အန္တရာယ်
Vol. 8 Ch. 71
ဆိုင်းလက်စ်က စကားကို စတင် ပြောလိုက် သော်လည်း ပြော နေရင်း ရပ်သွားကာ ခေါင်းခါလိုက်ပြီး
"ကိုယ်လည်း အများကြီးမသိဘူး မင်း အန္တရာယ်ရှိနေတယ်ဆိုတာလောက်ပဲ သိတာ"
အကယ်လို့ အိုင်ဗီကြောင့် သူပါ ထိခိုက်နိုင်တယ်လို့သာ ပြောလိုက်ရင် အိုင်ဗီက သူ့ဆီကနေ ပိုဝေးရာကို ထွက်သွားလိမ့်မယ်။
အဲ့ဒီထက် ပိုဆိုးတဲ့ အတွေးတစ်ခုက ဆိုင်းလက်စ်ရဲ့ စိတ်ထဲမှာ လစ်ခနဲ ပေါ်လာသည်။ အိုင်ဗီက ဒီအချက်ကို ကြိုသိ နေတာကြောင့်ပဲ သူ့ကို တမင်ခပ်ခွာခွာ နေနေတာလား။
အိုင်ဗီသည် ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်း မချပြထားလို့ သူ့ကို သတိထား၍ ရှောင်ဖယ်နေခြင်းသာ ဖြစ်နိုင်သော်လည်း တစ်နေ့တွင် ဒီအကြောင်းကို ဖွင့်ပြောလာရင် သူ့ဆီကနေ ထွက်သွားရန် ခိုင်လုံသော အကြောင်းပြချက်တစ်ခု ရသွား ပေလိမ့်မည်။
အိုင်ဗီလဲ စိတ်ထဲမှ မသိမသာ သက်ပြင်းချလိုက်မိသည်။ အကြောင်းရင်းမသိရဘဲ ဆိုင်းလက်စ်က သူမရဲ့ အတိတ်ဆိုး တွေကို သိသွားပြီးနောက် သူမကို ကပ်ရောဂါတစ်ခုလို ရှောင်သွားမည်ကို တွေးကြည့်ရုံနှင့်တင် သူမ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေမိသည်။
'အရေခြုံမလေး။ နင်ရဲ့အတိတ်နိမိတ်ဆိုးတွေကြောင့် သူ့ကို ရှောင်နေပြီးတော့ သူက နင့်ကို ရှောင်မှာကျတော့ မခံစားနိုင်ဘူးလား။ တကယ်လို့ နင် သူ့ကို ချစ်တယ်ဆိုရင် အဲဒီအကြောင်းတွေကို ပြောပြလိုက်ပြီး သူ့ဆီက ထွက်သွားလိုက်လေ။ အဲဒါဆိုရင် သူ နင့်အနားကို လာတော့မှာ မဟုတ်ဘူး'
အိုင်ဗီ၏ လက်ဖျားခြေဖျားများ အေးစက်သွားသော်လည်း စိတ်ထဲမှ ထွက်ပေါ်လာသော ထိုအသံမှာ ဧကန် အမှန် ဖြစ်သည်။ သူမ တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်သကဲ့သို့ ခေါင်းကိုမော့ကာ ဆိုင်းလက်စ်ကို ကြည့်လိုက်သည်။
"ကျွန်မ..."
ဆိုင်းလက်စ်က သူမရဲ့စကားကို နူးညံ့သော အပြုံးတစ်ခုဖြင့် ဖြတ်ပြောလိုက်ကာ
"မင်း ဗိုက်ဆာနေတာ မဟုတ်လား ဒီမှာ ခဏစောင့်နေဦး နော်"
ထို့နောက် သူမကို စကားပင် ပြောခွင့်မပေးတော့ဘဲ ထွက်သွားတော့သည်။ သူ ခပ်သွက်သွက် ထွက်သွားသည်မှာ ငရဲခွေးတစ်ကောင်က နောက်မှ လိုက်လံတိုက်ခိုက်နေသလားပင် အောက်မေ့ရသည်။
အိုင်ဗီမှာ သက်ပြင်းသာ ချနိုင်တော့သည်။ ဆိုင်းလက်စ် ဟင်းချက်နေသည်ကို သူမ ငေးကြည့်နေမိ၏။
မိနစ် ၁၅ ခန့် ကြာသောအခါ မီးဖိုပေါ်ရှိ ပေါင်းအိုးသည် အလွန်အမင်း ပူပြင်းလာပြီး မီးဖိုချောင်တံခါးဝတွင် ရပ်နေသော အိုင်ဗီသည် ဆိုင်းလက်စ်ထံသို့ အပြေးအလွှား သွားကာ
သူမ လက်ကို ဝေ့ယမ်းလိုက်ပြီး ဆိုင်းလက်စ်နှင့်အတူ ဟင်းလင်းပြင်ထဲကို ဝင်ရောက်သွားခဲ့သည်။
သူတို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် မီးဖိုပေါ်ရှိ ပေါင်းအိုးက ပေါက်ကွဲသွားကာ သံစအစအနများဟာ အရပ်မျက်နှာအနှံ့ လွင့်စင်သွားတော့သည်။ အချို့သော အစအနများမှာ နံရံများကိုပင် ဖောက်ထွက်သွားသည်။
အကယ်၍ ဆိုင်းလက်စ်သာ မီးဖိုချောင်ထဲတွင် ရပ်နေသေးပါက ထိုပေါက်ကွဲမှုကြောင့် သူ သေဆုံးသွားနိုင်သည်အထိ ပြင်းထန်လှသည်။
အပြင်သို့ ပြန်ထွက်လာကြပြီးနောက် ဆိုင်းလက်စ်နှင့် အိုင်ဗီတို့သည် ပျက်စီးသွားသော မီးဖိုချောင်အခြေအနေကို ကြည့်ကာ နှုတ်ဆိတ်သွားကြသည်။ ထိုအန္တရာယ်ကြောင့် သူတို့နှစ်ဦးစလုံး တုန်လှုပ်သွားကြရသည်။
အိုင်ဗီသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး
"ကျွန်မ သွားတော့မယ်..." ဟု ရုတ်တရက် ပြောလိုက်သည်။
"မသွားရဘူး" ဆိုင်းလက်စ်က ပြတ်ပြတ်သားသား ကန့်ကွက်လိုက်ပြီး လေသံမာမာဖြင့်
"မင်းသာ ထွက်သွားဖို့ ကြိုးစားရင် ကိုယ် အခုချက်ချင်း ဒီတိုက်ပေါ်ကနေ ခုန်ချလိုက်မှာနော်" အိုင်ဗီမှာ အံ့အားသင့်ကာ မှင်သက်သွားရသည်။
"ဆိုင်းလက်စ်"
ဆိုင်းလက်စ်က အိုင်ဗီက သူမရဲ့အခြေအနေမှန်ကို သိနေ၍ သူ့ကို ခပ်ခွာခွာ နေနေတာဟု ၉၉ ရာခိုင်နှုန်းခန့် သေချာသွားပြီဖြစ်သည်။
သူမ တစ်ယောက်တည်း ဘယ်လောက်တောင် တောင့်ခံနေရမည်ကို တွေးမိကာ ဆိုင်းလက်စ် ရင်ထဲတွင် တဆစ်ဆစ်နာကျင်နေမိသည်။ သူမ ဘယ်လောက်အထိ အထီးကျန်ပြီး ဝမ်းနည်းနေခဲ့ရမလဲ။
သူ စကားတစ်လုံးမှ မပြောတော့ဘဲ အိုင်ဗီကို ပွေ့ဖက်လိုက်ကာ
"ဘာကြောင့်လဲ မသိဘူး... မင်းမရှိရင်ကိုယ်အသက် ဆက်မရှင်သန်နိုင်ဘူး အိုင်ဗီ။ ကျေးဇူးပြုပြီး ကိုယ့်ကို ထားမသွားပါနဲ့လား။” ဟု တိုးတိုးလေး ရေရွတ်နေမိသည်။
ကျေးဇူးပြုပြီးကိုယ့်ကိုထားမသွားပါနဲ့ ပြီးတော့ ကြိတ်ပြီးမခံစားပါနဲ့ တော့။
ကိုယ်တို့ နှစ်ယောက်အတူတူ သေရမယ်ဆိုရင်တောင် ကျေးဇူးပြုပြီး ကိုယ်နားမှာပဲ ရှိနေပေးပါကွာ
အိုင်ဗီ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝေ့သီလာပြီးနောက် သူမသည် အတင်းရုန်းကာ ဧည့်သည်နားနေခန်းထဲသို့ ဝင်သွားတော့သည်။
ဆိုင်းလက်စ်သည် ခံစားခက်များ ရှုပ်ထွေးကာ သူမကို ငေးကြည့်နေစဉ် ဖုန်းသံ ထွက်ပေါ်လာသည်။
သူ အသက်ကို ဝဝရှူလိုက်ပြီး ဖုန်းကို ဖြေလိုက်ကာ နွေးထွေးတည်ငြီမ်သည့် လေးနက်သော အသံဖြင့် "ဘာကိစ္စလဲ"
"ဗိုလ်ကြီး၊ ပြဿနာတစ်ခု တက်နေလို့ ဗိုလ်ချုပ်က တွေ့ချင်နေတယ်"
"အဖေ့ကို ပြောလိုက်၊ ငါ အလုပ်ရှုပ်နေတယ်လို့" ဆိုင်းလက်စ်က အမိန့်ပေးလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူသည် မြို့ပတ်ဝန်းကျင်နှင့် ဆင်ခြေဖုံးရပ်ကွက်များရှိ ဇမ်ဘီ များကို ရှင်းလင်းရန် မစ်ရှင်အမျိုးမျိုးကို ဆောင်ရွက်ခဲ့ရသည်။
ပုံမှန်အတိုင်းဆိုလျှင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူ အားလပ်ရက် မယူခဲ့သည်ကို ထောက်ထား၍ ယခုအချိန်တွင် သူ့ကို အားလပ်ရက် ပေးသင့်နေပြီဖြစ်သည်။
သို့သော် သူ၏ဖခင်မှာ သူ အမှုထမ်းနေသော တပ်၏ ဗိုလ်ချုပ်ဖြစ်နေသဖြင့် နေ့မအား ညမနား ကုလားအုပ်တစ်ကောင်လို အလုပ်လုပ်ရန် ဖိအားပေးခြင်း ခံနေရသည်။
ယခင်ကဆိုလျှင် သူသည် ဘယ်သောအခါမှ ငြီးငြူခြင်းမရှိဘဲ အန္တရာယ်အရှိဆုံး မစ်ရှင်များကို တစ်ခုပြီးတစ်ခု လက်ခံခဲ့သော်လည်း ယခုအချိန်တွင်မူ မတူတော့ပေ။
ယခုအခါ သူ အမြတ်တနိုး ချစ်ရသူ၏ အသက်အန္တရာယ်မှာ စိုးရိမ်နေရသည်။ သူ့အနေနဲ့ လောကကြီးကို ဂရုစိုက်ရန် အချိန်မပေးနိုင်။ ထိုသို့တွေး နေရင်း ဖုန်းချရန် ပြင်နေစဉ် ဟင်နရီက အော်ပြောလိုက်သည်။
"ဗိုလ်ကြီး၊ ရောဂါဆန်း တစ်ခု ဖြစ်နေတယ်၊ အဲဒါက တော်တော်လေး ပြင်းထန် နေတယ်။ အဲဒီရောဂါ ကူးစက်ခံရတဲ့ စစ်သား ၁၀ ယောက်မှာ ၉ ယောက်က သေကုန်ပြီ"
ဆိုင်းလက်စ်၏ မျက်နှာအမူအရာမှာ တင်း သွားကာ
"သူတို့အားလုံးအတွက် စိတ်မကောင်းပေမယ့် ငါက ဆေးဝါးကျွမ်းကျင်သူလည်း မဟုတ်သလို ဆရာဝန်လည်း မဟုတ်ဘူး လေ။ ငါ့ဘက်က အကူအညီပေးနိုင်မှာ မဟုတ်ဘူး"
ဟင်နရီမှာ ကြောင်သွားကာ 'ဗိုလ်ကြီးက ဘာလို့ စိတ်မကြည် ဖြစ်နေရတာလဲ။ အိုင်ဗီလဲ သူ့နားမှာ ရှိနေတာပဲကို' ဟု တွေးနေမိသည်။
သူသည် အသက်ကို ဝဝရှူလိုက်ပြီး လေသံကို လျှော့ကာ ဆက်ပြောလိုက်သည်။
"ဗိုလ်ကြီး၊ ဗိုလ်ချုပ်က စစ်သားတိုင်းကို စစ်စခန်းမှာ ရှိနေဖို့ အမိန့်ပေးထားတယ်။ ဘယ်သူတွေ ကူးစက်ခံထားရလဲဆိုတာ စစ်ဆေးဖို့ပါ။ အကယ်၍ ဗိုလ်ကြီးသာ အစစ်ဆေးမခံရင် အိုင်ဗီဆီ ရောဂါကူးသွားနိုင်ပြီးတော့..."
သူက စကားကို တစ်ဝက်နှင့် ရပ်ထားလိုက်ရာ ဆိုင်းလက်စ်မှာ တောင့်ခဲသွားပြီးမှ အံကြိတ်လျက် ပြန်ဖြေလိုက်သည်။
"ကောင်းပြီ၊ ငါ လာခဲ့မယ်"
ဖုန်းချလိုက်ပြီးနောက် သူ မျက်လုံးများကို မှိတ်ချလိုက်သည်။ သူ၏ဖခင် ဗိုလ်ချုပ်က အိုင်ဗီ ရှိနေသည့် သတင်းကို ကြားသောကြောင့် သူ့ကို ခေါ်လိုက်သည်မှာ ၉၀ ရာခိုင်နှုန်း လောက်သေချာနေသည်။
သူ၏ဖခင်သည် သူနှင့် အိုင်ဗီ နီးစပ်သည်ကို မုန်းတီး နေသူဖြစ်သည်။ အတိအကျ ပြောရလျှင် ဆိုင်းလက်စ်ကို စစ်တပ်နှင့် အိုင်ဗီ နှစ်ခုအနက် တစ်ခုကို ရွေးချယ်ခိုင်းရသော အခြေအနေမျိုးတွင် ထားရသည်ကို ဖခင်ဖြစ်သူက သဘောကျနေခြင်း ဖြစ်သည်။
ဆိုင်းလက်စ်က အိုင်ဗီကို ရွေးချယ်သည့် အခါတိုင်းတွင်မူ…
ဆိုင်းလက်စ်က အိုင်ဗီအတွက် ရိုးရှင်းသော ဟင်းလျာအချို့ကို အမြန်ချက်ပြုတ်ကာ ရေခဲသေတ္တာထဲတွင် ထည့်ထားပေးခဲ့သည်။
အခြား ရွေးချယ်စရာ မရှိတော့သဖြင့် သူသည် ဧည့်ခန်းတံခါးဝသို့ သွားကာ တံခါးခေါက်လိုက်သည်။
"ကိုယ် စခန်းကို ခဏသွားလိုက်ဦးမယ်။ တစ်ခုခု လိုချင်ရင် ဖုန်းဆက်လိုက်နော်"
"ဟုတ်"
အိုင်ဗီ၏ တုံ့ပြန်သံကို ကြားရမှသာ ဆိုင်းလက်စ် ထွက်ခွာသွားတော့သည်။
အိုင်ဗီသည် တံခါးကို မှီလျက် ကြမ်းပြင်ပေါ်သို့ လျောကျထိုင်လိုက်သည်။
'ဆိုင်းလက်စ်... ဘေးကင်းဖို့ဆိုရင် သူ့နားကနေ ဝေးဝေးမှာ နေရမယ်' ဟု သူမ တွေးနေမိသည်။ သူမ၏ ကိုယ်ပိုင်အခြေစိုက်စခန်း တစ်ခု တည်ဆောက်လိုသော ဆန္ဒမှာ ပိုမိုပြင်းပြလာခဲ့သည်။
သူမသာ ကိုယ်ပိုင် အခြေစိုက်စခန်းတစ်ခု တည်ဆောက်နိုင်ပါက ဆိုင်းလက်စ် သူမရဲ့မိသားစုနဲ့ သူငယ်ချင်းများကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
သို့သော် ရေအရင်းအမြစ်တွေ၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုတွေ၊ ကာကွယ်ရေးစနစ် စသည့် ပြဿနာများစွာ ရှိနေသည်။ အဓိက ပြဿနာမှာ အဆောက်အအုံများ ဖြစ် နေသည်။
နောင်အနာဂတ်တွင် မြေဓာတ်စွမ်းအားရှင် များသည် အဆောက်အအုံတစ်ခုကို ၂ လအတွင်း တည်ဆောက်နိုင်မည် ဖြစ်သော်လည်း ယခုအချိန်တွင်မူ...
လူသားမျိုးနွယ်စုများ ရင်ဆိုင်ရတော့မည့် ဘေးအန္တရာယ်များကို တွေးတောရင်း သူမ၏ မျက်နှာမှာ အေးစက်သွားသည်။
မြေဓာတ်စွမ်းအားရှင် တချို့ကို ငါ စုဆောင်းရမလားဟု အိုင်ဗီ တွေးနေစဉ် စွမ်းအင်သုံလှောင်တွင်းမှ ပြုလုပ်ထားသော ရေချိုးခန်းကို ရုတ်တရက် သတိရသွားကာ သူမ၏ မျက်ဝန်းများ တောက်ပသွားသည်။
"သိုလှောင်ရုံရေ၊ ရေချိုးခန်းကို အပြင်ထုတ်ပေးပါ”