← Chapters

အခန်း (၁၃၂၁-၁၃၂၂)

Vol. 133 Ch. 1321-1322

အခန်း (၁၃၂၁-၁၃၂၂)

Vol. 133 Ch. 1321-1322

အခန်း (၁၃၂၁) - ဒါက မင်းရဲ့ ကံတရားပဲ

မု မသေမျိုးအရှင်၏ မျက်ဝန်းအစုံတွင် အေးစက်သော အလင်းတန်းတစ်ခု ဝေ့သီနေသည်။

မည်သည့်ကျင့်ကြံသူမဆို ဤကဲ့သို့သော ခြိမ်းခြောက်မှုမျိုးကို ကြောက်ရွံ့ကြသည်သာ။

အထူးသဖြင့် ကျိုးရှန်းတောင် ပြိုလဲပျက်စီးသွားသည်ကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရသည့် ယွီထင်ကျဲအတွက်မူ ပို၍ပင် ကြောက်စရာကောင်းလှသည်။

နတ်မင်းနန်းတော်၏ နည်းလမ်းများမှာ ခြောက်လှန့်ရုံသက်သက်မဟုတ်ဘဲ အမှန်တကယ် လက်တွေ့အကောင်အထည်ဖော်တတ်ကြောင်း၊ ပို၍ပင် ပြင်းထန်တတ်ပြီး မည်သည့်အခါမျှ ကရုဏာထားမည်မဟုတ်ကြောင်း တစ်ဖက်လူ ကောင်းကောင်းသိသည်။

ဒါဟာ ယွီထင်ကျဲနောက်ကို လိုက်လာရဲတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုပဲ။

ဒါတင်မကသေးဘူး... ယွီထင်ကျဲနဲ့ သူ တိုးတိုးတိတ်တိတ် စကားပြောနေတာကို မြင်လိုက်တဲ့ ဟိုတစ်ယောက်ကလည်း သေချာပေါက် တိတ်တဆိတ် နောက်က လိုက်လာမှာပဲ။

"ပြောစမ်းပါဦး... ငါက မင်းရဲ့အခက်အခဲကို စေတနာနဲ့ ဖြေရှင်းပေးဖို့ လုပ်နေတာကို မင်းက ဘာလို့ ငါ့ကို နောက်ကျောကနေ ဓားနဲ့ထိုးဖို့ ကြံရတာလဲ မင်းရဲ့အကြောင်းပြချက်က ငါ့ကို ကျေနပ်စေမယ်ဆိုရင် ဒီနေ့ကိစ္စကို ငါ ထပ်ပြီး အရေးမယူတော့ဘူး"

မု မသေမျိုးအရှင်က အေးစက်သောအသံဖြင့် ဆိုသည်။

"မင်းကတော့ ကြီးမားသော ပဟေဠိ နည်းပညာ နဲ့ အပိတ်ခံထားရတဲ့ နတ်ဘုရားဝိညာဉ်တစ်ခုကို ငါ ရှာတွေ့ထားတယ်လို့ ထင်နေတာမလား။ ဒီလိုဝိညာဉ်မျိုးက သူ မသေခင်မှာ သေချာပေါက် အရှင်သခင် အဆင့်လောက် ရှိခဲ့မှာပဲလေ။ အဲဒါကြောင့်လည်း မင်း ငါ့နောက်ကို တက်ကြွလှုပ်ရှားပြီး လိုက်လာတာပေါ့။ ဒီတော့ ဟန်ဆောင်ကောင်းတဲ့ စကားလုံးတွေ ပြောမနေပါနဲ့တော့"

ယွီထင်ကျဲက ခပ်ပြုံးပြုံးဖြင့် ပြန်ပြောလိုက်သည်။

"တိုက်ခိုက်ကြစမ်း"

ဂူဗိမာန်နှင့် မလှမ်းမကမ်းတွင် ဝမ်ရှိုချွဲသည် ဟင်းလင်းပြင်၌ ရပ်တန့်နေပြီး အထပ်ထပ်သော တားမြစ်ချက်များ ဖုံးလွှမ်းနေသည့် ဂူဗိမာန်ကို သံသယစိတ်များဖြင့် ကြည့်နေမိသည်။

"ဒီကောင်နှစ်ယောက် ဘာတွေ လုပ်နေကြတာလဲ၊ ဒီလောက်တောင် ဂရုတစိုက်နဲ့... ငါ့ကို ရန်မူဖို့များ တိုင်ပင်နေကြတာလား "

ဝမ်ရှိုချွဲမှာ စိတ်လိုက်မာန်ပါ မလုပ်သေးဘဲ အခြေအနေကို ဆက်လက်စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။

မု မသေမျိုးအရှင်မှာ ထိတ်လန့်တုန်လှုပ်သွားပြီး အဆင့်တူ ကျင့်ကြံသူ သုံးဦး၏ ဝိုင်းရံတိုက်ခိုက်မှုကို အသည်းအသန် ခုခံနေရသည်။

သူ၏ ရင်ထဲတွင်လည်း အေးစက်တုန်လှုပ်နေမိ၏။

ဒီလူတွေက ဘယ်လိုတောင် ရဲတင်းရတာလဲ

ဘာကို အားကိုးပြီး လုပ်နေကြတာလဲ

ဖန်တီးရှင်ဂြိုလ်ကြီး တစ်စုံလုံး ပျက်စီးသွားမှာကို တကယ်ပဲ မကြောက်ကြဘူးလား ကြယ်မိုး မသေမျိုးအရှင်ရဲ့ ရက်စက်လှတဲ့ နည်းလမ်းတွေကို တစ်ဖက်လူက နည်းနည်းလေးတောင် မကြောက်ဘူးလား

သူ အစဉ်းစားရဆုံး အချက်မှာ... ယွီထင်ကျဲက ဘာကြောင့် သူ့ကို တိုက်ခိုက်ရသနည်း ဆိုသည့် အချက်ပင်။

သူ မသိလိုက်ဘဲ တစ်ဖက်လူကို စော်ကားမိသွားလို့လား

ဒါပေမဲ့ ဘယ်လောက်တောင် ရန်ငြိုးကြီးလို့လဲ မိမိရဲ့ ဇာတိအခြေစိုက်စခန်းကြီး လက်စားချေ ချေမှုန်းခံရမယ့် အန္တရာယ်ကိုတောင် ဂရုမစိုက်ဘဲ အတူတူ နန်းတော်စောင့် မသေမျိုးဖြစ်တဲ့ သူ့ကို တိုက်ခိုက်ရရအောင် ဘာရန်ရှိလို့လဲ

ခဏတာ အသည်းအသန် ခုခံပြီးနောက်တွင်မူ မု မသေမျိုးအရှင်မှာ ရှုံးနိမ့်သွားတော့သည်။

သူသည် တိုက်ခိုက်ရေး၌ ကျွမ်းကျင်သူ မဟုတ်သည့်အပြင် သူရင်ဆိုင်နေရသည်မှာ ဟွမ်ဝူကျီနှင့် နဂါးအိုကြီးကဲ့သို့သော အောက်ခြေအဆင့်မှ သတ်ဖြတ်တိုက်ခိုက်လာသည့် အဆင့် (၄) မသေမျိုးများ ဖြစ်နေသောကြောင့်ပင်။

မကြာမီမှာပင် သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားတော့သည်။

ထိုဒဏ်ရာမှာ သူ ယင်လောကမှ ပြန်လာလျှင်လည်း သူ၏ ရုပ်ခန္ဓာသို့ ပါသွားမည်ဖြစ်ရာ အချိန်အတော်ကြာအထိ သူ တိုက်ခိုက်နိုင်တော့မည် မဟုတ်ချေ။

"တကယ်တော့ ဘာကြောင့်လဲ ငါ မင်းရဲ့ နတ်ဘုရားဝိညာဉ်ကို လိုချင်နေတယ်လို့ ထင်ရင်လည်း ပွင့်ပွင့်လင်းလင်း ပြောလို့ရတာပဲကို"

ထိုသုံးဦး ဆက်လက်မတိုက်ခိုက်တော့သည်ကို မြင်သောအခါ မု မသေမျိုးအရှင်မှာ သက်ပြင်းချနိုင်တော့သည်။

ကံကောင်းထောက်မစွာဖြင့် တစ်ဖက်လူက သူ့ကို အသက်အန္တရာယ်ပြုရန် မရည်ရွယ်ဟု ထင်ရသဖြင့် အခြေအနေမှာ ညှိနှိုင်း၍ ရနိုင်သေးသည်ဟု တွေးလိုက်မိ၏။

သို့သော် သူ သတိမဝင်နိုင်သေးမီမှာပင် ရုတ်တရက် ထူးခြားသော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လာသည်။

ထိုစွမ်းအားမှာ သူ၏ စိတ်ဝိညာဉ်ကို ကျူးကျော်ဝင်ရောက်ပြီး ဝါးမြိုရန် ကြိုးစားနေပုံရ၏။

မု မသေမျိုးအရှင်မှာ အလိုအလျောက် ပြန်လည်ခုခံရန် ပြင်လိုက်သော်လည်း သူရရှိလိုက်သည်မှာ ထိုသုံးဦး၏ နောက်ထပ်တစ်ကျော့ တိုက်ခိုက်မှုသာ ဖြစ်သည်။

သူသည် သေလုမျောပါး အရိုက်ခံလိုက်ရသဖြင့် ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ချေ။

မကြာမီမှာပင် ထိုစွမ်းအားက သူ့ကို လုံးဝ လွှမ်းမိုးသွားတော့သည်။

"ဒါက..."

မု မသေမျိုးအရှင်၏ မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းအစုံမှာ ရုတ်တရက် ဝင်းလက်သွားသည်။

သူ၏ စိတ်ဝိညာဉ်တွင် အလွန်ထူးခြားသော အပြောင်းအလဲများ ဖြစ်ပေါ်လာသည်ကို သူ သိလိုက်ရသည်။

ဤအပြောင်းအလဲမှာ သူ့အတွက် ဆိုးကျိုးမရှိရုံမျှမကဘဲ အကျိုးကျေးဇူးပင် ရှိနေသေးသည်။

စိတ်ဝိညာဉ်မှာ ယခင်ကထက် ပိုမိုခိုင်မာတောင့်တင်းလာ၏။

ထို့ပြင် ဂူဗိမာန်အတွင်း၌ စိမ်းသက်သော လူရိပ်တစ်ခု ထပ်တိုးလာသည်ကိုလည်း သူ တွေ့လိုက်ရသည်။

"ယွီမိတ်ဆွေ... သူ့ကို ယင်လောကတရားဝင်နတ်ဘုရားလမ်းကြောင်း အကြောင်း ရှင်းပြလိုက်ပါဦး။ ပြီးရင် အပြင်မှာရှိတဲ့ ဟိုတစ်ယောက်ကိုလည်း ဖိတ်ခေါ်ခဲ့လိုက်ပါ"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

'အပြင်မှာရှိတဲ့ ဟိုတစ်ယောက်'

'ဝမ်ရှိုချွဲလား'

မု မသေမျိုးအရှင်မှာ သံသယစိတ်များဖြင့် တုန်လှုပ်နေစဉ် ယွီထင်ကျဲက သူ့ကို ထူပေးလိုက်သည်။

သူသည် အလိုအလျောက်ပင် ပြန်တိုက်ရန် ပြင်လိုက်သော်လည်း... နောက်တစ်ခဏ၌ သူ၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပျက်တော့မည့်အတိုင်း ခံစားလိုက်ရသဖြင့် နေရာမှာတင် တောင့်ခဲသွားတော့သည်။

"မုမိတ်ဆွေ... ဒါက မင်းရဲ့ ကံတရားပဲ"

ယွီထင်ကျဲက ပြုံးလျက် ဆိုသည်မှာ

"အခုကစပြီး မင်းနဲ့ငါက တကယ့် မိတ်ဆွေစစ်တွေ ဖြစ်သွားပြီ။ မင်း ကြားဖူးလား... အရင်ရှေးဟောင်း ယင်လောကခေတ်တုန်းက ယင်မိစ္ဆာကြီးတွေ မဟုတ်ဘဲ ယင်လောကတရားဝင်နတ်ဘုရားလမ်းကြောင်းကို လျှောက်လှမ်းခဲ့တဲ့၊ နတ်ဘုရားဝိညာဥ် လို့ အကြည်ညိုခံခဲ့ရတဲ့ တည်ရှိမှုတွေအကြောင်းကိုပေါ့..."

လက်ဖက်ရည်တစ်ခွက်စာ ခန့် ကြာပြီးနောက်တွင်မူ မု မသေမျိုးအရှင်မှာ မိမိ ဘာတွေနှင့် ကြုံတွေ့ခဲ့ရသည်ကို နားလည်သွားပြီး မှင်သက်အံ့အားသင့်သွားတော့သည်။

သူ မယုံနိုင်ဆုံး အချက်မှာ... ဤကဲ့သို့သော ဒဏ္ဍာရီလာ ကံတရားမျိုးက မိမိခေါင်းပေါ်သို့ ဘာကြောင့် ကျရောက်လာရသနည်း ဆိုသည့် အချက်ပင်။

မှန်ပါသည်။

ယွီထင်ကျဲ ပြောပြသမျှကို ပြန်လည်သုံးသပ်ကြည့်ပြီးနောက် ဤတွေ့ကြုံမှုမှာ အမှန်တကယ်ပင် ကြီးမားသော ကံတရားကြီးတစ်ခုဖြစ်ကြောင်း သူ အတည်ပြုလိုက်နိုင်သည်။

သူ၏ သက်တမ်းမှာ များများစားစား မကျန်တော့ဘဲ နောက်ထပ် နှစ် ၈၀၀ ခန့်ဆိုလျှင် သေဆုံးရတော့မည် ဖြစ်သည်။

အဆင့် (၅) သို့ တက်လှမ်းရန်ဆိုလျှင်လည်း သူ့ကို အဆင့် (၅) နတ်ဆေးပင် ပေးလျှင်တောင် သူ အောင်မြင်အောင် တက်လှမ်းနိုင်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် အဆင့် (၄) တွင် ရှိနေစဉ် သူရရှိခဲ့သော မသေမျိုးကျောက်တုံးများမှာ သူ၏ သက်တမ်း ကုန်ဆုံးမှုကို နှေးကွေးစေရုံသာ တတ်နိုင်ခဲ့သောကြောင့်ပင်။

အဆင့် (၄) တွင် လုံလောက်သော အခြေခံကို မတည်ဆောက်နိုင်ခဲ့သဖြင့် အဆင့် (၅) နတ်ဆေးပင်မှာလည်း သူ့ကို ထိုအတားအဆီးကို ကျော်ဖြတ်စေရန် ကူညီပေးနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ယခုမူ... သူသည် မယုံနိုင်စရာ ကောင်းသော အဖြစ်အပျက်နှင့် ကြုံတွေ့လိုက်ရပြီ ဖြစ်သည်။

နှစ်ပေါင်းများစွာ ပြတ်တောက်နေခဲ့သော နတ်ဘုရားဝိညာဥ်လမ်းစဉ်က ဖူထူလောကထဲမှာ ပြန်လည်နိုးထလာပြီလား

ယင်လောကတရားဝင်နတ်ဘုရား တစ်ဦး ဖြစ်လာခြင်းမှာ... နောင်နှစ် ၈၀၀ ကြာပြီးနောက် သူသည် လူ့လောက၌ သေဆုံးသွားလျှင်တောင် ယင်လောက၌ နတ်ဘုရားဝိညာဥ်လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနိုင်မည် ဖြစ်ပြီး၊ သူ၏ ကျင့်ကြံခြင်းမှာလည်း သာမန် လေလွင့်ဝိညာဉ်များကဲ့သို့ ကျဆင်းသွားမည် မဟုတ်ကြောင်း ဖော်ပြနေခြင်းပင်

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီလိုသတင်းမျိုးကို ကြားဖူးသလိုလို ရှိပေမဲ့ အခြေအမြစ်မရှိတဲ့ စကားတွေလို့ပဲ ထင်ခဲ့တာ၊ တကယ်ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး..."

မု မသေမျိုးအရှင်က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် သူ၏အကြည့်မှာ ဖန့်ချန်ထံ ကျရောက်သွားကာ အလွန်အမင်း ရိုသေစွာဖြင့် ဂါရဝပြုလိုက်သည်။

"ဝမ်နုန်ချောင်... ငရဲမင်းအရှင် ကို ဂါရဝပြုပါတယ်"

"နောင်ကျရင် သခင်လေး လို့ပဲ ခေါ်ပါ၊ ငရဲမင်း ဆိုတဲ့ အခေါ်အဝေါ်သာ ပြန့်သွားရင် ပြဿနာတွေ အများကြီး တက်လာနိုင်တယ်"

ဟု ယွီထင်ကျဲက သတိပေးလိုက်သည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့"

မု မသေမျိုးအရှင်က ခေါင်းကို တရစပ် ညိတ်ပြလိုက်ပြီးနောက် သူ၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

"ယွီမိတ်ဆွေ... ဒီကိစ္စမှန်း စောစောကတည်းက သိခဲ့ရင် ဒီလောက်အထိ လုပ်နေစရာ မလိုပါဘူး။ ကျုပ်က ဝမ်းမြောက်ဝမ်းသာနဲ့ လိုက်လာမှာပါ"

"ငါသာ ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင် မင်းက ယုံမှာမဟုတ်တဲ့အပြင် ကြယ်မိုး မသေမျိုးအရှင်ကိုပါ သတင်းပို့လိုက်မှာ၊ အဲဒါဆိုရင် ဒီကိစ္စက အောင်မြင်မှာ မဟုတ်တော့ဘူး"

ဟု ယွီထင်ကျဲက ခပ်အေးအေးပင် ဆိုသည်။

မု မသေမျိုးအရှင် သေချာစဉ်းစားကြည့်လိုက်ရာ အမှန်တကယ်ပင် ထိုသို့ ဖြစ်နိုင်သည်ဟု တွေးမိသွားသည်။

"ဝမ်ရှိုချွဲက အပြင်မှာ စောင့်နေတာ ကြာလှပြီ၊ ငါတို့ သူ့ကို သွားတွေ့ရအောင်"

ဟု ယွီထင်ကျဲက ဆိုသည်။

"သူကပါ ယင်လောကတရားဝင်နတ်ဘုရားလမ်းကြောင်း ကို လျှောက်လှမ်းဖို့ ထိုက်တန်လို့လား "

မု မသေမျိုးအရှင်က စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်မိသော်လည်း ဤကိစ္စမှာ သူ ဆုံးဖြတ်နိုင်သည့်အရာ မဟုတ်သည်ကို သိသဖြင့် ယွီထင်ကျဲနှင့်အတူ ဂူဗိမာန်အပြင်သို့ ထွက်လာခဲ့သည်။

ဝမ်ရှိုချွဲမှာ အတန်ကြာ စောင့်ဆိုင်းပြီးနောက် ထိုနှစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသဖြင့် သူ ကိုယ်ထင်မပြသေးမီမှာပင် ထိုနှစ်ဦး၏ အကြည့်များက သူရှိရာသို့ ရောက်ရှိလာကြသည်။

"ဟားဟား... တိုက်ဆိုင်လိုက်တာ၊ ကျုပ် ဒီနားက ဖြတ်သွားရင်း မုမိတ်ဆွေနဲ့ ယွီမိတ်ဆွေတို့ကို တွေ့လိုက်လို့။ မင်းတို့နှစ်ယောက် ဘယ်တုန်းကတည်းက ဒီလောက်အထိ ရင်းနှီးသွားကြတာလဲ "

ဝမ်ရှိုချွဲက ကျယ်လောင်စွာ ရယ်မောရင်း ရှေ့သို့တိုးကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

"ငါကတော့ ခုနက သုံးယောက်တစ်ယောက် အနိုင်ကျင့်ခံလိုက်ရတာ၊ အခုတော့ လေးယောက်တစ်ယောက် ဖြစ်သွားပြီ။ ဘာပဲဖြစ်ဖြစ် သူက ငါ့ထက် ပိုခံရမှာဆိုတော့ တော်သေးတာပေါ့"

မု မသေမျိုးအရှင်က တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ၏ ဒဏ်ရာများမှာ ရာထူးခန့်အပ်ခံရပြီးနောက် မျက်မြင်ကိုယ်တွေ့ပင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ရာ ခဏတဖြုတ် တိုက်ခိုက်ရန်မှာ ပြဿနာမရှိတော့ချေ။

"ဟမ် မင်း ဘာပြောလိုက်တာလဲ "

ဝမ်ရှိုချွဲက မျက်မှောင်ကြုတ်ကာ မု မသေမျိုးအရှင်ကို ကြည့်လိုက်သည်။

နောက်တစ်ခဏ၌ သူ သတိမထားမိခင်မှာပင် သူနှင့် အဆင့်တူ စွမ်းအားနှစ်ခုမှာ သူ၏နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။

ရှေ့မှ ယွီထင်ကျဲနှင့် မု မသေမျိုးအရှင်တို့ကလည်း အသီးသီးသော နည်းလမ်းများကို အသုံးပြုကာ သူ့ကို စတင်တိုက်ခိုက်ကြတော့သည်။

"ခူမု မင်းတို့နှစ်ယောက် ပုန်ကန်ကြတာလား "

ဝမ်ရှိုချွဲမှာ ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ စိတ်ဝိညာဉ်မှာ ရုတ်တရက် ယင်ကျွဲ (ယင်ငှက်) ပေါင်း ထောင်သောင်းချီအဖြစ် ပြောင်းလဲသွားကာ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးရန် ကြိုးစားတော့သည်။

သူ၏ ပထမဆုံး ဆုံးဖြတ်ချက်မှာ... ချက်ချင်း ထွက်ပြေးရန်ပင်။

အခန်း (၁၃၂၂) - နတ်မင်းနန်းတော်ကို အာဏာသိမ်းခြင်း

ထိုအခြေအနေကို မြင်လိုက်ရသောအခါ မု မသေမျိုးအရှင်က ချက်ချင်းပင် ဟိန်းဟောက်လိုက်တော့သည်။

"ယင်ကျွဲ ဝိညာဉ်ခွဲအတတ် ဘယ်ယင်ငှက်တစ်ကောင်ကိုမှ လွတ်အောင်မထားနဲ့၊ မဟုတ်ရင် သူက အဲဒါကို အသုံးချပြီး စိတ်ဝိညာဉ်ကို ပြန်စုစည်းနိုင်လိမ့်မယ် အကယ်လို့ သူသာ ကြယ်မိုး မသေမျိုးအရှင်ကို ဒီကိစ္စ သွားတိုင်လိုက်ရင် အလုပ်ရှုပ်ကုန်လိမ့်မယ် "

ပြောပြောဆိုဆိုဖြင့်ပင် ကောင်းကင်ယံ၌ ကြီးမားလှသော သစ်ပင်ခြောက်ကြီးတစ်ပင်၏ အရိပ်အာဝါသ ပေါ်ပေါက်လာပြီး သစ်ကိုင်းခက်ပေါင်း သောင်းခြောက်ထောင်တို့မှာ ရူးသွပ်စွာ ရှည်ထွက်လာကာ ရေတွက်မကုန်နိုင်သော ယင်ငှက်များဆီသို့ ထိုးစိုက်လေတော့သည်။

ခဏချင်းအတွင်းမှာပင် ထိုသစ်ကိုင်းများအောက်၌ အနည်းဆုံး ယင်ငှက်ပေါင်း ဆယ်ဂဏန်းချီ၍ သေဆုံးသွားရသည်။

ယွီထင်ကျဲ၊ ဟွမ်ဝူကျီနှင့် နဂါးအိုကြီး သုံးဦးစလုံးသည်လည်း ဝမ်ရှိုချွဲကို တားဆီးရန် အသီးသီးသော နည်းလမ်းများကို ထုတ်ဖော်အသုံးပြုနေကြသည်။

သို့သော် ရေတွက်မကုန်နိုင်သော ယင်ငှက်များမှာ သန်းနှင့်ချီ၍ ရှိနေသဖြင့် လူလေးဦးမှာ တစ်ခဏအတွင်း အကုန်လုံးကို ပိတ်ဆို့ရန် မတတ်နိုင်ချေ။

ယွီထင်ကျဲ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။

ဝမ်ရှိုချွဲ ထွက်ပြေးသွားလျှင်ပင် ကြယ်မိုး မသေမျိုးအရှင်က သူ့ကိုရော ခူမုကိုပါ တစ်ခုခုလုပ်လိမ့်မည် မဟုတ်သော်လည်း (ခူမုနှင့် ဝမ်ရှိုချွဲတို့၏ အားပြိုင်မှုကို ကြယ်မိုးက အမြဲသိထားသောကြောင့်ဖြစ်သည်)၊ နောက်တစ်ကြိမ် ဝမ်ရှိုချွဲကို ဖမ်းချုပ်ရန် အခွင့်အရေးရဖို့မှာမူ အလွန်ခဲယဉ်းသွားပေလိမည်။

"ထွက်ပြေးသွားတဲ့ ကောင်တွေကို ဂရုစိုက်နေစရာ မလိုဘူး"

ဖန့်ချန်၏ အသံမှာ လူတိုင်း၏ နားထဲသို့ ပျံ့လွင့်လာသည်။

လူတိုင်း မော့ကြည့်လိုက်သောအခါ ရာထူးခန့်အပ်ခြင်း အလင်းတန်းတစ်ခုမှာ ယင်ငှက်တစ်ကောင်ပေါ်သို့ ကျရောက်နေပြီး ထိုငှက်မှာ နာကျင်သောအမူအရာဖြင့် အဆက်မပြတ် ရုန်းကန်နေသည်ကို တွေ့လိုက်ရသည်။

မု မသေမျိုးအရှင်၏ မျက်လုံးများ ဝင်းလက်သွားပြီး သူ၏ နည်းလမ်းများကို ချက်ချင်း ရုပ်သိမ်းလိုက်ကာ ထွက်ပြေးနေသော ငှက်များကို ဆက်မတားတော့ဘဲ ထိုယင်ငှက်ရှေ့သို့ လှောင်ပြောင်သလို အမူအရာဖြင့် ပြေးသွားတော့သည်။

"ဝမ်ရှိုချွဲ... ပြေးလေ၊ မင်း နတ်ဘုရားဝိညာဉ် ဖြစ်သွားတဲ့အခါ မင်းရဲ့ အဓိကဝိညာဉ်က ဒီငှက်ထဲမှာ ရှိနေမလား၊ ဒါမှမဟုတ် တခြားငှက်တွေထဲမှာ ရှိနေမလားဆိုတာ ငါ ကြည့်ချင်သေးတယ်"

ယွီထင်ကျဲတို့ လူစုသည်လည်း သဘောပေါက်သွားကြကာ ဤနေရာ၌ တားမြစ်ချက်များကို ခိုင်မာအောင် ပြုလုပ်ရင်း ထိုယင်ငှက်ကို ပြုံးစစဖြင့် ကြည့်နေကြသည်။

ဝမ်ရှိုချွဲ၏ ထိုထွက်ပြေးသည့် အတတ်မှာ အမှန်တကယ်ပင် အစွမ်းထက်လှသည်။

အဆင့်တူ ကျင့်ကြံသူ လေးဦး၏ ဝိုင်းရံပိတ်ဆို့မှုကြားမှပင် ခဏချင်းအတွင်း လွတ်မြောက်သွားနိုင်ခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် သူ ရင်ဆိုင်နေရသည်မှာ ယင်လောက ငရဲမင်း၏ ဘွဲ့နှင်းခန့်အပ်ခြင်း ဖြစ်နေသည်။

ဘွဲ့နှင်းခန့်အပ်ခြင်း၏ စွမ်းအားနှင့် အဆင့်အတန်းမှာ သာမန်ထက် သေချာပေါက် ကျော်လွန်နေပေသည်။

ဤယင်ငှက်သာ ဘွဲ့နှင်းခန့်အပ်ခံလိုက်ရလျှင် ဝမ်ရှိုချွဲမှာ မည်သို့မျှ ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။

ယခုအခါ သူသည် ယင်ငှက်ပေါင်း သန်းနှင့်ချီ၍ ကွဲပြားသွားသဖြင့် စွမ်းအားများလည်း ပြန့်ကျဲသွားရာ သူတို့ ကူညီပေးစရာပင် မလိုဘဲ ထို ဘွဲ့နှင်းခန့်အပ်ခြင်းမှာ ယင်ငှက်၏ ဝိညာဉ်အတွင်းပိုင်းအထိ ဖြည်းညင်းစွာ စိမ့်ဝင်သွားတော့သည်။

လက်ဖက်ရည်တစ်ခွက်စာခန့် ကြာပြီးနောက်...။

ထွက်ပြေးသွားသော ယင်ငှက်များမှာ တဖွဲဖွဲ ပြန်လည်ပျံသန်းလာကြပြီး ထိုယင်ငှက်၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းဝင်ရောက်သွားကြသည်။

ငှက်အားလုံး ပေါင်းစည်းပြီးသွားသောအခါ ဝမ်ရှိုချွဲမှာ အံ့အားသင့်နေသော အမူအရာဖြင့် ပြန်လည်ပေါ်ပေါက်လာတော့သည်။

"ဘယ်... ဘယ်လိုဖြစ်တာလဲ "

ဝမ်ရှိုချွဲမှာ လူတိုင်းကို ငေးကြောင်ကြည့်နေမိသည်။

ယင်ကျွဲ ဝိညာဉ်ခွဲအတတ် ဆိုသည်မှာ သူ မသေမျိုးလမ်းစဉ်သို့ ခြေချချိန်မှစ၍ ယနေ့အထိ သူ၏ အပြောင်မြောက်ဆုံးသော နည်းလမ်းဖြစ်ပြီး အခြားမရှိချေ။

ဤနည်းလမ်းကို အသုံးချကာ သူသည် ဘေးအန္တရာယ်ပေါင်းများစွာကို ရှောင်တိမ်းနိုင်ခဲ့ပြီး ယနေ့ကဲ့သို့ ယင်ကျွဲ မသေမျိုးအရှင် အဖြစ် တစ်ဆင့်ချင်း တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

အခုတော့ ဒီအတတ်က အသုံးမဝင်တော့ဘူး။

သူ၏ ဝိညာဉ်နှင့် ပေါင်းစည်းသွားသည့် ထူးဆန်းသော စွမ်းအားတစ်ခု ရှိနေကြောင်း သူ သိလိုက်ရသည်။

ထိုစွမ်းအားကပင် ထွက်ပြေးသွားသော ယင်ငှက်အားလုံးကို အဝေးမှနေ၍ အတင်းအကျပ် ပြန်ဆွဲခေါ်လိုက်ခြင်း ဖြစ်သည်။

မု မသေမျိုးအရှင်က နှာခေါင်းရှုံ့လိုက်ရင်း

"ရတာလေးနဲ့ တင်းတိမ်စမ်းပါ၊ မင်း အလွန်ကြီးမားတဲ့ ကံထူးမှု နဲ့ တွေ့နေတာ"

"မုမိတ်ဆွေ... ကျုပ်က မင်းနဲ့ မတည့်ဘူးဆိုပေမဲ့ လူအများကြီးခေါ်ပြီး ငါ့ကို အကွက်ဆင် ဖမ်းခိုင်းရလောက်တဲ့အထိတော့ မဟုတ်ဘူးမလား "

"ပြောထားလိုက်မယ်၊ ငါ မင်းတို့နောက်ကို လိုက်လာတာကို သိတဲ့လူ ရှိတယ်နော်။ ငါသာ တစ်ခုခုဖြစ်ရင် မင်းတို့ ကြယ်မိုး မသေမျိုးအရှင်ကို ဘယ်လို ရှင်းပြမလဲဆိုတာ စဉ်းစားထားကြဦး"

ဝမ်ရှိုချွဲ၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်နေသည်။

သူ၏ မျက်လုံးထောင့်မှနေ၍ ယွီထင်ကျဲ၊ ဟွမ်ဝူကျီနှင့် နဂါးအိုကြီးတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ဖန့်ချန်ထံတွင် အကြည့်ရပ်သွားသည်။

ဒီလေးယောက်စလုံး အဆင့် (၄) မသေမျိုးဖြစ်နေတာကို ထားပါဦး၊ ခုနက စွမ်းအားကတော့ ဒီလူ့ဆီက ထွက်လာတာ သိသာလွန်းနေသည်။

"မင်း နတ်ဘုရားဝိညာဥ်လမ်းစဉ် အကြောင်း ကြားဖူးလား"

မု မသေမျိုးအရှင်က ပြုံးလျက် ဆိုသည်။

"ဂုဏ်ယူပါတယ် ဝမ်ရှိုချွဲ၊ အခု မင်းကလည်း ငါ့လိုပဲ ယင်လောကတရားဝင်နတ်ဘုရား ဖြစ်သွားပြီ "

"နောင်ကျရင် နတ်ဘုရားဝိညာဥ်လမ်းစဉ်ကို လျှောက်လှမ်းပြီး ယင်သက်တမ်း က မကုန်ဆုံးတော့ဘူးဆိုရင် မင်းနဲ့ငါဟာ ထာဝရအသက်ရှင်သူတွေပဲ။ အဲဒီကျရင် ကြယ်မိုး မသေမျိုးအရှင်ဆိုတာကတော့ ငါတို့နဲ့ ယှဉ်ဖို့တောင် မတန်တော့ဘူး"

"ယင်လောကတရားဝင်နတ်ဘုရား "

ဝမ်ရှိုချွဲ မှင်သက်သွားသည်။

ယင်လောကကူးသူ တစ်ယောက်အနေဖြင့် ဤအကြောင်းနှင့် ပတ်သက်သော ဒဏ္ဍာရီများကို သေချာပေါက် ကြားဖူးသည်။

သို့သော် ဒဏ္ဍာရီဆိုသည်မှာ ဒဏ္ဍာရီသာ ဖြစ်သည်မဟုတ်ပါလား။

နတ်ဘုရားဝိညာဥ်လမ်းစဉ်ဆိုသည်မှာ ပြတ်တောက်သွားသည်မှာ နှစ်ပေါင်းမည်မျှ ကြာခဲ့ပြီနည်း။

နှစ်ပေါင်းများစွာအတွင်း ယင်လောကကူးသူများဖြစ်စေ၊ ဤနေရာမှ ယင်မိစ္ဆာကြီးများဖြစ်စေ အားလုံးက ငရဲမင်းအရှင်၏ အမွေအနှစ်ကို လိုက်လံရှာဖွေခဲ့ကြသော်လည်း မည်သူမျှ ရှာမတွေ့ခဲ့သလို သတင်းအစအနလေးပင် မရခဲ့ကြချေ။

တစ်ခါတစ်ရံ ကောလာဟလအချို့ ကြားရလျှင်လည်း နောက်ဆုံး၌ ပျောက်ကွယ်သွားသည်သာ များလှသည်။

"နေဦး... ကျုပ်ကို အေးအေးဆေးဆေး စဉ်းစားခွင့်ပေးပါဦး"

ဝမ်ရှိုချွဲက မျက်လုံးမှိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်၌ ဖြစ်ပေါ်နေသော ထူးခြားချက်များကို စတင်ခံစားကြည့်လိုက်ရာ ဤနေရာရှိ မကုန်ခမ်းနိုင်သော ယင်စွမ်းအား များမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အလိုအလျောက် စီးဝင်နေသည်ကို တွေ့လိုက်ရသဖြင့် သူ၏ ရင်ထဲတွင် အံ့ဩဝမ်းသာမှုများ ဖြစ်ပေါ်လာတော့သည်။

ယခင်ကတည်းက ယင်လောကကူးသူများသည် ယင်လောကအတွင်းရှိ ယင်စွမ်းအားများကို မည်သို့မျှ စုပ်ယူ၍ မရနိုင်ကြောင်း လူတိုင်း လက်ခံထားကြသည်။

ယင်သက်တမ်းကို အသုံးပြု၍သာ စိတ်ဝိညာဉ်ကျင့်ကြံမှုကို မြှင့်တင်နိုင်ပြီး လူ့လောကသို့ ပြန်ရောက်မှသာ ထိုအကျိုးကျေးဇူးကို ရုပ်ခန္ဓာဆီသို့ ကူးပြောင်းပေးနိုင်ခြင်း ဖြစ်သည်။

ဒါဟာ အားလုံးသိထားတဲ့ အချက်ပဲ။

ယင်မိစ္ဆာကြီးတွေသာလျှင် ယင်လောကမှာ ကျင့်ကြံနိုင်ပြီး ဒီက ထူထပ်တဲ့ ယင်စွမ်းအားတွေကို စုပ်ယူနိုင်ကြတာ။

ယခုမူ ထိုယင်စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ အလိုအလျောက် စီးဝင်နေပြီ ဖြစ်ရာ မု မသေမျိုးအရှင်၏ ပြောစကားကို သူ တော်တော်လေး ယုံကြည်သွားပြီ ဖြစ်သည်။

ရှေးဟောင်းခေတ်က နတ်ဘုရားဝိညာဥ်များအကြောင်း သူ သိထားသော ဒဏ္ဍာရီများကို တွေးတောမိသောအခါ ဝမ်ရှိုချွဲမှာ မထိန်းချုပ်နိုင်ဘဲ တုန်ရင်လာတော့သည်။

ဒါဟာ ကြောက်လို့ တုန်တာမဟုတ်ဘဲ ရင်ခုန်စိတ်လှုပ်ရှားလွန်းလို့ တုန်တာဖြစ်သည်။

လူ့လောကကိုးခုမှာ နတ်ဘုရားစွမ်းအား မရှိလို့ သူတို့တွေက မသေမျိုးကျောက်တုံးတွေကို အားကိုးပြီး ကျင့်ကြံနေရတာ။

ဒါပေမဲ့ ယင်လောကကတော့ မတူဘူး၊ ရှေးဟောင်းကာလတုန်းက ယင်လောကရဲ့ အဆင့်အတန်းဟာ နတ်ဘုရားလောကနဲ့ အတူတူပဲ။

ယင်လောက နတ်ဘုရားဝိညာဉ်တွေက ယင်စွမ်းအားကို စုပ်ယူပြီး ထာဝရအသက်ကို ရနိုင်ကြသည်။

နတ်ဘုရားလောကက နတ်ဘုရားတွေက နတ်စွမ်းအားကို စုပ်ယူပြီး ထာဝရအသက်ကို ရသလိုပေါ့။

အကယ်လို့ သူသာ နတ်ဘုရားဝိညာဉ် ဖြစ်သွားရင် လူ့လောကက သူ့ရဲ့ ရုပ်ခန္ဓာသက်တမ်းအတွက် စိုးရိမ်နေစရာ လိုဦးမှာလား

တစ်ခုတည်းသော နှမြောစရာကတော့ ယင်လောကဟာ ယင်လောကသာဖြစ်လို့ နောင်ကျရင် လူ့လောကကို ပြန်ဖို့ဆိုတာ မဖြစ်နိုင်တော့တာပါပဲ။

"နတ်ဘုရားဝိညာဉ်ရဲ့ အကျိုးကျေးဇူးတွေကို မှတ်ထားပါ။ မင်းရဲ့ လူ့လောက ရုပ်ခန္ဓာ သေဆုံးသွားပြီးရင် မင်းက နတ်ဘုရားဝိညာဥ်လမ်းစဉ်ကို တိုက်ရိုက် လျှောက်လှမ်းနိုင်မှာဖြစ်ပြီး ကျင့်ကြံခြင်းကလည်း ကျဆင်းသွားမှာ မဟုတ်ဘူး "

"ဒါ့အပြင် နတ်ဘုရားဝိညာဉ်တွေက လူ့လောကမှာ သွားလာလို့ရတယ်။ သခင်လေးက ခွင့်ပြုရင်ပေါ့"

ဟု ယွီထင်ကျဲက ခပ်အေးအေးပင် ပြောလိုက်သည်။

"နတ်ဘုရားဝိညာဉ်က... လူ့လောကမှာ သွားလာလို့ရတယ် ဟုတ်လား "

ဝမ်ရှိုချွဲ မှင်သက်သွားကာ သူ ဖတ်ဖူးသည့် ရှေးဟောင်းကျမ်းစာများကို ပြန်လည်စဉ်းစားကြည့်မိသည်။

ယင်လောက နတ်ဘုရားဝိညာဉ်အချို့မှာ လူ့လောကတွင် လှည့်လည်သွားလာရင်း လူသားများနှင့်အတူ သောက်စားပျော်ပါးကြကြောင်း၊ နတ်ဘုရားလောကသို့ပင် သွားရောက်နိုင်ကြောင်း မှတ်တမ်းတင်ထားသည်ဟု မှတ်မိနေသည်။

ထိုသို့ တွေးမိသောအခါ ဝမ်ရှိုချွဲ၏ မျက်နှာတွင် မဖုံးကွယ်နိုင်သော စိတ်လှုပ်ရှားမှုများ ပေါ်လွင်လာတော့သည်။

"သ... သခင်လေး၊ ခင်ဗျားက... ငရဲ..."

"အပြင်မှာဆိုရင် သခင်လေးလို့ပဲ ခေါ်ပါ။ အဲဒီဘွဲ့အမည်ကို အခုချိန်မှာ ခေါ်ဖို့ မသင့်တော်သေးဘူး၊ ငါတို့ရဲ့ အင်အားက လူသိရှင်ကြား ကြေညာဖို့အထိ မတောင့်တင်းသေးဘူး"

ဟု ယွီထင်ကျဲက ဖြတ်ပြောလိုက်သည်။

ဝမ်ရှိုချွဲမှာ အရေးကြီးပုံကို နားလည်သွားသဖြင့် ချက်ချင်း ခေါင်းညိတ်ပြကာ ဖန့်ချန်ကို လက်အုပ်ချီ ဂါရဝပြုလိုက်သည်။

"ဝမ်ရှိုချွဲ... သခင်လေးကို ဂါရဝပြုပါတယ်"

"အခုကစပြီး အားလုံးက ကိုယ့်လူတွေပဲ ဖြစ်သွားပြီ။ လက်ရှိ နတ်မင်းနန်းတော်ထဲမှာ အဆင့် (၃) ဘယ်လောက်၊ အဆင့် (၂) ဘယ်လောက်နဲ့ အဆင့် (၁) ဘယ်လောက် ရှိသေးလဲ "

ဟု ဖန့်ချန်က မေးလိုက်သည်။

လင်ပေါင်၊ မု မသေမျိုးအရှင်နှင့် ဝမ်ရှိုချွဲ ဟူသော အဆင့် (၄) မသေမျိုး သုံးဦးကို ရာထူးခန့်အပ်ရန် ယင်သက်တမ်း ၉ သောင်းကျော် ကုန်ဆုံးခဲ့သည်။

ထို့ပြင် သွေးမိကျောင်းဘိုးဘေးနှင့် အခြားသူများကိုပါ ရာထူးခန့်အပ်ခဲ့ရာ စုစုပေါင်း ၁ သောင်း ၅ ထောင်ခန့် ကုန်ကျခဲ့သည်။

သူ ကျင့်ကြံရာမှ ထွက်လာစဉ်က ယင်သက်တမ်း ၃ သိန်းကျော် ရှိခဲ့ပြီး ထို တာအိုပေါင်းစပ်ခြင်း ကာလအတွင်း၌လည်း ယင်သက်တမ်း သောင်းဂဏန်းချီ၍ ပိုလျှံနေသေးသည်။

ကုန်ကျစရိတ်များကို နုတ်လိုက်လျှင် ငရဲမင်းအမိန့်တော်ပြားထဲ၌ ယင်သက်တမ်း ၃ သိန်းကျော် ကျန်ရှိနေသေးသည်။

ယင်လောကကူးခြင်း မပြုနိုင်သည့် အထက်သုံးနယ်မြေ သို့ မသွားမီ ထိုယင်သက်တမ်းများကို သေချာပေါက် အသုံးပြုပစ်ရမည် ဖြစ်ပြီး၊ အရေးပေါ်အသုံးပြုရန် အနည်းငယ်သာ ချန်ထားရန် လိုသည်။

ယွီထင်ကျဲသည် လက်ရှိတွင် နတ်မင်းနန်းတော်၏ နန်းတော်စောင့် မသေမျိုး ဖြစ်နေသလို ဖန်တီးရှင်ဂြိုလ်၏ အစောင့်အကြပ်လည်း ဖြစ်နေသည်။

ထို့ကြောင့် နတ်မင်းနန်းတော်ရှိ အဆင့်နိမ့် မသေမျိုးများမှာ အသင့်တော်ဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

သူသည် နတ်မင်းနန်းတော်ကို အာဏာသိမ်းပြီး ကြယ်မိုး မသေမျိုးအရှင်ကို ရေနွေးပူထဲက ဖားတစ်ကောင်လို ဖြည်းဖြည်းချင်း ချက်ပြုတ်ပစ်ရန် ရည်ရွယ်ထားပေသည်။

All Chapters