အခန်း (၄၀၃-၄၀၄)
Vol. 29 Ch. 403-404
အခန်း ( ၄၀၃ ) - ကောင်းကင်နှလုံးသား၏ ကန့်သတ်ချက်၊ တိတ်တဆိတ် ပစ်မှတ်ထားခံရခြင်းနှင့် ဖီးနစ်ဧကရာဇ်၏ အစီအစဉ်
လူတစ်ယောက် ဧကရာဇ်ဖြစ်လာရန် ကပ်ဘေးကို ဖြတ်ကျော်လျှင်ပင် အဆုံးမဲ့ကမ္ဘာတစ်ခုလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်ဆိုပါက ဧကရာဇ်တစ်ပိုင်း ကိုးပါး တစ်ပြိုင်နက်တည်း ဧကရာဇ်ဖြစ်တည်ခြင်း ကပ်ဘေးကို ဖြတ်ကျော်နေသည်ဆိုလျှင် ဆိုဖွယ်ရာ ရှိပါဦးမည်လော။
မျက်တောင်တစ်ခတ်အတွင်း အဆုံးမဲ့ ဒေသငါးခုရှိ သက်ရှိအားလုံး၏ အကြည့်များသည် ပြင်ပဒေသများဆီသို့ ရောက်ရှိသွားကြ၍ စကြာဝဠာ ကပ်ဘေးကြီးတစ်ခုနှင့် တူသော မြင်ကွင်းကို ကြည့်ကာ တစ်ဦးချင်းစီတိုင်းမှာ ထိတ်လန့်အံ့အားသင့်စွာဖြင့် မယုံကြည်နိုင်အောင် ရေရွတ်နေကြလေသည်။
ဤအခိုက်အတန့်တွင် အထက်ကောင်းကင် တားမြစ်နယ်မြေအတွင်း၌.....
ကုချင်းရွဲ့၊ ယဲ့ယင်းယင်းနှင့် အခြားသူများသည်လည်း ဧကရာဇ်များဖြစ်လာရန် ကပ်ဘေးကို ဖြတ်ကျော်နေကြသော ဧကရာဇ်တစ်ပိုင်း ကိုးပါးကို မော့ကြည့်နေကြသော်လည်း သူတို့၏ မျက်လုံးများထဲတွင် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်များ ရှိနေလေသည်။
" ဧကရာဇ်တစ်ပိုင်း ကိုးပါးတောင်... သူတို့တွေ ဘယ်ကနေ ရောက်လာကြတာလဲ "
ကုချင်းရွဲ့သည် မျက်မှောင်အနည်းငယ် ကျုံ့လိုက်၏။ သူ အဆုံးမဲ့တိုက်ကြီးတွင် စွန့်စားခရီးသွားလာစဉ်က ရှန်းဟိုင်းအဖွဲ့ ဟူသော နာမည်ကို ရံဖန်ရံခါ ကြားဖူးခဲ့သော်လည်း ၎င်း၏ 'အခြေခံအုတ်မြစ်' မှာ ဤမျှ နက်ရှိုင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ဧကရာဇ်တစ်ပိုင်း ကိုးပါးတဲ့လား။
လက်ရှိ ကုမိသားစုတွင်ပင် ထိုမျှများပြားသော အရေအတွက် မရှိခဲ့ချေ။
သေချာသည်မှာ ဤဧကရာဇ်တစ်ပိုင်း ကိုးပါးနှင့် နှိုင်းယှဉ်ပါက ကုချင်းရွဲ့အား ပို၍ အံ့အားသင့်စေခဲ့သည်မှာ ရှန်းဟိုင်းအဖွဲ့၏ ဧကရာဇ်တစ်ပိုင်း ကိုးပါးစလုံး တစ်ပြိုင်နက်တည်း ဧကရာဇ်များဖြစ်လာရန် ကပ်ဘေးကို ဖြတ်ကျော်နေကြခြင်းပင် ဖြစ်လေသည်။
အကယ်၍ သူတို့သာ အောင်မြင်သွားပါက ရှန်းဟိုင်းအဖွဲ့တွင် ချက်ချင်းပင် ဧကရာဇ် ကိုးပါး ရှိသွားမည်ဟု ဆိုလိုသည် မဟုတ်ပါလော။
သူတို့တွင် အမှန်တကယ်ပင် ဧကရာဇ် ကိုးပါး ရှိလာခဲ့လျှင်လည်း အထက်ကောင်းကင်အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ ဖြစ်လာမည်မဟုတ်သော်လည်း ဧကရာဇ်တစ်ပိုင်း ကိုးပါး တစ်ပြိုင်နက်တည်း တာအိုကို ရယူလိုသော မြင်ကွင်းက အံ့အားသင့်မှုကို ဖြစ်ပေါ်စေဆဲပင်။
" အဆုံးမဲ့ကမ္ဘာက ကျယ်ပြောလှတယ်... အဆုံးမဲ့တိုက်ကြီးလောက်ပဲ ရှိတာမဟုတ်ဘူးလေ... ဒီစကြာဝဠာထဲကနေ ဧကရာဇ်တစ်ပိုင်း နည်းနည်းလောက် ရှာဖွေဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး.....
ခုနက လူကိုးယောက်ထဲက တချို့ဆိုရင် သန်စွမ်းတဲ့ ချီနဲ့ သွေးတွေ မရှိတော့ဘူးဆိုတာ ငါ မြင်လိုက်တယ်... အချိန်အတော်ကြာ အသက်ရှင်ခဲ့ပြီးပြီဆိုတာ သိသာတယ်.....
ဘယ်သူသိမှာလဲ... ဒီလူကိုးယောက်ကို ရှန်းဟိုင်းအဖွဲ့က စကြာဝဠာရဲ့ နေရာအနှံ့အပြားကနေ ရှာဖွေခေါ်ဆောင်လာတာလည်း ဖြစ်နိုင်တာပဲ "
ယဲ့ယင်းယင်းမှ ခပ်အေးအေးပင် ဆိုလေသည်။
" စီနီယာအစ်မ ယင်းယင်းနဲ့ အစ်မ ချင်းရွဲ့တို့က တာအိုကို အရင်ဆုံးရယူပြီး ဧကရာဇ်တွေ ဖြစ်လာကြမယ်လို့ ကျွန်မ ထင်ထားခဲ့တာ... ရုတ်တရက် ပေါ်လာတဲ့ ဒီ ရှန်းဟိုင်းအဖွဲ့က ဧကရာဇ်တစ်ပိုင်းတွေက အရင်ဦးသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး "
ဖူဝမ်သည် လျှာလေးထုတ်ကာ ပြောလိုက်၏။
" ဒီကိစ္စက အဲဒီလောက် မရိုးရှင်းဘူး "
ကုဝူရှန့်၏ပုံရိပ်သည် အမျိုးသမီးများ၏ဘေးတွင် ပေါ်ထွက်လာခဲ့၏။ သူသည်လည်း စကြာဝဠာတစ်ခွင် ပျံ့နှံ့နေသော လျှပ်စီးကပ်ဘေး မြင်ကွင်းကို မော့ကြည့်နေ၏။ ထိုသို့ကြည့်နေသော သူ၏မျက်လုံးများတွင် လေးနက်မှု အရိပ်အယောင်များ ပါဝင်နေလေသည်။
" တာအိုကို ရယူလိုသူတိုင်းက... အဆုံးမဲ့ကမ္ဘာရဲ့ ကောင်းကင်နှလုံးသားနဲ့ ပေါင်းစည်းပြီး သူ့ရဲ့ အသိအမှတ်ပြုမှုကို ရယူဖို့ လိုအပ်တယ်... ပြီးတော့ အဆုံးမဲ့ကမ္ဘာ လက်ခံနိုင်တဲ့ ဧကရာဇ်အရေအတွက်က ကန့်သတ်ချက် ရှိတယ်.....
ခေတ်တစ်ခေတ်တည်းမှာ ဧကရာဇ်အဆင့် ကျင့်ကြံသူတွေ အရမ်းများနေရင်... နောက်ပိုင်း တာအိုကို ရယူချင်သူတွေအနေနဲ့ အဆုံးမဲ့ကမ္ဘာက ဟွမ်သွမ့်ပင်လယ်ဆီကနေ လုံလောက်တဲ့ စွမ်းအားတွေကို စုပ်ယူပြီး... ကောင်းကင်နှလုံးသား ပြန်လည်သက်သာလာတဲ့အထိ အချိန်အကြာကြီး စောင့်ဆိုင်းရလိမ့်မယ်... အဲဒီလိုမှသာ သူတို့က တာအိုကို ပြန်လည်ရယူနိုင်မှာ
ဒီအချိန်က နှစ်ထောင်ပေါင်းများစွာ မဟုတ်ရင် နှစ်သောင်းပေါင်းများစွာတောင် ကြာနိုင်တယ်
တကယ်လို့ ဒီလူကိုးယောက်စလုံး တာအိုကို အောင်အောင်မြင်မြင် ရယူပြီး ဧကရာဇ်တွေ ဖြစ်သွားခဲ့ရင်... အဆုံးမဲ့ကမ္ဘာ ကောင်းကင်နှလုံးသားရဲ့ စွမ်းအားတွေ ယာယီ ကုန်ခန်းသွားပြီး... သူလက်ခံနိုင်တဲ့ ဧကရာဇ်အဆင့် ကျင့်ကြံသူ အရေအတွက်ကလည ကန့်သတ်ချက်ကို ရောက်သွားလိမ့်မယ်လို့ ငါ ခပ်ရေးရေး ခံစားနေရတယ်.....
အဲဒီအခါကျရင် မင်းတို့တွေ တာအိုကို ရယူဖို့ ခက်ခဲသွားလိမ့်မယ်! "
ကုဝူရှန့်သည် မည်သို့ပင်ဆိုစေ ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုဖြစ်ရာ သူသိထားသော သတင်းအချက်အလက်များမှာ ကုချင်းရွဲ့နှင့် ယဲ့ယင်းယင်းတို့ကဲ့သို့ ဧကရာဇ်တစ်ပိုင်းများထက် များစွာ ပိုမိုကျယ်ပြန့်လေသည်။
ကုဝူရှန့်၏ရှင်းပြချက်ကို ကြားပြီးနောက် အမျိုးသမီးများ၏ မျက်နှာအမူအရာများမှာ အမှန်တကယ်ပင် ပြောင်းလဲသွားခဲ့သည်။
" ဒါဆို ကျွန်မတို့လည်း အခုချက်ချင်း အဆင့်တက်ဖို့ လိုနေပြီလား "
ကုချင်းရွဲ့သည် မမေးမြန်းဘဲ မနေနိုင်တော့ချေ။
သူနှင့် ယဲ့ယင်းယင်းတို့သည် ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ရပ်တည်နေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်၍ ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် ကြိုးစားနိုင်နေပြီ ဖြစ်သည်။
သို့သော် သူတို့ ထိုသို့မလုပ်ရခြင်း၏ အကြောင်းရင်းမှာ အမျိုးသမီးနှစ်ဦးစလုံးသည် အဆင့်တက်လှမ်းခြင်း မပြုမီ အဆင့်တိုင်းကို အခိုင်မာဆုံးနှင့် အပြီးပြည့်စုံဆုံး အနေအထားသို့ ရောက်အောင် ကျင့်ကြံလိုသောကြောင့်ပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့၏အမြင်သည် ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် သက်သက်မျှသာ မဟုတ်ပေ။ ဧကရာဇ်အဆင့်အလွန်ရှိ အဆင့်များသည် အထက်ကောင်းကင်တွင် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။
အဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်အဆင့်ဟု ခေါ်ဆိုသောအရာသည် တကယ်တမ်းတွင် အရှင်အဆင့်မျှသာဖြစ်၏။ အရှင်အဆင့်ပြီးနောက် ထျန်းကျွင်းအဆင့် ရှိနေပေသေးသည်။
ထျန်းကျွင်းအဆင့်ပြီးနောက်တွင် လုံလောက်သော ပါရမီနှင့် အရည်အချင်းရှိသူများသာ ဘိုးဘေးကဲ့သို့ ဧကရာဇ်များ ဖြစ်လာနိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူတို့သည် အင်မော်တယ်တက်လှမ်းခြင်းကို ရွေးချယ်ကြရမည်ဖြစ်သည်။
ကုချန်၏ ထူးချွန်ပြောင်မြောက်မှုကို စံနမူနာထား၍ ယဲ့ယင်းယင်း၊ ကုချင်းရွဲ့နှင့် အခြားသူများထဲတွင် မည်သူက ထိုဒဏ္ဍာရီလာ ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် မမျှော်လင့်ဘဲ နေမည်နည်း။
စစ်မှန်သော ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာလိုပါက ယခင်က တက်လှမ်းခဲ့သော အဆင့်တိုင်းသည် အပြစ်အနာအဆာကင်းစွာ ပြီးပြည့်စုံနေရမည် ဖြစ်သည်။
ဤသည်မှာ ယဲ့ယင်းယင်းနှင့် ကုချင်းရွဲ့တို့ အစောကြီးကတည်းက အဆင့်တက်လှမ်းနိုင်ခဲ့သော်လည်း ထိုသို့မပြုလုပ်ခဲ့ခြင်း၏ အကြောင်းရင်းပင် ဖြစ်လေသည်။
သို့သော် ယခုအခါ ထိုဧကရာဇ်တစ်ပိုင်း ကိုးပါးကို တာအိုရယူခွင့် ပြုလိုက်ပါက အမျိုးသမီးနှစ်ဦး၏ လမ်းကြောင်းကို ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်သွားမည်ဟု ကုဝူရှန့်မှ ဆိုလေသည်။ ဤအရာကို သူတို့ မည်သို့ လက်ခံနိုင်မည်နည်း။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် နှစ်ထောင်ပေါင်း၊ နှစ်သောင်းပေါင်းများစွာ ကြာပြီးနောက်တွင် တာအိုကို ပြန်လည်ရယူနိုင်သည်မှာ မှန်သော်လည်း.....
ထိုမျှကြာအောင် သူတို့ မစောင့်ဆိုင်းနိုင်ချေ။
ကျင့်ကြံခြင်းလမ်းစဉ်တွင် ခြေတစ်လှမ်း နောက်ကျပါက ခြေလှမ်းတိုင်း နောက်ကျသွားမည် ဖြစ်သည်။
ဧကရာဇ်တစ်ပိုင်းအဆင့်တွင် နှစ်တစ်သောင်းနီးပါး အချိန်ဖြုန်းနေရခြင်းမှာ ယဲ့ယင်းယင်းနှင့် ကုချင်းရွဲ့တို့ လုံးဝ လက်မခံနိုင်သော ကိစ္စပင် ဖြစ်လေသည်။
ထို့အပြင် သူတို့အပြင် ဖူဝမ်လည်း ရှိနေသေးသည်။
ဖူဝမ်သည် မကြာသေးမီကမှ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းခဲ့သော်လည်း သူ၏ ပါရမီနှင့် အထက်ကောင်းကင်မှ ထောက်ပံ့ပေးထားသော ကျင့်ကြံခြင်း အရင်းအမြစ်များအရ အနာဂတ်တွင် သူသည် ဧကရာဇ်အဆင့်သို့ တက်လှမ်းရန်မှာ နှစ်တစ်ထောင်ပင် ကြာမည်မဟုတ်ပေ။
ထိုအခါ လူတိုင်း ဧကရာဇ်တစ်ပိုင်းအဆင့်တွင် တစ်ဆို့နေ၍ အဆင့်မတက်နိုင်ဖြစ်နေပါက ရယ်စရာတစ်ခု ဖြစ်မသွားပေဘူးလော။
" ရှန်းဟိုင်းအဖွဲ့... သူတို့က ငါတို့ အထက်ကောင်းကင်ဘုံကို တမင်သက်သက် ပစ်မှတ်ထားနေကြတာလား "
ကုဝူရှန့်၏ မျက်မှောင်များမှာ တင်းကြပ်စွာ ကျုံ့သွား၏။ ဤကိစ္စသည် မရိုးရှင်းဟု သူ ခံစားနေရသည်။
ပထမအချက်မှာ ရှန်းဟိုင်းအဖွဲ့သည် ရုတ်တရက် ဧကရာဇ်တစ်ပိုင်း ကိုးပါးကို ထုတ်ဖော်လာခြင်း ဖြစ်သည်။
ထို့နောက် ယဲ့ယင်းယင်းနှင့် ကုချင်းရွဲ့တို့ တာအိုကို ရယူတော့မည့်အချိန်လေးတွင် ဘယ်ဆီကပေါ်လာမှန်းမသိသော ဤဧကရာဇ်တစ်ပိုင်း ကိုးပါးသည် ရုတ်တရက် တစ်ပြိုင်နက်တည်း အဆင့်တက်လာကြ၏။ ဤအနေအထားမှာ ယဲ့ယင်းယင်းတို့ တာအိုရယူမည့် လမ်းကြောင်းကို တမင်တကာ ပိတ်ဆို့နေသကဲ့သို့ပင် ဖြစ်လေသည်။
ရှန်းဟိုင်းအဖွဲ့၏ နောက်ကွယ်မှလူသည် သူတို့ကို တမင်တကာ ပစ်မှတ်ထားကာ အထက်ကောင်းကင်ဘုံမှ ဧကရာဇ်တစ်ပိုင်းများ၏ လမ်းကြောင်းကို ပိတ်ဆို့ရန်အတွက် ဤဧကရာဇ်တစ်ပိုင်း ကိုးပါးအား တာအိုရယူနိုင်အောင် တမင်တကာ ပြုစုပျိုးထောင်ပေးခဲ့ခြင်းများလော။
ကုဝူရှန့်သည် တိတ်တဆိတ် တွေးတောနေလေသည်။
ဤအဆုံးမဲ့ကမ္ဘာတွင် ဧကရာဇ်တစ်ပိုင်း ကိုးပါး ရုတ်တရက် ပေါ်ထွက်လာ၍ ကိုးပါးစလုံး တာအိုကို ရယူနိုင်လိမ့်မည်ဟု သူ မယုံကြည်ချေ။
ရှန်းဟိုင်းအဖွဲ့၏ နောက်ကွယ်မှလူသာ ကိစ္စရပ်များကို တွန်းအားပေးနေခြင်း မဟုတ်ပါက သူ လုံးဝ ယုံကြည်မည်မဟုတ်ပေ။
ထို့အပြင် အစောပိုင်းက သူ၏ တွက်ချက်မှုအတွင်း ဟွမ်ကျိုအာ ပြောခဲ့သော ရှန်းဟိုင်းအဖွဲ့သည် အင်မော်တယ်နယ်မြေ နောက်ခံရှိပုံရသည်ဟူသော အချက်နှင့် ပေါင်းစပ်လိုက်ပါက ဤသည်က ကုဝူရှန့်အား ပို၍ပင် စိုးရိမ်မကင်း ဖြစ်စေခဲ့သည်။
အင်မော်တယ်နယ်မြေမှ အင်အားစုတစ်ခုမှ ယခုလို ကုမိသားစုကို တမင်သက်သက် ပစ်မှတ်ထားနေသည်တဲ့လော။
၎င်းမှာ အဓိပ္ပာယ်မရှိလွန်းလှချေ။
" ဘာပဲဖြစ်ဖြစ် ဒီလူကိုးယောက်ကို တာအိုရယူခွင့် ပေးလို့မဖြစ်ဘူး "
မည်သည့်အချိန်ကတည်းကမှန်း မသိရဘဲ ဖီးနစ်ဧကရာဇ်နှင့် ရှေးဟောင်းဧကရာဇ် ကျန်းထျန်းတို့၏ ပုံရိပ်များသည်လည်း လူတိုင်း၏ဘေးတွင် တိတ်တဆိတ် ပေါ်ထွက်လာခဲ့သည်။
စကြာဝဠာ ကြယ်တာရာ ကောင်းကင်ယံရှိ တာအိုရယူနေသော မြင်ကွင်းကို ကြည့်ကာ ဖီးနစ်ဧကရာဇ်သည် ကုဝူရှန့်အား တီးတိုး ဆိုလေသည်။
" မင်းမှာ စိုးရိမ်စရာတွေ ရှိနေတယ်ဆိုရင် ငါနဲ့ ကျန်းထျန်း လှုပ်ရှားလို့ရတယ်... ဒီဧကရာဇ်တစ်ပိုင်း ကိုးပါး တာအိုမရအောင် တားဆီးတာက လွယ်ကူတဲ့ကိစ္စလေးပါ "
ဖီးနစ်ဧကရာဇ်၏ အမြင်အရ ယခု အကောင်းဆုံးရွေးချယ်မှုမှာ ကုချင်းရွဲ့နှင့် အခြားသူများ၏ လမ်းကြောင်းကို ဖြတ်တောက်ခြင်း မခံရစေရန် ဤဧကရာဇ်တစ်ပိုင်း ကိုးပါး တာအိုရယူမည့်အရေးကို တားဆီးရန်ပင် ဖြစ်လေသည်။
ကုဝူရှန့် လှုပ်ရှားရန် တုံ့ဆိုင်းနေခြင်းမှာ အခြားသူများ၏ တာအိုလမ်းကြောင်းကို ပိတ်ဆို့သည်ဟူသော နာမည်ဆိုးကို မခံယူလိုသောကြောင့် ဖြစ်နိုင်ပေသည်။
သို့သော် သူနှင့် ကျန်းထျန်းတို့သည် သခင့်၏ ကျွန်များဖြစ်ကြသဖြင့် ထိုသို့သောအရာများကို ဂရုစိုက်မည် မဟုတ်ချေ။
ထို့အပြင် ဤသည်မှာ ကုမိသားစု၏ အနာဂတ် ခေါင်းဆောင်ရှေ့တွင် မျက်နှာရရန် အခွင့်ကောင်းတစ်ခု မဟုတ်ပါလော။
ဖီးနစ်ဧကရာဇ်သည် ၎င်းကို ရှင်းလင်းစွာ မြင်တွေ့ထားပေသည်။
သခင်သည် လောကီရေးရာကိစ္စများကို ဂရုမစိုက်ချေ။ လက်ရှိ ကုမိသားစု၏ ခေါင်းဆောင်မှာ ကုဝူရှန့် ဖြစ်သော်လည်း အနာဂတ်တွင် သေချာပေါက် ကုချင်းရွဲ့၏လက်ထဲသို့ ကျရောက်မည်ဖြစ်သည်။
ယခုအခါ ကုချင်းရွဲ့သည် ဧကရာဇ်တစ်ပိုင်းမျှသာ ဖြစ်သော်လည်း အနာဂတ်တွင် ထိုမိန်းကလေးသည် သူ့ထက် ပိုမို အစွမ်းထက်လာမည်မှာ ကြိုတင်ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခုကဲ့သို့ ဖြစ်ပေသည်။
ဤအနာဂတ် ကုမိသားစု ခေါင်းဆောင်အတွက် မျက်နှာလုပ်ပေးရန် ဤအခွင့်အရေးကို သူ အသုံးချနိုင်မည်ဆိုပါက အဘယ်ကြောင့် မလုပ်ရဲဘဲ နေမည်နည်း။
အခန်း ( ၄၀၄ ) - စောင့်ကြည့်ခြင်း၊ အတွေးတစ်ချက်ဖြင့် ဖြတ်တောက်ခြင်းနှင့် အင်မော်တယ်မျိုးစေ့ ပန်းအိုးများ
ထို့အပြင် ဤသည်မှာ ကုချင်းရွဲ့အား မျက်နှာလုပ်ပေးရုံသက်သက် မဟုတ်ချေ။
အကယ်၍ သူသည် ဤဧကရာဇ်တစ်ပိုင်း ကိုးပါး တာအိုရယူမည့်အရေးကို တားဆီးနိုင်ခဲ့ပါက ယဲ့ယင်းယင်းနှင့် ဖူဝမ်တို့ကိုလည်း သွယ်ဝိုက်သောနည်းဖြင့် ကူညီပေးရာ ရောက်မည်ဖြစ်သည်။
သူတို့နှစ်ဦးစလုံးသည် သခင့်၏ ကိုယ်ပိုင်တပည့်များ ဖြစ်ကြလေသည်။
ဤကိစ္စကို သခင်သာ နောက်ပိုင်းတွင် သိရှိသွားပါက သူ့အား သေချာပေါက် များစွာ ချီးကျူးမည် မဟုတ်ပါလော။
ဤအပေးအယူမှာ သေချာပေါက် အမြတ်ထွက်မည့် ကိစ္စပင် ဖြစ်လေသည်။
ကုဝူရှန့်သာ စကားမဟသေးပါက ဖီးနစ်ဧကရာဇ်သည် ဝင်ရောက်စွက်ဖက်ပြီးဖြစ်နေလောက်ပေပြီ။
အခွင့်အရေးများဆိုသည်မှာ ကြိုးစားရယူရခြင်းဖြစ်ရာ ဖီးနစ်ဧကရာဇ်သည် ဤမျှကောင်းမွန်သော အခွင့်အရေးကို လက်လွတ်မခံလိုချေ။
သို့သော် ကုဝူရှန့် အနည်းငယ် တုံ့ဆိုင်းနေစဉ်မှာပင်.....
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ ရှင်းလင်းပြတ်သား၍ အေးစက်သောအသံမှာ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။
" စိုးရိမ်စရာ မလိုပါဘူး... သူတို့ တာအိုကို ရယူချင်တယ်ဆိုရင်လည်း ရယူပါစေ "
" ဆရာသခင် "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့ ရောက်ရှိလာသည်ကို မြင်သောအခါ ကုချင်းရွဲ့သည် အလျင်အမြန် အရိုအသေပေးလိုက်၏။
အခြားသူများကလည်း သူ့အား လေးစားစွာ နှုတ်ဆက်ကြလေသည်။
လက်ရှိ ကုမိသားစုတွင် ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် ကုချင်းရွဲ့၏ ဆရာဖြစ်သည့်အပြင် တစ်ချိန်က စစ်မှန်သော အင်မော်တယ် စွမ်းအားကြောင့်ပါ အဆင့်အတန်း အလွန်တရာ မြင့်မားထူးကဲလှပေသည်။
" ဆရာသခင်... သူတို့ကို ဂရုစိုက်စရာမလိုဘူးလို့ ပြောတာလား... ခုနက ဘိုးဘေးပြောခဲ့တဲ့ စကားက မှားနေလို့လား "
ကုချင်းရွဲ့သည် ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ ဘေးသို့ လျှောက်လာကာ ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။
" သေချာပေါက် မမှားပါဘူး "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် ခေါင်းယမ်းလိုက်ကာ.....
" နင့်ရဲ့ ဘိုးဘေးပြောတာ မှန်ပါတယ်... ဒီလောကရဲ့ ကောင်းကင်တာအိုက တာအိုရယူပြီး အရှင်အဆင့်တက်လှမ်းတာကို အကန့်အသတ်နဲ့ပဲ လက်ခံနိုင်တာ... ဒီကိုးယောက် တာအိုကို ရယူသွားတာနဲ့ တစ်ပြိုင်နက် ကောင်းကင်တာအိုက နောက်ထပ် တာအိုရယူမယ့်သူတွေကို အချိန်အတိုင်းအတာတစ်ခုအထိ ခွင့်ပြုပေးနိုင်မှာ မဟုတ်ဘူး "
" အာ... ဒါဆိုရင်..... "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ စကားကို ကြားသောအခါ ကုချင်းရွဲ့မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။
ဘိုးဘေးပြောသည်မှာ မမှားပါက ဆရာသည် အဘယ်ကြောင့် စောင့်ကြည့်ရန် ရွေးချယ်ခဲ့သနည်း။
" နင့်ရဲ့ ဘိုးဘေးပြောတာ အမှန်ပဲ... ဒါပေမယ့် အဲဒီကိုးယောက်က တာအိုကို အောင်အောင်မြင်မြင် ရယူနိုင်မယ်လို့ ဘယ်သူပြောလို့လဲ "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် ခပ်အေးအေးပင် ဆိုလေ၏။
" ဟင်? "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ စကားကို ကြားသောအခါ ကုချင်းရွဲ့မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရပြန်သည်။
ဤလူကိုးယောက် တာအိုကို အောင်မြင်စွာ မရယူနိုင်သည်ကို သူ၏ဆရာမှာ ကြိုမြင်နေခြင်းလော။
" ဒီကိုးယောက် တာအိုကို အောင်အောင်မြင်မြင် ရယူနိုင်မလား... မရယူနိုင်ဘူးလားဆိုတာက နင်တို့ ငါတို့ ပြောရမယ့်ကိစ္စ မဟုတ်သလို... အဲဒီကိုးယောက် ပြောရမယ့်ကိစ္စလည်း မဟုတ်ဘူး "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် အေးဆေးတည်ငြိမ်စွာပင် ဆက်၍ ပြောဆို၏။
" နင်တို့ ကုမိသားစုရဲ့ ဘိုးဘေးသာ သဘောမတူရင် အဲဒီကိုးယောက် အရှင်တွေအဖြစ် တာအိုရယူချင်တယ်ဆိုတာ လူမိုက်တွေ မက်တဲ့ အိပ်မက်တစ်ခု သက်သက်ပဲ "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် တစ်ချိန်က စစ်မှန်သော အင်မော်တယ်တစ်ပါး ဖြစ်ခဲ့ဖူးသောကြောင့် စစ်မှန်သော အင်မော်တယ် တည်ရှိမှုတစ်ခုသည် စကြာဝဠာတစ်ခု၏ ကောင်းကင်တာအိုကို ထိန်းချုပ်နိုင်၍ ထိုစကြာဝဠာ၏ စစ်မှန်သော အုပ်စိုးရှင် ဖြစ်လာနိုင်ကြောင်းကို သဘာဝကျကျပင် သိရှိထားလေသည်။
အရှင်အဖြစ် တက်လှမ်းရန် မဆိုထားနှင့် ဤကမ္ဘာရှိ သက်ရှိများ၏ သေခြင်းရှင်ခြင်းကိုပင် သူ့အတွက် အတွေးတစ်ချက်တည်းဖြင့် ဆုံးဖြတ်နိုင်စွမ်း ရှိပေသည်။
မကြာသေးမီကလည်း ဤအဆုံးမဲ့ကမ္ဘာ ကောင်းကင်တာအို၏ လှိုင်းဂယက်များ အထက်ကောင်းကင်ဘုံအတွင်းသို့ ကျဆင်းသွားသည်ကို ကောင်းကင်နတ်သမီး ရှောင်းယွဲ့ အမှတ်မထင် ခံစားမိခဲ့သည်။
ထို့ကြောင့် ဤအဆုံးမဲ့ကမ္ဘာ၏ ကောင်းကင်တာအိုကို ယခုအခါ ချင်းရွဲ့၏ ဘိုးဘေးမှ ထိန်းချုပ်ထားပြီးဖြစ်လောက်မည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိချေ။
အရှင်အဖြစ် တက်လှမ်းခြင်းဆိုသည်မှာ မိမိ၏တာအိုကို ကောင်းကင်တာအိုနှင့် ပေါင်းစည်းစေ၍ ဤကမ္ဘာ၏ အဆုံးမဲ့တာအိုများထံ အပ်နှံရုံသာဖြစ်ကာ ဤကမ္ဘာ၏ ကောင်းကင်တာအိုအပေါ် လွှမ်းမိုးနိုင်စွမ်း မရှိချေ။
အင်မော်တယ်အဖြစ် တက်လှမ်းခြင်းဖြင့်သာလျှင် ဤကမ္ဘာ၏ ကောင်းကင်တာအိုကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ဤအခြေအနေအရ ထိုအရှင်ကိုးပါး အင်မော်တယ်တက်လှမ်းနိုင်မည် မနိုင်မည်ကို သူတို့မှ ဆုံးဖြတ်၍မရနိုင်ဘဲ ကုချန်၏ ခေါင်းညိတ်ခွင့်ပြုမှု လိုအပ်ပေသည်။
အကယ်၍ ကုချန်သာ ခွင့်မပြုပါက သူတို့တွင် အရှင်များအဖြစ် တာအိုရယူရန် စွမ်းအားများ အမှန်တကယ် ရှိနေလျှင်ပင် ဤအဆုံးမဲ့ကမ္ဘာ၏ ပြင်ပ၌ တာအိုကို ရယူခြင်းမဟုတ်လျှင် သူတို့သည် တက်လှမ်းခြင်းကို အောင်မြင်နိုင်မည် မဟုတ်ချေ။
အဆုံးမဲ့ကမ္ဘာ၏ ကောင်းကင်တာအိုကို ကုချန်မှ ထိန်းချုပ်ထားပြီးဖြစ်ရာ ဤကုမိသားစု၏ ဘိုးဘေးသည် သူ၏တပည့်များနှင့် ကုမိသားစု မျိုးဆက်များ၏ တာအိုရယူမည့် လမ်းကြောင်းကို အခြားသူများ လာရောက်ပိတ်ဆို့ခြင်းအား ခွင့်ပြုမည်မဟုတ်ချေ။
ထို့ကြောင့် ရှန်းဟိုင်းအဖွဲ့မှ ထိုဧကရာဇ်တစ်ပိုင်း ကိုးပါး တာအိုရယူမည့် လမ်းကြောင်းမှာ အဆုံးမသတ်သေးသော်လည်း ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် သူတို့၏ရလဒ်ကို ကြိုတင်မြင်ထားပြီး ဖြစ်လေသည်။
လမ်းကြောင်းကို ပိတ်ဆို့ချင်သည်တဲ့လော။
ထိုလမ်းကြောင်းတစ်ခုလုံးမှာ အခြားတစ်ယောက်၏ အပိုင်ဖြစ်နေသည်ကို သူတို့ မသိကြချေ။ အခြားသူတစ်ဦး၏ မျိုးဆက်များ လျှောက်မည့်လမ်းကို ပိတ်ဆို့ချင်သေးသည်ဆိုခြင်းမှာ အစကတည်းက ကျရှုံးရန် သတ်မှတ်ခံထားရသော ပူးပေါင်းကြံစည်မှုတစ်ခုသာ ဖြစ်ပေသည်။
ဘိုးဘေး ခွင့်ပြု မပြုအပေါ် မူတည်တယ်တဲ့လား။
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ စကားကို ကြားသောအခါ ကုချင်းရွဲ့နှင့် အခြားသူများမှာ အထင်အမြင် လွဲမှားသွားကြလေသည်။
ဤလူကိုးယောက် တာအိုရယူခြင်းကို တားဆီးရန် ဘိုးဘေးကိုယ်တိုင် ဝင်ရောက်စွက်ဖက်မည်ဟု ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှ ဆိုလိုခြင်းဖြစ်သည်ဟု သူတို့ ထင်မှတ်လိုက်ကြသည်။
ဤမျှကိစ္စလေးကိုပင် ဘိုးဘေးကိုယ်တိုင် လှုပ်ရှားရန် အမှန်တကယ် လိုအပ်ပါသလော။
ကုဝူရှန့်နှင့် အခြားသူများမှာ မျက်မှောင်အနည်းငယ် ကျုံ့သွားကြ၏။
ဘိုးဘေးသည် တံခါးပိတ်ကျင့်ကြံနေဆဲ ဖြစ်လေသည်။ ဤကိစ္စအတွက် ဘိုးဘေးအား နှောင့်ယှက်၍ ကိုယ်တိုင် လှုပ်ရှားခိုင်းရမည်ဆိုလျှင် သူတို့သည် တကယ့်ကို အသုံးမကျလွန်းရာ ကျနေပေလိမ့်မည်။
" နင်တို့ အလောတကြီး လုပ်စရာမလိုပါဘူး "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် ကုဝူရှန့်နှင့် အခြားသူများ သူ၏ဆိုလိုရင်းကို အထင်လွဲသွားကြောင်း သတိပြုမိဟန်ဖြင့် အလျင်အမြန် ဆိုလေသည်။
" အရှင်သခင်က ဒီကိစ္စအတွက် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာမှာ မဟုတ်သလို... ဒီကိစ္စကြောင့် လှုပ်ရှားမှာလည်း မဟုတ်ဘူး.....
အတွေးတစ်ချက်လေးနဲ့တင် ဒီဧကရာဇ်တစ်ပိုင်းတွေရဲ့ တာအိုလမ်းကြောင်းကို ဖြတ်တောက်ဖို့ လုံလောက်ပါတယ် "
အတွေးတစ်ချက်တည်းနှင့် တာအိုကို ဖြတ်တောက်မည်တဲ့လော။
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ စကားများမှာ လူတိုင်းကို မှင်သက်သွားစေခဲ့၏။
ကုချန် ကိုယ်တိုင်လှုပ်ရှားပါက ဤဧကရာဇ်တစ်ပိုင်း ကိုးပါးကို အားစိုက်စရာမလိုဘဲ ဖိနှိပ်ခြေမွနိုင်မည်ကို သူတို့ လုံးဝ သံသယမရှိကြချေ။
သို့သော် လုံးဝ လှုပ်ရှားခြင်းမရှိဘဲ အတွေးတစ်ချက်တည်းဖြင့် ဤဧကရာဇ်တစ်ပိုင်း ကိုးပါး၏ လမ်းကြောင်းကို ဖြတ်တောက်မည်ဆိုခြင်းက အမှန်တကယ် ဖြစ်နိုင်ပါ့မလား။
... ... ... ...
အဆုံးမဲ့ကမ္ဘာ စကြာဝဠာ၏ နက်ရှိုင်းသောနေရာ... လူသူကင်းမဲ့၍ တိတ်ဆိတ်နေသော ကြယ်တာရာနယ်မြေတစ်ခုတွင်.....
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် သူ၏ ချီအငွေ့အသက်များအားလုံးကို ရုပ်သိမ်းကာ တိတ်ဆိတ်စွာ ရပ်နေ၍ သူ၏အကြည့်များကို အဆုံးမဲ့တိုက်ကြီးဘက်သို့ ဦးတည်ထားလေသည်။
သူသည် အလွန်အမင်း သတိထားနေ၍ အရာအားလုံးကို အဝေးမှသာ စောင့်ကြည့်နေကာ သူ၏တည်ရှိမှုကို မြန်ဆန်လွန်းစွာ ထုတ်ဖော်မပြလိုချေ။
ဤအခိုက်အတန့်တွင် သူ၏အကြည့်ထဲ၌ မြင်နေရသည်မှာ ဧကရာဇ်တစ်ပိုင်း ကိုးပါး မဟုတ်ဘဲ မြေကြီးကိုဖောက်ထွက်ကာ အမြစ်တွယ်၊ အညှောက်ပေါက်၍ အားကောင်းမောင်းသန် ကြီးထွားလာနေသည့် အင်မော်တယ်မျိုးစေ့ ကိုးစေ့သာ ဖြစ်လေသည်။
ဧကရာဇ်တစ်ပိုင်း ကိုးပါး၏ ကိုယ်တွင်း၌ စိုက်ပျိုးထားသော အင်မော်တယ်မျိုးစေ့များသည် ယခုအခါ ဧကရာဇ်တစ်ပိုင်း ကိုးပါး ကပ်ဘေးကို ဖြတ်ကျော်နေစဉ်အတွင်း အာဟာရဓာတ်များကို ရူးသွပ်စွာ စုပ်ယူနေပုံရ၍ တစ်နေ့တခြား ပိုမို ကြံ့ခိုင်ကာ အစွမ်းထက်လာနေလေသည်။
ထို့အပြင် ဤအင်မော်တယ်မျိုးစေ့ ကိုးစေ့သည် အချင်းချင်းကြားတွင် သိမ်မွေ့သော ဆက်သွယ်မှုတစ်မျိုးကို တည်ဆောက်နေဟန်ရှိကာ အစီအရင်တစ်ခုကဲ့သို့ အားလုံးကို ချိတ်ဆက်ပေးနေလေသည်။
" စစ်တုရင်ပွဲက ပြင်ဆင်ပြီးသွားပြီ... ကုချန်... နင် ဘယ်လို ရွေးချယ်မလဲ "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ တီးတိုး ရေရွတ်လိုက်ရာ သူ၏အသံထဲတွင် ကျေနပ်အားရမှု အရိပ်အယောင်များပင် ပါဝင်နေလေသည်။
ဤသည်မှာ အထက်ကောင်းကင်နှင့် ကုချန်အတွက် သူ သေသေချာချာ စီစဉ်ထားသော ကြီးကျယ်ခမ်းနားသည့် စစ်တုရင်ပွဲတစ်ခု ဖြစ်ပေသည်။
အကယ်၍ ကုချန်သာ ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ ဤဧကရာဇ်တစ်ပိုင်း ကိုးပါးအား တာအိုကို အောင်မြင်စွာ ရယူခွင့်ပြုလိုက်ပါက အဆုံးမဲ့ကမ္ဘာရှိ ဧကရာဇ်တစ်ပိုင်းများအားလုံး၏ အနာဂတ်လမ်းကြောင်းမှာ လုံးဝ ပိတ်ဆို့သွားမည်ဖြစ်ရာ တာအိုကို ထပ်မံရယူနိုင်တော့မည်မဟုတ်ချေ။
အကယ်၍ ကုချန်မှ ဤသို့ဖြစ်လာမည်ကို မလိုလား၍ ဝင်ရောက်စွက်ဖက်မည်ဆိုပါက အင်မော်တယ်မျိုးစေ့ ကိုးစေ့ဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် အစီအရင်ကြီးထဲတွင်ထောင်ချောက်မိသွားမည်ဖြစ်၍ လုံးဝ အမြစ်ပြတ်ချေမှုန်းခြင်း ခံရပေလိမ့်မည်။
သူ လှုပ်ရှားသည်ဖြစ်စေ၊ မလှုပ်ရှားသည်ဖြစ်စေ ၎င်းမှာ သေမင်းထောင်ချောက်တစ်ခုပင် ဖြစ်လေသည်။
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် ဤအင်မော်တယ်မျိုးစေ့များ၏ စွမ်းအားအပေါ် အလွန် ယုံကြည်မှုရှိပေသည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့မှာ ထိုအရှင်ကိုယ်တိုင် ပေးသနားထားခြင်း ဖြစ်သောကြောင့်တည်း။
" ငါက နင်တို့ကို အနာဂတ်မှာ ငါ့ကို ကူညီပေးဖို့အတွက်... ဧကရာဇ်တွေဖြစ်လာအောင် အားထုတ်ပြီး ပြုစုပျိုးထောင်ပေးခဲ့တယ်လို့ တကယ်ပဲ ထင်နေကြတာလား... တကယ်ကို ရိုးအလိုက်ကြတာ "
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် လှောင်ပြုံး ပြုံးလိုက်လေသည်။
ဤရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများသည် တာအိုကို ရယူ၍ ဧကရာဇ်များ ဖြစ်လာရန် အိပ်မက်မက်နေကြဆဲပင်။
ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ စိတ်နှလုံးထဲတွင် ဤလူများသည် အင်မော်တယ်မျိုးစေ့များကို ပြုစုပျိုးထောင်ရန်လိုအပ်သည့် ပန်းအိုးများမျှသာ ဖြစ်ကြောင်းကို သူတို့ မသိကြချေ။
အင်မော်တယ်မျိုးစေ့များ မြေကြီးကို ဖောက်ထွက်လာ၍ လုံလောက်သော အာဟာရဓာတ်များကို စုပ်ယူပြီးသွားသည်နှင့်တစ်ပြိုင်နက် ဤလူများသည် အသုံးမဝင်တော့ချေ။
ထိုစဉ်က အရှင်မှ သူ့အား ပေးခဲ့သော အမိန့်မှာ ဤအင်မော်တယ်မျိုးစေ့ ကိုးစေ့ကို အပြည့်အဝ ပြုစုပျိုးထောင်ရန်ပင် ဖြစ်သည်။
အင်မော်တယ်မျိုးစေ့များ ရင့်မှည့်လာမည့်နေ့သည် သူ ဤကမ္ဘာမှ ရုန်းထွက်၍ အင်မော်တယ်အဖြစ် တက်လှမ်းမည့်နေ့ပင် ဖြစ်လိမ့်မည်။
သို့သော် ထိုမတိုင်မီတွင် သူသည် ကုချန်ကို သတ်ဖြတ်ရန်နှင့် အောက်ကမ္ဘာမှ ကာလရှည်ကြာ အငြိုးအာဃာတများကို အပြီးတိုင် ဖြေရှင်းရန် အင်မော်တယ်မျိုးစေ့များ၏ စွမ်းအားကို အသုံးပြုရမည် ဖြစ်ပေသည်။