← Chapters

ပိုင်ရှောင်ချန်း၏ ကျမ်းသစ္စာကျိန်ဆိုမှု

Vol. 10 Ch. 951

ပိုင်ရှောင်ချန်း၏ ကျမ်းသစ္စာကျိန်ဆိုမှု

Vol. 10 Ch. 951

" နင်... "

ကုန်းစွန်းဝမ်အာ၏ အသိစိတ်ထဲတွင် ထိုအသံကြီး ပေါ်လာသည်နှင့် အရာအားလုံးကို သူမ နားလည်သွားတော့သည်။ သူမသည် နာကျည်းမှုများ ပြည့်နှက်နေသည့် နှလုံးသားဖြင့် သူမ၏အသိစိတ်ထဲရှိ အသံကြီးအား ပြန်ဖြေလိုက်တော့သည်။

" လက်စသတ်တော့ နင်က တချိန်လုံး အလောင်းအစားလုပ်နေခဲ့တာပဲ။ ငါတို့အကျင့်က အဲဒီလိုမဟုတ်ပါဘူး "

" နင်ပြောတာမှန်တယ် "

သရဲမယ်တော်က ပြန်ဖြေလိုက်သည်။

" ငါတို့အကျင့်က အဲဒီလိုမဟုတ်ဘူး။ ဒါပေမဲ့ အလောင်းအစားလုပ်လိုက်တာ တန်သွားတယ်လေ "

သရဲမယ်တော်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက သင်္ချိုင်းစောင့်ကြီးနှင့် သူမ ပြုလုပ်ခဲ့သည့် သဘောတူညီချက်နှင့် ဤအကြံအစည်တစ်ခုလုံးအား သူတစ်ယောက်ထဲ တွေးတောစီစဥ်ခဲ့သည့် အကြောင်းများကို ပြန်လည်တွေးတောနေမိတော့သည်။ သူကား အမှန်တကယ်ပင် လေးစားထိုက်သည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

" ရှေးအကျဆုံးလူတစ်ယောက်ဆီက နောက်ဆုံးလက်ကျန် စိတ်ဆန္ဒကို ငါအထင်မသေးရဲပါဘူး "

အမှန်မှာ သူမသည် ဤကမ္ဘာကြီးပေါ်သို့ စတင်ရောက်ရှိခဲ့သည့် အချိန်မှစ၍ တချိန်လုံး အလောင်းအစားလုပ်နေခဲ့ရသည်။

သူမ၏ဘယ်ဖက်လက်ကို ဆုံးရှုံးသွားခဲ့ရပြီးနောက် သူမ၏ကျင့်ကြံခြင်းအခြေခံ ကျဆင်းသွားခဲ့ရသဖြင့် အရိုးသင်္ဘောကြီးကို ထိန်းချုပ်ရသည်မှာ သူမအတွက် ပို၍ခက်ခဲလာခဲ့သည်။ ပို၍ဆိုးသည့်အချက်မှာ သူမ၏ဘယ်ဖက်လက်ထဲတွင်ရှိနေသော အချုပ်အနှောင်စွမ်းအားကို မပိုင်ဆိုင်ထားပါက သူမ၏စွမ်းအားအကြီးဆုံးနတ်ဘုရားစွမ်းရည်ဖြစ်သော သရဲအလံသုံးခုကို ထုတ်သုံးရန်အတွက် မိစ္ဆာခွင်းကြေးမုံကို ဖွင့်နိုင်မည်မဟုတ်ပေ။

ထိုအလံသုံးခုမှာ သူမအား သရဲမယ်တော်ဟူ၍ နာမည်တစ်လုံးရရှိစေခဲ့သည့် အဓိကအကြောင်းအရင်းများထဲမှ တစ်ချက်ဖြစ်သည်။ ဤကမ္ဘာကြီး၏အလွန်က အခြားကမ္ဘာတစ်ခုတွင် သူမသည် ကောင်းကင်ဧကရာဇ်အဆင့်နီးနီးရှိသော ကျင့်ကြံခြင်းအခြေခံများကိုပိုင်ဆိုင်ထားသည့် သရဲမိစ္ဆာသုံးကောင်ကို ဖမ်းဆီးပြီး အလံသုံးခုအတွင်း ချုပ်နှောင်နိုင်ရန်အတွက် များစွာပေးဆပ်ခဲ့ရပြီး စွမ်းအားကြီးကျင့်ကြံသူတစ်ယောက်၏ အကူအညီကိုပါ တောင်းခံခဲ့ရသည်။

ထိုအလံသုံးခုကို ပေါင်းစည်းလိုက်သောအခါ ၎င်းတို့မှာ သူမ၏လက်ဝယ်ရှိ စွမ်းအားအကြီးဆုံး မှော်ပစ္စည်းဖြစ်သွားတော့သည်။ ရယ်တစ်ဝက်ငိုတစ်ဝက်ဖြစ်နေသည့် သရဲမျက်နှာကြီးပါသော အလယ်ရှိအလံမှာ စွမ်းအားအကြီးဆုံးဖြစ်သည်။ ထိုသရဲကြီးမှာ အချုပ်အနှောင် မခံခဲ့ရစဥ်က ကောင်းကင်ဧကရာဇ်အဆင့်မှ ဖောက်ထွက်နိုင်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။ ၎င်းမှာ လောကနတ်ဘုရားအဆင့်သို့ လုံးဝ မရောက်ရှိခဲ့ပါသော်လည်း လောကနတ်ဘုရား တစ်ပိုင်းအဆင့်ထိ ရောက်ခဲ့သည်။

ထိုသရဲမိစ္ဆာသုံးကောင်စလုံးမှာ ချုပ်နှောင်ခံလိုက်ရသဖြင့် ၎င်းတို့၏ကျင့်ကြံခြင်းအခြေခံများ အဆင့်နိမ့်သွားခဲ့ပါသော်လည်း ထိုအလံသုံးခုကို အတူတကွအသုံးပြုလိုက်ပါက ၎င်းတို့မှာ သရဲမယ်တော်၏ တိုက်ပွဲစွမ်းရည်ကို ကောင်းကင်ဘုံအလွန်ရှိ ကမ္ဘာထဲမှာပင် လူအများ အံ့အားသင့်သွားစေနိုင်သည့် အဆင့်အတန်းတစ်ခုအထိ မြှင့်တင်ပေးနိုင်စွမ်းရှိသည်။

သို့သော်လည်း ထိုသရဲမိစ္ဆာသုံးကောင်မှာ မတည်မငြိမ်ဖြစ်နေခဲ့ပြီး ထိန်းချုပ်ရခက်လွန်းလှသဖြင့် သူမသည် လောကနတ်ဘုရားတစ်ပါးအား အကူအညီတောင်း၍ မိစ္ဆာခွင်းကြေးမုံကို ဖန်တီးခဲ့သည်။ သာမန်ဆိုလျှင် ထိုကြေးမုံမှာ ထိုသရဲမိစ္ဆာများကို စောင့်ကြည့်ရန်အတွက်သက်သက်ဆိုလျှင် လုံလောက်ပါသော်လည်း သူတို့ကို အပြည့်အဝထိန်းချုပ်ရာတွင်မူ အခက်အခဲအနည်းငယ် ရှိနေဆဲပင်။ ထို့ကြောင့် သူမသည် လျှို့ဝှက်မှော်အတတ်တစ်ခုသုံး၍ ထာဝရမှော်သင်္ကေတတစ်ခုကို သူမ၏ခန္ဓာကိုယ်ပေါ်တွင် သတ်မှတ်ခဲ့ပြီး သူမ၏ဘယ်ဖက်လက်ပေါ်တွင် ရေးထိုးခဲ့သဖြင့် သူမက ထိုသရဲမိစ္ဆာသုံးကောင်ကို ဆင့်ခေါ်၍ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

သရဲမယ်တော်သည် ဘယ်ဖက်လက်အား ဆုံးရှုံးလိုက်ရပြီးနောက် စွမ်းအားအဆင့်အတန်း ကျဆင်းသွားခဲ့ရသည်။ သူမသည် မိစ္ဆာခွင်းကြေးမုံထဲရှိ အချုပ်အနှောင်အမှတ်အသားကို မထိန်းချုပ်နိုင်တော့ပေ။ ထို့ကြောင့် ကောင်းကင်ဧကရာဇ်က သူမ၏ဘယ်ဖက်လက်ကို သူမထံသို့ပြန်ပေးသောအချိန်တွင် သူမက အလောင်းကစားလုပ်လိုက်ရခြင်းသာဖြစ်သည်။

အမြဲတမ်း သံသယမကင်းဖြစ်တတ်သည့် အကျင့်ရှိသော ကောင်းကင်ဧကရာဇ်မှာ မည်သူကိုမှ အပြည့်အဝယုံကြည်မည်မဟုတ်ဘဲ အဆုံးသတ်တွင် ကုန်းစွန်းဝမ်အာကို လှည့်စားလိမ့်မည်ဟု သူမက လောင်းကြေးထပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့လောင်းကြေးထပ်ရသည်မှာလည်း သင်္ချိုင်းစောင့်ကြီးက သူကိုယ်တိုင် ဆင်ခြင်သုံးသပ်ခဲ့သည့် အချက်အလက်များကို သူမထံသို့ ပေးအပ်ခဲ့ခြင်းကြောင့်သာဖြစ်သည်။

သူမ၏ ဘယ်ဖက်လက်အသွင်ယူထားသော ကုန်းစွန်းဝမ်အာက အခြားသောပြုပြင်မှုများကို ပြုလုပ်ခဲ့မည်ဟူ၍လည်း သူမက လောင်းကြေးထပ်ခဲ့သေးသည်။ ထို့ကြောင့် ကောင်းကင်ဧကရာဇ်က ကုန်းစွန်းဝမ်အာကို စတင်တိုက်ခိုက်ခဲ့သည့်အချိန်မှာ သရဲမယ်တော် တစ်ကျော့ပြန်နိုးထလာမည့် အခိုက်အတန့် ဖြစ်သွားတော့သည်။

သူမသည် ကောင်းကင်ဧကရာဇ်ကြီး၏ ကမ္ဘာပုံရိပ်ကို ပြန်လည် ခုခံနိုင်စွမ်းမရှိဟု သတ်မှတ်လိုက်ပါက မှန်ကန်မှုရှိမည်မဟုတ်ပေ။ သူမသည် လိုအပ်သော အခွင့်အရေးများအားလုံးကို ဖန်တီးနိုင်ရန်အတွက် ကုန်းစွန်းဝမ်အာအား သူမကို ဝါးမျိုခွင့်ပေးခဲ့ခြင်းသာဖြစ်သည်။

" နင်နိုင်ပါတယ် "

ကုန်းစွန်းဝမ်အာက သူမ၏စိတ်ထဲတွင် ပြန်ဖြေလိုက်သည်။

" ငါ့ကို အိမ်ပြန်ခေါ်သွားပါတော့ "

ထိုစကားဝိုင်းမှာ လက်ဖျောက်တစ်ချက်တီးစာ အချိန်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းသာ ဖြစ်သည်။

ကုန်းစွန်းဝမ်အာအတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ သူမသည် ကောင်းကင်ဧကရာဇ်၏ ကျေးကျွန်တစ်ယောက် မဖြစ်လိုသဖြင့် မျက်လုံးများကိုသာမှိတ်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

သူမက မျက်လုံးမှိတ်လိုက်သည်နှင့် သူမ၏ပတ်ပတ်လည်မှ အနက်ရောင်ဝိညာဥ်များက သရဲမယ်တော်အသွင်သို့ ပြောင်းလဲသွားတော့သည်။

" မင်း...."

ကောင်းကင်ဧကရာဇ်မှာ မျက်နှာပျက်သွားပြီး ပင့်သပ်ရှိုက်မိသွားတော့သည်။ သူက သူ၏အချုပ်အနှောင် အမှတ်အသားကိုစွမ်းအင်မြှင့်တင်ရန် အားအကုန်ထုတ်ဖော်ထားရသည်ဖြစ်သော်လည်း ၎င်းမှာ ကုန်းစွန်းဝမ်အာအား အပြည့်အဝမချုပ်နှောင်ရသေးခင်မှာပင် သရဲမယ်တော်က သူမ၏ဘေးတွင် ပေါ်ထွက်လာပေသည်။

" သရဲသုံးဖော်၊ နင်တို့အတွက် အချိန်ကျပြီ "

ထိုအခါ လေထဲတွင် အရိုးသင်္ဘောပေါ်ရှိ အလံသုံးခုအနက် တစ်ခုထံမှ ကျယ်လောင်သောထစ်ချုန်းမြည်ဟည်းသံများဖြင့် ပြည့်နှက်သွားပြီး ထိုအလံမှာ ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။

ဒေါသတကြီးအော်ဟစ်သံတစ်သံထွက်ပေါ်လာပြီးနောက် ဧရာမ သရဲမျက်နှာကြီးတစ်ခု ပေါ်ပေါက်လာကာ နတ်ဘုရားတစ်ပိုင်းအဆင့်ထက် များစွာသာလွန်ပြီး ကောင်းကင်ဧကရာဇ်အဆင့်နီးနီးရှိသော အံ့ဩတုန်လှုပ်ဖွယ်စွမ်းအင်များ ထွက်ပေါ်လာတော့သည်။

ထိုသရဲကြီးမှာ ဦးချိုသုံးချောင်းနှင့် ခရမ်းရင့်ရောင်အသားအရည်ရှိပြီး မိစ္ဆာဆန်သော အသွင်သဏ္ဍာန်ကိုဆောင်နေ၏။

ထိုသရဲမျက်နှာကြီး ပေါ်ထွက်လာသည်နှင့် ၎င်းမှာ ကမ္ဘာပုံရိပ် အချုပ်အနှောင်အမှတ်အသားဆီသို့ ဦးတည်၍ပျံတက်သွားသဖြင့် ကောင်းကင်ဧကရာဇ်၏ မျက်နှာအမူအရာ ဖျတ်ခနဲ ပြောင်းလဲသွားတော့သည်။ ကောင်းကင်ဧကရာဇ်မှာ ကြားဝင်တားဆီးရန် ပြင်လိုက်ပါသော်လည်း သူ မည်သို့မျှ မလုပ်နိုင်ခင်မှာပင်...

ပထမတစ်ကြိမ်ထက် ပို၍ကျယ်လောင်သည့် ထစ်ချုန်းသံတစ်သံ ပတ်ဝန်းကျင်တစ်ခွင် ထပ်မံပေါ်ထွက်လာပြန်သည်။ ထို့နောက် ဒုတိယမြောက်အလံမှာ ပေါက်ကွဲသွားပြီး ဒုတိယသရဲမျက်နှာကြီးတစ်ခု ပျံထွက်လာပြန်သည်။

ထိုသရဲကြီးမှာ အစိမ်းရောင်ဖြစ်ပြီး မရေမတွက်နိုင်သော မျက်လုံးများစွာပါရှိနေသည်။ ထို့အပြင် ၎င်း၏ပါးစပ်ကိုဟလိုက်သောအခါ ပါးစပ်အတွင်းမှာပင် မျက်လုံးပေါင်းများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။

၎င်း၏စွမ်းအင်မှာလည်း ပထမသရဲကြီးကဲ့သို့ ကောင်းကင်ဧကရာဇ်အဆင့်နီးပါးရှိနေပြီး ပထမတစ်ကောင်ထက် အနည်းငယ်မျှပင် ပို၍ စွမ်းအားကြီးမားနေသေးသည်။ ၎င်းမှာ ထွက်ပေါ်လာသည်နှင့် မိစ္ဆာတစ်ကောင်အလား ကမ္ဘာပုံရိပ် အချုပ်အနှောင်အမှတ်အသားဆီသို့ ဦးတည်၍ အရှိန်ဖြင့် ပျံတက်သွားပြန်သည်။

ယခုအခါ ကောင်းကင်ဧကရာဇ်မှာ အလွန်စိုးရိမ်ထိတ်လန့်နေပြီဖြစ်ပြီး ထိုသရဲမျက်နှာနှစ်ခုအား တားဆီးနိုင်ရန်အတွက် ခုခံမှုများပြုလုပ်ရန် ပြင်လိုက်ချိန်တွင် တတိယသရဲ မျက်နှာတစ်ခု ပေါ်ထွက်လာပြန်သည်။

တတိယမြောက်အလံ ပေါက်ကွဲသွားပြီး ယခင်အကြိမ်များထက်ပို၍ အားပြင်းသော အငွေ့အသက်များနှင့်အတူ ကြောက်မက်ဖွယ် စူးစူးဝါးဝါး ရယ်မောသံကြီးတစ်သံ ထွက်လာသည်။

" နောက်ဆုံးတော့ နင်ငါ့ကို လွှတ်ပေးခဲ့ပြီပဲ သရဲမယ်တော် "

ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့အားလုံးကို တုန်ရီသွားစေနိုင်မည့် စကားသံတစ်သံထွက်ပေါ်လာသည်။ ထိုအသံကြီးမှာ မရေမတွက်နိုင်သော သရဲမိစ္ဆာများစွာ တစ်ပြိုင်နက်ထဲအော်ဟစ်နေသည်နှင့် တူနေပြီး ထိုနေရာတစ်ဝိုက်ရှိ အရာအားလုံးကို ပြင်းထန်စွာတုန်ရီသွားစေတော့သည်။

ဤသရဲမျက်နှာကြီး၏ တစ်ဝက်မှာ အနက်ရောက်ဖြစ်ပြီး တစ်ဝက်မှာ အဖြူရောင်ဖြစ်သည်။ ၎င်းမှာ သိသာထင်ရှားစွာ ရယ်မောနေပါသော်လည်း တချိန်ထဲမှာပင် ငိုကြွေးနေသည့်ပုံစံပေါ်နေ၏။ တစ်နည်းဆိုရလျှင် သိသာထင်ရှားစွာ ငိုကြွေးနေပြီး တချိန်ထဲမှာပင် ရယ်မောနေသည်ဟုဆိုလျှင် ပို၍မှန်ကန်မည်ဖြစ်သည်။

၎င်းမှာ အလွန့်အလွန် ထူးဆန်းလွန်းလှပြီး သူ့အား ကြည့်မိလိုက်သူတိုင်း အသားများတုန်ရီလာသည်အထိ တုန်လှုပ်သွားကြရသည်သာဖြစ်သည်။

သင်္ဘောပေါ်ရှိ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာ သူတို့၏မျက်လုံး၊နား၊နှာခေါင်းနှင့် ပါးစပ်များထဲမှ သက်စောင့်အားများ စုပ်ယူခံနေရသကဲ့သို့ ခံစားနေရပြီး မည်သို့ပင် ခုခံစေကာမူ အချည်းနှီးပင်။

ပိုင်ရှောင်ချန်းမှာ ပင့်သပ်ရှိုက်မိလိုက်ပြီး ကြောက်ရွံ့တုန်လှုပ်နေတော့သည်။ ဤသရဲမျက်နှာကြီးမှာ စွမ်းအားအကြီးဆုံးဖြစ်ကြောင်း သူက သိထားသည်။ သူအရိုးသင်္ဘောကြီးကို ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရစဥ်က ထိုမျက်နှာကြီးမှာ အလံထဲမှနေ၍ ရက်စက်ကြမ်းကြုတ်ဖွယ် ပြုံးပြခဲ့သည့် မျက်နှာကြီးပင်ဖြစ်သည်။

ဤသရဲမျက်နှာကြီးမှာ တုန်လှုပ်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးလှသောကြောင့် ကောင်းကင်ဧကရာဇ်နှင့် စွမ်းရည်အဆင့်အတန်း တူညီနေသည်ဟုပင် ထင်ရသည်။

ပိုင်ရှောင်ချန်းတစ်ယောက်သာ အံ့အားသင့်နေရသည်မဟုတ်ပေ။ ကောင်းကင်ဧကရာဇ်မှာလည်း သူ၏ကမ္ဘာပုံရိပ် အချုပ်အနှောင်အမှတ်အသားဆီသို့ ပျံသန်းသွားနေကြသည့် သရဲမျက်နှာကြီးသုံးခုကိုကြည့်၍ အလွန်အမင်း စိုးရိမ်စပြုလာတော့သည်။

သူတို့မှာ အလွန်လျင်မြန်စွာ ရွေ့လျားနေသဖြင့် သူတို့၏ပစ်မှတ်ဆီသို့ မရောက်ရှိသွားစေရန် လုံးဝတားဆီး၍ရမည်မဟုတ်ပေ။

ထိုအမှတ်အသားကို သူတို့ဝင်တိုက်လိုက်ကြသောအခါ ထွက်ပေါ်လာသည့် အုန်းခနဲမြည်ဟည်းသံကြီးမှာ ကျယ်လောင်လွန်းလှသဖြင့် ကမ္ဘာကြီးပင် ကြေမွသွားတော့မည့်အလားပင်။ အချုပ်အနှောင်အမှတ်အသားကြီးထဲတွင် ကောင်းကင်ဧကရာဇ်အဆင့်ရှိသော ထိုးနှက်ချက်ကို လုံးဝ မတောင့်ခံနိုင်သည့် ကြီးမားသောချိုင့်ကွက်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပျံ့နှံ့သွားပြီးနောက် ကြေမွပျက်စီးသွားတော့သည်။

ပိုင်ရှောင်ချန်း ပို၍အံ့အားသင့်သွားရသည့်အချက်မှာ ထိုအချုပ်အနှောင် အမှတ်အသား ကြေမွသွားသောအခါတွင် ရယ်တစ်ဝက်ငိုတစ်ဝက် သရဲမျက်နှာကြီး၏ မျက်လုံးများထဲတွင် လောဘအရိပ်အယောင်များ တောက်ပလာပြီး ကြေမွပျက်စီးနေသည့် အပိုင်းအစများကို ဝါးမျိုနေခြင်းပင်ဖြစ်သည်။

သူ အပိုင်းအစတစ်ခုကို ဝါးမျိုပြီးတိုင်း သူ၏မျက်ဝန်းများထဲရှိ စိတ်လှုပ်ရှားမှု အရိပ်အယောင်များမှာ ပို၍တောက်ပလာ၏။

" အရသာရှိသကွာ၊ ဟားဟားဟား။ ငါ ဒီလို အရသာမျိုး မမြည်းစမ်းရတာ အတော်ကြာနေပြီ။ ဒီကမ္ဘာကြီးမှာ အရသာရှိတဲ့အရာတွေနဲ့ ပြည့်နေတဲ့ပုံပဲ။ ငါအကုန်လုံးကို စားချင်တယ်ဟေ့ "

" အတင့်ရဲလှပါလား ရွံစရာသတ္တဝါကောင် "

ကောင်းကင်ဧကရာဇ်မှာ အော်ဟစ်ကြိမ်းမောင်းလိုက်တော့သည်။ သူသည် ရှေ့သို့လှမ်း၍ တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် ထို ရယ်တစ်ဝက်ငိုတစ်ဝက် သရဲမျက်နှာကြီးမှာ ထူးဆန်းစွာတောက်ပနေသော မျက်ဝန်းများဖြင့် သူ့ဘက်သို့ လှည့်ကြည့်လိုက်တော့သည်။

" အာ၊ ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်ခါနီးကောင်လေးပါလား။ မင်းကိုလည်း ငါစားလိုက်မှနဲ့တူပါတယ် "

ထိုသရဲမျက်နှာကြီးမှာ ကျယ်လောင်စွာရယ်မောလိုက်ပြီး အချုပ်အနှောင် အမှတ်အသားမှ ကွဲထွက်လာသည့် လက်ကျန်အပိုင်းအစများကို လျစ်လျူရှုကာ ကောင်းကင်ဧကရာဇ်ဆီသို့ ပျံသန်းလာတော့သည်။ အခြားသရဲမျက်နှာ နှစ်ခုမှာ ထို ရယ်တစ်ဝက်ငိုတစ်ဝက် သရဲမျက်နှာကြီးအား လုံးဝကြောက်ရွံ့နေသည့် အကြည့်ဖြင့် ကြည့်နေကြသည်။ သို့သော် တစ်ခဏအကြာတွင် သူတို့က ကောင်းကင်ဧကရာဇ်အားတိုက်ခိုက်ရာတွင် ပူးပေါင်းပါဝင်လိုက်တော့သည်။

အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေသည်။ အရိုးသင်္ဘောပေါ်ရှိ လူတိုင်းမှာ သူတို့၏ သက်စောင့်အားများ စုပ်ယူခံနေရသဖြင့် သွေးဆုတ်ဖြူရော်နေကြပြီး မျှော်လင့်ချက်ကင်းမဲ့နေကြပြီဖြစ်သည်။ နတ်အဆင့်ကျင့်ကြံသူများမှာ အနည်းငယ်သက်သာရာရနေပြီး ပိုင်ရှောင်ချန်းမှာမူ သက်စောင့်အား လုံးဝဆုံးရှုံးမှု မရှိပေ။

သို့သော် သူသည် မတ်တတ်ရပ်လျက် နီမြန်းနေသော မျက်ဝန်းများဖြင့် သရဲမယ်တော်အား စိုက်ကြည့်နေသည်။ သူ့ကိုကြည့်ရသည်မှာ ပေါက်ကွဲတော့မည့်ပုံစံ ပေါ်နေသည်။

ယခု ကမ္ဘာပုံရိပ် အချုပ်အနှောင် အမှတ်အသား ပျက်စီးသွားပြီဖြစ်ပြီး သရဲမျက်နှာသုံးခုက ကောင်းကင်ဧကရာဇ်အား လိုက်လံနှောင့်ယှက်နေပြီဖြစ်ရာ သရဲမယ်တော်မှာ ပါးစပ်ကြီးတစ်ခုအသွင် တစ်ဖန်ပြန်လည်ပြောင်းလဲသွားပြီး ကုန်းစွန်းဝမ်အာကို ဝါးမျိုရန်ပြင်လိုက်သည်။ ကုန်းစွန်းဝမ်အာမှာ ဟိုရှောင်မေ့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေဆဲပင်ဖြစ်သည်။

ဟိုရှောင်မေ့မှာ တုန်ရီသွားပြီး သူမ၏ မျက်လုံး၊နား၊နှာခေါင်းနှင့် ပါးစပ်ထဲမှ အနက်ရောင်မီးခိုးများ စိမ့်ထွက်လာသည်။ ၎င်းမှာ ကလေးမလေးတစ်ယောက်အသွင် လျင်မြန်စွာပြောင်းလဲသွားပြီး သူမက ဘေးဘီဝဲယာရှိကမ္ဘာကြီးကိုနာကျည်းစွာကြည့်လိုက်ကာ ဟိုရှောင်မေ့အား တစ်ချက်လှမ်းကြည့်လိုက်သည်။

" သူ့ကိုတော့ ထိခိုက်အောင်မလုပ်နဲ့နော် "

သူမက ရေရွတ်လိုက်သည်။ ထို့နောက် သူမ၏မျက်လုံးများကို မှိတ်လိုက်သောအခါ သူမ၏ဝိညာဥ်ခန္ဓာကိုယ်မှာ သရဲမယ်တော်၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။

ထိုအချိန်တွင် ဟိုရှောင်မေ့၏ ဝိညာဥ်ခန္ဓာကိုယ်မှာ ထပ်၍ပျံထွက်လာသည်။ ၎င်းမှာလည်း သရဲမယ်တော်ဆီသို့ ပျံသန်းသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ သူ၏နှလုံးသားကို တစ်စစီဆုတ်ဖြဲနေသည့်အလား ခံစားလိုက်ရသည်။ သူ၏လည်ပင်းနှင့်မျက်နှာပေါ်တွင် သွေးကြောပြကြီးများ ထောင်ထလာပြီး သူ၏မျက်ဝန်းများမှာလည်း ယခင်ကထက် နီမြန်းလာ၏။ ထို့နောက် သူသည် ကောင်းကင်ဧကရာဇ်နှင့် သရဲမျက်နှာကြီး သုံးခုတို့ပင် သတိထားမိသွားနိုင်လောက်သည့် အသံကြီးဖြင့် အော်ဟစ်လိုက်၏။

" သရဲမယ်တော်။ ခင်ဗျားကြီး ကုန်းစွန်းဝမ်အာကို ဝါးမျိုတာက ခင်ဗျားရဲ့အပိုင်း။ ဒါပေမဲ့ ဟိုရှောင်မေ့ကို ထိခိုက်အောင် လုပ်လို့ကတော့ ဓားတောင်ကိုပဲ ကျော်ရ၊ မီးပင်လယ်ကို ဖြတ်ရ၊ ခင်ဗျားကိုလိုက်သတ်မယ်လို့ ကျုပ် ပိုင်ရှောင်ချန်း သစ္စာကျိန်ဆိုတယ် "

All Chapters