အခန်း (၃၉၉-၄၀၀)
Vol. 29 Ch. 399-400
အခန်း ( ၃၉၉ ) - အင်မော်တယ်များနှင့် သက်ဆိုင်နေခြင်း၊ နောက်ကွယ်မှလူနှင့် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ
ဧကရာဇ်မဟာမိတ်အဖွဲ့သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက ကျဆင်းပျက်သုဉ်းသွားခဲ့ကာ အဆုံးမဲ့ကမ္ဘာ၏ သမိုင်းဝင်အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့လေပြီ။
ကုချန်သည် အဆုံးမဲ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသောအခါ ဧကရာဇ်မဟာမိတ်အဖွဲ့ရှိ မဟာဧကရာဇ်များနှင့် ဧကရာဇ်တစ်ပိုင်းများအားလုံးကို ဦးစွာ သတ်ဖြတ်ခဲ့ပြီးနောက် သူတို့ကို ဆက်လက်၍ ခေါင်းပုံဖြတ်ကာ အကုန်အစင် စုပ်ယူခဲ့လေသည်။
ကျန်ရစ်နေသော ဧကရာဇ်မိသားစု အနည်းငယ်မှာ ခြောက်သွေ့နေသော ဆေးအကြွင်းအကျန်များနှင့်တူ၍ သက်စွမ်းအင်မျှ မရှိတော့ဘဲ သူတို့ကိုယ်သူတို့ ဆက်တိုက်ကျဆင်းနေသည်ကိုသာ ထိုင်ကြည့်နေနိုင်ကာ နောက်ဆုံးတွင် သာမန် အထွတ်အမြတ်နယ်မြေများနှင့် မဟာကျောင်းတော်များ၏ အနိုင်ကျင့်ခြင်းကိုပင် ခံလာရလေသည်။
အဘယ်ကြောင့်ဆိုသော် ကုချန် ဤဧကရာဇ်မိသားစုများထံမှ အရင်းအမြစ်များနှင့် နတ်ဘုရားရတနာများ အမြောက်အမြားကို တောင်းဆိုခဲ့ချိန်တွင် သူတို့၌ ထိုမျှများပြားသော ရတနာများ မရှိခဲ့သောကြောင့်ပင်။ သူတို့အများစုသည် ယခင်က စုဆောင်းထားခဲ့သော ဂုဏ်သတင်းကို အခြေခံ၍ အခြားသော အထွတ်အမြတ်နယ်မြေများနှင့် မဟာကျောင်းတော်များထံ ချဉ်းကပ်ကာ ချေးငှားခဲ့ကြရသည်။
သို့သော် နောက်ပိုင်းတွင် ဧကရာဇ်မဟာမိတ်အဖွဲ့ ပြိုကျသွားကာ ဧကရာဇ်မိသားစုများအားလုံး ကျဆင်းသွားသည်ကို လူတိုင်း မြင်တွေ့ခဲ့ကြရသည်။
အရင်းအမြစ်များ ချေးငှားထားခဲ့သော ထိုအထွတ်အမြတ်နယ်မြေများနှင့် မဟာကျောင်းတော်များသည် သူတို့၏အရင်းအမြစ်များ အလဟဿဖြစ်သွားသည်ကို မမြင်လိုကြသဖြင့် 'အကြွေးတောင်း' ရန် မကြာခဏ လာရောက်ခဲ့ကြလေသည်။
ထို့ကြောင့် ကျန်ရှိနေသော ဧကရာဇ်မိသားစုများအားလုံးသည် သူတို့၏ ယခင်ဘဝများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သော အလွန်တရာ ဆင်းရဲဒုက္ခရောက်သည့် ဘဝများဖြင့် ရှင်သန်ခဲ့ကြရ၏။
ဤသည်မှာလည်း ကုချန်မှ ဤဧကရာဇ်မိသားစုများအားလုံးကို တစ်ကြိမ်တည်းဖြင့် အမြစ်ပြတ်ချေမှုန်းရန် အလျင်မလိုခဲ့ခြင်း၏ အကြောင်းရင်းပင် ဖြစ်ပေသည်။
သူသည် ဤဧကရာဇ်မိသားစုများအားလုံးကို လက်ဝါးတစ်ချက်တည်းဖြင့် သေချာပေါက် သတ်ဖြတ်နိုင်ခဲ့သော်လည်း ထိုသို့ပြုလုပ်ခြင်းက သူတို့ကို အလွယ်တကူ အဆုံးသတ်ပေးလိုက်ခြင်း ဖြစ်မသွားပေဘူးလော။
ယခုမူ တစ်ချိန်က မာနထောင်လွှားခဲ့သော ဧကရာဇ်မိသားစုများဟု ခေါ်တွင်သူများအား နေ့စဉ်နှင့်အမျှ ဒုက္ခခံစားစေ၍ သူတို့၏ မိသားစုများ ကျဆင်းပျက်စီးသွားသည်ကို ထိုင်ကြည့်နေစေခြင်းက သူတို့၏ ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာကို တိုက်ရိုက်ဖျက်ဆီးပစ်ခြင်းထက် များစွာ သာလွန်သော နှိပ်စက်မှုတစ်ရပ် ဖြစ်ပေသည်။
နောက်ဆုံးရလဒ်ကလည်း ကုချန်အား အံ့အားသင့်စေခြင်း မရှိခဲ့ချေ။
နှစ်တစ်ထောင် ကြာပြီးနောက်တွင် အသက်ငင်နေဆဲဖြစ်သော ကျန်ရစ်သည့် ဧကရာဇ်မိသားစု အနည်းငယ်မှာလည်း အမြစ်ပြတ်သွားခဲ့ကာ သူတို့ မိသားစုများအတွင်းရှိ အရာအားလုံးကို အင်အားစုအသီးသီးမှ ပြောင်စင်အောင် ခွဲဝေယူငင်သွားကြလေသည်။
ယင်းမှာ ကုမိသားစု ကြုံတွေ့ခဲ့ရဖူးသော၊ မကြုံတွေ့ခဲ့ရဖူးသော အရာအားလုံးကို သူတို့ ကြုံတွေ့ခဲ့ရသကဲ့သို့ပင် ဖြစ်ပေသည်။
ဧကရာဇ်မဟာမိတ်အဖွဲ့ ပျက်စီးသွားပြီးနောက် ယခင် ဧကရာဇ်မဟာမိတ်အဖွဲ့၏ နေရာတွင် အစားထိုးမည်ဟု ကြွေးကြော်လာသော ရှန်းဟိုင်းအဖွဲ့ ပေါ်ထွက်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။ ဤအပြုအမူသည် ကုချင်းရွဲ့အား အနည်းငယ် ရယ်စရာကောင်းသည်ဟုပငမ ခံစားရစေခဲ့သည်။
" ရှန်းဟိုင်းအဖွဲ့ ...တစ်ခါမှ မကြားဖူးပါဘူး "
ကုဝူရှန့်သည် မျက်ခုံးပင့်လိုက်ကာ ခေါင်းကို ဖြည်းညင်းစွာ ယမ်းလိုက်လေသည်။
လက်ရှိ ကုမိသားစု၏ အင်အားဖြင့်ဆိုလျှင် ဘိုးဘေး ကိုယ်တိုင် ပါဝင်လှုပ်ရှားခြင်း မရှိပါကလည်း နောက်ထပ် ဧကရာဇ်မဟာမိတ်အဖွဲ့တစ်ခု ပေါ်လာခဲ့လျှင်ပင် ကုမိသားစုမှ ကြောက်ရွံ့မည်မဟုတ်ချေ။
ဖီးနစ်ဧကရာဇ်၊ ရှေးဟောင်းဧကရာဇ် ကျန်ထျန်း၊ ကောင်းကင်နတ်သမီး ရှောင်းယွဲ့နှင့် ဟွမ်ကျိုအာ ဟူသော သူတို့လေးဦးကို ဆိုဖွယ်ရာပင် မရှိတော့ချေ။
ကုမိသားစု တစ်ခုတည်းဖြင့်ပင် ဧကရာဇ်အဆင့် ကျွမ်းကျင်သူဖြစ်သော ကုဝူရှန့်ပါဝင်နေသဖြင့် ဘယ်ဆီကပေါ်လာမှန်းမသိသော ထိုရှန်းဟိုင်းအဖွဲ့ကို ဖိနှိပ်ရန်မှာ လက်ဖဝါးလှန်လိုက်သကဲ့သို့ လွယ်ကူနေမည် မဟုတ်ပါလော။
ထို့ထက်ပို၍ ကုချင်းရွဲ့၊ ယဲ့ယင်းယင်းနှင့် ဖူဝမ်တို့ အားလုံးသည် အချိန်မရွေး ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်သည့် အလားအလာများ ရှိနေကြသည်။
ထိုအချိန်ရောက်လျှင် ကုမိသားစု၏ အင်အားမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာမည်ဖြစ်ပြီး စိုးရိမ်စရာ ဘာတစ်ခုမှ ရှိတော့မည်မဟုတ်ချေ။
" ဒီ ရှန်းဟိုင်းအဖွဲ့က အဲဒီလောက် မရိုးရှင်းဘူးထင်တယ် "
ကုဝူရှန့်၏ အသံဆုံးသွားသည်နှင့် ဟွမ်ကျိုအာ၏ ရုတ်တရက်ထွက်ပေါ်လာသော အသံကို ကြားလိုက်ရလေသည်။
လူတိုင်း၏ အကြည့်များ သူ့ထံသို့ စုဆောင်းသွားသည်ကို မြင်သောအခါ ဟွမ်ကျိုအာမှ အေးဆေးစွာပင် ရှင်းပြလေသည်။
" ချင်းရွဲ့က ဒီ ရှန်းဟိုင်းအဖွဲ့အကြောင်း ပြောတာ ကြားကြားချင်းပဲ ကျွန်မလေ့လာကြည့်လိုက်တယ်... ဒီ ရှန်းဟိုင်းအဖွဲ့ရဲ့ မူလဇစ်မြစ်နဲ့ နောက်ခံက ဒီအဆုံးမဲ့ကမ္ဘာထဲမှာ မဟုတ်ဘဲ ဟိုဘက်မှာ ရှိနေတာကို တွေ့ရတယ် "
သူစကားပြောနေစဉ် ဟွမ်ကျိုအာသည် သူ၏ ကျောက်စိမ်းရောင် လက်ချောင်းလေးကို ဆန့်ထုတ်ကာ အလယ်ပိုင်းတိုက်ကြီးဒေသအထက်ရှိ ကောင်းကင်ယံဆီသို့ လက်ညှိုးထိုးပြလိုက်လေသည်။
ဟွမ်ကျိုအာ၏ အပြုအမူကို မြင်သောအခါ ကုဝူရှန့်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားကာ တစ်စုံတစ်ရာကို နားလည်သွားဟန်ဖြင့် မေးမြန်းလိုက်၏။
" ဒီ ရှန်းဟိုင်းအဖွဲ့က အင်မော်တယ်နယ်မြေနဲ့ သက်ဆိုင်နေတယ်လို့ သခင်မလေး ကျိုအာက ဆိုလိုတာလား "
ဟွမ်ကျိုအာ လက်ညှိုးထိုးပြလိုက်သော ဦးတည်ချက်မှာ အလယ်ပိုင်းတိုက်ကြီးဒေသအထက်ရှိ ကောင်းကင်ချောက်နက် အက်ကွဲကြောင်းပင် ဖြစ်သည်။
ကောင်းကင်ချောက်နက်မှ မည်သည့်အရာကို ကိုယ်စားပြုသနည်းဆိုသည်မှာ အထက်ကောင်းကင်ဘုံအတွက် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။
သို့သော် ဤရှန်းဟိုင်းအဖွဲ့က အင်မော်တယ်နယ်မြေနှင့် အမှန်တကယ် ဆက်စပ်နေသည်တဲ့လော။
" ဒါ သေချာသလောက်ပါပဲ "
ဟွမ်ကျိုအာသည် တုံ့ဆိုင်းမနေဘဲ ခိုင်မာစွာ ခေါင်းညိတ်ပြလေသည်။
သူသည် အချိန်မြစ်၏အဆုံးတွင် ကံကြမ္မာတာအို အန်စာတုံးကျင့်စဉ်ကို ရရှိခဲ့ကာ နောက်ပိုင်းတွင် ဧကရာဇ်အဆင့်သို့ပင် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သောကြောင့် ကံကြမ္မာ မဟာတာအိုအပေါ် သူ၏ နားလည်မှုမှာ ပိုမိုနက်ရှိုင်းလာခဲ့၏။ ၎င်းကို အသုံးပြု၍ ဤရှန်းဟိုင်းအဖွဲ့အား စုံစမ်းလေ့လာခြင်းမှာ သေချာပေါက် မှားယွင်းမည်မဟုတ်ချေ။
" ဒါဆိုရင်တော့ ငါတို့ နည်းနည်း ပိုပြီး သတိထားဖို့ လိုပြီ "
ကုဝူရှန့်၏အသံမှာလည်း အနည်းငယ် ပို၍ လေးနက်သွားလေသည်။
အကယ်၍ အဆုံးမဲ့ကမ္ဘာအတွင်းရှိ အင်အားစုတစ်ခုသာ ဖြစ်ပါက ကုမိသားစုသည် သဘာဝကျကျပင် ကြောက်ရွံ့မည်မဟုတ်ပေ။
သို့သော် အင်မော်တယ်နယ်မြေနှင့် ပတ်သက်နေမည်ဆိုပါက သူတို့ သတိထားရမည်ဖြစ်သည်။ အထူးသဖြင့် ယခုအချိန်တွင် ဘိုးဘေးသည် တံခါးပိတ်ကျင့်ကြံနေဆဲ ဖြစ်လေသည်။ လက်ရှိ ကုမိသားစု၏ မြင်သာသော ခေါင်းဆောင်တစ်ဦးအနေဖြင့် ကုဝူရှန့်သည် ပိုမို သတိထား၍ လှုပ်ရှားရမည်ကို သိရှိထားပေသည်။
" ဒါပေမယ့် ဒီ ရှန်းဟိုင်းအဖွဲ့က ငါတို့ ကုမိသားစုကို ခုချိန်ထိ ရန်မစသေးပါဘူး... ဒါကြောင့် ငါတို့ စိတ်ထဲကနေ သတိထားနေဖို့ပဲ လိုတယ်... အရမ်းကြီး အာရုံစိုက်နေစရာ မလိုပါဘူး "
ကုဝူရှန့်သည် ခဏတာ တွေးတောလိုက်လေသည်။
ဤရှန်းဟိုင်းအဖွဲ့တွင် မည်သည့် ရည်ရွယ်ချက်များ ရှိနေစေကာမူ သူတို့သည် ကုမိသားစုကို ရန်မစသေးသရွေ့ အလွန်အမင်း သတိထားနေရန် မလိုအပ်ပေ။
...
အဆုံးမဲ့ကမ္ဘာ၏ အလယ်ပိုင်းတိုက်ကြီးတွင်... ဖန်တီးဖွင့်လှစ်ထားသော လေဟာနယ် လှိုင်းဂယက်အတွင်း၌.....
နတ်ဘုရားအလင်းတန်းများ ဖုံးလွှမ်းနေ၍ ခမ်းနားကြီးကျယ်သော အရှိန်အဝါများ ထုတ်လွှတ်နေသည့် ပုံရိပ်များသည် လေဟာနယ် လှိုင်းဂယက်အတွင်းတွင် ရပ်နေကြလေသည်။
အရာခပ်သိမ်းကို ဖြတ်တောက်နိုင်စွမ်းရှိသော လေဟာနယ် လှိုင်းဂယက်သည် ဤပုံရိပ်များကို အနည်းငယ်မျှပင် ထိခိုက်စေနိုင်ခြင်း မရှိချေ။ ဤနေရာတွင် ရပ်နေသော တည်ရှိမှုများအားလုံးမှာ ဧကရာဇ်တစ်ပိုင်းများပင် ဖြစ်ကြသည်။
ထို ဧကရာဇ်တစ်ပိုင်းများ၏ အကြည့်များ ကျရောက်ရာနေရာတွင်မူ နေရာရှိ လူအားလုံးထက် များစွာသာလွန်သော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည့် ခရမ်းရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခု အေးဆေးတည်ငြိမ်စွာပင် ရပ်နေလေသည်။
ယခင် ဧကရာဇ်မဟာမိတ်အဖွဲ့မှ မဟာဧကရာဇ်တစ်ပါးသာ ဤနေရာတွင် ရှိနေမည်ဆိုပါက ထိုခရမ်းရောင်ဝတ်စုံနှင့် ပုံရိပ်ကို သေချာပေါက် ရင်းနှီးနေမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤသူသည် အခြားသူမဟုတ်ဘဲ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ကာ ဟွမ်သွမ့်နယ်မြေအတွင်းသို့ ထွက်ပြေးပုန်းရှောင်သွားခဲ့သော ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီပင် ဖြစ်နေသောကြောင့်တည်း။
သူသည် ဧကရာဇ်မဟာမိတ်အဖွဲ့ တစ်ခုလုံးတွင် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သည့် ဧကရာဇ်လည်း ဖြစ်လေသည်။
အတိတ်ကာလက ကုချန်သည် ဧကရာဇ်မဟာမိတ်အဖွဲ့မှ မဟာဧကရာဇ်များအားလုံးကို အမြစ်ပြတ်ချေမှုန်းလုနီးပါး ဖြစ်ခဲ့ကာ နတ်ဆိုးနယ်မြေမှ လာသော အရှင်များကိုပင် ဟန့်တားနိုင်ခဲ့သည်။
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီမှာ ကုချန်၏ စွမ်းအားကို ကြောက်ရွံ့သွားခဲ့ရာ ကောင်းကင်ချောက်နက် အက်ကွဲကြောင်း ပွင့်လာ၍ အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးမှာ လက်တစ်ကမ်းတွင် ရှိနေပုံရသော်လည်း အဆုံးမဲ့ကမ္ဘာတွင် ဆက်လက်နေထိုင်ရန် မဝံ့ရဲခဲ့ချေ။ ယင်းအစား သူသည် ဟွမ်သွမ့်နယ်မြေအတွင်းသို့ ထွက်ပြေးသွားခဲ့ကာ နောက်ထပ် မည်သည့်အခါမျှ အရိပ်အယောင်မပြတော့ချေ။
သူ၏ထွက်ပြေးလွတ်မြောက်မှုကပင် သူ့အား ဧကရာဇ်မဟာမိတ်အဖွဲ့ တစ်ခုလုံးတွင် အံ့ဖွယ်နည်းဖြင့် အသက်ရှင်ကျန်ရစ်သော တစ်ဦးတည်းသော ဧကရာဇ် ဖြစ်လာစေခဲ့သည်။
ယခုမူ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် မည်သည့်အချိန်ကတည်းကဟု မသိရဘဲ အဆုံးမဲ့ကမ္ဘာသို့ တိတ်တဆိတ် ပြန်လည်ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
မှိန်ဖျော့ဖျော့ နတ်ဘုရားအလင်းတန်းများဖြင့် ဖုံးလွှမ်းနေသောကြောင့် မျက်နှာအမူအရာကို ဖတ်၍မရနိုင်သော ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီကို ကြည့်လျက် ထိုနေရာရှိ ဧကရာဇ်တစ်ပိုင်းများအားလုံး၏ မျက်နှာထက်တွင် ရိုသေလေးစားမှု အမူအရာများ ပေါ်လွင်နေလေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့ရှိ ဤအမျိုးသမီးသည် ရှန်းဟိုင်းအဖွဲ့၏ တည်ထောင်သူ ဖြစ်ရုံသာမက သူ၏ ကိုယ်ပိုင်စွမ်းအားမှာလည်း ခန့်မှန်း၍ မရနိုင်လောက်အောင် နက်နဲသောကြောင့်ပင်။ သာမန် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် သူ၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ချေ။
" ဒီနေ့ နင်တို့ကို ငါ ခေါ်ယူလိုက်တာ ငါ့တို့ရဲ့ ရှန်းဟိုင်းအဖွဲ့ ရှေ့ထွက်ပြီး ကမ္ဘာကြီးကို အုပ်စိုးဖို့အတွက် အချိန်ကျရောက်လာပြီဖြစ်လို့ပဲ "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် ထိုနေရာရှိ ဧကရာဇ်တစ်ပိုင်းများကို တစ်ချက်ကြည့်လိုက်ကာ ခပ်အေးအေးပင် ပြောဆိုလေသည်။
" နင်တို့ကို ငါ တိတ်တဆိတ် ပြုစုပျိုးထောင်လာခဲ့တာ အချိန်တော်တော်ကြာခဲ့ပြီ... အခု နင်တို့အားလုံး ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်ကို ရောက်နေကြပြီ... အဆုံးမဲ့ကမ္ဘာရဲ့ ကောင်းကင်နှလုံးသားနဲ့ ပေါင်းစည်းပြီး တာအိုကို ရယူပြီး ဧကရာဇ်တစ်ပါး ဖြစ်လာဖို့ပဲ လိုတော့တယ် "
" နင်တို့ တာအိုကို ရယူပြီး ဧကရာဇ်တွေ ဖြစ်လာတာနဲ့တစ်ပြိုင်နက် ငါဧကရီက နင်တို့ကို စိတ်ကူးနဲ့တောင် မှန်းဆလို့မရနိုင်တဲ့ ကြီးမားတဲ့ ကံကြမ္မာအထောက်အပံ့တွေကို ပေးသနားမယ် "
" ဒါပေမယ့် အထက်ကောင်းကင် တားမြစ်နယ်မြေထဲမှာလည်း တာအိုကို ရယူပြီး ဧကရာဇ်ဖြစ်လာတော့မယ့်လူတွေ ရှိနေတယ်လို့ ငါ ကြားတယ် "
" ဒါကြောင့် နင်တို့ရဲ့ တာဝန်က... အထက်ကောင်းကင် တားမြစ်နယ်မြေထဲက ဧကရာဇ်တစ်ပိုင်းတွေနဲ့ တာအိုအတွက် ယှဉ်ပြိုင်ဖို့... ကောင်းကင်နှလုံးသားရဲ့ အသိအမှတ်ပြုမှုကို ရယူဖို့နဲ့... သူတို့ ဧကရာဇ်ဖြစ်လာမယ့်လမ်းကြောင်းကို ဖြတ်တောက်ချေမှုန်းပစ်ဖို့ပဲ "
ဤအကြောင်းကို ပြောလိုက်သောအခါ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ အသံထဲတွင် အမုန်းတရား အရိပ်အယောင်များ ပေါ်လွင်နေလေတော့သည်။
အခန်း ( ၄၀၀ ) - လမ်းကြောင်းကို ဖြတ်တောက်ခြင်း၊ ထုံထျန်း အင်မော်တယ်မျိုးစေ့နှင့် စည်းကမ်းချက် နှစ်ခု
အဆုံးမဲ့ကမ္ဘာမှ အရှက်တကွဲ ထွက်ပြေးလာခဲ့ရပြီးကတည်းက ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် အမြဲတစေ ထိတ်လန့်ကြောက်ရွံ့စွာ ရှင်သန်နေခဲ့ရသည်။
ဟွမ်သွမ့်ပင်လယ်၏ နက်ရှိုင်းသောနေရာအထိ ထွက်ပြေးပုန်းရှောင်ခဲ့ပြီးနောက်တွင်ပင် ကုချန်က သူ့နောက်သို့ လိုက်လာကာ အသက်ကို နှုတ်ယူသွားမည်ကို ကြောက်ရွံ့နေဆဲဖြစ်လေသည်။
သူသည် ဤကဲ့သို့သော စိုးရိမ်ပူပန်မှုမျိုးဖြင့် နှစ်တစ်ထောင်နီးပါး အချိန်ကုန်ဆုံးခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် နောက်ပိုင်းတွင် အခြေအနေကို ပြောင်းလဲသွားစေနိုင်သော အံ့မခန်း ကံကြမ္မာအထောက်အပံ့တစ်ခုကို မတော်တဆ တွေ့ရှိခဲ့၍ သူသည် ဤကဲ့သို့ ယုံကြည်မှုကို ရရှိခဲ့၏။
ထိုသို့မဟုတ်ပါက သူသည် အဆုံးမဲ့ကမ္ဘာသို့ ပြန်လာရန် မဆိုထားနှင့်၊ အထက်ကောင်းကင်ကို အန်တုရန်ပင် မည်သို့ ဝံ့ရဲပါမည်နည်း။
ဟွမ်သွမ့်ပင်လယ်၏ နက်ရှိုင်းသောနေရာတွင် ရရှိခဲ့သည့် ကံကြမ္မာအထောက်အပံ့သည် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီအား ပြိုင်ဘက်ကင်းသော ယုံကြည်မှုကို ပေးစွမ်းခဲ့သည်။ ကုချန်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသူပင်လျှင် သူ့အတွက် များစွာ အာရုံစိုက်ရန် မလိုအပ်တော့သကဲ့သို့ ဖြစ်သွားခဲ့ပေသည်။
သို့သော် သူသည် အဆုံးမဲ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသောအခါ ဧကရာဇ်မဟာမိတ်အဖွဲ့နှင့် သူ၏ ကိုယ်ပိုင် ဧကရာဇ်မိသားစု နှစ်ခုစလုံးမှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံခဲ့ရ၍ အနှစ်သာရများ စုပ်ယူခံရကာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်း ထိတ်လန့်ဖွယ် တွေ့ရှိခဲ့ရလေသည်။
ထို့ကြောင့် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ စိတ်နှလုံးအတွင်းရှိ ကုချန်နှင့် အထက်ကောင်းကင်အပေါ် ထားရှိသော အမုန်းတရားမှာ သဘာဝကျကျပင် ပြိုင်ဘက်ကင်းလှပေသည်။
သို့သော် အထက်ကောင်းကင် တားမြစ်နယ်မြေကို ရိုးရိုးရှင်းရှင်း ဖျက်ဆီးပစ်လိုက်ခြင်းက သူတို့ကို အလွယ်တကူ လွှတ်ပေးလိုက်သလို ဖြစ်နေမည်ဟု သူ ခံစားခဲ့ရသည်။
ဧကရာဇ်မဟာမိတ်အဖွဲ့နှင့် ခရမ်းရောင်မိသားစုအပေါ် ကျရောက်ခဲ့သော အရာအားလုံးကဲ့သို့ အလားတူ ခါးသီးသော ဆင်းရဲဒုက္ခမျိုးကို အထက်ကောင်းကင် တားမြစ်နယ်မြေရှိ ကုမိသားစုအား မြည်းစမ်းခိုင်းမည်ဟု သူကျိန်ဆိုခဲ့သည်။
ထို့ကြောင့် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ ပထမဆုံးခြေလှမ်းမှာ အထက်ကောင်းကင်ရှိ ဧကရာဇ်တစ်ပိုင်းများအားလုံးအတွက် ဧကရာဇ်အဆင့်သို့ တက်လှမ်းမည့် လမ်းကြောင်းကို ပိတ်ဆို့ပစ်ရန်ပင် ဖြစ်လေသည်။
အထက်ကောင်းကင်ဘုံက ဧကရာဇ်တစ်ပိုင်းတွေက ဧကရာဇ်အဆင့်ကို တက်လှမ်းဖို့ မျှော်လင့်နေကြတာ မဟုတ်လား။
တာအိုလမ်းကြောင်းအားလုံးကို ဖြတ်တောက်၍ အခြားသူများမှ တာအိုကို ရယူသွားသည်အား အကူအညီမဲ့စွာ ထိုင်ကြည့်နေစေ၍ မရနိုင်သည့်အရာတစ်ခုကို လိုချင်တပ်မက်နေရသော ဆင်းရဲဒုက္ခကို ခံစားရစေချင်၏။
" မဟာဧကရီ... ကျွန်တော် နည်းနည်းတော့ ဇဝေဇဝါ ဖြစ်နေတယ်... တကယ်လို့ အထက်ကောင်းကင်ဘုံက ဧကရာဇ်တစ်ပိုင်းတွေက အထက်ကောင်းကင် တားမြစ်နယ်မြေထဲမှာပဲ နေထိုင်ပြီး... ဧကရာဇ်အဆင့်ရောက်ဖို့ကိုပဲ သီးသန့် အာရုံစိုက်နေမယ်ဆိုရင် ကျွန်တော်တို့ သူတို့ကို တကယ်ပဲ တားဆီးနိုင်ပါ့မလား "
ဧကရာဇ်တစ်ပိုင်းတစ်ဦးမှ ရှေ့ထွက်ကာ မေးမြန်းလိုက်၏။
" ဒါ့အပြင် ကျွန်တော်တို့အားလုံးက ဧကရာဇ်တစ်ပိုင်းတွေ ဖြစ်ပေမယ့် တာအိုကို ရယူဖို့ဆိုတာ အဲဒီလောက် မလွယ်ကူပါဘူး "
အဆုံးမဲ့ကမ္ဘာသည် ကြီးမားကျယ်ပြောလှပေသည်။ တစ်ခေတ်တည်းတွင် လူအများအပြား ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ကြ၏။
ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီ အပါးလွှာဆုံးဖြစ်သော အကြမ်းတမ်းဆုံး မဟာခေတ်များတွင်ပင် ဧကရာဇ်နှစ်ပါး သို့မဟုတ် သုံးပါးသည် တစ်ပြိုင်နက်တည်း တာအိုကို ရယူနိုင်ဆဲဖြစ်ပေသည်။
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် အထက်ကောင်းကင် တားမြစ်နယ်မြေရှိ ဧကရာဇ်တစ်ပိုင်းများအားလုံးအတွက် ဧကရာဇ်အဆင့်သို့ တက်လှမ်းမည့် လမ်းကြောင်းကို ဖြတ်တောက်လိုခြင်းမှာ အဓိပ္ပာယ်တစ်မျိုးတည်းသာ ရှိနိုင်သည်။
ယင်းမှာ ဤနေရာရှိ ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများအားလုံးသည် အထက်ကောင်းကင်မှ လူများထက်စော၍ တာအိုကို ရယူရမည်ဟူသောအချက်ပင် ဖြစ်သည်။
ထိုသို့ပြုလုပ်မှသာ သူတို့သည် ဤခေတ်၏ ဧကရာဇ်အဆင့် နေရာအားလုံးကို သိမ်းပိုက်နိုင်မည်ဖြစ်၍ အထက်ကောင်းကင်ဘုံမှ ဧကရာဇ်တစ်ပိုင်းများ ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် နေရာကျန်ရှိတော့မည် မဟုတ်ချေ။
သို့သော် ဤအခက်အခဲမှာ ကောင်းကင်သို့ တက်လှမ်းရသည်နှင့် တူညီလှပေသည်။
ဧကရာဇ်တစ်ပိုင်း၊ ဧကရာဇ်တစ်ပိုင်း... ဧကရာဇ်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သယောင် ရှိသော်လည်း ထို 'ခြေတစ်လှမ်း' ကို ကျော်ဖြတ်ရန် မည်မျှ ခက်ခဲကြောင်းကို ဤအဆင့်ရှိသူများသာ အမှန်တကယ် သိရှိကြပေသည်။
အချိန်အခါကောင်း၊ နေရာကောင်းနှင့် လူကောင်း၊ မည်သည့်အရာမျှ လိုအပ်နေ၍ မဖြစ်ချေ။
ဤရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများသည်လည်း အထက်ကောင်းကင်မှ လူများထက်စော၍ ဧကရာဇ်အဆင့်သို့ တက်လှမ်းလိုကြသည်။
သို့သော် ထိုသို့သောအရာသည် သူတို့၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ မရှိချေ။
အထက်ကောင်းကင်ဘုံမှ ထိုဧကရာဇ်တစ်ပိုင်းများသည် သူတို့ထက်စော၍ ဧကရာဇ်အဆင့်သို့ ရောက်မလာနိုင်ကြောင်းကို မည်သူက အာမခံနိုင်မည်နည်း။
" ဟက်... အထက်ကောင်းကင်ဘုံက အဲဒီ ဧကရာဇ်တစ်ပိုင်းတွေ ဘယ်လိုပဲဖြစ်နေပါစေ... ကျွန်တော်ကတော့ သေချာပေါက် အရင်ဆုံး တာအိုကို ရယူမှာပါ... ဘိုးဘေး... စိတ်ချလက်ချသာ နေပါ "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီနှင့် မျက်နှာ အနည်းငယ် ဆင်တူ၍ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ် ဧကရာဇ်တစ်ပိုင်းတစ်ဦးမှ မာနထောင်လွှားစွာဖြင့် ပြောဆိုလိုက်၏။
ရှန်းဟိုင်းအဖွဲ့ရှိ အခြားသော ဧကရာဇ်တစ်ပိုင်းများနှင့် မတူဘဲ ဤခရမ်းရောင်ဝတ်စုံနှင့် ဧကရာဇ်တစ်ပိုင်းဖြစ်သူ ဇီဝူကျီသည် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ မျိုးဆက်တစ်ဦး ဖြစ်လေသည်။
အတိတ်ကာလက ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် ဟွမ်သွမ့်နယ်မြေအတွင်းသို့ ထွက်ခွာသွား၍ သူ၏မိသားစု အမြစ်ပြတ်ချေမှုန်းခံရချိန်တွင် မိသားစုဝင်တစ်ဦးဖြစ်သည့် ဇီဝူကျီသည် အံ့ဖွယ်နည်းဖြင့် အသက်ရှင်ကျန်ရစ်ခဲ့၏။
သူသည် ထူးခြားသော ပါရမီကို ပြသခဲ့၍ နှစ်ထောင်အနည်းငယ်အတွင်း ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိလာခဲ့ကာ ထိုနေရာရှိ ရှန်းဟိုင်းအဖွဲ့၏ ဧကရာဇ်တစ်ပိုင်းများအားလုံးထဲတွင် ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် အလားအလာအကောင်းဆုံးသူလည်း ဖြစ်ပေသည်။
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် သူ၏ ဤမျိုးဆက်နှင့်ပတ်သက်၍ အလွန် ကျေနပ်အားရနေလေသည်။
" ဝူကျီ တာအိုကို ရယူနိုင်မယ်ဆိုတာကို ငါ နည်းနည်းလေးတောင် သံသယမရှိဘူး "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် သူ၏မျိုးဆက်အား ချီးကျူးလိုသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ရှန်းဟိုင်းအဖွဲ့မှ အခြားသော ဧကရာဇ်တစ်ပိုင်းများထံသို့ လှည့်ကာ ခပ်အေးအေးပင် ပြောဆိုလေသည်။
" ငါက ဒီအစီအစဉ်ကို အဆိုပြုခဲ့မှတော့ နင်တို့ကို ဧကရာဇ်အဆင့်ရောက်အောင် ကူညီပေးမယ့် နည်းလမ်း ရှိတာပေါ့ "
" ဝှီး! "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ အသံ တိတ်သွားသည်နှင့် လေဟာနယ်သည် တဖြည်းဖြည်း လှိုင်းထသွားကာ အင်မော်တယ်ချီများ မှိန်ဖျော့ဖျော့ တောက်ပနေသည့် လက်သီးဆုပ်အရွယ်အစားရှိ အလင်းတန်းများ သူ၏ပတ်လည်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် ထိုအင်မော်တယ်ချီအစုအဝေးတစ်ခုကို လက်ထဲတွင် ပေါ့ပေါ့ပါးပါး ကိုင်ဆောင်လိုက်ကာ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
" ဒါက ထုံထျန်း အင်မော်တယ်မျိုးစေ့ပဲ... ဟွမ်သွမ့်ပင်လယ်ရဲ့ နက်ရှိုင်းတဲ့နေရာကနေ ငါ ရရှိခဲ့တဲ့ ပြိုင်ဘက်ကင်း ရတနာတစ်ခုပေါ့.....
နင်တို့က ဒီ ထုံထျန်း အင်မော်တယ်မျိုးစေ့ကို နင်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ စိုက်ပျိုးပြီး ဝိညာဉ်ချီနဲ့ အဆက်မပြတ် ပြုစုပျိုးထောင်ပေးဖို့ပဲ လိုတယ်... ဒီအရာက နင်တို့ကို ဧကရာဇ်အဆင့် တက်လှမ်းမယ့် ကောင်းကင်ထက်ထိ မြင့်မားတဲ့ လမ်းကြောင်းနဲ့ ချိတ်ဆက်ပေးလိမ့်မယ်.....
ဒါတင်မကသေးဘူး...နင်တို့ ဒီအင်မော်တယ်မျိုးစေ့ကို ကျင့်ကြံတဲ့အခါ အနာဂတ်မှာ ဧကရာဇ်အဆင့် ရောက်အောင် ကူညီပေးရုံတင်မကဘဲ အင်မော်တယ်တက်လှမ်းနိုင်အောင်ပါ ကူညီပေးနိုင်လိမ့်မယ် "
ထိုစကားအား ပြောဆိုနေစဉ်မှာပင် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် ဤမျိုးစေ့များကို ဧကရာဇ်တစ်ပိုင်းများထံသို့ တစ်ခုချင်းစီ တွန်းပို့လိုက်လေသည်။
ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် ကူညီပေးနိုင်သော ထုံထျန်း အင်မော်တယ်မျိုးစေ့တဲ့လော။
ဧကရာဇ်တစ်ပိုင်းများ၏ရှေ့သို့ ကျဆင်းလာသော အင်မော်တယ်မျိုးစေ့များသည် မှိန်ဖျော့ဖျော့ အင်မော်တယ်ချီအငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။ တစ်ချက် ရှူရှိုက်လိုက်ရုံမျှဖြင့် ဤဧကရာဇ်တစ်ပိုင်းများအား အလွန်အမင်း သက်တောင့်သက်သာဖြစ်စေကာ အင်မော်တယ်အဖြစ် တက်လှမ်းတော့မည့်အလား ခံစားလိုက်ကြရသည်။
ထို သက်တောင့်သက်သာရှိသော ခံစားချက်သည် သူတို့ကို အင်မော်တယ်မျိုးစေ့အား ချက်ချင်းပင် မျိုချပစ်ချင်စိတ် ပေါက်သွားစေခဲ့သည်။
" မဟာဧကရီ ဆိုလိုတာက ကျွန်တော်တို့ ဒီအင်မော်တယ်မျိုးစေ့ကို ဝိညာဉ်ချီနဲ့ ပြုစုပျိုးထောင်ပြီး စနစ်တကျ ကျင့်ကြံနေမယ်ဆိုရင် ဧကရာဇ်အဆင့်ကို အားစိုက်စရာမလိုဘဲ တက်လှမ်းနိုင်တယ်ပေါ့ "
ဧကရာဇ်တစ်ပိုင်းတစ်ဦးသည် သူ၏ရှေ့ရှိ အင်မော်တယ်မျိုးစေ့ကို စိုက်ကြည့်လိုက်၏။ သူ၏မျက်လုံးများထဲတွင် လောဘတက်မှု အရိပ်အယောင်တစ်ခုနှင့်အတူ အသံမှာလည်း အနည်းငယ် အက်ကွဲနေလေသည်။
" သေချာတာပေါ့ "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီမှ အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
ဤလောကတွင် ထိုသို့သော အံ့ဖွယ်ကောင်းသည့်အရာ ရှိနေသည်လော။
ခဏအကြာတွင် ဧကရာဇ်တစ်ပိုင်းများအားလုံး ဆူညံသွားကြပြီး သူတို့၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေသည်။
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ အဆိုအရ သူတို့သည် ဤအင်မော်တယ်မျိုးစေ့ကို မျိုချလိုက်လျှင် ဧကရာဇ်အဆင့်သို့ ရောက်ရှိရန် မည်သည့်အခက်အခဲမျှ ရှိတော့မည်မဟုတ်ချေ။
သို့သော် ထိုမျှ တန်ဖိုးကြီးမားသော အထွတ်အမြတ် ရတနာကို ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် အားလုံးအား တစ်ကိုယ်ကောင်းဆန်မှုကင်းစွာဖြင့် အမှန်တကယ်ပင် ပေးသနားမည်လော။
အချိန်အတိုင်းအတာတစ်ခုအထိ ဧကရာဇ်တစ်ပိုင်းများမှာ အတော်လေး တုံ့ဆိုင်းနေခဲ့ကြသည်။ ရတနာမှာ ကောင်းသော်လည်း သူတို့သည် လူမိုက်များ မဟုတ်ကြချေ။ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် ဤမျှတန်ဖိုးကြီးသော ပစ္စည်းကို လူတိုင်းအား အခမဲ့ ပေးမည်တဲ့လော။
အလကားရသောအရာကို မည်သူကမျှ ယုံကြည်မည်မဟုတ်ဘဲ အထူးသဖြင့် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲစွာ ကျင့်ကြံခဲ့ရသော ဤဧကရာဇ်တစ်ပိုင်းများဆိုလျှင် ပို၍ပင် ယုံကြည်မည် မဟုတ်ချေ။
" ငါက နင်တို့ကို ဒီအံ့ဖွယ် အင်မော်တယ်မျိုးစေ့တွေ ပေးသနားတယ်ဆိုတာမှာ စည်းကမ်းချက်တော့ ရှိတာပေါ့ "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ နောက်ဆက်တွဲ စကားများသည် လူတိုင်း၏ စိတ်နှလုံးအတွင်းရှိ သတိထားမှုများကို အနည်းငယ် ပြေလျော့သွားစေခဲ့သည်။
" ပထမအချက်... ဒီအင်မော်တယ်မျိုးစေ့ကို လက်ခံလိုက်ရင် နင်တို့က ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို လက်ခံလိုက်တယ်လို့ သတ်မှတ်တယ်... ဒါကြောင့် အထက်ကောင်းကင် တားမြစ်နယ်မြေကို အမြစ်ပြတ်ချေမှုန်းပြီး ကုမိသားစုကို ဖျက်ဆီးမယ့် တာဝန်တွေအားလုံးကို ပြီးမြောက်အောင် နင်တို့ ငါ့ကို ကူညီပေးရမယ်.....
ဒုတိယအချက်... ငါ့ရဲ့ ရည်မှန်းချက်က အင်မော်တယ်တက်လှမ်းဖို့ပဲ... နင်တို့အားလုံး ဧကရာဇ်တွေဖြစ်လာပြီး ကုမိသားစု ကိစ္စတွေကို ရှင်းလင်းပြီးတဲ့အခါ ငါ နင်တို့ကို နှစ်တစ်ထောင် အချိန်ပေးမယ်... နှစ်တစ်ထောင် ကြာပြီးနောက်မှာ နင်တို့အားလုံး ငါနဲ့အတူ ကောင်းကင်ချောက်နက်ထဲကို လိုက်လာပြီး ငါ အင်မော်တယ်တက်လှမ်းနိုင်အောင် နင်တို့ အစွမ်းကုန် ကူညီပေးရမယ်.....
ဒီအချက်နှစ်ချက်က နင်တို့ ငါ့ဆီက ဒီအင်မော်တယ်မျိုးစေ့ကို ရယူနိုင်ဖို့ လက်ခံရမယ့် စည်းကမ်းတွေပဲ "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ အဆိုပြုလာသော စည်းကမ်းချက် နှစ်ခုကို ကြားရသောအခါ ထိုနေရာရှိ ဧကရာဇ်တစ်ပိုင်းများ၏ တွန့်ချိုးနေသော မျက်မှောင်များမှာ ဖြည်းညင်းစွာ ပြေလျော့သွားလေတော့သည်။
သူတို့ သိထားပြီးဖြစ်သည်။ လောကတွင် ဤမျှ ကောင်းသောအရာမျိုး မည်သို့ အလကား ရရှိနိုင်မည်နည်း။
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီမှ ထိုကဲ့သို့သော နတ်ဘုရားအဆင့် ပစ္စည်းကို ပေးသနားရာတွင် သေချာပေါက် စည်းကမ်းချက်များ ပါဝင်လာသည်ပင်တည်း။