← Chapters

အခန်း (၂၉၀)

Vol. 29 Ch. 290

အခန်း (၂၉၀)

Vol. 29 Ch. 290

ထိုအပြစ်ပေးခံနေရသော အကျဉ်းသား၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးစက်များ ခြောက်ကပ်ကာ ခန္ဓာကိုယ် အနှံ့အပြားတွင်ဒဏ်ရာသစ်များနှင့် အမာရွတ်ဟောင်းများ ရှုပ်ထွေးပွေလီစွာ ဖုံးလွှမ်းလျက် ရှိသည်။ ထိုသူ၏ အနီးအနားရှိ မြေပြင်ပေါ်၌ အညိုရင့်ရောင် သွေးကွက်များနှင့် ညစ်ပေမှုများ ဖြစ်နေလေသည်။

သူ၏ မျက်နှာသည်လည်း ပုံပျက်ပန်းပျက် ဖြစ်နေကာ ကြောက်မက်ဖွယ် အကောင်းဆုံးသော ငရဲမိစ္ဆာများပင် ယှဉ်နိုင်စွမ်း မရှိသော အနေအထား၌ ရှိနေသည်။ ထိုအချိန်တွင် လေထဲ၌ လွင့်ပျံနေသော နှိပ်စက်ရေး ကိရိယာမျိုးစုံတို့သည် ရုတ်တရက် လှုပ်ရှားလာကာ သံဘောင်ပေါ်၌ ချည်နှောင်ခံထားရသော အကျဉ်းသားထံသို့ ရက်ရက်စက်စက် ဝင်ရောက်ရိုက်နှက်ကြလေသည်။

''ဖြောင်း...''

''ဘုန်း...''

''ဝေါင်း...''

ကြာပွတ်ဖြင့် ရိုက်နှက်သံများ၊ ထုထောင်းသံများနှင့်အတူ ရင်ကွဲမတတ် အော်ဟစ်လိုက်သော ပြင်းထန်လှသည့် ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။

ထိုဟိန်းဟောက်သံသည် အလွန်ပင် စူးရှလှသဖြင့် အခန်းအတွင်း၌ လေလှိုင်းများပင် ထွက်ပေါ်လာရသည်။ ထိုအခါမှသာ ကျုံးရှန်သည် အစောပိုင်းက သူကြားခဲ့ရသော ဟိန်းဟောက်သံသည် အဘယ်အရာဖြစ်သည်ကို အတိအကျ နားလည်သွားခဲ့ရ လေ၏။ လေထဲ၌ပျံဝဲနေသော နှိပ်စက်ရေး ကိရိယာများသည် အချိန်အတိုင်းအတာတစ်ခု ရောက်လျှင် ထိုအကျဉ်းသားကို အလိုအလျောက် နှိပ်စက်နေကြခြင်း ဖြစ်သည်။

ဤသို့သော အခြေအနေသည် အချိန်မည်မျှကြာအောင် ဆက်တိုက် ဖြစ်ပေါ်နေခဲ့သည်ကို မည်သူမျှ မသိရှိနိုင်ချေ။ အပြစ်ပေးခံနေရသူသည် ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ဟန် ရှိကာ ကျုံးရှန် ရောက်ရှိလာခြင်းကိုပင် တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိပေ။ သူသည် ရက်စက်သော ရိုက်နှက်မှုများကို ခံရသည့် အချိန်၌သာလျှင် နာကျင်လှသော အော်ဟစ်သံကြီးကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

ကျုံးရှန်သည် သူ၏ လက်ထဲ၌ရှိသော သံတုတ်ကြီးကို အသာအယာ မကာ အကျဉ်းသားဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားလိုက်သည်။ သူနှင့် မျက်လုံးသုံးလုံးဖျံတို့သည် အပြစ်သား၏ အနီး ငါးမီတာခန့်အတွင်းသို့ ရောက်ရှိသွားသော အချိန်အထိ ထိုသူသည် မည်သို့မျှ လှုပ်ရှားခြင်း မရှိသေးပေ။ သို့သော်လည်း ပတ်ဝန်းကျင်ရှိ ပျံဝဲနေသော နှိပ်စက်ရေး ကိရိယာများသည် ကျုံးရှန်၏ ချဉ်းကပ်လာမှုကို သတိပြုမိသွားကြသည်။

ယင်းတို့သည် ရှည်လျားလှသော အချိန်ကာလအတွင်း၌ တစ်စုံတစ်ရာသော အသိစိတ်အရိပ်အယောင်များ ကိန်းအောင်းလာခဲ့ဟန်ရှိကာ ကျုံးရှန်နီးကပ်လာသည်ကိုမြင်လျှင် သူတို့၏ ဦးတည်ရာကို ကျုံးရှန်ထံသို့ လှည့်ပြောင်းလိုက်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။

ကျုံးရှန်သည် တစ်ဖက်မှ အရင်မတိုက်ခိုက်မီ မိမိဘက်မှ ဦးအောင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် သံတုတ်ကြီးကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်လိုက်ကာ မိမိနှင့် အနီးဆုံးတွင် ရှိနေသော ဆူးပါသည့် သံကြိုးဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

''ချွမ်...''

ကြည်လင်လှသော အသံတစ်ခုနှင့်အတူ မှောင်မိုက်နေသော အခန်းငယ်အတွင်း၌ မီးပွားများ ပွင့်ထွက်သွားသည်။

ကျုံးရှန်သည် မိမိ၏ လက်ဖဝါးများ ထုံကျင်သွားသည်ကို ခံစားလိုက်ရကာ လက်မောင်းခန့် တုတ်သော သံတုတ်ကြီးသည်လည်း အနည်းငယ် ကွေးကောက်သွားလေသည်။ ဆူးပါသော သံကြိုးမှာမူ မီတာအနည်းငယ်ခန့်သာ နောက်သို့ လွင့်စဉ်သွားသည်။

ထိုအဖြစ်သည် အနှီနှိပ်စက်ရေး ကိရိယာများသည် ကျုံးရှန် ဆွဲဖြုတ်လာခဲ့သည့် သံတိုင်ထက် များစွာအဆင့်မြင့်ကာ တူညီသော အဆင့်အတန်းတွင် ရှိမနေကြောင်းဖော်ပြနေသည်။ ကျုံးရှန်သည် ထိုတိုက်ခိုက်မှုမှတစ်ဆင့် နှိပ်စက်ရေးကိရိယာများ၏ စွမ်းအားကို အကြမ်းဖျဉ်း နားလည်သွားလေသည်။

ဤကိရိယာများသည် မျှော်စင်အပြင်ဘက်တွင် ဆိုပါက ဖန်ဆင်းခြင်းအဆင့် ရှိသော ရတနာများ ဖြစ်ပေလိမ့်မည်။

ယခုအခါ ကျုံးရှန်သည် လေထဲ၌ ပျံဝဲနေသော နှိပ်စက်ရေး ကိရိယာရှစ်မျိုးခန့်ကို ကြည့်ရှုနေသော အမြင် ပြောင်းလဲသွားပြီဖြစ်သည်။ သူသည် လက်ထဲမှ သံတုတ်ကြီးကို ဘေးသို့ ပစ်ချလိုက်ကာ ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင် ကို ထုတ်ယူလိုက်သည်။ ထိုနွယ်ပင်ပေါ်လာသည်နှင့် ကျုံးရှန်၏ လက်မောင်းတွင် တွယ်ကပ်လိုက်ကာ အစိမ်းရောင် ကြာပွတ်တစ်ခုကဲ့သို့ ဖြစ်သွားသည်။

ကျုံးရှန်သည် ကြာပွတ်ကိုအသာအယာ ဝှေ့ယမ်းလိုက်သည်။

''ဖြောင်း...''

လေထုတစ်ခုလုံးပြင်းထန်စွာ တုန်ခါသွားပြီး ကျယ်လောင်သော အသံလှိုင်းများ ထွက်ပေါ်လာသည်။

ထိုအခါ ကျုံးရှန်၏ သံတုတ်ရိုက်ချက်ကို ခံနိုင်ရည်ရှိသော နှိပ်စက်ရေး ကိရိယာများသည် နောက်သို့ လွင့်စဉ်သွားလေသည်။ ထို့နောက်တွင်မူ ကျုံးရှန်သည် အနည်းငယ်မျှ ညှာတာခြင်း မရှိဘဲ လက်ထဲမှ နွယ်ပင်ကို အသက်တစ်ရှိုက်အတွင်း ရှစ်ကြိမ်ခန့် ဆက်တိုက်ဝှေ့ယမ်းလိုက်သည်။

ဝှေ့ယမ်းချက် တစ်ချက်တိုင်းတွင် နှိပ်စက်ရေး ကိရိယာတစ်ခုစီကို ရစ်ပတ်ဖမ်းယူလိုက်ကာ မိမိ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းသို့ တိုက်ရိုက် သိမ်းဆည်းလိုက်သည်။ နှိပ်စက်ရေးကိရိယာများသည် ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်သွားသော အခါတွင်မူ ယခင်ကရှိခဲ့သော အသိစိတ်များ နှိမ်နင်း ခံလိုက်ရသကဲ့သို့ ငြိမ်သက်သွားကြသည်။

ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်သည် လွတ်မြောက်ခြင်းအဆင့်၌ ရှိနေသော ရတနာဖြစ်သဖြင့် ဖန်ဆင်းခြင်းအဆင့်နှိပ်စက်ရေးကိရိယာများကို ဖမ်းယူနိုင်ခြင်းသည် ထူးဆန်းမှုမရှိလှပေ။ သို့သော်လည်း ကျုံးရှန်၏ တည်ငြိမ်မှုနှင့် ယှဉ်ကြည့်လျှင် သံဘောင်ပေါ်ရှိ အကျဉ်းသားသည် အလွန်ပင် ခက်ခဲသော အခြေအနေ၌ ရှိနေလေသည်။ ကျုံးရှန်သည် နှိပ်စက်ရေး ကိရိယာအားလုံးကို သိမ်းဆည်းပြီးနောက် သံဘောင်၏ ဘေးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားလိုက်သည်။

အကျဉ်းသား၏အနီးသို့ ရောက်ရှိလာလျှင်အသက်ရှုကျပ်စေနိုင်သည့် ပြင်းထန်လှသော အပုပ်နံတစ်ခု ရရှိလိုက်ကာ ကျုံးရှန်ပင် မျက်မှောင်ကြုတ်သွားရသည်။ သူသည် ခေါင်းကို အနည်းငယ် စောင်းကာ ထိုအကျဉ်းသားကို ကြည့်ရှုလိုက်သော်လည်း ထိုသူသည် သေဆုံးနေသော လူတစ်ဦးကဲ့သို့ မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။ ထိုအကျဉ်းသား၏အသက်ဓာတ်သည်လည်း မှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်နေ၏။

ကျုံးရှန်သည် မိမိ၏ နတ်ဘုရားအာရုံကို အနည်းငယ် ထုတ်လွှတ်လိုက်လျှင် မီးခိုးရောင်သန်းနေသည့် သေခြင်းတရား အငွေ့အသက်များကိုသာ ခံစားလိုက်ရသည်။ အကယ်၍ အစောပိုင်းက ထိုသူ၏ ဟိန်းဟောက်သံကို မကြားခဲ့ရပါလျှင် ကျုံးရှန်အနေဖြင့် အနှီသူသည် သေဆုံးသွားပြီဟုသာ ထင်မြင်မိပေလိမ့်မည်။

''မင်းက ဘယ်သူလဲ...''

"..."

ကျုံးရှန်သည် အသာအယာ မေးလိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ ပြန်လည် မရရှိခဲ့ချေ။

ထို့ကြောင့် သူသည် ပိုမိုနီးကပ်စွာ ချဉ်းကပ်သွားပြီးနောက် သူ၏ နတ်ဘုရားအာရုံကို ထိုသူ၏ စိတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်စေကာ မှတ်ဉာဏ်များကို စတင်စုပ်ယူလိုက်သည်။ နတ်ဘုရားအာရုံချင်း ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ဝေဝါးလှသော နာကျင်ဖွယ်ရာမှတ်ဉာဏ်များသည် ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ ကျုံးရှန်၏စိတ်အတွင်းသို့ စီးဝင်လာသည်။

ထိုမှတ်ဉာဏ်များသည် နှစ်ပေါင်းသန်းချီသော အချိန်ကာလကို ဖြတ်သန်းလာခဲ့ခြင်း ဖြစ်ကာ ရှည်လျားလှသော အချိန်ကာလအတွင်းရှိ မှောင်မိုက်မှုများနှင့် နှိပ်စက်ခံရသော နာကျင်မှုများသာ ဖြစ်သည်။

လူမဆန်သည့်နှိပ်စက်မှူများ။

ဝမ်းနည်းကြေကွဲဖွယ် နာကျင်စွာဟစ်ကြွေးသံများ။

နေ့စဉ်ရက်ဆက် ကြုံတွေ့ခဲ့ရသော နာကျင်ဖွယ်ရာနှိပ်စက်ညှဉ်းပန်းမှုမှတ်ဉာဏ်များတွင် ပါရှိသည့် အနုတ်လက္ခဏာဆောင်သော စွမ်းအင်များသည် မည်သူမျှ တောင့်ခံနိုင်စွမ်း မရှိလောက်အောင်ပင် ပြင်းထန်လှသည်။

ထိုမှတ်ဉာဏ်များကို လက်ခံရရှိပြီးနောက်တွင် ကျုံးရှန်ပင်လျှင်မသိစိတ်မှနေ၍ အနည်းငယ် ညည်းညူမိသွားရသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ နတ်ဘုရားအာရုံသည် အလွန်ပင် အားကောင်းလှကာ ထိုမှတ်ဉာဏ်များကို လျင်မြန်စွာ ချေဖျက်နိုင်ခဲ့ပေသည်။

ထို့နောက်တွင်မူ ထိုသူ၏ မှတ်ဉာဏ်များသည် တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာကာ ပိုမို ရှင်းလင်းလာခဲ့သည်။

ခဏအကြာတွင် ကျုံးရှန်သည် မိမိ၏ နတ်ဘုရားအာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ကာ သက်ပြင်းရှည်တစ်ချက်ကိုချလိုက်သည်။ သူကဲ့သို့သော ပုဂ္ဂိုလ်ပင်လျှင် ဤအကျဉ်းသားအပေါ်၌ သနားစရာကောင်းသည်ဟု ထင်မြင်မိသွားရသည်။ အပြစ်ပေးခံနေရသူသည် လွန်ခဲ့သော နှစ်ပေါင်း ဆယ်သန်းခန့်က ကောင်းကင်တက်လှမ်းခြင်းမျှော်စင် ပွင့်ခဲ့စဉ်တွင် ဝင်ရောက်လာခဲ့သည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ထိုစဉ်က သူသည် အခြားသော မိစ္ဆာများနှင့် ပူးပေါင်းကာ အကျဉ်းထောင်ကမ္ဘာကို ကျော်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ထောင်စောင့်များ၏ ပိတ်ဆို့မှုကို ခံရသောအခါတွင်မူ သူသည် မိမိ၏ အဖော်များ၏ နောက်ကျောဓားဖြင့် ထိုးခြင်းကို ခံလိုက်ရလေသည်။ ဒဏ်ရာအပြင်းအထန် ရရှိသွားသော သူ့ကို အဖော်များက အချိန်ဆွဲရန်အတွက် စတေးခဲ့ကြသဖြင့် သူသည် ထောင်စောင့်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

ထို့နောက်တွင်မူ ထောင်စောင့်များသည် သူ့ကို နှိပ်စက်ရေးသံဘောင်ပေါ်၌ ချည်နှောင်လိုက်ကာ နှိပ်စက်ရေး ကိရိယာများကို အသုံးပြု၍ နေ့ညမပြတ် နှိပ်စက်ခဲ့ကြသည်။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင် ပိတ်သွားခဲ့ကာ အထပ်တစ်‌ထောင်ဟင်းလင်းပြင်ကမ္ဘာများအတွင်း၌ အရာအားလုံး အသစ်ပြန်ဖြစ်သွားခဲ့သော်လည်း သူ၏ နှိပ်စက်ခံရမှုများမှာမူ ရပ်တန့်သွားခြင်း မရှိခဲ့ချေ။

ရှည်လျားလှသော အချိန်ကာလတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် နာကျင်မှုများသည် သူ၏ စိတ်ဓာတ်နှင့် အလိုဆန္ဒအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်သည်။

သူ၏ မူလကျင့်စဉ်အဆင့်သည် မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၂ ဖြစ်သော မိစ္ဆာအရှင်သခင် အဆင့်မျှသာ ဖြစ်ကာ မိစ္ဆာနတ်ဘုရား အမြုတေမရှိပေ။ သို့ဖြစ်ရာ သူ၏ သက်တမ်းသည်လည်း နှစ်ပေါင်းသန်းချီရုံမျှသာ ရှိသဖြင့် ယခုအခါ ဆီကုန်ခမ်းလုနီးပါး ဖြစ်နေသော မီးစာကဲ့သို့ ဖြစ်နေလေသည်။

''တကယ့်ကို သနားစရာကောင်းတဲ့ မိစ္ဆာပဲ...''

''ငါ မင်းကို လွတ်မြောက်ခွင့် ပေးလိုက်ပါ့မယ်...''

ကျုံးရှန်သည် စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်သည်။

သူသည် လက်ထဲမှ ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ထိုအကျဉ်းသား၏ ဦးခေါင်းသည် မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲသွားသည်။ ဤသည်မှာ သူ၏ ဒုက္ခဝေဒနာများကို အဆုံးသတ်ပေးလိုက်ခြင်းပင် ဖြစ်သည်။

ထိုသူ၏ ဦးခေါင်း ပေါက်ကွဲသွားပြီးနောက် ခန္ဓာကိုယ်သည် ပြာအဖြစ်သို့ ပြောင်းလဲသွားကာ ထူးဆန်းသော အလင်းတန်းလေးများ ထွက်ပေါ်လာသည်။

''ကျေးဇူးတင်ပါတယ်...''

တိုးညှင်းလှသော အသံတစ်ခုသည် ကျုံးရှန်၏ နားစည်အတွင်းသို့ ပဲ့တင်ထပ်သွားသည်။

ထို့နောက်တွင် အကျဉ်းသား၏ခန္ဓာကိုယ်တစ်ခုလုံးသည် မြေမှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ ထိုနေရာတွင်မူ ရှေးဟောင်းပုံစံရှိသော သံနက်ရောင် ဟင်းလင်းပြင် လက်စွပ် တစ်ကွင်းသာ ကျန်ရှိနေခဲ့သည်။ ကျုံးရှန်သည် ထိုလက်စွပ်ကို ကောက်ယူပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ များပြားလှသော ပစ္စည်းများကို တွေ့ရှိလိုက်ရသည်။

ထိုအကျဉ်းသားသည် မျှော်စင်အတွင်းသို့ မဝင်ရောက်မီတွင် ကိုယ်တွင်းရှိ မိစ္ဆာသူတော်စင်ကမ္ဘာအတွင်းမှ စုဆောင်းထားသမျှ ရတနာအားလုံးကို လက်စွပ်အတွင်းသို့ ပြောင်းရွှေ့သိမ်းဆည်းထားခဲ့ဟန် ရှိသည်။ ထိုလက်စွပ်အတွင်းရှိ ပစ္စည်းများသည် မိစ္ဆာထောင်ပေါင်းများစွာကို လက်နက်တပ်ဆင်ပေးနိုင်လောက်အောင်ပင်များပြားလှပေသည်။ ဤသည်မှာ ကျုံးရှန်အတွက် မမျှော်လင့်ဘဲ ရရှိခဲ့သော ဆုလာဘ်တစ်ခုပင် ဖြစ်ပေတော့သည်။

Thank For Reading.

All Chapters