စွမ်းအားရှင်များ
Vol. 8 Ch. 76
ဆိုင်းလပ်စ်သည် သူ့ဇနီးကို စော်ကားမော်ကား ပြောဆိုနေသည့် ထိုအရူးအဘိုးကြီးကို ရုံးခန်းထဲမှာတင် ထားရစ်ခဲ့လိုက်သည်။ သူ့မိန်းမကို နှိမ်ချပြောဆိုနေသည့် အဓိပ္ပာယ်မရှိသော စကားများကို ရပ်နားထောင်နေစရာ အကြောင်းမရှိပေ။
လေ့ကျင့်ရေးကွင်းဆီသို့ ရောက်သောအခါ သူ၏ စူးရှသော မျက်ဝန်းများဖြင့် တစ်ကွင်းလုံးကို ဝေ့ကြည့်လိုက်ပြီးနောက် သူ့အဖွဲ့သားများရှိရာဆီသို့ အကြည့် ပို့လိုက်သည်။
အဖွဲ့သားများမှာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်လေ့ကျင့်နေကြသည်။ ပြိုင်ဘက်၏ အားနည်းချက်ကို ရှာဖွေတိုက်ခိုက်ရင်း အမှားများကို ပြုပြင်ကာ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားနေကြခြင်းဖြစ်၏။ ၎င်းမှာ ဆိုင်းလပ်စ် ကိုယ်တိုင် ရေးဆွဲပေးထားသော လေ့ကျင့်ရေး စီမံချက်ပင် ဖြစ်သည်။
သူသည် တည်ငြိမ်သော ခြေလှမ်းများဖြင့် သူတို့ရှိရာသို့ လျှောက်သွားပြီး လေ့ကျင့်ခန်းပြီးဆုံးသည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်သည်။
သူ့ရောက်ရှိမှုကို သိလိုက်သဖြင့် တချို့မှာ အနည်းငယ် ဟန်ချက်ပျက်သွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်စုစည်းကာ လေ့ကျင့်ခန်းကို ဆက်လုပ်ကြသည်။ နောက်ဆုံးတွင် တစ်ဦးက အနိုင်ရရှိသွားမှသာ လေ့ကျင့်ခန်း ပြီးဆုံးသွားတော့သည်။
အကြောင်းမဲ့ ကိစ္စလေးတွေကြောင့် လေ့ကျင့်ခန်းကို အလယ်အလတ်မှာ ရပ်လိုက်သည်ကို ဆိုင်းလပ်စ် အလွန်မုန်းမှန်း သူတို့ ကောင်းကောင်းသိကြသည်။
အေဒင် နှင့် စကားလက် တို့က လေ့ကျင့်ခန်း အရင်ဆုံး ပြီးသွားကြသည်။ စကားလက်က ပြုံးဖြီးဖြီးဖြင့် ဆိုင်းလပ်စ်ဆီသို့ ပြေးလာခဲ့၏။
"ဗိုလ်ကြီး ကျွန်မတို့ ဘယ်လို ကောင်းမှုကုသိုလ်တွေ လုပ်ထားလို့ ဗိုလ်ကြီးက အခုလို ကိုယ်တိုင်ကိုယ်ကျ ကြွမြန်းလာရတာလဲရှင်"
ဆိုင်းလပ်စ်ကတော့ စကားလက်ကို သူ့နားမကပ်ရန် သတိပေးသည့်အနေဖြင့် တစ်ချက်သာ လှမ်းကြည့်လိုက်သည်။ မကြာမီမှာပင် ကျန်သူများလည်း လေ့ကျင့်ခန်းပြီးသွားကြပြီး သူ့ကို အလေးပြုလိုက်ကြသည်။
"ငါ ဘာလို့လာလဲဆိုတာ မင်းတို့ ခန့်မှန်းမိမှာပါ။ ဗိုလ်ချုပ်ကြီးက ငါတို့ကို စကိုင်းလိုင်းလူနေရပ်ကွက် အပြင်ဘက်ပိုင်းနဲ့ ဘရင်းစတုန်းတောင်အနီးက နေရာတွေကို ရှင်းလင်းဖို့ တာဝန်ပေးထားတယ်"
အားလုံးက ခေါင်းငြိမ့်ပြကြသည်။ ဒီနေ့မနက် စစ်သားတွေ ရုတ်တရက် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ဒီတာဝန်ကို သူတို့ ရရှိခဲ့ခြင်း ဖြစ်သည်။
"ငါတို့ မနက်ဖြန်မနက် ထွက်ကြမယ်။ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်ပြင်ထား။ ဒါနဲ့... မင်းတို့ထဲက တစ်ယောက်ယောက် စွမ်းအားတွေနဲ့ နိုးထလာတာမျိုး ရှိလား"
ထိုမေးခွန်းကြောင့် သူတို့မျက်နှာပေါ်တွင် တောက်ပသော အပြုံးများ ပေါ်လာသည်။ တခြားသူတွေက စွမ်းအားတွေ ချက်ချင်း နိုးထလာကြသော်လည်း ဆိုင်းလပ်စ်၏ အဖွဲ့သားများကတော့ အနည်းငယ် ထူးခြားနေသည်။
အားသာချက်တစ်ခုမှာ တခြားသူတွေ စွမ်းအားရနေသော်လည်း ထိုစွမ်းအားကို ထိန်းချုပ်ရန် ဒါမှမဟုတ် သုံးရန် ခက်ခဲနေကြခြင်းပင်။
ဆိုင်းလပ်စ်တွင်လည်း မိုးကြိုး
စွမ်းအား ရှိသော်လည်း အိပ်ပျော်နေဆဲ အခြေအနေမှာသာ ရှိသေးသည်။ စွမ်းအား နိုးထမှု နောက်ကျခြင်းက ပိုပြီး အကျိုးရှိမလား၊ ဒါမှမဟုတ် အခက်အခဲပဲ ဖြစ်မလားဆိုတာ သူ တွေးနေမိသည်။
ယခုတော့ သူတို့၏ အပြုံးကိုကြည့်ခြင်းဖြင့် စွမ်းအားတွေ နိုးထလာပြီမှန်း သူ သိလိုက်ရပြီ။ နောက်တစ်စက္ကန့်မှာတင် စကားလက်က ဝမ်းသာအားရ ပြောလိုက်သည်။
"ကျွန်မ အရင်ပြမယ်"
ဘာခွင့်ပြုချက်မှ စောင့်မနေဘဲ သူမသည် လက်ကိုမြှောက်ကာ အနီးအနားက ကျောက်ခဲတစ်လုံးဆီသို့ ဦးတည်လိုက်သည်။
အံ့ဩစရာ မြင်ကွင်းတစ်ခု ပေါ်လာ၏။ လက်ညှိုးအရွယ်ခန့်သာရှိသော ကျောက်ခဲလေးမှာ အလိုလို ကြီးထွားလာပြီး လက်ဖဝါးခန့် အရွယ်အစား ဖြစ်သွားတော့သည်။
"အရွယ်အစား ထိန်းချုပ်မှု လား... ကောင်းတယ်" ဆိုင်းလပ်စ်က ချီးကျူးသလို ရေရွတ်လိုက်သည်။
စကားလက်၏ ပါးပြင်လေးများ နီမြန်းသွားပြီး ခြေချောင်းလေးများဖြင့် မြေကြီးပေါ်တွင် စက်ဝိုင်းပုံလေးများ ဆွဲနေမိသည်။ သူမ၏ ချိုသာသော အသံလေးက ထွက်ပေါ်လာ၏။
"ဗိုလ်ကြီး၊ တစ်စစ်တပ်လုံးမှာ ဒီလို ရှားပါးတဲ့ စွမ်းအားမျိုး ရတာ ကျွန်မ တစ်ယောက်ပဲ ရှိတာ။ တကယ်လို့ ဗိုလ်ကြီးနဲ့ ကျွန်မနဲ့ တွဲလိုက်ရင် ကျွန်မတို့က ရွှေရောင်စုံတွဲ ဖြစ်သွားမှာနော်"
စကားလက် သတိမထားမိသည်မှာ သူမ၏ စကားကြောင့် အေဒင်၏ မျက်နှာ ပျက်သွားပြီး သူမကို ဝမ်းနည်းရိပ်သန်းစွာဖြင့် ကြည့်နေခြင်းပင်။
ဆိုင်းလပ်စ်ကတော့ တည်ငြိမ်သော မျက်နှာထားဖြင့်ပင် ပြန်ဖြေလိုက်သည်။ "မလိုဘူး၊ ငါ့မှာ ချစ်ရမယ့်သူ ရှိပြီးသား"
ဆံပင်နီနီနှင့် မိန်းကလေးကို အပြတ်ငြင်းလိုက်ပြီးနောက် ဆိုင်းလပ်စ်က တခြားသူများဘက်သို့ လှည့်လိုက်သည်။
တစ်ဦးပြီးတစ်ဦး သူတို့၏ စွမ်းအားများကို ပြသကြရာ ဆိုင်းလပ်စ်ကလည်း ကျေနပ်စွာ ခေါင်းငြိမ့်ပြခဲ့သည်။
ကိုးလ် ကတော့ ခွန်အား ထိန်းချုပ်မှုကို ရရှိထားသည်။ ဒါက တကယ့်ကို စိတ်ဝင်စားစရာကောင်းသော စွမ်းအားပင်။ သူမသည် ခွန်အားကို စိတ်ကြိုက် တိုးမြှင့်နိုင်၊ လျှော့ချနိုင်စွမ်း ရှိသဖြင့် အားနည်းသောသူကိုပင် အားကြီးသူဖြစ်အောင် လုပ်ပေးနိုင်သည်။
အေရီရယ် က မျက်လှည့်စွမ်းအား၊ ဂျက်က မိုးကြိုး၊ အမီလီယာ က အမြန်နှုန်း ထိန်းချုပ်မှု နှင့် အေဒင်က ကိုယ်ပျောက်နေရာရွှေ့ပြောင်းခြင်းတို့ကို အသီးသီး ရရှိထားကြသည်။
ဆိုင်းလပ်စ်ကို စိုးရိမ်စေသည်မှာ ဟင်နရီ ဖြစ်သည်။ သူက ရေစွမ်းအားကို ရရှိထားခြင်းပင်။ အိုင်ဗီ့စကားများက သူ့ခေါင်းထဲ ပြန်ဝင်လာပြီး ရင်ထဲမှာ စိုးရိမ်စိတ်လေး တစ်ချက် ဝင်လာသည်။
တကယ်လို့ ဟင်နရီသာ...
'မဟုတ်ဘူး... ငါ အဆိုးတွေ မတွေးသင့်ဘူး။ တကယ်လို့ အဲဒီလို ဖြစ်လာရင်တောင် ငါ ကြိုတင် ကာကွယ်ရမယ်'
သူ သိထားသမျှကို အခြေခံပြီး ဆိုင်းလပ်စ်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
"ဟင်နရီ၊ မင်း နောက်ရက်တွေမှာ ရေအေးနဲ့ ဝေးဝေးနေ။ လေ့ကျင့်ခန်း ပိုလုပ်။ ပရိုတင်းဓာတ်တွေ ပိုစား။ ဇမ်ဘီတွေနဲ့ မထိတွေ့မိစေနဲ့။ ပြီးတော့ အနွေးထည်တွေ သေချာဝတ်ထား"
ရုတ်တရက် ထွက်ပေါ်လာသော ဂရုစိုက်မှုအပြည့်နှင့် အမိန့်တွေကြောင့် အဖွဲ့သားများမှာ ဆိုင်းလပ်စ်ကို အံ့ဩတကြီး ကြည့်နေကြသည်။ ဟင် အမြဲတမ်း အေးစက်နေတတ်တဲ့ သူတို့ဗိုလ်ကြီးက ဘယ်တုန်းက ဒီလောက်အထိ ဂရုစိုက်တတ်သွားတာလဲ။
စကားလက်ကတော့ ဟင်နရီကို ရန်သူတော်ကြီးလို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ ထိုစဉ် ဟင်နရီက လက်ကိုမြှောက်ကာ အပြစ်ကင်းစင်သော မျက်နှာထားဖြင့် မေးလိုက်၏။
"ကျွန်မကိုလည်း အဲဒီလို ဂရုစိုက်မှုမျိုးလေး မပေးချင်ဘူးလား ဗိုလ်ကြီး" စကားလက်က ဟန်ဆောင်ပြီး မေးလိုက်သော်လည်း ဆိုင်းလပ်စ်က ဂရုမစိုက်ဘဲ သူသိထားသော အချက်အလက်များကိုသာ ဆက်ပြောလိုက်သည်။
လေထုက ချက်ချင်း တည်ငြိမ်သွားပြီး အမီလီယာ၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားတော့သည်။
"ဗိုလ်ကြီး၊ ဒါ တကယ်လား" အမီလီယာက စိုးရိမ်တကြီး မေးလိုက်သည်။ ဆိုင်းလပ်စ်က ခေါင်းငြိမ့်ပြလိုက်သည့်အခါ သူမ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော့သွားရ၏။
သူမသည် စွပ်ကျယ်ဝတ်ထားသော ဟင်နရီ့ကို ကြည့်ပြီး ရင်ထဲ မကောင်းဖြစ်သွားသည်။ သူမ၏ အိတ်ဆီသို့ အပြေးသွားကာ စောင်တစ်ထည် ထုတ်ယူပြီး ဟင်နရီ့ကို ခြုံပေးလိုက်တော့သည်။
"လာ သွားကြမယ်၊ မင်း ရေနွေးနဲ့ ရေချိုးမှ ဖြစ်မယ်"
"ဟင် ဟေ့ ခဏနေဦး အခြေအနေက အဲဒီလောက် မဆိုးပါဘူး”
ဟင်နရီ၏ ငြင်းဆန်မှုကို ဂရုမစိုက်ဘဲ အမီလီယာက ဆိုင်းလပ်စ်ကို ကြည့်ပြီး ခွင့်တောင်းလိုက်သည်။ ဆိုင်းလပ်စ်ကလည်း ခွင့်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
"အဲဒီနှစ်ယောက်ကတော့ တကယ်ကို ချစ်ကြတာပဲ" အမြဲတမ်း တိတ်ဆိတ်နေတတ်သော အေရီရယ်က မှတ်ချက်ပေးလိုက်ရာ ကျန်သူများကလည်း တစ်ပြိုင်နက်တည်း ခေါင်းငြိမ့်ပြကြသဖြင့် မြင်ကွင်းမှာ ရယ်စရာလေး ဖြစ်သွားသည်။
"ဟင်နရီကို မနက်ဖြန် တာဝန်ကနေ ဖယ်ထားလိုက်။ ကျန်တဲ့သူတွေ လေ့ကျင့်ခန်း ဆက်လုပ်ကြ"
စကားလက်က အနောက်ကနေ လှမ်းခေါ်နေသော်လည်း ဆိုင်းလပ်စ်ကတော့ လှည့်မကြည့်ဘဲ သူ့တိုက်ခန်းဆီသို့ ပြန်လာခဲ့သည်။
တိုက်ခန်းထဲ ရောက်သောအခါ ဧည့်ခန်းက အရင်အတိုင်း တိတ်ဆိတ်နေသဖြင့် အိုင်ဗီ သူမအခန်းထဲမှာ ရှိနေမည်ဟု သူ ထင်လိုက်သည်။ ခေတ္တမျှ ဝေခွဲမရဖြစ်ပြီးမှ ဧည့်ခန်းတံခါးကို ခေါက်ကာ ခေါ်လိုက်၏။
"အိုင်ဗီရေ"
တိတ်ဆိတ်မှုသာ ပြန်လည် ပဲ့တင်ထပ်လာသည်။ သူမ အိပ်ပျော်နေတာလား ဟု တွေးကာ သူ မနှောင့်ယှက်တော့ရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း တစ်ခုခုကို စိုးရိမ်နေသည့် သူ၏ စိတ်အလိုအရ နောက်တစ်ကြိမ် ထပ်စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အိုင်ဗီ အထဲမှာ တကယ်ရှိရဲ့လား ဆိုတာကိုပေါ့။
ထိုအတွေးဖြင့် သူ တံခါးကို အဆက်မပြတ် ခေါက်သော်လည်း မည်သူမှ ပြန်မထူးပေ။
ထူးဆန်းလိုက်တာ။ သူမ အိပ်ပျော်နေရင်တောင် ဒီလောက် တံခါးခေါက်သံဆိုရင် နိုးသင့်နေပြီ
အိုင်ဗီက အအိပ်ကြီးတဲ့သူလည်း မဟုတ်ပေ။ ဆိုင်းလပ်စ် မျက်မှောင်ကြုတ်ကာ ခေါ်လိုက်သည်။ "အိုင်ဗီ အထဲမှာ ရှိလား။ ရှိရင် ပြန်ထူးပါ၊ မဟုတ်ရင် ကျွန်တော် အပိုသော့နဲ့ ဖွင့်ဝင်ရလိမ့်မယ်"
ဘာတုံ့ပြန်မှုမှ မရှိ။
ခုနက အိုင်ဗီ့ဆီက ခံစားနေရတဲ့ သေခြင်းတရားရဲ့ လှိုင်းလုံးတွေကို ပြန်သတိရလိုက်တဲ့အခါ ဆိုင်းလပ်စ်ရဲ့ ရင်ထဲမှာ စိုးရိမ်စိတ်တွေ ပြည့်နှက်သွားရသည်။
သူမ တစ်ခုခု အန္တရာယ်ဖြစ်နေတာလား။ ဒါမှမဟုတ် ဒီထက်ဆိုးတာ...
ဆိုင်းလပ်စ်သည် သူမကို တစ်ယောက်တည်း ထားခဲ့မိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲရင်း အပိုသော့ကို အမြန်သွားယူကာ တံခါးကို ဖွင့်လိုက်တော့သည်။
သူ့ရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ဆိုင်းလပ်စ်မှာ အံ့အားသင့်ပြီး မှင်သက်သွားရတော့သည်။