင်ပေါက်လာခြင်းမရှိသေးချေ။

ထိုအကြောင်းကို ပြန်လည် စဉ်းစားမိတိုင်း ကျုံးရှန်သည် အလွန်ပင် ခေါင်းခဲရလေသည်။ သူသည် မိမိ၏ လက်ထဲရှိ ဖန်ဆင်းခြင်း အစေ့ကို ကြည့်လိုက်ပြီးနောက် သူ၏ စိတ်များ ပြန်လည် တည်ငြိမ်သွားသည်။ ယခုအခါ သူသည် ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်ကို ရရှိထားပြီး ဖြစ်သကဲ့သို့ တက်လှမ်းခြင်းမျှော်စင်၏ ထူးခြားသော စွမ်းအားများကိုလည်း သိမြင်ထားပြီး ဖြစ်သည်။

ထိုအရာအားလုံးသည် ဖန်ဆင်းခြင်း အဆင့်ထက် ကျော်လွန်နေသော ရတနာများ ဖြစ်ကြ၏။

သို့ဖြစ်ရာ ကျုံးရှန်သည် ဖန်ဆင်းခြင်း မျိုးစေ့ သို့မဟုတ် ဖန်ဆင်းခြင်းသန္ဓေသားလောင်းကျောက်ဖျာအပေါ်၌ များစွာ စိတ်ဝင်စားမှု မရှိတော့‌ပေ။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခြင်းသန္ဓေသားလောင်းကျောက်ဖျာကို နိုးထလာစေရန်အတွက် အခြားသော ဖန်ဆင်းခြင်း အဆင့်ရှိ ရတနာများစွာကို အသုံးပြုရန် လိုအပ်သောကြောင့် ဖြစ်သည်။ ရိုးရှင်းစွာ ပြောရမည် ဆိုပါက ထိုအလုပ်သည် ရင်းနှီးရကျိုး မနပ်ဟု ကျုံးရှန်ယူဆထားသည်။

ကျုံးရှန်သည် ထိုမျိုးစေ့ကိုလက်ဝါးအတွင်း၌ ဆုပ်ကိုင်ထားပြီး မိမိ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းသို့ သိမ်းဆည်းရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်၌ မျိုးစေ့အတွင်းမှ ကြီးမားလှသည့် အင်အားတစ်ခု ပေါ်ထွက်လာကာ ကျုံးရှန်၏ တင်းကြပ်စွာဆုပ်ထားသော လက်သီးကို ဖြည်းညှင်းစွာ တွန်းဖယ်လိုက်သည်။

ကျုံးရှန်သည် ရုတ်တရက်ထွက်ပေါ်လာသောကြီးမားသည့် အင်အားကြောင့် အံ့အားသင့်သွားကာ သူ၏ မျက်နှာထက်၌ ဝမ်းမြောက်သည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။ သူသည် လက်ဝါးကို ဖြန့်ကြည့်လိုက်သောအခါ ခုနစ်ရောင်ခြည် အလင်းတန်းများ ထွက်ပေါ်နေသည့် ဖန်ဆင်းခြင်း မျိုးစေ့၏ အပြင်ဘက်အခွံ ကွဲအက်နေသည်ကို တွေ့လိုက်ရသည်။

စိမ်းစိုနူးညံ့လှသော အညှောင့်ငယ်လေးတစ်ခုသည် အခွံအပြင်ဘက်သို့ တိုးထွက်လာလေသည်။ နူးညံ့လှသော အညှောင့်ငယ်လေးမှ ထွက်ပေါ်လာသည့် အင်အားသည် ကျုံးရှန်ပင် မထိန်းချုပ်နိုင်လောက်အောင် သိပ်သည်းပြင်းထန်လှသောအသက်ဓာတ်များဖြင့် ပြည့်ဝနေသည်။

''ဒါက တကယ်ပဲ အညှောင့်ထွက်လာတာလား''

ကျုံးရှန်သည် လက်ဝါးပေါ်ရှိ အညှောင့်ငယ်လေးကို မျက်စိရှေ့သို့ အနီးကပ်ယူဆောင်ကာ သေချာစွာ ကြည့်ရှုလိုက်သည်။

ဖန်ဆင်းခြင်းမျိုးစေ့သည် သူ၏အိမ်၌ ရှိနေသော ဖန်ဆင်းခြင်းသန္ဓေသားလောင်းကျောက်ဖျာထက်များစွာ ပို၍ အသက်ဝင်နေကာ အညှောင့်ပင်ပေါက်လာပြီဖြစ်သည်။ ခြံဝင်းငယ်၏ ပိုင်ရှင်သည် ဤမျိုးစေ့ကို ဂရုစိုက်ပြုစုပျိုးထောင်ခဲ့ဟန် ရှိလေသည်။

သို့ဖြစ်ရာ ဖန်ဆင်းခြင်းမျိုးစေ့သည် ကျုံးရှန်နှင့် ကံပါလာခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

အညှောင့်ငယ်လေးသည် ကြည်လင်စိမ်းစိုနေကာ အသက်ဓာတ်နှင့် ဖန်ဆင်းခြင်း နိယာမများဖြင့် ပြည့်ဝနေသည်။ ကျုံးရှန်သည် သူ၏ လက်ထဲရှိ အညှောင့်ငယ်လေးကို စိုက်ကြည့်နေခဲ့ကာ ရုတ်တရက် ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်ကို ရရှိခဲ့စဉ်က အခြေအနေကို သတိရသွားသည်။

သို့နှင့် သူသည် မြေပြင်ပေါ်၌ တွင်းငယ်တစ်ခုကို တူးလိုက်ပြီး ဖန်ဆင်းခြင်း မျိုးစေ့ကို ထည့်လိုက်ကာ မြေကြီးဖြင့် အသာအယာ ပြန်လည် ဖုံးအုပ်လိုက်သည်။ ထို့နောက် သူသည် ကိုယ်တွင်းဟင်းလင်းပြင်ကို ဆက်သွယ်လိုက်ကာ ယခင်က သိမ်းဆည်းထားခဲ့သည့် တျန်းယောင်း နတ်ဘုရားရေစင်များကို ဖန်ဆင်းခြင်းမျိုး‌စေ့မြှုပ်နှံထားရာ အပေါ်သို့တစ်စက်ချင်းစီ လောင်းချပေးလိုက်လေသည်။

"တောက်... တောက်..."

တျန်းယောင်း နတ်ဘုရားရေစင်များ မြေသားအတွင်းသို့ လျင်မြန်စွာ စိမ့်ဝင်သွားသည်။

"ဝုန်း..."

ရုတ်တရက် မြေကြီးသည် ပြင်းထန်စွာ တုန်ခါသွားလေသည်။

"ကျိ... ကျိ... ကျိ..."

ခြံစည်းရိုးအပြင်ဘက်ရှိ မျက်လုံးသုံးလုံး ဖျံသည် စူးရှလှသော အသံဖြင့်အော်မြည်လိုက်သည်။

ကျုံးရှန်လှည့်ကြည့်လိုက်သောအခါ ထိုဖျံသည် အလွန်အမင်း ကြောက်ရွံ့နေသကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်နေသည်ကို တွေ့လိုက်ရသည်။ ကျုံးရှန်သည် လက်ဝှေ့ယမ်း၍ ခေါ်လိုက်သောအခါ မျက်လုံးသုံးလုံးဖျံသည် သူ၏ ဘေးနားသို့ အမြန် ပြေးဝင်လာသည်။

ကျုံးရှန်သည် လက်တစ်ဖက်ဖြင့် ထိုသားရဲကြီး၏ ဝမ်းဗိုက်ကို ပင့်မကာ လေထဲ၌မြှောက်ထားလိုက်သည်။ သူသည်လည်း ပတ်ဝန်းကျင်ရှိ မြေပြင်တစ်ခုလုံး၌ ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို ခံစားလိုက်ရသည်။

မြေကြီး၏ တုန်ခါမှုသည် ပိုမိုပြင်းထန်လာပြီး မျိုးစေ့ကို မြှုပ်နှံခဲ့သော နေရာရှိ မြေသားများသည် တဖြည်းဖြည်း ဖြူရော်လာကာ ပတ်ဝန်းကျင် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။

ထိုသို့ ပျံ့နှံ့သွားသည့် အရှိန်သည် အလွန်လျင်မြန်လှကာ မျက်စိတစ်မှိတ်အတွင်းပင် ခြံဝင်းကို ကျော်လွန်၍ တောအုပ်အတွင်းသို့ ရောက်ရှိသွားသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်အားလုံး ညှိုးနွမ်းခြောက်သွေ့သွားကာ မြေသားများ အနက်ရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားပြီး သဲမှုန်များအဖြစ်သို့ ပြိုကွဲသွား၏။

ပတ်ဝန်းကျင်ရှိအသက်ဓာတ်ရှိ‌သော အရာအားလုံးသည် ထိုမျိုးစေ့၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။

ကျုံးရှန်သည်ပင် ထိုနေရာ၌ ရပ်နေရုံဖြင့်ပင် မိမိ၏ ကိုယ်တွင်းရှိ အသက်ဓာတ်များကို ဆွဲယူနေသည့် ပြင်းထန်လှသော အင်အားတစ်ခုကို ခံစားနေရသည်။ ထိုစုပ်ယူအားသည် အလွန်ပြင်းထန်လာသဖြင့် နောက်ဆုံးတွင်ကျုံးရှန်လည်း ကြီးမားသော မျက်လုံးသုံးလုံးဖျံကို ပွေ့ချီလိုက်ကာ မြက်မိုးတဲအိမ်၏ အမိုးပေါ်သို့ ခုန်တက်လိုက်ရသည်။

အသက်ဓာတ်ကို စုပ်ယူနေသော အင်အားသည် မြေပြင်တစ်လျှောက် ပျံ့နှံ့နေခြင်း ဖြစ်သည်။ ယင်းသည် သက်မဲ့အရာများကို စုပ်ယူနိုင်ခြင်း မရှိသော်လည်း လမ်းတစ်လျှောက်ရှိ သစ်ပင်ပန်းမန်များနှင့် သက်ရှိအားလုံး၏ အသက်ဓာတ်ကို ခမ်းခြောက်သွားစေလေသည်။

'ထင်ထားတဲ့အတိုင်းပဲ ဒီဖန်ဆင်းခြင်း မျိုးစေ့က သာမန်မဟုတ်ဘူးပဲ'

'ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်နဲ့တောင် ယှဉ်နိုင်မယ့်ပုံပဲ'

'စနစ်ရဲ့ အဆင့်သတ်မှတ်ချက်က ဒီမျိုးစေ့ အညှောက်မထွက်ခင် အခြေအနေကို ဆိုလိုတာပဲဖြစ်ရမယ်'

'အညှောက်ထွက်လာပြီးနောက်မှာ ဒီမျိုးစေ့ရဲ့ အဆင့်က ဖန်ဆင်းခြင်း အဆင့်ထက် အများကြီး ပိုမြင့်သွားလောက်ပြီ'

'ချင်းထျန်းတောင်ထွတ်မှာ ရှိတဲ့ ဖန်ဆင်းခြင်းသန္ဓေသားလောင်းကျောက်ဖျာကလည်း အဖိုးတန် ရတနာတွေ အများကြီး စုပ်ယူထားပေမဲ့ အက်ကြောင်းတစ်ခုပဲ ပေါ်လာသေးတာက စွမ်းအင်လုံလောက်အောင်မစုဆောင်းရသေးလို့ ဖြစ်နိုင်တယ်'

ကျုံးရှန်သည် အသက်ဓာတ်များကို ရူးသွပ်စွာ စုပ်ယူနေသော ဖန်ဆင်းခြင်း မျိုးစေ့ကို ကြည့်ကာ အတွေးနက်သွားသည်။

တစ်ချိန်တည်း၌ပင် မျိုးစေ့မှ မည်သည့်အရာ ပေါက်ဖွားလာမည်ကိုလည်း ကျုံးရှန်တစ်ယောက် အလွန်အမင်း စိတ်ဝင်စားနေမိသည်။

ယခုအတွေ့အကြုံအရဆိုပါက သူ၏ ချင်းထျန်းတောင်ထိပ်ပေါ်ရှိ ကျောက်သားသန္ဓေကိုလည်း အကောင်ဖောက်နိုင်‌ပေလိမ့်မည်။

အသက်ဓာတ်များ စုပ်ယူမှု ပိုမို ကျယ်ပြန့်လာသည်နှင့်အမျှ ကျုံးရှန်၏ မြင်ကွင်းအတွင်း၌ စိမ်းလန်းသော အရောင်တစ်ခုမျှ မကျန်ရှိတော့ချေ။ မြေပြင်တစ်ခုလုံးသည် သဲကန္တာရကြီးတစ်ခုကဲ့သို့ ပြောင်းလဲသွား ကာ ခြံဝင်းငယ်သည်လည်း ပျက်စီးယိုယွင်းသွားရလေသည်။ မြေသားများ သဲအဖြစ် ပြောင်းလဲသွားသဖြင့် အိမ်များသည်လည်း ယိမ်းထိုးနေကာ ပြိုကျတော့မည့် အခြေအနေသို့ ရောက်ရှိနေ၏။

နာရီဝက်ခန့် ကြာသွားသောအခါ။

"ဖွတ်..."

ကျုံးရှန်၏ အောက်ဘက်ရှိ မြေပြင်မှ တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ မြေကြီးအတွင်း မြှုပ်နှံထားသော ဖန်ဆင်းခြင်း မျိုးစေ့အညှောင့်ငယ်သည် ရုတ်တရက် မြေပြင်ပေါ်သို့ တစ်ဟုန်ထိုး တိုးထွက်လာသည်။ ယင်းသည် အရွက်ငယ်များကို ဖြန့်ကျက်လိုက်ပြီး ဖုံးလွှမ်းနေသော သဲမှုန်များကို ခါထုတ်လိုက်ကာ ဝင့်ဝင့်ကြွားစွာဖြင့် လေထဲတွင် ယိမ်းနွဲ့နေသည်။

"ရှုး..."

ကျုံးရှန်၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းမှ ပြင်းထန်လှသော ရန်လိုသည့် အငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်။ ထိုအရာသည် ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်၏ အသိစိတ်ပင် ဖြစ်၏။ ကျုံးရှန်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်လျှင် လက်မောင်းလုံးခန့် တုတ်ခိုင်သော နွယ်ပင်တစ်ပင် အပြင်သို့ ထွက်ပေါ်လာကာ မြေပင်‌ ပေါ်ရှိ အပင်‌ပေါက်လေးဆီသို့တိုးဝင်သွားသည်။

ယင်းသည် စိမ်းလန်းသော မြွေကြီးတစ်ကောင်ကဲ့သို့ ဖန်ဆင်းခြင်းအပင်ပေါက်ကို ရစ်ပတ်လိုက်ကာ အစိမ်းရောင်ပိုးအိမ်တစ်ခုကဲ့သို့ လုံးထွေးသွားသည်။ ဖန်ဆင်းခြင်းအပင်ပေါက်သည်လည်း အားကျမခံဘဲ သဲများအတွင်း၌ လူးလွန့်လှုပ်ရှားနေသည်။ သို့သော်လည်း ယင်း၏ ကြီးထွားမှုသည် ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်လောက် မြန်ဆန်ခြင်းမရှိသေးချေ။

ကလေးငယ်တစ်ဦးနှင့် လူငယ်တစ်ဦးအကြား ကွာခြားနေသကဲ့ပင် ဖြစ်၏။

အပင်ငယ် နှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆွဲဆောင်နေကြသော်လည်း ယင်းသည် ချစ်ခင်ရင်းနှီးသော ဆွဲဆောင်မှုမျိုး မဟုတ်ချေ။ တစ်ပင်နှင့်တစ်ပင် ဝါးမြိုရန် ကြိုးစားနေခြင်းသာ ဖြစ်ကာ အခြားတစ်ပင်ကို မိမိ၏ အာဟာရအဖြစ် ပြောင်းလဲပစ်လိုကြခြင်း ဖြစ်သည်။

"ကဲ... တော်ပြီ... ပြန်လာခဲ့တော့..."

ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင် အသာစီးရနေသည်ကို မြင်သောအခါ ကျုံးရှန်သည် လှမ်း၍ ခေါ်လိုက်၏။

နွယ်ပင်လေးသည် ကျုံးရှန်၏ အမိန့်ကို ကြားသောအခါ အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း ဖန်ဆင်းခြင်းအပင်ပေါက်ကိုရစ်ပတ်ထားသည့် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ရုပ်သိမ်းလိုက်ကာ ကျုံးရှန်၏ လက်မောင်းပေါ်၌ ပြန်လည် ရစ်ပတ်လိုက်သည်။

'သခင်... ကျွန်တော့်ကို အဲဒါကို စားခွင့်ပေးပါ... အဲဒါကို စားလိုက်ရင် ကျွန်တော် ပိုပြီး ကြီးထွားလာနိုင်တယ်...'

ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်၏ အသံသည် ကျုံးရှန်၏ စိတ်ထဲ၌ ပေါ်ထွက်လာသည်။

နွယ်ပင်လေးသည် မုန့်တောင်းနေသော ကလေးငယ်တစ်ဦးကဲ့သို့ပင် ဖြစ်သည်။

"မရဘူး... ဒါကို စားလို့ မဖြစ်ဘူး..."

"နောက်ဆိုရင် စားကောင်းတာတွေ အများကြီး ရှိဦးမှာပါ..."

ကျုံးရှန်သည် ပြတ်သားစွာငြင်းဆိုလိုက်ပြီး နွယ်ပင်ငယ်လေးကို နှစ်သိမ့်လိုက်သည်။

သူသည် နွယ်ပင်ငယ်‌လေး၏စိတ်ဓာတ်ကျသွားမှုကို ခံစားလိုက်ရသဖြင့် လက်ကို ဆန့်ထုတ်လိုက်ကာ နို့နှစ်ရောင်အဆင်းရှိသော နတ်ဘုရားနှင်းရည်တစ်ပုလင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် ထိုနှင်းရည်များကို နွယ်ပင်ငယ်လေးပေါ်သို့ လောင်းချပေးလိုက်၏။

"ဒါကို အရင် သောက်ထားလိုက်ဦး..."

နွယ်ပင်၏ တစ်ကိုယ်လုံး၌ စိမ်းလန်းသော အလင်းတန်းများ ဝင်းလက်သွားကာ နတ်ဘုရားနှင်းရည်များကို စုပ်ယူလိုက်သည်။ ကျုံးရှန်၏ စိတ်ထဲသို့ ရောက်ရှိလာသော နွယ်ပင်၏ စိတ်ခံစားချက်သည်လည်း ဝမ်းနည်းမှုမှ ပျော်ရွှင်မှုသို့ ချက်ချင်း ပြောင်းလဲသွားသည်။

ကျုံးရှန်သည် နွယ်ပင်ငယ်‌လေးကို ပြန်လည် သိမ်းဆည်းလိုက်သည်။ သူသည် နွယ်ပင် လေးကို အပြင်သို့ ထုတ်ယူခဲ့ခြင်းမှာ ဖန်ဆင်းခြင်းမျိုးစေ့၏ အဆင့်ကို စမ်းသပ်လိုသောကြောင့်သာ ဖြစ်လေသည်။

All Chapters