← Chapters

အခန်း (၄၁၁-၄၁၂)

Vol. 30 Ch. 411-412

အခန်း (၄၁၁-၄၁၂)

Vol. 30 Ch. 411-412

‎အခန်း ( ၄၁၁ ) - အပြတ်အသတ်ချေမှုန်းခံရခြင်း၊ ယွဲ့လင် အံ့အားသင့်သွားကာ လက်တစ်ဖက်စတေး၍ အသက်ရှင်လွတ်မြောက်သွားခြင်း

‎

‎

‎

‎ဧကရာဇ်လက်သီးသည် တဖြည်းဖြည်း နီးကပ်လာရင်းမှ ရုတ်တရက် လက်ဝါးအသွင်ပြောင်းသွားကာ ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ သွေးသံရဲရဲလက်မောင်းအား တင်းကျပ်စွာဆုပ်ကိုင်၍ အနောက်သို့ အားကုန်ဆွဲချလိုက်လေသည်။

‎

‎

‎ဤသည်မှာ သူ့အား အင်မော်တယ်တံခါးဝမှ အပြီးတိုင် ဆွဲထုတ်ရန် ရည်ရွယ်နေသကဲ့သို့ပင်။

‎

‎

‎" မင်း သတ္တိတော်တော်ကောင်းနေပါလား "

‎

‎

‎သူ၏လက်မောင်းအား ကုချန် ဖမ်းဆုပ်ထားသဖြင့် ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်မှာ ခဏတာမျှ မလှုပ်ရှားနိုင်ဖြစ်သွားသဖြင့် အံ့သြဒေါသထွက်သွားရ၏။

‎

‎

‎အင်မော်တယ်နယ်မြေသို့ ယာယီဆုတ်ခွာရန် သူပြင်ဆင်ထားပြီးဖြစ်သော်လည်း ထိုသူမှာ လုံးဝအလျှော့မပေးဘဲ သူ့အား အဖက်မတန်သကဲ့သို့ ဆက်ဆံနေသည့်အပြင် ကြမ်းကြုတ်နေဆဲဖြစ်ရာ သူ့အား ဒီအတိုင်းထွက်သွားခွင့်မပြုရန် ပြင်ဆင်ထားသည်မှာ သေချာသောကြောင့် အံ့အားသင့်၍ ဒေါသထွက်ခဲ့ရခြင်း ဖြစ်လေသည်။

‎

‎

‎" ငါ့ကို ဒေါသထွက်အောင်လုပ်ရင် တန်ရာတန်ကြေး ပေးဆပ်ရလိမ့်မယ် "

‎

‎

‎အံ့သြမှုနှင့် ဒေါသတို့ ရောယှက်နေစဉ်၌ ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် ထွက်ပြေးရန်ပင် ဂရုမစိုက်နိုင်တော့ချေ။ သူ၏ သွေးသံရဲရဲလက်မောင်းပေါ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ရုတ်တရက် ထွက်ပေါ်လာ၏။

‎

‎

‎အက်ကွဲကြောင်း တစ်ခုစီတိုင်းမှ ကြက်သွေးရောင်မျက်လုံးများ ဖြည်းညင်းစွာ လင်းလက်လာလျက် ကုချန်ထံသို့ တစ်ပြိုင်နက်တည်း စိုက်ကြည့်နေကြလေသည်။

‎

‎

‎" ဝှစ်...! "

‎

‎

‎ထိုကြက်သွေးရောင်မျက်လုံးများ၏ အကြည့်များ ကျရောက်ရာရှိ လေဟာနယ်များပင်လျှင် အက်ကွဲသွားတော့၏။

‎

‎

‎လေဟာနယ်ထဲတွင် သဏ္ဍာန်မဲ့ တာအိုအက္ခရာများ စုစည်းသွား၍ စစ်မှန်သော နဂါးတစ်ကောင်ကဲ့သို့ ဧရာမ တာအိုသံကြိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကုချန်အား ချည်နှောင်ရန် ပြင်းထန်စွာ တိုးဝင်လာလေသည်။

‎

‎

‎" မင်းရဲ့စွမ်းရည်က ဒီလောက်လေးပဲလား "

‎

‎

‎အင်မော်တယ်ဘုရင်၏ တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ကုချန်၏ မျက်နှာထားမှာ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း အလျင်းမရှိဘဲ တည်ငြိမ်နေလေသည်။

‎

‎

‎သူသည် လွတ်နေသော အခြားလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ရိုးရှင်းထက်မြတ်စွာ လှုပ်ရှားမှုလျက် ရှေ့သို့ တွန်းထုတ်လိုက်၏။

‎

‎

‎မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏လက်ဝါးမှ တိုင်းဆ၍မရနိုင်လောက်သော ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာကာ ထိုတာအိုသံကြိုးကြီးအား အပိုင်းအစများအဖြစ် ချက်ချင်း ရိုက်ချိုးပစ်လိုက်လေသည်။

‎

‎

‎" ငါကိုယ်တော်က မင်းကို ဒီလာခဲ့လို့ ပြောတယ်လေ... မကြားဘူးလား "

‎

‎

‎ကုချန်သည် အေးစက်စွာ ပြောဆိုလိုက်လျက် သူ၏လက်ထဲသို့ အားပိုထည့်လိုက်၏။

‎

‎

‎အင်မော်တယ်နယ်မြေမှ ဆန့်ထုတ်ထားသော လက်မောင်းမှာ ထိန်းချုပ်မှု ကင်းမဲ့သွားသကဲ့သို့ ဖြစ်သွားလျက် ရှေ့သို့ သိသိသာသာ အကြမ်းပတမ်း ဆွဲခေါ်ခံလိုက်ရ၏။

‎

‎

‎ထို့နောက် ကုချန်၏ အခြားလက်တစ်ဖက်သည် လက်သီးအဖြစ် ချက်ချင်းပြောင်းသွားကာ အင်မော်တယ်ဘုရင်၏ လက်မောင်းကို အကြိမ်ကြိမ် ထိုးကြိတ်တော့သည်။

‎

‎

‎" ဘန်း! ဘန်း! ဘန်း! "

‎

‎

‎ဧကရာဇ်လက်သီး၏ လွှဲယမ်းမှုကို မည်သည့်အရာကမျှ မတားဆီးနိုင်ပေ။

‎

‎

‎အင်မော်တယ်ဘုရင်၏ လက်မောင်းမှာ စိစိညက်ညက် ကျေမွသွား၍ အသားစများနှင့် သွေးများပင် ပန်းထွက်လာ၏။

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်အား ပို၍ ထိတ်လန့်စေခဲ့သောအရာမှာ သူ၏လက်မောင်းမှတစ်ဆင့် ဝင်ရောက်လာသော ဧရာမစွမ်းအားကြီးပင် ဖြစ်သည်။ သူ မည်မျှပင် ခုခံစေကာမူ အနည်းငယ်မျှပင် တားဆီးနိုင်ခြင်း မရှိချေ။ သူ၏ခန္ဓာကိုယ်မှာ အင်မော်တယ်တံခါးအနောက်ဘက်မှ ဆွဲထုတ်ခံရတော့မည့်အလား အင်မော်တယ်တံခါးဆီသို့ ဆက်တိုက်ဆွဲခေါ်ခံနေရသည်ကို အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။

‎

‎

‎" မင်းက တကယ်ပဲ ဘယ်သူလဲ "

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်မှာ တုန်လှုပ်သွားရလေ၏။

‎

‎

‎ဤလူမှာ မည်သူနည်း။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားခြင်းက အောက်ကမ္ဘာမှ သက်ရှိတစ်ဦး ရောက်ရှိနိုင်သည့် အဆင့်မျိုး လုံးဝ မဟုတ်ပေ။

‎

‎

‎အင်မော်တယ်နှင့် နတ်ဆိုးနယ်မြေတို့ကြားရှိ ရှေးဟောင်းစစ်ပွဲကာလအတွင်းမှာပင် ဤမျှ ကြောက်စရာကောင်းသော တည်ရှိမှုမျိုးမှာ လွန်စွာရှားပါးလှ၏။

‎

‎

‎သူသာမက အဆုံးမဲ့ကမ္ဘာတစ်ခုလုံးမှာလည်း ယခုအချိန်၌ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။

‎

‎

‎မရေမတွက်နိုင်သော သက်ရှိများမှာ လည်ပင်းညှစ်ခံထားရသကဲ့သို့ ပါးစပ်အဟောင်းသားဖြစ်နေကြကာ မည်သည့်အသံမျှ ထွက်မလာနိုင်ကြချေ။

‎

‎

‎အင်မော်တယ်ဘုရင် ဆင်းသက်လာချိန်က ကုချန်သည် သူ ရင်မဆိုင်နိုင်သော ကြောက်မက်ဖွယ်ရန်သူတစ်ဦးကို သွားဆွမိပြီဟု ထင်မှတ်ကာ လူအများအပြားက ကျေနပ်နေခဲ့ကြသေးသည်။

‎

‎

‎သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် အမှန်တရားက သူတို့၏မျက်နှာများကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်လေပြီ။

‎

‎

‎ဤမျှ စွမ်းအားကြီးမား၍ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုပင်လျှင် ဤကောင်းကင်ဘုံအရှင်သခင်၏ ရှေ့မှောက်၌ အလွန် အားနည်းနေဆဲပင် ဖြစ်လေသည်။

‎

‎

‎လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဧကရာဇ်မဟာမိတ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းခဲ့သည့် အချိန်ကကဲ့သို့ပင်။ ဤကောင်းကင်ဘုံအရှင်သခင်သည် တကယ်ပင် မည်မျှအထိ စွမ်းအားကြီးမားနေသနည်း။

‎

‎

‎" အရှင်သခင်... သူက အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်နေပြီကိုး..... "

‎

‎

‎ကောင်းကင်တားမြစ်နယ်မြေအတွင်းရှိ ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် ကုချန်၏ အကြမ်းပတမ်း ထိုးကြိတ်ခြင်းကို ခံနေရသော အင်မော်တယ်ဘုရင်အား မော့ကြည့်နေကာ သူ၏ လှပသော မျက်လုံးများထဲတွင် အံ့သြမှုတို့ ပြည့်နှက်နေလေသည်။

‎

‎

‎စစ်မှန်တဲ့ အင်မော်တယ်ဘုရင်တစ်ပါး!

‎

‎

‎သို့တိုင် ယခုအခါ အရှင်သခင်၏ ဖိနှိပ်ထိုးကြိတ်ခြင်းကို ခံနေရ၏။ ဤသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။

‎

‎

‎အရှင်သခင်သည်လည်း အင်မော်တယ်ဘုရင်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သော်ငြား အင်မော်တယ်ဘုရင်အဆင့်အတွင်း၌ပင်လျှင် သူ၏စွမ်းအားကို လျှော့တွက်၍ မရနိုင်ချေ။

‎

‎

‎အချိန်မည်မျှပင် ကုန်လွန်သွားခဲ့ပြီနည်း။ ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှာ စိတ်ထဲမှ တိတ်တဆိတ် ညည်းတွားမိလေသည်။

‎

‎

‎ချင်းရွဲ့၏ ဘိုးဘေးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သူသည် ဧကရာဇ်အဆင့် ကျင့်ကြံမှုသာ ရှိခဲ့ကြောင်း သူ သေချာ မှတ်မိနေသေးသည်။

‎

‎

‎ထိုအချိန်မှစ၍ အချိန်မည်မျှကြာသွားခဲ့ပြီနည်း။ နှစ်တစ်သောင်းပင် မပြည့်သေးပေ။ သို့သော် ထိုသူသည် ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ်ဘုရင်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်နေပြီဖြစ်သည်။

‎

‎

‎ဤသည်က သူ တစ်ဘဝလုံး ကျင့်ကြံခဲ့သမျှမှာ အလဟဿဖြစ်သွားသကဲ့သို့ ခံစားလိုက်ရစေသည်။

‎

‎

‎ဤသည်မှာ ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ စစ်မှန်သော အလားအလာများလော။

‎

‎

‎ကောင်းကင်နတ်သမီး ရှောင်းယွဲ့သည် မတွေးဘဲ မနေနိုင်တော့ချေ။ အင်မော်တယ်နယ်မြေ၌ပင်လျှင် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်သည့် တည်ရှိမှုများမှာ ဖီးနစ်ငှက်၏ အမွေးအမြှင်နှင့် နဂါး၏ အကြေးခွံများကဲ့သို့ အလွန်ပင် ရှားပါးလှ၏။

‎

‎

‎ထို့ကြောင့် သူသည် ယခင်က ဧကရာဇ်အဆင့်နှင့် ပတ်သက်သော ဒဏ္ဍာရီများကိုသာ ကြားဖူးခဲ့၍ ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့ဖူးပေ။

‎

‎

‎စစ်မှန်သော ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုသည် ဤမျှအထိ ကြောက်စရာကောင်းနိုင်သလော။

‎

‎

‎မဟုတ်ပေ။ ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုအနေဖြင့် အင်မော်တယ်ဘုရင်၏ တာအိုကို ရရှိနိုင်သည့် အလားအလာရှိလျှင်တောင်မှ ဤမျှ သဘာဝလွန်ကာ အလွန်အကျွံ ဖြစ်နေမည် မဟုတ်ချေ။ အမှန်တကယ် ကြောက်စရာကောင်းသူမှာ ချင်းရွဲ့၏ဘိုးဘေးသာ ဖြစ်ရမည်။

‎

‎

‎အင်မော်တယ်တံခါး၏ အခြားတစ်ဖက်၌ကား.....

‎

‎

‎" ဘုန်း! "

‎

‎

‎သွေးသံရဲရဲ လက်မောင်းကြီးမှာ ကုချန်၏အနောက်သို့ ဆက်တိုက် ဆွဲယူခြင်းကို ခံနေရစဉ်မှာပင် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ စစ်မှန်သော ရုပ်သွင်မှာ ထင်ရှားလာတော့သည်။

‎

‎

‎သူသည် ကြက်သွေးရောင် တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားကာ နဖူးပေါ်တွင် ကြက်သွေးရောင် ဒေါင်လိုက်မျက်လုံးတစ်လုံးပါရှိသည့် တာအိုကျင့်ကြံသူတစ်ဦး ဖြစ်၏။

‎

‎

‎ဤအချိန်၌ သူ၏ခန္ဓာကိုယ်မှာ ထိန်းချုပ်မရနိုင်လောက်အောင် အင်မော်တယ်တံခါးဆီသို့ နီးကပ်လာနေသည်။ သူ၏ရှေ့ရှိ အင်မော်တယ်တံခါးသည် သူ့တစ်ကိုယ်လုံးအား မျိုချတော့မည့် တွင်းနက်ကြီးတစ်ခုနှင့် တူနေလေသည်။

‎

‎

‎" အား...! "

‎

‎

‎သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၍ သူ၏ခန္ဓာကိုယ်ကို အနောက်သို့ ပြန်ဆွဲယူရန် အစွမ်းကုန် ရုန်းကန်နေသည်မှာ အင်မော်တယ်တံခါးမှ လွတ်မြောက်ချင်နေဟန်ရှိ၏။

‎

‎

‎သို့သော် အင်မော်တယ်တံခါး၏ အခြားတစ်ဖက်မှ စွမ်းအားသည် သူ၏စွမ်းအားထက် များစွာ သာလွန်နေလေရာ သူ မည်မျှပင် ရုန်းကန်စေကာမူ အင်မော်တယ်တံခါးဆီသို့ တဖြည်းဖြည်း နီးကပ်သွား‌နေသည်ကိုမူ မပြောင်းလဲနိုင်ခဲ့ပေ။

‎

‎

‎" ဒါက..... "

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင် အင်မော်တယ်တံခါးဆီသို့ ဆက်တိုက် နီးကပ်သွားသည်ကို အဝေးမှ စောင့်ကြည့်နေသော ယွဲ့လင်အင်မော်တယ်ဘုရင်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးမှုနှင့် နားမလည်နိုင်မှုတို့ ပြည့်နှက်နေလေ၏။

‎

‎

‎ထိုသူ မည်သည့်အရာနှင့် ကြုံတွေ့နေရသည်ကို သူ နားမလည်နိုင်ချေ။ အဘယ်ကြောင့် တစ်စုံတစ်ယောက်နှင့် နပန်းလုံးနေသကဲ့သို့ ဖြစ်နေရသနည်း။

‎

‎

‎အောက်ကမ္ဘာတွင် ထိုသူ့ကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် တည်ရှိမှုမျိုး ရှိနေနိုင်သလော။

‎

‎

‎အဲဒါ အောက်ကမ္ဘာလေ... အဲ့ဒီလူကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ တည်ရှိမှုမျိုး ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှာ လုံးဝကို အံ့အားသင့်တွေဝေသွား၍ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်တော့ချေ။ ထိုအချိန်တွင် အလယ်ဗဟို၌ ရောက်ရှိနေသော ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်၏ တုန်လှုပ်မှုမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

‎

‎

‎" ငါအရှင်ကို စောင့်နေလိုက်စမ်း "

‎

‎

‎သူ သွားကိုကြိတ်ကာ ခြိမ်းခြောက်စကား ဆိုလိုက်ပြီးနောက် မျက်လုံးထဲတွင် ပြင်းထန်သော အလင်းရောင်တစ်ခု လင်းလက်သွားလေ

‎၏။

‎

‎

‎နောက်တစ်ခဏ၌ သူသည် သူ၏အခြားလက်တစ်ဖက်ကို မြှောက်လိုက်၍ လက်ချောင်းများကို ဓားတစ်လက်သဖွယ် ပြုလုပ်ကာ အင်မော်တယ်တံခါးထဲသို့ ဆွဲသွင်းခံနေရသော လက်မောင်းကို ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။

‎

‎

‎" ရွှစ်! "

‎

‎

‎လက်ဝါးဓားသည် ကောင်းကင်ဓားတစ်လက်ကဲ့သို့ ကျဆင်းလာလျက် သူ၏လက်မောင်းကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်၏။

‎

‎

‎ဤအရေးကြီးသော အခိုက်အတန့်တွင် အသက်ရှင်လွတ်မြောက်ရန်အတွက် သူ၏လက်တစ်ဖက်ကို အမှန်တကယ်ပင် စတေးလိုက်လေပြီ။

‎

‎

‎သူ၏ဘေးတွင်ရှိနေသော ယွဲ့လင်အင်မော်တယ်ဘုရင်မှာလည်း လုံးလုံးလျားလျား ဆွံ့အသွားတော့သည်။ အောက်ကမ္ဘာတွင် မကောင်းဆိုးဝါး အင်မော်တယ်ဘုရင်အား ဤမျှအထိ ဖိအားပေးနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုမျိုး အဘယ်ကြောင့် ရှိနေရသနည်း။

‎

‎

‎...

‎

‎

‎" အသက်ရှင်ဖို့ လက်တစ်ဖက်ကို စတေးလိုက်တာလား "

‎

‎

‎ရုတ်တရက် ငြိမ်သက်သွားသော လက်မောင်းကို ကြည့်လျက် ကုချန်သည် လက်ဝါးတစ်ချက်တည်းဖြင့် ထိုလက်မောင်းအား ဖုန်မှုန့်များအဖြစ် အစိတ်စိတ်အမွှာမွှာ ကြေမွသွားအောင် ပေါ့‌ပါးစွာပင် ရိုက်ခွဲလိုက်၏။ ထို့နောက် ကောင်းကင်ချောက်နက်၏ အနက်ရှိုင်းဆုံးနေရာတွင် အတင်းအကျပ် ပိတ်သွားသော အင်မော်တယ်တံခါးကို ကြည့်လိုက်ရာ သူ၏နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာလေသည်။

‎

‎

‎" ငါကိုယ်တော်က မင်းကို ထွက်သွားခွင့် မပြုထားဘူး... အဲ့တော့ မင်းလက်တစ်ဖက် ဆုံးရှုံးသွားရင်တောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး "

‎

‎အခန်း ( ၄၁၂ ) - အရိပ်သဖွယ် ကပ်လိုက်လာပြီး စကြဝဠာ၏ စွမ်းအားကို အသုံးပြုသူကား မည်သူနည်း

‎

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်သည် လွန်စွာပြတ်သား၏။ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရိပ်မိသည်နှင့် ကုချန်နှင့် ဆက်မချေပတော့ဘဲ ရေရှည်အတွက် ကြံစည်ရန် လက်တစ်ဖက်ကို စတေး၍ အသက်ရှင်လွတ်မြောက်ရန် ပြတ်သားစွာ ရွေးချယ်ခဲ့သည်။

‎

‎

‎ဤသည်မှာ ကုချန်အား မယှဉ်နိုင်ဟု သူယူဆ၍ မဟုတ်ပေ။ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရကာ အလျင်စလို ဆက်လက်တိုက်ခိုက်နေပါက ကုချန်၏ ထောင်ချောက်အတွင်း ကျရောက်သွားနိုင်သောကြောင့် ဖြစ်သည်။ အောက်ကမ္ဘာ၌ စစ်ကင်းမချချင်သလို နွံမနစ်ချင်သောကြောင့် သူ ပြတ်ပြတ်သားသား ဆုတ်ခွာလိုခဲ့ခြင်း ဖြစ်လေသည်။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်သူများမှာ ပုံမှန်အားဖြင့် မဆင်မခြင် လုပ်တတ်သူများ မဟုတ်ကြပေ။ သို့သော် အသက်ရှင်ရန်အတွက် လက်တစ်ဖက်ကို စတေးလိုက်ရခြင်းက သူ့အတွက်တော့ ပြောမပြနိုင်လောက်အောင် အရှက်ရစေသည့် ကိစ္စပင် ဖြစ်၏။

‎

‎

‎သူသည် ကောင်းကင်ဘုံအလုံးစုံကို အပေါ်စီးမှ ကြည့်နိုင်စွမ်းရှိသည့် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်သော်လည်း ယခုအခါ လက်တစ်ဖက်ကို ဖိအားပေး အဖြတ်ခံလိုက်ရသည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ အလွန်ပင် အရှက်ရစရာကောင်းလှလေသည်။

‎

‎

‎" မင်းရဲ့ နောက်ခံကို စုံစမ်းပြီးတာနဲ့ မင်းနဲ့ တစ်ပွဲပြန်ချမယ် "

‎

‎

‎သူ၏ရှေ့တွင် တဖြည်းဖြည်း ပိတ်သွားသော အင်မော်တယ်တံခါးကို ကြည့်ကာ အင်မော်တယ်ဘုရင်၏ မျက်လုံးများမှာ မှိုင်းညို့သွား၍ စိတ်ထဲမှ နာကြည်းစွာ ကြိမ်းဝါးလိုက်၏။

‎

‎

‎ဤအင်မော်တယ်တံခါးကို ရှေးခေတ်က အင်မော်တယ်နှင့် နတ်ဆိုးနယ်မြေတို့၏ စစ်ပွဲအပြီးတွင် အင်မော်တယ်ဘုရင်များအားလုံး ပူးပေါင်းတည်ဆောက်ခဲ့ခြင်းဖြစ်ရာ ကုချန်မှ တံခါးကိုဖြတ်၍ လိုက်လာမည်ကို သူ မကြောက်ရွံ့ပေ။

‎

‎

‎ထိုစဉ်က သဘောတူညီချက်အရ အကယ်၍ စွမ်းအားကြီးရန်သူတစ်ဦး တံခါးကို ဖြတ်ကျော်လာပါက အင်မော်တယ်ဘုရင်များအားလုံး ပူးပေါင်းတိုက်ခိုက်ရမည်ဖြစ်သည်။ အမှန်တော့ ကုချန် ဒေါသအလျောက် တံခါးကို ဖြတ်ကျော်လိုက်လာမည်ကိုပင် သူ မျှော်လင့်နေမိ၏။ ထိုသို့ဆိုလျှင် အခြားအင်မော်တယ်ဘုရင်များနှင့် ပူးပေါင်းကာ ကုချန်အား သတ်ဖြတ်ရန် အကြောင်းပြချက် ရသွားမည်ဖြစ်လေသည်။

‎

‎

‎သို့သော်... ဤလူမှာ တကယ်ပင် မည်သူနည်း။

‎

‎

‎ကုချန်နှင့် ရင်ဆိုင်ခဲ့ရသည့် အခိုက်အတန့်များကို ပြန်တွေးမိချိန်တွင် သူ၏မျက်လုံးများမှာ တဖျပ်ဖျပ် လက်သွား၏။

‎

‎

‎အစမှအဆုံးတိုင် ကုချန်သည် မည်သည့် အင်မော်တယ်ဘုရင်၏ လျှို့ဝှက်ပညာရပ်ကိုမျှ ထုတ်သုံးမသွားခဲ့ပေ။ ထိုသူသည် ဧကရာဇ်လက်သီးများကိုသာ လွှဲယမ်းကာ အရပ်မျက်နှာအနှံ့ ထိုးကြိတ်ခဲ့၏။ သို့တိုင် သူ၏စိတ်ထဲတွင် မမေ့နိုင်စရာ ကြောက်မက်ဖွယ် အမှတ်တရတစ်ခုကို ချန်ရစ်ပေးသွားနိုင်ခဲ့သည်။

‎

‎

‎သူသိထားသမျှ အင်မော်တယ်ဘုရင်များကို စိတ်ထဲမှ အစဉ်လိုက် ပြန်တွေးကြည့်သော်လည်း မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ဤအောက်ကမ္ဘာမှလူနှင့် ကိုက်ညီခြင်း မရှိချေ။

‎

‎

‎ထို့အပြင် ကုချန် စတင်တိုက်ခိုက်စဉ်က ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများမှာ နတ်ဆိုးနယ်မြေမှ အင်မော်တယ်ဘုရင်တစ်ပါး၏ ချီစွမ်းအင်မျိုး မဟုတ်ပေ။ ဤအချက်က သူ့ကို ပို၍ ဇဝေဇဝါ ဖြစ်စေ၏။ ဤလူသည် နတ်ဆိုးနယ်မြေမှ မဟုတ်သလို သူသိထားသော အင်မော်တယ်နယ်မြေမှ အင်မော်တယ်ဘုရင်တစ်ပါးလည်း မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူသည် မည်သူဖြစ်နိုင်မည်နည်း။

‎

‎

‎" ငါ ပြန်ရောက်တာနဲ့ ဒီကိစ္စကို အသေးစိတ် ပြန်စဉ်းစားရမယ် "

‎

‎

‎ဘေးတွင် အံ့သြမှင်သက်နေသော ယွဲ့လင်အင်မော်တယ်ဘုရင်ကို လျစ်လျူရှုကာ သူ တီးတိုးရေရွတ်လိုက်၏။ ထို့နောက် ကျန်ရစ်သော လက်တစ်ဖက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ လေဟာနယ်အက်ကွဲကြောင်းတစ်ခု ပွင့်လာ၍ ထိုနေရာမှ ချက်ချင်း ထွက်ခွာရန် ပြင်လိုက်လေသည်။

‎

‎

‎သို့သော် သူ ခြေတစ်လှမ်းလှမ်းကာ လေဟာနယ်အတွင်းသို့ ဝင်ရောက်ရန် ပြင်လိုက်ချိန်မှာပင်.....

‎

‎

‎ခုခံ၍မရနိုင်သော ကြောက်မက်ဖွယ် စွမ်းအားကြီးတစ်ခုက ကောင်းကင်ဘုံကိုးခုအလွန်မှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။ မျက်တောင်တစ်ခတ်စာပင် မကြာလိုက်သော အချိန်အတွင်းမှာပင် ၎င်းသည် အင်မော်တယ်ဘုရင်ထံသို့ ရောက်ရှိလာကာ ဝင်ရောက် တိုက်ခိုက်လေတော့သည်။

‎

‎

‎" ဟင် "

‎

‎

‎ဤစွမ်းအားကို ခံစားလိုက်ရချိန်တွင် သူ၏သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားကာ မျက်လုံးထဲတွင် ဒေါသများ ဟုန်းဟုန်းတောက်သွားလေသည်။ ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူ့အား နောက်ကျောမှ လုပ်ကြံသည်ဟု သူ ထင်လိုက်မိ၏။

‎

‎

‎သို့သော် အလိုအလျောက် ရင်ဘတ်ဆီသို့ ငုံ့ကြည့်လိုက်မိချိန်တွင် ကျောက်စိမ်းကဲ့သို့ ဖြူစင်ချောမွေ့နေသော လက်တစ်ဖက် သူ၏ရင်ဘတ်ဆီသို့ တည့်မတ်စွာ ဉီးတည် ဖိချလာသည်ကိုသာ တွေ့လိုက်ရလေသည်။

‎

‎

‎" ဟမ့်! "

‎

‎

‎အင်မော်တယ်ဘုရင်မှ ဟမ့်ကနဲ နှာမှုတ်လိုက်ရာ နဖူးပေါ်ရှိ ပိတ်ထားသော မျက်လုံးမှာ ရုတ်တရက် ပွင့်လာ၍ ကြက်သွေးရောင်မျက်လုံးတစ်လုံး ပေါ်ထွက်လာ၏။

‎

‎

‎ထိုမျက်လုံးမှနေ၍ အဆုံးမဲ့ ကြက်သွေးရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာကာ ထိုလက်ဆီသို့ စုဆုံသွားလေ၏။ ပြင်းထန်သော ကြက်သွေးရောင်အလင်းတန်းကြောင့် တိုးဝင်လာသော လက်၏အရှိန်မှာ တစ်ဒင်္ဂမျှ နှေးကွေးသွားတော့သည်။

‎

‎

‎ထိုအရေးကြီးသော အခိုက်အတန့်လေးကို အမိအရဆုပ်ကိုင်ကာ မ‌ကောင်းဆိုးဝါး အင်မော်တယ်ဘုရင်သည် ထိုလက်မှ သီသီလေး လွတ်မြောက်သွားခဲ့၏။

‎

‎

‎" အိုး...! "

‎

‎

‎သူ လွတ်မြောက်သွားသည်ကို မြင်လိုက်ရသောအခါ ကောင်းကင်ဘုံကိုးခုအလွန်မှ အံ့သြသွားဟန်ရှိသော အသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာလေသည်။

‎

‎

‎" ငါအရှင်ကို နောက်ကနေ လုပ်ကြံတာ ဘယ်သူလဲ "

‎

‎

‎သို့သော် သူကား ပို၍ပင် ဒေါသထွက်သွား၍ ကောင်းကင်ဘုံကိုးခု၏ အပြင်ဘက်ဆီသို့ စူးရဲစွာ စိုက်ကြည့်လိုက်၏။

‎

‎

‎သူသည် အင်မော်တယ်တံခါးမှ လွတ်မြောက်လာကာ သတိလက်လွတ် ဖြစ်နေချိန် တစ်ခဏတွင် တစ်စုံတစ်ယောက်မှ သူ့အား ချုံခိုလုပ်ကြံလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ အကယ်၍ သူသာ အင်မော်တယ်ဘုရင်၏ လျှို့ဝှက်ပညာရပ်ကို အချိန်မီ မသုံးနိုင်ခဲ့ပါက တစ်ဖက်လူ၏ လုပ်ကြံမှု အောင်မြင်သွားမည်မှာ အသေအချာပင်။

‎

‎

‎မြင့်မားသော ကောင်းကင်ယံထက်မှ လေဟာနယ်အတွင်း၌ အစိမ်းရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။

‎

‎

‎၎င်းမှာ မကြာသေးမီကမှ အင်မော်တယ်နယ်မြေ၌ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် ကုချန်၏ တတိယကိုယ်ပွားပင် ဖြစ်သည်။

‎

‎

‎သို့သော် ကုချန်သည် ဤတတိယကိုယ်ပွား၏ ပုံပန်းသဏ္ဍာန်ကို အနည်းငယ် ပြောင်းလဲထားပြီး ဖြစ်၏။ ၎င်း၏ အသွင်အပြင်နှင့် အရှိန်အဝါ နှစ်ခုစလုံးမှာ မူလကိုယ်ခန္ဓာနှင့် လုံးဝ ကွဲပြားနေသောကြောင့် အင်မော်တယ်ဘုရင်မှာ ဤသူအား အောက်ကမ္ဘာမှ ကုချန်နှင့် လုံးဝ ဆက်စပ်တွေးတောနိုင်ခြင်း မရှိချေ။

‎

‎

‎" မင်းက ဘယ်သူလဲ... ဘာလို့ ငါ့ကို နောက်ကနေ လုပ်ကြံရတာလဲ "

‎

‎

‎မ‌ကောင်းဆိုးဝါး အင်မော်တယ်ဘုရင်မှ ဩရှရှအသံဖြင့် မေးလိုက်သော်လည်း မျက်လုံးထဲတွင်တော့ သတိထားမှုများ ပိုမို ပြင်းထန်လာလေသည်။

‎

‎

‎ပထမဦးစွာ အောက်ကမ္ဘာ၌ တစ်ခါမျှ မမြင်ဖူးသော အင်မော်တယ်ဘုရင်တစ်ပါးနှင့် ကြုံတွေ့ခဲ့ရပြီး ယခု အင်မော်တယ်နယ်မြေ၌ အခြားတစ်ပါးနှင့် ထပ်မံကြုံတွေ့ရပြန်သည်။ ထီပေါက်သကဲ့သို့ တိုက်ဆိုင်လွန်းလှသော ဤဖြစ်ရပ်များကြောင့် သူသည် တစ်စုံတစ်ယောက်၏ ပစ်မှတ်ထား ထောင်ချောက်ဆင်ခြင်း ခံနေရပြီလောဟု မတွေးဘဲ မနေနိုင်တော့ချေ။

‎

‎

‎ကုချန် ပေါ်လာသည်ကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်မှာလည်း ရုတ်တရက် လန့်ဖျပ်သွားရသည်။

‎

‎

‎အကြောင်းမှာ ဤအခိုက်အတန့်ရှိ ကုချန်၏ အရှိန်အဝါသည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အင်မော်တယ်တံခါးရှေ့၌ ခဏတာမျှ ထွက်ပေါ်လာခဲ့ဖူးသော အင်မော်တယ်ဘုရင်၏ အရှိန်အဝါနှင့် ခပ်ဆင်ဆင်တူနေသည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသောကြောင့်ပင်။

‎

‎

‎ထိုအချိန်က ထိုအရှိန်အဝါသည် ချန်းရှီအင်မော်တယ်ဘုရင်၏ အာရုံစိုက်မှုကိုပင် ရရှိခဲ့သေး၏။ ထိုစဉ်က သူ ခံစားမိခဲ့သော အရှိန်အဝါမှာ သူ၏ရှေ့ရှိ ဤလူထံမှ ထွက်ပေါ်လာခြင်းများလော။

‎

‎

‎" ဆူညံလိုက်တာ "

‎

‎

‎အင်မော်တယ်ဘုရင်အား စကားပိုမပြောချင်တော့သည့်အလား ကုချန်သည် အေးစက်စွာ ပြောလိုက်၍ နောက်ထပ်တစ်ကြိမ် ရိုက်ချရန် လက်ဝါးကို ဆန့်ထုတ်လိုက်လေသည်။

‎

‎

‎စောစောက သူ 'အိုး' ဟု ရေရွတ်လိုက်ခြင်းမှာ သူ၏လက်ဝါးကို ရပ်တန့်ရန် ထိုအင်မော်တယ်ဘုရင် သုံးသွားသည့် ပညာရပ်မှာ အနည်းငယ် ထူးဆန်းနေကာ အချိန်မြစ်အဆုံးရှိ အချိန်တိုင်၌ သူ နားလည်သဘောပေါက်ခဲ့သော ' အချိန်နှင့် လေဟာနယ် ပျက်သုဉ်းခြင်း ကျင့်စဉ် ' နှင့် ခပ်ဆင်ဆင် တူနေသောကြောင့်သာ ဖြစ်သည်။

‎

‎

‎သူနားလည်ထားသော အချိန်နှင့် လေဟာနယ် ပျက်သုဉ်းခြင်း ကျင့်စဉ်သည် ဤအင်မော်တယ်ဘုရင်၏ ပညာရပ်ထက် များစွာသာလွန်သည်ဟု ကုချန် ယုံကြည်ထားသည်။ အတော်ပင်၊ ဤအခွင့်အရေးကို အသုံးချကာ သူ၏ အချိန်နှင့် လေဟာနယ် ပျက်သုဉ်းခြင်း ကျင့်စဉ်ကို စမ်းသပ်ကြည့်၍ ရပြီဖြစ်သည်။

‎

‎

‎ဤကျင့်စဉ်ကို နားလည်သဘောပေါက်ပြီးကတည်းက သူ တစ်ကြိမ်မျှ အသုံးမပြုရသေးပေ။

‎

‎

‎ကုချန်၏ စိတ်အလိုအရ ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' ကျင့်စဉ်သည် တိတ်တဆိတ် လည်ပတ်သွားကာ အချိန်နှင့် လေဟာနယ် ပျက်သုဉ်းခြင်း ကျင့်စဉ်၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ဖော်ထုတ်လိုက်၏။

‎

‎

‎မျက်စိတစ်မှိတ်အတွင်းမှာပင် အရောင်အသွေးကင်းမဲ့သော အလင်းဖျော့ဖျော့တစ်ခု ကုချန်၏ လက်ဝါးထက်၌ ကပ်ငြိသွားလေသည်။

‎

‎

‎အချိန်မြစ်၏အဆုံးတွင် ထိုကျင့်စဉ်ကို နားလည်သဘောပေါက်ခဲ့သည်မှာ ကုချန်၏ မူလကိုယ်ခန္ဓာ ဖြစ်သည်။ သဘာဝအားဖြင့် တတိယကိုယ်ပွားသည် မူလကိုယ်ခန္ဓာ၏ ကျင့်စဉ်များကို ပိုင်ဆိုင်ထားခြင်း မရှိပေ။

‎

‎

‎သို့သော် ကုချန်၏ခန္ဓာကိုယ်သုံးခုစလုံးသည် ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' ကိုမူ အတူတကွ နားလည်ထားကြ၏။ ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' သည် ဤလောကရှိ တာအိုပညာရပ်အားလုံး၏ အခြေခံအနှစ်သာရဖြစ်ရာ အချိန်နှင့် လေဟာနယ် ပျက်သုဉ်းခြင်း ကျင့်စဉ်သည်လည်း ထိုအထဲတွင် သဘာဝကျစွာ ပါဝင်နေလေသည်။

‎

‎

‎သို့တိုင်အောင် ကုချန်၏ လက်ရှိ ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' အပေါ် နားလည်မှုမှာ အပေါ်ယံအဆင့်သာ ရှိသေးသောကြောင့် ထိုမှတစ်ဆင့် ဖော်ထုတ်လိုက်သည့် အချိန်နှင့် လေဟာနယ် ပျက်သုဉ်းခြင်း စွမ်းအားမှာ မူလကိုယ်ခန္ဓာမှ ထုတ်လွှတ်နိုင်သော စွမ်းအား၏ အစိတ်အပိုင်းငယ်လေး တစ်ခုမျှသာ ဖြစ်၏။

‎

‎

‎ယခု ကုချန် ပြုလုပ်နေသည်မှာ ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' ကို အသုံးပြု၍ အချိန်နှင့် လေဟာနယ် ပျက်သုဉ်းခြင်း ကျင့်စဉ်၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ခွဲခြမ်းစိတ်ဖြာကာ ဖော်ထုတ်နေခြင်းပင် ဖြစ်သည်။ သို့သော် ထိုစွမ်းအား၏ တစ်စိတ်တစ်ပိုင်းမျှဖြင့်ပင် ဤအင်မော်တယ်ဘုရင်အား ကိုင်တွယ်ရန် လုံလောက်နေပြီဟု ကုချန် ယူဆထားလေသည်။

‎

‎

‎" မင်း သတ္တိတော်တော်ကောင်းနေပါလား "

‎

‎

‎သူ၏အမေးကို ပြန်မဖြေဘဲ အထင်အမြင်သေးစွာဖြင့် ထပ်မံရိုက်ချလာသည်ကို မြင်လိုက်ရသောအခါ အင်မော်တယ်ဘုရင်မှာ အလွန်အမင်း ဒေါသထွက်သွားတော့သည်။

‎

‎

‎မည်သို့ပင်ဆိုစေ သူသည် ရှေးယခင်ကတည်းက ရှင်သန်ခဲ့သော အင်မော်တယ်ဘုရင်များထဲမှ တစ်ပါးဖြစ်သော်ငြား ယခုအခါ ဤမျှ အထင်အမြင်သေး ခံနေရ၏။ ဤသည်မှာ တကယ့်ကို ကြီးမားလှသော အရှက်ခွဲမှုကြီးပင်။

‎

‎

‎" ဟမ့်! "

‎

‎

‎မ‌ကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ နဖူးပေါ်ရှိမျက်လုံးမှာ အကျယ်ဆုံး ပွင့်ဟသွားကာ ထူထပ်သော ကြက်သွေးရောင်အလင်းတန်းများသည် ယခင်နည်းလမ်းအတိုင်းပင် ကုချန်၏ လက်ဝါးကို ရပ်တန့်ရန် စုဆုံသွားကြလေသည်။

‎

‎

‎သူသည် ယခင်ကဲ့သို့ပင် ကုချန်၏လက်ဝါးကို ရပ်တန့်ထား၍ အေးအေးဆေးဆေး ထွက်ပြေးရန် ကြံရွယ်နေလေသည်။

All Chapters