အခန်း (၃၉၅-၃၉၆)
Vol. 29 Ch. 395-396
အခန်း ( ၃၉၅ ) - ဘဏ္ဍာတိုက် ပြည့်လျှံနေခြင်း၊ ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ကျွန်တစ်ဦးသာဖြစ်သည်
" မျိုးနွယ်ခေါင်းဆောင်... ကျွန်မတို့ ချီလျန်မျိုးနွယ်ရဲ့ ဘဏ္ဍာတိုက်က ပြည့်နေပါပြီ... တခြားဘာမှ ထပ်ထားစရာနေရာ မရှိတော့ပါဘူး "
နတ်ဆိုးနယ်မြေအတွင်းရှိ ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ၌ တတိယအကြီးအကဲသည် မျိုးနွယ်ခေါင်းဆောင် ချီလျိုထံသို့ အကူအညီမဲ့စွာဖြင့် သတင်းပို့လေသည်။
သို့သော် ထိုသို့ အကူအညီမဲ့စွာ သတင်းပို့နေသည့် လေသံထဲတွင် ဖုံးကွယ်၍မရသော ဝမ်းမြောက်မှုအရိပ်အယောင်တစ်ခုကို မည်သို့ပင်ဖြစ်စေ ကြားနိုင်ပေသည်။
နတ်ဆိုးဧကရာဇ်ကြီးမှ ကုချန်သည် ယခင် ရှီမိုထျန်းကျွင်း၏ နေရာတွင် အဆုံးမဲ့ထျန်းကျွင်းအသစ်အဖြစ် အစားထိုးဝင်ရောက်ကြောင်း ကောင်းကင်ဘုံအားလုံးသို့ ကြေညာပြီးကတည်းက အဆုံးမဲ့ကောင်းကင်ဘုံအတွင်းရှိ နတ်ဆိုးနယ်မြေရာပေါင်းများစွာနှင့် ၎င်းတို့၏ နတ်ဆိုးနယ်မြေသခင်များအားလုံးသည် အရာရာတိုင်း အတည်တကျဖြစ်သွားပြီဖြစ်ကြောင်း နားလည်သဘောပေါက်သွားကြလေသည်။
ထိုအချိန်မှစ၍ သူတို့သည် အဆုံးမဲ့ကောင်းကင်ဘုံလက်အောက်ရှိ နတ်ဆိုးနယ်မြေသခင်များ ဖြစ်လာကြ၏။
ချီလျန်မျိုးနွယ်သည်လည်း အဆင့်အတန်း မြင့်မားလာကာ အဆုံးမဲ့ကောင်းကင်ဘုံရှိ မည်သည့်နတ်ဆိုးနယ်မြေကမျှ ရန်စရန် မဝံ့ရဲသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့ပေသည်။
ထိုအကြောင်းကြောင့်ပင် ကုချန် အဆုံးမဲ့ထျန်းကျွင်း ဖြစ်လာပြီးနောက် ချီလျန်မျိုးနွယ်ထံသို့ လက်ဆောင်များလာရောက်ဆက်သကြသော နတ်ဆိုးနယ်မြေအသီးသီးမှ သိုင်းပညာရှင်များ အဆက်မပြတ် လာရောက်ရှိနေကြရာ ချီလျန်မျိုးနွယ်၏ တံခါးဝမှာပင် ပွန်းပဲ့လုမတတ် ဖြစ်နေခဲ့၏။
ထိုနတ်ဆိုးနယ်မြေသခင်များနှင့် ဒေသအသီးသီးမှ အထီးကျန်သိုင်းပညာရှင်များသည် သူတို့၏ စွမ်းအားနှင့် အဆင့်အတန်းအရ ကုချန်နှင့် တွေ့ဆုံရန်ပင် အရည်အချင်းမပြည့်မီကြောင်း ရှင်းလင်းစွာ နားလည်ထားကြသည်။ ဤရာထူးသစ်ရ အဆုံးမဲ့ထျန်းကျွင်းထံသို့ လက်ဆောင်ဆက်သရန် ဆိုသည်မှာ ဝေလာဝေးဖြစ်ကာ ထိုသူသည် သူတို့ကို လှည့်ကြည့်မည်ပင် မဟုတ်ချေ။
ထို့ကြောင့် ဤအဆုံးမဲ့ထျန်းကျွင်းနှင့် မိတ်ဆွေဖွဲ့ရန် အကောင်းဆုံးနည်းလမ်းမှာ သူ၏လက်အောက်ခံ ချီလျန်မျိုးနွယ်နှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ရန်ပင် ဖြစ်ရာ လက်ဆောင်များကို ချီလျန်မျိုးနွယ်ထံသို့ ပေးပို့ရမည်မှာ သဘာဝကျ၏။
အဆုံးမဲ့ထျန်းကျွင်းသည် သူတို့ လက်ဆောင်ပေးခြင်းကို သိရှိမည်လား ဆိုသည့်အချက်အပေါ် ဒေသအသီးသီးမှ သိုင်းပညာရှင်များမှာ လုံးဝ ဂရုမစိုက်ခဲ့ကြပေ။
သူတို့သည် အခြေခံသဘောတရားတစ်ခုကို ရှင်းလင်းစွာ နားလည်ထားကြ၏။
ယင်းမှာ မည်သူမှ လက်ဆောင်ပေးသည်ကို အဆုံးမဲ့ထျန်းကျွင်းမှ ဂရုမစိုက်ခြင်း၊ လုံးဝမသိရှိခြင်းမျိုး ဖြစ်နိုင်သော်လည်း မည်သူမှ လက်ဆောင် မပေးသနည်းဆိုသည်ကိုမူ ကောင်းကောင်းကြီး သိရှိနေလောက်ပေသည်။
ဤအကြောင်းကြောင့်ပင် ဒေသအသီးသီးသည် ချီလျန်မျိုးနွယ်ဝင်များ ပြန်လည်ရောက်ရှိလာမှုအတွက် လျော်ကြေးလက်ဆောင်တစ်ခုကို ပေးအပ်ပြီးဖြစ်သော်လည်း ယခု ကုချန် အဆုံးမဲ့ထျန်းကျွင်းအဖြစ် ရာထူးတက်လာသောအခါ၌လည်း ဒုတိယမြောက် လျော်ကြေးလက်ဆောင်ကို ချက်ချင်းပင် နှောင့်နှေးခြင်းမရှိ ထပ်မံပေးပို့ခဲ့ကြခြင်းဖြစ်သည်။
ဤသည်က နဂိုကတည်းက ပြည့်လုနီးပါးဖြစ်နေသော ချီလျန်မျိုးနွယ်၏ ဘဏ္ဍာတိုက်ကို ဏချင်းပင် 'ပြည့်လျှံ' သွားစေခဲ့သည်။
" ဘဏ္ဍာတိုက် မလောက်ရင် အသစ်တစ်ခု ဆောက်လိုက်ပေါ့ "
ချီလျိုသည် မျက်ခုံးတစ်ချက်မျှ မတွန့်ဘဲ ပြန်ဖြေလေ၏။
" တတိယအကြီးအကဲ... ဒီလိုကိစ္စသေးသေးလေးတွေကိုတောင် ငါ့ကို သတင်းလာပို့နေဖို့ လိုသေးလို့လား "
တတိယအကြီးအကဲ ရောက်လာခြင်းမှာ ဤမေးခွန်းကို မေးရန်သက်သက် မဟုတ်ကြောင်း ချီလျို ခံစားမိနေသည်။
အကယ်၍ ဘဏ္ဍာတိုက်တွင် ဆက်ထားရန် နေရာမရှိတော့ပါက အသစ်တစ်ခု ဆောက်ရုံသာဖြစ်သည်။ ကြီးကြီးမားမား အားစိုက်ထုတ်ရမည် မဟုတ်ပေ။
ထို့အပြင် ချီလျန်မျိုးနွယ်၏ လက်ရှိအဆင့်အတန်းအရ သူတို့သည် စက်ဝိုင်းတစ်ခုဆွဲ၍ ဒေသအသီးသီးမှ ဂုဏ်ပြုလက်ဆောင်များအားလုံးကို ထိုအထဲတွင် ထားရှိမည်ဆိုလျှင်ပင် တစ်စုံတစ်ယောက် တွေ့ရှိသွားပါကလည်း မည်သူကမျှ လုယူရဲမည်မဟုတ်ချေ။
ဤမျှသေးငယ်သော ကိစ္စရပ်လေးကိုပင် သူ့ထံ သတင်းလာပို့နေသေးသလော။
" တကယ်ပါပဲ... မျိုးနွယ်ခေါင်းဆောင်ရဲ့ မျက်လုံးထဲကနေ ဘာမှ မလွတ်နိုင်ဘူးပဲ "
တတိယအကြီးအကဲသည် လက်နှစ်ဖက်ကို ဆုပ်၍ စမ်းသပ်လိုသော လေသံဖြင့် မေးမြန်းလေသည်။
" မျိုးနွယ်ခေါင်းဆောင်... ဒါက မျိုးနွယ်ဝင်တချို့ရဲ့ သဘောထားလည်း ဖြစ်နေပါတယ်... သူတို့က ကျွန်မကတစ်ဆင့် ပြောပြချင်တာ ရှိနေပါတယ်.....
အခု အဆုံးမဲ့ကောင်းကင်ဘုံ အတည်တကျဖြစ်သွားပြီ... ပြီးတော့ ရှီမိုနန်းတော်ကိုလည်း သခင်က အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုတော့... လက်ရှိ အဆုံးမဲ့ကောင်းကင်ဘုံက တကယ့်ကို ခေါင်းဆောင်ကင်းမဲ့နေတာလေ.....
ကျွန်မတို့ ချီလျန်မျိုးနွယ်က ဒီအခွင့်အရေးကိုယူပြီး... ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေကနေ ထွက်ခွာပြီး အဆုံးမဲ့ကောင်းကင်ဘုံထဲကို ပြောင်းရွှေ့သင့်တယ် မဟုတ်ဘူးလား "
တတိယအကြီးအကဲ၏ စကားများကို ကြားသောအခါ ချီလျိုသည် မျက်မှောင်ကျုံ့သွားလေ၏။
တကယ်တမ်းတွင် ဤကာလအတွင်း မျိုးနွယ်စုအတွင်း၌ အလားတူ ကောလာဟလများကို သူလည်း ကြားသိခဲ့ရသည်။ ရှီမိုထျန်းကျွင်း သေဆုံးသွား၍ ရှီမိုနန်းတော်လည်း ပျက်စီးသွားပြီဖြစ်ကာ သခင်ကိုယ်တိုင်မှာလည်း နတ်ဆိုးဧကရာဇ်ကြီးမှ အဆုံးမဲ့ကောင်းကင်ဘုံ၏ အရှင်သခင်အဖြစ် အသိအမှတ်ပြုခြင်း ခံရ၏။
ဤအခြေအနေအရ ချီလျန်မျိုးနွယ်သည် သခင့်၏ လက်အောက်ခံကျွန်များအနေဖြင့် အဆုံးမဲ့ကောင်းကင်ဘုံသို့ ပြောင်းရွှေ့သင့်သည် မဟုတ်ပါလော။
မည်သို့ပင်ဆိုစေကာမူ လူတစ်ဦး အောင်မြင်သွားပါက သူ၏လက်အောက်ရှိ လူအားလုံးလည်း အကျိုးခံစားရသည်ချည်းပင် မဟုတ်ပါလော။
သို့သော် ယခင်က ထိုသို့သော ကောလာဟလ တစ်လုံးစ နှစ်လုံးစကိုသာ ချီလျို ကြားခဲ့ရသော်လည်း ယခုအခါ ထိုသို့သော အတွေးမျိုးရှိနေသည့် ချီလျန်မျိုးနွယ်ဝင်များမှာ တတိယအကြီးအကဲအား သွေးထိုးလှုံ့ဆော်ကာ သူ့ထံလာရောက် တောင်းဆိုကြလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။
" တတိယအကြီးအကဲ... ရှင်ရော ဘယ်လိုထင်လဲ "
ချီလျိုသည် အောက်သို့ငုံ့ကြည့်လိုက်ကာ တိုက်ရိုက် မဖြေဆိုဘဲ တတိယအကြီးအကဲ၏ အမြင်ကိုသာ ပြန်လည်မေးမြန်းလိုက်လေသည်။
" အယ်... ကျွန်မအထင်ကတော့ ဒီကိစ္စကို သခင့်ဆီ အရင်ဆုံး သတင်းပို့သင့်ပြီး သခင့်ရဲ့ ခွင့်ပြုချက် လိုအပ်တယ်လို့ ထင်ပါတယ် "
တတိယအကြီးအကဲမှာ လန့်သွားခဲ့ရ၏။ ချီလျိုမှ သူ့ထံသို့ တစ်ဖန်ပြန် မေးခွန်းထုတ်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ကြောင်း သိသာလှ၏။ သို့သော်ငြား အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူ၏ စစ်မှန်သော ခံစားချက်များအပေါ် အခြေခံ၍ အဖြေပေးခဲ့လေသည်။
" ဒီကိစ္စကို သခင့်ဆီ အရင်ဆုံး သတင်းပို့ရမယ်ဆိုတာကို သိသေးတဲ့အတွက် ရှင် ရိုသေမှု ရှိသေးတယ်လို့ ဆိုရမှာပဲ "
တတိယအကြီးအကဲ၏ အဖြေကို ကြားရသောအခါ ချီလျို၏မျက်နှာအမူအရာမှာ အနည်းငယ် ပျော့ပျောင်းသွားသော်ငြား အေးစက်မှု အရိပ်အယောင်တစ်ခု ပါဝင်နေဆဲပင် ဖြစ်သည်။
ချီလျို၏အမူအရာကို မြင်သောအခါ တတိယအကြီးအကဲမှာ ခဏတာ မှင်သက်သွားပြီးနောက် မမြင်နိုင်သော ဖိအားတစ်ခုကို ခံစားလိုက်ရသကဲ့သို့ ဖြစ်သွားကာ သူ၏ ချောမွေ့သော နဖူးပြင်မှ ချွေးစေးများ ကျဆင်းလာခဲ့၏။
" မျိုးနွယ်ခေါင်းဆောင်ရဲ့ သဘောက ကျွန်မတို့ ဒီလို မလုပ်သင့်ဘူးလို့ ဆိုလိုတာလား "
တတိယအကြီးအကဲမှာ လူမိုက်တစ်ဦး မဟုတ်ချေ။ ချီလျို၏စကားထဲမှ လှောင်ပြောင်မှုကို သူ သဘာဝကျကျပင် ကြားနိုင်ပေသည်။
သူ နားမလည်သည်မှာ သူ ပြောလိုက်သည့် စကားတွင် မည်သည့်အရာက မှားယွင်းနေသနည်း ဆိုသည်ကိုပင်။
နတ်ဆိုးနယ်မြေ၌ သခင့်၏လက်အောက်တွင် ချီလျန်မျိုးနွယ် တစ်ခုတည်းသာ ရှိခဲ့သည်။ ယခု သခင်သည် အဆုံးမဲ့ထျန်းကျွင်း ဖြစ်လာပြီဖြစ်ရာ ချီလျန်မျိုးနွယ်မှာ အဆုံးမဲ့ကောင်းကင်ဘုံသို့ ပြောင်းရွှေ့သင့်သည်မှာ မှန်ကန်သည် မဟုတ်ပါလော။
" ငါ အရမ်း စိတ်ပျက်မိတယ်... ချီလျန်မျိုးနွယ်က ဒုက္ခတွင်းထဲကနေ ရုန်းထွက်နိုင်ခါစပဲ ရှိသေးတယ်... ဒါကို မျိုးနွယ်ဝင်တချို့က ငါတို့ ချီလျန်မျိုးနွယ် အရင်တုန်းက ဘယ်လိုဘဝမျိုးနဲ့ ရှင်သန်ခဲ့ရလဲဆိုတာကို မေ့နေကြပြီပဲ.....
တတိယအကြီးအကဲ... မျိုးနွယ်ခေါင်းဆောင်ဖြစ်တဲ့ ငါ့ဆီလာဖို့ နင်ကိုယ်တိုင် တွေးခဲ့တာပဲဖြစ်ဖြစ်... နင့်အနောက်က မျိုးနွယ်ဝင်တွေ သွေးထိုးလှုံ့ဆော်ခဲ့တာပဲဖြစ်ဖြစ်... ငါတို့ ချီလျန်မျိုးနွယ်ရဲ့ လက်ရှိ ကြီးပွားတိုးတက်မှုက သခင့်ရဲ့ ကျေးဇူးတော်နဲ့ ကရုဏာကြောင့်ဆိုတာကို နင်တို့ နားလည်ဖို့ ငါ မျှော်လင့်တယ်.....
ဒီအချက်ကို နင်တို့ ဘယ်တော့မှ မမေ့နဲ့!
သခင်က အဆုံးမဲ့ထျန်းကျွင်း ဖြစ်လာတာ မှန်တယ်... ပြီးတော့ အဆုံးမဲ့ကောင်းကင်ဘုံက နေရာလွတ်နေတာလည်း မှန်တယ်.....
ဒါပေမယ့်...! "
ဤနေရာသို့ ရောက်သောအခါ ချီလျိုသည် သူ၏အသံကို အနည်းငယ် ပို၍ မြှင့်မပြောဘဲ မနေနိုင်တော့ချေ။
" သခင်က အဆုံးမဲ့ကောင်းကင်ဘုံကို ငါတို့ ချီလျန်မျိုးနွယ်ကို ပေးသနားချင် ပေးသနားနိုင်တယ်... ဒါပေမယ့် ချီလျန်မျိုးနွယ်က ဒီကိစ္စကို သခင့်ဆီ ဘယ်တော့မှ အရင်စပြီး ဟမိလို့မရဘူး... နားလည်လား?! "
ချီလျို၏စကားကြောင့် တတိယအကြီးအကဲမှာ ချက်ချင်း မှင်သက်သွားခဲ့ရသည်။
ထို့နောက် သူသည် တစ်စုံတစ်ရာကို နားလည်သွားဟန်ဖြင့် သူ၏နဖူးမှ ချွေးစေးများ ပို၍ပင် များပြားစွာ ကျဆင်းလာခဲ့တော့သည်။
" ကြည့်ရတာ နင် လုံးဝ ရူးမိုက်မသွားသေးဘူးပဲ "
တတိယအကြီးအကဲမှ သူ၏ဆိုလိုရင်းကို သဘောပေါက်သွားပုံရသည်ကို မြင်သောအခါ ချီလျိုမှ လှောင်ပြုံး ပြုံးလိုက်လေသည်။
" သခင်က ဘယ်လို တည်ရှိမှုမျိုးလဲ... ဒီအဆုံးမဲ့ နှစ်တွေတစ်လျှောက်မှာ အင်မော်တယ်ဘုရင်တစ်ပါး နတ်ဆိုးနယ်မြေထဲမှာ ကျဆုံးသွားတယ်ဆိုတာကို နင် ကြားဖူးလို့လား.....
သခင်ကိုယ်တိုင်က အင်မော်တယ်ဘုရင်တစ်ပါးကို သတ်ဖြတ်ခဲ့တာ... ပြီးတော့ ဒီကိစ္စကြောင့် နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင်တောင် ဆင်းသက်လာပြီး သခင့်ရဲ့ စွမ်းအားကို အသိအမှတ်ပြုခဲ့ရတာ.....
သခင်က ရှီမိုထျန်းကျွင်းကို သတ်ဖြတ်ခဲ့တာကို လုံးဝ လျစ်လျူရှုပြီး... နတ်ဆိုးဧကရာဇ်ကြီးက ဘာလို့ ဒီအဆုံးမဲ့ကောင်းကင်ဘုံကို သခင့်ကို ပေးသနားခဲ့ရတာလဲဆိုတာ နင် စဉ်းစားမိလား.....
ဒါက နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင်တောင် သခင့်ကို သိမ်းသွင်းချင်နေလို့ပဲ!
ဒါကြောင့် သခင့်လို တည်ရှိမှုမျိုးဆိုတာ အတွေးတစ်ချက်လေးနဲ့တင်... သေဆုံးခြင်း ရှင်ခြင်းကို ဆုံးဖြတ်နိုင်တဲ့ စွမ်းအားရှိတယ်.....
ကျွန်တစ်ယောက်အနေနဲ့ သခင် ပေးသနားတာကိုခံရတယ်ဆိုရင် အဲ့ဒါက တစ်ပိုင်း သက်သက်ပဲ.....
သခင် ထုတ်မပြောသေးတဲ့ ကိစ္စတွေကိုတော့ နင့်ဘက်ကနေ အရင်စပြီး တောင်းဆိုလို့ မရဘူး!
ကျွန်တစ်ယောက်အနေနဲ့ သခင့်ဆီက မျက်နှာသာပေးမှုကို တောင်းဆိုရမယ်ဆိုတဲ့ အရာမျိုးက ယုတ္တိရှိလို့လား.....
တတိယအကြီးအကဲ... ငါတို့ ချီလျန်မျိုးနွယ်ရဲ့ နေရာက သခင့်ရဲ့ ကျွန်သက်သက်ပဲ ဆိုတာကို နင် မမေ့ဖို့ ငါ မျှော်လင့်တယ်.....
ကျွန်တွေအနေနဲ့ ငါတို့ကသာ ထပ်ခါတလဲလဲ စော်ကားပြီး ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို လုပ်မိလို့... သခင်က မကျေမနပ်ဖြစ်သွားပြီး နောင်တစ်ချိန်မှာ ငါတို့ ချီလျန်မျိုးနွယ်ကို ဆက်မကာကွယ်ပေးတော့ဘူးဆိုရင်.....
ပြောစမ်းပါဦး... ငါတို့က နောက်လာမဲ့ ချီလျန်မျိုးနွယ်ဝင်တွေအတွက် ထာဝရ အပြစ်သားတွေ ဖြစ်သွားမှာ မဟုတ်ဘူးလား?! "
အခန်း ( ၃၉၆ ) - သင့်လျော်သော ကိုင်တွယ်ဖြေရှင်းမှု၊ နောက်ထပ် အဆင့်တက်ရန်မှာ မဖြစ်နိုင်ပေ
" ငါတို့ ချီလျန်မျိုးနွယ်က သခင့်ရဲ့ ကျွန်သက်သက်ပဲ! "
ချီလျို၏အသံမှာ မကျယ်လောင်သော်လည်း တတိယအကြီးအကဲ၏ နားထဲတွင် ပဲ့တင်ထပ်သွားသောအခါ ကြီးမားသော ခေါင်းလောင်းကြီးတစ်ခုကို ထုနှက်လိုက်သကဲ့သို့ နားကွဲမတတ် ဖြစ်သွားလေသည်။
" ဟုတ်တယ်... ဘယ်လိုပဲပြောပြော ငါတို့ ချီလျန်မျိုးနွယ်က သခင့်ရဲ့ ကျွန်ထက် မပိုပါဘူးလေ..... "
တတိယအကြီးအကဲသည် တီးတိုး ရေရွတ်လိုက်ကာ သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ကျန်ရစ်နေဆဲဖြစ်၏။
ဤကာလအတွင်း နတ်ဆိုးနယ်မြေ အသီးသီးမှ မြှောက်ပင့်ဖားယားမှုများနှင့် ချီးကျူးမှုများသည် တတိယအကြီးအကဲအား တိတ်တဆိတ် မာနထောင်လွှားစေခဲ့၍ ချီလျန်မျိုးနွယ်သည် ဤနတ်ဆိုးနယ်မြေများနှင့် တန်းတူမဖြစ်သင့်ဘဲ ၎င်းတို့ထက် သာလွန်ကာ အဆုံးမဲ့ကောင်းကင်ဘုံအတွင်းသို့ ဝင်ရောက်ထိန်းချုပ်ခြင်းကသာ ချီလျန်မျိုးနွယ်၏ လက်ရှိအဆင့်အတန်းနှင့် ကိုက်ညီမည်ဟု ယုံကြည်စေခဲ့သည်။
တတိယအကြီးအကဲပင်လျှင် ထိုသို့သော အတွေးမျိုးကို မတွေးဘဲ မနေနိုင်ခဲ့လျှင် အခြားသော ချီလျန်မျိုးနွယ်ဝင်များဆိုလျှင် ဆိုဖွယ်ရာ ရှိပါဦးမည်လော။
တစ်ချိန်က မြင့်မြတ်ကာ တန်ခိုးကြီးမားခဲ့သော နတ်ဆိုးနယ်မြေသခင်များသည် ယခုအခါ သာမန် ချီလျန်မျိုးနွယ်ဝင်တစ်ဦး၏ ရှေ့တွင်ပင် ရိုသေမှု ပြသနေကြပြီဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဤသည်က ချီလျန်မျိုးနွယ်ဝင်များကို အနည်းငယ် မာနထောင်လွှားလာစေ၍ သူတို့၏မူလအဆင့်အတန်း အစစ်အမှန်ကို မေ့လျော့သွားစေခဲ့သည်။
ဤနတ်ဆိုးနယ်မြေသခင်များသည် သာမန် ချီလျန်မျိုးနွယ်ဝင်များအပေါ် ဤမျှ ယဉ်ကျေးရိုသေနေရခြင်းမှာ သခင့်၏မျက်နှာကို ထောက်ထားရသောကြောင့်သာ ဖြစ်သည်ဟူသောအချက်ကို သူတို့ လုံးဝ မေ့လျော့သွားပုံရသည်။
ချီလျန်မျိုးနွယ်ကို ပြောရမည်ဆိုလျှင်မူ.....
နတ်ဆိုးအရှင်သခင်တစ်ပါးပင် မရှိသော ချီလျန်မျိုးနွယ်တွင် ထိုနတ်ဆိုးအရှင်သခင်အဆင့်ရှိ နတ်ဆိုးနယ်မြေသခင်များကို ကြောက်ရွံ့ရိုသေသွားစေနိုင်သည့် မည်သည့်အရာများ ပိုင်ဆိုင်ထားပါသနည်း။
ရိုးရှင်းစွာ ဆိုရလျှင် ချီလျန်မျိုးနွယ်၏ ယနေ့ခေတ် တည်ရှိမှုသည် ကုချန်ကြောင့်သာ ဖြစ်ပေသည်။
ကုချန်သာ မရှိပါက ချီလျန်မျိုးနွယ်သည် လမ်းဘေးရှိ သာမန်အဖွဲ့အစည်းတစ်ခုမျှသာဖြစ်ကာ အချိန်မရွေး ဖျက်ဆီးခံရနိုင်ခြေ ရှိပေသည်။
ဤအခြေအနေမျိုးတွင် ချီလျန်မျိုးနွယ်သည် သခင့်ထံမှ ဆုလာဘ်များကို အတင့်ရဲစွာ တောင်းဆိုရဲသေးသလော။
ဤသည်မှာ ကောင်းမွန်သော ဘဝတွင် အကြာကြီး နေထိုင်ရသည်ကို ငြီးငွေ့လာခြင်းပင် ဖြစ်တော့သည်။
သမိုင်းတစ်လျှောက်တွင် ကျွန်များမှ သခင်များထံ ဆုလာဘ်များ တောင်းဆိုခဲ့သည့်အချိန်များ ရှိခဲ့ဖူးပါသလော။
အကယ်၍ ဤတစ်ကြိမ်တွင် သခင်သည် မည်သို့မျှမပြောဘဲ ချီလျန်မျိုးနွယ်၏ တောင်းဆိုမှုကို သဘောတူလိုက်မည်ဆိုလျှင်ပင် အနာဂတ်တွင်ရော မည်သို့ဖြစ်မည်နည်း။
ချီလျန်မျိုးနွယ်အတွင်းရှိ အချို့သောသူများသည် တစ်နေ့ထက်တစ်နေ့ လောဘကြီးလာ၍ အဓိပ္ပာယ်မဲ့ကာ ရိုင်းစိုင်းသော တောင်းဆိုမှုများကို တစ်ခုပြီးတစ်ခု ပြုလုပ်မလာနိုင်ဟု မည်သူက အာမခံနိုင်မည်နည်း။
ထိုအချက်ကို သိမြင်ထားသောကြောင့်ပင် ချီလျိုသည် ဤကိစ္စကို အလွယ်တကူ လျစ်လျူရှု၍ မရနိုင်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
" တတိယအကြီးအကဲ... ရှင့်ကို တားမြစ်နယ်မြေထဲမှာ နှစ်တစ်ထောင် တရားထိုင်ဖို့ အပြစ်ပေးတယ်... ပြစ်ဒဏ်ကို လက်ခံလား "
ချီလျို၏အသံမှာ အေးစက်နေ၏။
" ပြစ်ဒဏ်ကို လက်ခံပါတယ် "
တတိယအကြီးအကဲသည် ခေါင်းငုံ့လိုက်၏။ အရေးကြီးသောအချက်များအားလုံးကို နားလည်သွားပြီဖြစ်ရာ သူ မည်မျှ မိုက်မဲသောအမှားကို ကျူးလွန်မိကြောင်းကို သိရှိသွားလေတော့သည်။
" ပြီးတော့ ရှင့်ဆီမှာ ဒီလိုအကြံအစည်မျိုးလာပြောတဲ့ ချီလျန်မျိုးနွယ်ဝင်တွေရဲ့ နာမည်အားလုံးကို ပြောပြစမ်း... ငါ သူတို့တစ်ယောက်ချင်းစီကို ခေါ်ပြောရမယ်! "
ချီလျို၏လှပသော မျက်နှာထက်တွင် မကျေနပ်မှုများ ဖုံးလွှမ်းနေ၏။ ဤကိစ္စကို အလွယ်တကူ လွှတ်ထား၍မရနိုင်ပေ။
သူသည် ချီလျန်မျိုးနွယ်ကို သေချာပေါက် အပြည့်အဝ ပြုပြင်ပြောင်းလဲရမည်ဖြစ်သည်။ ချီလျန်မျိုးနွယ် ကံကြမ္မာအလှည့်အပြောင်း ဖြစ်လာခဲ့သည်မှာ မည်မျှကြာခဲ့ပြီနည်း။ သို့တိုင်အောင် ဤသူများသည် သခင့်၏စွမ်းအားကို မလေးမစားပြုလုပ်ကာ အခွင့်အရေးယူရန် အတင့်ရဲနေကြသည်။
ယနေ့ကိစ္စကိုသာ အလွယ်တကူ လွှတ်ပေးလိုက်မည်ဆိုပါက အနာဂတ်တွင် မည်သို့သော အခြေအနေမျိုးအထိ ဆိုးရွားလာမည်ကို ချီလျို တွေးပင် မတွေးရဲတော့ချေ။
ထို့ကြောင့် ချီလျိုသည် ဤမိုက်မဲသော မျိုးနွယ်ဝင်များကို သေသေချာချာ ဆုံးမရန် ဤအခွင့်အရေးကို ဆုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ အကယ်၍ သူတို့သည် ခေါင်းမာနေဆဲဖြစ်ပါက ထိုလူတစ်စုကို ချီလျန်မျိုးနွယ်မှ နှင်ထုတ်၍ ကိုယ့်ဘာသာ ရပ်တည်ခိုင်းရမည်ဆိုလျှင်ပင် ချီလျိုသည် အနည်းငယ်မျှပင် သနားညှာတာမှု ပြသမည် မဟုတ်ပေ။
ချီလျို၏ ဂရုမစိုက်တတ်သော၊ အေးစက်သည့် မျက်နှာအမူအရာကို ကြည့်ကာ တတိယအကြီးအကဲမှာ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ချေ။
ဘိုးဘေးချီရှောင်မှ ချီလျိုအား မျိုးနွယ်ခေါင်းဆောင်အဖြစ် အဘယ်ကြောင့် ရွေးချယ်ခဲ့သည်ကို ဤအခိုက်အတန့်တွင်ပင် သူ ရုတ်တရက် ပြန်လည်သတိရသွားပုံရ၏။
အခြားသော ချီလျန်မျိုးနွယ်ဝင်များနှင့် နှိုင်းယှဉ်ပါက အခြေအနေကို ပိုမိုရှင်းလင်းစွာ နားလည်နိုင်စွမ်းရှိသည့်အပြင် အခြားအချက်တစ်ချက်လည်း ရှိနေသေးသည်။ ယင်းမှာ သူသည် လုံလောက်အောင် ရက်စက်တတ်ခြင်းပင်တည်း။
သံမဏိလက်သီးကဲ့သို့ ပြတ်သားသော နည်းလမ်းများ လိုအပ်လာသည့်အချိန်တွင် ချီလျိုသည် အနည်းငယ်မျှ တုံ့ဆိုင်းနေမည် မဟုတ်ချေ။
... ... ... ...
" ဟက်! ကိုင်တွယ်ဖြေရှင်းတာ တော်တော် သင့်လျော်ပါတယ် "
ကြက်သွေးရောင်ငရဲ နတ်ဆိုးနယ်မြေ၏ နက်ရှိုင်းသောနေရာတွင် ကုချန်သည် အကြည့်ကို ရုပ်သိမ်းလိုက်ကာ ချီလျိုနှင့် တတိယအကြီးအကဲတို့၏ နောက်ဆက်တွဲ စကားဝိုင်းကို ဆက်လက်အာရုံစိုက်မနေတော့ချေ။
ကုချန်သည် ချီလျို၏ သစ္စာရှိမှုနှင့် စွမ်းရည်ကို များစွာ နှစ်သက်သဘောကျလေသည်။
ချီလျို ပြောသည်မှာ မှန်ကန်ပေသည်။ သူသည် အဆုံးမဲ့ကောင်းကင်ဘုံကို ချီလျန်မျိုးနွယ်အား သူကိုယ်တိုင် စတင်ပေးသနားနိုင်ပါသည်။
သို့သော် ချီလျန်မျိုးနွယ်ဘက်မှ အတင်းအကျပ် တောင်းဆို၍ မရနိုင်ပေ။
သူ့အပေါ် မှီခိုနေရသော ကျွန်သက်သက်ဖြစ်ပါလျက် သူ့ထံမှ ဆုလာဘ်များကို အတင့်ရဲစွာ တောင်းဆိုဝံ့သည်လော။ ထိုသို့သော ကျွန်မျိုးကို ဆက်ထားရန် လိုအပ်သေးသလောဟု ကုချန် တွေးတောမိလေသည်။
ချီလျို၏စိတ်သည် ဤကိစ္စကို လုံးဝလုပ်၍ မရနိုင်ကြောင်း ရှင်းလင်းစွာ သိရှိနေခြင်းက ကံကောင်းသည်ဟုသာ ဆိုရပေမည်။
ထိုသို့မဟုတ်ပါက ချီလျန်မျိုးနွယ်အား ပေါ့ပေါ့တန်တန် စွန့်ပစ်လိုက်ရမည် ဆိုလျှင်ပင် ကုချန် မလုပ်နိုင်စရာ အကြောင်းမရှိချေ။
သို့သော် ချီလျိုသည် ဤကိစ္စကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သောကြောင့် ကုချန်သည် နောက်ထပ် အရေးယူဆောင်ရွက်ရန် မပြင်ဆင်တော့ပေ။ ယခု သူလုပ်ရမည်မှာ အင်မော်တယ်ဘုရင်အဆင့်သို့ အမြန်ဆုံး တက်လှမ်းရန်ပင် ဖြစ်သည်။
ယခင်က အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့်သို့ တက်လှမ်းပြီးနောက် ကုချန်သည် အတွေ့အကြုံများ ပိုမိုစုဆောင်းရန် အချိန်ယူရမည်ဟု ခံစားခဲ့ရသောကြောင့် နောက်ထပ် အဆင့်တက်ရန် နှောင့်နှေးနေခဲ့ခြင်း ဖြစ်သည်။
သို့သော် တတိယကိုယ်ခန္ဓာသည် အင်မော်တယ်နယ်မြေ၌ အင်မော်တယ်ဘုရင်အဆင့်သို့ တိုက်ရိုက် တက်လှမ်းသွားခြင်းက သူသည် မည်သည့်အရာကိုမျှ ထပ်မံစုဆောင်းရန် မလိုအပ်တော့ကြောင်းနှင့် ဒုတိယကိုယ်ခန္ဓာသည်လည်း အဆင့်တက်ရန် လုံလောက်နေပြီဖြစ်ကြောင်း ကုချန်အား ပြောပြနေခဲ့သည်။
ထိုအချက်ကို သိရှိနားလည်သွားသောကြောင့်ပင် ကုချန်သည် အဆင့်တက်ရန် ချက်ချင်း ပြင်ဆင်လိုက်တော့သည်။
" ဝုန်း! "
အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းခြင်းသည် ကုချန်အတွက် အလွန် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် မကြာသေးမီကမှ အင်မော်တယ်နယ်မြေ၌ အဆင့်တက်ခဲ့ခြင်းဖြစ်ပြီး ထိုအတွေ့အကြုံမှာ 'လတ်ဆတ်' နေဆဲပင် ဖြစ်သည်။
အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေတို့၏ အဆုံးမဲ့တာအိုများမှာ အတူတူပင်ဖြစ်၏။ တစ်ခုတည်းသော ကွာခြားချက်မှာ စွမ်းအား၏ အနှစ်သာရသာ ဖြစ်သည်။ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းခြင်း လုပ်ငန်းစဉ်မှာလည်း ထပ်တူညီပေသည်။
ထို့ကြောင့် ၈မိနစ်မျှ မကြာလိုက်ဘဲ ကုချန်သည် သူ၏လမ်းကြောင်းကို ပိတ်ဆို့ထားသော သံကြိုးများ ကျိုးပျက်သွားသကဲ့သို့ ခံစားလိုက်ရလျက် သူ၏ချီများ မြင့်တက်လာကာ အင်မော်တယ်ဘုရင်အဆင့်သို့ အောင်မြင်စွာ ဝင်ရောက်သွားလေတော့သည်။
" ဝုန်း! "
အင်မော်တယ်ဘုရင်တစ်ပါး၏ အငွေ့အသက်သည် ကုချန် တံခါးပိတ်ကျင့်ကြံနေသော နေရာမှ စတင်ပျံ့နှံ့သွားပြီး အဆုံးမဲ့ကောင်းကင်ဘုံတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ထုံထျန်းနတ်ဆိုးတောင်ပေါ်တွင် နတ်ဆိုးဧကရာဇ်ကြီးသည် ဤအငွေ့အသက်ကို ချက်ချင်းပင် အာရုံခံမိသွားပြီး သူ၏မျက်လုံးများတွင် အံ့အားသင့်မှုများနှင့် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်ကာ အဆုံးမဲ့ကောင်းကင်ဘုံဘက်သို့ မကြည့်ဘဲ မနေနိုင်တော့ချေ။
" အဲဒါ အဆုံးမဲ့ထျန်းကျွင်းဆိုတဲ့ ကောင်လေးမလား... သူ အခုလေးတင် အင်မော်တယ်ဘုရင် အငွေ့အသက်ကို ထုတ်လွှတ်လိုက်တာလေ... ဘာလို့ ဒီလောက်တောင် အံ့သြနေရတာလဲ "
နတ်ဆိုးဧကရာဇ်ကြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်ကို မြင်သောအခါ လိပ်အိုကြီးမှာ အနည်းငယ် အံ့အားသင့်သွား၏။
နတ်ဆိုးဧကရာဇ်ကြီး ဤမျှ အထိတ်တလန့်ဖြစ်နေသည်ကို မမြင်ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သူမှတ်မိသလောက် နောက်ဆုံးအကြိမ်မှာ အင်မော်တယ်နှင့် နတ်ဆိုးနယ်မြေများကြား စစ်ပွဲအတွင်းက ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူသည်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့သည်။
လိပ်အိုကြီးသည်လည်း အဆုံးမဲ့ကောင်းကင်ဘုံမှ လာသော အင်မော်တယ်ဘုရင်အဆင့် လှိုင်းဂယက်များကို သဘာဝကျကျပင် ခံစားမိလေသည်။
သို့သော် အဲဒါက အဆုံးမဲ့ထျန်းကျွင်းသာ မဟုတ်ပါလော။ ဘာတွေများ အံ့သြစရာ ရှိနေလို့နည်း။
" မင်း ဘာမှမသိပါဘူး "
နတ်ဆိုးဧကရာဇ်ကြီးသည် ထူးထူးဆန်းဆန်းပင် ကျိန်ဆဲလိုက်လေသည်။
" ငါ့လက်အောက်က ဒီ အဆုံးမဲ့ထျန်းကျွင်းဆိုတဲ့ကောင်က အခုမှ အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းသွားတာ... အရင်က သူ အင်မော်တယ်ဘုရင် မဟုတ်ဘူးကွ! "
" အခုမှ အဆင့်တက်တာ? "
နတ်ဆိုးဧကရာဇ်ကြီး၏ စကားများကြောင့် လိပ်အိုကြီးမှာ ချက်ချင်း မှင်သက်သွားခဲ့ရသည်။
" သူက အခုမှ အဆင့်တက်တာဆိုရင် အရင်တုန်းက ရှီမိုထျန်းကျွင်းကို ဘယ်လိုလုပ် သတ်နိုင်ခဲ့တာလဲ "
အင်မော်တယ်ဘုရင်အဆင့် မဟုတ်သည့် တည်ရှိမှုတစ်ခုမှ အင်မော်တယ်ဘုရင်တစ်ပါးကို အဆင့်ကျော်လွန်၍ သတ်ဖြတ်ခဲ့သည်လော။
ဤသည်မှာ ဖြစ်နိုင်ခြေ နည်းပါးရုံသာမက လုံးဝ ဖြစ်နိုင်စရာ အကြောင်းမရှိသောအရာပင် ဖြစ်သည်။
အကြောင်းမှာ အင်မော်တယ်ဘုရင်နှင့် နတ်ဆိုးအရှင်သခင် ကြားရှိ ကွာဟချက်သည် အင်မော်တယ်တစ်ပါးနှင့် အရှင်သခင်တို့ကြားရှိ ကွာဟချက်ထက်ပင် ပိုမိုကြီးမားနေသောကြောင့်ပင်။
ဤအဆုံးမဲ့ထျန်းကျွင်းသည် အင်မော်တယ်ဘုရင် မဖြစ်လာမီက အင်မော်တယ်ဘုရင်အဆင့်ရှိ ရှီမိုထျန်းကျွင်းကို သတ်ဖြတ်နိုင်ခဲ့သည်ဆိုသည်မှာ တကယ့်ကို ပျက်လုံးတစ်ခုကဲ့သို့ပင်။