← Chapters

အခန်း (၂၈၉)

Vol. 29 Ch. 289

အခန်း (၂၈၉)

Vol. 29 Ch. 289

ကျုံးရှန်၏ ကံတရားသည် မဆိုးလှပေ။ အတွေးများလွန်နေစဉ်အတွင်းပင် သူသည် ညာဘက်စင်္ကြံလမ်း၏ အဆုံးသို့ ရောက်ရှိသွားလေသည်။ ထိုနေရာသည် လမ်းပိတ်နေသော နေရာမျိုးမဟုတ်ဘဲ ခန်းမကျယ်ကြီး တစ်ခု ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ သူသည် ခန်းမနှင့် အကျဉ်းထောင်လမ်းအကြားရှိ သံတံခါးကို လက်သီးဖြင့် အသာအယာ ဝှေ့ယမ်းကာ ထိုးနှက်လိုက်လျှင် သံတံခါးသည် လွင့်ထွက်သွားခဲ့သည်။ ကျုံးရှန်သည် ခန်းမအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းဝင်လိုက်သည်။

ခန်းမသည် ယခင်က ထောင်စောင့်များ အနားယူရာ နေရာဖြစ်ခဲ့ဟန် ရှိပေသည်။ အခန်း၏ဘေးတစ်ဖက်တစ်ချက်တွင် စားပွဲ၊ ကုလားထိုင်နှင့် အိပ်ရာအချို့ ရှိနေသော်လည်း ထိုအရာအားလုံးသည် ဆွေးမြည့်ပျက်စီးနေပြီ ဖြစ်သည်။ မြေပြင်ပေါ်၌လည်း အဖြူအမဲ ဝတ်စုံအချို့ ပြန့်ကျဲနေသည်ကို တွေ့ရကာ ယင်းဝတ်စုံများသည် ကျုံးရှန်၏ အတိတ်ဘဝမှ အိမ်စေများ ဝတ်ဆင်သော အဝတ်အစားပုံစံမျိုး ဖြစ်နေသည်။ ခန်းမတစ်ခုလုံးသည် ဆယ်မီတာခန့် ကျယ်ဝန်းသော်လည်း မည်သည့် အရိုးစု သို့မဟုတ် တိုက်ခိုက်ထားသည့် အရိပ်အယောင်မျှ ရှိမနေပေ။

ကျုံးရှန်သည် ပတ်ဝန်းကျင်ကို တစ်ပတ်လှည့်ကြည့်လိုက်သောအခါ ခန်းမသည် အကျဉ်းထောင်အတွင်းရှိ ဆုံမှတ်တစ်ခုမျှသာ ဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။ ခန်းမ၏ အရပ်မျက်နှာ အသီးသီးတွင် ဝင်ပေါက် များ ရှိနေကာ အကျဉ်းထောင်၏ နက်ရှိုင်းမှုနှင့် ရှုပ်ထွေးမှုသည် ကျုံးရှန် ထင်ထားသည်ထက် များစွာ ပိုလွန်နေပေသည်။

''ကြည့်ရတာ ဝင်္ကပါတစ်ခုနဲ့ တိုးပြန်ပြီထင်တယ်''

အကျဉ်းထောင်၏ စင်္ကြံလမ်းများသည် အလွန်ပင် ရှုပ်ထွေးလှသည်။ ခန်းမအတွင်း၌လည်း မည်သည့် မြေပုံ သို့မဟုတ် လမ်းညွှန်အမှတ်အသားမျှ ကျန်ရှိမနေပေ။ နတ်ဘုရားအာရုံ မရှိသော သူတစ်ဦးအတွက် ထိုနေရာတွင် ပိတ်မိနေပါက ဒုတိယမြောက် အထပ်တစ်ထောင်ကမ္ဘာရှိ ရှေးဦးဝင်္ကပါကျောက်တုံးများထက်ပင် ထွက်လမ်းရှာရန် ပိုမိုခက်ခဲပေလိမ့်မည်။

သို့သော် ကျုံးရှန်သည် အနည်းငယ်မျှ စိုးရိမ်ခြင်း မရှိချေ။

''ထွက်ခဲ့တော့ ကောင်လေး... မင်းရဲ့ စွမ်းဆောင်ရည်ကို ပြရမယ့်အချိန်ရောက်ပြီ''

ကျုံးရှန်သည် လက်ကို ဝှေ့ယမ်းလိုက်ကာ ယခင်ဒုတိယအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာတွင် ယဉ်ပါးအောင်ပြုလုပ်ခဲ့သည့် မျက်လုံးသုံးလုံးဖျံကို ခေါ်ထုတ်လိုက်သည်။

ထိုဖျံလေးသည် ဝင်္ကပါအတွင်း ထွက်ပေါက်လမ်းရှာရန်နှင့် ပုံရိပ်ယောင်လှည့်စားမှုများကို ဖော်ထုတ်ရာတွင် အလွန်အသုံးဝင်လှပြီး ကမ္ဘာဦးဖန်ဆင်းခြင်းသားရဲဖြစ်သော ရှန့်သားရဲ ဖန်တီးထားသည့် ပုံရိပ်ယောင်လှည့်စားမှုများကိုပင် ဖောက်ထွင်း မြင်နိုင်သည့်အစွမ်း ရှိပေသည်။

မျက်လုံးသုံးလုံးဖျံသည် ကျုံးရှန်၏စွမ်းအားမြင့် ဟင်းလင်းပြင်ရတနာအတွင်းမှထွက် ပေါ်လာသည်နှင့် သူ၏ ခြေသလုံးကို ပွတ်သပ်နေလိုက်သည်။ ယင်းသည် ကျုံးရှန်၏နောက်သို့သာ လိုက်ပါရန် ဆုံးဖြတ်ထားပုံရသည်။

'' ကောင်လေး...ဒီအကျဉ်းထောင်ရဲ့ ထွက်ပေါက် ဘယ်မှာလဲဆိုတာ ငါ့ကိုရှာပေးစမ်း''

ကျုံးရှန်သည် ဖျံလေး၏ နူးညံ့လှသော အမွှေးအမျှင်များကို အသာအယာ ပုတ်ပေးလိုက်သည်။

''ကျိ... ကျိ... ကျိ...''

မျက်လုံးသုံးလုံးဖျံသည် ပျော်ရွှင်စွာအော်ဟစ်လိုက်ပြီးနောက် သူ၏မှိတ်ထားသော တတိယမျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။

ထိုမျက်လုံးသည် သူ၏အသက်ဝင်သည့်မျက်လုံးကြီးနှစ်လုံးနှင့်မတူဘဲ မီးခိုးညိုရောင်သန်းနေကာအလျားလိုက်မျက်ဆံရှိနေသဖြင့် အလွန်ပင် ထူးခြားလှပေသည်။ ယင်းသည် အရပ်မျက်နှာအသီးသီးကို သေချာစွာကြည့်ရှုလိုက်ပြီးနောက် ဝင်ပေါက်တစ်ခုတွင် ရပ်တန့်သွားလေသည်။

"ကျိ...ကျိ..."

မျက်လုံးသုံးလုံးဖျံသည် ကျုံးရှန်ဘက်သို့ ခေါင်းလှည့်လိုက်ကာ နှစ်ကြိမ်အော်မြည်လိုက်သည်။

သူသည် ကျုံးရှန်၏ ဘောင်းဘီစကို ဆွဲကာ ထိုလမ်းကြောင်းအတိုင်း သွားရန် တိုက်တွန်းနေ၏။

''ဒီဘက်လား''

ကျုံးရှန်သည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သည်။

မျက်လုံးသုံးလုံးဖျံသည် ထွက်ပေါက်ကို လွယ်ကူစွာ ရှာတွေ့နိုင်မည်ကို သူ သံသယမရှိသော်လည်း ထိုလမ်းကြောင်းသည် အစောပိုင်းက ဟိန်းဟောက်သံ ထွက်ပေါ်လာရာ အရပ် ဖြစ်နေလေသည်။ ထို့ကြောင့် ထွက်ပေါက်သည် အေးချမ်းမည်မဟုတ်ကြောင်း ကျုံးရှန် သိရှိလိုက်သည်။ သူသည်မျက်လုံးသုံးလုံးဖျံကို ဆုလာဘ်အဖြစ် အစိမ်းရောင်သားရဲဝိညာဥ်ဆေးလုံးတစ်လုံး ကျွေးလိုက်ပြီးနောက် စင်္ကြံလမ်းအတွင်းသို့ လှမ်းဝင်လိုက်သည်။

မျက်လုံးသုံးလုံးဖျံသည် ကျုံးရှန်၏ ရှေ့၌သာ အိမ်မွေးကြောင်လေးတစ်ကောင်ကဲ့သို့ ယဉ်ပါးနေခြင်း ဖြစ်သည်။ အမှန်စင်စစ်တွင်မူ ယင်း၏ အရွယ်အစားသည် ကျားတစ်ကောင်ခန့် ရှိကာ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည်လည်း စစ်မှန်သော နတ်ဘုရားတစ်ပါးနှင့် ခြားနားမှုမရှိပေ။ သို့ဖြစ်ရာအကျဉ်းထောင်၏ထွက်ပေါက် ရှာဖွေရာတွင် မျက်လုံးသုံးလုံးဖျံသည် အကောင်းဆုံး အဖော်ပင် ဖြစ်သည်။

လူတစ်ယောက်နှင့်ဖျံတစ်ကောင်သည် မှောင်မိုက်သော စင်္ကြံလမ်းအတွင်းသို့ဝင်ရောက်သွားသည်။

ကျုံးရှန်သည် မီးတောက်ကို ထွန်းလင်းစေလျက် မှောင်မိုက်သော လမ်းအတွင်းသို့ ဝင်ရောက်လာခဲ့လျှင် ထိုလမ်းအတွင်းရှိ အကျဉ်းခန်းများသည် ကျုံးရှန်ထွက်လာခဲ့သည့်မူလလမ်းမှ အကျဉ်းခန်းများထက်ပင် လုံခြုံရေး ပိုမိုတင်းကျပ်ထားပုံ ရကြောင်းသတိထားမိလိုက်သည်။ အကျဉ်းခန်းတစ်ခုချင်းစီ၏ သံတိုင်များသည် လက်မောင်းခန့်အထိ ထူထဲနေကာ အခန်းတိုင်း၌ ကြီးမားလှသော သံခြေကျင်းများ၊ လက်ထိတ်များနှင့် ကြောက်မက်ဖွယ်ကောင်းသော နှိပ်စက်ရေး ကိရိယာမျိုးစုံ ရှိနေလေသည်။

ဤနေရာသည် အပြင်းထန်ဆုံး အပြစ်ပေးခံရ‌သော အကျဉ်းသားများကို ထားရှိသော နေရာပင်ဖြစ်ပေလိမ့်မည်။

ပုံမှန်အားဖြင့် ထိုကဲ့သို့နှိပ်စက်ခန်းများသည် အကျဉ်းထောင်တစ်ခု၏အနက်ပိုင်းသို့သာဦးတည်လေ့ရှိသည်။ သို့သော် မျက်လုံးသုံးလုံးဖျံ၏ မွေးရာပါစွမ်းရည်အရ ယခုလမ်းသည်သာ ထွက်ပေါက်ရှိရာသို့ဦးတည်နေသည်လေသည်။

ကျုံးရှန်သည် အတွေးများစွာဖြင့်တိတ်ဆိတ်နေသော်လည်း သူ၏ခြေလမ်းများသည်တည်ငြိမ်စွာဖြင့်ရှေ့သို့ဆက်လက်လျှောက်လှမ်းနေဆဲဖြစ်သည်။

ပတ်ဝန်းကျင်‌၌ အမှောင်ထုနှင့် ခြောက်ခြားဖွယ်အငွေ့အသက်များ ပိုမိုကြီးမားလာ၏။

''ဝေါင်း...''

သူတို့နှစ်ဦးရှေ့သို့ဆက်သွားနေစဉ်၌ပင် ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထပ်မံထွက်ပေါ်လာသည်။

ယခုတစ်ကြိမ်တွင် အသံသည် ပိုမိုကျယ်လောင်ပြတ်သားလာပြီး စင်္ကြံလမ်းအဆုံးမှထွက်ပေါ်လာခြင်းဖြစ်သည်။ အသံလှိုင်းနှင့်အတူ ပုပ်စော်နံသော လေထုများလွင့်ပါလာကာ လမ်းတစ်လျှောက် တိုက်ခတ်သွားသည်။ မျက်လုံးသုံးလုံးဖျံသည်လည်း သတိအနေအထားသို့ ပြောင်းသွားပြီး မြေပြင်ပေါ်၌ ဝပ်သွားလေသည်။

ကျုံးရှန်၏ အမူအရာ တည်ကြည်သွားသည်။

စင်္ကြံလမ်းအဆုံး၌ရှိနေသည့်အရာသည် သာမန်မဟုတ်ချေ။ သူသည်ခေတ္တမျှရပ်တန့်သွားကာ စင်္ကြံလမ်းတစ်ဘက်ရှိ အကျဉ်းခန်းတစ်ခုမှ လက်မောင်းခန့် တုတ်သော သံတိုင်တစ်ချောင်းကို ဆွဲဖြုတ်လိုက်သည်။

သံချောင်း၏အလေးချိန်ကို လက်ထဲတွင်ချိန်ဆလိုက်ပြီးနောက် ကျူံရှန်၏မျက်နှာထပ်တွင် အပြုံးတစ်ပွင့်ပေါ်လာသည်။

''ဒီလို သံတုတ်ကို ကိုင်ရတာက အဆင်အပြေဆုံးပဲ''

''သွားကြစို့ ကောင်လေး''

ကျုံးရှန်သည် အေးဆေးစွာ ပြောလိုက်ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားသည်။

၁၅မိနစ်ကြာပြီးနောက်တွင် သူတို့သည် လမ်း၏အဆုံးသို့ ရောက်ရှိသွားလေသည်။ စင်္ကြံလမ်း၏အဆုံးတွင်သီးသန့်ခန်းတစ်ခန်းရှိနေပြီး ထိုအခန်း၏သံတံခါးသည် ပျက်စီးနေကာ ပြင်းထန်သော စွမ်းအားဖြင့် ဖျက်ဆီးခံထားရဟန် ရှိပေသည်။ အခန်းအတွင်းသို့ မီးတောက်ဆီမှအလင်းရောင် ရောက်ရှိသွားလျှင် နေရာတိုင်း၌ အရိုးစုများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။

''ခရက်...''

အရိုးများကို နင်းမိသဖြင့် ထွက်ပေါ်လာသော အသံသည် အခန်းအတွင်း၌ ပဲ့တင်ထပ်သွားသည်။

''ဟူး...''

လေးလံလှသော အသက်ရှုသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအသံသည် စင်္ကြံလမ်းအတွင်း၌ ကြားခဲ့ရသည့် ကျယ်လောင်သောဟိန်းသံ၏ မူလဇစ်မြစ်ပင်ဖြစ်သည်။ ကျုံးရှန်သည် အခန်း၏ အလယ်သို့ ရောက်ရှိသွားသောအခါ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေသည်။

မီးတောက်၏အလင်းရောင် ကျရောက်သွားသောနေရာတွင် သံဘောင်တစ်ခုပေါ်၌ လူတစ်ဦးကို သံခြေကျင်း၊ လက်ထိပ်များဖြင့် ချည်နှောင်ထားသည်ကို တွေ့လိုက်ရ၏။ ထိုသူ၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ သူ၏ ပတ်ဝန်းကျင်တွင်မူ ချွန်ထွက်သောဆူးများပါသည့်တုတ်များ၊ နှိမ်စက်ရေး ကြာပွတ်များနှင့် အခြားသော နှိပ်စက်ရေး ကိရိယာများ လေထဲ၌ ပျံဝဲနေသည်။

ထိုသူသည် ပြင်းထန်ရက်စက်သော နှိပ်စက်အပြစ်ပေးခြင်းကိုခံနေရသည့် အကျဉ်းသားတစ်ဦး ပင်ဖြစ်လေသည်။

All Chapters