အခန်း (၃၉၇-၃၉၈)
Vol. 29 Ch. 397-398
အခန်း ( ၃၉၇ ) - ကောင်းမှုပြုလျှင် ကောင်းကျိုးရမည်၊ တံခါးပိတ်ကျင့်ကြံရန် တွေးတောခြင်း၊ အဆုံးမဲ့ကမ္ဘာ၏ ကောင်းကင်နှလုံးသား
" မဖြစ်နိုင်ဘူး... ဒါက လုံးဝကို မဖြစ်နိုင်တာ "
လိပ်အိုကြီးသည် ခေါင်းယမ်းလိုက်ကာ လုံးဝ မယုံကြည်နိုင်ဖြစ်နေလေသည်။
ဤစကားများသည် နတ်ဆိုးဧကရာဇ်ကြီး၏ နှုတ်မှ ထွက်ပေါ်လာခြင်းဖြစ်လျှင်ပင် သူ ယုံကြည်မည်မဟုတ်ချေ။
အဆင့်ကျော်လွန်၍ တိုက်ခိုက်ခြင်းဆိုသည်မှာ အဆင့်နိမ့်သော တိုက်ပွဲများတွင်သာ ဖြစ်ပွားလေ့ရှိပေသည်။
စွမ်းအားများ ပိုမိုအားကောင်းလာကာ အဆင့်များ ပိုမိုမြင့်မားလာလေလေ၊ ထိုသို့သော ကောင်းကင်ကိုဆန့်ကျင်သည့် လုပ်ရပ်မျိုး ဖြစ်ပေါ်လာနိုင်ခြေ ပိုမိုနည်းပါးလာလေလေ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်း၏ နောက်ပိုင်းအဆင့်များတွင် ကြီးမားသော အဆင့်တက်လှမ်းမှုတိုင်းသည် ကျင့်ကြံခြင်းလမ်းစဉ်သို့ စတင်ဝင်ရောက်စဉ်က အဆင့်တက်လှမ်းမှုများထက် များစွာပို၍ နက်ရှိုင်းကာ အရေးပါသောကြောင့်ပင် ဖြစ်သည်။
နတ်ဆိုးအရှင်သခင်တစ်ပါးမှ အင်မော်တယ်ဘုရင်တစ်ပါးကို တိုက်ခိုက်သည်တဲ့လော။
နတ်ဆိုးနယ်မြေ၏ သမိုင်းတစ်လျှောက်လုံးကို ပြန်ကြည့်လျှင်ပင် ထိုသို့သောအရာမျိုးကို ကြားဖူးခဲ့မည် မဟုတ်ချေ။
" ဘာက မဖြစ်နိုင်ရမှာလဲ... နတ်ဆိုးနယ်မြေ သမိုင်းမှာ အင်မော်တယ်ဘုရင် မဟုတ်တဲ့ ကိုယ်ခန္ဓာနဲ့ အင်မော်တယ်ဘုရင်တစ်ပါးကို တိုက်ခိုက်နိုင်တဲ့ တည်ရှိမှုမျိုးတွေ ရှိခဲ့ဖူးတယ်... မင်းက ဗဟုသုတနည်းပြီး မသိတာပဲ ရှိတာ "
နတ်ဆိုးဧကရာဇ်ကြီးသည် လိပ်အိုကြီးအား အထင်သေးစွာဖြင့် တစ်ချက်ကြည့်လိုက်လေသည်။
" ငါတို့ နတ်ဆိုးနယ်မြေမှာ အဲဒီလို တည်ရှိမှုမျိုးတွေ ရှိတယ်ပေါ့ "
လိပ်အိုကြီးမှာ လန့်သွားပြီးနောက် တစ်စုံတစ်ရာကို ပြန်လည်သတိရသွားဟန်ဖြင့် စမ်းသပ်လိုသော လေသံဖြင့် မေးမြန်းလေသည်။
" အရှင် ပြောချင်တာက နတ်ဆိုး..... "
" တိတ်စမ်း! "
လိပ်အိုကြီးသည် ထိုသူ၏နာမည်ကို ထုတ်ပြောတော့မည်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီးသည် သူ့အား တားဆီးရန် ချက်ချင်း လက်လှမ်းလိုက်၍ မပြောရသေးသော စကားများကို ပြန်မြိုချသွားစေလိုက်သည်။
ထိုသူ၏အဆင့်တွင် ဤကျယ်ပြောလှသော နတ်ဆိုးနယ်မြေအတွင်း တစ်စုံတစ်ယောက်မှ သူတို့၏နာမည်ကို ထုတ်ပြောလျှင်ပင် အာရုံခံမိနိုင်ပေသည်။
သာမန် တည်ရှိမှုတစ်ခုထံမှသာ ဖြစ်ခဲ့ပါက အာရုံခံမိလျှင်ပင် ထိုသူသည် တစ်စုံတစ်ရာ ပြုလုပ်လိမ့်မည်မဟုတ်ချေ။
သို့သော် ထိုလှိုင်းဂယက်သည် သူ၏ ထုံထျန်းနတ်ဆိုးတောင်မှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းကိုသာ သိရှိသွားပါက တစ်ဖက်လူသည် နတ်ဘုရားအာရုံကို စေလွှတ်ကာ လာရောက်စုံစမ်းနိုင်ပေသည်။ နတ်ဆိုးဧကရာဇ်ကြီးသည် ထိုကပ်ဘေးနတ်ဘုရားအား ဆွဲဆောင်လိုခြင်း မရှိချေ။
သို့သော်.....
ဤအဆုံးမဲ့ထျန်းကျွင်းသည် အင်မော်တယ်ဘုရင် မဟုတ်သော ကိုယ်ခန္ဓာဖြင့် အင်မော်တယ်ဘုရင်တစ်ပါးအား အမှန်တကယ် တိုက်ခိုက်နိုင်ခဲ့ကြောင်း တွေးမိသောအခါ နတ်ဆိုးဧကရာဇ်ကြီး၏ မျက်လုံးများတွင် မျှော်လင့်ချက်များနှင့် စိတ်အားထက်သန်မှုများ မပေါ်လာဘဲ မနေနိုင်တော့ချေ။
ဤကဲ့သို့ အောင်မြင်ရန်မှာ ကိုယ်ပိုင်ပါရမီအပြင် ရရှိထားသော ကြီးမားသည့် ကံကြမ္မာ အထောက်အပံ့များနှင့်လည်း လွန်စွာ သက်ဆိုင်နေပေသည်။
ဤအဆုံးမဲ့ထျန်းကျွင်းသည် စိတ်ကူး၍ပင် မရနိုင်သော ကြီးမားသည့် ကံကြမ္မာအထောက်အပံ့များကို သေချာပေါက် ပိုင်ဆိုင်ထားရပေမည်။
သို့မဟုတ်ပါ ဤသို့သောအရာကို မည်သို့မျှ အောင်မြင်နိုင်မည် မဟုတ်ချေ။
ထိုသူကဲ့သို့ပင် သူသည် ဤကျောက်စိမ်းဖြူလိပ်ခွံ၏ ကြီးမားသော ကံကြမ္မာအထောက်အပံ့ကြောင့်သာလျှင် လမ်းတစ်လျှောက်ရှိ အန္တရာယ်များကို ကျော်လွှားနိုင်ခဲ့၍ နတ်ဆိုးဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
နတ်ဆိုးဧကရာဇ်ကြီး၏ အကြည့်များမှာ နက်ရှိုင်းနေ၏။
ကုချန်တွင် ကြီးမားသော ကံကြမ္မာအထောက်အပံ့ ရှိနေကြောင်းကို သူ အကြမ်းဖျင်း ခန့်မှန်းမိသော်လည်း နတ်ဆိုးဧကရာဇ်ကြီး၌ ၎င်းအား လုယူလိုသော လောဘစိတ်များ မရှိခဲ့ချေ။
အကြောင်းမှာ နှစ်များတစ်လျှောက် ကျောက်စိမ်းဖြူလိပ်ခွံကို အစဉ်တစိုက် လေ့လာနေခဲ့သောကြောင့် နတ်ဆိုးဧကရာဇ်ကြီးသည် ကံကြမ္မာတာအိုအပေါ် နက်ရှိုင်းစွာ နားလည်နေသောကြောင့်ပင်။
သာမန် အားနည်းသော ကံကြမ္မာအထောက်အပံ့များသည် လုယူခံရပါက ပိုင်ရှင်ပြောင်းလဲသွားနိုင်ကြောင်း သူသိထားသည်။
သို့သော် တကယ့်ကို ကောင်းကင်ကိုဆန့်ကျင်နိုင်သည့် ကြီးမားသော ကံကြမ္မာအထောက်အပံ့များသည် သူတို့၏သခင်များကို အစောကြီးကတည်းက ရွေးချယ်ပြီးဖြစ်လေသည်။
တစ်နည်းဆိုရသော် ဤကြီးမားသော ကံကြမ္မာအထောက်အပံ့မှ သခင်ကို ရွေးချယ်ပြီးပါက အခြားသူများမှာ ထိုသူ့ထံမှ လုယူရန် လုံးဝ မဖြစ်နိုင်တော့ပေ။
ဤသည်မှာ သူ၏လက်ထဲရှိ ကျောက်စိမ်းဖြူလိပ်ခွံကဲ့သို့ပင် ဖြစ်သည်။
နတ်ဆိုးဧကရာဇ်ကြီး နတ်ဆိုးဧကရာဇ်အဆင့်သို့ မရောက်ရှိသေးမီက ထိုသတင်းသည် မတော်တဆ ပေါက်ကြားခဲ့၏။ ထိုအခါ သူ့ထက် စွမ်းအားကြီးမားသော တည်ရှိမှုများစွာသည် သူ၏လက်ထဲရှိ ကျောက်စိမ်းဖြူလိပ်ခွံကို လိုချင်တပ်မက်လာခဲ့ကြလေသည်။
သို့သော် ရလဒ်မှာ မည်သို့ဖြစ်ခဲ့သနည်း။
ကျောက်စိမ်းဖြူလိပ်ခွံသည် လုံးဝ လုယူမခံရသည့်အပြင် သူ့အား အန္တရာယ်များကို ကျော်လွှားနိုင်ရန် အကြိမ်ကြိမ် ကူညီပေးခဲ့လေသည်။
ဤအဆုံးမဲ့ထျန်းကျွင်းသည်လည်း အတူတူပင်ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်မှ ထိုသူ၏ကံကြမ္မာအထောက်အပံ့ကို လိုချင်တပ်မက်သည့် အကြံအစည်ရှိခဲ့ပါက လုံးဝ အောင်မြင်မည်မဟုတ်ချေ။ ယင်းအစား ထိုကံကြမ္မာအထောက်အပံ့၏ အလားအလာများကို အပြည့်အဝ လှုံ့ဆော်ပေးလိုက်သလိုဖြစ်ကာ ထိုသူ့အား ပိုမိုမြန်ဆန်စွာ ကြီးထွားလာစေမည်သာ ဖြစ်သည်။
ထိုအချက်ကို သူသိရှိထားသောကြောင့်ပင် နတ်ဆိုးဧကရာဇ်ကြီးသည် မည်သည့် မကောင်းသော ရည်ရွယ်ချက်ကိုမျှ မိုက်မဲစွာ ထားမည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ သူသည် ဤအဆုံးမဲ့ထျန်းကျွင်းနှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ပြီးဖြစ်လေသည်။
ကောင်းသော အကြောင်းတရားများကို စိုက်ပျိုးလျှင် ကောင်းသော အကျိုးတရားများကို ရိတ်သိမ်းရမည် ဖြစ်သည်။
သင့်လျော်၍ ကျယ်ဝန်းသောလမ်းကို မလျှောက်ဘဲ အန္တရာယ်များသော ဖြတ်လမ်းကို ရွေးချယ်လျှောက်လှမ်းခြင်းမျိုးကဲ့သို့ မိုက်မဲသည့်လုပ်ရပ်မျိုးကို သူ ဘယ်သောအခါမျှ ပြုလုပ်မည် မဟုတ်ချေ။
" လိပ်အိုကြီး... ငါ့ကိုယ်စား သွားပြီး ဒီ အင်မော်တယ်ဘုရင်အခန်းဆက် ကျင့်စဉ်ကို အဆုံးမဲ့ထျန်းကျွင်းဆီ ပေးသနားလိုက်ပါ "
နတ်ဆိုးဧကရာဇ်ကြီးသည် လက်ကိုဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားတစ်ခု သူ၏လက်ထဲသို့ ရောက်ရှိလာပြီးနောက် လိပ်အိုကြီး၏ ရှေ့သို့ ပျံသန်းသွားလေသည်။
" ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းကိုပါ ပေးသနားမလို့လား "
လိပ်အိုကြီးသည် ကျောက်စိမ်းပြားကို ကြည့်ကာ အံ့အားသင့်သွားလေသည်။
အကြောင်းမှာ ဤကျောက်စိမ်းပြားပေါ်တွင် မှတ်တမ်းတင်ထားသော ကျင့်စဉ်မှာ အတိတ်ကာလက နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင် အင်မော်တယ်ဘုရင်အဆင့်တွင် ရှိနေစဉ် ဖန်တီးခဲ့သော အင်မော်တယ်ဘုရင်ကျင့်စဉ်ပင် ဖြစ်နေသောကြောင့်တည်း။
အတိတ်က နတ်ဆိုးဧကရာဇ်တစ်ပါး ဖန်တီးခဲ့သော ကျင့်စဉ်တစ်ခု၏ တန်ဖိုးကြီးမားမှုမှာ သံသယဖြစ်ဖွယ်မရှိဘဲ သာမန် အင်မော်တယ်ဘုရင်ကျင့်စဉ်များနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကွာခြားလှပေသည်။
" ငါ ပြောတဲ့အတိုင်းသာ လုပ်ပါ "
ထိုမျှ တန်ဖိုးကြီးမားသော ကံကြမ္မာအထောက်အပံ့ကို ပေးကမ်းရခြင်းအား လုံးဝ ဂရုမစိုက်ဟန်ဖြင့် နတ်ဆိုးဧကရာဇ်ကြီးမှ ခပ်အေးအေးပင် ပြန်ဖြေလေသည်။
" ကောင်းပါပြီ "
လိပ်အိုကြီးသည် နတ်ဆိုးဧကရာဇ်ကြီး အဘယ်ကြောင့် ဤမျှ ရက်ရောနေရသနည်းဆိုသည်ကို နားမလည်သော်လည်း နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်ကို သစ္စာရှိစွာ ဆောင်ရွက်ခဲ့သည်။ အင်မော်တယ်ဘုရင်ကျင့်စဉ်ကို သေချာစွာ သိမ်းဆည်းပြီးနောက် သူသည် တောင်ပေါ်မှ ဆင်းကာ အဆုံးမဲ့ကောင်းကင်ဘုံဘက်သို့ ဦးတည်သွားလေတော့သည်။
...
" နတ်ဆိုးဧကရာဇ်ကြီးက သခင့်ကို တကယ်တန်ဖိုးထားတာပဲ... နောက်ထပ် အင်မော်တယ်ဘုရင်ကျင့်စဉ်ကိုတောင် ပေးသနားလိုက်သေးတယ်! "
ချီလျိုသည် ကုချန်၏ရှေ့တွင် လွင့်မျောနေသော ကျောက်စိမ်းပြားကို ကြည့်လျက် အံ့သြချီးကျူးစွာဖြင့် မရေရွတ်ဘဲ မနေနိုင်ခဲ့ချေ။
" ငါကိုယ်တော်က သူရဲ့ စေတနာကို အသိအမှတ်ပြုပါတယ်လို့ နတ်ဆိုးဧကရာဇ်ကြီးကို ငါ့ကိုယ်စား ပြောပြပေးလိုက်ပါ "
ကုချန်သည် ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ကာ လေးစားမှုပြသသည့်အနေဖြင့် လိပ်အိုကြီးအား ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
အတိတ်ကာလက နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင်ဖန်တီးခဲ့သော ဤအင်မော်တယ်ဘုရင်ကျင့်စဉ်၏ ကြီးမားသောတန်ဖိုးကို သူ ကောင်းစွာ သိရှိထား၏။ ၎င်းသည် သာမန် အင်မော်တယ်ဘုရင်များ ဖန်တီးထားသော ကျင့်စဉ်များနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် သာလွန်ကြောင်းကိုလည်း နားလည်ထားလေသည်။
ကုချန်တွင် လက်ရှိအချိန်၌ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း၏ ခွဲခြမ်းစိတ်ဖြာမှု တိုးတက်မှုကို မြှင့်တင်ရန် ထိုသို့သော အစွမ်းထက်သည့် ကျင့်စဉ်များ လိုအပ်နေခဲ့သည်။
ထို့ကြောင့် ကုချန်သည် နတ်ဆိုးဧကရာဇ်ကြီး၏ စေတနာကို အမှန်တကယ်ပင် အသိအမှတ်ပြုလေသည်။
လိပ်အိုကြီး ထွက်သွားသည်ကို မြင်သောအခါ ကုချန်သည် ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ပြီးနောက် ချီလျိုအား သူ၏ရှေ့သို့ ခေါ်ယူကာ ညွှန်ကြားလိုက်၏။
" ငါ အချိန်အတိုင်းအတာတစ်ခုအထိ တံခါးပိတ်ကျင့်ကြံတော့မယ်... ကြီးကြီးမားမား ကိစ္စမရှိရင် ငါ့ကို လာမနှောင့်ယှက်နဲ့ "
ယခု သူ၏တတိယနှင့် ဒုတိယကိုယ်ပွားတို့သည် အင်မော်တယ်ဘုရင်အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပြီဖြစ်ရာ သေသေချာချာ တံခါးပိတ်ကျင့်ကြံရန်၊ အရာရာကို စနစ်တကျစီစဉ်ရန်နှင့် သူ၏စွမ်းအားများကို ခိုင်မာအောင် တည်ဆောက်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။
...
အဆုံးမဲ့ကမ္ဘာအတွင်းရှိ ရှင်သန်ခြင်းတားမြစ်နယ်မြေတွင်.....
ကုချန်သည် အေးဆေးတည်ငြိမ်စွာ ထိုင်နေလျက် ရှိ၏။ သူ၏အကြည့်များမှာတော့ သူ့ရှေ့ရှိ တောက်ပနေသောအရာတစ်ခုအပေါ်သို့ စူးစိုက်ကျရောက်နေကာ တစ်စုံတစ်ရာကို လေ့လာနေပုံရသည်။
ဤတောက်ပနေသောအရာသည် မရေမတွက်နိုင်သော တာအိုများနှင့် အစီအရင်စာလုံးများဖြင့် တည်ဆောက်ထားကာ ကျယ်ပြောလှသော အဆုံးမဲ့ကမ္ဘာ လှိုင်းဂယက်ကို မှိန်ဖျော့ဖျော့ ထုတ်လွှတ်နေလေသည်။
ဤအရာသည် ဤအဆုံးမဲ့ကမ္ဘာ၏ အဆုံးမဲ့တာအို ကောင်းကင်နှလုံးသားပင် ဖြစ်သည်။
ကျင့်ကြံသူများသည် အရှင်အဆင့်သို့ ရောက်ရှိလာသောအခါ သူတို့၏တာအိုကို ကောင်းကင်နှင့်မြေကြီးတို့နှင့် မပေါင်းစည်းမီ ဤကောင်းကင်နှလုံးသား၏ အသိအမှတ်ပြုမှုကို ရယူရန် လိုအပ်ကြပေသည်။
ဤကမ္ဘာရှိ သက်ရှိများအတွက်မူ အဆုံးမဲ့တာအို ကောင်းကင်နှလုံးသားသည် မြင့်မြတ်၍ အလွန်ထူးကဲလှပေသည်။
သို့သော် ကုချန်အတွက်မူ ၎င်းကို ပေါ့ပေါ့ပါးပါး ပုံသွင်း၍ ပြန်လည်ဖွဲ့စည်းရန်မှာ ခက်ခဲသော အလုပ်တစ်ခု မဟုတ်ချေ။
ကုချန်သည် ဤအဆုံးမဲ့တာအို ကောင်းကင်နှလုံးသားကို လေ့လာလိုရခြင်းမှာ နတ်ဆိုးနယ်မြေ၌ အဆုံးမဲ့ကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသားကို ထိန်းချုပ်နိုင်ခဲ့၍ အဆုံးမဲ့ကောင်းကင်ဘုံအား ထိန်းချုပ်ခြင်း၏ နက်နဲမှုများကို နားလည်သဘောပေါက်ခဲ့သောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် သူ၏အဆုံးမဲ့တာအို အမှန်တရား နားလည်ခြင်း ကျင့်ကြံမှုအတွက် အထောက်အကူ ဖြစ်မဖြစ်ကို သိရှိရန် ဤအဆုံးမဲ့ကမ္ဘာ၏ ကောင်းကင်နှလုံးသားကိုပါ ထိန်းချုပ်ရန် စဉ်းစားမိခဲ့ခြင်း ဖြစ်သည်။
သို့သော် စူးစမ်းလေ့လာမှု ရလဒ်များမှာ ကုချန်အား အနည်းငယ် စိတ်ပျက်သွားစေခဲ့သည်။
ဤအဆုံးမဲ့ကမ္ဘာ၏ ကောင်းကင်နှလုံးသားကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းသည် အဆုံးမဲ့တာအို အမှန်တရား နားလည်ခြင်းအား ကျင့်ကြံရန်အတွက် အကျိုးရှိသော်လည်း ထိုအကျိုးကျေးဇူးမှာ အလွန်နည်းပါးလွန်းလှပေသည်။
မည်သို့ပင်ဆိုစေကာမူ အဆုံးမဲ့ကမ္ဘာသည် နယ်မြေအရွယ်အစားအရဖြစ်စေ၊ သက်ရှိများ၏ အရေအတွက်အရဖြစ်စေ အဆုံးမဲ့ကောင်းကင်ဘုံ၏ အစိတ်အပိုင်းလေးတစ်ခုကိုပင် မယှဉ်သာသောကြောင့်ပင်တည်း။
အခန်း ( ၃၉၈ ) - နှစ်တစ်ထောင် တံခါးပိတ်ကျင့်ကြံခြင်း၊ ကုမိသားစု ဖွံ့ဖြိုးလာခြင်းနှင့် ရှန်းဟိုင်းအမည်ခံများ
" မရှိတာထက်စာရင်တော့ ပိုကောင်းပါတယ်လေ "
ကုချန်သည် သူ၏လက်ထဲရှိ အဆုံးမဲ့ကမ္ဘာ၏ အဆုံးမဲ့တာအို ကောင်းကင်နှလုံးသားကို ကစားရင်း မေးစေ့ကို ပွတ်သပ်နေလေသည်။
ဤအဆုံးမဲ့တာအို ကောင်းကင်နှလုံးသားသည် အဆုံးမဲ့ကမ္ဘာရှိ မည်သည့် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ၏ မျက်လုံးထဲတွင်မဆို အထွတ်အမြတ် ရတနာတစ်ခု ဖြစ်ပေသည်။ အဆုံးမဲ့ကမ္ဘာတွင် ဧကရာဇ်တစ်ပါး ဖြစ်လာရန်မှာ ဤကောင်းကင်နှလုံးသား၏ အသိအမှတ်ပြုမှုကိုလိုအပ်မည်ဖြစ်သည်။
အဆုံးမဲ့တာအို ကောင်းကင်နှလုံးသား၏ အသိအမှတ်ပြုမှုသာ မရှိပါက အရှင်အဆင့်သို့ ရောက်ရှိရန်ဆိုသည်မှာ အချည်းနှီးသော စိတ်ကူးယဉ်အိပ်မက်တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။
သို့သော် ယခုအခါ ဤနက်နဲ၍ မြင့်မြတ်လှသော အဆုံးမဲ့တာအို ကောင်းကင်နှလုံးသားသည် ကုချန်၏လက်ထဲတွင် တုန်ရီနေကာ အနည်းငယ်မျှပင် မလှုပ်ရှားရဲချေ။
စစ်မှန်သော အင်မော်တယ်အဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦးသည် အောက်ကမ္ဘာစကြာဝဠာတစ်ခု၏ အဆုံးမဲ့တာအို ကောင်းကင်နှလုံးသားကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိရာ တိုက်ခိုက်ရေးစွမ်းအားမှာ အင်မော်တယ်ဘုရင်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်နေပြီဖြစ်သော ကုချန်အတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
" ငါ့ရဲ့ ကိုယ်ပွားနှစ်ခုလုံး တံခါးပိတ်ကျင့်ကြံနေပြီဆိုတော့ ငါ့ရဲ့ပင်မကိုယ်ခန္ဓာလည်း တံခါးပိတ်ကျင့်ကြံသင့်ပြီ ထင်တယ် "
ကုချန်သည် အဆုံးမဲ့တာအို ကောင်းကင်နှလုံးသားကို ပေါ့ပေါ့ပါးပါး သိမ်းဆည်းလိုက်ကာ တွေးတောလိုက်၏။
လက်ရှိတွင် ကုချန်၏ ပင်မကိုယ်ခန္ဓာသည် ပြီးပြည့်စုံသော စစ်မှန်သည့် အင်မော်တယ်အဆင့်၌ ရှိနေကာ သာမန် အင်မော်တယ်ဘုရင်များကို ဖိနှိပ်ခြေမွနိုင်သော တိုက်ခိုက်ရေးစွမ်းအား ရှိပေသည်။
နတ်ဆိုးနယ်မြေ၌ တာအိုကို ရရှိခဲ့သော သူ၏ ဒုတိယကိုယ်ပွားသည် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း၏ စွမ်းအားဖြင့် သာမန် အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူများကို ဖိနှိပ်ခြေမွရန် လွယ်လွယ်လေးပင်ဖြစ်သည်။
သူ၏ တတိယကိုယ်ပွား၏ အခြေအနေမှာလည်း ဒုတိယကိုယ်ပွားနှင့် ဆင်တူသော်လည်း အင်မော်တယ်နယ်မြေတွင် ရှိနေခြင်းနှင့် နတ်ဆိုးနယ်မြေတွင် ရှိနေခြင်းသာ ကွာခြားလေသည်။
လက်ရှိတွင် ဤကိုယ်ခန္ဓာသုံးခု၏ တိုက်ခိုက်ရေးစွမ်းအားမှာ ဆင်တူနေသော်လည်း ပင်မကိုယ်ခန္ဓာ၏ အလားအလာမှာ အားအကောင်းဆုံးဖြစ်ပေသည်။
ပင်မကိုယ်ခန္ဓာ၏အဆင့်မှာ စစ်မှန်သော အင်မော်တယ်အဆင့်မျှသာ ရှိသေးသော်လည်း ဒုတိယနှင့် တတိယကိုယ်ပွားတို့၏ အင်မော်တယ်ဘုရင်အဆင့်ကို ယှဉ်ပြိုင်ရန် လုံလောက်နေပေသည်။ အနာဂတ်တွင် ပင်မကိုယ်ခန္ဓာ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းသွားသောအခါ မည်သို့သော တိုက်ခိုက်ရေးစွမ်းအားမျိုးကို ပိုင်ဆိုင်လာမည်ကို ကုချန် တွေးပင်မတွေးရဲချေ။
" ပင်မကိုယ်ခန္ဓာရဲ့ တိုက်ခိုက်ရေးစွမ်းအားက သေချာပေါက် အားကောင်းရမယ်... သာမန် အင်မော်တယ်ဘုရင်တွေကို ဖိနှိပ်နိုင်ရုံနဲ့ မလုံလောက်ဘူး... ဒီထက်ပိုပြီး အားကောင်းရမယ် "
ကုချန်သည် နက်နက်ရှိုင်းရှိုင်း တွေးတောလျက် တီးတိုး ရေရွတ်လိုက်၏။
လက်ရှိတွင် သူ၏ ဒုတိယနှင့် တတိယကိုယ်ပွားတို့သည် နတ်ဆိုးနယ်မြေနှင့် အင်မော်တယ်နယ်မြေတို့တွင် အသီးသီး ရှိနေကြသည်။ သူတို့ အနာဂတ်တွင် ရင်ဆိုင်ရမည့် တည်ရှိမှုများမှာ အင်မော်တယ်ဘုရင်အဆင့်နှင့် အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများသာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သာမန် အင်မော်တယ်ဘုရင်များကို ဖိနှိပ်နိုင်ရုံမျှဖြင့် ကုချန်၏ ပြိုင်ဘက်ကင်းသော အရှိန်အဝါကို အာမခံရန် မလုံလောက်ပေ။
သူ၏လက်ထဲတွင် ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင် ဟူသော လျှို့ဝှက်ဖဲချပ်တစ်ခု ရှိနေသည်မှာ မှန်သော်လည်း ထိုလျှို့ဝှက်ဖဲချပ်မှာ တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး အသုံးပြုပြီးပါက ပျောက်ကွယ်သွားမည်ဖြစ်သည်။
ဒီတစ်ကြိမ်မှာ ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင်နဲ့ ဖြေရှင်းနိုင်တယ်ဆိုရင်တောင် နောက်တစ်ကြိမ်ကျရင်ကော ဘယ်လိုလုပ်မလဲ။
ပြင်ပစွမ်းအားအားလုံးသည် ယုံကြည်စိတ်ချရမှုမရှိဘဲ မိမိ၏ကိုယ်ပိုင် တိုက်ခိုက်ရေးစွမ်းအားသာလျှင် အစစ်အမှန်ဖြစ်ပေသည်။
ယခုအခါ သူ၏ ဒုတိယနှင့် တတိယကိုယ်ပွား နှစ်ခုစလုံးသည် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းပြီးဖြစ်လေသည်။ အချိန်တိုအတွင်း နောက်ထပ် အဆင့်တက်ရန်မှာ မဖြစ်နိုင်တော့ဘဲ အင်မော်တယ်ဘုရင်အဆင့်အတွင်း၌ အနည်းငယ် တိုးတက်ရန်ပင်လျှင် အချိန်ကြာမြင့်စွာ ယူရပေလိမ့်မည်။
ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းအား ကျင့်ကြံခြင်းကလည်း ကုချန်၏ တိုက်ခိုက်ရေးစွမ်းအားကို ဘက်စုံ မြှင့်တင်ပေးနိုင်သော်လည်း ၎င်း၏အားနည်းချက်မှာ အလွန်တရာ ကြာမြင့်သော အချိန်တစ်ခု လိုအပ်ခြင်းပင် ဖြစ်သည်။
အချိန်တိုအတွင်း တိုက်ခိုက်ရေးစွမ်းအားကို အမြန်ဆုံး မြှင့်တင်ရန် အဖြစ်နိုင်ဆုံး နည်းလမ်းမှာ ပင်မကိုယ်ခန္ဓာ၏ အဆင့်ကို ဆက်လက်မြှင့်တင်ရန်သာ ဖြစ်သည်။
ပင်မကိုယ်ခန္ဓာသည် လက်ရှိတွင် ပြီးပြည့်စုံသော စစ်မှန်သည့် အင်မော်တယ်အဆင့်၌ ရှိနေကာ သာမန် အင်မော်တယ်ဘုရင်များကို ဖိနှိပ်နိုင်သော တိုက်ခိုက်ရေးစွမ်းအား ရှိပေသည်။
အင်မော်တယ်အရှင်သခင်အဆင့်သို့ တက်လှမ်းပြီးသွားပါက အင်မော်တယ်ဘုရင်အားလုံးကို ဖိနှိပ်ရန်မှာ ပြဿနာမဖြစ်နိုင်တော့ကြောင်း ကုချန် ခန့်မှန်းမိ၏။ အင်မော်တယ်ဧကရာဇ် တည်ရှိမှုများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိကောင်းရှိလာနိုင်ပေသည်။
" အချိန်တိုအတွင်းမှာတော့ ပင်မကိုယ်ခန္ဓာရဲ့ အဆင့်ကို ဆက်ပြီး တက်လှမ်းနိုင်ဖို့ နည်းလမ်းရှာရမယ်... ရေရှည်အတွက်ကတော့ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း အပေါ်မှာ မျှော်လင့်ချက်ထားပြီး ကျင့်ကြံတာကို လစ်လျူရှုထားလို့ မရဘူး "
ကုချန်သည် ရှေ့ဆက်ရမည့် လမ်းကြောင်းကို ဆုံးဖြတ်ကာ တီးတိုး ရေရွတ်လိုက်၏။
" ဒီလိုဆိုမှတော့ ပင်မကိုယ်ခန္ဓာလည်း အချိန်အတိုင်းအတာတစ်ခုအထိ တံခါးပိတ်ကျင့်ကြံမှ ဖြစ်မယ် "
ပင်မကိုယ်ခန္ဓာ အင်မော်တယ်အရှင်သခင်အဆင့်သို့ တက်လှမ်းရန်အတွက် အင်မော်တယ်နယ်မြေသို့ နောက်တစ်ကြိမ် သွားရန် မလိုအပ်တော့ချေ။
အဘယ်ကြောင့်ဆိုသော် ယခင်က အချိန်မြစ်၏အဆုံးတွင် သူသည် အဆုံးမဲ့တာအို ကောင်းကင်တိုင်ကြီး၏ မြင်ကွင်းကို တွေ့မြင်ခဲ့ရကာ ၎င်းထံမှ လုံလောက်သော တာအိုနှင့် နိယာမများကို ရယူနိုင်ခဲ့သောကြောင့် အင်မော်တယ်အရှင်သခင်အဆင့်သို့ ပြဿနာမရှိဘဲ တက်လှမ်းနိုင်ရန် လုံလောက်ပေသည်။
အနာဂတ်တွင် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းသည့်အခါတွင်မှသာ မလုံမလောက် ဖြစ်ကောင်းဖြစ်လာနိုင်ပေသည်။ သို့သော် ထိုအရာသည် ကုချန် ယခု ချက်ချင်း စဉ်းစားရန် လိုအပ်နေသော ပြဿနာတစ်ခု မဟုတ်ချေ။
" ကိုယ်ခန္ဓာသုံးခုစလုံး တစ်ပြိုင်နက်တည်း တံခါးပိတ်ကျင့်ကြံနေကြပြီ... ထွက်လာတဲ့အခါ ကျေနပ်စရာကောင်းတဲ့ ရလဒ်တစ်ခု ပေးနိုင်ဖို့ မျှော်လင့်ပါတယ် "
ကုဝူရှန့်နှင့် ကုတောက်လင်းတို့အား ခေါ်ယူကာ သူ တံခါးပိတ်ကျင့်ကြံတော့မည့်အကြောင်း ကြေညာပြီးနောက် ကုချန်သည် အထက်ကောင်းကင်၏ ကိစ္စရပ်များကို ဆက်လက်ဂရုမစိုက်တော့ဘဲ အထက်ကောင်းကင် ပင်မနန်းဆောင်အတွင်း တံခါးပိတ်ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထားလိုက်လေသည်။
... ... ... ...
မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်တစ်ထောင် ကုန်လွန်သွားခဲ့လေပြီ.....
ကုချန်ကဲ့သို့သော တည်ရှိမှုတစ်ခုအတွက် နှစ်တစ်ထောင်ဆိုသည်မှာ ခဏတာမျှသာ ဖြစ်ပေသည်။
အင်မော်တယ်ဘုရင်တစ်ပါးအတွက် နှစ်သောင်းပေါင်း၊ သိန်းပေါင်းများစွာအထိ တံခါးပိတ်ကျင့်ကြံခြင်းမှာ သာမန်ကိစ္စတစ်ခု ဖြစ်၏။
နှစ်တစ်ထောင်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့သော်လည်း ကုချန်၏ ပင်မကိုယ်ခန္ဓာ တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာမည့် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရသေးချေ။
သို့သော် ဤနှစ်တစ်ထောင်အတွင်း ကုမိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုမှာ အလွန် လျင်မြန်ခဲ့ပေသည်။
နှစ်တစ်ထောင်အတွင်း ကုချင်းရွဲ့၊ ယဲ့ယင်းယင်းနှင့် အငယ်ဆုံးဖြစ်သော ဖူဝမ်တို့ပင်လျှင် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့ကြရာ ဧကရာဇ်များဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့၏။
ဟွမ်ကျိုအာကို ဆိုရလျှင်မူ သူသည် လွန်ခဲ့သော နှစ်ငါးရာကတည်းက အရှင်အဆင့်သို့ တိတ်တဆိတ် ရောက်ရှိသွားခဲ့ကာ အရှင်အဆင့် ကောင်းကင်ကပ်ဘေးကိုပင် မကြုံတွေ့ရဘဲ အရှင်တစ်ပါး ဖြစ်လာခဲ့ရာ အခြားအမျိုးသမီးများအား ဆွံ့အသွားစေခဲ့လေသည်။
ကုဝူရှန့် ဧကရာဇ်ဖြစ်လာစဉ်က ခံစားခဲ့ရသော ရက်စက်ကြမ်းကြုတ်သည့် ကောင်းကင်ကပ်ဘေးနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။
အမျိုးသမီးများအပြင် ကုမိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန်မှာလည်း တန်းတူပင် အံ့မခန်းဖြစ်ပေသည်။
မူလက သူတော်စင်အဆင့်တွင်ရှိသော ကုကျင်းရှန်သည် ယခုအခါ ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေကာ ဧကရာဇ်တစ်ပါးဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့၏။
မိသားစုခေါင်းဆောင် ကုတောက်လင်းသည်လည်း မဟာသူတော်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေကာ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ မကြာမီ ရောက်ရှိတော့မည်ဖြစ်သည်။
ကုမိသားစု တစ်ခုလုံးတွင် သူတော်စင်အဆင့်ရှိ တည်ရှိမှု ရာပေါင်းများစွာကို စုဆောင်းရရှိထားပြီး ဖြစ်လေသည်။ သူတော်စင်အဆင့်အောက်တွင်လည်း မရေမတွက်နိုင်အောင် များပြားလှပေသည်။
ဧကရာဇ်တစ်ပိုင်းအဆင့်ရှိသူ အများအပြားနှင့် သူတော်စင် ရာပေါင်းများစွာ.....
လက်ရှိ ကုမိသားစုသည် ၎င်းတို့၏ ကိုယ်ပိုင်အင်အားဖြင့် ရှေးဟောင်း ဧကရာဇ်မျိုးနွယ်စုများ အားလုံးပေါင်း၏ အင်အားကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ပေသည်။
ဤရလဒ်နှင့်ပတ်သက်၍ မည်သူကမျှ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု မခံစားရချေ။
ကုမိသားစုသည် ယခုအခါ အဆုံးမဲ့ကမ္ဘာ၏ ဒေသငါးခုမှ စုဆောင်းရရှိထားသော မရေမတွက်နိုင်သည့် ရတနာများကို ပိုင်ဆိုင်ထား၏။ မည်သည့် ကုမိသားစုဝင်ဖြစ်စေ၊ မည်သည့်အဆင့်တွင် ရှိနေသည်ဖြစ်စေ ကောင်းကင်နှင့်မြေကြီး ရတနာများအားလုံးကို အကန့်အသတ်မရှိ ထောက်ပံ့ပေးထားလေသည်။
ထိုမျှမက ဧကရာဇ်ကျမ်းများကိုပင် လွတ်လပ်စွာ ဖတ်ရှုလေ့လာခွင့် ရှိလေသည်။
ဖီးနစ်ဧကရာဇ်၊ ရှေးဟောင်းဧကရာဇ် ကျန်းထျန်း နှင့် တစ်ချိန်က စစ်မှန်သော အင်မော်တယ်တစ်ပါးဖြစ်ခဲ့သည့် ကောင်းကင်နတ်သမီး ရှောင်းယွဲ့တို့ကပင် ကုမိသားစုဝင်များအား မကြာခဏ ကျင့်စဉ်များကို သင်ကြားပို့ချပေးခြင်းများ ရှိလေသည်။
ထို့အပြင် ထူးချွန်သော ကုမိသားစု တပည့်အချို့သည် တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်အတွင်းသို့ ဝင်ရောက်ကာ ကောင်းကင်ကပ်ဘေးဖြင့် ခန္ဓာသန့်စင်ခြင်းနှင့် အင်မော်တယ် နတ်ဆေးစွမ်း ချီအငွေ့အသက်ခံယူခြင်းတို့ကို မကြာခဏ ပြုလုပ်နိုင်ကြပေသည်။
ထိုသို့သော ဇိမ်ကျလှသည့် ကျင့်ကြံခြင်း အခြေအနေများကို အဆုံးမဲ့ကမ္ဘာတစ်ခုလုံးတွင် မဆိုထားနှင့် ဤမရေမတွက်နိုင်သော အောက်ကမ္ဘာစကြာဝဠာများရှိ မည်သည့်အဖွဲ့အစည်းကများ ခံစားခွင့်ရနိုင်မည်နည်း။
ထို့ကြောင့် ကုမိသားစု၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ကုမိသားစုဝင် တစ်ဦးတစ်ယောက်ကမျှ ဂုဏ်ယူဝင့်ကြွားခြင်း သို့မဟုတ် ကျေနပ်ရောင့်ရဲနေခြင်း မရှိဘဲ ဤသို့ဖြစ်သင့်သည်ဟုသာ ယုံကြည်ထားကြလေသည်။
ထိုသို့မဟုတ်ပါက သူတို့အား ပြုစုပျိုးထောင်ပေးခဲ့သော ဘိုးဘေး၏ ကြီးမားလှသည့် အားထုတ်မှုများကို အရာမထင် ဖြစ်စေမည် မဟုတ်ပါလော။
" လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း... အဆုံးမဲ့ဒေသ ငါးခုက လူသားမျိုးနွယ်တွေကြားမှာ 'ရှန်းဟိုင်းအဖွဲ့' လို့ခေါ်တဲ့ အင်အားစုအသစ်တစ်ခု ပေါ်ထွက်လာတယ်လို့ ကျွန်မ ကြားခဲ့တယ်.....
အဲဒီအဖွဲ့က လွန်ခဲ့တဲ့ ထောင်စုနှစ်အနည်းငယ်အတွင်း လူသားမျိုးနွယ်ရဲ့ အစွမ်းထက် ကျင့်ကြံသူများစွာကို စုဆောင်းထားတယ်လို့ ဆိုတယ်... အရှင်အဆင့်ကို တက်လှမ်းဖို့ မျှော်လင့်ချက်ရှိတဲ့ ဧကရာဇ်တစ်ပိုင်းအဆင့် တချို့တောင် ဒီအဖွဲ့အစည်းထဲကို ဝင်ရောက်လာကြတယ်တဲ့ "
အထက်ကောင်းကင် ဆွေးနွေးပွဲခန်းမဆောင်အတွင်း ကုချင်းရွဲ့မှ မကြာသေးမီနှစ်များအတွင်း ဒေသငါးခု၌ သူ ခရီးသွားစဉ်က ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ပြောပြရင်း ခပ်အေးအေးပင် ဆိုလေသည်။
" လူအတော်များများကလည်း ဒီ ရှန်းဟိုင်းအဖွဲ့က လူသားမျိုးနွယ်ရဲ့ ခေတ်သစ် 'ဧကရာဇ်မဟာမိတ်အဖွဲ့' ပဲလို့ ပြောနေကြတယ်... သူတို့က 'ဧကရာဇ်မဟာမိတ်အဖွဲ့ သေဆုံးသွားပြီ... ရှန်းဟိုင်း ရှင်သန်ထမြောက်ရမယ်' ဆိုတဲ့ ကြွေးကြော်သံကိုတောင် ဟစ်ကြွေးနေကြတာ "
ဧကရာဇ်မဟာမိတ်အဖွဲ့ သေဆုံးသွားပြီ၊ ရှန်းဟိုင်း ရှင်သန်ထမြောက်ရမယ်တဲ့လား။
ကုချင်းရွဲ့၏ပြောစကားကို ကြားသောအခါ ကုဝူရှန့်နှင့် ကုတောက်လင်း အပါအဝင် အခြားသူများအားလုံး၏ မျက်နှာထက်တွင် လှောင်ပြောင်လိုသော အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။
ဘိုးဘေးမှ ဧကရာဇ်မဟာမိတ်အဖွဲ့အား အမြစ်ပြတ် ချေမှုန်းခဲ့သည်မှာ အချိန်မည်မျှ ကြာမြင့်ခဲ့ပြီနည်း။
ယခုမူ ထို ရှန်းဟိုင်းအဖွဲ့ ဆိုသည့်အရာက ပေါ်ထွက်လာပြီး ယခင် ဧကရာဇ်မဟာမိတ်အဖွဲ့၏ နေရာကိုပင် အစားထိုးလိုနေသည်တဲ့လော။
အဆုံးမဲ့ကမ္ဘာရှိ လူသားမျိုးနွယ်မှာ တကယ့်ကို ဉာဏ်နည်းလွန်းသည်ဟုသာ ဆိုရပေတော့မည်။