အခန်း (၄၀၁-၄၀၂)
Vol. 29 Ch. 401-402
အခန်း ( ၄၀၁ ) - လူ့စိတ်ဆိုသည်မှာ ခန့်မှန်းရခက်ခဲခြင်း၊ အင်မော်တယ်မျိုးစေ့၏ မူလဇစ်မြစ်နှင့် ဧကရာဇ်ဖြစ်လာရန် ပြင်ဆင်ခြင်း
သို့သော် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ အဆိုပြုလာသော စည်းကမ်းချက် နှစ်ခုမှာ အလွန်အမင်း ကြမ်းတမ်းလွန်းခြင်း မရှိခဲ့ချေ။
ထိုနေရာရှိ ဧကရာဇ်တစ်ပိုင်းများသည် သူတို့၏ ရွေးချယ်စရာများကို တိတ်တဆိတ် ချိန်ဆလိုက်ကြလေသည်။
ပထမအချက်ဖြစ်သော ကုမိသားစုအား ရှင်းလင်းရမည့် ကိစ္စနှင့်ပတ်သက်၍ ပြောနေစရာပင် မလိုတော့ချေ။
ထိုနေရာရှိ ဧကရာဇ်တစ်ပိုင်း အများစုမှာ အတိတ်ကာလက ဧကရာဇ်မဟာမိတ်အဖွဲ့ ပြိုကျပျက်စီးချိန်တွင် အသက်ရှင်ကျန်ရစ်ခဲ့သော မျိုးဆက်များ ဖြစ်ကြလေသည်။ သူတို့သည် အထက်ကောင်းကင်နှင့် ကုမိသားစုအပေါ် မွေးရာပါ ရန်လိုမှုများကို ပိုင်ဆိုင်ထားကြသည်။
ယခု ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီမှ ကုမိသားစုကို ဆန့်ကျင်ရန် ဦးဆောင်နေပြီဖြစ်ရာ လူတိုင်းသည် ကန့်ကွက်ခြင်း မရှိခဲ့ချေ။
ဒုတိယအချက်နှင့် ပတ်သက်၍မူ အနည်းငယ် ခက်ခဲနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ချောက်နက် ပွင့်လာခဲ့စဉ်၌ တားမြစ်နယ်မြေ အသီးသီးမှ ရှေးဟောင်းအရှင်များအားလုံး ကောင်းကင်ချောက်ကမ်းပါးထဲသို့ အလုအယက် ဝင်ရောက်သွားခဲ့ကြသော်လည်း နောက်ဆုံးတွင် ရှေးဟောင်းအရှင် တစ်ပါး၊ နှစ်ပါးခန့်သာ လွတ်မြောက်လာနိုင်ခဲ့ကြသည်။
ကောင်းကင်ချောက်နက်၏ နက်ရှိုင်းသောနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မည်သူကမျှ အတိအကျ မသိရှိခဲ့ကြချေ။
သို့သော် သေချာသောအချက်တစ်ချက်မှာ ကောင်းကင်ချောက်နက်၏ နက်ရှိုင်းသောနေရာသည် အဆုံးမဲ့အန္တရာယ်များဖြင့် ပြည့်နှက်နေသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိခြင်းပင်တည်း။
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် အင်မော်တယ်တက်လှမ်းလိုကာ သူ၏ ကိုယ်ပိုင်အင်အား တစ်ခုတည်းအပေါ်တွင်သာ မမှီခိုလိုပေ။ ယင်းအစား သူသည် အောင်မြင်နိုင်ခြေကို မြှင့်တင်ရန်အတွက် အခြားသူများအား ကူညီပေးရန် ဖိတ်ခေါ်လိုခြင်း ဖြစ်သည်။ ဤသည်မှာလည်း နားလည်ပေးနိုင်သော ကိစ္စပင် ဖြစ်လေသည်။
သို့သော် ကောင်းကင်ချောက်နက်တွင် အဆုံးမဲ့ အန္တရာယ်များ ရှိနေသော်လည်း ဤဧကရာဇ်တစ်ပိုင်းများသည် လက်ရှိအချိန်တွင် ၎င်းကို အလွန်အမင်း အလေးအနက် မထားခဲ့ကြချေ။
ပထမအချက်မှာ ထိုစဉ်က ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်သွားခဲ့သူများမှာ အိုမင်းမစွမ်းဖြစ်နေပြီဖြစ်သော ရှေးဟောင်းအရှင်များသာ ဖြစ်သည်ဟု သူတို့ ယုံကြည်ထားသောကြောင့်ပင်။ ခွန်အားပြည့်ဝနေသော လက်ရှိခေတ် မဟာဧကရာဇ်များနှင့် နှိုင်းယှဉ်ပါက သူတို့သည် အနည်းငယ်မျှသာ အားနည်းနေခဲ့ခြင်း မဟုတ်ချေ။
ဒုတိယအချက်မှာ သူတို့သည် လက်ရှိတွင် ဧကရာဇ်တစ်ပိုင်းများမျှသာ ဖြစ်ကြရာ ဧကရာဇ်များ ဖြစ်လာရန်အတွက် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ အကူအညီကို သေချာပေါက် လိုအပ်နေသောကြောင့်ပင်။
အကယ်၍ သူတို့ကို ကူညီပေးမည့် အင်မော်တယ်မျိုးစေ့သာ မရှိပါက အနာဂတ်တွင် မည်သည့်အချိန်မှ ဧကရာဇ်များ ဖြစ်လာမည်မှာ မသေချာနိုင်ချေ။ ထိုသို့ဆိုလျှင် ကောင်းကင်ချောက်နက် ကိစ္စများကို တွေးတောနေခြင်းက မည်သည့်အဓိပ္ပာယ် ရှိမည်နည်း။
ထို့ကြောင့် လက်တလော အရေးအကြီးဆုံးကိစ္စမှာ အမြန်ဆုံး ဧကရာဇ်များ ဖြစ်လာရန်ပင်တည်း။
သူတို့ ဧကရာဇ်များ ဖြစ်လာနိုင်လျှင် အနာဂတ်ရှိ မည်သည့် စည်းကမ်းချက်များကိုမဆို ညှိနှိုင်း၍ ရနိုင်ပေသည်။
ထိုအချက်ကို နားလည်သွားပြီးနောက် သူတို့ရှေ့ရှိ အင်မော်တယ်မျိုးစေ့ကို ကြည့်ကာ ဧကရာဇ်တစ်ပိုင်းများ၏ မျက်လုံးများထဲတွင် ထိန်းချုပ်မရနိုင်သော စိတ်လှုပ်ရှားမှုများ ပေါ်ထွက်လာလေသည်။
" ဒီစည်းကမ်းချက် နှစ်ခုပဲ ရှိတယ်... ဒီအင်မော်တယ်မျိုးစေ့ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်လို့တော့ နင်တို့ စိုးရိမ်စရာမလိုဘူး... ဘာလို့လဲဆိုတော့ နင်တို့ထက် အများကြီးစောပြီး ငါကိုယ်တိုင်က အင်မော်တယ်မျိုးစေ့ တစ်စေ့နဲ့ အရင် ပေါင်းစည်းထားပြီးသားမို့လို့ပဲ "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် ထိုနေရာရှိ ဧကရာဇ်တစ်ပိုင်းများ၏ အတွေးများကို ဖောက်ထွင်းမြင်နေရပုံပေါ်၏။ သူသည် လက်ကို ညင်သာစွာ ပွတ်သပ်လိုက်ရာ သူ၏ ကိုယ်တွင်း၌ မှိန်ဖျော့ဖျော့ အင်မော်တယ်အလင်းတန်းများ ဖုံးလွှမ်းနေသော အင်မော်တယ်သစ်ပင်တစ်ပင်၏ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုအင်မော်တယ်သစ်ပင်သည် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ ကိုယ်တွင်း၌ အမြစ်တွယ်နေပုံရ၏။ မရေမတွက်နိုင်သော အမြစ်များသည် သူ၏နှလုံးသားတစ်ဝိုက်တွင် ရစ်ပတ်လိမ်ယှက်ကာ သူ၏ ခန္ဓာကိုယ်ထံမှ စွမ်းအားများကို စုပ်ယူနေဟန် ရှိလေသည်။
သို့သော် ထိုအင်မော်တယ်သစ်ပင်သည် အဆုံးမဲ့ အင်မော်တယ် ဝိညာဉ်ချီများကို အဆက်မပြတ် ထုတ်လွှတ်ပေးကာ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ ခြေလက်များနှင့် အရိုးများကို ပြုစုပျိုးထောင်ပေးနေလေသည်။
ဤသည်မှာ အင်မော်တယ်မျိုးစေ့အတွင်းမှ အညှောက်ပေါက်လာပြီးနောက် အင်မော်တယ်သစ်ပင်၏ ပုံပန်းသဏ္ဍာန်လော။
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ ကိုယ်တွင်းရှိ အင်မော်တယ်သစ်ပင် ပုံရိပ်ယောင်ကို ကြည့်ကာ ဧကရာဇ်တစ်ပိုင်းများသည် နက်နက်ရှိုင်းရှိုင်း တွေးတောလိုက်ကြလေသည်။
" နင်တို့အားလုံး ကန့်ကွက်စရာမရှိဘူးဆိုရင် တစ်ယောက်ကို အင်မော်တယ်မျိုးစေ့ တစ်စေ့စီယူပြီး ဧကရာဇ်အဆင့်ကိုတက်လှမ်းဖို့ ပြင်ဆင်ကြတော့ "
ဧကရာဇ်တစ်ပိုင်းများ၏ မျက်နှာအမူအရာများကို မြင်သောအခါ အရာအားလုံး သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် အနည်းငယ် ပြုံးလိုက်လေသည်။
" ဒီလိုဆိုမှတော့ ကျွန်တော်တို့လည်း ငြင်းဆန်မနေတော့ပါဘူး "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ ကိုယ်တိုင် အင်မော်တယ်မျိုးစေ့တစ်ခုနှင့် ပေါင်းစည်းပြီးဖြစ်ကြောင်း သိရှိသွားသောအခါ ဤဧကရာဇ်တစ်ပိုင်းများသည် နောက်ထပ် တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ သဘောတူညီကြောင်း ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် သူတို့သည် ရှေ့ရှိ အင်မော်တယ်မျိုးစေ့များကို ယူဆောင်ကာ စိတ်အားထက်သန်စွာဖြင့် ပျောက်ကွယ်သွားကြလေတော့သည်။
" ဟွန့်...! ဒီကြွက်စုတ်တွေ ဘိုးဘေးက သူတို့ကို ကူညီပေးဖို့ အားထုတ်တာကိုတောင် သတိထားနေကြသေးတယ်... တကယ်ကို ရိုးသားမှု မရှိကြဘူး "
ဧကရာဇ်တစ်ပိုင်းများ ထွက်သွားသည်ကို မြင်သောအခါ ဇီဝူကျီသည် မကျေမနပ်ဖြင့် ညည်းညူလိုက်၏။
" ဘိုးဘေး... ခုနက သူတို့ကို ဒီလောက် အလွယ်တကူ ထွက်သွားခွင့် မပေးသင့်ဘူး... ဒီကောင်တွေကို ကောင်းကင်တာအို ကျိန်စာဆိုခိုင်းသင့်တာ... အဲဒီလိုမှ မဟုတ်ရင် နောက်ဆုံးအခိုက်အတန့်ကျမှ သူတို့ ကတိဖျက်မဖျက် ဘယ်သူသိနိုင်မှာလဲ "
ဘိုးဘေးသည် ဤဧကရာဇ်တစ်ပိုင်းများအပေါ် အနည်းငယ် ကောင်းလွန်းနေသည်ဟု ဇီဝူကျီ ခံစားမိလေသည်။
သူသည် သူတို့အား ဧကရာဇ်များ ဖြစ်လာရန် ကံကြမ္မာအထောက်အပံ့ကို ပေးသနားရုံသာမက ဤဧကရာဇ်တစ်ပိုင်းများအပေါ် မည်သည့် ကန့်သတ်ချက်မျှလည်း ချမှတ်မထားခဲ့ချေ။
လူ့စိတ်ဆိုသည်မှာ အလွန်တရာ ကောက်ကျစ်စဉ်းလဲ၍ ခန့်မှန်းရ အခက်ခဲဆုံးဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။
အကယ်၍ ဤဧကရာဇ်တစ်ပိုင်းများသည် ဘိုးဘေး၏ အကျိုးကျေးဇူးများကို ယူဆောင်သွားပြီးနောက် အချိန်တန်သောအခါ ဘိုးဘေးအတွက် အလုပ်အကျွေးပြုရန် ငြင်းဆန်ခဲ့လျှင် မည်သို့လုပ်မည်နည်း။
" ဟက်...သူတို့သာ ဒီအင်မော်တယ်မျိုးစေ့နဲ့ ပေါင်းစည်းသွားရင် ငါ့အတွက် အလုပ်အကျွေးမပြုဖို့ဆိုတာ ခက်ခဲသွားလိမ့်မယ် "
သို့သော် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီကမူ ဤကိစ္စကို လုံးဝ ဂရုမစိုက်ခဲ့ချေ။ သူသည် ဇီဝူကျီအား ကြည့်လိုက်၍ လက်ကိုဝှေ့ယမ်းလိုက်ရာ သူယခုလေးတင် ဇီဝူကျီအား ပေးသနားခဲ့သော အင်မော်တယ်မျိုးစေ့သည် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီထံသို့ ပြန်လည်ရောက်ရှိသွားလေသည်။
" ဘိုးဘေး... ဒါက..... "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီမှ ယခုလေးတင် ပေးထားသော အင်မော်တယ်မျိုးစေ့ကို ပြန်လည်ရုပ်သိမ်းသွားသည်ကို မြင်သောအခါ ဇီဝူကျီမှာ ဇဝေဇဝါဖြစ်သွားလျက် စောစောက သူ တစ်ခုခု မှားယွင်းပြောဆိုမိ၍ ဘိုးဘေး မကျေမနပ်ဖြစ်ကာ အင်မော်တယ်မျိုးစေ့ကို ပြန်လည်ရုပ်သိမ်းသွားခြင်းလောဟု တွေးတောမိလေသည်။
သို့သော် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ နောက်ဆက်တွဲ စကားများမှာ ဇီဝူကျီ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့သည်။
" သူတို့က ဒီအင်မော်တယ်မျိုးစေ့နဲ့ ပေါင်းစည်းနိုင်တယ်... ဒါပေမယ့် နင်ကတော့ မရဘူး... ဘာလို့လဲဆိုတော့ နင်က ငါ့ ခရမ်းရောင်မိသားစုရဲ့ မျိုးဆက်ဖြစ်နေလို့ပဲ "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီမှ ခပ်အေးအေးပင် ဆိုလေသည်။
ထို့နောက် သူ၏လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ သူ၏ကိုယ်တွင်း၌ ပေါ်ထွက်နေသော အင်မော်တယ်သစ်ပင် ပုံရိပ်ယောင်သည် မှန်ပြင်ပေါ်ရှိ ဖြတ်ပြေးသွားသော အရိပ်တစ်ခုကဲ့သို့ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေတော့သည်။
" ဟင်း... ဒါက လှည့်ကွက်ငယ်လေးတစ်ခုသာသာပဲ... ဒါကို ဒီကောင်တွေက ငါကိုယ်တိုင် ဒီအင်မော်တယ်မျိုးစေ့နဲ့ ပေါင်းစည်းထားတယ်လို့ ယုံကြည်သွားကြတာလေ... တကယ်ကို မိုက်မဲလိုက်ကြတာ.....
ဒီအင်မော်တယ်မျိုးစေ့က အန္တရာယ်ကင်းကင်းနဲ့ အဲဒီလောက် အကျိုးကျေးဇူးရှိနေတယ်ဆိုရင်တောင်... ငါက ဘာကိစ္စ ဒီအသုံးမကျတဲ့ကောင်တွေကို ပေးသနားရမှာလဲ "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် အထင်သေးစွာဖြင့် တီးတိုး ရေရွတ်လိုက်၏။
ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဤဧကရာဇ်တစ်ပိုင်းများအား လှည့်စားရန် လှည့်ကွက်ငယ်လေးတစ်ခု အသုံးပြုခြင်းမှာ သူ့အတွက် ရိုးရှင်းသော ကိစ္စတစ်ခု ဖြစ်ပေသည်။
" ဘိုးဘေး ဆိုလိုတာက..... "
ကွဲအက်သွားသော အင်မော်တယ်သစ်ပင် ပုံရိပ်ယောင်ကို ကြည့်လျက် ဇီဝူကျီ၏မျက်လုံးများသည် တဖြည်းဖြည်း ပြူးကျယ်လာကာ တစ်စုံတစ်ရာကို နားလည်သွားဟန် ရှိလေသည်။
" ဝူကျီ... နင်က အခု ငါတို့မိသားစုရဲ့ အထူးချွန်ဆုံး မျိုးဆက်ငယ်ဖြစ်သလို ငါ မျှော်လင့်ချက် ကြီးကြီးမားမားထား ထားတဲ့ ဆက်ခံသူလည်း ဖြစ်တယ်... အနာဂတ်မှာ ငါ အင်မော်တယ်တက်လှမ်းနိုင်တဲ့အခါ ဒီအောက်ကမ္ဘာက အရာအားလုံးကို စီမံခန့်ခွဲဖို့ နင့်ဆီ လွှဲပြောင်းပေးခဲ့မှာ "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီမှ ဖြည်းညင်းစွာ ဆိုလေသည်။
" အခု နင့်ကို ငါ သတင်းတချို့ ထုတ်ဖော်ပြောပြလိုက်မယ်... ဒီအင်မော်တယ်မျိုးစေ့တွေက ဟွမ်သွမ့်ပင်လယ်ကနေ လာတာမဟုတ်ဘူး... ဟိုဘက်ကနေ လာတာ "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် အထက်သို့ လက်ညှိုးထိုးပြလိုက်၏။
" ကျန်တာတွေနဲ့ ပတ်သက်လို့တော့... ငါ အင်မော်တယ်မတက်လှမ်းခင် အရာအားလုံးကို နင့်ဆီ လွှဲပြောင်းပေးခဲ့မယ်... အခု နင့်ရဲ့ အဓိကတာဝန်က ဧကရာဇ်အဆင့်ကို အမြန်ဆုံးတက်လှမ်းဖို့ပဲ "
ထိုသို့ပြောပြီးနောက် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ ပုံရိပ်သည် အဆုံးမဲ့ လေဟာနယ် လှိုင်းဂယက်အတွင်းသို့ ပျောက်ကွယ်သွားလေတော့သည်။
အလွန်အမင်း ထိတ်လန့်အံ့အားသင့်နေသော ဇီဝူကျီသာလျှင် မှင်သက်စွာ ရပ်ကျန်ခဲ့လေသည်။
" အင်မော်တယ်မျိုးစေ့... အင်မော်တယ်မျိုးစေ့... ဘယ်နေရာကများ အင်မော်တယ်မျိုးစေ့ ဖြစ်နေလို့လဲ "
ဇီဝူကျီသည် တိုးတိတ်စွာ ရေရွတ်လိုက်၏။ ယခုလေးတင် ပြုလုပ်သွားသော ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ လုပ်ရပ်များမှာ ဤအင်မော်တယ်မျိုးစေ့အတွင်း၌ ကြီးမားသော ပြဿနာတစ်ခု သေချာပေါက် ပုန်းကွယ်နေကြောင်း သူ့အား နားလည်သွားစေခဲ့သည်။
ထိုသို့မဟုတ်ပါက ဘိုးဘေးသည် ထိုဧကရာဇ်တစ်ပိုင်းများကို လှည့်စား၍ သူ့အား ဤအင်မော်တယ်မျိုးစေ့နှင့် မပေါင်းစည်းရန် တားမြစ်ခဲ့မည် မဟုတ်ချေ။
" ထားလိုက်ပါတော့... ငါက ဘာလို့ ဒီအကြောင်းတွေကို တွေးနေရမှာလဲ... ဘိုးဘေးရဲ့ အစီအစဉ်အတိုင်း ရိုးရိုးသားသား လိုက်နာဖို့ပဲ လိုတာ... ဘာပဲဖြစ်ဖြစ် ဘိုးဘေးက ငါ့ကို ဒုက္ခပေးမှာမှ မဟုတ်တာ "
ဇီဝူကျီသည် တိုးဖွဖွ ရယ်မောလိုက်ကာ ၎င်းနှင့်ပတ်သက်၍ ထပ်မတွေးတော့ရန် ဆုံးဖြတ်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ အနာဂတ်တွင် အရာအားလုံးကို သူ့ထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဘိုးဘေးမှ ပြောခဲ့ပြီးဖြစ်လေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဇီဝူကျီလည်း ထွက်ခွာသွားခဲ့၍ လေဟာနယ် လှိုင်းဂယက်အတွင်း၌ မည်သူ့ပုံရိပ်မျှ ကျန်ရှိမနေတော့ချေ။
.........
လအနည်းငယ် ကြာပြီးနောက်.....
အဆုံးမဲ့ ဒေသငါးခုရှိ ရှန်းဟိုင်းအဖွဲ့အတွင်းတွင် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ အသံသည် ဧကရာဇ်တစ်ပိုင်းများ၏ နားထဲသို့ တစ်ပြိုင်နက်တည်း ပဲ့တင်ထပ်သွားလေသည်။
" နင်တို့အားလုံး အင်မော်တယ်မျိုးစေ့နဲ့ ပေါင်းစည်းပြီးသွားကြပြီ... အခု အချိန်ကျရောက်လာပြီဖြစ်လို့ ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ကြပြီ "
ထိုစကားကို ကြားသောအခါ ဧကရာဇ်တစ်ပိုင်းများ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ထွက်လာလေ၏။
အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ပြီးနောက် ဧကရာဇ်အဆင့်သို့ တက်လှမ်းရမည့်အချိန်သည် နောက်ဆုံးတွင် ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။
အခန်း ( ၄၀၂ ) - ကောင်းကင်ယံရှိ ဧကရာဇ်ကိုးပါး၊ ဒေသငါးခုလုံး ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းနှင့် အထက်ကောင်းကင်၏ နိဂုံးလော
" ဝုန်း! ဝုန်း! ဝုန်း! "
မျက်တောင်တစ်ခတ်အတွင်း အဆုံးမဲ့ဒေသငါးခုတစ်ခွင်၌ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ တစ်ခုပြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ရာ တိမ်တိုက်များကိုပင် ယောက်ယက်ခတ်သွားစေလျက် ဒေသငါးခုရှိ သက်ရှိအားလုံး၏ အကြည့်များကို ချက်ချင်း ဆွဲဆောင်သွားလေသည်။
" ဘာတွေဖြစ်နေတာလဲ... ဒီအရှိန်အဝါက... တစ်ယောက်ယောက် ဧကရာဇ်ဖြစ်လာတော့မှာများလား "
သက်ရှိအချို့မှာ အထိတ်တလန့် ရေရွတ်လိုက်ကြ၏။
ဒေသငါးခုတစ်ခွင်လုံးမှ ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သော အရှိန်အဝါများ ထွက်ပေါ်လာခြင်းသည် တကယ့်ကို ထူးခြားဆန်းကြယ်လှ၏။ အဆုံးမဲ့ကမ္ဘာတွင် ဤသို့မဖြစ်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးအကြိမ်မှာ တားမြစ်နယ်မြေ အရှင်များအားလုံး ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်၍ တစ်ပြိုင်နက်တည်း လှုပ်ရှားခဲ့ကြစဉ်က ဖြစ်ပေသည်။
" ဘယ်လိုလုပ် လူတစ်ယောက်ပဲ ဧကရာဇ်ဖြစ်လာတော့မှာ ဖြစ်နိုင်မှာလဲ... ဒီလောက်များပြားတဲ့ အရှိန်အဝါတွေဆိုရင် သူတို့အားလုံး ဧကရာဇ်တွေ ဖြစ်လာကြတော့မှာ မဟုတ်ဘူးလား "
ဤသည်မှာ အလွန်တရာ ထူးဆန်းလွန်းလှသဖြင့် လူတစ်ဉီးမှ အလိုအလျောက်ပင် ပြန်လည်ချေပလိုက်လေသည်။
သက်ရှိတစ်ဦးမှ တာအိုကို သက်သေပြ၍ ဧကရာဇ်တစ်ပါး ဖြစ်လာခြင်းသည် ထိုသို့သော ကြောက်မက်ဖွယ် ကောင်းကင်လက္ခဏာများကို သေချာပေါက် ဖြစ်စေနိုင်မည် ဖြစ်သည်။
သို့သော် အဆုံးမဲ့ကမ္ဘာ၏ ရှေးဟောင်းသမိုင်းတစ်လျှောက်ကို ပြန်လည်ကြည့်ရှုမည်ဆိုလျှင် ဤမျှများပြားသော သက်ရှိများ တစ်ပြိုင်နက်တည်း တာအိုကို သက်သေပြကာ ဧကရာဇ်များ ဖြစ်လာသည်ကို မည်သည့်အချိန်ကများ ကြားဖူးခဲ့ကြသနည်း။ ဤသည်မှာ သာမန်မဟုတ်တော့ပေ။
" ဝုန်း! "
သို့သော် ထိုကမ္ဘာမြေကို တုန်လှုပ်စေသော အရှိန်အဝါများ မြင့်တက်လာသည်နှင့်အမျှ အဆုံးမဲ့ဒေသငါးခုအထက်ရှိ ကောင်းကင်ဘုံကိုးခုတွင် ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးတိမ်တိုက် အစုအဝေးများလည်း ဖြစ်ပေါ်လာခဲ့၏။
၎င်းတို့အထဲတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား လျှပ်စီးကပ်ဘေးများ ဖြစ်တည်ကာ လှိုင်းထန်နေ၍ အချိန်မရွေး ကောင်းကင်ဘုံကိုးခုမှ ကျဆင်းလာကာ အရာအားလုံးကို အမြစ်ပြတ်ချေမှုန်းတော့မည့်ဟန် ရှိနေလေသည်။
ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ လူတစ်ချို့မှာ ဇဝေဇဝါဖြစ်နေဆဲဖြစ်သော်ငြား ဤကိစ္စသည် လူတစ်ဉီးတည်းမဟုတ်ပဲ လူများစွာ တစ်ချိန်တည်း ဧကရာဇ်ဖြစ်လာတော့မည်ဖြစ်ကြောင်းကို လက်ခံလိုက်ကြရလေသည်။
" ငါ ရှန်းဟိုင်းအဖွဲ့ရဲ့ ဧကရာဇ်တစ်ပိုင်းဖြစ်တဲ့ ဟွမ်ထို့... ဒီနေ့မှာ ငါ့ရဲ့တာအိုကို သက်သေပြပြီး အထွတ်အမြတ် ဧကရာဇ်အဆင့်ကို တက်လှမ်းမယ်! "
အရှေ့ဘက်လွင်ပြင် တာအိုနယ်မြေတွင် အော်ဟစ်သံရှည်ကြီးတစ်ခုသည် ဒေသငါးခုတစ်ခွင်သို့ ပဲ့တင်ထပ်သွားလေသည်။ တာအိုဝတ်ရုံ ဝတ်ဆင်ထားသော လေးစားဖွယ် တည်ရှိမှုတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားကာ အဆုံးမဲ့တိုက်ကြီးမှ ထွက်ခွာ၍ စကြာဝဠာ၏ ပြင်ပဒေသများဆီသို့ ပျံသန်းသွားလေသည်။
ထိုကြောက်မက်ဖွယ် လျှပ်စီးကပ်ဘေးသည်လည်း သူ၏နောက်သို့ လိုက်ပါသွားကာ ပြင်ပဒေသများဆီသို့ ရွေ့လျားသွားခဲ့၏။
" ငါ ရှန်းဟိုင်းအဖွဲ့ရဲ့ ဧကရာဇ်တစ်ပိုင်း လင်ကွမ်း... ဒီနေ့ ငါ့ရဲ့တာအိုကို သက်သေပြမယ်! "
နောက်ထပ် အော်ဟစ်သံရှည်ကြီးတစ်ခု ဒေသငါးခုနှင့် ကောင်းကင်ယံတစ်ခွင်သို့ ပဲ့တင်ထပ်သွားပြန်သည်။ အဆုံးမဲ့ ကရုဏာတရားများကို ထုတ်လွှတ်နေ၍ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည်လည်း ကောင်းကင်ယံသို့ ထိုးတက်သွားကာ ပြင်ပဒေသများဆီသို့ ပျံသန်းသွားလေသည်။
" ငါ ရှန်းဟိုင်းအဖွဲ့ရဲ့ ဧကရာဇ်တစ်ပိုင်း ဝူကျီ! "
" ငါ ရှန်းဟိုင်းအဖွဲ့ရဲ့ ဧကရာဇ်တစ်ပိုင်း တောက်ဟိုင်! "
ခမ်းနားကြီးကျယ်သော အသံတစ်ခု ထွက်ပေါ်လာတိုင်း ဧကရာဇ်တစ်ပိုင်း ပုံရိပ်တစ်ခုသည်လည်း ဒေသငါးခုမှနေ၍ ပြင်ပဒေသများဆီသို့ ထိုးတက်သွားလေသည်။
ထိုခမ်းနားသော အသံများမှတစ်ဆင့် ဒေသငါးခုရှိ သက်ရှိများသည် သူတို့အား နက်နက်ရှိုင်းရှိုင်း တုန်လှုပ်သွားစေမည့် သတင်းအချက်အလက်တစ်ခုကိုလည်း ရရှိခဲ့ကြသည်။
ဤဧကရာဇ်တစ်ပိုင်းများသည် ယနေ့တွင် တာအိုကို သက်သေပြနေကြခြင်းသာမက သူတို့အားလုံးသည် ရှန်းဟိုင်းအဖွဲ့ ဟူသော အဖွဲ့အစည်းတစ်ခုတည်းမှ လာခြင်းပင် ဖြစ်လေသည်။
" ရှန်းဟိုင်းအဖွဲ့? အဲဒီနာမည်ကို အရင်က ကြားဖူးသလိုပဲ... သူက ဧကရာဇ်မဟာမိတ်အဖွဲ့ပြီးရင် ဒုတိယလိုက်တဲ့အဖွဲ့လို့ ထင်တယ် "
" ဧကရာဇ်မဟာမိတ်အဖွဲ့ သေဆုံးသွားပြီ... ရှန်းဟိုင်း ရှင်သန်ထမြောက်ရမယ်တဲ့... ဘုရားရေ... အဲဒီကောလာဟလက တကယ်ဖြစ်နေတာပဲ! "
" ဒီလောက် ကြောက်စရာကောင်းတဲ့ အင်အားစုက ဘယ်တုန်းက ပေါ်လာတာလဲ... ဧကရာဇ်တစ်ပိုင်း ဒီလောက်အများကြီး ရှိနေတာ... တကယ့်ကို ကြောက်စရာကောင်းလိုက်တာ! "
" ဧကရာဇ်တစ်ပိုင်းတွေ? ဒီနေ့ကစပြီး သူတို့က အစစ်အမှန် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေ ဖြစ်လာတော့မှာပဲ! "
အံ့သြတုန်လှုပ်မှုများနှင့် ချီးကျူးသံများသည် ဒေသငါးခုတစ်ခွင် ပဲ့တင်ထပ်သွားလေ၏။
သက်ရှိအားလုံးမှာ မှင်သက်အံ့အားသင့်နေကြ၏။ သူတို့သည် ယနေ့တွင် သမိုင်းတစ်ရပ်ကို မျက်မြင်ကိုယ်တွေ့ ကြုံရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ကြချေ။ ယခင် ဧကရာဇ်မဟာမိတ်အဖွဲ့ကိုပင် ကျော်လွန်သော ကြောက်မက်ဖွယ် အရှိန်အဝါရှိသည့် အင်အားစုတစ်စု ထွက်ပေါ်လာခဲ့ချေပြီ။
မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်မဟာမိတ်အဖွဲ့တွင် ဧကရာဇ် စုစုပေါင်း မည်မျှ ရှိခဲ့သနည်း။
ယခုမူ တာအိုကို သက်သေပြတော့မည့် ရှန်းဟိုင်းအဖွဲ့ရှိ ဧကရာဇ်တစ်ပိုင်း အရေအတွက်မှာ ဆယ်ပါးနီးပါးပင် ရှိနေလေပြီ။
ထို့အပြင် ဤဧကရာဇ်တစ်ပိုင်း ဆယ်ပါးအပြင် ရှန်းဟိုင်းအဖွဲ့အတွင်း တာအိုကို သက်သေပြ၍ ဧကရာဇ်ဖြစ်လာနှင့်ပြီးသော အခြားတည်ရှိမှုများ မရှိနိုင်ဟု မည်သူက အာမခံနိုင်မည်နည်း။
အချုပ်အားဖြင့်ဆိုရလျှင် ရှန်းဟိုင်းအဖွဲ့သည် ဧကရာဇ်မဟာမိတ်အဖွဲ့အပြီး လျှပ်စီးလက်သကဲ့သို့ အလျင်အမြန် ပေါ်ထွက်လာသော အဆုံးမဲ့ လူသားမျိုးနွယ်၏ နောက်ထပ် အထွတ်အမြတ် အင်အားစုတစ်ခုဖြစ်ကာ ကျိန်းသေ ပြိုင်ဘက်ကင်း ကြောက်မက်ဖွယ်ကောင်းသော အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။
အချိန်အတိုင်းအတာတစ်ခုအထိ မရေမတွက်နိုင်သော လူသားမျိုးနွယ်ဝင်များသည် ဝမ်းမြောက်ဝမ်းသာ အော်ဟစ်အောင်ပွဲခံခဲ့ကြ၏။
ဧကရာဇ်မဟာမိတ်အဖွဲ့ ကျဆင်းသွားပြီးကတည်းက လူသားမျိုးနွယ်သည် အဆုံးမဲ့တိုက်ကြီးတွင် ကြီးစိုးနေဆဲဖြစ်သော်လည်း အရပ်မျက်နှာအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည့် အခြေခံအုတ်မြစ်ကို ဆုံးရှုံးခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။
နောက်ပိုင်းတွင် ရှေးဟောင်းမျိုးနွယ်စုများ ထွက်ပေါ်လာမှုနှင့်အတူ လူသားမျိုးနွယ်၏ အဆင့်အတန်းမှာ ပို၍ပင် အန္တရာယ်များလာခဲ့သည်။
ယခုအခါ ရုတ်တရက် ပေါ်ထွက်လာသော ရှန်းဟိုင်းအဖွဲ့မှာ လူသားမျိုးနွယ်၏ ပြန်လည်နိုးထလာမှုကို အတည်ပြုပေးနေလေသည်။
" ဟက်! ရှန်းဟိုင်းအဖွဲ့ ပေါ်လာပြီဆိုတော့ အဲဒီရှေးဟောင်းမျိုးနွယ်စုတွေ ကောင်းကောင်း အိပ်နိုင်တော့မယ် မထင်ဘူး! "
" ဒီမြင်ကွင်းက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက... အထက်ကောင်းကင်ရဲ့ ဧကရာဇ်တစ်ပိုင်း တာအိုကို သက်သေပြခဲ့တဲ့အချိန်ကို ပြန်သတိရစေတယ်... နှစ်ခုကို ယှဉ်ကြည့်လိုက်ရင် ကွာခြားချက်က ရှင်းနေတာပဲ! "
ဤအခိုက်အတန့်တွင် သက်ရှိအချို့သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ကုဝူရှန့် တာအိုကို သက်သေပြ၍ ဧကရာဇ်ဖြစ်လာခဲ့ခြင်းကို ဖုံးကွယ်ထားသော အဓိပ္ပာယ်တစ်မျိုးမျိုးဖြင့် လှောင်ပြောင်ပြောဆိုလာကြလေသည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ကုဝူရှန့်သည် ကုချန်၏ ညွှန်ကြားချက်အရ အဆုံးမဲ့တိုက်ကြီးမှ ထွက်ခွာမသွားခဲ့ အထက်ကောင်းကင်အထက်တွင်သာ သူ၏တာအိုကို သက်သေပြခဲ့၏။ ကုချန်သည်လည်း အထက်ကောင်းကင်အပေါ် ကျဆင်းလာသော ကြောက်မက်ဖွယ် လျှပ်စီးကပ်ဘေးကို အပြည့်အဝ ဖိနှိပ်ပေးထားခဲ့လေသည်။
သို့သော် ၎င်းအပြင် လျှပ်စီးကပ်ဘေး၏ အကြွင်းအကျန် လှိုင်းဂယက်များစွာသည် အရှေ့ဘက်လွင်ပြင် တာအိုနယ်မြေအတွင်းသို့ ပျံ့နှံ့သွားခဲ့ကာ မရေမတွက်နိုင်သော နယ်မြေများကို ဖျက်ဆီးပစ်ခဲ့၏။
ယခုမူ ဤရှန်းဟိုင်းအဖွဲ့၏ ဧကရာဇ်တစ်ပိုင်း ဆယ်ပါးနီးပါးသည် ဧကရာဇ်ဖြစ်တည်ခြင်း ကပ်ဘေးကြောင့် အဆုံးမဲ့ ဒေသငါးခုကို ထိခိုက်မည်ကို မလိုလားကြသဖြင့် တာအိုကို သက်သေပြကာ ဧကရာဇ်များဖြစ်လာရန် စကြာဝဠာအတွင်းသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။
ဖြစ်ရပ်နှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်ပါက ကွာခြားချက်မှာ ရှင်းလင်းနေလေသည်။
" ဘာကိစ္စ ယှဉ်နေဦးမှာလဲ... အဲဒီ ကုမိသားစုက ငါတို့ လူသားမျိုးနွယ်ကမှ မဟုတ်တော့တာ... ဒါကြောင့် သူတို့က ဒေသငါးခုက လူသားမျိုးနွယ်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဂရုမစိုက်တာ သဘာဝကျတာပဲလေ... ဒီရှန်းဟိုင်းအဖွဲ့က ဧကရာဇ်တစ်ပိုင်းတွေကတော့ တာအိုကို သက်သေပြပြီးသွားရင် ငါတို့ လူသားမျိုးနွယ်ရဲ့ မဟာဧကရာဇ်တွေ ဖြစ်လာမှာ... နှစ်ခုကြားမှာ ယှဉ်စရာအကြောင်းကို မရှိတာပါ! "
" ဒါနဲ့ စကားမစပ် အဲဒီ အထက်ကောင်းကင် တားမြစ်နယ်မြေဆီက သတင်းမကြားရတာ တော်တော်ကြာသွားပြီနော် "
" အထက်ကောင်းကင်ဘုံ... အချိန်အကြာကြီး ခမ်းနားကြီးကျယ်ခဲ့ပြီးပြီပဲ... အခု ဇာတ်သိမ်းရမယ့်အချိန် ရောက်ပြီပေါ့! "
" ဟုတ်တယ်... အထက်ကောင်းကင်ဘုံရဲ့ ခေတ်က ကုန်ဆုံးတော့မှာ... ရှန်းဟိုင်းအဖွဲ့က ဒေသငါးခုက လူသားမျိုးနွယ်ကို ပြန်လည်ကြီးစိုးနိုင်အောင် ဦးဆောင်ပေးလိမ့်မယ်! "
မရေမတွက်နိုင်သော လူများမှာ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေကြ၏။ သူတို့သည် ရှန်းဟိုင်းအဖွဲ့က အထွတ်အထိပ်နေရာမှ အုပ်စိုးကာ လူသားမျိုးနွယ်ကို အဆုံးမဲ့ကမ္ဘာရှိ အမြင့်မားဆုံးအဆင့်အတန်းသို့ ပြန်လည်ရောက်ရှိရန် ဦးဆောင်နေသည်ကို ကြိုတင်မြင်ယောင်နေကြပုံ ရလေသည်။
နှစ်ထောင်ပေါင်းများစွာ ရှင်သန်ခဲ့၍ ကုမိသားစု ကြီးထွားလာမှု အားလုံးကို ကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့ကြသော လူအိုကြီးအချို့နှင့် အသက်ရှင်လျက်ရှိသော သက်ရှိရုပ်ကြွင်း အနည်းငယ်ကသာ ယခုအခါတွင် စိုးရိမ်ပူပန်မှု အမူအရာများ ရှိနေကြ၏။ သူတို့သည် ထိုလူငယ်များကဲ့သို့ စိတ်လှုပ်ရှားနေခြင်း မရှိကြချေ။
နှစ်ထောင်ပေါင်းများစွာဟူသော အချိန်သည် အဆုံးမဲ့ဒေသငါးခုရှိ လူသားမျိုးနွယ် သက်ရှိအများစုအတွက် မရေမတွက်နိုင်သော မျိုးဆက်ပြောင်းလဲမှုများကို ဖြတ်သန်းရန် လုံလောက်ခဲ့ပေသည်။
ထို့အပြင် ဧကရာဇ်မျိုးနွယ်စုများ ပျက်စီးသွားပြီးကတည်းက ကုမိသားစုသည် ငြိမ်သက်စွာ နေထိုင်ခဲ့၏။ ကုချန်ကိုယ်တိုင်ပင် ဤသက်ရှိများ၏ရှေ့မှောက်တွင် မည်သည့်အခါမျှ ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။
ထို့ကြောင့် နောက်ပိုင်းမှ မွေးဖွားလာသော သက်ရှိများသည် ကုချန်၏ ကောင်းကင်ဘုံအရှင်သခင် ဟူသော ဘွဲ့အမည်မှာ ဤဒေသငါးခုတွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို မသိရှိခဲ့ကြချေ။
အထက်ကောင်းကင်ဘုံနှင့် ပတ်သက်၍ သူတို့ နားလည်ထားသည်မှာ ရှေးဟောင်းကျမ်းစာများမှ ရရှိထားသော အပိုင်းအစများမျှသာ ဖြစ်သည်။ ယခုအခါ ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်း ဆယ်ပါးနီးပါး တစ်ပြိုင်နက်တည်း တာအိုကို သက်သေပြ၍ ဧကရာဇ်များ ဖြစ်လာတော့မည့် တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက်နှင့် မည်သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။
ဤသက်ရှိများ၏ စိတ်နှလုံးထဲတွင် အထက်ကောင်းကင်ဘုံသည် အဆုံးမဲ့ကမ္ဘာ၏ သမိုင်းရှိ အခြားသော တားမြစ်နယ်မြေများနှင့် ဆင်တူသော နေရာတစ်ခုအဖြစ် ခွဲခြားသတ်မှတ်ခံခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
တားမြစ်နယ်မြေများသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော်လည်း အတိတ်ကာလက လူသားမျိုးနွယ် မဟာဧကရာဇ်များ ပေါ်ထွက်လာ၍ တားမြစ်နယ်မြေများကို ဖိနှိပ်ခဲ့သည့် သာဓကများ ရှိခဲ့ဖူးလေသည်။
ထို့အပြင် ယခုအခါ တာအိုကို သက်သေပြတော့မည့် လူသားမျိုးနွယ် မဟာဧကရာဇ် ဆယ်ပါးနီးပါးပင် ရှိနေလေပြီ။
ဤမျှ များပြားသော လူသားမျိုးနွယ် မဟာဧကရာဇ်များနှင့်ဆိုလျှင် အထက်ကောင်းကင် တားမြစ်နယ်မြေကို မဖိနှိပ်နိုင်မည်ကို သူတို့ စိုးရိမ်နေရဦးမည်လော။
သို့သော် အထက်ကောင်းကင်ဘုံမှာ အမှန်တကယ် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိထားကြသော ထိုလူအိုကြီးများမှာ မည်သို့ပင်ဆိုစေ လူနည်းစုမျှသာဖြစ်ကာ သန်းတစ်ရာတွင် တစ်ယောက်ပင် မရှိချေ။
ထို့ကြောင့် ရံဖန်ရံခါ သတိပေးစကားများ ထွက်ပေါ်လာသော်ငြား ထိုသတိပေးသံသည် ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံသံများ၏ လှိုင်းလုံးများကြားတွင်သာ လျင်မြန်စွာ နစ်မြုပ်ပျောက်ကွယ်သွားလေ၏။
" ဝုန်း-ဒိုင်း! "
ဤအဆုံးမဲ့ အောင်ပွဲခံသံများကြားတွင်.....
ပြင်ပကြယ်တာရာ ကောင်းကင်ယံ၌ ရှန်းဟိုင်းအဖွဲ့၏ ဧကရာဇ်တစ်ပိုင်း ကိုးပါးသည် စကြာဝဠာ ကြယ်တာရာ ကောင်းကင်ယံ၏ သီးခြားနယ်မြေတစ်ခုစီကို ကိုယ်စီ နေရာယူထားကြလေသည်။
သူတို့တစ်ဦးချင်းစီ၏ ခေါင်းထက်တွင် ဧကရာဇ်ဖြစ်တည်ခြင်း ကပ်ဘေးများ အုံကြွဖြစ်တည်နေလေသည်။
ပေရာပေါင်းများစွာ ထူထဲသော ကြောက်မက်ဖွယ် လျှပ်စီးတန်းများ တစ်ခုပြီးတစ်ခု ကျဆင်းလာသည်နှင့် ရှန်းဟိုင်းအဖွဲ့၏ ဧကရာဇ်တစ်ပိုင်း အသီးသီးသည် သူတို့၏ ဧကရာဇ်ဖြစ်တည်ခြင်း ကပ်ဘေးကို တရားဝင် စတင် ရင်ဆိုင်ကြလေတော့သည်။