← Chapters

အခန်း (၄၁၇-၄၁၈)

Vol. 30 Ch. 417-418

အခန်း (၄၁၇-၄၁၈)

Vol. 30 Ch. 417-418

‎အခန်း ( ၄၁၇ ) - ယွဲ့လင်၏ တောင်းဆိုမှုမှာ ကောင်းကင်တက်ရသကဲ့သို့ ခက်ခဲပြီး ဆုလာဘ်မှာလည်း မလုံလောက်ပေ

‎

‎

‎

‎ကုချန်၏ စိတ်မရှည်သော လေသံကို ကြားသောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်မှာ တုံ့ဆိုင်းကာ တွေဝေနေဆဲဖြစ်၏။

‎

‎

‎သူ ကုချန်ကို လှမ်းခေါ်လိုက်ခြင်းမှာ အကူအညီ တောင်းချင်သောကြောင့် ဖြစ်သည်။ သို့သော် ကုချန်အား ဤကိစ္စကို ပြောပြသင့်၊ မပြောပြသင့် သူ သေချာမသိသေးပေ။ သူ တောင်းဆိုချင်သည့် အရာမှာ နတ်ဆိုးနယ်မြေရှိ ချီလျန်မျိုးနွယ်နှင့် ပတ်သက်သည့် သတင်းများကို စုံစမ်းပေးရန်ပင် ဖြစ်လေသည်။

‎

‎

‎စောစောက ကုချန်နှင့် ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်တို့ တိုက်ခိုက်ခဲ့စဉ်က ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်သည် စကားအနည်းငယ်သာ ပြောဆိုခဲ့သော်လည်း ယွဲ့လင်အင်မော်တယ်ဘုရင်မှာ အကြမ်းဖျင်း ရိပ်မိခဲ့၏။

‎

‎

‎ဤသူ၏နောက်ခံကို မသိရသော်လည်း ထိုသူသည် အောက်ကမ္ဘာရှိ အင်မော်တယ်ဘုရင်တစ်ပါးနှင့် ပတ်သက်ဆက်နွှယ်နေသည်မှာ သေချာ၏။ ထို့အပြင် ရှေးဟောင်းမကောင်းဆိုးဝါး အင်မော်တယ်ဘုရင်၏ အင်မော်တယ်ဘုရင် အမိန့်တော်သည်လည်း လက်ရှိတွင် ဤသူ၏ လက်ထဲ၌ ရှိနေလေသည်။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်အနေဖြင့် ချီလျန်မျိုးနွယ်၏ သတင်းများကို စုံစမ်းရန် ကိုယ်တိုင် အောက်ကမ္ဘာသို့ မသွားခဲ့ခြင်းမှာ သူသည် အင်မော်တယ်တံခါးကို ဖန်တီးခဲ့သော အင်မော်တယ်ဘုရင်များထဲတွင် မပါဝင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်က အင်မော်တယ်တံခါးကို ဖန်တီးခဲ့သော အင်မော်တယ်ဘုရင် တစ်ပါးစီတိုင်းတွင် အင်မော်တယ်ဘုရင် အမိန့်တော် တစ်ခုစီ ရှိကြ၏။

‎

‎

‎ထိုအမိန့်တော်ဖြင့် သူတို့၏ လက်အောက်ငယ်သားများကို နယ်မြေဖြတ်ကျော်ခွင့် ပြုနိုင်သည်။ သို့သော် ယွဲ့လင်အင်မော်တယ်ဘုရင်မှာကား ကွာခြားလေသည်။ အကယ်၍ သူ အောက်ကမ္ဘာသို့ သွားလိုပါက အတင်းအကျပ် နယ်မြေဖြတ်ကျော်ရန်သာ ရှိ၏။ သို့သော်လည်း ထိုသို့ပြုလုပ်ပါက အခြားသော အင်မော်တယ်ဘုရင်များ၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည်။

‎

‎

‎ထိုအချိန်ကျလျှင် သူသည် ချီလျန်မျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်ဆိုသော လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ချေ။ အကယ်၍ ထိုအခြေအနေသို့သာ ဆိုက်ရောက်သွားပါက ချန်းရှီအင်မော်တယ်ဘုရင် တစ်ပါးတည်းကသာ သူ့ကို လိုချင်တပ်မက်နေမည် မဟုတ်တော့ပေ။

‎

‎

‎သို့သော် သူ၏ရှေ့ရှိ ဤသူသည် အောက်ကမ္ဘာမှ အင်မော်တယ်ဘုရင်နှင့် ပတ်သက်နေသည်ဟု သံသယရှိရုံသာမက အင်မော်တယ်တံခါးကို ဖြတ်ကျော်နိုင်မည့် နည်းလမ်းကိုလည်း ပိုင်ဆိုင်ထားရာ ချီလျန်မျိုးနွယ်၏ သတင်းများကို စုံစမ်းရာတွင် သူ့ကို ကူညီပေးရန် အသင့်တော်ဆုံးသူ ဖြစ်နေလေသည်။

‎

‎

‎သို့တိုင် ယွဲ့လင်အင်မော်တယ်ဘုရင်မှာ တုံ့ဆိုင်းနေဆဲပင်။ သူ တုံ့ဆိုင်းနေရခြင်းမှာ ဤအရေးကြီးသော ကိစ္စကို ကုချန်အား အပ်နှံသင့်၊ မအပ်နှံသင့် ဆိုသည့်အချက်ပင် ဖြစ်သည်။

‎

‎

‎ဤသူသည် တုံးအမနေပါက သူ၏တောင်းဆိုချက်ကို ကြားသည်နှင့်တစ်ပြိုင်နက် သူသည် ချီလျန်မျိုးနွယ်နှင့် ပတ်သက်နေကြောင်း အလွယ်တကူ ခန့်မှန်းသိရှိသွားနိုင်သည်မှာ ထင်ရှားလှသည်။ သူနှင့် ဤသူမှာ လုံးဝ သူစိမ်းများဖြစ်ကြရာ ဤအချက်အလက်များကို ထုတ်ဖော်ရန် စွန့်စားသင့်ပါသလော။

‎

‎

‎မျက်စိတစ်မှိတ်အတွင်းမှာပင် ယွဲ့လင်အင်မော်တယ်ဘုရင်၏ စိတ်ထဲတွင် ပြင်းထန်စွာ လွန်ဆွဲနေလျက် ခဏတာမျှ မည်သို့ရွေးချယ်ရမည်ကို မသိတော့ချေ။

‎

‎

‎တုံ့ဆိုင်းတွေဝေနေသော ယွဲ့လင်အင်မော်တယ်ဘုရင်၏ မျက်နှာကို ကြည့်လျက် ကုချန်မှာ လုံးဝ နားမလည်နိုင်ဖြစ်နေ၏။ ဤအမျိုးသမီး ဘာတွေးနေမှန်း မသိသောကြောင့် သူ ချက်ချင်း ထွက်ခွာရန် ပြင်လိုက်လေသည်။

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် သေဆုံးသွားမှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းဂယက်များသည် ပတ်ဝန်းကျင် ကောင်းကင်ဘုံများဆီသို့ ပျံ့နှံ့သွားရန် အချိန်သိပ်ကြာမည်မဟုတ်ရာ ခဏချင်းပင် အခြားအင်မော်တယ်ဘုရင်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိမ့်မည်။

‎

‎

‎ကုချန်သည် ဤအင်မော်တယ်ဘုရင်များကို မကြောက်ရွံ့သော်လည်း ဤကိစ္စကြောင့် ပြဿနာမတက်ချင်သည်ဖြစ်ရာ အမြန်ဆုံး ထွက်သွားခြင်းက အကောင်းဆုံးပင်။

‎

‎

‎ကုချန် ထွက်သွားရန် ပြင်လိုက်သည်ကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်သည် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် အံကိုကြိတ်ကာ ရုတ်တရက် ပြောဆိုလိုက်၏။

‎

‎

‎" ပွင့်ပွင့်လင်းလင်း ပြောရရင် တာအိုရောင်းရင်းဆီက အကူအညီတောင်းချင်တဲ့ ကိစ္စတစ်ခု ရှိလို့ပါ... တာအိုရောင်းရင်းအနေနဲ့ ချီလျန်မျိုးနွယ်အကြောင်း ကြားဖူးပါသလား "

‎

‎

‎ချီလျန်မျိုးနွယ်?

‎

‎

‎ကုချန်သည် အနည်းငယ် အံ့အားသင့်သွား၏။ ကောင်းကင်ဘုံတစ်ခုလုံးတွင် လက်ရှိအချိန်၌ သူ့လောက် ချီလျန်မျိုးနွယ်အကြောင်း နားလည်သူ ရှိမည်မထင်ပေ။ သို့သော် ယွဲ့လင်အင်မော်တယ်ဘုရင်သည် အဘယ်ကြောင့် ချီလျန်မျိုးနွယ်အကြောင်းကို ရုတ်တရက် ထုတ်မေးရသနည်း။ သူနှင့် ချီလျန်မျိုးနွယ်မှာ ဘာတွေများ ပတ်သက်နေသနည်း။

‎

‎

‎မေးခွန်းထုတ်ကာ အကဲခတ်နေသော ကုချန်၏အကြည့်ကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်၏ စိတ်ထဲတွင် လေးလံသွားသော်လည်း တစ်ချိန်တည်းမှာပင် ရှောင်လွှဲ၍မရနိုင်ကြောင်း ခံစားလိုက်ရသည်။

‎

‎

‎ကုချန်၏အမူအရာကို ကြည့်ရုံဖြင့် ဤသူသည် ချီလျန်မျိုးနွယ်နှင့် ပတ်သက်၍ အနည်းငယ် နားလည်ထားကြောင်း သူ သိလိုက်ရ၏။ ထို့ကြောင့် သူ ချီလျန်မျိုးနွယ်၏ သတင်းများကို မေးမြန်းလိုက်သည်နှင့် သူ၏ကိုယ်ပိုင်အကြောင်းကို ချက်ချင်း သံသယဝင်သွားခဲ့ပြီ ဖြစ်သည်။

‎

‎

‎" ပွင့်ပွင့်လင်းလင်း ပြောရရင် လွန်ခဲ့တဲ့အချိန်... ချီလျန်မျိုးနွယ်က အင်မော်တယ်နယ်မြေကို သစ္စာမဖောက်ခင်က သူတို့မျိုးနွယ်ထဲက 'ချီယွဲ့' ဆိုတဲ့သူက ကျွန်မရဲ့ မိတ်ဆွေဟောင်းပါ... ဒါပေမယ့် အင်မော်တယ်နယ်မြေကို သစ္စာမဖောက်ခင် ညမှာ သူက ကျွန်မအတွက် အရမ်းအရေးကြီးတဲ့ အမြင့်မြတ်ဆုံး ရတနာတစ်ခုကို ခိုးယူသွားခဲ့တယ်.....

‎

‎နောက်ပိုင်းမှာ သူက ချီလျန်မျိုးနွယ်နဲ့အတူ နတ်ဆိုးနယ်မြေဆီ ပုန်ကန်ထွက်ပြေးသွားတော့ ကျွန်မလည်း သူ့ကို ရှာစရာနေရာ မရှိတော့ဘူး.....

‎

‎ဒီနှစ်တွေထဲမှာ ဒီရတနာကို ပြန်ယူချင်လို့ ချီလျန်မျိုးနွယ်ရဲ့ သတင်းတွေကို စုံစမ်းဖို့ ဘယ်တော့မှ လက်မလျှော့ခဲ့ပါဘူး... အဲဒါကြောင့် တာအိုရောင်းရင်းအနေနဲ့ ချီလျန်မျိုးနွယ်အကြောင်း သိထားရင် ချီယွဲ့ရဲ့ သတင်းကိုများ စုံစမ်းပေးနိုင်မလားလို့ မေးချင်တာပါ "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။ သူ၏စကားများထဲတွင် ချီယွဲ့အပေါ် မသိမသာ နာကြည်းမုန်းတီးမှုများ ပါဝင်နေ၏။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် သူကိုယ်တိုင်က ချီလျန်မျိုးနွယ်ဝင်တစ်ဦး ဖြစ်ကြောင်း ကုချန်အား တိုက်ရိုက် မပြောနိုင်ပေ။ ယင်းအစား ချီလျန်မျိုးနွယ်မှ တစ်စုံတစ်ယောက်နှင့် ရန်ငြိုးရှိပြီး ထိုသူက သူ၏ရတနာကို ခိုးယူသွားသောကြောင့် ချီလျန်မျိုးနွယ်၏ သတင်းကို စုံစမ်းလိုခြင်းဖြစ်ကြောင်း ပါးနပ်စွာ အကြောင်းပြချက် ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ဤသို့သော အကြောင်းပြချက်သည် ယုတ္တိရှိ၍ အခြားသူများ၏ သံသယကိုလည်း ဖြစ်ပေါ်စေမည် မဟုတ်ချေ။

‎

‎

‎ချီယွဲ့?

‎

‎

‎ကုချန်သည် သူ၏စိတ်ထဲတွင် ဤနာမည်ကို ရှာဖွေကြည့်သော်လည်း ချီလျန်မျိုးနွယ်ဝင်များစွာထဲတွင် ဤနာမည်ကို မကြားဖူးကြောင်း တွေ့ရသဖြင့် စုံစမ်းကြည့်ရန် လိုအပ်ပေလိမ့်မည်။

‎

‎

‎သို့သော် ယွဲ့လင်အင်မော်တယ်ဘုရင် ပေးသော အကြောင်းပြချက်ကို ကုချန် အပြည့်အဝ မယုံကြည်ပေ။

‎

‎

‎ချီလျန်မျိုးနွယ်မှ အင်မော်တယ်နယ်မြေကို သစ္စာဖောက်ခဲ့သည်မှာ နှစ်သောင်းပေါင်း မည်မျှကြာခဲ့ပြီနည်း။ ထိုအချိန်က ယွဲ့လင်အင်မော်တယ်ဘုရင်သည် အင်မော်တယ်ဘုရင်အဆင့်သို့ပင် ရောက်ရှိသေးမည် မဟုတ်ချေ။ ချီလျန်မျိုးနွယ်မှ တစ်စုံတစ်ယောက်က ရတနာတစ်ခုကို ခိုးယူသွားခဲ့လျှင်တောင်မှ ယခုအချိန်တွင် အရေးပါတော့မည် မဟုတ်ပေ။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခုအနေဖြင့် တစ်ဖက်လူကို ရှာဖွေရန် ကျယ်ဝန်းလှသော ကောင်းကင်ဘုံများကို ဖြတ်ကျော်ရသည့် တန်ဖိုးပေးပြီး ဤမျှလောက် အာရုံစိုက် မှတ်သားထားရန် တန်ပါသလော။

‎

‎

‎" ငါကိုယ်တော်က ချီယွဲ့ရဲ့ သတင်းကို စုံစမ်းပေးလို့ရပါတယ်... ဒါပေမယ့် မင်းက ဘယ်လို ဆုလာဘ်မျိုး ပေးမှာလဲ "

‎

‎

‎ကုချန်သည် တည်ငြိမ်သော အမူအရာဖြင့် မေးမြန်းလိုက်၏။

‎

‎

‎ဒီလူက တကယ် သဘောတူလိုက်တာလား။

‎

‎

‎ကုချန်မှ စုံစမ်းပေးရန် ရည်ရွယ်ထားသည်ကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်၏ စိတ်ထဲတွင် ဝမ်းသာမှုများ ချက်ချင်း ပြည့်နှက်သွားတော့၏။

‎

‎

‎ကုချန်က သူ့အား လှည့်စားမည်ကို သူ မကြောက်ရွံ့ပေ။ အကြောင်းမှာ ချီယွဲ့ဆိုသော နာမည်သည် သူ ချက်ချင်း လုပ်ကြံဖန်တီးထားခြင်း မဟုတ်သောကြောင့်ပင်။ ကုချန်သည် သူ့အတွက် ချီလျန်မျိုးနွယ်၏ သတင်းများကို အမှန်တကယ် စုံစမ်းပေးမည်ဆိုပါက ကုချန်၏ အဖြေတွင် အမှားအမှန်ကို သူ ကျိန်းသေပေါက် ခွဲခြားနိုင်မည် ဖြစ်သည်။

‎

‎

‎ပေးဆပ်ရမည့် တန်ရာတန်ကြေးအတွက်မူ.....

‎

‎

‎" အင်မော်တယ်ဘုရင် လက်နက်တစ်ခု ဖန်တီးဖို့ လိုအပ်တဲ့ အင်မော်တယ် ပစ္စည်းတစ်ခုကို ပေးဖို့ ဆန္ဒရှိပါတယ် "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှ တုံ့ဆိုင်းမှုမရှိဘဲ ပြောဆိုလိုက်၏။

‎

‎

‎အင်မော်တယ်ဘုရင် လက်နက်တစ်ခု ဖန်တီးဖို့ အင်မော်တယ် ပစ္စည်းတစ်ခု?

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင် ကမ်းလှမ်းသော ဆုလာဘ်ကို ကြားသောအခါ ကုချန်မှာ ရယ်မောမိလုနီးပါး ဖြစ်သွား၏။

‎

‎

‎" ဒီလောက်လေးပဲလား... လုံးဝ မလုံလောက်သေးဘူး "

‎

‎

‎ကုချန်မှ ဖြည်းညင်းစွာ ခေါင်းခါလိုက်သည်။

‎

‎

‎အင်မော်တယ်ဘုရင် လက်နက်တစ်ခု ဖန်တီးဖို့ အင်မော်တယ် ပစ္စည်းတစ်ခုတဲ့လား။ ယွဲ့လင်အင်မော်တယ်ဘုရင်က စိတ်ကူးယဉ်လွန်းနေလေပြီ။

‎

‎

‎သူသည် ချီလျန်မျိုးနွယ်၏ အရှင်သခင်ဖြစ်ရာ ချီလျန်မျိုးနွယ်၏ သတင်းများကို အလိုရှိသလို သဘာဝကျကျ စုံစမ်းနိုင်လေသည်။ သို့သော် အခြားသူများအတွက်မူ ချီလျန်မျိုးနွယ်၏ သတင်းများကို စုံစမ်းရန်မှာ ကောင်းကင်သို့ တက်ရသည်ထက်ပင် ခက်ခဲပေလိမ့်မည်။

‎

‎

‎အင်မော်တယ်နှင့် နတ်ဆိုးနယ်မြေတို့သည် အဆုံးမဲ့ ဟွမ်သွမ့်ပင်လယ်ကြီးဖြင့် ခြားနားထား၍ သူတို့ကြားတွင် မည်သည့် ဆက်သွယ်မှုမျှ မရှိချေ။ အင်မော်တယ်နယ်မြေအတွင်း ချီလျန်မျိုးနွယ်နှင့် ပတ်သက်သော သတင်းများ ရရှိရန်ဆိုသည်မှာ အင်မော်တယ်နယ်မြေမှ ထွက်ခွာနိုင်၍ အဆုံးမဲ့ ဟွမ်သွမ့်ပင်လယ်ကြီးကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် နတ်ဆိုးနယ်မြေသို့ ဝင်ရောက်နိုင်ပြီးမှ ချီလျန်မျိုးနွယ်နှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေနိုင်မည် ဖြစ်သည်။

‎

‎

‎အဆင့်တစ်ဆင့်ချင်းစီ၏ အခက်အခဲမှာ အခြားသူများ လုပ်ဆောင်နိုင်ရန် မပြောနှင့် အင်မော်တယ်ဘုရင်တစ်ပါးပင်လျှင် လုပ်ဆောင်နိုင်မည် မဟုတ်ချေ!

‎

‎

‎ကောင်းကင်သို့ တက်ရသည်ထက် ခက်ခဲသော ဤမျှခက်ခဲသည့် တာဝန်အတွက် သူသည် အင်မော်တယ်ဘုရင် လက်နက် ဖန်တီးရန် အင်မော်တယ် ပစ္စည်းတစ်ခုကိုသာ ဆုလာဘ်အဖြစ် ပေးရန် တွေးတောနေသည်လော။ တကယ့်ကို အချည်းနှီး စိတ်ကူးယဉ်မှုပင်။

‎

‎

‎ကုချန်၏ ပြတ်သားသော ငြင်းဆန်မှုကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်မှာ ပထမဆုံး လန့်ဖျပ်သွားပြီးနောက် သူ ကမ်းလှမ်းသော ဆုလာဘ်သည် တာဝန်၏ အခက်အခဲနှင့် မညီမျှကြောင်း သဘောပေါက်သွားဟန်ဖြင့် သွားကိုကြိတ်ကာ ပြောလိုက်လေသည်။

‎

‎

‎" အင်မော်တယ်ဘုရင် လက်နက်တစ်ခု ဖန်တီးဖို့ လိုအပ်တဲ့ အင်မော်တယ် ပစ္စည်းတွေ အားလုံးကို ပေးဖို့ ကျွန်မ ဆန္ဒရှိပါတယ် "

‎

‎

‎ဤအခြေအနေကို ကမ်းလှမ်းလိုက်ချိန်တွင် ယွဲ့လင်အင်မော်တယ်ဘုရင် ကိုယ်တိုင်ပင် ရင်ထဲ၌ နာကျင်သွားရ၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ယခုအချိန်အထိ သူကိုယ်တိုင်ပိုင်ဆိုင်သော အင်မော်တယ်ဘုရင် လက်နက်တစ်ခုမျှ မရှိသေးသောကြောင့်ပင်။ နှစ်ပေါင်းများစွာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် လိုအပ်သော အင်မော်တယ် ပစ္စည်းအားလုံးကို စုဆောင်းနိုင်ခဲ့သော်လည်း စတင်မဖန်တီးရသေးမီမှာပင် ၎င်းတို့အားလုံးကို အခြားတစ်ယောက်လက်သို့ လွှဲပြောင်းပေးရတော့မည် ဖြစ်ရာ ယွဲ့လင်အင်မော်တယ်ဘုရင်မှာ သဘာဝကျကျပင် နာကျင်ခံစားရလေတော့သည်။

‎

‎အခန်း ( ၄၁၈ ) - ငါကိုယ်တော်က မင်းကို လိုချင်တယ်၊ သတ်မှတ်ချက်များ ကိုက်ညီသွားခြင်း၊ ချန်းရှီ ကြောက်ရွံ့လာခြင်း

‎

‎

‎

‎အင်မော်တယ်ဘုရင် လက်နက်တစ်ခုလား။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင် ကမ်းလှမ်းလာသော ဒုတိယ သတ်မှတ်ချက်ကို ကြားသော်လည်း ကုချန်သည် ခေါင်းခါနေဆဲပင်။

‎

‎

‎ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင်ထံမှ ယခုလေးတင် လုယူထားသော အင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာကို ပေါ့ပေါ့ပါးပါး ထုတ်ယူပြလိုက်ရင်း သူ ပြောဆိုလိုက်သည်။

‎

‎

‎" ဒီအင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာတောင် ငါကိုယ်တော်အတွက် အရေးမကြီးဘူး... သာမန် အင်မော်တယ်ဘုရင် လက်နက်လေး တစ်ခုနဲ့ကတော့ မလုံလောက်သေးဘူး "

‎

‎

‎" ရှင်...!? "

‎

‎

‎သူ၏ကမ်းလှမ်းမှုကို ကုချန်မှ ထပ်မံငြင်းပယ်လိုက်သည်ကို မြင်သောအခါ ယွဲ့လင်အင်မော်တယ်ဘုရင်မှာ အနည်းငယ် ရှက်ဒေါသ ထွက်သွားရလေသည်။

‎

‎

‎အင်မော်တယ်ဘုရင် လက်နက်တစ်ခုနှင့်ပင် မလုံလောက်သေးဘူးလော။ ဤအင်မော်တယ် ပစ္စည်းများကို ရှာဖွေရန် သူ နှစ်သောင်းပေါင်း မရေမတွက်နိုင်အောင် အချိန်ကုန်ခံခဲ့ရသည်လေ။

‎

‎

‎သို့သော် ကုချန်၏လက်ထဲရှိ အင်မော်တယ်ဘုရင် တိုက်ပွဲဝင်အလံကို မြင်သောအခါ သူ အနည်းငယ် စိတ်ဓာတ်ကျသွားမိ၏။ အင်မော်တယ်ဘုရင် တိုက်ပွဲဝင်ရတနာတစ်ခုကို ပိုင်ဆိုင်ထားသူတစ်ယောက်အနေဖြင့် အင်မော်တယ်ဘုရင် လက်နက်တစ်ခုကို အထင်အမြင်သေးပိုင်ခွင့် ရှိသည်ကို သူ ဝန်ခံရပေမည်။

‎

‎

‎" ဒါဆို ရှင် ဘာလိုချင်တာလဲ "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှ စိတ်ပျက်လက်ပျက်ဖြင့် မေးမြန်းလိုက်၏။

‎

‎

‎အင်မော်တယ်ဘုရင် လက်နက်တစ်ခု ဖန်တီးရန် လိုအပ်သော အင်မော်တယ်ပစ္စည်းများ အားလုံးဆိုသည်မှာ သူ ပေးနိုင်သမျှထဲတွင် အကြီးမားဆုံးသော ဆုလာဘ်ပင် ဖြစ်သည်။ ဤအရာကပင် ကုချန်ကို မဆွဲဆောင်နိုင်ပါက သူ ဘာထပ်ပေးရမည်ကို အမှန်တကယ် မသိတော့ချေ။

‎

‎

‎" ငါကိုယ်တော် လိုချင်တာက..... "

‎

‎

‎ကုချန်၏အကြည့်သည် ယွဲ့လင်အင်မော်တယ်ဘုရင်အပေါ် ကျရောက်သွားရာ စူးရှသော အကြည့်များကြောင့် ယွဲ့လင်၏စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံများ ချက်ချင်း ထွက်ပေါ်လာလေသည်။

‎

‎

‎ဒီလူ ဘာကို ကြည့်နေတာလဲ။ သူ့အပေါ်များ မကောင်းတဲ့ စိတ်ကူးတွေ ရှိနေတာလား။

‎

‎

‎ထိုသို့တွေးမိပြီး သူ့အပေါ် မကောင်းကြံရန် မစဉ်းစားရန် သတိပေးစကား ပြောတော့မည့်ဆဲဆဲမှာပင် ကုချန်၏စကားကြောင့် သူ လုံးဝ မှင်သက်သွားရတော့သည်။

‎

‎

‎" ငါကိုယ်တော် လိုချင်တာက မင်းကိုပဲ... မင်းလက်ထဲမှာရှိတဲ့ ဒီလဝိညာဉ် ကောင်းကင်ဘုံကို လိုချင်တာ "

‎

‎

‎ကုချန်မှ သူ၏သတ်မှတ်ချက်ကို ပြောဆိုလိုက်၏။ သူ့အတွက်တော့ ယွဲ့လင်အင်မော်တယ်ဘုရင်နှင့် ပတ်သက်၍ အစိတ်ဝင်စားဆုံးအရာမှာ သူ ထိန်းချုပ်ထားသော လဝိညာဉ် ကောင်းကင်ဘုံပင် ဖြစ်သည်။ အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိပါက ကောင်းကင်ဘုံတစ်ခုကို ထိန်းချုပ်နိုင်လေသည်။

‎

‎

‎နတ်ဆိုးနယ်မြေရှိ ကုချန်၏ကိုယ်ပွားသည် အဆုံးမဲ့ ကောင်းကင်ဘုံကို ထိန်းချုပ်ထားရာ ကောင်းကင်ဘုံတစ်ခု၏ စွမ်းအားကို ထိန်းချုပ်ခြင်းက ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' ကို လေ့လာရာတွင် များစွာ အထောက်အကူ ပြုလေသည်။

‎

‎

‎အကယ်၍ ဤလဝိညာဉ် ကောင်းကင်ဘုံကိုသာ သူ ရယူနိုင်ပါက ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' ကို ခွဲခြမ်းစိတ်ဖြာရန် သေချာပေါက် ပိုမိုမြန်ဆန်လာမည် ဖြစ်သည်။

‎

‎

‎" ရှင်... ရှင်က ကျွန်မရဲ့ လဝိညာဉ် ကောင်းကင်ဘုံကို လိုချင်တာလား "

‎

‎

‎ကုချန်၏တောင်းဆိုချက်ကို ကြားသောအခါ သူသည် ကုချန်၏ဆိုလိုရင်းကို အထင်လွဲခဲ့မိကြောင်း သဘောပေါက်သွားသဖြင့် ယွဲ့လင်အင်မော်တယ်ဘုရင်၏ မျက်နှာမှာ နီမြန်းသွား၏။ သို့သော် ချက်ချင်းပင် သူ ဒေါသထွက်လာလေသည်။

‎

‎

‎ဒီလူက ဘယ်လိုလုပ် ဒီလောက်တောင် လောဘကြီးရတာလဲ။ ငါ့ရဲ့ လဝိညာဉ် ကောင်းကင်ဘုံကို တိုက်ရိုက် တောင်းဆိုရဲတယ်ပေါ့လေ။

‎

‎

‎ဤလဝိညာဉ် ကောင်းကင်ဘုံသည် သူ အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိပြီးနောက် လက်ရှိအခြေအနေသို့ ရောက်လာစေရန် အချိန်ကြာမြင့်စွာ ပြုစုပျိုးထောင်ထားခဲ့ရခြင်း ဖြစ်သည်။ ယခု ဤသူသည် စကားတစ်ခွန်းတည်းဖြင့် လွယ်လွယ်ကူကူ ယူသွားချင်သည်လော။ ဤသည်မှာ အခွင့်အရေးယူ အမြတ်ထုတ်နေခြင်းပင်။

‎

‎

‎" ငါကိုယ်တော်က လဝိညာဉ် ကောင်းကင်ဘုံကို စိတ်မဝင်စားပါဘူး... မင်းအနေနဲ့ ဒီကောင်းကင်ဘုံကို ဆက်အုပ်ချုပ်ပြီး အထဲမှာရှိတဲ့ သက်ရှိတွေနဲ့ အရင်းအမြစ်အားလုံးကို ဆက်ပြီး စီမံလို့ရပါတယ်... ဒီလဝိညာဉ် ကောင်းကင်ဘုံရဲ့ ကောင်းကင်နှလုံးသား အမှတ်အသားကို ငါကိုယ်တော်ဆီ လွှဲပေးဖို့ပဲ လိုတာပါ "

‎

‎

‎ကုချန်မှ အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်၏။

‎

‎

‎သူသည် ဤနယ်မြေ၏ ကောင်းကင်နှလုံးသားနှင့် ပေါင်းစပ်ကာ ' ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ' ကို အရှိန်အဟုန်ဖြင့် ခွဲခြမ်းစိတ်ဖြာနိုင်ရန်အတွက်သာ လဝိညာဉ် ကောင်းကင်ဘုံကို အလိုရှိခြင်းဖြစ်သည်။ လဝိညာဉ် ကောင်းကင်ဘုံအတွင်းရှိ အခြား မည်သည့်အရာကိုမျှ ကုချန် စိတ်မဝင်စားချေ။

‎

‎

‎လဝိညာဉ် ကောင်းကင်ဘုံရဲ့ ကောင်းကင်နှလုံးသား အမှတ်အသားကိုပဲ လိုချင်တာလား။

‎

‎

‎ဤတောင်းဆိုချက်မှာလည်း အလွန် လွန်ကဲလွန်းလှသည်။ လဝိညာဉ် ကောင်းကင်ဘုံ တစ်ခုလုံးကို ယူသွားခြင်းထက် အနည်းငယ် ပိုကောင်းသည် ဆိုသော်လည်း တန်ဖိုးမှာကြီးမားလွန်းဆဲသာ ဖြစ်၏။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတိုင်းက အဘယ်ကြောင့် ကောင်းကင်ဘုံတစ်ခုကို ထိန်းချုပ်ကြသနည်း။ အကြောင်းမှာ ထိုကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသားနှင့် ပေါင်းစပ်ကာ သူတို့၏ နတ်ဝိညာဉ်ကို ကောင်းကင်နှင့်မြေကြီးတွင် အပ်နှံ၍ အဆုံးမဲ့ တာအိုများကို နားလည်သဘောပေါက်စေပြီး သူတို့၏စွမ်းအားကို လျင်မြန်စွာ မြှင့်တင်နိုင်သောကြောင့်ပင် ဖြစ်သည်။

‎

‎

‎ယခု သူသာ ဤကောင်းကင်ဘုံ၏ ကောင်းကင်နှလုံးသားကို လက်လွှတ်လိုက်ရပါက ဤလဝိညာဉ် ကောင်းကင်ဘုံကို သူ ဆက်လက်ထိန်းချုပ်နေခြင်းက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။

‎

‎

‎သို့သော် ဤသူသာ သူ့ထံသို့ ချီလျန်မျိုးနွယ်နှင့် ပတ်သက်သည့် သတင်းကောင်းကို အမှန်တကယ် ယူဆောင်လာပေးနိုင်မည်ဆိုပါက လဝိညာဉ် ကောင်းကင်ဘုံကို ပေးလိုက်ရခြင်းကလည်း လုံးဝ မဖြစ်နိုင်သည့် ကိစ္စတော့ မဟုတ်ပေ။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှာ တွေဝေသွားသော်လည်း ကုချန်မှာ သူ့အား အချိန်အများကြီးပေးရန် ရည်ရွယ်မထားကြောင်း ထင်ရှားလှ၏။ တဲ့တိုးပြောရလျှင် သူသည် ချီလျို၏အရှိန်အဝါ အနည်းငယ်ကို ရုတ်တရက် ထုတ်လွှတ်လိုက်ကာ အေးစက်စွာ ပြောဆိုလိုက်၏။

‎

‎

‎" ဆုံးဖြတ်ဖို့ မင်းမှာ အသက်သုံးခါရှူချိန်ပဲ အချိန်ရမယ် "

‎

‎

‎ဒါက.....

‎

‎

‎ကုချန် ထုတ်လွှတ်လိုက်သော အရှိန်အဝါကို ခံစားလိုက်ရချိန်တွင် ယွဲ့လင်အင်မော်တယ်ဘုရင်၏ သူငယ်အိမ်များမှာ ချက်ချင်း ကျုံ့သွားတော့၏။

‎

‎

‎ထိုအရှိန်အဝါလေးထံမှ သူသည် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော ရင်းနှီးကျွမ်းဝင်မှုတစ်ခုနှင့် သွေးကြောနက်ရှိုင်းရာမှ တုန်ခါမှုတစ်ခုကို အမှန်တကယ် ခံစားလိုက်ရ၏။ ဤရင်းနှီးမှုမှာ ထိုအရှိန်အဝါ၏ပိုင်ရှင်ကို သူ သိနေ၍မဟုတ်ဘဲ နှစ်ဦးစလုံး၏ အရှိန်အဝါများမှာ မြစ်ဖျားခံရာ တူညီနေပြီး နှစ်ဦးစလုံး ချီလျန်မျိုးနွယ်ဝင်များ ဖြစ်နေသောကြောင့်ပင်။

‎

‎

‎ဒီလူဆီမှာ ဘာလို့ ချီလျန်မျိုးနွယ်ရဲ့ အရှိန်အဝါ ရှိနေရတာလဲ။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်မှာ အံ့သြသွားကာ မယုံနိုင်အောင်ပင် ဖြစ်သွားရလေသည်။

‎

‎

‎ကုချန်မှ ထိုအရှိန်အဝါကို ထုတ်လွှတ်ပြခြင်းမှာ သူသည် ချီလျန်မျိုးနွယ်နှင့် ဆက်သွယ်နိုင်စွမ်းရှိကြောင်း သူ့အား သက်သေပြရန်ဖြစ်သည်ကို သူ သိသည်။ သို့သော် ထိုသူသည် ချီလျန်မျိုးနွယ်နှင့် မည်သို့ ဆက်သွယ်နိုင်ခဲ့သနည်း။

‎

‎

‎" အချိန်ပြည့်သွားပြီ... မင်းရဲ့ အဖြေကို ပြောတော့ "

‎

‎

‎အသက်သုံးခါရှူချိန်မျှ ကုန်လွန်သွားချိန်တွင် ကုချန်မှ ချက်ချင်းပင် မေးမြန်းလာ၏။

‎

‎

‎" ကျွန်မ... သဘောတူတယ် "

‎

‎

‎စိတ်ထဲမှ တွေဝေမှုများ ချက်ချင်း ရပ်တန့်သွားလျက် ယွဲ့လင်အင်မော်တယ်ဘုရင်သည် အံကိုကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်၏။ သူ၏ ဤဆုံးဖြတ်ချက် မှန်သလား မှားသလား သူ မသိသော်လည်း ဆုံးဖြတ်ပြီးသည်နှင့် နောင်တရရန် အခွင့်အရေး မရှိတော့ချေ။

‎

‎

‎" ကောင်းပြီ... သေချာတဲ့ သတင်းရပြီးရင် ငါကိုယ်တော်က မင်းကို ဆက်သွယ်လိုက်မယ် "

‎

‎

‎ကုချန်မှ ယွဲ့လင်အင်မော်တယ်ဘုရင်အား စူးရှစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် လေဟာနယ်ကို ဆွဲဖြဲကာ ၎င်းအတွင်းသို့ တိုက်ရိုက်လှမ်းဝင်၍ ထိုနေရာမှ ထွက်ခွာသွားလေသည်။

‎

‎

‎စိတ်ရှုပ်ထွေးနေဆဲဖြစ်သော ယွဲ့လင်အင်မော်တယ်ဘုရင်သာ ငေးမောစွာ ရပ်ကျန်ခဲ့လေ၏။

‎

‎

‎ကုချန် ထွက်ခွာသွားသည်နှင့် ရှေးဟောင်းမကောင်းဆိုးဝါးအင်မော်တယ်ဘုရင် ကျဆုံးခြင်းကို ကိုယ်စားပြုသော ကြက်သွေးရောင် သွေးမိုးများကလည်း ကောင်းကင်ယံမှ သဲကြီးမဲကြီး ရွာသွန်းလာကာ ကောင်းကင်နှင့်မြေကြီးကို ကြက်သွေးရောင်အဖြစ် ဆိုးဆေးချယ်လိုက်တော့လေသည်။

‎

‎

‎" ဘုန်း! "

‎

‎

‎အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ချန်းရှီအင်မော်တယ်ဘုရင်၏ ပုံရိပ်သည် လေဟာနယ်ထဲမှ ထွက်ပေါ်လာ၍ အရပ်မျက်နှာအနှံ့ ဖိတ်စင်နေသော သွေးမိုးများကို ကြည့်ကာ သူ၏မျက်လုံးထဲတွင် သံသယနှင့် မသေချာမှုများ ပြည့်နှက်နေလေသည်။

‎

‎

‎" ယွဲ့လင်... ခုနက ဒီမှာ ဘယ်တာအိုရောင်းရင်း ကျဆုံးသွားတာလဲ "

‎

‎

‎အင်မော်တယ်ဘုရင်တစ်ပါး ကျဆုံးသွားသည့် အရှိန်အဝါကို ခံစားလိုက်ရချိန်တွင် လဝိညာဉ် ကောင်းကင်ဘုံနှင့် အနီးဆုံးဖြစ်သော ချန်းရှီ ကောင်းကင်ဘုံ၏ အရှင်သခင်အနေဖြင့် ချန်းရှီအင်မော်တယ်ဘုရင်သည် ငြိမ်မနေနိုင်ဘဲ စုံစမ်းရန် ချက်ချင်း ပြေးလာခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် သူ ရောက်လာချိန်တွင် ထိုနေရာ၌ ယွဲ့လင်အင်မော်တယ်ဘုရင်ကိုသာ မြင်တွေ့ခဲ့ရ၏။

‎

‎

‎" ငါအရှင်လည်း မသိဘူး "

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင်သည် အေးတိအေးစက် ပြောဆိုလိုက်၏။

‎

‎

‎" အင်မော်တယ်ဘုရင်တစ်ပါး ကျဆုံးသွားတဲ့ အရှိန်အဝါကို ခံစားမိလို့ ငါအရှင်လည်း ပြေးလာခဲ့တာပဲ... ဒါပေမယ့် ဘယ်သူ့ကိုမှ မတွေ့ဘူး "

‎

‎

‎မင်းလည်း မသိဘူးလား။ ငါအရှင်ကို အရူးလို့ ထင်နေတာလား။ ဒါက မင်းရဲ့ လဝိညာဉ် ကောင်းကင်ဘုံ နယ်မြေလေ။ လဝိညာဉ် ကောင်းကင်ဘုံထဲမှာ ဘာဖြစ်သွားလဲဆိုတာကို မသိဘူးလို့ ငါ့ကို လာပြောနေတာလား။

‎

‎

‎ယွဲ့လင်အင်မော်တယ်ဘုရင် ပြီးစလွယ် ဖြေနေမှန်း ချန်းရှီအင်မော်တယ်ဘုရင် သိလိုက်၏။သူသည် အကြည့်များ တဖျပ်ဖျပ် လက်သွားလျက် အရိပ်အမြွက် ပြောဆိုလိုက်၏။

‎

‎

‎" ယွဲ့လင်... မင်းဆီမှာ ဒီလို ဖဲချပ်မျိုး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး "

‎

‎

‎ချန်းရှီအင်မော်တယ်ဘုရင်၏ အမြင်တွင် လဝိညာဉ် ကောင်းကင်ဘုံအတွင်း အင်မော်တယ်ဘုရင်တစ်ပါး ကျဆုံးသွားခြင်းသည် ဤကောင်းကင်ဘုံ၏ အရှင်သခင်ဖြစ်သော ယွဲ့လင်အင်မော်တယ်ဘုရင်နှင့် သေချာပေါက် ပတ်သက်နေရမည် ဖြစ်သည်။

‎

‎

‎သို့သော် အင်မော်တယ်ဘုရင်တစ်ပါးကို သတ်ဖြတ်ခြင်းမှာ ယွဲ့လင် တစ်ယောက်တည်း လုပ်နိုင်သည့် ကိစ္စမဟုတ်ကြောင်း ထင်ရှားလှရာ သူ့အား လျှို့ဝှက်စွာ ကူညီပေးနေသော အခြား အင်မော်တယ်ဘုရင်များ ရှိနေရမည်။

‎

‎

‎အကယ်၍ ထိုသို့သာဆိုလျှင် ယွဲ့လင်အင်မော်တယ်ဘုရင်ကို ထပ်မံ ပစ်မှတ်ထားလိုပါက သူ ပို၍ သတိထားရမည်ဖြစ်ပြီး အလွန်အကျွံ ဖိအားမပေးမိစေရန် ဆင်ခြင်ရပေလိမ့်မည်။

‎

‎

‎မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်းရှီအင်မော်တယ်ဘုရင်၏ စိတ်ထဲတွင် အကျိုးအပြစ်များကို ချိန်ဆကာ အကြောင်းအရာ များစွာကို တွေးတောလိုက်လေသည်။

‎

‎

‎ချန်းရှီအင်မော်တယ်ဘုရင်၏ အံ့သြကာ သတိထားနေသော အမူအရာကို မြင်လိုက်ရသောအခါ ကုချန်၏ ' အပြတ်အသတ် ခေါင်းပုံဖြတ်ခြင်း ' ကို ခံလိုက်ရ၍ စိတ်တိုနေသော ယွဲ့လင်အင်မော်တယ်ဘုရင်၏ စိတ်အခြေအနေမှာ ချက်ချင်းပင် အတော်လေး ကောင်းမွန်သွားတော့သည်။

‎

‎

‎ချန်းရှီအင်မော်တယ်ဘုရင် တစ်ခုခုကို အထင်လွဲသွားပြီဆိုတာကို သူ သိလိုက်၏။ သို့သော် ယွဲ့လင်အင်မော်တယ်ဘုရင်မှာ ဤအထင်လွဲမှုကို ဖြေရှင်းပေးရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ချေ။

‎

All Chapters