ကုသသူ
Vol. 8 Ch. 78
အိုင်ဗီ့ရဲ့ ခန့်မှန်းချက်ကြောင့် အယ်လင်နာနဲ့ ဖီးလစ်တို့နှစ်ယောက်စလုံး မှင်သက်သွားကြသည်။ သူ ဘယ်လိုလုပ် သိနေတာလဲ ဆိုတဲ့ အတွေးက သူတို့ခေါင်းထဲမှာ ပဲ့တင်ထပ်နေ၏။
ဖီးလစ်ရဲ့ အံ့ဩမှင်သက်နေတဲ့ မျက်နှာထားကို ကြည့်ပြီး အိုင်ဗီ သူမရှာနေတဲ့ အဖြေကို ရသွားခဲ့ပြီ။ သူမရဲ့ ရင်ခုန်သံတွေ မြန်လာရသည်။
အယ်လင်နာ ဝှစ်မိုး ဆိုတာ ဘယ်သူလဲ? အနာဂတ်ရဲ့ နံပါတ် (၁) ကုသသူ လေ အစွမ်းထက်ဆုံး အဆင့်အထိ တက်လှမ်းနိုင်တဲ့ တစ်ဦးတည်းသော ကုသသူပဲ။
အလားအလာ ကို အဆင့်သတ်မှတ်တာက ဒီနေ့ခေတ်လူတွေအတွက် အလှမ်းဝေးနေသေးပေမဲ့ အနာဂတ်မှာတော့ ပါရမီရှင် ကာတာကြောင့် အဲဒီအဆင့်တွေကို ခွဲခြားသတ်မှတ်နိုင်လာတော့မှာ။
ရေစွမ်းအားရှင် နှစ်ယောက် ရှိနေရင်တောင် သူတို့ရဲ့ အလားအလာက တူညီချင်မှ တူညီလိမ့်မည်။ တစ်ယောက်က အခြေစိုက်စခန်းတစ်ခုလုံးကို ရေပေးဝေနိုင်ပေမဲ့ နောက်တစ်ယောက်ကတော့ လူတစ်ယောက်စာအတွက်တောင် ရေအလုံအလောက် မထုတ်ပေးနိုင်တာမျိုး ဖြစ်တတ်သည်။
အယ်လင်နာဟာ သူမရဲ့ အလားအလာကို စမ်းသပ်စစ်ဆေးပြီးတဲ့နောက်မှာ အစွမ်းအထက်ဆုံးကုသသူအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သူမရဲ့ခင်ပွန်းနဲ့အတူ သူမရဲ့ စွမ်းရည်ကို မျက်စိကျနေတဲ့ ဝံပုလွေတွေကို တွန်းလှန်နိုင်ခဲ့ကြသည်။
ဒီလောက် အစွမ်းထက်တဲ့ စွမ်းရည်ရှိပေမဲ့ အယ်လင်နာဟာ မောက်မာတဲ့သူ မဟုတ်ဘဲ အမြဲတမ်း စိတ်မချမ်းမမြေ့ ဖြစ်နေတတ်သူပါ။ အဓိက အကြောင်းရင်းကတော့... သူမရဲ့ ကလေးနှစ်ယောက် တိုင်ဖွိုက်ဖျားပြီး သေဆုံးသွားပြီးတဲ့နောက်မှသာ ဒီကုသခြင်းစွမ်းအားကို ရရှိခဲ့လို့ပဲ။ နောက်ခန်းမှာ ထိုင်နေတဲ့ အယ်လင်နာဟာ အိုင်ဗီ့ရဲ့ စူးစမ်းတဲ့ အကြည့်တွေကို ခံစားမိပြီး ထူးဆန်းစွာပဲ စိတ်အေးသွားရသည်။ အိုင်ဗီ့ရဲ့ အလှတရားက သူမကို အားငယ်စိတ်ဝင်စေတာတော့ အမှန်ပင်။
ဒီမိန်းကလေးက တည်ငြိမ်လွန်းတဲ့ ပန်းချီကားတစ်ချပ်လိုပဲ။ ပိုးသားလို နူးညံ့တဲ့ ပန်းရောင်ဆံနွယ်တွေက ဝဲကျနေပြီး ဖြူဖျော့တဲ့ အသားအရေက မှောင်ရိပ်တွေကြားမှာ တောက်ပနေသလိုမျိုး။
တောက်ပတဲ့ ပန်းရောင်မျက်ဝန်းတွေက အေးစက်ပြီး ဂရုမစိုက်တဲ့ အရိပ်အယောင်တွေ ထွက်ပေါ်နေသလို၊ သူမရဲ့ မျက်နှာပေါ်က ချွေးစလေးတွေကလည်း အသားအရေကို ပိုပြီး စိုပြေနေစေသည်။
အဲဒီအလှနတ်သမီးလေးက စိုက်ကြည့်နေတာကို ခံစားမိတော့ အယ်လင်နာ ပါးပြင်လေးတွေ ပူထူသွားရသည်။ သူမ မသိစိတ်က ကားမှန်ကို ချလိုက်မိပြီး အိုင်ဗီ့ရဲ့ အကြည့်တွေက သူမကိုမြင်တော့ တောက်ပသွားတာကို တွေ့ရတဲ့အခါ အယ်လင်နာ့ရင်ထဲမှာ ပျော်ရွှင်မှုတွေ ပွင့်လန်းသွားတော့သည်။
ဖီးလစ်ကတော့ ဒီမြင်ကွင်းကို ကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေရ၏။ အို... ဝါး... လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလေးကတင် ငါ့မိန်းမက ငါ သူ့ကို သစ္စာဖောက်မှာ စိုးရိမ်နေတာ၊ အခုကျတော့... သူကပဲ ငါ့ကို သစ္စာဖောက်သွားမှာ စိုးရိမ်နေရပြီ
သူက အလှနတ်သမီးနှစ်ယောက်ရဲ့ အာရုံကို ရဖို့အတွက် ချောင်းအနည်းငယ် ဟန့်လိုက်ပေမဲ့ အေးစက်စက် အကြည့်တွေနဲ့သာ တုံ့ပြန်ခြင်း ခံလိုက်ရသည်။
ဖီးလစ် : "..." ကောင်းပါပြီ၊ ကျွန်တော် ဘာမှမပြောတော့ပါဘူး။
"ကောင်းပြီ။ ရှင့်တို့နဲ့အတူ လိုက်ခဲ့မယ်" အိုင်ဗီက ပြန်ဖြေလိုက်ရာ ဖီးလစ် သက်ပြင်းချနိုင်သွားတော့သည်။ အိုင်ဗီက နောက်ခန်းတံခါးကို ဖွင့်ဖို့ ပြင်လိုက်ပေမဲ့ အယ်လင်နာ့ပေါင်ပေါ်မှာ အိပ်ပျော်နေတဲ့ ကလေးနှစ်ယောက်ကို မြင်တော့ ခေတ္တရပ်သွားသည်။
ဘာမှမပြောဘဲ သူမက ရှေ့ခန်း ဆီ လျှောက်သွားပြီး ကားထဲ ဝင်ထိုင်လိုက်ကာ အယ်လင်နာ့ဘက် လှည့်လိုက်သည်။
"ဒါ ရှင့်ကလေးတွေလား"
အယ်လင်နာ ခေါင်းငြိမ့်ပြလိုက်သည်။ လှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေရလို့ ခဏတာ မိန်းမောသွားတဲ့ စိတ်တွေက ပျောက်ကွယ်သွားပြီး စိုးရိမ်မှုတွေက ပြန်လည် ဖုံးလွှမ်းလာပြန်သည်။
အိုင်ဗီက အိတ်ကပ်ထဲကနေ တစ်ခုခုကို ထုတ်လိုက်ဟန်ဆောင်ပြီး အယ်လင်နာ့ဆီ ကမ်းပေးလိုက်သည်။
"ကျွန်မလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဖျားနေလို့ ဒီဆေးကို ဆောင်ထားတာ။ ကျွန်မအိမ်မှာ အများကြီး ကျန်သေးတယ်။ လောလောဆယ် ဒါလေး အရင်ယူထားလိုက်ပါ"
အယ်လင်နာက ဆေးအမည်ကို ကြည့်ဖို့ ရည်ရွယ်ချက်နဲ့ ယူလိုက်သည်။ 'ဖလူရိုကွီနိုလုံး' ဆိုတဲ့ နာမည်ကို မြင်လိုက်ရတဲ့အခါ သူမရဲ့ ရင်ခုန်သံတွေ ရပ်မတတ် ဖြစ်သွားပြီး အံ့ဩတကြီး အော်လိုက်မိသည်။
"ဖီးလစ် ဒါ ငါတို့ကလေးတွေရဲ့ အဖျားကို ကုပေးနိုင်တဲ့ ဆေးပဲ"
ဖီးလစ် အရမ်းကို ဝမ်းသာသွားသည်။ စတီယာရင်ကို ကိုင်ထားတဲ့ လက်တွေက တင်းကျပ်သွားပြီး ခန္ဓာကိုယ်ထဲက စိုးရိမ်စိတ်တွေလည်း တဖြည်းဖြည်း ပြေလျော့သွားရသည်။
အယ်လင်နာက ဆေးကတ်က လုံခြုံစွာ ပိတ်ထားဆဲ ဖြစ်တာကို မြင်တော့ ပိုပြီး စိတ်အေးသွားရသည်။ ဆိုလိုတာက ဒီဆေးက လုံခြုံစိတ်ချရတာ သေချာသည်။
သူမက ဆေးတစ်လုံးကို ထုတ်ပြီး ကလေးတွေကို တိုက်လိုက်သည်။ ဆေးအရှိန်က စတင်သက်ရောက်လာတာနဲ့အမျှ သူမလည်း စိတ်အေးသွားရပြီး မျက်လုံးတွေက မှေးစင်းလာတော့သည်။
သူတို့နှစ်ယောက်စလုံး မသိလိုက်ဘဲ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် အိပ်ပျော်သွားကြလေသည်။
အိုင်ဗီက သူတို့ အိပ်ပျော်သွားတာကို ကြည့်ပြီး စိတ်ထဲမှာ ခံစားချက် အမျိုးမျိုး ဖြစ်ပေါ်နေသည်။ သူတို့က ဘယ်လိုလုပ် လူစိမ်းတစ်ယောက်ရှေ့မှာ ဒီလောက်တောင် သတိမထားဘဲ အိပ်ပျော်သွားနိုင်ရတာလဲ
ငါ သူတို့ကို သတ်ပစ်မှာကို မကြောက်ကြဘူးလား
တကယ်လို့ ဖီးလစ်နဲ့ အယ်လင်နာသာ သူမရဲ့ အတွေးကို ကြားနိုင်ရင်တော့ မျက်လုံးပြူးသွားကျမှာ အမှန်ပင်။ အိုင်ဗီ့ဆီက ထွက်ပေါ်နေတဲ့ နွေးထွေးတဲ့ အငွေ့အသက်က သူတို့ရဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး စိတ်အေးစေခဲ့တာကိုး။
.......
ကားအင်ဂျင်သံ ခပ်အေးအေးနဲ့ အဲလ်ရိုး တောင်ကုန်း ရဲ့ စိမ်းစိုနေတဲ့ မြင်ကွင်းတွေကြားမှာ သူတို့ နိုးလာကြသည်။ အိုင်ဗီကတော့ တိတ်ဆိတ်စွာပဲ ကားကို မောင်းနှင်ပေးနေ၏။
အိုင်ဗီက သူတို့ကို လူမိုက်ဂိုဏ်းတစ်ခုခုဆီ ခေါ်သွားတာလားဆိုတဲ့ အတွေးနဲ့ သူတို့ ရင်ထိတ်သွားကြပေမဲ့ အယ်လင်နာကတော့ အဲလ်ရိုး တောင်ကုန်း ကို မှတ်မိနေသည်။ သူမ ဒီကို မပြန်လာတာ ကြာပြီ ဖြစ်ပေမဲ့ပေါ့။
အယ်လင်နာက ဖီးလစ်ကို မျက်စိမှိတ်ပြပြီး အိုင်ဗီ့ဆီ အကြည့်ပို့ကာ မျက်ခုံးပင့်ပြလိုက်သည်။ ဘာလို့ အိုင်ဗီက ကားမောင်းနေတာလဲ လို့ မေးနေတဲ့ ပုံစံမျိုး။
ဖီးလစ်ကတော့ ပခုံးတွန့်ပြရုံသာ တုန့်ပြန်နိုင်သည်။ သူလည်း ဘာမှမသိတာ အတူတူပင်။
အယ်လင်နာက ဖီးလစ်ကို လိမ်နေတာလားဆိုတဲ့ အကြည့်နဲ့ သံသယဝင်စွာ စိုက်ကြည့်နေမိသည်။
"နိုးပြီလား ရောက်တော့မယ်။ ကျွန်မကိုယ်စား ဦးလေးဂျိုးဇက်ကို နှုတ်ဆက်ပေးပါဦး" အိုင်ဗီ့ရဲ့ သာယာတဲ့ အသံလေးက သူတို့ရဲ့ တိုးတိုးတိတ်တိတ် စကားပြောခန်းကို ရပ်တန့်စေလိုက်သည်။
"ညီမလေးက ဂျိုးဇက်ကို သိတာလား" အယ်လင်နာက အံ့ဩတကြီး မေးလိုက်သည်။
"ဪ သူက ကျွန်မသူငယ်ချင်းရဲ့ အဖေနဲ့ သူငယ်ချင်းလေ" အိုင်ဗီက ရှင်းပြလိုက်သည်။ သူမရဲ့ စကားက နည်းနည်းတော့ ဝေဝါးနေသည်။ အမှန်တော့ ဂျိုးဇက်က ဒန်တေးရဲ့ သူငယ်ချင်းလေ။
အယ်လင်နာ့ရဲ့ လက်ချောင်းလေးတွေက ကလေးတွေရဲ့ နဖူးကို စမ်းကြည့်လိုက်သည်။ အဖျားကျပြီး အေးစက်နေတာကို ခံစားမိတော့ သူမ သက်ပြင်းချနိုင်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဆေးအတွက် ကျေးဇူးတင်ပါတယ်နော်။ ညီမလေးသာ မရှိရင် ကျွန်မတို့ ဘယ်လိုလုပ်ရမလဲတောင် မသိဘူး..."
စကားပြောနေရင်း သူမ ရပ်သွားမိသည်။ သူမ မတွေးရဲတဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေက သူမရဲ့ ရင်ကို လေးလံစေသည်။
"မလိုပါဘူး" အိုင်ဗီက ခေါင်းခါပြလိုက်ပြီး လမ်းဘေးတစ်နေရာမှာ ကားကို ရပ်လိုက်ကာ ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်သည်။
"ကျွန်မ သွားတော့မယ်" ပြောပြီးတာနဲ့ သူမ ကားပေါ်က ဆင်းလိုက်သည်။ အယ်လင်နာက လှမ်းတားသည်။ "နေဦးလေ၊ အနည်းဆုံးတော့ ညီမလေး သွားချင်တဲ့နေရာအထိ လိုက်ပို့ပေးပါရစေဦး"
"မလိုပါဘူး" အိုင်ဗီက ခေါင်းခါပြလိုက်သည်။ သူမရဲ့ အကြည့်တွေက ကလေးနှစ်ယောက်ဆီ မသိစိတ်က ရောက်သွားပြီး နှုတ်ခမ်းလေးတွေ ကွေးညွှတ်သွားရသည်။ "သူတို့ လုံးဝ နေကောင်းသွားတဲ့အခါ ကျွန်မဆီ ခေါ်လာဖို့ မမေ့နဲ့ဦးနော်။ ကျွန်မ စစ်တပ်ဝင်းထဲမှာပဲ နေတာပါ"
ဖီးလစ်နဲ့ အယ်လင်နာတို့ စကားမပြောနိုင်ခင်မှာပဲ အိုင်ဗီ ထွက်သွားခဲ့ရာ သူတို့နှစ်ယောက်စလုံး ခံစားချက်တွေ ရှုပ်ထွေးကျန်ရစ်ခဲ့သည်။ ကျေးဇူးတောင် သေချာ မတင်လိုက်ရဘူး...
ဒါတင်မကဘဲ သူမက ကူညီပေးတဲ့အတွက် ဘာတစ်ခုမှတောင် ပြန်မတောင်းဆိုခဲ့ဘူး။ သူမရဲ့ ကြင်နာမှုက သူတို့ကို တစ်ခု သတိရစေသည်... ဖြစ်နိုင်တာက လူသားဆန်မှုတွေက ပျောက်ကွယ်မသွားသေးတာပဲ။
မကောင်းတဲ့ ရည်ရွယ်ချက် ရှိသူတွေကို သတိထားပြီး တစ်ဖက်သတ် မယုံကြည်မိသရွေ့ သူတို့ ဒီဒုက္ခကပ်ကြီးကို ကျော်ဖြတ်နိုင်မှာ သေချာပါသည်။