အခန်း (၂၈၆)
Vol. 29 Ch. 286
ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်နှင့် ဖန်ဆင်းခြင်းအပင်ပေါက်လေးတို့အကြား အပြန်အလှန် အားပြိုင်မှု ၊ တစ်ခုကိုတစ်ခု ဝါးမြိုရန် ကြိုးပမ်းနေမှုတို့ကို ကြည့်ရှုခြင်းအားဖြင့် ထိုဖန်ဆင်းခြင်းမျိုးစေ့၏ အဆင့်အတန်းသည် မဟာတာအိုအဆင့်ထက်များစွာ ပိုမိုမြင့်မားကြောင်း သိသာလှသည်။ အနည်းဆုံးနေဖြင့် ထိုမျိုးစေ့သည် ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်နှင့်တူညီသော အဆင့်အတန်းတွင် တည်ရှိနေလေ၏။
အကယ်၍ ယင်းသည် မဟာတာအိုအဆင့်ရှိသော ဝိညာဉ်မျိုးစေ့တစ်ခုသာ ဖြစ်ပါက လွတ်မြောက်ခြင်းအဆင့်၌ရှိနေသည့် ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်ကို ထိပ်တိုက်ရင်ဆိုင်ရန် မည်သို့မျှ သတ္တိရှိလိမ့်မည် မဟုတ်ချေ။
ကျုံးရှန်သည် နောက်ထပ် အဖိုးတန်ရတနာတစ်ခုကို ထပ်မံရရှိခဲ့ခြင်းပင် ဖြစ်သည်။
ငရဲကမ္ဘာရှိ မိစ္ဆာအရှင်သခင်များသည် အဘယ်ကြောင့် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို အလုအယက် တက်လှမ်းလိုကြသည်ကို ကျုံးရှန်တစ်ယောက် နားလည်စပြုလာလေသည်။ မျှော်စင်တက်လှမ်းခြင်းမှရရှိသည့် ခန္ဓာကိုယ်ကြံ့ခိုင်မှုဆိုင်ရာ စွမ်းအားများကို ခေတ္တဖယ်ထားလျှင်ပင် ဤအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာများအတွင်း၌ များပြားလှသော ဖန်ဆင်းခြင်းအဆင့်အခွင့်အလမ်းများ ကိန်းအောင်းနေလေသည်။
ရှန့်သားရဲနှင့် မျက်လုံးသုံးလုံးဖျံတို့ကဲ့သို့သော သတ္တဝါများသည် ပြင်ပလောကတွင် မျိုးသုဉ်းပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဤနေရာ၌မူ မူလအတိုင်း တည်ရှိနေကြသေးသည်။ ထို့အပြင် မြက်ခင်းပြင်ကမ္ဘာကဲ့သို့သော ထူးခြားသည့် ပတ်ဝန်းကျင်သည်လည်း အလွန်အဖိုးတန်လှသောရတနာနယ်မြေပင် ဖြစ်သည်။ ထိုအချက်များက ကျုံးရှန်ကို ရှေ့ဆက်မည့် ခရီးစဥ်အတွက် ပိုမိုရင်ခုန်စိတ်လှုပ်ရှားစေလေသည်။
ဖန်ဆင်းခြင်းမျိုးစေ့သည် ဒုတိယမြောက် အထပ်တစ်ထောင်ဟင်းလင်းပြင်အတွင်းရှိ အသက်ဓာတ်အားလုံးကို စုပ်ယူလိုက်သဖြင့် အညှောက်ငယ်လေးသည် တစ်ပေခန့်မြင့်မားသော အပင်ပေါက်လေးအဖြစ်သို့ ကြီးထွားလာခဲ့သည်။ မြေပြင်ပေါ်ရှိ ပြင်းထန်လှသော စုပ်ယူမှုအင်အားများ ပျောက်ကွယ်သွားသည်ကို ခံစားမိသောအခါ ကျုံးရှန်သည် မျက်လုံးသုံးလုံးဖျံကို မြေပြင်ပေါ်သို့ ပြန်ချပေးလိုက်ပြီး သူကိုယ်တိုင်လည်း အောက်သို့ ခုန်ဆင်းလိုက်သည်။
သူသည် သဲများကြားမှ ဖန်ဆင်းခြင်းမျိုးစေ့ကို အသာအယာ မယူလိုက်ကာ မိမိ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းသို့ တိုက်ရိုက်သိမ်းဆည်းလိုက်၏။ ထို့နောက် ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်ကို ထိုမျိုးစေ့အား သေချာစွာ စောင့်ကြည့်ရန် တာဝန်ပေးလိုက်လေသည်။ ဖန်ဆင်းခြင်းမျိုးစေ့သည် ကျုံးရှန်ကို သခင်အဖြစ် အသိအမှတ်ပြုခြင်း မရှိသေးသကဲ့သို့ ယင်းကို မည်သို့သခင်အဖြစ် အသိအမှတ်ပြုခိုင်းရမည်ကိုလည်း ကျုံးရှန် မသိရှိသေးချေ။
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ ရတနာများကို အသိအမှတ်ပြုခိုင်းရန်အတွက် နည်းလမ်းအမျိုးမျိုး စမ်းသပ်ရန် ကျုံးရှန်၌ လုံလောက်သောအချိန်မရှိပေ။ ဖန်ဆင်းခြင်းမျိုးစေ့သည် အညှောက်ပေါက်လာခဲ့ပြီ ဖြစ်သကဲ့သို့ ဒုတိယအထပ်၏ အသက်ဓာတ်များကို စုပ်ယူကာ ကြီးထွားမှုအဆင့်တစ်ခုကို ရောက်ရှိသွားခဲ့လေသည်။ သို့ဖြစ်ရာ အလျင်စလို ပြုလုပ်ရန် လိုအပ်ခြင်းမရှိသေးချေ။
ယင်းကို ကိုယ်တွင်းဟင်းလင်းပြင်၌ သိမ်းဆည်းထားပြီး နောက်ပိုင်းမှသာ သေချာစွာ လေ့လာစူးစမ်းရန် ဆုံးဖြတ်လိုက်လေသည်။
မျက်လုံးသုံးလုံးဖျံကိုမူ သူ၏ စွမ်းအားမြင့် ဟင်းလင်းပြင်ရတနာအတွင်းသို့ သိမ်းဆည်းလိုက်ကာ အမိုးပေါ်၌ အသုံးပြုထားသော ဖျံသားရေများကိုလည်း အကုန်အစင် ခွာယူသိမ်းဆည်းလိုက်သည်။ ထို့အပြင် ဖန်ဆင်းခြင်းမျိုးစေ့ကို ထည့်ထားခဲ့သော ခုနစ်ရောင်ခြယ် ဘူးသီးခြောက်၊ အခန်းအတွင်းရှိမြက်ဖျာနှင့် စားပွဲများကိုလည်း တစ်ခုမကျန် ယူဆောင်သွားခဲ့၏။
ယခုအခါ မြေပြင်ပေါ်ရှိ အသက်ဓာတ်အားလုံးသည် စုပ်ယူခြင်းခံလိုက်ရသဖြင့် ပတ်ဝန်းကျင်ရှိသစ်ပင်အားလုံး ဆွေးမြည့်သွားခဲ့ပြီဖြစ်ကာ မြေသားများသည်လည်း သဲများအဖြစ် ပြိုကျပျက်စီးသွားလေသည်။ တောအုပ်ကြီး ပျောက်ကွယ်သွားသဖြင့် ကျူံးရှန်၏ရှေ့ရှိ မြင်ကွင်းသည် အဟန့်အတားမရှိ ရှင်းလင်းသွားကာ မလှမ်းမကမ်းရှိ ကူးပြောင်းခြင်းတံခါးကို မြင်တွေ့လိုက်ရသည်။
''ဒီ အထပ်တစ်ထောင်ကမ္ဘာက အဆုံးသတ်ပြီပေါ့''
ရေကန်အတွင်းရှိ လျို့တင်းရှန့်အခွံများကို ကျုံးရှန်သိမ်းဆည်းလိုက်ပြီးနောက်တွင် ရှေးဦးဝင်္ကပါပုံစံ ကျောက်တုံးအစီအရင်သည်လည်း တဖြည်းဖြည်း ပျက်ပြယ်သွားခဲ့သည်။ တောအုပ်သည်လည်း ညှိုးနွမ်းပျက်စီးသွားပြီ ဖြစ်ရာ ဤအထပ်အတွင်း၌ စူးစမ်းရှာဖွေစရာ မည်သည့်အရာမျှ မကျန်ရှိတော့ချေ။ ကျုံးရှန်၏ လုပ်ရပ်သည် အရာအားလုံးကို ပြောင်စင်အောင် သိမ်းဆည်းသွားခြင်းပင် ဖြစ်သည်။
ထိုသို့ ပြုလုပ်ခြင်းအပေါ်၌ ကျုံးရှန်အနေဖြင့် မည်သို့မျှ စိတ်မကောင်းဖြစ်ခြင်း မရှိချေ။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် နှစ်ပေါင်းများစွာကြာအောင် လည်ပတ်နေခဲ့ပြီး စွမ်းအားကြီးရတနာပစ္စည်းများစွာကို စုပ်ယူထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ရာ သူ ယူဆောင်သွားခဲ့သည့်ပမာဏသည် ထိုစုဆောင်းထားသော ရတနာများ၏ အစိတ်အပိုင်းငယ်လေးတစ်ခုသာ ဖြစ်လေသည်။
ယင်းသည် မျှော်စင်၏ မူလစွမ်းအားကို မည်သို့မျှ ထိခိုက်စေနိုင်ခြင်း မရှိပေ။
ထိုအချိန်တွင် ကျုံးရှန်၏ အမည်သည် ကောင်းကင်တက်လှမ်းခြင်းကျောက်စာတိုင်၏ ပထမနေရာတွင် ဝင့်ထည်စွာ တည်ရှိနေသည်။ သူ၏ အောက်၌မူ ရှီမင်နှင့် ရွှယ်ဖုန်းအာတို့ အစဉ်လိုက် ရှိနေကြပြီး သူတို့သည် ပထမဆုံး အထပ်တစ်ထောင်ကမ္ဘာဖြစ်သော မြက်ခင်းပြင်ကမ္ဘာကို တံခါးစောင့်များကဲ့သို့ ကာကွယ်ထားကြလေသည်။
အထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာအတွင်းသို့ ခဲယဉ်းစွာ ဝင်ရောက်လာနိုင်ကြသော ငရဲကမ္ဘာ၏ ကျင့်ကြံသူအချို့သည် ဝင်ရောက်ပြီး မကြာမီ၌ပင် အသက်ပျောက်ကွယ်သွားကြရလေသည်။ ကျုံးရှန်မှလွဲ၍ ပထမအထပ်၏ ပိတ်ဆို့မှုကို ကျော်လွှားနိုင်သည့် အခြားမည်သည့် ငရဲမိစ္ဆာ ပါရမီရှင်မျှ မရှိသေးချေ။
ထို့ကြောင့် ကျုံးရှန်၏ အမည်သည် အလွန်ပင် ထင်ရှားပေါ်လွင်နေကာ ငရဲမဟာကမ္ဘာကြီးတစ်ခုလုံး၌ သူ၏ သတင်းများ ပျံ့နှံ့စပြုလာလေသည်။ သူသည် ငရဲမဟာကမ္ဘာကြီး၌ နှစ်သန်းပေါင်းများစွာအတွင်း တွေ့ရခဲသော လူသားမျိုးနွယ် ကျင့်ကြံသူတစ်ဦး ဖြစ်ရုံသာမက သူတောင်စင်တစ်ပိုင်းအဆင့်မျှသာ ရှိသေးသူ ဖြစ်နေခဲ့ရာ ပို၍ပင်အံ့ဩစရာ ကောင်းလှလေသည်။
အထပ်ပေါင်း နှစ်ထောင်ကျော်အထိ တက်လှမ်းနိုင်သော သူတောင်စင်တစ်ပိုင်းအဆင့်ကျင့်ကြံသူ တစ်ဦး။
ထိုသည်မှာ ငရဲကမ္ဘာကြီးတစ်ခုလုံးရှိ အင်အားကြီးကျွမ်းကျင်သူများပင် တစ်ခါမျှ မမြင်တွေ့ဖူးသော အစွမ်းအထက်ဆုံးနှင့် အကြမ်းတမ်းဆုံး ပုဂ္ဂိုလ်ပင် ဖြစ်ပေလိမ့်မည်။
ထိုအချိန်၌ ကျုံးရှန်သည် ကူးပြောင်းခြင်းတံခါးအတွင်းသို့ လှမ်းဝင်လိုက်သည်။ ဤနေရာရှိ တံခါးအတွင်း၌ အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့် အသိစိတ်အရိပ်အယောင်မျှ မရှိချေ။ သူ၏ ခန္ဓာကိုယ်သည် တံခါးကို အခက်အခဲမရှိ ဖြတ်သန်းသွားကာ ဒုတိယမြောက် အထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာမှ ထွက်ခွာသွားလေသည်။
ကျုံးရှန် ထွက်ခွာသွားပြီးနောက်တွင် ဖန်ဆင်းခြင်းမျိုးစေ့ ထားရှိခဲ့သော အခန်းအတွင်း၌ အဝါရောင်သန်းနေသည့် စာရွက်လေးတစ်ခု လွင့်ပျံကျလာသည်။
''နှလုံးသား၌ နဂါးရှိလျှင်... လောကတွင် နဂါးမရှိ...''
''နှလုံးသား၌ တရားရှိလျှင်... အရာခပ်သိမ်းသည် တရားပင် ဖြစ်၏...''
စာရွက်လေးသည် ဖြည်းညှင်းစွာ ဝဲပျံကျလာပြီး မြေပြင်ပေါ်သို့ မကျရောက်မီ အဝါရောင်တောက်ပသော အက္ခရာစာလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်သို့ ပျံတက်သွားသည်။
ထိုအက္ခရာစာလုံးသည် အဝါရောင်အလင်းတန်းတစ်ခုကို ချန်ထားရစ်ကာ မျက်စိတစ်မှိတ်အတွင်းပင် ကျုံးရှန် ထွက်ခွာသွားခဲ့သော တံခါးအတွင်းသို့ ဝင်ရောက်သွားလေသည်။
ကျုံးရှန်သည် ယခုအခါ လှေကားထစ်အသစ်များ၏ အောက်ခြေ၌ ရပ်နေသည်။ သူသည် အပေါ်သို့ လိမ်တက်သွားသော လှေကားထစ်များကို မော့ကြည့်လိုက်ပြီး မိမိ၏ ခန္ဓာကိုယ်ပေါ်သို့ တဖြည်းဖြည်း သက်ရောက်လာသော ဖိအားများကို တိတ်ဆိတ်စွာ ခံစားနေလိုက်သည်။ ထို့နောက် သူသည် လက်သီးများကို ဆုပ်လိုက်ကာ လည်ပင်းကို အသာအယာ လှုပ်ရှားလိုက်သည်။ သူ၏ ကိုယ်တွင်းရှိ သွေးများသည် မျှော်လင့်ချက်များဖြင့် ဆူပွက်လာပြီဖြစ်သည်။
''အကန့်အသတ်ကို ရောက်တဲ့အထိကြိုးစားရတဲ့ ခံစားချက်မျိုး မရခဲ့တာ ကြာပြီပဲ...''
'' ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ရဲ့ နောက်ထပ် လှေကားထစ်တွေက ငါ့ကို စိတ်မပျက်စေဖို့ပဲ မျှော်လင့်တယ်...''
ကျုံးရှန်သည် တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် ကျားသစ်တစ်ကောင်ကဲ့သို့ လျင်မြန်စွာဖြင့် လှေကားထစ်များပေါ်သို့ တက်လှမ်းလိုက်လျှင် မျက်စိတစ်မှိတ်အတွင်း၌ပင် လှေကားထစ်ပေါင်း ဆယ်ဂဏန်းခန့်ကို ကျော်ဖြတ်သွားလေသည်။ အထပ်ပေါင်း နှစ်ထောင်ကျော်ရှိ လှေကားထစ်များသည် ကျုံးရှန်အတွက် ဖိအားများစွာ ပေးနိုင်ခြင်းမရှိသေးချေ။
သူ ထွက်ခွာသွားပြီး မိနစ်အနည်းငယ်အကြာတွင် ထိုနေရာ၌ အဝါရောင်ဝတ်ရုံဝတ်လူတစ်ဦး ပေါ်ထွက်လာကာ သူ၏ဘေး၌ ဝတ်စုံဖြူဝတ် လူတစ်ဦးထွက်ပေါ်လာသည်။
''ဘယ်လိုလဲ... ဒီလူက မင်းရှာနေတဲ့လူ ဟုတ်ရဲ့လား''
ဝတ်စုံဖြူဝတ် လူသည် အေးဆေးစွာ မေးလိုက်၏။
''သူ့ရဲ့ ခန္ဓာကိုယ်မှာ နဂါးမဲ့နှလုံးသားကျင့်စဉ် ရဲ့ အရိပ်အယောင်တွေ ရှိနေတယ်... ဒါပေမဲ့ သူက အလယ်ပိုင်းနတ်ဘုရားနယ်မြေက လူသားမျိုးနွယ်တော့ မဟုတ်ဘူး...''
အဝါရောင်ဝတ်စုံနှင့် လူသည် ခေါင်းခါပြလိုက်သော်လည်း သူ၏ ပုံစံသည် တုံ့ဆိုင်းနေဟန် ရှိသည်။
ဝတ်စုံဖြူဝတ် လူသည် သူ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
''ဟားဟားဟား... မိတ်ဆွေဟောင်းကြီးရာ... အခုချိန်က ဘယ်မှာ အလယ်ပိုင်းနတ်ဘုရားကုန်းမြေတိုက် ရှိတော့မှာလဲ''
''အနန္တကုန်းမြေတိုက်ကြီးရဲ့ အလယ်ပိုင်း နယ်မြေကိုးဆယ့်ကိုးခုစလုံးက ဖယ်ရှားခံလိုက်ရတာ ကြာလှပြီပဲ''
''ဒါပေမဲ့ ဒီလူကိုတော့ ငါ အတော်လေး သဘောကျတယ်... အထူးသဖြင့် တက်လှမ်းခြင်းလမ်းစဥ်အပေါ် သူရဲ့ နားလည်မှုက ငါ့နဲ့အတူတူပဲ... နောက်ထပ် အချိန်အနည်းငယ် ကြာရင် ငါလည်း ခရီးသစ်တစ်ခုကို စတင်နိုင်တော့မယ် ထင်တယ်''
''ဒါပေမဲ့ အခုတော့ မျှော်စင်အပြင်ဘက်က ဟိုခုနစ်ယောက်ကို သတိထားရမယ်...''
ဝတ်စုံဖြူနှင့် လူ၏ အသံမှာ အစပိုင်း၌ ပေါ့ပါးနေသော်လည်းစကား၏ အဆုံးတွင် လေးနက်တည်ကြည်သွားသည်။
''မင်း သဘောပဲ... ဒီလူမှာ နဂါးမဲ့နှလုံးသားကျင့်စဉ် ရှိနေပေမဲ့ ကံတရား အငွေ့အသက်က အလွန် အားနည်းလွန်းတယ်...အထွတ်အထိပ်ကောင်းကင်အဆောင် ကို ထိန်းချုပ်ဖို့တော့ မလုံလောက်သေးဘူး...''
''ဒါပေမဲ့ သူ့မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်... ခုနစ်ရောင်ခြယ်ဖန်ဆင်းခြင်းဘူးသီးခြောက် ရဲ့ တုံ့ပြန်မှုကိုတောင် ရတယ်ဆိုတော့...''
''ထားလိုက်ပါတော့... ငါ့ကို နောက်ထပ် စောင့်ကြည့်ခွင့်ပေးပါဦး...''
အဝါရောင်ဝတ်စုံနှင့် လူသည် ထပ်မံ ခေါင်းခါပြလိုက်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လှေကားထစ်များပေါ်သို့ အရှိန်အဟုန်ဖြင့် ပျံတက်သွားသည်။
ဝတ်စုံဖြူနှင့် လူသည် ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီးနောက် ခဏအကြာတွင် ခေါင်းခါယမ်းကာ ပျောက်ကွယ်သွားလေတော့သည်။
မျှော်စင်အတွင်း၌ တိတ်ဆိတ်မှုများ ထပ်မံ စိုးမိုးလာသည်။ ကျုံးရှန် တစ်ဦးတည်းသာလျှင် အာရုံစူးစိုက်ကာ အဟန့်အတားမရှိ အပေါ်သို့ ဆက်လက် တက်လှမ်းနေခြင်းဖြစ်သည်။ သူ၏ အရှိန်သည် အလွန် လျင်မြန်လှသဖြင့် နာရီဝက်မပြည့်မီ၌ပင် အထပ်ပေါင်း သုံးထောင်မြောက် လှေကားထစ်သို့ ရောက်ရှိသွားလေသည်။
သို့သော် သူသည် ရပ်တန့်ခြင်းမရှိဘဲ အထပ်ပေါင်း သုံးထောင်နှစ်ဆယ်မြောက် လှေကားထစ်အထိ ဆက်လက် တက်လှမ်းသွားသည်။ ထိုနေရာ၌ တတိယမြောက် အထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာသို့ ဝင်ရောက်မည့် တံခါး တည်ရှိနေ၏။
ပြင်ပလောကရှိ ငရဲကမ္ဘာ၏ အင်အားကြီးအဖွဲ့အစည်းများသည် ကျုံးရှန်၏ နောက်ကြောင်းကို လျှို့ဝှက်စွာ စတင် စုံစမ်းနေကြပြီ ဖြစ်သည်။ သို့သော်လည်း မည်သည့်အရာကိုမျှ ရှာဖွေတွေ့ရှိခြင်း မရှိကြချေ။ ကျုံးရှန်၏ အထောက်အထားအစစ်အမှန်ကိုသိရှိထားကြသည့် အထွတ်အထိပ် မိစ္ဆာအရှင်သခင် အနည်းငယ်သည်လည်း သူ၏သတင်းများကို ပိတ်ဆို့ထားကြလေသည်။
သူတို့သည် ကျုံးရှန်မှတစ်ဆင့် ကောင်းကင်တာအိုတံဆိပ်တော် ကို ရရှိရန် မျှော်လင့်ထားသဖြင့် မလိုအပ်သောအာရုံစိုက်မှုများရရှိမည်ကိုမလိုလားချေ။
ကောင်းကင်တာအိုတံဆိပ်တော်သာ သူတို့လက်ထဲသို့ ရောက်ရှိပါက တံဆိပ်နှစ်ခုကို ပေါင်းစပ်ပြီး အထွတ်အထိပ်ကောင်းကင်အဆောင်ကို ဖန်တီးကာ ကောင်းကင်ဘုံ၏ အာဏာကို ဆုပ်ကိုင်နိုင်တော့မည် ဖြစ်လေသည်။