ဆေးကတ်များ
Vol. 8 Ch. 74
မြေပြင်တစ်ခုလုံးမှာ ဝေဝါးတုန်ခါနေပြီး အထုပ်အပိုးတချို့က ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသည်။ ပို၍ပင် အံ့အားသင့်စရာကောင်းသည်မှာ... အိုင်ဗီသည် အရင်ကနှင့်မတူသော ပစ္စည်းအသစ်အဆန်းတချို့ကိုပါ မြင်နေရခြင်းပင်။
'ငါ့ရဲ့စွမ်းအားက အဆင့်တက်သွားတာလား၊ ဒါမှမဟုတ် ဒီတစ်ခါတော့ စားသောက်ကုန်မျိုးစုံ ရတော့မှာလား'
ရုတ်တရက် အချိန်မှတ်နာရီက ဆက်လက်ပတ်နေဆဲဖြစ်သည်ကို မြင်လိုက်ရချိန်တွင်တော့ သူမ၏အပေါ်ကို ရေအေးဖြင့် လောင်းချလိုက်သလို ခံစားလိုက်ရသည်။
"တောက်... ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေတာကို မမြင်ဘူးလား။ ဒီလိုကြီးဆို ငါ ဘယ်လိုလုပ် ကောက်လို့ရမှာလဲ"
ပြန်လည်တုံ့ပြန်မှုကား မရှိ။
ဩော်... သူမ မေ့သွားသည်။ ဘယ်လိုအခြေအနေမျိုးမှာမဆို သူမဘာသာသူမပဲ ဖြေရှင်းရမည် မဟုတ်ပါလား။
အခြားရွေးချယ်စရာမရှိသဖြင့် အိုင်ဗီသည် ခါးကုန်း၍ တုန်ခါပျောက်ကွယ်လုနီးပါးဖြစ်နေသော ပစ္စည်းများကို လိုက်လံဆွဲယူရတော့သည်။ အစပိုင်းတွင် ဘာမှဖြစ်မလာသော်လည်း အိုင်ဗီက ဇွဲမလျှော့ဘဲ ထပ်ခါတလဲလဲ ကြိုးစားသည်။ နောက်ဆုံးမှာ ဆေးကတ်အထုပ်လေးများကို သူမ ဖမ်းဆွဲနိုင်ခဲ့သည်။
အနီးကပ်ကြည့်လိုက်တော့ ဆေးပြားလေးများ ဖြစ်နေသည်။ သို့သော် အသေးစိတ်ကြည့်ရန် အိုင်ဗီ့မှာ အချိန်မရှိပေ။ အချိန်မှတ်နာရီက ကုန်ဆုံးတော့မည်ဖြစ်ရာ သူမ အတင်းအလုအယက် လိုက်ကောက်နေရသည်။
၁၄ မိနစ်ခန့်အကြာတွင် မြေပြင်က နောက်ဆုံးအကြိမ်အဖြစ် လင်းခနဲဖြစ်သွားပြီး ဆေးကတ်များအားလုံး ပျောက်ကွယ်သွားတော့သည်။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း နုံးချိသွားကာ သူမ အမောတကော အသက်ရှူနေမိသည်။ ဖနောင့်တွေကလည်း နာကျင်နေပြီး အရည်ကြည်ဖုလေးများအပြင် ဒဏ်ရာအနည်းငယ်ပါ ရသွားခဲ့သည်။
ထိုအခါမှသာ သူမ ခြေအိတ်၊ ဖိနပ် ဘာမှမပါဘဲ လမ်းလျှောက်နေခဲ့သည်ကို သတိထားမိတော့သည်။ စိတ်ပျက်လက်ပျက်ဖြင့်ပင် စွမ်းအင်းသိုလှောင်ရုံ ထဲသို့ သူမ ဝင်လိုက်သည်။ ခြေဖဝါးအောက်က နူးညံ့သော မြက်ခင်းပြင်ကြောင့် ခန္ဓာကိုယ်က တင်းအားများ လျော့ကျသွားရ၏။ သူမ ရေချိုးခန်းထဲဝင်ပြီး ခြေထောက်ကို ဆပ်ပြာဖြင့် သေချာဆေးကြောလိုက်သည်။
ပိန်ချောင်နေသော ဆပ်ပြာတုံးလေးကိုကြည့်ရင်း အိုင်ဗီ စိုးရိမ်လာမိသည်။ လက်ဆေးရည်၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများက နောက်ဆယ်စုနှစ်တစ်ခုအကြာတွင် ရှားပါးပစ္စည်းများ ဖြစ်ကုန်တော့မည်။ ဒါတွေကိုသာ ကြိုတင်စုဆောင်းထားနိုင်ရင် သိပ်ကောင်းမှာပဲ။
ထူးဆန်းသော အတွေးတစ်ခု သူမခေါင်းထဲ ဝင်လာသည်။ 'ငါ့ရဲ့စွမ်းအားက ဒီလိုပစ္စည်းတွေကိုပါ ရအောင်လုပ်ပေးနိုင်ရင်ကော... အား ဒါဆိုရင်တော့ တကယ့်ကို အလန်းစားပဲ'
သန့်ရှင်းရေးလုပ်ပြီးနောက် သူမ ရရှိလာသော ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။ အံ့ဩစရာကောင်းသည်မှာ ယခုတစ်ကြိမ် ရရှိသည့်ပစ္စည်းများက အစားအသောက်မဟုတ်ဘဲ... ဆေးဝါးများ ဖြစ်နေခြင်းပင်။
ဟုတ်ပါသည်။ အထုပ်လိုက်ကြီးပင်။ သူမ ဆေးအမည်ကို ဖတ်ကြည့်ပြီး အံ့ဩသွားရသည်။ ဖလူရိုကွီနိုလုံး။
ဒီဆေးကို သူမ သိသည်။ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ၊ အရေပြားနှင့် တစ်သျှူးဆိုင်ရာ ရောဂါပိုးမွှားတွေကို ကုသရာမှာ အဓိကသုံးစွဲကြတာ။
ဒါပေမဲ့ အဓိက အချက်ကတော့... ဒီဆေးက တိုင်ဖွိုက်ဖျားနာခြင်း ကို ကုသရာမှာ သုံးနိုင်ခြင်းပင်။
ဘုရားသခင်က သူမရဲ့ဆုတောင်းကို ဒီတစ်ခါတော့ တကယ်ပဲ နားထောင်ပေးလိုက်တာပဲ။ သူမ ဆေးဝါးတွေ ရပြီလေ။ တခြားဆေးတွေကော ပါသေးလားဆိုပြီး လိုက်ကြည့်သော်လည်း ထူးထူးခြားခြား အမျိုးအစားစုံစုံလင်လင်တော့ မရှိပေ။
ပုံမှန်ဆိုလျှင် သူမ ဆန်ရလျှင်တောင် ဆန်အမျိုးအစား အမျိုးမျိုး ပါတတ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ ဖလူရိုကွီနိုလုံး ဆေးကတ်များသာ သီးသန့်ရရှိခဲ့ခြင်းဖြစ်သည်။
သူမ၏ မျက်ဝန်းများ ဝင်းလက်သွားပြီး ခုနက ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်များကို ပြန်စဉ်းစားကာ ကောက်ချက်ချလိုက်သည်။
"ဖြစ်နိုင်တာက... ငါ့ရဲ့လက်ရှိ အဆင့် နဲ့ဆို ဆေးဝါးတွေ ရခွင့်မရှိသေးတာမျိုး ဖြစ်မယ်။ ဒါပေမဲ့ ငါက ဘယ်လိုနည်းနဲ့မဆို ရအောင်ယူနိုင်ခဲ့တော့... အမျိုးအစားကတော့ သိပ်မစုံတော့တာပေါ့"
ဒီလိုရှင်းပြချက်က အနည်းငယ်တော့ ယုတ္တိမရှိသလို ဖြစ်နေသော်လည်း အခြားဖြစ်နိုင်ခြေကို အိုင်ဗီ မစဉ်းစားတတ်တော့ပေ။ သူမသည် သိုလှောင်ရုံထဲမှ ယာယီဖိနပ်တစ်စုံကို စီး၍ ထွက်လာခဲ့ပြီး စစ်တပ်ဝင်းဆီသို့ ပြန်ရန် ခရီးစတင်လိုက်သည်။
ပြန်ရမည့် ခရီးက ဝေးလွန်းလှသဖြင့် အိုင်ဗီ ကျိန်ဆဲချင်စိတ် ပေါက်သွားရပြန်သည်။ သို့သော် စိတ်ကိုထိန်းပြီး ဒီတောအုပ်ထဲလာတုန်းက လမ်းကြောင်းကို မှတ်ဉာဏ်ထဲမှာ ပြန်ဖော်လိုက်ရသည်။
အိုင်ဗီ့ခန့်မှန်းချက်အရ အခုဆို ညနေ ၄ နာရီလောက် ရှိနေပြီဖြစ်ရာ မကြာခင် နေဝင်တော့မည်။ စိမ်းစိုနေသော တောအုပ်အလှနှင့် အေးမြသော လေပြေလေးက မည်သူ့ကိုမဆို ရင်သပ်ရှုမောစေမည်မှာ အမှန်ပင်။
သို့သော် လက်တစ်ဖက်ပြတ်နေပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဇမ်ဘီ တွေကို မြင်နေရသည်မှာတော့ လျစ်လျူရှုထားရန် ခက်ခဲလှသည်။ တစ်ချက်တစ်ချက် ထွက်ပေါ်လာသော ၎င်းတို့၏ ဟိန်းဟောက်သံများက မြင်ကွင်းတစ်ခုလုံးကို မြူနှင်းတွေလို ဖုံးလွှမ်းနေသည့် ထူးဆန်းသောအငွေ့အသက်ကို ပို၍ ပြင်းထန်စေသည်။
အိုင်ဗီ့အတွက်တော့ ဒါက ဘာမှမဟုတ်။ သူမ၏ စွမ်းအားကြောင့် သူမ ကြိုက်သည့်နေရာကို လွတ်လပ်စွာ သွားလာနိုင်သည်။ ဇမ်ဘီအုပ်ကြားထဲမှ ဖြတ်သွားစဉ် ဇမ်ဘီတစ်ကောင်က သူမရှိရာဘက်သို့ ရုတ်တရက် ပြေးဝင်လာသည်။
သတိမထားမိဘဲ နေခဲ့သော်လည်း အိုင်ဗီ၏ လျင်မြန်သော အာရုံခံစားမှုကြောင့် ခြေသံထူးခြားမှုကို ကြားလိုက်ရပြီး အတိုက်အခိုက်ကို အလွယ်တကူ ရှောင်တိမ်းလိုက်နိုင်သည်။
ထိုအစိမ်းရောင်သမ်းပြီး မျက်တွင်းဟောက်ပက်နှင့် သတ္တဝါဆိုးက အိုင်ဗီ့ဘက်သို့ ခေါင်းကို ဝှေ့ယမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲက ကြမ်းတမ်းခက်ထန်မှုတွေက သာမန်လူတစ်ယောက်ဆိုလျှင် ကြောက်လန့်တုန်လှုပ်သွားစေရန် လုံလောက်လှသည်။
သို့သော် ဇမ်ဘီတွေရဲ့ ရုပ်ပျက်ဆင်းပျက်ပုံစံတွေကို ယဉ်ပါးနေပြီဖြစ်သော အိုင်ဗီကတော့ မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး လေချွန်ရင်းပင် မှတ်ချက်ပေးလိုက်သည်။
"ဟင် ဆင့်ကဲပြောင်းလဲထားတဲ့ ကောင်လား။ အင်း... ငါလည်း စိတ်ထဲက မွန်းကျပ်နေတာတွေကို ဖွင်ြထုတ်ချင်နေတာနဲ့ အတော်ပဲ။ မင်းရဲ့ လာရောက်အားပေးမှုကို ကျေးဇူးတင်ပါတယ်နော်"
မျက်ဝန်းထဲမှာ အရောင်တစ်ချက် ဝင်းခနဲဖြစ်သွားပြီး သူမ၏ခြေထောက်ကို မြှောက်ကာ ဇမ်ဘီ၏ခေါင်းကို အားကုန်ကန်ထည့်လိုက်သည်။ ထိုသတ္တဝါဆိုးမှာ စူးရှသော အသံကို တစ်ချက်ပြုရင်း မြေပြင်ပေါ်သို့ 'ဘုန်း' ကနဲ လွင့်ကျသွားတော့သည်။
တကယ်လို့သာ သူ့မှာ အသိစိတ် ကျန်သေးလျှင် အိုင်ဗီ့ထံမှ ထွက်ပေါ်နေသော အန္တရာယ်ရှိသည့် အငွေ့အသက်ကို ခံစားမိမှာဖြစ်သော်လည်း ယခုတော့ သူသည် အသိဉာဏ်မဲ့စွာဖြင့်ပင် ရှေ့ဆက်တိုးလာပြန်သည်။
မြေပြင်ပေါ်မှာ လဲကျနေရာမှ နောက်တစ်စက္ကန့်မှာတင် အိုင်ဗီ့ရှေ့သို့ ရောက်လာပြီး ခုန်အုပ်လိုက်သည်။ ထိုအခိုက်မှာပင် အိုင်ဗီ့၏ လက်သီးချက်က ဇမ်ဘီ၏မျက်နှာတည့်တည့်သို့ ကျရောက်သွားပြီး ခေါင်းနှင့် ကိုယ်လုံးမှာ တစ်ခြားစီ ဖြစ်သွားတော့သည်။
အိုင်ဗီက ပြတ်ထွက်သွားသော ခေါင်းနားသို့ လျှောက်သွားပြီး အားဖြင့် ထိုးခွဲကာ အတွင်းမှ အမြူတေကို ထုတ်ယူလိုက်သည်။ ထိုအမြူတေသည် စိန်ပုံသဏ္ဌာန်ရှိပြီး အနားသတ်များက ချွန်ထက်ကာ အရောင်အဆင်း မရှိပေ။
"ဟင်း... ဟင်းလင်းပြင် အမြူတေ လား။ မိုက်တာပေါ့"
[ဟင်းလင်းပြင် အမြူတေများကို သိမ်းဆည်းလိုပါသလား]
"အမယ်... ယဉ်ကျေးလိုက်တာ။ ဒါ နင့်အတွက် စားစရာ မဟုတ်လား။ ဘာလို့ လိုချင်ရတာလဲ" အိုင်ဗီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
ပြန်လည်တုံ့ပြန်မှု မရှိ။
အိုင်ဗီသည် သူမ၏မေးခွန်းတိုင်းကို တိတ်ဆိတ်မှုဖြင့်သာ တုံ့ပြန်တတ်သည်ကို ရိုးနေပြီဖြစ်၍ နောက်ထပ်မေးခွန်းတစ်ခုကို ထပ်မေးလိုက်သည်။
"ဒါနဲ့ အဆင့်မြှင့်လို့ ရမလား"
[အဆင့်မြှင့်တင်လိုပါသလား။ ကုန်ကျစရိတ်မှာ ၁၀၀၀ KB နှင့် ဟင်းလင်းပြင် အမြူတေ ၁၀ ခု ဖြစ်ပါသည်]
အိုင်ဗီသည် ထိုစကားကို နားလည်အောင် ခဏလောက် အချိန်ယူလိုက်ရပြီးမှ ရင်ထဲ နင့်ခနဲ ဖြစ်သွားရသည်။
၁၀၀၀ KB တောင်လား ။ဒီသိုလှောင်ရုံက ဘဏ်ကိုပဲ ဓားပြတိုက်ခိုင်းနေတာလား။ ဩော်... သူလည်း တိုက်ချင်မှာပေါ့၊ ဒါပေမဲ့ လက်တွေခြေတွေမှ မရှိတာ။
အခြေအနေက ဆိုးနေသော်လည်း အိုင်ဗီသည် ထိုအချက်ကို တွေးကာ ရယ်ချင်စိတ်ပေါက်သွားပြီး စိတ်ထဲမှာတော့ တစ်မျိုးကြီး ကျေနပ်နေမိသည်။
ဒါပေမဲ့ နောက်ပိုင်း အဆင့်မြှင့်ဖို့ဆိုရင် ဒီထက်မကတဲ့ အရာတွေ... ဥပမာ အမြူတေတွေ လိုအပ်လာဦးမှာကိုလည်း သူမ သဘောပေါက်လိုက်သည်။
ထိုစဉ် ကားအင်ဂျင်သံတစ်ခု အိုင်ဗီ့နားဆီသို့ ပဲ့တင်ထပ်၍ ရောက်ရှိလာတော့သည်။