အခန်း (၂၈၈)
Vol. 29 Ch. 288
ကျုံးရှန်သည် ခြေလှမ်းများကို လမ်းဆုံ၏ ညာဘက်သို့ ဦးတည်သွားလိုက်သည်။ မီးတောက်မှအလင်းရောင်သည် လမ်း၏ အရှေ့ဘက်ဆီသို့ ပျံ့နှံ့သွားသော်လည်း အလင်းရောင်၏အလွန်တွင် အမှောင်ထု ဖုံးလွှမ်းနေသဖြင့် အဆုံးသတ်ကို မမြင်တွေ့နိုင်ဘဲ ဖြစ်နေသည်။
ထို့အပြင် မြေအောက်အကျဉ်းထောင်သည် ပိတ်ဆို့နေသော ဟင်းလင်းပြင်ကမ္ဘာတစ်ခု ဖြစ်နေသောကြောင့် ဦးရေပြားများ ထုံကျင်လာစေကာ မသိစိတ်မှနေ၍ ထိုနေရာမှ အမြန်ဆုံး ထွက်ပြေးလိုစိတ်များ ပေါ်ပေါက်လာစေသည်။
သို့သော်လည်း ကျုံးရှန်၏ မျက်နှာအမူအရာသည် တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။ သူသည် ဘေးဘယ်ညာကို လှည့်ပတ်ကြည့်ရှုနေသည်မှာ အပန်းဖြေခရီးထွက်လာသည့်အလား အေးအေးလူလူ ရှိလှသည်။
''ဝေါင်း...''
ရုတ်တရက်ဆိုသလို နံရံများကို ဖြတ်ကျော်ကာ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံသည် ကျုံးရှန်၏ နားစည်အတွင်းသို့ ရောက်ရှိလာသောအခါတွင်မူ အားနည်းလှသော တုန်ခါသံအဖြစ်သာ ကျန်ရှိတော့သည်။ ကျုံးရှန်သည် မျက်မှောင် အသာအယာ ကြုတ်လိုက်ကာ နားရွက်နှစ်ဖက်သည် အနည်းငယ် လှုပ်ခတ်သွားပြီး အသံထွက်ပေါ်လာရာ အရပ်ကို အတိအကျ သိရှိရန်အာရုံစိုက်လိုက်သည်။ ထို့နောက်သူသည် လမ်း လျှောက်နေခြင်းမှရပ်တန့်လိုက်ကာ အရပ်မျက်နှာတစ်ခုသို့ လှမ်းမျှော်ကြည့်ရှုလိုက်သော်လည်း ထိုဟိန်းဟောက်သံသည် ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ချေ။
ကျုံးရှန်သည် ခဏမျှ စဉ်းစားနေမိသော်လည်း နံရံများကို ရိုက်ခွဲကာ အသံထွက်ပေါ်လာသည့်အရပ်သို့ သွားရောက်ကြည့်ရှုမည့် အတွေးကို စွန့်လွှတ်လိုက်သည်။ သူသည် လောလောဆယ်တွင် အလျင်စလို ပြုမူရန် မလိုအပ်ပေ။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ သတ်မှတ်ချိန်သည် ဆယ်နှစ် ရှိကာ လအနည်းငယ်သာ ကုန်ဆုံးသေးသည်။ ထို့အပြင် သူသည် မိမိ၏ တက်လှမ်းနိုင်မှု အကန့်အသတ်ကိုလည်း တွက်ချက်ထားပြီး ဖြစ်သည်။
ယခုအခါ မျှော်စင်တက်လှမ်းခြင်းဖြင့် ခန္ဓာကိုယ်ကြံခိုင်စေရန် ဆုချပေးသောစွမ်းအင်အမှုန်အမွှားများသည် တဖြည်းဖြည်း များပြားလာသကဲ့သို့ လှေကားထစ်များ၏ ဖိအားသည်လည်း တိုးပွားလာနေသည်။ ကျုံးရှန်သည် အထပ်ပေါင်း ရှစ်ထောင် ၊ ကိုးထောင်ခန့် ရောက်ရှိမှသာလျှင် ကြီးမားသော ဖိအားများကို စတင်ခံစားရမည်ဟု ခန့်မှန်းထားသည်။ အကယ်၍ အခြားသော အခွင့်အလမ်းများနှင့် စွမ်းအားမြှင့်တင်မှုများ မရှိပါက အထပ်ကိုးထောင်အကျော်ရှိ ခြေလှမ်းတိုင်းသည် အလွန် ခက်ခဲလာပေလိမ့်မည်။
လှေကားထစ်များအပြင် ကျုံးရှန်သည် အထပ်တစ်ထောင်စီရှိ ဟင်းလင်းပြင်ကမ္ဘာများကိုလည်း အလေးထား ဂရုစိုက်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုကမ္ဘာများအတွင်း၌ သူ၏ မျှော်စင်တက်လှမ်းခြင်းခရီးကို ကူညီပေးနိုင်သည့် လျှို့ဝှက်အခွင့်အလမ်းများ ရှိနေနိုင်သောကြောင့် ဖြစ်သည်။
ထို့အပြင် အထပ်မြင့်လာသည်နှင့်အမျှ ကောင်းကင်တက်လှမ်းခြင်း လမ်းစဉ်သည်လည်း ပိုမိုရှုပ်ထွေးလာကာ နားလည်သဘောပေါက်ရန် ခဲယဉ်းလာပေလိမ့်မည်။
ယခုအခါ သူသည် အဆင့်တစ်ခုသို့ ရောက်ရှိလာပြီဟု ဆိုနိုင်ပေသည်။ ကောင်းကင်တက်လှမ်းခြင်း လမ်းစဉ်ဟု ခေါ်ဆိုသော အရာသည် သူကိုယ်တိုင် နားလည်ထားသော ကောင်းကင်ကို ကျော်လွှားအောင်နိုင်ခြင်း လမ်းစဉ်နှင့် အချို့သော အချက်များတွင် ဆင်တူမှုရှိနေသည်။
သက်ရှိများသည် စတင်မွေးဖွားလာချိန်တွင် မူလသဘာဝအရ အားနည်းကြသူများ ဖြစ်ကြသည်။ မွေးရာပါ သူတော်စင်ပါရမီရှင်များ သို့မဟုတ် နတ်ဘုရားသားရဲများပင် လျှင် မွေးကင်းစအချိန်၌ အလွန်နုနယ်လှပေသည်။ အဆက်မပြတ် လေ့ကျင့်မှုများ၊ ကြီးထွားမှုများနှင့် အတွေ့အကြုံများကို ရရှိမှသာလျှင် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များအဖြစ်သို့ ပြောင်းလဲတိုးတက်နိုင်မည် ဖြစ်သည်။
မဟာကမ္ဘာကြီးတစ်ခုအတွင်း၌ ကောင်းကင်တာအိုသည် အရာအားလုံးကို မျှတအောင် ထိန်းညှိထားသည်။ ထိုမဟာကမ္ဘာကြီး၏ စွမ်းအားပမာဏသည်လည်း သတ်မှတ်ချက်တစ်ခုအတွင်း၌သာ တည်ရှိနေကာ စွမ်းအားကြီးသူတစ်ဦး ပေါ်ထွက်လာပါက များပြားလှသော အခွင့်အလမ်းများ၊ ရတနာများနှင့် စွမ်းအင်များသည် ထိုသူ၏ သိမ်းပိုက်ရယူခြင်းကိုခံရမည် ဖြစ်သည်။ ထို့ကြောင့်ပင် ကမ္ဘာလောကအတွင်း၌ ဘေးဒုက္ခများ သို့မဟုတ် ကံကြမ္မာအလှည့်အပြောင်းများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
ဘေးဒုက္ခနှင့် ကံကောင်းခြင်း။
ကောင်းကင်တာအိုသည် အကျိုးအပြစ် ၊ ကံ ကောင်းခြင်း ၊ ကံဆိုးခြင်းကို မျှခြေညီစေခြင်းဖြင့် ထိန်းညှိမှု လမ်းစဉ်ကိုဖွဲ့စည်းထားသည်။
ကောင်းကင်တက်လှမ်းခြင်း လမ်းစဉ်သို့မဟုတ် တက်လှမ်းခြင်းတာအို ဆိုသည်မှာ အထွတ်အထိပ်သို့ ရောက်ရှိလိုသော စိတ်ဆန္ဒကို ကိုယ်စားပြုသည်။ ကောင်းကင်နှင့် တစ်ညီတည်း မြင့်မားနိုင်မှသာလျှင် ကောင်းကင်တာအို၏ ရှုထောင့်မှနေ၍ လောက၌ရှိသော အရာခပ်သိမ်းကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ ဤလမ်းစဉ်၏ အနှစ်သာရသည် လူသားတို့၏ စိတ်ဆန္ဒများကို စုစည်းပြီး ယုံကြည်ခြင်းစွမ်းအား ကို ရယူကာ ကောင်းကင်တာအိုအတွင်းသို့ ပြန်လည်ဖြည့်တင်းပေးခြင်း ဖြစ်သည်။
ထိုသို့ ပြုလုပ်ခြင်းဖြင့် ဘေးဒုက္ခများကို ခုခံနိုင်ကာ လွတ်မြောက်ခြင်းကို ရရှိနိုင်မည် ဖြစ်သည်။
တက်လှမ်းခြင်းတာအိုသည် နားလည်မှုအဆင့်အတန်းတစ်ခုသို့ ရောက်ရှိလာပါက အခြားသော မဟာကမ္ဘာများ၏ စွမ်းအားကို စုပ်ယူကာ မိမိ၏ ကမ္ဘာကို ပိုမိုကြီးမားအောင် ပြုလုပ်နိုင်သည့် ထိန်းညှိမှု လမ်းစဉ်တစ်မျိုးပင် ဖြစ်သည်။ ကျုံးရှန် နားလည်ထားသော ကောင်းကင်ကို ကျော်လွှားအောင်နိုင်ခြင်း တာအိုလမ်းစဉ်သည် ပိုမိုပြင်းထန်သော်လည်း တက်လှမ်းခြင်းတာအိုလမ်းစဉ်သည် ပိုမိုလက်တွေ့ကျသော လွတ်မြောက်ခြင်းလမ်းစဥ်တစ်ခု ဖြစ်သည်။
'ကောင်းကင်က မြင့်တယ်ဆိုပေမဲ့ လူတွေရဲ့ စိတ်ဆန္ဒက အမြင့်ဆုံးပဲပေါ့... လူတွေရဲ့ ယုံကြည်မှုစွမ်းအားကို အသုံးချနိုင်မှပဲ ကောင်းကင်ကို တစ်လှမ်းချင်း တက်လှမ်းနိုင်မှာလို့ဆိုလိုချင်တာပဲ...'
ကောင်းကင်တက်လှမ်းခြင်းလမ်းစဉ်သည် ကျုံးရှန်အတွက်မူ အနည်းငယ် အထောက်အကူဖြစ်ရုံမျှသာ ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဝမ်ရှန်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကောင်းကင်တာအိုအတွက် မည်သည့်အရာမျှ ပြုလုပ်ပေးရန် ဆန္ဒမရှိသောကြောင့် ဖြစ်သည်။
သူသည် ဝမ်ရှန်နတ်ဘုရားကုန်းမြေတိုက်၏ ကောင်းကင်တာအိုအပေါ်တွင် ရှေးယခင်ကတည်းကပင် မကျေနပ်မှုများ ရှိနေခဲ့သူ ဖြစ်သည်။ သူ၏ ကိုယ်တွင်းရှိ ကျိန်စာများကို ချိုးဖျက်နိုင်သည့်နေ့တွင် ပထမဆုံး လုပ်ဆောင်မည့်အရာမှာ ကောင်းကင်တာအိုကို နှိမ်နင်းရန်ပင် ဖြစ်သည်။
သို့သော်လည်း ကောင်းကင်တက်လှမ်းခြင်း လမ်းစဉ်သည် အနာဂတ်တွင်ကမ္ဘာအသစ်များတည်ဆောက်ရာ၌ သူ၏ အမိန့်နှင့် ဩဇာအာဏာကို အကျိုးရှိစွာအသုံးချနိုင်မည့် နည်းစနစ်တစ်ခု ဖြစ်သည်။ သက်ရှိအားလုံး၏ ယုံကြည်ခြင်းစွမ်းအားသည် အလွန်ပင် အစွမ်းထက်လှသော စွမ်းအားတစ်ခု ဖြစ်၏။
ထို လမ်းစဉ်ကိုဖန်တီးခဲ့သည့် စီနီယာပုဂ္ဂိုလ်ကြီးသည် မည်သည့် မဟာကမ္ဘာမှ လာသနည်းဆိုသည်ကိုမူ ကျုံးရှန် မသိရှိချေ။ ကောင်းကင်တက်လှမ်းခြင်းလမ်းစဉ်ကို အခြေခံထားသော မဟာကမ္ဘာသည် အဆင့်မြင့်ကမ္ဘာကြီးများမှသည် အနန္တဟင်းလင်းပြင် အဆင့်အထိ တက်လှမ်းသွားပြီပင် ဖြစ်နိုင်လေသည်။
ငရဲကမ္ဘာအတွင်း၌လည်း ကောင်းကင်တက်လှမ်းခြင်းလမ်းစဉ်၏ သက်ရောက်မှုအချို့ ပျံ့နှံ့နေခဲ့ကာ ငရဲကမ္ဘာသည် အပြင်ပန်း၌ စည်းမဲ့ကမ်းမဲ့ ဖြစ်နေသည်ဟု ထင်ရသော်လည်း အဆင့်မြင့်အဖွဲ့အစည်းများအကြား၌ တစ်စုံတစ်ရာသော သဘောတူညီချက်များနှင့် နားလည်မှုများ ရှိနေကြသည်။ ထိုသို့ ဖြစ်နိုင်ရန်အတွက် ကောင်းကင်တာအို၏ အလိုဆန္ဒသည် မရှိမဖြစ် လိုအပ်လှသည်ဖြစ်ရာ ငရဲမဟာကမ္ဘာ၏ ကောင်းကင်တာအိုသည် ဝမ်ရှန်နတ်ဘုရားကုန်းမြေတိုက်ကြီးထက် ပိုမိုရင့်ကျက်တည်ငြိမ်သော အဆင့်၌ ရှိနေကြောင်း ထင်ရှားလှသည်။
ဝမ်ရှန်နတ်ဘုရားကုန်းမြေတိုက်ကြီးနှင့် ပတ်သက်၍မူ လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းခန့်က ကျုံးရှန်သည် ထိုကမ္ဘာ၏ ကမ္ဘာ့ဇစ်မြစ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ရာ ကမ္ဘာဦးအသိစိတ်သည် ကလေးငယ်တစ်ဦးကဲ့သို့ နုနယ်နေဆဲ ဖြစ်သည်ကို မြင်တွေ့ခဲ့ရသည်။ ကျုံးရှန်၏ ကျူးကျော်မှုကို ခံစားလိုက်ရသဖြင့် ထိုအသိစိတ်သည် အလွန်အမင်း ထိတ်လန့်သွားကာ မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ကျုံးရှန်အပေါ်တွင် နှစ်ပေါင်းသန်းချီသော ကံတရားကျိန်စာတစ်ခု တိုက်ခဲ့လေ သည်။
သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ ကောင်းကင်တာအို၏ အလိုဆန္ဒသည် ပြောင်းလဲမှုများ ရှိလာခဲ့ကာ ကျုံးရှန်၏ ခန္ဓာကိုယ်ပေါ်ရှိ ကျိန်စာအချို့သည် စတင်ပြေလျော့လာပြီဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတစ်ခုလုံး၌လည်း ရှေးဟောင်းအမွေအနှစ်များနှင့် ရှေးဦးနတ်ဘုရားများ၊ ဧကရာဇ်များ၏ အမွေအနှစ်များ ပြန်လည်ထွက်ပေါ်လာနေသည်။
ဤသည်မှာ ကံကြမ္မာစွမ်းအားများ ပြန်လည်နိုးထလာသည့် လက္ခဏာများပင် ဖြစ်ပေသည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ ကျိန်စာအချုပ် အနှောင်များ ကျန်ရှိနေသေးသော်လည်း ကံကြမ္မာဆိုးများသည် သူ၏ တပည့်များနှင့် မျိုးဆက်သစ်များအပေါ်သို့ ဆက်လက် သက်ရောက်ခြင်း မရှိတော့ချေ။ ထို့ကြောင့်ပင် သူသည် တောင်ပေါ်မှဆင်းလာကာ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို ပြန်လည်ထူထောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဤအခြေအနေများနှင့် နှိုင်းယှဉ်ကြည့်ပါလျှင် နတ်ဘုရားတစ်သောင်းဖြစ်ရပ်မှတ်တမ်းဖြစ်သည့် စနစ်၏တာဝန် ပေါ်ထွက်လာခြင်းမှာ သူ၏ ခရီးစဉ်အတွက် အားဖြည့်ပေးရုံမျှသာ ဖြစ်လေသည်။
ကျုံးရှန်၏ အတွေးများသည် အဆက်မပြတ် ပြောင်းလဲနေသော်လည်း သူ၏ ခြေလှမ်းများသည် ရပ်တန့်သွားခြင်း မရှိချေ။
'ကောင်းကင်နဲ့ တိုက်ခိုက်ရတာက တကယ့်ကို ပျော်စရာကောင်းတဲ့ ကိစ္စပဲ...'
'ဒါက အခုငါ့ရဲ့အခြေအနေပေါ့...'
ကျုံးရှန်၏မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်။
နှစ်ပေါင်း တစ်သန်းကျော် ကြာမြင့်ခဲ့သော အတွေ့အကြုံများသည် အိမ်မက်တစ်ခုကဲ့သို့ပင် ဖြစ်သည်။ ရံဖန်ရံခါတွင် သူသည် ကမ္ဘာမြေ ပေါ်၌ ရှိနေခဲ့စဉ်က အချိန်များကိုပင် ပြန်လည် သတိရမိလေ့ရှိသည်။
'နှစ်ပေါင်း တစ်သန်းတစ်သောင်းတောင် ကုန်လွန်သွားခဲ့ပြီပဲ...'
'ကမ္ဘာမြေသာ လူသားတွေကြောင့် ပျက်စီးမသွားခဲ့ရင် အခုချိန်မှာတော့ အဲဒီက ယဉ်ကျေးမှုတွေက မှန်းဆလို့မရအောင် တိုးတက်နေလောက်ပြီ ထင်တယ်...'
ကျုံးရှန်သည် ရုတ်တရက်ဆိုသလို အတိတ်ဘဝမှကမ္ဘာမြေကို သတိရမိသွားသည်။
သူ၏ ရုတ်တရက် ကူးပြောင်းလာမှုကြောင့် သူ၏ မိဘများ၊ သူငယ်ချင်းများနှင့် ဆွေမျိုးများသည် သူ သေဆုံးသွားပြီဟု ထင်မြင်နေကြပေလိမ့်မည်။ နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီ ဖြစ်ရာ သူနှင့်ပတ်သက်သည့် အရိပ်အယောင်မျှပင် ကျန်ရှိတော့မည် မဟုတ်ချေ။
'အဖေ... အမေ... အစ်ကိုနဲ့ အစ်မ... ပြီးတော့ သူမ...'
ကျုံးရှန်သည် ခေါင်းကို ခါယမ်းလိုက်ကာ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်သည်။
သို့သော် သူ၏ စိတ်ထဲတွင် ခန့်မှန်းမှုတစ်ခု ရှိနေသည်။ ဝမ်ရှန်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ပြဿနာကိစ္စရပ်များ ပြီးဆုံးသွားကာ ကမ္ဘာအသစ် တည်ဆောက်နိုင်ခဲ့ပါလျှင် သူသည် အကန့်အသတ်မဲ့ ပိုင်ရွှီနယ်မြေကို ဖြတ်ကျော်ပြီး ကမ္ဘာမြေကြီးဆီသို့ ပြန်သွားနိုင်သည့် အခွင့်အရေး ရရှိနိုင်ပေလိမ့်မည်။
ဝမ်ရှန်နတ်ဘုရားကုန်းမြေတိုက်ကြီးသည် ကမ္ဘာမြေ သို့မဟုတ် အခြားသော ကမ္ဘာများနှင့် နက်ရှိုင်းသော ဆက်နွယ်မှုများ ရှိနေကာ ကြီးမားသော ဟင်းလင်းပြင် ဆုံမှတ်တစ်ခုနှင့် တူညီနေသည်။
ဥပမာအားဖြင့် ဝမ်ရှန်နတ်ဘုရားကုန်းမြေတိုက်ရှိ ဟွမ်ရှား မျိုးနွယ်စုဝင်များသည် ကမ္ဘာမြေမှ ရှေးဟောင်းအီဂျစ် ဒဏ္ဍာရီများနှင့် ဆင်တူနေသကဲ့သို့ နော့စ် ဒဏ္ဍာရီများ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများ၊ ရှေးဟောင်းဂရိနှင့် ခရစ်ယာန် ဒဏ္ဍာရီများ၏ အရိပ်အယောင်များကိုလည်း မြင်တွေ့နိုင်လေသည်။
ထို့အပြင် သူအပါအဝင် အာမန်ရာနှင့် ဖာဟိုင်တို့ ကဲ့သို့သော ကူးပြောင်းလာသူများ ရှိနေခြင်းကပင် ဝမ်ရှန်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ထူးခြားမှုကို ပြသနေလေသည်။ ကျုံးရှန်၏ ဘဝအတွေ့အကြုံများနှင့် ထမ်းပိုးထားရသော တာဝန်များသည် အလွန်ပင် များပြားလှ၏။
သူ၏ အနာဂတ်ကို တွက်ချက်ရန်အတွက်ကောင်းကင်တာအို၏ မြစ်ကြောင်းအတွင်း ကြည့်ရှုလျှင်ပင် ဟာလာဟင်းလင်း ဖြစ်နေသည်ကိုသာ မြင်တွေ့ရလေသည်။
'ထားလိုက်ပါတော့လေ... တစ်လှမ်းချင်းပဲ ရှေ့ဆက်ရမှာပေါ့...'
ကျုံးရှန်သည် ခေါင်းကို ခါယမ်းလိုက်ကာ သူ၏ ပေါ့ပါးသွက်လက်သော ပုံစံသို့ ပြန်လည်ရောက်ရှိသွားကာ ဆက်လက်လျှောက်လှမ်းနေလိုက်သည်။