← Chapters

အခန်း (၄၀၅-၄၀၆)

Vol. 29 Ch. 405-406

အခန်း (၄၀၅-၄၀၆)

Vol. 29 Ch. 405-406

‎အခန်း ( ၄၀၅ ) - အစွမ်းထက်သော ပုဂ္ဂိုလ်၊ ကံကြမ္မာနှင့် ကွန်ရက်မှ လွတ်မြောက်သွားသော ငါး

‎

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် အရာအားလုံးကို တွက်ချက်ထားပုံရသော်လည်း အရေးကြီးသောအချက်တစ်ချက်ကို လျစ်လျူရှုထားခဲ့မိသည်။ ယင်းမှာ ကုချန်၏ တိုက်ခိုက်ရေးစွမ်းအားသည် သူ ထင်မှတ်ထားသလောက် မရိုးရှင်းခြင်းပင် ဖြစ်လေသည်။

‎

‎

‎အတိတ်ကာလက ကုချန်သည် ဧကရာဇ်မဟာမိတ်အဖွဲ့မှ ဧကရာဇ်အဆင့် ကျင့်ကြံသူများကို တစ်ဆက်တည်း သတ်ဖြတ်ခဲ့ရာ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့ကာ ဟွမ်သွမ့်ပင်လယ်သို့ ထွက်ပြေးသွားစေခဲ့သည်။

‎

‎

‎အလယ်ပိုင်းတိုက်ကြီးဒေသအထက်တွင် ကောင်းကင်ချောက်နက် ပွင့်လာ၍ ဒဏ္ဍာရီလာ အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးမှာ သူ၏ရှေ့တွင် ရှိနေသော်လည်း သူသည် အနည်းငယ်မျှပင် မချဉ်းကပ်ဝံ့ခဲ့ချေ။

‎

‎

‎သို့သော် ဟွမ်သွမ့်ပင်လယ်၏ နက်ရှိုင်းသောနေရာတွင် ထိုအရှင်သခင်နှင့် တွေ့ဆုံပြီးကတည်းက ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ စိတ်နေသဘောထားမှာ တိတ်တဆိတ် ပြောင်းလဲသွားခဲ့လေသည်။

‎

‎

‎ကုချန် မည်မျှပင် အစွမ်းထက်နေပါစေ အင်မော်တယ်နယ်မြေမှ ထိုအရှင်သခင်ထက် ပို၍ အစွမ်းထက်နိုင်ပါမည်လော။

‎

‎

‎၎င်းမှာ ကျိန်းသေပေါက် မဖြစ်နိုင်ချေ။

‎

‎

‎အင်မော်တယ်နယ်မြေနှင့် မပူးပေါင်းမီက ကုချန်နှင့် ဆုံတွေ့ချိန်တွင် သူသည် အမြီးကုပ်ကာ အထိတ်တလန့် ထွက်ပြေးရုံသာ တတ်နိုင်ခဲ့၍ ကုချန်ကို တစ်ချက်ပင် မကြည့်ဝံ့ခဲ့ချေ။

‎

‎

‎ယခု သူသည် အင်မော်တယ်နယ်မြေနှင့် ပူးပေါင်းပြီးဖြစ်ရာ ကုချန်နှင့် ထပ်မံဆုံတွေ့ချိန်တွင် အထိတ်တလန့် ထွက်ပြေးနေရဦးမည်ဆိုလျှင် သူ ပူးပေါင်းခဲ့ရခြင်းမှာ အလဟဿ ဖြစ်သွားမည် မဟုတ်ပါလော။

‎

‎

‎ဤသို့သော စိတ်နေသဘောထားကြောင့်ပင် အဆုံးမဲ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသောအခါ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည် အထက်ကောင်းကင်နှင့် ကုချန်ကို ဆန့်ကျင်ရန် မမောမပန်း ချက်ချင်း အစီအစဉ်ဆွဲခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ယခုအခါ ပြင်ဆင်မှုအားလုံး ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

‎

‎

‎အကျိုးအမြတ်များကို ရိတ်သိမ်း၍ အတိတ်က ရန်ငြိုးများကို ရှင်းလင်းရမည့် အချိန်ရောက်လာပြီ ဖြစ်၏။

‎

‎

‎……

‎

‎

‎" ဟားဟား! တာအိုကို သက်သေပြမယ်... တာအိုကို သက်သေပြမယ်! ဒီနေ့ ငါကိုယ်တော်က တာအိုကို သေချာပေါက် အောင်အောင်မြင်မြင် သက်သေပြနိုင်လိမ့်မယ်! "

‎

‎

‎ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ယံတွင် ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းတစ်ဦးသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူ၏အသံထဲတွင် ဖော်ပြ၍မရနိုင်သော အောင်ပွဲခံမှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။

‎

‎

‎သူသည် မူလက အဆုံးမဲ့ကမ္ဘာ စကြာဝဠာရှိ သက်ရှိရှေးဟောင်းကြယ်တစ်ခုမှ ဧကရာဇ်တစ်ပိုင်းဖြစ်၍ ဤအဆင့်တွင် နေထိုင်လာခဲ့သည်မှာ နှစ်တစ်သောင်းနီးပါး ရှိနေပြီဖြစ်သည်။ သူ၏ ချီနှင့် သွေးများ ကျဆင်းနေသည်မှာ ကြာမြင့်ပြီဖြစ်ကာ ဧကရာဇ်ဖြစ်လာရန် တာအိုကို သက်သေပြရန် မဆိုထားနှင့် သေဆုံးရန်ပင် သိပ်မလိုတော့ချေ။

‎

‎

‎သို့သော် နောက်ပိုင်းတွင် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီမှ သူ့ကို ရှာဖွေတွေ့ရှိခဲ့ကာ အင်မော်တယ်မျိုးစေ့တစ်ခုကို ပေးသနားခဲ့လေသည်။

‎

‎

‎ထိုအိုမင်းနေသော ဧကရာဇ်တစ်ပိုင်းသည် အင်မော်တယ်မျိုးစေ့ အညှောက်ပေါက် ကြီးထွားလာကာ လေဟာနယ်ရှိ အဆုံးမဲ့တာအိုများနှင့် ဆက်သွယ်၍ သူ၏ ပြတ်တောက်နေသော ကောင်းကင်ဆန့်ကျင်ရေး လမ်းကြောင်းကို ပြန်လည်ချိတ်ဆက်ပေးသည်ကို မြင်တွေ့လိုက်ရ၏။ သူသည် ထိုကဲ့သို့ သူ ဧကရာဇ်ဖြစ်လာနိုင်သည့် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသဖြင့် အလွန်အမင်း အံ့အားသင့်သွားခဲ့ရသည်။

‎

‎

‎တာအိုကို သက်သေပြရန် အောင်မြင်ပါက သူသည် သက်တမ်း နှစ်သောင်းပေါင်းများစွာကို ရရှိနိုင်မည်ဖြစ်သည်။

‎

‎

‎ဤသို့သော အိပ်မက်နှင့်တူသည့် အတွေ့အကြုံသည် သူ့အား အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်စေခဲ့သည်။

‎

‎

‎" တကယ်ကို ငါကိုယ်တော်က ကံကြမ္မာရဲ့ ရွေးချယ်ခံရသူပဲ... အထက်ကောင်းကင်ဘုံလား? သူတို့က ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကို မခံရတော့တာ ကြာပြီ "

‎

‎

‎သူ၏အောင်ပွဲခံမှုအတွင်း ဤဧကရာဇ်တစ်ပိုင်းအိုကြီးသည် သူ့ကိုယ်သူ 'ငါကိုယ်‌တော်' ဟု သုံးနှုန်းကာ အထက်ကောင်းကင်အပေါ် မည်သည့် ကြောက်ရွံ့မှုမျှ မရှိတော့ဘဲ မာနထောင်လွှားလာခဲ့ပြီ ဖြစ်သည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် အစမှအဆုံးတိုင်အောင် အထက်ကောင်းကင် တားမြစ်နယ်မြေအတွင်းရှိ ဧကရာဇ်တစ်ပိုင်းများသည် တစ်ကြိမ်မျှ ထွက်ပေါ်လာခြင်း မရှိသည်ကို သူ တွေ့ရှိခဲ့သောကြောင့်ပင်။

‎

‎

‎ယခု ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်း ကိုးပါး တာအိုကို သက်သေပြတော့မည်ဖြစ်ရာ ထိုအထက်ကောင်းကင်ဘုံမှ ဧကရာဇ်တစ်ပိုင်းများ တာအိုအတွက် ယှဉ်ပြိုင်ရန် ထွက်ပေါ်မလာခြင်းမှာ ကြောက်ရွံ့နေသောကြောင့် မဟုတ်ပါလော။

‎

‎

‎ထိုသို့မဟုတ်ဘဲ မျှော်လင့်ချက် တစ်စွန်းတစ်စ ရှိနေမည်ဆိုလျှင်ပင် သူတို့၌ လုံးဝ လက်လျှော့ကြမည် မဟုတ်ချေ။

‎

‎

‎ဤသည်မှာ တာအိုအတွက် တိုက်ပွဲတစ်ခု ဖြစ်လေသည်။

‎

‎

‎တာအိုအတွက်ပင် မယှဉ်ပြိုင်ဝံ့ဘူးဆိုလျှင် အထက်ကောင်းကင်ဘုံသည် အမှန်တကယ် ကျဆင်းသွားခဲ့ပြီ ဖြစ်ပေသည်။

‎

‎

‎" အထက်ကောင်းကင်ဘုံ? ဟားဟား... ငါကိုယ်တော် တာအိုကို သက်သေပြပြီးတာနဲ့ လူသားမျိုးနွယ်ရဲ့ ရှေးဟောင်းဧကရာဇ်တွေ၊ ပညာရှိတွေကို အတုယူပြီး ငါကိုယ်တော်က ‌‌ငါကိုယ်‌တော်ကိုယ်တိုင်နဲ့ လူသားမျိုးနွယ်ကို ဂုဏ်ပြုဖို့အတွက် တားမြစ်နယ်မြေတစ်ခုကို မြေလှန်ပစ်မယ်! "

‎

‎

‎နောက်ထပ် ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းတစ်ဦးသည် စကြာဝဠာကို တုန်လှုပ်စေသော အသံဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

‎

‎

‎သူသည် အထက်ကောင်းကင် တားမြစ်နယ်မြေ၏ နာမည်ကို တိုက်ရိုက် မပြောသော်လည်း ဤရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်း ရည်ညွှန်းသော တားမြစ်နယ်မြေမှာ အထက်ကောင်းကင် တားမြစ်နယ်မြေဖြစ်ကြောင်း လူတိုင်း ကြားသိနိုင်ပေသည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ယနေ့ အဆုံးမဲ့တိုက်ကြီးတွင် အခြားသော ရှင်သန်ခြင်းတားမြစ်နယ်မြေများမှ ရှေးဟောင်းအရှင်များအားလုံးမှာ ယခင်က ကောင်းကင်ချောက်နက်ကို ကျူးကျော်ဝင်ရောက်စဉ်ကတည်းက ကုန်ခမ်းသွားခဲ့ပြီး တားမြစ်နယ်မြေဆိုသော နာမည်မှာ အမည်ခံသက်သက်သာ ဖြစ်နေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့်တည်း။

‎

‎

‎ယခု အဆုံးမဲ့ ဒေသငါးခု၏ မြေပြင်ပေါ်တွင် တည်ရှိနေသော တစ်ခုတည်းသော တားမြစ်နယ်မြေမှာ အထက်ကောင်းကင် တားမြစ်နယ်မြေသာ ဖြစ်လေသည်။

‎

‎

‎ထို့ကြောင့် ဤရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်း ပြောနေသည် အထက်ကောင်းကင် တားမြစ်နယ်မြေ မဟုတ်ဘဲ အခြား မည်သည့်နေရာ ဖြစ်နိုင်ပါမည်နည်း။

‎

‎

‎" မှန်တာပေါ့! ငါကိုယ်တော် တာအိုကို သက်သေပြတဲ့အခါ ဒီကောင်းကင်နဲ့မြေကြီးကပါ သက်သေဖြစ်သင့်တယ် "

‎

‎

‎" ဟက်...! တာအိုရောင်းရင်းတို့ အတူတူ သွားကြစို့! ငါတို့ တာအိုကို သက်သေပြမယ့်နေ့က အထက်ကောင်းကင်ဘုံ အမြစ်ပြတ်မယ့်နေ့ပဲ ဖြစ်ရမယ်! "

‎

‎

‎" ကောင်းကင်ယံကို ထိုးတက်သွားမယ့် ဧကရာဇ်ကိုးပါး... အဆုံးမဲ့ လူသားမျိုးနွယ်မှာ ဘယ်တုန်းကများ ဒီလို အောင်မြင်မှုမျိုး ရှိခဲ့ဖူးလို့လဲ... အခု ငါတို့က ဒါကို အောင်မြင်တော့မယ်... အဆုံးမဲ့ လူသားမျိုးနွယ် သမိုင်းမှာ ဖြစ်ရပ်ဆန်းတစ်ခုကို ဖြစ်ပေါ်စေတော့မယ်! "

‎

‎

‎ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများသည် တစ်ဦးပြီးတစ်ဦး ပြောဆိုလာကြလေ၏။

‎

‎

‎သူတို့အတွင်း၌ အဆက်မပြတ် တိုးပွားလာနေသော စွမ်းအားများနှင့် လက်တစ်ကမ်းတွင် ရှိနေပုံရသော ဧကရာဇ်အဆင့်သည် သူတို့၏ ကိုယ်ပိုင်ယုံကြည်မှုကို အဆုံးမဲ့ ကြီးထွားလာစေကာ ဤလောကတွင် သူတို့ကို မည်သည့်အရာကမျှ မတားဆီးနိုင်ကြောင်း၊ သူတို့ မအောင်မြင်နိုင်သော အရာဟူ၍ မရှိကြောင်း ခံစားလာရစေသည်။

‎

‎

‎ဤကျယ်ပြောလှသော အဆုံးမဲ့ကမ္ဘာအတွင်း အဆုံးမဲ့တိုက်ကြီးတွင်သာမက စကြာဝဠာ ကြယ်တာရာ ကောင်းကင်ယံ၏ နက်ရှိုင်းသောနေရာရှိ သက်ရှိရှေးဟောင်းကြယ်များပေါ်တွင်လည်း မရေမတွက်နိုင်သော လူသားမျိုးနွယ် သက်ရှိများမှာ လှုပ်လှုပ်ရွရွဖြစ်ကာ သူတို့၏ စိတ်နှလုံးများတွင် စိတ်လှုပ်ရှားမှုများ လှိုင်းထနေလေသည်။

‎

‎

‎ကောင်းကင်ယံသို့ ထိုးတက်သွားမည့် ဧကရာဇ်ကိုးပါး!

‎

‎

‎စဉ်းစားကြည့်ရုံဖြင့်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။

‎

‎

‎အကယ်၍ လူသားမျိုးနွယ်သည် ထိုမျှများပြားသော ဧကရာဇ်အဆင့် ကျင့်ကြံသူများကို အမှန်တကယ် မွေးထုတ်နိုင်ခဲ့ပါက မည်သည့် ရှေးဟောင်းမျိုးနွယ်စု၊ မည်သည့် အထက်ကောင်းကင် တားမြစ်နယ်မြေမဆို ဘေးဖယ်ပေးရမည်သာ ဖြစ်သည်။

‎

‎

‎မရေမတွက်နိုင်သော လူသားမျိုးနွယ်ဝင်များသည် ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံခဲ့ကြ၏။

‎

‎

‎နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော လူအိုကြီးများနှင့် သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းများကသာ အထက်ကောင်းကင် တားမြစ်နယ်မြေဘက်သို့ အလိုအလျောက် လှမ်းကြည့်လိုက်ကြ၍ စိုးရိမ်ပူပန်မှုများဖြင့် တိတ်တဆိတ် တွေးတောနေကြလေသည်။

‎

‎

‎ကောင်းကင်ယံသို့ ထိုးတက်သွားမည့် ဧကရာဇ်ကိုးပါး ဆိုသည်မှာ အဆုံးမဲ့ လူသားမျိုးနွယ်၏ သမိုင်းတွင် အမှန်တကယ်ပင် မကြုံစဖူး ကြီးကျယ်ခမ်းနားသော ကိစ္စတစ်ခုဖြစ်၍ ပြိုင်ဘက်ကင်းသည်ဟုပင် ဆိုနိုင်ပေသည်။

‎

‎

‎သို့သော် ဤသည်က အထက်ကောင်းကင်ဘုံကို အမှန်တကယ် ကျော်လွှားနိုင်ပါမည်လော။

‎

‎

‎ထိုစဉ်က ဧကရာဇ်မဟာမိတ်အဖွဲ့သည် မည်မျှ မာနထောင်လွှားခဲ့သနည်း၊ သို့သော် ကောင်းကင်ဘုံအရှင်သခင်၏ လက်ဝါးတစ်ချက်တည်းဖြင့် အမြစ်ပြတ်ချေမှုန်းခံခဲ့ရသည် မဟုတ်ပါလော။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင်သည် နှစ်ထောင်ပေါင်းများစွာတိုင်အောင် လောကတွင် ကိုယ်ထင်ပြခြင်း၊ သူ၏စွမ်းအားများကို ထုတ်ဖော်ပြသခြင်း မရှိခဲ့သော်လည်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ လေထဲမှ ဖန်တီးထားခြင်း မဟုတ်ဘဲ ဤကောင်းကင်ဘုံအရှင်သခင်၏ စစ်မှန်သော တိုက်ပွဲဝင် အောင်မြင်မှုများသာ ဖြစ်ပေသည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင် နောက်ဆုံးအကြိမ် လှုပ်ရှားခဲ့သည်မှာ အချိန်အလွန် ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် သက်ရှိလောကသားများ မရေမတွက်နိုင်အောင် အကြိမ်ကြိမ် ပြောင်းလဲသွား၍ သူ၏အမြင့်မြတ်ဆုံး စွမ်းအားကို မေ့လျော့သွားကြသည်အထိပင် ဖြစ်ပေသည်။

‎

‎

‎……

‎

‎

‎အထက်ကောင်းကင် တားမြစ်နယ်မြေ.....

‎

‎

‎ထိုဧကရာဇ်တစ်ပိုင်းများ၏ ဆူညံသောင်းကျန်းမှုများကို ရင်ဆိုင်ရရာတွင် ကုမိသားစုဝင်များဖြစ်သော ကုချင်းရွဲ့၊ ကုဝူရှန့်နှင့် အခြားသူများအားလုံးသည် တည်ငြိမ်နေကြကာ လုံးဝ တုန်လှုပ်ခြင်း မရှိကြချေ။

‎

‎

‎နှစ်ပေါင်းများစွာအတွင်း ကုမိသားစုနှင့် အထက်ကောင်းကင်တားမြစ်နယ်‌မြေတို့ မကြုံတွေ့ခဲ့ရဖူးသောအရာများ ရှိပါသေးသလော။

‎

‎

‎အတိတ်ကာလက ယွမ်ကျွင်းမဟာဧကရာဇ်သည် အမှန်တရားကို လိမ်လည်လှည့်ဖြားကာ ကုမိသားစုအား နတ်ဆိုးနယ်မြေနှင့် ပူးပေါင်းနေသည်ဟုပင် စွပ်စွဲပုတ်ခတ်ခဲ့သေး၏။

‎

‎

‎သို့ဖြစ်ရာ ယခု ဤဧကရာဇ်တစ်ပိုင်း ကိုးပါး၏ စကားများမှာ မိုးဖွဲလေးတစ်ခုမျှသာ ဖြစ်လေသည်။

‎

‎

‎သို့သော်.....

‎

‎

‎လူတိုင်း၏အကြည့်များသည် အထက်ကောင်းကင် ပင်မနန်းဆောင်ရှိရာသို့ အလိုအလျောက် စုဆုံသွားကြလေသည်။

‎

‎

‎ဤရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများ၏ လှောင်ပြောင်စကားများသည် သူတို့အတွက် ဘာမှမဟုတ်သော်လည်း အထက်ကောင်းကင်ဘုံအား ဤမျှ ဗြောင်ကျကျ ဝေဖန်ပုတ်ခတ်ခြင်းမျိုးမှာ နှစ်ပေါင်းများစွာအတွင်း တစ်ခါမှ မဖြစ်ခဲ့ဖူးချေ။

‎

‎

‎ကြည့်ရသည်မှာ ဤလူများသည် အထက်ကောင်းကင်ဘုံ၏ လွှမ်းမိုးမှုကို ကြောက်ရွံ့ရမည်ဆိုသည်ကို မေ့လျော့သွားကြပုံရသည်။

‎

‎

‎" ဆူညံလိုက်တာ "

‎

‎

‎အထက်ကောင်းကင် ပင်မနန်းဆောင်အတွင်းရှိ ကုချန်သည် မျက်မှောင်အနည်းငယ် ကျုံ့လိုက်လေသည်။

‎

‎

‎သူသည် တံခါးပိတ်ကျင့်ကြံနေသော်လည်း အဆုံးမဲ့ကမ္ဘာ၏ ကောင်းကင်နှလုံးသားနှင့် ကြိုတင်၍ ပေါင်းစည်းထားခဲ့သောကြောင့် ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်း ကိုးပါး တာအိုကို သက်သေပြရန် ပြင်ဆင်လာသောအခါ အဆုံးမဲ့တာအို ကောင်းကင်နှလုံးသား၏ တုန်ခါမှုမှတစ်ဆင့် သူ အရာအားလုံးကို အာရုံခံမိခဲ့၏။

‎

‎

‎ထိုမျှမက မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် အဆုံးမဲ့တာအို ကောင်းကင်နှလုံးသားကို ထိန်းချုပ်ကာ အဆုံးမဲ့ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံကြည့်ရှုလိုက်လေသည်။

‎

‎

‎သူသည် ဧကရာဇ်တစ်ပိုင်း ကိုးပါး၏ ကိုယ်တွင်း၌ အမြစ်တွယ်နေသော အင်မော်တယ်မျိုးစေ့များကို မြင်တွေ့ရုံသာမက ထိုအင်မော်တယ်မျိုးစေ့များအား ခြေရာခံလိုက်ကာ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ တည်နေရာကိုပါ ရှာဖွေတွေ့ရှိခဲ့လေသည်။

‎

‎

‎ဤသည်က ယခင် ဧကရာဇ်မဟာမိတ်အဖွဲ့မှ လွတ်မြောက်သွားသော ငါးတစ်ကောင် မဟုတ်ပါလော။

‎

‎

‎ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ၏ တည်ရှိမှုကို အာရုံခံမိသည်နှင့် ကုချန်သည် ထိုသူ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း သိရှိသွားခဲ့သော်ငြား ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီကမူ မသိရှိဘဲ သူ့ကိုယ်သူ အမှောင်ထဲတွင် ပုန်းကွယ်နေကာ ငါးဖမ်းစင်ပေါ်တွင် သက်တောင့်သက်သာ ထိုင်နေသည်ဟု ယုံကြည်နေဆဲပင် ဖြစ်လေသည်။

‎

‎

‎သူ၏ ဂုဏ်ယူဝင့်ကြွားနေသော အစီအစဉ်အား ကုချန်မှ မျက်တောင်တစ်ခတ်အတွင်း အပြည့်အဝ ဖောက်ထွင်းမြင်သွားခဲ့ပြီ ဖြစ်သည်။

‎

‎

‎ထိုရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်း ကိုးပါးမှာ ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ ချထားသော ငါးစာများမျှသာဖြစ်၍ သူတို့၏ရည်ရွယ်ချက်မှာ သူ့ကို ထောင်ချောက်ထဲသို့ သွေးဆောင်ခေါ်ယူရန် ဖြစ်ကြောင်း ကုချန် သိရှိထားလေပြီ။

‎

‎အခန်း ( ၄၀၆ ) - ကောင်းကင်ဘုံ၏ အမိန့်တော်၊ ဧကရာဇ်အဆင့်၏ တံခါးဝနှင့် ဧကရာဇ် မဖြစ်လာနိုင်ခြင်း

‎

‎

‎

‎သို့သော် သူ့ကို သွေးဆောင်ရန် ဧကရာဇ်တစ်ပိုင်းများကိုသာ ငါးစာအဖြစ် ချလိုက်သည်လော။

‎

‎

‎သူတို့က ဘယ်သူ့ကို အထင်သေးနေတာလဲ။

‎

‎

‎ကုချန်မှာ အနည်းငယ် ဆွံ့အသွားရလေသည်။

‎

‎

‎နတ်ဆိုးနယ်မြေတွင်ရှိစဉ်က နတ်ဆိုးဧကရာဇ်ကြီးကို သူ၏ထောင်ချောက်ထဲသို့ သွေးဆောင်နိုင်ရန် ရှီမိုထျန်းကျွင်းကိုပင် ငါးစာအဖြစ် အသုံးပြုခဲ့ရ၏။

‎

‎

‎သို့သော် ဤခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီသည်တော့ ဧကရာဇ်တစ်ပိုင်းကိုသာ ငါးစာအဖြစ်ချ၍ ကုချန်အား သွေးဆောင်နိုင်မည်ဟု မျှော်လင့်နေသည်လော။ ကုချန်မှာ လုံးဝကို ဆွံ့အသွားခဲ့ရသည်။

‎

‎

‎ငါ့ကို 'မျှား' ချင်တယ်ဆိုရင်တောင် အဆင့်မြင့်တဲ့ 'ငါးစာ' တချို့ကိုတော့ အသုံးပြုသင့်တာပေါ့!

‎

‎

‎အင်မော်တယ်ဘုရင်တွေ မရှိဘူးဆိုရင်တောင် အနည်းဆုံးတော့ အင်မော်တယ်အရှင်သခင် ဒါမှမဟုတ် နတ်ဆိုးအရှင်သခင် တချို့လောက်တော့ လိုအပ်တယ် မဟုတ်ဘူးလား။

‎

‎

‎ဧကရာဇ်တစ်ပိုင်းဆိုတာက ဘာသောက်ရေးပါလို့လဲ။

‎

‎

‎ယခုအချိန်တွင် ထိုဧကရာဇ်တစ်ပိုင်းများ၏ ဆူညံသောင်းကျန်းမှုများသည် ကုချန်၏ နားထဲ၌ ခြင်များအော်မြည်နေသကဲ့သို့ တိုးညင်းအားနည်းလွန်းလှပေသည်။

‎

‎

‎ကုချန်၏ လက်ရှိ အဆင့်နှင့် စွမ်းအားအရ သူ မျက်စိကျလောက်မည့်သူများမှာ အနည်းဆုံး အင်မော်တယ်ဘုရင်အဆင့် ရှိရမည်ဖြစ်သည်။

‎

‎

‎ဧကရာဇ်တစ်ပိုင်းတဲ့လား။

‎

‎

‎ရိုးရိုးသားသားပြောရလျှင် ယင်ကောင်များနှင့်ပင် မယှဉ်သာချေ။

‎

‎

‎သို့သော် သူ မည်မျှပင် အထင်သေးနေပါစေ ဤယင်ကောင်များကို သူ၏နားထဲတွင် အဆုံးမရှိ အော်မြည်နေခွင့်တော့ ပေးမထားနိုင်ချေ။

‎

‎

‎သူ၏နတ်ဘုရားအာရုံ အနည်းငယ် လှုပ်ရှားသွားပြီး နောက်တစ်ခဏတွင် အဆုံးမဲ့ကမ္ဘာ၏ အဆုံးမဲ့တာအို ကောင်းကင်နှလုံးသားသည် သူ၏ရှေ့၌ ပေါ်ထွက်လာခဲ့၏။

‎

‎

‎" ငါက ခွင့်မပြုဘူးဆိုရင် ဘယ်သူကများ ဧကရာဇ်ဖြစ်လာနိုင်မှာလဲ "

‎

‎

‎ကုချန်သည် လှောင်ပြုံးပြုံးလိုက်၍ အဆုံးမဲ့တာအို ကောင်းကင်နှလုံးသားကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်လေသည်။ ထို့နောက် ခမ်းနားကြီးကျယ်သော အသံကြီးတစ်ခုသည် အထက်ကောင်းကင် တားမြစ်နယ်မြေမှ ထွက်ပေါ်လာကာ အဆုံးမဲ့ကမ္ဘာတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။

‎

‎

‎" ရှန်းဟိုင်းအဖွဲ့ရဲ့ ဧကရာဇ်တစ်ပိုင်းတွေ မင်းတို့ ဧကရာဇ် မဖြစ်လာစေရဘူး "

‎

‎

‎ထိုအသံမှာ ကောင်းကင်ဘုံအရှင်သခင်မှ အမိန့်တော်ထုတ်ပြန်လိုက်သကဲ့သို့ အဆုံးမဲ့ ခမ်းနားကြီးကျယ်လှကာ သက်ရှိအားလုံးမှ နာခံရမည့်ဟန် ရှိလေသည်။

‎

‎

‎ဤအသံ ထွက်ပေါ်လာသောအခါ အဆုံးမဲ့ကမ္ဘာရှိ သန်းထောင်ချီသော သက်ရှိများ၏ စိတ်နှလုံးများမှာ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ချေ။ ကောင်းကင်ဘုံအားလုံး၏ အမြင့်မြတ်ဆုံး အရှင်သခင်ကို ရင်ဆိုင်နေရသကဲ့သို့ သူတို့၏ စိတ်နှလုံးများထဲတွင် ကိုးကွယ်လိုသော အတွေးများသာ ပြည့်နှက်သွား၍ ဒူးများခွေကျကာ မြေပြင်ပေါ်သို့ လဲကျသွားကြလေသည်။

‎

‎

‎ဤသည်မှာ သူတို့၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ချေ။ ၎င်းသည် သူတို့၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာမှ လာသော သဘာဝကျသည့် ရိုသေလေးစားမှုဖြစ်ပြီး အဆင့်နိမ့်သက်ရှိများမှ အဆင့်မြင့် တည်ရှိမှုတစ်ခုကို ကြည့်ရှုကာ အညံ့ခံလိုက်ခြင်းပင် ဖြစ်လေသည်။

‎

‎

‎ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်း ကိုးပါးမှာမူ ဤအသံကို ကြားလိုက်ရချိန်တွင် ရှင်းပြ၍မရနိုင်သော အမှောင်ထုနှင့် မျှော်လင့်ချက်မဲ့ခြင်းများက သူတို့၏စိတ်နှလုံးကို လွှမ်းခြုံသွားလေသည်။

‎

‎

‎ထိုခံစားချက်မှာ သူတို့ရှေ့ဆက်ရမည့် လမ်းကြောင်းကို အတင်းအကျပ် ဖြတ်တောက်ခံလိုက်ရသကဲ့သို့ မည်သည့် မျှော်လင့်ချက်မျှ ကျန်ရှိမနေတော့ချေ။

‎

‎

‎" ကောင်းကင်ဘုံအရှင်သခင်... အဲဒါ ကောင်းကင်ဘုံအရှင်သခင်ပဲ! "

‎

‎

‎လူသားမျိုးနွယ်မှ သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းများနှင့် သိုင်းပညာရှင်အိုကြီးအချို့မှာ ထိုခမ်းနားသောအသံကို ကြားပြီးနောက် တုန်ယင်စွာဖြင့် မရေရွတ်ဘဲ မနေနိုင်ခဲ့ကြချေ။

‎

‎

‎သူတို့သည် ဤအသံနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေခဲ့ကြသည်။

‎

‎

‎လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ထွန်းကားခဲ့သော ဧကရာဇ်မဟာမိတ်အဖွဲ့ကို ပြိုကျပျက်စီးစေခဲ့၍ ဧကရာဇ်များအားလုံးကို ကျဆုံးစေကာ သက်ရှိအားလုံးကို မှေးမှိန်သွားစေခဲ့သူမှာ ဤအသံရှင်ပင် ဖြစ်လေသည်။

‎

‎

‎ယခုမူ နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် ဤအသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။

‎

‎

‎သို့သော် ဤစကားသံ၏ အဓိပ္ပာယ်မှာ ဘာကိုဆိုလိုချင်သနည်း။

‎

‎

‎" ရှန်းဟိုင်းအဖွဲ့က ဧကရာဇ်တစ်ပိုင်းတွေ... တာအိုကို ရယူပြီး ဧကရာဇ် မဖြစ်လာနိုင်ဘူးတဲ့လား... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ... ငါ တာအိုရယူနိုင် မယူနိုင်ဆိုတာ ငါကိုယ်တိုင် ဆုံးဖြတ်ရမယ့်ကိစ္စပဲ! "

‎

‎

‎ကုချန်၏အသံ ထွက်ပေါ်လာချိန်တွင် ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများ၏ စိတ်နှလုံးများမှာ ချက်ချင်း တင်းမာသွားခဲ့၏။ သူတို့သည် ကောင်းကင်ဘုံအရှင်သခင်မှ နောက်ဆုံးတွင် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားကာ လှုပ်ရှားတော့မည်ဟု ထင်မှတ်ခဲ့ကြသည်။

‎

‎

‎သို့သော် နောက်ဆုံးတွင် နက်နဲသော စကားတစ်ခွန်းသာ ထွက်ပေါ်လာခဲ့၏။

‎

‎

‎ဧကရာဇ် မဖြစ်လာနိုင်ဘူးတဲ့လား။

‎

‎

‎ဒါက သူတို့ကို သတိပေးတာလား။

‎

‎

‎သို့သော် အထက်စီးမှနေ၍ နတ်ဘုရားတစ်ပါးကဲ့သို့ ကြေညာလိုက်သော လေသံသည် ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်း ကိုးပါးစလုံးကို မကျေမနပ် ဖြစ်သွားစေခဲ့သည်။

‎

‎

‎ခင်ဗျားက ကောင်းကင်ဘုံအရှင်သခင် ဖြစ်ပြီး အရာရာကို စီမံခန့်ခွဲတယ်ဆိုပေမယ့် တခြားလူတွေ တာအိုရယူပြီး ဧကရာဇ်ဖြစ်လာမှာကိုရော တကယ်ပဲ ထိန်းချုပ်နိုင်လို့လား။

‎

‎

‎ရှန်းဟိုင်းအဖွဲ့၏ နောက်ကွယ်တွင် ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီ ရှိနေသည်ကို တွေးမိသောအခါ ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများ၏ အနည်းငယ် စိုးရိမ်ပူပန်နေသော စိတ်နှလုံးများမှာ တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။

‎

‎

‎ကောင်းကင်ဘုံအရှင်သခင် ဝင်မပါသရွေ့ အဆင်ပြေပေသည်။

‎

‎

‎အကယ်၍ သူ ဝင်ပါခဲ့လျှင်လည်း ခရမ်းရောင်ဝတ်ရုံဝတ်မဟာဧကရီမှ ဖြေရှင်းပေးလိမ့်မည်။

‎

‎

‎သူတို့လုပ်ရန် လိုအပ်သည်မှာ တာအိုကို ရယူကာ ဧကရာဇ်များ ဖြစ်လာရန်သာတည်း။

‎

‎

‎" ဟက်! ဧကရာဇ် မဖြစ်လာနိုင်ဘူး... အခု ငါက တာအိုကို ရယူပြပြီး... မင်းရဲ့ ဂုဏ်သိက္ခာကို မြေကြီးပေါ် ဆွဲချပြမယ်! "

‎

‎

‎ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းအိုကြီးသည် လှောင်ပြုံးပြုံးလိုက်၍ သူ၏အရှိန်အဝါကို ထိန်းချုပ်မှုကင်းမဲ့စွာ မြှင့်တင်လိုက်လေသည်။

‎

‎

‎ရှန်းဟိုင်းအဖွဲ့၏ ဧကရာဇ်တစ်ပိုင်းများထဲတွင် သူ၏စွမ်းအားမှာ အသန်မာဆုံးဖြစ်ကာ ဧကရာဇ်အဆင့်၏ တံခါးဝကို အရင်ဆုံး ထိတွေ့နိုင်သူလည်း ဖြစ်လေသည်။

‎

‎

‎ဧကရာဇ်အဆင့်၏ တံခါးဝမှာ မျက်စိရှေ့တွင် ရှိနေ၍ အဆင့်တက်ရန် နောက်ဆုံးခြေတစ်လှမ်းသာ လိုတော့ကြောင်း ခံစားလိုက်ရသောအခါ သူသည် ဆက်လက်တုံ့ဆိုင်းမနေတော့ဘဲ သူ၏ တာအိုကို ပြင်းထန်စွာ ထုတ်ဖော်လိုက်၏။ သူသည် ထိုတံခါးကို တွန်းဖွင့်၍ တာအိုကိုရယူကာ ဧကရာဇ်တစ်ပါး ဖြစ်လာရန် ရည်ရွယ်လိုက်လေသည်။

‎

‎

‎သူသည် တာအိုရယူခြင်း မဟာကပ်ဘေးကို ဖြတ်ကျော်ပြီးဖြစ်ကာ ဧကရာဇ်အဆင့်သို့ သွားရာတံခါးမှာလည်း သူ၏ရှေ့တွင် ရှိနေပေပြီ။

‎

‎

‎သာမန်လုပ်ထုံးလုပ်နည်းများအရ သူသည် ဤတံခါးကို တွန်းဖွင့်လိုက်ရုံဖြင့် တာအိုကို သဘာဝကျကျ ရယူနိုင်ပြီး ဧကရာဇ်တစ်ပါး ဖြစ်လာမည်ဖြစ်သည်။

‎

‎

‎ထို့အပြင် ဤသည်မှာ မည်သည့် အခက်အခဲမျှပင် မရှိချေ။

‎

‎

‎ရှေးခေတ်မှ ယနေ့တိုင်အောင် မည်သည့် ဧကရာဇ်အဆင့် ကျင့်ကြံသူမျှ ဤအဆင့်တွင် တစ်ဆို့နေသည်ဟု တစ်ခါမျှ မကြားဖူးခဲ့ချေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ဧကရာဇ်အဆင့် တံခါးပေါက် တည်ရှိနေသည်ကို မြင်တွေ့ခဲ့ရသူတိုင်းသည် ချွင်းချက်မရှိ တာအိုကို အောင်မြင်စွာ ရယူနိုင်ခဲ့ကြသောကြောင့်ပင်။

‎

‎

‎" ပွင့်စမ်း! "

‎

‎

‎ဤရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းအိုကြီးသည်လည်း အလားတူပင် ဖြစ်သည်။ အခြားသော ဧကရာဇ်တစ်ပိုင်းများ၏ မနာလိုအားကျနေသော အကြည့်များအောက်တွင် သူသည် အော်ဟစ်သံရှည်ကြီးတစ်ခုကို ထုတ်လွှတ်ကာ သူ၏ခွန်အားအားလုံးကို စုစည်း၍ ထိုတံခါးဆီသို့ ပြေးဝင်သွားလေတော့သည်။

‎

‎

‎" ဝုန်း! "

‎

‎

‎သို့သော် ယုံကြည်မှုအပြည့်ရှိနေသော ဤဧကရာဇ်တစ်ပိုင်းအိုကြီးအား ဇဝေဇဝါဖြစ်သွားစေမည့် မြင်ကွင်းတစ်ခု ဖြစ်ပျက်လာခဲ့၏။

‎

‎

‎သူသည် အစွမ်းကုန် ပြေးဝင်တိုက်ခိုက်ခဲ့သော်လည်း ဧကရာဇ်အဆင့် တံခါးကြီးမှာ ကောင်းကင်ချောက်နက်ကြီးတစ်ခုကဲ့သို့ မလှုပ်မယှက် ရပ်တည်နေ၍ ပွင့်လာမည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြချေ။

‎

‎

‎" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ! "

‎

‎

‎ဧကရာဇ်တစ်ပိုင်းအိုကြီး အလွန်အမင်း မှင်သက်သွားသည်မှာ ဤရလဒ်ကို လုံးဝ မမျှော်လင့်ထားခဲ့ကြောင်း သိသာလှပေသည်။

‎

‎

‎သူ ဘာလို့ ဒီတံခါးကို မဖွင့်နိုင်ရတာလဲ။ ဒါက တကယ့်ကို နားမလည်နိုင်စရာပဲ!

‎

‎

‎" ပွင့်စမ်း! "

‎

‎

‎ဧကရာဇ်တစ်ပိုင်းအိုကြီးသည် ဒေါသတကြီး အော်ဟစ်လိုက်၍ သူ၏ခွန်အားအားလုံးကို နောက်တစ်ကြိမ် စုစည်းကာ တံခါးကို ဖွင့်ရန် ကြိုးစားလိုက်လေသည်။

‎

‎

‎သို့သော် ဤတစ်ကြိမ်၏ ရလဒ်မှာလည်း ယခင်အကြိမ်နှင့် အတိအကျ တူညီနေခဲ့သည်။ ဧကရာဇ်အဆင့် တံခါးကြီးမှာ ခိုင်မြဲစွာ ရပ်တည်နေဆဲဖြစ်ကာ ပွင့်လာမည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိချေ။

‎

‎

‎" ငါ... ငါ ဧကရာဇ် မဖြစ်နိုင်ဘူးလား! "

‎

‎

‎ဤအခိုက်အတန့်တွင်တော့ ထိုဧကရာဇ်တစ်ပိုင်းအိုကြီးမှာ ထိတ်လန့်လာခဲ့လေပြီ။

‎

‎

‎သူသည် အခြားမည်သည့်အရာကိုမျှ စဉ်းစားမနေတော့ဘဲ တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက်ဆိုသလို သူ၏ခွန်အားအားလုံးကို အသုံးပြု၍ ထိုဧကရာဇ်အဆင့် တံခါးကြီးကို ဝင်တိုက်လေတော့သည်။

‎

‎

‎သို့သော် ရလဒ်က သူ့ကို မျှော်လင့်ချက်မဲ့သွားစေခဲ့၏။ သူ မည်သည့်နည်းလမ်းများကို ကြိုးစားအသုံးပြုစေကာမူ ထိုဧကရာဇ်အဆင့် တံခါးကြီးမှာ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မားမားမတ်မတ် ရပ်တည်နေဆဲဖြစ်ကာ ပွင့်လာမည့် အရိပ်အယောင် လုံးဝ မပြခဲ့ချေ။

‎

‎

‎" ငါ ကြိုးစားကြည့်မယ်! "

‎

‎

‎ထိုဧကရာဇ်တစ်ပိုင်းအိုကြီး အကြိမ်ကြိမ် ကြိုးစားပြီးနောက် ရှန်းဟိုင်းအဖွဲ့မှ နောက်ထပ် ဧကရာဇ်တစ်ပိုင်းတစ်ဦး ထိုဧကရာဇ်အဆင့်တံခါးဝထံသို့ ရောက်ရှိလာခဲ့ကာ ယုံကြည်မှုအပြည့်ဖြင့် တံခါးဆီသို့ ပြေးဝင်သွားလေ၏။

‎

‎

‎ဧကရာဇ်တစ်ပိုင်းအိုကြီးက ဒီဧကရာဇ်အဆင့် တံခါးကို မဖွင့်နိုင်ဘူးတဲ့လား။

‎

‎

‎အဲဒါက သူ့ ပြဿနာပဲ ငါနဲ့မဆိုင်ဘူး။ ငါဆိုရင်တော့ သေချာပေါက် အောင်မြင်မှာပဲ!

‎

‎

‎" ဒိုင်း! "

‎

‎

‎သို့သော် ရလဒ်သည် ရှန်းဟိုင်းအဖွဲ့မှ ဒုတိယမြောက် ဧကရာဇ်တစ်ပိုင်းကိုလည်း မှင်သက်သွားစေခဲ့၏။

‎

‎

‎ယခင် ဧကရာဇ်တစ်ပိုင်းအိုကြီးကဲ့သို့ပင် သူသည် အစွမ်းကုန် အားထုတ်ခဲ့သော်လည်း ဧကရာဇ်အဆင့်သို့ သွားရာ တံခါးကြီးကို ဖွင့်နိုင်ခြင်း မရှိခဲ့ချေ။

‎

‎

‎" ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ! "

‎

‎

‎ထိုဧကရာဇ်တစ်ပိုင်းမှာ အရှုံးမပေးလိုဘဲ နောက်ထပ် အကြိမ်များစွာ ကြိုးစားကြည့်ခဲ့၏။

‎

‎

‎သို့သော် ရလဒ်မှာ ပြောင်းလဲမှုမျှ မရှိသေးချေ။

‎

‎

‎ဧကရာဇ်တံခါးကြီးမှာ မလှုပ်မယှက် မားမားမတ်မတ် ရပ်တည်နေကာ သူတို့အတွက် ပွင့်လာရန် လုံးဝ ငြင်းဆန်နေလေသည်။

‎

‎

‎ချက်ချင်းဆိုသလိုပင် ရှန်းဟိုင်းအဖွဲ့မှ တတိယမြောက် ဧကရာဇ်တစ်ပိုင်း၊ စတုတ္ထမြောက်၊ အဋ္ဌမမြောက်.....

‎

‎

‎ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများသည် တစ်ဦးပြီးတစ်ဦး ဧကရာဇ်အဆင့်သို့ ဝင်ရောက်မည့် တံခါးဝသို့ ရောက်ရှိလာကြ၍ ထိုဧကရာဇ်အဆင့် တံခါးကြီးကို ဖွင့်လှစ်ရန်ခဲ့ကြသည်။

‎

‎

‎သို့သော် သူတို့သည် နည်းလမ်းပေါင်းစုံကို အသုံးပြု၍ ခွန်အားအကုန် ထုတ်သုံးခဲ့သော်လည်း ထိုဧကရာဇ်အဆင့် တံခါးကြီးကို အနည်းငယ်မျှ ပွင့်လာအောင်ပင် မလုပ်နိုင်ခဲ့ကြချေ။

‎

‎

‎ထိုဧကရာဇ်အဆင့် တံခါးကြီးသည် သူတို့ကို ရက်စက်စွာ ငြင်းပယ်လိုက်၍ တာအိုကို ရယူခွင့် မပြုခြင်းပင် ဖြစ်လေသည်။

‎

‎

‎ထိုအခါမှသာ ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်းများအားလုံးသည် အစောပိုင်းက ကုချန်၏ ခမ်းနားကြီးကျယ်လှသော အသံကို ပြန်လည်သတိရသွားကြလေတော့သည်။

‎

‎

‎ရှန်းဟိုင်းအဖွဲ့ရဲ့ ဧကရာဇ်တစ်ပိုင်းတွေ မင်းတို့ ဧကရာဇ် မဖြစ်လာစေရဘူး!

‎

‎

‎ဒါ... ဒါတွေအားလုံးက အဲဒီ ကောင်းကင်ဘုံအရှင်သခင်ရဲ့ လက်ချက်များလား!

‎

All Chapters