အခန်း (၄၀၉-၄၁၀)
Vol. 30 Ch. 409-410
အခန်း ( ၄၀၉ ) - ရူးသွပ်နေသော အင်မော်တယ်ဘုရင်၊ ပြီးပြည့်စုံသော ပစ်မှတ်နှင့် ရက်စက်ကြမ်းကြုတ်မှု
" ဝုန်း...! "
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် ချဉ်းကပ်လာသည်ကို အာရုံခံမိသောအခါ ခိုင်မြဲစွာ ရပ်တည်နေခဲ့သော အင်မော်တယ်ဂိတ်တံခါးသည် အချိန်မရွေး ပွင့်လာတော့မည့်အလား အဆက်မပြတ် တုန်ခါသွားလေသည်။
" ဝှီး! "
လေဟာနယ်သည် လှိုင်းထသွား၍ ဖြူဖွေးသော အင်မော်တယ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ယွဲ့လင်အင်မော်တယ်ဘုရင်သည် ကောင်းကင်နှင့်မြေကြီးကြားတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
အင်မော်တယ်ဂိတ်တံခါးဆီသို့ လှမ်းလာသော လက်မောင်းကို မြင်သောအခါ သူ၏ လှပသော မျက်နှာထက်ရှိ အမူအရာမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားလေသည်။
" ယန်ကူ... ရှင် ဘာလုပ်နေတာလဲ "
ယွဲ့လင်မှ တိုးညင်းစွာ မေးမြန်းလိုက်သည်။
" ဘာလုပ်ရမှာလဲ... အောက်ကမ္ဘာက ပုရွက်ဆိတ်တစ်ကောင်က ငါအရှင်ကို ဒေါသထွက်အောင် လုပ်ခဲ့လို့ သူ့ကို သတ်ဖို့ နယ်မြေဖြတ်ကျော်မလို့ပဲ "
သူ၏ကြက်သွေးရောင် မျက်လုံးများသည် ယွဲ့လင်အင်မော်တယ်ဘုရင်ထံသို့ လှည့်ကြည့်လာကာ ၎င်းတို့အတွင်း၌ ထိန်းချုပ်၍မရနိုင်သော ရူးသွပ်မှု အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။
" စိတ်ချပါ ငါအရှင်က မင်းရဲ့ လဝိညာဉ်ကောင်းကင်ဘုံကနေ ယာယီ လမ်းငှားရုံသက်သက်ပါ... ငါ့ရဲ့ ပင်မကိုယ်ခန္ဓာ မဟုတ်ဘဲ လက်မောင်းတစ်ဖက်တည်းနဲ့ နယ်မြေဖြတ်ကျော်မှာမို့ ဒီအင်မော်တယ်ဂိတ်တံခါးကို အက်ကွဲကြောင်းလေးတစ်ခု ဖွင့်ဖို့ပဲ လိုတာ... တကယ်လို့ မင်းက ငါအရှင်ကို တားဆီးရဲတယ်ဆိုရင်တော့ မင်းနဲ့ တစ်ပွဲလောက်ချရဖို့လဲ ငါ ဝန်လေးနေမှာမဟုတ်ဘူး "
သူ၏အင်မော်တယ်မျိုးစေ့ကို ဖျက်ဆီးခဲ့သော အောက်ကမ္ဘာမှ ကောင်သည် ယခင်က ဝမ်လုံကို သတ်ဖြတ်၍ အင်မော်တယ်နယ်မြေသို့ ခိုးဝင်ခဲ့သူနှင့် သေချာပေါက် ဆက်စပ်မှု ရှိရမည်ကို ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် ကောင်းကောင်းကြီး သိထားလေသည်။
သူ၏အစီအစဉ်များကို ဖျက်ဆီး၍ အင်မော်တယ်နယ်မြေသို့ တိတ်တဆိတ် ခိုးဝင်လာသူကို ရှာမတွေ့သည့်အတွက် ယန်ကူသည် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့၏။ ယခု အောက်ကမ္ဘာတွင် သဲလွန်စတစ်ခုကို ရှာတွေ့နေပြီဖြစ်ရာ သူသည် မည်သို့လျှင် လက်ပိုက်ကြည့်နေနိုင်မည်နည်း။
ထို့အပြင် ဤသူသည် သူ ပေးသနားထားခဲ့သော အင်မော်တယ်မျိုးစေ့ အများအပြားကိုပါ ဖျက်ဆီးခဲ့၏။ ထိုသို့သော အတင့်ရဲသည့် လုပ်ရပ်မှာ သူ့အား လုံးဝ အရေးမစိုက်ကြောင်း ရှင်းလင်းစွာ ပြသနေပေသည်။
ထို့ကြောင့် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် ယနေ့တွင် နယ်မြေကို သေချာပေါက် ဖြတ်ကျော်ရမည်ဖြစ်သည်။ ပထမအချက်အနေဖြင့် သူ့ကို ရန်စဝံ့သော ဤမာနထောင်လွှားသည့်ကောင်ကို သတ်ဖြတ်ရန်ဖြစ်ကာ ဒုတိယအချက်မှာ ယခင်က ဝမ်လုံအင်မော်တယ်အရှင်သခင်ကို သတ်ဖြတ်ခဲ့သူနှင့် ပတ်သက်သည့် သဲလွန်စများကို ရှာဖွေရန်ပင် ဖြစ်သည်။
" ဒီ အရူး..... "
သူ၏ ကြက်သွေးရောင် မျက်လုံးများထဲရှိ ရူးသွပ်မှုကို ကြည့်ကာ လဝိညာဉ်အင်မော်တယ်ဘုရင်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်၏။
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ ရူးသွပ်သည့် ဂုဏ်သတင်းကို အင်မော်တယ်နယ်မြေရှိ လူတိုင်းနီးပါး သိရှိထားကြသည်။ သူသည် ရှေးဟောင်းစစ်ပွဲတွင် ပါဝင်ခဲ့သော အင်မော်တယ်ဘုရင်များထဲမှ တစ်ပါးဖြစ်၏။
အင်မော်တယ်နှင့် နတ်ဆိုးနယ်မြေများကြား မဟာစစ်ပွဲကြီး ပြီးဆုံးသွားပြီးနောက် သူသည် အနည်းငယ် ရူးသွပ်သွားခဲ့ရာ အခြားသော အင်မော်တယ်ဘုရင်အများစုမှာ သူနှင့် ဆက်သွယ်ရန် ရှောင်ရှားခဲ့ကြလေသည်။
အင်မော်တယ်ဂိတ်တံခါးသည် သူ၏ လဝိညာဥ်ကောင်းကင်ဘုံ နယ်မြေအတွင်း ရပ်တည်နေခြင်းသာ မဟုတ်ပါက ယွဲ့လင်အင်မော်တယ်ဘုရင်သည် လာရောက်စုံစမ်း၍ ဤအရူးနှင့် ပတ်သက်ရန် ဆန္ဒရှိမည် မဟုတ်ချေ။
သို့သော် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်မှာ ရူးသွပ်နေသော်လည်း သူ၏ စွမ်းအားကိုတော့ အထင်သေး၍ မရနိုင်ပေ။ ချန်းရှီအင်မော်တယ်ဘုရင်နှင့် နှိုင်းယှဉ်လျှင်ပင် သူသည် သိပ်နောက်ကောက်ကျမည် မဟုတ်ချေ။ ထိုသို့သော တည်ရှိမှုမျိုးကို ယွဲ့လင်အင်မော်တယ်ဘုရင်သည် ပြစ်မှားစော်ကားမိခြင်းမျိုး မဖြစ်အောင် ရှောင်ရှားလိုလေ၏။
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် သူ၏ လဝိညာဉ်ကောင်းကင်ဘုံအတွင်း ရူးသွပ်သောင်းကျန်းနေခြင်း မရှိသရွေ့ ယွဲ့လင်အင်မော်တယ်ဘုရင်မှာ သူ့အား ဂရုစိုက်နေမည် မဟုတ်ချေ။
သို့သော် ယွဲ့လင်အင်မော်တယ်ဘုရင်၏ စိတ်နှလုံးထဲတွင် တချို့သော ခံစားချက်များနှင့် ဇဝေဇဝါဖြစ်မှုတို့ ရှိနေခဲ့၏။ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုကို အလန့်တကြားဖြစ်စေ၍ ရူးသွပ်သွားလောက်အောင် ဒေါသထွက်စေရန် အောက်ကမ္ဘာရှိ သက်ရှိများက မည်သည့်အရာများ ပြုလုပ်ခဲ့ကြသနည်း။
ယွဲ့လင်အင်မော်တယ်ဘုရင်မှာ ဘေးသို့ဖယ်ရပ်သွားကာ ဝင်ရောက်စွက်ဖက်မည့်ဟန် မရှိသည်ကို မြင်သောအခါ ယန်ကူ၏ ကြက်သွေးရောင် မျက်လုံးများထဲတွင် ကျေနပ်မှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့၏။
နောက်တစ်ခဏတွင် ကြက်သွေးရောင် မျက်လုံးများမှ ဆန့်ထွက်လာသော လက်မောင်းသည် တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ အင်မော်တယ်ဂိတ်တံခါးဆီသို့ လှမ်းသွားလေတော့သည်။
ထိုလက်မောင်း ချဉ်းကပ်လာသည်နှင့်အမျှ အင်မော်တယ်ဂိတ်တံခါးသည် ပို၍ မြည်ဟည်းတုန်ခါလာပြီးနောက် အက်ကွဲကြောင်းတစ်ခု ပွင့်လာခဲ့လေသည်။
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် တစ်ချိန်က ပေးသနားခဲ့သော အင်မော်တယ်ဘုရင် အမှတ်အသားသည် အင်မော်တယ်တစ်သောင်းမျှော်စင်မှ ဝမ်လုံအင်မော်တယ်အရှင်သခင်အား အောက်ကမ္ဘာတွင် အတားအဆီးမဲ့ ခရီးသွားလာနိုင်ခွင့် ပြုခဲ့၏။ ယခု ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် ကိုယ်တိုင် ဆင်းသက်လာပြီဖြစ်ရာ ပို၍ အခက်အခဲ မရှိနိုင်တော့ချေ။
" ဟင်! "
အဆုံးမဲ့ကမ္ဘာ၏ အထက်ကောင်းကင် တားမြစ်နယ်မြေအတွင်းရှိ ကုချန်သည် အင်မော်တယ်ဂိတ်တံခါး စတင် တုန်ခါလာသည်နှင့်တစ်ပြိုင်နက် ထူးခြားမှုကို အာရုံခံမိလိုက်လေသည်။
အင်မော်တယ်ဂိတ်တံခါးမှ အက်ကွဲကြောင်းတစ်ခု ပွင့်ဟလာသောအခါ ကုချန်သည် အရာအားလုံးကို ချက်ချင်း သိရှိသွားခဲ့၏။
ပထမ၌ သူသည် ဝမ်လုံအင်မော်တယ်အရှင်သခင်ကို အမြစ်ပြတ်ချေမှုန်းခဲ့ပြီးနောက် အင်မော်တယ်မျိုးစေ့ ကိုးစေ့ကိုလည်း လုံးဝ ဖျက်ဆီးပစ်ခဲ့ရာ နောက်ကွယ်တွင် ပုန်းအောင်းနေသော ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် နောက်ဆုံးတွင် ငြိမ်မထိုင်နိုင်တော့ခြင်းလော။
အင်မော်တယ်ဘုရင်တစ်ပါး နယ်မြေဖြတ်ကျော်လာခြင်း.....
အင်မော်တယ်ဂိတ်တံခါးနောက်ကွယ်မှ ဆန့်ထွက်လာတော့မည့် လက်မောင်းကို ခံစားရသော်ငြား ကုချန်တွင် စိုးရိမ်ပူပန်မှု မရှိရုံသာမက စိတ်လှုပ်ရှားမှုများဖြင့်ပင် ပြည့်နှက်သွားလေ၏။
သူ၏ ပင်မကိုယ်ခန္ဓာသည် ပြီးပြည့်စုံသော အင်မော်တယ်အရှင်သခင်အဆင့်သို့ ယခုလေးတင် တက်လှမ်းထားသည်ဖြစ်၍ သူ၏တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ရန် နည်းလမ်းမရှိဖြစ်နေခြင်းကို သူ ညည်းညူနေခဲ့ခြင်း ဖြစ်သည်။
မမျှာ်လင့်ပဲ သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားကို အတိအကျ စမ်းသပ်ရန် ဤရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ကို အသုံးပြုနိုင်တော့မည်။
" ဝုန်း! "
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ လက်မောင်း အင်မော်တယ်ဂိတ်တံခါးကို အပြည့်အဝ ဖြတ်ကျော်လာသည်နှင့် အဆုံးမဲ့ကမ္ဘာတစ်ခုလုံးရှိ မရေမတွက်နိုင်သော သက်ရှိများသည် အဆုံးအစမဲ့ နေရာအနှံ့ ရှိနေသော ထိုအင်မော်တယ်ဘုရင် ချီအငွေ့အသက်ကို ခံစားလိုက်ရလေသည်။
၎င်းသည် ဧကရာဇ်အဆင့်ထက် များစွာ ကျော်လွန်သော အရှိန်အဝါတစ်ခုဖြစ်ရာ သက်ရှိအားလုံးကို ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားစေခဲ့ကာ မရေမတွက်နိုင်သော စကြာဝဠာများနှင့် ကြယ်များကိုလည်း တုန်ရီသွားစေလျက် ပုံမှန်မဟုတ် တောက်ပလာစေခဲ့၏။
ဖီးနစ်ဧကရာဇ်၊ ကျန်းထျန်းဧကရာဇ်နှင့် အခြားသူများပင်လျှင် ဤအရှိန်အဝါ၏ရှေ့မှောက်၌ သူတို့ကိုယ်သူတို့ သေးငယ်သော ဖြစ်တည်မှုအဖြစ် နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရလေသည်။
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ မျက်နှာတွင်မူ ထိတ်လန့်မှုများ ပြည့်နှက်နေကာ ချက်ချင်းပင် အထိတ်တလန့် အော်ဟစ်လိုက်မိ၏။
" အင်မော်တယ်ဘုရင်ရဲ့ ချီအငွေ့အသက် "
ဒါက အင်မော်တယ်ဘုရင် ချီအငွေ့အသက်ပဲ။ သူ လုံးဝ အာရုံခံတာ မမှားခဲ့ဘူး။ ဒါပေမယ့် ဘာလို့ ဒီအဆုံးမဲ့ကမ္ဘာထဲမှာ အင်မော်တယ်ဘုရင်အဆင့် ချီအငွေ့အသက် ပေါ်လာရတာလဲ။
ထို့အပြင် သူ ခံစားရသော အင်မော်တယ်ဘုရင် ချီအငွေ့အသက်မှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေကာ ၎င်း၏ရည်ရွယ်ချက်များမှာလည်း လုံးဝ မကောင်းချေ။
အင်မော်တယ်ဘုရင် ချီ... ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ အထိတ်တလန့် ရေရွတ်သံကို ကြားသောအခါ သူ၏ဘေးရှိ ကုချင်းရွဲ့၊ ကုဝူရှန့်နှင့် အခြားသူများသည်လည်း တုန်လှုပ်သွားကြလေသည်။
ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် ကုမိသားစုဝင်များကို သင်ကြားပြသပေးစဉ်က အရှင်အဆင့်အထက်ရှိ အဆင့်အသီးသီးအကြောင်းကို အကြမ်းဖျင်း ရှင်းပြထားခဲ့ဖူး၏။ ထို့ကြောင့် လူတိုင်းသည် အင်မော်တယ်ဘုရင် ဟူသော ဘွဲ့အမည်နှင့် မစိမ်းသက်လှချေ။
သို့သော် ဤအင်မော်တယ်ဘုရင်အဆင့်ဆိုသည်မှာ အင်မော်တယ်နယ်မြေတွင် အထက်စီးမှ ရပ်တည်နေသော တည်ရှိမှုတစ်ခု မဟုတ်ပါလော။ ဤအဆုံးမဲ့ကမ္ဘာအတွင်းသို့ အဘယ်ကြောင့် ရုတ်တရက် ပေါ်ထွက်လာရသနည်း။
" အရှင်သခင့်ဆီကို... လာတာများလား! "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားသကဲ့သို့ သူ၏နှလုံးမှာ ရုတ်တရက် ခုန်သွားလေသည်။
ရှန်းဟိုင်းအဖွဲ့၏ နောက်ကွယ်မှလူသည် အင်မော်တယ်နယ်မြေနှင့် ဆက်စပ်နေလေသည်။ အရှင်သခင်မှ ရှန်းဟိုင်းအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းပြီးခါစမှာပင် အင်မော်တယ်ဘုရင် ချီအငွေ့အသက်တစ်ခု မြင့်တက်လာကာ နယ်မြေဖြတ်ကျော် ရောက်ရှိလာခဲ့၏။ ထိုနှစ်ခုကြားတွင် ဆက်စပ်မှုမရှိဟု တစ်စုံတစ်ယောက်က ပြောမည်ဆိုလျှင် ကောင်းကင်နတ်သမီးရှောင်းယွဲ့မှာ လုံးဝ ယုံကြည်မည်မဟုတ်ချေ။
ရှန်းဟိုင်းအဖွဲ့၏ နောက်ကွယ်မှလူသည် ဤအင်မော်တယ်ဘုရင် မဟုတ်လျှင်ပင် သူနှင့် သေချာပေါက် ဆက်စပ်နေကြောင်း ရှင်းလင်းနေပေသည်။
" ဒုက္ခပါပဲ! "
ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ စိတ်နှလုံးမှာ ရုတ်တရက် ချောက်နက်ကြီးထဲသို့ ကျဆင်းသွားသကဲ့သို့ ဟာခနဲ ဖြစ်သွားလေ၏။ ဤသည်မှာ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခု ကိုယ်တိုင် ဆင်းသက်လာခြင်းဖြစ်ရာ အင်မော်တယ်အရှင်သခင်နှင့် လုံးဝကို မတူညီချေ။
ချင်းရွဲ့၏ဘိုးဘေးသည် အင်မော်တယ်အရှင်သခင်အဆင့်ကို ဖိနှိပ်ခြေမွရန် လုံလောက်သော တိုက်ခိုက်ရေးစွမ်းအား ရှိနေသည်မှာ မှန်၏။ သို့သော် အင်မော်တယ်အရှင်သခင်ကို ဖိနှိပ်နိုင်ခြင်းနှင့် အင်မော်တယ်ဘုရင်အဆင့် တိုက်ခိုက်ရေးစွမ်းအား ရှိခြင်းမှာ လုံးဝ ကွဲပြားသော အယူအဆနှစ်ခု ဖြစ်သည်။ အင်မော်တယ်အရှင်သခင်ကို ဖိနှိပ်နိုင်သူသည် အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခု၏ သနားညှာတာမှုကင်းမဲ့စွာ ဖိနှိပ်ခြေမွခြင်းကို ခံရမည်သာ ဖြစ်သည်။
အင်မော်တယ်ဘုရင် မဖြစ်လာသေးသရွေ့ ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်၏။ ချင်းရွဲ့၏ ဘိုးဘေးသည် အမှန်တကယ်ပင် အလွန်အစွမ်းထက်သော်လည်း ကာလရှည်ကြာ ကျင့်ကြံခြင်းနှင့် စုဆောင်းခြင်းများကို မဖြတ်သန်းရသေးရာ အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်ရှိသေးချေ။ ယခု စစ်မှန်သော အင်မော်တယ်ဘုရင်တစ်ပါး နယ်မြေဖြတ်ကျော်လာပြီဖြစ်ရာ ချင်းရွဲ့၏ဘိုးဘေးမှာ မည်သို့ တားဆီးနိုင်မည်နည်း။
ကောင်းကင်နတ်သမီးရှောင်းယွဲ့ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေစဉ်မှာပင် နောက်ဆက်တွဲ မြင်ကွင်းသည် သူ၏ခန့်မှန်းချက်ကို အပြည့်အဝ အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။
အလယ်ပိုင်းတိုက်ကြီးဒေသအထက်ရှိ ကောင်းကင်ယံသည် ရုတ်တရက် ကွဲအက်သွားလေသည်။ နောက်တစ်ခဏတွင် သွေးစွန်းနေသော လက်မောင်းတစ်ဖက်သည် ကောင်းကင်ချောက်နက် အက်ကွဲကြောင်းထဲမှ ဖြည်းညင်းစွာ ဆန့်ထွက်လာခဲ့၏။
ထိုလက်မောင်းမှာ သေးငယ်ပုံရသော်လည်း တကယ်တမ်းတွင် လက်ချောင်းတစ်ချောင်းတည်းဖြင့်ပင် အဆုံးမဲ့တိုက်ကြီး တစ်ခုလုံးကို ဖုန်မှုန့်အဖြစ် ချေမွပစ်ရန် လုံလောက်နေပေသည်။
ထိုလက်မောင်း ထွက်ပေါ်လာသည်နှင့်အမျှ လွှမ်းမိုးနိုင်စွမ်းရှိသော အင်မော်တယ်ဘုရင် ချီအငွေ့အသက်များသည်လည်း အဆုံးမဲ့ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့လွှမ်းခြုံသွားလေတော့သည်။
အခန်း ( ၄၁၀ ) - သက်ရှိအားလုံး ထိတ်လန့်သွားခြင်း၊ ပြိုင်ဘက်ကင်း ဧကရာဇ်လက်သီးနှင့် အင်မော်တယ်ဘုရင်အား ရက်စက်စွာ ထိုးကြိတ်ခြင်း
အဆုံးမဲ့ကမ္ဘာရှိ မရေမတွက်နိုင်သော သက်ရှိများသည် ဤမျှ စွမ်းအားကြီးမားသော အရှိန်အဝါမျိုးကို တစ်ခါမျှ မခံစားခဲ့ဖူးချေ။
ယခုလေးတင် ပေါ်ထွက်လာသော သွေးစွန်းနေသည့် လက်မောင်းနှင့် နှိုင်းယှဉ်ပါက အစောပိုင်းက ကပ်ဘေးကို အတူတကွ ဖြတ်ကျော်ခဲ့ကြသည့် ရှန်းဟိုင်းအဖွဲ့မှ ဧကရာဇ်တစ်ပိုင်း ကိုးပါး၏ အရှိန်အဝါမှာ ဖုန်မှုန့်တစ်စက်ကဲ့သို့ သေးငယ်လွန်းလှ၏။
" ဘုရားရေ... ဒါက ဘာကြီးလဲ... ဘာလို့ အဆုံးမဲ့ကမ္ဘာထဲမှာ ရုတ်တရက် ပေါ်လာရတာလဲ "
" အလယ်ပိုင်းတိုက်ကြီး တာအိုနယ်မြေ အထက်မှာ သွေးစွန်းနေတဲ့ လက်မောင်းကြီးတစ်ခု ပေါ်လာတယ် ဟေး... ဒါက ဒဏ္ဍာရီလာ ကောင်းကင်ချောက်နက်ဆီကများလား... ဒါပေမယ့် ကောင်းကင်ချောက်နက်ဆိုတာ အင်မော်တယ်နယ်မြေဆီ သွားတဲ့လမ်း မဟုတ်ဘူးလား... ဘာလို့ ဒီလောက်တောင် နတ်ဆိုးဆန်တဲ့ ခံစားချက်မျိုး ပေးနေရတာလဲ "
" ဒီလက်ဝါးကြီးက ဖြည်းဖြည်းလေး ဆုပ်ကိုင်လိုက်ရုံနဲ့တင် အဆုံးမဲ့ကမ္ဘာတစ်ခုလုံး ပြာကျသွားတော့မလို ခံစားချက်မျိုး ငါ ရနေတယ် "
မရေမတွက်နိုင်သော သက်ရှိများမှာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေကြလေသည်။
အကြောင်းမှာ ဤလက်မောင်းမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အလွန်တရာ စွမ်းအားကြီးမားလွန်းလှသောကြောင့်ပင်။
စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် စွမ်းအားကြီးမားလှ၏။
အတိတ်ကာလက အဆုံးမဲ့ကမ္ဘာကို ကျူးကျော်ခဲ့သော နတ်ဆိုးနယ်မြေ၏ အရှိန်အဝါပင်လျှင် ဤလက်မောင်းတစ်ဖက် ဆင်းသက်လာမှုကြောင့် ဖြစ်ပေါ်လာသော ဖိနှိပ်မှုနှင့် ကြောက်မက်ဖွယ် ခံစားချက်တို့ကို အလျဉ်းမီခြင်း မရှိခဲ့ချေ။
သို့သော် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လက်မောင်းသည် အဘယ်ကြောင်းကြောင့် ဆင်းသက်လာရသနည်း။
" ငါအရှင် ကြည့်ရသေးတာပေါ့..... "
ရှေးဟောင်းဆန်၍ နက်နဲသော လှိုင်းဂယက်များသည် ထိုသွေးစွန်းနေသော လက်မောင်းထံမှ ထွက်ပေါ်လာခဲ့၏။
နောက်တစ်ခဏတွင် ထိုလက်မောင်း၏ လက်ဝါးအလယ်၌ အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်လာကာ ခံစားချက်ကင်းမဲ့နေသော မျက်လုံးတစ်လုံး ပေါ်ထွက်လာ၏။ ထိုမျက်လုံးသည် အဆုံးမဲ့ကမ္ဘာရှိ အရာအားလုံးကို စုံစမ်းစစ်ဆေးနေသည့်အလား ပကတိ ကြည်လင်စူးရှစွာ လှည့်ပတ်ကြည့်ရှုနေလေသည်။
ထို့နောက် မကြာမီမှာပင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် အင်မော်တယ်မျိုးစေ့ ကိုးစေ့၏ အရှိန်အဝါများ ပျောက်ကွယ်သွားသော နေရာကို တိကျစွာ ရှာဖွေတွေ့ရှိသွားခဲ့လေသည်။
ထိုနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ပြန်လည်ပြသခံရပြီးနောက် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ မျက်လုံးထဲသို့ တစ်ချက်မျှ မလွတ်တမ်း ကျရောက်သွားလေ၏။
" ဟင်းဟင်း... ပုရွက်ဆိတ်လေး... မင်းကို ငါ ရှာတွေ့သွားပြီ "
အရာအားလုံးကို သိရှိသွားသောအခါ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် လှောင်ပြုံးပြုံးလိုက်၏။
နောက်တစ်ခဏတွင် သွေးစွန်းနေသော လက်မောင်းသည် ဦးတည်ချက်ကို ပြောင်းလဲလိုက်ကာ အထက်ကောင်းကင် တားမြစ်နယ်မြေဆီသို့ ပြင်းထန်စွာ ဖိချလိုက်လေသည်။
အင်မော်တယ်မျိုးစေ့များ ပျောက်ကွယ်သွားခြင်းမှာ ကုချန်နှင့် ဆက်စပ်နေကြောင်း သူ သေချာပေါက် သိရှိသွားခဲ့ပြီဖြစ်ရာ အချိန်ပိုဖြုန်းတီးလိုခြင်း မရှိတော့သဖြင့် သူ၏လက်ဝါးကို ဆန့်ထုတ်၍ အထက်ကောင်းကင်ဘုံဆီသို့ တည့်မတ်စွာ ချိန်ရွယ်လိုက်ခြင်း ဖြစ်သည်။
အထက်ကောင်းကင်ဘုံဆီကို တကယ်ကြီး လာနေတာပဲ။
ကောင်းကင်ယံနှင့် ကောင်းကင်အလင်းရောင်အားလုံးကို ဖုံးလွှမ်းသွားသော သွေးစွန်းနေသည့် လက်မောင်းကြီးကို ကြည့်လျက် ကောင်းကင်နတ်သမီး ရှောင်းယွဲ့၏ စိတ်နှလုံးမှာ မသာမယာဖြစ်သွားလေတော့သည်။
အစောပိုင်းက သူ၏စိတ်နှလုံးထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ရှိနေသေး၏။
ထိုအင်မော်တယ်ဘုရင်၏ လက်မောင်းသည် ချင်းရွဲ့၏ဘိုးဘေးဆီသို့ လာခြင်းမဟုတ်လောက်ဘူးဟု သူ တွေးတောနေခဲ့သေးသည်။
သို့သော် ရလဒ်မှာ အံ့သြစရာ မရှိခဲ့ချေ။
ဤအင်မော်တယ်ဘုရင် လက်မောင်း၏ ပစ်မှတ်မှာ အမှန်ပင် အထက်ကောင်းကင်ဘုံ ဖြစ်ကာ ချင်းရွဲ့၏ဘိုးဘေးသာ ဖြစ်လေသည်။
ဒီလက်မောင်းက တကယ်ပဲ အထက်ကောင်းကင်ဘုံဆီကို လာနေတာလား။
သွေးစွန်းနေသော လက်မောင်းသည် အရာအားလုံးကို လျစ်လျူရှုကာ အထက်ကောင်းကင် တားမြစ်နယ်မြေဆီသို့ တိုက်ရိုက် ဆုပ်ကိုင်လာသည်ကို မြင်သောအခါ ဒေသငါးခုရှိ သက်ရှိအားလုံးမှာ အစပိုင်းတွင် မှင်သက်သွားခဲ့ကြသည်။
ထို့နောက် သူတစ်ပါးဒုက္ခရောက်သည်ကို ဝမ်းသာသော အကြည့်များနှင့် အထက်ကောင်းကင်ဘုံဆီသို့ အလိုအလျောက် ကြည့်မိသွားကြလေသည်။
" ဟား ဟား ဟား... ဒီလက်မောင်းက အထက်ကောင်းကင်ဘုံဆီကို တကယ်ကြီး လာနေတာလား... အဲဒီ ကောင်းကင်ဘုံအရှင်သခင်က နတ်ရော လူပါ ဒေါသထွက်စေမယ့် အရာတစ်ခုခုကို လုပ်ခဲ့လို့... ဒီလို ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုးကို ဆွဲဆောင်မိတာ သေချာတယ် "
" လူဆိုးတွေမှာလည်း သူတို့ကို နှိပ်စက်မယ့်သူတွေ ရှိစမြဲပဲ... ဒီကောင်းကင်ဘုံအရှင်သခင်က လောကကြီးမှာ မတရားသဖြင့် အုပ်စိုးနေခဲ့တာ ကြာပြီ... နောက်ဆုံးတော့ သူ့ကို အပြစ်ပေးမယ့်သူ ရောက်လာပြီပဲ "
" ဒီလက်မောင်းက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တာ ကောင်းကင်ဘုံအရှင်သခင်က ဘယ်လိုလုပ် ခုခံနိုင်မှာလဲ "
" သူက ရှန်းဟိုင်းအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းတုန်းက မာနထောင်လွှားပြီး အနိုင်ကျင့်ခဲ့တာလေ... အခုတော့ သူနဲ့ အထက်ကောင်းကင်ဘုံပါ လုံးဝ အမြစ်ပြတ်ချေမှုန်းခံရတော့မယ်ဆိုတာကို သူ မသိခဲ့ဘူးပေါ့ "
သူတစ်ပါးဒုက္ခရောက်သည်ကို ဝမ်းသာကာ ပြောဆိုညည်းတွားနေသံများသည် စကြာဝဠာတစ်ခွင် ပဲ့တင်ထပ်သွားလေ၏။
ယခင်က အထက်ကောင်းကင်ဘုံနှင့် ကုချန်အပေါ် ဤသက်ရှိများသည် အမြဲတစေ ဒေါသထွက်ခဲ့ကြသော်လည်း ထုတ်မပြောရဲခဲ့ကြချေ။
ယခု ပိုမိုမြင့်မားသော စွမ်းအားအဆင့်တစ်ခု ရောက်ရှိလာမှုနှင့်အတူ သက်ရှိအားလုံးသည် အထက်ကောင်းကင်အပေါ် ယခင်က ထားရှိခဲ့သော ရိုသေလေးစားမှုများကို ချက်ချင်း ဖယ်ခွာလိုက်ကြ၍ ၎င်းအစား 'ဇာတ်လမ်းကောင်း' ကို စောင့်ကြည့်ကာ ဝမ်းသာအားရ ဖြစ်လာကြလေသည်။
" ငါအရှင်ရဲ့ အကြံအစည်ကောင်းတွေကို ဘယ်လို ပုရွက်ဆိတ်မျိုးက ဖျက်ဆီးဝံ့သလဲဆိုတာ ငါအရှင် ကြည့်ရသေးတာပေါ့ "
သွေးစွန်းနေသော လက်မောင်းကြီးသည် ကောင်းကင်ယံကို ဖြတ်ကျော်ဆန့်တန်းလာကာ အထက်ကောင်းကင် တားမြစ်နယ်မြေဆီသို့ အနိုင်ကျင့် ဗိုလ်ကျစွာ ဖိချလာလေသည်။
၎င်း၏လက်ဝါးအလယ်ရှိ မျက်လုံးသည် အရာအားလုံးမပေါ် ထင်သေးမှုများ ပြည့်နှက်စွာ ကြည့်ရှုနေလေသည်။
သူသည် လက်မောင်းတစ်ဖက်ကိုသာ စေလွှတ်ခဲ့သော်လည်း အောက်ကမ္ဘာမှ ပုရွက်ဆိတ်များအတွက်တော့ သူ၏လက်ဖြင့် သေဆုံးရခြင်းမှာ ကြီးမားသော ဂုဏ်ကျေးဇူးတစ်ခုပင် ဖြစ်ပေ၏။
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ လက်မောင်းသည် ဖြည်းညင်းစွာ ဆင်းသက်လာကာ အထက်ကောင်းကင် တားမြစ်နယ်မြေ တစ်ခုလုံးကို ဆုပ်ကိုင်တော့မည့်အလား ရှိနေလေ၏။
သို့သော် မြင်ကွင်းတစ်ခုသည် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် သံသယ အရိပ်အယောင်တစ်ခုအား ရုတ်တရက် ပေါ်လာစေခဲ့၏။
" ဟင်! "
အထက်ကောင်းကင်ဘုံအတွင်း၌ တင်ပျဉ်ခွေ ထိုင်နေခဲ့သော အမျိုးသားသည် အေးအေးဆေးဆေးပင် မတ်တပ်ရပ်လာသည်ကို သူ မြင်လိုက်ရ၏။
ထိုသူ မတ်တပ်ရပ်လိုက်သောအခါ ကောင်းကင်ဘုံအားလုံး တုန်လှုပ်သွားသကဲ့သို့ပင်။
အဆုံးမဲ့တာအိုများသည် ဆွဲယူခံလိုက်ရ၍ အဆုံးမရှိ ကြည်လင်ပြတ်သားသည့် အစီအရင်စာလုံးများအဖြစ် ပြောင်းလဲကာ သူ၏ကိုယ်ပတ်လည်တွင် ပန်းပွင့်ဖတ်များကဲ့သို့ ကျဆင်းလာခဲ့လေရာ အဆုံးမဲ့တာအိုများမှာ သူ၏ခြေဖဝါးအောက်တွင် နင်းချေခံထားရသည့်အလားပင်။
သူ အံ့အားသင့်လျက် ကြည့်ရှုနေစဉ်မှာပင် အမျိုးသားသည် ရုတ်တရက် လှုပ်ရှားလိုက်၏။
ထိုသူသည် ရဲရင့်၍ ခမ်းနားကြီးကျယ်လှကာ ကွက်တိကျသော လှုပ်ရှားမှုများဖြင့် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလျက် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လက်သီးတစ်ချက်ကို ထိုးချလိုက်လေသည်။
ရှုပ်ထွေးသော သိုင်းကွက်များ မရှိသလို၊ ကမ္ဘာမြေကို တုန်လှုပ်စေမည့် မည်သည့် တာအိုလက်သင်္ကေတများကိုမျှ မဖန်တီးခဲ့ဘဲ ရိုးရှင်းသော လက်သီးတစ်ချက်သာ ဖြစ်သော်လည်း ၎င်း၏ လွှမ်းမိုးနိုင်စွမ်းနှင့် ခွန်အားမှာ အဆုံးအစမဲ့နေလေသည်။
ဤသည်မှာ အထွတ်အမြတ် ဧကရာဇ်စွမ်းအားကို အပြည့်အဝ ဖော်ပြနေသော စစ်မှန်သည့် ဧကရာဇ်လက်သီးတစ်ခု ဖြစ်ပေသည်။
" ဒိုင်း! "
ဧကရာဇ်လက်သီးသည် နောက်မှ ရောက်ရှိလာ၍ သွေးစွန်းနေသော လက်မောင်းကို ပြင်းထန်စွာ ထိုးနှက်လိုက်ရာ ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ သွေးများ ပန်းထွက်သွားကာ လက်မောင်းမှာလည်း ခါးလယ်မှ နှစ်ပိုင်းပြတ်လုမတတ် ဖြစ်သွားစေခဲ့သည်။
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် နာကျင်မှုကို ခံစားလိုက်ရသော်လည်း သူ မတုံ့ပြန်နိုင်မီမှာပင် ဧကရာဇ်လက်သီးမှာ နောက်တစ်ကြိမ် ထိုးနှက်လာပြန်၏။ ဤတစ်ကြိမ်တွင် သူ၏ လက်ဝါးအလယ်ရှိ မျက်လုံးကို ထိမှန်သွားရာ မျက်လုံးမှာ ချက်ချင်း ပေါက်ကွဲထွက်သွား၍ ညစ်ညမ်းသော သွေးအိုင်ကြီးအဖြစ် ပြောင်းလဲသွားကာ ကမ္ဘာမြေတစ်ခွင်သို့ ပက်ဖြန်းသွားလေတော့သည်။
" အား! "
တဖြည်းဖြည်း ပြင်းထန်လာသော နာကျင်မှုမှာ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်အား တိုးညင်းစွာ အော်ဟစ်လိုက်စေ၏။
ထိုအချိန်၌ မရေမတွက်နိုင်သော တာအိုသံကြိုးများ လေဟာနယ်ထဲမှ ထွက်ပေါ်လာကာ သံချပ်ကာအင်္ကျီကဲ့သို့ သူ၏လက်မောင်းကို အထပ်ထပ် ဖုံးအုပ်သွားလေသည်။
သို့သော် ထိုအရာအားလုံးကို ရင်ဆိုင်ရချိန်တွင် ထိုအမျိုးသားသည် မတုန်မလှုပ် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ လက်သီးတစ်ချက် ထပ်မံထိုးချလိုက်ပြန်၏။
လက်သီးအလင်းတန်းမှာ တောက်ပလွန်းလှသဖြင့် ကောင်းကင်ဘုံအားလုံးကို လွှမ်းမိုးသွားလေသည်။
ထိုအခါ အဆုံးမဲ့ တာအိုသံကြိုးများမှာ စက္ကူကဲ့သို့ ပျော့ဖတ်သွား၍ ချက်ချင်းပင် ပြိုကျပျက်စီးသွားကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေသည်။
ထို့အပြင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ လက်မောင်းသည် ဤဧရာမ စွမ်းအားကြီး၏ ဝင်ရောက်တိုက်ခိုက်မှုကို လုံးဝ မခံနိုင်တော့ဘဲ လက်မောင်းတစ်ခုလုံး ချက်ချင်းပင် နှစ်ပိုင်း ပေါက်ကွဲထွက်သွားလေတော့သည်။
ပြတ်ထွက်သွားသော လက်မောင်းမှာလည်း ကောင်းကင်ချောက်နက်ဆီသို့ နောက်ပြန်လွင့်စဉ်သွားလေ၏။
" မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး "
နာကျင်စွာ အော်ဟစ်သံများကြားတွင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏အသံမှာ မယုံကြည်နိုင်မှုများနှင့် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေလေသည်။
ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူ့အတွက် အိပ်မက်တစ်ခုလိုပင် ဖြစ်နေ၏။
သူ့ဘက်မှ ပုရွက်ဆိတ်တစ်ကောင်အဖြစ် သတ်မှတ်ထားသော တည်ရှိမှုတစ်ခုသည် သူ့အား လက်သီးနှစ်ချက် သုံးချက်လောက်ဖြင့် ပေါက်ကွဲလုမတတ် ဖြစ်အောင် လုပ်နိုင်ခဲ့သည်တဲ့လော။
ဒီအောက်ကမ္ဘာမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုးက ဘယ်လိုလုပ် ပေါ်လာနိုင်ရတာလဲ။
" မင်းလည်း အင်မော်တယ်ဘုရင်တစ်ပါးပဲ "
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ကုချန်၏အဆင့်ကို ကောက်ချက်ချလိုက်နိုင်လေသည်။
အင်မော်တယ်ဘုရင်သာ မဟုတ်လျှင် သူ့ကို သွေးထွက်အောင် မည်သို့ လုပ်နိုင်မည်နည်း။
ဒါပေမဲ့ ဒီအောက်ကမ္ဘာမှာ အင်မော်တယ်ဘုရင်တစ်ပါး ဘယ်လိုလုပ် ပေါ်လာနိုင်ရတာလဲ။
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ စိတ်ထဲတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေ၏။ သို့သော်လည်း သူ မတုံ့ပြန်နိုင်မီမှာပင် ကြောက်မက်ဖွယ်ကောင်း၍ အဆုံးအစမဲ့သော ဧကရာဇ်လက်သီးသည် နောက်တစ်ကြိမ် ချဉ်းကပ်လာလေ၏။ ဤသည်မှာ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ကို ပေါက်ကွဲထွက်သွားစေရန် ရည်ရွယ်ထားသည့်အတိုင်းပင်။
" အရင် ထွက်ပြေးမှပဲ! "
ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်မှာ ထိုမြင်ကွင်းကြောင့် လန့်ဖြန့်သွားခဲ့ရ၏။
အောက်ကမ္ဘာတွင် ပုန်းကွယ်နေသော အင်မော်တယ်ဘုရင်တစ်ပါး။ ဤသည်မှာ သူ မျှော်လင့်ချက်ထားသည်ထက် လုံးဝ ကျော်လွန်နေခဲ့၏။ ထို့ကြောင့် သူသည် လှည့်ကွက်တစ်ခုခု ပါဝင်နေမည်ကို စိုးရိမ်၍ အင်မော်တယ်နယ်မြေသို့ ဦးစွာ ပြန်သွားပြီးမှ အစီအစဉ်ဆွဲရန် ဆုံးဖြတ်လိုက်လေသည်။
သို့သော် ထိုအခိုက်၌ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် လုံးဝ မမျှော်လင့်ထားခဲ့သောအရာတစ်ခု ဖြစ်လာခဲ့၏။
ထိုအရာမှာ ဧကရာဇ်လက်သီးသည် တဖန်ပြန်လည် ချဉ်းကပ်လာသော်ငြား သူ၏လက်မောင်းကို မထိုးနှက်တော့ဘဲ လက်ဝါးအဖြစ် ပြောင်းလဲသွားကာ သူ၏လက်မောင်းအား ရုတ်တရက် ဖမ်းဆုပ်လိုက်ခြင်းပင်ဖြစ်လေသည်။