အခန်း (၄၁၉-၄၂၀)
Vol. 30 Ch. 419-420
အခန်း ( ၄၁၉ ) - ဘုရင်များ စုဝေးလာခြင်း၊ ကြယ်သမုဒ္ဒရာနှင့် ပထမဧကရာဇ်
ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချန်းရှီအင်မော်တယ်ဘုရင်ကို တတ်နိုင်သမျှ အထင်လွဲစေချင်လေသည်။
ဤသို့ဆိုလျှင် ထိုသူ့ကို ကြောက်ရွံ့သွားစေနိုင်ကာ သူ့အား အမြဲတမ်း ပစ်မှတ်ထားနေခြင်းမှ ကင်းဝေးစေမည်ဖြစ်သည်။
ဝန်ခံခြင်းလည်းမရှိ၊ ငြင်းဆန်ခြင်းလည်းမရှိသော ယွဲ့လင်၏အမူအရာကို မြင်သောအခါ ချန်းရှီမှာ သူ့အား စူးစိုက်မကြည့်ဘဲ မနေနိုင်တော့ချေ။ ပထမ၌ စိုးရိမ်ထိတ်လန့်သွားပြီးနောက် ယွဲ့လင်သည် ချီလျန်မျိုးနွယ်ဝင်ဆိုသည့် လျှို့ဝှက်ချက်ကို ထုတ်ဖော်ကာ ရှေးဟောင်း အင်မော်တယ်ဘုရင်တစ်ပါးနှင့် မဟာမိတ်ဖွဲ့လိုက်ပြီလားဟု သူ စတင်သံသယဝင်လာလေသည်။
အကယ်၍ ထိုသို့သာဆိုလျှင် နှစ်ပေါင်းများစွာ သူ၏ လိုချင်တပ်မက်မှုနှင့် ဖိအားပေးမှုများအားလုံး အလဟဿ ဖြစ်သွားမည် မဟုတ်လော။
" ယွဲ့လင်... မင်းက ငါ့လူပဲ... ငါ့လူ ဖြစ်ရမယ် "
ချန်းရှီသည် ယွဲ့လင်အား စူးရှစွာ ကြည့်လိုက်ပြီးနောက် ဘာမျှဆက်မပြောတော့ဘဲ ကောင်းကင်နှင့်မြေကြီးကြားသို့ တိုးဝင် ပျောက်ကွယ်သွားလေသည်။
ချန်းရှီ ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် ခမ်းနားကြီးကျယ်သော အင်မော်တယ်ဘုရင်များ၏ နတ်ဝိညာဉ်အာရုံများသည် ဤနယ်မြေပေါ်သို့ ကျဆင်းလာကြ၏။
" တာအိုရောင်းရင်း ယွဲ့လင်... ဘယ်အင်မော်တယ်ဘုရင် ကျဆုံးသွားတာလဲ "
" ဟင်... ဒီချီအငွေ့အသက်ကို ကြည့်ရတာ ယန်ကူနဲ့ နည်းနည်း ဆင်နေသလိုပဲ "
" ယန်ကူ... သူက ဘယ်လိုလုပ် ဒီမှာ ကျဆုံးသွားနိုင်မှာလဲ "
အင်မော်တယ်ဘုရင်များ၏ နတ်ဝိညာဉ်အာရုံများသည် ဤနယ်မြေအတွင်း ရောယှက်တိုက်မိနေကြ၏။
ယန်ကူ သေဆုံး၍ တာအိုပျက်သုဉ်းသွားခြင်းကြောင့် ဖြစ်ပေါ်လာသော လှိုင်းဂယက်များကို ချန်းရှီအင်မော်တယ်ဘုရင်သာမက အနီးအနားရှိ ကောင်းကင်ဘုံများမှ အင်မော်တယ်ဘုရင် အသီးသီးကပါ ခံစားသိရှိသွားကြကာ ကိစ္စရပ်ကို စုံစမ်းရန် နတ်ဝိညာဉ်အာရုံများကို အလျင်အမြန် စေလွှတ်လိုက်ကြခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ အင်မော်တယ်နယ်မြေ တစ်ခုလုံးကို ကြည့်လျှင် အင်မော်တယ်ဘုရင်တစ်ပါး ကျဆုံးသည်ဆိုသော သတင်းမျိုး မကြားရသည်မှာ နှစ်သောင်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ယခု ရုတ်တရက် အင်မော်တယ်ဘုရင်တစ်ပါး ကျဆုံးသွားရာ ဤမျှ ကြီးမားသော ဖြစ်ရပ်ကြီးက အခြားသော အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုများကို မည်သို့ မတုန်လှုပ်စေဘဲ နေမည်နည်း။
သံသယနှင့် စိုးရိမ်မှုများ ပြည့်နှက်နေသော အင်မော်တယ်ဘုရင်များ၏ နတ်ဝိညာဉ်အာရုံများကို ခံစားလိုက်ရသောအခါ ဤကိစ္စသည် သူ၏ ထိန်းချုပ်မှုထက် ကျော်လွန်သွားပြီဖြစ်ကြောင်း ယွဲ့လင် သဘောပေါက်သွားတော့၏။
သူ၏မူလရည်ရွယ်ချက်မှာ ယန်ကူ ကျဆုံးခြင်းသတင်းကို အသုံးချကာ ဤကိစ္စသည် သူနှင့် ပတ်သက်နေသည်ဟု ချန်းရှီကို အထင်လွဲစေ၍ အခြားသူများကိုပါ ခြိမ်းခြောက်ဟန့်တားရန် ဖြစ်သည်။
သို့သော် ယခုအခါ ယန်ကူ၏သေဆုံးမှုက သူ မျှော်လင့်ထားသည်ထက် ပိုမိုကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်စေခဲ့လေပြီ။ အကယ်၍ သူ၏သဘောထားသာ မပြတ်မသားဖြစ်နေကာ ဤကိစ္စသည် သူနှင့် ပတ်သက်နေသည်ဟု အခြားသူများက အထင်လွဲသွားပါက သူ့အတွက် ပြဿနာများ ဖြစ်လာနိုင်ပေသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆီမှာ ချီလျန်မျိုးနွယ်ရဲ့ လျှို့ဝှက်ချက် ရှိနေသေးတယ်လေ!
ထိုသို့တွေးမိပြီးနောက် ယွဲ့လင်သည် ဆက်လက်မတုံ့ဆိုင်းရဲတော့ဘဲ သူ၏ရပ်တည်ချက်ကို အမြန် ရှင်းလင်းပြောပြလိုက်၏။
" တာအိုရောင်းရင်းတို့ အထင်လွဲနေပါပြီ... ကျွန်မက ခုနလေးတင် တံခါးပိတ်ကျင့်ကြံနေခဲ့တာပါ... ဒီနေရာက ချီအငွေ့အသက်ကို ခံစားမိမှ ပြေးလာခဲ့တာ... ရှင်တို့ထက် အများကြီးစောပြီး ရောက်မလာခဲ့ပါဘူး... ဒါကြောင့် ဘယ်သူကျဆုံးသွားလဲ... ဘယ်သူလုပ်သွားလဲဆိုတာကို ကျွန်မ မသိပါဘူး "
သူသည် ဘာမျှမသိဟန်ဆောင်ရန် ရည်ရွယ်ထားလေသည်။ ကုချန်နှင့် သဘောတူညီချက် ရထားသောကြောင့် ကုချန်နှင့် ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမျှ မထုတ်ဖော်လိုပေ။ ထို့ကြောင့် ယခုမှ ရောက်လာသည်ဖြစ်၍ ယခင်က ဘာဖြစ်ခဲ့သည်ကို မသိကြောင်း အကြောင်းပြချက် ပေးလိုက်ခြင်းဖြစ်သည်။
သို့သော် သူ၏အကြောင်းပြချက်အပေါ် အခြား အင်မော်တယ်ဘုရင်များက သိသိသာသာပင် သံသယဝင်နေကြ၏။
ပျက်စီးနေသော ဤနယ်မြေ၏ အခြေအနေကို ကြည့်ရုံဖြင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ထင်ရှားနေသည်။ လဝိညာဉ် ကောင်းကင်ဘုံ၏ အရှင်သခင်တစ်ပါးအနေဖြင့် ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှကို အမှန်တကယ် မသိဘဲ နေနိုင်မည်လော။ သို့မဟုတ် တမင်သက်သက် ဖုံးကွယ်ထားခြင်းလော။
" ဟက်...! ဒီမှာ ဘာဖြစ်သွားလဲဆိုတာ အချိန်ကို နောက်ပြန်ရစ်ကြည့်လိုက်ရင် သိရမှာပေါ့ "
အင်မော်တယ်ဘုရင်တစ်ပါးမှ ဝင်ရောက်ပြောဆိုလိုက်ကာ ယွဲ့လင်၏အဖြေကိုပင် မစောင့်တော့ဘဲ လက်ဝါးကို ဆန့်ထုတ်လျက် ထိုနေရာရှိ ကျန်ရစ်သော တာအို အပိုင်းအစများကို စုဆောင်း၍ လေဟာနယ်ကို လိမ်ချိုးကာ ယခုလေးတင် ဘာဖြစ်သွားခဲသည်ကို ကြည့်ရှုရန် ကြိုးစားလေတော့သည်။
သို့သော် နောက်ဆုံးတွင် ဤနေရာရှိ တာအို အပိုင်းအစအားလုံးမှာ လူလုပ်ဖျက်ဆီးခံထားရသကဲ့သို့ မည်သည့်သဲလွန်စမှ မကျန်သဖြင့် နောက်ပြန်ကြည့်၍ မရတော့ကြောင်း ထိုအင်မော်တယ်ဘုရင် အကူအညီမဲ့စွာ တွေ့ရှိလိုက်ရ၏။
" အင်မော်တယ်ဘုရင်တစ်ပါးကို သတ်နိုင်တဲ့အထိဆိုတော့ တစ်ဖက်လူက သေချာပေါက် အပြည့်အဝ ပြင်ဆင်ထားမှာပဲ... ငါတို့ ဒီလောက် အလွယ်တကူ ရှာတွေ့နိုင်မှာ မဟုတ်ဘူး "
ဤသည်ကို မြင်သောအခါ အခြား အင်မော်တယ်ဘုရင်များမှာ အံ့အားသင့်မသွားဘဲ ကြိုတင်မျှော်လင့်ထားပြီးသားကဲ့သို့ အမူအရာများ ပြသနေကြ၏။ သူတို့သာဆိုလျှင်လည်း ဤမျှကြီးမားသော ကိစ္စကြီးကို ကျူးလွန်ပြီးနောက် အခြားသူများ၏ ရှာဖွေတွေ့ရှိခြင်းကို သဘာဝကျကျပင် လိုလားမည်မဟုတ်ပေ။ မည်သည့် သဲလွန်စမျှ မကျန်ရစ်စေရန် သက်သေအားလုံးကို ဖျက်ဆီးပစ်ကြမည်သာ ဖြစ်သည်။
စုံစမ်းကြည့်၍ ဘာမျှမတွေ့ရခြင်းမှာ ပုံမှန်သာဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ကျူးလွန်သူကို အလွယ်တကူ ရှာတွေ့သွားပါကသာ သံသယဝင်စရာ ကောင်းပေလိမ့်မည်။
" ဘာပဲဖြစ်ဖြစ် အင်မော်တယ်ဘုရင်တစ်ပါး သေဆုံးတာက ကိစ္စကြီးပဲ... အင်မော်တယ်ဧကရာဇ်တွေဆီ သတင်းပို့သင့်သလား "
အင်မော်တယ်ဘုရင်တစ်ပါးမှ အကြံပြုလိုက်၏။
နတ်ဆိုးနယ်မြေကဲ့သို့ပင် အင်မော်တယ်နယ်မြေရှိ ကောင်းကင်ဘုံ အသီးသီးကို ထိန်းချုပ်ထားသော အင်မော်တယ်ဘုရင်များ၏ အထက်တွင် မြင့်မြတ်ကြီးကျယ်သော အင်မော်တယ်ဧကရာဇ် တည်ရှိမှုများ ရှိနေကြ၏။ ၎င်းတို့မှာ နတ်ဆိုးနယ်မြေမှ နတ်ဆိုးဧကရာဇ်များနှင့် တူညီလေသည်။
" သတင်းပို့လိုက်ပါ... ဒါပေမယ့် အင်မော်တယ်ဧကရာဇ်တွေက ငါတို့ထက်တောင် အရင်စောပြီး သတင်းရထားလောက်ပြီလို့ ငါ ထင်တယ် "
အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများသည် အတွေးတစ်ချက်တည်းဖြင့် စကြဝဠာပေါင်းစုံကို လွှမ်းခြုံနိုင်စွမ်း ရှိကြသည်။ အင်မော်တယ်ဘုရင်အဆင့် တည်ရှိမှုတစ်ခု ကျဆုံးသွားချိန်တွင် အင်မော်တယ်နယ်မြေမှ အင်မော်တယ်ဧကရာဇ်များ သိရှိပြီးဖြစ်လောက်ပေပြီ။
...
လဝိညာဉ် ကောင်းကင်ဘုံ၏ အထက်တွင်.....
မရေမတွက်နိုင်သော ကြယ်များ မျောလွင့်နေသည့် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု။
ထိုနေရာ၌ ရေစက်များကဲ့သို့ မရေမတွက်နိုင်သော ကြယ်များသည် သိပ်သည်းသော သမုဒ္ဒရာကြီးတစ်ခုအဖြစ် ဖွဲ့စည်းထား၏။ ကြယ်တစ်လုံးစီတိုင်းသည် ရှေးကျ၍ ကျယ်ပြောလှသဖြင့် လောကရှိ သာမန်ကြယ်များထက် အဆရာထောင်မက သာလွန်ကာ အလွန်ပြင်းထန်သော စွမ်းအားလှိုင်းများကို ထုတ်လွှတ်နေလေသည်။
ဤအချိန်၌ မရေမတွက်နိုင်သော ကြယ်များဖြင့် ဖွဲ့စည်းထားသည့် ကြယ်သမုဒ္ဒရာကြီး၏ အလယ်ဗဟိုတည့်တည့်တွင် ကျောက်စိမ်းဖြူသက်သက်ဖြင့် ထုဆစ်ထားသော ခမ်းနားကြီးကျယ်သည့် နန်းတော်ကြီးတစ်ခုသည် ကြယ်သမုဒ္ဒရာထဲ၌ နိမ့်ချည်မြင့်ချည် မျောလွင့်နေလေသည်။
ဤကျောက်စိမ်းဖြူနန်းတော်အတွင်း၌ အိပ်မက်ဆန်သော ကြယ်ပွင့်ဇာပုဝါကို ခြုံလွှမ်းထားသည့် အမျိုးသမီးတစ်ဦးသည် လရောင်အောက်ရှိ ကြယ်နတ်ဘုရားတစ်ပါးကဲ့သို့ ကျက်သရေရှိလှပစွာ မတ်တပ်ရပ်နေ၏။
" ဝိညာဉ်ဧကရာဇ် "
ကောင်းကင်နှင့်မြေကြီး၊ ကြယ်သမုဒ္ဒရာထဲမှ ရှေးကျ၍ ခမ်းနားကြီးကျယ်သော အသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်လာ၏။ အသံတစ်သံတည်းဖြင့် အောက်ဘက်ရှိ အဆုံးမဲ့ ကြယ်သမုဒ္ဒရာကြီးကို ဆူပွက်လှိုင်းထသွားစေပြီး အလယ်ဗဟိုရှိ ကျောက်စိမ်းဖြူနန်းတော်ကြီး တစ်ခုတည်းသာ တည်ငြိမ်ရေး သံတိုင်ကြီးကဲ့သို့ ခိုင်မာစွာ ရပ်တည်နေလေသည်။
" ပထမဧကရာဇ်... သူများရဲ့ တာအိုနယ်မြေကို လာလည်ရင်ထားရမယ့် အခြေခံ စည်းမျဉ်းကိုတောင် ရှင် မသိဘူးလား "
အနည်းငယ် မကျေနပ်ဟန်ရှိသော အေးစက်စက် အသံတစ်သံ လရောင်ကျောက်စိမ်းဖြူနန်းတော်မှ ထွက်ပေါ်လာ၏။ ၎င်းတွင် ဖော်ပြ၍မရနိုင်သော မှော်ပညာများ ပါဝင်နေပုံရကာ ဆူပွက်နေသော ကြယ်သမုဒ္ဒရာကြီးကို နှစ်သိမ့် တည်ငြိမ်သွားစေ၏။
" ဟက်... တာအိုရောင်းရင်း ဝိညာဉ်ဧကရာဇ်က အရင်လိုပဲ သံယောဇဉ်ကင်းမဲ့နေတုန်းပဲ "
ကြယ်သမုဒ္ဒရာအထက်ရှိ လေဟာနယ်သည် အက်ကွဲသွားကာ အရာအားလုံးကို ပြာကျသွားစေနိုင်မည့် အနက်ရောင် မီးတောက်အစုအဝေးတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် အနက်ရောင် ဧကရာဇ်ဝတ်ရုံ ဝတ်ဆင်ထားသည့် ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ အောက်ဘက်ရှိ ကြယ်သမုဒ္ဒရာကြီးကို အပေါ်စီးမှ ကြည့်ရှုနေလေသည်။
" ပြောစရာရှိရင် ပြော "
ဝိညာဉ်ဧကရာဇ်သည် ကြယ်သမုဒ္ဒရာအထက်ရှိ ပထမဧကရာဇ်အား ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် ပြောဆိုလိုက်၏။
" ယန်ကူ သေသွားပြီ... မင်း သိလား "
ပထမဧကရာဇ်သည် စကားပလ္လင်ခံမနေတော့ဘဲ ဟိန်းဟောက်သောအသံဖြင့် တဲ့တိုးပင် မေးမြန်းလိုက်၏။
" ငါဧကရာဇ်က ကျိန်းသေပေါက် သိတာပေါ့ "
ဝိညာဉ်ဧကရာဇ်၏ လှပသော မျက်လုံးများမှာ အနည်းငယ် နိမ့်ကျသွားသော်ငြား သူ၏လေသံမှာ အေးစက်ခြင်း၊ နွေးထွေးခြင်း မရှိလှပေ။
" သိတာ အကောင်းဆုံးပဲ... ဒီလဝိညာဉ် ကောင်းကင်ဘုံက မင်းရဲ့ လက်အောက်မှာ ရှိတာဆိုတော့ ယန်ကူကို ဘယ်သူသတ်သွားတာလဲ "
ပထမဧကရာဇ်မှ ချက်ချင်း ဖိအားပေး မေးမြန်းလိုက်၏။
" ငါ မသိဘူး "
ဝိညာဉ်ဧကရာဇ်သည် တုံ့ဆိုင်းမှုမရှိဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
" မသိဘူး? "
ပထမဧကရာဇ်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွား၍ သူ၏ ကြီးမားလှသော ဧကရာဇ်အာဏာစက်ကြောင့် မရေမတွက်နိုင်သော ကြယ်သမုဒ္ဒရာကြီးမှာ စီးဆင်းမှု ရပ်တန့်ကာ ထိုနေရာ၌ပင် ခဲအေးသွားပုံရလေသည်။
" ဝိညာဉ်ဧကရာဇ်... အဲဒီဟာသက မရယ်ရဘူးနော် "
" ဟာသ? ငါဧကရာဇ်ရဲ့ လက်အောက်မှာ ဒီလဝိညာဉ် ကောင်းကင်ဘုံ တစ်ခုတည်း ရှိတာမှ မဟုတ်တာ... ဒီကောင်းကင်ဘုံတွေရဲ့ လှုပ်ရှားမှုတွေကို လိုက်ဂရုစိုက်နေဖို့ ငါ့မှာ အချိန်အားနေတယ် ထင်နေလား "
ဝိညာဉ်ဧကရာဇ်မှာ တုန်လှုပ်ခြင်း မရှိဘဲ တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။
အခန်း ( ၄၂၀ ) - ယန်ကူ၏ လျှို့ဝှက်ချက်၊ ပဟေဠိကို ဖြေရှင်းခြင်း၊ ချီယွဲ့ (သို့) လဝိညာဉ်
" တာအိုရောင်းရင်း ဝိညာဉ်ဧကရာဇ်... မင်း ဒီလိုပြောတာ အဓိပ္ပာယ်မရှိတော့ဘူး "
ဝိညာဉ်ဧကရာဇ်၏ အဖြေသည် ပထမဧကရာဇ်ကို မကျေနပ်စေခဲ့သည်မှာ ထင်ရှားစွာ သူ၏လေသံတွင် မနှစ်မြို့မှုများ ပါဝင်နေ၏။
" ယန်ကူဆီမှာ ဘာရှိနေလဲဆိုတာ ငါ့ထက် မင်းပိုသိသင့်တာပေါ့......
ရှေးဟောင်းစစ်ပွဲတုန်းက ယန်ကူက နတ်ဆိုးနယ်မြေက သက်ရှိတစ်ကောင်ရဲ့ ချီအငွေ့အသက်နဲ့ အတွေးတွေ ကူးစက်ခံလိုက်ရလို့ အခုလို ရူးသွပ်နေတဲ့ အခြေအနေကို ရောက်သွားတာလေ... ဒါပေမယ့် ငါတို့ရဲ့ အကျပ်ရိုက်နေတဲ့ အခြေအနေကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတစ်ခုကိုလည်း သူက ဖုံးကွယ်ထားသေးတယ်.....
သူ့ဆီက အဖြေမရခင် ယန်ကူကို အကြောင်းပြချက်မရှိ သေခွင့်ပေးလိုက်ရင် ငါတို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတာတွေ အလဟဿဖြစ်မသွားဘူးလား "
အကယ်၍ ကုချန်သာ ဤနေရာ၌ရှိနေ၍ ပထမဧကရာဇ်၏ စကားများကို ကြားလိုက်ရပါက အံ့သြသွားနိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် ယန်ကူ သေအံ့ဆဲဆဲ၌ အော်ဟစ်ခဲ့မှုများကို သူသည် ရူးသွပ်နေသည်ဟုသာ ထင်မှတ်ခဲ့၍ ထိုသူ့ထံတွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု အမှန်တကယ် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့်ပင်။
" သူတစ်ပါးကို အားကိုးတာထက် ကိုယ့်ကိုယ်ကိုယ် အားကိုးတာက ပိုကောင်းပါတယ်... နှစ်တွေဒီလောက်ကြာသွားတာတောင် ပထမဧကရာဇ်... ရှင် နားမလည်သေးဘူးလား "
ဝိညာဉ်ဧကရာဇ်သည် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း အလျင်းမရှိချေ။ သူ၏ ကျယ်ဝန်းသော အင်္ကျီလက်ကို အနည်းငယ် ပင့်မြှောက်လိုက်ရာ မရေမတွက်နိုင်သော ကြယ်များသည် သူ၏ ဆန္ဒအလျောက် ရွေ့လျားသွား၍ ကောင်းကင်ယံကို လွှမ်းခြုံသွားမည့် ဧရာမ ကြယ်လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားလေသည်။
" တခြားကိစ္စမရှိရင် ရှင် ထွက်သွားလို့ရပြီ "
" မင်း! "
မိမိထံသို့ ရိုက်ခတ်လာသော အဆုံးမဲ့ ကြယ်သမုဒ္ဒရာကြီးကို မြင်သောအခါ ပထမဧကရာဇ်၏ မျက်လုံးများတွင် ဒေါသများ ချက်ချင်း ပြည့်နှက်သွားတော့သည်။
ဤဧရာမ ကြယ်လှိုင်းလုံးကြီးများသည် ကျိန်းသေပေါက် သူ့အား မည်သို့မျှ မလုပ်နိုင်ချေ။
သို့သော် ဤသည်မှာ ဝိညာဉ်ဧကရာဇ်မှ သူ့ကို နှင်ထုတ်နေခြင်းဖြစ်ကာ ဤ 'ကြယ်အလင်း သမုဒ္ဒရာ' အတွင်း သူ့ကို ဆက်မနေစေချင်တော့ဘဲ ထွက်သွားရန် ပြောဆိုနေခြင်းဖြစ်ကြောင်း သူ သိလိုက်၏။
" ဟမ့်...! ဝိညာဉ်ဧကရာဇ်... ယန်ကူ သေဆုံးတာက မင်းနဲ့ မပတ်သက်တာ အကောင်းဆုံးပဲ... ယန်ကူ သေဆုံးမှုမှာ မင်း ပါဝင်ပတ်သက်နေတယ်လို့ ငါ သိရရင်... မင်းဆီက ရှင်းလင်းချက် တောင်းရုံပဲမဟုတ်ဘဲ တခြား တာအိုရောင်းရင်းတွေကိုပါ သင့်တော်တဲ့ ရှင်းလင်းချက် ပေးရလိမ့်မယ် "
ပထမဧကရာဇ်မှ ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ကာ ထိုနေရာ၌ ဆက်မနေတော့ချေ။ သူ၏ခန္ဓာကိုယ်သည် မမြင်နိုင်သော အနက်ရောင် မီးတောက်များအဖြစ် ချက်ချင်း ပြောင်းလဲသွားကာ လေဟာနယ်ကို ပြာကျစေလျက် ကြယ်အလင်းသမုဒ္ဒရာထဲမှ လုံးဝ ပျောက်ကွယ်သွားလေသည်။
ပထမဧကရာဇ် ထွက်ခွာသွားပြီးနောက် မရေမတွက်နိုင်သော ကြယ်များသည် တည်ငြိမ်သော အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။
" ရှင် ဖြစ်နေမလား..... "
ဝိညာဉ်ဧကရာဇ်သည် ငြိမ်သက်သွားသော ကြယ်များကို ကြည့်လျက် တီးတိုးရေရွတ်လိုက်၏။
" အဲဒါတွေအားလုံး အမှန်ဖြစ်ဖို့ မျှော်လင့်ပါတယ်... မဟုတ်ရင် တကယ်ပဲ နောက်ကျသွားမှာကို စိုးရိမ်မိတယ်..... "
…………
နတ်ဆိုးနယ်မြေ... ချီလျန်မျိုးနွယ်စု၏ ဘိုးဘေးနယ်မြေ.....
ကုချန်၏တတိယကိုယ်ပွားသည် ယွဲ့လင်အင်မော်တယ်ဘုရင်နှင့် သဘောတူညီချက် ရရှိပြီးနောက် နတ်ဆိုးနယ်မြေရှိ သူ၏ဒုတိယကိုယ်ပွားသည် ချီလျန်မျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သော ချီလျိုကို ချက်ချင်း ဆင့်ခေါ်လိုက်၏။
" အရှင်သခင်ကို ဂါရဝပြုပါတယ်... ဘာများ အမိန့်ရှိပါသလဲ "
ချီလျိုသည် ကုချန်ရှေ့သို့ ရောက်လာကာ ကျက်သရေရှိစွာ အရိုအသေပေးလိုက်၏။
" မင်းကို ငါမေးမယ်... မင်းတို့ ချီလျန်မျိုးနွယ်ထဲမှာ ယွဲ့လင်အင်မော်တယ်ဘုရင်ဆိုတဲ့ နာမည်ကို သိတဲ့သူ ရှိလား "
ကုချန်မှ ချက်ချင်းပင် မေးမြန်းလိုက်၏။
" ယွဲ့လင်အင်မော်တယ်ဘုရင်? "
ချီလျိုမှာ ဇဝေဇဝါဖြစ်သွားရ၏။ သူ၏အရှင်သခင်မှ အဘယ်ကြောင့် ဤမေးခွန်းကို ရုတ်တရက် မေးရသည်ကို နားမလည်သော်လည်း ချီလျန်မျိုးနွယ်ဝင်များအားလုံးကို မေးမြန်းပြီးနောက် ပြန်လည်တင်ပြလိုက်၏။
" အရှင်သခင်... ကျွန်မတို့ ချီလျန်မျိုးနွယ်က ဘယ်ညီမလေးမှ ယွဲ့လင်အင်မော်တယ်ဘုရင်ဆိုတဲ့ နာမည်ကို မကြားဖူးပါဘူး "
မကြားဖူးဘူးလား။
ကုချန်၏မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးသွားသော်လည်း ချက်ချင်းပင် ပြန်လည်ပြေလျော့သွား၏။
လက်ရှိ ချီလျန်မျိုးနွယ်ဝင်များမှ ယွဲ့လင်အင်မော်တယ်ဘုရင်ဆိုသော နာမည်ကို မကြားဖူးခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ယွဲ့လင်အင်မော်တယ်ဘုရင်သည် အင်မော်တယ်နှင့် နတ်ဆိုးနယ်မြေကြားရှိ ရှေးဟောင်းစစ်ပွဲကာလကတည်းက တည်ရှိနေခဲ့သူဖြစ်ရာ လက်ရှိ ချီလျန်မျိုးနွယ်တွင် ထိုရှေးဟောင်းခေတ်ကို ဖြတ်သန်းခဲ့သူ မရှိသောကြောင့် ယွဲ့လင်အင်မော်တယ်ဘုရင်ဆိုသော နာမည်ကို မည်သူမှ မသိခြင်းမှာ သဘာဝကျလေသည်။
သူ၏တည်ရှိမှုကို သိနိုင်မည့် တစ်ဦးတည်းသောသူဖြစ်သည့် ချီလျန်မျိုးနွယ်၏ ဘိုးဘေး ချီရှောင်မှာလည်း မကြာသေးမီကပင် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
" ချီယွဲ့ ဆိုတဲ့ နာမည်ရော... ချီလျန်မျိုးနွယ်ထဲမှာ ဒီနာမည်နဲ့ ခေါ်ခံရတဲ့သူ ရှိခဲ့ဖူးလား... ဒီလူက မင်းတို့ ချီလျန်မျိုးနွယ် အင်မော်တယ်နယ်မြေကနေ မထွက်ခွာလာခင် ရှေးဟောင်းခေတ်က ချီလျန်မျိုးနွယ်ဝင် တစ်ယောက် ဖြစ်လိမ့်မယ် "
ကုချန်မှ ဆက်လက်မေးမြန်းလိုက်၏။
ရှေးဟောင်းခေတ်က ချီလျန်မျိုးနွယ်ဝင်တစ်ယောက်... နာမည်က ချီယွဲ့.....
ချီလျို၏မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်မှုများ ပေါ်လာသော်လည်း စိတ်ထဲတွင်တော့ ချီယွဲ့ဆိုသော နာမည်ကို အပူတပြင်း ပြန်လည်စဉ်းစားနေမိသည်။
ချီယွဲ့... ချီယွဲ့... ထူးဆန်းလိုက်တာ... ဘာလို့ ဒီနာမည်က နည်းနည်း ရင်းနှီးနေသလို ခံစားရတာလဲ.....
ချီလျို အသေအချာ ပြန်လည်စဉ်းစားနေရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူ၏မျက်လုံးများ လင်းလက်သွားလေသည်။
ဘိုးဘေးချီရှောင် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် ကြိုးစားတော့မည့်အချိန်က သူတို့၏စကားဝိုင်းတွင် ချီယွဲ့ဆိုသော နာမည်ကို ဖော်ပြခဲ့ဖူးကြောင်း သူ မှတ်မိသွား၏။
ချီယွဲ့သည် ချီလျန်မျိုးနွယ်ဝင်တစ်ဦးဖြစ်ကြောင်းနှင့် အနာဂတ်တွင် သူ့ကို ရှာတွေ့ရန် အခွင့်အရေးရပါက ဘိုးဘေးများကို ဂါရဝပြုရန် ပြန်လည်ခေါ်ဆောင်လာသင့်ကြောင်းလည်း သူ ပြောခဲ့သေးသည်။
သို့သော် ချီရှောင်သည် ထိုအချိန်က ပေါ့ပေါ့ပါးပါးသာ ပြောခဲ့ခြင်းဖြစ်ကာ သူကိုယ်တိုင်ပင် ဤကိစ္စအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားပုံမရချေ။ ထိုစဉ်က ချီလျိုမှာ ဘိုးဘေးချီရှောင်၏ အဆင့်တက်ခြင်း အောင်မြင်မည်၊ မအောင်မြင်မည်ကိုသာ စိုးရိမ်နေခဲ့သောကြောင့် ဤကိစ္စကို စိတ်ထဲ သိပ်မထားခဲ့ပေ။
ယခု ကုချန်သာ ဤနာမည်ကို ပြန်လည်မဖော်ပြခဲ့ပါက ချီလျိုသည် ၎င်းကို လုံးဝ မေ့ပျောက်သွားလောက်ပေပြီ။
ဒါပေမယ့် အရှင်သခင်က ချီယွဲ့ဆိုတဲ့ နာမည်ကို ဘယ်လိုလုပ် သိနေတာလဲ။
ချီလျိုမှာ လုံးဝ နားမလည်နိုင်ဖြစ်နေ၏။ ဘိုးဘေးချီရှောင်ကသာ မပြောခဲ့လျှင် သူသည် ချီယွဲ့ဆိုသော နာမည်ကို လုံးဝ သိမည်မဟုတ်ပေ။ အရှင်သခင်သည် ဘိုးဘေးချီရှောင်နှင့် တစ်ခါမျှမတွေ့ဖူးပါဘဲ ဤနာမည်ကို မည်သို့ သိနေရသနည်း။
ဇဝေဇဝါဖြစ်နေသော်လည်း ချီလျိုသည် သူသိထားသော အချက်အလက်အားလုံးကို ကုချန်အား အမှန်အတိုင်း ပြန်လည်ပြောပြလိုက်၏။
ချီလျို၏တင်ပြမှုကို ကြားပြီးနောက် ကုချန်၏မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားကာ တစ်ခုခုကို သဘောပေါက်သွားပုံရလေသည်။
ချီလျို၏အဆိုအရ ချီယွဲ့ဆိုသော နာမည်သည် ချီလျန်မျိုးနွယ်အတွင်း၌ပင် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုအဖြစ် သတ်မှတ်ခံထားရ၏။ ဘိုးဘေးချီရှောင်ကသာ မပြောခဲ့ပါက ချီလျိုပင် သိမည်မဟုတ်ပေ။
ထိုသို့ဆိုလျှင် မေးစရာရှိလာသည်မှာ ယွဲ့လင်အင်မော်တယ်ဘုရင်သည် ချီလျန်မျိုးနွယ်အတွင်းရှိ ဤမျှ လျှို့ဝှက်သော နာမည်တစ်ခုကို မည်သို့ သိနေရသနည်း။
ထို့အပြင် ဘိုးဘေးချီရှောင်၏ အဆိုအရ ချီယွဲ့သည် ချီလျန်မျိုးနွယ် နတ်ဆိုးနယ်မြေသို့ မဝင်ရောက်မီကတည်းက မျိုးနွယ်စုဝင်များနှင့် 'ကွဲကွာ' သွားခဲ့၍ အင်မော်တယ်နယ်မြေ၌ ကျန်ရစ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ဒီယွဲ့လင်အင်မော်တယ်ဘုရင်က ချီယွဲ့များ ဖြစ်နေမလား။
ကုချန်၏ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားကာ ခန့်မှန်းချက်တစ်ခု သူ၏စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာ၏။
ချီယွဲ့၊ ယွဲ့လင်။
ကုချန် ပိုတွေးလေလေ ပို၍ ဖြစ်နိုင်ချေရှိလေလေ ဖြစ်နေသည်။
စဉ်းစားကြည့်ပါ။ ချီလျန်မျိုးနွယ်သည် နတ်ဆိုးနယ်မြေသို့ ပုန်ကန်ထွက်ပြေးခဲ့သည်မှာ နှစ်သောင်းပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် ချီလျန်မျိုးနွယ်ကို သိသော တည်ရှိမှုများပင် သိပ်များများစားစား ရှိလောက်မည် မဟုတ်ပေ။ သို့ဆိုလျှင် ယွဲ့လင်အင်မော်တယ်ဘုရင်သည် အဘယ်ကြောင့် ချီလျန်မျိုးနွယ်အပေါ် ဤမျှ စွဲလမ်းနေရသနည်း။
ဤသည်မှာ လုံးဝ ယုတ္တိမတန်ချေ။
သူကိုယ်တိုင်က ချီလျန်မျိုးနွယ်ဝင်တစ်ဦး ဖြစ်နေရင်ကလွဲလို့ပေါ့... ဒါဆိုရင်တော့ အရာအားလုံးက ယုတ္တိရှိသွားပြီ!
စိတ်ဝင်စားစရာပဲ... အင်မော်တယ်နယ်မြေမှာ ကျန်ရစ်ခဲ့တဲ့ ချီလျန်မျိုးနွယ်ဝင် တစ်ယောက်က အင်မော်တယ်ဘုရင်အဆင့်အထိ ရောက်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။
" အရှင်သခင်... ဒီချီယွဲ့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုများ သိထားလို့လား "
ကုချန် အလေးအနက် တွေးတောနေသည်ကို မြင်သောအခါ ချီလျိုသည် သတိထား၍ မေးမြန်းလိုက်၏။
" ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီချီယွဲ့ဆိုတာ မင်းတို့ ချီလျန်မျိုးနွယ်ထဲမှာ အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းနိုင်တဲ့ ပထမဆုံး တည်ရှိမှုပဲ ဖြစ်လိမ့်မယ် "
ကုချန်သည် ခပ်ဟဟ ရယ်မောလျက် ပြောဆိုလိုက်၏။
သာမန်ဟု ထင်ရသော သူ၏ တည်ငြိမ်သည့် အသံသည် ချီလျို၏နားထဲသို့ ဝင်ရောက်သွားသောအခါ ခေါင်းလောင်းကြီးတစ်ခု ထိုးလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားလေသည်။
ချီလျန်မျိုးနွယ်ထဲက အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းနိုင်တဲ့... ပထမဆုံး တည်ရှိမှု?!!
ချီလျို၏ လှပသော မျက်လုံးများတွင် အံ့သြမှင်သက်မှုနှင့် မယုံကြည်နိုင်မှုတို့ ထွက်ပေါ်လာ၏။
ထို့နောက် ဉာဏ်ကောင်းသော သူသည် တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်သွားကာ သတိထား၍ အတည်ပြုချက် တောင်းခံလိုက်၏။
" အရှင်သခင် ဆိုလိုတာက... ဒီချီယွဲ့က အဲဒီတုန်းက အင်မော်တယ်နယ်မြေမှာ ကျန်ရစ်ခဲ့တဲ့ ကျွန်မတို့ ချီလျန်မျိုးနွယ်ဝင်ဖြစ်ပြီး... အခု အင်မော်တယ်ဘုရင်အဆင့်ကို ရောက်ရှိနေပြီဆိုတဲ့ သဘောလား "
" အတိအကျပဲ "
ကုချန်သည် အနည်းငယ် ခေါင်းညိတ်ပြလိုက်ကာ အတည်ပြုပေးလိုက်လေ၏။